#စိန်
( ဇာတ်သိမ်း)
#ထင်လင်း
ဒါပေမယ့် မပြီးနိုင်တာကတော့ နောက်တစ်နေ့မှာ မလုံးတင်တို့ အိမ်က ဆဲတဲ့ဆိုတဲ့ အသံတွေထဲမှာ မလုံးတင်တို့ အမေက “ဟဲ့ မနေ့ညက နင် နှင့်လင်နှင့် တစ်ညလုံး သွားအိပ်နေတာ ငါ မသိဘူး မှတ်လို့လား” အစချီပြီး ဘာမဟဲ့ ညာမဟဲ့နှင့် မကြားဝံ့ မနာသာ အယုတ်တမာ အဆဲမျိုးစုံနှင့် ဆဲ။ မလုံးတင်ကလည်း ကက်ကက်လန်အောင် ရန်တွေ့ရင်း “အမေ့လင်ကြီး၊ အမေ့လင်ကြီး” နှင့် အော်ဟစ်ပြီး အသံဝင်မတတ် ပြောနေတယ်။
ဘာတွေ ပြောနေတယ် ဆိုတာတော့ ပီပီသသ မကြားရဘူး။
အဲဒါက အရေးမကြီးဘူး။ အဲဒီ ဆဲသံ ဆိုသံတွေကို ကျွန်တော့်အိမ်က လူတွေကလည်း ကြားကြရတော့ ဦးကြီးကရော၊ ဒေါ်ကြီးကရော၊ မမကရော ကျွန်တော့်ကို မသင်္ကာတဲ့ အကြည့်နှင့် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတော့ ကျွန်တော်လည်း အတော် အနေရ အထိုင်ရ ခက်နေပါတယ်။
ဒီကိစ္စက ဒီတင် မပြီးပါဘူး။
အဲဒီညဘက် မလုံးတင်တို့ အိမ်ဆီက ဘာသံမှ မကြားရပေမယ့် မနေ့ညကလို မလုံးတင်များ ရောက်လာဦး မလားလို့ ကျွန်တော် စိတ်ထဲက မျှော်နေမိပါတယ်။ တကယ် လာနေမှာကိုလည်း ကြောက်နေပါတယ်။
ကျွန်တော် အဲသလို စိတ်နှစ်ခွနှင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း၊ ဖြုန်းဆို ကျွန်တော့် အခန်းထဲ မမ ဝင်လာပြီး ကျွန်တော့်ကို ဘာမှမပြောခင် ပြတင်းပေါက်ကို သွားပိတ်၊ အထက်မင်းတုပ် အောက်မင်းတုပ် ထိုးပြီးမှ ကျွန်တော့်အနား လာပြီး -
“ငါ့မောင်ကို မမ ဒီမှာထားလို့ မဖြစ်တော့ဘူး” လို့ ပြောပါတယ်။
ကျွန်တော် မမကို ဘာမှ ပြန်မပြောမိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတာကို မေးဦးမယ် စိတ်ကူးပေမယ့် သူတို့လည်း သိလို့နေမှာပေါ့ ဆိုတဲ့ အသိနှင့် ကျွန်တော်လည်း ဘာမှ မမေးဖြစ်တော့ဘူး။
တကယ်က ကျွန်တော်နှင့် မလုံးတင် ဘာမှ ဖြစ်ကြတာ မဟုတ်ဘူး ဆိုတာ မမကို ကျွန်တော် ရှင်းပြဖို့ လိုမယ်ဆိုတာ သိပေမယ့် ကျွန်တော် ကိုယ်တိုင်က ခုလို မလုံးတင်တို့နှင့် နီးစပ် ပတ်သက် လာတာဟာ ကျွန်တော့်အဖို့ အန္တရာယ် မကင်းဘူးလို့လည်း ယုံကြည်နေတော့ မမကို ကျွန်တော် ဘာမှ ရှင်းပြ မနေတော့ဘူး။
နှစ်လယ်ကြီးမှာ ကျောင်းပြောင်းရမှာ ကိုတော့ သိပ် ဘဝင်မကျမိဘူး။ ဒါပေမယ့် နောက် တစ်ပတ်လောက် အကြာ မမ မန္တလေးက အပြန် ကျွန်တော့်ကို မန္တလေးကျောင်း ရွှေ့ဖို့ သေချာပြီ ဆိုတော့ ကျွန်တော့် စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်သွားပါတယ်။
တကယ်က ကျွန်တော် မလုံးတင်နှင့် ဝေးရာကို သွားရမှာ စိတ်မချမ်းသာပါဘူး။ ဘာမှလည်း မပြောတတ် မတွေးတတ်တော့ ဒီလိုပဲ သွားဖို့ ကျွန်တော် အဝတ်အစား စာအုပ် အားလုံးထုပ်ပိုး ပြင်ဆင်ရ ပါတော့တယ်။
ကျွန်တော် မသွားခင် တစ်ရက်မှာတော့ ဘာမှ မရှိတော့တဲ့ ကျွန်တော့် အိပ်ခန်းထဲက စာကြည့်စားပွဲမှာ ကျွန်တော် တစ်ယောက်တည်း ထိုင်ပြီး ငိုင်နေမိပါတယ်။
နက်ဖြန်ဆိုရင် ဒီအခန်းထဲမှာ ကျွန်တော့် အိပ်ရာပါ ရှိတော့မယ် မဟုတ်ဘူး။ ဦးကြီး ပုတီးစိပ်ဖို့ သတ်သတ် ရှင်းထားမယ် လို့လည်း ပြောပါတယ်။
ကျွန်တော် မလုံးတင်ကို နှုတ်ဆက်ချင်တယ်။ စာနှင့် ရေးရမလား။ ဘယ်လို ရေးမလဲ။ ဘယ်သူနှင့် ပေးခဲ့မလဲ။
မလုံးတင်က ကျွန်တော်တို့နှင့် လေးတန်းလောက် ထိအောင်တော့ ကျောင်းနေဖူးတယ်။ ဒါပေမယ့် စာနှင့် ရေးပြောတာကို သူ ရေလည်လည် သိပါ့မလား။
ကျွန်တော် ပြတင်းကို ဖွင့်ကြည့်မိပါတယ်။
ကျွန်တော် အဲသလို တွေးရင်း ထိုင်နေတာနှင့် မိုးချုပ်သွားတယ်။
စောစောပိုင်းက မမ လာပြီး “ငါ့မောင် မနက် သွားရမှာ စောစောအိပ်၊ အိပ်တော့” ဆိုပြီး ပြန်သွားတော့ ကျွန်တော်လည်း အခန်းတံခါး ပိတ်ပြီး အဲသလို စာကြည့်စားပွဲမှာ ထိုင်နေတာ ဘယ်အချိန်လဲတော့ မသိဘူး။ ပြတင်းပေါက်က အသံကြားလို့ လှည့်ကြည့် လိုက်တော့ မလုံးတင်ပါ။
သူက ဝင်ခဲ့ချင်တယ် ဆိုလို့ ကျွန်တော်လည်း ဟိုတစ်နေ့က လိုပဲ လက်ကမ်းပေးပြီး ဆွဲတင်လိုက်ပါတယ်။ ကျွန်တော် ရင်ခုန်နေတယ်။
“နင် သွားတော့မလို့ဆို”
“နက်ဖြန်မနက် ရထားနှင့် လိုက်ရမယ်”
“ရော့၊ နင်သောက်ဖို့ ပိုလိုဘူး။ နင် ငါ့ကို မမေ့နှင့်နော်”
ကျွန်တော် သူပေးတဲ့ ပိုလိုစီးကရက် သုံးဘူးကို လှမ်းယူလိုက်ပြီး သူ့ကို စိုက်ကြည့် နေမိပါတယ်။ သူကလည်း ကျွန်တော့်ကို ကြည့်ပြီး ပြုံးနေပါတယ်။
အဲဒီအချိန်မှာ ကျွန်တော့် မမက ကျွန်တော့်ကို တိုးတိုးတိတ်တိတ် ဆုံးမခဲ့တဲ့ စကားတွေကိုလည်း ကျွန်တော့် နားထဲမှာ ကြားနေပါတယ်။
“ဒါတွေနှင့် မင်းနှင့် ငြိလို့ စွန်းလို့ မဖြစ်ဘူးနော်။ ကြားလား မင်း လွတ်အောင် ရှောင်ရမယ်။ ငါ့မောင် အရောမဝင်နှင့်။ အရေး မလုပ်နှင့်။ ဆင်းရဲတာ ချမ်းသာတာက အကြောင်း မဟုတ်ဘူး စရိုက်က သိပ်ကြမ်းတာ ငါ့မောင် ဒုက္ခ ရေရေလည်လည် ရောက်မှာ ကြပ်ကြပ်ကြီး သတိထား”
မမ ပြောတာလည်း ဟုတ်ပါတယ်။ ကျွန်တော်လည်း သဘောပေါက် ပါတယ်။ ဒါပေမယ့် ကျွန်တော့်နား တစ်ဘက်ကလည်း ကိုကျော်စိန်ကြီး ပြောပြတာတွေကို ကြားယောင်လျက်ပဲ။
“မိန်းမဆိုတာ ကြိုက်ပေမယ့် နည်းနည်းတော့ ဟန်လုပ် နေတာပေါ့ကွာ။ ဒါပေမယ့် သူလည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ် ငါ တစ်ယောက်တည်း ရှိတဲ့ နေရာကို သူတစ်ယောက်တည်း လာတယ် ဆိုကတည်းက သူကလည်း ဒါမျိုး မျှော်လင့် လာတာပေါ့။ သူ့ကို အဲသလို မလုပ်လိုက်ရင် သူက ငါ့ကို ယောက်ျား မဟုတ်ဘူး ထင်ဦးမယ်။ ငါကလည်း ဘာရမလဲ။ ယောက်ျားဖြစ်ကြောင်း ပြလိုက်ရတာပေါ့ကွာ”
ကျွန်တော့်မှာ အဲသလို ချီတုံချတုံ ဖြစ်နေပေမယ့် နက်ဖြန် သွယရတော့မယ် ဆိုတဲ့ အသိနှင့် စိတ်ထဲက တစ်မျိုးရဲနေတော့ ကိုကျော်ကြီး ပြောသလို လုပ်လိုက်မိတယ်။
ကျွန်တော်က မကျင်လည်တော့ အိုးနင်းခွက်နင်း ပါပဲ။
မလုံးတင်ဟာ ကိုကျော်စိန် ပြောသလို အစတော့ အံ့အားသင့်သလို၊ ငြင်းဆန်သလို လုပ်နေပေမယ့် ခဏကြာတော့ ပြေလည်သွားပါတယ်။
နောက်ပိုင်း ဘာတွေ ဘယ်လိုဖြစ်တယ် ဆိုတာ ကျွန်တော် ပြောမပြတတ်တော့ဘူး။
“နင် ငါ့ကို အတည် ယူနိုင်မှာ မဟုတ်ပါဘူးဟယ်” လို့ မလုံးတင်က ပြောတော့ ကျွန်တော်က ကျွန်တော် ဆယ်တန်းအောင်ရင် အလုပ်ဝင်လုပ်ပြီး ကိုယ့်ဟာကိုယ် နေနိုင်တော့ မလုံးတင်ကို လာခေါ်မယ်လို့ ကတိပေးပေမယ့် မလုံးတင်က မယုံပါဘူး။
“နင်တို့မှာ အဖေအမေ မရှိပေမယ့် နင်တို့က မျက်နှာကြီးမျိုးတွေ ပါဟယ်။ ပညာတတ်တွေပါ။ ကျောင်းကထွက်ရင် အရာရှိ အရာခံ လူကုံထံတွေ ဖြစ်လာမှာပါ။ ငါတို့လို အတန်းအစားက နင်တို့ကို မော့်တောင် ကြည့်ရဲမှာ မဟုတ်ပါဘူး။ ငါတို့လို ဘာဂုဏ်မှ မရှိတဲ့ အမွဲအစုတ်ကို ဘယ်လောက်ချစ်ချစ် နင့်ကို ငါ ရမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်”
မလုံးတင် ယုံအောင် ကျွန်တော် ဘာတွေ ပြောခဲ့တယ်။ ဘာတွေ ကတိထားခဲ့တယ် ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး။ အဲဒီညက မလုံးတင်ရော ကျွန်တော်ရော တစ်မှေးမှ မအိပ်ခဲ့ကြ ပါဘူး။
မနက် လေးနာရီလောက် ကျမှ မှောင်နေသေးတဲ့ ကျွန်တော့် အခန်းထဲက နေပြီး မလုံးတင် ပြတင်းပေါက်က ကျော်ချပြီး ပြန်သွားခဲ့ပါတယ်။
အုတ်ခုံစွန်းမှာ ခြေဖျားထောက် ရပ်လျက်က ကျွန်တော့် လည်ပင်းကို သူ့လက်နှစ်ဖက်နှင့် လှမ်းနှိမ်ပြီး ပါးကို ဘယ်ပြန်ညာပြန် နမ်းသွားပါသေးတယ်။ သူ့မျက်နှာပေါ်မှာ မျက်ရည်တွေနှင့်ပါ။
အဲဒီ အဖြစ်အပျက်တွေဟာ ကျွန်တော့် ရင်ထဲက ဘယ်တော့မှ အပြီးတိုင် ပျောက်မသွားခဲ့ပေမယ့် ကျွန်တော်နှင့် မလုံးတင်တို့ရဲ့ ဇာတ်လမ်းက ဒီတင်ပဲ ပြီးဆုံးခဲ့ပါတယ်။
ကျွန်တော် ဆယ်တန်း ဖြေပြီးတော့ ကျွန်တော့် မမက မန္တလေးကို လိုက်လာပြီး အဲဒီကနေ တောင်ငူက ဖေဖေ့ အမျိုးတွေဆီ မောင်နှမ နှစ်ယောက် အလည်ဆိုပြီး သွားခဲ့ကြပါတယ်။
မမ ဘယ်လို စီမံခဲ့တယ် ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ အညာကို မပြန်ရတော့ပါဘူး။
ဆယ်တန်း အောင်စာရင်း ထွက်ပြီး ကျွန်တော် ကောလိပ် ဆက်သွားဖို့အတွက် မမက တောင်ငူက နေပြီး စီစဉ်ပေးပါတယ်။
ကျွန်တော့် စိတ်ထဲမှာ တစ်ချိန်ချိန် အားရင် ဦးကြီးတို့ ဒေါ်ကြီးတို့ဆီ လည်ရင်း မလုံးတင်နှင့်လည်း တွေ့ရအောင် အညာကို တစ်ခေါက် သွားဦးမယ်လို့ စိတ်ထဲက ခဲထားခဲ့ပေမယ့် အဲဒီလိုသွားဖို့ အခါအခွင့်က မသင့်ခဲ့တော့ပါဘူး။
ဦးကြီးတို့၊ ဒေါ်ကြီးတို့နှင့် ကတော့ သူတို့က လာလို့ မကြာခဏ ဆိုသလို တောင်ငူမှာ၊ ရန်ကုန်မှာ တွေ့တွေ့ နေရပါတယ်။ ဒါပေမယ့် မလုံးတင်တို့ အကြောင်းကိုတော့ ကျွန်တော်ကလည်း မေးလို့ မကောင်းဘူး ထင်လို့ မမေး၊ သူတို့ကလည်း အရေးလုပ်ပြီး မပြောတော့ ဘာမှ မသိရတော့ပါဘူး။
မလုံးတင်ကို ကျွန်တော် သိပ်စွဲလမ်းနေတာ မဟုတ်ပေမယ့် တစ်ခါ တစ်ခါတော့ သတိရမိတတ်ပါတယ်။
ဘယ်လို အခါမျိုးလဲ ဆိုရင် သူနှင့်တူတဲ့ အမျိုးသမီးတို့၊ သူ့လို နှုတ်အာကြမ်းပြီး ဆဲတတ်တဲ့ အမျိုးသမီးတို့ကို တစ်နေရာရာမှာ တွေ့ခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရတဲ့ အခါမျိုးပါ။
အခု မလုံးတင် ဘယ်ရောက် နေပြီလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အသက်ရှင်လျက် ရှိသေးသလား၊ သေရှာပြီလား ဆိုတာလည်း မသိပါဘူး။
တစ်ယောက်ယောက်နှင့် အိမ်ထောင်ကျသလား ဆိုတာလည်း မမှန်းဆတတ်ပါဘူး။
မလုံးတင်ဟာ ဟိုတုန်းကလိုပဲ ဆင်းရဲလျက်ပဲလား။ ချမ်းသာနေမလား ဆိုတာလည်း မတွေးတတ်ပါဘူး။
မကြာခင် တစ်နေ့ဆီက-
ကျွန်တော် အင်းယားလိတ် ခန်းမက မျက်နှာကြီး မင်္ဂလာဆောင် တစ်ခုကို ရောက်ခဲ့လို့ အဲဒီခန်းမ ရှေ့တန်း သီးသန့်စားပွဲ တစ်ခုမှာ ထိုင်နေကြသူများ အနက် အသားညိုညို၊ ပိန်ပိန်ပါးပါး၊ မျက်လုံး တောက်တောက်၊ စိန်နားကပ် တဝင်းဝင်းနှင့် ဂုဏ်အသရေရှိ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့မြင်ခဲ့ရပြီး ကျွန်တော်နှင့် ကျောချင်းကပ်မှာ ထိုင်နေကြတဲ့ အမျိုးသမီး နှစ်ယောက် သူတို့ အချင်းချင်း တီးတိုး ပြောနေကြတဲ့ စကားတွေ နားစွန်နားဖျား ကြားခဲ့ရတာကို မဆီမဆိုင်လို့ပဲ ဆိုရမလား၊ ကျွန်တော် ဆက်စပ်ပြီး တွေးမိလို့ပါ။
သူတို့ ပြောနေကြတဲ့ စကားထဲမှာ “နာမည်ရင်းက မတင်ဆိုလား၊ ဈေးထဲမှာ ငါးရောင်းတာ။ နောက် သူတို့မြို့က သူဌေးကြီး တစ်ယောက်နှင့် ရပြီး အဲဒီ သူဌေးကြီး သေတော့ စိန်တွေ ရွှေတွေကို သူက ရလိုက်တာ။ အဲဒီအချိန်မှာ မိန်းမက ခပ်ငယ်ငယ်ပဲ။ အရွယ်ကောင်း။ စိန်တွေ ရွှေတွေနှင့် ဆိုတော့ အထက်လွှာထဲ ရောက်။ နောက် အိမ်ထောင် ပြုတော့လည်း ထိပ်တန်းစား၊ အခုတော့ ဒေါ်စိန်တင် ဖြစ်နေတယ်။ စိန်တစ်လုံး တိုးလာတယ် ဆိုရင်ပဲ ခေါ်ချင်ပြောချင် အရေးလုပ်ချင်တဲ့ လူတွေ များလာတာပေါ့။ ဒါ အဆန်း မဟုတ်ပါဘူး” ဆိုတဲ့စကားတွေကို ကျွန်တော် သတိထားလိုက်မိပါတယ်။
သူတို့ ပြောနေကြတာဟာ ဘယ် ဒေါ်စိန်တင် အကြောင်းလဲ ဆိုတာ ကျွန်တော် မသိပါဘူး။
ရှေ့တန်း သီးသန့်စားပွဲမှာ ထိုင်နေတဲ့ စိန်နားကပ်ကြီးနှင့် အသားညိုညို၊ ပိန်ပိန်ပါးပါး၊ မျက်လုံးတောက်တောက် အမျိုးသမီးဟာ ဘယ်သူ ဘယ်ဝါ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး။
ဒါပေမယ့် အဲဒီ မင်္ဂလာဆောင်က ပြန်ခဲ့တဲ့ညက ကျွန်တော် တော်တော်နှင့် အိပ်လို့ မပျော်ပါဘူး။
မလုံးတင် ကိုလည်း သတိရနေတယ်။ ကျွန်တော်နှင့် မလုံးတင် နောက်ဆုံး တွေ့ခဲ့ကြရတဲ့ ညက မလုံးတင် ပြောလိုက်တဲ့ စကာတွေကိုလည်း သတိရနေတယ်။
မလုံးတင်တို့ရဲ့ ပတ်ဝန်းကျင် ကိုလည်း ဝိုးတဝါး ပြန်တွေးကြည့် နေမိပါတယ်။
----------
ထင်လင်း
[ မြန်မာဝတ္ထုတိုများ ပေ့ခ်ျမှကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment