#အရီးနှင့်ကြီးတော်
(ဇာတ်သိမ်းပိုင်း)
#ခင်ခင်ထူး
ကြီးတ်ာကျေး ငယ်ဘဝကို ကျွန်မတို့နောက်ပေါက် တူ၊ တူမတွေ မမှီလိုက်ကြသော်လည်း မှီလိုက်သည့်သူတွေ ပြောပြသမျှကိုတော့ ကျွန်မတို့ မကြားချင်မှအဆုံး။ ကြီးတော်ကျေး၏အမေ ဖွားလေးပုံနှင့် ကျွန်မအဖွားတို့က ညီအစ်မ အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်ကြသည်။ ဖွားလေးပုံတွင် သမီးသုံးယောက်ရှိရာ ကြီးတော်ကျေးက အကြီးဆုံးသမီး။ ကြီးတော်အေးနှင့် ကြီးတော်ခွေးတို့က ညီမအငယ်တွေဆိုသော်လည်း ကြီးတော်ကျေးလောက် အသက်မရှည်ခဲ့ကြ။
ညီအစ်မသုံးယောက်ကို ဖွားလေးပုံက မျက်စိမမှိတ်ခင် ရှိသမျှပစ္စည်း အညီအမျှ ရာဇူတိုက် ဝေပုံခွဲပေးခဲ့ပြီးသားဆိုတော့ ဒီအိမ်ကြီးနှင့် ဒီပစ္စည်းတွေက ကြီးတော်ကျေးရလိုက်သည့်ခွဲတမ်းဖြစ်သည်။
" မမကျေးငယ်ငယ်က သိပ်ချောတာ....ဥစ္စာပေါ၊ ရုပ်ချောဆိုပါတော့အေ....ဟိုရွာ ဒီရွာက ခေါင်ဆိုတဲ့လူတွေက လိုချင်လိုက်တာမှ ဝိုင်းဝိုင်းလည်လို့....မမကျေးက လင်စိတ်သားစိတ် ရှိပုံမရဘူး....အင်မတန် အနေအေးတယ်....သူ့ဟာသူများတော့ ရှိမှန်း မသိရဘူး....ဖွားလေးပုံက ကိုဘအောင်နဲ့ပေးစားတော့ အမေတို့အိမ် လာငိုရှာတယ်....ဘဝအကျိုးပေးထင်ပါရဲ့....စီးပွါးကလည်း ဖြစ်လိုက်ကြတာမှ အိမ်သာကျင်းတူးရာက ငွေဒင်္ဂါးတွေ အိုးလိုက် တွေ့ကြသေးတာ....ကျိကျိတက်ပေါ့အေ....တို့အပျိုတုန်းက ပွဲလမ်းသဘင်သွားစရာရှိ မမကျေးဆီက ငှားရမ်းဝတ်ကြရတာ.... အဝတ်အစားဆိုတာများ သံသေတ္တာပေါ် လူတက်ဖိမှ ပိတ်လို့ရတယ် "
အမေပြောပြသလောက် ကြီးတော်ကျေးမှာ ရွှေလက်ဝတ်လက်စားတွေကိုက ဒီဘက်ခေတ် လက်တိုဂျင်နို့မှုန့်ဘူးနှင့် နှစ်ဘူးအပြည့်အသိပ်ဟု ဆိုပါသည်။ စတိလက်ကောက်၊ ကြံဆစ်လက်ကောက်၊ နဂါးလိမ်လက်ကောက်ကွင်းကြီးတွေ၊ ဒေါင်းဘယက်ခွက်၊ အုန်းဆံကြိုး၊ သံကွင်းဆက်ကြိုးတွေ၊ မောင်နှံခုနှစ်ဖော်၊ အုတ်ပုံလက်စွပ်ကွင်းကြီးတွေ၊ မြင်းစီးချင်းထိုး ဂျော့ဘုရင်ခေါင်း၊ ဝေလခေါင်း ငါးမူးသား၊ တစ်ကျပ်သား အပြားကြီးတွေ၊ ရွှေနှင်းဆီကြယ်သီး၊ ကျောက်ကြယ်သီးတွေ စသည်ဖြင့် စုံနေအောင် ရှိသည်ဆို၏။
" အလှူမင်္ဂလာပွဲရှိလို့ကတော့ အပျိုတွေ ဆယ့်လေးငါးယောက်လောက် မမကျေးဆီက ငှားဝတ်ကြတာ.... ဝတ်သူက မဝတ်နိုင်ဘူး....သူကိုယ်တိုင်ကတော့လား နားကပ်တောင် ကြီးကြီးမပန်ဘူး....အဝတ်အစားလည်း ဒီလိုပဲ... ဘရိုကိတ်လုံချည်၊ ပိုးလုံချည်၊ ဘန်ကောက်လုံချည်တွေကချည်း ငါသိသလောက် ချည်စုံ၊ အရောင်စုံ အကွင်းနှစ်ဆယ်အစိတ်ရှိတာ....အလှူလိုက်တော့ သရက်ထည်လုံချည်ကလေးနဲ့ လိုက်ချင် လိုက်တာပဲ.... ဘယ်နှယ့်မိန်းမလည်း ပြောတတ်ပေါင်အေ "
ကြီးတော်ကျေး၏ခင်ပွန်း ဘကြီးအောင်ကိုတော့ ကျွန်မ မှီလိုက်ပါသေးသည်။ ကျွန်မတို့ကလေးဘဝ ရွာမှာနေစဉ်က ဘကြီးအောင်က ထမင်းခေါ်ခေါ်ကျွေးတတ်သည်။ ကြီးတော်ကျေး အေးသလောက် ဘကြီးအောင်က ဟောင်ဖွာဖွာနေတတ်သည်။ သဘောမနော ကောင်းသည်။ သူကိုယ်တိုင် သားရှာငါးရှာ သူကိုယ်တိုင် ချက်ပြုတ်ကျွေးသူဖြစ်သည်။ ထန်းရည်ကလေး သောက်ချင်တာ၊ ကြက်ကလေး လောင်းချင်တာလောက်ကလွဲလျှင် အလွန်ချစ်စရာကောင်းသည်။
သားသမီးမရှိရှာတော့ ဆွေကလေး၊ မျိုးကလေး အလွန်မက်စက်သည်။ သူ့ဝိုင်းထဲမှာပဲ အဆော့ခိုင်းပြီး သူပါ ကလေးတွေကစားတဲ့အထဲ ဝင်ပါချင်ပါတတ်သည်။ ကြီးတော်ကျေးက ဘကြီးအောင်ကို အမြဲစူစူအောင့်အောင့် လုပ်တတ်တာလည်း ကျွန်မမှတ်မိသည်။ ဘာ့ကြောင့်မှန်းတော့ မသိ။
" ကိုဘအောင် ... တော်က ထရေကလေး မူးလိုက်၊ ကြက်ကလေး လောင်းလိုက်နဲ့....တော့်ကိုယ်တော် ပခန်းမင်းများ မှတ်နေသလား... ပခန်းမင်းက လူစွမ်းကောင်း.ေ...တ်ာက ယောင်ခြောက်ဆယ်.... ကျုပ်ပစ္စည်းတွေတော့ စိတ်နဲ့တောင် ထိဖို့ မျက်စောင်းမခဲနဲ့.... ဒီပစ္စည်းတွေက ကျုပ်မိဘပစ္စည်းတွေ....တော့်လက်ထက်ပွားဆိုလို့ အပ်တိုတစ်ချောင်း မရှိဘူး "
သည်တုန်းကတည်းက ကြီးတော်ကျေးက ပစ္စည်းတွေကို ဝှက်ထားတော့တာလို့ ပြောကြပါဧ။်။ ဘကြီးဘအောင်တစ်သက်လည်း ဘာမှ ဖြစ်လောက်အောင် သုံးစားသွားခဲ့တာ မမြင်ခဲ့ကြဘူး။ သူလိုကိုယ်လိုလောက်ပါပဲ။ ဘကြီးဘအောင်ဆုံးတော့ ကြီးတော်ကျေးက ယာအလုပ်၊ ကိုင်းအလုပ်တွေကို ဖြတ်ပစ်ကာ အိမ်ဝိုင်းကလေးထဲ ရက်ကန်းတဲကလေးထိုးကာ ရက်ကန်းခတ်စားတော့သည်။
မနက်မိုးလင်းလို့ ဆွမ်းခံကိုရင်ကလေးကို ဆွမ်း၊ ဆွမ်းဟင်း နေ့စဉ်လောင်းတာကလွဲလို့ ဥပုသ်သီတင်းလည်း မရှိ။ လက်တိုလက်တောင်းရယ်လို့လည်း မခေါ်။ အဖော်နေပေးပါရစေဆိုတာလည်း လက်မခံ။ တစ်ခါတော့ အမေက မေးတယ်။
"မမကျေး ညည်းပစ္စည်းတွေရော "
" ဘာပစ္စည်းမှ မကျန်ပေါင်ငါ့ညီမရယ်....ကိုဘအောင်ဖြုန်းသွားလို့ ဖြူကာပြာကာကျပါပကော... ငါ့မှာ အိမ်ကြီးငုတ်တုတ်ကလွဲလို့ ဝတ်ထားတဲ့ထမီတောင် အထက်ဆင် မတပ်နိုင်ပေါင်အေ.... မိုးကြိုးပစ်ရပါစေရဲ့ "
ကြီးတော်ကျေးက အကျိန်တွေရော၊ အတွယ်တွေရော စုံနေအောင် ဖြူဆူးခါတတ်သော်လည်း ယုံရဖို့တော့ ခက်သည်။ ဘာသဘော ဘာရည်ရွယ်ချက်မှန်းလည်း မသိ။ ကြီးတော်ကျေးကတော့ အကြောင်းဆိုက်တိုင်း ရပ်ထဲရွာထဲ ဒီအသံကိုပဲ တွင်တွင်ကြီး လွှင့်နေတော့ဧ။်။ သူကလွှင့်လေ ရွာကမယုံလေ။
" မဟုတ်တာပြောသာပါအေ....ဘယ့်နှယ် ဘအောင်ဖြုန်းသွားရမှာလဲ.... ဘအောင်ဖြင့် ရွှေတစ်မူးသား ရောင်းသုံးသွားသာ မမြင်ဖူးဘူး....မိကျေးက ဓားပြတိုက်မှာစိုးလို့ အသံကာင်းလွှင့်တာနေမှာပါ....မဟုတ်သာဟာ "
ရွာကတော့ ဘိုးတင်လိုလူကြီးကအစ ဘယ်သူကမှ ကြီးတော်ကျေးစကားကို အသိအမှတ်မပြုကြ။ ကြီးတော်ကျေးကလည်း အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်ကိုင်စားသောက်နေထိုင်ပြတော့လည်း ဘယ်သူကမှလည်း ကြက်တွန့်မတက်ဝံ့။ ကျွန်မတို့လို ဝမ်းကွဲတူမတွေမပြောပါနှင့်။ ညီမနှစ်ယောက်ကမွေးသော တူ၊ တူမအရင်းခေါက်ခေါက်ကြီးတွေကိုပင် တစ်ပြားမကျပဲ စုံးလုံးပစ်ထားတတ်သူဆိုတော့ ဝေခွဲရခက်ကြသည်။
" ငါ့မှာသာ ရွှေတွေ အဲသလောက်ရှိရင် မြတင်တို့မန်းလေး ပြောင်းနေမှာပေါ့ဟဲ့....နင်တို့မယုံရင် ငါ့ကိုသတ်ပြီးတော့သာ အိမ်ပေါ်မွှေကြပေတော့ "
တစ်ခါတော့ တူဖြစ်သူကိုလှဆောင်ကို ကြီးတော်ကျေးက ဒီလိုပြောတော့ ကိုလှဆောင်က ထန်းရည်မူးမူးနဲ့ သူ့ကြီးတော်အိမ်ကြီးပေါ် တက်မွှေဖူးသည်။ တကယ့်ကို ဘာမှမတွေ့။ ရွှေထည်၊ ငွေထည် မတွေ့တာထား။ ဘရိုကိတ်လို ဘန်ကောက်လို ထမီတွေတောင် ရှာမတွေ့ခဲ့ဟု တဆင့်စကား ကြားခဲ့ရပါသည်။ အံ့တော့လည်း အံ့စရာ။ ဒီပစ္စည်းတွေ ကြီးတော်ကျေး ဘယ်မှာများ ဝှက်ထားလိုက်ပါလိမ့်ဆိုတာကလည်း နားမလည်နိုင်အောင်ဖြစ်ကြရသည်။
တချို့ကလည်း တနေရာရာမှာ တူးမြုပ်ထားတာနေမှာဟု ထင်ကြေးနှင့် ပြောကြတာလည်းရှိသည်။ ရွှေထည်ငွေထည် တူးမြုပ်တယ်ပဲ ထားပါဦး။ ထမီတွေက ဘာမြှုပ်စရာလိုလို့လဲ။ ဒါကလည်း တွေးစရာ။ အိမ်ပေါ်သို့ ကိုလှဆောင်တက်မွှေပြီးကတည်းက ကြီးတော်ကျေးက ကျွန်းလှေကားကြီး ဖြုတ်ပစ်လိုက်ခြင်းဖြစ်၏။ ပြီးတော့ ခြံထောင့်မှာ တဲကလေးတစ်လုံး ထိုးပြီး ရက်ကန်းစင်ကလေးဆင်ကာ တဲထဲမှာပဲ နေခဲ့ခြင်းဖြစ်သည်။ သည်တဲကလေးထဲမှာ ကြီးတော်ကျေး ရက်ကန်းခတ်ရင်း နေလာခဲ့တာပဲ နှစ်ပေါင်း မနည်းတော့ပြီ။
ကြီးတော်ကျေး၏ရက်ကန်းထည်တွေက နာမည်တော့ရပါ၏။ မရောင်းရ မရှိ။ အကြွေးပေးတော့လည်း ဆုံးသည်မရှိ။ ရက်ကန်းကြွေးတော့ ရအောင်တောင်းတတ်သည်။ တစ်ရက်နှစ်ရက် ဆိုင်းပါဆိုပြီး ယူသွားရာ အထည်ဖိုးလာမပေးလျှင် အလှူအိမ်ထိ လိုက်ကာ ချွတ်ခိုင်းတော့တာမဟုတ်လား။
( ၄ )
ရွာလူကြုံလာလို့ ကြီးတော်ကျေးတစ်ယောက် ရွာမှာဆုံးရှာပြီ အသံကြားတုန်းက ကျွန်မမှာ ဝမ်းနည်းလို့မဆုံးဖြစ်ရပါ၏။ ကျွန်မမြင်ရသလောက် ကြီးတော်ကျေးခမျာ တစ်ကိုယ်ရေ တစ်ကာယ ရက်ကန်းခတ်စားရသည့်ဘဝနှင့် အရိုးထုတ်သွားရ ရှာတာမဟုတ်လား။ ကြီးတော်ကျေးမှာ ပစ္စည်းတွေရှိတယ်ဆိုတာကလည်း ကျွန်မတို့မမှီလိုက်လေတော့ အကြားနှင့် ယုံခဲ့ရတာမျိုးပင်။ ရွာပြန်တိုင်း ထမီခါးချပ်ကြီးနှင့် ရက်ကန်းတချောက်ချောက် ရက်နေတတ်သော အသက်ခုနှစ်ဆယ်ကျော် အဘွားအိုကြီးတစ်ယောက်၏ ပုံရိပ်ကို ကျွန်မ လွမ်းမိ သနားမိရပါသည်။
အမေကတော့ ရွာလူကြုံ အရီးအေးမကို ကြီးတော်ကျေးအကြောင်း အဝေးက မေးရရှာ၏။ မျက်ရည်ကလေးကလည်း တစမ်းစမ်း။
" နေစမ်းပါဦး အေးမရယ်... မမကျေးဆုံးတော့ သူ့ပစ္စည်းတွေ ရှာကြဖွေကြသေးလား "
" ရှာကြပါသတော်....လှဆောင်တို့၊ မိသေးတို့ ရက်ကန်းတဲကြီး ဖျက်ပြီး မြေကြီးတူးကြည့်ကြသာပေါ့....အတော်ကြီးနက်တဲ့အထိ တူးသာပဲ.... လူတစ်ရပ်တောင် ကျော်မလားပဲ....ဘာတစိမှ မတွေ့ဘူးတော်ရေ "
ကြီးတော်ကျေး အိပ်ယာထဲ လဲတယ်ကြားတော့ တူ၊ တူမအရင်းတွေ ဒရောသောပါး လာပြုစုကြသည်။ ဆန်ပြုတ်ကလေး ဇွန်းခွံ့ရင်း သိုဝှက်ထာသည့်ပစ္စည်းတွေကို ချော့ချက်မေးကြ၏။ ကြီးတော်ကျေးကတော့ ဘူးခါမြဲ ခါသည်ဆို၏။ အရီးအေးမ ဆက်ပြောသော ကြီးတော်ကျေးအကြောင်းက စိတ်ဝင်စားစရာ။
" အရီးကျေးဆုံးမယ့်နေ့က ရွာဦးဆရာတော်ကျောင်းက ဦးပဉ္ဇင်းကလေးတစ်ပါးကို အခေါ်လွှတ်သယ်....ရွာကတော့ လူတွေကို မပေးခဲ့ချင်လို့ ဆရာတော်ကို လှူခဲ့လိမ့်မယ်လို့ တွက်ကြသာပေါ့.... ဒါကလည်း ကောင်းတဲ့ကိစ္စကိုး....အရီးကျေးက ဝေဒနာခံစားနေရပေမယ့် သတိတစ်ချက် အလစ်မခံဘူး....ကျုပ်တို့ဖြင့် ညည လူမမာသွားစောင့်အိပ်ကြရသာ ရက်တွေ မနည်းဘူး.... ဦးပဉ္ဇင်းကလေးကြွလာတော့ အရီကျေးက ဘုတ်အုပ်နဲ့ခဲတံ အယူခိုင်းသယ်....သူ့နှုတ်က ရွတ်သမျှ လိုက်မှတ်တော်မူပါဘုရားလို့ လျှောက်တော့ ဦးပဉ္ဇင်းက လိုက်မှတ်သယ်... လေသံတောင် ယဲ့ယဲ့ပဲ ကျန်တော့ရဲ့"
ဦးပဉ္ဇင်းလေးက ကြီးတော်ကျေး ဘဝကူးကောင်းစေရန် စိတ်မှချမ်းသာပါစေတော့ဆိုသည့် သဘောဖြင့် ကြီးတော်ကျေးအလိုကျ ဆောင်ရွက်ပေးတော်မူရှာပုံရပါသည်။ ကြီးတော်ကျေးက မျက်ဖြူကြီးလန်နေရင်းက မှာသည် ဆို၏။
" ဦးဇင်း ရေးပါဘုရား.ေ...တာင်အရပ်က မမှတ်ကြီး စောင်တစ်ထည်ဖိုး ငါးရာ....သင်တောရွာက မစံကျော် ပင်နီတစ်အုပ်က သုံးရာ.... ညောင်တိုရွာက မကြည်ခင် ထမီနှစ်ကွင်းက နှစ်ရာ.ြေ...မာက်ရွာက အေးပု တဘက်စောင်ဖိုး လေးရာ... သိမ်ရွာက .... "
ကြီးတော်ကျေးက သူ့ရက်ကန်းထည်ဖိုးနှင့် ငွေတိုးချ အကြွေးရစရာတွေ ရှိတာတွေ တန်းစီအရေးခိုင်းခဲ့သည်။ ထိုထိုသော ရရန်ရှိသမျှငွေအားလုံးကို ဦးပဉ္ဇင်းလေးက တာဝန်ခံတောင်းယူပြီး ရွာကျောင်းဆရာတော်ကို လှူဒါန်းပေးပါရန် မှာ၏။ ဦးပဉ္ဇင်းကလေးက ရေစက်ခွက်ကလေးတည်ကာ ရေစက်ချလှူဒါန်းစေပြီး တရားဟောတော့ ကြီးတော်ကျေးက ရေစက်ချလိုက်သေးသည်ဆိုပါ၏။
" မနက်ပိုင်း ရက်ကန်းကြွေး၊ ငွေတိုးကြွေးကလေးတွေ ရေစက်ချညနေဆုံးသာပဲ... ကြွေးတိုကြွေးစအကုန် သူ့မို မှတ်မိသတော်...အံ့ချက်တော့.... အိမ်ကြီးရော၊ ဝိုင်းကြီးရော ရောင်းပြီး ရွာကျိုးရပ်ကျိုးမှာ သုံးဖို့လည်း မှာခဲ့သတဲ့... အတွင်းပစ္စည်းဆိုတာများတော့ ဘုရားစူးတစ်ချက် ဟမသွားပေါင်တော် "
အရီးအေးစကားတွေကို နားထောင်ရင်းက ကြီးတော်ကျေး၏ပုံရိပ်တွေကို ကျွန်မမျက်စိထဲ မြင်ယောင်လာမိပါ၏။ ကျွန်မကို အိမ်ထောင်မပြုလေနဲ့ မှာခဲ့သော ကြီးတော်ကျေးခမျာ ဘကြီးဘအောင်ကို မကျွေးခဲ့ရုံတင်မဟုတ်။ သူ့ဟာသူလည်း တိတိပပ စားမသွားခဲ့ရှာပါ။
( ၅ )
ဆရာသိန်းဖေမြင့်၏ ငါ့လင်နှင့်ငါ့ငွေကို ဖတ်ပြီးတိုင်း အသက်နှင့်လဲ၍ ငွေကြေးဥစ္စာကို ကာကွယ်သွားခဲ့သော အရီးစိမ်းနှင့်ကြီးတော်ကျေးကို ကျွန်မ အမြဲတမ်း နှိုင်းယှဉ်ကြည့်မိသည်။ တစ်မျိုးစီတော့ တစ်မျိုးစီ။
ကြီးတော်ကျေးကတော့ ငါ့လင်နှင့်ငါ့ငွေကို လဲခဲ့သူတော့ မဟုတ်ရှာပါ။ ကြီးတော်ကျေးပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတွေကို သူတစ်ပါးအား မပေးရက်၊ မလှူရက်တာထား။ သူဆုံးပါးပြီးနောက်မှာတောင် ဘယ်သူ့ကိုမှ အသုံးမခံခဲ့သော စိတ်ကိုသာ ကျွန်မ အံ့သြမိရပါသည်။
နှစ်တွေကြာခဲ့ပြီဖြစ်သော်လည်း ကြီးတော်ကျေး၏ ရွှေငွေလက်ဝတ်လက်စားဆိုတာတွေကို ကနေ့အချိန်ထိ ဘယ်သူမှ မတွေ့ကြရသေးတာကတော့ ထူးဆန်းလှပါ၏။
အရီးစိမ်းရော ကြီးတော်ကျေးပါ ဘဝ၏နောက်ဆုံးအချိန်ထိ သူတို့စိတ်ခံစားမှုအတိုင်း မြဲမြဲမြံမြံ ရပ်တည်သွားခဲ့ကြသော မိန်းမရွတ်ကြီးတွေပါလားလို့လည်း ကျွန်မ တွေးမိရပါသည်။
တကယ်တော့ ဝတ္ထုထဲကဇာတ်ကောင်တွေဆိုတာကလည်း ကျွန်မတို့နှင့် လက်တကမ်းမှာ တကယ်ရှိနေကြသော ပကတိဘဝများ၏ နမိတ်ပုံတွေပဲမဟုတ်လား။
လောကထဲက ထွက်ခွာသွားရသည့်တိုင် သူတပါးကောင်းရာကောင်းကျိုး မထားရက်ခဲ့နိုင်သူတွေကလည်း ရှိနေကြတာပဲမဟုတ်ပါလား။
-----------------
#ခင်ခင်ထူး
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
၂၀၀၈ နိုဝင်ဘာ။
(ရက်ကန်းလွန်း ဝတ္ထုတိုများ)
[ အဆွေတော် ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment