#သဒိုး
( ဒုတိယပိုင်း)
#ခင်ခင်ထူး
(၄)
ဒိုးကလေးက လှည်းကြုံတောင် တင်ပေးလိုက်သေးတာပါ။ ပန်းညိုက လှည်းနောက်မြီးမှာ တင်ပလွှဲ ကလေးတိုင်ရင်းက အစ်ကို သွားမယ်နော် တဲ့။
သည့်နောက်တော့ တစ်ပတ်တစ်ရက်တန်သည် နှစ်ရက်တန်သည် ကုက္ကိုကုန်း ကို ပန်းညို ရောက်လာ တတ်တယ်။ ရောက်လာတိုင်းလည်း ဒိုးကလေးရှိတာချည်းပဲ။ ပန်းညိုက သူလာမယ့် ရက်ကြို ပြောထား တော့ ဒိုးကလေးက ဘယ်ရွာမှ မသွားတော့ဘူး။ ပန်ညိုနောက်ကျရင် တောင်မျှော် တတ်ပြီ။ ပန်းညို လာတော့လည်း ရွာထဲက အိမ်ပေါက်စေ့ သူပဲလိုက်ပို့တယ်။ စပ်ရောင်းပေးတယ်။ ဒိုးကလေး ကိုယ်တိုင်လည်း အမဲသားတစ်တွဲ ယူဖြစ်အောင်ယူတော့ တစ်အိမ်လုံး အမဲညှင်းတွေနဲ့ ဖြစ်ကုန်ပြီး။
"ငဒိုးရေ....အမေတို့လည်း အမဲညှင်းတွေများနေပြီး...... ငါ့သားမလဲ ပန်းညိုပါ ညှင်းချင်နေပြီ လားဟဲ့.. .. မုဆိုးမတော့ မမှန်းလိုက်ပါနဲ့တော်........ သားသတ် ဖားသတ်နဲ့ အကုသိုလ်ကြီး သဲ့ဟာတွေ ရပ်တန်း က ရပ်တော့..."
"အမေက လုပ်ကရော့မယ်....... သနားလို့ပါဗျ..... ကျုပ်ကကော ယူမှာတဲ့လား.... မဟုတ်တာ"
"ယူမယူတော့ မပြောတတ်ဘူး...... တစ်ရွာလုံးက ပြောကြလှပြီ...... အမဲသားသည်ကတော်တော် တော့်သားက ရှေ့နောက်နေသာတဲ့။ မယူချင်လို့လည်း မရဘူးတဲ့........ ဒိုးကလေးဇွတ်ရောင်း လို့ ၀ယ်ရသာ များပတဲ့....... ကောင်းရော့လား...... မင်းဟာက......"
"သူတို့ဝယ်တော့ စားရသာပေါ့ဗျာ......... သူဟာသူ့ ဈေးလာရောင်းတာ ရောင်းပါစေဗျာ....... ခမျာ ကျုပ် တို့ အားကိုးရှာလို့ လာသာပါ အမေရာ....."
"အားကိုးရှာလို့ ပြောနေသာဟဲ့....... တစ်သက်လုံး ဘုန်းကြီးလိုနေလာပြီး အမဲသားသည် ကျမှ ဓာတ်ကျ........ မင်းမလည်း ခုမှ အိမ်မြဲတော့သယ်....."
"ခက်ပါ့ ကောဗျာ"
ခက်ပါ့ကော်ဗျာ၊ ခက်ပါ့ကောဗျာနဲ့ ရှေ့လည်းစကားမစဆတ်တတ်တော့ဘူး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒိုးကလေး၊ ဒိုးကလေးနဲ့ ရွာ့အပျို နုနုထွတ်ထွတ် ကလေးတွေကြား ရေပန်းစားနေရာက ကြိုက်မယ့်ကြိုက်တော့ အမဲသားသည် မုဆိုးမ သားတစ်ယောက်အမေကို ကြိုက်မိနေပါပကော။ ဒိုးကလေးစိတ်ထဲ ရွာဆယ်ရွာ မိန်းမချော ပြိုင်ပွဲများလုပ်ရင် ပန်းညိုက ပထမဆု ရမယ်လို့ တောင် ထင်မိတယ်။ ရွာကတော့ ရစရာမရှိအောင် ပြောကြတာပေါ့။ ရွာအပျိုတွေက အဆိုးဆုံး။ ဒိုးကလေး များပြော လိုက်ကြတာ နှစ်ပြားမတန်ဘူး။
"ဒိုးကလေး ဒိုးကလေးနဲ့ သံဒိုးမဟုတ်ပေါင်အေ....... ခုံဖိနပ်ပြီးတို ဒိုးပါ..... အိုးခြမ်းကွဲဒိုးပါ...... တစ်ရက်က ရေတွင်းမှာ အိုးပင့်ပေးရ မလားတဲ့ လုပ်းသေးသာ......... ကျုပ်ဟာကျုပ် ပင့်နိုင်သယ် အမဲသားစော် နံမစိုးလို့ လို့ပြောလိုက်သယ်........."
"ငါကကော ဘာထူးတုန်း......... လမ်းမှာတွေတော့ ငါက ဟိုဘက်ရှောင် သွားလိုက်သယ်....... ဒိုးကလေး က ဘယ်လိုဖြစ်သာ တုန်ဟတဲ့.... ယင်ကောင်တွေအုံလို့တော်ရေလိုက် ပြန်ပက်လိုက် တော့....... အံမယ်...... မျက်စိမျက်နှာတွေများ ပျက်လို့......."
ဒိုးကလေးအဖေ ဘကြီးပျားအုံကလေည်း ဆုံးမရှာပါရဲ့။ မရပါဘူး။ ဒိုးကလေးက ပန်းညိုမလာတဲ့ ရက်တွေဆိုရင် ညောင်ကားယားမှာ။ ပန်းညိုလာမယ့် ရက်များမတော့ ကုက္ကိုကုန်းမှာ။
"သဒိုးသမီးကလည်း ဖြစ်ရသေး...... လင်သေမုဆိုးမကည်း ဖြစ်ရသေး...... ကလေးတစ်ယောက် ကလည်းပါသေး......... အမဲသားလည်ရောင်းရတဲ့ မိန်းမကလည်း ဖြစ်သေး... မင့်ဟာက န၀ါဖင်ဖြူပါ ကောကွာ..... လူခိုက်ဖို့ ရှိတော့သာပါလား....."
ဖအေပြောလည်း ပြောပြောပါ။ နောက်ရက်တွေမျာ ပန်းညို ကုက္ကိုကုန်း မရောက်လာတော့ဘူး။ ဒိုးကလေးလည်း ရွာပြန်မရောက်တော့ပါဘူး။ ဒိုးကလေးနဲ့ ပန်းညိုညောင်ကားယားမှာ ပေါင်းနေကြ ပြီဆိုတဲ့သတင်းပဲ ရောက်လာခဲ့တယ်။ မအေ ဒေါ်မှုံကြီးခမျာ မတ်တတ်က ပစ်လဲတဲ့ အထိ စိတ်ထိ ခိုက် ရှာခဲ့တယ်။ ဘကြီးပျားအုံကတော့ မအေဖြစ်သူကိုပဲ အပြစ်တင်တာပါ။ ဆုံးမတိုင်း ရှေ့က ကာဆီးကာဆီ လုပ်ခဲ့တာ မဟုတ်လား။
"အမဲသားသည်နဲ့ ညားတော့လည်း ၀မ်းတွင်းသား စားရသာပေါ့ မယ်မှုံရာ........"
ဖအေက သည်လိုအရွဲ့စကားလောက် ပြောနိုင်တော့တာပါ။ မိဘရယ်လို့ ဒိုးကလေးကို ဘယ်တုန်းက မှ ပြောလို့ဆိုလို့ မရခဲ့တာ၊ ခုမှပြောလို့လည်း မရတော့ဘူး ဆိုးတာသိကြပြီကိုး။ ဖြစ်သမျှအကြောင်း အကောင်းလို့သာ သဘောထားလိုက်ကြရတော့တာ ပေါ့လေ။ ဒိုးကလေးကတော့ ဖအေမအေ ကိုရော ရွာကိုရော ပြန်စောင်းတောင် မကြည့်တော့ပါဘူး။ ကုက္ကို ကုန်းရွာသားဘ၀ကနေ ညောင်ကားယားရွာသား တဖြစ်လဲ သွားတာပဲ ရိှတယ်။
ရွာကလည်း သည်ကိစ္စ အေးအေးဆေးဆေးရှိမှ ပြန်စဉ်းစားကြတယ်။ ဒိုးကလေးက လူပေါ်ကြော့်ပဲ။ ဘယ်ဟာများ လက်ကြောတင်းခဲ့လို့လဲ။ မိဘခမျာ အိုကြီးအိုမ ဘ၀သာရောက်ကြရော၊ ရေတစ်ပေါက် ခပ်မတိုက်ခဲ့ဖူးဘူး။ ထင်းတစ်ပွေ့ ခွေမပေးခဲ့ဘူးဘူး။ မနက်မိုးလင်းတာနဲ့ ပိုဆိုးဒယဥ့်တိုက်နဲ့ ထွက်တော့တာ မဟုတ်လား။ ရွာတစ်ရွာ သုံးရက်နဲ့ ရွာဆယ်ရွာ တစ်ပတ်ပတ်တာနဲ့ တစ်လကုန် ရောဆိုတဲ့လူ။ ဆယ်နှစ်ပတ် ပတ်တော့ တစ်နှစ်။ သည်လိုနဲ့ သည်အရွယ်ကြီးသာ ရောရော၊ ရွာရိုး ကိုးပေါက်နဲ့ ပြီးရတာ ကြာလှပေါ့။
ဘာလုပ်နေမှန်းလည်း မသိ၊ ဘာဝင်ငွေမှာလည်းမရှိ။ မိဘများ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ပိုက်ဆုံ ခါးထိုးပြီး ဖြုန်းနေတာပဲ မဟုတ်လား။ မြို့သားဂိုက် ဖမ်းထား တဲ့ တောသားယောင်ချာချာဆိုတာ ပန်းညိုကို ယူတော့မှ မြင်လာကြတယ်။
မိန်းကလေးတွေခများလည်း သည်လိုပဲ တွေးကြတယ်။ တို့စိတ်ကူးယဉ်ခဲ့တဲ့ ဒိုးကလေးဆိုတာ လက်စသပ်တော့ လဲမှို့လို လွင့်နေတဲ့ လူပါဘားပေါ့။ သည်လိုတွေးမိကြတော့လည်း ဒိုးကလေး မုဆိုးမယူတာကို မနာကြာတေ့ပါဘူး။ တန်ရာ တန်ရာ ရတာပဲလို့ တွေးကြတယ်။ မိဘနှစ်ပါးက တော့ သူတကာတွေ တွေးသလို ဘယ်တွေးပါ့မလဲ။ သားကိုး။
ကိုယ့်သားအချိုး ဟုတ်တာ မဟုတ်တာထား။ မုဆိုးမနဲ့ ညားတာကျတော့ စိတ်ထဲမကောင်းကြဘူး။ ဒင်းတို့ လင်မယား ကုက္ကိုကုန်းကို ခြေမချရဘူး၊ မိဘနှစ်ပါး သေတာတောင် မလာရဘူးလို့ လူကြုံနဲ့ မှာလို့ကြတယ်။ ဒိုးကလေးကလည်း မပူပါဘူး။ အလကားနေရင်းတောင် ကုက္ကိုကုန်း ကပ်တာမှ မဟုတ်တာ။ ပန်းညိုကို ယူတေ့ကော ဘယ်သူက ဘာနာစရာလိုလို့လဲလို့ ခံယူထားပြီးသား။ ကိုက္ကိုကုန်း မကပ်ရ နေပေါ့။ ရွာကိုးရွာတောင် ကျန်သေးတဲ့ဟာ သွားပါလေ့ဗျာလို့တောင် စကားပြန်လိုက်သေး တာပါ။
(၅)
ညောင်ကားယား ကို ရောက်ပါပြီဆိုကတည်းက ဒိုးကလေး အလည်ရပ်သွားခဲ့ပြီ။ မယားချောကလေး ရသကော ရယ်လို့ သူ့ကိုယ်သူလည်း ကျေနပ်ပါရဲ့။ မိုးဆိုးမသားသည်အမေ ရွာ့အပျိုထက်များ လှရဦး မှာလား။ ရွာ့အပျိုတွေထက်များ နုရေဖတ်ရေ ရှိဦးမှာလား။ နေကုန်နေခမ်း အမဲသား ကျွဲသား သွေးတရွှဲရွဲ၊ ချွေးတစီးစီး၊ နဲ့ ကြေးကြောင်းလိုက်နေတဲ့ မိန်းမက ပိုပြီးတော့များ သာရဦးမှာလား သူတကာ အဲသလို မေးရင် ကျုပ်မိန်းမ ပန်းညိုကသာတော့မပေါ့လို့ ဒိုးကလေး ဖြေတတ်နေပြီ။ ပန်းညိုကို ယူမိလို့ ခင်မင် လက်စ မိတ်ဆွေတချို့ နောက်ဆုတ်သွားကြတာ သိသား။
ပန်းညိုကို ယူမိလို့ ရွာတွေက မျက်နှာမဲ့ချင်တာလည်း သိသား။ဒိုးကလေးမမှုပါဘူး။ လူပျိုတုန်းကလည်း တစ်ယောက်တည်း နေခဲ့တာပဲ။ အပေါင်းရယ် အသင်းရယ် လို့ ရွာမှာ ကာလသား တရုန်းရုန်း နဲ့ဘယ်တုန်းကမှ မနေဖူးဘူး။ ဘယ်သူ့ဘယ်သူနဲ့မှ လည်း ကျောက် ပုခုံးဖက် မရှိခဲ့ဘူး။ မပေါင်းချင်နေ၊ ပေါင်းချင်ပေါင်း။ ပန်းညိုကိုယူလို့ ရှောင်ကြတယ်ဆိုရင် ရှောင်ကြစမ်းပလေ့စေ။
ပြောသာပြောရတယ် ပန်းညိုက မနက်မိုးလင်းတာနဲ့ အိမ်မှာမရှိတော့ဘူး။ ပန်းညိုက မနက်မိုးလင်းတာနဲ့ အိမ်မှာမရှိတော့ဘူး။ ထမင်းတစ်အိုးချက်၊ ဟင်းတစ်အိုး တဗျစ်ဗျစ်မြည်အောင် တည်ထားခဲ့ပြီး ချောင်းဘက် မှာ တဲထိုးနေတဲ့ ဖအေ့ဖို့ ထမင်းတစ်ထုပ် ခံတောင်းထဲထည့်ပြီး ထွက်သွားနေကျ။ အခါကြီး လည်းမနားဘူး၊ ရက်ကြီးလည်း မနားဘူး။ ဥပုသ် သီတင်းရယ်လို့လည်း သားအဖနှစ်စလုံး ဆောက်တည် ကြတယ် မရှိဘူး။ အခါကြီးရက်ကြီနေ့များဆို ပိုတောင် ရောင်းကောင်းသေးသတဲ့။ ဟင်းကျွေး ဟင်းရံရှား တော့ အသားသည် မျှော်ကြတာကိုး။
ကဆုန် လပြည့်နေ့ကြီးပါဟာ... တစ်ရက်တစ်လေများတော့ ကျောင်းကန်ဘုရား မရောက်သာထား... ခံတောင်း တော့ မှောက်ဦးမှပေါ့... ငါ့မိန်းမနှယ်.... ညည်းအဖေ အသားပေး တာနဲ့ လိုက်ရောင်း နေလို့ ကတော့ နားရမှာမဟုတ်ဘူး... ဘ၀လည်း ဆုံးမှာမဟုတ်ဘူး... ညည်းသွားတော့ ကျုပ်က မျှော်နေရသာ မယ်မင်းကြီးမ ရဲ့.........."
လင်လတ်လတ်ဆတ်ဆတ်က သည်စကားပြောတော့ ရေထဲက ဆိတ်လာတဲ့ ကန်စွန်းညွန့်လို တစ်ရေနွမ်း ရရှာသူ ပန်းညိုခမျာ ၀မ်းလည်းသာရှာပါရဲ့။ ငါ့ကို မက်စက်သကောရယ်လို့ ဝမ်းသာတာပါ။ လင့်မျက်နှာ လူပုံချောကို ကြည့်ရင်းက စိတ်မကောင်းတာလည်း ပါပါရဲ့။ ခမျာ ရွာပစ်ရပ်ပစ် မိပစ်ဘပစ် ငါ့အိမ် ကို လိုက်လာသာ။ ငါ့မျက်နှာနဲ့ နေရှာသာ၊ တစ်ရက်တလေ ငါနဲ့ နေကူးညလည် နေချင်ရှာ မှာပေါ့လို့လည်း တွက်ပါရဲ့။ ဒါပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့ အနိုင်နိုင်တွေကိုး။ ကိုယ်က နားချင်သော်မှ ဖအေ က မနားဘူးဆိုတော့ ပန်းညိုကလည်း ဈေးတောင်းခေါင်းတင်ရှိရတော့တာပါ။
ပန်းညိုပြန်ရောက်ရင် မိုးချုပ်တာများတယ်။ ရွာတွေဘက် ကူးရတာ မလွယ်ဘူးဆိုတာ သိတော့ မယားကို ခွင့်လည်း လွှတ်တယ်။ သနားလည်း သနားတယ်။ ကိုယ်တိုင်က တစ်သက်လုံ လက်ကြောတင်း ခဲ့တာ မဟုတ်တော့ သားမယားကို ငါကိုယ်တိုင် ပခုံးထမ်းကျွေးမဟဲ့လို့ အာမသန္တေခံဖို့ကလည်း ခက်တယ်။ ပန်းညို ကို မေတ္တာရှိလို့ ယူခဲ့ပေမယ့် ငါလုပ်ကျွေးမယ်ဆိုတာလည်း မပါဘူး။ ချစ်လို့ယူခဲ့တာပဲရှိတယ်။ ညား လို့ ပေါင်းရတာပဲရှိတယ်။ ရှေ့ရေးလည်း မသိခဲဘူး။ တကယ်တမ်း ညောင်ကားယားကို ရောက်တော့ ဟိုတုန်းက ပေါင်းခဲ့တဲ့ လူတွေကလည်း သူ့ကို အချိန်မပေးနိုင်ကြလေတော့ ပျင်းသကော ရယ်လို့ လတ်လျား လတ်လျား သွားမဖြစ်တော့ဘူး။
"မင်းကွာ..ဘယ်လိုမှ မအောက်မေ့ပါနဲ့.. မိန်းမလိုချင်မှတော့ တို့ရွာမှာ မိန်းမတွေ ပေါချက်တော့... ဘယ်သူ ဘယ်ဝါ ကြိုက်လှချည့်ဆိုရင် ငါတို့ ၀ိုင်းကြမှာပေါ့... ခုတော့ ပန်းညိုမ အမဲသားသည်ကို စွန်သုတ် သလို သုတ်လိုက်တော့ တို့လည်း နားမလည်နိုင်ပေါင်ကွာ..."
ညောင်ကားယားသားသူငယ်ချင်းက သဘောမတူသလိုလို လေသံနဲ့ ပြောကတည်းက သူငယ်ချင်းအိမ်လည်း မရောက်တော့ပါဘူး။ သည်တော့ ပန်းညိုတို့ အိမ်ကုတ်ကလေး ထဲမှာ ငုတ်တုတ် ပေါ့။ ပျင်းတော့လည်း အိမ်ရှေ့ချထားတဲ့ ပက်လက်ကုလားထိုင်ပေါ် နေကုန်ထိုင်ပြီး မယားမျှော် ရတာနဲ့ ပြီးရတာချည်းပဲ။ တစ်ခုကောင်းတာက ပန်းညို အဖေ ဦးကြာပေါ်က အိမ်မကပ်ဘူး။ တောထဲ ချောက်ထဲ က သူ့တဲထဲမှာပဲနေတာများတယ်။ ၇ွာတွေက အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ အမဲပေါ် စရာ တွေက အချိန်ရယ် အခါရယ် မရှိတတ်တော့ ဓားလေး,ငါးလက်နဲ့ အကုသိုလ် ထိုင်မျှော် နေသလို နေတော့တာပါ။
ပန်းညိုအရင်လင်က မွေးတဲ့ သား ကိုရင်ကလည်း အိမ်ကို ယောင်လို့တောင်ကြွမလာဘူး။ မအေ နောက်လင် ရတော့ ပိုလို့သာဆိုးရော။ သည်တော့ ပန်းညိုနဲ့ ဒိုးကလေး နှစ်ယောက်တည်း နေရတာ များတယ်။ ပန်းညိုက ဒိုးကလေး ကို အပျိုတကာ လက်ထဲ က လုယူရတဲ့လင်ဆိုတော့ အငြိုငြင်မခံဘူး။ ရောက်လာတာ နဲ့ ရေမိုးချိုး သနပ်ခါးကလေး လိမ်းပြီး လင့်အနားကပ်တော့တာပါ။ ထမင်းစားရဲ့လား၊ ရေချိုး ရဲ့လား၊ ပျင်းနေရော့လား၊ မိဘတွေ သတိရနေသလားစသည်ဖြင့် တွတ်တီးတွတ်တာ ပြော တတ်တယ်။
"ပျင်းသာပါဟာ... ငါတစ်ယောက်တည်းဆိုတော့ ညည်းကိုမျှော်မိသာပါ... ညည်းက မလိုက်နဲ့ ဆိုလို့သာ... ငါက တောက်လျှောက်တကောက်ကောက်လိုက်ချင်ပါ့.... နှစ်ယောက်ရောင်းတော့လည်း ဖြစ်သာပဲ.."
ပန်းညိုက လင့်ခေါင်းက ဆံပင်ရှည်ကို ၀ါးဘီးကလေးနဲ့ ဖြီးပေးရင်းက ညည်းကို မျှော်သာပါဟာ ဆိုတာ သနား သွားတယ်။ သနားလို့ ခေါ်သွားပါပြီတဲ့။ အမဲခံတောင်းတစ်တောင်း ရွာစဉ်လှည့် လိုက်ရောင်း ရတယ် ဆိုတာ ရော့တစ်တွဲ ရော့တစ်တွဲ ကိုယ်စီကိုယ်စီ ဇိုးဇိုးဇပ်ဇပ် ဆွဲသွားကြတာမျိုးမဟုတ်ဘူး။ တောသူ တောင်သားတွေဆိုတော့ ရှိတဲ့ငွေကလေး ဆုပ်ထားကြတာ။ ဟင်းကောင်းဟင်းကျွေး ကောင်း ဆိုတာကို စားလိုက် မဟဲ့ မျိုလိုက်မဟဲ့ရှိကြတာနည်းတယ်။ မလွှဲသာမှ ၀ယ်ကြတာမျိုး။ သည်တော့ ရွက်သွား တဲ့ အသားတွဲက ဘယ်အချိန်ကုန်မယ်ဆိုတာပြောဖြစ်တာ မဟုတ်ဘူး။ ရွာနှစ်ရွာ သုံးရွာ ဆက် လို့တောင် ကျန်ချင်ကျန်နေတာ။
သည်ကြားထဲ အကြွေက ကျချင်သေး။ မကုန်ရင် အိမ်ပြန်ရောက်မှ ညှင်းတန်ညှင်း၊ လှန်းတန်လှန်း လုပ်ရ သေးတာ ကျောကွဲအောင် ပူတဲ့ နေပူခေါင်ခေါင်ကြီးထဲ တစ်ရက်က နှစ်ရက် တစ်ရွာကတစ်ရွာ ကူးရတဲ့ ဒဏ် ဒိုးကလေး ဘယ်ခံနိုင်မှာလဲ။ ခြေကိုတိုနေအောင် လျှောက်ရတာ။ တစ်ကိုယ်လုံး မီးစနဲ့ တိုက်သလို ပူတာ။
ဒိုးကလေးက သည်ဒဏ်ခံနိုင်ပါပြီတဲ့။ ပန်းညိုနောက် တကောက်ကောက် အမဲရောင်း လိုက်ပါပြီတဲ့။ တစ်ဆင့် စကား တစ်ဆင့်နားနဲ့ ကုက္ကိုကုန်းကို ရောက်သွားရင် မိဘများ ရင်ကျိုးရချည် ကလေး တစ်ယောက် မအေက လူပျိုနုနုထွတ်ထွတ်ကို ခိုင်းစားတယ်ဖြစ်ကရော့မယ်။
"မဖြစ်ပါဘူး အစ်ကိုရယ်... ကျုပ်သာ ပင်ပန်းပါရစီ... လင်လုပ်ကျွေးရသာကို ကျုပ်က ကုသိုလ်ရသယ် အောက်မေ့ပါသယ် မယားလုပ်စာ ထိုင်စားလေခြင်းများလို့တော့ မတွေးပါနဲ့တော်... ကျုပ်က တစ်သက် နောက်လင် မယူဘူးလို့ တွက်ထားသာပါ... တော်နဲ့တွေ့မှ ကြိုက်မိသာကို ကျုပ်က အံ့သြနေသာရယ်... ကျုပ် ကို လိုချင်သူတွေရှိသားပဲ... ကျုပ်က ဖုတ်လေတဲ့ငါးပိ ရှိသယ်ထင်ခဲ့ပေါင်... ဘုရားစူးရစိ... ပြောရင်ယုံ... ကျုပ်ကြိုက်လို့ ယူသဲ့လင် အေးအေးသာနေပါတော်..."
ပန်းညိုက သည်လို ပြောတော့လည်း ဒိုးကလေး ငြိမ်ရတာပါပဲ။ ဟုတ်သလောက်လည်း ဟုတ်ပေသကိုး။ ယောက္ခမဦးကြာပေါ်ကတော့ သူ့သမီး လင်ရလာပြန်ပကောရယ်လို့လည်း မရှိဘူး။ ငါ့သမီး ညည်းငယ်ငယ်ရွယ်ရွယ်နဲ့ သည်လိုချည်းနေလို့ မဖြစ်ပါဘူး အိမ်ထောင်ရက်သားပြုမယ်ဆို ပြုပါရော့လားလို့လည်း မရှိခဲ့ဘူး။ ပန်းညိုအရင်လင်က လူပျော့။ အမဲသားနံ့ သွေးညှီနံ့ မခံနိုင်ဘူးဆိုတဲ့ကောင်။ နောက်လင်လူနု။ ပိုတောင်ဆိုးသေး အောက်မေ့တာပါ။ ငါ့သမီး ပန်းညိုလည်း ဒါမျိုးတွေ ဘယ်အမှိုက်ပုံက ကောက်လာပါလိမ့်ဆိုတာ လောက်တော့ တစ်ခါသမီးကို ပြောတာတော့ ရှိတယ်။
"ပန်းညိုမ..ငါ့သမီးလင်ယူသာ အဖေက ဘာမှမပြောပေါင်ဗျာ... ညည်းပေါင်းရသာပါ... ဆိုးလည်း ညည်းကိစ္စ၊ ကောင်းလည်း ညည်းကိစ္စ... အဖေက အနေသာကြီး.... နို့ပေတဲ့.... ညည်းများတွေ့လိုက်ရင် ခရုနဲ့ ပတ်ကျိတွေချည်းပါကော ငါ့သမီးရဲ့..."
ဟုတ်ပါ့။ အရင်လင်က ခရု။ နောက်လင်က ပက်ကျိ။ ဖအေက အဲသလိုပြောရင် ပန်းညိုက ရယ်တော့ တာပါ။ ဖအေပြောလည်း ပြောစရာကိုး။ ပန်းညို အဖေဦးကြာပေါ်က လုပ်တော့သာ အကုသိုလ်အလုပ်။ အလုပ် တော့ အင်မတန် လုပ်ရှာသူပါ။ ပန်းညိုအမေ ရှိတုန်းကလည်း မနားခဲ့ဘူး။ သားအဖ နှစ်ယောက် တည်း ရှိလို့လည်း ကျောတစ်ချက် မဆန့်ဘူးဆိုတော့ နောက်လာတဲ့သမက်ကလည်း ရေသီနား ခိုဆွဲ သကော ရယ်လို့ အပြစ်တင်တယ်။ ပန်းညိုကတော့ ခရုထက်စာရင် ပတ်ကျိက နည်းနည်းတော့ မြန်သား ပဲလို့ အောက်မေ့ရတာပေါ့လေ။
ဖအေလုပ်သူကလည်း ပန်းညိုယူလာတဲ့လင်ကို သုံးမရတဲ့ ဓမတုံး (ဓါးမတုံး)ရယ်လို့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ရောက်လာတဲ့သမက် ဒိုးကလေကို လည်း ခင်မင်ရှာပါတယ်။ ချစ်ခင်ရှာတယ်လို့တော့ ပြောမဖြစ်ဘူး။ ဦးကြာပေါ်က သဒိုးကြီးဆိုတော့ သူ့စိတ်ထဲ ချစ်ခင်နူးညံ့သိမ်တဲ့စိတ်ရှိတယ်မထင်ဘူး။ ဘယ်သူကမှ ပြောလို့မရဘူး။ ပန်းညိုအမေ ရှိတုန်းကလည်း သည်လိုပဲ။ သမီးကိုလည်း သည်လိုပဲ။ သမီးကိုလည်း သည်လိုပဲ။ ကျောင်းက မြေးကိုရင်ကိုလည်း သည်လိုပဲ။ လိုအပ်မှ စကားပြောတာပါ။ မလိုရင်မပြောဘူး။ မျက်နှာထားဆိုးကြီးနဲ့ မှုန်တေတေနေတာများတယ်။ ဒါကြောင့် သမက် အသစ် ကလေး ကို ခင်မင်ရှာတယ်လောက် ပြောနိုင်တာပါ... ဒါကို ဒိုးကလေး ရိပ်မိတယ်။ သူ့ကို မကြည်သာ ဘူးလို့ ထင်တယ်။ ပန်းညိုကိုတောင် ဗြောင်မေးဖူးပါရဲ့။ ပန်းညိုက လင်အနေအိုင် ခက်ရှာမှာ သိလို့ ဖာဖာ ထေးထေး ပြောရှာပါတယ်။
"မဟုတ်ပါဘူး အစ်ကိုရယ်... အဖေက တစ်ရွာလုံး ဘယ်သူမှ စကားပြောခဲ့သည်မရှိဘူး... ရွာကလည်း ကိုကြာပေါ်က လူတစ်မျိုးကလို့ ပြောကြသယ်.. အဖေ့စိတ်က ထုံးသွာသလားတော့ မသိဘူး... ပြောရင် လည်း ကြားချင်မှကြားသာ... ကျုပ်က တော်တော်စိတ်ကျဉ်းကျပ်မှာ စိုးသာပါ... ပြီးတော့ အဖေက ချောက်ထဲ နေသာပဲဟာ..."
"အေးဟာ...ငါ့မလဲ လူနှစ်ယောက်နဲ့ နေရပါတယ်... တစ်ယောက်က လမ်းပေါ်မှ... တစ်ယောက်က ချောက်ထဲ မှာ... ငါက အိမ်မှာ ငုတ်တုတ်.... သွားစရာလည်းမရှိပေါင်ဟာ.."
"အစ်ကို က ချောက်ထဲလိုက်သွားရမှာပေါ့... အဖေလုပ်သာကိုင်သာကြည့်ပေါ့... အဖေက အဲသလို အဖော် ကလေးရရင် ချစ်ခင် ရှာမှာပါ... အဖေက အသက်ကြီးလှပြီ.... လုပ်လို့သာ လုပ်နေရတာ.. မှန်သာပြောရရင် ကျုပ်ကလည်း အဖေလုပ်နေသဲ့ အလုပ်ကြီးကို ၀မ်းသာနေတာ မဟုတ်ပါဘူးတော် ကျုပ်ဥပုသ် မယူသာကြည့်... ပါဏာတိပါဏာ ဝေရာမဏိဆိုတာ ကြားရင် ကျုပ်က ငိုချင်သာ... ရင်ထဲ မကောင်းဘူး... လူတကာ ရှောင်သဲ့အလုပ်ကို တို့သားအဖ လုပ်နေရပါကောလို့ စိတ်ထဲ ပေးမိရင် ဖျောက်လို့မရတော့ဘူး... တတ်နိုင်ရင် သူတကာရွာသူတွေလို ပဲရိတ် ပဲဆွတ် လုပ်ချင်သာပေါ့... အဖေ့ကို ငဲ့လို ကသာ... အဖေက ကျန်သဲ့ကံလေးပါးတော့ လုံရှာပါသယ်... လူကောင်းပါ အစ်ကိုရယ်..."
ပန်းညိုက သည်စကားတွေ ပြောရင် ဒိုးကလေး ပြန်မချေနိုင်ဘူး။ ပန်းညိုပြောတာ ဟုတ်သားပဲ။ အိမ်မှာငုတ်တုတ် ငေါ်းစင်းမနေချင်ရင် အလုပ်လုပ်ရမှာပေါ့ လူတွေ ကြားထဲ တိုးရမှာပေါ့။ လူတကာနဲ့ ကူးကူး လူးလူး ရှိရမှာပေါ့။ လူကဲ့ရဲံသကောရယ်လို့ ရှောင်နေတော့ ကိုယ်က ဘေးရောက်နေတာ။ ကိုယ်က သွားမပေါင်းရဲတာ ။ လူတွေကြားထဲတိုးပြီး အလုပ်လုပ်ပါပြီတဲ့။ ဘာလုပ်မှာလဲ ကုန်ကုန်ပြောရရင် ဒိုးကလေး ဘာမှမလုပ်တတ်ဘူး။
နှီးတစ်ချက် မြဲအောင် မချည်တတ်ဘူး၊ ဓါးတစ်ချောင်း ထက်အောင် မသွေးတတ်ဘူး။ တံစဉ် မကိုင် တတ်ဘူး။ လူပျိုတုန်းက အဖေက နွားပွဲစားလုပ်ပါလား ငါ့သားရာ ပြောဖူးပါရဲ့။ သူစိတ်မ၀င်စားခဲ့ဘူး။ အဲသည်တုန်း က အဖေ့စကားနားထောင်ခဲ့ရင် စီးပွားမဖြစ်တောင် နွားအကြောင်း နောကြေလှရောပေါ့။ ဟိုတုန်က မလုပ်ခဲ့မိတာထား၊ အခုကော ဘာလုပ်ရမှာပါလိမ့်။ သူ့ကိုယ်သူ စိတ်တွေညစ်နွမ်းလာတယ်လို့ ဒိုးကလေး ခံစားမိတယ်။ စိတ်တင်မကပါဘူး။ ကိုယ်ကလည်း ညစ်နွမ်းနေတာပါပဲ။
ကတ္တီပါ ဖိနပ်ရောင်စုံဝေးလို့ သံနန်းကြိုးချည်စီးရတဲ့ လော်ပါဖိနပ် (ရာဘာဖိနပ်)ဟောင်း အကောင်း လုပ်နေရပြီ။ မြိ့ဂိုက်အင်္ကျီဆိုတာလည်း ရိကုန်ပြီ။ ဆံပင်က ပိုရှည်လာလို့ သျှောင်ကြီး မဗွေ့ တဗွေ့ ဖြစ်နေပြီ။ ချည်လည်ကတုံးအင်္ကျီကလည်း ချွေးစေးပေါက်အောင် ပူပေသိ မချွတ်တမ်းဝတ်နေရပြီ။ ပန်းညို နဲ့နေရတုန်းကလေးမှာ ပျော်သလိုလိုရှိပေသိ မနက်မိုးလင်းလို့ ပန်းညိုထွက်သွားရင် ဂုတ်ကျိုး ကျန်ခဲ့ ရသလို ဖြစ်ရပြီ။ မဆိုင်တဲ့ နေရာရောက်နေသလို ခံစားရပြီ။
"အစ်ကို...အစ်ကို့ မိဘတွေကို သတိမရဘူးလား... ကြီးတော်က သဘောကောင်းကြီးနော် ဘကြီး များတော့ ကျုပ်နဲ့များများ မခင်ခဲ့ရလို့ မသိဘူးပေါ့... အစ်ကို့ကို တော်တော် ချစ်ရှာကြသယ် ကျုပ်ကြား ပါသယ်... ရောက်လေရာ ဒိုးကလေးကို အပျိုတွေ ၀ိုင်းကြဆို..."
တစ်ချို့ညတွေမှာ ပန်းညိုက ဒိုးကလေးကို မေးတတ်တယ်။ သူ့ကိုသူ မေ့ပျောက်ထားတဲ့စိတ်ကို ပန်းညို က လှုပ်လိုက်ရင် မိဘတွေအပေါ် မညှာခဲ့တာကို သတိရနေမိတယ်။ ထမင်းအဆင်သင့် လက်နှိုက် စားခဲ့ ရတာ၊ လျှော်ပြီးဖွပ်ပြီး အ၀တ်ထည်လဲ ၀တ်ခဲ့ရတာ၊ အမေ့ချွေးခံထဲက ပိက်ဆံသလိုသလိုရော၊ မသိသလို ရော ယူသုံးခဲ့ရတာတွေကအစ သတိရပြီကိုး။
"အမေတို့ အဖေတို့ သတိမရဘဲနေမလားပန်းညိုရယ်... မိဘများဟာကိုး... ခမျာများ အသက်ကြီး ရှာကြပြီ... သူရင်းငှားရှိတယ်ဆိုပေတဲ့ အဖေမပါလို့ မရဘူး အမေမပါလို့မရဘူး... ခမျာများ ခါးကျိုးအောင် လုပ်ကြ ရသယ် အစ်ကိုက အဖေ့ကို ဆေးလိပ်တောင် မီးညှိပေးခဲ့ဖူးသာမရှိဘူး... အမေ့ကို ဇက်ကြော ကလေး လျှော့ပေးခဲ့သယ်မရှိဖူးဘူ... အပျိုတွေ ၀ိုင်းသယ်ဆိုသာလည်း မောင်နှမတွေလိုပါဟာ... ငါ့စိတ်ထဲ နယ်ကျူးလို့ကိုမရခဲ့သာ... ကောင်မလေးတွေလည်း လင်ရကြရောပေါ့.."
"ကျုပ်က တော်ဝဋ်လည်မှာမှာစိုးသာပါ... ကျုပ်မပြောသေးဘူးလို့နေသာ ပြောရဦးမယ်... ကျုပ်မှာ သားသမီး ရှိနေပြီ... ကျုပ်သိသာပေါ့... ယောကျာ်းကလေး များမွေးရင် ကျုပ်က ဒိုးကောင်းလို့ မှည့်မလား လို့တောင် စဉ်းစာပြီးပေါ့..."
"ဟေ... ဟုတ်ကဲ့လား ပန်းညိုရ... အေးလေ... တို့ညားသာပဲ တစ်နှစ်ကျော်ပေါ့ဟာ... ကလေးက ဒိုးကောင်း ဆိုတော့ ငါက ဒိုးဆိုးပေါ့... ဟုတ်လားဟ ပန်းညို...ဟားဟား"
သည်စကား ကြားတော့ ဒိုးကလေးမိဘတွေကို ပိုပြီး သတိရမိတယ်။ မမြင်ရသေးတဲ့ ရင်သွေးကလေး ကိုတောင် သူသည်လောက် ၀မ်းသာမိရင် တစ်ဦးတည်းသော သား သူ့အပေါ် အဖေနဲ့အမေတို့ သည်းကြီး အူပြတ်ရှိခဲ့ကြရော့မယ်။ သူမွေးတဲ့ညက ဒိုးကြီးဆိုတဲ့ နွားလည်းမွေးခဲ့သတဲ့။ အဖေက ဒိုးကြီးကို လိမ္မာတဲ့ သားကြီးလို့ ခေါ်တတ်တယ်။ ခေါင်းတပွတ်ပွတ် ကျောတသပ်သပ်ရှိခဲ့တာလည်း မှတ်မိပါရဲ့။ ညနေပိုင်း နွားကြီး မွေးပြီး ညဦးမှာတော့ သူ့ကိုမွေးတယ်။
ဒိုးကလေးတွင်ခဲ့တယ်။ အဖေက သူ့များတော့ ကျောပွတ်ခေါင်းပွတ် မရှိခဲ့ပေါင်။ စဉ်းစားကြည့်တော့ နွားလောက်မှ အသုံးမတွင်တဲ့ လူတစ်ယောက်ဘ၀နဲ့ သည်အရွယ်အထိ သူရောက်ခဲ့ရတယ်။ အခုတော့ ပန်းညိုမှာ သူ့ရင်သွေးကလေး လွယ်နေရပြီ ပြောနေပါပကော။ ယောက်ျားကလေးများ မွေးရင် ဒိုးကောင်းလို့ နာမည်ပေးမယ်တောင် ဆိုနေပေါ့။ မိန်းကလေးမွေးရင်ကော။ အမဲသား လည်ရောင်းတဲ့ ပန်းညို ဘ၀မျိုး နဲ့တော့ မဖြစ်ချေဘူး။ သည်တော့ သူအလုပ်လုပ်ရတော့မယ်။ သူဘာလုပ်ရမှာပါလိမ့်။ လောလောဆယ် သူလုပ်စရာ တစ်ခုပဲရှိတယ်။
" အေး ဟာ ... ငါလည်း အလုပ်လုပ်ဖို့ ခေါင်းထဲထည့်ရတော့မယ် ... ယောက်ျားလေးမွေးမွေး မိန်းကလေး မွေးမွေးတို့တာဝန်ဖြစ်လာပြီပေါ့ ... ငါတော့ မနက်ဖြန်ချောက်ထဲသွားမယ် ... ယောက္ခမကို ၀င်ကူညီမယ် ... ဘယ့်နှယ်တုန်း ပန်းညိုမ "
" အလုပ် လုပ်သာတော့ ကောင်းပါရဲ့တော် ... ဒါပေသိ ကျုပ်တော့ အဖေ့အလုပ်မျိုး မလုပ်စေချင်ပါဘူး ... အကုသိုလ် ကြီးပါတယ် ... အဖေလုပ်နေလို့ ကျုပ်ပါ ပါနေရသာ ... ပြီးချင်လှပါပြီ ... လင်လုပ်လို့ ဆက်ပါ မနေချင်တော့ပါဘူး ... အဲသာတော့ မလုပ်နဲ့တော် ... ရှိကြီးခိုးပါရဲ့ ... "
" ဒါမဟုတ်လို့ ငါ့ဘာသွားလုပ်တတ်မှာတဲ့လဲ ပန်းညို ... ဒါလည်း အလုပ်ပါပဲ ... ကျွဲတစ်ကောင်နွားတစ်ကောင် တုံးလုံးလဲအောင် သတ်ဟယ် ဖြတ်ဟယ် လုပ်တာမှ အပြစ်မဟုတ်ပါဘူး ... ကြမ်းပိုး သတ်သာလည်း အပြစ် ... ခြင်သတ်သာလည်း အပြစ်ဆိုမှတော့ အသက်တစ်ချောင်းဟာ အသက် တစ်ချောင်းပါပဲ ... ငါတော့ မနက်ဖြန် ဘိုးကြာပေါ် ယောက္ခမဆီမှာ တပည့်ခံတော့မယ် ... ယောက္ခမ ချစ်တဲ့ သမက် ဖြစ်ရချေသေးပေါ့မိန်းမရာ ... "
သည်လို ယတိပြတ် ပြောနေတော့လည်း ပန်းညိုက တရားပြမနေတော့ပါဘူး။ အကုသိုလ်တွေ တစ်သက်လုံးက တောင်းထဲထည့်လာတာ မောက်လျှံကာမှတော့ စတုတ်မတိုက်တောပါဘူးလို့ပဲ ခံယူ လိုက်ပုံ ရတယ်။ ယောက်ျားက သဒိုးဘက်စိတ်ရောက်တယ် ဆိုတာကိုပဲ အံ့သြတကြီး ကြည့်နေလေရဲ့။ ပုဆိုးဒယဥ့်တိုက်နဲ့ သျှောင်ကြီးနဲ့ ဒိုးကလေးက ဘိုးကြာပေါ် တပည့်ခံတေ့မယ်ဆိုတော့လည်း မယုံစရာ။ သမက် နဲ့ ယောက္ခမ အနေနီးကြတော့မယ့် သဘောပေါ့။ ဒိုးကလေးလည်း ပထမယောက်ျား တုန်းကလို အချိန် တန်ရင် တပ်လန်သွားမှာပါလေလို့ ပန်းညို ထွက်ထားတယ်။ လူ့ပေါ်ကြော့ လူနွဲ့က သဒိုးဘ၀ မရောက်နိုင်ပါဘူး။ ခံလှတစ်ရက်နှစ်ရက်ပါ့။ သူလုပ်နိုင်တစ်ကောင် နှစ်ကောင်ပေါ့။ နောက်ဆုတ် သွားရုံကလွဲလို့ ဘာရှိလိမ့်မတုန်းလို့ ပန်းညိုတွေးတယ်။ မနက်အဖေ့ထမင်းပို့သွားရင် တစ်ပါတည်း လိုက်ခဲ့ ပေါ့ ဆိုတော့ ဒိုးကလေးက လိုက်မယ်တဲ့။
" မိဘတွေ ခိုင်းတုန်းကလည်း မလှုပ် ... သားမယား ရတော့လည်း မလှုပ် ... ကိုယ်ဝန်ရှိပါပြီပြောမှ လှုပ်တော့ သာပါရဲ့ ... အေးလေ ... သူလုပ်ချင်သပဆိုတော့လည်း လုပ်ပေါ့ ... အမဲသားရွက်တဲ့ခံတောင်းကတော့ သည်တစ်သက် သွေးခြောက်စရာမရှိတော့ဘူးပေါ့လေ ... "
ပန်းညို အိပ်မပျော်ဘူး။ လင်သားအကြောင်း တွေးရင်း စဉ်းစားမိတာပါ။ ဒိုးကလေးကတော့ အိပ်လိုက်တာ တရှူးရှူး နဲ့။ ပန်းညိုကတော့ မိုးသာစင်စင်လင်းရော တလူးလူးနဲ့ ပြီးရတဲ့ ညဆိုပါတော့။
(၆)
" ဒိုးကလေးက နှစ်ခါမပြရဘူး ပန်းညိုမရဲ့ ... နင့်ယောက်ျားလုပ်တော့လည်း ဖြစ်သားပါလား ... အဖေ့ ထက်တောင် လက်ယဉ်သေးဗျာ ... ဟုတ်တဲ့ကောင်ပဲ ... "
ဒိုးကလေး ချောက်ထဲ ဆင်းလို့ နှစ်ပတ်မပြည့်သေးဘူး။ ဦးကြာပေါ်က ချီးကျူးပြီ။ သားမက်က သူ့ထက်သာပါပကော ပြောနေပြီ။ သည်လိုဆိုတော့လည်း ပန်းညို ၀မ်းမသာနိုင်ပါဘူး။ အကုသိုလ် အလုပ် ဆိုတာ မျိုးက ကျူးလွန်ရတာလွယ်သားမဟုတ်လား။ ဒိုးကလေးကသျှောင်တစောင်းထုံးပြီး ဓားများ ကိုင်ထားရင် ရှေးက သိုင်းသမားကြီးလားကျလို့။ လက်ဖျံမှာထိုးထားတဲ့ ဆေးမင်ကြောင်က ဒိုးကလေးတဲ့။ အသည်း ကို ဓါးမြောင်စိုက်တဲ့ပုံနဲ့။ ကာလသားပေါက်တုန်းက ရွာဘုရားပွဲမှာ ထိုးခဲ့တာလို့ ပြောဖူးတယ်။ ခုတော့ လက်ဖျံနှစ်ဖက်စလုံးတိရစ္ဆာန်သွေးတွေ ချင်းချင်းပေနေပြီ။
သွေးအလူးလူးစွန်းနေပြီ။ ခုတ်သားများ တစ်ပိဿာတွဲ ပိုင်းရင် ငါးကျပ်သားမပိုဘူး၊ မလိုဘူး။ ပန်းညိုကတော့ သူစ တွေ့ခဲ့တုန်းက ဒိုးကလေးနဲ့ ယှဉ်ပြီး စိတ်မချမ်းမသာဖြစ်ရတယ်။ လူပေါ်ကြော့တောင်သူ့သားသမီးက သည်လို ချောက်ထဲမှာ သဒိုးဖြစ်နေရရှာပါလားလို့ ကရုဏာသက်မိတယ်။ သူ့ပယောဂမကင်းဘူးလို့လည်း ခံစား ရတယ်။ တစ်ရက်ညဘက် ထမင်းစားပြီးချိန်မှာ ဒိုးကလေးက ပြောတယ်။
" ထူးဆန်းသားပဲ ပန်းညိုမရဲ့ ... ငါ့ အဖေက နွားများ အင်မတန်ချစ်တယ် ... နွားကြန်အင် လက္ခဏာတွေဆိုရင်လည်း အင်မတန်သိတယ် ... ရွာက ဘကြီးပေသီးနဲ့ဆို အဖက်ပဲ ... နွားကြည့်ကောင်း တွေပေါ့ဟာ ... သားဖြစ်တဲ့ ငါ့ကျတော့မှ အမဲပေါ်တဲ့သဒိုးဖြစ်နေရသယ် ... အဖေသိရင် ရင်ကျိုးမှာပဲ ... "
ဒိုးကလေးက သူစဉ်းစားမိသလို ကောက်ကာငင်ကာ ပြောလိုက်တော့ ပန်းညိုမှာ မျက်ရည်မကျမိအေင် မနည်း ထိန်းထားရတယ်။ ခမျာ ဖအေကြီး လွမ်းရှာတယ်နဲ့တူပါရဲ့လို့လည်း တွေးမိရဲ့။ ဒိုးကလေးပြောတာ အမှန်တွေပဲ။ ဖအေ ဦးပျားအုံက နွားကောင်းနွားညံ့ ကြည့်တတ်တဲ့ နွားလက္ခဏာ ဖတ်နိုင်တဲ့လူ။ ယောက္ခမ ဘိုးကြာပေါ် က နွားကောင်းနွားဆိုးရွေးစရာမလိုတဲ့သဒိုး။ ဒိုးကလေးကဲကပဲ ဆိုးချေရော့သလား။ သည်အလုပ် ကျကာမှ လက်ကြောတင်းနေလိုက်တာ။ သဒိုးကြီး ဘိုးကြာပေါ်က ချီးကျူးရတဲ့ သဒိုးလေး ဒိုးကလေး ဖြစ်နေပြီကိုး။ ပန်းညိုထင်သလို သည်အလုပ်ကို သူ စိတ်ပျက်သွားပုံမရဘူး။ စိတ်မပျက်တဲ့အပြင် ဒိုးကလေး ကိုယ်က ရွာစွန်ချောက်ဘက်သွားချင်နေတော့တာမဟုတ်လား။
ပန်းညို ကိုယ်ဝန်ရင့်လာတော့ သည်သတင်းက ကုက္ကိုကုန်းရောက်ပါပြီ။ ဒိုးကလေးက သဒိုးလုပ်နေသတဲ့။ ယောက္ခမနဲ့ သမက်အကုသိုလ်ထမ်းပိုး ထမ်းနေကြပြီတဲ့။ ကုက္ကိုကုန်းက မိဘများတင်မကပါဘူး ရွာကပါ စက်ဆုပ်သွားကြတယ်။ ကနွဲ့ကလျနဲ့ သနပ်ခါးတဖုံဖုံကောင်က သွေးအလူးလူး ဖြစ်နေပြီ ကြားတော့ အိုကြီး အိုမ မိဘနှစ်ပါးခမျာ ကျူကျူပါအောင် ငိုကြတော့တာပါ။
" ကိုပျားရယ် ... တော်ပြောသလို ကျုပ်သားနက္ခတ်မှားပြီထင်တယ် ... ငယ်ငယ်ကတည်းက အသားဆို မတို့ချင်တဲ့ကောင်က သဒိုးလုပ်နေတာ ကျုပ်တော့ ရင်နာလို့ မဆုံးပါဘူးတော် "
" သတ္တ၀ါတစ်ခု ကံတစ်ခုကိုး မယ်မှုံရဲ့ ... တရားနဲ့ဖြေကြရုံပေါ့အေ "
" ဒါသူ့မယား အသားသည်မလက်ချက်နေမှာ ပေါ့တော့ ... ရက်စက်တဲ့ကောင်မ .... ယုတ်မာတဲ့ ကောင်မ ... သင်းတို့သားသမီး ၀ဋ်လည်ကြဦးမှာပေါ့ ... စိန်ရေသင့်ကြပါစေတော် ... ငတို့ခံသလို ခံကြရပါစေ ... "
" အို ... မကျိန်ပါနဲ့မယ်မှုံရယ် ... အသားသည်မနဲ့လည်း မဆိုင်ပါဘူး ... မွေးလာမယ့်ကလေးနဲ့လည်း မဆိုင်ပါဘူး ... သူ့အကုသိုလ်ကျင်း သူကိုယ်တိုင် တူးသာပါ ... နင့်သားလုပ်ချင်လို့ ဖြစ်သာပါ ... ငရဲမယူချင်ပါနဲ့ ... "
ပန်းညို ကိုယ်ဝန်ရင့်လာခဲ့ပြီ။ နေ့လားညလား မွေးတော့မယ့်ရက်တွေမှာလည်း ဒိုးကလေးက အိမ်မကပ်နိုင်ဘူး။ ဦးကြာပေါ် မမာလို့ လဲနေတော့ သူပဲ သဒိုးအလုပ် ဒိုင်ခံလုပ်နေတာကိုး။ သည်အချိန် မှာတော့ ဒိုးကလေး အရက်စွဲနေပါပြီ။ အလုပ်က အော်ဂလီဆန်တဲ့ အလုပ်၊ ယင်တလှောင်းလှောင်း သွေးညှီနံ့တထောင်းထောင်း အလုပ်ဆိုတော့ တစ်ခွက်က စလိုက်တာ၊ သောက်မှ လက်ငြိမ်တယ် ဖြစ်လာပါရော။ အင်္ကျီချွတ်ကြီးနဲ့ သျှောင်ကြီးနဲ့ ပုဆိုးတိုတိုပါအောင် ၀တ်ပြီး ရွာထဲ ပြန်လာရင် ခွေးတွေက ရွာလုံးကျွတ်အောင် ဟောင်ကြတော့တာ။ သည်ခွေးဟောင်သံကြားပြီဆိုရင် ဒိုးကလေး ချောက်ထဲက တက်လာပြီး ရွာဝင်ပြီဆိုတာ ပန်းညိုကသိတယ်။ တစ်ရက်မှာတော့ ခွေးတွေ စီစီညံညံကြီး ဟောင်ကြ တုန်းမှာပဲ ပန်းညို မွေးတယ်။ ယောက်ျားကလေး။ ဒိုးကလေးအိမ်ရောက်လာတော့ မွေးပြီးပြီ။
အဲသည်ည က ပျော်လို့ဆိုပြီး ဒိုးကလေး တစ်ညလုံး အရက်တွေသောက်နေခဲ့လေရဲ့။
---------------
ခင်ခင်ထူး
( တတိယပိုင်းဆက်ရန်)
[ White Dreams ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment