Monday, 11 February 2019

#တံလျှပ် ( ဇာတ်သိမ်းပိုင်း)

#တံလျှပ်


( ဇာတ်သိမ်းပိုင်း)


#ခင်နှင်းယု 


“ကိုယ့်အလုပ်ကို ကိုယ်လုပ်နိုင်တဲ့သူရဲ့ အစွမ်းကို အစ်ကို မြတ်နိုးပါတယ်၊

ဒီလက်ဖ၀ါးပြင် ကြမ်းကြမ်းကို အစ်ကို နမ်းနိုင် ပါတယ်” လို့ အစ်ကို တယုတယနမ်းပြတော့မှ မသန္တာ အားတက်မိတယ်၊ သြော်…ဒီလက်ဖ၀ါးကြမ်းရတာ အလုပ်လုပ်ခြင်းရဲ့ အထိမ်းအမှတ်ပါလား၊ ဂုဏ်ငယ်စရာ မဟုတ်ပါဘူးလို့ စိတ်ကိုအားတင်းမိတယ်။


…လူယဉ်ကျေးတို့ဌာနီမှာ စကားအရာ အင်္ဂါလေးတန် ညီအောင် စကားဆိုတတ်စေချင်တဲ့ဆန္ဒနဲ့ အစ်ကိုက စာသင် ကျောင်းကြီးမှာ မသန္တာကို စာပေ သင်ကြားစေတယ်။ သြော်…အဖေ တစ်ခါက မျှော်မှန်းတဲ့ဆန္ဒနဲ့ အစ်ကို့ဆန္ဒ တူညီခဲ့ ကြပါကလား။


…ဒါပေမယ့် …အစ်ကိုတို့ မြို့သူတွေရဲ့ သဘောဟာ ချောချောကြီး သိနိုင်ဖို့ မလွယ်ကူလှပါကလား…သူတို့ဟာ တကယ် လိုလားလို့ ချီးမွမ်းစကားဆိုနေတာလား၊ ရင်ထဲမှာ မနာလိုစိတ်ကို မျိုသိပ်ပြီး အပြင်က ချီးမွမ်းသယောင်နဲ့ ဟန်ဆောင်

ချီးမြှောက်နေကြတာလား။ သြော်…ဘာရယ်လို့ တိတိကျကျ သူတို့နှလုံးသားကို ပွင့်ပွင့်လင်းလင်း မဖော်ကြတဲ့ အံ့သြဖွယ် ကောင်းတဲ့ မြို့သူလေးတွေပဲ။


…ပွဲလမ်းသဘင်မှာ ဆုံကြရင်…

“ကိုယ့်သေနတ် ကိုယ်ထမ်းပြီး ကိုယ့်အစာ ကိုယ်ရှာစားခဲ့တဲ့ မသန္တာဆိုတာသူပဲ ” လို့ မိတ်ဆက်ပေးကြတယ်။

“ပြောစမ်းပါဦး၊ ယုန်ကို ဘယ်လိုထောင်ပြီး သမင်ကို ဘယ်လိုဖမ်းသလဲဟင်၊ အို…ရှင်ကိုယ်တိုင်လုပ်ခဲ့တာ အံ့သြစရာပဲ…၊ သူ့လက်တွေကို လာကြည့်ကြပါဦးဟေ့…” မိန်းမချောလေးတွေဟာ မသန္တာကို ချီးမွမ်းနေကြတာလား၊

သရော်နေ ကြတာလား မတွေးတတ်အောင်ပဲ သူတို့ နှုတ်ခမ်းတွေဟာ မဲ့ရွှဲ့တာနဲ့ ပြုံးတာကို တပြိုက်နက် လုပ်ပြနိုင်ကြတယ်။ အံ့သြစရာ အတတ်ပညာတစ်ပါးပါပဲ။


“ခြေသလုံးတွေက ကြီးလိုက်တာနော်…ဟဲ…ဟဲ…၊ ဝေဠုဝတီရဲ့ အဆက်အနွယ်ထင်ပါရဲ့”

လို့ တစ်ခါက ထမင်းစားပွဲ တစ်ခုမှာ မသန္တာကို မင်းကြီးကတော်တစ်ပါးက ပြောလိုက်တာ မသန္တာ ခုထိ ကြားယောင်နေတယ်။


…တစ်ခါကတော့ မသန္တာဟာ ဒီကတော်တွေရဲ့ ချီးမွမ်းချေကြောက် ပြောတာတွေ နားမခံသာလွန်းလို့ ပြန်ပြောမိတယ်။

“ဟုတ်ကဲ့…ကျွန်မဟာဖြင့် လင်အပေါ် အလှအပနဲ့ အခွင့်အရေးယူပြီး အခွင့်အရေးကိုသာ တောင်းဆိုတတ်တဲ့မိန်းမမျိုး မဟုတ်ပါ။

ကိုယ့်အလုပ်စွမ်းအားကို ပြပြီး ကိုယ့်တာဝန်ကိုလည်း ကျေပွန်စွာ လုပ်တတ်တဲ့ မိန်းမတစ်ယောက်ပါ” လို့ ပြောလိုက်မိတယ်။


…အဲဒီနေ့က အစ်ကိုက ဆူတယ်လေ။

“စကားမပြောဘူး၊ စကား မပြောဘူးနဲ့ ပြောမယ့်ပြောတော့လဲ မိုးကြိုးပစ်သလား အောက်မေ့ရတယ်၊ တဲ့တိုးကြီး၊ စာတွေ ဒီလောက်သင်ပြီး စကားကို ပြေပြေပြစ်ပြစ် မပြောတတ်သေးဘူးလား” တဲ့။

“မင်းဟာ တောမှာပဲ တဲတစ်လုံးနဲ့ နေဖို့ ကောင်းသတဲ့”


…မသန္တာအဲဒီတုန်းကများ မျက်ရည်ဖြိုင်ဖြိုင်ကျမိတယ်။ သြော်…သူတို့တွေနဲ့အတူ ငါ ဘယ်တော့မှ ပြေပြစ်အောင် “ရော” နိုင်ပါ့မလဲလို့ အားလည်း ငယ်မိပါရဲ့။


…ဒါပေမယ့်လေ…အစ်ကိုတစ်ယောက်လုံး ရှိနေပါသေးတယ်ဆိုတဲ့စိတ်က မသန္တာကို အားပေးနေတာပဲ။ စင်စစ်မတော့ ဆက်ဆံရေး မပြေပြစ်တဲ့အဖြစ်မှာ မသန္တာအပြစ်တွေလည်း အများကြီးပါပါတယ်လေ။


…အစ်ကို…တရားကျောင်းကို သွားတဲ့နေ့က မသန္တာ မှန်ေ၇ှ့မှာ ထိုင်ပြီး ကိုယ့်မျက်နှာကိုယ် ကြည့်မိတယ်။ မသန္တာပါးမှာ နေလောင်ထားတဲ့အကွက်တွေ မရှိတော့လို့ ပါးလေးတွေဟာလည်း တခြားမြို့သူတွေလို နှင်းဆီရောင်သမ်း

လာပါပေါ့လား၊ မသန္တာဟာ ပါးပြင်ကို လက်ချောင်းတွေနဲ့ ထိတွေ့ကြည့်တယ်။ မသန္တာလက်တွေကို မှန်ထဲမှာတွေ့ရတယ်။ အရင်လို လက်ဆစ်ကြီးတွေက ဖုထစ်မနေတော့ဘူး။ အဆစ်တွေ ပြေပြစ်လို့ သွယ်သွယ်ပြောင်းပြောင်းဖြစ်နေကြပြီ။ ပါးပြင်မှာ လာတွေ့တဲ့ မသန္တာလက်ဖ၀ါးဟာလည်း တောတွင်းသူလို အသားမာတွေနဲ့ လက်ဖ၀ါးကြမ်းကြမ်းကြီး မဟုတ်တော့ဘူး။ ပန်းပွင့်ဖတ်လို နူးညံ့နေတော့တယ်။


ဒီလိုပြောင်းလဲလာခြင်းဟာ မသန္တာဘ၀အတွက် ကောင်းဖို့လား၊ ဆိုးဖို့လား၊ ထိုင်နေရင်း စဉ်းစားမိနေသေးတယ်။ ၀မ်းလည်း သာမိပါရဲ့။ အစ်ကို့ရဲ့ ပွဲသဘင်တွေမှာလေ နောင်ခါကျရင် မသန္တာဟာ မြို့ကြီးသူတွေလို ဟန်ပိုပိုနဲ့ လက်ချောင်းလေးတွေကို ဆန့်ဖြေပြီး စကားပြောရင်ဖြင့် ပဒုမ္မာပွင့်အသွေးလို နီထွေး ပြေပြစ်တဲ့လက်ဖ၀ါးပြင်ကို သူတို့မြင်ရတော့မယ်။ အစ်ကို့နောက်က အရင်လို ခေါင်းလျှိုလိုက်ဖို့ မလိုတော့ဘူး။ ရင်ချီ လိုက်ရင်ပဲ ပန်းနုသွေးကြွတဲ့ မသန္တာမျက်နှာဟာ အစ်ကို့နောက်ပါးမှာ ပန်းတစ်ပွင့်လို ကြွကြွရွရွ လှနေမှာပေါ့။


…အစ်ကို တရားကျောင်းက ပြန်လာပြီး အစ်ကို့ဖိနပ်ကို သိမ်း၊ တရားစာအုပ်ကို နေရာတကျထားနဲ့ အစ်ကို့ကို ခရီးဦးကြိုမိတယ်။ အစ်ကို့ကို ထမင်းကျွေးပြီးမှ မသန္တာဟာ ပြောင်းလဲပြီး နူးညံ့လာတဲ့ မသန္တာလက်ဖ၀ါးလေးတွေကို

ဝမ်းပန်းတစ်သာနဲ့ အစ်ကို့ကို ပြမိတယ်။

…အဲဒီနေ့က အစ်ကို့မျက်နှာသွင်ပြင် အနေအထားဟာ အံ့တစ်ပါးပါပဲ။


“ခုလို လက်ဖ၀ါးတွေ နူးညံ့လာမှ အစ်ကိုပြောရမယ့်စကားအတွက် ရင်နာပါဘိ မသန္တာရယ်…”

…အစ်ကို့စကားလုံးတွေကို မသန္တာမမေ့ဘူး။ အလွတ်ကျက်မှတ်ထားသလို ဦးနှောက်ထဲမှာ စွဲနေတယ်…အစ်ကိုက စကားရှေ့ဆက်ဖို့ ခက်သလို တံတွေးတွေ မျိုချပြီး လည်ပင်းကြီး တဆန့်ဆန့် လုပ်နေတယ်။ ပြီးတော့မှ…

“သွားရမယ့်ခရီးဟာတစ်ယောက်သွားသာရုံလမ်းမို့လို့ လက်ဖ၀ါးနူးညံ့အောင် ကြိုးစားမယ့်အစား မသန္တာတစ်ယောက်တည်း ခရီးသွားရဲအောင် ကြိုးစားစမ်းပါ…” တဲ့။

…သြော်…ပြောရက်လေခြင်း အစ်ကိုရယ်…မသန္တာတစ်ယောက်တည်း နေရဲတဲ့သူပါ။ တစ်ယောက်သွားသာရုံလမ်းမှာ တစ်ယောက်တည်း လျှောက်ခဲ့တဲ့သူပါ။ မသန္တာအဖို့ တစ်ယောက်တည်း ဆိုတဲ့ဘ၀ဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး။


…အစ်ကို့ဆီက ပြန်လာတဲ့နေ့ တောလမ်းကိုမရောက်ခင် လယ်ကွင်းပြင်ကို ဖြတ်လာတယ်။ ရှေ့တူရူက ကြွလာတာဟာ မသန္တာကို ငယ်စဉ်က စာသင်ခဲ့တဲ့ ဆရာတော်ဘုရားပါလား…။ ဆရာတော်ဘုရား မျက်နှာကတော့ အံ့သြခြင်း၊ တွေဝေခြင်း

မရှိဘူး။


“ဒကာမလေး တစ်ယောက်တည်းလား…” တဲ့။

“မှန်လှပါဘုရား”လို့ ပြန်ဖြေတော့ မသန္တာ အသံတွေ တုန်နေတယ်။

“ဒီလမ်းကပဲ ဒကာမလေး တစ်ယောက်တည်း ပြန်လာလိမ့်မယ်လို့ ထင်သားပဲ” ဆရာတော်ဟာ အနာဂတ်ကိုလည်း မှန်းဆ နိုင်သူပါလား။

“မိုးလုံးကြီးကောဘုရာ့”

“ဒကာမလေးသွားတာ ဆယ့်ငါးနှစ်တောင်ကြာမှ မိုးလုံးတစ်ကောင် မရှိဘူး၊

သူ့သားမြေးတွေတော့ ကျန်သပေါ့၊ နေ့လည်ကျမှ ဂူတဲကို ဖိုးကျား အပို့လွှတ်လိုက်မယ်”


…ဆရာတော်ဘုရား ဆက်ကြွသွားတော့ မသန္တာဟာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က သူ့သခင်သွားရာကို လိုက်ချင်ဇောနဲ့ မျှော်ကြည့် ကျန်ရစ်ရှာတဲ့ ကျောင်းပုရိဝုဏ်အ၀က မိုးလုံးကြီးကို ပြန်သတိရနေမိတယ်။

…ဂူထဲကို ပြန်ရောက်ရပြန်ပြီ။ တံခါးကို ဖွင့်လိုက်ရင် ပိုးစားနေတဲ့ ဓနိလက်တွေက ပိုးမှုန့်တွေ၊ ဓနိဆွေးတွေဟာ တသဲသဲ မြေပြင်ပေါ် ကျလာခဲ့တယ်။


…အစ်ကို အိပ်သွားတဲ့ အိပ်ရာနေရာ ဂူဝမှာ ပင့်ကူမြှေးတွေ ယှက်လို့ပါလား။ နံရံက သေနတ်ကလည်း သံချေးတွေ တက်လို့။ မြားတံတွေနဲ့ လေးဟာလည်း ဖုန်မှုန့်တွေ လူးလို့၊ ဒါတွေကို ပြန်ကိုင်ရဦးမှာပါလား အစ်ကိုရယ်။


…မသန္တာလက်ဖ၀ါးတွေ နူးညံ့လာတဲ့ ခုဘ၀ကျကာမှ ဒီသေနတ်က ခလုတ်ကို ဘယ်လိုလုပ် ဖြုတ်ရမှာလဲ။ မသန္တာ ဒီမြားနဲ့ ရွှေသမင် အသည်းစိုက်အောင် ပစ်ရက်ဖို့ မသန္တာမှာ သတ္တိမရှိတော့ပါလား။

…မသန္တာရေကန်ရှိရာကို ပြေးသွားမိတယ်။ ကန်အလယ် ကြာနွယ်တွေက အရင်လိုပဲ မသန္တာကို ဆီးကြိုလို့ မြို့က အကြောင်းတွေ မေးတော့မယ် ထင်ပါရဲ့။


…အစ်ကိုနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ ရေကန်ရေပြင်ကို မျက်နှာငုံ့ကြည့်လိုက်တော့…

“တယ်လှတဲ့ မြို့ကြီးသူပါလား…” တဲ့။ ကန်ရေပြင်ကတော့ စကားဆိုမယောင်ပါပဲ။


…ကြာပွင့်ကြီးကို လိုချင်လိုက်တာ မပြောပါနဲ့။ အစ်ကိုသာ အနားမှာ ရှိရင်တော့ ကြာပွင့်ကြီးကို ချိုးယူပေးပါလို့ ပြောမိမှာပဲ။

“အံ့ပါရဲ့ မိန်းကလေးရယ်၊ အရင် တစ်ယောက်တည်းနေတုန်းက ဘယ်သူကများမင်းကို ပန်းချိုးပေးဖူးသလဲ၊ ကိုယ့်ဘာသာပဲ ရေကန်ထဲ ဆင်းခူးခဲ့တာပဲ မဟုတ်လား”

မသန္တာ ၀မ်းထဲစိတ်ကို သိလို့ ကြာပွင့်ကြီးကတောင် ပြောနေပြီ။ ဟုတ်ပေသားပါလား အစ်ကိုရယ်။ နှစ်ယောက်အတူ နေပြီးတော့မှ ရေထဲဆင်းရဲတဲ့သတ္တိ မသန္တာမှာ မ၇ှိတော့ဘူး။


…ဟော…ကောင်းကင်မှာ မိုးတွေ မှောင်လို့။ တိမ်သားတွေ အလိပ်လိပ်ကြားက လျှပ်ပန်းနွယ်တွေ တလက်လက်နဲ့ ပြေးလွှားနေကြပြီ။ မသန္တာဟာ တဲ၇ှိရာကို ပြေးလာမိတယ်။ မောလိုက်တာများ မပြောနဲ့တော့။ တဲကိုရောက်ရင် အစ်ကို

အိပ်ခဲ့တဲ့ ကောက်ရိုးမွေ့ရာပေါ် ပစ်လှဲမိတယ်။ မိုးတွေကလည်း ချုန်း၊ လျှပ်စီးတွေကလည်း တဲထဲမှာ ထိန်ထိန်လင်းလို့။


“မသန္တာအဖို့ မိုးထစ်ချုန်းသံဟာ မိုးနတ်သားရဲ့ တေးပါပဲ၊ လျှပ်နွယ်တွေဟာ ကောင်းကင်ရဲ့ ပန်းများပါ” တစ်ခါက အစ်ကို့ကို မသန္တာပြောခဲ့တယ်လေ…ခုတော့ ခုတော့ မသန္တာ ခေါင်းမဖော်ရဲတော့ဘူး။ ဒိုင်းကနဲ မိုးကြိုးပစ်လိုက်ရင်

ကြောက်လန့် တကြားနဲ့ ပြေးသွားပြီး မသန္တာ ခေါင်းလျှိုရမယ့် အစ်ကို့ရင်ခွင်ကို သတိရလိုက်တာ။ ကောင်းကင်ရဲ့ပန်းပါလို့ ဆိုခဲ့တဲ့ လျှပ်နွယ်တွေကို မကြည့်ရဲလို့ မျက်နှာဝှက်ထားချင်လို့ အစ်ကို့ရင်ခွင်ကို တမ်းတမိရတာအမော…။


…သတ္တိတွေ ဘယ်များရောက်ကုန်ပါလိမ့်…။ “အရင်ကလည်း ငါ့သေနတ် ငါထမ်းပြီး ကိုယ်စားဖို့အမဲ ကိုယ်ပစ်လာခဲ့တယ်၊ ကိုယ့်စပါး ကိုယ်စိုက်လာခဲ့တဲ့မိန်းမပဲ၊ ခုကော တစ်ယောက်တည်းနေရမှာ ဘာကြောက်စရာလဲ” လို့ ကိုယ့်စိတ်ကိုယ်

တင်းပါရဲ့။ ဒါပေမယ့် မရပါလား အစ်ကိုရယ်။


…တစ်ယောက်တည်း မသန္တာဘာသာ အစကတည်းက နေခဲ့တာ အကောင်းသား။ ခုတော့ နှစ်ယောက်နေပြီးတော့မှ ပင်ကိုယ်ရှိတဲ့ သတ္တိတွေတောင် လျော့ပါးကုန်ကြပြီ။

…သြော်… မိန်းမဆိုတာ တကယ်ဆိုတော့ လင်သည်နဲ့တွေ့ရင် ခိုကိုးလိုစိတ်များပြီး ရှိရင်းစွဲအစွမ်းကိုတောင် လျှော့ပစ် တတ်ကြတယ်။ အဝေးမှာ ကျားဟိန်းသံ၊ ဆင်အော်သံတွေ ဆူညံနေတော့တယ်။ ပတ်ဝန်းကျင်ကို

မျှော်ကြည့်လိုက် တော့လည်း တဲအဖော်ချင်းရယ်လို့ ဝေးဝေးက တောစပ်မှာ မီးလက်လက်နဲ့ ဦးဖိုးဘတဲပဲ မြင်ရတယ်။


…ရင်ဖိုတဲ့စိတ်၊ ကြောက်စိတ်တွေ များလွန်းလို့ ခြေထောက်ပေါ်မှာတောင် မတ်မတ်မရပ်နိုင်ပဲ ကောက်ရိုးမွေ့ရာပေါ် ခွေလဲ လို့နေမိတယ်။

“အဖြစ်နှယ် သဲလိုက်လေခြင်း မိသန္တာ” ရယ်လို့ ကိုယ့်ကိုယ်ကို ခဏခဏ ပြောမိတယ်။

…အစ်ကိုနဲ့ မသန္တာ တစ်ယောက်သွားသာရုံ ခရီးမှာ ကျောချင်းခိုင်းပြီး ထွက်ခဲ့ပေမယ့်လို့ အစ်ကို့မှာတော့ ခုချိန်ခါမှာ စိုးရိမ်ပူပန်ခြင်းလည်း ရှိမှာမဟုတ်ဘူး၊ ဘေးရန်လည်း ရှိမှာမဟုတ်ဘူး။ တုန်လှုပ်ခြင်းလည်း

ကင်းပေလိမ့်မယ်။


…မသန္တာမှာတော့ စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်းတွေနဲ့ နေစရာမရှိအောင် ဖြစ်ခဲ့ပါကလား…။

…သြော်…အစက တစ်ယောက်တည်းနေရ အကောင်းသားလို့ နောင်တတစ်ဖန် ဖြစ်ခဲ့ရပြန်တယ်။ အစ်ကို့ကို အပြစ်တင် လိုဇောနဲ့ ရန်တွေ့ချင်ပေမယ့်လည်း အစ်ကိုက လူယဉ်ကျေးတို့ဌာနေမှာ သူစိမ်းသူနဲ့ ပျော်နေခြင်းမဟုတ်လေတော့

အပြစ်တင်ရ ခက်ပါဘိ။ အစ်ကိုလည်း မသန္တာနည်းတူ တစ်ယောက်တည်းပဲ လမ်းခွဲသွားခြင်းပဲလို့ သတိအမြဲရှိပါရဲ့။


…ဒါပေမယ့် တစ်ယောက်တည်း နေရတာချင်းအတူတူ အစ်ကိုက တည်ငြိမ်တယ်၊ စိုးရိမ်ကြောက်လန့်ခြင်း ကင်းတယ်၊ ဘေးရန်မရှိဘူး၊ မသန္တာမှာတော့ ကြောက်လန့်ရ၊ စိုးရိမ်ရ၊ ထိတ်လန့်ရပါဘိခြင်း။

“အဲဒါဟာ…ဘာဖြစ်လို့လဲလို့” ထပ်ခါထပ်ခါ မေးခွန်းထုတ်မိတယ်။ စင်စစ်တော့ တစ်ယောက်သွားသာရုံ လမ်းအားဖြင့် တောကို ၀င်ခဲ့ကြပေမယ့် စိတ်အခံချင်း မတူလေတော့ အကျိုးသက်ရောက်ပုံချင်းလည်း မတူပါလား။


…မိသန္တာ အစ်ကို့လို တရားသဘောမှာ မရင့်ကျက်လေသေးတော့ တစ်ယောက်တည်းနေလည်း ဘ၀ဟာ ရှုပ်နေ သေးပါလား၊ မငြိမ်းချမ်းပါလား။


…ပထမတော့ “တစ်” ရဲ့ သဘောဟာ အထီးကျန်ခြင်းဆိုပေမယ့် ကိုယ့်ကိုယ်ကို အားကိုးခြင်း၊ သတ္တိရှိခြင်းလို့ မသန္တာ သဘောပေါက်တယ်။

…“နှစ်” ဆိုတဲ့သဘောက ခိုကိုးလိုခြင်း၊ အားပျော့ခြင်းလို့ မသန္တာ ယူဆမိပြန်တယ်။

…စင်စစ်တော့လည်း တစ်တို့၊ နှစ်တို့ ပညတ်သဘောတွေဟာ အလကားပါပဲလေ။ တောတွင်းမှာ တစ်ယောက်တည်း နေပေမယ့် ကြိုးရှုပ်အောင်နေတဲ့သူဟာ နေတာပဲ။

ကြိုးမရှုပ်အောင် နေတတ်တဲ့သူအဖို့တော့လည်း အေးချမ်းပါတယ်။


…အရုဏ်လင်းခါနီးတော့ မုန်တိုင်းလည်း ငြိမ်၊ မိုးသက်လည်း စဲ၊

အေးစိမ့်လတ်ဆတ်တဲ့ လေတွေလည်း ဂူထဲကို ညင်သာစွာ ၀င်လာကြတယ်။

…နီထွေးတဲ့ လင်းရောင်ခြည်ဟာ ဂူဝမှာ သန်းလာရင်ပဲ ဆရာတော်ဘုရားကို

တဲရှေ့မြက်ခင်းပြင်မှာ တွေ့ရတယ်။ …သူ့အပါးမှာ ချစ်ဖွယ်ကောင်းတဲ့ ခွေးကြီးဟာ မားမားရပ်လို့…။


“ဒကာမလေး…ဒီဖိုးကျားဟာ မိုးလုံးရဲ့မြေးပဲ၊ ဒကာမအတွက် အဖော်အဖြစ် ထားခဲ့တယ်…”

…ဆရာတော်ဘုရားလည်း ဖိုးကျားကို ထားခဲ့ပြီး ကျောင်းရှိရာကို ပြန်ကြွသွားတယ်။ ဖိုးကျားဟာ မိုးလုံးလိုပဲ မသန္တာရဲ့ ခြေဖမိုးကို နမ်းလို့ အမြီးတနန့်နန့်နဲ့ ၀မ်းသာအားရ နှုတ်ဆက်ပေတယ်။

…မသန္တာဟာ ဖုန်လူးနေတဲ့ နံရံက သေနတ်ကိုယူ၊ ခွေးကြီးကို နောက်က အပါခေါ်ပြီး တောဘက်ဆီကို ထွက်လာခဲ့ရပြန်ပြီ အစ်ကို။ စိတ်တွေကို ပြန်တင်းရဦးမယ်။


…လေးတွေ၊ မြားတွေလည်း ပြင်ရဦးမှာပါလား။

…နှစ်ယောက်အတူ ငြိမ်းချမ်းရာကို ရှာခဲ့ပေမယ့် အစ်ကိုက အရင်တွေ့လေတော့ ငြိမ်းချမ်းနေပြီ။

…အစ်ကို့ရဲ့ဇနီး မသန္တာ မိန်းမကြမ်းကြီးမှာတော့ ဒီခရီးလမ်းမှာ ၀မ်းတစ်ထွာအတွက်နဲ့ ခရီးဆက်ရဦးမှာပါလား…..။


-----------------


ခင်နှင်းယု

၁၉၆၄ ခုနှစ်၊ ဇန်န၀ါရီလ (ရှုမ၀-၂၀၀-ပြည့်)မှ


[ White Dreams ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


No comments:

Post a Comment