#ရေခဲခြစ်နှင့်ရေခဲချစ်
#မစန္ဒာ
‘‘ကိုရေခဲ’’
မစိန်မြက မာဆတ်ဆတ် ခေါ်သည်။ အိမ်ခါးပန်းကို ခေါင်း အုံးပြီး အိပ်နေသော လင်တော် မောင် ကိုရေခဲအား ခပ်စူးစူးကြည့် သည်။
‘‘ဘာလဲဟ’’
ကိုရေခဲက သူ့လက်ထဲမှ ဆေးလိပ်တိုကို နို့ဆီခွက်လွတ်ထဲ လှမ်းထည့်ရင်း ပျော့နဲ့နဲ့ထူးသည်။
‘‘ဒီကောင် ဖျားနေတာ ကြာ လှပြီတော့’’
‘‘ဟုတ်လား’’
‘‘ချောင်းကလည်း တဟွတ် ဟွတ်နဲ့’’
‘‘အေး’’
‘‘လည်ပင်းကလည်း နာ တယ်တဲ့’’
‘‘ဟုတ်လား’’
‘‘တစ်ခုခုလုပ်မှ ဖြစ်မယ်’’
‘‘ဟေ ဘာလုပ်ချင်လို့လဲ’’
‘‘ဆေးခန်းလေး ဘာလေး သွား၊ ဆရာဝန်လေး ဘာလေး ပြကြည့်ဦးပေါ့’’
‘‘သွားလေကွာ’’
‘‘ဟင်း သွားတာက လွယ် လိုက်တာ၊ ဘယ်မလဲ ပိုက်ဆံ’’
‘‘ဟင် မနေ့က အစိတ်က ကော’’
‘‘ဆန်ဝယ်ရတယ်။ ဆီဝယ်ရ တယ်။ အကြီးကောင်ကြီး စာအုပ် ဖိုး ပေးရတယ်။ တော်ပြန်ယူသွား တာက ငါးကျပ်။ မနက်က ဟင်း ချက်ဖို့ ငါးဝယ်ရတာက ခြောက် ကျပ်။ အခု ကျုပ်လက်ထဲမှာ သုံး ဆယ့်ငါးပြားပဲ ရှိတော့တယ်’’
‘‘ဒါဆိုရင်လည်း နက်ဖြန်ကျ မှပဲ သွားတော့ပေါ့ကွာ’’
ကိုရေခဲ ခပ်အေးအေးပြော ကာ မီးငြိမ်းခါနီးနေသော ဆေး လိပ်တိုကို ပြန်၍ကောက်ယူသည်။ မျက်စိကို မှေးပြီး ဆက်တိုက်ဖွာရှိုက်သည်။
‘‘ကိုရေခဲနော် ရှင်က ဖအေ သိရဲ့လား။ ဖအေဆိုတာ ဖအေ စကားပြော။ အဖျားအနာဆိုတာ နက်ဖြန် သန်ဘက်စောင့်လို့ ရသလား။ တော်ကြာ ဆိုးသည်ထက်ဆိုးလာတော့ ဘယ့်နှယ်လုပ်မလဲ’’
‘‘ဩော်.. မိန်းမရယ်၊ ငါ လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ငါ ရှာလို့ရသမျှ တစ်ပြားမကျန် အ ကုန်အပ်နေတာပဲ။ ဒီကြားထဲက မလောက်ဘူး၊ ဆေးတိုက်သွား စရာ ပိုက်ဆံမရှိဘူးဆိုတော့ ငါ ဘာလုပ်ရမလဲ။ ဓားပြထွက်တိုက် ရမှာလား’’
ကိုရေခဲ စိတ်ညစ်ညူးစွာ ပြောသည်။ သူ့ကို မျက်စောင်းကြီး ခဲ၍ ကြည့်နေသော မိန်းမအား ခပ်စွေစွေ လှမ်းကြည့်ရင်း သက် ပြင်းချသည်။
‘‘တော့်ကို ပြောလိုက်ရင် ဒါ မျိုးချည်းပဲ။ တော်ရှာလို့ရသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို မှန်မှန်အပ်နေတိုင်း တော့်ကိုယ် တော် တကယ့်လင်ကောင်း လင် မြတ်ကြီး ထင်မနေနဲ့’’
မစိန်မြက အော်သည်။ သူ့ ပေါင်ပေါ် ဖက်တက်နေသော အ ငယ်ဆုံးကောင်ကို လက်နှစ်ဖက် ဆွဲပြီး ကြမ်းပြင်ပေါ်သို့ ဆောင့်ချ လိုက်သည်။
‘‘ငါ့မှာ ပေါ့ပေါ့ပါးပါးမဟုတ် ဘူးဟဲ့။ ဗိုက်ထဲမှာ တစ်ကောင်ရှိ သေးတယ်။ အားတိုင်းယားတိုင်း ကုတ်ကတ်တက်မနေကြနဲ့၊ တကတဲ’’
ဟူသော အသံနှင့်အတူ မြီး ညောင်းရိုး အောင့်သွားသော အ ငယ်ကောင်၏ အသံကပါ ပြိုင်ပြီး ထွက်လာသည်။
‘‘တော်ကြီးကြောင့် လူဖြစ် လာတဲ့ သတ္တဝါတွေ ကြည့်စမ်း။အပြင်မှာက လေးကောင်၊ ဟော ဒီက ဗိုက်ထဲမှာ တစ်ကောင်။ တော်ကြီးရတဲ့ လခက တစ်လမှ သုံးရာ ရယ်၊ ကဲ.. ဒီပါးစပ်ပေါက်တွေကို ဝအောင် ဘယ်လိုကျွေးရမှာလဲ’’
ကိုရေခဲ သက်ပြင်းချမိပြန် သည်။
‘‘ဒါကတော့ မင်းစီမံသမျှပဲ မဟုတ်လား မိန်းမရယ်။ ငါလည်း အပိုတစ်ပြား မသုံးပါဘူး။ မင်း ကန်စွန်းရွက်နဲ့ ကျွေးလည်း မျိုချ လိုက်တာပဲ။ ငါးပိရေနဲ့ ကျွေး လည်း မျိုချလိုက်တာပဲ။ အသား စားမယ်၊ ငါးစားမယ် ပြောဖူး သလား။ ငါသိပ်ကြိုက်တဲ့ ဝက် ခေါင်းသုပ်တောင် ငါးမူးဖို့လောက်ဝယ်ဖူးသလား’’
ကိုရေခဲ သူ့ပုံစံအတိုင်း ခပ် ပျော့ပျော့ ပြောသည်။ သူ့ကို စူး စူးဝါးဝါးကြည့်နေသော မိန်းမ အား ပြန်မကြည့်ဘဲ သူ့မိန်းမ၏ စွဲချက်အတိုင်း သူ့ကြောင့် လူဖြစ် လာသော သတ္တဝါလေးကောင်ကို လှမ်းကြည့်သည်။
(၅)နှစ်ခွဲအရွယ် အကြီးဆုံး ကောင်က စာရွက်လွတ်တစ်ရွက် ပေါ်တွင် ခဲတံတိုတစ်ချောင်းနှင့် အရုပ်ရေးနေသည်။ သူ့အနားတွင် ဖျားနေသည်ဆိုသော နို့ညှာ ကောင်က ထိုင်နေသည်။ ခန္ဓာ ကိုယ်အပေါ်ပိုင်းတွင် ဖလန်နယ် အင်္ကျီလေးကို ဝတ်ထားသော် လည်း အောက်တွင်တော့ ဘောင်း ဘီတိုလေးပင်မပါ။ အလတ်မလေးကတော့ (၄)နှစ်ကျော်ကျော် ပင် ရှိသေးသော်လည်း မိန်းက လေးမို့ သိတတ်သည်။ ငိုနေသော မောင်အငယ်ဆုံးလေးကို လာပြီး ချော့နေသည်။ မနိုင့်တနိုင်နှင့် ဆွဲ၍ ချီသည်။
‘‘အင်း နောက်လေးငါးလဆို ရင် နောက်တစ်ကောင် ရောက် လာဦးမယ်။ ဘာတတ်နိုင်ပါ့မလဲ ကွာ။ ဘုရားပေးတာ မတား ကောင်းပါဘူး။ ဒီမိန်းမကလည်း လူမဟုတ်ဘဲ ဝက်သာဆိုရင် ဘယ်လောက် အဖိုးတန်မလဲမသိဘူး။ သားပေါက်က ကောင်းလိုက်တာ။ တစ်သားနဲ့ တစ်သားကလည်း နီး လိုက်တာ လွန်ရော။ နောက်ပြီး ငါ့ကိုချည်းပဲ တော်ကြီးကြောင့် တော်ကြီးကြောင့်နဲ့ လက်ညှိုးထိုး တော့တာပဲ’’
သူက တွေးရင်း ပြုံးမိသည်။ ထို့နောက် လက်ဝဲနံတောင်းမှ လက်ယာနံတောင်းသို့ ပြောင်း၍ အိပ်ရန် ဟန်ပြင်သည်။ သို့သော် မိန်းမက ‘‘အဲဒါ ဘယ်လိုလုပ်မတုံး တော့’’ဟု ခပ်ဆောင့်ဆောင့် အော် လိုက်တော့ သူလန့်သွားသည်။ ဘာကို ဘယ်လိုများ လုပ်ချင်လို့ ပါလိမ့်ဟု အပြေးအလွှားစဉ်းစား ရင်း မျက်တောင်ကို တဖျတ်ဖျတ် ခတ်သည်။
‘‘ဒီအတိုင်း ထားရင်တော့ ကာလနာ တိုက်သွားမှာပဲ။ ဖျား နေတာ သုံးရက်ရှိပြီ။ ဟဲ့ကောင် လေး လာစမ်း ဒီကို’’
မစိန်မြက နို့ညှာကောင်ကို လှမ်းဆွဲကာ ခန္ဓာကိုယ်အောက် ပိုင်းအား ပုဆိုးဟောင်းတစ်ထည် နှင့် ပတ်ပေးသည်။
‘‘ကွမ်းယာဆိုင်က ဆေး လေး ဘာလေးဝယ်တိုက်မကြည့် ဘူးလား။ ပါရာစီတီမောလေး ဘာလေးပေါ့’’
‘‘တိုက်တုန်းခဏ ချွေးထွက် ပြီး နောက်တော့ အဖျားပြန်တက် တာပဲတော့်၊ လည်ချောင်းကလည်း နာသတဲ့’’
‘‘ဒီလိုဆို ခေါင်းရင်းခန်းက ဒေါ်ဒေါ်အေးဆီမှာ ချေးပါတော့ လားကွာ’’
ဒေါ်ဒေါ်အေးက ငွေတိုးချေး စားသူဖြစ်သော်လည်း အပေါင် ပစ္စည်းမပါလျှင် သိပ်ချေးချင်သူ မဟုတ်။
‘‘ကိုရေခဲ သွားလိုက်မလား’’
‘‘ဟာကွာ မင်းပဲ သွားလိုက် ပါ’’
‘‘တော်ကတော့ အမြဲခေါင်း ရှောင်ဖို့ပဲ’’
မစိန်မြ၏ မျက်စောင်းကို ရင်ဆိုင်ရပြန်သည်။
ပိုက်ဆံလိုချင်သော်လည်း ဒေါ်ဒေါ်အေးဆီသို့ မစိန်မြ မသွား ချင်ပေ။ အေးအေးနေချင်သော ကိုရေခဲကတော့ မစိန်မြထက် နှစ်ဆပိုပြီး မသွားချင်ပေ။
‘‘ဒီမိန်းမကြီးဆီမှာ အပေါင် ပစ္စည်းမပါဘဲ ပိုက်ဆံသွားချေး မယ့်အစား ကျားဖင်ပဲ ပြေးနှိုက် ချင်သေးတယ်’’
‘‘ဘာလို့လဲ မေမေ။ ကျားဖင် ထဲမှာ ပိုက်ဆံရှိလို့လား’’
အရုပ်ရေးနေသော အကြီး ကောင်က ခေါင်းထောင်လာပြီး အူတူတူနှင့် မေးသည်။ ကိုရေခဲ က အတီးအတနိုင်လှသော သူ့ သားကြီးကို လှမ်းကြည့်ရင်း ‘‘အင်းအကြီးဆုံးဆိုတော့ နည်းနည်း တော့ ပေါတာပဲ ထင်တယ်’’ဟု တွေးမိစဉ် မစိန်မြက ‘‘သေမင်းရှိ တယ်ဟေ့ သေမင်း’’ဟု ခပ်ဆောင့် ဆောင့် အော်လေသည်။ ထို့ နောက် ကြမ်းပြင်ပေါ်မှ ဖန်ဂေါ်လီ လုံးကို ကောက်ပြီး ပါးစပ်ထဲထည့် မည်ပြင်သော အငယ်ကောင်ကိုလှမ်းဆွဲသည်။ လက်ကို အတင်းဖြေကာ ဂေါ်လီလုံးကို လုယူ သည်။
‘‘ဒီဂေါ်လီလုံးကို ဟိုပစ် ဒီပစ် နဲ့နော်။ ကလေးအနားမှာ မထားနဲ့ဆိုလည်း မရဘူး။ ငါလွှင့်ပစ်မိ မယ် သိလား’’
ပါးစပ်ကသာ လွှင့်ပစ်မယ် ဟု ပြောသော်လည်း လက်က တော့ တကယ်ပင် လွှဲပြီးအပြင် ဘက်သို့ လွှင့်ပစ်လိုက်သည်။ ငိုမဲ့ မဲ့ဖြစ်သွားသော အကြီးကောင်ကို မျက်နှာထားတင်းတင်းနှင့် ကြည့် သည်။ ‘‘ငိုရဲငိုကြည့်၊ ကျောကော့ သွားမယ်’’ဟု အသံတိတ်ပြော လိုက်ခြင်းဖြစ်၍ အကြီးကောင်က အော်ပြီး မငိုရဲရှာပေ။ ဂေါ်လီ လေးကျသွားရာ အိမ်ရှေ့ရေဘုံ ပိုင်အနီးမှ ငွေပန်းပင်အုပ်အုပ် နေရာကို အမောတကော လိုက် ကြည့်ရင်း မနက်ဖြန်ကျမှ ပြန်ရှာ မယ်ဟု အားတင်းလိုက်ရဟန်ရှိ သည်။
ပေါ်ပေါက်လာသော အခွင့် အရေးကို ကိုရေခဲက အပြည့်အဝ အသုံးချလိုက်နိုင်သည်။ မစိန်မြ၏ မျက်လုံး သူ့အပေါ်မှ လွှဲဖယ်သွား သည်နှင့် လက်ဝဲနံတောင်းမှ လက်ယာနံတောင်းသို့ အလျင်အမြန် ပြောင်းလိုက်သည်။ နံရံဘက်ကို ဘေးကင်းရန်ကင်း မျက်နှာမူပြီး ပြီမို့ မျက်စိတော်တော် အေးသွား သည်။ မစိန်မြ၏ မျက်စောင်းကို ရင်ဆိုင်စရာ မလိုတော့။ သူ့ကျော မှာ မျက်စိပါမလာလေတော့ ကျောဘက်မှနေပြီး ကြည့်ချင် သလိုကြည့်။ အခိုးထွက်အောင် ကြည့်ကြည့်၊ သူမှုစရာမလို။ အ မျိုးစပ်ချင်းစပ်လျှင် ဝက်နဲ့သာ စပ် နိုင်ပြီး နဂါးသွေး တစ်စက်တလေ တောင် ပါမည်မဟုတ်သည့် မစိန် မြ၏ မျက်စောင်းကြောင့် ပြာ မကျ။ မီးမလောင်နိုင်သည်က လည်း သေချာသည်။
ဆူညံသံ၊ ဆောင့်သံ၊ ဆဲသံ၊ ဆိုသံ၊ ကလေးငိုသံများကိုလည်း ထည့်တွက်စရာ မလို။ မည်မျှ ဆူ ညံသော အသံဖြစ်ပါစေ နားထဲသို့ မဝင်ဘဲ လျှံထွက်သွားအောင် နား ထောင်တတ်သော အကျင့်ကို ရခဲ့ ပြီကား ကြာချေပြီ။
ထို့ကြောင့် ကိုရေခဲသည် မကြာမီမှာပင် အိပ်ပျော်ခြင်းသို့ ရောက်သွားလေတော့သည်။
မထွေးစိန်ကမ်းပေးသော တစ်ဆယ်တန် လတ်လတ်က လေးကို ဆတ်ခနဲဆွဲယူကာ အ ထက်ဆင့်ကြားထဲ လိပ်ထည့် လိုက်သည်။
‘‘ပြန်တော့ရွေးနော် အစ်မ’’
‘‘အေးပါဟယ် ငါ့ထဘီက ငါးဆယ်လောက်တန်တာ အဆုံး မထားပါဘူး’’
‘‘ဒါကတော့ အသစ်ဈေးကို အစ်မရဲ့။ အစ်မဝတ်ထားလို့ ဟောင်းနေတာလည်း ကြည့်ပါ ဦး’’
ဟုတ်တော့လည်း အဟုတ် သားပင်။ သူဖန်တရာတေအောင် ဝတ်ထားသဖြင့် ပါတိတ်ထဘီက အဆင်အသွေးပင် မှိန်နေချေပြီ။
‘‘ငါပြန်ရွေးမှာပါဟယ် စိတ် ချ။ ငါ့ထဘီကို တစ်ဆယ်နဲ့ အဆုံး မခံပါဘူး တကတဲ’’
မစိန်မြက ခပ်ဆောင့်ဆောင့် ပြောပြီး ခပ်သုတ်သုတ် ပြန်သွား တယ်။ တော်ကြာ ဆေးခန်းပိတ် သွားလျှင် ဆရာဝန်မပြဖြစ်ဘဲ ဖြစ်နေချေဦးမည်။
‘‘မစိန်မြ ဘယ်ကပြန်လာ တာတုံး’’
‘‘ဒီနားကပဲ’’
မျက်စောင်းထိုးအိမ်မှ လှလှ က နှုတ်ဆက်သည်။ အိမ်လှေ ကားထစ်တွင် ငုတ်တုတ်ထိုင်ရင်း လမ်းမဘက်ကို မျှော်ကြည့်သည်။
‘‘လင်တော်မောင် မလာ သေးဘူးလား’’
‘‘ထုံးစံအတိုင်းပဲ မစိန်မြရေ သန်းခေါင် သန်းလွဲကျမှ မူးရူးပြီး ပြန်လာမယ် ထင်ပါရဲ့။ စိတ်ညစ် ပါတယ်’’
လှလှချစ်က အသံနွမ်းနွမ်း နှင့် ပြောသည်။
‘‘ကိုရေခဲတို့များတော့ အေး လိုက်တာနော်။ အသောက်အစား အပျော်အပါး၊ လောင်းကစားဆို တာ ဘာမှမရှိဘူး။ တကယ့်ကို ရေခဲတုံးပဲ’’
တစ်ဆက်တည်း ချီးကျူး တော့ မစိန်မြ စိတ်တိုသွားသည်။ သူ၏ အိမ်ထောင်သက် ခုနစ်နှစ် တာ အတွေ့အကြုံအရတော့ မစိန်မြသည် ကိုရေခဲအရက်သောက် ချင်သောက်ပါစေ၊ ဖဲရိုက်ချင်ရိုက် ပါစေ။ သို့သော် သားရေး သမီး ရေး၊ နေရေး ထိုင်ရေး၊ အိမ်မှု ကိစ္စအသေးအဖွဲလေးတွေကို ‘‘မင်းကြည့်လုပ်လိုက်လေကွာ’’ ဟု လွှဲကာ နံရံဘက်လှည့်ပြီး တခူးခူးဟောက်ကာ အိပ်တတ်သူ မဟုတ်ဘဲ တိုင်တိုင်ပင်ပင် ဖြေ ရှင်းတတ်သူ ဖြစ်လျှင် တော်ပါပြီ ဟု မကြာခဏ စိတ်ကူးမိသည်။
‘‘ကျုပ်ကတော့ ဒီရေခဲတုံး ကြီးကို ရေခဲတိုက်ထဲတောင် ပို့ပစ် ချင်နေပြီ တော်ရေ့’’
မစိန်မြက မကြည်မသာ ပြောပြီး ထွက်လာခဲ့သည်။ ခြေ ရင်းအိမ်က လင်မယား ရန်ဖြစ်ကြ တုန်း ‘‘မင်းကို တစ်သက်လုံး အိမ် ဦးခန်းတင်ပြီး ဆီဦးထောပတ် ကျွေးပါ့မယ်လို့ ငါကတိပေးဖူးလို့ လား’’ဟူသော ယောက်ျား၏ စကားသံကို သတိရမိသည်။ ထို့ နောက် တစ်ဆက်တည်းမှာပဲ သူ နှင့် လက်မထပ်ခင်က ‘‘ကိုက အေးအေးဆေးဆေး နေချင်တာ ပါပဲကွာ။ အရက်သောက် ဖဲရိုက် တာလည်း ဝါသနာမပါဘူး။ နောက်ပြီး ဒီတစ်သက်မှာ မင်း တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူး တာပါ။ အိမ်ထောင်သည်ဘဝ ရောက်ရင်လည်း ပွေပွေရှုပ်ရှုပ်၊ မလုပ်သင့်တာတွေ ဘယ်တော့မှ မလုပ်ဘူးဆိုတာ ဟောဒီကမ္ဘာ မြေကြီးကိုတောင် သက်သေတည် ပြီး ပြောရဲပါရဲ့ကွာ’’ဟု ကိုရေခဲ ပြောခဲ့ဖူးသော စကားကို သတိရ မိသည်။
‘‘မလုပ်သင့်တာ မလုပ်တာ နဲ့ မပြီးသေးဘူး တော်ရေ။ လုပ် သင့်တာလည်း လုပ်ရဦးမယ်’’
မစိန်မြက စိတ်ထဲမှ အော် ပြောနေမိသည်။
စိတ်ထဲမှ မဟုတ်ဘဲ ပါးစပ် မှ အော်ပြောလျှင်လည်း ကိုရေခဲ က ကြားမည်မဟုတ်။
တခူးခူးနှင့် ဟောက်ကာ နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကြောင့် ဖြစ်လေသည်။
‘‘ကဲ.. နောက်တစ်ယောက် လာ’’
ဆရာဝန်ကလေး၏ အသံ ကြားတော့ မစိန်မြသည် အငယ် ဆုံးကောင်ကိုချီရင်း ဆေးခန်းထဲ သို့ ဝင်ခဲ့သည်။ တအီအီ ငိုနေ သော နို့ညှာကောင်က သူ့ထဘီစ ကို တန်းလန်းဆွဲပြီး နောက်မှပါ လာသည်။ နို့ညှာကောင်၏ နောက်တွင်တော့ (၄)နှစ်သမီး နှင့် (၅)နှစ်ခွဲအရွယ် သားတို့က ဆုတ်ကန်ကန် လိုက်ပါလာကြ သည်။
‘‘ဟ.. အင်အားကောင်းလှ ချည်ကလား’’
ဆရာဝန်က မျက်လုံးပြူး သွားသည်။ သားအကြီးက နှာ ရည်တွေ တရွှဲရွှဲရှိုက်သွင်းသည်။ အလတ်မလေးက ချောင်းတဟွတ်ဟွတ်ဆိုးသည်။ နို့ညှာကောင်က ငိုလေသည်။ အငယ်ဆုံးကောင် ကလေးကလည်း ရွှင်ရွှင်လန်း လန်းမရှိလှ။ ကိုယ်လေးလက်ဝန် ကြီးနှင့် အမေကလည်း ဖြူတူတူ ဖျော့တော့တော့မို့ ဆရာဝန်၏ အမြင်တွင်တော့ သူတို့အားလုံး လူမမာပုံပေါက်နေလေတော့ သည်။
‘‘ကိုင်း.. နေမကောင်းတာက ဘယ်သူလဲ’’
ဆရာဝန်ကမေးတော့ မစိန် မြသည် ညာဘက်လက်နှင့်ချီထား သော ကလေးကို ဘယ်ဘက် လက်နှင့် ပြောင်းချီသည်။ ထို့ နောက် သူ့ထဘီစကို ဆွဲထား သော နို့ညှာကောင်အား လှမ်းဆွဲ သည်။ နို့ညှာကောင်က အဆွဲမခံ။ ထဘီထဲသို့ ပို၍ တိုးဝင်လာရင်း ‘‘ဆေးထိုးဘူး ဆေးထိုးဘူး’’ဟု အော်လေသည်။
‘‘လာ လာ ဦးဦးက ဆေး မထိုးပါဘူး’’
ဆရာဝန်၏ အသံကြားတော့ နို့ညှာကောင်က ပိုပြီးငိုလေသည်။ မစိန်မြက လက်ပေါ်မှ ကလေးကို ခါးထစ်ခွင်ချီလိုက်ပြီး ကြမ်းပေါ် တွင် ဖင်တရွတ်ဆွဲ ထိုင်ချနေသော နို့ညှာကောင်ကို ကုန်း၍ ဆွဲသည်။ ဆရာဝန်ဆီသို့ တွန်း၍ ပို့သည်။ ဆရာဝန်က လှမ်းဆွဲပြီး နဖူးကို စမ်းကြည့်တော့ ချောင်းတဟွတ် ဟွတ်ဆိုးနေသော နို့ညှာကောင် က ပဋိသန္ဓာရစကားကို ယဉ်ယဉ် ကျေးကျေးလေး ဆိုလိုက်သည်။
‘‘အေရိုးကြီး’’တဲ့။
‘‘ဟ.. ဒီပုဂ္ဂိုလ်လေးက တော်တော်ကြမ်းပါလား’’
သူတို့ရပ်ကွက်ထဲတွင် ဆေး ခန်းလာဖွင့်ထားသည်မှာ တစ်နှစ် ခန့်ရှိပြီဖြစ်၍ ထုသားပေသားရနေ ပြီးဖြစ်သော ဆရာဝန်ကလေးက ခပ်ပြုံးပြုံး မှတ်ချက်ချသည်။
‘‘ကိုယ်က တော်တော်ပူနေ တာပဲ။ ဖျားနေတာ ဘယ်နှရက် ရှိပြီလဲ’’
‘‘သုံးရက်လောက် ရှိပြီ’’
‘‘စောစောက ဘာလို့ မလာ တာလဲဗျာ’’
‘‘လာချင်တာပေါ့ ဆရာ ရယ်။ ဒါပေမဲ့ ပိုက်ဆံက ရှာရသေးတာ’’
မစိန်မြက ခပ်ရှင်းရှင်းပင် ပြောသည်။ ခြိုးခြံရတာ၊ ချွေတာ ရတာ များလာတော့ ကျပ်တည်း ဆင်းရဲသည်ကို မရှက်ချင်တော့။ လူကြားထဲတွင် အော်ပြီး ပြောချင် စိတ်ပင် ပေါက်တတ်သည်။ ထို့အ ပြင် ရိုးရိုးသားသား ဝန်ခံရလျှင် ဆရာဝန်ကလေး သနားပြီး ပိုက် ဆံလျှော့ယူလေမလားဟူသော မျှော်လင့်ချက်လည်း ပါလေ သည်။
‘‘လည်ချောင်းလည်း နာ တယ်ပြောတယ်ဆရာ’’
‘‘ဟုတ်လား.. ကဲသား သား ပါးစပ်ဟစမ်း’’
‘‘ဟဘူး’’
‘‘ခဏလေးပါကွာနော်’’
‘‘ဦးဦးက ဘာမှ မလုပ်ပါ ဘူး။ သားသား အာခေါင်မှာ အရိုး စူးနေလားလို့ ကြည့်ပေးမလို့၊တွေ့လား ဟောဒီမှာ လက်နှိပ် ဓာတ်မီး’’
နို့ညှာကောင်က ဆရာဝန်ကို မယုံမရဲကြည့်ပြီး သူ့ပါးစပ်ကို မဟချင် ဟချင်နှင့် ဟပေးသည်။
‘‘ဟာ နည်းတဲ့ အသီးကြီး မဟုတ်ဘူး။ ဒါကြောင့်မို့ ဖျား တာ’’
ဆရာဝန်ကလေးက နို့ညှာ ကောင်၏ အာခေါင်ကို လက်နှိပ် ဓာတ်မီးလေးနှင့် အသေအချာ ထိုးကြည့်သည်။
‘‘ဟေ့ ချာတိတ်၊ မင်း ဘာ စားသလဲ၊ ဦးဦးကို ပြောစမ်း’’
‘‘ထမင်း’’
‘‘ပြီးတော့ကော’’
‘‘ချံ ပြုတ်’’
‘‘အေး ဆန်ပြုတ်ပြီးတော့ ကော’’
‘‘ရေခဲခြစ်’’
‘‘ရေခဲခြစ် ဟုတ်လား။ နေ့ တိုင်း စားလား’’
နို့ညှာကောင်က ခေါင်းညိတ် သည်။
‘‘ကျွန်မတို့ လမ်းထိပ်မှာ ရေ ခဲခြစ်ဆိုင်ရှိတယ် ဆရာ။ သူတို့ တစ်တွေ အဲဒီမှာပဲ သွားမော့နေ ကြတာ’’
မစိန်မြက ဝင်ဖြေသည်။ သူ့ တို့ လမ်းထိပ်က ကိုလှမောင်တို့ လင်မယားက ရေခဲခြစ်၊ ရေခဲ သုပ် ရောင်းသည်။ ကလေးသား ငယ်မရှိ၍ ကလေးလည်း ချစ် တတ်သည်။ အိမ်က သတ္တဝါလေး များသည် ထိုဆိုင်နားတွင် တဝဲ လည်လည်နှင့် တမော့မော့ရှိ တတ်သည်။ ကိုလှမောင်တို့က ရေခဲခြစ်ကို အလကား မကျွေးနိုင် သော်လည်း ရေခဲခြစ်ပြီး ပါး၍ လွှာသွားသော ရေခဲခြစ်ကလေး များကိုကား အလကားကျွေးတတ် သည်။ နို့ညှာကောင်က ရေခဲခြစ် စုပ်ရလျှင် စုပ်၊ မစုပ်ရလျှင် ထိုရေ ခဲများ ငုံနေရမှ ကျေနပ်သည်။
‘‘ကလေးတွေကို ရေခဲမစား ပါစေနဲ့ အစ်မကြီးရဲ့။ ရေခဲလုပ် တဲ့ရေတွေက သန့်တာ မဟုတ် ဘူး။ နောက်ပြီး ရေခဲခြစ်ဆိုင်တွေ မှာက ဖွဲထဲက ရေခဲတုံးကို ထုတ် ပြီး ရေကလေးတစ်ချက်နှစ်ချက် လောက်သာ ပက်ဆေးတာ’’
ဆရာဝန်ကလေးက နို့ညှာ ကောင်၏ ရင်ဘတ်ကို နားကြပ် နှင့် ထောက်စမ်းသည်။ အသက် ပြင်းပြင်းရှူဟူ၍ ရှူခိုင်းတော့ နို့ ညှာကောင်က အသက်ပြင်းပြင်း ရှူသည်။ လမ်းတစ်လျှောက်လုံး တရှုံ့ရှုံ့နှင့် ရှုံ့သွင်းကာ တယု တယထိန်းသိမ်းလာသော နှပ်များ က ရှူးခနဲ ထွက်ကျလာသည်။ မစိန်မြက ကမန်းကတန်းလှမ်း၍ လက်ညှိုးနှင့် လက်မကို အသုံးပြု ကာ ညှစ်ယူလိုက်သည်။ အကျင့် ပါနေသည့်အတိုင်း ဘေးဘက်သို့ ပက်တော့မည် ပြင်မိသည်။ ဆရာ ဝန်ကလေး တွန့်ခနဲဖြစ်သွားသည် ကို မြင်မှ သူ့လက်ကို တင်ပါးမှ ထဘီစနှင့် ပွတ်သုတ်လိုက်သည်။
‘‘ကလေးရဲ့ အာခေါင်ထဲက အာသီးက ရေခဲနဲ့တွေ့ရင် ရောင် လာတတ်တယ်။ အာသီးခဏ ခဏရောင်ရင်လည်း နှလုံးတို့ ဘာတို့ကို ထိခိုက်တတ်တယ်’’
ဆရာဝန်ကလေးက မစိန်မြ နားလည်စေရန် အရှင်းဆုံးပြော သည်။ ထို့နောက် ဆုတ်ကန်ကန် ရပ်နေသော အကြီးကောင်နှင့် အလတ်မကို လှမ်းခေါ်သည်။
‘‘သူတို့က နေကောင်းပါ တယ် ဆရာ’’
‘‘ဟုတ်ကဲ့ ဒါပေမဲ့ တစ် လက်စတည်း သူတို့ရဲ့ အာသီးကို ကြည့်လိုက်ချင်လို့ပါ’’
ဆရာဝန်လေးက အကြီး ကောင်၏ ပါးစပ်ကို ဟခိုင်းသည်။ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့် သည်။
‘‘သူတို့တွေအားလုံးကို ဘာ လို့ ခေါ်လာသလဲ၊ အိမ်မှာထားခဲ့ လို့ မရဘူးလား’’
‘‘မရဘူး ဆရာ၊ သိပ်ဆော့ တယ်။ ဟိုတစ်ခါတုန်းက ထားခဲ့ တော့ နောက်ဖေးက စည်ပိုင်း ပြတ်ထဲမှာ ဇောက်ထိုးနစ်နေတာ၊ ကံကောင်းလွန်းလို့ မသေတာ ဆရာရေ့’’
‘‘ကိုယ်ခွဲ မရှိတော့လည်း ခက်တယ်ဗျာ။ ကလေးတွေ အဖေကကော’’
‘‘သူတို့ အဖေကတော့ မပြောနဲ့တော့ ဆရာရေ့။ နာမည်က လည်း ကိုရေခဲတဲ့။ ကိုရေခဲဆိုတဲ့ တိုင်း အေးလိုက်တာ စက်လို့။ အိမ်မှာ ဘာဖြစ်ဖြစ် သူက အေးအေးပဲ၊ အခုလည်း အိပ်ကျန်ခဲ့ တယ်လေ’’
‘‘ဩော်’’
မစိန်မြက ဆရာဝန်လေးနှင့် ချက်ချင်းရင်းနှီးသွားသည်။ ဒီလို ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ် သော ဆရာဝန်လေးဆီသို့ ပိုက် ဆံသာရှိလျှင် နေ့တိုင်းလာပြီး ဆေးကုခံချင်သည်။
‘‘ဒီတော့ အစ်မကြီးပဲ တဖား ဖား ဖြစ်နေရတာပေါ့ ဟုတ်လား’’
‘‘ဟုတ်ပါ့ရှင်’’
ဆရာဝန်လေးက အငယ် ကောင်ကလေး၏ အာခေါင်ကိုပါ စစ်ကြည့်သည်။
‘‘သူတို့အားလုံး အာသီး နည်းနည်းစီတော့ ရောင်နေကြတယ်။ ဟို နို့ညှာကလေးကတော့ အဆိုး ဆုံးပေါ့။ အိမ်ရောက်ရင် ရေနွေး ထဲ ဆားရည်ထည့်ပြီး ဆားရည်နဲ့ ပလုတ်ကျင်းခိုင်းပါနော်။ ဆေး လည်း ပေးလိုက်မယ်။ သူတို့ကို တိုက်ပေးပါ’’
မစိန်မြက စိတ်ထဲမှနေပြီး ဘုရား တလိုက်မိသည်။ လေး ယောက်စာ ဆေးပေးမယ်ဆိုလျှင် ငွေတစ်ဆယ်နှင့် လောက်မှ လောက်ပါတော့မည်လားဟု တွေးမိသောကြောင့်ဖြစ်သည်။
‘‘ငွေ.. အဲ.. ငွေကတော့ တစ် ဆယ်ပဲ ပါတယ် ဆရာ’’ မစိန်မြ က စောစောစီးစီး ကြိုပြောသည်။ ဆေးယူပြီးမှ ငွေမပေးနိုင်လျှင် ပိုပြီးရှက်စရာ၊ အားနာစရာ ကောင်းမည်ဟု ထင်သည်။ ဆေး လုံးကလေးများကို ရေတွက်ပြီး စာအိတ်ဖြူကလေးတစ်လုံးစီထဲ ခွဲထည့်ပေးနေသော ဆရာဝန်က လေးက မသိမသာပြုံးသည်။
‘‘ဆေးထိုးဘူးနော်’’
‘‘အေး ထိုးပါဘူးကွ’’
နို့ညှာကောင်က အခုမှ ပြုံး လာသည်။
‘‘ဒါပေမဲ့ ရေခဲခြစ်တော့ မစားရဘူးနော်။ ရေခဲလည်း မငုံရ ဘူး။ ဟုတ်လား’’
‘‘ဘာ ဖစ်ရို့’’
‘‘အာသီးရောင်တတ်တယ် ကွ။ နောက်တစ်ခါ အာသီးရောင် ရင်တော့ အပ်ကြီးကြီးနဲ့ ဆေးထိုး ရမယ် သိလား’’
‘‘အင်း ရေခဲခြစ်ကို ငုံမိတော့ အာသီးရောင်ပြီး ဖျားတတ်တယ် တဲ့။ ငါကတော့ ရေခဲအချစ်ကို ယုံမိလို့ ထဘီပေါင်ပြီး စားရတာ ပေါ့ဟယ်’’
ဆရာဝန်လေး၏ နောက် ဘက်နံရံတွင် ချိတ်ထားသော ကလေးဝဝ လှလှကလေးများ၏ ပုံကို ငေးကြည့်နေရင်း မစိန်မြက စဉ်းစားမိသည်။ နံရံဘက်လှည့် ကာ ကွေးကွေးကလေးအိပ်ရင်း တခူးခူးဟောက်နေမည့် ကိုရေခဲ ၏ အသွင်သဏ္ဌာန်ကို တွေးထင် မြင်ယောင်မိတော့ ဆရာဝန်က လေးက ဆေးထုပ်များ ကမ်းပေး သည်ကို မမြင်မိတော့ချေ။
‘‘ခြောက်ကျပ်ပဲပေးပါ အစ်မကြီး’’
ထိုအသံကိုလည်း မကြား၊ တင်ပါးတစ်ဖက် စောင်းကာ က လေးကို ခါးထစ်ခွင်ကာ ရပ်ရင်း စဉ်းစား၍ ကောင်းနေသည်။
‘‘သူတို့ ရေခဲခြစ်က ခဏပဲ ဖျားတာ။ ငါ့ရေခဲချစ်ကြီးကတော့ တစ်ဘဝလုံးဖားတာ။ ဟွန်း.. ပြောလိုက်ချင်ဘူး ဖားဖားကို လန်လို့ တော်ရေ့’’
-----------------
မစန္ဒာ
၁၉၈၅ ဖေဖော်ဝါရီထုတ် ကလျာအဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။
On Sat, 2017-04-01 06:30Issue No.No.1410 Saturday, April 1, 2017
[ 7Day News Page မှ ကူးယူပါသည်။ 7Day News အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment