#ကဲလားလေး
( ဇာတ်သိမ်းပိုင်း)
#မောင်ကျပ်ခိုး
(၆)
ထိုနောက်ပိုင်းတွင် ကဲလားလေး၏ အပြုအမူတို့ အေးခဲ မာကျောလာသည်ကို ကျွန်ုပ်တို့ သတိထားမိသည်။ ကဲလားလေးတွင် အပြုံး အရယ် နည်းပါးလာ၏။ သို့သော်လည်း နံနက်ခင်းတိုင်း ကျွန်ုပ်ကို ပြုံး၍ နှုတ်ဆက်စမြဲပင်။
ထိုနှစ်သည် ကြွက်ပေါသောနှစ်ဖြစ်သည်ဟု မြို့ခံတို့က ဆိုစမှတ်ပြုကြ၏။ များစွာသော ကြွက်တို့သည် ၀င်းမှည့်စပြုပြီဖြစ်သည် စပါးခင်းများကို ဖျက်ဆီးကြကုန်၏။ လယ်ကြွက်တို့ ခေတ်ကောင်းသည်ကို အိမ်ကြွက်တို့ မည်သို့ မည်ပုံ သိရှိသွားသည်ကို ကျွန်ုပ် ကောင်းစွာ နားမလည်ချေ။ သို့သော်လည်း အိမ်ကြွက်တို့ တစ်စခန်းထသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ကြွက်ထောင်ချောက် ထောင်သူ ထောင်ကြ၏။ ကြွက်သတ်ဆေး ချသူ ချကြ၏။ ဖတ်ရခက်အောင် ရေးခြစ်ထားသော ကြွက်ပြေးသည်ဟူသည့် စမ အက္ခရာကို အိမ်ရှေ့တွင် ရေးသူလည်း မရှား။ စိတ်ကူးတည့်ရာ ကောင်းနိုးရာရာ ကြွက်နှိမ်နှင်းနည်းများကို ပြုကြ၏။ ကြွက်ရန်ကြောင့် ကြောင်မွေးသူ အတော်ပင် ပေါသောကြောင့် ကြောင်ဈေးကွက်ဟူသော ဈေးကွက်စီးပွားရေးသစ်ပင်လျှင် ပေါ်ထွန်းခဲ့သေး၏။
တစ်ခုသောနံနက်၌ ကျွန်ုပ်သည် ပန်းကမ္ဘာသို့ ရောက်မြဲအတိုင်း ရောက်ခဲ့လေသည်။ ထုံးစံအတိုင်းပဲ ဟေ့ ဟု မှာပြီးနောက် ဆိုပါလေ လူအများ လိုက်ပြီး ရွတ်ကြ ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဟူသည့် စိုးပိုင်၏ အဆိုအမိန့်ကို နှလုံးသွင်းနေခိုက် ကျွီ . ကျလွီ .. ကျစ် ကျစ် ဟူသည့် မြည်သံကို ကြားလိုက်ရ၏။ ဟဲ့ နောက်ဖေးမှာ ဘာတွေ ဖြစ်နေတာတုန်း ဟု ဆိုလိုက်သော် ကဲလားသည် ကြွက်ထောင်ချောက်တစ်ခုကို ကိုင်ကာ စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ဆိုင်နောက်မှ ထွက်လာလေ၏။ ခဏနေဦး ဦးကြပ်ခိုးကြီး ဒီကောင့်ကို ကျွန်တော်ရှင်းမလို့ဗျ။ မှတ်လောက် သားလောက်အောင် လုပ်ပစ်ရမယ် ဟု ဆို၏။ သူ့လက်ထဲတွင် မွဲစုတ်စုတ် ကြွက်တစ်ကောင်။ ထောင်ချောက်ဒဏ်ကြောင့် ခါးရိုးကျိုးနေလေပြီ။ မသေမရှင်ဖြစ်ကာ လူးလွန့်နေ၏။ ကဲလားသည် ထိုသည်ကို မြင်လျှင် သဘောကျစွာ ပြုံးလိုက်လေ၏။ ထို့နောက် ထောင်ချောက်အတွင်းမှ ကြွက်ကို ဆတ်ခနဲ ဖြုတ်ယူပြီး ကိုင်ပေါက်လိုက်လေ၏။ ဟေ့ကောင်လေး မလုပ်နဲ့ ငရဲငအုံတွေ ကြီးကုန်ပါ့မယ် ဟူသော ကျွန်ုပ်၏ ဟန့်တားသံ အဆုံး၌ ကဲလားလေးသည် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည့် ကြွက်၏ ခြေနှစ်ချောင်းကို စုံကိုင်ကာ ဆွဲဖြဲလိုက်လေ၏။ ဟာ ဦးကြပ်ခိုးကလည်း ငရဲကြီးလည်း ကြီးဗျာ။ ဒီကောင့်ကို ကျွန်တော် သတ်မှ ဖြစ်မယ် ဟု ဆိုရင်း နှစ်ခြိုက်စွာ ပြုံးလိုက်လေသတည်း။
(၇)
ပန်းကမ္ဘာသို့ ကဲလားလေး ရောက်ပြီးသည့် နောက်ပိုင်းတွင် ဦးလေးကိုစိန်တို့ စီးပွားရေး အခြေအနေ တိုးတက်လာ၏။ ဆိုင်ထရံများကိုပင် အသစ်လဲလှယ်လိုက်သည်။။ တိုးချဲ့လိုက်သော ဆိုင်နှင့် လိုက်ဖက်ညီစေရန် ၀မ်းတမ်းတီဗွီတစ်လုံးနှင့် တစ်ပတ်ရစ် ဗွီစီဒီစက်တစ်လုံးကို ၀ယ်ယူဖြည့်တင်းလိုက်လေ၏။ နေကြာပန်းကက်ဆက်ကြီးကိုမူ ဘီဘီစီ နားထောင်ရန် အတွက်သာ သုံးတော့သည်။ ထို့ကြောင့် စိုးပိုင်လည်း နံနက်ချိန်ခါ တေးသံသာ အစီအစဉ်မှ ထာဝရ အနားရ သွားလေ၏။ စိုးပိုင်နေရာတွင် ဦးလေးကိုစိန့်အကြိုက် ပိုးအိစံ ရောက်လာ၏။ ထို့ပြင် စားသုံးသူတို့၏ ပြောင်းလဲလာသည့် လိုအင်ဆန်္ဒများကို ဖြည့်ဆည်းပေးမည့် အကြော်ဆရာတစ်ဦးလည်း ရောက်လာလေ၏။ အကြော်ဆရာကား မြို့ကြီးပြကြီးများရှိ လက်ဘက်ရည်ဆိုင်တို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ခြင်းကြောင့် အတော်ပင် လူရည်လည်သည်။ စကားပြော လည်ပတ်၏။ ဂျပိုးကို လိပ်ဖြစ်အောင်၊ ထွန်တုံးကို ဘီးစိပ်ဖြစ်အောင် ပြောနိုင်သူပင် ဖြစ်သည်။
အကြော်ဆရာ ရောက်လာပြီးနောက် ကဲလာလေး၏ နေ့စဉ် ၀တ္တရားတို့တွင် ဂျုံနှဲခြင်း၊ ဆီအိုး မီးထိုးခြင်းဟူသော အချက်များ တိုးလာ၏။ ကဲလားလေး၏ ဖင်ပေါ့ခြင်းတည်းဟူသော အရည်အချင်းထူးကို အကြောင်းပြုပြီးသကာလ အကြော်ဆရာသည် ကဲလားလေးကို လက်ထောက်အကြော်ဆရာအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်လေ၏။ ကဲလားလေးလည်း ပညာရ၊ ကျွန်တော်လည်း လှည့်သာပဲ့သာရှိသွားတာပေါ့ဗျာ ဟူသော အကြော်ဆရာ၏ လေသံကို ကြားရသည့်အခါ ကျွန်ုပ်သည် ဦးလေးကိုစိန်ဆိုခဲ့ဖူးသော ပညာရတာပေါ့ ဟူသည့် စကားကို သတိရမိသည်။ ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့၏ သွန်သင်ညွှန်ပြမှုတို့ကြောင့် ကဲလားလေးတွင် ပညာရပ်များ တိုးပွားခဲ့သည်ဖြစ်လေရကား ကဲလားလေးသည် ပညာတုံးပညာခဲ အစစ်ကြီးအဖြစ်သို့ နေ့ချင်းညချင်း ကူးပြောင်းသွားလေ၏ ဆိုသော် မှားမည် မထင်။
အကြော်ဆရာသည် ရှစ်စပ်ကျ ဂျင်ဂျင်လည်သူတစ်ဦးဖြစ်သောကြောင့် ကဲလားလေးကို အသက်မွေးမှုပညာများကို သင်ကြားပို့ချပေးယုံမျှနှင့် တင်းတိမ်ရောင့်ရဲဟန် မတူသေး။ ယင်း၏ သာဝက ကဲလားလေးကို ကာလသားတို့ သိမြင်အပ်သည့် အဌာရသများကိုလည်း သင်ကြားပို့ချလိုသေးသည်။ ထို့ကြောင့် အကြော်ဆရာသည် ကာလသားကြိုက်ဇာတ်ကားများကို ကြိုးစားပန်းစား ရှာဖွေပြီးလျှင် ကဲလားလေးကို ညနက်ပိုင်း လူခြေတိတ်ချိန်တို့တွင် ကြည့်ရှုလေ့လာစေ၏။ အကြော်ဆရာ၏ ည၀ါပို့ချမှုများကို မည်သူမျှ မရိပ်စားမိခဲ့ကြချေ။ သို့သော်လည်း မှုခင်းဇာတ်ထုပ်တို့၏ အဆုံးသတ် ရာဇ၀တ်ဘေးမှ ပြေးမလွတ်နိုင် ဟူသော စကားအတိုင်း ဖြစ်ခဲ့လေသည်။
တစ်ညသ၌ အကြော်ဆရာသည် ယင်း၏ သင်ထောက်ကူပစ္စည်း လေဆာဓာတ်ပြားကို ဗွီစီဒီစက်မှ ပြန်လည်ထုတ်ယူရန် မေ့လျော့သွားခဲ့၏။ နံနက်ခင်း ရောင်နီဦးတွင် ပိုးအိစံဓာတ်ပြား ဖွင့်ကာ မင်္ဂလာယူလေ့ရှိသော ဦးလေးကိုစိန်သည် ထုံးစံအတိုင်း ဗွီစီဒီစက်ကို ခလုပ်နှိပ် လိုက်သော် မျက်နှာဖြူစုံတွဲ မဖွယ်မရာပြုနေသည်နှင့် ကြုံရလေ၏။ ထိုအခိုက်တွင် ပဲပြုတ်သည်လည်း ပန်းကမာသို့ ပဲပြုတ်ပို့ရန် အချိန်မီ ပေါက်ချလာလေ၏။ ဦးလေးကိုစိန်၊ ပဲပြုတ်သည်အဒေါ်ကြီးနှင့် မျက်နှာဖြူစုံတွဲတို့ ပက်ပင်းတိုး လေ၏။ ထိုနေ့နံနက် ဆွမ်းခံထွက်ချိန် မတိုင်မီတွင် ဦးလေးကိုစိန်တစ်ယောက်ရယ် ကျက်သရေမရှိတဲ့ဟာတွေကို မနက်စောစောစီစီး ထကြည့်နေတယ်တော့ ဟူသော ပဲပြုတ်သည်၏ မောင်းခတ်သံသည် လွန်စွာ မကျယ်ပြန့်သော မြို့ကလေးကို ဖုံးလွှမ်းချောက်ချားလေသတည်း။
ထိုသတင်းကြောင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ မကြီးမငယ်နဲ့ ရွပိုးထိုးတယ် ဟူသော အသံများကို ကြွက်စီကြွက်စီ ကြားရ၏။ ထိုအသံများကို ကြားရသော် ဦးလေးကိုစိန့်ကတော်၏ ဒေါသသည် ဒီရေလှိုင်းလုံးကြီးများသဖွယ် တရိပ်ရိပ် တလိပ်လိပ် တက်လာပြီးလျှင် ငယ်ထိပ်သို့ ဆောင့်၏။ ငယ်ထိပ်ထက်မှ လျှံကျလာသော ဒေါသလှိုင်းတံပိုးကြီးသည် လက်ဖ၀ါးပြင်ထက်သို့ စီးကျသွားလေ၏။ ထို့နောက် ကိုစိန့်ကတော် ထဘီစွန်တောင်ဆွဲပြီး ဦးလေးကိုစိန်ရှိရာ အရပ်သို့ ဒုန်းစိုင်း ရောက်လာခြင်း၏ အဆုံး၌ သူ့လက်ဖ၀ါးထက်မှ ဆူဝေနေသည့် ဒေါသတို့သည် ဦးလေးကိုစိန်၏ ပါးပြင်ထက်သို့ ပြင်းစွာ သက်ဆင်းလေသတည်း။
ဦးလေးကိုစိန်ကလည်း သူ မဟုတ်ရပါကြောင်း ငြင်းသေးသည်။ သို့သော်လည်း လက်ပူးလက်ကြပ်မိသည်ကို ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် အံတကြိတ်ကြိတ် တောက်တခေါက်ခေါက်လုပ်ကာ ပါးပြင်ကို ပွတ်သပ်ယုယပြီး နေရတော့သည်။ အခဲမကျေသည့် ဦးလေးကိုစိန်က အကြော်ဆရာကို ကြိမ်းမောင်း၏။ အကြော်ဆရာက ကဲလားလေးကို လွှဲချသည်။ ကဲလားလေးက ထိုဇာတ်ထုပ်ကို ကြည့်ချင်သည်ဟု ပူဆာသောကြောင့် ပြသရခြင်းဖြစ်သည်ဟု ဆို၏။ ထို့နောက် ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့ မဟာမိတ်ဖွဲ့ကာ ကဲလားလေးကို ကြိမ်းမောင်းကြပြန်သည်။
(၈)
သို့နှင်ပင် တလင်းသိမ်းချိန် ရေရှားချိန်တို့ ကုန်လွန်ခဲ့ပြီး စိန်ပန်းပွင့်ချိန် ဗွက်ထချိန်သို့ ပြန်လည်ရောက်ရှိခဲ့လေသည်။ ထိုမြို့ကလေးမှ လွတ်မည့် ကျွတ်မည့် ဇာတာ ကျွန်ုပ်အတွက် မပေါ်သေး။ ထို့ကြောင့် ရဲရဲနီသော စိန်ပန်းတို့ကိုကြည့်ကာ အနီရောင်လောကကို အပြစ်ဖို့ရလေသည်။ စိန်ပန်းပွင့်ချိန်တွင် ကဲလားလေး၏ အမူအရာတို့ တစ်မျိုးပြောင်းလဲလာသည်။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တို့တွင် ကဲလားလေး၏ လေချွန်သံကို ကြားရ၏။ စုတ်ထိုးသံကို ကြားရ၏။
တစ်ခုသော ညနေခင်း ကျောင်းဆင်းချိန်၌ ဒေါသကြီးဟန်တူသော အမျိုးသမီးကြီးတစ်ဦးသည် ပန်းကမာ လက်ဘက်ရည်ဆိုင်ရှေ့တွင် ခါးထောက်ရပ်ပြီး သယ် ပြော မပြောလိုက်ချင်ဘူး .. လူကြည့်တော့ လက်တစ်ဆစ်လောက်ပဲ ရှိသေးတယ်။ သောက်ကျင့်က အရွယ်နဲ့ မလိုက်ဘူး။ ရာရာစစ … ရုပ်ကိုကတည်းက မွဲတိမွဲခြောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုမျိုး အကောင်က ငါ့ သမီးကို လက်လိုက်ဆွဲရတယ်လို့ လာလာချည်သေး .. မအေပေး .. ခွေးမျိုး .. ၀က်မျိုး .. ကလေက၀မျိုး .. ဟဲ့ အုတ်ကြားမြက်ပေါက်မျိုးရဲ့ စသော ဆဲရေးနည်းများကို တခမ်းတနား ရေရွတ်ပြီး ဘီလူးဆိုင်းတီးနေသည်ကို ကြားခါမှ ကဲလားလေး အူမြူးရသည့် အကြောင်းရင်းကို ကျွန်ုပ် သိလိုက်ရလေ၏။
ထိုအမျိုးသမီးကြီးအား အဆဲအရာတွင် ဧတဒဂ်ဘွဲ့ ချီးမြှင့်ခြင်းငှာ ထိုက်တန်သည်ဟု ကျွန်ုပ်ယူဆသည်။ အတော်ပင် အဆဲသန်သည့် အာဂ အမျိုးသမီးကြီးပါပေ။ ကဲလားလေးကား မျက်နှာမကောင်းလှ။ သူ့အပြစ်နှင့်သူဖြစ်ခြင်းကြောင့် ချောင်ကပ်ပြီး မှိုင်နေလေ၏။ ခွေးနှစ်ကောင်ကိုက်သည်ကိုပင် ၀ိုင်းအုံကြည့်ရှုလေ့ရှိသည့် တောမြို့ဓလေ့အတိုင်း ထိုဆဲပွဲကြီးကို တစေ့တစောင်း လာရောက် ကြည့်ရှုသူ ချီးမြှင့်သူ အတော်ပင် များ၏။ အဆဲဘုရင် ဧကရီရှင်မကြီးကား မိုးစုပ်စုပ်ချုပ်ခါမှ အိမ်ပြန်သွားလေသည်။ ထိုအရေးတော်ပုံ ပေါ်ပေါက်ရခြင်းတွင် အကြော်ဆရာ၏ ပယောဂ မကင်းကြောင်း ကျွန်ုပ် အတပ်သိသည်။ ဂေါဏေန ဂေါဏော၊ သာမဏေန သာမဏောပင် မဟုတ်လော။
(၉)
နောက်တစ်နေ့နံနက်ခင်း ပန်းကမ္ဘာသို့ ကျွန်ုပ်ရောက်သော် တွေ့မြင်နေကျ ကဲလားလေး၏ အပြုံးချိုချိုနုနုကလေးအစား အကြော်ဆရာ၏ စိုးရိမ်ကြောင့်ကြမှုများ ဖုံးလွှမ်းနေသည့် အဆီပြန်မျက်နှာကိုသာ တွေ့ရ၏။ ကိုကြပ်ခိုးကြီးရေ ကဲလားလေးတော့ ညနက်ပိုင်းကတည်းကတည်းက ပျောက်နေတာ အခုထက်ထိပေါ်မတွေ့သေးဘူး။ သူ့မအေအိမ်ကို သွားပြီးတော့ မေးကြည့်ပြီးပြီ။ ရောက်မလာဘူးတဲ့ဗျ။ ဒီကောင်လေး ဘယ်လျှောက်သွားနေသလဲ မသိတော့ဘူးဗျာ။ အခုချိန်ထိကို ပေါ်မလာသေးဘူး။ ဦးလေးကိုစိန့်ကို ပြောမှ ဖြစ်တော့မယ် ဟူသည့် အကြော်ဆရာ၏ ဆိုမြည်သံကို ကြားရ၏။
နံနက်ခင်း ရှစ်နာရီထိုးသော်လည်း ကဲလားလေး ပေါ်မလာသေး။ ပျောက်ခြင်းမလှ ပျောက်နေ၏။ ကိုးနာရီ ဆယ်နာရီခန့်ရှိသော် ကျွန်ုပ်တို့ လူသိုက်လည်း ဦးလေးကိုစိန့်နောက် ရောယောင်လိုက်၍ ကဲလားလေးကို ရှာဖွေရလေသည်။ တောခေါင်းကိုဝင်းအောင်က ကဲလားလေးတစ်ယောက်တော့ အဆဲခံရတာနဲ့ ရှက်ပြီးတော့ ချောင်းထဲဆင်းပြီး သေးသလား မသိဘူး ဟု စိုးရိမ်မကင်း ဆိုလေ၏။ သူ ထိုသို့ ဆိုလျှင် ကျွန်ုပ်တို့လည်း ချောင်းစပ်သို့ဆင်း၍ ကဲလားလေး၏ အမည်ကို တကြော်ကြော် ဟစ်ခေါ်ကာ ရှာရပြန်သည်။ ကြွက်သတ်ဆေးသောက်ပြီးတော့ သေသလား မသိဘူးဟု ကိုဝင်းက ဆိုပြန်သော် ရေတွင်းရေကန်တို့အနားတွင် ရှာရပြန်၏။ ကိုဝင်းအောင်ကား ပါးစပ် အငြိမ်မနေ ဖြစ်တန်သည်များကို တစ်ခုပြီး တစ်ခု တရစပ် ဆို၏။ သူပြောလေတိုင်း ကျွန်ုပ်တို့လူသိုက်လည်း ဟုတ်လိမ့်နိုး ဟုတ်လိမ့်နိုးဖြင့် ရှာပုံတော်ဖွင့်ရသည်မှာ မွန်းတည့်ခဲ့လေ၏။ မွန်းတိမ်းသော်လည်း ကဲလားလေးကို ရှာမတွေ့သေး။ သို့ဖြင့်ပင် အသားမဲမဲ သွားခေါခေါ သူငယ်ကလေးတစ်ယောက်သည် တောမြို့ကလေးမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး ကဲလားလေး ဟူသော အမည်မှာလည်း စုန်းစုန်းမြုပ်သွားလေ၏။
(၁၀)
ကဲလားလေး ပျောက်ဆုံးပြီးနောက် လအနည်းငယ်ကြာသော် ကျွန်ုပ်သည် စပ်ဆုပ် ရွံရှာဖွယ်ကောင်းသည့် အလုပ်ဌာနကို စွန့်ခွာ၍ မိဘရပ်ထံသို့ ပြန်ကာ လယ်ယာချောင်းမြောင်း လုပ်ကိုင် စားသောက်ခဲ့လေသည်။ တင်းကုတ် ထရံရှိ ကဲလားများဆီသို့ မိုးစက်မိုးပေါက်တို့ ကျရောက်သည့်အခါ၊ ကဲလားတို့ကို ထောက်ကန်ထားသည့် ၀ါးလုံးများကို ဖြုတ်သိမ်းရသည့် အခါမျိုး၌ မည်သည့်ဘုံဘ၀သို့ ရောက်သွားမှန်း မသိရသည့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ကဲလားလေးဟူသော သူငယ်ကလေးကို အထူးပင် လွမ်းဆွတ်မိသည်။ မိတ်ဟောင်းဆွေဟောင်းတို့ကိုလည်း တသမိသည်။ ထိုမျှသာမက နေခဲ့ဖူးသည့် တောမြို့ကလေးကိုလည်း ရော်ရမ်းမိလေသည်။ နွေမိုးဆောင်းရာသီစက်ဝိုင်း တစ်ကျော့ နှစ်ကျော့ ပြောင်းလဲပြီးနောက်တွင် ကျွန်ုပ်သည် စာရေးကလေး မောင်ကြပ်ခိုးအဖြစ်မှ လယ်သမားကြီး ဦးကြပ်ခိုးအဖြစ်သို့ ရောက်ခဲ့လေ၏။
တစ်ခုသော ဆောင်းနှောင်းနွေဦး စပါးသိမ်းပြီးစအချိန်တွင် ကျွန်ုပ်သည် မိဘများကို လက်တွန်းထွန်စက်ဝယ်မည်ဟု လိမ်ညာအကြောင်းပြ၍ ပိုက်ဆံတောင်းပြီးလျှင် ရန်ကုန်မြို့သို့ အလည်အပတ် လှမ်းခဲ့လေ၏။
ရန်ကုန်မြို့သို့ ရောက်လျှင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်ရသည်မှာ မဟာရန်ကုန် ရွှေမြို့တော်ရောက် ကျေးတောသား တစ်ယောက်၏ ပြုရိုး ထုံးစံတည့်။ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်မာန်လျှော့ ကန်တော့ပြီးနောက် ဓါတ်လှေကားစီးရသည်မှာ အလွန်ပင် အရသာ ရှိလှပါပေ၏။ မိခင်ကြီး မှာကြားလိုက်သည့် ဆွမ်းတော်လင်ပန်း၊ သောက်တော်ရေခွက်၊ ပိတောက်သား စိပ်ပုတီး၊ ကြေးစည်၊ ရှင်သီဝလိဆင်းတုတော် အစရှိသည့် ပရိဘောဂများကို ဘုရားစောင်းတန်းမှ ၀ယ်ယူပြီးနောက်တွင် ကျွန်ုပ်သည် အထုပ်အပိုးများဖြင့် ကိုးယို့ကားရား ဖြစ်သွားလေ၏။
(၁၁)
ထိုအခိုက် ဟာ ဦးကြပ်ခိုးကြီး ပစ္စည်းတွေ မနိုင်မနင်းနဲ့ ကျွန်တော် ဘာကူသယ်ပေးရမလဲ ဟူသည့် အသံကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံကို ကျတ်မိသလိုလိုပင်။ ထို့ကြောင့် အသံကြားရာ အရပ်သို့ မျက်နှာမူလိုက်သော် လူငယ်ကလေးတစ်ဦးကို တွေ့၏။ ရပါတယ် မောင်ရဲ့ ဒါနဲ့ မင်းက ဘယ်သူတုန်းဟု ကျွန်ုပ် မေးလိုက်သော် လူငယ်ကလေးက ဟာ ဦးကြပ်ခိုးကြီးကလည်းဗျာ သေသေချာချာကြည့်ပါဦး ဟု ဆိုရင်း ပြုံးလိုက်လေ၏။
နံနက်ခင်း နေရောင်ခြည်သည် ထိုလူငယ်ကလေး၏ မျက်နှာထက်ဆီသို့ စူးရှစွာ ကျရောက်နေလေ၏။ တောက်ပသော နေရောင်ခြည်သည် အကြင်လူငယ်၏ အာခံတွင်းမှ သွားများဆီသို့ ကျရောက်လေသော် နေရောင်ကာ ရှေ့သွားနှစ်ချောင်းသည် နေမင်းကို အံတုရန်အလို့ငှာ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သည့် ပဘဿရရောင်ခြည်ကို တခဲနက် လွှတ်၏။ ကဲလားလေးဟု ကျွန်ုပ် ပလုပ်ပြည့် ပလောင်းပြည့် ရေရွတ်မိသည်။ နေခင်းကြောင်တောင် ကဲလားလေး တစ္ဆေခြောက်ခြင်း ပင်လော။ သို့သော်လည်း လူငယ်ကလေးက ဟုတ်တယ် ဦးကြပ်ခိုး ကျွန်တော် ကဲလားလေးလေဗျာ ဟု ဆိုလိုက်လေ၏။ ကဲလားလေး မသေသေး။
ကဲလားလေး အပြောအတိုင်း အတိတ်ကိုလှန်သော် သူသည် ဆဲသံလွှမ်းသော အသည်းကွဲ ညနေချမ်း၏ နှိပ်စက်မှုကြောင့် ဦးလေးကိုစိန်နှင့် ပန်းကမ္ဘာလက်ဘက်ရည်ဆိုင်ကို ညတွင်းချင်း စွန့်ခွာခဲ့ပြီး သူ့ဖခင်၏ သူငယ်ချင်းတစ်ဦး မောင်းနှင်သည့် ကုန်ကားတွင် စပယ်ရာလုပ်ကာ တောမြို့ကလေးနှင့် ဝေးရာ ရှမ်းပြည်သို့ ပြေးထွက်ခဲ့လေ၏။ ရှမ်းပြည်တွင် ကြာကြာမနေနိုင်။ ထို့ကြောင့် ကုန်ကားတစ်စီးမှ နောက်တစ်စီး ကူးပြောင်းစီးပြီး နောက်ဆုံးတွင် တောမြို့ကလေးသို့ ပြန်ရောက်ခဲ့ရပြန်သည်။
သူ ထွက်ခွာခဲ့သည့် သုံးလေးနှစ်တာ ကာလအတွင်း တောမြို့ကလေး၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တောမြို့ကလေး၏ စီးပွားရေးအခြေအနေ မကောင်းသောကြောင့် ဦးလေးကိုစိန်၏ လက်ဘက်ရည်ဆိုင်လည်း ပိတ်လိုက်ရလေပြီ။ ကဲလားလေး၏ တစ်ခုလပ် အရွယ်ကောင်း မိခင်သည် တစ်ပင်လဲပြီးနောက် တစ်ပင်ပြီးတစ်ပင်ထူရာမှ မအေတူဖအေကွဲ ညီငယ်ညီမငယ်များ တစ်ယောက်ပြီး တစ်ယောက် ရခဲ့သည်။ မည်သည့် လင်နှင့်မှ ကြာရှည် ပေါင်းရကိန်း ရှိဟန် မတူသော မိခင်နှင့် ညီငယ်ညီမငယ်များကို လုပ်ကျွေး ပြုစုရန်တည်းဟူသော ဧရာမတာဝန်ကြီးသည် ကဲလားလေး၏ အသားမာတက်နေသည့် ပုခုံးသားပျိုထက်ဆီသို့ အသံမပြုဘဲ ခုန်ချလာလေ၏။
အတိုချုဉ်း၍ဆိုရသော် ကဲလားလေးသည် တောမြို့ကလေးတွင် လုပ်ကိုင် စားသောက်ရသည်မှာ အဆင်မပြေလွန်းသောကြောင့် ရန်ကုန်သို့တက်၍ ရရာအလုပ်ရှာရသည်။ ယခုအခါတွင် ဘီယာဆိုင်၌ စားပွဲထိုးလုပ်နေသည် ဟူ၏။ ကဲလားလေးကား သူ၏ သက်တမ်းတလျှောက်လုံးတွင် လောကဓံရှစ်ပါးအနက်မှ လေးပါးသော လောကဓံဆိုးများနှင့်သာ ကြုံရသူ ဖြစ်သော်လည်း သူ၏ အားမာန်ကို မလျှော့။ စိတ်ဓာတ်ကို မချ။ ဦးကြပ်ခိုးကြီးရယ် အခုလောလောဆယ်တော့ ပညာသင်အဖြစ်နဲ့ လုပ်နေရတာပေါ့ဗျာ။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပေါ့ဗျာ ဟူ၍ဆိုပြီးနောက် ကျွန်ုပ်ကို နှုတ်ဆက်ပြုံးပြပြီး အလုပ်ခွင်ရှိရာသို့ ထွက်ခွာသွားလေ၏။
(၁၂)
ကဲလားလေး၏ ပညာသင်ယူခြင်း မည်သည့်အခါတွင်မှ ပြီးဆုံးမည်ကို ကျွန်ုပ် မတွေးတတ်ပါ။ မည်သို့ပင် ဆိုစေကာမူ ကဲလားလေးသည်ကား ပညာရှင်များ တညီတညွတ်တည်း ဆိုမြွက်ကြကုန်သော ပြောင်းလဲလာသည့် ဂလိုဘယ်လိုက်ဇေးရှင်း ယဉ်ကျေးမှု၏ လိုအပ်ချက်အရ ပေါ်ထွက်လာသည့် စဉ်ဆက်မပြတ် ပညာသင်ယူမှု (Continuous Learning) ၊ ဘ၀တစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ဆိုသည်တို့ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်သူတစ်ဦးပင် ဖြစ်ချေသတည်း။
---------------
မောင်ကျပ်ခိုး
[ မျက်ရှု သုတ၊ ရသ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။မျက်ရှုအား ကျေးဇူးတင်ပါသည်။
No comments:
Post a Comment