#ဖန်တီးခြင်း၏ အနုပညာ
( ဇာတ်သိမ်းပိုင်း)
#ဂျူး
(၆) စိတ်ကူးအသစ်တစ်ခုရလာဖို့ ပုံမှန်အတွေးတွေကိုပဲ မေးခွန်းထုတ်ပြီး ဆန်းစစ် အဖြေရှာနိုင်သေးသည် ဆိုတာ သားကိုပြောပြရမည်။ အဲသည်မေးခွန်း ခုနစ်ခုကို အင်္ဂလိပ်ဝေါဟာရ SCAMPER အဖြစ် အစ စာလုံးများကို စုပေါင်းထားသည်။
တစ်ခါတုန်းက မေမေရယ်၊ သားရယ်၊ သား၏မမရယ် သစ်သားအတိပြီးသော တံတားကြီးတစ်ခု တည်ရှိရာ အင်းရေပြင်အကျယ်ကြီးသို့ ပျော်ပွဲစားထွက်ခဲ့ကြသည်ကို သားမှတ်မိပါလိမ့်မည်။ အဲသည်တုန်းက ဝါဆို ဝါခေါင် ရေကြီးချိန်ဖြစ်သဖြင့် အင်းရေပြင်မှာ ရေလျှံတက်နေသည်။ အဲသည်မှာ တံတားပေါ်၌ ငါးမျှားနေကြသောလူတွေကို မေမေတို့ ခဏခဏ ဖြတ်ကျော်ခဲ့ကြသည်။ ထို့နောက် သားက မေမေအား ပူဆာပါတော့သည်။
“သားသားလည်း ငါးမျှားချင်တယ်” တဲ့
သား၏ငါးမျှားချင်စိတ်မှာ ငါးမျှားသည့်မြင်ကွင်းမှ ကျော်လွန်သည့်အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မည်ဟု မေမေ ထင်ခဲ့မိ၏။ သို့သော် သားကလေးက အစွဲအလန်းကြီးလှသည်။ မေမေ စိတ်ညစ်ခဲ့ရပါသည်။
သားဘယ်လိုလုပ်ပြီး၊ ငါးမျှားလို့ဖြစ်ပါ့မတုန်း၊ သား အသက်က၃နှစ်ပဲရှိသေးသည်၊ နောက်ပြီး သားကို သူတစ်ပါး၏အသက် သေစေသောသူအဖြစ် မေမေမမြင်ချင်။ သားမမျှားတတ်လို့ ငါးမိသွားမှာ မပူပင်ရဘူးပဲထား၊ ငါးရှိနိုင်မည့် ရေ ပတ်ဝန်းကျင်မှာ သားကလေး ဘယ်လိုနည်းနှင့်မျှ ကြာကြာထိုင်လို့မဖြစ်။ မေမေက အဲသည်အတွေးဖြင့် သားအား တစ်လမ်းလုံး ဖျောင်းဖျ ချော့မော့ခဲ့ရသည်။
သည်နေရာမှာ မေမေက လူကြီးဖြစ်နေသည့်အတွက် အစဉ်အလာအတွေးတွေကိုသာ မေမေ တွေးတောခဲ့မိသည်ကိုး။ သား၏ ငါးမျှားလိုခြင်းပြဿနာမှာ မေမေဦးတည်ပြီးတွေးသည်က ငါးအကောင်၊ ရေ၊ ငါးမျှားတံ၊ ငါးမျှားချိတ်၊ တီကောင် သို့မဟုတ် ငါးစာ၊ သူတစ်ပါး၏ အသက်၊ သူတစ်ပါး၏နာကျင်မှု စသည်စသည်ဖြင့် အစဉ်အလာအတွေးတွေပဲဖြစ်သည်။ ပြဿနာ၏ မြင်သာသောပုံသဏ္ဌာန်ကို ရှုမြင်သည့် အတွေး ဆိုပါတော့ သားရယ်။
သို့ပေမဲ့ သား မမကတော့ ကလေးဖြစ်သည်။ သား မမက ငါးမျှားခြင်း၏ ပုံသဏ္ဌာန်ကိုမတွေးဘဲ နောက်ခံတည်ရှိမှုကို တွေးခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ သားမမ ဘာလုပ်သည် ထင်သလဲ။ သူ့မောင်လေးအတွက် ငါးရုပ်လေးတွေ ရေးဆွဲတော့သည် သား။ စက္ကူဖြူပေါ်မှာ သူတတ်သရွေ့မှတ်သရွေ့ဖြင့် ငါးရုပ်ကလေးတွေရေးကာ ရောင်စုံခဲတံဖြင့် ဆေးခြယ်လိုက်သည့်အခါ သားအတွက် ရောင်စုံငါးတွေ ရတော့သည်။ ထိုငါးကလေးများကို ကတ်ကျေးတစ်လက်ဖြင့် အနားတွင်လိုက်ကိုက်လိုက်သည့်အခါ သားဖမ်းလို့ရမည့် ငါးတွေအဖြစ် ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့ပေါ့။
“ဒီငါးတွေကို မောင်လေးက ငါးမျှားတံတုတ်ချောင်းနဲ့ ဖမ်းပေါ့နော်၊ မမ အပ်ချည်ကြိုးနဲ့ ချည်ပေးမယ်”
သမီး၏အတွေးကို မေမေသိရတော့မှ မေမေ့ခေါင်းထဲမှာ လက်ခနဲ အတွေးပေါ်လာခဲ့သည်။
ဟုတ်သားပဲ။ သားအတွက် အဓိကအရေးကြီးတာက ငါးစစ်စစ်မဟုတ်၊ ရေပြင်မဟုတ်၊ ငါးမျှားတံစစ်မဟုတ်။ သားလိုချင်သောအရာကလေးကို သားလက်ထဲသို့ ပါလာအောင် အမိအရ ဖမ်းယူပြီး စိတ်ကျေနပ်ရမည့် နည်းလမ်းတစ်ခုသာ လိုအပ်သည်။
အဲသည်တော့မှပဲ ကမန်းကတန်း ရှာကြံတွေးဆရသည်။ ငါးကလေးတွေကို တုတ်၏ကြိုးရှည်မှာ ချိတ်ပါလာအောင် ဘယ်လို လုပ်ရပါ့မလဲ။
နောက်ဆုံးမှာ မေမေတို့ စာလည်းသင်ခဲ့ရသော၊ စာ မသင်ခင်ကလည်း ခဏခဏစမ်းသပ် ဆော့ကစားခဲ့ဖူးသော သံလိုက်နှင့် သံ၏ ဆွဲဆောင်မှုကို သတိရသွားသည်။ ထို့နောက် သားကလေးက ဘေးမှာ ထိုင်ကြည့်နေစဉ် မေမေနှင့်သားမမက သားအတွက် ငါးရုပ်ကလေးတွေ၏ ဦးခေါင်းနေရာမှာ သံကွင်းသေးသေးလေးတွေ ဖောက်စွပ်ကြသည်။ မေမေ့မှာ ကွင်းကျယ်သီးတပ်ပြီးဝတ်ဖို့ ဝယ်ထားသော သံကွင်းလေးတွေ ပုလင်းနှင့်အပြည့် ရှိသည်လေ။
ထိုသံကွင်းလေးတွေသည် သံလိုက်နှင့်ထိလျှင် ကပ်ပြီးပါလာမှာပဲ မဟုတ်လား။ မေမေသည် သံလိုက်တုံး အသေးလေးကို အပ်ချည်ကြိုးဖြင့်ချည်ပြီး ထိုအပ်ချည်ကြိုး အစရှည်ရှည်ကို တုတ်ကလေး၏အဖျားမှာ ထပ်ချည်လိုက်ရ၏။ ကဲ.....ငါးမျှားတံတော့ ရပြီ။ ငါးတွေကို ရေထဲချလို့မရ။ သည်တော့ ရေနှင့် အသွင်သဏ္ဌာန်တူသော ဖန်ပုလင်းအကြည်စားထဲမှာ ဖြန့်ကျဲထားလိုက်သည်။
“ဟောသည်မှာကြည့်သား၊ မေမေတို့ ငါးမျှားမယ်၊ သားက ဒီတုတ်လေးကိုကိုင်”
တုတ်တံလေးကို သားအား ကိုင်စေပြီး သံလိုက်တုံးကလေးကို ဖန်ပုလင်းထဲရောက်အောင် ခပ်ဖြည်းဖြည်းချပေးလိုက်သည့်အခါ ငါးလေးတစ်ကောင်က သံလိုက်တုံးကို ပြေးကပ်လာသည်။
“ငါးလေးတစ်ကောင်မိပြီ သားရေ”
သားသည် မေမေ့ထံမှ ငါးမျှားတံကလေးကို ဆွဲယူကာ စိတ်လှုပ်ရှားစွာ ရယ်မော သဘောကျနေခဲ့လေသည်။
“မိပြီ၊ ငါးကလေးတစ်ကောင်မိပြီ၊ သားသားဖမ်းတာ”
တော်ပါသေးရဲ့ သားရယ်၊ သား မမကယ်ပေလို့။
စောစော မေမေပြောနေသည့် SCAMPER ဟူသော (မေးအပ်သည့်) မေးခွန်းခုနစ်ခုအကြောင်း လေ့လာတွေ့ရှိခဲ့သည်မှာ Alex Dsborn ဖြစ်သည်။
စိတ်ကူးသစ်တစ်ခုရဖို့ အစဉ်အလာအတွေးတွေကို ဟောသည်နည်းတွေနဲ့ ပြုပြင်မွန်းမံ၍ ရသည်တဲ့။
S= Substitute အစားထိုးကြည့်မလား၊
C= Combine ပေါင်းစပ်ကြည့်မလား၊
A= Adapt မှီငြမ်းပြုမလား၊
M= Modify, Magnify ထူးကဲအောင်ပြုမလား၊ ချဲ့ထွင်ကြည့်မလား၊
P= Put to other uses အခြားအသုံးပြုမှုထဲ ထည့်ကြည့်မလား၊
E= Eliminate ပယ်ဖျက်ပစ်မလား၊
R= Rearrange, Reverse ပြန်စီစဉ်မလား၊ ပြောင်းပြန် လှန်ပစ်မလား၊
အဲသည်မေးခွန်းတွေအားလုံးကို မေမေတို့ သိပြီးသား၊ လောကမှာ ခဏခဏ ကြုံတွေ့ အသုံးပြုပြီးသားပါ။ သို့သော် ဖန်တီးတီထွင်သည့် စိတ်ကူးသစ်တစ်ခုရဖို့ မေးမြန်းစစ်ကြောကြည့်ရမည့် မေးခွန်းတွေ အဖြစ်တော့ တစ်ခါမျှ စနစ်တကျ သုံးမကြည့်ဖူးခဲ့ပေ။
သားကလေးကို ထူးချွန်ထက်မြက်သူ ဖြစ်စေချင်လွန်း၍ မေမေလက်လှမ်းမီသမျှ စာတွေကို ဖတ်ရှုလေ့လာကြည့်တော့မှ မေမေ သိလာခဲ့ရပါသည်။
တစ်ခုတော့ မေမေ စိတ်မကောင်းဖြစ်ရပါသည်။ သား မမနှင့် ပတ်သက်၍ပါ၊ သမီးအတွက်နှင့် မေမေ မခံချင်စိတ် ဝင်မိသည်။
သားမမကို မေမေမွေးပြီးသည့်နောက် သမီးကလေးတစ်ယောက်အတွက် လိုအပ်သည့်ဉာဏ်ရည်အသိနှင့် လိမ္မာထူးချွန်မှုကို မေမေ ရှာဖွေပေးနိုင်ဖို့အတွက် မေမေစာအုပ်တွေ အများကြီး ထပ်ဖတ်ခဲ့သည်။ မူလက လေ့လာထားသော ကလေးစိတ်ပညာ အသိအမြင်ဗဟုသုတများကို ထပ်ထပ်တိုးပြီး လေ့လာခဲ့သည်။ သို့သော် သမီးအတွက် မေမေ့ မျှော်လင့်ချက်တွင် ဖန်တီး တီထွင် ပညာရှင် Genius ဖြစ်ဖို့ဟူသော အတွေး ပါပါရဲ့လား။ ထိုအတွေးဖြင့် မျှော်လင့်မိခဲ့သည်ဆိုလျှင်လည်း ထို အတွေးကို ယခုလိုတော့ သမီးဖတ်နိုင်ဖို့ မေမေချမရေးမိခဲ့ပါ။ ဘာကြောင့် မရေးခဲ့မိပါသလဲ။ “သမီးမိန်းကလေး” နှင့် “ထူးချွန်ဖန်တီးရှင် Genius” အဟပ်ကွာသည် ဟု မေမေ့မသိစိတ်က လက်ခံထားခဲ့မိလို့လား။
မေမေဖတ်သမျှမှတ်သမျှ စာအုပ်များက ဖော်ပြထားသော ထူးချွန်ဖန်တီးရှင် Genius များသည် အားလုံးလိုလို ယောက်ျားတွေချည်း ဖြစ်သည်။ သည်အတိုင်းဆိုလျှင် မိန်းမတွေမှာ ထူးချွန် ဖန်တီးရှင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးဟု ကောက်ချက်ချလိုက်ကြပြီလား။
အဲသည်လိုဖြင့် မေမေ အလွယ်တကူ လက်မခံချင်ပါ။
သား၏ မမသည် အသက်ရှစ်နှစ်ပဲ ရှိသေးသည်။ အက်ဒွပ်ဒီဘိုနိုကိုလည်း မသိ၊ “ဖြန့်ထွက်တွေးခြင်း” ဆိုတာ ကိုလည်းမသိ။ သို့သော် သားအတွက် ငါးကိုအစားထိုးရမည့် ငါးရုပ်ကလေးတွေ ဖန်တီးဖို့တော့ သိသည်။ ဖြစ်အောင်လည်း သူကြိုးစားခဲ့သည်။ အခု သားကစားနေသော ငါးရုပ်လေးတွေမှာ သားမမ ဒုတိယတန်းကျောင်းသူကလေး၏ ဖန်တီးမှုဖြစ်သည်။
ဒါကြောင့် မေမေယုံသည်။ သမီးမှာ တီထွင်ဉာဏ်ရှိသည်။ စိတ်ထက်သန်မှုရှိသည်။ ကြိုးစားလိုစိတ်ရှိသည်။ အဲသည် အခြေခံစိတ်ဓာတ်ကို လူငယ်ဘဝမှာပါ ဆက်လက်တည်မြဲဖို့၊ စူးစမ်းဖန်တီးစိတ်တွေကို တွန်းအားပေးဖို့ မေမေတို့ လူကြီးတွေမှာ တာဝန်ရှိသည်။ အဲသည် ဖန်တီးစိတ်တွေကို လူငယ်ဘဝကနေ လူကြီးဘဝအထိရောက်အောင် သယ်ဆောင်ကျင့်ကြံဖို့ကတော့ သားတို့သမီးတို့၏ တာဝန် ဖြစ်သည်။
သမီးမိန်းကလေးတွေ ထူးချွန်သူဖြစ်မလာဘူးဆိုလျှင် အဲဒါ တားဆီးတတ်သော ပတ်ဝန်းကျင်ကြောင့်ပဲ။
မေမေကတော့ မေမေ့တာဝန်ကို အခုကစပြီး ဆောင်ရွက် အကောင်အထည် ဖော်တော့မည်။
(၇) ပထမဆုံး ခြေလှမ်းအဖြစ် သားတို့သမီးတို့၏ မှတ်ဉာဏ် အရည်အချင်းနှင့်ပတ်သက်၍ မေမေသတ်မှတ်ထားသော တန်ဖိုးများကို ပြင်ဆင်လျှော့ချလိုက်တော့မည်။
မှတ်ဉာဏ်ဆိုသည်မှာ ဦးနှောက်တွင်း အကန့်တစ်ခု၏ အရည်အသွေးတစ်ခုသာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဦးနှောက်၏ များပြားလှစွာသော တာဝန်တွေထဲမှ တစ်ခုသာဖြစ်သည်။ မှတ်ဉာဏ်နှင့် တီထွင်ဖန်တီးဉာဏ်သည် တစ်ခြားစီ တစ်ကန့်စီ ဖြစ်သည်။ ပြောရလျှင်တော့ တစ်ခါတစ်ခါ မှတ်ဉာဏ်သည် လူ၏ ဖန်တီးကြံဆဉာဏ်ကို တားမြစ်ပိတ်ပင်သော သဘော ပင်ရှိတတ်သည်။
ဒါကြောင့် သားတို့သမီးတို့အတွက် မေမေဂုဏ်ယူနည်းတွေ ပြောင်းလဲရတော့မည်။
စာတစ်ပုဒ်ကို နှုတ်တိုက်ကျက်မှတ်ရာတွင် အချိန် မြန်မြန်နှင့် အလွယ်ရသည့် အရည်အချင်းအတွက် မေမေ ဂုဏ်မယူချင်၊ ကျေနပ်ရောင့်ရဲမနေချင်။ အတန်းထဲတွင် အဆင့်တစ်တွေနှစ်တွေ မရလို့လည်း သားတို့အပေါ် မေမေ အားမလိုအားမရ မဖြစ်သင့်။ ပြဿနာတစ်ခုကို စနစ်ကျကျ လေ့လာဆန်းစစ်ပြီး နားလည်သဘောပေါက်သည့် ဉာဏ်ရည်ကို မေမေ ဂုဏ်ယူမည်။ ဆင်တူရိုးမှား ပြဿနာပဲလာလာ ဖန်တီးကြံဆစိတ်ဖြင့် ဖြေရှင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်သွားမှုကိုသာ မေမေ ဂုဏ်ယူမည်။
(၈) လူ့လောကမှာ ပို၍ပို၍ ဖန်တီးကြံဆနိုင်ဖို့ သားဟာ လူ ၄ ယောက်ဖြစ်ဖို့ လိုသတဲ့သား။ အရည်အချင်း ၄ မျိုးရှိဖို့ ဆိုပါတော့သားရယ်။ Roger Von Oech ဆိုသည့် ပုဂ္ဂိုလ်က သတ်မှတ်ထားသော မှတ်သားစရာ အချက်တွေပါ။
သတင်းအချက်အလက်အသစ်တွေကို ရှာဖွေနေသည့်အခါ သားသည် နယ်ပယ်သစ်ရှာဖွေသူ Explorer အဖြစ် ကျင့်ကြံရမည်။
သားမှာ ရရှိလာသော အရင်းအမြစ် သယံဇာတတွေကို စိတ်ကူးသစ်အဖြစ် အသွင်ပြောင်းသည့်အခါ သားသည် အနုပညာရှင် Artist ဖြစ်ရမည်။
သားမှာရရှိသောစိတ်ကူးသစ်၏ အကျိုးအမြတ်ကို ချင့်ချိန် စစ်ဆေးသည့်အခါ သားသည် တရားသူကြီး Judge ဖြစ်ရမည်။ သား၏ စိတ်ကူးသစ်ကို မှန်ကန်သည်ဟု ဆုံးဖြတ်ပြီး လှုပ်ရှားဆောင်ရွက်သည့်အခါ သားသည် စစ်ထွက်သူရဲကောင်း Warrior ဖြစ်ရမည်…..တဲ့။
နယ်သစ်ရှာဖွေသူ Explorer မဖြစ်မှာကို သား စိတ်မပူပါနဲ့ သား။ လူငယ်တွေမှာ စပ်စုစိတ်၊ စူးစမ်းသိမြင်လိုစိတ်တွေ ရှိပါသည်။ လူငယ်တွေ၏ မေးခွန်းမေးလိုစိတ်ကို ရိုက်ချိုးမပစ်မိဖို့ မေမေတို့ လူကြီးတွေကသာ ကြိုးစားကျင့်ကြံ ယူရမှာပါ။
အနုပညာရှင် Artist မဖြစ်မှာကိုလည်း သား စိုးရိမ်ဖို့မလိုပါ။ ကလေးတိုင်းသည် ဖန်တီးဉာဏ်ရှိကြပါသည်။ ပီကာဆို ဟူသော ပန်းချီဆရာကြီးတစ်ယောက်က ပြောဖူးသည်။
“ကလေးတိုင်း ကလေးတတိုင်းဟာ အနုပညာရှင်ပါပဲ။ ပြဿနာကဘာလဲဆိုတော့ အဲဒီကလေးကြီးပြင်းလာတဲ့အခါ အနုပညာရှင်အဖြစ် ဆက်လက်တည်မြဲနေနိုင်ဖို့ပါပဲ” တဲ့။
“သားအနုပညာရှင် အဖြစ် ဆက်လက်တည်မြဲနိုင်ဖို့ သား ဘာတွေလုပ်ရမလဲ” ဟု မေးလာခဲ့လျှင် အဖြေတွေက အဆင့်သင့် ရှိပါသည်သား။ ဟောသည်အရည်အချင်းတွေ သား ကျင့်ကြံအားထုတ်ရမည်။
မှီငြမ်းရမည်၊ စိတ်ကူးဖြန့်ကျက်ရမည်၊ အတွေးတွေကို လိုအပ်လျှင်ပြောင်းပြန်လှန်ရမည်၊ အတွေးတွေကို ဆက်သွယ်ရမည်၊ နှိုင်းယှဉ်ရမည်၊ ဖျက်ပယ်ရမည်၊ ဟာသဖြင့် ရယ်ပွဲဖွဲ့ပစ်နိုင်ရမည် တဲ့။
တရားသူကြီး အရည်အချင်းကလည်း သားအတွက် အလွန်အရေးကြီးပါသည်။ ဘာကြောင့်လဲဆိုတော့ သား ရလာသည့် စိတ်ကူးသစ်ကို အကောင်အထည်ဖော်ဖို့ စစ်သူကြီးတစ်ယောက်လို ရဲဝံ့စွာ တိုက်ခိုက် ဆောင်ရွက်ရတော့မည်ဆိုတော့ သားတိုက်ခိုက်ဖို့အထိ ထိုင်တန်သော မှန်ကန်သော စိတ်ကူးသစ် ဟုတ်မဟုတ် သား ဆုံးဖြတ်နိုင်ရမည်ပေါ့။ မထိုင်တန်သော စိတ်ကူးသစ်တစ်ခုအတွက် သား စွန့်စား တိုက်ခိုက်လိုမည် မဟုတ်ပါ။
တရားသူကြီး ရာထူးအတွက် သား ချင့်ချိန်တတ်ရမည်။
Grant Heidrich ဟူသော ပုဂ္ဂိုလ်ကပြောခဲ့သည် သား။
“သွေးပူလေ့ကျင့်ခန်းအတွက် အချိန်အကြာကြီးယူပြီး ဖြုန်းတီးနေခဲ့ရင် မင်းဟာ အပြေးပြိုင်ပွဲကို လွဲရလိမ့်မယ်။ သွေးပူလေ့ကျင့်ခန်းကို လိုသလောက် မလုပ်မိပြန်ရင်လည်း မင်းဟာ ပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးနိုင်မှာမဟုတ်ဘူး” တဲ့။
ဒီတော့ သားမှာ ဟောဒါတွေ လိုသေးသည်။
ရည်မှန်းချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ သား လေ့လာရမည်။
အကောင်းတွေ အကျိုးတွေကို သိရမည်။ အဆိုးနှင့် အပြစ်တွေကို သိရမည်။
အောင်မြင်ဖို့ဖြစ်နိုင်ခြေများနှင့် ရှုံးနိမ့်ခဲ့လျှင် ဘယ်လို ပြန်ဆပ်ရမလဲ သိရမည်။
အချိန်ကိုက်ပြီလား၊ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးအချိန်လား သိရမည်။
ဘက်လိုက်မှုတွေ တမ်းညွတ်မှုတွေ ပါနေသလား၊ ဆန်းစစ်ရမည်။
နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ဟာ ဘာလဲ ဟု သိရမည်။
တရားသူကြီးအဖြစ် ဆုံးဖြတ်ပြီးလျှင်တော့ စစ်ထွက် သူရဲကောင်း အဖြစ် သတ္တိရှိရှိ ရဲရင့်စွာတိုက်ခိုက်ပေတော့ သား။
အဲသည်လို ယုံကြည်ရာ စိတ်ကူးသစ်တစ်ခုအတွက် သား တိုက်ခိုက်သည် ဆိုသည့်အခါ…….
သားသတ္တိ ရှိပါ။
သား၏ ရည်ရွယ်ချက်ကိုရောက်ဖို့ နည်းဗျူဟာတွေ စီစဉ်ပါ။
သားအနေနှင့် ဘာကိုစတေးရဲသလဲဟု တွေးပါ။
ဆုံးရှုံးမှု၏ နောက်ဆက်တွဲ အရာများကို ကြိုစဉ်းစားပါ။
ရှေ့ဆက်တက်ပါ။
သားကို ဘယ်အရာတွေက နှောင့်နှေးအောင် တားဆီးနေသလဲ သိမြင်ပါ။
သားရဲ့စွမ်းအင်ကို ပညာရှိစွာ အသုံးချပါ။
လဲကျသွားသည့်အခါ ပြန်ထပါ။
ဘယ်လောက်အထိ သားဇွဲကြီးရမလဲ ကိုယ့်ကိုယ်ကို မေးပါ။
သားရဲ့ အရှုံးတွေကနေ သင်ခန်းစာယူပြီး အောင်နိုင်မှုကို ရယူပါ။
ဖန်တီးတီထွင်စိတ်ဟာ လူ့လောကမှာ ဘယ်လောက် အရေးပါသလဲဟု သား သိစေချင်လှသည်။
လောကကြီးမှာ အစစ်အမှန် အပျော်ရွှင်ဆုံး လူသား ရယ်လို့ နှစ်မျိုးပဲရှိသတဲ့။ တစ်မျိုးက ကလေးတွေ၊ နောက်တစ်မျိုးက ဖန်တီး တီထွင်ပညာရှင်ဖြစ်သော လူနည်းစုကလေး…….တဲ့။
မေမေကတော့ သားနှင့်သမီးကို ဘဝတစ်လျှောက်လုံးမှာ အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့စေချင်ပါသည်။
---------------
#ဂျူး
ကျမ်းကိုး
Thinking like a Genius by Michael Michalko
(The Futurist, May,1998)
Thinking the unthinkable by Bill Costello
(The Futurist, May,1999)
A Kick in the sea of the pants by Roger Von Oech
တီထွင်ဖန်တီးတွေးတောမှုသို့ ခြေလှမ်း၎ရပ်( မောင်မြင့်ဇော်)
(ဗြူတီမဂ္ဂဇင်း ၂၀၀၂ အောက်တိုဘာ)
[ White Dreams ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment