" နွေမိုးစက် "
=======
#လင်္ကာရည်ကျော်
(၁)
ကသုတ်ကရက် ပြေးတက်သွားသည်ကို ငဲ့၍ ငုံ့အကြည့်တွင် ဖြူဝင်းသော ခြေဖမိုးကလေးပေါ် ရွှံ့စက်ကလေးများကို မြင်လိုက်မိသည်။
ကတ္တီပါ သဲကြိုးပြာကလေးမှာပါ ရွှံ့ရည်တို့ စိုနေသည်။
မိုးသက်လေအဝေ့တွင် လွင့်ပါနေသော ဆံနွယ်လေးများအကြားမှ သနပ်ခါးပါးပါးကလေး တင်ထားသော မျက်နှာကလေးကို အားတုံ့အားနာ မော့ကြည့်မိတော့ ရယ်ကျဲကျဲ မျက်နှာကလေးဖြင့် ဘာကြည့်နေတာလဲဟု ပြန်မေးသည်။
လေနောက်တစ်ချက်အဝေ့တွင် မိုးစက်ကလေးများ ခပ်ပါးပါး ခုန်ပေါက်တွဲခို ပါဝင်လာကြသည်။
ရွာတော့မယ်...ကိုရေ။ ဒီတစ်စီးတော့ ရအောင်လုတက်ကြရအောင် ဟု စိတ်ပူသော မျက်နှာကလေးနှင့် ပြောသည်။
နွေလယ်ခေါင် မထင်မှတ်ဘဲ ရွာချခဲ့ပြီး နောက်ထပ်လည်း ရွာမည့်ဟန်ပြင်နေသော မိုးကြောင့် ဘတ်စ်ကားဂိတ်တွင် လူစည်ကားနေသည်။
ဟိုင်းလတ်စ်ကားတစ်စီးက လမ်းဘေးရေအိုင်တွေကို ဘီးတစ်ဖက်နင်းချရင်း ဝင်လာသည်။ ရေစဉ်မည်ကို နောက်ဆုတ်ရှောင်သော လူအုပ်ကြီးကို ထိုးဖောက်၍ နှစ်ဦးသား ကားဘက်ပြေးခဲ့ကြသည်။
အလယ်ခုံနှစ်ခုံရတော့ အားရဝမ်းသာ ရယ်မောသည့် မျက်နှာကလေးကို ၁၅ နှစ်တိတိ ကြာသည့်တိုင် သူ့မျက်စိထဲကမထွက်။
(၂)
၁၅ နှစ်တာကာလအတွင်း ဒီဘတ်စ်ကားဂိတ်ကလေးက သိသိသာသာ ပြောင်းလဲသွားသည်။
ဖိုင်ဘာထိုင်ခုံအတွဲကလေးတွေ ပေါ်လာသည်။ ပေါင်းမိုးအကုတ်ကလေး ပေါ်လာသည်။ သို့သော် ကားစောင့်သော လူအုပ်ကြီးကတော့ လျော့မသွား။ ဒီတော့ ထိုင်ခုံတွေဘေး၊ ပေါင်းမိုးဘေးတွင် လူတွေ လျှံနေဆဲ။
ဟိုင်းလတ်စ်ကားကလေးများလည်း ရှိနေဆဲ။ ဘတ်စ်ကားကြီးများလည်း ယခင်ပုံစံအတိုင်း...တစ်ခုတော့ရှိသည်။ တစောင်းကြီး လိမ့်နေသော ကားကြီးများကိုတော့ မတွေ့ရတော့။
နောက်ကျသော သင်္ကြန်မိုးလက်ချက်နှင့် ကားလမ်းဘေးတွင်လည်း ရွှံ့ရေအိုင်များရှိနေကြသည်။ ကားများဝင်လာလျှင် လူအုပ်ကြီးက နောက်သို့ ဆုတ်ဆုတ်ရှောင်နေကြသည်ကိုကြည့်ရင်း တစ်ချိန်က ဒီမှတ်တိုင်၊ဒီနေရာကလေးတွင် ချစ်သူနှင့် မကြာခဏ ကားစောင့်ဖူးသည်ကို သူပြန်ပြောင်း သတိရနေမိသည်။
ယခုတော့ ဒီမှတ်တိုင်ကို မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ရှိ ပထမထပ် လေအေးစက်တပ် ရုံးခန်းပြတင်းပေါက်မှ ငုံ့ကြည့်နေရင်းက ရွှံ့မစဉ်တာကြာပြီဖြစ်သော ကိုယ့်ခြေထောက်ကို ကိုယ် ယောင်ယမ်း၍ ကြည့်မိပြန်သည်။
မှတ်တိုင်ဆီ ပြန်လှည့်ကြည့်လိုက်တော့ လူအုပ်ထဲတွင် 'မြသွေးရည်'ကို လှမ်းမြင်ရသည်။ အသက် ၂၀ အရွယ် စာရင်းကိုင်မကလေး။
ဣနြေ္ဒရ တည်ကြည်ပြီး အလုပ်ကြိုးစားသူကလေးမို့ သူ့ကုမ္ပဏီတွင် သူ့သမီးရင်း နှမရင်းကဲ့သို့ သူ ချစ်ခင်အလေးပေးထားသူလေး။ အမှန်တော့ အတွင်းရေးမှူးမကလေးဟု ခေါ်လျှင်ပင် မမှားနိုင်။ သို့သော် မိန်းကလေးက ရုပ်ရည်လှပလွန်းနေသည်။ မိန်းမကိစ္စနှင့် ပတ်သက်၍ ဘာနာမည်ပျက်မှ မရှိသူ၊ သူ့လို ကုမ္ပဏီပိုင်ရှင်ပင်လျှင် အတွင်းရေးမှူး ချောချောလှလှကလေးတစ်ဦး ခန့်ထားလိုက်လျှင် တီးတိုးတီးတိုးအသံတို့ ထွက်လာနိုင်သည်ကို သူက ကြို၍ စိုးရိမ်ထားသည်။
ယခုပဲကြည့်လေ။
ကလေးမကလေး ရုံးအဆင်းတွင် မထင်မှတ်ဘဲ ရွာလိုက်သောမိုးကြောင့် ကားရဖို့ အခက်အခဲဖြစ်နေပြီကို သူ မြင်နေရသည်။ ကိုယ့်လုပ်ငန်းအပေါ် စေတနာရှိသော ကလေးမို့ တစ်ခါတစ်ရံ ကိုယ့်ကားနှင့် လိုက်ပို့ပေးလိုသော စေတနာလည်း ရှိသည်။ ကားကလည်း အောက်မှာ အဆင်သင့် ရပ်ထားသည်။
ခက်တာက ကလေးမကလေးက မြန်မာ ဗီဒီယိုကားတို့တွင် မကြာခဏ ပါလေ့ရှိသော ကုမ္ပဏီဝန်ထမ်း အပျိုမလေးများလို ချောချောငယ်ငယ်ကလေးဖြစ်နေပြီး သူကတော့ ထိုကားများထဲတွင် မကြာခဏ ထိုအပျိုမကလေးများ၏အိမ်ကို ကားမောင်း၍ ပို့ပေးနေကျ သူဌေးကြီးများလို အသက် ၃၀ အရွယ် လူပျိုကြီး မဟုတ်။ အသက် ၄၀ အရွယ် အိမ်ထောင်ရှင်တစ်ဦး ဖြစ်နေသည်။ မသင့်တော်နိုင်ဟု သူ ထင်သည်။
ကိုယ့်အတွေး ကိုယ်သဘောကျစွာ ရယ်မိရင်း မသိမသာ စူထွက်စပြုနေပြီဖြစ်သော ကိုယ့်ဗိုက်ကို ကိုယ်ငုံ့ကြည့်မိသည်။ အိမ်က မိန်းမကပင်လျှင်...ရှင် စိတ်လျှော့လိုက်တော့။ လေ့ကျင့်ခန်းစင်တာလည်း သွားမနေနဲ့တော့။ ကျွန်မ နောက်တစ်ခါ ဘောင်းဘီဝယ်ရင် ခါး ၃၃ ပဲ ဝယ်တော့မယ် ဟု မကြာခဏ ပြောနေသေးသည်။ ယခုတော့ မိုးရွာတာကို ကြည့်၍ အတွေးနယ်ချဲ့ရင်းက ကိုယ့်ကိုယ်ကိုယ် မြန်မာဗီဒီယို ဇာတ်ကားများထဲမှ မင်းသားများနှင့်ပင် နှိုင်းမိသေးတော့။ ဇာတ်ရံမိဘခန်း သရုပ်ဆောင်သူတွေနဲ့ နှိုင်းစဉ်းစားရမယ့် အရွယ်ကများ။
'မင်းလွင်မိုး'ရှိလျှင်လည်း အကောင်းသား။
မင်းလွင်မိုး ဆိုသည်က သူ့ရုံးက 'အိုင်တီ' ပညာရှင်ကလေး ဖြစ်သည်။
အိုင်တီပညာရှင်ဟု ဆိုသော်လည်း လေ့လာသင်ယူဆဲ လူငယ်တစ်ဦးမို့ လခတော့ သိပ်များများမပေးနိုင်သေး။ ကောင်ကလေးကလည်း အလုပ်မကတ်သတ်တတ်။ တခြားကုမ္ပဏီကိစ္စ၊ နောက်ဆုံး အိမ်က ကလေးကျောင်းသွားကြိုပေးပါဆိုလျှင်ပင် မငြင်းတတ်။ ဒီတော့ ဒီကောင်ကလေးကိုလည်း သူ သံယောဇဉ်ရှိသည်။ ရှင်းရှင်းပြောရလျှင် ဒီကောင်ကလေးနှင့် ဒီကောင်မလေးကို သူ့စိတ်ထဲက ကြိတ်၍ပင် သဘောတူနေသေးသည်။ လိမ္မာတာ၊ အရွယ်တူတာ...ဒါလေးတွေကလည်း ညီမျှသည်လေ။
ကောင်ကလေးကတော့ ကောင်မလေးကို အရူးအမူး စွဲလမ်းနေရှာသည်ကတော့ သေချာသည်။ တစ်ရုံးလုံးလည်း သိနေပြီ။ ကောင်မကလေးကလည်း တစ်ရုံးတည်းသား လူပျိုရွယ်များအားလုံးထဲမှာတော့ ကောင်ကလေးကို ပို၍ ရင်းနှီးသည်။ တစ်ခါတလေ ကောင်ကလေးအတွက် အိမ်ကဟင်း ပိုထည့်လာတာတို့ ဘာတို့...ကောင်ကလေးအတွက် ရင်ခုန်စရာကလေးတွေပင်ရှိသည်။ ဒီတော့ တစ်ရုံလုံးက အချိန်မတန်သေးလို့သာ။ အချိန်တန်ရင်တော့ သူတို့နှစ်ဦး ချစ်သူဖြစ်သွားလိမ့်မည်ဟု တွက်ထားကြသည်။
ခက်သည်က ကောင်ကလေးက ဖွင့်ပြောသေးဟန် မတူ။ ချို့တဲ့သော သူ့ဘဝကြောင့် ကောင်မလေးကို အားနာနေဟန်တူသည်။ ကောင်မကလေးကလည်း ပြည့်စုံလှသည်မဟုတ်တော့ အတူတူသာဆိုလျှင် သူတို့ကလေးတွေ အတော်ရုန်းကြရဦးမည်။ သူ့သဘောကတော့ ရုန်းပေါ့...ဘာဖြစ်လဲ။ နီးစပ်ကြစေချင်သည်။
ဒါကြောင့်လည်း မင်းလွင်မိုးရှိလျှင် ကောင်းမည်ဟု ပြောရခြင်းဖြစ်သည်။ မင်းလွင်မိုးသာ ရှိလျှင် သူ့ ကားသော့ ပေးလိုက်မည်။ မြသွေးရည်ကို တောင်ဥက္ကလာ အဒေါ်အိမ်အထိ လိုက်ပို့ပေးလိုက်ဟု သူ ခိုင်းမိမည်မှာ အမှန်ပင်။
ခုတော့ သူက မင်းလွင်မိုးကို မန္တလေး ခဏ လွှတ်ထားမိသည်။
အလို...
မြသွေးရည် လူအုပ်ထဲက တစ်ယောက်တည်း တိုးထွက်လာပါကလား။
ဪ...လင်ခရုဆာ ကားအဖြူတစ်စီးလည်း ကားဂိတ်ရှေ့မှာ ထိုးရပ် လိုက်တာကိုး။ တစ်ယောက်ယောက်က ကားထဲမှနေ၍ လှမ်းစကားပြောနေဟန်တူသည်။ မြသွေးရည်က ခေါင်းကလေး ငုံ့ကာ ကားပြတင်းဝဘက်သို့ စကားပြောနေသည်။
ဒီကား မြင်ဖူးပါတယ်။
ကားဘေးမှာ မြင်းရိုင်း အုပ်ကြီး ပြေးလာဟန် စတစ်ကာကပ်ထားသည်။ ဟုတ်တာပေါ့။ ကိုစောလွင်ရဲ့ ကားပဲ။ ကိုစောလွင် ကောင်မလေးကို လိုက်ပို့ပေးဖို့ ခေါ်နေဟန်တူသည်။
ကိုစောလွင်ဆိုသည်က သူနှင့် စီးပွားရေးအတူလုပ်ရင်း ခင်မင်ခဲ့ကြသည့် လုပ်ငန်းရှင်တစ်ဦး။ အသက်က လေးဆယ်မပြည့်တတ်သေး။ ဂေါက်သီးမှန်မှန်ရိုက်သဖြင့် အသားညိုသော်လည်း အားကစားသမားကိုယ်ဟန်ရှိသည်။ သူနှင့်စာလျှင် ကိုစောလွင်ကမှ စောစောက တွေးမိသော မြန်မာဗီဒီယိုဇာတ်ကားတွေထဲက ကုမ္ပဏီပိုင်ရှင်တွေနှင့် ပို၍တူမည်။ သို့သော် သူလည်း လူပျိုကြီးတော့ မဟုတ်။ တစ်ခုလပ် ဖြစ်သည်။ နိုင်ငံခြားသို့ မိန်းမနှင့် ပါသွားသော သားသမီးများလည်း ရှိသည်။ နာမည်ပျက်တော့ သိပ်မရှိ။ သူ့ရုံးကိုလာလျှင်တော့ မြသွေးရည် ကော်ဖီလာချပြီး ပြန်အထွက်တိုင်းတွင် မသိမသာ သမင်လည်ပြန် လှည့်ကြည့်တတ်သည်။ ဒီလူ ကောင်မလေးကိုများ စိတ်ဝင်စားနေတာလား။
ကိုစောလွင် ရုံးခန်းက သူ့ရုံးခန်းနှင့် လှေကားခွင် တစ်ခုတည်း ဘေးတိုက်အပေါ်ခန်းဖြစ်သည်။ ကိုစောလွင် ရုံးခန်းပြတင်းပေါက်မှ ငုံ့ကြည့်လျှင် ဒီဘတ်စ်ကားဂိတ်ကို မြင်နိုင်သည်။ ဒီလူ ကောင်မလေး ကားစောင့်နေတာမြင်လို့များ ရုံးစောဆင်းလာပြီး လမ်းကြုံချင်ယောင်ဆောင်တာလား။
သူ စဉ်းစား၍မဆုံးခင် လင်ခရုဆာကား၏ ဘေးတံခါးပွင့်သွားသည်။ မြသွေးရည် ကားပေါ်တက်သွားသည်။ ကားထွက်သွားသည်။
ဘုရားရေ...။
မင်းလွင်မိုးရေ၊ မင်းတော့ နာပြီထင်တယ်။
(၃)
'စဉ်းစားရခက်နေတာလား၊ ပြန်ပြောရမယ့် စကားက ပြောရခက်လောက်အောင် အားနားစရာကောင်းနေတာလား...ကလေး'
မြသွေးရည် အောက်နှုတ်ခမ်းကလေးကိုက်၍ ခေါင်းငုံ့ထားသည်ကို ငေးကြည့်နေရင်းက ကိုစောလွင် အားမလိုအားမရ မေးမိသည်။
ကော်ဖီဝင်သောက်ရအောင်...နော်...မိုးအေးတော့ ကော်ဖီသောက်ချင်တာ။ အိမ်မှာလည်း ကိုယ့်ဟာကိုယ် ဖျော်ရမှာ ပျင်းတာနဲ့ ဟု ပြောစဉ်က...ရပါတယ်...ဆရာ...ဟု ပြုံးချိုစွာ ခေါင်းညိတ်လိုက်သဖြင့် သူ့အတွက် အခြေအနေကောင်းသည်ဟု ထင်မိသည်မှာ မှားသလိုဖြစ်နေရော့သလား။
'တို့က တစ်ခုလပ်ဖြစ်တာက မိန်းမနဲ့ သဘောချင်း မတိုက်ဆိုင်လို့သာ ဖြစ်ခဲ့တာ။ အကျင့်စာရိတ္တပိုင်း ဖောက်ပြန်ခဲ့တာ မရှိဘူးနော်၊ ကလေး မယုံရင် အစ်ကို ကိုခိုင်မြင့်ကို မေးကြည့်လို့ရတယ်'
'ဆရာကလည်း အဲသလို ပြောဖူးပါတယ် ဆရာ'
မြသွေးရည်က တိုးတိုး ဖြေသည်။
'ဒါဆို ဘာတွေ ခက်နေတာလဲ၊ ပြောပြပါဦး'
အတော်ကြာအောင် ခေါင်းငုံ့တိတ်ဆိတ်နေပြီးမှ တိုးတိုးဖြေသည်။
'တစ်ဘဝလုံး အရေးပါ ဆရာ၊ သမီး စဉ်းစားပါရစေဦး'
ယခုမှပင် ပင့်သက်ချနိုင်တော့သည်။
'ဒါပေါ့ စဉ်းစားရမှာပေါ့၊ ကလေး စဉ်းစားပြီးရင်သာ အသိပေး၊ ဒီကြားထဲမှာ ကလေးရဲ့စိတ်ရော၊ သိက္ခာရော ထိပါး အနှောင့်အယှက်ဖြစ်တာမျိုး လုံးဝမရှိစေရဘူးလို့ တို့ ကတိပေးတယ်၊ သိလား။ ကဲ ကော်ဖီ သောက်၊ ပြီးရင် ကလေးကို ပြန်ပို့ပေးမယ်'
ကိုစောလွင် ရင်ထဲကတော့ တော်တော် ငြိမ်းချမ်းသွားသည်။
(၄)
'မင်းလွင်မိုးရယ် နင်ဟာ တကယ့်အရူးပဲ'
တစ်ရုံးတည်းသား အစ်မကြီး အသည်းနှလုံးပုံ ဒိုင်ခွက်ပါသော လက်ပတ်နာရီလှလှကလေးကို ကြည့်၍ ညည်းတွားသည်။ မင်းလွင်မိုးကတော့ အသံမထွက်အောင် ရယ်နေသည်။
'ဒါကို နင်သွားပေးရင် ဖွင့်ပြောပြီးသား အဓိပ္ပာယ်ပဲဆိုတာ နင် သိရဲ့လား'
'အစ်မကလည်း အဲဒါ အဲဒီလိုပဲ ရည်ရွယ်တာပဲဟာ၊ ကျွန်တော်မှ ပါးစပ်နဲ့ မပြောရဲတာ'
'အဲဒါကြောင့် ပြောတာပေါ့၊ နင့်ကို အရူးလို့ ဘယ်မိန်းကလေးကများ ကိုယ့်ချစ်သူက နာရီနဲ့ ဖွင့်ပြောတာကို ရင်ခုန်မတဲ့လဲ၊ ပါးစပ်နဲ့ စာနဲ့ ပြောမှပေါ့'
'ရှူး...တိုးတိုး၊ ဟိုမှာ...လှေကားက အသံကြားတယ်၊ မြပဲ ထင်တယ်'
လက်စက ရင်စေ့ မြန်မာဆန်ဆန် အင်္ကျီဖြူကလေး၏ ပခုံးတစ်ဖက်ထက်မှ ရှည်လျားဖြောင့်စင်းသော ဆံနွယ်တို့ဝေ့ခနဲ ဝဲသည်ကို သတိပြုမိချိန်မှာပင် မင်းလွင်မိုး၏ရင်က အတိုင်းမသိ ခုန်သည်။
နိုင်ငံခြားသားများ အဝင်အထွက်ရှိသော ကုမ္ပဏီမို့ မြန်မာဆန်ဆန်သာ ဝတ်ဆင်ခွင့်ပြုထားသော နေရာတွင် မြန်မြန်ဆန်ဆန် ဝတ်လိုက်တိုင်း ကျက်သရေရှိစွာ လှပသော မိန်းမပျိုကလေးရှိနေသည်မှာ တင့်တယ်လှပေသည်ဟုလည်း ပိုပိုသာသာ တွေးနေမိသည်။
'ကိုမိုး ထိုးမုန့်ပါသလား'
သွားတက်ကလေးပေါ်အောင် ရယ်၍ မေးသည်။ လက်တစ်ဖက်က စားပွဲပေါ်တင်ထားသော လက်ပတ်နာရီဘူးကလေးကို ယောင်ယမ်း၍ ဆုပ်ကိုင်မိစဉ်တွင်ပင် အစ်မကြီးက အလန့်တကြား ဝင်မေးသည်။
'ဟဲ့ မြကလေး လက်က နာရီကလေးက အသစ်ကလေး ပါလား၊ ဒါ ရိုမင်ဆင် မဟုတ်ဘူးလား၊ ဘယ်လောက်တောင် ပေးခဲ့ရလဲ'
ဘုရားရေ...ဟုတ်ပါရဲ့။
မြသွေးရည်၏ ဘယ်ဘက်လက်တွင် စိန်လုံးကလေးများ အသည်းနှလုံးနှစ်ခုထပ်နေသည့် သဏ္ဌာန်ပုံဖော်ထားသော အဖိုးတန်လက်ပတ်နာရီအသစ်ကလေးတစ်လုံးရှိနေပါလား။
မြသွေးရည်က ရှက်ကိုးရှက်ကန်းဖြင့် လက်ကို အိတ်နှင့် ကွယ်လိုက်သည်။
'မသိပါဘူး အစ်မရယ်၊ လက်ဆောင်ရတာပါ၊ စိတ်ထဲမှာ အရမ်းတန်ဖိုးကြီးမလား မသိဘူး၊ ပြန်ပေးမလို့ဆို စားပွဲပေါ်တင်ထားတာ အိမ်က အဒေါ်က နင်နဲ့လိုက်တယ် ပတ်သွားဆိုပြီး အတင်းပတ်ပေးလိုက်တာ၊ မြက မလိုချင်ပါဘူး'
အစ်မကြီးမျက်နှာ စိုးရိမ်ရိပ်ပေါ်လာသည်။
'ဘယ်သူ ပေးတာလဲ'
မြသွေးရည်က မဖြေချင်ဟန်နှင့် မျက်နှာလွှဲပြီး တိုးတိုး...လူကြီးတစ်ယောက်ပါဟု ဖြေသည်။
မြရေ...ဆရာ ခေါ်တယ်ဟေ့...ဟု တစ်စုံတစ်ယောက်က လှမ်းခေါ်သံကြားရသည်။ ဟုတ်ကဲ့... အိတ်ကလေးထားလိုက်ဦးမယ် ဟူသော အသံအဆုံး လွင့်မျောသော ဆံနွယ်တို့ ဟိုက်ဒရောလစ်မောင်းတပ် အတွင်းရုံးခန်းတံခါးတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်အထိ မင်းလွင်မိုး ကြက်သေသေ၍ ကျန်ခဲ့ပါသည်။
အစ်မကြီးက လေသံတိုးတိုးဖြင့် ဦးစောလွင်ပဲ။ သေချာပါတယ်။ ဦးစောလွင်က လူကြီးစုံရာနဲ့ တောင်းရမ်းပြီး လေးလေးစားစား လက်ထပ်ယူမှာတဲ့။ မြကလေးက စဉ်းစားဦးမယ်လို့ ပြောထားတာတဲ့ဟု ပြောသည်။
ဘယ်တုန်းကလဲ အစ်မဟု တုန်လှုပ်စွာ ပြန်မေးမိသည်။ မင်းက ၃ ပတ်တောင် ကြာသွားတာကိုး။ ဒီကြားထဲမှာ ဒီသတင်းဖြစ်လာတာပဲ ဟု ဖြေသည်။
'မြက ပြောပြတာလား'
ခေါင်းခါပြသည်။
'ငါ့ကိုတော့ မပြောပြဘူး၊ သူတို့ရွယ်တူ နွယ်တို့ကို ပြောပြတယ်လို့ ပြောတာပဲ'
အာခေါင်နံရံများရော၊ နှုတ်ခမ်းရော၊ နှလုံးသားပါ ရုတ်တရက် ခြောက်ကပ်သွားပါသည်။
(၅)
'လှလိုက်တာ'
ပန်းချီကားကို ကြည့်၍ မြသွေးရည် တိုးတိုးကလေး ရွတ်ဆိုမိသည်။
မိုးစက်ကလေးတွေက ပန်းချီကားထဲမှ ခုန်ထွက်၍ မိမိ မျက်နှာပေါ် ဖွဖွကလေး လာစဉ်သလို ခံစားနေရသည်။ မိုးဖွဲဖွဲကလေးရွာနေသော ရှုခင်း။ တော်တော်ကလေး လင်းထိန်နေသဖြင့် နေလုံးကို ထည့်ဆွဲမထားသည့်တိုင် နေသာနေဆဲ ရွာသောမိုးဟု ခန့်မှန်း၍ ရသည်။ ပိတောက်ပွင့်များ ပင်လုံးညွတ်အောင် ပွင့်နေသော ပိတောက်ပင်ကြီးတစ်ပင်ကိုလည်း မလှမ်းမကမ်းတွင် ထည့်၍ ဆွဲထားလေရာ အချိန်ကာလကိုလည်း ခန့်မှန်း၍ရလေသည်။
မမအေးက မြသွေးရည်ကို လှမ်းကြည့်၍ သမီး။ အဲဒီပန်းချီကားက ဧည့်ခန်းထဲမှာ မချိတ်တော့ဘူး။ ထားလိုက်။ မမ အပေါ်ယူသွားပြီး အိပ်ခန်းထဲမှာပဲ ချိတ်မှာဟု လှမ်းပြောသည်။
'လှလိုက်တာ မမရယ်၊ ဆရာဆွဲထားတာလား'
မမအေးက ရယ်သည်။
'ကိုခိုင်မြင့်က ပန်းချီမဆွဲတတ်ပါဘူး သမီးရယ်၊ မမ အသက် ၃၅ နှစ်ပြည့်တဲ့ မွေးနေ့တုန်းက လက်ဆောင်ပေးချင်လို့ ပန်းချီပြပွဲ တစ်ခုက ဝယ်လာတာ၊ ပန်းချီကားနာမည်က 'နွေ မိုးစက်'တဲ့။
နွေ...မိုးစက်...။ တိုးတိုးကလေး ရွတ်ဆိုမိသည်။ ဟုတ်ပါ့။ မိုးတွင်းမှာ စွေနေအောင် ရွာသော မိုးနှင့်စာလျှင် နွေကန္တာရမှာ ရွာချပေးသော မိုးက နှလုံးသားကို ပို၍ ချမ်းမြေ့စေလိမ့်မည်။ ဒီလို ချမ်းမြေ့စရာ 'မိုး'ကိုမှ ချစ်ဇနီးအတွက် လက်ဆောင်ပေးတတ်သော ဆရာ့၏စိတ်ကူးကောင်းပုံကို ရင်ထဲမှ ချီးကျူးမိရပြန်သည်။
'သူ့ဘဝက နေပူထဲမှာ ရုန်းရကန်ရတဲ့အချိန်မှာ မမက သူ့ဘေးမှာ အတူဆင်းလာပြီး လက်တွဲအားပေးခဲ့တာ နွေလယ်ခေါင်မှာ မိုးဖွဲဖွဲရွာသလိုပါပဲတဲ့၊ အဲဒီအင်အားတွေ ရခဲ့လို့ အခုလို ဘဝကို သူ ရောက်ခဲ့ရတာကို တစ်သက်လုံး ကျေးဇူးတင်နေတယ်ဆိုတာ သိစေချင်လို့ ဒီပန်းချီကားကို ပေးတာတဲ့။ ကိုင်း...ဘယ်နှယ့်လဲ။ သမီးဆရာက ကဗျာမဆန်ဘူးလား'
မမအေးက မြသွေးရည်နောက်မီ လာရပ်၍ ပန်းချီကားကို အတူမော့ကြည့်ရင်း ရှင်းပြနေသည်။ အို...ကြားရတာနှင့်ပင် မမအေးနေရာမှာ ကိုယ်တိုင်ဝင်ခံစားရသလို ရင်ထဲတွင် ချမ်းမြေ့လှပါဘိ။
သမီးက မမတို့ ဆရာတို့ မိဘလက်ထက်ကတည်းက ချမ်းသာခဲ့တယ်လို့ ထင်နေတာ။ မဟုတ်ဘူးလားဟု တိုးတိုးပြန်မေးမိသည်။ မမအေးက သက်ပြင်းချ၍ ခေါင်းခါသည်။
'ကံ၊ ဉာဏ်၊ ဝီရိယပေါ့ကွယ်၊ ကိုမြင့်ခိုင်က မိဘမဲ့၊ ဘုန်းကြီးက ကျောင်းထားပေးတာ၊ မမမိဘတွေကတော့ အရာရှိကြီးတွေ၊ မမ တက္ကသိုလ်တက်တုန်းအထိတော့ ကားနဲ့ အိမ်နဲ့၊ ပင်စင်ယူပြီးတော့ မရှိမရှားပဲ၊ သားသမီးကိုတော့ ထပ်မပံ့ပိုးနိုင်တော့ဘူး'
မမအေးက ပြောနေရင်းက ရပ်၍ တိုးတိုးရယ်ရင်း ကုမ္ပဏီရှေ့က သမီးတို့ ကားရပ်စောင့်နေကျ ဘတ်စ်ကားမှတ်တိုင်ရှိတယ် မဟုတ်လားဟု မေးသည်။ ဟုတ်ကဲ့ဟု ဖြေလိုက်သော်လည်း နောက်ပိုင်းတွင် ဦးစောလွင်က မကြုံကြုံအောင်စောင့်၍ လိုက်ပို့ပို့ပေးနေသဖြင့် ဘတ်စ်ကား သိပ်မစီးဖြစ်တော့ကြောင်း ရှက်ရွံ့စွာ တွေးမိ၍ ခေါင်းငုံ့ထားမိသည်။
'မမက အဲဒီနားက အစိုးရရုံးတစ်ရုံးမှာ စာရေးလုပ်တော့ ကိုခိုင်မြင့်က သင်္ကန်းကျွန်းက စက္ကူစက်တစ်ခုမှာ အလုပ်လုပ်နေရင်းက လာလာကြိုတယ်၊ မိုးရွာလိုက်၊ နေပူလိုက်နဲ့ အဲဒီကားမှတ်တိုင်မှာ နေ့တိုင်း ကားတိုးစီးခဲ့ကြတာ၊ နှစ်နဲ့ချီကြာခဲ့ကြတာပေါ့၊ ကိုခိုင်မြင့်ကတော့ မမခြေထောက် ရွှံ့စင်တာကအစ သူ့အပြစ်လို့ မြင်တတ်တဲ့ လူမျိုးလေ၊ မမကတော့ မသိပါဘူး၊ ရွှံ့စဉ်လည်း ပျော်နေတာပဲ၊ နေခြစ်ခြစ်တောက်ပူလည်း ပျော်နေတာပဲ။ သူအနားမှာရှိလျှင် ဘေးက ဒုက္ခတွေ သိပ်သတိမထားမိတော့ဘူး'
ဘုရား...ဘုရား...။ မမအေးစကားများ နားထောင်ရင်းက စိတ်ထဲတွင် တရိပ်ရိပ် အာရုံတွေ နောက်ကျိလာသည်။ ဘတ်စ်ကားအတူ တိုးစီးနေကျ မင်းလွင်မိုး၏ အမြဲ သူ့အတွက် စိုးရိမ်ပူပန်အားနာနေတတ်သော မျက်နှာငယ်ကလေးကို မြင်ယောင်လာသည်။
'သားကလေး မွေးပြီးခါစမှ ကိုခိုင်မြင့် ခွဲထောင်လိုက်တဲ့ စက္ကူစက်ကလေးက အကျိုးပေးလာတာ၊ ဝင်ငွေကလေး စကောင်းတော့ ပိုက်ဆံ ၅ သောင်းလောက်လည်း စုမိရော ကိုခိုင်မြင့်က တူးဒီ ဆိုတာ ထည့်ရတဲ့ တူးစထရုတ် ဆိုင်ကယ်တစ်စီး ဝယ်စီးသည်၊ မမကို ရုံးလာတာ ကြိုတော့ ပျော်လိုက်တာ၊ တစ်ခါများ သားလေး ၆ လ သားလေးပါ ချီပြီး ရုံးလာသေးတယ်၊ ရုံးကပြန်တော့ အဲဒီမှတ်တိုင်ရှေ့မှာပဲလေ၊ ဆိုင်ကယ်အထွက်မှာ မမရော၊ သားလေးရော ပြုတ်ကျကျန်ခဲ့တာ ကံကောင်းလို့ နောက်က ကား ဝင်မတိုက်တာ၊ ခုနေ ပြန်ပြောတိုင်း ရယ်လိုက်ကြရတာ'
ရင်ထဲက တစ်ဆို့ဆို့ကို မနည်း မျိုချ၍ ဒါဆို မမတို့က မောင်လေးမွေးပြီးနောက်ပိုင်းမှ စီးပွားတက်လာကြတာပေါ့၊ လက်ထပ်တုန်းက ဆရာ့အခြေအနေနဲ့ဆိုရင် မမမိဘတွေက သဘောကော တူကြရဲ့လား ဟု ပြန်မေးမိသည်။
'မမအမေ ပြောတဲ့စကားလေးတစ်ခွန်းရှိတယ်ကွယ့်၊ အဲဒီစကားကလည်း သူ့အတွက် အားဆေးပဲလို့ ကိုခိုင်မြင့် ခဏခဏပြောတယ်'
'ချမ်းသာပြည့်စုံပြီးမှ လက်ထပ်ကြတဲ့ စုံတွဲတွေထက် ဆင်းရဲနွမ်းပါးစဉ်ကတည်းက လက်တွဲကြတဲ့ စုံတွဲတွေ ကောင်းတူဆိုးတူ ရုန်းကန်ခဲ့ရတဲ့သူတွေက ပိုပြီး သစ္စာခိုင်မြဲတယ်၊ တစ်ဦးကို တစ်ဦး မကျေနပ်ချက်ကလေးတွေဖြစ်လာကြရင်လည်း ပြန်စဉ်းစားလိုက်တိုင်း တစ်ဦးကိုတစ်ဦး ကျေးဇူးတင်စရာတွေ၊ ငဲ့ညှာစရာတွေ၊ ပိုချစ်စရာတွေ ရှိရှိနေကြတာကိုး...တဲ့။
အန်တီကတော့ လူဆင်းရဲချင် ဆင်းရဲပါစေ သင့်တင့်တဲ့ ပညာအရည်အချင်းလည်းရှိမယ်။ အကျင့်စာရိတ္တနဲ့ ဆင်ခြင်တုံတရားလည်း အားကောင်းမယ်။ တိုးတက်ကြီးပွားအောင် ကြိုးစားချင်တဲ့စိတ်မျိုးလည်း ရှိမယ်ဆိုတဲ့သူမျိုးလက်ကို သမီးကို အပ်ချင်ပါတယ်။ အတူတူ ရုန်းကန်ကြပေါ့...တဲ့။
ပြည့်စုံပေမယ့် တစ်ယောက်ယောက် ငဲ့ညှာစရာ၊ သံယောဇဉ်တွယ်စရာ၊ ခွင့်လွှတ်စရာ ဘာမှမရှိတဲ့သူတွေ အထူးသဖြင့် ငယ်လင်ငယ်မယား မဟုတ်ကြဘူးဆိုတဲ့ သူမျိုးတွေ ဘာဆက်ဖြစ်ကြတယ်ဆိုတာ မြင်ရပါများတော့ သမီးက စုံမက်လို့ မဟုတ်ဘဲ သမီးကို လာတောင်းတဲ့ သူဌေးတွေအကြောင်း သမီးကိုတောင် တစ်ခါမှ ပြောမပြဖြစ်ပါဘူး...တဲ့'။
မြသွေးရည် မျက်နှာဖိန်းခနဲ ပူနွေးသွားပါသည်။
(၆)
'ဘယ်ပုန်းလို့ လွတ်မှာလဲ၊ မိပြီ'
ကွန်ပျူတာရှေ့တွင်ပင် အလုပ်လုပ်ရင်း ထမင်းဘူးဖွင့်စားနေသော မင်းလွင်မိုး ရုတ်တရက်ပေါ်လာသော မြသွေးရည် အသံကြောင့် လက်တုန်တုန် ရင်တုန်တုန်နှင့် လှည့်ကြည့်မိသည်။
'မပုန်းပါဘူး၊ အလုပ်ကလေးတွေ မပြတ်လို့၊ လုပ်ရင်းစားနေတာ၊ ဘာလဲ ဆရာခေါ်ခိုင်းလို့လား'
ချစ်စဖွယ်ရယ်၍ ခေါင်းခါပြသည်။ လက်ထဲက ထမင်းဘူးကို မြှောက်ပြ၍
'ဟင်းပိုထည့်လာလို့ ထမင်းအတူတူစားဖို့ လာခေါ်တာ။ ကဲ...ကွန်ပျူတာပိတ်။ ထမင်းဘူးပိတ်' ဟု ပြောသည်။
ရုတ်တရက် ပျော်သလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခုကို သတိရမိပြီး မင်းလွင်မိုး မျက်နှာညှိုးသွားသည်။
'နွယ်တို့ပဲ စားလိုက်ပါကွာ၊ တို့က ဒီမှာ ကုန်နေပြီ'
'မရဘူးကွာ၊ မရဘူး၊ ကုန်နေလည်း လိုက်ခဲ့ရမှာပဲ၊ ကြွေးတောင်းစရာရှိတယ်'
ကြွေး...ဟုတ်လား...ဟု တအံ့တသြ ပြန်မေးမိသည်။ ဟုတ်တယ်ဟု ဖြေ၍ သူ့ဘေးတွင် ခုံကလေးတစ်လုံး ဆွဲ၍ ဝင်ထိုင်သည်။
'ဘာကြွေးလဲ'
'နာရီ တစ်လုံး'
ဟင်ခနဲ အာမေဋိတ်ပြုမိသည်။ 'သူ ဘယ်လိုလုပ် သိသွားတာလဲ' ဟု ရုတ်တရက် အံ့သြမိပြီးမှ အစ်မကြီး လက်ချက်ပေပဲဟု ရိပ်မိလိုက်သည်။
'ဘယ်လိုလဲ...ကိုမိုးရဲ့၊ လက်ဆောင်ဆိုတာ လာတောင်းရတယ်ဆိုရင်ပဲ လွန်လှပြီ၊ အခုတောင်းတာတောင် ဘာလို့ ထုတ်မပေးသေးလဲ'
ရင်က အလန့်တကြား ခုန်နေရာက တည်ငြိမ် နွေးထွေးစွာ ခုန်သည့် အသွင်သို့ ကူးပြောင်းလာသည်။ ရင်ရော၊ မျက်နှာရော ခြေဖျား လက်ဖျားတွေပါ နွေး၍ ထုံလာသဖြင့် ဘာတွေ စဉ်းစားမိမှန်းလည်း ကိုယ့်ကိုယ်ကိုယ်မသိ။ အံဆွဲသော့ကို ဘယ်လို ဖွင့်ပြီး နာရီဘူးကလေးကို ဘယ်လို ထုတ်မိမှန်းလည်း မသိ။
'မြက ပတ်မှာမို့လား'
မြသွေးရည်၏ ဘယ်ဘက်လက်တွင် ဟိုတစ်ခါ မြင်လိုက်ရသော တန်ဖိုးကြီးနာရီကလေးလည်း မရှိတော့။ ဘာနာရီမှလည်း ပတ်မထား။ ဖြူဝင်းသည့် လက်ဖျံကလေးပေါ်တွင် မွေးညင်းနုကလေးများသာ စိမ်းလဲ့၍နေသည်။
ထိုလက်ဖျံကလေးကို မြသွေးရည်က ဆန့်ထုတ်ပေးသည်။
'မြက ပတ်မှာ မဟုတ်ဘူး၊ လက်ဆောင်ပေးဖို့တောင် သတ္တိမရှိတဲ့လူကို ပတ်ပေးခိုင်းမှာ ရှင်းပြီလား'
(၇)
ညို့မည်းလာသော မိုးတိမ်တို့က ပြိုဆင်းလာပြန်သည်
မိုးစက်မိုးပေါက်တို့ကြောင့် မြသားကမ္ဗလာမြက်ခင်းပြင်က စိုစွတ်တောက်ပစွာ လှ၍ နေသည်။
#လင်္ကာရည်ကျော်
~ကလျာမဂ္ဂဇင်း
(ဆရာ လင်္ကာရည်ကျော်၏ 'သိင်္ဂါရအလှည့် ဝတ္ထုတိုများ' စာအုပ်တွင်လည်း ထည့်သွင်းဖော်ပြထားပါသည်)
Copy by Phay MoonLay
No comments:
Post a Comment