Monday, 25 February 2019

#စိန် #ထင်လင်း

#စိန်


#ထင်လင်း 


ကျွန်တော်တို့ အဖေနှင့်အမေဟာ လပိုင်းလောက်သာ ခြားပြီး ကွယ်လွန် သွားကြတဲ့ အချိန်မှာ ကျွန်တော်ရော ကျွန်တော့် မမပါ ငယ်ငယ်ပဲ ရှိကြပါသေးတယ်။ မမက ဆယ်နှစ်၊ ကျွန်တော်က ခြောက်နှစ် ထင်ပါရဲ့။ 


ကျွန်တော်တို့ကို မေမေ့ အစ်ကိုကြီး တစ်ယောက်က အထက်အညာ မြို့ကလေး တစ်မြို့ကို ခေါ်သွားပြီး ကျွေးမွေးပြုစု ပညာသင်ပေး ထားပါတယ်။ 


ဦးကြီးတို့မှာက သားသမီး မထွန်းကားတော့ ကျွန်တော်တို့ကိုပဲ သားသမီးလို မွေးခဲ့ကြရပါတယ်။ ချစ်လည်း အင်မတန် ချစ်၊ အလိုလည်း လိုက်ပါတယ်။ ဦးကြီးရော ဒေါ်ကြီးရော အင်မတန် အေးချမ်းစွာ နေတတ်သူတွေပါ။ 


ဦးကြီးတို့နှင့် အိမ်နီးချင်းတွေ ကတော့ အများအားဖြင့် ကိုယ့်ခြံကလေးနှင့် ကိုယ် အေးအေးချမ်းချမ်း နေကြသူများပါပဲ။ တစ်ဘက်က စက်သူဌေး ဦးစိန်ဘွင့်တိုက်၊ မျက်နှာချင်းဆိုင်မှာက တရုတ်ကုန်သည် ကိုစက်ရှင်။ 


အဲသလို အထဲမှာ ကျွန်တော်တို့အိမ် အရှေ့ဘက်က အိမ်နီးချင်း ကတော့ လူကြီးတွေ နာမည်လည်း ကျွန်တော် မမှတ်မိဘူး။ ကလေးတွေ ဘုစုခရု ရှိပေမယ့် သူတို့ နာမည်တွေလည်း ကျွန်တော် မမှတ်မိဘူး။ အဲဒီအိမ်က ကျွန်တော်တို့ခြံဘက် လာလာ ကစားတတ်တဲ့ မလုံးတင် ဆိုတဲ့ မိန်းကလေးကို ကျွန်တော် မှတ်မိနေပါတယ်။


အဲဒီ မလုံးတင်ဆိုတဲ့ မိန်းကလေးဟာ ကျွန်တော်တို့နှင့် ကစားဖော် ကစားဖက်ပါ။


သူ့ရုပ်သွင်က သိပ် လှလှပပကြီး မဟုတ်ပါဘူး။ သဘောလည်း ကောင်းလှတာ မဟုတ်ပါဘူး။ အသားညိုညို ပိန်ပါးပါးနှင့် သူ့ မျက်လုံးများ ကတော့ အရောင်တောက်တယ် ထင်ပါတယ်။ 


သူ့ကို အရုပ်ဆိုးတယ် ပြောဖို့ကတော့ ခက်တယ်။ ယဉ်တယ်လို့ ဆိုချင် ဆိုလို့ရမယ် ထင်ပါတယ်။ 


ဒါပေမယ့် မလုံးတင်ဟာ နည်းနည်းမှ မယဉ်ကျေးပါဘူး။ ကလေးတုန်းက ကစားရင်း ရန်ဖြစ်ကြရင် သူဟာ ညစ်ညစ်ပတ်ပတ် ဆဲတတ် ဆိုတတ်ပါတယ်။ ကလေးနှင့် မတန်တဲ့ အဆဲမျိုးကိုလည်း သူ တတ်ပါတယ်။ 


မလုံးတင် အမေက ဈေးထဲမှာ ငါးရောင်းပါတယ်။ သူတို့ အဖေက မီးရထား ဘူတာရုံမှာ ကူလီခေါင်းလို့ ပြောသံ ကြားဖူးပါတယ်။ ကျွန်တော် အသေအချာ မသိပါဘူး။ 


ညည မိုးချုပ်ချုပ် မူးပြီး ပြန်လာရင် မလုံးတင်တို့ အမေကို အမျိုးစုံ ဆဲရေးရိုက်နှက်၊ တစ်ခါတစ်ခါ မလုံးတင်တို့ အမေကလည်း  ပြန်ဆဲ ပြန်သတ်နှင့် တစ်အိမ်လုံး ဗြောင်းဆန် နေတာကို ကျွန်တော် တို့က အိမ်နီးချင်း ဆိုတော့ မကြာခဏ ကြားနေကြ ရတာပါပဲ။ 


မလုံးတင်ဟာ အဲဒီ သူတို့ အဖေနှင့် အမေတို့ ရန်ဖြစ်ရာမှာ ဆဲကြ ဆိုကြတာတွေကို အကုန်တတ်ပါတယ်။ ကျွန်တော်တို့နှင့် ကစားတဲ့အခါ သင့်သင့်မြတ်မြတ် ဆိုရင် အင်မတန် အဖော်ရပေမယ့် သူ့စိတ်နှင့် အခန့်မသင့်လို့ ရန်ဖြစ်ကြပြီ ဆိုရင် သူ အမျိုးစုံ ဆဲတာကို ခံရတတ်ပါတယ်။ 


အဲသလို အဆဲခံရပြီ ဆိုရင် ကျွန်တော်တို့မှာ ရှက်လွန်းလို့ အိမ်ထဲက မထွက်ဝံ့ကြပါဘူး။ ကျွန်တော်တို့ကို ဆဲနေတာ ဆိုတာ လူသိသွားမှာ ရှက်တာနှင့် ဘာမှလည်း ပြန်မပြောဝံ့ပါဘူး။ ရပ်ပါစေတော့ တော်ပါစေတော့လို့ ဆုတောင်းရုံပဲ တတ်နိုင်ပါတယ်။ 


မလုံးတင်ဟာ အပျိုပေါက်ကလေး ဖြစ်လာတော့ ညိုညိုညက်ညက် မျက်လုံး တောက်တောက်နှင့် အတော်ကလေး ကြည့်စရာ ရှုစရာ ကောင်းလာသလိုပါပဲ။ ငယ်ငယ်ကလောက် မဟုတ်ပေမယ့် ဆဲတော့ ဆဲတုန်းပါပဲ။ 


သူနှင့် ကျွန်တော် အသက်ချင်း သိပ် မကွာလှပါဘူး။ သူက ကြီးလှ တစ်နှစ်ပါပဲ။ ဒါပေမယ့် သူက ကျွန်တော့်ကို “ဟဲ့ ကောင်လေး” လို့ ခေါ်ပါတယ်။ နင်နှင့် ငါနှင့် ပြောပါတယ်။ ကျွန်တော်က သူ့ကို “မလုံးတင်” လို့ ခေါ်ရတယ်။ ခင်ဗျား ကျွန်တော်နှင့် ပြောရတယ်။ 


ကျောင်းက သူငယ်ချင်း မိန်းကလေးတွေနှင့် ဆိုတာ တစ်နှစ် နှစ်နှစ် ကြီးတာ ငယ်တာ အကြောင်း မဟုတ်ပါဘူး။ နင်နှင့် ငါနှင့် ပြောနေကြတာပါပဲ။ 


ကျွန်တော် တစ်ဆယ့်ခြောက်နှစ်သား အင်္ဂလိပ်ကျောင်းမှာ ဆယ်တန်း ရောက်တော့ မလုံးတင်က သူ့အမေနှင့်အတူ ဈေးထဲမှာ ငါးရောင်း နေပါပြီ။ 


ကျွန်တော်ကလည်း အစမှာ မမတို့၊ ဦးကြီးတို့ မသိအောင် စီးကရက် သောက်တတ်နေတော့ မလုံးတင်က ကျွန်တော့်အတွက် ဈေးထဲက ပိုလိုစီးကရက် ဝယ်ဝယ်လာပေး တတ်ပါတယ်။ 


“နင် ပိုလို သောက်နေတာ ကြည့်ရတာ သိပ် စတိုင်ဖြောင့်တယ် ဟယ်။ နင် ပိုလိုသောက်တာ ကြည့်ချင်လို့ ငါ ဝယ်လာတာ” လို့ ပြောလေ့ရှိတယ်။ 


အဲဒီတုန်း ပိုလိုတစ်ဘူး ဆယ်ပြား။ 


ကျွန်တော်ကလည်း ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား လူပေ လူတေအခန်း ပြတဲ့အခါ စီးကရက်ခဲပြီး ဖဲဝေတာတို့၊ စီးကရက် လက်ကြားညှပ်ပြီး ဖဲ ကုလားဖန် ထိုးတာတို့ လုပ်တတ်နေတယ်။ 


နောက်ပိုင်း ကျွန်တော် စီးကရက် သောက်တာကို ဦးကြီးတို့၊ ဒေါ်ကြီးတို့၊ မမတို့ သိသွားပေမယ့် ဘာမှ မပြောတော့ပါဘူး။ “နည်းနည်း သောက်” လို့ ပြောပြီး ခွင့်ပြု ထားကြပါတယ်။ 


အဲဒီအခါမှာလည်း ကျွန်တော့်အတွက် စီးကရက်ကို မလုံးတင်ကပဲ ဝယ်ဝယ် ပေးနေပါတယ်။ 


မလုံးတင်ကို နှုတ်ကြမ်း အာကြမ်းမို့ ကြောက်ပေမယ့် ခင်တော့ အခင်သားပါပဲ။ မမကတော့ ကျွန်တော် အဲသလို မလုံးတင်နှင့် အရောတဝင် နေတာကို သိပ် မကြိုက်ပါဘူး။ သူနှင့်လည်း ခင်မင်သလို ဖြစ်တော့ ဘာမှတော့ မပြောဘူး။ 


နောက်တော့ ကျွန်တော်ဟာ မလုံးတင် အကြောင်းပဲ စဉ်းစား နေမိတယ်။ မလုံးတင်ကိုပဲ တွေ့ချင် မြင်ချင်နေတယ်။ မလုံးတင် အတွက်ရယ်လို့ မဟုတ်ပေမယ့် သူ့ကို အောက်မေ့ရင်း ကဗျာလင်္ကာတွေ ရေးတတ်လာတယ်။ 


ဒါပေမယ့် ကျွန်တော်က ငယ်ငယ်က အင်မတန် ကြောက်တတ်တော့ သူ့ကို ဘာမှ မပေးဖြစ်ခဲ့ဘူး။ ကျွန်တော် ကြောက်တာက မလုံးတင်ကိုသာမက သူ့အဖေနှင့် အမေကိုပါ ကြောက်နေတာ ဖြစ်ပါတယ်။ 


တစ်နေ့တော့ မလုံးတင်တို့ အမေဟာ အိမ်ထဲကနေပြီး အော်ကြီးဟစ်ကျယ် ဆဲဆိုနေတဲ့ အသံကို ကြားကြရပါတယ်။ သူ ဆဲနေတာတွေက မကြားဝံ့ မနာသာတွေ ဆိုတော့ အိမ်နီးချင်းတွေ ကလည်း ဘယ်သူမှ ဘာမှ ဝင်မပြောရဲ၊ မမေးရဲကြပါဘူး။ 


အဲဒီ အချိန်တွေမှာ မလုံးတင် ကျွန်တော်တို့ခြံဘက် ကူးလာလို့ မမက ခပ်တိုးတိုး ခေါ်မေးတော့ မလုံးတင်က ဣနြေ္ဒမပျက် ခပ်တည်တည်ပဲ “အဖေ မယားငယ် ယူသွားလို့” လို့ ပြောပါတယ်။ 


သူ့မှာတော့ ဘာမှ မထူးခြား သလိုပါပဲ။ ကျွန်တော်တို့ အဖို့တော့ သူတို့အိမ်က လူတွေကို အံ့ဩပြီးရင်း အံ့ဩရင်းပါပဲ။ 


နောက်ပိုင်းမှာ မလုံးတင်တို့ အဖေကို မတွေ့ရတော့ပါဘူး။ 


သူတို့ အမေဟာ ဆဲစရာ ဆိုစရာ လူမရှိတော့လို့ အော်ကြီး ဟစ်ကျယ် ရပ်ကျော်ရွာကြား မလုပ်တော့ ပေမယ်လို့ သူ့ကလေးတွေကို စိတ်တိုင်းမကျတဲ့ အခါမျိုးမှာတော့ ဖေနှင့် မောင်နှင့် ကိုင်ဆဲပြီး ပြောလေ့ ရှိပါတယ်။ ရယ်ရယ်ဟားဟား ပြောတဲ့ စကားတွေ ထဲမှာတောင် ပါနေတတ်ပါတယ်။ 


အဲသလို ဆူဆူညံညံ မဟုတ်တဲ့ ဆဲသံဆိုသံ ကလေးတွေ ကြားကြား နေရရာက အတော်ကလေး နားယဉ်လာတော့ တစ်နေ့မှာ မလုံးတင်တို့ အမေဟာ သူ့သားသမီးတွေကို အော်ကြီးဟစ်ကျယ် ဆဲနေတဲ့ အသံကို ကြားလိုက်ကြရ ပြန်ပါတယ်။ 


“ငါမွေးထားလို့ လူဖြစ်နေတဲ့ အကောင်တွေ။ နင်တို့ကို မီးတွင်းကတည်းက ညှပ်သတ်ပစ်ခဲ့ဖို့ ကောင်းတာ။ နင်တို့ကို မွေးရတာ ငါ့မှာ” 


ဘာဖြစ်ရုံပဲ ညာဖြစ်ရုံပဲနှင့် စုံလို့ပါပဲ။ 


အဲသလို အော်ကျယ် အော်ကျယ် ဖြစ်လာပြန်တော့ တစ်ခုခုတော့ ထူးခြားပြီလို့ ထင်ရပါတယ်။ 


နောက် တစ်ရက်နှစ်ရက် ကြာတော့ သူတို့အိမ်ကို လူသစ်တစ်ယောက် ရောက်လာတာ တွေ့ရပါတယ်။ ဈေးထဲမှာ ကူလီ လုပ်နေတဲ့ ကိုချစ်ခ ဆိုတဲ့လူလို့ မမက ပြောပါတယ်။ 


မလုံးတင်တို့ အမေထက် ငယ်ပုံရပေမယ့် သူလည်း ခပ်ကြမ်းကြမ်း ပါပဲ။ ညနေဘက် ဆိုရင် အရက်မူးပြီး ယိုင်ထိုး ယိုင်ထိုးနှင့် အိမ်ပြန် လာတာကို မြင်ရတတ်ပါတယ်။ 


သူရောက်စမှာ သိပ် ဆဲသံဆိုသံ မကြားရပေမယ့် နောက်ပိုင်းမှာတော့ အလျင်က ပုံစံမျိုး ဆဲဆို ရန်ဖြစ်ကြတဲ့ အသံတွေ ပြန်ပေါ် လာပြန်ပါတယ်။ တစ်ခါတလေလည်း အဲဒီ ကိုချစ်ခ ဆိုတဲ့လူ မူးမူးနှင့် သီချင်းဆိုနေတဲ့ အသံမျိုးကိုပါ ကြားရတတ်ပါတယ်။ 


အဲသလို သီချင်း ဆိုရာကနေပြီး ဝုန်းဒိုင်း ထ ရန်ဖြစ်ချင် ဖြစ်ကြပြီး ဆဲသံ ဆိုသံတွေ မိုးမွှန် နေတာမျိုးလည်း ကြုံရတတ်ပါတယ်။ တကယ့် စိတ်ညစ်စရာ မိသားစုပါပဲ။ 


ဒါထဲက ကျွန်တော် မလုံးတင် တစ်ယောက်ကိုတော့ ခင်မင်လျက်ပဲ။ မလုံးတင်ဟာ တစ်ခါတစ်ခါ ကျွန်တော်တို့ဆီ လာပြီး “ငါလည်း စိတ်ညစ်တယ် ဟယ်။ ဘယ်သွား နေရမှန်းလည်း မသိဘူး” လို့ ညည်းတတ်ပါတယ်။ 


ကျွန်တော်က နားမလည်ပါဘူး။ သူတို့အိမ်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ မသိပေမယ့် ခါတိုင်းလည်း ဒီလိုပဲလို့ အောက်မေ့ နေတာကိုး။ ဒါပေမယ့် ခါတိုင်းလို မဟုတ်တာကို ကျွန်တော် သတိမထားမိဘူး။ 


တစ်နေ့တော့ သူတို့အိမ်ဘက်က ဆဲသံဆိုသံတွေ မလာခင် ဝုန်းဒိုင်း အသံတွေ ကြားရပြီး “အမာလေးဗျာ။ သေပါပြီ” ဆိုတဲ့ ကိုချစ်ခရဲ့ အသံ ကြားလိုက်ရပါတယ်။ ပြီးတော့ ပြေးကြ လွှားကြတဲ့ အသံတွေပါ ကြားရတယ်။ 


ကျွန်တော်လည်း စာကျက်နေရာက နားစွင့် နေမိလိုက်တယ်။ ခဏကြာတော့ ကျွန်တော် စာကျက်နေတဲ့ အခန်း ပြတင်းပေါက်နား မလုံးတင် ရောက်လာပြီး ကျွန်တော့်ကို လက်ယပ်ပြီး ခေါ်တယ်။ 


ကျွန်တော် သူ့ဆီ ထသွားတော့ သူက သူ အထဲကို ဝင်ခဲ့ချင်တယ် ဆိုတာကို လက်ဟန် ခြေဟန်နှင့် ပြတော့ ကျွန်တော်လည်း သူလှမ်းပေးတဲ့ လက်နှစ်ဖက်ကို ဆွဲပြီး တင်ပေးလိုက်တယ်။ 


ကျွန်တော်က သူ့ကို “ဘာဖြစ်လို့လဲ” လို့မေးတော့ သူက အသာ လက်ကာပြပြီး ကျွန်တော့် အိပ်ရာရှိတဲ့ ထောင့်ဘက်ကို သွားပြီး ကွယ်နေတယ်။ 


ခဏကြာတော့ သူ ကျွန်တော့် အိပ်ရာပေါ် တက်၊ ခြင်ထောင် ဆွဲချ၊ စောင်ဆွဲခြုံလိုက်ပြီး အိပ်နေတော့တယ်။ 


ကျွန်တော် ဘာမှ နားမလည်ဘူး။ သူ့နားလည်း မကပ်ရဲဘူး။ သူ့ကို ပြတင်းပေါက်က ဆွဲတင်လိုက်တဲ့ အချိန်ကစပြီး ကျွန်တော့် ရင်တွေလည်း ခုန်နေတယ်။ တစ်ကိုယ်လုံးလည်း တုန်နေတယ်။ 


ကျွန်တော့်အိမ်က လူတွေ သိကုန်မှာလည်း စိုးတော့ ကျွန်တော်လည်း ငြိမ်နေရတယ်။ မလုံးတင်က ခိုင်းလို့ ပြတင်းပေါက်ကိုလည်း ပိတ်ထားလိုက်တယ်။ ခဏနေတော့ “ဟဲ့ မိလုံး၊ လာခဲ့။ အခုချက်ချင်း ပြန်ခဲ့” ဆိုတဲ့ သူ့အမေ ဒေါသနှင့် ဆဲဆိုပြီးခေါ်တဲ့ အသံကို ကြားလိုက်ရ ပါတယ်။ မလုံးတင်က မလှုပ်ပါဘူး။ 


ကျွန်တော့်မှာတော့ ရင်တထိတ်ထိတ် ပါပဲ။ 


အခုနေ ကျွန်တော့် အခန်းထဲ မမများ ဝင်လာလို့ ကျွန်တော့် အိပ်ရာပေါ် မလုံးတင် ခြင်ထောင်ချပြီး စောင်ခြုံ အိပ်နေတာ တွေ့သွားရင် ဘယ်လိုများ နေမလဲ။ 


ဟိုဘက်အိမ်က ဆဲသံဆိုသံကို မမလည်း ကြားမှာပါပဲ။ ဒါပေမယ့် သူတို့လည်း ငြိမ်ပြီး နားထောင် နေကြဟန် တူပါတယ်။ 


ကံအားလျော်စွာ မလုံးတင်တို့ အမေ နောက်ထပ် ဆဲသံခေါ်သံ မကြားရတော့ဘဲ အားလုံး တိတ်ဆိတ် သွားပါတယ်။ 


ကျွန်တော့်မှာတော့ ဒုက္ခက မအေးသေးပါဘူး။ ခြင်ထောင်ကို မပြီး ခုတင်ဘေးမှာ ခြေတွဲလွဲ ချထိုင်လိုက်တယ်။ နောက် သူ့လုံချည် အောက်နားက တစ်ထွာလောက် ပြဲနေတာကို ငုံ့ပြီး ကိုင်ကြည့်ရာက ကျွန်တော့်ကို မော့်ကြည့်ပြီး ပြုံးပြတယ်။ 


ပြီးနောက် သူ့မျက်နှာဟာ ချက်ချင်း မဲ့ရွဲ့လာပြီး “နောက်တစ်ခါ ဒါမျိုးလုပ်ရင် သေအောင်ကို သတ်မယ်။ မိလုံးကို ဒါမျိုးစမ်းလို့ ဘာရမလဲ” လို့ ဆိုပါတယ်။ 


ကျွန်တော်က ဘာမှ နားမလည်သလို သူ့ကိုပဲ ငေးကြည့် နေတော့မှ သူက သူ့ပထွေး ကိုချစ်ခက သူ့ကို ဗလက္ကာယ လုပ်လို့ သူက ရုန်းကန်ပြီး ဒူးနှင့် ချက်ကောင်းကို ပစ်တိုက် ထားခဲ့တာ ပက်လက်လန် လဲကျနေရစ်တဲ့ အကြောင်း ပြောပြပါတယ်။ 


ကျွန်တော် အတော် ကြောက်လန့် သွားပါတယ်။ မလုံးတင်ရဲ့ သတ္တိကိုလည်း စိတ်ထဲက ချီးမွမ်းလျက်ပါပဲ။ 


“အခု ဘယ်လို လုပ်မလဲ။ ဒါဖြင့်” 

“ငါလည်း ဘာလုပ်ရမှန်း မသိဘူးဟယ်။ မနက်ကျမှ ကြည့်လုပ်ရမှာပဲ။ စိတ်ညစ်တယ်” 


မလုံးတင်က အဲသလို ခပ်တိုးတိုး ညည်းတော့ ကျွန်တော့် ရင်ထဲမှာ ပိုလေး လာပါတယ်။ အခု ဘာလုပ်ရမှန်း မသိဘူး။ 


မနက်ကျမှ ကြည့်လုပ်မယ် ဆိုတော့ သူ ဒီည ဘယ်သွားနေမလဲ။ လာကတည်းကိုက သူ ကျွန်တော့် အခန်းမှာ ပုန်းနေဖို့ ဆိုတော့ ဒီမှာပဲများ တစ်ညလုံး နေလေမလား။ 


ကျွန်တော့်အိမ်က လူတွေဟာ အိပ်ပျော် သွားကြဦးမယ် မဟုတ်ဘူး။ ဒါပေမယ့် သူတို့အိပ်တဲ့ အခန်းနှင့် ကျွန်တော့် အခန်းက ကြားထဲမှာ ဧည့်ခန်းတစ်ခန်း ခြားသေးတော့ တိုးတိုးပြောရင် ကြားမယ် မဟုတ်ပါဘူး။ 


ဒါနှင့် ကျွန်တော် လက်ညှိုးနှင့် ပါးစပ်ကို ထောင်ပိတ်ပြီး တိုးတိုးတိတ်တိတ် နေဖို့ မလုံးတင်ကို ပြလိုက်တော့ မလုံးတင်က ပြုံးပြီး ခေါင်းညိတ်ပြတယ်။ 


ကဲ၊ အဲသည်လို ဆိုတော့ ကျွန်တော်နှင့် သူဟာ အလိုတူ အလိုပါ  ကြံရာပါတွေ ဖြစ်သွားပြီ ဆိုတာ ကျွန်တော် နောက်မှ စဉ်းစားမိပါတယ်။ ဒုက္ခပါပဲ။ 


ကျွန်တော်ဟာ မိန်းမဆိုရင် အင်မတန် ကြောက်တတ်ပါတယ်။ သူတော်ကောင်းတွေ ကြောက်သလို ကြောက်တာတော့ မဟုတ်ဘူး။ မိန်းမတစ်ယောက်နှင့် ချစ်ရေးခင်ရေး ပြေလည်ဖို့ ဆိုရင် ဘယ်ကစပြီး ဘာပြောလို့ ဘယ်လို စခန်းသွားရမယ် ဆိုတာ မသိပါဘူး။ 


သွားစလို့ သဘောကျရင် တော်တော်ရှိရဲ့။ သဘောမကျလို့ အော်ကြီးဟစ်ကျယ် ဆဲလိုက်ရင်၊ အော်လိုက်ရင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး။ အဲသလို ကြောက်တာပါ။ 


ကိုယ့်စိတ်ဆန္ဒက ဘယ်လိုပဲ နှိုးဆော် နှိုးဆော်၊ လက်က နှုတ်က ရဲရဲတင်းတင်း မပါရဲပါဘူး။ အခုလည်း ကျွန်တော့်စိတ်တွေ လှုပ်ရှား နေပေမယ့် ကျွန်တော့် စာကြည့်စားပွဲက တစ်လက်မမျှ မရွှေ့ရဲပါဘူး။ 


အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း ကိုကျော်စိန်ကြီး တစ်ခါက အိမ်မှာ ဘယ်သူမှ မရှိတုန်း သူ စာကျက်နေတဲ့ အခန်းထဲကို တစ်ယောက်တည်း ရောက်လာတဲ့ သူတို့ရဲ့ အိမ်နီးချင်း အပျိုမကလေး တစ်ယောက်ကို လက်ရဲဇက်ရဲ ဖက်နမ်း လိုက်တာက စပြီး ချစ်ရေး ခင်ရေး ပြေလည် သွားလိုက်တာ ကလေးတစ်ယောက် ရလို့ သူ ကျောင်းဆက် မနေရတော့ဘဲ အဲဒီမိန်းမနှင့် ယူလိုက်ရတဲ့ အထိပဲလို့ ပြောပြ ဖူးတာကို ကျွန်တော် သတိရ နေပါတယ်။ အာဂလူ ပါပဲ။ 


ကျွန်တော်ဟာ သူ့လို လက်ရဲဇက်ရဲ မဟုတ်ပါဘူး။ စိတ်ထဲကတော့ သူပြောသလို လုပ်ချင်လျက် ပါပဲ။ 


ဒါပေမယ့် လက်က မရဲတော့ ဒီလိုနှင့်ပဲ ကျွန်တော်က ကျွန်တာ့် စားပွဲမှာ ထိုင်လျက် မလုံးတင်က ကျွန်တော့် အိပ်ရာပေါ်မှာ အိပ်လိုက် ထိုင်လိုက်နှင့် စကားကို လေသံ တိုးတိုးနှင့် ပြောကြရင်း မနက် လင်းအားကြီး အချိန်ကျမှ မလုံးတင်ဟာ သူလာခဲ့တဲ့ လမ်းအတိုင်း ပြတင်းပေါက်က ကျော်ဆင်းပြီး သူ့အိမ် သူ ပြန်သွားခဲ့ပါတယ်။ 


ဒီကိစ္စက ဒီမှာတင် ပြီးသွားဖို့ပါပဲ။  


( ဇာတ်သိမ်းဆက်ရန်)👇👇👇

No comments:

Post a Comment