Sunday, 21 April 2019
မစိမ်းသောလမ်း ( ဒုတိယပိုင်း)
#မစိမ်းသောလမ်း
( ဒုတိယပိုင်း)
#ခင်နှင်းယု
 “မေမေရေ  ၊ လက်မကြီးကို တအားစုပ်နေတာပဲ ကြည့်ပါဦး ၊ ဖိုးတုပ်ကြီး အစားပုတ်ကြီး”
 ကိုထွေးသည် ကလေးလက်ကို ကိုင်လှုပ်တဲ့ကာ ရယ်မောနေသည်။ကိုထွေးရယ်တိုင်း ကလေးက လိုက်ရယ်သည်။ဝဝတုတ်တုတ် ဖြူဖြူဖွေးဖွေး အခါလည်သားကို ကိုလတ်က ပွေ့ချီထားသည်။မဦးကုတင်ပေါ်တွင် မောင်နှမသုံးယောက်ထိုင်၍ ကလေးနှင့် ဆော့နေကြခြင်း ဖြစ်သည်။လူသစ်ဖြစ်သော သူတို့ညီလေးသည် သူတို့အတွက် ပျော်မွေ့စရာ အရုပ်ကလေး။
 ခါတိုင်းဆို အိပ်ယာပေါ်တွင် အထီးကျန် လဲနေသော မဦးသည် ယခုတော့ ညီပုလေးကို အနားလာချတိုင်း သူ့လက်များနှင့် ပွေ့ဖက်ဆော့ကစားရ၍ ပျော်ရွှင်လာသည်။
 သင်းသင်းသည် မီးဖိုထဲရောက်၍နေသည်။သားကြီးကိုလတ်က ကျောင်းဆင်းလာလျင် ကလေးကို လက်မှမချ။ယခုလည်း မဦးအခန်းတွင် ညီပုနှင့်ဆော့နေကြသည်။
 “ဟေ့ ကလေးကော”
 အိမ်ရှေ့မှ အော်ဟစ်လိုက်သော ဦးဖေတင် အသံကြောင့် အခန်းထဲမှ ကလေးများ လန့်သွားကြသည်။သင်းသင်းက မီးဖိုချောင်မှ ပြေးထွက်လာသည်။
 “ကိုကြီးကလည်း သင်းဖြင့် လန့်သွားတယ် ၊ ဟိုမှာလေ မဦးအခန်းထဲမှာ”
 တအားအော်လိုက်ပြန်၍ မငွေလည်း ပြေးထွက်လာပြန်သည်။
 “ကလေးကို သွားခေါ် ၊ အပေါ်ထပ်ကို ခေါ်လာခဲ့”
 ဦးဖေတင်သည် အော်ငေါက်ပြောကာ လှေကားကို တက်သွားသည်။မငွေကလည်း ကလေးကို ခေါ်ယူကာ အိမ်အပေါ်ထပ် တက်သွားသည်။
 သင်းသင်းသည် အိမ်အပေါ်ကို ပြေး၍မလိုက်။မဦးအခန်းသို့ ဝင်သွားသည်။အဓိပ္ပယ်ကို ဘာမှနားမလည်သော မျက်နှာနှင့် သားကိုလတ်ကို မြင်ရတော့ ရင်ထဲဆို့သွားသည်။သားငယ်နှင့် မဦးကလည်း မျက်နှာငယ်လေးတွေနှင့်။သူသည်အားယူ ပြုံးလိုက်၏။ဤကလေး သုံးယောက်၏ အားထားရာကား သူပဲမဟုတ်လား။ဒီတော့ သူက ဘာပြဿနာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အားမာန်ရှိရမည်။
 “သားတို့ အန်ကယ်က ရုံးဆင်းဆင်းချင်း သူ့သားကို ချီချင်တာကွယ့် ။ ကလေး မတွေ့တာနဲ့ မငွေ လည်နေသလားလို့ အော်တာ။ ကဲ ကိုလတ်နဲ့ ကိုထွေး ည စောစော စာကြည့်ရအောင် ခု စောစော သစ်ပင်တွေ ရေလောင်း”
 သားနှစ်ယောက်သည် အိမ်ရှေ့သို့ ပြေးထွက်သွားကြသည်။အိမ်ရှေ့မြေပို ပေ ၂၀ လောက်သာ ကျန်ပေမယ့် အလျားပေ ၆၀ ဆိုတော့ ပန်းအိုးလေးတွေ စီရရီနှင့် အိမ်ရှေ့ခြံဝင်းလေးက ကြည့်ပျော်ပါသည်။
 “မေမေ”
 ကတုန်ကယင်အသံနှင့် မဦးက လှမ်းခေါ်သည်။သင်းသင်းသည် ကုတင်ပေါ်ထိုင်ရင်း သူ့စိတ်ကို ယခုမှ တည်ငြိမ်အောင် ထိန်းနေမိ၏။
 “အန်ကယ်ကလည်း အော်လိုက်တာ ဘာဖြစ်လို့လည်းမသိ”
 “သြော့့် သူ့သားဖို့ လက်တွန်းလှည်း ဝယ်လာမယ်လို့ မနေ့ကတည်းကပြောတာ ပါလာတယ်ထင်တယ် ၊ သူက ဒါဆို သားကိုချက်ချင်းမြင်ရမှ”
 “သမီးလည်း လက်တွန်းလှည်း ဘီးတပ်ကုလားထိုင် လိုချင်တယ်မေမေ ၊ မောင်လေးတို့နဲ့အတူ ခြံထဲမှာ ရေလောင်းချင်တယ် ၊ ပိုက်နဲ့ လောင်းတာပဲ”
 သင်းသင်းသည် သမီးလေးကို ပြုံး၍ပြလိုက်၏။
“ရမှာပေါ့ သမီး ပိုက်ဆံပြည့်ခါနီးပါပြီ၊ မေမေအပေါ် တက်လိုက်ဦိးမယ်နော့့် ”
 သမီးလေးသည် လတ်ဆတ်သောလေကို ရှုရှိုက်၍ ပန်းပွင့်များအလှကို ကြည့်ချင်ဟန် တူပါသည်။အပေါ်ထပ်ရောက်တော့ လှကြည်ရော မငွေပါ ရှိနေသည်။ဦးဖေတင်လက်ထဲမှာ ကလေးချီထားးသည်။လှကြည်က ကလေးစီးလက်တွန်းလှည်းကို အထုပ်မှဖြေ၍ ဆင်နေသည်။
 “မငွေ မနက်နဲ့ ညနေတိုင်း ကလေးကို လက်တွန်းလှည်းပေါ်တင် နေရောင်ပြ လေရှုပစေ ၊ ဒီလူမမာအခန်းထဲ ကလေးကိုမသွင်းနဲ့ ၊ ငါမကြိုက်ဘူး ၊ ကဲ ရော့ ကလေးကို ထည့်တွန်းကြည့်စမ်း”
 လှကြည်ရော မငွေပါ မျက်နှာပျသွားကြသည်။သင်းသင်းက မှန်တင်ခုံရှေ့ ခုံလေးတွင် ထိုင်နေသည်။သားငယ်သည် လက်တွန်းလှည်းပေါ်မှာ ပြုံးရယ်နေ၍ သူစိတ်ချမ်းသာပါသည်။ဒါပေမယ့် သူ့ပါးစပ်က ပြုံးမရ ၊ ဦးဖေတင်ကိုလည်း သူကကြည့်မိ ။သူ့ရင်ထဲမှာ စဉ်းစားလွန်နေစဉ် ဦးဖေတင်ကအစ အားလုံးအောက်ဆင်းသွားကြသည်။
သူသည် အခန်းထဲဝင်၍ ရှောစောင်ထိုးခငွေများကို ရေတွက်ကြည့်နေမိ၏။ငါးရာတော့ကျော်ပြီ ။သမီးမဦးအဖို့ ဘီးတပ်ကုလားထိုင်လေး ဝယ်ပေးရဦးမည်.။
***********
မိုးတဖြောက်ဖြောက် ကျနေသည်။ညနေစောင်းတွင် နေခြည်အုံ့မှိုင်းနေသည်။ရေလောင်းရန် မလို၍ သားနှစ်ယောက် အပြင်မှာဆော့နေကြသည်။သင်းသင်းကတော့ ရှောစောင်ကို မဦးကုတင်ဘေးတွင် ထိုးနေသည်။
 ပင်ကိုယ်ကမှ အထီးကျန်ရှာသူသည် မောင်ငယ်လေးနှင့် ဆော့ခွင့်မရတော့ချေ။သင်းသင်းသည် ဒီအကြောင်းနှင့် ပတ်သက်၍ ဦးဖေတင်ကို ရင်မဆိုင်ချင်။ဒီပြဿနာကို မဆွေးနွေးချင်တော့ ။ကိုယ့်သမီးလေး ပျင်နေလျင် ကိုယ်ပဲအနားမှာ အပျင်းပြေအောင် ဖျော်ဖြေရမည်က ကိုယ့်တာဝန်။
 “မိုးကုန်ရင်လေ မေမေ သမီးကို ဘီးတပ်ကုလားထိုင် ဝယ်ပေးနိုင်မှာ”
 မအေ့စကားကိုကြားတော့ မဦးမျက်နှာပြုံးရွှင်နေသည်။သူသည် လက်ကိုင်ပဝါစတစ်ခုကို ချည်နုတ်၍ မအေသင်ထားသည့်အတိုင်း ပန်းကွက်ဖော်နေသည်။သူ့အလုပ်က ဒါပဲ။ရှေ့လမှာတော့ သင်းသင်းကိုယ်တိုင် သမီးလေးကို စာသင်ပေးမည် စိတ်ကူးသည်။တဖြည်းဖြည်း ဖတ်တတ်လာတော့ ပုံပြင်လေးပဲဖတ်တတ်စေဦး သူ့မှာ အဖော်ရလာမည်။
 “သင်းသင်းရေ့ ”
 သူတို့အခန်းထဲသို့ ဒေါ်လေးရွှေဝင်လာကာ မဦးကုတင်ပေါ် ထိုင်လိုက်သည်။
 “ဘာလဲ  ဒေါ်လေး”
 “ကြက်စွပ်ပြုတ်ရပြီ ၊ ငရုတ်ကောင်းခတ်ထားတယ် ၊ ငါးဖယ်သုတ်နဲ့ မိုးအေးအေးမှာ မဦးသောက်ရအောင်”
 “ဟုတ်ကဲ့ ၊ သင်းသင်း သွားထည့်မယ်”
 “နေဦ့း့ ”
 ဒေါ်လေးရွှေက တစ်စုံတစ်ရာ ပြောလိုက်ဟန်ရှိသည်။
 “လှကြည်နေ့လည်က ရုံးကစောပြီးဆင်းလာတယ် ၊ အထုပ်အပိုးတွေနဲ့”
 “သင်းလည်း မတွေ့ပါလား ၊ သင်းကလေးရေချိုးပေးနေတုန်းကလား”
 “အေး  ဟုတ်တယ် ၊ ချက်ပြုတ်ဖို့ အိုးခွက်တွေ”
 “ဘယ်သူတွေ ချက်စားဖို့လဲ”
 သင်းသင်းက တအံ့တသြမေးသည်။
 “သူတို့လင်မယားရယ် ၊ သင်းသင်းတို့ လင်မယားရယ်”
 “ဘာ့ ဘာ ဖြစ်တယ်”
 စကားမဆုံးခင် သင်းသင်းသည် ထိတ်လန့်တကြား ဖြတ်၍မေးလိုက်၏။
 “အဲ့ဒါ တစ်အိုးစီ ချက်စားမယ်တဲ့ ၊ ဒေါ်လေးနဲ့ သားတို့က တစ်အိုး ၊ သင်းသင်းတို့အတွက် မငွေဈေးဝယ် ထမင်းချက်ရမယ်တဲ့ ၊ ကလေးကို သင်းသင်းကြည့်နိုင်တယ်တဲ့”
 သင်းသင်းသည် အဓိပ္ပာယ်နားမလည်နိုင် ၊ ရင်ထဲမှာလည်း လှုပ်ရှားရလွန်း၍ သမီးလေးရှေ့တွင်  ဣနြေ္ဒပျက်နေသည်။
 “မဦးကို ဒေါ်လေးထမင်းကျွေးလိုက်ပါ့မယ် ၊ ဒီအချိန် ဖိုးတုတ်နိုးရော့ပေါ့ ၊ သွားအပေါ်တက်”
 အလိုက်သိစွာနှင့် ဒေါ်လေးရွှေက သူ့ကို သွားခွင့်ပြုပါသည်။သူသည် အိမ်ပေါ်ထပ်ကို ဖြည်းညင်းစွာ တက်သွားမိ၏။ကလေးပုခက်ကုတင်ဘေးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် သူထိုင်လိုက်သည်။ချုံပိတ်ပေါင်းလည်းမထူ ၊ နေလည်းမပူပါဘဲ မောလိုက်တာ။
 “အောင်မယ်လေ့း့ သင်းက အိပ်ယာတွေ မြန်မြန်သိမ်း ၊ ဖျာနဲ့အုပ် မိုးစိုလိမ့်မယ်”
 ကိုမော်ရှိတုန်းက ဓနိမိုးအိမ်လေး မိုးရေတွေ တစ်ခါယိုဖူးသည်။လက်ကောက်လေးတစ်ရန်ရောင်း၍ သူတို့နှစ်ယောက် အိမ်မိုးခဲ့သည်။ခေါင်မိုးပေါ် လက်သမားနှင့်ကိုမော် ၊ သူက အောက်က ဓနိလက်တွေလှမ်း၍ တင်ပေးရသည်။ဒေါ်လေးရွှေက ရေနွေးတစ်အိုးနှင့် ဒီတုန်းကများ ချွေးဒီးဒီးကျလို့ ၊ ဒါပေမယ့် မမောခဲ့ပါလားကိုမော်ရယ်။
 “ဟေ့ သင်းသင်း ဒီရောက်နေတာလား”
 ဦးဖေတင် အော်သံကြောင့် သူ့အတွေးပျောက်သွားသည်။
 “ဟုတ်တယ် သားအနိုးစောင့်နေတာ”
 ဦးဖေတင်ကို အဝတ်အစား ကူလဲပေးနေသည်။စကားတစ်လုံးမှမပြော ။ကလေးလွန့်လာတော့ အငိုမခံ ပွေ့ယူကာ နို့တိုက်၍  မငွေကို လှမ်းခေါ်လိုက်သည်။
 “အောက်ကိုခေါ်သွား”
 မငွေ ကလေးချီ၍ အောက်ကို ဆင်းသွားသည်။
 “ရော့ သင်းသင်း ငွေ သုံးရာ”
 ဦးဖေတင်က သူ့ကိုလာပေး၏။သင်းသင်းက မယူသေး။
 “အဲ့ဒါ ဘာလုပ်ဖို့လဲ ကိုကြီး”
 သူက မေးလိုက်၏။
 ဦးဖေတင်သည် ကုတင်ပေါ်လှဲ၍ ခြေလက်ဆန့်ရင်း သူ့အမေးကို ဖြေသည်။
 “ဒေါ်လေးရွှေကို ပေးပေါ့ ၊ နက်ဖြန်ကစပြီး လဆန်းတစ်ရက်နေ့မို့လား ။ ဒေါ်လေးရွှေတို့ ကိုလတ်တို့ ကိုထွေးတို့ မဦးပါ တစ်အိုးစားပေစေ သင်းရယ် ၊ ကိုကြီးရယ် လှကြည်တို့ လင်မယား တစ်အိုး ချက်မယ်”
 သင်းသင်းသည် သက်ပြင်းချမိ၏။ပြောချင်စရာတွေက အများ ၊ ဒါပေမယ့် သူမပြောမိ ၊ ပြောလည်းမပြောချင်။
 “ဘယ်လိုဖြစ်တာလဲ ကိုကြီး”
 ပက်လက်ကုလားထိုင်ပေါ်မှ သူ ဒါပဲ မေးမိ၏။
 “ဘာလဲ သင်းသင်းက သူတို့ တူဝရီးတွေ မလောက်မှာ စိုးလို့လား”
 “မဟုတ်ပါဘူး ကို ကြီး သင်းလစာတစ်ခုတည်းနဲ့တောင် လောက်အောင်သုံးခဲ့ကြသေးတာပဲ ၊ ဒါပေမယ့် မတော်တာက အရွယ်မရောက်သေးတဲ့သားတွေနဲ့ သင်းတစ်အိုးစီခွဲစားရမယ်ဆိုတော့”
 ဦးဖေတင်သည် ခြင်ထောင်အမိုးကို ကြည့်နေသည်။ဘာမှပြန်မဖြေ ၊ သူ့ခေါင်းထဲသို့ ဘယ်လိုစိတ်ကူးစိတ်သန်းများ ဝင်ရောက်လာပါလိမ့်။
 “ကိုကြီးပြောခဲ့တယ်လေ ၊ သားယောက်ျားတွေဟာ အမေအဖေ အစုံအလင် အုပ်ထိန်းမှလို့ ပြောခဲ့တယ်။သင်းလည်း ဖခင်ဆိုတဲ့အရိပ် သူတို့ခိုလှုံစေချင်လို့ ကိုကြီးကို လက်ထပ်ခဲ့တာပါ”
 သင်းသင်းသည် မပြောချင်သော်လည်း ကြိုးစား၍ ပြောပြလိုက်၏။
 “အေးလေ့ ခုလည်းကိုကြီးက တစ်အိမ်တည်းနေနေတာ သူတို့ကိုအုပ်ချူပ်နိုင်တာပဲ ၊ ခွဲသွားတာမှ မဟုတ်ဘဲ”
 “မတူပါဘူး ကိုကြီး ၊ လူမျိုးစု တစ်စုတောင် တစ်မြေတည်းနေ တစ်ရေတည်းသောက်လို့ ပိုသံယောဇဉ်တွယ်ကြတာ ခုလိုအိုးခွဲချက်စားကတည်းက စိတ်ဝမ်းကွဲစရာ ၊ ပြီးတော့ သူတို့ဟာ ကိုကြီးကို သိပ်အားကိုးတာ ၊ ကိုကြီးပြောခဲ့တယ်လေ သင်းသားတွေက ပထွေးလို သဘောမထားစေချင်ဘူးဆို ၊ သင်းသားတွေက ဦးလေးတစ်ယောက်လို ချစ်ခင်အားကိုးပါတယ်  ၊ ခုလို အိုးခွဲလိုက်ရင် ကိုကြီးအပြုအမှုက့ ”
 “ငါက ပထွေးအပြုအမှု ဖြစ်သွားရောလား”
 “မဟုတ်ပါဘူး ကလေးတွေဟာ မယားပါသားတွေလို့ ကိုကြီးသဘောထားရာ ရောက်သွားတယ်”
 “အို့း့ ငါဟာ ယောက်ျားတစ်ယောက်အနေနဲ့ မတရားတာ ဘာမှမလုပ်ဘုး ၊တစ်ခုတော့ပြောချင်တယ် ။ ငါဟာ ဘုရားအလောင်းလို တစ်ဦးတည်းသောသားအပေါ်မှာ ထားတဲ့အချစ်နဲ့ တခြားသတ္တဝါတွေကို ငါမချစ်နိုင်ဘူး။ငါ ဘုရားလောင်းမဟုတ်ဘူး။ဒါပေမယ့် မင်းသားတွေကိုလည်း လက်ဖျားနဲ့ မတို့ဘူး။ငါ ငွေ အထောက်အပံ့ပေးတယ်။မယားငယ် မယူဘူး ။ အပျော်အပါးမလိုက်ဘူး။အရက်မသောက်ဘူး။သင်းးသင်းဆိုလိုချင်တာက ငွေသုံးရာနဲ့ သူတို့မလောက်ငဘူး ထင်သလား။မလောက်ဘူးထင်ရင် တစ်ရာထပ်တိုးပေးမယ်”
 “သင်းပြောခဲ့ပါပကော သင်းတို့မှာ ငွေမရှိပါဘူး။ဒါပေမယ့် ငွေအကြောင်း သင်းမဆိုလိုဘူး။သင်းသားတွေနဲ့ သင်းက အိုးခွဲချက်စားရမှာ အဓိပ္ပာယ်လည်း မရှိဘူး။အိမ်ထောင်ခွဲ အရွယ်ရောက်သူတွေမှ မဟုတ်တာ”
 “အေ့း့ မင်းမွေးထားတဲ့ သားတွေတော့ ဟုတ်ပါတယ်။ဒါပေမယ့် ငါ့သားတွေ မဟုတ်ဘူး ။ငါ့မှာ သားရလာပြီ.။ငါ ဒီလိုသားလိုချင်နေတာ ကြာခဲ့ပြီ။ငါ့သားဟာ သိပ်ချစ်ဖို့ကောင်းတယ်။လူအေးလူပျော်လေ။မင်းမြင်တယ် မဟုတ်လား”
 “ရင်ထဲက မွေးထုတ်တဲ့ အမေက ကိုကြီးထက် ပိုချစ်ပါတယ်။အဲ့ဒါနဲ့ အိုးခွဲချက်စားတာနဲ့တော့  မဆိုင်ပါဘူး ကိုကြီး”
 “မပတ်သက်ချင်တာ ။ငါ့သားလေးနဲ့ ငါ သီးသန့်နေချင်တယ်၊ ငါ့သားကို သူတို့နဲ့ မရောစေချင်ဘူး”
 “သူတို့ဆိုတာ”
 “ကိုလတ်တို့ပေါ့”
 “ကိုလတ်တို့ဟာ သင်းသင်းသားတွေလေ”
 “ဟုတ်တယ်လေ ငါ့သားတွေမှ မဟုတ်ဘဲ”
 ရော ခက်ပြီ ။ ထပ်ဆိုနေပြန်ပြီ။မှန်သောစကားတော့ ဟုတ်ပါတယ်။အဓိပ္ပာယ်က မရှိ။ ‘အစကတော့’ ဟူ၍ လက်မထပ်ခင်က စကားတွေကို ပြန်မဖော်ချင်ပါ။
 “ဒီလိုဆိုလည်း ကိုကြီးတို့သားအဖရယ် ၊ လှကြည်တို့ လင်မယားရယ် တစ်အိုးချက်စား ၊ သင်းကတော့ သင်းသင်းသားတွေနဲ့ တစ်အိုးချက်စားမယ်”
 “သဘောပဲ”
 အေးတိအေးစက်အသံ ဦးဖေတင်နူတ်မှ ထွက်လာသည်။သင်းသင်းသည် ငြိမ်သက်စွာပဲ ဦးဖေတင်မျက်နှာကို စူးစိုက်ကြည့်မိ၏။ထူးထူးခြားခြား အပြစ်ဆိုဖွယ် မျက်နှာပေါက်မျိုးမဟုတ်။နဖူကပင် ကျယ်ပြန့်သေးသည်။ထောင်ထောင်မောင်းမောင်း ကိုယ်လုံးကိုယ်ပေါက်နှင့် ယောက်ျားပီသသူဟု ဆိုရမည်။
 သူသည် လေးတွဲ့စွာ သက်ပြင်းချမိ၏။ပန်းအတိ မခင်းသော်လည်း သဲဖြူခင်း၍ လေညင်းသာသာ နေရောင်ဖျဖျတွင်မှ ရေငတ်ပါဘိခြင်း။ဒီလမ်းမှာ ရေအိုးစင် မရှိတော့ဘူလား။ 
 ထိုနေ့ညက စာကြည့်စားပွဲတွင် ကိုလတ်စောင့်နေသော်လည်း ဦးဖေတင်တစ်ယောက် စာသင်ဖို့ရောက်မလာတော့ပါ။
*********** 
 အိပ်ယာပေါ်တွင် အစားအသောက်ထည့်သော ကြောင်အိမ်ထားရသည်မဟုတ်။ယခု ဦးဖေတင်က ထားမည်ဆိုတော့ အဆင်ပြေအောင် သင်းသင်းက စီမံပေးရသည်။ကြောင်အိမ်ခြေထောက်များတွင် ပုရွက်ဆိပ် မတက်အောင် ရေထည့်ဖို့ မြေအင်တုံလေးတွေ ခံခိုင်းရသည်။မငွေက  စိတ်ရှည်လက်ရှည် လုပ်နေသည်။ကြောင်အိမ်ထဲရှိ ပစ္စည်းများက တချို့ ပုရွက်ဆိပ် တက်နိုင်သည်။ဘီစကစ် ၊ နိုင်ငံခြားချောကလက်၊ သစ်သီးများ ၊  ချိုချဉ်များဖြစ်သည်။ကြောင်အိမ်ကို သော့ခတ်ထားသည်။
 သင်းသင်းသည် တတောက်တောက်ပြေးလွှားနေသော သားငယ်ကို လိုက်ထိန်းရင်း မငွေလုပ်နေသည်ကို ကြည့်နေသည်။မငွေသည် ဖရိုဖရဲဖြစ်သွားသော ကြောင်အိမ်တွင်း ပစ္စည်းများကို ပြန်လည်စီ၍ ကြောင်အိမ်ကို သော့ခတ်လိုက်သည်။
 “ဆရာက သော့ကို မမပေးလို့ ပြောပါတယ်” သော့တွဲကို မငွေက လှမ်းပေး၏။
 “မလိုချင်ဘူး မငွေ ၊ ငါ အေးအေးဆေးဆေးနေချင်တယ်၊ စာရင်းမရှုပ်ချင်ဘူး။ တော်ကြာ ငါ့သားတွေကို ချောကလက်ခိုးကျွေးတယ် ဖြစ်မယ်။ငါ့မှာ ငွေ မရှိပေမယ့် ဒီလို အထင်မခံနိုင်ဘူး”
 မာနစိတ်ကလေး ရင်ထဲမှာ ပြူထွက်လာသည်။
 “ဒီလိုတော့လည်း ထင်မှာမဟုတ်ပါဘူး၊ဆရာလည်း စိတ်ညစ်ပါတယ်၊ အရင်က ဒီလိုမဟုတ်ပါဘူးတဲ့၊ကိုလှကြည်က ပြောတယ်”
 မငွေက ပြော၏။
 “အေးလေ့ ဒီလိုမဟုတ်လို့ ငါယူခဲ့တာ ၊ သော့ခတ်တာ ဘာအဓိပ္ပာယ်လဲ ၊ မနေ့ညနေက မဦးအဖျားရှိလို့ ကော်ဖီနဲ့မုန့်တိုက်တာ ဘီစကစ် ဘယ်ကရလဲတဲ့၊ ဒါ နင့်ဆရာ မေးသင့်တဲ့မေးခွန်းလား။ကျွန်မသမီးကို ကျွန်မဝယ်ကျွေးနိုင်တယ်လို့ ပြောလိုက်တယ်။ဖြစ်နိုင်ရင် မငွေ နောက်ဖေးဆောင်ပါ အပေါ်က ထပ်တင်ပြီး နင်တို့သီးသန့်နေရင်ကောင်းမယ်”
 “ အို့း့ မမကလည်း ဖိုးတုတ်ရှိနေတာ ၊ မမ ဘယ့်နှယ် သီးသန့်နေလို့ရမလဲ၊ ကျွန်မ အောက်ဆင်းဦးမယ်”
 မငွေဆင်းသွားတော့ သားငယ်ကို ပွေ့ဖက်ကာ သူ မျက်ရည်တွေတွေ ကျလာသည်။ကလေးက သုံးနှစ်ဆိုတော့ စကားပြောစပြုလာသည်။
 ဘယ်လိုဖြစ်ရသော အဖြစ်များပါလိမ့်။သားလေးရလာတော့မှ ဦးဖေတင် မှုတွေပြောင်းသွားပါပကော။ သူ့အဖို့ကတော့ ဖိုးတုတ်ကိုလည်း သူ့ရင်က မွေးရသည်။ကိုလတ်တို့ ကိုထွေးတို့လည်း သူ့ရင်က မွေးရသည့် သူ့သွေးများဖြစ်သည်။ဦးဖေတင်စိတ်ကတော့ ဘယ်လိုများပါလိမ့်။ဖိုးတုတ်မွေးလာမှ ဖိုးတုတ်မှ သူ့သား။ကျန်သားများက မယားပါသား။ဒါကြောင့် အခုဘာပဲဖြစ်ဖြစ် သီးခြားလုပ်လာပြီ။သူက ခွင့်လွှတ်နိုင်ပေမယ့် သားများစိတ်နာကြည်းခံခက်လာမှာကို စိုးလှပါသည်။
 “ကိုမော်ရေ ဆင်းတောင့်ဆင်းရဲ နှစ်ယောက် ခြိုးခြိုးခြံခြံနဲ့ လျှောက်လာခဲ့ရတဲ့ လမ်းလေးကို ပင်ပန်းပေမယ့် လွမ်းလိုက်တာ။ဒီလမ်းကိုပဲ အခု ပြန်လျှောက်ရချိန်မှာ ချုံတွေရှင်းလို့ လမ်းက ရှင်းနေပေမယ့် ကိုမော့်ရင်ထဲက လေးစင်တိုင်နဲ့ထိုးထားတဲ့ ရေအိုးစင်က မရှိဘူး ကိုမော်ရဲ့။ကိုမော်တည်ထားတဲ့ သဲအိုးလေးဟာ စပါးပင်ပေါက်လေး အလယ်မှာတည်ထားတော့ ဒီရေချမ်းစင်မှာ မောမောရှိတိုင်း ခပ်သောက်လိုက်ရတာ အမောပြေပါဘိ”
 “ခုတော့ မောလိုက်တာကိုမော် ၊ ဖောင်စီးရင်း ရေငတ်နေတာလေ။ခုမှ သင်းလျှောက်တဲ့လမ်းဟာ ရေချမ်းစင်မရှိတဲ့လမ်းလို့ သိရတယ်။မငိုချင်ဘူး။ငိုလို့ ဘယ်သူက သနားမှာလဲ။ဆယ်ကျော်သက် အရိုင်းအမိုက်ဆိုရင်သာ ခွင့်လွှတ်စိတ်နဲ့ သင်းကိုသနားကြမှာ ၊ ကိုယ့်အပြစ်နဲ့ကိုယ်”
 သူ့ရင်ထဲမှာ ရေရွတ်တိုင်တည်မိသည်။
 “မေမေရေ့ ”
 သား ကိုလတ်အော်ခေါ်ရင်း ပြေးတက်လာတာကြောင့် သူသည် အတွေးရပ်သွားသည်။ဖိုးတုတ်ကတော့ ကုတင်ပေါ်မှာ ဆော့နေဆဲ။
 ညီငယ်ကို ပွေ့ချီဖက်နမ်းလိုက်ရင်း  --
 “သား ဆယ်တန်းအောင်တယ်”
 ဝမ်းသာအားရ ပြောပြလိုက်၏။
 “ဟုတ်လား ၊ ဝမ်းသာလိုက်တာ ၊ သားအပြန်ကို မေမေစောင့်ရင်း ကလေးထိန်းနေတာ၊ သွားသွား ခေါင်းရင်းအိမ်က ဖုန်းဆက်ပြီး သားတို့အန်ကယ်ရုံးကို ပြောလိုက် သူဝမ်းသာမှာ”
 “ဝမ်းသာမယ်လို့ မေမေထင်သလား”
 ကိုလတ်သည် ကလေးကိုပွေ့ရင်း မေး၏။သားပြောသည်မှာ ဟုတ်ပါရဲ့ ၊ သားသည် ငယ်သူမဟုတ်။ဦးဖေတင် အမှုမရာ အားလုံးကို ရိပ်မိသိရှိသူ။သားလေးငယ်ငယ်နှင့် သူများမျက်နှာ ကြည့်နေရသည့် အဖြစ်ကို သူသနားမိသည်။
 “သားမှာ တာဝန်ရှိတယ်လေ ဆက်ရမှာက သားတာဝန်”
 သူက ဒါပဲပြော၏။
 “ရော့ မေမေ ၊ သား ညီလေးကို ချီလို့ မဝသေးဘူး၊သူ့ အဖေကြီးလစ်တုန်း ချီရတာ၊ အန်ကယ်ဆီ ဖုန်းသွားဆက်ဦးမယ်”
 ကလေးကို ကုတင်ပေါ်ပြန်ချကာ ကိုလတ်အောက်ကို ဆင်းသွားသည်။
 ညကျတော့ အိပ်ယာပေါ်တွင် သင်းသင်းသည် အသာလှဲနေသည်။ဘေးတွင် ဖိုးတုတ် အိပ်ပျော်နေပြီ။ကုတင်ဘေး ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဦးဖေတင်ထံမှ စကားတစ်ခုခု ကြားရလိမ့်နိုးနှင့် သင်းသင်းက မျှော်လင့်နေမိသည်။
 ဆေးလိပ်ဖွာနေသည်က လွဲ၍ ဦးဖေတင်သည် တုတ်တုတ်မျှ မလှုပ် ။နေ့လည်က သားကြီးကိုလတ် စာမေးပွဲအောင်ကြောင်းကြားပြီးပြီ.။ကိုမော်သာဆို တစ်ကြိမ်တည်းနှင့် ဆယ်တန်းကို ရှောရှောရှုရှုအောင်သွားသော သားကြီးအတွက် ဝမ်းသာအားရဖြစ်လိုက်မည့်ဖြစ်ခြင်း။ပြီးတောာ့ သားကြီးက ကျူရှင်မယူဘဲ အောင်ခဲ့သူ။
 ရှိပစေတော့ သားကြီးအောင်မှတ်သိရတော့မှ သားကြီးရှေ့ရေးအတွက် ဆွေးနွေးတော့မည်။သူ အသာထကာ အောက်သို့ဆင်းလာခဲ့သည်။ကလေးများ မဦးအိပ်ခန်းထဲ ရောက်နေကြသည်။စာမေးပွဲအောင်၍ စကားသံများ ရွှင်ပျနေသည်။
 မီးဖိုထဲမှာတော့ မီးများလင်းနေဆဲ။ဒေါ်လေးရွှေ မအိပ်သေးဘူး ထင်သည်။သူ မီးဖီုဝ ရပ်လိုက်တော့ လှကြည်အသံ ကြားရ၍ ခြေလှမ်းတုံ့သွားသည်။
#Typing_credit_သာထက်ဇော်
( ဇာတ်သိမ်းပိုင်းဆက်ရန် ) 👇👇👇
No comments:
Post a Comment