Sunday, 3 February 2019

အလုပ်လက်မဲ့ #သိပ္ပံမောင်ဝ

#အလုပ်လက်မဲ့ 


#သိပ္ပံမောင်ဝ


ဤခေတ်သည် အလုပ်လက်မဲ့ပေါသောခေတ်ကြီးပါ တကား။ အစိုးရအမှုထမ်းများ အလုပ်လက်မဲ့ ဖြစ်ကြ၊ သူဌေးတိုက်ကြီးတို့တွင် စာရေးလုပ်နေသူများ အလုပ်လက်မဲ့ ဖြစ်ကြ၊ ကူလီများ အလုပ်လက်မဲ့ ဖြစ်ကြနှင့် ခွအကျကြီး ကျနေကြလေပြီ။ အလုပ်အကိုင်ရပြီးသူတို့ပင် အလုပ်လက်မဲ့ ဖြစ်ကြရလျှင် အလုပ်မရသေးသောသူတို့ အလုပ်ရရန်ကား မည်မျှခဲယဉ်းပေမည်နည်း။ ဝိဇ္ဇာဘွဲ့ရသူတွေ၊ သိပ္ပံဘွဲ့ရသူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ ဥပစာတန်း စာမေးပွဲအောင်သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ ၁၀တန်းစာမေးပွဲအောင်သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ ခုနစ်တန်းအောင်မြင်သူတို့အဖို့ကား အသို့ ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ မြန်မာပြည်ရှိ ကျောင်းပေါင်းများစွာတို့တွင် ပညာသင်ကြားလျက်နေကြသည့် သောင်းပေါင်းများစွာသော ကျောင်းသားတို့အဖို့ အလုပ်ကား စဉ်းစား၍ပင်မပေါ်ပြီ။ ဤအလုပ်လက်မဲ့တည်းဟူသောပင်လယ်ကြောတွင် မျောပါ၍နေကြကုန်သောသူတို့အား အဘယ်မေခလာသည် လာ၍ ကယ်တင်ပါအံ့နည်း။ အလုပ်ရှာရင်းပင် ပျက်စီး နစ်မွန်း ကြရတော့မည်လော။


မောင်လူအေးကား မိမိတွင် အလုပ်လက်ကိုင်ရှိသော်လည်း အလုပ်လက်မဲ့ဖြစ်နေကြသော မိတ်ဆွေများ၊ ဆွေမျိုးတော်စပ်သူများ အတွက် တွေးတောပူပန်မိလေသည်။ ယနေ့ညနေ ကုက္ကိုဝရွာမှ မဲဇလီရွာသို့သွားရန် အလို့ငှာ ရန်ကုန်မှလာသော ဧရာဝတီမီးသင်္ဘောကို မောင်လူအေး စောင့်စား၍ နေ၏။ လေးနာရီထိုးလျှင် ပေါက်၍ လာလေသည်။ သင်္ဘောဆိုက်သည်နှင့်တပြိုင်နက် ပစ္စည်းများကို တင်ပြီးလျှင် သင်္ဘောအထက်ထပ် ပထမခန်းထဲတွင် ဝင်၍ထိုင်၏။ ထိုအခန်းထဲတွင် အသက် ၂၀ ခန့် သနားကမားလုလင်ပျိုတစ်ယောက် ပါလာလေသည်။ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်၍ နေ၏။ ကုက္ကိုဝရွာမှ သင်္ဘောထွက်လာ၍ အတန်ကြာလျှင် ထိုလုလင်ပျိုနှင့် မောင်လူအေးတို့ စကားပြောစ ပြုကြလေသည်။ ထို့ထက် အတန်ကလေး ပို၍ ကြာပြန်လျှင် စကားလက်ဆုံ ကျနေကြလေတော့သတည်း။ သူတို့နှစ်ယောက် ပြောကြားကြသော စကားများကို နားထောင်ကြည့်ကြစမ်းပါ။ အလုပ်လက်မဲ့အကြောင်း ဖြစ်ပါသည်။

“မောင် ဘယ်က လိုက်လာသလဲ”

“ရန်ကုန်က လိုက်လာပါတယ်”

“ဪ ကျောင်းကိစ္စ ထင်ပါရဲ့”

“မဟုတ်ပါဘူး၊ အလုပ်သွားရှာတာပါပဲ”

“ရခဲ့ရဲ့လား”

“ဘယ်ရမလဲ၊ ကျွန်တော်က ၁၀တန်းအောင်တာ လေးနှစ် ရှိပါပြီ။ အခုတောင် အလုပ်ရှာလို့ မရသေးဘူး။ အလုပ်ရှာရတဲ့စရိတ်လဲ တော်တော်ကုန်ပါပြီ။ အိမ်က မိဘများလည်း သိပ်ညည်းတာပဲ”

“မောင် လိုချင်တာက ဘာအလုပ်မျိုးလဲ”

“ဘာအလုပ်ပဲဖြစ်ဖြစ်၊  အလုပ်ဆိုရင်ပြီးတာပဲ၊ အခုတော့ ၁၀-တန်းအောင်ပြီး အလုပ်မရှိ၊ မိဘတွေရဲ့ ပစ္စည်းတွေကို ထိုင်စားနေတာ တော်တော်ကြာပြီ။ အားလည်းနာစရာပဲ”

“လခဘယ်လောက်ရမှ လုပ်မယ်လို့ စိတ်ကူးထားသလဲ”

“လခဘယ်လောက်ရရ လုပ်မယ်ခင်ဗျ၊ ကုန်ကုန်ပြောလိုက်မယ်၊ လခမရတောင် အကူစာရေးကလေးပဲ လုပ်ရလုပ်ရ ကိစ္စမရှိပါဘူး။ ကျွန်တော့်မိဘရဲ့ပိုက်ဆံနဲ့ စားပြီး လုပ်မယ်၊ အလုပ်ရှိတယ်ဆိုရင် တော်ပါပြီ။ ဂျပိုးလို့ သူတကာကဆိုတာ အခံရဆိုးလွန်းလို့”

“မောင်ရင် အလုပ်သွားရှာတာ ရန်ကုန်အပြင် ဘယ်မှာများ သွားရှာသေးသလဲ”

“ရန်ကုန်အပြင် ဘယ်မှာအလုပ်ရနိုင်ပါ့မလဲ၊ ရန်ကုန်မှာတောင် အလုပ်ရှာလို့မရမှဖြင့် တခြားမှာတော့ ဝေးပါရော”

“တောရွာများမှာကော အလုပ်သွားရှာသေးသလား”

“ဟာ မဟုတ်တာ ၊ တောရွာမှာ အလုပ်သွားရှာလို့ ဘယ်ရမလဲ”

“မောင်ရင်တို့လို အင်္ဂလိပ်စာတတ်၊ မြန်မာစာတတ်ကလေးတွေ အတွက် ကျုပ်အလုပ်ရှာပေးမယ်၊ လုပ်မလား”

“အောင်မယ် လုပ်ချင်တာပေါ့ဗျာ ၊ လခ ဘယ်လောက်ရရ လုပ်ပါ့မယ် ၊ ကျေးဇူးကိုလည်း မမေ့ပါဘူး”

“လက်ဦးတော့ဖြင့် လခအစိတ်လောက်ပဲ ရမယ်။ နောင်တော့ တစ်စတစ်စ နေရာကျမှာပဲ”

“အခုလိုတွေ့ရတာ ကျွန်တော့်ကို နတ်သိကြား မ တာပဲလို့ ထင်ပါတယ်။ ဘာအလုပ်ပါလဲ ခင်ဗျာ”

“ကျုပ်ပြောတဲ့ အလုပ်က ပင်လည်းမပင်ပန်းဘူး ၊ ဘယ်သူ့ကိုမှလည်း မကြောက်ရဘူး ၊ ကုသိုလ်လည်းရတယ်၊ သို့ပေမယ့် လုပ်ချင်တဲ့လူတွေက ရှားတယ်”

“အောင်မယ် ၊ ကျွန်တော် လုပ်ချင်ပါတယ်ခင်ဗျာ ၊ အဲသည် အလုပ်ကိုသာ ပေးပါ။ ဘယ်လောက်ပဲ ပင်ပန်းတော့ လုပ်ပါ့မယ်၊ အလုပ်ကိုသာ ရပါစေ”

“ကောင်းပြီ၊ အလုပ်ရပြီလို့သာ မှတ်လိုက်ပေတော့”

“အဲသည်အလုပ်ဟာ ဘာအလုပ်ဆိုတာ မသိရဖူးလား ခင်ဗျာ”

“ဆရာအလုပ် မောင်ရင်ရဲ့ ၊ ဘယ့်ကလောက် ကောင်းတဲ့အလုပ်လဲ”

“ကျွန်တော်လည်း လုပ်ချင်ပါတယ်၊ အမျိုးသားကျောင်းမှာလား ၊ အစိုးရကျောင်းမှာလား”

“အဲသည်ကျောင်းတွေက အလုပ်ဟာ တယ်မလွတ်လပ်လှဘူး၊ လုပ်ချင်သည့်တိုင်အောင်လည်း နေရာလပ်ရှိမှာ မဟုတ်ဘူး”

“ဒါဖြင့် ဘယ်မှာ ဆရာလုပ်ရမှာလဲ”

“အင်းမဆိုတဲ့ရွာကို သိသလား”

“သိပါတယ်”

“အဲသည်ရွာမှာ အိမ်ခြေ ၃၀၀ လောက် ရှိတယ်၊ ကျောင်းတစ်ကျောင်းမှ မရှိဘူး ၊ ဘုန်းကြီးကျောင်းတော့ဖြင့် တစ်ကျောင်းရှိရဲ့၊ သို့ပေမယ့် အဲသည်ကျောင်းမှာ ကလေးတွေကို စာမသင်ဘူးတဲ့၊ သည်ရွာမှာရှိကြတဲ့ ကလေးတွေဟာ ကကြီး၊ ခခွေးကို ပုတ်ကြီးလောက်ရေးပြတာတောင် မသိဘူးတဲ့၊ ဒါ့ကြောင့် ရွာကလူကြီးတွေ ညည်းနေကြတယ်။ ရွာသူရွာသားတွေ စုပြီး ကျောင်းတစ်ကျောင်းထောင်ချင်လို့တဲ့၊ မောင်ရင်နဲ့ အခန့်သင့်တာပဲ”

“ကျွန်တော်တို့ ၁၀ တန်းပညာ သင်ထားတာ သည်လို အလုပ်မျိုးနဲ့ ကိုက်ပါ့မလား၊ မနုံဘူးလား”

“ဘာဖြစ်လို့ နုံရမှာတုန်း၊ စာရေးလုပ်တာထက်တော့ ကောင်းသေးတယ်၊ မောင်ရင်က ဘာအလုပ်မျိုးမဆို လုပ်မယ်လို့ ခုပဲပြောတာ မေ့သွားပြီလား”

“ဟုတ်တော့ ဟုတ်ပါရဲ့၊ ကျွန်တော်က လခစားအလုပ်ကိုဆိုတာ ၊ အခုပြောတဲ့ နုံချာချာ အလုပ်မျိုးကို ဆိုတာမဟုတ်ဘူး”

“အောင်မလေးဟဲ့လူ ၊ သည်အလုပ်မျိုးကို နုံချာတယ်လို့ထင်ရင် ဘယ်အလုပ်ကို လုပ်တော့မလဲ၊ ကျောင်းသား အနည်းဆုံး ၅၀ လောက်ရမယ်၊ တစ်ယောက်အတွက် တစ်လ ငါးမူးပေးမတဲ့၊ တစ်လအစိတ်ဆိုတာ သေချာပေါက်ပေါ့။ စပါးပေါ်တဲ့အခါ ငါးခြောက် ငါးပိပေါ်တဲ့အခါ လာပို့ကြဦးမယ်။ ဝါဝင်ဝါထွက်ဆိုရင်လည်း လာကန်တော့ကြဦးမယ်။ ပုဝါစ၊ လုံကွင်းစ တော့ ရမှာပဲ။ တစ်ရွာလုံးမှာလည်း မောင်ရင်တစ်ယောက်ပဲ အင်္ဂလိပ်စာတတ် ရှိတယ်ဆိုတော့ ဘယ်နေရာမှာမဆို မောင်ရင့်ကို လာတိုင်ပင်ကြရမယ်၊ အရေးအကြောင်းရှိရင် မောင်ရင့်ကိုပဲ လျှောက်လွှာတို့ ဘာတို့ကို လာအရေးခိုင်းရမယ် မဟုတ်လား။ အမှုအခင်းဖြစ်လာလို့ ရှိရင်လည်း မောင်ရင့်ဆီလာပြီး နှီးနှောကြရမယ်၊ မောင်ရင့်လို အင်္ဂလိပ်စာတတ်တစ်ယောက် ရောက်သွားမယ် ဆိုရင် ရွာသူရွာသားတွေမှာလည်း မျက်စိ၊ နား ပွင့်လင်းလာကြမယ် မဟုတ်လား။ မောင်ရင့်ဩဇာ ဘယ်လောက်ရှိမယ်ဆိုတာကို စဉ်းစားကြည့်စမ်း၊ မောင်ရင်ပြောသမျှ ရွာသားတွေ လိုက်နာကြရမယ်၊ တစ်လငွေ ၅၀ ကျပ်ဆိုတာ အနည်းကလေးပေါ့။ နေရာတကာမှာ မောင်ရင်မပါရင် ပြီးမလား။ သည်ရွာမှာနေလို့ အနေအထားကျသွားရင် အနီးအနားရွာများက မောင်ရင့်ထံမှာ အကြံဥာဏ်လာတောင်းကြရမယ်။ ဥာဏ်ပူဇော်ခတွေလည်းရမယ် မဟုတ်လား၊ ရွာသားတွေအပေါ်မှာ ဩဇာရှိလာတယ်ဆိုရင် မောင်ရင်စားဖို့ သောက်ဖို့ဆိုတာ ဘယ်ကုန်တော့မှာလဲ၊ ရွာမှာနေတယ်ဆိုတော့ သုံးဖို့၊ စွဲဖို့ဆိုတာလည်း ဘာမှ ကုန်မှာမဟုတ်ဘူး၊ ဝတ်ဖို့စားဖို့ဆိုတာလည်း မကုန်ဘူး။ ရတဲ့ပိုက်ဆံကို စုမိဦးမယ်။ အဲသည် စုမိတဲ့ငွေနှင့် လယ်ကလေးဝယ် ၊ ဥယျာဉ်ကလေးဝယ်နဲ့ လေးငါးနှစ်အတွင်းမှာ မြေပိုင်ရှင်တောင် ဖြစ်နိုင်တယ်။ ဘယ့်ကလောက် ကောင်းတဲ့အလုပ်လဲ၊ ရန်ကုန်မှာ စာရေးသွားလုပ်နေမယ်ဆိုရင် ဘယ်တော့မှ လူတစ်လုံး သူတစ်လုံးဖြစ်မှာ မဟုတ်ဘူး။ မောင်ရင်တို့တစ်တွေဟာ အမှားကို အမှန်ထင်နေလို့ အလုပ်သွားရှာလို့ ဘယ်တော့ရမှာတုန်း၊ အလုပ်ရှိမယ့်နေရာမှာတော့ မရှာချင်ကြဘူး”

“အခုပြောပြတာ ဝမ်းသာစရာပါပဲ၊ သဘောပေါက်စရာလည်း ကောင်းပါတယ်။ သို့ပေမယ့် ကျွန်တော်တို့သင်ထားတဲ့ ပညာနဲ့တော့ မကိုက်လှဘူး။ နောက်ပြီးတော့လည်း တောရွာမှာနေလို့ မဖြစ်ဘူးထင်တယ်”

“ ဒါကတော့ မောင်ရင့်သဘောပေါ့။ မောင်ရင်က မြို့မှာနေပြီး အလုပ်လက်မဲ့ ဖြစ်နေတာကိုကြိုက်ရင်လည်း အခုပြောတဲ့အလုပ်ကို မလုပ်နဲ့၊ ကျကျနန အလုပ်နဲ့အကိုင်နဲ့နေချင်လို့ ရှိရင်တော့ အခုပြောတဲ့အလုပ်ဟာ အကောင်းဆုံးပဲ မောင်ရင်၊ အခုခေတ်မှာ အလုပ်ရှာနေကြတဲ့ လူတွေဟာ စန္ဒဂုတ်စစ်တိုက်တာလို  မြို့ကြီးကိုသာ အရင်ဝင်ပြီး စီးကြတယ်။ ရွာသိမ်ရွာငယ်များကိုတော့ မေ့နေကြတာပဲ၊ နိုင်ငံခြားကလာတဲ့ တရုတ်၊ ကုလားတွေကတော့ မြို့ကြီးများကို လက်လွှတ်ပြီး ရွာသိမ်ရွာငယ်များကို ဝင်ပြီးစီးကြတယ်။ ရွာသိမ်ရွာငယ်တွေက စုဆောင်းလို့ ငွေတော်တော်ကလေး တောင့်လာတော့မှ မြို့ကြီးတွေမှာတက်ပြီး ကုန်ဆိုင်ကြီးတွေကို ဖွင့်ကြတာ မောင်ရင်လည်း အသိပါပဲ”

“အခုပြောတာတွေကတော့ အဟုတ်အမှန်ချည်းပါပဲ၊ သို့ပေမယ့် ကျွန်တော်တို့ အင်္ဂလိပ်စာသင်ထားတာ မခက်နေပေဘူးလား၊ ဘာမဟုတ်တဲ့ ကျောင်းဆရာအလုပ်ကလေးကို သွားလုပ်မယ်ဆိုရင် ရှက်စရာ မကောင်းဘူးလား”

“လာပဲလာသေးရဲ့၊ ဘာလို့ရှက်ရမှာလဲ၊ ဒါဖြင့် အင်္ဂလိပ်စာသင်ရင် အလုပ်လက်မဲ့ဖြစ်ရတော့မယ်ဆိုသလို ကျနေပြီ၊ ဆရာအလုပ်ထက် ဘာအလုပ်က မြတ်သေးလို့လဲ”

“နေပါဦးခင်ဗျ၊ ကျွန်တော်တစ်ခု မေးပါရစေ”

“မေးပါ မေးပါ”

“အဲသည် ကျောင်းကို အစိုးရက အသိအမှတ်ပြုမတဲ့လား၊ ဒိစတြိတ်ကောင်စီကကော အထောက်အပံ့ပေးမတဲ့လား”

“အစိုးရအသိအမှတ်ပြုချင်ပြု၊ မပြုချင်နေ၊ စတြိတ်ကောင်စီက ထောက်ပံ့ချင်ပံ့ မပံ့ချင်နေ၊ ကိုယ့်အလုပ်ရတာသာ  လိုရင်းမဟုတ်ဘူးလား၊ ကိုယ်လစဉ်ကျောင်းလခရတာသာ လိုရင်းမဟုတ်လား။ သူတို့က အသိအမှတ်ပြုရင်တောင် လွတ်လပ်ခွင့်ကို ထိခိုက်ဦးမယ်။ ဘယ်သူမှ ဝင်မရှုပ်ပဲ ကိုယ်ထင်တာကို သင်ကြားရရင် ကိုယ်ထင်သလိုနေရရင် အကောင်းဆုံးပဲ မဟုတ်လား။ မောင်ရင်တို့ စိတ်က တယ်ခက်တာကိုး”

“ခက်တာမဟုတ်ဘူး ခင်ဗျ၊ အစိုးရက အသိအမှတ်ပြုတဲ့ကျောင်းမှာ မျက်နှာရှိတယ်၊ ဒိစတြိတ်ကောင်စီက ထောက်ပံ့တဲ့ကျောင်းမှ လူရိုသေတယ်”

“မောင်ရင်တစ်ယောက်လည်း ခက်တော့တာပဲ၊ မျက်နှာရှိတာတွေကိုသာ လိုက်နေတာကိုး၊ အကျိုးရှိမယ် မရှိဘူးဆိုတာကိုတော့ မကြည့်ဘူး၊ ဒါကြောင့်လည်း အင်္ဂလိပ်စာတတ် အလုပ်လက်မဲ့တွေ မြန်မာပြည်မှာ များနေတာ ထင်ပါရဲ့၊ ဒီလိုဖြင့် အင်္ဂလိပ်စာ မတတ်တာပဲ ခပ်ကောင်းကောင်း၊ အင်္ဂလိပ်စာတတ်တာ အလုပ်လက်မဲ့ဖြစ်အောင်လုပ်တာနဲ့ အတူတူပဲ”

“မှန်ပါတယ်”


ဤသို့ စကားကောင်းလာရင်း သင်္ဘောသည် မဲဇလီရွာ၌ ဆိုက်ကပ်လေ၏။ မောင်လူအေးတို့လည်း နှုတ်ဆက်ကြပြီးလျှင် အသီးသီးဆင်းသွားကြလေသတည်း။


--------------


သိပ္ပံမောင်ဝ


{ Burmese Collection ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }




.

No comments:

Post a Comment