#ဟိမ၀န္တာသို့တမ်းချင်း
#နေဝင်းမြင့်
“အဲဒီတဲကလေးထဲ
အမေလဲလျောင်းနေပေါ့…။
အမေ… ကျွန်တော်ရောက်လာပြီအမေ
အမေ… ကျွန်တော့်ကို ထပြီး နှုတ်ဆက်ပါဦးအမေ
အမေ့ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော်ငိုတယ်။
ထန်းပင်မြင့်မြင့်ကြီးပေါ်က
ရွက်ဟောင်းခြောက်တွေ
တရှဲရှဲမြည်လို့….။” (ပိုင်စိုးဝေ)
ဆောင်းရဲ့ည။ ခရစ္စမတ်အကြိုညမို့ အပြင်မှာ နှင်းတွေ ရှိနေလိမ့်မည်။ အမေကတော့ ဆောင်းကိုလည်း မသိ။ နောက်ဆုံး ထွက်သက်ကလေးကိုတောင် သတိနှင့် ရှုမှတ်သွားနိုင်ခဲ့ရဲ့လားမသိ။ ဆေးစိမ်းရောင်တွေ မွဲသွေ့နေသော အိမ်ခန်းကလေးထဲက ခုတင်ဟောင်းလေးပေါ်မှာ လေးလံသော သတ္တုတုံးတစ်တုံးလို ရှိနေလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်လောက်တုန်းကလည်း သည်ခုတင်ကလေးပေါ်မှာပဲ အဖေဆုံးခဲ့သည်။
အခုလည်း သည်ခုတင်လေးပေါ်မှာပဲ အမေဆုံးလေသည်။ ခေါက်၍ သိမ်း၍ရသော သည်သံခုတင်လေးကလည်း အမေနှင့် အဖေ၏ “အိမ်ထောင်ဦးအမှတ်တရ” ပစ္စည်းလေးမှန်း ကျွန်တော်သိပါသည်။ တစ်ခါတစ်ခါ အမေကိုယ်တိုင် စုတ်တံဟောင်းကလေးနှင့် ပန်းချီဆရာမတစ်ယောက် ပတ္တူဖျင်တွေကို ဆေးသုတ်နေသလို သုတ်နေတတ်သည်။ သည်ခုတင်လေးက သင်္ဘောဆေးရသည့်အပေါ် မူတည်ကာ တချို့နှစ်တွေမှာ အနီ၊ တချို့နှစ်တွေမှာတော့ စိမ်းပုပ်ပုပ်၊ တစ်ခါတစ်ခါတော့လည်း နီညိုရောင်။ အဖေ့ခြေထောက်တွေကို သူ့လက်ဖ၀ါးကြမ်းတွေနဲ့ တယုတယ ဆုပ်နယ်ပေးတတ်သော အမေ၊ အိပ်ရာထဲမှာ အညစ်အကြေးတွေ ပေစွန်းနေတတ်သော ပုဆိုးအင်္ကျီတွေကို ဖွဖွညင်ညင် လဲလှယ်ပေးတတ်သော အမေ၊ ဆေးကြောက်သော အဖေ့ကို ဘာစကားတစ်ခွန်းမှ မဆိုဘဲ ဝေသီသော်လည်း ဂရုဏာရည်တွေ တောက်လက်နေတတ်သည့် မျက်လုံးတွေနှင့် ဆေးခါးရည်တွေ တိုက်နေတတ်သည့် အမေ၊ အဖေ့ နောက်ဆုံးရက်တွေတုန်းက မခွဲတမ်းမထတမ်း မျက်တောင်မပုတ် စောင့်ရှောက်ခဲ့သော အမေ။
သူ့အလှည့်မှာတော့ သံခုတင်လေးပေါ်မှာပဲ ကြိုးတွေဖြေလျော့ထားသော ရုပ်သေးရုပ်ကလေးလို ပုံ့ပုံ့ရုံ့ရုံ့ကလေး ရှိနေပြန်လေသည်။ နဂိုကပင် ပိန်သွယ်ပါးလျားသော အမေသည် ခုတင်လေးပေါ်မှာ ခပ်တင်းတင်းကျစ်ထားသော ချည်ခင်စကလေးလို သေးကျစ်စွာ ရှိနေသည်လို့ပဲ ပြောနိုင်တော့သည်။
တစ်ချိန်တည်းမှာပင် အမေ့ကို ကြည့်ရင်းက သံသတ္တုတစ်တုံး ချည်ခင်စကလေးတစ်စ၊ ရုပ်သေးရုပ်ကလေးတစ်ရုပ် စသည်ဖြင့် ကျွန်တော်ခံစားနေရသည်။ အမေ့ဆံစ ဆွတ်ဆွတ်ဖွေးဖွေး တိုတိုမျှင်မျှင်တွေက ကျွန်တော် မ၀တမ်းနမ်းရှုတ်ခဲ့ဖူးသော အမေ့နဖူးကျဉ်းကလေးပ်ါမှာ ချောက်ချားဖွယ် ၀ဲကျနေသည်။ ဆံစတွေကို နဖူးပေါ်ကို ပြန်မ တင်ပေးရင်း အမေ့မျက်လုံးတွေကို ကျွန်တော်ကြည့်တော့ ကျွန်တော့်ကိုသာမက ကမ္ဘာလောကကြီးကိုပါ မမှတ်မိတော့ဟန် ညှို့မှိုင်းနေလေသည်။ သွားတွေ တစ်ချောင်းမှ မကျန်တော့အောင် ကျိုးကုန်ပြီဖြစ်သော်လည်း ပါးလျားသော နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားဆဲပဲ ဖြစ်၏။ အမေ့လက်ချောင်းတွေထဲမှာ တင်းတင်းဆုပ်ထားသော ဂုဏ်တော်ပုတီးကို အသာအယာ ချွတ်ယူလိုက်သည့်အခါ၌ အမေ့ဝိညာဉ်သည် ဝေးလံသော အရပ်ဆီမှာ လွင့်မျောနေချိန်ဖြစ်လိမ့်မည် ထင်သည်။
အသက်ဝိညာဉ်ကို “လိပ်ပြာ”လို့ ဘယ်သူ စခေါ်ခဲ့ပါသလဲ။ ရှေးသူဟောင်းတို့ကိုသာ ကျေးဇူးတင်ရတော့မည်။ အသက်ဝိညာဉ်သည် လိပ်ပြာတစ်ကောင်လို ၀ဲလှည့်လွင့်မျောရိုးမှန်လျှင် အမေ့လိပ်ပြသည် ဝေးလျားသော အရပ်က သူ့ရွာကလေးဆီသို့လည်းကောင်း၊ အစိမ်းရောင်လှိုင်းတွေလို တငြိမ့်ငြိမ့်ရှိတတ်သော ကြံရွက်ပင်လယ်များဆီသို့လည်းကောင်း၊ အမေ ကောက်သင်းကောက်တတ်သော အနောက်ဘက် နတ်ကွန်းစင်ကွင်းဆီသို့လည်းကောင်း၊ ညိုမည်းရောင် ရေနံစင်ကြီးတွေရှိရာ နီညိုရောင် မြေပြင်များဆီသို့လည်းကောင်း၊ ကိုင်းပင်၊ နာနတ်ရိုင်းပင်၊ ကန္တာရပင်၊ မိုးနံပင်၊ တမာပင်၊ ဒဟပ်သန်းနှင့် ရှားပင်တွေရှိရာ တောင်စွယ်နိမ့်မြင့်များဆီသို့လည်းကောင်း၊ မြင်းရိုင်းတစ်ကောင်လို အဆင်အခြင်မဲ့ လွှားပြေးနေတတ်သည့် မုန်းချောင်းရေပြင်ဆီသို့လည်းကောင်း၊ စိမ်းပြာရောင် ဧရာဝတီမြစ်ဘေးက ၀ါညိုညို ကျောက်ကမ်းပါးဆီသို့လည်းကောင်း တိုးထိဖက်ငင် နှုတ်ဆက်နေလိမ့်မည် ထင်သည်။
(၂)
“……………………..
ခုတစ်ခါ အမေဟာ
ခရီးထွက်တော့မယ်။
သေတ္တာရဲ့ နဘေးမှာ
ဖက်ဖြူတစ်လိပ်
မီးခြစ်တစ်လုံးညှပ်ထားတဲ့
ထမင်းတစ်ထုပ်နဲ့…..။
သြော်…..
ခရီးသွားမယ့်အမေရယ်
နံ့သာတွေကိုတော့
လိမ်းကျံ သ လို့ ထားပါရဲ့
ဘယ့်နှယ် ဆံပင်တွေက
ပြေလို့ကျနေတာလဲ….” (မောင်ဒီ)
အမေ့မျက်နှာမှာတော့ နံ့သာတွေမရှိပါ။ ခါတိုင်းဝတ်နေကျ အညာဖျင်ထူထူကလေးကိုပဲ အမေ၀တ်ထားသည်။ ပြေလျော့နေသော အညိုရောင် ထဘီဟောင်းကလေးက အမေ့အမှတ်တံဆိပ်လို့ ပြောနိုင်သည်။ အမေ့ခြေထောက်တွေကတော့ ခရီးမိုင်ပေါင်းများစွာကို မရပ်မနား သွားခဲ့ရဟန်ဖြင့် ကြမ်းခြောက်အက်ကွဲယောင်ယမ်းနေသည်။
ခရီးသည်အမေ။ ဆရာမောင်ဒီရဲ့ ကဗျာကလေးကိုသ အမှတ်ရနေမိတော့သည်။ ဝေဒနာရက်တွေတုန်းက အမေ့ခြေထောက်တွေ ယောင်အမ်းနေခဲ့ဖူးသည်။ အမေကြိုက်သော နို့မပါသည့် ကော်ဖီကြမ်းနှင့် စပျစ်သီးတွေကိုပင်လျှင် အမေမစားနိုင်တော့တာ ကြာပြီ။ ယောင်အမ်းနေသည့် သူ့ခြေထောက်တွေကို ကိုင်တွယ်ရင်း အကြောင်းမဲ့ ငိုချင်လည်း ငိုနေတတ်သည်။
“ခြေထောက်တွေ ရောင်နေပြီဆိုရင်တော့ ပထ၀ီပျက်နေပြီပေါ့ကွယ်…. အရိယာပုတ်၊ မဟာဘုတ် လွန်ယုတ်ဓာတ်မညီတဲ့”
လွန်ခဲ့သော ရက်တွေက မြန်မာဆေးဆရာ၏ စကားတွေကို မှတ်မိနေသည်။ ကိုင်စမ်းကြည့်တော့ အမေ့ခြေထောက်တွေကတော့ အေးစက်နေပြီ။ သည်ခြေထောက်ပါပဲ၊ အညာရွာကလေးမှာတုန်းက အမေ ပင်ပန်းကြီးစွာ လုပ်ခဲ့ရသည်။ နေပူဖုန်ထူမှာ မိုင်ပေါင်းများစွာ အမေ လျှောက်ခဲ့ရဖူးသည်။ ဖုန်ခိုးတွေ ဝေနေတတ်သော အနောက်ကွင်းပြင်တွေဆီက မှုန်မှုန်ကလေး လှမ်းမြင်ရတတ်သော ကောက်သင်းကောက်သူတွေထဲမှာ “အမေ ဘယ်သူလဲ” ဝေခွဲရင်း မျှော်နေရတာကို ကျွန်တော် မေ့၍ မရနိုင်ခဲ့။ တစ်ခါတစ်လေတော့လည်း မိုးကြီးချုပ်တာတောင် အမေ့ကို မမြင်ရ။ အလွန်ဝေးသော အရပ်က မိုးပြာရောင်နောက်ခံဖြင့် မြင်ရတတ်သော ပုပ္ပားတောင်ကြီးကို ငေးရီရင်းမှာပင် မိုးမှောင်ကြီးကျလာတတ်သေးသည်။
“ကနေ့ ကောက်သင်းတော်တော်ရလို့ သားရဲ့… အဝေးကြီးသွားရတာသားရေ့၊ မှောင်နေပါပြီကော… အမေလာမှာပေါ့… သားမကြောက်ဘူးလား….”
ခေါင်းပေါ်က လက်တစ်ဘက်ခန့် ကောက်သင်းထုတ်ကြီးကို ပုတ်ပြရင်း အမေပြောတတ်သည်။ မည်းချိတ်နေသော အမေ့ မျက်နှာပေါ်က အပြုံးတွေ၊ အမေ့ချွေးနံ့တွေ… ပူလောင်နေတတ်သော အမေ့လက်ဖ၀ါးတွေကို အဲသည်တုန်းက ခံစားရမှန်း ကျွန်တော်မသိပါ။ ဆောင်းဝင်စရာသီတွေမှာ မိန်းမသားတန်မဲ့ ကြံဘောင်တွေ ဖော်ချင်ဖော်နေတတ်သည်။ တစ်ခါတစ်ခါတော့လည်း ကြံခင်းထဲမှာ ကြံရွက်ဟောင်းတွေ မီးရှို့ချင်လည်း ရှို့နေတတ်သည်။ ကြံဖတ်ခွာချိန်တွေမှာတော့ အမေ့မျက်နှာတွေ လည်ပင်းတွေ၊ လက်တွေမှာ ကြံရွက်ရှရာတွေ အပြည့်။ ညနေတိုင်း ကြံချောင်းရင့်ရင့် တစ်ချောင်းကို ခုတ်ကာ ညဘက်လသာသာမှာ ကွပ်ပျစ်ပေါ်ထိုင်ရင်း ကြံစုပ်ကြ၊ စကားတွေပြောကြ၊ တစ်ခါတစ်ခါတော့ ညဥ့်နက်သန်းခေါင်အထိ။ အမေက သူ့ငယ်ဘ၀တွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ၊ ဈေးထောင့်တမာပင်က တစ္တေအကြောင်းတွေ၊ ကြံဈေးအတက်အကျတွေ၊ ပုံပြင်တွေ၊ စိတ်လိုလက်ရ ပြောတတ်ချိန်မှာ သည်အချိန်ကလေးမှာပဲ ဖြစ်လေသည်။
မိုးတွေလေတွေ တသည်းသည်းရှိတတ်သော မိုးနှောင်းရာသီမှာတော့ အမေ မုန်းချောင်းထဲမှာ ထင်းဆယ်တတ်သည်။ မုန်းချောင်းနှင့် ရွာက တစ်ဆက်တစ်စပ်တည်းပေမယ့် အတော်ကလေး ဝေးသည်။ မိုးသည်းသည်းထဲမှာ ကြီးမားသော ထင်းတုံးတစ်တုံးကို ရွက်ကာ အမေပြန်လာတတ်သည်။ မီးဖိုကလေးမှာ ပဲကြီးရေတွန့် လက်တွေကို မီးကင်နေရင်းက အမေ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေသည်။
တစ်ခါတုန်းကတော့ ကျွန်တော် ကျောင်းမတက်ချင်သဖြင့် အိမ်သာပေါ်မှာ နေ့တစ်လောက် ထိုင်ခဲ့ဖူးသည်။ အိမ်သာထရံပေါက်က ကျွန်တော်ချောင်းကြည့်တော့ အမေက အိမ်သာရှေ့ မန်ကျည်းပင်ရိပ်မှာ ငုတ်တုတ်။ ကျွန်တော် နောက်ထပ် နာရီဝက်လောက် ထိုင်နေသော်လည်း အမေရှိနေသည်သာ။ သည်လိုနှင့် နာရီပေါင်းများစွာ ကျွန်တော်ထိုင်နေသော်လည်း အမေက ဘာတစ်ခွန်းမှ မပြောဘဲ စောင့်နေလေသည်။ ကြာတော့ အမေ့ကို သနားလာသည်။ အိမ်သာပေါ်က ကျွန်တော်ဆင်းတော့ အမေပြုံးသည်။ ပြီးမှ တိုးတိုးကလေး ပြောသည်။
“သားကလေးက ဇွဲကောင်းလိုက်တာ။ အဲဒီဇွဲမျိုးနဲ့သာ စာကြိုးစားရင် ဒေါက်တာအေးဖြစ်မှာပဲ သိလား….”
ဒေါက်တာအေးမှာ ရွာဆေးခန်းက ကျန်းမာရေးမှူးကို ခေါ်ခြင်းဖြစ်သည်။ တစ်ခါကလည်း ရွာနှင့် သိပ်မဝေးသော ဘုရားပျက်တွေကြားမှာ သုံးလေးရက်လောက် ကျွန်တော် ကျောင်းပြေးဖူးသည်။
ပထမတော့ အမေမသိပါ။ နောက်တော့ အမေ ကျွန်တော့်ကို လိုက်ရှာသည်။ လွယ်အိတ်ကို ဇရပ်ဟောင်းအစွန်းက သံမှာ ချိတ်ထားရင်းက ဘုန်းကြီးကျောင်းသားတွေနှင့် ကျောက်ခဲတွေ စီပစ်နေတုန်းဖြစ်သည်။ အမေ ရုတ်တရက် ရောက်လာကာ နေပူထဲမှာ သဲကြီးမဲကြီး ကစားနေသော ကျွန်တော့်နားရွက်တွေကို အမေ ဆွဲလိမ်သည်။ နားရွက်ကို ဆွဲရင်းကပဲ အိမ်တွေကို ဖြတ်ကာ အိမ်ကို ခေါ်လာတော့ တစ်ရွာလုံးက ထွက်ကြည့်သည်။ ဤသည်ပင် အမေက ဒဏ်ပေးလိုက်ခြင်းဖြစ်၍ အိမ်ရောက်တော့ မရိုက်တော့ပါ။ အမေက ရှက်ပါစေတော့ဟု ရည်ရွယ်ပုံရသော်လည်း ကျွန်တော် မရှက်ပါ။ နောက်တော့လည်း ကျောင်းမပြေးဖြစ်တော့။
တစ်ခါတော့လည်း ကျွန်တော်ကိုယ်တိုင် စိတ်ထိခိုက်ခဲ့ရဖူးသည်။ စိတ်လိုလက်ရ ရှိတတ်သည့် ညတွေမှာ ကျွန်တော့် ကျောင်းစာအုပ်တွေကို အမေကြည့်လေ့ရှိသည်။ စာတွေကို နားလည်လို့ မဟုတ်ဘဲ ကြက်ခြေခတ်ထားသော မင်နီတွေကို အမေကြည့်ခြင်း ဖြစ်လေသည်။ မင်နီကြက်ခြေခတ်တွေ ဗလာစာအုပ်ထဲမှာ ပြည့်နှက်နေလျှင် အမေ့မျက်နှာ သိသိသာသာကြီး အိုမင်းသွားတတ်သည်။ ထိုနေ့က ကျောင်းက အပြန်မှာ ပညာရည်တိုးတက်မှုမှတ်တမ်းကလေး ပါလာသည်။ မိဘအုပ်ထိန်းသူနေရာမှာ အမေ့ကို လက်မှတ်ထိုးခိုင်းတော့ “ဟယ်… ငါမှ မထိုးတတ်တာ” ဟုဆိုရင်း အမေရှက်နေလေသည်။ တကယ်ကလည်း အမေ လက်မှတ်မထိုးတတ်ပါ။ အမေ စာလည်း မတတ်ရှာပါ။ ကျွန်တော်က လက်မှတ်မထိုးတတ်ရင် ကြက်ခြေခတ်လို့ ရတယ်ဆိုတော့ အမေ မရဲတရဲ ကြက်ခြေခတ်ပါသည်။ ပြီးတော့မှ…..
“အမေကလေ.. မင်းက ရတယ်ဆိုလို့သာ ….. သား ကတ်ပြားမှာ အမေ ကြက်ခြေမခတ်ချင်ပါဘူး” ဟု ဆိုလေသည်။ အနီရောင် ကြက်ခြေခတ်တွေကို မုန်းသော အမေ…. ထိုနေ့က အမေ့စကားတွေမှာ ၀မ်းနည်းစရာ မပါသော်လည်း ကျွန်တော် ထိုအဖြစ်အပျက်ကို တစ်သက်လုံး သတိရနေလိမ့်မည် ထင်ပါသည်။
(၃)
“အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းညှို့ညှို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့ နေရာကို
ပို့ကြတော့မလို့တဲ့။
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့…
ကြေးစည်ကို
ရိုက်နှက်ကြပေါ့….” (ပိုင်စိုးဝေ)
ကြေးစည်ရိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကြေးစည်သံများကို မကြာခဏ ကြားဖူးသော်လည်း အမေ့အတွက် ရိုက်ခတ်လိုက်သော သည်ကြေးစည်သံကမူ ရင်ကို ဆို့နစ်သွားစေလေသည်။ အတန်ငယ် နက်ရှိုင်းသော မြေကျင်းထဲမှာ နေရဖို့ နီးပြီလို့ သတိပေးလိုက်တဲ့ အသံထင်ပါရဲ့။ အမေရှိတုန်းကတော့ အညာသူပီပီ သင်္ချိုင်းကို “လုပ်တိုင်း” လို့ ခေါ်လေ့ရှိသ်။ အမေက ကိုင်းတံတွေ လေးဘက်လေးတန် ဆန့်တန်းဖြာထွက်နေတတ်သော ညောင်မုတ်ဆိတ်ပင် အမွေးဖွားဖွားအောက်က သူ့ရွာသင်္ချိုင်းဟောင်းကို စွဲလန်းစရာမရှိ စွဲလန်းနေတတ်သည်။
“ကိုယ့်ရွာက လုပ်တိုင်းလေးမှာပဲ အမေ ခေါင်းချချင်တယ်။ အဲဒီ လုပ်တိုင်းကလေးမှာ ငါ့အဖေရှိတယ်။ ငါ့အမေလည်း ရှိတယ်… ငါ့သူငယ်ချင်းတွေလည်း ရှိတယ်”
အမေ မကြာခဏပြောတတ်သော စကားတွေ ဖြစ်လေသည်။ အမေ့ရွာက သင်္ချိုင်းကို ကျွန်တော် ရောက်ဖူးသည်။ ရွာမြောက်ဘက်က နှမ်းခမ်းတွေဆီကို သွားသည့် လှည်းလမ်းက သည်သင်္ချိုင်းထဲကို ဖြတ်သွားသည်။ ယာခင်းထဲမှာ လှည်းစီးဖို့ လှည်းတစ်စီးစီးနဲ့ လိုက်ပါသွားရတိုင်း သည်သင်္ချိုင်းကို ဖြတ်ရသည့်အခါ မျက်စိတွေကို စုံမှိတ်၊ အသက်တွေ အောင့်ကာ လိုက်သွားလေ့ရှိသည်။ တစ်ခါတစ်လေတော့လည်း သင်္ချိုင်းကို ကြည့်ချင်သည်။ လှည်းခပ်ဝေးဝေးရောက်တော့မှ သင်္ချိုင်းကို လှမ်းကြည့်ရဲတော့သည်။ သင်္ချိုင်းဆိုတာ ဘာမှလဲ မထူးဆန်းပါလား။ အုတ်ဂူလေး သုံးလေးလုံးနှင့် ကျန်တာက မြေကမူမို့မို့တွေ၊ ကြက်ဆူပင်တွေ အလိုလေးပင်တွေ… အဘိုးကြီး အမယ်ကြီးပင်တွေ….။ ဘကြီးပန်းဥက ကွမ်းယာတစ်ယာ ပါးစပ်ထဲမျာ မြုံရင်းက ဗုံရှည်ကြီးကို ဖြုတ်ကာ သိုင်းလွယ်သည်။ ဟိုဘက်သည်ဘက် လက်တဆန့်ရှည်လျားသော ဗုံရှည်ကြီးကို “ဗေတိုးပတ်… ဗေတိုးပတ်… ဗေ့ ဗေ့ ဗြိန်း”ဟူ၍ လည်းကောင်း “ဗေ့ ပိန် ဗေ့ ပိန် ဗြိန်း ဗြိန်း” ဟူ၍လည်းကောင်း အဆစ်ကျကျ တီးလေ့ရှိသည်။ နှုတ်ခမ်းသားတွေ ထူထူနေသဖြင့် အသံ အ နေသည့် လင်းကွင်းနှင့် နှဲကြီးက သာယာကြည်နူးဖွယ် မကောင်းလှသော်လည်း ရင်ထဲမှာ ထိခိုက်သွားစေလေသည်။ အမေက ဘကြီးပန်းဥအိမ်ကို လာလည်တိုင်း “ကိုပန်းဥ… တော်သေလို့ မဖြစ်ဘူးနော်… ကျုပ် အသုဘ တော်ပါမှ စည်မှာ” ဆိုတော့ ဘကြီးက “စိတ်ချ ကောင်မရေ… ညည်းမပြောနဲ့ တစ်ရွာလုံးသေပြီးမှ ကျုပ်က သေမှာဗျ”လို့ ပြောတတ်သည်။
အဲသည်တုန်းက ဘကြီးပန်းဥက သူ့ဗုံရှည်ဝိုင်းနောက်က လိုက်သည့် ကလေးတွေကို ကျပ်စေ့ဒင်္ဂါးတစ်ပြားစီ ပေးလေ့ရှိသည်။ တီးဝိုင်းနောက်က လိုက်ရင်း သင်္ချိုင်းက အပြန်မှာ ကျပ်စေ့တစ်စေ့ ပါလာတတ်သော ကျွန်တော့ိကု အမေက မဆူပါ။
“အေး ကောင်းတယ် သား… လိုက်လိုက်… မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့” ဟု ပြောတတ်သည်။ တစ်ခါတော့ နေပူကြီးထဲမှာ ဗုံရှည်ဝိုင်းနှင့် လိုက်မိသဖြင့် အပူရှပ်ကာ ကျွန်တော် အပြင်းဖျားပါသည်။ တစ်ရက်က နှစ်ရက် သတိလစ်မတတ် ဖျားတော့ အမေက မဆီမဆိုင် ဘကြီးပန်းဥကို ရန်တွေ့ပါသည်။ နောက်နောင် ဗုံရှည်ဝိုင်းနား ကျွန်တော်ရောက်သွားလျှင် ဘကြီးက… “မင်း မလိုက်ပါနဲ့ကွာ…၊ မင်းအမေက ငါ့ကို ရန်တွေ့တယ်ကွ၊ ရော့.. ဒင်္ဂါးတစ်စေ့ယူသွား… မလိုက်နဲ့ကြားလား”
ဗုံရှည်ဝိုင်းနှင့် လိုက်ပါခွင့်မရဘဲ ဒင်္ဂါးတစ်စေ့ရလာတော့လည်း ဘာကြောင့်မှန်းမသိဘဲ အမေ မရိုက်စဖူး ရိုက်ပါသည်။ အမေ့ကို ကျွတ်တော် နားမလည်နိုင်ပါ။ ဘာကြောင့် ရိုက်မှန်းလည်း မသိပါ။ နောက်တော့လည်း လိုက်ခွင့်ရပြန်ပါသည်။
“မယ့် မျက်ရည်ငယ်လေ… စီးသွယ်ကျဆင်း… ရွှေသံလျင်းနှင့် မသင်္ဂြိုဟ်ရာ တောဝကန္တာ ဖိုကျင်ထိုးလို့ ပြုရိုးပါ သံစကာနဲ့ ပြာတော်ကျအောင် သင်္ဂြိုဟ်ရပဲ….”
အရက်တွေ မူးအောင် သောက်ထားသော ဘဒွေးလေး စံအောင့်သီချင်းကို သံကျတွေ လိုက်မှုတ်ပေးသော နှဲကြီးသံဝါ၀ါကြီးက အညာနေပူထဲမှာ ပိုမို လွမ်းစရာကောင်းနေတတ်သည်။ ဘကြီးပန်းဥကတော့ အဆစ်ကိုက် “ဗေတိုးပတ်… ဗေတိုးပတ်… ဗေဗေဗြိန်း”ကို မျက်စိကြီး စုံမှိတ်တီးရင်းက စိတ်မကောင်းဖြစ်နေတတ်သည်။ ထိုအခါမျိုးတွင် ဘယ်သူ့အသုဘဖြစ်ဖြစ် ခေါင်းကတဘက်ကလေးကို ရုတ်ကာ အမေငိုတတ်သည်။
“တို့ရွာက စိတ်ကောင်းရှိတဲ့ လူတစ်ယောက် လျော့သွားပြန်ပြီပေါ့” လို့လည်း အသုဘတွေက ပြန်တိုင်း အမေ ပြောတတ်သည်။ အဲသည်နေ့တစ်နေ့လုံး သေဆုံး၏ လွမ်းမောဖွယ်ကောင်းသော အကြောင်းထုပ္ပတ်ကို စီကာပတ်ကုံး တတွတ်တွတ် ပြောနေတတ်သည်။ အခုတော့ မြို့ပြ၏ ဆင်ခြေဖုံးကလေးတစ်ခုမှာ အကြောင်းအားလျော်စွာ ကျွန်တော်နှင့်အတူ အမေနေနေရပြီ။ မော်တော်ကားနှင့် ရုပ်အလောင်းကို တင်ကာ အပူရုပ်မဲ့ ကားစီးရင်း ပို့တတ်ကြသည့် မြို့ပြအသုဘရှုကို အမေတွေ့ကာစက ကြီးစွာသော အံ့သြခြင်း ဖြစ်ဖူးသည်။ နောက်တော့လည်း ရိုးသွားဟန်ဖြင့် မြို့ပြသင်္ကေတ မြို့ပြအာရုံတွေထဲမှာ အမေ နေတတ်သွားလေသည်။
(၄)
“……………….
လမ်းက ကြမ်းလိုက်တာ အမေ
တောင်ကမူ ကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလုလှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း… ဖြည်းဖြည်း….
ဆူးကိုင်းတွေ ဘေးဖယ်…
မျက်နှာကို ခြစ်မိကြဦးမယ်” (ပိုင်စိုးဝေ)
အမေ့အလောင်းကို ရပ်ကွက် သင်္ချိုင်းကလေးမှာပဲ မြှုပ်နှံဖို့ စီစဉ်ရတော့သည်။ အမေ့ကို ပို့ဆောင်သည့်နေ့က လူသိပ်မများလှပါ။ ယိမ်းလှုပ်နေသော အမေ့ခေါင်းကို ကြည့်ရင်း ဘကြီးပန်းဥရဲ့ ဗုံရှည်တီးသံတွေကို ကြားယောင်နေမိလေသည်။ သင်္ချိုင်းက တော်တော်ကလေး လှမ်းသည်။ ရိုးပြတ်တောကို ဖြတ်တော့ သင်္ချိုင်းဇရပ်မိုးကလေးကို လှမ်းတွေ့နေရပြီ။ ရွာက သင်္ချိုင်းလို ညောင်မုတ်ဆိတ်ပင်မရှိ။ အုန္နဲပင်ကလေး တစ်ပင်ပဲ ရှိသည်။ သင်္ချိုင်းကို ကြိုတင်ရောက်ရှိကာ ကျင်းတူးနှင့်သူတွေက “နောက်လာဦးမလားဟေ့” ဟု အော်ရင်း မြေစိုင်ခဲတွေနဲ့ လှမ်းပစ်တော့ လူတွေက “မလာတော့ပါဘူး”တဲ့။
သင်္ချိုင်းကို မလာတော့ပါဘူးတဲ့။ ရနိုင်သလား။ အဲသလို ပြောရင် သင်္ချိုင်းကို တကယ်မသွားရတော့ဘူးလား။ လှမ်းပစ်လိုက်သော မြေစိုက်ခဲတွေက လူတွေကို မထိ။ ရိုးပြတ်ကွင်းထဲမှာပဲ ကျရောက်ကျေပျက်သွားလေသည်။
အမေ့အလောင်းကို မြေကျင်းထဲသို့ ကြိုးဖြင့်လျှော၍ ဖြည်းညှင်းစွာမချမီ ဓားမဦးဖြင့် ဒုတ်ခနဲ ဒုတ်ခနဲ ခုနစ်ခါတိုက်သည်။ ဤသို့ဖြင့် မြေကျင်းထဲမှာ အမေ့ကို ကျဉ်းကျပ်စွာ ထားရစ်ခဲ့ရတော့သည်။
“ကိုင်း……ကန်တော့လို့ရပြီ…. ကျန်တဲ့ လူများက မြေခဲခုနစ်ခဲစီလောက် ဖို့ကြပါ”
အသုဘပို့သူတွေက မြေစိုင်ခဲတွေကို ကိုင်ကာ ဖို့သည်။ ကျင်းတူးသူတွေကတော့ ပေါက်ပြားတွေနဲ့ ယက်ကာ ဖို့ကြသော်လည်း ကျွန်တော်ကတော့ လက်ထဲမှာ ကိုင်ထားသော မြေစိုင်ခဲတွေနဲ့ အမေ့ကိုယ်ပေါ် မဖို့ရက်ပါ။ လူတစ်ယောက်က ခပ်လှမ်းလှမ်းက ဇီးကိုင်းခက်ကလေးတစ်ခက်ကို ချိုးကာ အမေ့ခေါင်းရင်း မြေပုံကို ရိုက်သည်။
“ရော့… အမေ အိမ်ကို ပြန်လိုက်ခဲ့ပါလို့ပြော… ရက်လည်တဲ့ ညနေကျတော့ ပြန်ပို့”
ဇီးရိုင်းခက်ကလေးမှာ အမေ့ဝိညာဉ်တွယ်ကပ်နေသတဲ့။ သည်ဇီးရိုင်းခက်ကလေးနဲ့အတူ ရက်လည်သည်အထိ အမေ အိမ်မှာပဲ ရှိနေလိမ့်မယ်တဲ့။
အခုထိ အမေဟာ သူ့ကိုသူ သေမှန်းမသိဘူးလို့လည်း ဆိုသည်။ ခုနစ်ရက်လည်တော့မှ အိမ်ကို နောက်ပြန်ဆင်းရတာတဲ့။ သိပ် သနားဖို့ကောင်းတာပဲတဲ့။ ဇီးရိုင်းခက်ကလေးနားမှာ အမေကြိုက်တဲ့ နို့မပါတဲ့ ကော်ဖီကြမ်း၊ စပျစ်သီး၊ ထမင်းဟင်း စတာတွေ နေ့စဉ် ထားရသတဲ့။ သပိတ်သွပ်တဲ့နေ့မှာ ဇီးကိုင်းခက်ကလေးနားသွားပြီး “အမေ တရားနာရအောင် ကြွပါ”လို့ ခေါ်ရသတဲ့။
လူတွေက တစ်ယောက်တစ်မျိုး ကျွန်တော့်ကို ပြောနေကြသည်။ ကျွန်တော်က ဇီးရိုင်းခက်ကလေးမှာ အမေ့ ၀ိညာဉ်ပူးကပ်ပါလာသည်ဆိုတာကိုပဲ အံ့သြနေမိလေသည်။
(၅)
“…………………
ကလေးဘ၀အရွယ်
ငယ်ငယ်တုန်းကလေ
တောရိပ်တောင်ကြား
မားမားရပ်နေ၊ တစ္ဆေတွေလား
အမေရေ….
တစ္ဆေဆို ကျွန်တော် ကြောက်လှချည့်” (ပိုင်စိုးဝေ)
ဇီးရိုင်းခက်ကလေး ပြန်ပို့သည့်နေ့က မိုးကြီးချုပ်ပြီ။ ရိုးဖြတ်တောကလေးကို ဖြတ်တော့မှ သင်္ချိုင်းဆိုတာကို သတိရတော့သည်။ သင်္ချိုင်းနှင့် မလှမ်းမကမ်းမှာ စိုက်ခင်းတွေရှိသည်။ ရေလောင်းပေါင်းသင်သူတွေ ရှိသည်။ ဒါပေမယ့်…. သင်္ချိုင်းဟု သတ်မှတ်ထားသော ကွင်းထဲမှာတော့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိနေသည်။ သွားနေတုန်းမှာပင် ကြောက်စိတ်တွေ တဖျပ်ဖျပ်ရှိနေခဲ့သော်လည်း အမေ့မြေပုံနားကို ရောက်တော့ ၀မ်းနည်းကြေကွဲသည့် ခံစားမှုသာ ရှိတော့သည်။ ဇီးရိုင်းခက်ကလေးကို အမေ့ခေါင်းရင်း မြေကြီးမှာ ထိုးစိုက်လိုက်ရင်း ထိုင်ကန်တော့လိုက်သည်။
ကျွန်တော်ပြန်လာတော့ အမေလိုက်ပို့မှန်း ကျွန်တော် သိပါသည်။ ကျွန်တော့်ဘေးက၊ ရှေ့က၊ တစ်ခတစ်ခါ နောက်နားက တစ်ခါတစ်ခါတော့လည်း ခပ်လှမ်းလှမ်း သင်္ချိုင်းဝအထိ ကျွန်တော့်ကို လိုက်ပို့မှန်း ကျွန်တော်သိပါသည်။ ကျွန်တော်ကတော့ ရိုးဖြတ်ချောင်းကို တရှဲရှဲတိုးဖြတ်ရင်း အိပ်ရာဝင် တစ္ဆေပုံပြင်တွေ စီကာစဉ်ကာ ပြောတတ်သော အမေ့အသံတွေကို အောက်မေ့နေမိလေသည်။ ဖြစ်နိုင်လျှင် အမေ့ကိုယ်ခန္ဓာတစ်ခုလုံးက ပြာစတွေကို မဟာဟိမ၀န္တာ တောင်တန်းများပေါ်သို့လည်းကောင်း၊ ဂင်္ဂါ၊ ယမုံနာ၊ အစိရ၀တီ၊ မဟီ၊ သရဘူ မြစ်ကြီးငါးသွယ်ပေါ်သို့လည်းကောင်း ကျွန်တော် ကြဲချပူဇော်ချင်ပါသည်။ ဖြစ်နိုင်သေးလျှင် အမေချစ်သော မုန်းချောင်း ရေပြင်ပေါ်သို့လည်းကောင်း၊ တောင်စွယ်နိမ့်မြင့်တွေ စီကာရီကာ ရှိတတ်သော ရွှေညိုရောင်မြက်ခင်းတွေ တလျားလျား ရှိတတ်သော ရေနံသံစင်ကြီးတွေ ထိုးထိုးထောင်ထောင် ရှိတတ်သော ဆာရီယယ်လစ်ဇင် ရေနံမြေကွင်းပြင်များပေါ်သို့လည်းကောင်း ကြဲချ ပူဇော်ချင်ပါသည်။ ဒါပေမယ့် အမေသည် သူနှင့် အတန်ငယ်စိမ်းသော မြို့ပြ၏ ဆင်ခြေဖုံး၊ “လုပ်တိုင်း” ကလေးမှာ လိုအပ်စွာ ရှိနေရတော့သည်။
မှောင်ကြီးထဲမှာ သင်္ချိုင်းသည် ငြိမ်သက်လို့။ ရိုးပြတ်တော လေတိုးသံ တရှဲရှဲမြည်လို့။ အမေ… နေရစ်ခဲ့ပါတော့။
(၆)
“စစ်စနက်မီးအကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ်.. တခြားအမေတွေရယ်
အမေတွေ အားလုံး……………”
ဘုရားသခင်သည် ကမ္ဘာလောကထဲမှာ သူ့ကိုယ်စား အမေများကို ထားရစ်ခဲ့သတဲ့။ အမေကတော့ သူပိုင်ဆိုင်သမျှ၊ သူတွယ်ငင်သမျှ အရာရာကို သိမ်းနှုတ်ထားရစ်ကာ ကမ္ဘာလောကထဲက ထွက်ခွာသွားပြီ။ အမေမရှိတော့ တစ်ခုခုလစ်ဟာနေသလို ခံစားနေရသည်။ လူမျိုးဘာသာ နေရာဒေသကွဲပြားစေကာမူ၊ အမေရသသည် ထာဝရချိုမြိန်နေလိမ့်မည်ဖြစ်၏။ အဲသည် ခံစားမှုကလေးကိုပဲ ဆရာပိုင်စိုးဝေက
“နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို” ဟု ခံစားရေးဖွဲ့သည်။
မည်သို့ပင်ဆိုစေ အမေမရှိတော့သော်လည်း ကျွန်တော် ၀မ်းမနည်းဖြစ်တော့ပါ။ ကမ္ဘာလောကထဲမှာ အမေပေါင်းများစွာ တည်ရှိနေဦးမည်သာဖြစ်သည်။ အမေမရှိတော့သော်လည်း အမေ့ကိုယ်စား အမေ့ကိုယ်ပွား အမေတွေ ရှိနေဦးမည်။
အမေတွေကပဲ သူရဲကောင်းတွေကို မွေးဖွားလိမ့်ဦးမည်။ အမေတွေကပဲ…..
“အမေရေ…
အမေရေ….
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။
ဟိုအနောက်တောင်တောတန်းက
ထန်းပင်တွေရဲ့ ထိပ်ဖျားမှာ…
နေလုံား တဖြည်းဖြည်း ညိုခဲ့ပေါ့”
စာကိုး၊ ကဗျာကိုး
(၁) ပိုင်စိုးဝေ၊ သိန်းစွန်ငှက်အပြန်လမ်း
(၂) မောင်ဒီ၊ ခရီးသည်အမေ
--------------
နေ၀င်းမြင့်
[ မျက်ရှု သုတ၊ ရသ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ မျက်ရှု မဂ္ဂဇင်း အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment