Wednesday, 27 February 2019

#သြော်_ဒါနဲ့စကားမစပ် #သုမောင် 🌿🌿မြူမှောင်ဝေကင်း

#သြော်_ဒါနဲ့စကားမစပ်


#သုမောင်


 🌿🌿မြူမှောင်ဝေကင်း


(မြူမှောင်ဝေကင်း… ငွေအဆင်းဆန္ဒ… ညီဘောင်…တိုင်းမြန်ပြည်…ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ… အေးစေကြောင်း လောင်းတဲ့လုံမေ…ထူးထူးကဲကဲ လှကြပါစေ)၂


   အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြမမေ့ရက်နိုင်လေ… အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ…ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြ မမေ့ရက်နိုင်ပေ…


   သင်းပျံ့ပေ ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…


   ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…


   ကောင်းပါပြီ။ အဲဒီလို ရေခင်းသံနဲ့ မြူမှောင်ဝေကင်းဆိုသွားတဲ့ ငွေငန်းကားကြီးဖြတ်သွားတော့ စောစောက မူးယစ်သောင်းကျန်းနေတဲ့ ကလေးတွေက ဘာအော်တယ်ထင်ပါသလဲ။ ပြိုင်တူနော်။ မတိုင်ပင်ဘဲနဲ့ စောစောက ကလေးတွေက အော်တယ်ဗျ။


   "မြို့မအသင်းကြီး ကျန်းမာပါစေ။ ငွေငန်းယာဉ်ကြီး ကျန်းမာပါစေ။ လေးလေးသုမောင်ကြီး ကျန်းမာပါစေ"လို့ အော်တယ်ဗျ။ အော်လည်းပြီးရော ငွေငန်းကြီးဖြတ်သွားလို့ ငွေငန်းကြီးနောက်မြီးလည်း ဆုံးရော ပြန်ပြီးတော့ ဝုန်းဒိုင်းကြဲတော့တာပါပဲ။ အဲဒါဟာ ရင်ထဲမှာ ယဉ်ကျေးမှုရှိတယ်ဆိုတာကို ပြတယ်။ အပေါ်က အကာက အင်တာနေရှင်နယ်ခေါ်တဲ့ ဟစ်ပီတိုက် ဖုံးထားပေမဲ့ အရိုးပေါ်အရွက်မဖုံးဘူးဆိုတာ ဒါကိုပြတာ။


   ဒါက ကျွန်တော် လူငယ်တွေကို စည်းရုံးနေတာ မဟုတ်ပါဘူး။ တကယ့်အရှိကို ပြောတာ။ လူငယ်တွေကို အရမ်းစည်းရုံးလို့ မရဘူးနော်။ ဒါ ကျွန်တော် သိထားတယ်။ အရမ်းစည်းရုံးလို့ မရဘူး။ မြှောက်ပေးတိုင်းလည်း လူငယ်တွေက လက်မခံဘူးဆိုတာ ကျွန်တော် သိထားတယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ နာဂစ်ဖြစ်တုန်းက ကျွန်တော် ဆောင်းပါးရေးတယ်။ ကျွန်တော့်အိမ်နားက သစ်ပင်ကြီး လဲကျတယ်။ ဓာတ်တိုင်တွေလည်း အကုန်ပြုတ်ကျ၊ လမ်းပေါ်တွေ အကုန်ပိတ်၊ အကုန်ဖြစ်ကုန်တာပေါ့။


   ကျွန်တော့်အိမ်နားမှာ တိုက်ခန်းတွေ ရှိတယ်။ လူငယ်လေးတွေ ရှိတယ်။ ကျွန်တော်တို့မိသားစုမှာက လူငယ်ဆိုလို့ ဖိုးသောကြာ တစ်ယောက်ပဲရှိတယ်။ အိမ်ရှေ့က သစ်ပင်ကြီးက ပြိုကျသွားတော့ ကားတွေက ထွက်လို့မရ၊ ဓာတ်တိုင်တွေလည်း ပြုတ်ကျ၊ အကုန်ဒုက္ခရောက်။ ကျွန်တော့်အိမ်က မိန်းမတွေချည်းပဲဆိုတော့ လမ်းတွေကလည်း ပိတ်ကုန်ပြီ၊ လုပ်ကြပါဦး ဘာညာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်တိုက်ခန်းတွေက လူငယ်လေးတွေ ထွက်လာပြီး ဝိုင်းဝန်း ဖြတ်တောက်ရှင်းလင်းကြတာပေါ့။


   ကဲ… ပြီးသွားတော့ ကျွန်တော်က ဆောင်းပါးရေးတယ်။ ဒါကို လူငယ်တွေ တော်ကြောင်း၊ ညီညွတ်ကြောင်း၊ လူမှုရေးအသိစိတ်ဓာတ်ရှိကြကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ လူငယ်တွေကို မြှောက်ပြီးရေးတာ မဟုတ်ပါဘူး။ ဆောင်းပါးထွက်လာတော့ အဲဒီဆောင်းပါးဖတ်ရတော့ လူငယ်တွေ ပျော်ကြတာပေါ့။ ဦးသုမောင်ကြီး ဆောင်းပါးလေး ကောင်းလိုက်တာ၊ သားတို့အကြောင်း ရေးထားတာ။


   အဲဒီထဲမှာ လူငယ်လေးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လာပြောတယ်။


   "ဦးဗလကြီးကလည်း တော်တော်ဆိုးတယ်"


   "ဟောဗျာ… ငါက အကောင်းရေးထားတာပဲ။ ဘာလို့ဆိုးရတာလဲ"

   ဆိုတော့-


   "ဦးဗလကြီးကလည်း နာဂစ်ဖြစ်မှ ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ နာဂစ်မဖြစ်လည်း ဦးဗလကြီး လိုအပ်ရင် ကူညီမှာပါပဲ"

   တဲ့။ ဟောဗျာ… ဒီက ရေးရတဲ့ကောင် သေရော။ ကြည့်နော်။ လူငယ်တွေကို အရမ်းမြှောက်ပေးလို့မရဘူး။ မရဘူးဗျနော်။ ဒါကြောင့် ကျွန်တော်က အရမ်းမြှောက်ပေးနေတာ မဟုတ်ဘူး။ အရှိအရှိအတိုင်း ပြောနေတာ။


   အဲ… စကားမစပ် ဗဟုသုတ ထပ်ပြောရဦးမယ်ဗျာ။ စောစောကပြောတဲ့ မြူမှောင်ဝေကင်းဆိုတာ လေးလေးရင်ရဲ့ သီချင်းပါ။ တချို့က ထင်ကြတယ်။ သီချင်းကောင်းပြီဆိုတာနဲ့ မြို့မငြိမ်း ထင်ကြတာဗျ။ မြူမှောင်ဝေကင်းက မြို့မငြိမ်း ရေးတာမဟုတ်ဘူး။ ဒီပြဿနာတွေက တော်တော်ခက်တယ်၊ လူတွေကလည်း မန္တလေးသီချင်းတစ်ပုဒ် ကောင်းပြီဆိုတာနဲ့ မြို့မငြိမ်းရေးတာပဲ ထင်နေကြတာ။ ဒါကြောင့်ပေါ့။ မြနန္ဒာမဟုတ်ပါဘူးဗျာ၊ ရွှေမန်းတောင်ရိပ်ခို။ 'မြနန္ဒာ… ယိမ်းညို့ညို့' အဲဒါ ရွှေမန်းတောင်ရိပ်ခို။ သီချင်းနာမည်က ရွှေမန်းတောင်ရိပ်ခို။ နောက်ပိုင်းကျတော့ ပြဿနာတွေ ထဖြစ်ကြတယ်။ သူ ရေးတယ်၊ ငါ ရေးတယ် ဆိုပြီးတော့။ အမှန်က မန်းတောင်ရိပ်ခိုသီချင်းကို သုံးယောက်ပေါင်း ရေးတာ။ မြို့မငြိမ်းရယ်၊ အေဝမ်းဆရာညှာရယ်၊ မန္တလေးဦးဘသိန်းရယ် ပေါင်းပြီး ရေးကြတာပါ။ ကျွန်တော်ထင်တာက အဲဒီခေတ်က သူငယ်ချင်း သုံးယောက်ပေါင်း တစ်ယောက် တစ်ပိုဒ်စီ ရေးကြထင်ပါရဲ့။


   အဲဒီမြူမှောင်ဝေကင်းသီချင်းက လေးလေးရင်ရဲ့သီချင်းပါ။ မြူမှောင်ဝေကင်း ဆိုတာက အများခေါ်တဲ့နာမည်။ သူ့နာမည်က 'အေးတဲ့ရင်'။ အဲဒီတော့ ချစ်စနိုးနဲ့ လေးလေးရင်လို့ ခေါ်ကြတာပါ။ အဲဒီသီချင်းကလည်း ကော်ပီပဲဗျ။ သူ့ရဲ့ အော်ရဂျင်နယ်က စံရာတောင်ကျွန်းဆိုတဲ့ ကြိုးသီချင်းပါ။ ကြိုးသီချင်းကြီးရဲ့အလိုက်ကို ယူထားတာပါ။ အဲဒီဟာကိုပဲထပ်ပြီး ကော်ပီလုပ်ထားတာရှိသေးတယ်။ 'တိမ်မှောင်ဝေကင်း' ဆိုပြီးတော့။ အဲဒီ တိမ်းမှောင်ဝေကင်းကိုတော့ မြို့မအသင်းကြီးက အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့သီချင်းပါ။

အရင်တုန်းကတော့ အများဆိုတာပေါ့။ နောက်ပိုင်း မြို့မအသင်းကြီးက တယောဦးသန်းမောင်က ဆိုတယ်။ မြူမှောင်ဝေကင်း ဘယ်အချိန်ဆိုသလဲဆိုရင် စောစောကပြောတဲ့ သင်္ကြန်လှည့်ပြီး ပြန်ပြီဆိုရင် အကုန်လုံးအိပ်ငိုက်၊ အကုန်လုံး လဲကွဲကုန်ကျပြီ။ အကုန်လုံး သောက်စား မူးယစ်ပြီး မနက်မိုးလင်းပြန်တော့ ဘယ်သူမှ မတီးနိုင်၊ မမှုတ်နိုင်တဲ့အချိန် ကျတော့မှ စန္ဒရားလေးတစ်လုံးတည်းနဲ့ တယောဦးသန်းမောင်က ဆိုပြီးတော့ မြို့မအသင်းတိုက်ကို အိပ်ချင်မူးတူးနဲ့ ဝင်ကြတယ်။ ကျွန်တော်ကတော့ ငွေငန်းအထွက်မှာ ဆိုရတာပါ။


   နောက်ပိုင်း ကျွန်တော့်ရဲ့နောင်တော်ကြီး သန်းမြတ်စိုး ဆိုပါတယ်။ သန်းမြတ်စိုးကြီး ပိုပြီး အရောင်တောက်သွားတာကတော့ သင်္ကြန်မိုးမှာ နောက်ခံဆိုလိုက်တာ ပိုပြီး နာမည်ကြီးသွားပါတယ်။ မြူမှောင်ဝေကင်းလိုပဲ နောက်တစ်ပုဒ်ရှိပါတယ်။ ဒါကိုတော့ ပရိသတ် သိပ်မသိဘူး။ မြူမှောင်ဝေကင်းလိုပဲ နာမည်ကြီးတာက 'ပြည်တော်ဝင်'ဆိုတဲ့ သီချင်းပါ။ အဲဒီ ပြည်တော်ဝင်သီချင်းကလည်း နည်းနည်းလေး ဝိဝါဒကွဲပါတယ်။ တချို့ကလည်း ဒီပြည်တော်ဝင်သီချင်းကို သင်္ကြန်သီချင်းလို့ သတ်မှတ်တယ်။ တချို့ကလည်း အမျိုးသားရေးသီချင်းလို့ သတ်မှတ်တယ်။


   ကျွန်တော့်အနေနဲ့ကတော့ ဒီသီချင်းဟာ နှစ်မျိုးစလုံး အကျုံးဝင်တယ်လို့ စာပေသမားတစ်ယောက်အနေနဲ့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် သူက သမိုင်းကြောင်းလေးရှိတယ်။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးမရခင် မန္တလေးမြို့ကြီးကို ဗုံးတွေကြဲတော့ မြို့ပျက်တာပေါ့။ မန္တလေးမြို့သူမြို့သားတွေနဲ့ အတူ မြို့မအသင်းကြီးလည်း စစ်ကိုင်းဘက်ကို စစ်ပြေးရတာပေါ့။ မြို့မအသင်းကြီးက စစ်ကိုင်းတောင်ဘက်မှာ စစ်ခိုနေတဲ့အချိန်ဆိုတော့ မန္တလေးမှာ တီးမယ့်မှုတ်မယ့်သူတွေ မရှိတော့ဘူးပေါ့။ ဗုံးတွေချတော့၊ တိုက်တွေပြို ဘာညာပျက်စီးပေါ့နော်။ မန္တလေးမြို့ ပျက်နေတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ စစ်ကိုင်းချောင်မှာ ဗုံးခိုနေတဲ့ မြို့မအသင်းကြီးရဲ့ အေဝမ်းဆရာညှာက အလွမ်းပြေ 'ပြည်တော်ဝင်'ဆိုတဲ့ အဲဒီသီချင်းကို စပ်တာ။ သူ့သီချင်းရဲ့အဓိပ္ပာယ်လေးက ဘာလဲဆိုတော့ စာသားလေးက အဲဒီမှာတစ်ကြောင်းပါတယ်။ 'အခါတော်ရောက်ချိန် နီးလို့လာပေ' ဆိုတာပါတယ်။


   အခါတော်ရောက်ချိန်ဆိုတာ သူက ဘာကိုပြောတာလဲဆိုရင် မန္တလေးမြို့ကြီး ဗုံးဒဏ်ကလွတ်ပြီး လွတ်လပ်ရေးရပြီဆိုရင် ဆိုတဲ့ အဓိပ္ပာယ်ပါတယ်။ အဲဒီအချိန်ကျလို့ရှိရင် စည်တော်ရွမ်းပြီး တို့ပြန်လာမယ်၊ မြို့မအသင်းကြီးပြန်လာမယ်။ ဒီအဓိပ္ပာယ်နဲ့ ဆရာညှာက စပ်တာ။ ဒါပေမဲ့ ကျွန်တော်တို့ သေသေချာချာပြန်ကြည့်တဲ့အခါကျတော့ လွတ်လပ်ရေးက ဘယ်အချိန်မှာ ရတာလဲဆိုတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရတယ်။ ဇန်နဝါရီဆိုတော့၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီဆိုတော့ ကြားမှာ နှစ်လ၊ ဧပြီမှာ ကျွန်တော်တို့က သင်္ကြန်ကျတယ်။ ဆိုတော့ လွတ်လပ်ရေးရပြီးနှစ်လခြားမှာ သင်္ကြန်ကျတာဆိုတော့ ဒီသီချင်းဟာ လွတ်လပ်ရေးနဲ့လည်းဆိုင်တယ်။ သင်္ကြန်နဲ့လည်း ဆိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။


   အဲဒီတော့ ကျွန်တော်က ရှာရှာကြံကြံ သွားတွေးမိတာ ဘာလဲဆိုတော့ အနုပညာသည်ရဲ့သဘာဝ၊ ဆရာညှာဆိုတဲ့ အေဝမ်းဆရာကြီးက အနုအရွကို၊ အချစ်ကို အလွန်ကြိုက်တယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ စောစောကပြောတဲ့ ရွှေမန်းတောင်ရိပ်ခို အများသိထားတဲ့ မြနန္ဒာသီချင်းထဲမှာ 'ချိုပြုံးရွှင်သော နှမပျိုရယ်…' သုံးယောက်စပ်တယ်လို့ ကျွန်တော်တို့ ကြားဖူးတယ်နော်။ အဲဒီအထဲမှာ ကျွန်တော် သိထားသလောက်က 'ခါးသေးနွဲ့ မူရာကြွယ်…လှဂုဏ် ဝင့်ထည်…ခိုင်ညှာရယ် မာလာရယ်…တစ်ယောက်ဆိုတစ်ယောက်မို့…အောက်မေ့တယ်…ခင့်မြို့မလာပြီကွယ်…ဆီးကြိုလို့ရယ်… မောင်နှမအရင်းလို ခင်မင်ချစ်သွေး ကြွမိတယ်'  ဆိုတဲ့ အထဲမှာ ခါးသေးလိ့မူရာကြွယ်လို့၊ ခင်မင်ချစ်သွေးကြွမိတယ်လို့ မိန်းကလေးအလှဘွဲ့တွေကို ဖွဲ့တဲ့စာသားတွေက အေဝမ်းဆရာညှာလို့ သိထားတယ်။ အဲသလို မိန်းကလေးအလှကို ဖွဲ့တတ်တဲ့ ပုဂ္ဂိုလ်စာဆိုကြီးက ကြည့်စမ်းနော်… 'လွတ်လပ်ရေး ကြိုးပမ်းမှု အောင်စည်ရွမ်းတယ်' ဆိုတဲ့ ပြည်တော်ဝင်သီချင်းမျိုးကတော့ ဒေါင်ဒေါင်မြည် အနုပညာသမား၊ စာပေသမားရဲ့နှလုံးသားဟာ ပျော့မနေဘဲ တကယ့်ကို မာရင်လည်း ကျောက်ခဲလို၊ ပျော့ရင်လည်း ဂွမ်းလိုပဲဆိုတာ သွားတွေ့ရပါတယ်။ ကဲ… ပြည်တော်ဝင်သီချင်း ကျွန်တော်ဆိုထားတာ နားဆင်ကြည့်ကြပါဦး ခင်ဗျာ။


   "ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ…နေ့တိုင်းပဲ သတိရတယ်လေ…ကျုပ်တို့မြို့မအသင်းသားများတွေ… တောင်ရိုးတန်း စစ်ကိုင်းဘက်မှာလေ…ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ…ရွှေမန်းသူမေ မေးလိုက်ပါလေ…သြော်…ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ…ရွှေမန်းသူမေ ပြောလိုက်ပါလေ… စစ်ကိုင်းမှာလည်း စိတ်ကစွဲ…မပြေ…တစ်ခါတလေတော့…မျှော်မှန်းလွမ်းမိတဝေဝေ…ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့ကာနေ…(အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ…)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…


   မန္တလေး…ရွှေမြို့…တို့ရတနာပုံနေပြည်…တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့…ရှေ့ဆက်ကာ စီမံကြံစို့လေ…သြော်…မန္တလေးရွှေမြို့…တို့ရတနာပုံနေပြည်… တင့်တယ်သာယာစည်ကား…ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့… ရှေ့ဆက်ကာ စီမံကြံစို့လေ…


   (မေ့မေ့ပျောက်ပျောက်…အောက်မေ့ကြပေ…တိုက်တာအိမ်ခြေ…စည်းစိမ်ရှင်တွေ…)၂

  

         လူကြံရင်မခံနိုင်ဘူး…အထူးပင်မှတ်တော့လေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ… မြို့မအသင်းကပြောပေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ…မြို့မအသင်းကပြောပေ…ဖြစ်ချိန်ဆိုဖြစ်ရမယ်တဲ့…ခေတ်သစ်လူများ အားအင် တောင့်တင်းလေ…


   (အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…


   (အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…"


   အဲတော့ အခု ဒီအပတ်အတွက် နောက်ဆုံးပြောချင်တာက ပြောခဲ့တာတွေလည်း ပြောပြီးပါပြီ။ နှစ်ထပ်ရှိ မှတ်မိအောင် ကျွန်တော့်အတွေ့အကြုံလေးနဲ့ တစ်ခုပြောချင်ပါတယ်။ လူငယ်တွေလည်း ကျွန်တော့်ကို အတုယူပြီးတော့ မမှားသင့်တာလည်း မမှားရအောင် ကျွန်တော်လည်း မှားခဲ့တာကိုလည်း နောက်တတရားတွေနဲ့ ပြောချင်ပါတယ်။


   ကျွန်တော် ၁၉၉၀ ပြည့်နှစ်အတွက် အကောင်းဆုံးမင်းသား အကယ်ဒမီ ရတယ်။ ရခဲ့တော့ ဆုလက်ခံရတာက ၁၉၉၁၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆုရပါတယ်။ အဲဒီတော့ ၁၉၉၂ သင်္ကြန်ကို ကျွန်တော်က ထုံးစံအတိုင်း မန္တလေးကို သွားမယ်၊ မန္တလေးသင်္ကြန်ဖွင့်ပွဲ သွားမယ်ဆိုတဲ့ အချိန်မှာ ၉၂ သင်္ကြန် ရန်ကုန်မှာ ဝန်ကြီးဌာနတစ်ခုက ကျွန်တော့်ကို ခေါ်တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ အကယ်ဒမီပူပူနွေးနွေးမင်းသားဆိုတော့ ဟိုက ဆွဲ၊ ဒီက ဆွဲပေါ့ဗျာ။ ဟိုမဏ္ဍပ်က လိုချင်၊ ဒီမဏ္ဍပ်က လိုချင် ကျွန်တော့်မှာ မျက်နှာက နာရတယ်ဗျ။ မဏ္ဍပ်အကြီးကြီးတစ်ခုက ရန်ကုန်ကနေ ကျွန်တော့်ကို ဆွဲတယ်။ ဆွဲတော့ -


   "ဟာ… မဖြစ်ဘူး။ ကျွန်တော့်မှာ မန္တလေးအစွဲအလမ်းရှိတယ်။ မန္တလေးသင်္ကြန်ကို ကျွန်တော် သွားဖွင့်ရတယ်"


   ဆိုတော့ အဲဒီက လူကြီးတွေက-


   "ဟာ… မဟုတ်ဘူး ကိုသုမောင်ရယ်။ ကျွန်တော်တို့ ဒီမဏ္ဍပ်ဖွင့်ပြီးရင် မန္တလေးကို ညနေရောက်အောင် လေယာဉ်ပျံနဲ့ ပို့ပေးမယ်"


   "ဟား… ဒါဆိုရင်တော့ ဖြစ်တယ်။ ဆိုပေးမယ်" ပေါ့။


   ရန်ကုန်သင်္ကြန်ကို စဖွင့်ပေးမယ်၊ ဆိုပေးမယ်ပေါ့။ ပြဿနာက ဘာလဲဆိုတော့ သုမောင် ထုံးစံအတိုင်း အရက်ကလေးကလည်း သောက်ထားတယ်။ အဲဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သောက်ထားကြတယ်။ စင်ကို ကျွန်တော်ရောက်သွားတော့… ကျွန်တော်ပြောချင်တာက မကောင်းတာနော်။ အရက်နဲ့ပတ်သက်လို့ မကောင်းဘူး။ အရက်နဲ့ ပတ်သက်လို့ အားလုံးသတိထားကြပါ။ လူငယ်တွေပေါ့နော်။ အဲဒီအချိန်က ကျွန်တော်လည်း လူငယ်လူလတ်ပိုင်း အသက် ၄၀ ဝန်းကျင်ပေါ့။


   အနုပညာသမားဟာ ဒေါသအလျောက် မလုပ်သင့်တာတွေ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ အဲဒီတော့ ကျွန်တော် အဲဒီစင်ပေါ် ရောက်သွားတဲ့အချိန်ကျတော့ ဘာသွားတွေ့သလဲဆိုတော့ အဲဒီစင်ပေါ်မှာ ကွပ်ကဲကြီးကြပ်ပေးနေတဲ့ တီးဝိုင်းခေါင်းဆောင်ဟာ ကျွန်တော်နဲ့ အဆင်မပြေဘူး။ အဲဒီတီးဝိုင်းခေါင်းဆောင်ကို ကြည့်မရဘူးပေါ့ဗျာ။ အဲဒီ စင်ပေါ်လည်းရောက်ရော ကျွန်တော်က သိပ်မဆိုချင်တော့ဘူး။ မဆိုချင်ပေမဲ့လို့ အဲဒီတီးဝိုင်းခေါင်းဆောင်က အဲဒီစင်ဖွင့်ပွဲ ကြေညာလိုက်တယ်။


   "ခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ မဏ္ဍပ်ဖွင့်ပွဲအဖြစ် ပူပူနွေးနွေး အကယ်ဒမီဆုရှင် သုမောင်ကနေ မြနန္ဒာသီချင်းနဲ့ ဖျော်ဖြေပါလိမ့်မယ် ခင်ဗျား"


   ဆိုပြီး ကြေညာလိုက်တယ်။ ကြေညာပြီးတော့ ထုံးစံအတိုင်း 'ချိုပြုံးရွှင်သော နှမပျိုငယ်'ဆိုပြီး သူက စတီးတာပေါ့။ မန္တလေးဒိုးနဲ့နော်။ ကျွန်တော်က ဘာဆိုလိုက်သလဲ ဆိုတော့-


   "ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်…အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ…မြနန္ဒာ…ရေညိုသန်းတယ်…မန်း…တောင်ရိပ်ခို…"


   ဘာမှမဆိုင်ဘူး။ တီးတာက မန္တလေးဒိုးနဲ့။ ကျွန်တော်က အလွမ်းကြီး ဆော်ထည့်လိုက်တာ။ လူကြီးတွေကလည်း အကုန်လုံး မျက်စိမျက်နှာတွေ ပျက်တာပေါ့။ တီးတဲ့ပုဂ္ဂိုလ်ကလည်း ကျွန်တော့်လှည့်ကြည့်ပြီး ဆက်တီးရမလား၊ အောက်က ကတဲ့ မိန်းကလေးတွေကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ရော။


   တမင်လုပ်တာ။ သူ့ကြည့်မရတာနဲ့ ကျွန်တော်ကလည်း တမင်ဆော်ထည့်လိုက်တာ။ နောက်တစ်ချက်ကလည်း သူ ကြေညာလိုက်တဲ့ မြနန္ဒာဆိုတာ မှားနေတယ်ဆိုတာကို ပရိသတ်ရှေ့မှာ တမင် အစွယ်ထုတ်ပြလိုက်တာနော်။ မကောင်းဘူး၊ အမှန်က သူ ကြေညာရမှာက မြနန္ဒာမဟုတ်ဘူး။ သူ တီးလိုက်တဲ့ ချိုပြုံးရွှင်သောဆိုတာက ရွှေမန်းတောင်ရိပ်ခို၊ ကျွန်တော်ဆိုတဲ့ 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' ဆိုတာကမှ တကယ့် မြနန္ဒာ ဆိုတာကို သိစေချင်တာပါ။


   သိစေချင်ရင် ကျွန်တော် ဘာလုပ်ရမလဲ။ စာရေးဆရာပဲဗျာ။ သတင်းစာကနေ ရေးလိုက်ပေါ့။ ဂျာနယ်ကနေ ရေးလိုက်ပေါ့။ ဆိုပါစို့ အခုလို အသံလွှင့်ခွင့်ရှိရင် လူကြီးဆန်ဆန် အဲဒါ ပြောလိုက်ပေါ့။ ကြည့်နော် မာန မာန။ အကယ်ဒမီရခါစ မနကြီးတာ၊ အရက်သောက်ထားတာပါ။ မှားပါတယ်။ ခုမှ နောင်တရယ်။ ဘာမဟုတ်တဲ့ လူတစ်ယောက်ကို မျက်မုန်းကျိုးတာနဲ့ ငါကွဆိုပြီး အရှိန်အဝါရတုန်း ဖိတွယ်တာမကောင်းဘူး။


   အမှန်က 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' သည် မြနန္ဒာအစစ်၊ အဲဒီမြနန္ဒာကို နန်းတော်ရှေ့ဆရာတင်ရေးတာလို့ ကြားဖူးတယ်။ ဆိုတာက အဆိုတော်ကြီး စိန်ပါတီ၊ စောစောကပြောတဲ့ အေဝမ်းဆရာညှာရယ်၊ မြို့မငြိမ်းရယ်၊ မန္တလေးဦးဘသိန်းရယ် ရေးတာက ရွှေမန်းတောင်ရိပ်ခိုပါ။ အဲဒါသည် 'ချိုပြုံးရွှင်သော နှမပျိုငယ်'။


   အဲဒီတော့ ဒီအပတ် နောက်ဆုံးပြောချင်တာက အရက်သောက်ပြီး သီချင်းဆိုတာ မကောင်းဘူး။ အကယ်ဒမီရစ မာနကြီးတာလည်း မကောင်းဘူး။ ငါနိုင်တာပဲဆိုပြီး ဖိတွယ်တာလည်း မကောင်းဘူး။ ဒါက ပုဂ္ဂိုလ်ရေးကိစ္စ။ နောက်တစ်ချက်က အားလုံးသိပြီးသားဖြစ်တဲ့ ထပ်သိအောင် မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခိုကို မမှားကြအောင် သတိထားပါလို့၊ ပညာရှင်များကလည်း လူငယ်တွေအတွက် မမှားရအောင် ထပ်ခါထပ်ခါ သတိပေးကြပါလို့ ပြောရင်းနဲ့ ဒီတစ်ပတ်အတွက် နိဂုံးချုပ်ပါတယ်။


----------------


သုမောင်


[ အဝေးရောက်မြို့သာသား ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


No comments:

Post a Comment