#ဘုရားကြီးလိပ်ကန်ထဲက_ငါးကလေးတွေ
#ယဉ်ယဉ်နု ( မန္တလေး)
ကျနော်တို့အရပ်ထဲမှာ အာလူးကြော်လုပ်ငန်းကို စတင်သယ်ဆောင်လာတဲ့သူက အန်တီပု ဖြစ်ပါတယ်။ သူက ကိုင်းတန်းဈေး မျိုးဆက်။ မြို့သစ်မှာ မြေကွက်ရပေမယ့်မနေဘဲ ကျနော်တို့အရပ်ထဲမှာ အိမ်ငှားနေတဲ့သူ။ ယောက်ျားက ကြုံရာ ကျပန်းလုပ်ပြီး သူကတော့ ဈေးရောင်းတယ်။ တနေ့ ဈေးကပြန်လာတော့ အာလူးတွေ အိတ်ကြီးတွေနဲ့ ဆယ်ပိဿာလောက် သယ်ချလာတယ်။ အာလူးကြိတ် စက်ကလေးတလုံးလည်း ပါလာတယ်။ အိမ်ကပြင်မှာ အာလူးအိတ်ကြီးကို ချ၊ မိုးဗြဲဒယ်ကြီးနဲ့ ပြုတ်၊ အခွံသင်။ ကြိတ်နေပြီဆိုကတည်းက အရပ်ထဲက စိတ်ဝင်စားလှပြီ။ တယောက်ပြီးတယောက် ရောက်လာကြပြီ။ ထုံးစံအတိုင်း ဗိုက်ပူနံကား ဘုစုခရုကလေးတွေ ကလည်း အုံလို့။
“အန်တီပု ဘာလုပ်မလို့လဲ၊ ကက်တလိပ် ကြော်မလို့လား”
“ဘယ်ကလာ အာလူးအခြောက် ကြော်ရောင်းမလို့”
“ဟင် … အာလူးကြော်က အဝိုင်းမလှီးဘူးလား”
“အဲဒါက အာလူးအစိမ်းကြော်၊ ငါလုပ်မှာက တမျိုး။ ဒါမျိုး နမူနာစားကြည့် … ရော့”
သူပေးတဲ့အထုပ် ဖောက်စားကြည့်တော့ အာလူးခြောက်ကြော်က ငါးမုန့်အရသာမျိုး။ တမျိုးလေး။ ကောင်းသား။ စပ်စုတဲ့ သူတွေကတော့ အာလူးကြော်နမူနာ တဂျွတ်ဂျွတ်ဝါးလိုက်၊ စက်ထဲကထွက်လာတဲ့ အာလူးချေပြီးသားတွေကို လက်နဲ့ တို့ကြည့်လိုက်၊ ဟိုကြည့် ဒီကြည့်နဲ့။
“ကဲ သွားကြ၊ သွားကြ။ ဒါက ဒီအတိုင်းလုပ်မရဘူး။ ရောရဦးမှာ၊ ကဲ ကိုဟိုဒင်းရေ၊ ကြိတ်ပြီးသား ဗန်းကြီး အိမ်ထဲမခဲ့”
“ဘာနဲ့ရောရမှာတုန်း၊ အန်တီပုရဲ့”
“ဟဲ့ … အဲဒါ နင့်ပြောလို့ရမလား၊ ငါ ဒီနည်းကို တထောင်ပေး သင်ထားရတာ။ လျှို့ဝှက်ချက်ဟဲ့ သိရဲ့လား။ ကဲ နင်တို့လည်းသွားကြတော့။ အိမ်ကလူ … အိမ်ထဲယူခဲ့လို့ဆိုနေ … တော်”
အန်တီပုက အော်လည်းအော်၊ နှင်လည်းနှင်ထုတ်လို့သာ လျှာထုတ်၊ ပခုံးတွန့်ပြီး ပြန်ပြေးကြရတယ်။ အန်တီပု ဘာနဲ့ ရောမှာလည်းဆိုတာ သိချင်နေကြတယ်။ သိအောင်လုပ်ရတာလည်း ခက်မှတ်လို့။ တအိမ်နဲ့တအိမ် ဖင်ချင်းခေါင်းချင်း ဆက်နေတာ။ ဝင်းထရံမှ မရှိတာ။ အန်တီပုလည်း အိမ်ထဲဝင်သွားရော၊ စပ်စုတဲ့လူအုပ်ကြီးက အန်တီပုအိမ်ထဲကို စီးမြင်နေရတဲ့ နောက်ဖေးအိမ်ကပြင်ကို ရောက်သွားကြရော။ တယောက်ခေါင်း တယောက် ကျော်ပြီး စိတ်ဝင်တစား စောင့်ကြည့်ကြတာ ကပြင်ကျိုးရောလို့ အဆိုရှိပါတယ်။ ကျိုးတဲ့ကြားက ဆင့်ပေါ်မှာ ရပ်ပြီး ဝေဖန်ကြသေးသတဲ့။
“ဟော … အဖြူမှုန့်တွေနဲ့ ရောနယ်နေပြီ၊ တွေ့လား”
“ပဲမှုန့်နေမှာကွ”
“မဖြစ်နိုင်ဘူး၊ ဂျုံထင်တယ်”
“ဂျုံမှုန့်က ကြော်လိုက်ရင် မာသွားတာ။ သူ့မုန့်အရသာလို ကြွပ်ရွရွကလေးဖြစ်ချင်ရင် သာကူမှုန့်လို့ ထင်ရတယ်”
“အေး … သာကူမှုန့်ဖြစ်နိုင်တယ်”
ရောမွှေပြီး ပလာတာနှယ်သလိုနှယ်နေတုန်း အန်တီပုကလှမ်းမြင်လို့ အော်ဆဲတာနဲ့ပြေးလိုက်ကြတာ သေပြေး ရှင်ပြေး အလဲအကွဲပါပဲတဲ့။ ကြည့်တဲ့လူတွေက ပြေးလို့ပြီးပေမယ့် မပြီးတဲ့လူက ကျန်ခဲ့တယ်။ သူက ပန်းနာရင်ကျပ်ဖြစ်လို့ ဆိုက်ကား မနင်းနိုင်တော့တဲ့ ဦးစိန်ကြိုင်။ အိမ်မြဲမြဲ စီးပွားရေးလုပ်ငန်းကလေးတခု ထောင်ချင်နေတာ။ အန်တီပုဆီက ခိုးကြည့်ပြီး သူ့ဘာသာ အာလူးကြိတ်၊ အဖြူမှုန့်သုံးမျိုးနဲ့ တမျိုးပြီး တမျိုး ရောကြည့်ပြီး ကြော်တာ။ သာကူမှုန့်နဲ့ရောတော့မှ အန်တီပုကုမ္ပဏီထွက် အာလူးကြော်နဲ့ အရသာတဖုံတည်း တူသတဲ့။
အဲဒီလိုနဲ့ပဲ ရပ်ကွက်ထဲမှာ အာလူးကြော်ကုမ္ပဏီနှစ်ခု မရှေးမနှောင်း ပေါ်လာတော့တာပါပဲ။ ဦးစိန်ကြိုင်ကို ချော့ပေါင်းလိုက်၊ အရက်ကလေး တိုက်လိုက်၊ ဝိုင်းကူလုပ်ပေးလိုက်၊ အရိပ်အကဲကြည့်လိုက်နဲ့ တပည့်ခံပြီး သင်လိုက်တဲ့ မခင်မေရဲ့ ကုမ္ပဏီနဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း ၃ ခုပေါ့ဗျာ။
အာလူးကြော်ကုမ္ပဏီတွေဟာ ဈေးကွက်စီးပွားရေးစနစ်အရ မြန်မာပြည်မှာအခြေလာစိုက်တဲ့ ကုမ္ပဏီတွေရဲ့ ခြေလှမ်းကို အမီလိုက်နိုင်ပါတယ်။ ကျနော်တို့ရပ်ကွက်က လေဘာလို့ခေါ်တဲ့ လုပ်အားရှင်တွေပေါ့။ လူပျိုတွေ အာလူးကြိတ်၊ အပျိုတွေ အာလူးလှီး၊ ကလေးတွေ အထုပ်ထုပ်။ အစပိုင်းမှာ အလုပ်ဖြစ်လိုက်ကြတာ၊ ကုမ္ပဏီရှင်တွေက ရွှေတွဲလဲ ငွေတွဲလဲ။
ကမ္ဘာပေါ်မှာ အငယ်ဆုံး အလုပ်သမားဆုပေးရင် အာလူးကြော် အလုပ်သမားတွေ ရနိုင်တယ်။ ဘာလို့လည်း ဆိုတော့ ကြော်ပြီးထွက်လာတဲ့ ဗန်းထဲက အာလူးကြော်တွေကို ပလတ်စတစ်အိတ်သွင်းတဲ့အခါ ကလေးတွေ တပျော်တပါး အိတ်ထဲတဝက်၊ ပါးစပ်ထဲတဝက် သွပ်ကြလို့ပါပဲ။ လက်လှုပ်နိုင်တဲ့ သုံးနှစ်သားလောက်ကစပြီး အာလူးကြော်အိတ် သွပ်တတ်တယ်ဗျာ။ ကုမ္ပဏီရှင်တွေကလည်း ဟဲ့ တခွန်းမငေါက်ဘူး။ ဘာလို့လည်းဆိုတော့ အလွန်အီတာ။ လက်တခုပ်အပြင် နှစ်ခုပ် မစားနိုင်ဘူးဆိုတာ သိတယ်လေ။
ဒါပေမယ့် တဖြည်းဖြည်း ချူသံပါအောင် ညည်းလာကြတော့တယ်။ တရပ်ကွက်လုံးများ အာလူးကြော်ပဲ ဝိုင်းထောင်နေကြသလား မသိပါဘူးဗျာ။ သူလည်း ကြော်၊ ငါလည်း ကြော်။ အိမ်နားက မုန့်စုံဆိုင်တွေမှာဆိုရင် အာလူးကြော်ထုပ်တွေချည်း ထိုးထိုးထောင်ထောင် မင်းမူနေတော့တာပဲ။ တံဆိပ်တွေကလည်း ဆယ်မျိုးလောက် ရှိတယ်။
အာလူးဈေး တက်တယ်။ အမှုန့်(သာကူမှုန့်)ဈေး၊ ဆီဈေး တက်တယ်။ ပလတ်စတစ်ဈေး တက်တယ်။ မတက်တာက ကုန်ချောဈေး။ အာလူးကြော်ထုပ်ကြီး ၁ဝ ထုပ် တတွဲကို ၃၅ိ သွင်းရတယ်။ ဆိုင်ကလက်ကား ၄ဝိ ပြန်ရောင်းတယ်။ စားသုံးသူ က (၅ိ) ဝယ်စားရတယ်။ ဈေးတက်မရောင်းရဲဘူး။ ကိုယ့်ဈေးကွက်ကို သူများဝင်လုသွားမှာစိုးလို့။ ဒီကြားထဲကတောင်မှ ငါ့ သူလုတယ်၊ သူ့ ငါလုတယ်။ သူခိုးမ၊ သူဝှက်မနဲ့ ရန်ဖြစ်လိုက်ကြတာ ပွက်ကြမ်းလို့။ လိုအပ်ချက်အရ ဈေးကွက်သစ်ရှာရရော။
မန္တလေးတမြို့လုံးက အာလူးကြော်တွေတော့ ဘယ်ဖြန့်ကြတယ် မသိဘူး။ ကျနော်တို့ရပ်ကွက်ထဲက အာလူးကြော်တွေခမျာမှာတော့ မတ္တရာ၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မြို့သာ၊ ကျောက်ဆည်၊ ကူမဲထိသွားကြရတာ။ ခြင်းကြီး ခြင်းငယ်တင်ရတာနဲ့ စရိတ်ထောင်းပြန်ရော။ လုပ်ရတာအဆင့်တွေများတော့ လုပ်သားစရိတ်တွေ တက်။ လုပ်ငန်းက အရောင်းကျလာတော့ စိတ်က မပါ။ လုပ်သားတွေနဲ့ လွှဲထား။ အာလူးနဲ့ သာကူမှုန့်နဲ့အချိုးက လက်မှန်းနဲ့လုပ်။ ကွာလတီကွန်ထရိုးလ်က မရှိ။ မာတဲ့အခါ မာ၊ ထုံပြင်းပြင်းဖြစ်တဲ့အခါ ဖြစ်။ ဆိုင်တွေမှာ ရှေ့ကပုံနေတော့ နောက်ထပ်မပို့နဲ့ဦးတားထားလို့ ငွေကမှန်မှန် မရ၊ လုပ်ငန်းမလည်ပတ်တော့ဘူး။
အဲဒီအခါမှာ မခင်မေ ကုမ္ပဏီက ကျွမ်းကျင်အဆင့် ၁ လို့ဆိုရမယ့် အလုပ်သမလေးတယောက်က ကျနော့်ကို အကူအညီ တောင်းလာတော့တယ်။
“စိတ်ညစ်လာပြီ ဦးလေးရဲ့။ လုပ်ခမှန်မှန်မရှင်းတာ ကြာပြီဗျ”
“နင့် ရှင်းဖို့နေနေသာသာ၊ ပိုင်ရှင်တောင်မှ အာလူးကြွေး၊ ဆီကြွေးတွေဝိုင်းနေတာ ငါမြင်သားဥစ္စာ”
“အဲဒါကြောင့်ပေါ့ ဦးလေးရာ။ ဦးလေးအသိထဲမှာ အလုပ်သမားလိုတဲ့နေရာတွေ ဘာတွေရှိရင်ပြောပါ။ ကျနော် ၁ဝ တန်း (B)နဲ့ အောင်ထားတာပါလို့။ ဘာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်လို့”
“လာပြန်ပြီ၊ ဒီ ၁ဝ တန်း(B)။ နင့် B ကြီးက ပိုက်ဆံရလို့လား”
“ပိုက်ဆံမရလို့ ရတာလုပ်မယ်ပြောတာပေါ့။ တနေ့ အိမ်က တရာ၊ တရာ့ငါးဆယ်လောက်ကုန်တာ ဦးလေးရ”
ကျနော် စဉ်းစားကြည့်တယ်။ သူပြောတဲ့ တရာ၊ တရာ့ငါးဆယ်ကို ဈေးရောင်းတဲ့ အရောင်းစာရေးမတွေက မရနိုင်။ ကုန်ထုတ်လုပ်ငန်းမှဖြစ်မှာ။ ကျောင်းတုန်းက ဓာတုဗေဒအတူယူခဲ့တဲ့ ကပြားညီအကို ၃ ယောက်ကို သွားသတိရတယ်။
သူတို့က ဝက်အူချောင်း အကြီးအကျယ် လုပ်တယ်။ မြန်မာပြည်တွင်မက ကမ္ဘာကျော်တဲ့ ဝက်အူချောင်း။ နိုင်ငံခြားသွားတဲ့ မြန်မာတွေက သူတို့တံဆိပ်မှ ဝယ်ခိုင်းကြတာ။ ကုမ္ပဏီကြီးက အကြီးအကျယ် ဖြန့်ရတာ။ ဟုတ်ပြီ။ အဲဒီမှာ အလုပ်ရနိုင်တယ်။ စိတ်မြန်လက်မြန်နဲ့ ကောင်မလေးခေါ်ပြီး ချက်ချင်း ထလိုက်သွားတယ်။
၁၀ တန်း(B)နဲ့ အောင်ပြီးသား၊ ဘာဖြစ်ဖြစ်လုပ်မယ် ခိုင်းပါဆိုတော့ အငယ်ဆုံးကောင် ကျနော့်သူငယ်ချင်းက အင်တင်တင်နဲ့။ ချိုသည် ခါးသည် တိတိကျကျမပြောဘဲ ဝေ့လည်ကြောင်ပတ်နဲ့။ ကျနော်လည်း မကျေမနပ်နဲ့ ပြန်လာ၊ လမ်းမှာ စဉ်းစားရင်းနဲ့ ဒေါသတွေထွက်လာတယ်။ ဒါနဲ့ အရပ်ထဲမပြန်သေးဘဲ ကောင်မလေးကို ဘုရားကြီး လိပ်ကန်မှာထားခဲ့ပြီး တရုတ်တန်း တခေါက်ပြန်သွားတယ်။ ကိုယ်တော်ချောက ကျနော်ပြန်လာမှာကို ငါသိပြီးသားပါဆိုတဲ့ မျက်နှာထားနဲ့ ရယ်ကျဲကျဲ။
“နင်က ဘာအပေါက်ချိုးတာတုန်း။ နင့်မှာ အလုပ်သမားတွေ အများကြီးလိုနေတာ တနေရာမှာ ခန့်လိုက် ပြီးရောပေါ့ကွ”
သူက ရယ်နေသည်။
“မင်းကောင်မလေးက ၁၀ တန်း(B)ဆိုကွ”
“အေးလေ”
“၁၀ တန်းဆိုရင် စဉ်းစားဉာဏ်၊ ဦးနှောက် အတွေးအခေါ် ရှိတယ်ကွ”
ကျနော် အူကြောင်ကြောင်ဖြစ်သွားတယ်။
“ဟေ့ကောင် အတွေးအခေါ်ရှိတော့ ပိုခိုင်းမကောင်းဘူးလားကွ”
သူ ခေါင်းခါတယ်။
“ငါတို့ဆီမှာ အလုပ်သမားတွေအားလုံး ဟိုး … တောခေါင်ခေါင်က ဘာမှန်းမသိတဲ့ ရွာသား၊ ရွာသူတွေကြီးပဲ။ မန္တလေးက နေ့ပြန် အလုပ်ဆင်းတာ အရောင်းမှာပဲ ရှိတယ်။ ကုန်ထုတ်ဘက်မှာ မထားဘူး။ တရွာတည်းသားတွေ၊ ဆွေမျိုးတွေအားလုံး ခေါ်ပြီး နေဖို့ စားဖို့ပါ စီစဉ်ပေးထားတယ်။ သူတို့ အလုပ်လုပ်မယ်။ အချင်းချင်း ကြိုက်ကြမယ်။ အိမ်ထောင်ပြုမယ်။ ရယ်ကြ မောကြ၊ ငါတို့ပြပေးတဲ့ ဗီဒီယိုကားတွေအကြောင်း ပြောကြမယ်။ ရန်ဖြစ်ကြမယ်။ ဒါပဲကွ။ အပြင်ထွက်လည်တဲ့ အကျင့် မရှိဘူး။ ည အိမ်မပြန်ဘူး။ အပြင်ကဧည့်သည် လုပ်ငန်းခွင်ထဲကို အလည်မလာဘူး။ မရှုပ်ဘူး။ မင်းနားလည်လား”
သူပြောတာကို ကျနော် ရေးတေးတေးသိသလိုပဲ။ ဒါပေမယ့် သဘောမပေါက်သေးဘူး။ သူက ဆက်ပြောတယ်။
“သူတို့ စားဝတ်နေရေးပြေလည်ရင် ပြီးရော။ သူတို့က အခြားဟာကို စိတ်မဝင်စားဘူး။ မင်းကောင်မလေးက ၁၀ တန်း ဆိုတော့ တွေးခေါ်တတ်မယ်။ လေ့လာမယ်။ ဆက်စပ် စဉ်းစားမယ်။ တီထွင်ထုတ်လုပ်ချင်စိတ်တွေ ပေါ်လာမယ်။ လက်တွေ့လည်း ကျွမ်းကျင်နေပြီဆိုပါတော့ကွာ။ ကဲ ... မင်းငါ့နေရာက စဉ်းစားကြည့်စမ်း။ ငါ့ကုန်ပစ္စည်းလို အရသာမျိုး၊ အရည်အသွေးမျိုး နောက်ထပ်တံဆိပ်တခုနဲ့ ထပ်ထွက်မယ်ကွာ။ ဈေးလည်း ငါ့ထက် ချရောင်းမယ်ကွာ။ မင်း ဘာလုပ်မလဲ”
တည့်တည့်ပြောမှ ရိပ်မိပါတယ်။ ကျနော် အ တယ်။
“အဲဒီတော့ သူငယ်ချင်းရယ်၊ မင်းနဲ့ မကင်းရာမကင်းကြောင်း၊ မပြေလည်ရှာဘူးဆိုရင် ငါ တထောင်မျိုး နှစ်ထောင်မျိုး ကူညီပါ့မယ်။ အလုပ်တော့ မသွင်းပေးပါရစေနဲ့ကွာ”
ကျနော် ငိုင်နေတယ်။ သူ့နောက်ဖက်မှာရှိတဲ့ လုပ်ငန်းခွင်ကို လှမ်းမြင်နေရတယ်။ ကက်ဆက်နဲ့ အဲယားကွန်ဒီးရှင်းတတ်ထားတဲ့ အလုံပိတ်အုတ်တိုက်ကြီးထဲမှာ ထောင်ချီတဲ့လုပ်သားတွေနဲ့ ကမ္ဘာထိဖြန့်နေတဲ့ လုပ်ငန်းကြီး။ မဆီမဆိုင် အန်တီပုကို ချောင်းကြည့်ရင်း ကပြင်ပြုတ်ကျကြတဲ့ အရပ်ထဲက စပ်စုများကို ကျနော် သတိရနေတယ်။
ဘုရားကြီးလိပ်ကန်ကို ပြန်ရောက်တော့ ကောင်မလေးကို အကျိုးအကြောင်းပြောပြီး ငွေ နှစ်ထောင်ပေးလိုက်တယ်။ အစာကျွေးတဲ့လူတွေဆီက အစာလေးတွေကို လုယက်စားနေကြတဲ့ လိပ်ကန်ထဲကငါးကလေးတွေကို ကျနော် ငေးကြည့်နေမိတယ်။ ခြေဆန့်ပြီး ရေစီးထဲမှာ အစာထွက်ရှာလို့ကလည်း မရ၊ ဘောင်ခတ်ထားတဲ့ နေရာကျဉ်းကျဉ်းလေးထဲမှာ ဘဝတူအချင်းချင်း တွန်းထိုးလုယက်ပြီး မဝရေစာ စားလို့ ဝါးလုံးခေါင်းထဲ လသာနေကြရှာတယ်။ မြစ်မရေစီးထဲက ငါးများမှာတော့ အစာရေစာကလည်း ပေါ၊ အစာရှာစရာနေရာ ကလည်း အကျယ်ကြီး။ ကိုယ်စွမ်းနိုင်သမျှ ရှာပါလေ့။
“ဦးလေး၊ ကျနော်ပြောတာ မကြားဘူးလား”
“ဘာတုန်းဟ”
“ကျနော် နောက်ထပ် အာလူးကြော်လုပ်ငန်းတခု ထောင်မယ်”
“ဟင်၊ ရှေ့ကဟာတွေတောင် ယက်ကန်ယက်ကန် ဖြစ်နေတာကို”
“အို … ဦးလေးကလည်း သူတို့က ကုန်ကြမ်းရော၊ လုပ်အားခရော ထောင်းလို့ဖြစ်တာ။ ကျနော်က ကိုယ်တိုင် လုပ်တတ်တဲ့ ဟာ။ ကုန်ကြမ်းဖိုးပဲ ကုန်မှာ။ လုပ်အားခကျန်ရင် ထမင်းစားလောက်တာပဲဟာ။ ၁၅ဝဝိ လောက်ဆိုရင် အာလူး တဆိုင်း ဖြန့်နိုင်တယ်။ နာမည်တမျိုးနဲ့ အာလူးကြော်ထောင်မယ်။ လာ သွားစို့ ဦးလေး”
သူ လောဆော်နေပေမယ့် ကျနော် မထဖြစ်သေးဘူး။ ကျနော်ငေးကြည့်နေမိတာက မဖြစ်စလောက် ပေါက်ပေါက်ဆုပ်လေးတွေကို ပါးစပ်လေးတွေဟပြီး ဝိုင်းလုနေကြတဲ့ လိပ်ကန်ထဲက ငါးကလေးတွေ။ အင်း … ဒင်းတို့ထဲမှာ တကောင်တိုးပြန်ပေါ့။
----------------
ယဉ်ယဉ်နု (မန္တလေး)
မဟေသီ။ ၁၄၇။ ၁၉၉၇-ဖေဖော်ဝါရီ။
[ ကိုဦး+မသန္တာ ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
သရုပ်ဖော်-ဝသုန်
No comments:
Post a Comment