Thursday, 28 February 2019

လျှာနှင့်ဆေး #မင်းလူ

#လျှာနှင့်ဆေး


#မင်းလူ


ဆေးဆိုလျှင် အရသာဆိုးသည်သာ များ၏။ ပို၍ အစွမ်းထက်လေ၊ ပို၍ ခါးသီးလေပင်။ ဤသဘောတရားကား သဘာဝကျလေသည်။


ဆေး၏ရည်ရွယ်ချက်မှာ ရောဂါပိုးတို့ကို တိုက်ဖျက်သတ်ဖြတ်ရန် ဖြစ်သည်။ ရောဂါပိုးမွှားဆိုသည်မှာလည်း သွေးနှင့်သားနှင့်ကိုယ်။ ချိုမြိန်သော အရသာကို ကြိုက်နှစ်သက်ပြီး ခါးသီးမှုကို ကြောက်လန့်ပေလိမ့်မည်။ ခါးသီးခြင်းသည် ပိုး၏ရန်သူ၊ လူ၏ မိတ်ဆွေဟုပင် ဆိုကြပါစို့။


ငယ်ငယ်က နေမကောင်းဖြစ်လျှင် ငန်းဆေးခါးခါးကြီးနှင့် ကွမ်းရွက်ပြုတ်ရည် ပူပူစပ်စပ်ကြီးကို ကျိတ်မှိတ်၍ မျိုခဲ့ရသည်။


တစ်ခါတစ်ရံ ကပြားဆရာဝန်ကြီး ဒေါက်တာချာချီဆီ သွားရ၏။ သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးရည်များကို ပေးတတ်သည်။ ဆေးငါးခွက်ပေးလျှင် သုံးခွက်လောက်သာ ၀မ်းထဲရောက်သည်။ နှစ်ခွက်က အန်ထွက်ကုန်သောကြောင့် ဖြစ်၏။ လူကြီးတွေက ဆေးပတ် မပြည့်မည်စိုးသောကြောင့် ဆရာဝန်ကြီးဆီသွားပြီး ဆေးထပ်တောင်းသည်။ သူက ရယ်၍ ဆေးထပ်ပေးစရာမလို၊ အစကတည်းက အန်ထွက်မည့် ဆေးတွေအတွက်ပါ ကျွန်ုပ် ပိုပိုသာသာ ထည့်ပေးလိုက်ပါသည် တဲ့။


ဆေးတစ်ခါသောက်ဖို့အတွက် လက်တွေခြေတွေ ချုပ်သည့်လူကချုပ်၊ နှာခေါင်းပိတ်သူကပိတ်၊ ဆေးဇွန်းကိုင်သူကကိုင်၊ အရပ်ကူပါ လူဝိုင်းပါ။


ငယ်ငယ်က သောက်ခဲ့ရသည့် ဆေးခါးကြီးများ၏ အရသာဆိုးကိုတော့ ဘယ်တော့မှ မမေ့။ လျှာပေါ်မှာ တစ်သက်လုံး စွဲနေသည်ဟု ထင်သည်။


တိုင်းရင်းဆေးများသည် အသီး၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ပဉ္စငါးပါးကို အမှုန့်ပြု၍လည်းကောင်း၊ သုံးခွက်တစ်ခွက်တင် ကျို၍လည်းကောင်း အသုံးပြုနေကြတုန်းပင် ဖြစ်၏။


အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုနည်းပညာကား များစွာတိုးတက်လာသည်။


ဆာလဖာ၊ ကွီနိုင် စသည်တို့ကို ဆရာဝန်ကိုယ်တိုင် အချိုးအစားအတိုင်း ရောနှောဖော်စပ်နေစရာ မလိုတော့ပြီ။ အဆင်သင့် အသုံးပြုနိုင်အောင် ထုတ်လုပ်လာကြသည်။


မျိုချရလွယ်အောင် အခဲလုပ်လာကြသည်။ အချို့ဆေးများကို သကြားအုပ်ထားသည်။ ကက်ပစူးခေါ် ပလတ်စတစ်ကြုတ်ကလေးတွေထဲ သွတ်သွင်းလာကြသည်။ ဆေးကို ၀န်ကျဉ်းနိုင်သမျှ ကျဉ်းအောင် အနှစ်ထုတ်၍ ချုံ့နိုင်လာကြသည်။


အမြင်လှအောင် ဆေးရောင်အမျိုးမျိုး ခြယ်သထားသေးသည်။ သောက်ချင်စဖွယ်။ မည်သို့ဖြစ်စေ ဆေး၏ မူလအာနိသင်ကတော့ ခါးသီးခြင်းပင် ဖြစ်နေတုန်း။


ကလေးများအတွက် အားဆေးရည်များ၊ ချောင်းဆိုးပျောက်ဆေးရည်များကို အ၀င်မဆိုးအောင် စီမံနိုင်လာကြ၏။ သို့ရာတွင် ကလေးများ ဖျားနာလျှင်မူ လူကြီးများအတွက် ပြုလုပ်ထားသော ဆေးများကိုပင် လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံ ခွဲ၍ တိုက်နေကြရ၏။


လသားအရွယ်၊ အခါလည်သားအရွယ် ကလေးများသည် ဆေးခဲဆေးတောင့်များကို မျိုချနိုင်ကြသေးသည်မဟုတ်။ ထို့ကြောင့် ဆေးခဲကို ကြိတ်၊ ဆေးတောင့်ထဲမှ ဆေးမှုန့်ထုတ်၍ ရေနှင့်ဖျော်ပြီး တိုက်ရသည်။


ဆေးတွေက အကြီးအကျယ် အစွမ်းထက်လာသည်နှင့်အမျှ ခါးသီးမှုကလည်း ကမ်းကုန်အောင်ပင်။ ကိုယ်တိုင်မျိုချရရှာသော ကလေး၏ လျှာမပြောနှင့်။ ဆေးဖျော်သော လူကြီး၏လက်မှာပင် အခါးဓာတ်က နာရီပေါင်းများစွာကြာအောင် စွဲနေတတ်သည်။


ထိုအခါ ကလေးကို ဆေးတစ်ခါတိုက်လျှင် ခြေချုပ်၊ လက်ချုပ်၊ နှာခေါင်းပိတ် ဒုံရင်းအတိုင်း ဖြစ်ရပြန်လေ၏။


ကလေးနေမကောင်း ဖြစ်မည်ကို အလွန်ကြောက်သည်။ ကလေး၏ ကျန်းမာရေးအတွက် စိုးရိမ်မှုပါသလို ဆေးတိုက်ရမည်ကို ၀န်လေးသောကြောင့်လည်း ဖြစ်သည်။


ပထမဆုံးအကြိမ် ဖျားစဉ်က အဦးဆုံးသော ဆေးတစ်ခွက်ကို လွယ်လွယ်ကူကူ တိုက်လို့ရခဲ့သည်။ ကလေးက ဆေးဆိုသည်ကို မကြုံဖူးသေး။ ဆေးဇွန်းကို ပါးစပ်နားတေ့ပေးသောအခါ ပါးစပ်ကို ဟပေး၏။ ပထမဆုံးသော အတွေ့အကြုံကို ဘုမိသဘမသိနှင့် ကြိတ်မှိတ်မျိုချရှာ၏။


နောက်တစ်ခါကျတော့ မရချေ။ ဆေးဇွန်းကို မြင်သည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ မျက်နှာကို တစ်ဖက်သို့ လွှဲထားသည်။ ရုန်းကန်အော်ဟစ်သည်။ မတတ်နိုင်။ ရှေးရိုးနည်းအတိုင်း ချုပ်ကိုင်၊ နှာခေါင်းပိတ်ပြီး တိုက်ရတော့သည်။


ဆေးဝင်သွားပြီးနောက် ကလေးမျက်နှာသည် ရှုံ့မဲ့နေ၏။ တော်တော်နှင့် မငိုနိုင်ရှာ။ ငယ်စဉ်က သောက်ခဲ့ရသော ဆေးခါးကြီးများ၏ အရသာကို မှတ်မိနေသောကြောင့် ကလေးကိုယ်စား ရင်ထဲက ပျို့လာလေ၏။ ဖြစ်လိုရာဖြစ်စေတော့။ နောက်တစ်ခါ ဒီဆေးတွေ မတိုက်တော့ဟူ၍ပင် ဆုံးဖြတ်ချင်လာသည်။


ကလေးသည် နေကောင်းသွားသည့်တိုင်အောင် ဆေးတွေက လျှာပေါ်မှာ စွဲနေတုန်းဖြစ်၍ နို့တောင် ကောင်းကောင်း မစို့နိုင်ရှာ။ ဇွန်းကိုမြင်တိုင်း မျက်စိမျက်နှာပျက်ပြီး ကြောက်လန့်နေရှာသည်။  ခံတွင်းကောင်းသွားသည့်တိုင် အစားအသောက်ကို ဇွန်းနှင့်ကျွေးလျှင် မစားတော့။ ကလေးသည် ဇွန်းကို မုန်းသွားလေပြီ။


ရောဂါကြောင့် ခံစားရသည့်ဝေဒနာထက် ဆေးသောက်ရသည့်ဒုက္ခ ပို၍ ကြီးမားလားမသိ။


ကလေးသည် မနက်ကတည်းက ကိုယ်ပူငွေ့ငွေ့ရှိသည်။ အုပ်ဆေးကလေးအုပ်ပြီး နွေးနွေးထွေးထွေး ထားသော်လည်း မရ။ ညနေစောင်းတွင် နှာစေးချောင်းဆိုး ဖြစ်လာ၏။ ရင်လည်းကျပ်ချင်လာ၏။


ဆေးခန်းသွားပြရ၏။ ဆရာဝန်က စမ်းသပ်ပြီး ပါရာစီတမောနှင့် အမ်ပီစလင် တိုက်ရမည်ဟု ဆို၏။ စိတ်မကြည်မသာ ဖြစ်ရသည်။


ပါရာစီတမောသည်လည်း ခါးသက်သက်အရသာရှိ၏။ ထို့ထက်ဆိုးသည်ကား အမ်ပီစလင်။ ဆေးတောင့်ထဲမှာပါသော ဆေးမှုန့်များသည် ခါးလန်နေရု့မျှမက အနံ့ကလည်း ကြောင်သေးစော်နံသည်။ ထိုဆေးတွေကို ကြိတ်ပြီး အရည်ဖျော်တိုက်ဖို့ ဆိုသည်မှာ စိတ်ကူးရုံနှင့်ပင် အော်ဂလီဆန်လာ၏။


ထိုအကြောင်းကို ညည်းမိသဖြင့် ဆရာဝန်က အကြံဉာဏ်တစ်ခုပေးသည်။ ကလေးများအတွက် အထူးစပယ်ရှယ် ထုတ်လုပ်ထားသော အလားတူဆေးများ ရှိပါသတဲ့။


ဈေးတော့ နည်းနည်းကြီးသည်။ ဆေးနှစ်မျိုးအတွက် ကျသင့်ငွေမှာ ၀တ္ထုတိုတစ်ပုဒ် စာမူခလောက်ရှိသည်။ မတတ်နိုင်။ ကလေးအတွက်မို့ ဇွတ်မှိတ်ပြီး ၀ယ်လိုက်ရသည်။


ဆာဗီဂျက်ဆစ်က သကြားရည် ရောထားပြီးသား။ အမ်ပီစလင်ဆေးဆိုသော ဆေးတောင့်ကတော့ အမှုန့်။ ရေကျက်အေးနှင့် ဖျော်ရသည်။


ဆေးနှစ်မျိုးကို ရောစပ်လိုက်သောအခါ ပန်းနုရောင် ခပ်ပျစ်ပျစ်ဆေးရည်ကို ရသည်။ အနံ့က သင်းသင်းလေး။ နှင်းရည်လိုအနံ့မျိုး။ အရသာက ချိုမြမြ။ အရည်ပျော်နေသော ရေခဲမုန့်နှင့် ခွဲမရအောင်တူသည်။ နည်းနည်းမြည်းကြည့်ပြီး ကလေးတောင်မှ ပြန်ဖြစ်ချင်စိတ် ပေါက်သွား၏။


ကလေးကို ဆေးတိုက်ဖို့ပြင်သည်။ ဆေးဇွန်းကို မြင်သောအခါ ကလေးငြင်းဆန်ရန် ဟန်ပြင်နေသည်။ ဇွန်းကို မျက်လုံးရွဲကြီးများဖြင့် သနားစဖွယ် ကြည့်နေသည်။ သူ့အမေက မခါးပါဘူးသမီးရဲ့ ချိုချိုလေး ဟုပြောပြီး လျှာပေါ်တစ်တို့ တင်ပြီးလျက်ပြသည်။


ကလေးဇဝေါဇ၀ါ ဖြစ်သွား၏။ ငြင်းလည်းမထူးဘူး။ ဇွတ်အတင်းချုပ်ပြီး တိုက်ကြမှာပဲဟု အားလျှော့လိုက်ဟန် တူသည်။ ပါးစပ်ဟပေး၏။


ပါးစပ်ထဲ ဆေးဝင်သွားသောအခါ မျက်နှာကို ရှုံ့မဲ့မည်ပြုပြီးမှ တန့်သွား၏။ ကြည်လင်ဝင်းပလာသည်။ ထို့နောက် ရှေ့သွားကလေးများပေါ်အောင် ပြုံးရယ်ပြလေ၏။


ဈေးကြီးပေးဝယ်ရကျိုး နပ်ပါပေသည်။ တန်သည်။ ဆေးတိုက်ရသည့်ဒုက္ခ၊ ဆေးသောက်ရသည့်ဒုက္ခက ကင်းလွတ်ပြီ။


သို့ရာတွင်...

ဆေးပုလင်းကို သိမ်းမည်ပြုသောအခါ ကလေးငိုလေတော့သည်။ ပုလင်းကို လက်ညှိုးထိုးပြပြီး ပါးစပ်က တပြတ်ပြတ် လုပ်ပြသည်။


ကလေးက ဆေးကို ထပ်တောင်းနေပါပြီကော။ မတည့်သော အစားအစာတစ်ခုကို ကလေးမစားလိုလျှင် အဲဒါ မုန့်မဟုတ်ဘူးကွဲ့ ဆေးတွေ ဟု လူကြီးတွေက ညာပြောလေ့ရှိသည်။


ခုတော့...

အဲဒါ မုန့်မဟုတ်ဘူး သမီး၊ ဆေး ဆေး ဟု အမှန်အတိုင်း ပြောသော်လည်း ကလေးက မယုံတော့ချေ။


----------------


မင်းလူ


[မြန်မာအက်ဆေး ၁၀၀၊ စာမျက်နှာ ၁၇၄-၁၇၇]


MONDAY, AUGUST 05, 2013


[ မြန်မာ့သွေး ဝက်ဘ်ဆိုက်မှ ကူးယူပါသည်။ဝက်ဘ်ဆိုက်အား ကျေးဇူးတင်ပါသည်။]



အရီးနှင့်ကြီးတော် (ဇာတ်သိမ်းပိုင်း)

#အရီးနှင့်ကြီးတော်


(ဇာတ်သိမ်းပိုင်း)


#ခင်ခင်ထူး 


ကြီးတ်ာကျေး ငယ်ဘဝကို ကျွန်မတို့နောက်ပေါက် တူ၊ တူမတွေ မမှီလိုက်ကြသော်လည်း မှီလိုက်သည့်သူတွေ ပြောပြသမျှကိုတော့ ကျွန်မတို့ မကြားချင်မှအဆုံး။ ကြီးတော်ကျေး၏အမေ ဖွားလေးပုံနှင့် ကျွန်မအဖွားတို့က ညီအစ်မ အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်ကြသည်။ ဖွားလေးပုံတွင် သမီးသုံးယောက်ရှိရာ ကြီးတော်ကျေးက အကြီးဆုံးသမီး။ ကြီးတော်အေးနှင့် ကြီးတော်ခွေးတို့က ညီမအငယ်တွေဆိုသော်လည်း ကြီးတော်ကျေးလောက် အသက်မရှည်ခဲ့ကြ။


ညီအစ်မသုံးယောက်ကို ဖွားလေးပုံက မျက်စိမမှိတ်ခင် ရှိသမျှပစ္စည်း အညီအမျှ ရာဇူတိုက် ဝေပုံခွဲပေးခဲ့ပြီးသားဆိုတော့ ဒီအိမ်ကြီးနှင့် ဒီပစ္စည်းတွေက ကြီးတော်ကျေးရလိုက်သည့်ခွဲတမ်းဖြစ်သည်။


" မမကျေးငယ်ငယ်က သိပ်ချောတာ....ဥစ္စာပေါ၊ ရုပ်ချောဆိုပါတော့အေ....ဟိုရွာ ဒီရွာက ခေါင်ဆိုတဲ့လူတွေက လိုချင်လိုက်တာမှ ဝိုင်းဝိုင်းလည်လို့....မမကျေးက လင်စိတ်သားစိတ် ရှိပုံမရဘူး....အင်မတန် အနေအေးတယ်....သူ့ဟာသူများတော့ ရှိမှန်း မသိရဘူး....ဖွားလေးပုံက ကိုဘအောင်နဲ့ပေးစားတော့ အမေတို့အိမ် လာငိုရှာတယ်....ဘဝအကျိုးပေးထင်ပါရဲ့....စီးပွါးကလည်း ဖြစ်လိုက်ကြတာမှ အိမ်သာကျင်းတူးရာက ငွေဒင်္ဂါးတွေ အိုးလိုက် တွေ့ကြသေးတာ....ကျိကျိတက်ပေါ့အေ....တို့အပျိုတုန်းက ပွဲလမ်းသဘင်သွားစရာရှိ မမကျေးဆီက ငှားရမ်းဝတ်ကြရတာ.... အဝတ်အစားဆိုတာများ သံသေတ္တာပေါ် လူတက်ဖိမှ ပိတ်လို့ရတယ် "


အမေပြောပြသလောက် ကြီးတော်ကျေးမှာ ရွှေလက်ဝတ်လက်စားတွေကိုက ဒီဘက်ခေတ် လက်တိုဂျင်နို့မှုန့်ဘူးနှင့် နှစ်ဘူးအပြည့်အသိပ်ဟု ဆိုပါသည်။ စတိလက်ကောက်၊ ကြံဆစ်လက်ကောက်၊ နဂါးလိမ်လက်ကောက်ကွင်းကြီးတွေ၊ ဒေါင်းဘယက်ခွက်၊ အုန်းဆံကြိုး၊ သံကွင်းဆက်ကြိုးတွေ၊ မောင်နှံခုနှစ်ဖော်၊ အုတ်ပုံလက်စွပ်ကွင်းကြီးတွေ၊ မြင်းစီးချင်းထိုး ဂျော့ဘုရင်ခေါင်း၊ ဝေလခေါင်း ငါးမူးသား၊ တစ်ကျပ်သား အပြားကြီးတွေ၊ ရွှေနှင်းဆီကြယ်သီး၊ ကျောက်ကြယ်သီးတွေ စသည်ဖြင့် စုံနေအောင် ရှိသည်ဆို၏။


" အလှူမင်္ဂလာပွဲရှိလို့ကတော့ အပျိုတွေ ဆယ့်လေးငါးယောက်လောက် မမကျေးဆီက ငှားဝတ်ကြတာ.... ဝတ်သူက မဝတ်နိုင်ဘူး....သူကိုယ်တိုင်ကတော့လား နားကပ်တောင် ကြီးကြီးမပန်ဘူး....အဝတ်အစားလည်း ဒီလိုပဲ... ဘရိုကိတ်လုံချည်၊ ပိုးလုံချည်၊ ဘန်ကောက်လုံချည်တွေကချည်း ငါသိသလောက် ချည်စုံ၊ အရောင်စုံ အကွင်းနှစ်ဆယ်အစိတ်ရှိတာ....အလှူလိုက်တော့ သရက်ထည်လုံချည်ကလေးနဲ့ လိုက်ချင် လိုက်တာပဲ.... ဘယ်နှယ့်မိန်းမလည်း ပြောတတ်ပေါင်အေ "


ကြီးတော်ကျေး၏ခင်ပွန်း ဘကြီးအောင်ကိုတော့ ကျွန်မ မှီလိုက်ပါသေးသည်။ ကျွန်မတို့ကလေးဘဝ ရွာမှာနေစဉ်က ဘကြီးအောင်က ထမင်းခေါ်ခေါ်ကျွေးတတ်သည်။ ကြီးတော်ကျေး အေးသလောက် ဘကြီးအောင်က ဟောင်ဖွာဖွာနေတတ်သည်။ သဘောမနော ကောင်းသည်။ သူကိုယ်တိုင် သားရှာငါးရှာ သူကိုယ်တိုင် ချက်ပြုတ်ကျွေးသူဖြစ်သည်။ ထန်းရည်ကလေး သောက်ချင်တာ၊ ကြက်ကလေး လောင်းချင်တာလောက်ကလွဲလျှင် အလွန်ချစ်စရာကောင်းသည်။


သားသမီးမရှိရှာတော့ ဆွေကလေး၊ မျိုးကလေး အလွန်မက်စက်သည်။ သူ့ဝိုင်းထဲမှာပဲ အဆော့ခိုင်းပြီး သူပါ ကလေးတွေကစားတဲ့အထဲ ဝင်ပါချင်ပါတတ်သည်။ ကြီးတော်ကျေးက ဘကြီးအောင်ကို အမြဲစူစူအောင့်အောင့် လုပ်တတ်တာလည်း ကျွန်မမှတ်မိသည်။ ဘာ့ကြောင့်မှန်းတော့ မသိ။


" ကိုဘအောင် ... တော်က ထရေကလေး မူးလိုက်၊ ကြက်ကလေး လောင်းလိုက်နဲ့....တော့်ကိုယ်တော် ပခန်းမင်းများ မှတ်နေသလား... ပခန်းမင်းက လူစွမ်းကောင်း.ေ...တ်ာက ယောင်ခြောက်ဆယ်.... ကျုပ်ပစ္စည်းတွေတော့ စိတ်နဲ့တောင် ထိဖို့ မျက်စောင်းမခဲနဲ့.... ဒီပစ္စည်းတွေက ကျုပ်မိဘပစ္စည်းတွေ....တော့်လက်ထက်ပွားဆိုလို့ အပ်တိုတစ်ချောင်း မရှိဘူး "


သည်တုန်းကတည်းက ကြီးတော်ကျေးက ပစ္စည်းတွေကို ဝှက်ထားတော့တာလို့ ပြောကြပါဧ။်။ ဘကြီးဘအောင်တစ်သက်လည်း ဘာမှ ဖြစ်လောက်အောင် သုံးစားသွားခဲ့တာ မမြင်ခဲ့ကြဘူး။ သူလိုကိုယ်လိုလောက်ပါပဲ။ ဘကြီးဘအောင်ဆုံးတော့ ကြီးတော်ကျေးက ယာအလုပ်၊ ကိုင်းအလုပ်တွေကို ဖြတ်ပစ်ကာ အိမ်ဝိုင်းကလေးထဲ ရက်ကန်းတဲကလေးထိုးကာ ရက်ကန်းခတ်စားတော့သည်။


မနက်မိုးလင်းလို့ ဆွမ်းခံကိုရင်ကလေးကို ဆွမ်း၊ ဆွမ်းဟင်း နေ့စဉ်လောင်းတာကလွဲလို့ ဥပုသ်သီတင်းလည်း မရှိ။ လက်တိုလက်တောင်းရယ်လို့လည်း မခေါ်။ အဖော်နေပေးပါရစေဆိုတာလည်း လက်မခံ။ တစ်ခါတော့ အမေက မေးတယ်။


"မမကျေး ညည်းပစ္စည်းတွေရော "


" ဘာပစ္စည်းမှ မကျန်ပေါင်ငါ့ညီမရယ်....ကိုဘအောင်ဖြုန်းသွားလို့ ဖြူကာပြာကာကျပါပကော... ငါ့မှာ အိမ်ကြီးငုတ်တုတ်ကလွဲလို့ ဝတ်ထားတဲ့ထမီတောင် အထက်ဆင် မတပ်နိုင်ပေါင်အေ.... မိုးကြိုးပစ်ရပါစေရဲ့ "


ကြီးတော်ကျေးက အကျိန်တွေရော၊ အတွယ်တွေရော စုံနေအောင် ဖြူဆူးခါတတ်သော်လည်း ယုံရဖို့တော့ ခက်သည်။ ဘာသဘော ဘာရည်ရွယ်ချက်မှန်းလည်း မသိ။ ကြီးတော်ကျေးကတော့ အကြောင်းဆိုက်တိုင်း ရပ်ထဲရွာထဲ ဒီအသံကိုပဲ တွင်တွင်ကြီး လွှင့်နေတော့ဧ။်။ သူကလွှင့်လေ ရွာကမယုံလေ။


" မဟုတ်တာပြောသာပါအေ....ဘယ့်နှယ် ဘအောင်ဖြုန်းသွားရမှာလဲ.... ဘအောင်ဖြင့် ရွှေတစ်မူးသား ရောင်းသုံးသွားသာ မမြင်ဖူးဘူး....မိကျေးက ဓားပြတိုက်မှာစိုးလို့ အသံကာင်းလွှင့်တာနေမှာပါ....မဟုတ်သာဟာ "


ရွာကတော့ ဘိုးတင်လိုလူကြီးကအစ ဘယ်သူကမှ ကြီးတော်ကျေးစကားကို အသိအမှတ်မပြုကြ။ ကြီးတော်ကျေးကလည်း အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်ကိုင်စားသောက်နေထိုင်ပြတော့လည်း ဘယ်သူကမှလည်း ကြက်တွန့်မတက်ဝံ့။ ကျွန်မတို့လို ဝမ်းကွဲတူမတွေမပြောပါနှင့်။ ညီမနှစ်ယောက်ကမွေးသော တူ၊ တူမအရင်းခေါက်ခေါက်ကြီးတွေကိုပင် တစ်ပြားမကျပဲ စုံးလုံးပစ်ထားတတ်သူဆိုတော့ ဝေခွဲရခက်ကြသည်။


" ငါ့မှာသာ ရွှေတွေ အဲသလောက်ရှိရင် မြတင်တို့မန်းလေး ပြောင်းနေမှာပေါ့ဟဲ့....နင်တို့မယုံရင် ငါ့ကိုသတ်ပြီးတော့သာ အိမ်ပေါ်မွှေကြပေတော့ "


တစ်ခါတော့ တူဖြစ်သူကိုလှဆောင်ကို ကြီးတော်ကျေးက ဒီလိုပြောတော့ ကိုလှဆောင်က ထန်းရည်မူးမူးနဲ့ သူ့ကြီးတော်အိမ်ကြီးပေါ် တက်မွှေဖူးသည်။ တကယ့်ကို ဘာမှမတွေ့။ ရွှေထည်၊ ငွေထည် မတွေ့တာထား။ ဘရိုကိတ်လို ဘန်ကောက်လို ထမီတွေတောင် ရှာမတွေ့ခဲ့ဟု တဆင့်စကား ကြားခဲ့ရပါသည်။ အံ့တော့လည်း အံ့စရာ။ ဒီပစ္စည်းတွေ ကြီးတော်ကျေး ဘယ်မှာများ ဝှက်ထားလိုက်ပါလိမ့်ဆိုတာကလည်း နားမလည်နိုင်အောင်ဖြစ်ကြရသည်။


တချို့ကလည်း တနေရာရာမှာ တူးမြုပ်ထားတာနေမှာဟု ထင်ကြေးနှင့် ပြောကြတာလည်းရှိသည်။ ရွှေထည်ငွေထည် တူးမြုပ်တယ်ပဲ ထားပါဦး။ ထမီတွေက ဘာမြှုပ်စရာလိုလို့လဲ။ ဒါကလည်း တွေးစရာ။ အိမ်ပေါ်သို့ ကိုလှဆောင်တက်မွှေပြီးကတည်းက ကြီးတော်ကျေးက ကျွန်းလှေကားကြီး ဖြုတ်ပစ်လိုက်ခြင်းဖြစ်၏။ ပြီးတော့ ခြံထောင့်မှာ တဲကလေးတစ်လုံး ထိုးပြီး ရက်ကန်းစင်ကလေးဆင်ကာ တဲထဲမှာပဲ နေခဲ့ခြင်းဖြစ်သည်။ သည်တဲကလေးထဲမှာ ကြီးတော်ကျေး ရက်ကန်းခတ်ရင်း နေလာခဲ့တာပဲ နှစ်ပေါင်း မနည်းတော့ပြီ။


ကြီးတော်ကျေး၏ရက်ကန်းထည်တွေက နာမည်တော့ရပါ၏။ မရောင်းရ မရှိ။ အကြွေးပေးတော့လည်း ဆုံးသည်မရှိ။ ရက်ကန်းကြွေးတော့ ရအောင်တောင်းတတ်သည်။ တစ်ရက်နှစ်ရက် ဆိုင်းပါဆိုပြီး ယူသွားရာ အထည်ဖိုးလာမပေးလျှင် အလှူအိမ်ထိ လိုက်ကာ ချွတ်ခိုင်းတော့တာမဟုတ်လား။


( ၄ )


ရွာလူကြုံလာလို့ ကြီးတော်ကျေးတစ်ယောက် ရွာမှာဆုံးရှာပြီ အသံကြားတုန်းက ကျွန်မမှာ ဝမ်းနည်းလို့မဆုံးဖြစ်ရပါ၏။ ကျွန်မမြင်ရသလောက် ကြီးတော်ကျေးခမျာ တစ်ကိုယ်ရေ တစ်ကာယ ရက်ကန်းခတ်စားရသည့်ဘဝနှင့် အရိုးထုတ်သွားရ ရှာတာမဟုတ်လား။ ကြီးတော်ကျေးမှာ ပစ္စည်းတွေရှိတယ်ဆိုတာကလည်း ကျွန်မတို့မမှီလိုက်လေတော့ အကြားနှင့် ယုံခဲ့ရတာမျိုးပင်။ ရွာပြန်တိုင်း ထမီခါးချပ်ကြီးနှင့် ရက်ကန်းတချောက်ချောက် ရက်နေတတ်သော အသက်ခုနှစ်ဆယ်ကျော် အဘွားအိုကြီးတစ်ယောက်၏ ပုံရိပ်ကို ကျွန်မ လွမ်းမိ သနားမိရပါသည်။


အမေကတော့ ရွာလူကြုံ အရီးအေးမကို ကြီးတော်ကျေးအကြောင်း အဝေးက မေးရရှာ၏။ မျက်ရည်ကလေးကလည်း တစမ်းစမ်း။


" နေစမ်းပါဦး အေးမရယ်... မမကျေးဆုံးတော့ သူ့ပစ္စည်းတွေ ရှာကြဖွေကြသေးလား "


" ရှာကြပါသတော်....လှဆောင်တို့၊ မိသေးတို့ ရက်ကန်းတဲကြီး ဖျက်ပြီး မြေကြီးတူးကြည့်ကြသာပေါ့....အတော်ကြီးနက်တဲ့အထိ တူးသာပဲ.... လူတစ်ရပ်တောင် ကျော်မလားပဲ....ဘာတစိမှ မတွေ့ဘူးတော်ရေ "


ကြီးတော်ကျေး အိပ်ယာထဲ လဲတယ်ကြားတော့ တူ၊ တူမအရင်းတွေ ဒရောသောပါး လာပြုစုကြသည်။ ဆန်ပြုတ်ကလေး ဇွန်းခွံ့ရင်း သိုဝှက်ထာသည့်ပစ္စည်းတွေကို ချော့ချက်မေးကြ၏။ ကြီးတော်ကျေးကတော့ ဘူးခါမြဲ ခါသည်ဆို၏။ အရီးအေးမ ဆက်ပြောသော ကြီးတော်ကျေးအကြောင်းက စိတ်ဝင်စားစရာ။


" အရီးကျေးဆုံးမယ့်နေ့က ရွာဦးဆရာတော်ကျောင်းက ဦးပဉ္ဇင်းကလေးတစ်ပါးကို အခေါ်လွှတ်သယ်....ရွာကတော့ လူတွေကို မပေးခဲ့ချင်လို့ ဆရာတော်ကို လှူခဲ့လိမ့်မယ်လို့ တွက်ကြသာပေါ့.... ဒါကလည်း ကောင်းတဲ့ကိစ္စကိုး....အရီးကျေးက ဝေဒနာခံစားနေရပေမယ့် သတိတစ်ချက် အလစ်မခံဘူး....ကျုပ်တို့ဖြင့် ညည လူမမာသွားစောင့်အိပ်ကြရသာ ရက်တွေ မနည်းဘူး.... ဦးပဉ္ဇင်းကလေးကြွလာတော့ အရီကျေးက ဘုတ်အုပ်နဲ့ခဲတံ အယူခိုင်းသယ်....သူ့နှုတ်က ရွတ်သမျှ လိုက်မှတ်တော်မူပါဘုရားလို့ လျှောက်တော့ ဦးပဉ္ဇင်းက လိုက်မှတ်သယ်... လေသံတောင် ယဲ့ယဲ့ပဲ ကျန်တော့ရဲ့"


ဦးပဉ္ဇင်းလေးက ကြီးတော်ကျေး ဘဝကူးကောင်းစေရန် စိတ်မှချမ်းသာပါစေတော့ဆိုသည့် သဘောဖြင့် ကြီးတော်ကျေးအလိုကျ ဆောင်ရွက်ပေးတော်မူရှာပုံရပါသည်။ ကြီးတော်ကျေးက မျက်ဖြူကြီးလန်နေရင်းက မှာသည် ဆို၏။


" ဦးဇင်း ရေးပါဘုရား.ေ...တာင်အရပ်က မမှတ်ကြီး စောင်တစ်ထည်ဖိုး ငါးရာ....သင်တောရွာက မစံကျော် ပင်နီတစ်အုပ်က သုံးရာ.... ညောင်တိုရွာက မကြည်ခင် ထမီနှစ်ကွင်းက နှစ်ရာ.ြေ...မာက်ရွာက အေးပု တဘက်စောင်ဖိုး လေးရာ... သိမ်ရွာက .... "


ကြီးတော်ကျေးက သူ့ရက်ကန်းထည်ဖိုးနှင့် ငွေတိုးချ အကြွေးရစရာတွေ ရှိတာတွေ တန်းစီအရေးခိုင်းခဲ့သည်။ ထိုထိုသော ရရန်ရှိသမျှငွေအားလုံးကို ဦးပဉ္ဇင်းလေးက တာဝန်ခံတောင်းယူပြီး ရွာကျောင်းဆရာတော်ကို လှူဒါန်းပေးပါရန် မှာ၏။ ဦးပဉ္ဇင်းကလေးက ရေစက်ခွက်ကလေးတည်ကာ ရေစက်ချလှူဒါန်းစေပြီး တရားဟောတော့ ကြီးတော်ကျေးက ရေစက်ချလိုက်သေးသည်ဆိုပါ၏။


" မနက်ပိုင်း ရက်ကန်းကြွေး၊ ငွေတိုးကြွေးကလေးတွေ ရေစက်ချညနေဆုံးသာပဲ... ကြွေးတိုကြွေးစအကုန် သူ့မို မှတ်မိသတော်...အံ့ချက်တော့.... အိမ်ကြီးရော၊ ဝိုင်းကြီးရော ရောင်းပြီး ရွာကျိုးရပ်ကျိုးမှာ သုံးဖို့လည်း မှာခဲ့သတဲ့... အတွင်းပစ္စည်းဆိုတာများတော့ ဘုရားစူးတစ်ချက် ဟမသွားပေါင်တော် "


အရီးအေးစကားတွေကို နားထောင်ရင်းက ကြီးတော်ကျေး၏ပုံရိပ်တွေကို ကျွန်မမျက်စိထဲ မြင်ယောင်လာမိပါ၏။ ကျွန်မကို အိမ်ထောင်မပြုလေနဲ့ မှာခဲ့သော ကြီးတော်ကျေးခမျာ ဘကြီးဘအောင်ကို မကျွေးခဲ့ရုံတင်မဟုတ်။ သူ့ဟာသူလည်း တိတိပပ စားမသွားခဲ့ရှာပါ။


( ၅ )


ဆရာသိန်းဖေမြင့်၏ ငါ့လင်နှင့်ငါ့ငွေကို ဖတ်ပြီးတိုင်း အသက်နှင့်လဲ၍ ငွေကြေးဥစ္စာကို ကာကွယ်သွားခဲ့သော အရီးစိမ်းနှင့်ကြီးတော်ကျေးကို ကျွန်မ အမြဲတမ်း နှိုင်းယှဉ်ကြည့်မိသည်။ တစ်မျိုးစီတော့ တစ်မျိုးစီ။

ကြီးတော်ကျေးကတော့ ငါ့လင်နှင့်ငါ့ငွေကို လဲခဲ့သူတော့ မဟုတ်ရှာပါ။ ကြီးတော်ကျေးပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတွေကို သူတစ်ပါးအား မပေးရက်၊ မလှူရက်တာထား။ သူဆုံးပါးပြီးနောက်မှာတောင် ဘယ်သူ့ကိုမှ အသုံးမခံခဲ့သော စိတ်ကိုသာ ကျွန်မ အံ့သြမိရပါသည်။


နှစ်တွေကြာခဲ့ပြီဖြစ်သော်လည်း ကြီးတော်ကျေး၏ ရွှေငွေလက်ဝတ်လက်စားဆိုတာတွေကို ကနေ့အချိန်ထိ ဘယ်သူမှ မတွေ့ကြရသေးတာကတော့ ထူးဆန်းလှပါ၏။

အရီးစိမ်းရော ကြီးတော်ကျေးပါ ဘဝ၏နောက်ဆုံးအချိန်ထိ သူတို့စိတ်ခံစားမှုအတိုင်း မြဲမြဲမြံမြံ ရပ်တည်သွားခဲ့ကြသော မိန်းမရွတ်ကြီးတွေပါလားလို့လည်း ကျွန်မ တွေးမိရပါသည်။


တကယ်တော့ ဝတ္ထုထဲကဇာတ်ကောင်တွေဆိုတာကလည်း ကျွန်မတို့နှင့် လက်တကမ်းမှာ တကယ်ရှိနေကြသော ပကတိဘဝများ၏ နမိတ်ပုံတွေပဲမဟုတ်လား။

လောကထဲက ထွက်ခွာသွားရသည့်တိုင် သူတပါးကောင်းရာကောင်းကျိုး မထားရက်ခဲ့နိုင်သူတွေကလည်း ရှိနေကြတာပဲမဟုတ်ပါလား။


-----------------


#ခင်ခင်ထူး


ပိတောက်ပွင့်သစ်မဂ္ဂဇင်း

၂၀၀၈ နိုဝင်ဘာ။

(ရက်ကန်းလွန်း ဝတ္ထုတိုများ)


[ အဆွေတော် ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]



အရီးနှင့်ကြီးတော် #ခင်ခင်ထူး

#အရီးနှင့်ကြီးတော်


#ခင်ခင်ထူး


( ၁ )


''လွန်ခဲ့သည့် သီတင်းကျွတ်လတွင် ဦးကျောက်လုံးသည် ခေါင်းခဲ၍ အကြောအခြင်တွေ ကိုက်နေလေသည်။ ဦးကျောက်လုံးက အနှိပ်သည်ဆေးဆရာ ခေါ်ဖို့ ပြော၏။ အရီးစိမ်းက အမိန့်ကို မနာခံပဲ မိမိကိုယ်တိုင် နင်းနယ်ပေး၏။ ကွမ်းရွက်မျက်စဉ်းကို အတင်းခတ်သောကြောင့် ဦးကျောက်လုံးသည် ကုန်းအော်ရလေသည်။ ဆေးခါးကြီးတိုက်သဖြင့် ပျို့၍ပျို့၍သာ လာလေ၏။ အဖျားရောဂါလည်း အရီးစိမ်းအား ကြောက်သောကြောင့် မြန်စွာ ထွက်ပြေးလေ၏။


ဦးကျောက်လုံးသည် ကွမ်းရွက်စိမ်းနှင့် ဆေးခါးကြီးကို ကြောက်သောကြောင့် " နောင် တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှ မဖျားပါစေနဲ့ဗျာ " ဟု ဆုတောင်းမိလေ၏။ သို့ဖြင့် ပစ္စည်းရှိသောမယားမှ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းများကို ရှာဖွေသောဦးကျောက်လုံးသည် မိုးကုပ်စက်ဝိုင်းကို သွားသောသူကဲ့သို့ နီးမလိုလိုနှင့် ဝေးခဲ့ရလေသည်။။''


ကျွန်မကြည်ညိုလေးစားရသော ဆရာသိန်းဖေမြင့်၏စာတွေကို ဖတ်ရတိုင်း တိုတိုနှင့်ထိမိအောင် ရေးနိုင်စွမ်းသော ဆရာ့ပါရမီကို လေးစားရမြဲဖြစ်သည်။ ဆရာသိန်းဖေမြင့်၏ ''ငါ့လင်နှင့်ငါ့ငွေ'' ဝတ္ထုကို ဖတ်မိသည့်အခါတိုင်း ရွာက ကျွန်မ၏ ကြီးတော် ဒေါ်ကျေးကိုလည်း တဆက်တည်းလိုလို သတိရနေမိတတ်သည်။ ဆရာရေးပြသော အရီးစိမ်းဇာတ်ကောင်ဖွဲ့ ပီပြင်ပြောင်မြောက်သောကြောင့် ကျွန်မမှာ ကြီးတော်ကျေးနှင့် တူလိုက်လေခြင်းဟူ၍လည်း အမြဲအောက်မေ့နေမိပါသည်။


ဆရာ့ဇာတ်ကောင် အရီးစိမ်းသည် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသော်လည်း လင်သေမုဆိုးမတစ်ဦးဖြစ်သည်။ လယ်တော၊ ယာတော ဧကအတော်များများကို ပိုင်ဆိုင်သူုဖြစ်သည်။ တစ်ရွာတည်းနေ လူဆင်းရဲများကို သူ့ယာကထွက်သည့် ပဲပေး၊ နှမ်းပေး အကြွေးပေးတတ်သည်။ ငွေလိုသူတို့အဖို့ ငွေလိုလျှင် တစ်ဆယ်ကို တစ်ကျပ်တိုးဖြင့် ချေးငှားသောမြီရှင်လည်း ဖြစ်သည်။ ပေးစဉ်က အကြည်အသာပေးတတ်သော်လည်း အကြွေးတောင်းရာမှာတော့ လွန်စွာရက်စက်သူဖြစ်သည်။ ချေးထားသမျှ ငွေကြေး ပြန်မရဘူးဆိုလျှင်တော့ ကြွေးယူသူဆီက လှည်း၊ နွား၊ အိမ်တို့ကို သိမ်းလေ့ရှိသည်။


အရီးစိမ်း၏ခင်ပွန်း ဦးငှက်ကြီးနှင့် ပေါင်းသင်းခဲ့စဉ်က သားသမီး မရခဲ့။ ဦးငှက်ကြီးဆုံးပါး၍ တစ်ဦးတည်းနေရသည့်ဘဝမှာ အားကိုးအားထားပြုချင်၍ တစ်ပင်လဲမူ တစ်ပင်ထူချင်လှသော်လည်း သူပိုင်ပစ္စည်းဥစ္စာတွေ ထိပါးလာမှာ စိုးသဖြင့် မထူဖြစ်ခဲ့။ ထိုတစ်ချိန်တည်းမှာ တစ်ရွာတည်းနေ မုဆိုးဖိုကြီးဦးကျာက်လုံးသည်လည်း အသက်ငါးဆယ်အရွယ်ရှိသည့်တိုင် ဥပုင်သီတင်းစောင့်သွားရာတွင် ဗျတ်ရွက်မည့်သူ လိုသေး၏ဟု နှလုံးသွင်းထားသူ။


ထိုအခါ ပစ္စည်းဥစ္စာလည်းရှိ အရွယ်လည်းတော်သေးသည့် အရီးစိမ်းကို ရအောင်ပိုးယူပြီး အိုဇာတာကောင်းဖြင့် အသာစံဖို့ ကြံခဲ့၏။ သို့သော် တကယ်တမ်း အိမ်ထောင်ပြုဖြစ်ကြတာ့လည်း အရီစိမ်းက ထင်သလောက် ခရီးရောက်သူမဟုတ်။ ဦးကျောက်လုံးကို မသေရုံတမယ် ခိုင်းစေပြီး စေ့စေ့ကုတ်ကုတ် သုံးစေ၏။ အရီးစိမ်းကိုယ်တိုင်လည်း ထိုမူအတိုင်း ကျင့်သုံးသည်။ အရီးစိမ်းနှမြောလိုက်ပုံက ဦးကျောက်လုံးဖျားရာမှာပင် ရွာဆေးဆရာခေါ်မကုပဲ ကိုယ်တိုင် ဓာတ်ကြမ်းကိုင် ကုသခြင်းဖြင့် ဆေးဖိုးဝါးခ ချွေတာသူဖြစ်သည်။


တစ်ကြိမ်မှာတော့ ဦးကျောက်လုံး၏တူ ကံထိုက်က ငွေတစ်ရာချေးသည်ကို အရီးစိမ်းက ခါးခါးသီးသီး ပယ်ချလိုက်၏။ ကံထိုက်ကလည်း လူဆင်းရဲဘဝကို စိတ်နာနေရသည့်ကြားထဲ အရီးစိမ်း၏ နှမြောတွန့်တိုမှုကြောင့် အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ပိတ်အံ့ဆိုသည့်သဘောဖြင့် ဓားပြတိုက်ဖို့ ကြံစည်လေသည်။ ဓားပြတိုက်သည့်ညက အဖော်နှစ်ယောက်နှင့်အတူ အရီးစိမ်းအိမ်ကို ဝင်စီး၍ ဦးကျောက်လုံးကို ကြိုးနှင့်တုပ်ကာ အရီးစိမ်းကို ဓားနှင့် မိုးထားလေ၏။


အရီးစိမ်းကို ဓားဖြင့်ရွယ်ပြီး ငွေငါးထောင်တောင်းရာ အရီးစိမ်းက " တစ်ပြားမှ မရှိပါဘူး။ မပေးနိုင်ပါဘူး " ဟု တွင်တွင်ကြီး ငြင်းလေ၏။ ဓားပြကလည်း စုတ်ချွန်သောဓားဖြင့် တင်ပါးခွက်ကို စွက်ကနဲ ထိုးလေ၏။ အရီးစိမ်းက မရှိဘူးလို့ချည်း ဘူးခံနေ၏။ ထိုအခါ ဓားပြက တစ်ခြားတင်ပါးခွက်ကို ထပ်တွက်ပြန်လေ၏။ အရီးစိမ်းက သေပါပြီအော်ရုံကလွဲလို့ ခြူးတစ်ပြားမှ မထွက်။ ဓားပြက ဓားပြားဖြင့် ကျောကို တဖြန်းဖြန်းရိုက်၊ ဒူးဖြင့် ကျောကို တိုက်၊ ဓားရိုးဖြင့် နဖူးကို ခွပ်ကနဲ ဆောင့် စသည်ဖြင့် နည်းမျိုးစုံနှိပ်စက်နေ၍ မေ့သွားမလောက် နာကျင်လှသော်လည်း အရီးစိမ်းက တစ်ချက်ကလေးမှ ပေးစကား မဆို။


" ကဲ ... ဒင်း ... ဒီလောက်ရှိလှတာ သေပစေတော့....နှစ်ယောက်လုံး သတ်ပစ်မယ်...ကျောက်လုံးကို ဖမ်းခဲ... ငွေငါးထောင်ပေးမှ လွှတ်... မပေးရင် သတ်ပစ်...ဟဲ့ ... အကောင်ပုပ်မကြီး နင့်လင်သတ်ပစ်တာ ခံမလား....ငွေပေးမလား "


အခြေအနေက တင်းမာလာခဲ့သည်။ ငွေမထွက်လျှင် သတ်ပစ်မည်ဟု ဆိုနေပြီ။ သို့သော် အရီးစိမ်းကလည်း သတ်သော်မှ သတ်စေတော့။ ငွေတော့ အထိမခံ။ " ဦးကျောက်လုံးကို ဘာပဲလုပ်လုပ် ခံရုံပါပဲ။ ငွေတော့ မရှိဘူး " ဆိုကာ ငိုလေ၏။

အရီးစိမ်းက " လင်နှင့်ငွေ ဘယ်ဟာ အဖိုးတန်သလဲ။ လောကမှာ လင်ရှိလို့ ငွေရနိုင်တာ မဟုတ်ဘူး။ ငွေရှိရင် လင်လိုချင်သလောက် ရနိုင်တာပဲ။ ငါ့လင်နဲ့ငါ့ငွေ ငါ့ငွေက အဖိုးတန်တယ်။ ကျောက်လုံးကို သတ်ရုံမက မီးဖုတ်ပြီးစားစား " ဟု တွေးလေသည်။


မယား၏စိမ်းကားပုံကို ဦးကျောက်လုံးကိုယ်တိုင် ကြားရသည့်အခါ နာကျည်းလှစွာဖြင့် အရီးစိမ်းတွင် မြုပ်ထားသောငွေတွေရှိကြောင်း ဖော်လေတော့သည်။ ဓားပြတွေက ဖမ်းသွားပြီး ငွေမြှုပ်ထားသောနေရာကို အပြခိုင်းရာ လိမ်ပြောသဖြင့် ဓားပြများက ဓားဖြင့် မွှန်းပြန်လေ၏။


" အကျွန့်သတ်ချင်သတ် မပြောဘူး "


အရီးစိမ်းက တင်းမာစွာပြောပြီး ဓါးပြများအသတ်ကို ခံသွားခဲ့သည်။ ဆရာသိန်းဖေမြင့်၏ဝတ္ထုကို အကျဉ်းဖော်ပြခြင်းဖြစ်ပါသည်။ လောကတွင် ဒီလိုလူတွေလည်း ရှိပါလားဟု ကျွန်မ တွေးနေမိသည်။ ထူးဆန်းလှသည် မပြောသာသော်လည်း လူ့အသက်နှင့် လဲယူခဲ့သော လောဘစိတ်၊ တွန့်တိုစိတ်ကတော့ အမှတ်ထင်ထင် ရှိရပါသည်။


( ၂ )


ကြီးတော်ကျေးမှာ ကျွန်မအမေ၏ အစ်မဝမ်းကွဲဖြစ်သည်။ အရီးစိမ်းကဲ့သို့ပင် ပစ္စည်းရှိ မုဆိုးမတစ်ယောက်ဖြစ်ပြီး အရီးစိမ်းလိုပင် သားသမီးလည်း တစ်ကောင်တစ်မြည်းမှ မရှိ။ ကြီးတော်ကျေးသည် ရွာလယ်မှာ ခြံကြီးဝင်းကြီးနှင့် တစ်ဦးတည်း နေထိုင်ပါသည်။ ကျွန်မတို့ မြို့ရောက်ကြလို့ တစ်နှစ်တစ်ခါ ရွာပြန်တိုင်း တစ်ယောက်တည်းနေရှာသော ကြီးတော်ကျေးထံ မရောက်ရောက်အောင် အလည်သွားရမြဲ။ ကြီးတော်အိမ်မှာ ထမင်းစားမြဲ။ အလွန်နှမြောတတ်ရှာသူဆိုသော်လည်း မြို့ကရောက်လာသည့် တူမမို့ တကူးတက စားရခြင်းဖြစ်၏။


ရေနံချေးတွေမည်းနေသော နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးကိုပိုင်သော်လည်း ကြီးတော်က ထိုအိမ်ကြီးပေါ် ဘယ်တုန်းကမှ တက်မနေ။ အိမ်ကြီးနှင့်မလှမ်းမကမ်း ခြံထောင့်မှာ ရက်ကန်းတဲကလေးထိုးကာ နေခဲ့သည်ပင် နှစ်တွေကြာလှပြီ။ ရက်ကန်းတဲကလေးက တစ်ဖက်ရပ်သာသာ မြေစိုက်တဲကလေးဆိုတော့ ကြီးတော်ကျေး ခတ်သည့် ရက်ကန်းစင်ကလေးတစ်လုံးနှင့် ကွပ်ပျစ်တစ်လုံးစာ ချသာရုံပဲ ရှိသည်။ ထမင်းဟင်းချက်တော့ တဲဘေးမှာ ခပ်တိမ်တိမ်တူးထားသော မြေကျင်းကလေးထဲ ဆင်းချက်လေ့ရှိသည်။ ထမင်းဟင်းကျက်တော့ တဲထဲက ကွပ်ပျစ်ဘေးခင်းထားသော သစ်သားကြမ်းစားပွဲခုံကလေးပေါ် တင်ထားလိုက်သည်။ စားချင်တော့ ဇလုံကလေးထဲ ခူးထည့်ကာ ပုံစားသည်။


ရွာကိုရောက်လို့ ကြီးတော်ကျေးအိမ်သွားတိုင်း ဒီပုံစံက ပြောင်းလဲသွားသည်မရှိ။ ရွာကဆွေမျိုးတွေက ကျွန်မရွာရောက်တိုင်း ကြီးတော်ကျေးဆီ ဝင်ဖို့ တိုက်တွန်းကြသည်။


" တို့တော့ မစားရပေါင်အေ... နှမြာလိုက်တာလည်း လွန်ရော.... မိဘများထားခဲ့တဲ့ ရွှေတွေ ငွေတွေ နည်းရော့လား....ညည်း ချော့ချက်မေးကြည့်စမ်းဟဲ့ "

လို့ ပြောတတ်ကြသည်။ ကြီးတော်ကျေးကလည်း ဒါကို သိပုံရသည်။ ရကောင်းစေစကား တစ်စွန်းတစ်စမှ မထွက်။


" ကြီးတော်ကျေးရေ " လို့ ခြံဝက အသံပြုလိုက်လျှင် ယက်ကန်းတဲကလေးထဲက ပျာယီးပျာယာ ပြေးထွက်လာတတ်သည်။ ကျွန်မတို့လို တစ်မြို့တစ်ရွာရောက် တူသားနောင်မယ်တွေကိုတော့ မျှော်လည်း မျှော်၊ ချစ်လည်း ချစ်ရှာပါသည်။ သို့သော် ဒီ့ထက်တော့ တစ်လက်ဆွန်း တစ်လက်ဆုပ် လက်ရောက်ချင်သူမဟုတ်။


" မထူး ... ငါ့တူမ ဘယ်တုန်းက ရောက်တုန်း... ညည်းအမေ မပါဘူးလား... ကြီးတော် တလောက နေမကောင်းလိုက်သာအေ.... ပစ်ရပြီကို မှတ်သာ.ေ...သလို့ မဖြစ်သေးပါဘူးလေဆိုပြီး အသက်ပြန်လုထားရသာအေ့... သေမင်းနဲ့ လုရသာဆိုတော့ လက်ပန်းကို ကျကရော "


ကြီးတော်စကားကြောင့် ကျွန်မ ရယ်ရပါသည်။ ဘာဆေးမှလည်း ဝယ်သောက်မည့်သူမဟုတ်တာ ကျွန်မ သိသည်။ မဖျားမနာ ခံနိုင်ရိုးလား။ အင်္ကျီရယ်လို့ ဘယ်တော့မှ ဝတ်မထား။ လက်ဖြစ်ဖျင်ကြမ်းထမီ ရင်လျားကြီးနှင့် ဆီမလူးသော ပြောင်းဖူးမွှေးဆံပင်ငုတ်စိကို ဆံထုံးသေးသေးကလေး မရရအောင် ထုံးထားတတ်သည်။ အုန်းဆီဝယ်လူးဖို့ဆိုတာ ဝေးရော။


ကျွန်မတို့လို မြို့ရောက်ဆွေမျိုးဧည့်တွေ ရောက်သွားလျှင်တော့ ကြီးတော်ကျေးက သူပိုင်နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဘက် ဆွဲခေါ်သွားကာ ဧည့်ခံတတ်ရှာပါသည်။ အိမ်ကြီးက ကောင်းလှသော်လည်း ဖုန်ထူလေသည်။


" ထိုင် တော်....ရှင်ထူးထူးတို့ ညည်းကျောင်းဆရာလခ ဘယ်လောက်ရတုန်း....ငါ့တူမ ကိုယ့်လခ ကိုယ်စားဟဲ့... လင်မယူနဲ့... ငါက ယူကြည့်ဖူးလို့ ပြောသာ "


ပုဆိုးပိုင်းကြီးတစ်ထည်ဖြင့် ဖုန်ထုတက်နေသော တန်းလျားတွေ၊ စားပွဲတွေကို တဖြန်းဖြန်းရိုက်ခါရင်းက ပြောနေခြင်းဖြစ်သည်။


" ကြီးတော်ကလည်း မဟုတ်သေးပါဘူး...ကြီးတော်ကတော့ ယူပြီး ... "


" ဟဲ့ ငါက ယူပြီးလို့ ပြောသာ... ဘယ့်နှယ်အေ ကိုယ့်လုပ်စာ လင်ဖဲ့ကျွေးရမယ်လို့....ညည်းနှယ် အသားမပါလိုက်သာ .. "


ကျွန်မကတော့ ကြီးတော်ကို ပြုံးကြည့်နေလိုက်ပါသည်။ ဖုန်မစင်သေးသော ခုံတန်းလျားတစ်လုံးမှာ ဝင်ထိုင်လိုက်ရင်း မြို့လက်ဆောင်တွေကို ဖုန်ပေစားပွဲပေါ်မှာပဲ အသာချကာ ကန်တော့ရတော့သည်။ ဆုတွေကတော့ တသီကြီး ပေးရှာပါ၏။


" ဆုတော့ များများ ပေးနိုင်တယ်.... ပိုက်ဆံမကုန်ဘူးဟဲ့ "


ကျွန်မမှာ ရယ်နေရတော့သည်။ အမေ့ကိုလည်း မေးရှာပါသည်။ ကျွန်မက အမေ ရွာမလိုက်နိုင်ကြောင်း ပြောပြရ၏။


" ဟုတ်ရှာမှာပဲ...ငါ့ညီမက ငါ့ သိပ်ခင်သာ...ရွာမှာနေတုန်းက တို့က ပွဲကြည့်ဖက်၊ ပဲနုတ်ဖက်တွေကိုး အေရဲ့....ညည်းအမေက မြို့သူဖြစ်သွားတော့ ဝေးသွားကြသာပေါ့ .... "


ပါးစပ်ကလည်း အော်ကြီးအော်လောင်ပြောရင်း ရက်ကန်းတဲကလေးနှင့် နှစ်ထပ်ပျဉ်ထောင်အိမ် ဧည့်စားပွဲရှိရာ ကူးကယ်ခေါက်ကယ်ကူးရင်း ရှိတာနှင့် ဧည့်ခံသည်။ ရေနွေးလင်ပန်းကလေးချ၊ ရေနွေးမြည်းစရာ မြေပဲ၊ ထန်းလျက်ခဲ တောသရေစာကလေးချနှင့် တောက်တက်တောက်တက်လုပ်နေသော ကြီးတော်ကျေးကို ကျွန်မ ချစ်သည်။ အသက်ခုနှစ်ဆယ်ပျော့ပျော့ရှိသည်အထိ သွက်လက်ချက်ချာသူဖြစ်သည်။ အသက်အရွယ်ရပြီဆိုသော်လည်း တောနေတောထိုင်ပီပီ ဖိုသီဖတ်သီနိုင်လှပါသည်။ လူက ဖျောက်ဖျောက်ကလေးဆိုတော့ ချည်ကြိုချည်ကြား ယက်ကန်းလွန်းကလေး ပြေးနေသည့်နှယ် လွှားကနဲလွှားကနဲ မောသည်လို့လည်းမရှိ။


" ကြီးတော် အခု ရက်ကန်းရက်တုန်းပဲလား....နားပါဦးတော့ "


"ရက်ရပါသကော ငါ့တူမရယ်....မရက်လို့ ညည်းက ကျွေးမှာလား... ကြီးတော် ရက်ကန်းမှ မရက်ရင် ဘယ်ကငွေနဲ့ သွားစားမတုန်း    တို့ တောသူတောင်သားများ သေမှ အလုပ်ရပ်ရသာပါအေ...မလှုပ် မြုပ်ကရော "


ပြောင်းဖူးဖက်လိပ်ကြီး မေးငေါ့သောက်ရင်း ပြောနေသော ကြီးတော်ကျေးကိုကြည့်ရင်း ကျွန်မ သနားလည်း သနားသည်။ ကြီးတော်ကျေး ဒီလောက် လူအဆင်းရဲခံကာ အလုပ်လုပ်နေစရာမလိုမှန်း ကျွန်မသိပါသည်။ ဒီနှစ်ထပ်ပျဉ်ထောင်အိမ်ကြီး၏ ခေတ်ကာလတန်ဖိုးကပင် ကြီးတော်ချမ်းသာကြောင်း နိမိတ်ပုံမဟုတ်လား။ ရေနံရည်ဝနေသော ရှေးအိမ်ကြီးဖြစ်သည်။ နဖူးစည်းပန်းများပင် လှပဆဲ ရှိကြသေးသည်။ ကျွန်းတိုင်လုံးကြီးများကလည်း လူ့တစ်ဖက်စာလောက်ရှိသည်။ လေးပင်သုံးခန်းဆိုတော့ ကြီးလိုက်သမှ အပေါ်ထပ်တက်သည့် လှေကားကြီးကိုဖြုတ်ပြီး ခြံထောင့်က မန်ကျည်းပင်မှာ ထောင်ထားတာ တွေ့ရသည်။


ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအိမ်ကြီးအပေါ်ထပ်ကို ကြီးတော်ကိုယ်တိုင်ရော လူသူလေးပါးပါ မတက်ဖြစ်ကြသည်မှာ နှစ်တွေ ကြာရော့မည်။ အောက်ထပ်ကတော့ တောင်ဘက်နှင့်အနောက်ဘက်မှ ဝါးထရံများကာထားသော်လည်း ကျန်သည့်နှစ်ဖက်မှာတော့ ဟင်းလင်းဖွင့်ထားပါသည်။ အိမ်ရှေ့ဖိနပ်ချွတ်နှင့်နီးသော မြေပြင်ပေါ်မှာ သည်အတိုင်း ပစ်ထားသော တန်းလျားခုံနှစ်လုံးနှင့် စားပွဲတစ်လုံးသာ အိမ်ကြီး၏အဆောင်အယောင်အဖြစ် ငုတ်တုတ်ကြီး ရှိနေကြပါသည်။ ကြီးတော်ကျေးက ရှေးဟောင်းနှောင်းဖြစ်တွေကို ငိုတစ်လှည့် ရယ်တစ်ခါ ပါးစပ်ဖြင့် ဧည်ခံရှာ၏။ ကြီးတော်ကိုငေးကြည့်ရင်း အမေ မကြာမကြာပြောခဲ့ဖူးသော စကားကိုလည်း အမှတ်ရမိပါ၏။


" မမကျေးက ရက်ကန်းခတ်မှ စားရတဲ့ဘဝမျိုး မဟုတ်ပါဘူး သမီးရယ်။ တို့သိသလောက် သူ့မှာ ပစ္စည်းတွေ နည်းမှမနည်းတာ။ ဒါတွေ ထုခွဲရောင်းချစားရင်တောင် တစ်သက် စားကုန်နိုင်စရာ မရှိပေါင်အေ။ သူ့မေးတော့လည်း ဘာမှ မရှိတော့ပါဘူးအေလို့ချည်း ပြောနေတာ ကြားရတာပဲ။ ရွာကလည်း မယုံပါဘူး။ အမေလည်း မယုံဘူး "


ကျွန်မကတော့ ကြီးတော်ကျေးအကြောင်းတွေကို စိတ်ရောက်နေမိလေသည်။


( ဇာတ်သိမ်းဆက်ရန်) 👇👇👇



Wednesday, 27 February 2019

#သြော်_ဒါနဲ့စကားမစပ် #သုမောင် 🌿🌿မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို

#သြော်_ဒါနဲ့စကားမစပ်


#သုမောင်

 

 🌿🌿မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို


   သြော်… ဒါနဲ့ စကားမစပ်၊ ဒီတစ်ပတ်တော့လေ ကျွန်တော်စိတ်ကူးတယ်။ အနုပညာရေးရာတွေ ပြောလာတာလည်း လေးငါးဆယ်ပတ်လောက် ရှိပြီထင်ပါတယ်။ ဒီတစ်ပတ် အသံလွှင့်တဲ့အချိန်က မတ်လကုန်ပိုင်းဖြစ်မလား မသိဘူးပေါ့လေ။ မတ်လကုန်ပိုင်း ဧပြီလဆန်းနားနီးလာပြီဆိုတော့ သင်္ကြန်နားနီးလာပြီလို့ ပြောလို့ရပါတယ်။ ဖြစ်သင့်တာက အခုပြောမယ့် အကြောင်းအရာသည် သင်္ကြန်တွင်းမှာနှင့် ပိုပြီးကိုက်မယ်လို့ ထင်ပါတယ်။ သို့သော် သင်္ကြန်တွင်းကျတော့လည်း မန္တလေးအက်ဖ်အမ်အပါအဝင် ရေဒီယိုအသံလွှင့်ဌာနတွေ၊ မိုက်ကရိုဖုန်းက ထွက်လာသမျှ၊ စပီကာက ထွက်လာသမျှ ကိစ္စမှန်သမျှတွေဟာ သင်္ကြန်သီချင်းတွေနဲ့ပဲ လုံးလည်လိုက်နေကြတာဆိုတော့ ကျွန်တော်တို့လို ပညာပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာ ပြောကြ၊ ဆိုကြတဲ့ကိစ္စတွေဟာ သိပ်ပြီးတော့ နားဝင်စရာအကြောင်း မရှိပါဘူး။


   ကျွန်တော်ကိုယ်တိုင်လည်း ဖိုးသောကြာနောက်က ကောက်ကောက်ပါအောင် လိုက်ရပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော့်ခေတ်မှ မဟုတ်တော့ဘဲ။ သား သွားရာနောက်ကို လိုက်ရတဲ့ အဘိုးကြီးဖြစ်နေပြီကိုး။ ဆိုတော့ ကျွန်တော်တို့လို ကိုယ့်ရဲ့သောတရှင်ပရိသတ်ကို စကားဖြင့် ဗဟုသုတတွေ ပြောတဲ့ကိစ္စတွေဟာ ဒီလိုရာသီတော့ သိပ်ပြီးမကိုက်တော့ဘူး။ ဒါကြောင့် ကြိုကြိုတင်တင် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ယခုလို မတ်လကုန်ပိုင်း၊ ဧပြီလဆန်းပိုင်းမှာ လွှင့်ထုတ်တာ ကောင်းမယ်ထင်လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ကို သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်း၊ ဗဟုသုတလေးတွေကို ပြောမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။


   သင်္ကြန်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က ငယ်ငယ်တုန်းကဆိုရင် ရေလည်း မပက်တတ်ဘူးဗျ။ ရေလည်း အပက်မခံတတ်ဘူး။ သီချင်းဆိုဖို့ပြုဖို့ဆိုတာ ဝေးရော။ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ အိမ်ထဲ ကုပ်နေတာများတယ်။ အခုမှတော့ ရှက်စရာလည်း မလိုတော့ပါဘူး။ အရက်သောက်တတ်တုန်းကလည်း အိမ်ထဲထိုင်ပြီး အရက်သောက်နေတာပဲ။ သင်္ကြန်က ကျွန်တော့်စိတ်ထဲ ဘာမှ ထူးထူးခြားခြားမရှိလှပါဘူး။


   အဲဒါ ကံအကြောင်းတရားနဲ့ လမ်းချော်ပြီး အနုပညာသည်ဖြစ်၊ အဆိုတော်ဖြစ်တော့ သင်္ကြန်မှာ သီချင်းလေးဘာလေး ဆိုဖြစ်သွားတာ။ ဒီမှာလည်း ကျွန်တော်က ရိုးရိုးသာမန်သီချင်းဆိုတဲ့ အဆိုတော်ဘဝမှာ ရပ်တည်ခဲ့တာ။ မြန်မာအသံဓာတ်ပြားအဆိုတော်၊ မြန်မာသံသီချင်း ဆိုတဲ့ အဆိုတော်အဖြစ်နဲ့ပဲ အဲသလို ရိုးရိုးပဲ နေခဲ့တာပါ။


   သင်္ကြန်နဲ့ပတ်သက်လို့ ကျွန်တော်နဲ့သင်္ကြန် သွားပြီးတော့ ထိတွေ့မိပုံအကြောင်းက တော်တော်ထူးဆန်းပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်၊ အနှစ် ၂၀ လောက်က ကျွန်တော်ရယ်၊ မင်းသား ကိုနေအောင်ရယ်၊ ခင်သန်းနုရယ် 'နှောင်းရိပ်' ဆိုတဲ့ ဇာတ်ကားကို မန္တလေးမှာ သွားရိုက်တယ်။ သွားရိုက်တော့ မန္တလေးက ရီမြင့်ရုပ်ရှင်ကုမ္ပဏီမှာ သွားရိုက်ရတယ်။ အဲဒီတုန်းက သင်္ကြန်မတိုင်ခင်လေးပေါ့။ ဧပြီလဆန်းလောက်မှာပါ။ ကားရိုက်နေရင်းတန်းလန်းနဲ့ မန္တလေးမြို့မက ကျွန်တော်နဲ့ လာတွေ့တယ်။


   အဲဒီအချိန်အတောအတွင်းမှာ မန္တလေးက ကျွန်တော့်ရဲ့အသံတွေကို တော်တော် စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ သူတို့မန္တလေးသားတွေက ဒေသစွဲ၊ မန္တလေးအစွဲကြီးတယ်ဗျ။ ဒါ ကျွန်တော် ဗြောင်ပြောတာပါ။ ကျွန်တော်က မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ပြောနေလို့ဆိုပြီးတော့ မန္တလေးသားတွေဘက်က ဘက်လိုက်စရာအကြောင်း ဘာမှမရှိပါဘူး။ ကျွန်တော် မန္တလေးကို ချစ်ပါတယ်။ မန္တလေးသားတွေကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါပေမဲ့ မန္တလေးအက်ဖ်အမ်ကနေ ပြောတယ်ဆိုတော့ မန္တလေးသားတွေချည်း နားထောင်နေတာမဟုတ်ပါဘူး။ တစ်ပြည်လုံးက နားထောင်တာဆိုတော့ ယေဘုယျသဘော ပြောရမှာပေါ့။


   မန္တလေးသားတွေ မန္တလေးအစွဲအလမ်းကြီးတယ်၊ ဒေသစွဲကြီးတယ်၊ မန္တလေးသားဆိုတဲ့ အစွဲအလမ်းကြီးတယ်ဆိုတာ ကျွန်တော်မြင်တာက သူတို့က ဗမာသံပီတာ၊ လျှာသံအာသံပီတာ၊ ဗမာရုပ်ပေါက်တာကို ကြိုက်တာလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အောက်သားစစ်စစ်၊ ရန်ကုန်သားစစ်စစ်ဗျ။ ဘာကြောင့် မန္တလေးသားတွေ ကျွန်တော့်ကို ချစ်ကြကြိုက်ကြသလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး။ တကယ်လို့သာ မန္တလေးသားတွေ မန္တလေးအစွဲကြီးကြရိုးမှန်ရင် ငွေငန်းနဲ့ မန္တလေးမြို့မက ကျွန်တော့်ထက် ဇော်ဝမ်းကို ပိုပြီး စွဲကြရမှာပေါ့။ ဘာကြောင့် ဇော်ဝမ်းကိုကျော်ပြီး ကျွန်တော့်ကို ပိုပြီး ချစ်ကြသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပြီပေါ့။ ဒါ ကျွန်တော် မျှမျှတတပြောတဲ့ စကားပါ။

 ဆိုကြပါစို့ဗျာ။ မန္တလေး ရီမြင့်ရုပ်ရှင်က 'နှောင်းရိပ်'ဆိုတဲ့ ဇာတ်ကားရိုက်ဖို့ ကျွန်တော့်ကို ခေါ်တဲ့အခါကျတော့ မန္တလေးမှာ သွားရိုက်ဖြစ်တယ်။ မန္တလေးမြို့မကလည်း အဲဒီအချိန်မှာ ကျွန်တော်နဲ့ မန္တလေးမြို့မသီချင်းသုံးလေးခွေ သွင်းပြီးနေပြီ။ အသံနဲ့ ပတ်သက်ပြီးတော့လည်း မြို့မအဖွဲ့ကလည်း ကျွန်တော့ဆီလာတယ်။ တိုက်ဆိုင်ချင်တော့ ဘာဖြစ်သလဲဆိုရင် မန္တလေးနဲ့ ကျွန်တော်မငြိခင် နှစ်အတန်ကြာက သူတို့က ဘယ်သူနဲ့ တွဲခဲ့သလဲဆိုရင် မင်းသားကြီးဝင်းဦးပါ။ အထူးသဖြင့် မြို့မနဲ့ မန္တလေးသင်္ကြန်မှာ ညစဉ် ညတိုင်းလှည့်တဲ့ ငွေငန်း မော်တော်ကားကြီး အလှပြကားကြီးနဲ့က မင်းသားကြီးဝင်းဦး။ လူကလည်း လူချော၊ အသံကလည်း ကောင်း၊ မြန်မာသံကလည်း ပီသ၊ အဲဒီခေတ်က ဝင်းဦးနဲ့ မန္တလေးသင်္ကြန် ၁၀ နှစ်တိတိ တွဲခဲ့တယ်။ ကိုဝင်းဦးကလည်း စာထဲမှာ ရေးခဲ့ပါတယ်။ ၁၀ စုနှစ် မန္တလေးသင်္ကြန်ဆိုပြီး သူ့ရဲ့ဆောင်းပါးပေါင်းချုပ်မှာ ရေးခဲ့ပါတယ်။


   သူ့တစ်ခေတ်ပြီးတော့ ငွေငန်းက မန္တလေးမှာ မလှည့်ဖြစ်တော့ဘဲနဲ့ ရပ်နေတာ တော်တော်ကြာသွားတယ်။ ဖြစ်ချင်တော့ ကျွန်တော် နှောင်းရိပ်သွားရိုက်တဲ့ကာလအတောအတွင်းမှာ ငွေငန်းပြန်လှည့်မယ့်နှစ်နဲ့ ကြုံပါတယ်။ ကျွန်တော့်ကို လာတွေ့ရင်းနဲ့ 'ဗိုလ်သုရေ' တဲ့။ သူတို့က ချစ်ရင် ဗိုလ်သုလို့ ခေါ်ပါတယ်။


   "ဗိုလ်သုရေ… ကျွန်တော်တို့ ငွေငန်းပြန်လှည့်မယ် စိတ်ကူးတယ်။ ခင်ဗျား ဒီနှစ် ငွေငန်းပေါ် တက်မလား"


   တဲ့။ ကျွန်တော်ကလည်း -


   "အေးဗျာ၊ တက်မယ်ဗျာ။ အဆင်ပြေပါတယ်" လို့။


   "ဒါဆိုရင် ခင်ဗျား ကားရိုက်ပြီးရင် ရန်ကုန်မပြန်နဲ့တော့ဗျာ"

တဲ့။


   " မန္တလေးမှာပဲ နေလိုက်တော့။ ကျွန်တော်တို့ တာဝန်ယူတယ်"


   "ဟာ… နေတာပေါ့ဗျာ"


   လို့။ အဲသလိုနဲ့ ကျွန်တော် ငွေငန်းနဲ့ မတော်တဆတိုက်ဆိုင်သွားတာပါ။


   ကျွန်တော်လည်း စွဲသွားတယ်။ စွဲသွားတယ်ဆိုတာ အကြောင်းရှိတယ်ဗျ။ ဒီ ငွေငန်းကားကြီးက ဖိတ်ထားတဲ့အိမ်တွေ၊ ပွဲရုံတွေဆီကို တစ်ညလုံးလှည့်ရပါတယ်။ ကျွန်တော်တို့က ငွေငန်းနဲ့လှည့်ပြီဆိုရင် မြို့မအသင်းတိုက်ကနေ ညနေ ငါးနာရီ စထွက်ထွက်ချင်း မန္တလေး မဟာမုနိ ဘုရားကြီးကို ဦးတိုက်တယ်။ ရှိခိုးတယ်။ သီချင်းနဲ့ ကန်တော့ပန်းဆင်တယ်။ အဲဒီနားမှာ ပရိသတ်ကို ဖျော်ဖြေပေးတယ်။ ပြီးရင် မန္တလေးကျုံးကြီးဘေးက မြို့တော်ဝန်မဏ္ဍပ်မှာ မြို့မငွေငန်းအဖွဲ့နဲ့ ရှေ့ဆုံးကနေ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ ကျွန်တော်က အဲဒီမှာ မြူမှောင်ဝေကင်းဆိုတဲ့ ရေခင်းသံလေးနဲ့ ဖွင့်ပြီးတော့ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ သိပ်ပြီးတော့ ကြူးနူးစရာကောင်းတယ်။ မိန်းမပျိုလေးတွေကလည်း သောင်းချီပြီးတော့ တူညီဝတ်စုံလေးတွေဝတ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကကြတာပေါ့။


   ပြီးတော့မှ ဖိတ်ထားတဲ့ မဏ္ဍပ်တွေ၊ ဝန်ကြီးဌာနမဏ္ဍပ်တွေ၊ အပျော်တမ်းမဏ္ဍပ်တွေ၊ ဒီခေတ်ဆိုတော့ စပွန်ဆာပေါ့နော်။ စီးကရက်တို့၊ အရက်တို့လည်း ပါတာပေါ့လေ။ အဲဒီမဏ္ဍပ်တွေရော၊ ပွဲရုံတွေရောပဲ။ တစ်ညလုံး လှည့်ရတာ။ နောက်တစ်နေ့မနက် ကိုးနာရီ၊ ၁၀ နာရီထိ ရောက်ရောပဲ။ အဲ… လှည့်ပြီးတော့ ဖိတ်ထားတဲ့ အိမ်တွေဆိုလည်း မိသားစုပဲ ထွက်နားထောင်တာ။ ရပ်ကွက်ထဲက ဖြောက်ဖြောက်ဖြောက်ဖြောက်ပေါ့လေ။ အဲဒါလည်း ကျွန်တော်တို့က လူစေ့အောင် ဆိုတာပဲ။ အဲဒီမနက် မိုးလင်း ကိုးနာရီ ၁၀ နာရီထိ။ အဲဒါက သင်္ကြန်လေးရက်ဆို လေးရက်စလုံး၊ ငါးရက်ဆို ငါးရက်စလုံး ညနေ ငါးနာရီလောက်က ထွက်တာ။ နောက်နေ့ မနက် ကိုးနာရီ ၁၀ နာရီထိ မနားတမ်း ကားပေါ်မှာပဲ ထိုင်ပြီး ငုတ်တုတ် ဖျော်ဖြေကြတာ။


   အဲဒါကိုလည်း ပင်ပန်းရကောင်းမှန်းမသိဘဲနဲ့ လှည့်ကြတာ။ သိပ်ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း ကောင်းတယ်။ စိတ်ထဲမှာ ပီတိဖြစ်တာက စောစောကပြောတဲ့ မြို့တော်ဝန်မဏ္ဍပ်အဝင် 'တယ် တယ် တယ့် တယ့် တယ် တယ် ဗြောင် ပလုတ် ပလုတ် ပလုတ်တုတ် ဒုန်' ဆိုတဲ့ ရေခင်းသံလေးနဲ့ မဏ္ဍပ်ပေါ်ကရော၊ အောက်ကကော မြူမှောင်ဝေကင်းဆိုနေချိန်မှာ အကုန်လုံးက ငြိမ်ကပြီး မိန်းမပျိုလေးတွေက တူညီဝတ်စုံဝတ်ပြီး သောင်းနဲ့ချီပြီး ပိတောက်ပန်းလေးတွေနဲ့ ငြိမ့်ငြိမ့် ညောင်းညောင်းကနေတာ ကြက်သီးကို ထတယ်ဗျာ။


   ကျွန်တော်က ငွေငန်းကားပေါ်မှာ မတ်တတ်ရပ်ပြီး ကျုံးဘက်က ဆည်းဆာလေးလေးကလည်း တိုက်၊ တိုက်ပုံနဲ့ ပိုးပုဆိုးကလည်း အလွင့်၊ ဟိုမှာ ကနေသူလေးတွေရဲ့ ဆံပင်တွေကလည်း လွင့်၊ တီးလုံးကလည်းငြိမ့်ညောင်း၊ ကားကြီးကလည်း လိမ့်လိမ့်နဲ့ ဖြည်းဖြည်းချင်း တကယ် ကြက်သီးထတယ်ဗျာ။ အခု ပြောနေရင်းတောင် ကြက်သီးထတယ်ဗျာ။ အဲဒီလို အရသာကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မရှိဘူးထင်တာပဲဗျာ။ ကျွန်တော် ရန်ကုန်သားပါ။ ရန်ကုန်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမြင်ကွင်းဟာ မန္တလေးမှာပဲရှိနိုင်တဲ့ အရသာပါပဲ။

စကားမစပ် ပြောရရင်လေ ဝမ်းနည်းစရာကလေး…။ အခုနောက်ပိုင်းကျတော့လည်း မန္တလေးမှာ အဲဒီဟာလေးတစ်ချက်ပဲ ရှိပါတော့တယ်။ ကျန်တာတော့ ရန်ကုန်ထက်တောင် သောင်းကျန်းတယ်ဗျာ။ မန္တလေးလည်း ဆိုးလာနေပါပြီဗျာ။ ကျုံးပတ်လည်မှာလေ ရက်ပ်တွေ၊ ဟစ်ဟေ့ပ်တွေနဲ့ တော်တော်ဆိုးနေပါပြီဗျာ။ အခု အဘိုးကြီး အသက်အရွယ်ရောက်လို့မို့ ပြောရတာမဟုတ်ပါဘူးဗျာ။ ရန်ကုန်ထက်တောင် ဆိုးနေပါပြီဗျာ။ ရန်ကုန် မြို့တော်ဝန်သင်္ကြန်ကမှ နည်းနည်းတော်သေးတယ်။ နည်းနည်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိသေးတယ်။ ဗြောင်ပြောရရင် ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်မြန်မာ့ဂုဏ်သင်္ကြန်စစ်စစ်ကို ကြည့်ချင်ရင် နိုင်ငံခြားသွားကြည့်ရတယ်ဗျ။ စင်ကာပူတို့၊ မလေးရှားတို့မှာလေ၊ တကယ့်ကို ဆိုင်းကြီးဝိုင်းကြီးနဲ့ မဏ္ဍပ်စစ်စစ်၊ ရိုးရာအဝတ်အစားစစ်စစ်နဲ့ ကတာပြုတာ ဆိုတာကလေ။ ကာရာအိုကေနဲ့ဗျာ။ နိုင်ငံခြားမှာပဲ ရှိတော့တယ်ဗျာ။ ဒီအတွက်တော့ စိတ်မကောင်းဘူး။


   ကဲ… ထားပါတော့လေ။ ပြောစရာရှိတာလေး ပြောရအောင်။ အဲဒီလို မြူမှောင်ဝေကင်းနဲ့ဆို၊ တစ်ချိန်တုန်းကပေါ့လေ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ငွေငန်းနဲ့လှည့်တာ ၁၄-၅ နှစ်လောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့လေ ကျွန်တော့်လည်း အသက်ကလေးကလည်း ရလာ၊ နောက်က လက်ချိတ်မယ့်၊ ကျွန်တော့်နဲ့လည်း အသံထပ်တူတဲ့ ကျွန်တော့်သား ဖိုးသောကြာက အရွယ်ရော၊ ငယ်ဂုဏ်ရော၊ သူ့ကိုလည်း မန္တလေးရွှေမန်းပရိသတ်က လက်ခံလာကြပြီဆိုတော့ လွှဲပေးရတာပေါ့။ သားက တစ်လှည့်၊ နောက်က ဆက်ပြီပေါ့နော်။ ကျွန်တော်က ဇာတ်ရံပေါ့။ ဒါကြောင့် သူ့ကိုရှေ့ကထားပြီး ကျွန်တော်က နောက်က လိုက်ရတာပေါ့။ လူကြီးပိုင်းအနေနဲ့နေပြီး တချို့မဏ္ဍပ်တွေလောက်ပဲ ဆိုရတာပေါ့။


   အဲဒီ ၁၄ နှစ်ကာလမှာ ပထမပိုင်းမှာ ဘာတွေ ချစ်စရာကောင်းသလဲဆိုတော့ တချို့မဏ္ဍပ်တွေရောက်တဲ့အခါ၊ ဖိတ်ထားတဲ့ အိမ်ရှေ့တွေရောက်တဲ့အခါ၊ ကျွန်တော်က ငွေငန်းကားကြီးပေါ်က ဆိုတဲ့အခါ မဏ္ဍပ်ပေါ်က မိန်းမပျိုလေးတွေက ငြိမ့်ငြိမ့်ညောင်းညောင်း ကတယ်။ ပြီးတော့ အဲဒီမိန်းမပျိုလေးတွေက မဏ္ဍပ်ပေါ်က လှေကားအတိုင်း ဆင်းလာပြီးတော့ ဒီငွေငန်းကားကြီးကို ပတ်ပြီး ကကြပြန်တာဗျ။ ကတဲ့အခါမှာ ထဘီအနားလေးကို ခတ်ခတ်ပြီး ကတယ်။ ထဘီအနားခတ်ကတဲ့အခါမှာ ခြေသလုံးသားလေးတွေက လက်ခနဲ လက်ခနဲ ပေါ်တာ။


   အဲဒါ ကျွန်တော် ပြောပြမယ်။ ခြေသလုံးပေါ်တာ နှစ်မျိုးရှိတယ်။ ဒီနေ့ မိန်းမပျိုလေးတွေ စကတ်ကွဲဝတ်တော့ ဘတ်စ်ကားပေါ်တက်ရင် ခြေသလုံး လှစ်ခနဲ့ပေါ်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဘိုးကြီးတွေအပါအဝင် ယောက်ျားသားတွေကြည့်တော့ ပြစ်မှားတယ်ပေါ့။ ဒါ မရိုင်းပါဘူး။ အမှန်အတိုင်း ပြောတာပါ။ မိန်းကလေးတွေ ခြေသလုံးသားပေါ်တော့ ကြည့်မိတယ်။ ဒါဟာ ပြစ်မှားတာပေါ့နော်။ မရိုင်းပါဘူးနော်။ အဲသလို ပြစ်မှားတာနဲ့ စောစောက ပြောတဲ့ မိန်းမပျိုလေးတွေ ထဘီအနားခတ်ပြီး ကလိုက်တော့ ဝင်းခနဲပေါ်တဲ့ ခြေသလုံးကို မြင်ရတဲ့အခါမှာ ကြည့်လို့ကောင်းတာ မတူဘူး။


   လှစ်ခနဲပေါ်လို့ ရွှေခြေချင်းလေးတွေ ဖျပ်ခနဲ အရောင်တောက်သွားတာ အဲဒီလိုမြင်ရတဲ့ ခြေသလုံးသားလေးတွေကို မပြစ်မှားတော့ဘူးဗျ။ ကြည့်ကောင်းတယ်။ ခြေသလုံးပေါ်တာချင်းအတူတူ ကြည့်ကောင်းသွားတယ်။ မပြစ်မှားတော့ဘူး။ အဲဒါ ယဉ်ကျေးမှုပဲ။ ပေါ်တာချင်းအတူတူ ပြစ်မှားလို့ရတာ ရှိတယ်။ ပြစ်မှားလို့မရတာ ရှိတယ်။ အဲဒါ ယဉ်ကျေးမှု ကွာသွားတာ။ ကျွန်တော်က ယဉ်ကျေးမှုပြောနေတာဆိုတော့ ယဉ်ကျေးမှုပါလာပြီနော်။


   အဲဒီမယ် တချို့နေရာတွေကျတော့ ဘာထပ်တွေ့ရပြန်သလဲဆိုရင် ဆိုပါစို့ဗျာ။ ဆီစက်၊ မန္တလေးက ဆီစက်၊ ထိုးမုန့်ပေါ့ဗျာ။ ထိုးမုန့်ဆိုင်တစ်ဆိုင်က ဖိတ်လို့ ငွေငန်းကြီးကြွပါဆိုတော့ သွားတော့ အဲဒီ ထိုးမုန့်ဆိုင်ကတော့ ထုံးစံအတိုင်း ထိုးမုန့်ဆိုင်ပိုင်ရှင် အဘိုးကြီး၊ အဘွားကြီးတွေ မိသားစုဆယ့်လေးငါးယောက် ထွက်ကြည့်ကြတယ်ပေါ့။ အနီးအနားတစ်ဝိုက်က လူလေးငါးယောက်၊ လူလေးငါးဆယ် ထွက်ကြည့်ကြတော့ ငွေငန်းကြီးကို အုံလာတာပေါ့ဗျာ။ 'လေးလေးသုမောင် ဘာသီချင်းဆိုပြပါ'။ ကျွန်တော်ကလည်း ဆိုပြတယ်။ ဆိုတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အသက် ငါးဆယ်၊ ခြောက်ဆယ် ဦးဝင်းဦးရဲ့ပရိသတ်တွေပေါ့ဗျာ။ တစ်ချိန်တုန်းကတော့ အပျိုတွေပေါ့။


   ကျွန်တော် ဆိုတဲ့အချိန်ကျတော့ အဘွားကြီးတွေပေါ့ဗျာ။ အသက်လေးငါးဆယ်တန်းတွေပေါ့ဗျာ။ ဟောဗျာ… ဘယ်အချိန်က ကောက်စွပ်လာသလဲ မသိဘူး၊ ရွှေခြေချင်းကြီးတွေနဲ့ပေါ့။ ငွေငန်းကားကို ပတ်ပြီးတော့ သူငယ်ပြန်တာ။ ကလိုက်ကြတာ။ ဒီအပေါ်က သုမောင်ကလည်း အဲဒီအချိန်တုန်းက ၂၀ ကျော်၊ ၃၀ ပေါ့နော်။ အဘွားကြီးတွေ ရှိတဲ့နေရာကို အောက်ကို မိုက်ကရိုဖုန်းကြိုး လျှော့ချပြီးတော့ ငွေငန်းကားပေါ်က ဆင်း၊ အဘွားကြီးတွေကို ဖက်နမ်း၊ သီချင်းဆို၊ သုမောင် နှာခေါင်းကလည်း သန့်ရှင်းတယ်ဗျာ။ သနပ်ခါးအဖွေးသား လိမ်းထားတဲ့ ဒီအဘွားကြီးတွေရဲ့ ပါးကလည်း သန့်ရှင်း။ တူနဲ့ အဒေါ်နဲ့ သန့်ရှင်းတဲ့အနမ်းတွေ… အဲဒါ ခုနောက်ပိုင်း မရှိတော့ဘူး။ ခုတော့ သုမောင် နမ်းချင်လို့ ဒီအဘွားကြီးတွေ ရှာတော့ မရှိရှာကြတော့ဘူး။


   အခုရှိနေတဲ့ မိန်းကလေးတွေကလည်း ဘယ်ရောက်သွားကြသလဲဆိုတော့ ကျုံးနံဘေးမှာ အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာ အဲဒီမှာ သွားအုံနေကြတယ်။ ၀ုန်းဒိုင်းကိုကြဲလို့။

   ကောင်းပြီ။ ၀ုန်းဒိုင်းကြဲတယ်။ ဒီသုမောင်ကြီးက တစ်ယူသန်၊ တစ်ဖက်သတ် မျိုးချစ်ကြီးလား။ အဲသလို အကောင်းစားလား လို့ဆိုရင် အဲသလိုမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလိုက် ၀ုန်းဒိုင်းကြဲတာ ကြဲရပါတယ်။ သင်္ကြန်မို့လို့ ပျော်တာပဲ။ အပြစ်မမြင်ပါဘူး။ တစ်ခုတော့ ရှိတယ်ဗျ။ တစ်ခါတလေကျတော့ ငွေငန်းကားပေါ်ကနေ လှည့်ပြီး ကြည့်လိုက်တော့လေ ဂျစ်ကားကို ထုရိုက်၊ ဆူညံသောက်စား၊ သောက်စားတယ်ဆိုတာကလည်း ယောက်ျားလေးတွေ သောက်စားတာ အပြစ်မပြောပါဘူး။ ဘယ်ပြောမလဲ။ သုမောင်ကြီးကလည်း သောက်ထားတာကိုး။ တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်၊ လည်ကတုံးနဲ့ စိန်ပေါက်နဲ့ ၀တ်ပြီး ကုလားထိုင်အောက်မှာက အရက်ပုလင်းနဲ့၊ ခွက်ပုန်း ချထားတာကိုးဗျာ့။ ကလေးတွေကို အပြစ်မြင်လို့ ဘယ်ရမတုံး။

 သို့သော်လည်းဗျာ… သုမောင်ကြီးမှာက သားသမီးလေးယောက်၊ နှစ်ယောက်က အထီး၊ နှစ်ယောက်က အမ၊ အဲဒါကျတော့ ခွဲမြင်ရတယ်ဗျ။ ကိုယ့်မှာလည်း သမီးတွေရှိတော့ ကျွန်တော့်သမီးအရွယ်လေးတွေနော်။ အပေါ်က ဘရာစီယာလောက်၊ အောက်က ဆပ်ဆမိုင်တာလောက် အဝတ်အစားလေးတွေနဲ့ မော်တော်ကားလမ်းပေါ်မှာဗျာ ပက်လက်လန်မူးနေတာကျတော့ မကောင်းဘူးပေါ့နော်။ တစ်ခုတော့ရှိတယ်။ မိန်းကလေး အရက်သောက်တာ ကိုရီးယားကားထဲမှာလည်း သောက်တာပဲ၊ ဂျပန်ကားထဲမှာလည်း သောက်တာပဲဆိုပြီး အဲဒါကို အတုခိုးလို့ဆိုရင် သုမောင်ကြီး ဘာမှမပြောနိုင်ပါဘူး။ သောက်ပါ။ ဟိုတယ်မှာ သွားသောက်ပေါ့။ ကိုယ့်အိမ်မှာ မိဘက ခွင့်ပြုရင် သောက်ကြပေါ့။ လမ်းပေါ်တော့ မသောက်ကြပါနဲ့။ ကောင်းပါပြီ။ လမ်းပေါ် သောက်ချင်ရင် အင်္ဂလိပ်နှစ်သစ်ကူး သောက်ပါ။ မြန်မာနှစ်သစ်ကူးမှာတော့ မသောက်ကြပါနဲ့။


   ဘိုနှစ်သစ်ကူးက သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တယ်ဗျ။ မြန်မာနှစ်သစ်ကူးက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆိုင်တယ်ဗျ။ အဲဒါလေးတစ်ခုတော့ ခွဲသိပေါ့။ မြန်မာတွေဖြစ်ပေမဲ့ အင်တာနေရှင်နယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်တဲ့ အတွက် ဘိုနှစ်သစ်ကူးမှာ သောက်ချင်သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးနဲ့တော့ မရောယှက်ပါနဲ့။ အဲဒါလေး ခွဲနိုင်ရင် သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးမှာ သိကြားမင်းက ပုရပိုက်နဲ့ စောင့်ကြည့်နေစဉ်မှာ လမ်းပေါ်မှာ မလုံ့တလုံအဝတ်အစားနဲ့ ပက်လက်လန်လဲနေတာ မကောင်းပါဘူး။ မိန်းကလေးတွေ အဲဒါတော့ စကားမစပ် ကြားဖြတ် ပြောပါရစေနော်။


   ကောင်းပါပြီ။ ကဲ… အဲသလို ဝုန်းဒိုင်းကြဲနေတဲ့ကြားကပဲ ချစ်စရာကောင်းတဲ့ဟာလေးတွေလည်း ရှိပါတယ်။ စောစောကပြောတဲ့ အရက်တို့၊ ဘီယာတို့၊ စီးကရက်တို့ စသည်ဖြင့် တခြားကြော်ငြာတွေလည်း ရှိပါတယ်။ ကျုံးဘေးမှာ။ အဲဒီကြော်ငြာမဏ္ဍပ်တွေမှာ အရက်တွေကမူး၊ ဂျစ်ကားကို ထုရိုက်၊ ဂျစ်ကားမှ မဟုတ်ပါဘူး။ ပိုက်ဆံရှိသားသမီးတွေကလည်း ကားအကောင်းကြီးတွေ ထုရိုက်ပြီး တုတ်တွေ၊ သံတုတ်တွေနဲ့ ဝုန်းဒိုင်းကြဲ ပေါက်ကွဲ၊ အပေါ်ကလည်း ဝုန်းဒိုင်းဆူညံ၊ နားပေါက်ကွဲမတတ် ဆူညံနေတော့ ဒီကငွေငန်းကားကြီး ခပ်လှမ်းလှမ်းက ရပ်ရတယ်။ အဲဒီမဏ္ဍပ်ရှေ့ ဖြတ်မှာကိုး။ ဒီတော့ စိတ်က ပူရတာပေါ့။ မြူမှောင်ဝေကင်း ရေခင်းသံက အားကငယ်၊ ဒီဆူညံကြားထဲ ဘယ်လိုဝင်ရမလဲ။ ကြောက်ကလည်း ကြောက်၊ သို့သော် ဒီဆူညံအော်ဟစ်ပေါက်ကွဲနေသော ကလေးများသည် ပေါ့ပ်၊ ပန့်ခ်ခေတ် နားသန်သီးနဲ့၊ ဆွဲကြိုးပုံစံအမျိုးမျိုး ဆံပင်တစ်ဖက် ရိတ်၊ တစ်ဖက် အရောင်ဆိုးထားသော ကလေးများသည် ပုံစံ (Form) အရကတော့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ ဟစ်ပီ Type ဖြစ်ပေမဲ့လို့ သင်းတို့ကလေးတွေ၊ သူတို့ကလေးတွေရဲ့ရင်ထဲမှာ ဘာရှိသလဲဆိုတော့ မြန်မာဆိုတဲ့ စိတ်ကလေးရှိတယ်ဆိုတာကို သွားတွေ့ရတယ်။ ဘာနဲ့သွားတွေ့ရသလဲဆိုတော့ စောစောကပြောတဲ့ မြူမှောင်ဝေကင်း ဆိုတဲ့ ကြိုးသီချင်းကြီးကို ဟောဒီငွေငန်းပေါ်ကနေ စလည်းစရော၊ ဒီငွေငန်းကားပေါ်က လူတစ်ရပ်စာရှိတဲ့ စပီကာကြီးတွေက မြူမှောင်ဝေကင်းဆိုတဲ့ သုမောင်အသံလည်း ထွက်ကောဗျာ။ မော်တော်ယာဉ်ရဲ မလိုဘူးဗျ။ လက်အပတ်တွေနဲ့ ပုဂ္ဂိုလ်တွေ မလိုဘူးဗျ။ မော်တော်ကားငွေငန်းကြီး သွားလို့ရအောင် သူတို့ဘာသာ လမ်းရှင်းပြီးတော့လေ၊ လက်အုပ်လေးတွေချီပြီးတော့ ငြိမ်ကျသွားတယ်ဗျ။ မယုံမရှိပါနဲ့။ ကဲ… သုမောင်ကြီး ဆိုထားတဲ့ မြူမှောင်ဝေကင်း။


မြူမှောင်ဝေကင်း----------


[ အဝေးရောက်မြို့သာသား ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


#သြော်_ဒါနဲ့စကားမစပ် #သုမောင် 🌿🌿မြူမှောင်ဝေကင်း

#သြော်_ဒါနဲ့စကားမစပ်


#သုမောင်


 🌿🌿မြူမှောင်ဝေကင်း


(မြူမှောင်ဝေကင်း… ငွေအဆင်းဆန္ဒ… ညီဘောင်…တိုင်းမြန်ပြည်…ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ… အေးစေကြောင်း လောင်းတဲ့လုံမေ…ထူးထူးကဲကဲ လှကြပါစေ)၂


   အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြမမေ့ရက်နိုင်လေ… အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ…ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြ မမေ့ရက်နိုင်ပေ…


   သင်းပျံ့ပေ ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…


   ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…


   ကောင်းပါပြီ။ အဲဒီလို ရေခင်းသံနဲ့ မြူမှောင်ဝေကင်းဆိုသွားတဲ့ ငွေငန်းကားကြီးဖြတ်သွားတော့ စောစောက မူးယစ်သောင်းကျန်းနေတဲ့ ကလေးတွေက ဘာအော်တယ်ထင်ပါသလဲ။ ပြိုင်တူနော်။ မတိုင်ပင်ဘဲနဲ့ စောစောက ကလေးတွေက အော်တယ်ဗျ။


   "မြို့မအသင်းကြီး ကျန်းမာပါစေ။ ငွေငန်းယာဉ်ကြီး ကျန်းမာပါစေ။ လေးလေးသုမောင်ကြီး ကျန်းမာပါစေ"လို့ အော်တယ်ဗျ။ အော်လည်းပြီးရော ငွေငန်းကြီးဖြတ်သွားလို့ ငွေငန်းကြီးနောက်မြီးလည်း ဆုံးရော ပြန်ပြီးတော့ ဝုန်းဒိုင်းကြဲတော့တာပါပဲ။ အဲဒါဟာ ရင်ထဲမှာ ယဉ်ကျေးမှုရှိတယ်ဆိုတာကို ပြတယ်။ အပေါ်က အကာက အင်တာနေရှင်နယ်ခေါ်တဲ့ ဟစ်ပီတိုက် ဖုံးထားပေမဲ့ အရိုးပေါ်အရွက်မဖုံးဘူးဆိုတာ ဒါကိုပြတာ။


   ဒါက ကျွန်တော် လူငယ်တွေကို စည်းရုံးနေတာ မဟုတ်ပါဘူး။ တကယ့်အရှိကို ပြောတာ။ လူငယ်တွေကို အရမ်းစည်းရုံးလို့ မရဘူးနော်။ ဒါ ကျွန်တော် သိထားတယ်။ အရမ်းစည်းရုံးလို့ မရဘူး။ မြှောက်ပေးတိုင်းလည်း လူငယ်တွေက လက်မခံဘူးဆိုတာ ကျွန်တော် သိထားတယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ နာဂစ်ဖြစ်တုန်းက ကျွန်တော် ဆောင်းပါးရေးတယ်။ ကျွန်တော့်အိမ်နားက သစ်ပင်ကြီး လဲကျတယ်။ ဓာတ်တိုင်တွေလည်း အကုန်ပြုတ်ကျ၊ လမ်းပေါ်တွေ အကုန်ပိတ်၊ အကုန်ဖြစ်ကုန်တာပေါ့။


   ကျွန်တော့်အိမ်နားမှာ တိုက်ခန်းတွေ ရှိတယ်။ လူငယ်လေးတွေ ရှိတယ်။ ကျွန်တော်တို့မိသားစုမှာက လူငယ်ဆိုလို့ ဖိုးသောကြာ တစ်ယောက်ပဲရှိတယ်။ အိမ်ရှေ့က သစ်ပင်ကြီးက ပြိုကျသွားတော့ ကားတွေက ထွက်လို့မရ၊ ဓာတ်တိုင်တွေလည်း ပြုတ်ကျ၊ အကုန်ဒုက္ခရောက်။ ကျွန်တော့်အိမ်က မိန်းမတွေချည်းပဲဆိုတော့ လမ်းတွေကလည်း ပိတ်ကုန်ပြီ၊ လုပ်ကြပါဦး ဘာညာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်တိုက်ခန်းတွေက လူငယ်လေးတွေ ထွက်လာပြီး ဝိုင်းဝန်း ဖြတ်တောက်ရှင်းလင်းကြတာပေါ့။


   ကဲ… ပြီးသွားတော့ ကျွန်တော်က ဆောင်းပါးရေးတယ်။ ဒါကို လူငယ်တွေ တော်ကြောင်း၊ ညီညွတ်ကြောင်း၊ လူမှုရေးအသိစိတ်ဓာတ်ရှိကြကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ လူငယ်တွေကို မြှောက်ပြီးရေးတာ မဟုတ်ပါဘူး။ ဆောင်းပါးထွက်လာတော့ အဲဒီဆောင်းပါးဖတ်ရတော့ လူငယ်တွေ ပျော်ကြတာပေါ့။ ဦးသုမောင်ကြီး ဆောင်းပါးလေး ကောင်းလိုက်တာ၊ သားတို့အကြောင်း ရေးထားတာ။


   အဲဒီထဲမှာ လူငယ်လေးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လာပြောတယ်။


   "ဦးဗလကြီးကလည်း တော်တော်ဆိုးတယ်"


   "ဟောဗျာ… ငါက အကောင်းရေးထားတာပဲ။ ဘာလို့ဆိုးရတာလဲ"

   ဆိုတော့-


   "ဦးဗလကြီးကလည်း နာဂစ်ဖြစ်မှ ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ နာဂစ်မဖြစ်လည်း ဦးဗလကြီး လိုအပ်ရင် ကူညီမှာပါပဲ"

   တဲ့။ ဟောဗျာ… ဒီက ရေးရတဲ့ကောင် သေရော။ ကြည့်နော်။ လူငယ်တွေကို အရမ်းမြှောက်ပေးလို့မရဘူး။ မရဘူးဗျနော်။ ဒါကြောင့် ကျွန်တော်က အရမ်းမြှောက်ပေးနေတာ မဟုတ်ဘူး။ အရှိအရှိအတိုင်း ပြောနေတာ။


   အဲ… စကားမစပ် ဗဟုသုတ ထပ်ပြောရဦးမယ်ဗျာ။ စောစောကပြောတဲ့ မြူမှောင်ဝေကင်းဆိုတာ လေးလေးရင်ရဲ့ သီချင်းပါ။ တချို့က ထင်ကြတယ်။ သီချင်းကောင်းပြီဆိုတာနဲ့ မြို့မငြိမ်း ထင်ကြတာဗျ။ မြူမှောင်ဝေကင်းက မြို့မငြိမ်း ရေးတာမဟုတ်ဘူး။ ဒီပြဿနာတွေက တော်တော်ခက်တယ်၊ လူတွေကလည်း မန္တလေးသီချင်းတစ်ပုဒ် ကောင်းပြီဆိုတာနဲ့ မြို့မငြိမ်းရေးတာပဲ ထင်နေကြတာ။ ဒါကြောင့်ပေါ့။ မြနန္ဒာမဟုတ်ပါဘူးဗျာ၊ ရွှေမန်းတောင်ရိပ်ခို။ 'မြနန္ဒာ… ယိမ်းညို့ညို့' အဲဒါ ရွှေမန်းတောင်ရိပ်ခို။ သီချင်းနာမည်က ရွှေမန်းတောင်ရိပ်ခို။ နောက်ပိုင်းကျတော့ ပြဿနာတွေ ထဖြစ်ကြတယ်။ သူ ရေးတယ်၊ ငါ ရေးတယ် ဆိုပြီးတော့။ အမှန်က မန်းတောင်ရိပ်ခိုသီချင်းကို သုံးယောက်ပေါင်း ရေးတာ။ မြို့မငြိမ်းရယ်၊ အေဝမ်းဆရာညှာရယ်၊ မန္တလေးဦးဘသိန်းရယ် ပေါင်းပြီး ရေးကြတာပါ။ ကျွန်တော်ထင်တာက အဲဒီခေတ်က သူငယ်ချင်း သုံးယောက်ပေါင်း တစ်ယောက် တစ်ပိုဒ်စီ ရေးကြထင်ပါရဲ့။


   အဲဒီမြူမှောင်ဝေကင်းသီချင်းက လေးလေးရင်ရဲ့သီချင်းပါ။ မြူမှောင်ဝေကင်း ဆိုတာက အများခေါ်တဲ့နာမည်။ သူ့နာမည်က 'အေးတဲ့ရင်'။ အဲဒီတော့ ချစ်စနိုးနဲ့ လေးလေးရင်လို့ ခေါ်ကြတာပါ။ အဲဒီသီချင်းကလည်း ကော်ပီပဲဗျ။ သူ့ရဲ့ အော်ရဂျင်နယ်က စံရာတောင်ကျွန်းဆိုတဲ့ ကြိုးသီချင်းပါ။ ကြိုးသီချင်းကြီးရဲ့အလိုက်ကို ယူထားတာပါ။ အဲဒီဟာကိုပဲထပ်ပြီး ကော်ပီလုပ်ထားတာရှိသေးတယ်။ 'တိမ်မှောင်ဝေကင်း' ဆိုပြီးတော့။ အဲဒီ တိမ်းမှောင်ဝေကင်းကိုတော့ မြို့မအသင်းကြီးက အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့သီချင်းပါ။

အရင်တုန်းကတော့ အများဆိုတာပေါ့။ နောက်ပိုင်း မြို့မအသင်းကြီးက တယောဦးသန်းမောင်က ဆိုတယ်။ မြူမှောင်ဝေကင်း ဘယ်အချိန်ဆိုသလဲဆိုရင် စောစောကပြောတဲ့ သင်္ကြန်လှည့်ပြီး ပြန်ပြီဆိုရင် အကုန်လုံးအိပ်ငိုက်၊ အကုန်လုံး လဲကွဲကုန်ကျပြီ။ အကုန်လုံး သောက်စား မူးယစ်ပြီး မနက်မိုးလင်းပြန်တော့ ဘယ်သူမှ မတီးနိုင်၊ မမှုတ်နိုင်တဲ့အချိန် ကျတော့မှ စန္ဒရားလေးတစ်လုံးတည်းနဲ့ တယောဦးသန်းမောင်က ဆိုပြီးတော့ မြို့မအသင်းတိုက်ကို အိပ်ချင်မူးတူးနဲ့ ဝင်ကြတယ်။ ကျွန်တော်ကတော့ ငွေငန်းအထွက်မှာ ဆိုရတာပါ။


   နောက်ပိုင်း ကျွန်တော့်ရဲ့နောင်တော်ကြီး သန်းမြတ်စိုး ဆိုပါတယ်။ သန်းမြတ်စိုးကြီး ပိုပြီး အရောင်တောက်သွားတာကတော့ သင်္ကြန်မိုးမှာ နောက်ခံဆိုလိုက်တာ ပိုပြီး နာမည်ကြီးသွားပါတယ်။ မြူမှောင်ဝေကင်းလိုပဲ နောက်တစ်ပုဒ်ရှိပါတယ်။ ဒါကိုတော့ ပရိသတ် သိပ်မသိဘူး။ မြူမှောင်ဝေကင်းလိုပဲ နာမည်ကြီးတာက 'ပြည်တော်ဝင်'ဆိုတဲ့ သီချင်းပါ။ အဲဒီ ပြည်တော်ဝင်သီချင်းကလည်း နည်းနည်းလေး ဝိဝါဒကွဲပါတယ်။ တချို့ကလည်း ဒီပြည်တော်ဝင်သီချင်းကို သင်္ကြန်သီချင်းလို့ သတ်မှတ်တယ်။ တချို့ကလည်း အမျိုးသားရေးသီချင်းလို့ သတ်မှတ်တယ်။


   ကျွန်တော့်အနေနဲ့ကတော့ ဒီသီချင်းဟာ နှစ်မျိုးစလုံး အကျုံးဝင်တယ်လို့ စာပေသမားတစ်ယောက်အနေနဲ့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် သူက သမိုင်းကြောင်းလေးရှိတယ်။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးမရခင် မန္တလေးမြို့ကြီးကို ဗုံးတွေကြဲတော့ မြို့ပျက်တာပေါ့။ မန္တလေးမြို့သူမြို့သားတွေနဲ့ အတူ မြို့မအသင်းကြီးလည်း စစ်ကိုင်းဘက်ကို စစ်ပြေးရတာပေါ့။ မြို့မအသင်းကြီးက စစ်ကိုင်းတောင်ဘက်မှာ စစ်ခိုနေတဲ့အချိန်ဆိုတော့ မန္တလေးမှာ တီးမယ့်မှုတ်မယ့်သူတွေ မရှိတော့ဘူးပေါ့။ ဗုံးတွေချတော့၊ တိုက်တွေပြို ဘာညာပျက်စီးပေါ့နော်။ မန္တလေးမြို့ ပျက်နေတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ စစ်ကိုင်းချောင်မှာ ဗုံးခိုနေတဲ့ မြို့မအသင်းကြီးရဲ့ အေဝမ်းဆရာညှာက အလွမ်းပြေ 'ပြည်တော်ဝင်'ဆိုတဲ့ အဲဒီသီချင်းကို စပ်တာ။ သူ့သီချင်းရဲ့အဓိပ္ပာယ်လေးက ဘာလဲဆိုတော့ စာသားလေးက အဲဒီမှာတစ်ကြောင်းပါတယ်။ 'အခါတော်ရောက်ချိန် နီးလို့လာပေ' ဆိုတာပါတယ်။


   အခါတော်ရောက်ချိန်ဆိုတာ သူက ဘာကိုပြောတာလဲဆိုရင် မန္တလေးမြို့ကြီး ဗုံးဒဏ်ကလွတ်ပြီး လွတ်လပ်ရေးရပြီဆိုရင် ဆိုတဲ့ အဓိပ္ပာယ်ပါတယ်။ အဲဒီအချိန်ကျလို့ရှိရင် စည်တော်ရွမ်းပြီး တို့ပြန်လာမယ်၊ မြို့မအသင်းကြီးပြန်လာမယ်။ ဒီအဓိပ္ပာယ်နဲ့ ဆရာညှာက စပ်တာ။ ဒါပေမဲ့ ကျွန်တော်တို့ သေသေချာချာပြန်ကြည့်တဲ့အခါကျတော့ လွတ်လပ်ရေးက ဘယ်အချိန်မှာ ရတာလဲဆိုတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရတယ်။ ဇန်နဝါရီဆိုတော့၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီဆိုတော့ ကြားမှာ နှစ်လ၊ ဧပြီမှာ ကျွန်တော်တို့က သင်္ကြန်ကျတယ်။ ဆိုတော့ လွတ်လပ်ရေးရပြီးနှစ်လခြားမှာ သင်္ကြန်ကျတာဆိုတော့ ဒီသီချင်းဟာ လွတ်လပ်ရေးနဲ့လည်းဆိုင်တယ်။ သင်္ကြန်နဲ့လည်း ဆိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။


   အဲဒီတော့ ကျွန်တော်က ရှာရှာကြံကြံ သွားတွေးမိတာ ဘာလဲဆိုတော့ အနုပညာသည်ရဲ့သဘာဝ၊ ဆရာညှာဆိုတဲ့ အေဝမ်းဆရာကြီးက အနုအရွကို၊ အချစ်ကို အလွန်ကြိုက်တယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ စောစောကပြောတဲ့ ရွှေမန်းတောင်ရိပ်ခို အများသိထားတဲ့ မြနန္ဒာသီချင်းထဲမှာ 'ချိုပြုံးရွှင်သော နှမပျိုရယ်…' သုံးယောက်စပ်တယ်လို့ ကျွန်တော်တို့ ကြားဖူးတယ်နော်။ အဲဒီအထဲမှာ ကျွန်တော် သိထားသလောက်က 'ခါးသေးနွဲ့ မူရာကြွယ်…လှဂုဏ် ဝင့်ထည်…ခိုင်ညှာရယ် မာလာရယ်…တစ်ယောက်ဆိုတစ်ယောက်မို့…အောက်မေ့တယ်…ခင့်မြို့မလာပြီကွယ်…ဆီးကြိုလို့ရယ်… မောင်နှမအရင်းလို ခင်မင်ချစ်သွေး ကြွမိတယ်'  ဆိုတဲ့ အထဲမှာ ခါးသေးလိ့မူရာကြွယ်လို့၊ ခင်မင်ချစ်သွေးကြွမိတယ်လို့ မိန်းကလေးအလှဘွဲ့တွေကို ဖွဲ့တဲ့စာသားတွေက အေဝမ်းဆရာညှာလို့ သိထားတယ်။ အဲသလို မိန်းကလေးအလှကို ဖွဲ့တတ်တဲ့ ပုဂ္ဂိုလ်စာဆိုကြီးက ကြည့်စမ်းနော်… 'လွတ်လပ်ရေး ကြိုးပမ်းမှု အောင်စည်ရွမ်းတယ်' ဆိုတဲ့ ပြည်တော်ဝင်သီချင်းမျိုးကတော့ ဒေါင်ဒေါင်မြည် အနုပညာသမား၊ စာပေသမားရဲ့နှလုံးသားဟာ ပျော့မနေဘဲ တကယ့်ကို မာရင်လည်း ကျောက်ခဲလို၊ ပျော့ရင်လည်း ဂွမ်းလိုပဲဆိုတာ သွားတွေ့ရပါတယ်။ ကဲ… ပြည်တော်ဝင်သီချင်း ကျွန်တော်ဆိုထားတာ နားဆင်ကြည့်ကြပါဦး ခင်ဗျာ။


   "ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ…နေ့တိုင်းပဲ သတိရတယ်လေ…ကျုပ်တို့မြို့မအသင်းသားများတွေ… တောင်ရိုးတန်း စစ်ကိုင်းဘက်မှာလေ…ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ…ရွှေမန်းသူမေ မေးလိုက်ပါလေ…သြော်…ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ…ရွှေမန်းသူမေ ပြောလိုက်ပါလေ… စစ်ကိုင်းမှာလည်း စိတ်ကစွဲ…မပြေ…တစ်ခါတလေတော့…မျှော်မှန်းလွမ်းမိတဝေဝေ…ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့ကာနေ…(အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ…)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…


   မန္တလေး…ရွှေမြို့…တို့ရတနာပုံနေပြည်…တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့…ရှေ့ဆက်ကာ စီမံကြံစို့လေ…သြော်…မန္တလေးရွှေမြို့…တို့ရတနာပုံနေပြည်… တင့်တယ်သာယာစည်ကား…ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့… ရှေ့ဆက်ကာ စီမံကြံစို့လေ…


   (မေ့မေ့ပျောက်ပျောက်…အောက်မေ့ကြပေ…တိုက်တာအိမ်ခြေ…စည်းစိမ်ရှင်တွေ…)၂

  

         လူကြံရင်မခံနိုင်ဘူး…အထူးပင်မှတ်တော့လေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ… မြို့မအသင်းကပြောပေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ…မြို့မအသင်းကပြောပေ…ဖြစ်ချိန်ဆိုဖြစ်ရမယ်တဲ့…ခေတ်သစ်လူများ အားအင် တောင့်တင်းလေ…


   (အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…


   (အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂


   မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…"


   အဲတော့ အခု ဒီအပတ်အတွက် နောက်ဆုံးပြောချင်တာက ပြောခဲ့တာတွေလည်း ပြောပြီးပါပြီ။ နှစ်ထပ်ရှိ မှတ်မိအောင် ကျွန်တော့်အတွေ့အကြုံလေးနဲ့ တစ်ခုပြောချင်ပါတယ်။ လူငယ်တွေလည်း ကျွန်တော့်ကို အတုယူပြီးတော့ မမှားသင့်တာလည်း မမှားရအောင် ကျွန်တော်လည်း မှားခဲ့တာကိုလည်း နောက်တတရားတွေနဲ့ ပြောချင်ပါတယ်။


   ကျွန်တော် ၁၉၉၀ ပြည့်နှစ်အတွက် အကောင်းဆုံးမင်းသား အကယ်ဒမီ ရတယ်။ ရခဲ့တော့ ဆုလက်ခံရတာက ၁၉၉၁၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆုရပါတယ်။ အဲဒီတော့ ၁၉၉၂ သင်္ကြန်ကို ကျွန်တော်က ထုံးစံအတိုင်း မန္တလေးကို သွားမယ်၊ မန္တလေးသင်္ကြန်ဖွင့်ပွဲ သွားမယ်ဆိုတဲ့ အချိန်မှာ ၉၂ သင်္ကြန် ရန်ကုန်မှာ ဝန်ကြီးဌာနတစ်ခုက ကျွန်တော့်ကို ခေါ်တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ အကယ်ဒမီပူပူနွေးနွေးမင်းသားဆိုတော့ ဟိုက ဆွဲ၊ ဒီက ဆွဲပေါ့ဗျာ။ ဟိုမဏ္ဍပ်က လိုချင်၊ ဒီမဏ္ဍပ်က လိုချင် ကျွန်တော့်မှာ မျက်နှာက နာရတယ်ဗျ။ မဏ္ဍပ်အကြီးကြီးတစ်ခုက ရန်ကုန်ကနေ ကျွန်တော့်ကို ဆွဲတယ်။ ဆွဲတော့ -


   "ဟာ… မဖြစ်ဘူး။ ကျွန်တော့်မှာ မန္တလေးအစွဲအလမ်းရှိတယ်။ မန္တလေးသင်္ကြန်ကို ကျွန်တော် သွားဖွင့်ရတယ်"


   ဆိုတော့ အဲဒီက လူကြီးတွေက-


   "ဟာ… မဟုတ်ဘူး ကိုသုမောင်ရယ်။ ကျွန်တော်တို့ ဒီမဏ္ဍပ်ဖွင့်ပြီးရင် မန္တလေးကို ညနေရောက်အောင် လေယာဉ်ပျံနဲ့ ပို့ပေးမယ်"


   "ဟား… ဒါဆိုရင်တော့ ဖြစ်တယ်။ ဆိုပေးမယ်" ပေါ့။


   ရန်ကုန်သင်္ကြန်ကို စဖွင့်ပေးမယ်၊ ဆိုပေးမယ်ပေါ့။ ပြဿနာက ဘာလဲဆိုတော့ သုမောင် ထုံးစံအတိုင်း အရက်ကလေးကလည်း သောက်ထားတယ်။ အဲဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သောက်ထားကြတယ်။ စင်ကို ကျွန်တော်ရောက်သွားတော့… ကျွန်တော်ပြောချင်တာက မကောင်းတာနော်။ အရက်နဲ့ပတ်သက်လို့ မကောင်းဘူး။ အရက်နဲ့ ပတ်သက်လို့ အားလုံးသတိထားကြပါ။ လူငယ်တွေပေါ့နော်။ အဲဒီအချိန်က ကျွန်တော်လည်း လူငယ်လူလတ်ပိုင်း အသက် ၄၀ ဝန်းကျင်ပေါ့။


   အနုပညာသမားဟာ ဒေါသအလျောက် မလုပ်သင့်တာတွေ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ အဲဒီတော့ ကျွန်တော် အဲဒီစင်ပေါ် ရောက်သွားတဲ့အချိန်ကျတော့ ဘာသွားတွေ့သလဲဆိုတော့ အဲဒီစင်ပေါ်မှာ ကွပ်ကဲကြီးကြပ်ပေးနေတဲ့ တီးဝိုင်းခေါင်းဆောင်ဟာ ကျွန်တော်နဲ့ အဆင်မပြေဘူး။ အဲဒီတီးဝိုင်းခေါင်းဆောင်ကို ကြည့်မရဘူးပေါ့ဗျာ။ အဲဒီ စင်ပေါ်လည်းရောက်ရော ကျွန်တော်က သိပ်မဆိုချင်တော့ဘူး။ မဆိုချင်ပေမဲ့လို့ အဲဒီတီးဝိုင်းခေါင်းဆောင်က အဲဒီစင်ဖွင့်ပွဲ ကြေညာလိုက်တယ်။


   "ခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ မဏ္ဍပ်ဖွင့်ပွဲအဖြစ် ပူပူနွေးနွေး အကယ်ဒမီဆုရှင် သုမောင်ကနေ မြနန္ဒာသီချင်းနဲ့ ဖျော်ဖြေပါလိမ့်မယ် ခင်ဗျား"


   ဆိုပြီး ကြေညာလိုက်တယ်။ ကြေညာပြီးတော့ ထုံးစံအတိုင်း 'ချိုပြုံးရွှင်သော နှမပျိုငယ်'ဆိုပြီး သူက စတီးတာပေါ့။ မန္တလေးဒိုးနဲ့နော်။ ကျွန်တော်က ဘာဆိုလိုက်သလဲ ဆိုတော့-


   "ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်…အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ…မြနန္ဒာ…ရေညိုသန်းတယ်…မန်း…တောင်ရိပ်ခို…"


   ဘာမှမဆိုင်ဘူး။ တီးတာက မန္တလေးဒိုးနဲ့။ ကျွန်တော်က အလွမ်းကြီး ဆော်ထည့်လိုက်တာ။ လူကြီးတွေကလည်း အကုန်လုံး မျက်စိမျက်နှာတွေ ပျက်တာပေါ့။ တီးတဲ့ပုဂ္ဂိုလ်ကလည်း ကျွန်တော့်လှည့်ကြည့်ပြီး ဆက်တီးရမလား၊ အောက်က ကတဲ့ မိန်းကလေးတွေကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ရော။


   တမင်လုပ်တာ။ သူ့ကြည့်မရတာနဲ့ ကျွန်တော်ကလည်း တမင်ဆော်ထည့်လိုက်တာ။ နောက်တစ်ချက်ကလည်း သူ ကြေညာလိုက်တဲ့ မြနန္ဒာဆိုတာ မှားနေတယ်ဆိုတာကို ပရိသတ်ရှေ့မှာ တမင် အစွယ်ထုတ်ပြလိုက်တာနော်။ မကောင်းဘူး၊ အမှန်က သူ ကြေညာရမှာက မြနန္ဒာမဟုတ်ဘူး။ သူ တီးလိုက်တဲ့ ချိုပြုံးရွှင်သောဆိုတာက ရွှေမန်းတောင်ရိပ်ခို၊ ကျွန်တော်ဆိုတဲ့ 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' ဆိုတာကမှ တကယ့် မြနန္ဒာ ဆိုတာကို သိစေချင်တာပါ။


   သိစေချင်ရင် ကျွန်တော် ဘာလုပ်ရမလဲ။ စာရေးဆရာပဲဗျာ။ သတင်းစာကနေ ရေးလိုက်ပေါ့။ ဂျာနယ်ကနေ ရေးလိုက်ပေါ့။ ဆိုပါစို့ အခုလို အသံလွှင့်ခွင့်ရှိရင် လူကြီးဆန်ဆန် အဲဒါ ပြောလိုက်ပေါ့။ ကြည့်နော် မာန မာန။ အကယ်ဒမီရခါစ မနကြီးတာ၊ အရက်သောက်ထားတာပါ။ မှားပါတယ်။ ခုမှ နောင်တရယ်။ ဘာမဟုတ်တဲ့ လူတစ်ယောက်ကို မျက်မုန်းကျိုးတာနဲ့ ငါကွဆိုပြီး အရှိန်အဝါရတုန်း ဖိတွယ်တာမကောင်းဘူး။


   အမှန်က 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' သည် မြနန္ဒာအစစ်၊ အဲဒီမြနန္ဒာကို နန်းတော်ရှေ့ဆရာတင်ရေးတာလို့ ကြားဖူးတယ်။ ဆိုတာက အဆိုတော်ကြီး စိန်ပါတီ၊ စောစောကပြောတဲ့ အေဝမ်းဆရာညှာရယ်၊ မြို့မငြိမ်းရယ်၊ မန္တလေးဦးဘသိန်းရယ် ရေးတာက ရွှေမန်းတောင်ရိပ်ခိုပါ။ အဲဒါသည် 'ချိုပြုံးရွှင်သော နှမပျိုငယ်'။


   အဲဒီတော့ ဒီအပတ် နောက်ဆုံးပြောချင်တာက အရက်သောက်ပြီး သီချင်းဆိုတာ မကောင်းဘူး။ အကယ်ဒမီရစ မာနကြီးတာလည်း မကောင်းဘူး။ ငါနိုင်တာပဲဆိုပြီး ဖိတွယ်တာလည်း မကောင်းဘူး။ ဒါက ပုဂ္ဂိုလ်ရေးကိစ္စ။ နောက်တစ်ချက်က အားလုံးသိပြီးသားဖြစ်တဲ့ ထပ်သိအောင် မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခိုကို မမှားကြအောင် သတိထားပါလို့၊ ပညာရှင်များကလည်း လူငယ်တွေအတွက် မမှားရအောင် ထပ်ခါထပ်ခါ သတိပေးကြပါလို့ ပြောရင်းနဲ့ ဒီတစ်ပတ်အတွက် နိဂုံးချုပ်ပါတယ်။


----------------


သုမောင်


[ အဝေးရောက်မြို့သာသား ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


Tuesday, 26 February 2019

ကဲလားလေး #မောင်ကျပ်ခိုး

#ကဲလားလေး


#မောင်ကျပ်ခိုး


(၁)


မြန်မာလူမျိုးတို့၏ ထုံးဓလေ့ အစဉ်အလာအရ မျက်မှောက်ကာလတွင် လူအဖြစ်ကိုရသည့် လူသားတို့၏ ပျမ်းမျှသက်တမ်းကို ၇၅ နှစ်တမ်းဟု သတ်မှတ်၏။ ထို ၇၅ နှစ်တာ ကာလကို သုံးပိုင်း အညီအမျှ ခွဲခြမ်း စိတ်ပိုင်းပြီးလျှင် ပထမ ၂၅ နှစ်တာ ကာလကို ပညာသင်ကြားရမည့် အရွယ်အပိုင်းအခြား၊ ဒုတိယ ၂၅ နှစ်တာ ကာလကို ဥစ္စာစီးပွားရှာဖွေရမည့် အရွယ်အပိုင်းအခြား၊ တတိယ ၂၅ နှစ်တာ ကာလကို တရားဘာဝနာပွားများရမည့် အရွယ်အပိုင်းအခြားဟု ရှေးသူဟောင်းတို့က သွန်သင်ညွှန်ပြလေ့ရှိသည်။ သို့ရာတွင် ပြောင်းလဲလာသည့် ခေတ်ကာလရေစီးကြောင့် ထိုသတ်မှတ်ချက်တို့သည်လည်း အထိုက်အလျောက် ပြောင်းလဲခဲ့လေ၏။


ပြောင်းလဲခြင်းကို ရှောင်ပုန်း၍ မရပေ။ ပြောင်းလဲခြင်းသည် အချိန်တန်လျှင် အတားအဆီးများကို ရိုက်ချိုးပြီး ထိုးဖောက် ၀င်ရောက်လာသည်သာ ဖြစ်၏။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို မျက်ချည်မပြတ် အကဲခတ်သုံးသပ်ပြီး မွန်မြတ်သည့် အလေ့ကောင်းများကို ထုတ်နုတ်သုံးစွဲကာ၊ မိမိတို့၏ ရေမြေသဘာဝ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အချက်များကို ပယ်ရှားသုတ်သင်ပြီးလျှင် ရှိရင်းစွဲယဉ်ကျေးမှုကို ထပ်ဆင့်မြင်မားအောင်ပြု၍ တင့်တယ်စေသည်မှာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည့် လူမျိုးတို့၏ အလေ့ပင်ဖြစ်၏။


သို့သော် အကျွန်ုပ် ဆိုလိုရင်းကား ယဉ်ကျေးမှုအကြောင်း မဟုတ်သကဲ့သို့ ပြောင်းလဲခြင်း အကြောင်းလည်း မဟုတ်ပေ။ မြစ်ဝကျွန်းပေါ်ဒေသ တောမကျ မြို့မကျ စကောစက မြို့ကလေး တစ်မြို့တွင် ကျွန်ုပ် ခေတ္တ ခိုအောင်းစဉ်အခါက ဆုံခဲ့ဖူးသည့် သူငယ်တစ်ဦး၏ အကြောင်းသာ ဖြစ်၏။


(၂)


တစ်ခါသော် ကျွန်ုပ်သည် အထက်ပုဂ်္ဂိုလ်ကြီးတစ်ဦးကို နှုတ်လှန်ထိုးမိသောကြောင့် မင်းပြစ်သင့်ခဲ့ရလေ၏။ ထိုအထက်လူကြီးသည် တရားခံမောင်ကြပ်ခိုးကို ရာထူးမှချထားစေဟူသော အမိန့်ကို ဒေါသကြီးစွာဖြင့် ထုတ်ပြန်လေ၏။ ထိုအထက်ပုဂ်္ဂိုလ်ကြီးသည် ကျွန်ုပ်ကို ရာထူးမှချထားခြင်းတည်းဟူသော ကြိမ်ဖြင့် ကျောတစ်ထောင်၊ ရင်တစ်ထောင် ခတ်ယုံမျှနှင့် ကျေနပ်တော် မမူသေး၊ ကျွန်ုပ်၏ ကရ၀ိတ်ငှက်၏ အသံနှင့် တူလှစွာသော အသံကိုမကြားလို၊ သော်တာ လမင်းကြီးနှင့် တူလှစွာသော မျက်ခွက်ကြီးကို မရှုလိုသည်ဖြစ်လေရကား  မြိုင်ရပ်သို့နှင်စေဟူသည့် နယ်ပြောင်းအမိန့်ကိုလည်း တပါတည်း ထုတ်ပြန်လိုက်လေ၏။ သို့ဖြင့် ကျွန်ုပ်သည် အောက်ပြေအောက်ရွာ မြစ်ဝကျွန်းပေါ်ဒေသ၏ မဲဇာဟု ခေါ်ဆိုထိုက်သည့် တောမြို့ကလေးတစ်မြို့သို့ ရောက်ခဲ့ရလေတော့သည်။ ထိုတောမြို့ကလေသည် တခါသော် အတော်ပင် စည်ကားခဲ့ဖူးသည်ဟု မြို့ခံတို့က ဆိုကြ၏။ သို့သော်လည်း ကျွန်ုပ် ရောက်ရှိချိန်တွင်မူ မြို့ကလေးမှာ ကျီးနှင့်ဖုတ်ဖုတ် ဆိုဘိသကဲ့သို့ ဖြစ်နေရှာလေပြီ။


ကျွန်ုပ်သည် နှုတ်ရေးနှုတ်ရာတွင် မချေငံယုံမျှသာမက လက်ဝဲသုန္ဒရအမတ်ကြီးကဲ့သို့ မျက်ဖြေလင်္ကာ စပ်ဆိုတတ်သောသူလည်း မဟုတ်လေရကား အိမ်နိမ့်ကာလများကို ထိုတောမြို့ကလေးတွင် ပျော်သလို နေထိုင်ရင်း အကျိုးမဲ့စွာ ဖြုန်းတီးခဲ့ရလေ၏။


ကျွန်ုပ်သည် ရာထူးချခံရသူတို့၏ အလေ့အတိုင်း ရုံးဆင်းရုံးတက် လက်မှတ်ရေးထိုးခြင်း၊ လစာထုတ်ရက်များတွင် ဟန်ရေးပြခြင်း စသည့် ပြုဖွယ်ကိစ္စတို့ကိုသာ စွမ်းစွမ်းတမံ ဆောင်ရွက်ပြီးလျှင် ကျန်ရှိသော အချိန်များကို တောမြို့ကလေး၏ ပန်းကမ္ဘာဟု အမည်ရသည့် လက်ဘက်ရည်ဆိုင်ကလေးတစ်ဆိုင်တွင် တစ်နေကုန် တစ်နေခန်း ကျောက်ချထိုင်ကာ ကြုံရာသူတို့နှင့် အလေနတော စကားစမြည် ပြောဆိုရင်း ကုန်လွန်စေရ၏။


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တောမြို့ကလေး၏ လက်ဘက်ရည်ဆိုင်သည် ရန်ကုန်၊ မန္တလေးစသော မြို့ကြီးပြကြီးတို့မှ ကာဖီဆိုင်တို့ကဲ့သို့ ခမ်းနားခြင်း အလျှဉ်း မရှိချေ။ အမိုးမှာ ဓနိ၊ အကာမှာ ၀ါးထရံဖြစ်၍ အောက်ပြည်အောက်ရွာ မုတ်သုန်မိုးလေတို့၏ လက်သရမ်းမှုကြောင့် မြေနှင့်ထိစပ်နေသည့် ၀ါးထရံတို့မှာ ဆွေးမြည့်နေ၏။ ထို့ကြောင့် လေ၀င်လေထွက်ကောင်းသည်ဟု ဆိုသော် ဆိုရကောင်းသည်။ သို့သော် ထိုတောလက်ဘက်ရည်ဆိုင်ကလေးတွင် မြို့ကြီးပြကြီးတို့မှ ကာဖီဆိုင်များထက် သာသည့် အချက်တစ်ခု ရှိ၏။ ယင်းကား အတော်ပင်ကြီးမားသည့် ညောင်စောင်းများကို ထိုင်စရာနေရာအဖြစ် စီမံထားခြင်းဖြစ်၏။ ထစ်ခနဲဆိုလျှင် လက်ပါတတ်သည့် ကာလသားတို့၏ ပယောဂကြောင့် ဆိုင်ရှင်သည် ခွေးခြေပုတို့ ထိုင်စရာအဖြစ် မစီမံဝံ့ချေ။ ခွေးခြေပုတောဝါကြောင့် စခန်းရောက်ရ၊ သက်သေလိုက်ရသည့် အဖြစ်မျိုး ကြုံရဖန်များသည့်အခါ ဆိုင်ရှင်သည် ခွေးခြေပုတို့ကို စာသင်ကျောင်းတွင် အသုံးပြုရန်အတွက် ထက်သန်သော စေတနာဖြင့် လှူဒါန်းလိုက်ပြီး ညောင်စောင်းကိုသာ ထိုင်စရာအဖြစ် စီမံထားလေ၏။


ထိုညောင်စောင်းတို့တွင် ကာလသားတို့ မောင်းချဓားဦးဖြင့် ထွင်းကာ အက္ခရာတင်ထားသည့် အသည်းကွဲမှတ်တမ်းများ ရှိ၏။ ထိုအသည်းကွဲမှတ်တမ်းတို့ကား ရသစုံလင်သည့် ၀တ္တုကောင်းကြီးများကဲ့သို့ပင်။ အေးအေးမြင့် သောက်ကမြင်းမ ငါ့ကို ပြန်မကြိုက်ဘူး အစရှိသည့် ဖရုဿဝါစာဖုံးလွှမ်းနေသည့် အချစ်မှတ်တမ်းတို့ကို ဖတ်ရှုရသော် ကျွန်ုပ်သည် မည်သူမည်ဝါမှန်း မသိရသော ကာလသားနောက် ရောယောင်လိုက်ပြီးလျှင် အေးအေးမြင့်တည်းဟူသော အမုန်းဘုရင်မကြီးကို ဒေါသပွားမိ၏။ တဖန် အသည်းပုံအတွင်း ရေးထိုးထားသည့် ကျော်ထွန်း + စုစုမာ ထာရ၀ ဟူသည့် သတ်ပုံယွင်းမှားနေသော အချစ်မော်ကွန်းတို့ကို ဖတ်ရှုရလျှင်မူ ရယ်ရွှင်ပီတိဖြစ်ရလေသည်။ စင်စစ် အချစ်မှတ်တမ်းဟူသည်ကား ပျော်ရွှင်ခြင်း၊ နာကျည်းမုန်းတီးခြင်းတို့ဖြင့်သာ ပြွမ်းတီးနေသည့်အရာ မဟုတ်လော။


မိုးဦးကျကာလတွင် ပန်းကမ္ဘာလက်ဘက်ရက်ဆိုင်ရှိ ညောင်စောင်းကြီးများပေါ်တွင် လဲလျောင်းပြီး  တစိမ့်စိမ့် ရွာသွန်းနေသည့် မိုးစက်တို့ကို အကြောင်းမဲ့ ငေးကြည့်ကာ ကျောက်ပန်းတောင်းချက်နို့ဆီဖြင့် ဖျော်ထားသည့် လက်ဘက်ရည် ချိုရဲရဲကြီးကို တကျိုက် သောက်လိုက်၊ ခြူးနဂါး ဆေးပေါ့လိပ်ကို ရဲခနဲ နေအောင် ဖွာရှိုက်ရသည်မှာ အတော်ပင် အရသာထူး၏။ နံနက်ခင်းအချိန်တွင် နေကြာပန်း ကက်ဆက်ကြီးမှ ထွက်ပေါ်လာသည့် တေးသံရှင် စိုးပိုင်၏ ဆိုပါလေ လူအများ လိုက်ပြီးရွတ်ကြ ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဟူသည့် တေးသွားကို ညည်းဆိုရင်း ဂေါတမမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုနိုင်သည်။ တဖန် လေးဖြူ၏ သေခြင်းရဲ့တံခါးများ ရှေ့မှာ သေခြင်းရဲ့ တံခါးများ ဟူသည် တေးသံကို ကြားသော် မရဏံ သေခြင်းတရားသည် မေ ငါ့အား ဓုဝံ မြဲ၏။ မရဿတိ မချွတ်ဧကံတည်း ဟူသည်ကို ကယောင်ကတမ်း ဆင်ခြင်ပြီးလျှင် မရဏနုဿတိ ကမ္မဌာန်း စီးဖြန်းနိုင်သည်။ ဖျောက်တိဖျောက်တောက် ရွာချနေသည့် မိုးသံကို နားဆင်ရင်း ဖြစ်ချင်ရာများ မဖြစ်ရဘဲ မဖြစ်လိုသည်တို့သာ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေသည့် လောကဓါတ်အ၀ှန်းကို အပြစ်ဖို့ရသည်မှာလည်း ကျွန်ုပ်၏ နိစ္စဓူဝအမှုပင် ဖြစ်လေ၏။


လက်ဘက်ရည်ဆိုင်ပိုင်ရှင်မှာ ဦးလေးကိုစိန် ဖြစ်၏။ အသက်ကြီးရင့်သူ မဟုတ်သော်လည်း သူ့မယားက သူ့ကို ဦးလေးကြီးဟု ခေါ်ဆိုသည်ကို အကြောင်းပြု၍ အခြားသူများကပါ ရောယောင်ပြီး ဦးလေးကိုစိန်ဟု ခေါ်ဆိုကြသည် ဟူသတတ်။ ဦးလေးကိုစိန့်ကတော်ဦးစီး၍ ဖွင့်ထားသည့် လက်ဘက်ရည်ဆိုင်တွင် ဦးလေးကိုစိန်သည် အဖျော်ဆရာ၊ သူပင် ငွေကိုင်၊ သူပင် စားပွဲထိုးဖြစ်၏။ ဆီချေးလက်သေးသစ် တက်နေသည့် ညစ်ထေးထေး စွပ်ကျယ်လက်ပြတ်၊ အကွက်မပေါ်တော့ပြီဖြစ်သော ချည်လုံချည်ကြမ်း၊ ကတုံးဆံတောက်တို့နံ့နံ့၊ နှုတ်ခမ်းထောင့်တွင် ဆေးပေါ့လိပ်တိုကို မချွတ်စတမ်း ခဲထားတတ်သည့် အသားညို့စိမ့်စိမ့် မြေလတ်သားကြီးသည် ကျောက်ဖြူကိုလည်း မနမ်းနှင့် အောက်သူကိုလည်း မစမ်းနှင့် ဟူသည့် စကားကို နာယူခဲ့ဟန် မတူချေ။ ထို့ကြောင့် အောက်သူနှင့် အကြောင်းပါပြီး အောက်ရွာသူမယားအလှ သနပ်ခါး ခြေအဆုံးခေါင်းအဆုံး လိမ်းနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားရလေ၏။ ဦးလေးကိုစိန့် လေသံအတိုင်းဆိုရလျှင် ငါတူရီး မောင်ကြပ်ခိုးရယ် ငါ့လခွေးတည်းမှပဲ အောက်သူကို ယူမိတာ မလွယ်ရေးချ မလွယ်ပဲကွ။ ယူပြီးတဲ့ နေ့ကစပြီးတော့ သျှောင်မီးထွန်းပြီး စီးပွားရှာရတာ ဒီနေ့အထိပဲ ဟူ၏။


(၃)


တစ်ခုသော နံနက်ခင်းတွင် ကျွန်ုပ်သည် ပန်းကမ္ဘာလက်ဘက်ရည်ဆိုင်သို့ ပြုမြဲကိစ္စတို့ကို ဆောင်ရွက်ရန် ရောက်ခဲ့သည်။ ညောင်စောင်းထက်တွင် နေရာယူပြီးသကာလ ဦးလေးကိုစိန်ရေ ထုံးစံအတိုင်းပဲ ဗျို့ ဟု အော်ဒါပေးလိုက်သည်။ ထုံးစံအတိုင်းပဲဟူသည်မှာ ထမင်းဆီဆမ်းနှင့် ငါးရံ့ခြောက်ဖုတ်၊ လက်ဘက်ရည်ချို တိုင်ကီတစ်ခွက်နှင့် ခြူးနဂါးဆေးပေါ့လိပ်နှစ်လိပ်ကို ဆိုလိုခြင်းသာ ဖြစ်သည်။ ထို့နောက် နံနက်စောစောကာလတွင် အောင်အတိတ်၊ အောင်နိမိတ်ကို စောင့်စားရင်း နေကြာပန်းကက်ဆက်ကြီးမှ ထွက်ပေါ်လာသည့် မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင်ရှိသည် ဟူသည့် အောင်ခြင်းရှစ်ပါးသီချင်းကို မာရ်နတ်မင်းမှာ အကြွေးတစ်ထောင်ရှိသည်။ သူ့ကိုယ်မှာပင် လူမွှေးမပြောင်တော့ပြီ ဟု ဖျက်ကာ ဆိုညည်းရင်း စည်းဝါးလိုက်နေမိ၏။


ထိုအခိုက် ဦးလေး လက်ဘက်ရည်ရပြီ ဟူသည့် အသံကို ရုတ်ခြည် ကြားလိုက်ရလေ၏။ ထိုမြို့ကလေးတွင် ကျွန်ုပ်ကို ဦးလေးဟု ခေါ်သူ ခပ်ရှားရှားပင် ဖြစ်၏။ လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တို့အနက် ကျွန်ုပ်ထက် အသက်အရွယ်ကြီးရင့်သူတို့က မောင်ကြပ်ခိုးကလေးဟု ခေါ်ဝေါ်ကြ၏။ ငယ်သူတို့က ကိုကြပ်ခိုးကြီးဟု ခေါ်ဆိုကြသည်။ ဦးလေးကိုစိန်ကမူ ငါ့တူရီး မောင်ကြပ်ခိုးဟု တရင်းတနှီး ဆိုတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘယ်သူက စိတ်ပျို၍ ကိုယ်နုသည့် ငါ့အား ဦးလေးဟု ခေါ်ဆိုသနည်းဟု စူးစမ်းဆင်ခြင်လတ်သော် ဒနီ်္တတည်းဟူသော လက္ခဏာကို အထင်အရှား ပြရာဖြစ်သည့် ၀ါကျင့်ကျင့် ရှေ့သွားနှစ်ချောင်းကို ဦးစွာမြင်ရ၏။ ထို့နောက် ၀ါကျင့်ကျင့် ရှေ့သွားနှစ်ချောင်းတို့တည်ရာ မူလအရပ်ဌာနကို တဖန် စူးစမ်းပြန်သော် ကြည်လင်သော အပြုံးမျက်နှာပိုင်ရှင် ခုနစ်နှစ်၊ ရှစ်နှစ်သားအရွယ် သူငယ်ကလေးတစ်ဦးကို မြင်ရလေသည်။ ထိုသူငယ်ကလေးသည် မောင်ကြပ်ခိုးကို မိတ်ဖွဲ့အံ့သောငှာ ပြုံးပြ၏။ သူ၏ အပြုံးသည် အသက်အရွယ်ရောက်၍ ကောက်ကျစ်တတ်ပြီဖြစ်သော လူကြီးလူရွယ်တို့၏ သကာရည်ဆမ်းအပြုံးနှင့် မတူချေ။ မိန်းမပျိုတို့ကို မြင်သော် ကာလသားတို့ ပြုံးပြသည့် ဂေါ်အပြုံးနှင့်လည်း ခြားနားသည်။ အတော်ထူးသည့် အပြုံးပင် ဖြစ်၏။


ထို့နောက် ကျွန်ုပ်သည် လက်ဘက်ရည်သောက်ရင်း ဦးလေးကိုစိန်ကို ထိုသူငယ်ကလေးအကြောင်း မေးမြန်းရ၏။ ဦးလေးကိုစိန်ပြောပြသည့် ထိုသူငယ်ကလေးအကြောင်း ဇာတ်လမ်းပမာ အိပ်ချင်စရာမှာ နားထောင်ချင်စရာ မကောင်းလှချေ။ ကျွန်ုပ်တို့ ကြားဖူးနေကျ၊ ဖတ်ဖူးနေကျ သရုပ်မှန်ဝတ္တုဇာတ်လမ်းမျိုးသာ ဖြစ်သည်။ တနယ်တခြားမှ ကုန်ကားစပယ်ရာ အရက်သမားတစ်ဦးနှင့် ကားဂိတ်ထမင်းဆိုင်တွင် ထမင်းဟင်းချက်သည့် အစေအပါး သူငယ်မကလေးတစ်ဦးတို့ သင့်မြတ်ကြရာတွင် သန်းထိုက်အောင် ဟူသော သတို့သားကို ရေကြီးသောနှစ်၌ ဖွားမြင်သည်။ ထိုသူငယ် သုံးလေးငါးနှစ်သား အရွယ်သို့ရောက်သော် အဖ စပယ်ရာသည် ကုန်ကားပေါ်မှ လိမ့်ကျပြီး သေလေ၏။ ထို့နောက် ကျန်ရစ်သူ အမိငယ်သည် ကားဂိတ်တွင် ကွမ်းယာရောင်းရကောင်းနိုး၊ နောက်လင်ယူရကောင်းနိုးဖြစ်နေသည့်အခိုက်တွင် ဦးလေးကိုစိန်သည် လက်ဘက်ရည်ဆိုင်၌ ကူဖော်လောင်ဖက် လက်တိုလက်တောင်း အဖော်ပြုရန် ထိုသူငယ်ကလေးကို သူ၏မိခင်ထံမှ တစ်လလျှင် အသပြာလေးရာနှုန်းဖြင့် ခြောက်လစာပေးပြီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟူသတတ်။


ထိုနေ့နံနက် လက်ဘက်ရည်ဝိုင်းတွင် ထိုသူငယ်ကလေးအကြောင်း ဗာရာဏသီချဲ့သည်နှင့်ပင် အချိန်ကုန်လေ၏။ လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်များအနက် သူတစ်ဖက်သားကို ကျီစယ်နောက်ပြောင်ရာ၌ ဧတဒဂ်ရသူ တောခေါင်းကိုဝင်းအောင်က အောင်မယ် ဒီကောင်လေးရဲ့ ရုပ်ရည်ကတော့ သနားကမားကလေးပဲဗျ။ ဒါပေမယ့် ရှေ့သွားကလေးနှစ်ချောင်း ဖျက်နေတာက တော်တော်ဆိုးနေတယ်။ ရှေ့သွားကလေးနှစ်ချောင်းက ကဲလားလို အပြင်ကို ငေါထွက်နေတော့ အောက်သွားတွေကို မိုးစိုမှာ မစိုးရိမ်ရတော့ဘူးပေါ့ ဟု ပြက်တီးပြက်ချော် စကားဆို၏။ သွားခေါသူတို့ကို ကဲလားဟူ၍သော်လည်းကောင်း၊ ဥသျှစ်သီးစားဟူ၍သော်လည်းကောင်း၊ ပေါက်ခေါဟူ၍သော်လည်းကောင်း နှိမ့်ချခေါ်ဝေါ်သည့် အလေ့မှာ ထိုအရပ်တွင် နေသူတို့၏ မကောင်းသော အလေ့ပင် ဖြစ်သည်။ သူတစ်ပါး၏ အားနည်းချက်ကို နှိမ့်ချခေါ်ဝေါ်ရာ၌ အတော်ပင် ထူးချွန်လှသည့် လူသော့သွမ်းများပင် ဖြစ်၏။ သူငယ်ကလေးကို ကဲလားလေးဟု ကိုဝင်းအောင်က ကင်ပွန်းတပ်လိုက်သည်ကို ကျွန်ုပ် စိုးစဉ်းမျှ မကြိုက်ချေ။ သို့သော်လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တစ်ဦးနှင့် ခွန်းကြီးခွန်းငယ် အချင်းမများလိုသောကြောင့် ရေငုံနှုတ်ပိတ်လုပ်ကာ နေလိုက်၏။ သူငယ်ကလေးကမူ သူ့ကို ကဲလားလေးဟု ကင်ပွန်းတပ်လိုက်သည်ကို ကြိုက်သည်ဟုလည်းမဆို၊ မကြိုက်ဟုလည်း မပြော၊  မျက်လုံးအပြူးသား၊ သွားအခေါသားနှင့် ကျွန်ုပ်တို့ လက်ဘက်ရည်ဝိုင်းအနားတွင် ယောင်ချာချာလုပ်ကာ နေလေ၏။


ထိုနံနက်ခင်းမှာပင် ပန်းကမ္ဘာ လက်ဘက်ရည်ဆိုင်သို့ ကဲလားလေး၏ ဖွားဖက်တော် စကားလုံးတစ်လုံးလည်း ရောက်ရှိလာ၏။ ယင်းကား အခြားမဟုတ်။ ကလေးလုပ်သားပြဿနာ ဟူသော စကားပင် ဖြစ်သတည်း။ ထိုစကားသည် များစွာ ဆန်းကြယ်သော စကား မဟုတ်ချေ။ သို့သော်လည်း ဗဟုသုတအရာ၌ အတော်ပင် နုံချာသောထ မြို့ခံတို့အတွက်မူ အတော်ပင် ထူးသော စကားပင် ဖြစ်၏။ ထိုစကားကို ကျွန်ုပ် စတင်သုံးစွဲလိုက်သည့်အခါ ဗာလဏသီမြို့သားတို့သည် ကျွန်ုပ်ကို ရယ်သွမ်းသွေးကြကုန်၏။ ကိုကြပ်ခိုးကတော့ အဆန်းတွေ လုပ်ချလိုက်ပြန်ပြီ။ ကလေးလုပ်သားပြဿနာဆိုပဲ ကြား မကြားဖူးပေါင်ဗျာ ဟု ဆိုကြလေ၏။ ကျုပ်တို့လည်း ငယ်ငယ်တုန်းက မိဘတွေကို ကူညီပြီး ကျွဲကျောင်း၊ နွားကျောင်းလုပ်ခဲ့ရတာပါပဲ။ ဒါဆို ကျုပ်တို့ ကလေးလုပ်သားဖြစ်ခဲ့တာပေါ့ ကွန့်သူက ကွန့်၏။ အလုပ်မလုပ်ရင် ထမင်း မစားရဘူး ဆိုတဲ့ စကားရှိသေးတာပဲ မှုတ်လား ကိုကြပ်ခိုးရယ် ဟူသော ဘ၀ပေး ဖီလိုဆိုဖီများဖြင့်လည်း နှိပ်စက်၏။ ကလေးတွေ အလုပ်လုပ်တာ မမြင်လိုဘူးဆိုတော့ ကိုကြပ်ခိုးကြီးက ကဲလားလေးကို မွေးစားလိုက်ပါလား ဟု ခနဲ့သူကလည်း မရှား။ အတော် ဂွကျသည့် မြို့သားများပင်။ သို့ဖြင့် ကျွန်ုပ်သည် ကလေးလုပ်သားပြဿနာဘက်မှ အလေနတော အကြောင်းအရာများဆီသို့ စကားလမ်းကြောင်း လွှဲပြောင်း ပြောဆိုပြီး ထိုလက်ဘက်ရည်ဝိုင်းမှ အောင်မြင်စွာ ဆုတ်ခွာခဲ့ရလေ၏။


လောကကို လုပ်အားဖြင့် အလှဆင်အံ့ ဟူသော စကားကို လိုရာဆွဲပြီး တွေးကြည့်လျှင် ကဲလာလေးသည် စားပွဲထိုးလုပ်ရင်း လောကကို အလှဆင်နေခြင်းပင် ဖြစ်သည်ဟူ၍ပင် ယူဆကောင်း ယူဆနိုင်သည်။ သို့သော် လောကကို အလှဆင်သူ အကြင်ကဲလား၏ ဘ၀ လှပခြင်း ရှိမရှိကိုမူ ကျွန်ုပ် မတွေးဝံ့ချေ။ ထိုမြို့သားများကား လုပ်အားတန်ဖိုးကို လွန်စွာ ချစ်မြတ်နိုးတတ်သောသူများပင် ဖြစ်ချေ၏ တကား။


(၄)


နောက်တစ်နေ့နံနက်တွင်လည်း ကျွန်ုပ်သည် ပြုမြဲတာဝန်များကို ထမ်းဆောင်ရန် လက်ဘက်ရည်ဆိုင်သို့ ချဉ်းခဲ့ရလေ၏။ ကဲလားသည် ကျွန်ုပ်ကို မြင်သော် ၀ါကျင့်ကျင့်သွားနှစ်ချောင်းကို ထင်ရှားအောင်ပြုပြီး ဦးကြပ်ခိုးကြီး စောလှချေလားဗျ ဟု ဆိုကာ ပြုံး၍ နှုတ်ဆက်၏။ ထိုအပြုံးသည် လွန်စွာ သန့်စင်သည့် အပြုံးပင် ဖြစ်၏။ ထိုအပြုံးချိုသည် ဦးလေးကိုစိန့်လက်ရာ လက်ဘက်ရည် ချိုချိုကြီးထက် ပို၍ ချိုမြိန်သည်ဟုပင် ကျွန်ုပ် ယူဆမိသည်။


နောက်တစ်ပတ်နှစ်ပတ်ခန့်ကြာသော် ကဲလားလေးသည် လက်တိုလက်တောင်းအဆင့်မှ ရာထူးတက်ကာ လက်ဘက်ရည်အဖျော်သင်အဖြစ်သို့ ရောက်ရှိသွားလေ၏။ ဦးလေးကိုစိန်ရယ် ဦးလေးပျင်းတိုင်း ကလေးကို မတန်မရာတွေ မခိုင်းပါနဲ့ဟု ကျွန်ုပ်ဆိုမိသည့်အခါ ဦးလေးကိုစိန်က ဟာကွာ ငါ့တူရီး မောင်ကြပ်ခိုးကလည်း တယ်ခက်ပါကလား။ ဦးလေးက ကဲလားလေးကို ခိုင်းတယ်ဆိုတာ သင်ပေးနေတာကွ။ ပညာသင်ပေါ့ကွာ။ ပညာရှိမှ သူ့ရှေ့ရေး စိတ်အေးရမှာ မဟုတ်လားကွ ဟု ပြန်လည်ချေပသည်။ ထိုအခါ ကျွန်ုပ်သည် ဦးလေးကိုစိန်၏ စကားကို မည်သို့မျှ မချေပတတ်တော့ချေ။ နှုတ်မှုပညာကိုသော်လည်းကောင်း၊ လက်မှုပညာကိုသော်လည်းကောင်း ငယ်သည်ဟု မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးကြောင်း ဖြစ်ပါသလျှင်ကတည်း ဟူသော နီတိစကားပင် ရှိသေးသည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် ဦးလေးကိုစိန်ဆိုလိုသည့် ပညာဟူသည်မှာလည်း ဟုတ်တုတ်တုတ်ပင် ဖြစ်ချေ၏။


ကဲလားကလေး ကိုယ်တိုင်ကလည်း ၎င်း၏ ပညာတော်သင်ဘ၀ကို နှစ်ခြိုက်ကျေနပ်နေဟန်တူသည်။ လက်ဘက်ရည်အိုး မီးမပြတ်ရလေအောင် လုံ့လပြု၏။ လက်ဘက်ရည်ဖျော်ရင်း မြောက်မြားလှစွာသော စားပွဲဝိုင်းတို့အကြား လူးလာခေါက်တုံ့ပြုကာ စားပွဲထိုးလုပ်သေးသည်။


ကဲလားကလေးကာ လုပ်သားကောင်းကြီး တစ်ဦးပင် ဖြစ်၏။ ကျွန်ုပ်တို့ မြန်မာပြည်တွင် ရွှေရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့စဉ်အခါက ကဲလားလေးသာ ရှိခဲ့ပါမူ ကျွန်ုပ်တို့ မျှော်မှန်းခဲ့သည့် ရွှေရှယ်လစ် လူ့ဘောင်သစ်ကြီးကို တည်ထောင်နိုင်ခဲ့မည်မှာ မြေကြီးလက်ခတ် မလွဲပင်တည်း။


(၅)


လပိုင်းအတွင်းမှာပင် ကဲလားလေးသည် အဖျော်ဆရာ၊ စားပွဲထိုးတို့ တတ်မြောက်အပ်သည့် အဌာရသများကို ကုန်စင်အောင် သိစပ်မြင်နှံ့သွားသည်ကို အံ့ဖွယ်သရဲ တွေ့ရလေ၏။ ထို့ကြောင့် ဦးလေးကိုစိန်သည် ငွေကိုင်အဖြစ်နှင့် အသုံးတော်ခံပြီး ဆိုင်တစ်ဆိုင်လုံး၏ ခပ်သိမ်းသော ၀တ္တရားများကို ကဲလားလေးလက်သို့ အပြီးတိုင် အပ်နှင်းလိုက်လေ၏။ တနည်းအားဖြင့် ဦးလေးကိုစိန် အငြိမ်းစားယူလေပြီဟု ဆိုလျှင် သင့်နိုးအံ့သည်။ သို့သော်လည်း လုံးဝ အငြိမ်းစားယူလိုက်ခြင်း မဟုတ်ချေ။  ရံဖန်ရံခါတွင် ကဲလားလေးက လက်ဘက်ရည်အိုး မီးမပြတ်စေရေးအတွက် မီးသွေးများစွာ အသုံးပြုသည်ကို ဟန့်တားတန်က ဟန့်တားရ၏။ ရံဖန်ရံခါတွင် ကဲလားလေးက ကာလသားတို့ကို လောကွတ်ပြု၍ ဆေးလိပ်ခိုးပေးသည်ကို မြင်လျှင် မာန်ရမဲရသေး၏။


ပန်းကမ္ဘာတွင် လာရောက် မွေ့လျော်ကြသော ကာလသားများစွာတို့တွင် ကိုယ်စိတ်နှလုံး တော်တည့် ကောင်းမွန်သူတို့လည်း ရှိ၏။ ထို့အတူ မကောင်းသူတို့လည်း ရှိကုန်၏။ ကောင်းသူထက် မကောင်းသူ ပိုများသည်မှာ လောကဓမ္မတာပင် ဖြစ်သည်။ အလို ဆိုးသွမ်းသူ ကာလသားတို့က ကဲလားလေးကို ရံဖန်ရံခါတွင် အကြောင်းမဲ့ ခေါင်းကို ခေါက်၏။ ရိုက်မောင်းပုတ်မောင် ပြု၏။ ဦးလေးကိုစိန်ကလည်း မိတ်မပျက်ရေးကို အလေးမူသောကြောင့် ထိထိရောက်ရောက် ဟန့်တားခြင်း မပြုချေ။


တစ်နေ့သ၌ ဦးလေးကိုစိန် နေ့လယ်နေ့ခင်း တစ်ရေးတစ်မော စက်တော်ခေါ်ခိုက်တွင် ကာလသားဆိုးတို့သည် ကဲလားလေးက လက်ဘက်ရည်ခွက် မှားချမိသည်ကို ယိုးမယ်ဖွဲ့ပြီးလျှင် ယင်းတို့၏ စိတ်ယုတ်မာတို့ကို ဖြေဖျောက်ရန်အတွက် ကဲလားလေးကို ၀ိုင်းချုပ်ပြီးလျှင် ဆေးလိပ်မီးနှင့် ထိုးကြလေ၏။ ကဲလားလေး၏ ငိုသံကို အိမ်ရှေ့ခုနစ်အိမ်၊ အိမ်နောက်ခုနစ်အိမ်မှ ကြားရခါမှ ဦးလေးကိုစိန် စက်တော်ခေါ်ရာမှ လန့်နိုးလေ၏။ ဦးလေးကိုစိန် ငေါက်ခါမှ ထိုကာလသားဆိုးတို့က ကဲလားလေးကို လွှတ်လိုက်၏။


ထိုအချင်းအရာ အကုန်အစင်ကို ကျွန်ုပ်တို့ သိပြီးချိန်တွင် နေပင် အတော်စောင်းနေလေပြီ။ ကဲလားလေးကား ငိုကောင်းဆဲပင် ဖြစ်၏။ သူ၏ လက်ဖျံ၊ လက်ခုံတို့တွင် မီးလောင်ဖုများ မနည်းလှ။ မသကာ အချက်နှစ်ဆယ်ခန့်ပင် ရှိလိမ့်မည်။ ဦးလေးကိုစိန်ကား ဒေါသထွက်၍ မဆုံးတော့ပြီ။ ကဲလားလေးကို အနိုင်ကျင့်သည့် ကာလသားများကို သတ်မည် ဖြတ်မည် တကဲကဲ လုပ်နေသဖြင့် ကျွန်ုပ်တို့ ၀ိုင်းဆွဲထားရ၏။


ဆေးလိပ်မီးဒဏ်ကြောင့် ကဲလားလေး နှစ်ရက်သုံးရက်ကြာသည့်တိုင်အောင် အိပ်ရာမှ မထနိုင်။ ကဲလားလေးကို ဦးလေးကိုစိန် ကိုယ်ဖိရင်ဖိ ပြုစုနေသည်ကို မြင်ခါမှ ဦးလေးကိုစိန်သည် မေတ္တာတရား ခေါင်းပါးသောသူ မဟုတ်မှန်း ကျွန်ုပ် အတန်ငယ် ရိပ်စားမိလေ၏။


သို့နှင်ပင် ကဲလားလေး နာလန်ထူစပြုလာ၏။ နာလန်ထူသော် ကဲလားသည် အနားမနေ။ ပြုဖွယ်ကိစ္စ အ၀၀တို့ကို ပြုမြဲအတိုင်း ပြု၏။ မီးလောင်ဒဏ်ရာတို့လည်း သက်သာစပြုလာလေပြီ။ သို့သော်လည်း အကုန်အစင် မပျောက်ကင်းသေး။ ကဲလားလေး၏ လက်ခုံ လက်ဖျံတို့တွင် အမာရွတ်များစွာ ကျန်ခဲ့လေ၏။ ထိုရက်ပိုင်းအတွင်း ဦးလေးကိုစိန်ကို ကဲလားလေးက အင်္ကျီလက်ရှည် ပူဆာသည်ကို ကျွန်ုပ်တို့ ကြားရ၏။ သူ့ခမျာလည်း ရှက်ရှာပေလိမ့်မည်။ ဦးလေးကိုစိန်ကလည်း ကဲလားလေး၏ အလိုကို ဖြည့်ဆည်းပေး၏။ တောခေါင်းကိုဝင်းအောင်က ကဲလားလေး၏ အမာရွတ်များကို ကြိတ်မှန်ရွက်ဖြင့် ပွတ်သပ်ကာ ဖြေဖျောက်ပေး၏။ ကြိတ်မှန်ရွက်အစွမ်းကြောင့် ကဲလားလေး၏ လက်ခုံမှ အမာရွတ်တို့ ပြေပျောက်စပြုလာသော်လည်း သူငယ်ကလေး၏ နှလုံးအိမ်မှ အမာရွတ်တို့ကား မည်သည့်အခါတွင်မှ ပြေပျောက်နိုင်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်တွေးမိသည်။


( ဇာတ်သိမ်းဆက်ရန်) 👇👇👇


ကဲလားလေး ( ဇာတ်သိမ်းပိုင်း)

#ကဲလားလေး


( ဇာတ်သိမ်းပိုင်း)


#မောင်ကျပ်ခိုး


(၆)


ထိုနောက်ပိုင်းတွင် ကဲလားလေး၏ အပြုအမူတို့ အေးခဲ မာကျောလာသည်ကို ကျွန်ုပ်တို့ သတိထားမိသည်။ ကဲလားလေးတွင် အပြုံး အရယ် နည်းပါးလာ၏။ သို့သော်လည်း နံနက်ခင်းတိုင်း ကျွန်ုပ်ကို ပြုံး၍ နှုတ်ဆက်စမြဲပင်။


ထိုနှစ်သည် ကြွက်ပေါသောနှစ်ဖြစ်သည်ဟု မြို့ခံတို့က ဆိုစမှတ်ပြုကြ၏။ များစွာသော ကြွက်တို့သည် ၀င်းမှည့်စပြုပြီဖြစ်သည် စပါးခင်းများကို ဖျက်ဆီးကြကုန်၏။ လယ်ကြွက်တို့ ခေတ်ကောင်းသည်ကို အိမ်ကြွက်တို့ မည်သို့ မည်ပုံ သိရှိသွားသည်ကို ကျွန်ုပ် ကောင်းစွာ နားမလည်ချေ။ သို့သော်လည်း အိမ်ကြွက်တို့ တစ်စခန်းထသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ကြွက်ထောင်ချောက် ထောင်သူ ထောင်ကြ၏။ ကြွက်သတ်ဆေး ချသူ ချကြ၏။ ဖတ်ရခက်အောင် ရေးခြစ်ထားသော ကြွက်ပြေးသည်ဟူသည့် စမ အက္ခရာကို အိမ်ရှေ့တွင် ရေးသူလည်း မရှား။ စိတ်ကူးတည့်ရာ ကောင်းနိုးရာရာ ကြွက်နှိမ်နှင်းနည်းများကို ပြုကြ၏။ ကြွက်ရန်ကြောင့် ကြောင်မွေးသူ အတော်ပင် ပေါသောကြောင့် ကြောင်ဈေးကွက်ဟူသော ဈေးကွက်စီးပွားရေးသစ်ပင်လျှင် ပေါ်ထွန်းခဲ့သေး၏။


တစ်ခုသောနံနက်၌ ကျွန်ုပ်သည် ပန်းကမ္ဘာသို့ ရောက်မြဲအတိုင်း ရောက်ခဲ့လေသည်။ ထုံးစံအတိုင်းပဲ ဟေ့ ဟု မှာပြီးနောက် ဆိုပါလေ လူအများ လိုက်ပြီး ရွတ်ကြ  ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဟူသည့် စိုးပိုင်၏ အဆိုအမိန့်ကို နှလုံးသွင်းနေခိုက် ကျွီ . ကျလွီ .. ကျစ် ကျစ်  ဟူသည့် မြည်သံကို ကြားလိုက်ရ၏။ ဟဲ့ နောက်ဖေးမှာ ဘာတွေ ဖြစ်နေတာတုန်း ဟု ဆိုလိုက်သော် ကဲလားသည် ကြွက်ထောင်ချောက်တစ်ခုကို ကိုင်ကာ စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ဆိုင်နောက်မှ ထွက်လာလေ၏။ ခဏနေဦး ဦးကြပ်ခိုးကြီး ဒီကောင့်ကို ကျွန်တော်ရှင်းမလို့ဗျ။ မှတ်လောက် သားလောက်အောင် လုပ်ပစ်ရမယ် ဟု ဆို၏။ သူ့လက်ထဲတွင် မွဲစုတ်စုတ် ကြွက်တစ်ကောင်။ ထောင်ချောက်ဒဏ်ကြောင့် ခါးရိုးကျိုးနေလေပြီ။ မသေမရှင်ဖြစ်ကာ လူးလွန့်နေ၏။ ကဲလားသည် ထိုသည်ကို မြင်လျှင် သဘောကျစွာ ပြုံးလိုက်လေ၏။ ထို့နောက် ထောင်ချောက်အတွင်းမှ ကြွက်ကို ဆတ်ခနဲ ဖြုတ်ယူပြီး ကိုင်ပေါက်လိုက်လေ၏။ ဟေ့ကောင်လေး မလုပ်နဲ့ ငရဲငအုံတွေ ကြီးကုန်ပါ့မယ် ဟူသော ကျွန်ုပ်၏ ဟန့်တားသံ အဆုံး၌ ကဲလားလေးသည် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည့် ကြွက်၏ ခြေနှစ်ချောင်းကို စုံကိုင်ကာ ဆွဲဖြဲလိုက်လေ၏။ ဟာ ဦးကြပ်ခိုးကလည်း ငရဲကြီးလည်း ကြီးဗျာ။ ဒီကောင့်ကို ကျွန်တော် သတ်မှ ဖြစ်မယ် ဟု ဆိုရင်း နှစ်ခြိုက်စွာ ပြုံးလိုက်လေသတည်း။


(၇)


ပန်းကမ္ဘာသို့ ကဲလားလေး ရောက်ပြီးသည့် နောက်ပိုင်းတွင် ဦးလေးကိုစိန်တို့ စီးပွားရေး အခြေအနေ တိုးတက်လာ၏။ ဆိုင်ထရံများကိုပင် အသစ်လဲလှယ်လိုက်သည်။။ တိုးချဲ့လိုက်သော ဆိုင်နှင့် လိုက်ဖက်ညီစေရန် ၀မ်းတမ်းတီဗွီတစ်လုံးနှင့် တစ်ပတ်ရစ် ဗွီစီဒီစက်တစ်လုံးကို ၀ယ်ယူဖြည့်တင်းလိုက်လေ၏။ နေကြာပန်းကက်ဆက်ကြီးကိုမူ ဘီဘီစီ နားထောင်ရန် အတွက်သာ သုံးတော့သည်။ ထို့ကြောင့် စိုးပိုင်လည်း နံနက်ချိန်ခါ တေးသံသာ အစီအစဉ်မှ ထာဝရ အနားရ သွားလေ၏။ စိုးပိုင်နေရာတွင် ဦးလေးကိုစိန့်အကြိုက် ပိုးအိစံ ရောက်လာ၏။ ထို့ပြင် စားသုံးသူတို့၏ ပြောင်းလဲလာသည့် လိုအင်ဆန်္ဒများကို ဖြည့်ဆည်းပေးမည့် အကြော်ဆရာတစ်ဦးလည်း ရောက်လာလေ၏။ အကြော်ဆရာကား မြို့ကြီးပြကြီးများရှိ လက်ဘက်ရည်ဆိုင်တို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ခြင်းကြောင့် အတော်ပင် လူရည်လည်သည်။ စကားပြော လည်ပတ်၏။ ဂျပိုးကို လိပ်ဖြစ်အောင်၊ ထွန်တုံးကို ဘီးစိပ်ဖြစ်အောင် ပြောနိုင်သူပင် ဖြစ်သည်။


အကြော်ဆရာ ရောက်လာပြီးနောက် ကဲလာလေး၏ နေ့စဉ် ၀တ္တရားတို့တွင် ဂျုံနှဲခြင်း၊ ဆီအိုး မီးထိုးခြင်းဟူသော အချက်များ တိုးလာ၏။ ကဲလားလေး၏ ဖင်ပေါ့ခြင်းတည်းဟူသော အရည်အချင်းထူးကို အကြောင်းပြုပြီးသကာလ အကြော်ဆရာသည် ကဲလားလေးကို လက်ထောက်အကြော်ဆရာအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်လေ၏။ ကဲလားလေးလည်း ပညာရ၊ ကျွန်တော်လည်း လှည့်သာပဲ့သာရှိသွားတာပေါ့ဗျာ ဟူသော အကြော်ဆရာ၏ လေသံကို ကြားရသည့်အခါ ကျွန်ုပ်သည် ဦးလေးကိုစိန်ဆိုခဲ့ဖူးသော ပညာရတာပေါ့ ဟူသည့် စကားကို သတိရမိသည်။  ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့၏ သွန်သင်ညွှန်ပြမှုတို့ကြောင့် ကဲလားလေးတွင် ပညာရပ်များ တိုးပွားခဲ့သည်ဖြစ်လေရကား ကဲလားလေးသည် ပညာတုံးပညာခဲ အစစ်ကြီးအဖြစ်သို့ နေ့ချင်းညချင်း ကူးပြောင်းသွားလေ၏ ဆိုသော် မှားမည် မထင်။


အကြော်ဆရာသည် ရှစ်စပ်ကျ ဂျင်ဂျင်လည်သူတစ်ဦးဖြစ်သောကြောင့် ကဲလားလေးကို အသက်မွေးမှုပညာများကို သင်ကြားပို့ချပေးယုံမျှနှင့် တင်းတိမ်ရောင့်ရဲဟန် မတူသေး။ ယင်း၏ သာဝက ကဲလားလေးကို ကာလသားတို့ သိမြင်အပ်သည့် အဌာရသများကိုလည်း သင်ကြားပို့ချလိုသေးသည်။ ထို့ကြောင့် အကြော်ဆရာသည် ကာလသားကြိုက်ဇာတ်ကားများကို ကြိုးစားပန်းစား ရှာဖွေပြီးလျှင် ကဲလားလေးကို ညနက်ပိုင်း လူခြေတိတ်ချိန်တို့တွင် ကြည့်ရှုလေ့လာစေ၏။ အကြော်ဆရာ၏ ည၀ါပို့ချမှုများကို မည်သူမျှ မရိပ်စားမိခဲ့ကြချေ။ သို့သော်လည်း မှုခင်းဇာတ်ထုပ်တို့၏ အဆုံးသတ် ရာဇ၀တ်ဘေးမှ ပြေးမလွတ်နိုင် ဟူသော စကားအတိုင်း ဖြစ်ခဲ့လေသည်။


တစ်ညသ၌ အကြော်ဆရာသည် ယင်း၏ သင်ထောက်ကူပစ္စည်း လေဆာဓာတ်ပြားကို ဗွီစီဒီစက်မှ ပြန်လည်ထုတ်ယူရန် မေ့လျော့သွားခဲ့၏။ နံနက်ခင်း ရောင်နီဦးတွင် ပိုးအိစံဓာတ်ပြား ဖွင့်ကာ မင်္ဂလာယူလေ့ရှိသော ဦးလေးကိုစိန်သည် ထုံးစံအတိုင်း ဗွီစီဒီစက်ကို ခလုပ်နှိပ် လိုက်သော် မျက်နှာဖြူစုံတွဲ မဖွယ်မရာပြုနေသည်နှင့် ကြုံရလေ၏။ ထိုအခိုက်တွင် ပဲပြုတ်သည်လည်း ပန်းကမာသို့ ပဲပြုတ်ပို့ရန် အချိန်မီ  ပေါက်ချလာလေ၏။ ဦးလေးကိုစိန်၊ ပဲပြုတ်သည်အဒေါ်ကြီးနှင့် မျက်နှာဖြူစုံတွဲတို့ ပက်ပင်းတိုး လေ၏။ ထိုနေ့နံနက် ဆွမ်းခံထွက်ချိန် မတိုင်မီတွင် ဦးလေးကိုစိန်တစ်ယောက်ရယ် ကျက်သရေမရှိတဲ့ဟာတွေကို မနက်စောစောစီစီး ထကြည့်နေတယ်တော့ ဟူသော ပဲပြုတ်သည်၏ မောင်းခတ်သံသည် လွန်စွာ မကျယ်ပြန့်သော မြို့ကလေးကို ဖုံးလွှမ်းချောက်ချားလေသတည်း။


ထိုသတင်းကြောင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ မကြီးမငယ်နဲ့ ရွပိုးထိုးတယ် ဟူသော အသံများကို ကြွက်စီကြွက်စီ ကြားရ၏။ ထိုအသံများကို ကြားရသော် ဦးလေးကိုစိန့်ကတော်၏ ဒေါသသည် ဒီရေလှိုင်းလုံးကြီးများသဖွယ် တရိပ်ရိပ် တလိပ်လိပ် တက်လာပြီးလျှင် ငယ်ထိပ်သို့ ဆောင့်၏။ ငယ်ထိပ်ထက်မှ လျှံကျလာသော ဒေါသလှိုင်းတံပိုးကြီးသည် လက်ဖ၀ါးပြင်ထက်သို့ စီးကျသွားလေ၏။ ထို့နောက် ကိုစိန့်ကတော် ထဘီစွန်တောင်ဆွဲပြီး ဦးလေးကိုစိန်ရှိရာ အရပ်သို့ ဒုန်းစိုင်း ရောက်လာခြင်း၏ အဆုံး၌ သူ့လက်ဖ၀ါးထက်မှ ဆူဝေနေသည့် ဒေါသတို့သည် ဦးလေးကိုစိန်၏ ပါးပြင်ထက်သို့ ပြင်းစွာ သက်ဆင်းလေသတည်း။


ဦးလေးကိုစိန်ကလည်း သူ မဟုတ်ရပါကြောင်း ငြင်းသေးသည်။ သို့သော်လည်း လက်ပူးလက်ကြပ်မိသည်ကို ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် အံတကြိတ်ကြိတ် တောက်တခေါက်ခေါက်လုပ်ကာ ပါးပြင်ကို ပွတ်သပ်ယုယပြီး နေရတော့သည်။ အခဲမကျေသည့် ဦးလေးကိုစိန်က အကြော်ဆရာကို ကြိမ်းမောင်း၏။ အကြော်ဆရာက ကဲလားလေးကို လွှဲချသည်။ ကဲလားလေးက ထိုဇာတ်ထုပ်ကို ကြည့်ချင်သည်ဟု ပူဆာသောကြောင့် ပြသရခြင်းဖြစ်သည်ဟု ဆို၏။ ထို့နောက် ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့ မဟာမိတ်ဖွဲ့ကာ ကဲလားလေးကို ကြိမ်းမောင်းကြပြန်သည်။


(၈)


သို့နှင်ပင် တလင်းသိမ်းချိန် ရေရှားချိန်တို့ ကုန်လွန်ခဲ့ပြီး စိန်ပန်းပွင့်ချိန် ဗွက်ထချိန်သို့ ပြန်လည်ရောက်ရှိခဲ့လေသည်။ ထိုမြို့ကလေးမှ လွတ်မည့် ကျွတ်မည့် ဇာတာ ကျွန်ုပ်အတွက် မပေါ်သေး။ ထို့ကြောင့် ရဲရဲနီသော စိန်ပန်းတို့ကိုကြည့်ကာ အနီရောင်လောကကို အပြစ်ဖို့ရလေသည်။ စိန်ပန်းပွင့်ချိန်တွင် ကဲလားလေး၏ အမူအရာတို့ တစ်မျိုးပြောင်းလဲလာသည်။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တို့တွင် ကဲလားလေး၏ လေချွန်သံကို ကြားရ၏။ စုတ်ထိုးသံကို ကြားရ၏။


တစ်ခုသော ညနေခင်း ကျောင်းဆင်းချိန်၌ ဒေါသကြီးဟန်တူသော အမျိုးသမီးကြီးတစ်ဦးသည် ပန်းကမာ လက်ဘက်ရည်ဆိုင်ရှေ့တွင် ခါးထောက်ရပ်ပြီး သယ် ပြော မပြောလိုက်ချင်ဘူး .. လူကြည့်တော့ လက်တစ်ဆစ်လောက်ပဲ ရှိသေးတယ်။ သောက်ကျင့်က အရွယ်နဲ့ မလိုက်ဘူး။ ရာရာစစ … ရုပ်ကိုကတည်းက မွဲတိမွဲခြောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုမျိုး အကောင်က ငါ့ သမီးကို   လက်လိုက်ဆွဲရတယ်လို့ လာလာချည်သေး ..  မအေပေး .. ခွေးမျိုး .. ၀က်မျိုး .. ကလေက၀မျိုး .. ဟဲ့ အုတ်ကြားမြက်ပေါက်မျိုးရဲ့ စသော ဆဲရေးနည်းများကို တခမ်းတနား ရေရွတ်ပြီး ဘီလူးဆိုင်းတီးနေသည်ကို ကြားခါမှ ကဲလားလေး အူမြူးရသည့် အကြောင်းရင်းကို ကျွန်ုပ် သိလိုက်ရလေ၏။


ထိုအမျိုးသမီးကြီးအား အဆဲအရာတွင် ဧတဒဂ်ဘွဲ့ ချီးမြှင့်ခြင်းငှာ ထိုက်တန်သည်ဟု ကျွန်ုပ်ယူဆသည်။ အတော်ပင် အဆဲသန်သည့် အာဂ အမျိုးသမီးကြီးပါပေ။ ကဲလားလေးကား မျက်နှာမကောင်းလှ။ သူ့အပြစ်နှင့်သူဖြစ်ခြင်းကြောင့် ချောင်ကပ်ပြီး မှိုင်နေလေ၏။ ခွေးနှစ်ကောင်ကိုက်သည်ကိုပင် ၀ိုင်းအုံကြည့်ရှုလေ့ရှိသည့် တောမြို့ဓလေ့အတိုင်း ထိုဆဲပွဲကြီးကို တစေ့တစောင်း လာရောက် ကြည့်ရှုသူ ချီးမြှင့်သူ အတော်ပင် များ၏။ အဆဲဘုရင် ဧကရီရှင်မကြီးကား မိုးစုပ်စုပ်ချုပ်ခါမှ အိမ်ပြန်သွားလေသည်။ ထိုအရေးတော်ပုံ ပေါ်ပေါက်ရခြင်းတွင် အကြော်ဆရာ၏ ပယောဂ မကင်းကြောင်း ကျွန်ုပ် အတပ်သိသည်။ ဂေါဏေန ဂေါဏော၊ သာမဏေန သာမဏောပင် မဟုတ်လော။


(၉)


နောက်တစ်နေ့နံနက်ခင်း ပန်းကမ္ဘာသို့ ကျွန်ုပ်ရောက်သော် တွေ့မြင်နေကျ ကဲလားလေး၏ အပြုံးချိုချိုနုနုကလေးအစား အကြော်ဆရာ၏ စိုးရိမ်ကြောင့်ကြမှုများ ဖုံးလွှမ်းနေသည့် အဆီပြန်မျက်နှာကိုသာ တွေ့ရ၏။ ကိုကြပ်ခိုးကြီးရေ ကဲလားလေးတော့ ညနက်ပိုင်းကတည်းကတည်းက ပျောက်နေတာ အခုထက်ထိပေါ်မတွေ့သေးဘူး။ သူ့မအေအိမ်ကို သွားပြီးတော့ မေးကြည့်ပြီးပြီ။ ရောက်မလာဘူးတဲ့ဗျ။ ဒီကောင်လေး ဘယ်လျှောက်သွားနေသလဲ မသိတော့ဘူးဗျာ။ အခုချိန်ထိကို ပေါ်မလာသေးဘူး။ ဦးလေးကိုစိန့်ကို ပြောမှ ဖြစ်တော့မယ် ဟူသည့် အကြော်ဆရာ၏ ဆိုမြည်သံကို ကြားရ၏။


နံနက်ခင်း ရှစ်နာရီထိုးသော်လည်း ကဲလားလေး ပေါ်မလာသေး။ ပျောက်ခြင်းမလှ ပျောက်နေ၏။ ကိုးနာရီ ဆယ်နာရီခန့်ရှိသော် ကျွန်ုပ်တို့ လူသိုက်လည်း ဦးလေးကိုစိန့်နောက် ရောယောင်လိုက်၍ ကဲလားလေးကို ရှာဖွေရလေသည်။ တောခေါင်းကိုဝင်းအောင်က ကဲလားလေးတစ်ယောက်တော့ အဆဲခံရတာနဲ့ ရှက်ပြီးတော့ ချောင်းထဲဆင်းပြီး သေးသလား မသိဘူး ဟု စိုးရိမ်မကင်း ဆိုလေ၏။ သူ ထိုသို့ ဆိုလျှင် ကျွန်ုပ်တို့လည်း ချောင်းစပ်သို့ဆင်း၍ ကဲလားလေး၏ အမည်ကို တကြော်ကြော် ဟစ်ခေါ်ကာ ရှာရပြန်သည်။ ကြွက်သတ်ဆေးသောက်ပြီးတော့ သေသလား မသိဘူးဟု ကိုဝင်းက ဆိုပြန်သော် ရေတွင်းရေကန်တို့အနားတွင် ရှာရပြန်၏။ ကိုဝင်းအောင်ကား ပါးစပ် အငြိမ်မနေ ဖြစ်တန်သည်များကို တစ်ခုပြီး တစ်ခု တရစပ် ဆို၏။ သူပြောလေတိုင်း ကျွန်ုပ်တို့လူသိုက်လည်း ဟုတ်လိမ့်နိုး ဟုတ်လိမ့်နိုးဖြင့် ရှာပုံတော်ဖွင့်ရသည်မှာ မွန်းတည့်ခဲ့လေ၏။ မွန်းတိမ်းသော်လည်း ကဲလားလေးကို ရှာမတွေ့သေး။ သို့ဖြင့်ပင် အသားမဲမဲ သွားခေါခေါ သူငယ်ကလေးတစ်ယောက်သည် တောမြို့ကလေးမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး ကဲလားလေး ဟူသော အမည်မှာလည်း စုန်းစုန်းမြုပ်သွားလေ၏။


(၁၀)


ကဲလားလေး ပျောက်ဆုံးပြီးနောက် လအနည်းငယ်ကြာသော် ကျွန်ုပ်သည် စပ်ဆုပ် ရွံရှာဖွယ်ကောင်းသည့် အလုပ်ဌာနကို စွန့်ခွာ၍ မိဘရပ်ထံသို့ ပြန်ကာ လယ်ယာချောင်းမြောင်း လုပ်ကိုင် စားသောက်ခဲ့လေသည်။ တင်းကုတ် ထရံရှိ ကဲလားများဆီသို့ မိုးစက်မိုးပေါက်တို့ ကျရောက်သည့်အခါ၊ ကဲလားတို့ကို ထောက်ကန်ထားသည့် ၀ါးလုံးများကို ဖြုတ်သိမ်းရသည့် အခါမျိုး၌ မည်သည့်ဘုံဘ၀သို့ ရောက်သွားမှန်း မသိရသည့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ကဲလားလေးဟူသော သူငယ်ကလေးကို အထူးပင် လွမ်းဆွတ်မိသည်။ မိတ်ဟောင်းဆွေဟောင်းတို့ကိုလည်း တသမိသည်။ ထိုမျှသာမက နေခဲ့ဖူးသည့် တောမြို့ကလေးကိုလည်း ရော်ရမ်းမိလေသည်။ နွေမိုးဆောင်းရာသီစက်ဝိုင်း တစ်ကျော့ နှစ်ကျော့ ပြောင်းလဲပြီးနောက်တွင် ကျွန်ုပ်သည် စာရေးကလေး မောင်ကြပ်ခိုးအဖြစ်မှ လယ်သမားကြီး ဦးကြပ်ခိုးအဖြစ်သို့ ရောက်ခဲ့လေ၏။


တစ်ခုသော ဆောင်းနှောင်းနွေဦး စပါးသိမ်းပြီးစအချိန်တွင် ကျွန်ုပ်သည် မိဘများကို လက်တွန်းထွန်စက်ဝယ်မည်ဟု လိမ်ညာအကြောင်းပြ၍ ပိုက်ဆံတောင်းပြီးလျှင် ရန်ကုန်မြို့သို့ အလည်အပတ် လှမ်းခဲ့လေ၏။


ရန်ကုန်မြို့သို့ ရောက်လျှင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်ရသည်မှာ မဟာရန်ကုန် ရွှေမြို့တော်ရောက် ကျေးတောသား တစ်ယောက်၏ ပြုရိုး ထုံးစံတည့်။ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်မာန်လျှော့ ကန်တော့ပြီးနောက် ဓါတ်လှေကားစီးရသည်မှာ အလွန်ပင် အရသာ ရှိလှပါပေ၏။ မိခင်ကြီး မှာကြားလိုက်သည့် ဆွမ်းတော်လင်ပန်း၊ သောက်တော်ရေခွက်၊ ပိတောက်သား စိပ်ပုတီး၊ ကြေးစည်၊ ရှင်သီဝလိဆင်းတုတော် အစရှိသည့် ပရိဘောဂများကို ဘုရားစောင်းတန်းမှ ၀ယ်ယူပြီးနောက်တွင် ကျွန်ုပ်သည် အထုပ်အပိုးများဖြင့် ကိုးယို့ကားရား ဖြစ်သွားလေ၏။


(၁၁)


ထိုအခိုက် ဟာ ဦးကြပ်ခိုးကြီး ပစ္စည်းတွေ မနိုင်မနင်းနဲ့ ကျွန်တော် ဘာကူသယ်ပေးရမလဲ ဟူသည့် အသံကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံကို ကျတ်မိသလိုလိုပင်။ ထို့ကြောင့် အသံကြားရာ အရပ်သို့ မျက်နှာမူလိုက်သော် လူငယ်ကလေးတစ်ဦးကို တွေ့၏။ ရပါတယ် မောင်ရဲ့ ဒါနဲ့ မင်းက ဘယ်သူတုန်းဟု ကျွန်ုပ် မေးလိုက်သော် လူငယ်ကလေးက ဟာ ဦးကြပ်ခိုးကြီးကလည်းဗျာ သေသေချာချာကြည့်ပါဦး ဟု ဆိုရင်း  ပြုံးလိုက်လေ၏။


နံနက်ခင်း နေရောင်ခြည်သည် ထိုလူငယ်ကလေး၏ မျက်နှာထက်ဆီသို့ စူးရှစွာ ကျရောက်နေလေ၏။ တောက်ပသော နေရောင်ခြည်သည် အကြင်လူငယ်၏ အာခံတွင်းမှ သွားများဆီသို့ ကျရောက်လေသော် နေရောင်ကာ ရှေ့သွားနှစ်ချောင်းသည် နေမင်းကို အံတုရန်အလို့ငှာ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သည့် ပဘဿရရောင်ခြည်ကို တခဲနက် လွှတ်၏။ ကဲလားလေးဟု ကျွန်ုပ် ပလုပ်ပြည့် ပလောင်းပြည့် ရေရွတ်မိသည်။ နေခင်းကြောင်တောင် ကဲလားလေး တစ္ဆေခြောက်ခြင်း ပင်လော။ သို့သော်လည်း လူငယ်ကလေးက ဟုတ်တယ် ဦးကြပ်ခိုး ကျွန်တော် ကဲလားလေးလေဗျာ ဟု ဆိုလိုက်လေ၏။ ကဲလားလေး မသေသေး။


ကဲလားလေး အပြောအတိုင်း အတိတ်ကိုလှန်သော် သူသည် ဆဲသံလွှမ်းသော အသည်းကွဲ ညနေချမ်း၏ နှိပ်စက်မှုကြောင့် ဦးလေးကိုစိန်နှင့် ပန်းကမ္ဘာလက်ဘက်ရည်ဆိုင်ကို ညတွင်းချင်း စွန့်ခွာခဲ့ပြီး သူ့ဖခင်၏ သူငယ်ချင်းတစ်ဦး မောင်းနှင်သည့် ကုန်ကားတွင် စပယ်ရာလုပ်ကာ တောမြို့ကလေးနှင့် ဝေးရာ ရှမ်းပြည်သို့ ပြေးထွက်ခဲ့လေ၏။ ရှမ်းပြည်တွင် ကြာကြာမနေနိုင်။ ထို့ကြောင့် ကုန်ကားတစ်စီးမှ နောက်တစ်စီး ကူးပြောင်းစီးပြီး နောက်ဆုံးတွင် တောမြို့ကလေးသို့ ပြန်ရောက်ခဲ့ရပြန်သည်။


သူ ထွက်ခွာခဲ့သည့် သုံးလေးနှစ်တာ ကာလအတွင်း တောမြို့ကလေး၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တောမြို့ကလေး၏ စီးပွားရေးအခြေအနေ မကောင်းသောကြောင့် ဦးလေးကိုစိန်၏ လက်ဘက်ရည်ဆိုင်လည်း ပိတ်လိုက်ရလေပြီ။ ကဲလားလေး၏ တစ်ခုလပ် အရွယ်ကောင်း မိခင်သည် တစ်ပင်လဲပြီးနောက် တစ်ပင်ပြီးတစ်ပင်ထူရာမှ မအေတူဖအေကွဲ ညီငယ်ညီမငယ်များ တစ်ယောက်ပြီး တစ်ယောက် ရခဲ့သည်။ မည်သည့် လင်နှင့်မှ ကြာရှည် ပေါင်းရကိန်း ရှိဟန် မတူသော မိခင်နှင့် ညီငယ်ညီမငယ်များကို လုပ်ကျွေး ပြုစုရန်တည်းဟူသော ဧရာမတာဝန်ကြီးသည် ကဲလားလေး၏ အသားမာတက်နေသည့် ပုခုံးသားပျိုထက်ဆီသို့ အသံမပြုဘဲ ခုန်ချလာလေ၏။


အတိုချုဉ်း၍ဆိုရသော် ကဲလားလေးသည် တောမြို့ကလေးတွင် လုပ်ကိုင် စားသောက်ရသည်မှာ အဆင်မပြေလွန်းသောကြောင့် ရန်ကုန်သို့တက်၍ ရရာအလုပ်ရှာရသည်။ ယခုအခါတွင် ဘီယာဆိုင်၌ စားပွဲထိုးလုပ်နေသည် ဟူ၏။ ကဲလားလေးကား သူ၏ သက်တမ်းတလျှောက်လုံးတွင် လောကဓံရှစ်ပါးအနက်မှ လေးပါးသော လောကဓံဆိုးများနှင့်သာ ကြုံရသူ ဖြစ်သော်လည်း သူ၏ အားမာန်ကို မလျှော့။ စိတ်ဓာတ်ကို မချ။ ဦးကြပ်ခိုးကြီးရယ် အခုလောလောဆယ်တော့ ပညာသင်အဖြစ်နဲ့ လုပ်နေရတာပေါ့ဗျာ။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပေါ့ဗျာ ဟူ၍ဆိုပြီးနောက် ကျွန်ုပ်ကို နှုတ်ဆက်ပြုံးပြပြီး အလုပ်ခွင်ရှိရာသို့ ထွက်ခွာသွားလေ၏။


(၁၂)


ကဲလားလေး၏ ပညာသင်ယူခြင်း မည်သည့်အခါတွင်မှ ပြီးဆုံးမည်ကို ကျွန်ုပ် မတွေးတတ်ပါ။ မည်သို့ပင် ဆိုစေကာမူ ကဲလားလေးသည်ကား ပညာရှင်များ တညီတညွတ်တည်း ဆိုမြွက်ကြကုန်သော ပြောင်းလဲလာသည့် ဂလိုဘယ်လိုက်ဇေးရှင်း ယဉ်ကျေးမှု၏ လိုအပ်ချက်အရ ပေါ်ထွက်လာသည့် စဉ်ဆက်မပြတ် ပညာသင်ယူမှု (Continuous Learning) ၊ ဘ၀တစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ဆိုသည်တို့ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်သူတစ်ဦးပင် ဖြစ်ချေသတည်း။


---------------


မောင်ကျပ်ခိုး


[ မျက်ရှု သုတ၊ ရသ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။မျက်ရှုအား ကျေးဇူးတင်ပါသည်။


Monday, 25 February 2019

ဟင်းတစ်ခွက်တောင်ဘက်မှပိုချိုခြင်း #ဆင်ဖြူကျွန်းအောင်သိန်း

#ဟင်းတစ်ခွက်တောင်ဘက်မှပိုချိုခြင်း


#ဆင်ဖြူကျွန်းအောင်သိန်း 


တလင်းစုထဲမှ ကောက်ပြန့်များကို နွားနင်းနယ်သံသည် အရိုးချည်းသာကျန်တော့သော ချူံတောကို လေပြင်း တိုက်သံ လို သရက်ပင်အုပ်ကြီးအောက်မှ ဆူညံစွာထွက်ပျံနေလေ၏။

နေခြည် သည် တစ်နေ့တာလုံး သရက်ပင်အုပ်ကို မဖောက်ထွန်းနိုင်သော်လည်း ယခုမူ အဝေမှ စွေ၍ ကောက်ပြန့် များ ပေါ်သို့ သွန်းလောင်းနေပေပြီ။ ရှည်လျားသော အရိပ်ကြီးများသည် ကောက်ပြန့်၏ အရှေ့ဘက် ကျသော အရပ်၌် ကိုးရိုးကားရား လှုပ်ရှားနေကြပေသည်။ ကောက်ပြန့်ထက်သို့ ပျံတက် လာသော အမှုန်များသည် နေခြည်ရောက်ရာအရပ်တွင် ပါးလွှာသော ဇာပ၀ါတွန့်သလို လွန့်မြူး၍ နေခြည် လွတ်သော နေရာ၌် ပျောက်ကွယ်သွားလေ၏။


`တယ်ဒီနွားအိုကြီးဟာ သေတော့မှာပဲ။ ဒါလောက်ပဲ ငတ်ရသလားဟင်` တောင်ဘက်တလင်း မှ အုန်းမြ၏ အော်ငေါက်သံ နှင့်အတူ တင်ပါးကိုနှင်တံဖြင့်ရိုက်သံသည်လည်း တချိုးချိုးတချွတ်ချွတ် အသံများနှင့် ရောလိမ်လျက် ထွက်ပေါ်လာသည်။

“ဟင်း၊ဟင်း၊ဟင်း၊ဟင်း“

ကိုဆေးရိုးသည် နွားနှစ်ကောင်၏တင်ပါးကို လက်ဝါးဖြင့်တွန်းရင်း တဟင်းဟင်းအသံပေးလျက် ရှိသည်။ နွားနှစ်ကောင် မှာ ပျိုရွယ်သန်မာသော အရွယ်ကောင်းများဖြစ်၏။ သို့ရာတွင် ခေါင်းကြီးတွေစိုက်လျက် ပျင်းတိ ပျင်းတွဲ လှမ်းနေကြပေသည်။ ကောက်ရိတ်ပြီးစချိန်ကပင် နွားနှစ်ကောင်မှာ လုံလောက်သော အနာယူချိန် နှင့် အားမွေးချိန် ကို ရရှိထားသဖြင့် လှည်းတပ်လိုက်ပြီိဆိုလျှင် ဆွဲ၍မနိုင်နိုင်အောင်ဖြစ်ခဲ့ရ၏။


လူအိုနှင့်နွားပျို၊ သည်ဆိုလျှင် ခတ်ရချေရဲ့ဟု အောက်မေ့ခဲ့သည်။ ယခုမူ ညဥ့်သခေါင်တိုင်အောင် နှယ်၍ အရုဏ်တက် က ထပြီး“ကောက်ဖွပ်“ ရသောဒဏ်ကြောင့် နွားနှစ်ကောင်မှာ ခြေကုန်လက်ပန်းကျနေပေပြီ။

“မန်ကျည်းသီး ကောက်ကွေး လောက်လေးနဲ့ ဆော်သလေလေ့။ ဟိုကောင်မလေး ဆံတောက်ကွေး နောက်ဖေး ကို ခေါ်သဟေ့ ခေါ်သဟေ့“ အုန်းမြတို့ ကောက်ပြန့်၏ ဟိုဘက်မှ ကြည်စိန်၏ အော်သံဖြစ်၏ ကိုဆေးရိုး မှာ ခေါင်းကို ဆတ်ခနဲထောင်ပြီး လှမ်းကြည့်မိသည်။


“ဟ ဘာကောင်လေးတွေလဲဟေ့“

ကိုဆေးရိုးမှာ ပြုံးစေ့စေ့ကြီးဖြစ်သွားသည်။ ကောက်ပြန့်ပေါ်တွင် သံသရာစက်ဝိုင်းလို မဆုံးနိုင် မပြတ်နိုင် တ၀ဲလည်လည် လှည့်ပတ်မောင်နှင်နေရသဖြင့် အော်မိအော်ရာ ပျင်ပျင်းနှင့် ထအော်ခြင်းဖြစ်ပေမည်ဟု တစ်ဆက်တည်း တွေးမိသောကြောင့်လည်း ကိုဆေးရိုး၏ နှုတ်ခမ်းမှ အပြုံးသဏ္ဌာန်မှာ တော်တော်နှင့် ပျာက်ကွယ်မသွားပေ။

“အုန်းမြရေ“

“ဗျိုး“


ကိုဆေးရိုး က တောင်ဘက်တလင်းတွင် ငြိမ်ငြိမ်ကလေး နွားမောင်းနေသေ အုန်းမြကို လှမ်းပြီး အသံပေး လိုက်လျှင် အုန်းမြက ခေါင်းထောင်၍ကြည့်သည်။

“မင်းကကော ဘာမှမဆိုဘူးလားကွ“

“ဟဲဟ“

အုန်မြသည် တစ်ချက်ရယ်ပြီးလျှင် နွားကိုသာ တဟဲ့ဟဲ့ဖြင့် ဆက်ခက်မောင်နှင်နေသဖြင့် ကိုဆေးရိုးမှာ ဆက်၍ မပြောတော့ဘဲ ကောက်ပြန့်ကို ငုံ့ကြည့်လိုက်သည်။ သဲသဲကွဲကွဲမမြင်ရပေ။

“ကျီးဒန်ရေ၊မီးလေးများ လက်ပါဦးဟ“


သရက်ပင် ပင်စည်ကို ကပ်ပြီးထိုးထားသော တဲကုပ်ကလေးဆီသို့ လှမ်းကြည့်ကာ အော်လိုက်သည်။ တဲကုပ် ကလေး အတွင်းတွင်ကား မကျီးဒန်သည် တကုပ်ကုပ်ဖြင့် ချက်ပြုတ်လုပ်ကိုင်လျက်ရှိသည်။ မကျီးဒန်သည် သစ်သားငရုတ်ဆုံ တစ်ခုဖြင့် ထောင်းထုနေရာက ငရုတ်ကျည်ပွေ့ကို တန်းလန်းစိုက်ထားလိုက်ပြီး တဲတံစက်မြိတ် တွင် ချိတ်ထားသော “ပုန်နဆီအိုး“ကိုဖြတ်သည်။

ပုန်နဆီအိုဆိုသည်မှာ လက်ဝါးတံဆိပ် ရေနံဆီမီးအိမ်ဖြစ်၏။ မည်သည့်အကြောင်းကြောင့် ပုန်နဆီအိုးဟု ခေါ်သည် မသိပေ။ ပုန်နဆီအိုး ၌ သရက်စေးများ၊သရက်ပွင့် အခြောက်များ၊ စပါးမှုန်များသည် ရေနံဆီနှင့် တလိန်း ထိုးကာ ပေကျံနေပေ၏။ မကျီးဒန်သည် ပုန်နဆီအိုးကို မီးထွန်းညှိပြီးလျှင် ကောက်ပြန့်ပေါ်သို့ ညွှတ်ကျ နေသော သရက်ကိုင်း တစ်ခုတွင် လာရောက်ချိတ်ပေးလိုက်၏။


“အင်ဟင် ဟဲ့၊ မလုပ်နဲ့လေ။ ဒီလိုမလုပ်စမ်းနဲ့လေ“

မကျီးဒန်အားလှမ်းကြည့်ခိုက်တွင် နွားနှစ်ကောင်သည် နှုတ်သီးစွပ်ထားလျက်က တုံ့ရပ်ပြီး ကောက်ပြန့်ကို နှာခေါင်းဖြင့် တရှူးရှူး ငုံ့ထိုးနေသည့်အတွက် တချက်ရိုက်လိုက်သည်။

“မတော်သေးဘူးလား“


မကျီဒန် က ကောက်ပြန့်ကိုခြေဖ၀ါးဖြင့်ပွတ်ကြည့်ရင်း မေး၏။ ကောက်ပြန့်အဖျားများသည် တစ်ဖက်သတ် ယိုင်လဲ လျက် စပါးစေ့ရှိသောနေရာများ၌ အရိုးချည်းသာ ကျန်တော့သည်။ အားနည်းသော ပုန်နဆီ မီးရောင်ဖြင့် မမြင်ရသော်လည်း စမ်းသပ်ကြည့်ရုံနှင့် သိသဖြင့် မေးလိုက်ခြင်းဖြစ်ပေသည်။


“နည်းနည်းလိုသေးသလားလို့ဟ“

ကိုဆေးရိုး က နွားနှစ်ကောင်ကို ခပ်သွက်သွက် တို့မောင်းနေ၏။ နွားနှစ်ကောင်၏ ခြေထေါက်ကြားတွင် လည်းကောင်း၊ ကိုဆေးရိုး ၏ ခြေထောက်တွင်လည်းကောင်း နူးညံ့သော ကောက်မျှင်ကလေးတို့က လုံးထွေး နေပေ သည်။ နင်ရင်းက ကောက်လှိုင်းအစည်းထဲက ကျွတ်ထွက်လာသော အမျှင်ကလေးများက ဖုံးနေခြင်း ဖြစ်၏။


ကိုဆေးရိုးသည် “ဖုံ“ နေသော အထွေးကလေးများကို နှင်တံဖြင့်ခြစ်၍ ဘေးသို့ပစ်ချလိုက်၊ နွားနှစ်ကောင်ကို ခပ်လောလော ကလေး မောင်းလိုက်သဖြင့် စောစောကထက် သွက်လက်နေသည်။ နွားနှစ်ကောင်မှာလည်း သခင်က ယင်းသို့မောင်းလာပြီဆိုလျှင် နားတော့မည်ဆိုသည်ကို သိနေသည့်အလား အသော့နှင် နေကြသည်။ စပါးနယ်ရာ ၌ တည်ရှိသော ကောက်ပြန့်ကြီးတစ်ခုလုံးကို တစ်ပြိုင်နက် နင်းနိုင် နှယ်နိုင် သည် မဟုတ်။ တစ်ဝက်သာ နှယ်နိုင် နင်းနိုင်ပေသည်။


ကောက်ပြန့် ၏ ဗဟိုကြသော နေရာကို “ဗွေ“ ဟုခေါ်သည်။ ထိုဗွေကို စက်ဝိုင်း၏ အနားအဖြစ်ထားကာ ကောက်ပြန့် ၏ အစွန်းနှင့်ဆက်သွယ်၍ နွားကို မောင်နှင်ရသည်။ နွားကိုလည်း တစ်နေရာတည်း အသေထား ၍ မောင်နှင်ခြင်းမဟုတ်ဘဲ နွားခွာများ နေရာချင်းစပ်ပြီး နင်းအောင် အရင်းကနွားကို နည်းနည်းချင်း ကြိုးတင်းပေးရသည်။


ယခုကဲ့သို့ စပါးစေ့များ ကုန်စင်လုနီးနီး ကျွတ်၍ ဖုံနေသောအခါတွင် ကောက်ပြန့်ကြီးသည် နေကြာပန်းပွင့်၏ ၀တ်ဆံများ တည်နေပုံကဲ့သို့ ဗဟိုတွင် အနားစပ်နေပေတော့သည်။ ထို့ ကြောင့် ပထမဦးစွာနှယ်ခြင်းကို “ဗွေ“ဖွပ်သည် ဟုခေါ်လေ၏။

“ဖြူနေပါပြီ တော်ရဲ့။ ထမင်းစားပြီးမှပဲ ကောက်ပေါက်တော့တာပေါ့“


မကျီးဒန် က ကောက်ပြန့်၏ အစပ်မှ အလှိုင်းထိပ်များကို လက်ဖြင့်စမ်းသပ်ကြည့်ပြီး ပြောသည်။ဖြူသည် မဖြူသေးဘူး ဆိုသော အသုံးအနှုန်းမှာ ဆန်ဖွတ်ရာတွင်လည်းကောင်း၊ စပါးနှယ်ရာတွင်လည်းကောင်း သုံစွဲကြပေ၏။ ဆန်ဖွတ်လျှင် ဆန်ပေါ်၌ဖုံးနေသော ဖွဲများ ကုန်စင်ခြင်းကိုရည်ရွယ်၍၊ ကောက်လှိုင်းများကို နှယ်ရာတွင်မူ စပါးစေ့များ ကောက်လှိုင်းတွင် ကုန်စင်ခြင်းတို့်ကိုရည်ရွယ်သည် ထို့ကြောင့် ဖြူသည် ဆိုခြင်းမှာ“စင်“ခြင်းကိုဆိုပေ၏။


မကျီးဒန်မှာ ကိုဆေးရိုးကိုလည်း ကြာကြာရပ်ကာ စကားပြောမနေနိုင်ပေ။ နောက်သို့လည်း မကြာခဏ လှည့်ကြည့် နေရာက

“ကဲ ဟင်းချိုအိုးဆူရင် ဟင်းရွက်ခတ်ထားလိုက်မယ်။ နွားတွဲချပေတော့“


ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်လာခဲ့သည်။ ဟင်းချိုအိုးဝေကျလျှင် ချွေချွေတာတာ ခတ်ထားသော ဆီကလေး တွေ ဝေကျသောရေနှင့် အတူ မီးဖိုထဲသို့ ရောက်ကုန်မှာဆိုးသဖြင့် ပြေးဝင်လာသော်လည်း ဟင်းချိုအိုး မှာလှုပ်သော်မျှ မလှုပ်သေးပေ။ မကျီးဒန်က နွားတွဲအချတွင် အဆင်သင့်ဖြစ်အောင် မီးကို ဆွပေး၏။ ပန်ကန်ကို အပြေးအလွှားဆေးပြီး တဲထရံတွင် မှီထားသော စားပွဲခုံကို ခင်း၍တင်ထား၏။ ထမင်းစား စားပွဲခုံကား ချေးအထပ်ထပ်ဖြင့် မည်းနေသည်။ အအေးဓါတ် ရစ်ပတ်ထားသောကြောင့် အစိုလည်း ပြန်နေပေ၏။ စားပွဲခင်းပြီး၍ ဟင်းအိုးကို လှည့်ကြည့်သောအခါ ဟင်းချိုမှာ မီးခိုးကြားတွင် ပျောက် နေချေသည်။


“မှိုင်းစော်တော့ နံကုန်တော့မှာပါပဲတော်” မကျီးဒန်သည် စိတ်ထဲမှ ပူပန်စွာရေရွတ်လိုက်ပြီး စုထပ်နေသော ထင်းစ များကို တစ်စပေါ်တစ်စ မေးတင်ပေးကာ မီးပြောင်း(မီးပလွေ)ဖြင့် မှုတ်ပေး၏။ မီးကား တောက်မလာပေ။ တဲကုတ်အတွင်းဝယ် လိုဏ်သံပါသော မီးပြောင်းမှုတ်သံက ညံနေ၏။ မီးကရုတ်တရက် မတောက် နိုင်သဖြင့် သွားကျိုး၊ပါးကျိုး မကျီးဒန်၏ ပါးစပ်ထဲမှ လေအစားတံတွေးများသာ ထွက်လာ တော့သည်။


ထိုစဉ်ကောက်ပြန့်ပေါ်မှ အသံများပျောက် သွားပြီး မာကျောသောတံလင်းမြေပြင်ကို နွားခွာဖြင့် ဖိနင်းသံများ ထွက်ပေါ်လာ၏။ ခွာသံများသည် နွားစာခေါင်း (နွားစာခွက်)နား၌ ရပ်တန်းပျောက်ကွယ်သွားသည်။ နွားတွဲချ၍ နွားများကို အစာကျွေးခြင်းဖြစ်ပေသည်။ မကျီးဒန်မှာကား မျက်စိထဲသို့ မီးခိုးဝင်သဖြင့် ခဏနားပြီး မီးပလွေသံ တညံညံဖြင့် ဆက်မှုတ်နေ၏။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေးကိုင်၍ မီးဖိုဘေးလာထိုင်၏။ မကျီးဒန် ကား ဇွဲကောင်းကောင်းဖြင့် မီးမှုတ်ဆဲ။


“အင်းညဉ်းဟင်းအိုး ကတော့ ဆားခတ်ဖို့တောင် မလိုတော့ပါဘူးအေ” မီးစတစ်စဖြင့် ဆေးလိပ်ကိုညှိဖွာရင်း ကိုဆေးရိုး က ရယ်သွမ်းသွေးလိုက်၏။ မကျီးဒန်သည် မီးပြောင်းကို ဆောင့်ချပြီး ကိုဆေးရိုးအား မျက်စောင်း ထိုး၍ကြည့်သည်။ မသိဘူးတော်ရေ့၊သစ်ကိုင်း အခြောက် တွေအောက်မေ့လို့ ဆွဲလာတာ။ သေနာယုတ် ထင်း၊ မီးဖိုထဲရောက်မှ စိုနေတာ” မကျီးဒန်က အငေါ်ထူးသံဖြင့်ပြောအပြီး၌ လုံခြုံသေသပ်နေသော ထဘီစ ကို ဒူးကြားသို့ ဆွဲသွင်းလိုက်၏။ အားရင်သရက်တုံးတွေရှိသားပဲ။ လက်သည်းခွံလောက်တောက်တောင် ပေါက်ပေးဖော် မရဘူး ကဲ ကဲ” ကိုဆေးရိုးက အသံမြှင့်၍ အော်ရင်းထလိုက်သည်။ “ငါ့ဘက်လှည့် လာရင်တော့ ပြေးမှပဲဟေ့ ပြေးမှပဲ”


တဲပေါက်မှအထွက်တွင် ထပ်မံရေရွတ်ရင်း ကောက်လှိုင်းဆိုင်ဆီသို့ ဆေးလိပ်မီး တဖွားဖွားဖြင့် လျှောက် လာခဲ့သည်။ ကောက်လှိုင်းဆိုင်ပေါ်တင်ထားသော ထွန်ခြစ်ကိုဆွဲယူပြီး ကောက်ပြန့်ဘေး သို့ လျှောက် လာခဲ့၏။ ကောက်ပြန့်ဘေးတွင်ရပ်၍ အလှိုင်းတစ်လှိုင်းကို ထွန်ခြစ်ဖြင့်ဆွဲကာ မပေါက်သေးပဲ တဲဆီသို့ လှည့်ကြည့်သည်။ မကျီးဒန်ကားလိုဏ်သံ တညံညံဖြင့် မီးကိုသာကုန်း ၍မှုတ်နေဆဲရှိသေး၏။

ကိုဆေးရိုး မှာ မကျီးဒန်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဆေးလိပ်မီးဝင်ညှိစဉ်က တစ်ခေါင်းလုံး ပြာမှုန့်ဖြင့် ဖွေးနေသော မကျီးဒန်၏ အသွင်ကို မြင်ယောင်ကာ ရယ်ချင်လာသည်။ ဘယ်လိုပင် ထိန်းချုပ်ထားပေမဲ့အူအလိပ်လိပ်ထလာသည် ထင်ရ၏။ ထို့ကြောင့် ကိုဆေးရိုးမှာ မိမိ၏ တလင်းအစပ်ရှိ ချုံတန်း များကို လှမ်းကြည့်လိုက်ရသည်။


ချုံတန်းသည် နောက်ခံထန်းတောနှင့် တစ်သားတည်းပန်းမှောင်နေ၏။ ထန်းတော၏ ကြားမှာ ကြယ်တစ်လုံး တစ်လေ လင်းနေသည်။ သို့သော် ပြာမှောင်သော နှင်းလွှာပါးက ကာခြားထားသောကြောင့် မွှားမွှားသာ မြင်ရသည်။ ငွေလမသာ မလင်းသောကြောင့်လည်း သရက်ပင်အုပ်အောက်ရှိ တလင်းများမှာ မှောင်နေ၏။ ၀ါရော်သောရေနံဆီမီးအိပ်များ၏ အရောင်သည်သာ အားနည်းသောအလင်းရောင်ကို ပေးနေပေ၏။


ကိုဆေးရိုးသည် ထွန်ခြစ်ဖြင့်ချိတ်ဆွဲထားသောကောက်ရိုးကို မိမိဘက်သို့ ချိတ်ယူလိုက်သည်။ ကောက်ပြန့် ပြန့်စဉ်ကပင် “စည်းကြိုး”ကို တံစဉ်ဖြင့် ဖြတ်ထားသဖြင့် ရိုးတံများသည် ပြန့်ပြီးလိမ့်လာ ၏။ ကိုဆေးရိုးက ခြေဖျားကို ကုပ်၍ထိုးခံလိုက်ကာ ချက်ချင်းခြေဖျားကိုကော့၍ ကောက်ရိုးတံများ ပြန်မကျအောင် ထိန်းပေးပြီး ထွန်ခြစ်ဖြင့် ဖေးလျက်ခြေကိုနောက်သို့ဆွဲယူလိုက်၏။ ရုတ်ခြည်းပင် ထွန်ခြစ်ကို တစ်တောင်ခန့် မြှောက်ခွာ ၍ တစ်ပြိုင်နက်ပင် ကောက်လှိုင်းကောက်ရိုး ရိုးတံစုကို ခြေဖမိုးဖြင့်ခတ်လိုက်သည်။ ကောက်ရိုးပင်များမှာ ထွန်ခြစ်ဖြင့် ခိုက်မိပြီး ခြေထောက်ပေါ်ပြန်ကျ လာ၍ ခြေဖမိုးက ဆီး၍ခတ်လိုက်ပြန်သည်။


ခြေဖမိုးဖြင့်ခတ်လိုက်သော ကောက်ရိုးပင်များထွန်ခြစ်နှင့် ခြေဖမိုးကို အပြန်အလှန်ထိခိုက်ချိန်မှာ မျက်စိ သုံးမှိတ်မျှ ကြာညောင်း၏။ ထိုအချိန်အတွင်း ခြေဖမိုးဖြင့်လေးချက်ခန့်ကန်ပြီး ခတ်ပြီးသွားကာ ကောက်ရိုးပင် များကြားတွင် ၀ပ်နေသောစပါးစေ့များ ပြောင်စင်သွားလေ၏။


ကိုဆေးရိုးက ပေါက်ပြီးသောကောက်ရိုးများကို မိမိ၏ကျောဘက်သို့ ခြေဖြင့်ဖေး၊ ထွန်ခြစ်ဖြင့််ထိန်းလျက် ကိုယ်ကို လိမ်၍ ပစ်ချလိုက်သည်။ စည်းကြိုးကို ဖြတ်ထားသော်လည်း ကောက် ရိုးပင်များမှာ မူလ အလှိုင်း အနေအထားသာ ရှိနေသေးသဖြင့် ဆွဲရချန်ရ လွယ်ကူသည်။ ကိုးဆေးရိုးသည် တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်၍ နောက်ဖက်သို့ ပစ်ထားလိုက်၏။

“ကိုဆေးရိုးရေ ထမင်းပြင်ပြီးပြီ”


မကျီးဒန်က ထမင်းပွဲဘေးမှ လှမ်းခေါ်လိုက်သည်။ကိုဆေးရိုး၏ နားထဲတွင်မူ မိမိ၏ကောက်ပေါက် သံဖြင့် မိမိ ဆူညံနေသည်။ မကျီးဒန်၏ အသံကို မကြားပေ။ ကောက်လှိုင်းကောက်ရိုးဟူသည် အနည်းငယ်ဖွလျှင် ဖွ သလောက် အမှုန်ထသော အမျိုးဖြစ်သည်။ ယခုလို မှုန်ညက်သွားမတက် နင်းနှယ်ပြီးနောက် တစ်ပင်စီ တစ်မျှင်စီဖြစ်အောင် လှုပ်ကာကန်ကျောက်သောအခါ တလင်း တစ်ခုလုံး စပါးမှုန်ဖြင့် ဖုံးနေတော့၏။


နဂိုက အားနည်းဝါရော်သော မီးရောင်သည် စပါးမှုန်ထုကြီး ကြွတက်လာသောအခါ မီးတောက်ကလေးသာ ကျန်တော့သည်။ မီးရောင်သည်ပျောက်သွား၏။ ကိုဆေးရိုးသည် လုံးလိပ်တက်လားသော စပါးမှုန်များကိုပင် အသက် အောင့်ထားလိုက်၊ မျှဉ်းမျှဉ်းကလေးရှူလိုက်ဖြင့် ကာကွယ်ရင်း တစ်လှိုင်းပြီးတစ်လှိုင်း ဆွဲချိတ်ပေါက်နေရာက မွှန်လွန်းမက မွှန်လာသောအခါ တဲဆီသို့ ခတ်သုတ်သုတ်ပြေးထွက်လာ၏။ စပါးမှုန်ပါးသောနေရာအရောက်တွင် ကမန်းကတန်း အသက်ရှူပစ်လိုက်ရသည်။


“ထူလိုက်တဲ့ အမှုန်ဟေ့။ ရေဖျန်းပြီးပေါက်မှထင်တယ်” “ခေါ်နေတာမကြားဘူးလား။ ကဲရေကလေး ဘာကလေးရှူ ၊ မျက်နှာသစ်၊ လက်ဆေးပေတော့။ ထမင်းစားရအောင်” မကျီးဒန်က အပြစ်တင်တစ်ဝက် အချော့ တစ်ဝက်ဖြင့် ပြောလိုက်ပြီးနောက် ရေအိုးကိုမြင်သာအောင် မီးခွက်မြှောက်ပြသည်။ “ဒီလိုသာဆိုရင်တော့ မနက်မှပဲ ပေါက်နိုင်မယ်ထင်တယ်ဟေ့” ကိုဆေးရိုးက ရေကိုနှာခေါင်းထဲရှူသွင်းပြီး ခပ်ပြင်းပြင်း မှုတ်ထုတ်၏။


မျက်နှာသစ်၊ လက်ဆေးပြီး တဲထဲမှ ပုဆိုးစုတ်တစ်တည်ကိုဆွဲ၍ မျက်နှာသုတ်သည်။ “ညနေတုန်းက နွားတွဲ မတင်ခင် ရေကလေးမှ မဖျန်းလိုက်ဘဲကိုတော့။ အခုလည်း တော်ထမင်းစားပြီးတာနဲ့ နှင်းရိုက်တာနဲ့ အတော် နေမှာပဲ။ အမှုန်သိပ်ထမှာ မဟုတ်ပါဘူး။ မကျီးဒန်က သစ်သားငရုတ်ဆုံကို ထန်းရွက်ကြား သို့ထိုးကပ်ရင်း လှည့်ပြောသည်။ “အေး ဟုတ်သဟ။ အမယ်အမယ် တယ်စပ်ပါကလားဟေ့” ကိုဆေးရိုးသည် မကျေ သောငရုတ်သီးတစ်တောင့် ကို ၀ါးမိသဖြင့် အလန့်တကြားအော်လိုက်ပြီး ထမင်းချည်းသက်သက် ကပျာကယာ ကောက်လွေး၍ ၀ါးပစ်လိုက် သည်။ ထမင်းစေ့မှ အချိုရည်များ လျှာကိုထိသွားမှ အစပ်ပြေ သွား၏။


မောမောဖြင့်ထလာသော ကိုဆေးရိုးအတွက် စပ်သောဟင်းသည် ထမင်းမြိန်ဆေးပင်ဖြစ်သည်။ ထို ရွှေအပ်သီး နှောသော ချဉ်ပေါင်ဖူးအထောင်း သည် ကိုဆေးရိုးကြိုက်သော ဟင်းဖြစ်၍ နွားလျှာကြီးရွက် ဟင်းချို သည်လည်း ချဉ်ပေါင်ဖူးအထောင်း နှင့် အလိုက်ဆုံးသောဟင်းစပ်ပင်။ သို့သော် ကိုဆေးရိုး၏ ပါးစပ် မှာ ငရုတ်သီးစပ်တာကလွဲ၍ သည်ဟင်းစပ်ကို ပြောပလောက်အောင် ခံတွင်းမတွေ့တော့ပြီ။

အသက်သုံးဆယ် ရွယ်တုန်းက လုပ်သောလယ်သည် လေးဆယ်စိုက်ဖြစ်၍ ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးဟင်းချို ကို ထိုးသိပ်သလိုဝင်ခဲ့၏။ ယခုအသက်ငါးဆယ်ကျော်တွင်လည်း လုပ်ရသော လယ်မှာ လေးဆယ် စိုက်ပင်ဖြစ်၏။


ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးရွက်ဟင်းချိုကို ခံတွင်းမတွေ့ တော့ပြီ။ လုပ်ရသောအလုပ်မှာ လူ့ခွန်အား ယုတ်လျော့သလို လျော့နည်းမသွား သော်လည်း သွား များကျိုး၍ အာရုံကြောများက ချည့်နဲ့ခဲ့ပြီမဟုတ်လား။ ယခင် ကလို ခံတွင်းမတွေ့ တော့သော်လည်း ကိုဆေးရိုးသည် တစ်လုတ်ပြီးတစ်လုတ် ခွံ့နေ၏ တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားကာ မကျီးဒန်မှာလည်း ရေစိုသဖြင့် ပွပိတ်နေသော ဆန်ဆေး တောင်း ထဲသို့ ထမင်းကို တစ်တောင်းပြီး တစ်တောင်း ထည့်နေရသည်။


ထမင်းတထည့်တည်းထည့်နေရသော်လည်း ကိုဆေးရိုး၏ မျက်နှာပြင်၌ ထမင်းစားလိုက်ရသည့် အတွက် ဗိုက်ပြည့်ရုံမှအပ ထို့ထက်ပိုမိုသော နှစ်သက်ကျေနပ်မှု ပေါ်ပေါက်မလာပေ။

တဲအတွင်း၌ တိတ်ဆိတ်နေပေသည်။ တဲခေါင်းရင်းဘက်မှ နွားနှစ်ကောင်၏ တရှူးရှူးဖြင့် အစာ ထိုးမွှေ စားသောက်နေသံကိုကြားရသည်။ တဲအတွင်း၌ တစ်ချက်တစ်လေ ပန်းကန်နှင့် ဇွန်းမြီး ထိခိုက်မိသံ ပေါ်လာတတ်၏။ အုန်းမြတို့ တလင်းဆီမှာ တစ်ဖြောင်း်းဖြောင်းဖြင့် ကောက်ပေါက် နေကြလေပြီ။ ကိုဆေးရိုးသည် ချဉ်ပေါင်ဖူးအထောင်းသက်သက်ချည်း လက်ညှိုးဖြင့်ကော်လိုက်၏။ လက်ကို ပါးစပ်ထဲသို့ မခွံ့သေးဘဲ ခါးဆန့်ကာ နားစွင့်ထောင်လိုက်သည်။ ခပ်လှမ်းလှမ်း တာလမ်းဆီမှ ကားသံလိုလို ဘာလိုလို ကြားရ၏။


“ဘာသံလဲဟင်” မကျီးဒန်က မျက်လုံးပြူး၍မေးသည်။ “သံချပ်ကားများလား” “ဘယ်မှာများ တိုက်ပွဲ ဖြစ်နေပြန်ပါလိမ့်။ ဘုရားသကြားမလို့ မသေမကြေကြပါနဲ့တော်” ကိုဆေးရိုးက သံချပ်ကားဟုဆိုလိုက်သဖြင့် သံချပ်ကာကားဟူသည် အပြင်းအထန်တိုက်ပွဲဖြစ်မှ လာလေ့ရှိသည်ဟုနားလည်ထားသော မကျီးဒန်က ရင်ကိုလျက် အရမ်းကာရော ဆုတောင်း ခြင်းဖြစ်ပေသည်။

“ဟယ်နင့်မှာ ရမ်းပြီးဆုတောင်းနေ။ သံပုံးတွေတင်ပြီး ဒုန်းမောင်းသွားတဲ့ရထား (မြင်းလှည်း)လားမှ မသိဘဲ ကိုဆေးရိုးက ပြောပြောဆိုဆို တဲပြင်ဘက်သို့ထွက်လာကာ တာလမ်းဆီသို့ခပ်သွက် သွက်လျှောက်လာခဲ့၏။ တဲထဲကထွက်စတွင် အလင်းမှ အမှောင်သို့ ကူးစမို့ ဘာမျှမမြင်ရပေ။ တဖြည်းဖြည်း တာလမ်းပေါ်မှာ တရိပ်ရိပ် သွားနေသော မည်းမည်းကြီးကို မြင်ရသည်။ မိမိနှင့် မလှမ်းမကမ်းတွင်လည်း မိမိနည်းတူ ထွက်ကြည့် နေသူများကို တွေ့ရ၏။


“အုန်းမြ အဲတာဘာကြီးလဲဟ” ကိုဆေးရိုးက လူရိပ်သဏ္ဍာန် ကို အုန်းမြဘဲဟု မှန်းဆပြီး မေးသည်။”လယ်ထွန်စက်နှင့်တူတာပဲ။ အုန်းမြကလည်း ခပ်ဝါးဝါးပဲ ဖြေနိုင်၏။ သို့ကြောင့် ကိုဆေးရိုးက တရွေ့ရွေ့ လိပ်သွားသွားသော မည်းမည်းအရာကို လှမ်းကြည့်လိုက်ရာ မိမိတို့ဘက်သို့ လူတစ်ယောက် ပြေးလာသည်ကို မြင်ရ၏။ “ဟဲ့ဘယ်သူလဲ” ကျုပ်ပါဗျ” ညနေက မန်းကျည်းသီးကောက်ကွေးကို လောက်လေးဖြင့်ဆော်”ဟု အော်ဆိုသော ကြည်စိန်ဖြစ်ပေသည်။


“အခုမောင်းသွားတာ ဘာကြီးလဲကွဟေ” အုန်းမြက ၀င်မေးသည်။ “လယ်ထွန်စက်ကြီးကွ” ကြည်စိန်က မောသံ ကလေး မပျောက်တစ်ပျောက်ဖြင့်ဖြေလေသည်။ “လယ်ထွန်စက်က ဘာလုပ်ဖို့များဘာလိမ့်” ဟ လယ်ထွန်စက် ဆိုတာ လယ်ထွန်ဖို့ပဲပေါ့ဟ ဘာလုပ်ရမလဲလို့”


ကိုဆေးရိုးကတော့ အုန်းမြနှင့် ကြည်စိန်တို့ကြားသို့ ဘာမျှဝင်မပြောဘဲ လယ်ထွန်စက် မည်းမည်းကြီးကိုသာ မမြင်မကန်းဖြင့် လှမ်းကြည့်မျှော်ငေးနေ၏။ လယ်ထွန်စက်ဟု ကြည်စိန် ကပြောသော အရာကြီးသည်။ ဖားပြုတ်ပင် “ပေါင်း” ကို ကျော်လွန်သွားကာ အသံမျှသာ သဲ့သဲ့ကြားရတော့သည်။ သို့တိုင်အောင် ကိုဆေးရိုးကတော့ ငေးမျှော်မြဲ ငေးမျှောနေ၏။ သူ့ရှေ့ရှိ မှောင်လဟာအတွင်းဝယ် ငြိမ်ဝပ်နေသည်။ ထိုစဉ်တွင် အုန်းမြဖျောက်ခနဲမြည်အောင် သူ့ပေါင်ကို သူပုတ်လိုက်၏။


“ဟာ သိပြီဟေ့၊ သိပြီ” “ဘာသိတာလဲ လယ်ထွန်စက်ဆိုတာ မြေကြီးတွေကို ဖွဖို့လို့ မဟုတ်လား” ကြည်စိန် က အုန်းမြကို သရော်သည်။ “မင်းဖေကလွှားတဲ့။ ငါက အကောင်းပြောမလို့ဟာကို” အုန်းမြက ဆဲရေး လိုက်သည်တွင် ကြည်စိန်၏ ဟားတိုက်ရယ်မောသံက အမှောင် တွင် ပျံလွှားသွား၏ “ကဲကွာ ကဲကွာ၊ သိလို့ပြောမှာဖြင့်လည်း ကောင်းကောင်းပြောစမ်းကွာ” ကိုဆေးရိုးက သိချင်ဇောဖြင့် ၀င်ရောက်ဖျန်ဖြေပြီး အုန်းမြထံမှလာမည့်စကားကို နားစွန့်နေ၏။ “ဒီလိုဗျာ၊ ဗိုလ်တဲမှာ စိုက်ပျိုးရေးဆိုင်းဘုတ်တစ်ခုတင်ထားတာ တွေ့တယ်ဗျ။ အရင်က ကျုပ်တို့ဆီမှာ ဘာစိုက်ပျိုးရေးဌာနမှ မရှိဘူးမဟုတ်လား”။ “အေးလေ၊ ဒါတော့လည်း သိတာပေါ့ကွ။ မင်းကို ငါအပြောခိုင်းနေတာက လယ်ထွန်စက်အကြောင်းကွ ကိုဆေးရိုးက ကြားဖြတ်၍ မာန်သည်။


“ဟုတ်ပါတယ်ဗျာ နားထောင်ပါဦး ဒါနဲ့ကျုပ်က ဗိုလ်တဲက ရဲဘော်တွေကို မေးကြည့်တော့ လယ်ထွန်စက် တစ်လုံးရယ်၊ မြေသြဇာတွေရယ်၊ မျိုးစေ့တွေရယ်ရောက်လာလိမ့်မယ်တဲ့”။

“မြေသြဇာဆိုပါကလားဟ ကြည်စိန်ရ”

ကိုဆေးရိုး က တအံ့တသြအော်မိသည်။ သို့သော် ၀မ်းသာခြင်းကား မဟုတ်။ အဘယ့် ကြောင့်ဆို သော် ရှေးသရော အခါကမူ မြေသြဇာလိုချင်လျှင် ရန်ကုန်အထိဆင်းရကာ ဈေးခေါင်ခိုက်နေသော ကြောင့် ဖြစ်သည်။ “ဟုတ်တယ်ဗျ။ နွေသီးစိုက်ချင်တဲ့သူတွေကို မြေသြဇာနဲ့ မျိုးအလကားပေးမယ် တဲ့ဗျ။


“ဟာတယ်ဟုတ်ပါကလား” ကြည်စိန်က ခုန်၍အော်၏။ “အဲဒီနွေသီးစိုက်ချင်တဲ့သူတွေကို တစ်ဧက တစ်ဆယ်နှုန်း နဲ့ အဲဒီစိုက်ပျိုးရေးက အငှားထွန်ပေးမတဲ့ဗျ” ကိုဆေးရိုး တိတ်သွားသည် ထမင်းနှင့် ဟင်းများ ပေကျံနေသော လက်များမှာ လေတိုက်သဖြင့် တင်းရင်းလာသည့်အတွက် လက်ကို တပြွတ်ပြွတ်စုတ်ရင်း အတွေး ၀င်နေ၏။ သို့စဉ် ကြည်စိန်ကပြောသည်။

“ငရုတ်စိုက်ရရင် ကောင်းမယ်ထင်တယ်ကွ” အုန်းမြကလည်း “ဒို့ စပါးနှယ်တာက တလင်းထဲကို ကောက်လှိုင်း ရောက်နေမှတော့ ဘယ်အချိန်မှဘဲ နှယ်နှယ် ဖြစ်နေပြီကွ။ အဲဒါအသာထားပြီး ငါ့ကျင်းလယ် ၂၀စိုက် ကိုပဲကြဲလိုက်ရရင် ဟန်မှာပဲဟေ့”။


“နေစမ်းပါဦးကွာ” ကိုဆေးရိုးက လေးပင်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ “ထွန်တာစိုက်တာက တော့ ဟုတ်ပါပြီ။ အပင်တွေမအောင်မချင်း အခုရှိနေတဲ့ အစို ကမြဲပါ့မလားကွ” “ဟာဟုတ်သဗျို့” ကြည်စိန်မှာ အရေးကြီးသော အချက်ကို ယခုမှသတိရသဖြင့် အထိတ်တလန့်အော်၏။ သို့သော်” နွေသီး တကယ် လုပ်ကြရင် မြောင်းဘက်ကရေလွှတ်ပေးမတဲ့ဗျ” ဟု အုန်းမြင့်က ထပ်ဆင့်ဖောက်သည်ချလိုက်သောခဏ၌ ကိုဆေးရိုး ၏ အသံသည် တလင်းသိုက်များသို့ပင် ကျယ်လောင်စွာ ပျံဟိန်းသွားလေ၏။ “ဟာ ဟုတ်ပြီဟေ့။ ပဲကြီးတစ်ဧက ပက်ထားသကွ။ ထပ်ပြီးတော့လည်း စိုက်လိုက်ဦးမဟ။ ဟုတ်ပြီ။ ကိုဆေးရိုးသည် သတင်းကောင်း ကို မကျီးဒန်အားပြောကြားရန် တဲကုပ်ဆီသို့ အပြေးလာခဲ့သည်။ မကျီးဒန်သည် တဲပေါက်ဝ ၌ ရပ်၍ ဆေးလိပ်ဖွာနေ၏။


“မကျီးဒန်ရေ ကြားပြီးပြီလားဟေ့” ကျုပ်လာပြီးနားထောင်လို့ ကြားပြီးပါပြီတော်။ ကဲကဲ ပြောစရာ ရှိတာနောက်မှပြော။ ထမင်းစားလိုက်ဦး” အေးအေးဝမ်းသာလိုက်တာဟာ”

ကိုဆေးရိုး သည် ၀မ်းသာအားရဖြင့် လက်ကိုထပ်၍ဆေးပြီး ထမင်းကို ကုန်းလွေးလိုက်သည်။ စော စောက စားခဲ့ရသော ချဉ်ပေါင်ဖူးအထောင်းနှင့်ဲနွားလျှာကြီးရွက် ဟင်းချိုပင်ဖြစ်ကာ အေးစက်၍ နေပေပြီ။ သို့ရာတွင် အေးစက်နေသော ယခုထမင်း က ပူနွေးနေသော စောစောက ထမင်းဟင်း ထက် ကိုဆေးရိုး၏ခံတွင်း အရသာ ရှိလှပေသတည်း။


--------------------


ဆင်ဖြူကျွန်းအောင်သိန်း


SATURDAY, MARCH 17, 2012


[ White Dreams ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]