#ကိုးခြောက်လီကိုးဆယ့်ခြောက်
#ညီပုလေး
ဘောလုံးကွင်းနံဘေးမှာရှိ ကြတဲ့ ပရိသတ်တွေက မြက်ခင်းပေါ်အားပါးတရ ဖင်ချထိုင်သူထိုင်၊ မတ်တတ်ရပ်ပြီး အားပေး သူပေး၊ တချို့က ပါးစပ်ထဲမှာ ဆေးပေါ့လိပ်ခဲလို့၊ တချို့က ဦးထုပ်ဆောင်းထား၊ တဘက်ခေါင်းပေါင်းပေါင်းသူလည်းပါ။ ထီးပါသူကလည်း ထီးဆောင်းလို့။ နေလုံးမျက်နှာမူသူတွေက မျက်ခုံးမွေးအပေါ် လက်ဖ၀ါးမိုးလို့၊ နှပ်ဆေးရည်ရွှဲရွှဲ သျှားတစ်ပြောက်နဲ့ ကွမ်းမြုံရင်းအားပေးသူလည်းပါ။ ပါးစပ်က ထွေးညိုနံ့လေးတသင်း သင်းနဲ့ မျက်ခွံကိုဇွတ်ပင့်ထားရသူလည်းပါလေ။
ကစားနေတဲ့ ကလေးဘော လုံးပွဲတစ်ပွဲဟာ ဒီလောက် ပရိ သတ်စည်ကားတာ အရပ်ကလန် ကလား လူကောင်သေးသေး ‘ရွှေ မောင်မောင်’ကြောင့်ဆိုရင် ရာ နှုန်းပြည့်မမှန်တောင်မှ ရာနှုန်း တော်တော်များလိမ့်မယ်။
ပရိသတ်က အသက်အရွယ် မျိုးစုံဆိုတော့ ‘ဗဟာဒူး’သိမီလိုက် သူတွေက ဒီကလေးကစားဟန်က ဗဟာဒူးလိုပဲတဲ့။ ‘အေးမောင်ကြီး’ သိမီသူက အေးမောင်ကြီးမသေ ဘဲနဲ့ ၀င်စားသတဲ့။ ‘သန်းတိုး အောင်’စွဲလမ်းခဲ့ကြသူတွေက ဒီ ကလေးကို သန်းတိုးအောင်အ ငယ်စားလေးတဲ့။ ‘မျိုးလှိုင်ဝင်း’ ကစားပုံကစားလက်တဲ့။ သူတို့သိ မီတဲ့ ပေတံနဲ့တိုင်းကြတယ်။
ပရိသတ်ထဲမှာ ကြက်လည် ၀ယ်တဲ့သူရော၊ နို့ညှစ်သမားရော၊ ပဲစိုက်တောင်သူရော၊ နေကြာကြဲ သူရော၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းအုပ်ရော၊ ဆရာတော်ရဲ့ ကပ္ပိယကြီးရော၊ ထန်းတောင်သူ ရော၊ ကြက်သွန်ပွဲစား၊ ဆိုင်ကယ် ပြင်ဆရာ၊ လေထိုးကျွတ်ဖာ၊ နွား ပွဲစား၊ ကားဆရာ၊ ထွန်စက်ဆရာ၊ ကိုရင်တွေ၊ နို့အေးချောင်းသည် တွေ၊ မိုးပျံပူဖောင်းသည်တွေ၊ နွားဝှေးထုသူတွေ၊ ကာလသား၊ ကာလသမီး၊ မြို့ကလေးနားနီး ပတ်ချာလည်က ပရိသတ်တွေအ စုံပဲ။
တစ်ဖက် ၁၁ ယောက်စီ ၂၂ ယောက် ကန်နေတဲ့အထဲမှာ ခေါင်းတိုက်ကောင်းသူလည်း ပါ၊ အလိမ်အခေါက်သန်သူလည်းရှိ၊ အပြေးသန်သူလည်း ပါတာပေါ့။ ဘောလုံးအထိန်းအသိမ်းကောင်း မွန်သူလည်းပါသလို ခြေပြင်းသူ လည်းပါတာပေါ့။
ကျောင်းအုပ်ဆရာကြီး ဦး ထွန်းမြင့်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမတွေ လာအားပေး တာကတော့ အခုကစားနေတဲ့ပွဲ မှာ သူတို့ကျောင်းကတပည့်လေး ယောက်ပါလို့ပဲ။ ဒီလေးယောက် ထဲမှာမှ သူတို့အသည်းကျော်၊ မြို့ ကလေးရဲ့အသည်းကျော် ‘ရွှေ မောင်မောင်’က တစ်ယောက်အ ပါအ၀င်။ မြို့ကလေးရဲ့ပရိသတ် အများစုကလည်း ‘လန်ဘား မောင်မောင်’ကို လာအားပေးကြ တာ။ ဒီကလေးကို ပီလီကို ကြည့် ဖူးသူတွေက ပီလီ၊ ရော်နယ်ဒင်ဟို ကို ကြည့်ဖူးသူတွေက ရော်နယ် ဒင်ဟို၊ ရက်ဗ်ရှင်ကိုမြင်ဖူးသူတွေ က ရက်ဗ်ရှင်ကိုလို့ ထင်မှတ်ကြ တယ်။
‘ရွှေမောင်မောင်’မှာ အဖေ မရှိဘူး။ အမေ ‘မတိုး’နဲ့ နှမ‘သည်း ညှာ’တို့ရှိကြတယ်။ သူ့အမေက ရက်ကန်းခတ်တဲ့ စင်ဂယ်လ်မား သား။ သူ့လင်ထားခဲ့တဲ့ ဒဘယ်လို ကလေးနှစ်ယောက်ကို သူကြိုးစား ပြီးထိန်းကျောင်းတယ်။
ရွှေမောင်မောင်(ခေါ်)လန် ဘားမောင်မောင်ဟာ ရှာမှရှားတဲ့ ကျောင်းသားလေးတစ်ယောက် ဖြစ်တယ်။ ကလေးဘောလုံးပြိုင်ပွဲ မှာကတည်းက ဘောလုံးဆွဲအ ပြေးသန်သူ၊ အလိမ်အခေါက် လည်းလိုအပ်မှ လိမ်ခေါက်သူ၊ ဘောလုံး အထိန်းအသိမ်းက လည်း ခြေထောက်နဲ့ဘောလုံး ကြိုးနဲ့ချည်ထားသလား အောက် မေ့ရလောက်တဲ့သူ၊ ဂိုးသွင်းခြေ ပြင်းသူ၊ ဂိုးပေါက်လည်းတည့်သူ ဖြစ်လေတော့ ပရိသတ်တို့ရင်ထဲ မှာစွဲကျန်ခဲ့တဲ့ နာမည်ကျော်ဘော လုံးသမားတွေနဲ့ ဆင်ဆင်တူနေ တာမဆန်းဘူး။ ကလေးချင်း၊ အ သင်းချင်းတူရင်တောင် ရွှေမောင် မောင်က နှစ်လက်မလောက်ပိုမြင့် လေတော့ သူ့ကို လန်ဘားမောင် မောင်လို့ တွင်တော့တာပေါ့။
ဂိုးသွင်းလို့ ၀င်သွားရင် ရွှေ မောင်မောင်ပေါ့။ မ၀င်ရင်တော့ လန်ဘားကောင်ပေါ့။ ဒီကျောင်း သားလေးရဲ့ ခြေစွမ်းကိုပရိသတ် တိုင်းသတိထားမိပြီး ပွဲကစားချိန် စေ့သွားလို့ ကိုယ့်အိမ်ကိုပြန်ကြ ရင်တောင်မှ အိမ်ပြန်လမ်းတစ် လျှောက် ရွှေမောင်မောင်အ ကြောင်း တပြောပြောနဲ့ပြန်ကြရ တာလေ။
ပွဲပြီးတဲ့အခါ ရွှေမောင် မောင်တို့အသင်းက နိုင်သည်ဖြစ် စေ၊ ရှုံးသည်ဖြစ်စေ သူ့ကို ပရိ သတ်က ဆုချတယ်။ မများပါဘူး။ ၅၀၊ ၁၀၀ ပေါ့။ ဒီဆုကြေးကို သူ မသုံးဘူး။ မအေ‘မတိုး’လက် အပ် တယ်။ နောက်တစ်နေ့တော့ သည်းညှာတို့၊ လန်ဘားတို့သားအ မိတစ်တွေ ဟင်းလေးစိုစိုဖတ်ဖတ် စားကြရတာပေါ့။ မတိုးရဲ့မီးဖို ချောင်က မီးခိုးတွေမှာ သူ့သား လန်ဘားရဲ့ ခြေစွမ်းတွေပါတယ်၊ ခေါင်းတိုက်ချက်တွေပါတယ်။
မတိုးတို့သားအမိတွေ မပြည့်စုံကြလေတော့ လက်ဖက် ထုပ်တတ်ရတယ်လေ။ ဆွေလို မျိုးလို အားကိုးရတဲ့ဆရာဦးလက် တို့ မိသားစုကို ဆွေမျိုးလိုအောက် မေ့ကြရသူတွေ။ ဆရာဦးလတ်ဆို တာဟိုဘက်အရပ်ထဲက ဒေါက် တာဦးကိုကိုလတ်ပါ။ ဆရာဦး လတ်ကလည်း ဒီမိသားစုအပေါ် စေတနာထားရှာတယ်။အထူးသ ဖြင့် လန်ဘားအပေါ် စေတနာပို တယ်။ လန်ဘားခြေစွမ်းကို စွဲ လမ်းသူ ပရိသတ်တွေထဲကတစ် ယောက်ပေါ့။ ဆရာကတော် ဒေါ် သန့်စင်ကလည်း မတိုးတို့ကိုချစ် တယ်။ သူ့မှာ ပိုလျှံတဲ့၊ မ၀တ်ချင် တော့တဲ့အ၀တ်အထည်လေးတွေ မတိုးကိုဆင်တယ်။ မတိုး ဘရာစီ ယာစ၀တ်ဖူးတာ ဆရာဝန်က တော်စေတနာပေါ့။ ရင်သားအ ရွယ်ကလည်း မတိမ်းမယိမ်း မဟုတ်လား။
မတိုးတို့၊ သည်းညှာတို့တစ်တွေ နေမကောင်းတဲ့အခါ ဆရာ ဦးလတ်ဆီသွားတယ်။ ဆရာဦး လတ်က ဒီမိသားစုဆိုရင် ဆေးဖိုး ရော ၀ါးခပါမယူဘူး။ သူ့ဆေးခန်း လာတဲ့သံဃာတော်တွေ၊ သိက္ခာ ရှင်တွေနဲ့ တစ်တန်းစားတည်း အောက်မေ့တာ။
မတိုးတို့ကလည်း ဒီအိမ်က လျှော်စရာဖွပ်စရာတွေ၊ လှည်းစ ရာကျင်းစရာတွေ၊ စွန့်စရာပစ်စ ရာတွေ၊ ချက်စရာပြုတ်စရာတွေ ၀ိုင်းကူလုပ်ပေးကြတယ်။ မတိုး သူ့အလုပ်ပြီးရင် အလကား အအားမနေဘူး။ ဆရာကတော့် ဆီလာတာ။ လန်ဘားက တံမြက် စည်းလှည်း၊ သည်းညှာက သူ့အမေနဲ့အတူ ချင်းတောင်းခွေးမောင်း။
ဆရာလတ်ဖတ်ပြီး ဘော လုံးဂျာနယ်တွေကို လန်ဘားသူ့ အိမ်ယူသွားလေ့ရှိတယ်။ ဘာစာ ဖတ်ဖတ် စာဖတ်တာကိုအားပေး တယ်လေ။ ဒီ့ပြင်ဂျာနယ်တွေပါ ဖတ်စေချင်တာ။ လန်ဘားက ဘောလုံးဂျာနယ်ပဲ ယူယူသွား လေ့ရှိတယ်။ ဘောလုံးအကန် ကောင်းတဲ့လူငယ်လေး ဘောလုံး ဂျာနယ်တွေဖတ်တာ အားပေးရ မှာပေါ့။
လန်ဘားတို့၊ သည်းညှာတို့ မောင်နှမတွေ စာမေးပွဲအောင်စာ ရင်းထွက်ရင် သူ့အမေက ကလေး နှစ်ယောက်ခေါ်ပြီး ဆရာဦးလတ် တို့ဆီ အရင်ဆုံးလာပြောတယ်။ ဒီ့ပြင်လည်း ပြောစရာမရှိဘူးလေ။ မိဘလို၊ အုပ်ထိန်းသူလိုလည်း ဖြစ်နေရှာတာမဟုတ်လား။
အဲဒီလိုဆရာကတော်က ဒီ မောင်နှမကို မုန့်ဖိုးပေးတယ်။ ဂုဏ်ပြုတဲ့မုန့်ဖိုး။ ဒီမုန့်ဖိုးကလည်း မတိုးမီးဖိုချောင်စရိတ်ထဲ ပါသွား တာပါပဲ။
ကျောင်းစတက်ရတော့မယ် ဆိုတော့ ဒီမောင်နှမ လန်ဘားနဲ့ သည်းညှာကျောင်းဝတ်စုံဖိုး၊ စာ အုပ်ဖိုး ဆရာဦးလတ်ကပေး တယ်။ နှစ်တိုင်းပေးတာ။ အခုဆို ရင် သည်းညှာက ခြောက်တန်း၊ ရွှေမောင်မောင်က ရှစ်တန်းတက် နေပြီ။ တစ်နှစ်ထက်တစ်နှစ်ပိုပို ပေးရမှာလည်း သူသိတယ်။ စရိတ်တွေတက်တာ၊ ကြီးမြင့်တာ ဆရာဦးလတ်နားလည်တယ်။
ကလေးအရွယ်ကတည်းက ခြေစွမ်းပြတဲ့လန်ဘားက လူငယ် တန်းမှာ ပိုခြေစွမ်းပြတော့ သူ့ပရိ သတ်က အဂူရို၊ ဆာလာ၊ ကျော် ကိုကို၊ အောင်သူတို့ဖြစ်ကြရပြန် တယ်။ ဆုချကြတဲ့ဆုကြေးမုန့်ဖိုး က လေး၊ ငါးထောင်ဖြစ်လာပြီ လေ။
ညနေသူတို့သားအမိဆေး ခန်းကိုရောက်လာကြတယ်။ ခါ တိုင်းလို မတိုး ဒါမှမဟုတ် သည်း ညှာတို့နေမကောင်းလို့ လာပြတာ မဟုတ်ဘူး။ ဒီတစ်ခါ မပြ၊ မလာ စဖူးတဲ့ လန်ဘားအလှည့်။ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ မှာ သူထိခိုက်မိလာတာ။ သူ့ဒဏ် ရာကို ဆရာဦးလတ်ဆေးကြော သန့်ရှင်းပေးလိုက်ပြီး သောက် ဆေးတွေပေးလိုက်တယ်။
ပြန်ခါနီးမှာ လန်ဘားက ဆရာ့ဆီက ဖတ်ပြီးသားဂျာနယ် တောင်းတော့ ဆရာက သတင်းပါ တဲ့ဂျာနယ် ပေးလိုက်တယ်။ နောက်နေ့လည်း အနာဆေးလာ ထည့်ဖို့၊ ဆေးလည်းမှန်မှန် သောက်ဖို့ မှာလိုက်တယ်။
ဆေးခန်းပိတ်ပြီးတဲ့အခါ ည စာမစားခင် ဆရာဦးလတ်သွေး လှည့်ပတ်မှုကောင်းအောင် ဖန် ခွက်ကိုင်တယ်။ သိပ်မများပါဘူး။ အသက်ဉာဏ်စောင့်တယ်ဟုတ် လား။ ဒီညသောက်ရတာ သူစိတ် မချမ်းသာ၊ မပျော်ဘူး။ စိတ်ထဲမှာ မကျေမနပ်ဖြစ်နေမိတယ်။ ဘာ ကို မကျေမနပ်ဖြစ်တာလဲ။ လန် ဘားကိုလား။ တောက် ပြင်းပြင်း တစ်ချက်ခေါက်မိလို့ ဆရာက တော်ကတောင် ခွေးမောင်းနေ တာလားလို့ လှမ်းကြည့်မိတယ်။
တစ်ညနေပေါ့။ အနာကို ဆေးလာထည့်ရင်း လန်ဘားကို သူစကားစပ်မိတယ်။ အလွန်နာ မည်ကျော်တဲ့သတင်း။ လန်ဘား ငှားသွားတဲ့ဂျာနယ်မှာပါတယ်။
မန်ယူအသင်းက နည်းပြ မော်ရင်ဟိုကို ဒီ့ပြင်နည်းပြနဲ့အ စားထိုးခန့်အပ်ပစ်တဲ့သတင်း။ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့၊ ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာဖော် ပြတဲ့ ထိပ်တန်းသတင်း၊ ဘောလုံး လောကတစ်ခုလုံး ရိုက်ခတ်သွား တဲ့သတင်း၊ မန်ယူပရိသတ်တွေ ဖြစ်ကြတဲ့ ဆရာတပည့်နှစ် ယောက် တစ်ယောက်သဘော တစ်ယောက်သိချင်လို့ နှီးနှောချင် နေတာ။
‘‘နည်းပြသစ် ဆိုးလ်ရှားကို ဘယ်လိုမြင်သလဲလန်ဘား’’
‘‘ဘယ်ကနည်းပြသစ်လဲ ဆရာ’’
‘‘မန်ယူက နည်းပြသစ်လေ ကွာ’’
‘‘ဟုတ်လား ဆရာ’’
‘‘ဘာဟုတ်လားလဲ တစ်နေ့ က မင်းပေးလိုက်တဲ့ဂျာနယ်မျက် နှာဖုံးမှာ-’’
‘‘ကျွန်တော်မဖတ်ရသေး ဘူးဆရာ’’
‘‘ဟေ’’
ဆရာကိုလတ် တစ်ချက် တွေသွားတယ်။
‘‘မအားလို့လား လန်ဘား’’
‘‘ဂျာနယ်ဖတ်ပြမယ့် သူငယ် ချင်းတွေ ခရီးလွန်နေကြတယ်’’
လန်ဘားမျက်လွှာချရင်း ဖြေနေတယ်။
‘‘မင်းဘာသာမဖတ်ဘူးလား’’
‘‘ကျွန်တော်မဖတ်တတ်ဘူး ဆရာ။ သူငယ်ချင်းတွေကို လက် ဖက်ရည်တိုက်၊ မုန့်ကျွေးပြီး အ ဖတ်ခိုင်းရတာဆရာ’’
ဆရာကိုလတ် ရင်ထဲလှိုက် ခနဲတစ်ချက်ဖြစ်ပြီး ကိုယ့်နား ကိုယ်မယုံနိုင်အောင် ဖြစ်သွား တယ်။ သူကျောင်းထားပေးလို့ သတ္တမတန်းအောင်၊ အဋ္ဌမတန်း တက်နေတဲ့ လန်ဘားက အားက စားဂျာနယ်ကို မဖတ်တတ်ဘူး တဲ့။ အဖတ်မတတ်ရင် အတွက် များတတ်လေမလား။
‘‘ကဲ...လန်ဘားရေ ကိုး ခြောက်လီ ဘယ်လောက်လဲကွာ’’
‘‘၉၆ ပါ’’
ဆရာကိုလတ် အသက်ရှူ ကျပ်သွားတယ်။
‘‘သေချာလား’’
လန်ဘား ရယ်ကျဲကျဲလုပ် ရင်း စဉ်းစားပြီး..
‘‘၆၉ ဆရာ’’
အနားမှာ တံမြက်စည်းလှည်း နေတဲ့သည်းညှာက...
‘‘၅၄ လေ’’ လို့ဝင်ဖြေတော့
‘‘ဟုတ်တယ်ဆရာ ၅၄၊ ကျွန်တော်ဖြေမလို့ စဉ်းစားနေ တာ သူဇွတ်ဝင်ဖြေသွားတာ’’
တကယ်တော့ တခြား ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲအဖြေတွေကို စာရွက် မင်တံတွေနဲ့ ဖြေဆိုနေကြချိန်မှာ လန်ဘားက သူ့ရဲ့ခြေထောက်နှစ် ချောင်းနဲ့ ဖြေဆိုအောင်မြင်ခဲ့ တယ်။
ဆရာလတ် ခေါက်မိတဲ့ တောက်ခေါက်သံခပ်ပြင်းပြင်း ဘယ်သူ့ကိုခေါက်တဲ့တောက် ခေါက်သံလဲ။ ခွေးမောင်းတာ တော့ မဟုတ်ဘူးလေ။
---------------
ညီပုလေး
[ 7DayNews Page မှ ကူးယူပါသည်။ 7DayNews အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment