#တံလျှပ်…
#ခင်နှင်းယု
…တစ်ယောက်တည်း နေချင်တယ်ဆိုတဲ့ဆန္ဒ
ဖြစ်ပေါ်ရခြင်းဟာ တကယ်ဆိုတော့ လောကီမှာ
မအောင်မြင်သူတွေရဲ့ ဆန္ဒလို့ ခေါ်ရမှာပဲ၊
လောကုတ္တရာအတွေးနဲ့ တွေးမယ်ဆိုတော့လည်း
လောကီကာမဂုဏ် စည်းစိမ်တွေကို
အောင်မြင်စွာ စွန့်လွှတ်ပြီး ဆုတ်ခွာနိုင်တဲ့သူမှသာ
တစ်ယောက်တည်း နေချင်တယ်ဆိုတဲ့ ဆန္ဒဖြစ်ပေါ်စမြဲကိုး။
…နိဗ္ဗိန္ဒစာတမ်းတွေမှာ ဖတ်လိုက်ရင်
တောကိုမင်သူတွေကို ဖွဲ့တဲ့အခါ
“တစ်ယောက်သွားရုံ လမ်းအားဖြင့် တောသို့ ၀င်လေသတည်း” လို့ စာဖွဲ့ကြမြဲ တွေ့ရလေတော့ လောကုတ္တရာလမ်းဟာ
တကယ်တော့ တစ်ယောက်တည်း သွားရမှာပါလား။
…အစ်ကိုရယ်…အစက ဒီလိုသာ သဘောပေါက်ရင်ဖြင့် မသန္တာလို တောသူအရိုင်းတစ်ကိုယ်တော်ကို အစ်ကိုနဲ့အတူ နှစ်ယောက်တည်းနေဖို့ သွေးမဆောင်သင့်ပါဘူး။
အစ်ကိုနဲ့ ကျောချင်းခိုင်းပြီး မသန္တာနေရပ်ဟောင်းကို ထွက်ခွာလာတဲ့ အခါမှာ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်း မသန္တာတို့ ခွဲခွာလာရခြင်းကို တွေးခေါ်မိတယ်။ တောရပ်ကို တစ်ယောက်ချင်း မှီခိုရတာချင်း တူပေမယ့်
အစ်ကို့မှာတော့ အပူငြိမ်းမှာပဲ၊ မသန္တာမှာတော့ ခြေသွားလမ်းဘေးက မြက်ခင်းလေးတွေဟာ မသန္တာမျက်ရည်နဲ့ စိုစွတ်လို့နေကြတယ်၊ မြက်တွေက အခါမဟုတ်ပဲ ရွာသောမိုးလို့ အယူရှိကြပုံရတယ်၊ စိမ်းရွှင် လတ်ဆတ်ပြီး
ခေါင်းမော်လို့ ကြည့်နေကြပါလား။
“သြော်…ကိုယ့်မှာတော့ မျက်ရည်၊ သူတို့မှာတော့ မိုး…..”
……………………………………
…ဘယ်လိုပဲထင်ထင် ကိုယ့်မျက်ရည်နဲ့ သူတစ်ပါး ရွှင်လန်းရတယ်ဆိုတာကိုပဲ မသန္တာဟာ တစ်နည်းတစ်လမ်း နှစ်သိမ့်နေ မိတယ်။ အဲဒါကိုက အစ်ကိုနဲ့ မတူတာပဲ၊ အစ်ကိုကတော့ မြက်ခြောက်ကိုမြင်ရင်ပဲ မြင်မြင်သမျှ ခပ်သိမ်းသော သင်္ခါရ
တို့သည် မမြဲဘူးလို့ ယူဆတယ်။ ယူဆမိသမျှကို တရားနဲ့ ဆင်ခြင်တဲ့အခါ သင်္ခါရလောကကို ငြီးငွေ့လာတယ်။ အဲဒီငြီးငွေ့ခြင်းကိုက နိဗ္ဗာန်ကိုသွားရာ စင်ကြယ်သော လမ်းစဉ်ပဲလို့ အစ်ကိုက မသန္တာကို ကျောခိုင်းခါနီးပြောခဲ့တယ်။
…မသန္တာအဖို့မှာတော့ ခြောက်သွေ့နေတဲ့ မြက်ခင်းလေးတွေ စိုစွတ်လာရင်ပဲ တရားကို မမြင် ကြည်နူးတဲ့စိတ်က ဖြစ်လာသေးတယ်။
…သည်လမ်း သည်ခရီးမှာဖြင့် အစ်ကိုနဲ့အတူ သွားခဲ့ပါသေးလားလို့ တမ်းတ လွမ်းဆွတ်တဲ့စိတ်က ပေါ်ရသေးတယ်။ ဒီစိတ်တွေဟာ မသန္တာကို သံသရာမှာ လည်စေတော့မှာပဲ။
တစ်နေ့တစ်နေ့လည်း မသန္တာရင်ထဲမှာ အစ်ကိုနဲ့မတွေ့ခင်က
အဖေနဲ့အတူနေခဲ့ရတဲ့ မသန္တာဘ၀ကိုလည်း တွေးမိပါရဲ့။ အစ်ကိုနဲ့အတူနေခဲ့တဲ့ လူယဉ်ကျေးတို့ဌာနီကိုလည်း ပြန်ပြောင်း တွေးနေမိတယ်။
…အဖေက လူယဉ်ကျေးတို့ဌာနီဆိုတာ သာတောင့်သာယာ သက်တောင့်သက်သာတော့ ရှိပါသတဲ့။ ဒါပေမယ့် လူဖြစ်လာပြီး ကိုယ့်ကိုယ်ကို အားကိုး၊ ကိုယ့်အသက်မွေးဝမ်းကျောင်းကိုလည်း ကိုယ့်ခြေထောက်ပေါ်မှာ ရပ်တည်ပြီး နေနိုင်အောင် ကြိုးစားရမတဲ့။ အဖေပြောခဲ့တဲ့စကားတွေကို မသန္တာ သတိရနေသေးတယ်။
“အဖေတော့ အဖေ့သေနတ်နဲ့ ပစ်ချလို့ရတဲ့ ယုန်တစ်ကောင်ကို မီးကင်ပြီး စားချင်ပါတယ်ကွယ်၊
သူတစ်ပါးမှီခိုပြီးမှ စားရတဲ့ ကြက်စွပ်နဲ့ ၀က်ကောင်လုံးကြော်ကို အဖေ မစားချင်ပါဘူး” တဲ့။
…သြော်…အဖေ၊ ဒါကြောင့်လည်း သူ့သမီး မသန္တာကို သူ့နောက်က တကောက်ကောက်ပါအောင် အရခေါ်ခဲ့တယ်။ အဖေငါးမျှားတော့မယ်ဆိုရင် မသန္တာဟာ ၀မ်းသာအားရ ပိုက်ကွန်ထမ်းပြီး နောက်ကလိုက်ခဲ့တယ်။ နေစောင်းလို့ အိမ်ပြန်ရောက်ရင်လည်း မီးပုံမှာ ငါးမီးဖုတ်နဲ့ ထမင်းပူပူစားရတာ မြိန်လိုက်ပါဘိခြင်း။
…အမဲလိုက်လို့ ညနေစောင်းသွားရင် မှုန်ဝါးဝါးတောလမ်းမှာ သားအဖနှစ်ယောက် အမဲကောင်ကို ရှေ့နောက်ထမ်းပြီး လာခဲ့ရတာ ပျော်စရာပဲ။ မသန္တာတို့နောက်မှာ အဖော်ရယ်လို့ အမဲလိုက်ဖက် မိုးလုံးတစ်ကောင်ပဲ ပါလာတယ်။ မောရမယ်လို့လည်း မသိခဲ့ပါလား။ တောတန်းက ကျော်လာတဲ့ လခြမ်းရဲ့အရောင်နဲ့ ခြေသွားလမ်းကို
ဖြတ်လာတုန်းများဆို ပန်းရနံ့လေးတွေက မွှေးလို့၊ ညဥ့်ဦးလေကလည်းအေးမြလိုက်တာ။ တစ်နေ့လုံး အမဲလိုက်လို့ ပင်ပန်းခဲ့ရတာတွေကို မေ့ပျောက်သွားတာပဲ။
…နှင်းမှုန်တွေ လေထဲမှာ ပြည့်သိပ်လာပြီဆိုရင် မသန္တာ တံစဉ်ကိုင်ရပြီ။ ညနေစောင်းရင်ပဲ အဖေရိတ်ပြီးတဲ့ စပါးနှံကို တလင်းဆီကို သယ်သွားတဲ့အခါ နေ၀န်းနီနီကြီးက မသန္တာကို လယ်ကွင်းစပ်မှာ မေးတင်ကြည့်နေတယ်။
…ညဥ့်ဦးရောက်လို့ အဖေရှိနေတဲ့ လှေ့စင်ပေါ်ကို စပါးနှံတွေ တင်တင်ပေးတဲ့အခါကျတော့လည်း ၀င်းပပ လ၀န်းဟာ မသန္တာကို တောင်တန်းပေါ်က စောင်းငဲ့လို့ ကြည့်နေတော့တယ်။
…သြော်…မသန္တာကို ကူကြတဲ့ နေနဲ့လပါလား။ သူတို့ကို မြင်ရတော့အားရှိပါဘိခြင်း၊ မသန္တာ ဘာမှ ကြောက်စရာ မလိုဘူး၊ ပျိုးစိုက်ပြီး စပါးပင်တွေကို ပစ်ထားရတဲ့အချိန်၊ ညဥ့်ဘက် အလုပ်မရှိချိန်ဖြစ်တဲ့ တစ်မိုးတွင်းလုံးမှာ လ၀န်းကိုလည်း မိုးသားတွေ ဖုံးနေတဲ့ရက်က များနေတာပဲ။ ခုလိုလရောင်နဲ့မှ အလုပ်လုပ်လို့ဖြစ်တဲ့အခါ ဆောင်းနဲ့နွေ ကျတော့လည်း
ကောင်းကင်မှာ မိုးသားတွေ မရှိကြတော့ဘူး။ မသန္တာတို့အတွက် လမင်းအရောင်ဟာ သဘာဝက ပေးထားတဲ့ အကူအညီ တစ်ခုပါပဲ။
…မသန္တာမှာသာ အလုပ်လုပ်နိုင်တဲ့ လက်နှစ်ဘက် ရှိနေပါစေ။ သဘာဝဟာဖြင့် မသန္တာကို ကူညီဖို့ အဆင်သင့်ရှိနေတာပဲ၊ မသန္တာ ဒီတုန်းက ဘာကိုမှ မကြောက်ပါလားနော်…။
…တစ်ခါတစ်လေ လမိုက်တဲ့ည၊ ညစာစားပြီးလို့ အားလပ်နေရင် တဲရှေ့မှာ မီးဖိုပြီး မောင်းထောင်းနေမိတယ်။ တောဘက်ဆီက ကျားဟိန်းသံဟာ တစ်ချီချီ မသန္တာတို့ တဲဘက်ဆီကို လွင့်လာပေမယ့်လည်း မသန္တာ မကြောက်ပါဘူး။
…အဖေက…လူယဉ်ကျေးတွေက စကားလိမ်လိမ်မာမာ ပြောတတ်သတဲ့။ သမီးဟာ သူတို့စကားအသွားအလာကို ဆင်ခြင်နိုင်ဖို့ဟာ သမီးမှာ ဦးနှောက်အတွေးအခေါ်လည်း ၇ှိရမယ်ဆိုတယ်၊ အဖေပို့တဲ့ ဆရာဘုန်းတော်ကြီး
ကျောင်းကလည်း ရွာစပ်နားမှာပေမယ့် မသန္တာတို့တဲနဲ့က တစ်မိုင်လောက် ခရီးဝေးတာပဲ။
…အဖေဟာ ဒီကတည်းကိုက တစ်နေ့နေ့ သူ့သမီးဟာဖြင့် မျက်စိလည် လမ်းမှားလာတဲ့
…မြို့က ကိုလူချောနဲ့ တွေ့ကောင်း တွေ့လိမ့်မယ်လို့ ကြိုတင် တွေးပြီးသားထင်ပါရဲ့။
…မသန္တာလက်ကို သေနတ်ကိုင်ရဲအောင်၊ ပိုက်ဆွဲရဲအောင် ကျင့်ပေးခဲ့သလို
မသန္တာဦးနှောက်ကိုလည်း လူယဉ်ကျေးတွေနဲ့ ဆက်ဆံတတ်အောင် ပညာပေးခဲ့ပါကလား။
…အဖေကြိုတင်တွေးခေါ်ခဲ့သလို မသန္တာဟာ မြို့က ကိုလူချောနဲ့ တွေ့ခဲ့တာပါပဲ။ ဒါပေမယ့် အဖေသာရှိရင် မသန္တာဟာ လူ့လောကမှာ “နောင်တ” တစ်ဖန် ပြန်ဖြစ်စရာအကြောင်း ရှိချင်မှရှိမယ်။
…အစ်ကိုနဲ့ စတင်တွေ့ခဲ့တဲ့ညကို မသန္တာ ဘယ်တော့မှ မမေ့ဘူး။ အရင်ကတော့ သားအဖနှစ်ယောက် အမဲကောင်ထမ်းပြီး ပြန်လာခဲ့ကြပေမယ့် အဖေမရှိတော့ မသန္တာမှာက တစ်ယောက်တည်း…..ဒါပေမယ့် အဖေပေးခဲ့တဲ့သတ္တိတွေ မသန္တာမှာ
၇ှိခဲ့လေတော့ ကြောက်စိတ်ဆိုတာ မသန္တာ နားမလည်ခဲ့ဘူး။
…အစ်ကိုနဲ့တွေ့တဲ့ အဲဒီညဦးက အမဲပစ်ပြီး အပြန် တောစပ်ရေအိုင်မှာ အပန်းဖြေနေတုန်းပေါ့။ မိုးကောင်းကင်က လ၀န်းဟာ မသန္တာကို ချစ်ရှာလွန်းလို့ သူ့ကိုယ့်ပွားကို ရေကန်ထဲမှာ ချပေးလိုက်တယ်။ ညဥ့်ဦးလေ သွေးရင်ပဲ ရေပြင်
ဂယက်ထတာနဲ့အမျှ လ၀န်းသဏ္ဍာန်ဟာလည်း အမျိုးမျိုးပြောင်းပြီး မသန္တာကို မြှူချော့ကစားရှာပါတယ်။ ရွှေငါးဝိုင်းကြီးများ ရေထဲ ကူးနေသလား အောက်မေ့ရတယ်။
လ၀န်းရောင်နဲ့ တွေ့တော့လည်း အိုင်ထဲက ကြာပန်းတွေဟာ
အထီးကျန်မိဘမဲ့သူ မသန္တာရှိရာကို ဦးညွှတ်ပြီး ပွင့်ကြတယ်။
…မသန္တာ ကဗျာစပ်ချင်လိုက်တာ…။ ဒါပေမယ့်လည်း ကဗျာ့ အသည်းနှလုံး မသန္တာမှာ မရှိလေတော့ အဲဒီညရဲ့အလှကို ကဗျာမဖွဲ့လိုက်မိပေဘူး။ ကဗျာသာဖွဲ့တတ်ရင်တော့ “ချစ်ဦးသူနဲ့ တွေ့သောည” လို့ ကဗျာစပ်လိုက်ပါရဲ့။
…အစ်ကိုက မသန္တာလက်ဖ၀ါးလေးတွေကို ညင်ညင်သာသာ ပွတ်သပ်ရင်းက “မိန်းကလေး လက်ဖ၀ါးတွေကလဲ ကြမ်းလှပါလား” တဲ့။
“မိန်းကလေး ခြေသလုံးတွေကလဲ ကြီးလှပါလားတဲ့”
“ကိုယ့်သေနတ်ကိုယ်ဆွဲလို့ ကိုယ့်အစာ ကိုယ်ရှာစားရတဲ့ တောတွင်းသူအဖို့ လက်ဖ၀ါးတွေက ကြမ်းမှာပေါ့”
“ကိုယ့်စပါး ကိုယ့်ခြေထောက်နဲ့ ကိုယ်နယ်၊ ကိုယ့်ခြေကိုယ် အားကိုးနေရတဲ့ မိန်းမတစ်ယောက်အဖို့ ခြေသလုံးတွေဟာ ကြီးမှာပေါ့…..” လို့ မသန္တာ ပြန်ဖြေခဲ့တယ်လေ…။
…သြော်…..ဒီညဟာဖြင့် လောကမှာ ယောက်ျားနှစ်မျိုးရှိတယ်ဆိုတယ်လို့ သိတဲ့ ညဦးပါပဲ။ အဖေလို ချစ်မြတ်နိုးအပ်တဲ့ ယောက်ျားရှိသလို ချစ်သူလို တွယ်တာရမယ့် ယောက်ျားလည်း ရှိပါသလားလို့ အသိတရား ပထမဆုံးဝင်တဲ့ ညပါပဲ။
“ဒီတစ်ညတော့ အချိန်လွန်ပြီး အဖော်တွေနဲ့လဲ ကွဲခဲ့တာမို့ မသန္တာ ဂူထဲမှာပဲ တစ်ညတည်းခိုပါရစေ”လို့ အစ်ကိုက ခွင့်တောင်းခဲ့တယ်။
… မသန္တာရဲ့ တဲဟာ ကျောက်ဂူကြီးကို တစ်ခြမ်းမှီပြီး ဆောက်ထားတဲ့ တဲမို့ တစ်ကယ့်ဂူတဲပါပဲ။ အိပ်ခန်းလုပ်ထားတဲ့ ကျောက်ဂူမှာ ကောက်ရိုးမွေ့ရာနဲ့ အစ်ကို့ကို အဲဒီညက သိပ်ခဲ့တယ်လေ။ မအိပ်ခင် ညစာစားတော့ မသန္တာကင်ပေးတဲ့
ဆတ်သားကင်ကို မြေအိုးနဲ့ချက်ထားတဲ့ ထမင်းပူပူနဲ့ မီးပုံဘေးမှာ အစ်ကို စားခဲ့တယ်မဟုတ်လား။
“ဒီညစာဟာဖြင့် အစ်ကို့ဘ၀မှာ အမြိန်ဆုံးပါပဲ”လို့ အစ်ကို ဆိုခဲ့တယ်။
“မသန္တာ အိမ်ကလဲ စာအုပ်ထဲဖတ်ရတဲ့ တောလိုက်မုဆိုးကြီးနေတဲ့ ဂူနဲ့ တူလိုက်တာ” လို့ အစ်ကို ပြောခဲ့သေးတယ်။
…တကယ်တော့လည်း မသန္တာဟာ တောလိုက်မုဆိုးကြီးသမီးပါပဲ။
…အဲဒီညက လ၀န်းဟာ မသန္တာတို့ခေါင်းပေါ် ရောက်ပေမယ့်လည်း အိပ်ဖို့ကို သတိမရခဲ့ကြဘူး။
“အဖေဆုံးကတည်းက ဒီလိုပဲ တစ်ယောက်တည်းနေခဲ့သလား၊ မသန္တာ ခုလို နွေရာသီတော့ ကိစ္စမရှိပါဘူး၊ မိုးတွင်းရောက်လို့ မုန်တိုင်းတွေကျ၊ လျှပ်စီးတွေ လက်ပြီး မိုးသိပ်သည်းတဲ့အခါ မသန္တာ မကြောက်ဘူးလား” လို့ အစ်ကို မေးခဲ့သေးတယ်။
“မသန္တာ အဖို့ မိုးထစ်ချုန်းသံဟာ မိုးနတ်သားရဲ့ တေးပါပဲ၊ လျှပ်နွယ်တွေဟာ ကောင်းကင်ရဲ့ ပန်းများပါ” လို့ ဖြေတော့ အစ်ကိုက “သြော်…..ဒါလောက်ကြမ်းတဲ့ လက်ဖ၀ါးပိုင်ရှင်ရဲ့ စကားလုံးလေးတွေကလည်း လှလိုက်ပါဘိ၊ သဘာဝ
မကျလိုက်လေခြင်း” လို့ အစ်ကိုပြောခဲ့သေးတယ်။ အထင်သေးလိုက်ပါဘိ အစ်ကိုရယ်၊ မသန္တာမှာ လက်ဖ၀ါးက ကြမ်းပေမယ့်၊ ခြေသလုံးက ကြီးပေမယ့် သဘာဝ အလှအပကို ပူဇော်မြတ်နိုးတတ်တဲ့ အသည်းနှလုံးရှိပါသေးတယ်။
…နံနက်မိုးသောက်ရင်ပဲ အစ်ကိုနဲ့ မသန္တာ ခွဲရတော့မယ်၊ အဲဒီတော့ လွမ်းတယ်ဆိုတာ ပထမဆုံး သိတော့တာပါပဲ။
အစ်ကို လူယဉ်ကျေးတို့ ဌာနေကို မသန္တာ လိုက်ခဲ့ဖို့ ခေါ်တယ်။ မသန္တာကလည်း မသန္တာရဲ့ ဂူတဲမှာ အတူနေဖို့
တောင်းပန်မိတယ်။
“လူယဉ်ကျေးတွေကို အထင်မသေးပါနဲ့ မသန္တာ၊ နောက်တစ်ပတ် အစ်ကို လာခေါ်ရင်သာ အသင့်ပြင်ထားပါ၊ မသန္တာ ပါးပြင်မှာ အစ်ကိုနမ်းခဲ့တဲ့ အနမ်းဟာ ဘဒ္ဒကမ္ဘာဦးမှာ ပေါ်ခဲ့တဲ့ ကြာပဒုံလို မမြင်ရပေမယ့် ကမ္ဘာတည်အောင် မြဲမှာပါ”
တဲ့။ အစ်ကိုရယ် တစ်ကယ်တော့လည်း အဲဒီကြာပဒုမ္မာငါးခိုင်ဟာ စာထဲမှာသာ ၇ှိတာပါ။ လက်ဆုပ်လက်ကိုင် ဘယ်မှာမှ ရှာမတွေ့ပါလား။
…ကမ္ဘာဦးက ဗြဟ္မာကြီးတွေပဲ အခူးစောပြီး လက်ဦးသွားတယ်ထင်ပါရဲ့။
…သြော်….အချစ်ဆိုတာ အင်မတန်သိမ်မွေ့တဲ့ စိတ်ကူးစိတ်သန်းတွေကို တီထွင်နိုင်ရုံမက ပူပန်သောက ဗျာပါဒကိုလည်း ပေးတတ်ပါကလား…..။
…အစ်ကိုပြန်သွားတဲ့ နေ့ကဖြင့် တစ်နေ့လုံး အမဲမလိုက်နိုင်ဘူး။
အစ်ကိုအိပ်သွားတဲ့ ကောက်ရိုးမွေ့ရာမှာ လူးလိမ့်နေမိတယ်။ မသန္တာရဲ့ အမဲလိုက်ဖော် မိုးလုံးကြီးတောင် အချိန်တန်တော့ တဲဝက လာပြီး ပြူးကြည့်သေးတယ်။ သူ့ခမျာ သူ့သခင်ရဲ့ ဝေဒနာကို မသိရှာဘူး။
…ဒီအချိန်ဟာဖြင့် အမဲလိုက်ချိန်တန်ပြီလို့ သတိပေးတဲ့အနေနဲ့ တဲဝကနေ သခင်ကို အမြီးနံ့ပြီး ခေါ်ရှာတယ်။
…နောက်တစ်ပတ် အစ်ကိုပြန်ပြီး လာခေါ်တော့ မသန္တာတဲဝကို ပြေးထွက်ပြီး ကြိုမိတယ်။ တကယ်တော့ ပြန်လာလိမ့်မယ်လို့ စိတ်ထဲမှာ မမျှော်လင့်လို့ပဲ။ မမျှော်လင့်ဘူး…အစ်ကိုရေ့…
“ခြေဖ၀ါးတော်နုနု သွေးခြည်တွေ ဥ ကုန်ပါပြီ မောင်မောင်ဘုရာ့” လို့ နွမ်းလျလျ ပြောနိုင်တဲ့ နန်းမတော်မယ်နုတွေ အပုံကြီးပေါတဲ့ လူယဉ်ကျေးတို့ ဌာနီက အပျိုချောတွေကို ကျောခိုင်းပြီးမသန္တာဆီ ပြန်လာတယ်ဆိုတာ ယုံနိုင်စရာ ရှိပါ့မလား…။
…ဒါကြောင့် မသန္တာဟာ ခြေလွတ်လက်လွတ် ၀မ်းသာလွန်းလို့ အစ်ကို့ကို ပြေးလို့များ ကြိုမိတယ်၊ အစ်ကို့ရင်ခွင်မှာ မျက်နှာအပ်လို့ အရူးအမူး မျက်ရည်များတောင် ကျလာမိတယ်။
“ကဲလေ…ပစ္စည်းတွေသိမ်း၊ အစ်ကိုတို့ မြို့ကို ပြန်ကြစို့” လို့ ခေါ်တော့ မသန္တာဘာပစ္စည်း သိမ်းရမှန်းတောင် မသိဘူး။ သေနတ်၊ ဒူးလေး၊ မြားတံတွေဟာ မြို့နဲ့မှ တန်ပါလေစ၊ အစ်ကိုက ဒါတွေယူခဲ့ဖို့ မလိုပါဘူးဆိုတာနဲ့ မသန္တာတဲနံရံမှာ ထားရစ်ခဲ့ရတယ်၊
ကျန်တာကတော့ ဆန်ဖွပ်တဲ့ဆုံနဲ့ မသန္တာရဲ့ မြေအိုးတွေ၊ ဒါတွေကိုလည်း မသန္တာ သယ်ဖို့မလိုပါဘူး။ တဲဝက ထွက်မယ်ကြံတော့ စိတ်အထိခိုက်ဆုံးက “မိုးလုံး” ကြီးပဲ…။
“ကျွန်တော့ကို တစ်ယောက်ထဲထားခဲ့ပြီး သခင်ဘယ်ကို သွားမှာလဲ” လို့…မိုးလုံးဟာ မေးနေသလိုပဲ မသန္တာကို မော့ကြည့်နေတော့ မသန္တာရင်ထဲမှာ ဆို့သွားတာပဲ။
“သြော်…မင်းတို့ မိန်းကလေးများဟာ ချစ်တဲ့သူနဲ့တွေ့ရင်ဖြင့် ကိုယ်နဲ့ငယ်က ပေါင်းခဲ့တဲ့ ရဲဘော်ရဲဘက်ကို မေ့တတ် ပါကလားကွယ်” လို့ သူက ပြောနေသလိုပဲ။ သူ့လည်ပင်းကို ဖက်ပြီး သူ့ကျောကို သပ်လိုက်ရင်ပဲ သူ့ကို အတူခေါ်စေ
လိုကြောင်း တောင်းပန်ခယတဲ့ မျက်လုံးနဲ့ မသန္တာကို ကြည့်ရှာတယ်။
“မင်းချစ်တဲ့ သူစိမ်းတစ်ရွာသားကို ငါလဲ ချစ်ပါ့မယ်ကွယ်” လို့ ခယ..နေသလိုပါပဲ။ မြေမှာဝပ်ပြီး အစ်ကို့ခြေဖမိုးကို သူ နမ်းတော့ မသန္တာ
မျက်ရည်ကို မထိန်းနိုင်ဘူး။ ဒါပေမယ့် သူ့ကို မြို့အတူခေါ်သွားဖို့ အစ်ကိုက ဘာမှ မပြောလေတော့ မသန္တာဟာ တစ်မိုင်ခရီးကို သူနဲ့အတူလျှောက်ပြီး ဆရာတော်ဘုရားကျောင်း ရောက်တဲ့အခါ သူ့ကို အပ်ခဲ့ရတယ်။
…ကျောင်းပရိဝုဏ်အ၀က မသန္တာ ထွက်သွားတာကို ငေးကြည့်ပြီး ကျန်ရစ်တဲ့ မိုးလုံးကြီးဟာ လူသားများဖြစ်ရင် သူ့အသည်းကွဲ ဇာတ်လမ်းကို စာတမ်းဖွဲ့ပေမှာပဲ။
…မသန္တာ အဲဒီတုန်းက မိုးလုံးကြီးကို ပြန်ကြည့်ဖို့ ကိုယ့်စိတ်ကို ကိုယ်မလုံဘူး၊ အစ်ကို့ဆီကို မျက်ရည်လည်ရွှဲနဲ့ ပြန်ပြေး လာမိတယ်။
သြော်…ချစ်လိုက်ရတာ၊ ချစ်လိုက်ရတာ၊ ခွေးကို ချစ်လို့ မျက်ရည်ကျရ၊ လူကိုချစ်လို့ မျက်ရည် ကျရနဲ့…။
…အစ်ကိုက မသန္တာကို မြို့ခေါ်သွားတဲ့လမ်းပေါ်မှာ ပြောတဲ့စကား ကြားမိသေးတယ်။
“တယ်လဲ တွယ်တာတတ်တဲ့ မိန်းကလေးပါလား၊ ပင်ပန်းလှချည်ရဲ့” ဆိုတာလေ။
စင်စစ်တော့လည်း သံသရာမှာ မုန်းလို့ ကျတဲ့မျက်ရည်ရယ်လို့ နည်းပါတယ်။
ချစ်လို့ ကျရတဲ့ မျက်ရည်က မိုးထက်တောင် များပါသေးလား…။
…လူယဉ်ကျေးတို့ ဌာနီဟာ အဖေပြောခဲ့သလိုပဲ သက်တောင့်သက်သာရှိလှပါဘိ။
မိန်းကလေးတွေကလည်း နုပျိုကြ၊ ချောမွေ့ကြ၊ လှပကြပါကလား…အစ်ကို့ရဲ့ ခမ်းနားတဲ့ ထမင်းစားပွဲကြီးတွေမှာ အစ်ကို့ ဧည့်သည်မိန်းကလေးတွေဟာ…လင်တော်မောင် ရှာစာကို အဆင်သင့်စားရသူတွေမို့ ထင်ပါရဲ့၊ ပါးမို့လေးတွေ
ပန်းနုသွေးရောင်ပေါက်ပြီး လက်ဖ၀ါးလေး တွေကလည်း ပန်းပွင့်ဖတ်လေးတွေလိုပဲ နူးညံ့လှပါဘိတယ်။ မသန္တာဟာ ပွဲတိုးစကဖြင့် မသန္တာလက်ဖ၀ါးကြမ်းကြမ်းကို ရှက်စနိုးနဲ့ ကွယ်ဝှက်လို့တောင် ထားမိတယ်။ နေလောင်ထားတဲ့ မသန္တာပါးပြင်ဟာ မြို့သူ ဒေါင်းမလေးတွေ အလယ်မှာ တောကျီးကန်းကြီးများလို ဖြစ်နေမလားလို့
ခဏခဏ ခေါင်းကို ငုံ့ထားမိတယ်။
( ဇာတ်သိမ်းဆက်ရန်) 👇👇👇
No comments:
Post a Comment