Saturday, 16 February 2019

ဇင်မာဦး ( ဇာတ်သိမ်းပိုင်း)

#ဇင်မာဦး


( ဇာတ်သိမ်းပိုင်း)


#မောင်ကျပ်ခိုး 


(၇) 


ဇင်မာဦးသည် နာရီများ ထည့်ထားသည့် မှန်ဗီရိုကို ဖုန်သုတ်ရင် ငွေကိုင်စားပွဲဘက်သို့ မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။ သူ မြင်ပြင်းကတ်ဖူးသည့် ငွေကိုင်စာရေးမကို မတွေ့ရတော့သဖြင့် တစ်ခုခု လစ်ဟာနေသလို ခံစားမိသည်။ ငွေကိုင်စာရေးမလေး အလုပ်ထွက်သွားသည်မှာ တစ်ပတ်ခန့် ရှိပြီ ဖြစ်၏။ မလေးရှားသို့ သွား၍ စားသောက်ဆိုင် တစ်ဆိုင်တွင် အလုပ် လုပ်တော့မည်ဟု တစ်လောက ပြောသံဆိုသံ ကြားလိုက်ရသည်။ “အင်း မလေးရှားကို သွားဖို့ ဆိုတာကလည်း မလွယ်လှဘူး။ အနည်းဆုံး လေး ငါး ခြောက်သိန်း ကုန်မယ်” ဟု ဇင်မာဦး တွေးမိပြန်သည်။ ထိုသို့တွေးနေရင်း မလေးရှားသို့ အလုပ်သွား၍ လုပ်ချင်စိတ် ပေါ်လာသည်။ သို့သော်လည်း သူ့ လက်ထဲတွင် မလေးရှားသို့ ထွက်ရန် ငွေကြေး မပြည့်စုံ။ ဇင်မာဦး တွေးရင်းနှင့် ခေါင်းရှုပ်လာသည်။ စင်စစ် သူနှင့် တိုက်ရိုက် သက်ဆိုင်သည်မှာ ငွေကိုင်စာရေးမ ကိုယ်စား ထမ်းဆောင်ရမည့် အပိုဆာဒါး တာဝန်များပင် ဖြစ်၏။ 

ဆိုင်ရှင်ကား လူလည် ဖြစ်၏။ ငွေကိုင်စာရေးမ အလုပ်ထွက်သွားပြီးနောက်တွင် လူသစ် ထပ်ပြီး မခန့်ဘဲ ရှိသမျှ အလုပ်ကို ကျန် အလုပ်သမားတို့အား အညီအမျှ ခွဲဝေပေးပြီးနောက် လကုန်ရင် မုန့်ဖိုး ပေးမယ် ဟုသည့် မက်လုံးဖြင့် မြူဆွယ်ထားလေ၏။ အကြံပိုင်၍ ဤသို့ ကြီးပွားနေခြင်း ဖြစ်၏။ 

ဇင်မာဦးသည် သူ့တာဝန် ဖြစ်သော နာရီကောင်တာကို ကြည့်ရင်း မိတ္တူကူးရသည်။ ဆိုင်ရှင်က သူ့အား “ညည်းက ဘွဲ့ရ ပညာတတ် ဆိုတော့ ငွေစာရင်းတွေပါ တွဲကိုင်ချေ” ဟု မြှောက်ပင့်ပြီး ခိုင်းလေသဖြင့် နေ့စဉ် ငွေဝင်ငွေထွက် စာရင်းရှင်းတမ်းကိုပါ ပြုစုရသည်။ စာရင်းကိုင် အလုပ်ကို လုပ်ခွင့် ရသဖြင့် ဇင်မာဦး တစ်ယောက် စိတ်ကြီးဝင်သလိုလို ဘာလိုလို ဖြစ်သွား၏။ ဆိုင်ရှင်ကလည်း ဇင်မာဦးကို ချီးမွမ်း၍ မဆုံးတော့ပြီ။ ထိုသို့ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဘက်လုံး ပျော်တပြုံးပြုံး ဖြစ်နေသည့် အခိုက်တွင် ပါပဂြိုဟ်ဆိုးသည် “iHub Group Digital Accessories” နာရီဆိုင် အတွင်းသို့ ချွတ်နင်း၍ ၀င်ရောက်လာလေ၏။ 

မျှော်လင့်ထားခြင်းတို့ မဖြစ်လာဘဲ၊ မမျှော်လင့်ထားသည့် ကိစ္စတို့ ဖြစ်ပေါ်တတ်သည်မှာ လောကနိယာမပင် ဖြစ်သည်။ ထိုနေ့က ရုံးပိတ်ရက် ဖြစ်သဖြင့် ဈေးဝယ်သူ များလွန်းလှသည်။ သို့ဖြစ်၍ ဇင်မာဦးသည် နာရီဝယ်သူ လာလျှင် နာရီကောင်တာသို့ ပြေးလိုက်၊ မိတ္တူကူးသူ လာလျှင် မိတ္တူကူးစက်ဆီသို့ ပြေးလိုက်၊ MP3 သီချင်းသွင်းသူ လာလျှင် ကွန်ပြူတာ ဖွင့်၍ သီချင်းထည့်လိုက်နှင့် ပျားပန်းခပ်နေလေ၏။ ညနေစောင်း ဆိုင်သိမ်းခါနီး ပစ္စည်းများကို သိမ်းဆည်းရန် ပြင်သောအခါတွင်မှ နာရီ တစ်လုံး ပျောက်နေပြီမှန်း သိရတော့သည်။ သူခိုးကလည်း အတော်လျင်သည်။ ငတက်ပြား ၀င်စားသလား အောက်မေ့ရ၏။ အာဂ သူခိုး ဖြစ်ချေ၏။ 

ပျောက်သွားသော နာရီ၏ တန်ဖိုးမှာ ခြောက်သောင်းကျော် ဖြစ်၍ ဆိုင်ရှင် ဒေါပွ၍ မဆုံးတော့ပြီ။ “ကဲ … ဒီ နာရီကိစ္စကို ဘယ်လို လုပ်ကြမလဲ” ဟု ဒေါနှင့်မောနှင့် မေး၏။ ဇင်မာဦးတွင် အဖြေ မရှိ။ ကြောက်သည်ဆိုလေ ကြောင်နှင့်တို့လေ လုပ်တတ်သည့် ဆိုင်ရှင်က “ဒီနာရီ ဘယ်လောက် တန်တယ် ဆိုတာ နင်လည်း အသိသားပဲ။ အလုပ်ကို အာရုံစိုက်ပြီး မလုပ်လို့ ဒီလိုဖြစ်ရတာပေါ့” ဟု တစ်ဖက်သတ် စွဲချက်တင်သည်။ ဆိုင်ရှင်၏ စွဲချက်ကို ချေပရန် ဇင်မာဦးတွင် အားမရှိ။ အားတင်း၍ နေသော်လည်း မျက်ရည်အလိုလို ၀ဲလာ၏။ သို့သော် စားစရာ မရှိ လျော်စရာ ရှိရမည် မဟုတ်လော။ “ပျောက်သွားတဲ့ နာရီအတွက် ကျွန်မ တစ်လကို တစ်သောင်းခွဲ ခွဲပြီး ဆပ်ပါ့မယ်” ဟုသာ ဇင်မာဦး ပြောလိုက်မိတော့သည်။ ဆိုင်ရှင်ကား ဘာမှ မပြောတော့။ 


(၈) 


ညနေစောင်း အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုက်နက် ဇင်မာဦးသည် ခေါင်းအုံးကို မျက်နှာအပ်၍ တအိအိ ငိုသည်။ ဇင်မာဦး မျက်နှာ မကောင်းသဖြင့် ဘေး ကုတင်တွင် လှဲနေသည့် မေသူနိုင်ပင် မစပ်စုဝံ့တော့ချေ။ အတန်ကြာပြီးနောက် ဒေါ်စန်းယဉ်သည် ဇင်မာဦး အနားသို့ ရောက်လာပြီး “ဇင်မာဦးရေ … ငိုနေရင် လူ ပိုပြီး ပင်ပန်းတယ်။ မျက်နှာသစ်လိုက်ပါဦး။ မမ အသုပ် ၀ယ်လာတယ်။ တို့ သုံးယောက် စားကြတာပေါ့” ဟု ပြော၏။ ထို့ကြောင့် ဇင်မာဦးသည် အိပ်နေရာမှ လေးတိလေးကန် ထပြီး မျက်နှာသစ်လိုက်သည်။ သို့သော်လည်း ၀မ်းနည်းနေဆဲပင် ဖြစ်သည်။ 

အသုပ်စားနေရင်းမှာပင် ဒေါ်စန်းယဉ်က “နက်ဖြန် ညကျရင် မမ နယ်ကို အပြီး ပြန်တော့မယ်” ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုလာသည်။ “ဟင် …  ဗြုန်းစားကြီး … ဘယ်လို ဖြစ်ရတာလဲ” ဟု ဇင်မာဦး မေးမိသည်။ စကားများသော မေသူနိုင်ပင် ငိုင်ဆင်းသွား၏။ 

“မမလည်း ရန်ကုန်ကို ရောက်တာ နှစ်ပေါင်း နှစ်ဆယ် ကျော်ပြီ။ တစ်လောက နယ်ပြန်တော့ အိမ်က မောင်အငယ်ဆုံးကောင်က မမ အလုပ်ထွက်ပြီး သူတို့ရဲ့ အုတ်၊သဲ၊ကျောက်ဆိုင်မှာ ဆိုင်ထိုင်ပေးပါလို့ ပြောလာပြန်တယ်။ တကယ်တော့ မမလဲ ဒီအလုပ်ကို မထွက်ချင်ပါဘူး။ နှစ်ပေါင်း (၂၀) ကျော် လုပ်လာတာ ဆိုတော့ ကိုယ့်အလုပ်ကို ကိုယ် သံယောဇဉ် ရှိတာပေါ့။ ဒါပေမယ့် ခက်တာက အလုပ်ကို လုပ်သာ လုပ်နေရတယ် ဆိုပေမယ့် တစ်လ တစ်လ ပိုတယ် လျှံတယ်လို့ မရှိဘူး။ ဒီတော့ကာ မောင်လေး ပြောသလို နယ်ပြန်ပြီးတော့ သူတို့ မိသားစုနဲ့အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားတာပဲ ကောင်းပါတယ်ဆိုပြီးတော့ အလုပ် ထွက်လိုက်ရတာပဲ။ ဒီတော့ကာ မမ မနက်ဖြန်ကျရင် ညကားနဲ့ နယ်ကို အပြီး ပြန်တော့မယ်။ ရန်ကုန်ကို မကြာမကြာ ရောက်ဖြစ်ဦးမှာပါ” ဟု ဒေါ်စန်းယဉ်က တသီတတန်းကြီး ဆို၏။ 

“အင်းလေ ရန်ကုန်မှာ အလုပ် လာလုပ်တာ ဘာမှ မထူးလှပါဘူး။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး” ဇင်မာဦး တိုးလျစွာ ပြန်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မမ ပြောင်းမယ် ဆိုတော့ စိတ်ထဲမယ် တစ်မျိုးကြီးပဲ” ဟုသာ ဇင်မာဦး ဆိုမိတော့သည်။ ဒေါ်စန်းယဉ်၊ ဇင်မာဦးနှင့် မေသူနိုင်တို့ သုံးဦး ခိုနားရာ အခန်းငယ်လေးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားလေ၏။


(၉) 


တစ်မိုးသောက်ပြန်လေပြီ။ ဒေါ်စန်းယဉ်၏ နှိုးစက်နာရီသံ၊ ဘုရားဝတ်တက်သံတို့ကြောင့် ဇင်မာဦး အိပ်ရာမှ နိုးလာ၏။ ဒေါ်စန်းယဉ် မေတ္တာသုတ်ရွတ်သံကို ကြားရလေပြီ။ ဒီအသံကို ကြားရတာ ဒီနေ့ နောက်ဆုံးပါလား ဟု တွေးမိသဖြင့်  ဇင်မာဦး ၀မ်းနည်းသလိုလို ဖြစ်သွား၏။ တစ်နှစ်ကျော် နှစ်နှစ်ခန့် နံနက်တိုင်း (၅) နာရီ နှိုးစက်မြည်သံ၊ ဘုရားဝတ်တက်သံတို့ဖြင့် အိပ်ရာနိုးလေ့ရှိသူ ဇင်မာဦးသည့် မနုဿနာရီ ဒေါ်စန်းယဉ်နှင့် ခွဲခွာရမည်ကို တွေးရင်းနှင့် စိတ်မကောင်း ဖြစ်လာမိပြန်သည်။ ဇင်မာဦးသည် အခန်းဖော်တစ်ဦးနှင့် ခွဲခွာရမည်ကို စိတ်မကောင်း ဖြစ်မိသော်လည်း တွေ့ကြုံဆုံကွဲ ဟူသည်ကို နှလုံးသွင်း၍ အိပ်ရာမှာ လူးလဲထပြီးနောက် မထူးခြားသော နေ့သစ် တစ်နေ့ကို ကျော်ဖြတ်ရန် ဆိုင်သို့ သွားရလေ၏။ 

နာရီပြဿနာ ဖြစ်ပြီးနောက် ဆိုင်ရှင်နှင့် သူ၏ ဆက်ဆံရေးမှာ တင်းမာ အေးစက် လာလေ၏။ ဆိုင်ရှင်က ဇင်မာဦးကို အကောင်း မမြင်တော့။ ဆီလို အပေါက်ရှာပြီး အပြစ်တင်သည်။ သို့သော် ဇင်မာဦးသည် သူ့ ၀တ္တရားများကို ပြုမြဲအတိုင်း ထမ်းဆောင်သည်။ အလုပ်နှင့် စပ်လျဉ်း၍ ပြဿနာ ထပ်၍ အဖြစ် မခံ။ ဇင်မာဦးသည် နာရီများ ထည့်ထားသည့် မှန်ဗီရိုကို လက်လက်ထနေအောင် ပွတ်တိုက်ရင် ဤဘ၀ ဤအဖြစ်မျိုးမှ လွတ်မြောက်မည့် နည်းလမ်းကို ကြံဆကြည့်မိသည်။ ဇင်မာဦး ခေါင်းကို အတွင်သား ရမ်းမိတော့သည်။ 


(၁၀) 


သို့နှင့်ပင် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သွားလေ၏။ လကုန်ရက် ရောက်ပြီ ဖြစ်သဖြင့် ဈေးဝယ်သူ များလှသည်။ ဇင်မာဦးမှာ ဈေးဝယ်သူတို့ကို အလစ် မပေးဝံ့။ ဈေးဝယ်သူတို့က နာရီရွေးလိုလျှင် တစ်လုံးချင်းသာ ထုတ်ပြတော့သည်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် သွားလေပြီ။ 

ယင်းအခိုက်တွင် မိတ္တူကူးမည့်သူ တစ်ဦး ရောက်လာ၏။ အလုပ်အပ်သူက အမြန်ဆုံး ရချင်သည်၊ ကြိုက်သည့်ဈေးကို ဆိုပါ၊ ကျသလောက် ရှင်းမည်ဟု ဆိုလိုက်၏။ ဆိုင်ရှင့် မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ငွေမြင်လျှင် လင်လုပ်မည် ဟူသည့် စကားကို လက်ကိုင်ထားသူပီပီ ချက်ခြင်း ရပါစေရမည် ဟု အာမဘန္တေ ခံလေ၏။ ထို့နောက် ဆိုင်ရှင်သည် ဇင်မာဦးအား “ဒါကို ဒီညနေ ပြီးအောင် ကူးထားလိုက်” ဟု ဆိုပြီးနောက် လက်ဘက်ရည်သောက်ရန် ထွက်သွားလေ၏။ 

စင်စစ် စာရွက်ပေါင်း နှစ်ထောင်ကျော် မိတ္တူကူးပြီး စာအုပ် ချုပ်ရမည့် အလုပ်မှာ မလွယ်လှချေ။ မိတ္တူကူးစက်မှာ ဘိုးတော်ဘုရား လေးဘက်သွားသည့် ခေတ်က စက်မျိုး ဖြစ်သဖြင့် စာမျက်နှာ နှစ်ဘက်လုံးကို တပြိုက်နက်တည်း မိတ္တူကူး၍ မရ။ ထိုမျှသာမကသေး ဆယ့်ငါးမိနစ်ခြား တစ်ခါ ဆိုသလို စက္ကူညပ်သဖြင့် အလုပ် မတွင်လှချေ။ သည်ကြားထဲတွင် မီးပြတ်သေးသည်။ ဇင်မာဦးသည် သူ လုပ်ရမည့် အလုပ်ကို အမြန်ဆုံးပြီးအောင် မနားမနေ ကြိုးစား၍ လုပ်သော်ငြားလည်း အခက်အခဲပေါင်း သောင်းခြောက်ထောင်ကြောင့် အချိန်မီ မပြီးချေ။ 

ထိုအခိုက်တွင် အလုပ်အပ်သူ ရောက်လာလေ၏။ ဆိုင်ရှင်လည်း ဆိုင်သို့ ပြန်ရောက်လာ၏။ အလုပ်အပ်သူကလည်း သူ့ အလုပ် အချိန်မီ မပြီးစီးရကောင်းလားဟု ဆူဆူဆောင့်ဆောင့် လုပ်သည်။ ဆိုင်ရှင် အမျက်တော် ရှလေပြီ။ အခန့်မသင့်၍ အလုပ်အပ်သူ စိတ်ဆိုးပြီး စရံငွေ အဆုံးခံကာ ထပြန်သွားလျှင် အမြတ် မရသည့် အပြင် အရင်းပါ ပြုတ်မည် မဟုတ်လော။ သို့ဖြစ်၍ အလုပ်အပ်သူကို ခြေသလုံးဖက်၍ တောင်းပန်သည်။ 

တပြိုက်တည်းမှာပင် ဇင်မာဦးကို အလုပ် အချိန်မီ မပြီးသဖြင့် အော်လားဟစ်လား လုပ်တော့လေ၏။ စင်စစ် ဇင်မာဦး အလုပ်ကို ရေသာခို၍ လုပ်နေခြင်း မဟုတ်။ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကြောင့် မပြီးစီးရခြင်းသာ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်ကို ဆိုင်ရှင် နားမလည်၊ နားလည်းအောင် ကြိုးစားရန်လည်း တစ်ရံတစ်ဆစ်မျှ မစဉ်းစား။ သူ သိသည်မှာ ငွေရဖို့သာ ဖြစ်၏။ ရေဗူးပေါက်တာ နားမလည် ရေပါဖို့ အရေးကြီးသည် ဟူသည် မဟုတ်လော။ ထို့နောက် ဟန်ကျိုးခက်သည် ဇင်မာဦးအား နွားပိန်ကို ကြိမ်နှင့် တို့နေသည့်နှယ် မနေမနား တရစပ် မြည်တွန်တောက်တီး၍ အလုပ်ကို မပြီး ပြီးအောင် လုပ်စေသည်။ ထုံးစံ အတိုင်းပင် ည (၁၀) နာရီ ထိုးခါးနီးမှ အလုပ်ပြီး၏။ 

ဇင်မာဦးသည် မောမောနှင့် အခန်းကို ပြန်သည်။ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသည့် အလား ညောင်းညာ ကိုက်ခဲနေပြီ ဖြစ်သဖြင့် ညစာကိုပင် မစားချင်တော့။ အဆောင်သို့ ရောက်သည်နှင့် ကုတင်ပေါ်ကို လှဲချပြီး ခေါင်းအုံးကို မျက်နှာဖြင့် အပ်ထားလိုက်သည်။ ဘာရယ်ကြောင့်မှန်း မသိ၊ မျက်ရည်များ အလိုလို ကျဆင်းလာ၏။ 

ညနက်လှပြီ ဖြစ်၏။ လူသူလေးပါးသံ၊ မော်တော်ကားတို့၏ ညည်းတွားသံတို့ တဖြည်းဖြည်း ဆိတ်ညံ သွားလေပြီ။  စည်ကားသော လှည်းတန်းဈေးသည် ငိုက်မျည်းရာမှာ အိပ်မောကျသွားလေပြီ။ ဇင်မာဦးသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း အိပ်၍ မပျော်နိုင်။ သူ့ အဖြစ်ကို သူ ပြန်တွေးရင် ၀မ်းနည်းမိသည်။ ဆိုင်ရှင်ကို ပေးရန် ရှိသေးသည့် ငွေ ဘယ်လို ရှာရမလဲ ဟူသည့် အတွေးက ခေါင်းတွင်းသို့ ၀င်ရောက်လာပြန်သည်။ ရွာပြန်ပြီး အမေတို့ဆီ တောင်းရရင် ကောင်းမလား ဟု တွေးမိသည်။ မဖြစ်သေးပါဘူးလေ အမေတို့လည်း ပြေလည်တာ မဟုတ်ဘူး။ တစ်ပူပေါ် နှစ်ပူဆင့်အောင် မလုပ်သင့်ပါဘူး ဟု ဇင်မာဦး ရေရွတ်မိသည်။ မည်သို့ပင် ဖြစ်စေကာမူ ဆိုင်ရှင်ကို ပေးရမည် နာရီဖိုး ငွေခြောက်သောင်းကို သူ မဖြစ်မနေ ပေးမည် ဟု စိတ်ပိုင်းဖြစ်သည်။ အသုံးအစွဲ လျှော့ပြီး တစ်လ တစ်သောင်းခွဲနဲ့ သွင်းရင် လေးလပါပဲ ဟု တွေးကာ သက်ပြင်းကို ချလိုက်သည်။ ဤဘ၀ ဤအဖြစ်မှာ အဘယ်နံရောအခါတွင်မှ လွတ်မြောက်ပါအံ့နည်း။ 

ဘေးကုတင်တွင် အိပ်နေသည့် မေသူနိုင် တစ်ရေးနိုး ရေထသောက်သံကို ကြားရမှ သန်းခေါင်ယံကို ကျော်လွန်ပြီ ဖြစ်မှန်း ဇင်မာဦး သတိထားမိတော့သည်။ သို့ဖြစ်၍ ဇင်မာဦးသည် သူ ဆက်လက်၍ ဖြတ်သန်းရမည့် လေးလတာ ကာလအတွက် အားမွေးရန် အိပ်ပျော်အောင် အိပ်လိုက်လေ၏။ 


(၁၁) 


အိပ်မက်ထဲတွင် ဇင်မာဦး ရွာသို့ ပြန်ရောက်သွားလေ၏။ သူ့ မိခင်က သူ့ကို ရန်ကုန်-ပုသိမ်း ကားလမ်း နံဘေးတွင် ဆီး၍ ကြိုသည်။ သို့သော် သူ့ မိခင်၏ မျက်နှာ မကောင်းလှ။ “အမေ ဘာဖြစ်သလဲ” ဟု ဇင်မာဦး အလောတကြီး မေးမိသည်။ သူ့ မိခင်က ဘာမှ ပြန် မပြော။ “အမေ … အမေ့ မျက်နှာ မကောင်းဘူး။ အမေ ဘာဖြစ်သလဲ ပြောလေ .. အမေရဲ့” ဟု ဇင်မာဦး ထပ်၍ မေးသည်။ သူ့ မိခင်က တုံဏှိဘာဝေ လုပ်နေလေ၏။ ဇင်မာဦး နောက်တစ်ခါ မေးပြန်သည်။ သူ့ မိခင်ကား ဘာမှ မပြောဘဲ ကတ္တရာလမ်းမကြီးသာ ငုံ့ကြည့်နေလေ၏။ “အမေ ပြောလေ အမေရဲ့ ဘာဖြစ်သလဲ အမေ … အမေ” ဟု ဇင်မာဦး အော်လိုက်သည်။ သူ့ မိခင်သည် ကတ္တရာလမ်းမကြီးကို ငုံ့ကြည့်နေရာမှ လယ်ကွင်းထဲသို့ ဗြုန်းခနဲ ထွက်သွားသည်။ ကွင်းထဲတွင် ကျွဲအုပ်ကြီး ဒုန်းစိုင်း ပြေးလာသည်ကို ဇင်မာဦး တွေ့ရ၏။ “အမေ မသွားနဲ့ ကျွဲတွေ ရှိတယ် အမေ မသွားနဲ့ အမေ … အမေ” ဟု သံကုန်ဟစ်၍ အော်လိုက်သည်၏ နောက်တွင် ဇင်မာဦး လန့်နိုးလာလေ၏။ 

နံနက် (၈) နာရီခွဲခန့် ရှိပြီ ဖြစ်၏။ ဘေးခုတင်မှ မေသူနိုင်ပင် အိပ်ရာထပြီး အလုပ် သွားပြီ ဖြစ်သည်။ ဒေါ်စန်းယဉ်၏ နာရီနှိုးစက်သံ၊ ဘုရားဝတ်တက်သံတို့၏ တန်ဖိုးကို ယခုမှ ဇင်မာဦး သိတော့သည်။ ဇင်မာဦးသည် အိပ်ရာမှ လူးလဲထ၍ မျက်နှာသစ်ကာ ဆိုင်သို့ ခြေကုန်သုတ်ရတော့၏။ 

ဆိုင်ရှေ့သို့ ရောက်သည်နှင့် တပြိုက်နက် ဆိုင်ရှင်၏ တင်းမာသော မျက်နှာကို တွေ့ရတော့သည်။ ဇင်မာဦး၏ ခြေလှမ်းတို့ တုံ့ခနဲ ဖြစ်သွားသည်။ “ဘယ် အချိန်ရှိပြီလဲ” ဟု ဆိုင်ရှင်က ခပ်ထန်ထန် မေးလိုက်သည်။ ဇင်မာဦး ဘာမှ ပြန် မပြောနိုင်။ “ဒီအချိန်မှ အလုပ်ကို ဘာလာ လုပ်တာတုန်း” ဟု ဆိုင်ရှင်က ထပ်၍ ဆိုပြန်သည်။ “မနေ့တုန်းက အရမ်းနောက်ကျလို့ အိပ်ပျော်သွားတာပါ” ဟု ဇင်မာဦးက မ၀ံ့မရဲ ဆိုသည်။  

ဆိုင်ရှင်သည် တောပြဇာတ်ထဲမှ လူကြမ်း၏ ဟန်ပန်မျိုးဖြင့် ခေါင်းကို ဗယ်ပြန်ညာပြန် ရမ်း၏။ ထိုအချိန်အထိ ဇင်မာဦး၏ ဒေါသမြွေဆိုးသည် ပခြုပ်အတွင်းမှာသာ အခွေလိုက် ဖွဲ့ခွေရင်း ခန္တီပါရီမီကို ဖြည့်ဆည်းနေဆဲပင် ဖြစ်၏။ ဆိုင်ရှင်၏ “မဖြစ်တော့ဘူး ဇင်မာဦး .. နင် အလုပ် လုပ်တာ ပြဿနာတွေ တစ်ခုပြီး တစ်ခုပဲ။ ဒီတော့ကာ နင်နဲ့ ငါ အလုပ် လုပ်ဖို့ရာ ခက်နေပြီ။ ဘာ ဆက်လုပ်ကြမလဲ” ဟု အစချီသည့် မြည်တွန်သံသည် ပခြုပ်ဖုံးကို ထိုးလှန်လိုက်လေ၏။ 

ပခြုပ်အတွင်းမှ မြွေဆိုးသည် ငေါက်ကနဲ ထွက်ပြူလာပြီးလျှင် ကြီးစွာသော ပါးပြင်းကိုပြုလေသည်။ ဇင်မာဦး ဒေါသ ထောင်းခနဲ ထွက်သွားသည်။ “အဲဒါဆိုလဲ ကြိုက်သလို လုပ်၊ လုပ်ချင်တာသာ လုပ်ပေါ့” ဟု ပက်ခနဲ ပြန်ပြောလိုက်သည်။ ဇင်မာဦး ဤသို့ တုံ့ပြန်လိမ့်မည်ဟု ဆိုင်ရှင် ထင်မှတ် မထား။ ဇင်မာဦး၏ ဒေါသကြောင့် သူ တွန့်ခနဲ ဖြစ်သွားသည်။ တင်းလွန်းသည့် ကြိုးမှာ ပြတ်တတ်သည် မဆန်း။ 

“မဟုတ်ပါဘူး ငါ ပြောတာကို သေသေချာချာ နားထောင်။ ငါ ပြောတာက ပြေပြေလည်လည် ရှင်းဖို့ ပြောတာပါ” ဟု  လျှောချသည်။ ဇင်မာဦး၏ သည်းခံစိတ်တို့ ဂိတ်ဆုံး ရောက်သွားပြီ ဖြစ်သည်။ “ကျွန်မ ပြောတာက ရှင်းရှင်းလေးပဲ။ အခုလဲ ပြေပြေလည်လည် ပြောနေတာပဲ။ ဒီတော့ ရှင် ကြိုက်သလို လုပ်လိုက်” ဟု နှုတ်ခမ်းတလန် ပန်းတလန် ပြန်ပြောလိုက်၏။ ဆိုင်ရှင့် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ “အေးလေ ဒါကတော့ နင့် သဘောပဲ” ဟု ခပ်ထန်ထန် ဆိုလေ၏။ ထိုသို့ ဖြစ်ပျက်သွားသည်မှာ တဒင်္ဂမျှသာ ဖြစ်သည်။ ထိုအခိုက်အတန့် အတွင်းမှာပင် ဇင်မာဦးသည် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပြီ ဖြစ်သည်။ 

ထိုသို့ ဆုံးဖြတ်ပြီးနောက်တွင် ကာလ အတန်ကြာ ၀ပ်ဆင်းနေသည့် ဇင်မာဦး၏ စိတ်ဓာတ်တို့ နိုးထလာ၏။ ပျောက်ဆုံးနေသော သတ္တိတို့ ပြန်လည် ရရှိလာသလို ခံစားရသည်။ ဇင်မာဦး၏ ရင်တွင်းမှာ ခံစားချက်၊ မကျေနပ်မှုတို့သည် တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းပါးကို ကျော်လွန်လာပြီး “အလုပ်သမားကို ငွေဝယ်ကျွန်လို ဆက်ဆံတဲ့ ရှင့်ဆီမှာ ကျွန်မ အလုပ် ဆက်ပြီး မလုပ်တော့ဘူး။ ဒီနေ့ လကုန်ရက်ပဲ။ အခု ကျွန်မ လစာကို ရှင်းမယ်။ ပြီးရင် ရှင့်ကို ပေးစရာ ရှိတဲ့ ငွေကိုလည်း တစ်ခါတည်း အကြေ ပေးမယ်။ ကျွန်မ ရမယ့် လစာက ခြောက်သောင်း။ ရှင့် နာရီဖိုးက ခြောက်သောင်းနှစ်ထောင် ဆိုတော့ ရှင့်ကို နှစ်ထောင် ထပ်ပြီး ပေးမယ်။ အဲဒါဆိုရင် အားလုံး ပြီးပြီ” ဟု အသွင် ပြောင်းလဲ သွားလေ၏။ 

ကရားရေလွှတ် တတွတ်တွတ် ဆိုလိုက်သည့် ဇင်မာဦး၏ စကားတို့သည် ဆိုင်ရှင်၏ အရှိုက်ကို တည့်တည့်ကြီး ချိတ်ရွယ်၍ ထိုးနှက်လိုက်သည့် ဖြောင့်လက်သီးနှယ်။ ထိချက်ပြင်းသဖြင့် ဆိုင်ရှင် ငိုင် သွား၏။ ဇင်မာဦးကဲ့သို့ ထူပေထာပေ ခိုင်း၍ ရသော အလုပ်သမားမျိုး အလွယ်တကူ ရှာ၍ မရနိုင်သည်ကိုလည်း တွေးမိသည်။  

ဇင်မာဦးသည် သူ ပြောလိုသမျှ ပြောပြီးနောက် စိတ်ထဲတွင် ရွံ့သလိုလို၊ ရှက်သလိုလို ဖြစ်သွား၏။ ငရဲတွင်းမှ လွတ်မြောက်ပြီ ဖြစ်သဖြင့် ပျော်သလိုလို ကြည်နူးသလိုလို ခံစားမှု ပီတိ အဟုန်ဖြင့် ဖုံးလွှမ်းနေ၏။ ထို့နောက် ဇင်မာဦးသည် ပါးစပ် အဟောင်းသား ဖြစ်နေသည့် ဆိုင်ရှင်ကို ကျောခိုင်း၍ လှည်းတန်း လမ်းမကြီးပေါ်သို့ လွတ်လပ် ပေါ့ပါးစွာ လှမ်းထွက်သွားလေ၏။  


(၁၂) 


လူသူလေးပါး စည်ကားသည့် လမ်းမကြီးသည် ဇင်မာဦးကို နွေးထွေးစွာ ကြိုဆို လေ၏။ အဆောင်သို့ အပြန် လမ်းတစ်လျှောက်တွင် ဇင်မာဦးသည် သူ့ အိတ်ထဲရှိ လက်ကျန်ငွေကို စစ်ကြည့်လိုက်သည်။ ငွေ တစ်သောင်းသုံးထောင်ကျော် ကျန်သေး၏။ အဆောင်ရှင်ကို အဆောင်လခ ငွေ တစ်သောင်း ပေးပြီးနောက် သူ့တွင် ငွေ သုံးထောင်ကျော် ကျန်သေး၏။ ရွာအပြန် ခရီးစရိတ် လောက်ပါသေး၏။ 

ရွာပြန်ရမည် ဖြစ်သောကြောင့် ဇင်မာဦး အတော်ပင် ကြည်နူးမိသည်။ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေရင်း သူ့ မိဘတို့၏ မျက်နှာကို မြင်ယောင်ကြည့်မိသည်။ အကြောင်းစုံကို သိသွားလျှင် သူ့ မိခင်ကြီး ဆူလိမ့်မည် မဟုတ် ဟု သူ ယုံကြည်သည်။ ဇင်မာဦး၏ ထွက်တော်မူခန်းသည် များစွာ မခမ်းနားချေ။ ဇင်မာဦးသည် ကျောပိုးအိတ်ကို လွယ်၍ ခရီးဆောင်အိတ်ကို မနိုင်မနင်း ဆွဲပြီး လမ်းထိပ် ကားဂိတ်သို့ ထွက်ခဲ့သည်။ 

ဇင်မာဦးသည် ကားဂိတ်တွင် ထိုင်စောင့်နေရင်း ဘေးဘီကို ကြည့်မိသည်။ သူ ထိုင်နေသည့် ကားဂိတ် အနီးရှိ စတိုးဆိုင်ကြီး တစ်ဆိုင်၏ မျက်နှာစာတွင် ကပ်ထားသော Alexandre Christie နာရီကြော်ငြာ ဆိုင်းဘုတ်ဆီသို့ သူ့ မျက်လုံးတို့ အလိုလို ရောက်သွား၏။ နာရီဆိုင်တွင် နှစ်နှစ်ခန့် အလုပ်ခဲ့ လုပ်သော်လည်း နာရီတစ်လုံးပင် မ၀ယ်နိုင်သည့် သူ့ အဖြစ်ကို တွေးမိသည်။ 

နှိုးစက် နာရီလေး တစ်လုံးလောက် ရှိခဲ့ရင် အလုပ်ချိန် နောက်ကျမှာ မဟုတ်ဘူး သူ တွေးမိပြန်သည်။ ဇင်မာဦးသည် သူ့ အတွေးစကို ဖြတ်ရန် ကြိုးစားသည်။ ထိုအခိုက်မှာပင် သူ့ နားထဲ၌  နာရီဆိုင်တွင် ချိတ်ဆွဲထားသော နာရီများ၏ ညည်းတွားသံ “တချက်ချက်” ကို ကြားလိုက်သလိုလို၊ ဒေါ်စန်းယဉ်၏ နှိုးစက်နာရီ မြည်သံကိုလည်း ကြားလိုက်ရသလိုလို ဖြစ်လာ၏။ 

လှည်းတန်းမှ ဒဂုံဧရာ အဝေးပြေး ကားဂိတ်သို့ သွားမည့် ရွှေဧည့်သည် ဘတ်(စ်)ကား ကလည်း လာခဲလှ၏။ ဇင်မာဦး စောင့်နေရသည်မှာ ကြာလှပြီ။ နာရီဝက်ခန့် ရှိသွားပြီ ဖြစ်၏။ ရန်ကုန်မှ ညောင်တုန်းသို့ ပြေးဆွဲသည့် ဗဟိုရ် မော်တော်ယာဉ် နောက်ဆုံး ထွက်ချိန်မှာ ညနေ ၅ နာရီ ဖြစ်သည်။ နောက်ဆုံးကား မီမှ မီပါ့မလား၊ နောက်ဆုံးကား မမီရင် ဒုက္ခပဲ ဟု တွေးမိသဖြင့် ဇင်မာဦး စိတ်မောသွား၏။ 

ကြည့်စရာ နာရီ မရှိသဖြင့် ဘယ်နှ နာရီ ထိုးပြီမှန်း သူ မသိ။ ဘတ်(စ်)ကားကလည်း လာခဲလှ၏။ ဇင်မာဦးသည် ဘတ်(စ်)ကား လာမည့် အရပ်ဆီသို့ လည်တဆန့်ဆန့်နှင့် မျှော်ကြည့်မိသည်။ အချိန်ကား တရွေ့ရွေ ကုန်ဆုံးလာ၏။ ရွှေဧည့်သည် ဘတ်(စ်)ကား အရိပ်အယောင်ကို မမြင်ရသေး။ ဒဂုန်ဧရာ အဝေးပြေး ကားဝင်းသို့ နေမစောင်းမီ ရောက်ပါမှ အိမ်လွမ်းသူ ဇင်မာဦး၏ အပြန်ခရီး ဖြောင့်ဖြူးမည် ဖြစ်၏။ 

ဇင်မာဦးသည် စိုးရိမ်စိတ်ကြောင့် သက်ပြင်းရှည်ကြီးကို မရည်ရွယ်ဘဲ ချမိတော့သည်။ ဇင်မာဦး၏ သက်ပြင်းချသံကြောင့် နက်မှောင်သော အဆင်းကို ဆောင်သည့် ကတ္တရာ လမ်းမကြီးပင် အလန့်တကြား ဖြစ်သွား၏။ 

ဇင်မာဦး၏ အပြန်ခရီး ညနက်မှာ စိုးလှပါသည်။ 


----------------


မောင်ကျပ်ခိုး 

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နတ်တော်လပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့ ၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်။ 


[ ကောင်းကင်နိုင်ငံပြု အနုပညာမဂ္ဂဇင်း ဘလော့မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။]




No comments:

Post a Comment