#ငိုအောင်စရင်ငိုတတ်မှ.......
#ဂျူး
လေတစ်ချက်အဝှေ့တွင် တဖျတ်ဖျတ်ရွေ့လျားသွားသော
ရွက်ကြွေလေးများကို မြင်ဖူးကြရဲ့မဟုတ်လား …
ချာလည် ချာလည် ၀ဲကာ ကြွေကျလာသော
ပွင့်ဖတ်ကလေးများကိုရော… မြင်ဖူးကြပါရဲ့လား
------------------------------
‘မိုး’ သည် လေကြောင့်လှုပ်ရှားနေသည့် ခြင်ထောင်စကလေးကို ငေးနေသည်။ မျက်ရည်ဝေ့နေဟုန်ရှိသော မျက်လုံးတို့သည် စိုက်မိစိုက်ရာ စိုက်ငေးနေကြသည်။ ဇာခြင်ထောင်စ ပြာပြာလေးသည် ‘မိုး’ အာရုံတွင် ရှိမနေသည်က သေချာပါသည်။
‘မိုး’ သည်ရင်ဘတ်ပေါ်က လက်ကိုင်ပ၀ါခေါက်ကလေးတစ်ခုကို အသာဆွဲယူရင်း မျက်စိမှတ်ထားလိုက်သည်။ ထို့နောက် လက်ကိုင်ပ၀ါလေးကို အသာအယာနမ်းလိုက်ပါသည်။
မီးခိုးရောင် ယောက်ျားကိုင် လက်ကိုင်ပ၀ါတစ်ထည် ဖြစ်ပါသည်။
----------------------------------------------
ဗြုန်းဆို မောင်မောင့်ကို မြင်လိုက်ရတုန်းက သူများ လန့်သွားတာအမှန်ပဲ။ ဟုတ်မှ ဟုတ်ရဲ့လားလို့ အံ့သြမိတာလဲအမှန်ပါပဲ။ ထင်မှ မထင်ခဲ့ပဲ။ ဒီလို ကျောင်းရှေ့ကအုတ်ခုံပေါ်မှာ ထိုင်ရဲလိမ့်မယ်လို့ မောင်မောင့်ကို ထင်မထားခဲ့ပါဘူး။ မောင်စဉ်းစားကြည့်၊ ဘယ်လောက်ကြောင်တဲ့ အလုပ်ကြီးလဲ … ဆိုတာ။
အဝေးတုန်းက ကိုယ့်အတွေးနဲ့ ကိုယ်မို့ မမြင်မိဘူး။ အနားရောက်မှ မြင်လိုက်ရတာကိုး။ သူများဖြင့်တုန်သွားတာပဲ။ ခြေလှမ်းများပျက်သွားမိသလား … မသိပါဘူး။ မောင်မောင့်ရှေ့က ဖြတ်လျှောက်ရတာ အပင်ပန်းဆုံးပဲ သိလား … မောင်။
မောင် ဘယ်သူ့ကိုစောင့်ကြည့်နေတာလဲ … သူများသိပါတယ်။ သူများ နေ့တိုင်းလိုလို ဈေးသွားတတ်မှန်းသိလို့ စောင့်ကြည့်နေတာမို့လား မောင်။
သူများရင်တွေခုန်ပြီး မျက်နှာတစ်ခုလုံးလဲ ပူရှိန်းနေတာပဲ…သိလား။ ကျောင်းထဲက ဖြတ်လာတဲ့အထိ သူများတစ်ကိုယ်လုံးတုန်နေတုန်းပဲ မောင်ရယ်။ ခါတိုင်း မောင်မောင် မထိုင်ဘူးပါဘူး။ အခုမှ ဘာဖြစ်လို့ ထိုင်တာလဲ…လို့လဲ တွေးမိတယ်။ မောင်မောင့်မျက်လုံးအကြည့်ကို အခုပြန်စဉ်းစားရင် အခုရင်ခုန်နေတုန်းပဲ။
အဲလို မကြည့်နဲ့မောင်ရယ်၊ သူများ မောင့်ကို သိပ်…ချစ်သွားတယ်။နောက် အဲလို ငေးမကြည့်နဲ့နော်…မောင်။
ဒီတုန်းက အခန်းပြန်ရောက်တော့ ခုတင်ပေါ်မှာ လှဲအိပ်ပစ်လိုက်တာပဲ။ ၀ယ်လာခဲ့သမျှပစ္စည်းတွေကို စားပွဲပေါ်မှာ ဒီအတိုင်းပစ်ထားလိုက်တယ်။ သူများ ဘာလုပ်လဲ…သိလား။ ဒိုင်ယာရီစာအုပ်ထဲက မောင့်ပုံတူကို ယူကြည့်မိတာပေါ့ မောင်မောင်ရယ်။ မောင်မောင့်ကို ကြည့်ပြီး ဆွဲရတာမဟုတ်လို့ သိပ်တော့မတူပါဘူး။
ဒါပေမယ့် သူများအခန်းဖော်ကို ပြကြည့်တုန်းကတော့ သူက အထိတ်တလန့်နဲ့…
“ ဟဲ့ … ဟဲ့ ၊ ဒီပုံကို ဒီလို အလွယ်မထားနဲ့လေ ၊ မြင်ရင်လူတိုင်းသိတယ် ၊ နားလည်လား ၊ ရေရေလည်လည် ကွဲနေမယ် ” တဲ့။
အဲဒီတော့ သူများလဲ ကိုယ်ရေးတဲ့ပုံကို ပြန်ကြည့်မိတယ်။ ဟုတ်တယ်မောင် ၊ မောင်မှန်း သိအောင်အထိတော့ တူတာ အမှန်ပဲ။ မောင့်ဆံပင်ကျပုံ၊ မျက်လုံး စိုက်ကြည့်ပုံ ၊ ပြုံးပုံ။ အို … တကယ်ကို မောင်မောင့်လိုပဲ။ ဒါကြောင့်လဲ သူကစ,တာပဲ။
“ အမလေးဟဲ့ .. မကြည့်ဘူး … မကြည့်ဘူးနဲ့ ဘယ်အချိန်တုန်းက ဘယ်လောက်ကြာအောင် ခိုးကြည့်ထားတာလဲ ” တဲ့။
သူက မယုံဘူးမောင်ရဲ့ ။ တကယ်ပါ မောင်မောင့်ကို သိသိသာသာ မကြည့်ရဲဘူး။ ဒီပုံက ဘေးစောင်းကပုံပဲ။ မောင်မောင့်ကို တည့်တည့် မကြည့်ရဲလို့ ဘေးကကြည့်ရတာ များတယ်လေ။ နောက်ပြီး အခန်း(၁)မှာ အတန်းတက်ရတဲ့ အချိန်တိုင်း မောင့်မျက်နှာကို ဘေးတိုက်မြင်ရပါတယ်။ မကြည့်ဘဲနဲ့မြင်တာပါ။ ေ
မာင် သိတယ်မို့ လား။ သူများ တစ်နေရာတည်း အတည်တကျ ထိုင်မှန်းသိလို့ မောင်ပဲ ဉာဏ်များပြီးတော့…။
မောင် အဲလို ဉာဏ်များတတ်တော့ သူများ ပိုချစ်မိတာပေါ့ မောင်ရယ်။ မောင်မှတ်မိဦးမလား မသိဘူး။ မောင်လူလည်ကျခဲ့တာတွေ။ ဥပမာပေါ့ …ဟိုအရင်လက ကွန်ပလီးရှင်းဗိုင်ဗာ တုန်းကပေါ့။ အမှန်ဆိုရင် ရောက်ရောက်ချင်း ကိုယ့်နံပါတ်ပြားကို ကိုယ် ယူပြီး အစောကြီးကတည်းက အင်္ကျီမှာတွယ်ထားရတာပဲ။ အဲဒါကို မောင့်ကျတော့တစ်မျိုး၊ မောင်က သူများနောက်မှ ဖြေရမယ့်သူ။
သူများဗိုင်ဗာဝင်ဖို့ ထိုင်စောင့်နေရတဲ့အချိန်ကျမှ အခန်းထဲဝင်ပြီး မောင်လာယူတာ။ သူများ မောင့်ကိုမြင်အောင်လို့ မဟုတ်လား။ ရောက်နေတာ ဟိုး …အစောကတည်းက။ အဲဒီတုန်းက မယူဘဲ ဘာလို့ သူများဝင်ထိုင်ရတဲ့ အချိနကျမှ ယူတာလဲ။ သွားစမ်းပါ .. သူများကိုအ,အ မှတ်လို့လား။
အဲဒီတုန်းက မောင် ဂျူတီကုတ်ကို ပခုံးပေါ်တင်ထားတယ်။ တခြားသူတွေ ဂျူတီကုတ်ကို ပခုံးပေါ်တင်ရင်လေ ဘယ်လိုမုန်းမှန်းမသိဘူး။ မောင့်ကျတော့ ဖိုးရိုးဖားရားနဲ့ သိပ်ချစ်တာပဲ ။ မကောင်းဘူးနော် … သူများစိတ်က။
မောင်မောင်ရယ် … မောင်မောင့်လောက်တော့ သူများလဲ ဉာဏ်များတတ်ပါတယ်။ ဒစ်ဆက်ရှင် မှာပေါ့။ မောင်တော့ မသိဘူး။ သူများတော့ ဉာဏ်ချည်းပဲ။
သူများရပ်ရင်လေ အမြဲတန်း မောင်မောင့်ကိုမြင်နိုင်တဲ့ နေရာ မောင်တို့ အဖွဲ့က သူများတို့ရဲ့ မြောက်ဘက်မှာ ရှိတယ်ဆိုပါတော့။ သူများ ခုတင်ရဲ့ တောက်ဘက်ကနေမြောက်ဘက် လှည့်ရပ်တယ်၊ မောင့်ကို မြင်ရတာပေါ့။ မောင်ကလဲ သူများ ရှိတဲ့ဘက်ကို လှည့်တာပဲဥစ္စာ။
ဆရာရှင်းပြတာကို နားထောင်ရင်း၊ ဆရာ စာမေးတာကို ဖြေရင်း၊ ဆရာ့ မျက်နှာပေါ်ကကျော်ပြီး မောင်မောင့်ကို လှမ်းလှမ်းကြည့်ရတာ … ကြာရင် နှလုံးရောဂါ ဖြစ်မယ်ထင်ပါရဲ့ဟယ်။ ဆရာစာမေးတာ မရတာလဲ ကြောက်ရ၊ သူများကြည့်တာ မောင်မြင်မှာလဲ ကြောက်ရ မဟုတ်လား။
မောတော့ … မောတာပေါ့ မောင်မောင်ရယ်၊ ဒါပေမယ့် ပျော်မော .. မောရတာမို့ မခါးသီးပါဘူး။
မောင့်ကို ဘယ်တုန်းကစ,ချစ်မိမှန်းတော့ မသိပါဘူး။ စ,ပြီး စိတ်ဝင်စားမိတာကိုတော့ သိတယ်မောင်။ မောင့်အကြည့်ကို သိသိသာသာ သတိထားမိတုန်းကပေါ့။
ဟစ်စတော်လော်ဂျီ ပရယ်တီကယ်ခန်းထဲက စတာပါ။
မောင်မောင်က သူများရှေ့မှာ ရှိနေတယ်၊ သူများကို ကျောပေးထားပြီး ‘ ဆလိုက် ’ ကြည့်နေတယ်။ မောင်မောင် အဲဒီနေ့က မီးခိုးရောင် အင်္ကျီလက်ရှည်လေး ၀တ်ထားတယ်။ လုံချည်နဲပ အင်္ကျီကလည်း အရောင်ချင်းဆင်ဆင်ရယ်။
အဲဒီနေ့က မောင့်အကြည့်ကို သတိထားမိတော့ သူများရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ မောင်က သူများဘက်ကို ခေါင်းငဲ့ကြည့်လိုက်တာကိုး ။ ရင်ခုန်တယ်ဆိုတာကို အဲဒီတော့မှ သူများကောင်းကောင်း ခံစားတတ်ပါတယ်မောင်။ ( ကြောက်လို့ ၊ လန့်လို့ ရင်ခုန်တာမျိုးတော့ မဟုတ်ဘူးပေါ့ဟယ်…)
သူများမှာ ငယ်ချစ်ဆိုတာလဲ မရှိခဲ့ပါဘူး ။ အချစ်ဆိုတာကို ၀တ္ထုထဲမှာပဲ ခံစားဖူးပါတယ်။ ဘယ်လိုနေမှန်း မသိခဲ့ပါဘူး။ ပထမနှစ်ကုန်တဲ့အထိပဲ … သိလား။
ဟိုး .. ငယ်ငယ် ရည်းစားစာ ပေးခံရတုန်းကလဲ ရင်မခုန်ဖူးဘူး။ လိုက်စကားပြောခံရတော့လဲ ရင်မခုန်ပါဘူး။
တော်တော်ဝေးဝေး နေရာကနေ မောင်မောင် လှမ်းကြည့်လိုက်တော့မှ ဘာလို့ရင်ခုန်ရတာတဲ့လဲဟယ်။
မောင်မောင့်ကို တစ်နေ့မမြင်ရရင် ဘာကြောင့် ရင်ထဲမှာဟာတတ်နေတာလဲ။
မောင်မောင်ရှိနိုင်တဲ့နေရာကို ဘာလို့မျက်လုံးနဲ့ လှမ်းမကြည့်ရဲတာလဲ။ မောင်မောင်ကတော့ သတ္တိရှိပါတယ်။ လူတွေ ၁၃၀ လောက်ထဲမှာ ပြောင်တစ်မျိုး၊
ခိုးကြောင်ခိုးဝှက်တစ်မျိုး မောင်ကြည့်ရဲတာပဲ။ မောင်က ကြောင်လဲကြောင်ရဲတယ်နော်။
နေ့တော့ အသေအချာ မမှတ်မိတော့ဘူးမောင်ရယ်… ဒစ်ဆက်ရှင်ခန်းထဲမှာပဲ။ ဆရာ ဦးကိုလေး အနားသွားပြီးနားထောင်ကြတုန်းကပေါ့။
ဆရာက သူများတို့ရှိရာဘက်ကိုလှည့်ပြီး မေးခွန်းတစ်ခုမေးတယ်။ ရဲမြင့်ကဖြေလိုက်တယ်။ ဟာသနဲ့ဖြေတာမို့ အားလုံး ၀ိုင်းရယ်ကြပါတယ်။ သူများလဲ နောက်လှည့်ကြည့်လိုက်တယ်။ ရဲမြင့်ကို ကြည့်ပြီးရယ်ဖို့။ ဒါပေမယ့် …
မောင်မောင့်ကို မြင်လိုက်ရတယ်။
မောင်မောင် ရယ်နေတယ်။
ရယ်ရင်း သူများကို ကြည့်နေတယ်။
မောင်မောင် .. သူများလေ ရယ်ရမှာကို မေ့သွားပါတယ်ဟယ်။ သူများ မရယ်မိဘူးထင်ပါရဲ့၊ ဆရာ့ဘက် ပြန်လှည့်လိုက်ပေမယ့် မျက်စိထောင့်က မောင့်ကို မြင်နေရပါတယ်။
ခပ်ရိပ်ရိပ်မြင်ရတဲ့ မောင့်သဏ္ဌာန်ကို ပုံဖော်ကြည့်ရတာ ပျော်စရာကောင်းပါတယ်မောင်။
မောင်မောင် သိပ်ရဲတာပဲ။ ဒါလောက် လူတွေ အများကြီးထဲမှာ မောင်မို့အကြာကြီး ကြည့်ရဲပါရဲ့။
ဒါပေမယ့် အဲလို မထိန်းသိမ်းဘဲကြည့်တော့လဲ သူများအနေကျပ်ပေမယ့် ခွင့်လွှတ်ရတာပါပဲ၊ မချစ်စဖူးချစ်မိတော့ သိက္ခာထိန်းဖို့နားမလည်တာ ဖြစ်မှာပဲ .. ဆိုပြီး ပိုတောင်ချစ်ရတာပေါ့ မောင်ရယ်။
စာအုပ်ထဲမှာ မောင့်အကြောင်းတွေ အများကြီးရေးထားတယ်။
မောင်နဲ့မျက်လုံးချင်း ဆုံတဲ့နေ့တွေမှာတော့ ပျော်ရတဲ့အကြောင်းတွေပေါ့ … မောင့်ရဲ့ အပစ်ပယ်ခံနေ့တွေမှာတော့ ၀မ်းနည်းရတဲ့အကြောင်းတွေပေါ့… မောင့်ကိုမမြင်ရတဲ့ နေ့တွေမှာတော့ အလွမ်းတွေပေါ့ မောင်ရယ်။ မောင်က တစ်နေ့ရွှေ တစ်နေ့ငွေကိုး။
မောင့်ကိုလွမ်းတိုင်း ပန်းချီပုံလေးကို ထုတ်ထုတ်ကြည့်ရတာ စာရွက်ကလေးတွေတောင် နွမ်းနေပြီမောင်ရဲ့။
မောင်နဲ့အတူ မျက်နှာချင်းဆိုင် စကားပြောရရင် သူများဘယ်လောက်ပျော်မလဲ မသိဘူး။ မောင့်အသံကိုတော့ သူများ ကြားဖူပါတယ်။ မောင်မောင့် အသံက တစ်မျိုး၊ သြမနေဘူး။ မွမွလေး၊
ဝါ၀ါညက်ညက်လေးရယ်။ သြော်…ချစ်မိပြီဆိုတော့ မောင့်အသံကိုလည်း ချစ်ရတာပဲ မောင်ရယ်။
ပထမနှစ်တုန်းက အိမ်လွမ်းလို့ ခဏခဏပြန်တတ်သလောက် ခု မောင့်ကိုခွဲထားခဲ့ဖို့ ၀န်လေးနေပြီဆိုတာ မောင် သိမှသိရဲ့လား။
မောင်ကို ဘယ်လောက်တွယ်တာနေပြီလဲ သိလား…ဟင်။
ဟိုတစ်နေ့က ဗိုင်ဗာအပြီး မောင်ရုပ်ရှင်သွားကြည့်မယ်ဆိုလို့ သူများလဲသွားတယ် မောင်။ မောင်ကရဲမြင့်ကို ပြောနေတာကိုး ‘ မစိုးရိမ် ’ ကကားမကြည့်ရသေးဘူးဆို…ရဲမြင့်ကကြည့်ပြီးသားမလိုက်ဘူး…တဲ့။ ဟုတ်လား။ မောင်ကတော့ ဘယ်သိမလဲသူများရူးတာကို။
သူများမှာ သူငယ်ချင်းကို ဇွတ်အဖော်စပ်ရတာသိလား။ ‘ တာကာ ကူရာကင် ’ ဘယ်လောက်သရုပ်ဆောင်ကောင်းကြောင်း ၊ဂျပန်မလေး ဘယ်လိုချောကြောင်း၊ ဇာတ်သိမ်းဘယ်လိုကောင်းကြောင်း… ဘာညာဘာညာ။ ဟုတ်တာလဲပါ… မဟုတ်တာလဲပါ။ နောက်ဆုံးတော့ အစည်းအရုံးပဲပိုင်လို့လား၊ သူငယ်ချင်းက ရိပ်မိလို့ပဲလားတော့မသိဘူး အဖော်လိုက်ပေးတယ်။
မစိုးရိမ်ရောက်သွားတော့ မောသွားတာပဲ မောင်ရယ်။
တန်းစီနေတဲ့ အထဲမှာ မောင်ကိုလိုက်ရှာတယ်။ မတွေ့ဘူး ။ အထဲများရောက်သွားပြီလား … မတင်မကျနဲ့။
သူငယ်ချင်းက ‘ ဘီးအပ်ရအောင်’ လို့ပြောတော့မှ ဗြုန်းဆိုသတိရပြီး တန်းစီထားတဲ့စက်ဘီးတွေထဲမှာ မောင့်စက်ဘီးကို လိုက်ရှာမိတယ်။ မတွေ့ဘူး။
အဲတော့ … ရင်ထဲမှာဟာပြီး မောသွားတာပဲ။
သူများမှာဖြင့် ဒီရုံကို လာရပါမယ့်အကြောင်း အာလူးပေးလိုက်ရတာ။
အဲဒီနေ့က ရုပ်ရှင်သာ ကြည့်နေရတယ်။ စိတ်က မောင့်ဆီရောက်နေတယ်။ ရုံထဲမှာ ရှာကြည့်မိသေးတယ် ။ မောင့် စက်ဘီး မဟုတ်ဘဲ သူငယ်ချင်း တစ်ယောက်ရဲ့ဘီးနဲ့များ လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။
မောင့် စက်ဘီး မရှိတာတော့ သေချာပါတယ်။ မောင့် စက်ဘီးထိုင်ခုံနဲ့ လက်ကိုင်က သိသာပါတယ်။
ဆင်တူမရှိပါဘူး မောင်။ မောင့်ကိုဒီလောက်စွဲနေအောင် မောင်ဘယ်နှယ့်လုပ်ထားတာလဲ။ မောင့်မျက်နှာလေးကို တမေ့တမော ကြည့်နေချင်လောက်အောင်ပဲ မောင်ရယ်။ ဒီမှာ ရူးတော့မယ်…နားလည်လား။ အခန်းဖော်ကလည်း စ,လှပြီ။ သူက သူများအကြောင်း အကုန်သိတာကိုး။
ဟောဒီလက်ကိုင်ပ၀ါအကြောင်းလဲ သူသိတယ်။ မောင်မောင့်လက်ကိုင်ပ၀ါလေ..။
မနေ့ညနေက မောင်မောင် သုတမြိုင်ကနေ ဘီးနဲ့ပြန်လာတာ (မောင့်လက်ထဲက ၀တ္ထုစာအုပ်ကိုကြည့်ပြီး ယူဆရတာဘဲ ၊ သုတမြိုင်နဲ့လဲ သိပ်မဝေးဘူးလေ) မောင်ကအပြန်၊ သူများနဲ့ အခန်းအဖော် ညိုညိုနဲ့က အသွား။ သူများတို့က ခြေလျင်။ သူများတို့နားရောက်မှာ မောင်က ၀တ္ထုစာအုပ်ကိုင်တဲ့ လက်ကို ပြောင်းလိုက်တယ်မဟုတ်လား။
ဒီတုန်းက ပ၀ါခေါက်လေး ကျလွင့်နေခဲ့တယ်။ မောင်ကတော့သိမှာ မဟုတ်ဘူး။ ၀တ္ထုစာအုပ်က နှစ်အုပ် ဆိုတော့လက်ပြောင်းလိုက်ပေမယ့် ပ၀ါကျနေမှန်း သိမှာမဟုတ်ပါဘူး။
ညိုညိုက အစတော့ အော်ခေါ်မလို့…တဲ့။ ဒါပေမယ့်လေ သူများတို့နဲ့ မောင်မောင်နဲ့ စကားမှမပြောဖူးပဲ။ ကောက်တော့ ကောက်ထားလိုက်တယ်။ သူများ သိမ်းထားလိုက်တယ်။
သူများ မရှက်ပါဘူး။
သူများကို ကြည့်နေလို့ လက်ကိုင်ပ၀ါ တစ်ခုလုံး ကျကျန်နေတာကို မသိတာပေါ့ .. မဟုတ်လား မောင်။
ဟောဒီ လက်ကိုင်ပ၀ါလေးကို အခု တစ်ရက်အတွင်းဘယ်နှစ်ခါရှိပြီလဲမသိဘူး၊ ထုတ်ထုတ် ကြည့်မိတာ။ မောင်မောင် ကြိုက်တတ်တဲ့ မီးခိုးရောင်လေးပါ။
သူများ ညိုညို့ ဘက်လှမ်းကြည့်လိုက်တယ်။
ညိုညိုတစ်ဖက်စောင်းပြီး အိပ်နေတယ်။
သူများ မောင့်လက်ကိုင်ပါဝါလေးကို နမ်းလိုက်မိတယ် မောင်၊ ရင်တွေတုန်လိုက်တာ မောင်ရယ်။
.................................................
မိန်းခလေးတစ်ယောက် စိတ်ကောက်တာကို ချော့ဖူးပါသလား
ချော့ရတာ တကယ်ပျော်ဖို့ ကောင်းတယ် …
ကောင်မလေးတစ်ယောက်က ငါးလလောက် ကြာအောင်
စိတ်ကောက်တာရော ခံရဖူးပါသလား …
မယုံမရှိနဲ့ … တကယ်ပါ။
---------------------------------------
( ဇာတ်သိမ်းပိုင်းဆက်ရန်) 👇👇👇
No comments:
Post a Comment