Saturday, 6 June 2020

နဖူးစာ #မောင်ထင်

#နဖူးစာ

#မောင်ထင်

“ယောင်ရွှေရစ်ကဲ့၊ ရစ်ရွှေယောင်
မာမလောင်တဲ့၊ မောင်မလာ
ပျို့ ရွှေနဖာစူး၊ မောင့်ရွှေနဖူးစာ”

ယက်ကန်းသည် သီချင်းဟောင်း။

အချစ်ဦးကို မမေ့စကောင်း။ ငယ်ကချစ် အနှစ်တရာ မမေ့သာ။ မည်မျှပင် အရုပ်ဆိုးဆိုး၊ မည်မျှပင် သဘောပုပ်ပုပ်၊ မည်မျှပင် အကျင့်တန်တန် အချစ်ဦးမှန်လာလျှင် နောင်မှအကြောင်းမသင့်၍ ခွဲခွာတန်က ခွဲခွာ ကြရမည်။ မေ့ဖို့မူကား မဖြစ်နိုင်။ ဇရာထောင်း၍ ဖွတ်ဖွတ်ကြေလျက် ရှိစေကာမူ ငယ်ချစ်၏ အရိပ်အရောင်တို့မှာ ကာလတည်း
ဟူသော မြူမှုန် တွေအကြားမှ ဝိုးတိုးဝါးတား ပေါ်ထွက်လာတတ် ချေသေးသည်။

ကိုဒေါင်းမှာ အသက် ၄၀ ကျော်လုပြီ။ အဘိုးကြီး သူငယ်ပြန်တို့ပင် အချစ်ဦးကို မမေ့တန်ကောင်းလျှင် စိတ်ပျိုကိုယ် ငယ်နုသော ကိုဒေါင်းမှာ
အဘယ်လျှင် ဆိုဖွယ်ရာရှိတော့အံ့နည်။ စကားအလျဉ်း သင့်တိုင်း “ငါ ဆယ့်လေး ငါး ခြောက်နှစ်လောက် တုန်းက” ဟူသော စကားဖြင့် ပဏာမခံပြီးလျှင် ငယ်ချစ်၏အတိတ်ကို ဆောင်လေ့ရှိသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် ပြောဆိုသုံးနှုန်းသော စကားအသွားအလာတို့မှာ ကွဲပြား ခြားနားခြင်းမရှိ။ မဲပြာပုဆိုး ပမာသာလျှင်ဖြစ်သည်။ သို့နှင့်မူ အရင်
တစ်ကြိမ်က ပြောခဲ့သော ကရုဏာသံနှင့် နောက်တစ်ကြိမ် စမြုံ့ပြန်သော ကရုဏာသံတို့မှာ
 အဘိဓမ္မာနည်း ပရမတ်သဘောအရ အတူတူ
ဟူ၍ပင် ဆိုရငြားသော်လည်း ကျွန်တော့်သဘောအရ အသစ်အသစ်ဟူ၍ သာ အောက်မေ့ရပါသည်။ ထို့ကြောင့် ပြောပြီးသားပေပဲဟု နားထောင်မကောင်း မရှိလှပါ။

                              * * * * *

ဤညကား လကွယ်ညတည်း။ ပြာနှမ်းသော ကောင်းကင်တွင် ဖြူစင်သော ကြယ်ပြောက်တို့မှာ မြ၏အလယ်တွင် စိန်ခြယ်သည့်နှယ်
လဲ့လဲ့ဝင်းသော မိုးကုတ်စက်ဝိုင်း၏ အောက်တွင် လက်လက်ဖြာနေသော ရွေးမြစ်၏ ရေမျက်နှာပြင်တို့မှာ ကြယ်ရောင်ဟပ်သဖြင့် တလျှပ်လျှပ်နေသည်။ မှောင်မိုက်သောညဟု ဆိုရစေကာမူ မြစ်ကြောတစ်လျှောက်မှာ ထင်ထင်လင်းလင်း သင်ဖြူးခင်းလျှက်ရှိသည်။ ဖွေးဖွေးရိုက်သော
လှိုင်း ဂယက်ငယ်တို့မှာ ဆားငန်ရည်သတ္တိဖြင့် မီးပန်းထနေလေရကား လွမ်းစ ရှိသူတို့၏ စိတ်ဓာတ်ကို ဖိုးရွှေလမင်းကြီး၏ ကိုယ်စား ဖော်ဆွကာ ပေးသကဲ့သို့ ရှိလှ၏။

စပါးသုံးရာပါ သမ္ဗန်ကြီးသည် ကမ်းနံပါးတံတားရင်းတွင် လေးဖက်လေးတန် ချည်လျက်ရှိသည်။ သမ္ဗန်ဦးအဖုံးပေါ်တွင် ကျွန်ုပ်တို့နှစ်ဦးသား ဆေးပေါ့လိပ်၏ အရသာကို ခံစားရင်း စကားမပြောနိုင်ကြဘဲ တစ်ကိုယ်လျှင် အတွေးတစ်ခုစီနှင့် လောကတည်းဟူသော သမုဒ္ဒရာကြီးကို လက်ပစ်ကွန်မျှမရှိသော ဉာဏ်ကွန်ရက်ငယ်ဖြင့်ဖြန့်၍ အုပ်ကြ၏။ လောက၏သဘောကို မည်သူမျှ မပေါက်မိကြ။လောက၏ အလို ဆွဲငင်ရာကိုသာလျှင် လိုက်ပါကြရပါသည်။ အဘယ်သို့ ဆွဲငင်ပါ သနည်း။ အလွမ်းဖက်သို့ဟု ဝန်ခံပါသည်။ သမ္ဗန်ကြီး
သည် လှိုင်းဂယက် ကလေးတွေကို အငြိမ့်စီးရင်း တအိအိရှိ၏။ အဆုံးမရှိသော စကြဝဠာ တွင် အစမထင်သော စိတ်တို့သည်လည်း ထိုသမ္ဗန်
ကြီးကဲ့သို့ပင် လှိုင်း ကလေးတွေကို အငြိမ့်စီးကာ တအိအိနှင့် လွင့်ပါးလျက်ရှိစဉ် တဟူးဟူး တိုက်ခတ်သော တောင်လေသည် ထိုလွင့်ပါးသော စိတ်တို့ကို ဆောက်တည်ရာ မရနိုင်လောက်အောင် ပင့်ဆောင်၍ သွားပြန်လေသည်။

ထိုအတွင်း အသံကွဲတစ်ခုသည် ဆိတ်ငြိမ်ခြင်းကို တုန်လှုပ်ချောက်ချား လိုက်လေသတည်း။
ထိုအသံကား “အစိမ်းသက်သက်တော့ အင်မတန်ခက်တယ်ကွ”ဟူသော မဆီမဆိုင် လက်ပံသားကို ဓားနှင့်ချိုင်လိုက်သော ကိုဒေါင်း၏ အသံတည်း။
လွင့်ပါးနေသော စိတ်များ၏ ရေယဉ်စီးခြင်းအရသာထူးကို ခံစားနေသော အကျွန်ုပ်မှာ စည်းစိမ်အတော်ပျက်သွားလေရကား “ဘယ့်နှယ်..”ဟူ၍ လွှတ်ခနဲ ထွက်သွားပြီမှ အလိုက်သိစွာ မြုံ၍နေလိုက်၏။

လောကကြီးသည် ဆိတ်ငြိမ်၍ သွားပြန်၏။ သမ္ဗန်ဦးဆီမှ ကိုဒေါင်း၏ ဆေးလိပ်မီးသည် ဝင်းပြီးလျှင် မှိန်၍သွားပြန်၏။ မှိန်သည်နှင့် တပြိုင်နက် “ငါ-ဆယ့်လေး ငါးခြောက်နှစ်လောက်တုန်းက” ဟူသော နိဒါန်းပျိုး သံသည် တောင်လေဝှေ့ယမ်းခြင်းကို ခံပြီးသကာလ ကျွန်ုပ်၏နားဝသို့ ဝင်လေ၏။မိမိအဖို့၌ ထိုစကားပလ္လင်သည် မည်သည့်နေရာတွင် နိဂုံးချုပ်မည်ကို သိပြီးဖြစ်၏။ တစ်ဆယ့်လေးငါးခြောက်နှစ်လောက်တုန်းက
မောင်ဒေါင်းသည် တရှုပ်ရှုပ်နှပ်သုတ်သော ကလေးကျင့်ပျောက်ခါစ လုံချည် ကွင်းသိုင်းပြုတ်၍ လုံချည်မြဲခါစမျှသာ။ ဆရာမ ဒေါ်ရွှေငုတ်၏
ကျောင်းတွင် “ကောင်ကလေး” ဟူသော ဘွဲ့ထူးသညာဖြင့် အချစ်တော်အရာ၌ ခစားမြဲမြံရလေသည်။ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ အပြင်အောင်
ခြင်း၊ အတွင်းအောင်ခြင်း၊ နမက္ကာရပါဌ်အနက်တို့ကို ထုံးလိုချေ ရေလိုမနှောက်နိုင်သော်လည်း ဆရာ့ရှေ့တွင် ကြက်တူရွေးစကားပြောသလို
အလွတ်ဆို၍ ပြနိုင်ကောင်းရုံ စာသင်နေသော ကျောင်းသား တစ်ယောက်ပင်။

မောင်ဒေါင်းစာသင်လျှက်ရှိသော အချိန်တွင် ကျောင်း၏ ခေါင်းရင်း၌ ကိုစူးဝါး တရုတ်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုကိုစူးဝါး၏ မယား၌ကား
သွေးမစပ်သူ မချောဟုခေါ်သော သူငယ်မတစ်ယောက်ရှိ၏။ထိုမချော ကား ကျုံမငေးမှ ကိုစူးဝါးနှင့် မျက်နှာနာသူတစ်ဦး၏ သမီးတည်း။ အသက်နှစ်ဆယ်သီသီကလေးရှိ၏။ထိုသူငယ်မသည်ကား ကိုဒေါင်းအား လူတို့ကြုံတွေ့ရအံ့သော
လောက၏ အကြောင်းကိုသင်ကြားပေးသော လက်ဦးဆရာပင်လျှင်ဖြစ်လတ္တံ့သတည်း။

တစ်ဆယ့်ခြောက်နှစ်မျှ တင်းတင်းမပြည့်သေးသော မောင်ဒေါင်းသည် တစ်နေ့သော် ထိုသူငယ်မနှင့်တွေ့၏။ တွေ့ပုံကား ပြန်ပြောသူကို ကိုဒေါင်းအဖို့ သူလိုငါလိုပင်တည်း။

ထို့ကြောင့် ကျွန်ုပ်တို့သည် သူငယ် သူငယ်မတို့ ဆုံတွေ့ကြိုက်ချစ်ကြပုံကို ကရွတ်ကင်းလျှောက် စေ့ငရန် လိုတော့မည်မထင်။ အချစ်၏ အရသာ ချိုသည်ခါးသည်မျှ မသိရသေးသော လူပျိုပေါက်စကလေးမှာ အစိမ်းသက်သက်မို့ ငိုချင်ရာ လက်တို့ဆိုဘိသို့ ဖြစ်ရှာပေမည်။ တစ်ရွာတကျေးမှ ပြောင်းလာခါစ နေရာသစ်တွင် မပျော်ပိုက်နိုင်သေးသော
သူငယ်မမှာလည်း ကျွန်းပင်ကြီးကို မမှီရငြားသော်လည်း ကိုင်းပင်မျှကိုပင် မတတ်သာ တတ်သာ မှီရချေတော့မည်ဟု နှလုံးပိုက်မိဟန်တူသည်။

မောင်‌ဒေါင်းမှာ ငယ်ကလည်းငယ်သေး၊ ရိုးလည်းရိုးလွန်း ကာလ၏အလို အသည်ဟုလည်း မဆိုစလောက်ပင်။ မချောမှာ အသက်မငယ်
တော့ပြီ။ အတွေ့မရှိသေးသော်လည်း အကြားနှင့်အမြင်ရှိချေပြီ။ ကာလဉာဏ်လည်း မှီချေပြီ။ သို့ပါ၍ ၄င်းတို့နှစ်ဦး ဆုံကြပြီး ကာလမကြာမြင့်မီ
“မောင်ဒေါင်း မိန်းမခိုးပြီ” ဟူသောသတင်း ပေါ်ပေါက်လာလေသော် မည်သူ၏ အစွမ်းကြောင့်လဲဟု ဝေခွဲရန်ခဲယဉ်းတော့မည် မဟုတ်ပေ။

“မိန်းမခိုးတော့ နံနက်စောစော မှုန်တိမှုန်မွှား ဝေလီဝေလင်း ကလေးပေါ့ကွာ။ သူမှာသလို လုပ်ရတာကိုး။ သူက အထုတ်အပိုးပိုက်ပြီး မယောင်မလည်နဲ့ ကွင်းတန်းကစောင့်၊ ငါက ကျောင်းစောစောကြီး တက်သလို ဘာလိုနဲ့ ကွင်းတန်းဘက်ကို လှည့်သွား၊ သူနဲ့တွေ၊
နှစ်ယောက်သား သုသာန်ဘက်ကို သုတ်ကြတာပေါ့။

 ချိန်တုန်းကတော့ညောင်လိမ် ဘက် ပြေးမလို့ချိန်တာပါပဲ။ သင်္ချိုင်းရောက်တော့ မလင်းတလင်းကလေး။ မြို့သာလာယံဇရပ် မြင်လိုက်တယ်ဆိုပဲ ကြောက်လာတာပဲ။ ငါကြောက် မှန်း သိတော့ သူကစိမ့်လာတာပေါ့။ ဒါနဲ့ပဲသူက...

“ဟင့်အင်း ဟိုကိုမသွား တော့ ဘူး၊ ရှင့်ဦးလေးအိမ်ကိုလိုက်မယ်”

“ဖြစ်ပြန်တာကိုး...”ဟူသော စကားစဉ်တို့ကား ကိုဒေါင်း၏ပါးစပ်မှ လေးလေးတွဲတွဲ ဖင့်ဖင့်နွဲ့နွဲ့ ဆိုင်းဆိုင်းတွေတွ တစ်လုံးစီ တစ်ပါဒစီထွက်၍လာသော စကားသံများ ပင်တည်း။

ထိုစကားသံများမှာ လေရှိန်ယူရန်ပေလားမသိ၊ ခဏတာမျှရပ်စဲ သွားလေသည်။ ထိုခဏတာကလေးကို မိမိစိတ်၌အကြာကြီးပဲဟု ထင်လိုက်မိ၏။ ထိုအကြာကြီးဟူသော အတောအတွင်းတွင် နံနက်မှုန်ရီရီဝယ် မောင်ဒေါင်းတို့ မောင်နှံစုံ သာလာယံဇရပ်နားမှာ ကြောက်ဆုတ် ကြောက်ဆုတ်နှင့် ကြည့်တိကြောင်တောင်ဖြစ်၍ အားနွဲ့နေကြရှာပုံကို အာရုံစောမိပါသည်။

ရဲခနဲမြည်၍ဝင်းကနဲ အရောင်ဖြာပြီးလျှင် ကိုဒေါင်း၏ ပါးစောင်တွင် ခဲထားသော ဣစ္ဆိတံမြမြ ဆေးလိပ်သည် မီးညှိသွားပြီးနောက်

“ဒါနဲ့ ငါသူ့ကို ဦးလေးအိမ်ခေါ်သွားရတာပေါ့”
ဟု ကိုဒေါင်းသည် မီးအရှိန်ရအောင် ဆေးလိပ်ကို ခပ်ဆတ်ဆတ်ဖွာရင်း ဆက်လက်ပြော ပြန်လေ၏။
မောင်ဒေါင်းတို့နှစ်ဦးသား အိမ်ရောက်ကြသော် အံ့ဩသော ဦးလေးမှာ “မင်းကလားကွယ်-ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမခိုးရတာ”ဟု ရင်တီးကာ ဆီး၍မြည်၏။ အပြစ်တော်တင်၏။ ကြင်နာမိသော
အဒေါ် မှာ တူမလောင်းကို “မိန်းကလေး လာ • • • လာ” ဟု ယုယစွာခေါ်၏။ တူမလောင်းအပေါ်တွင် အချစ်တော်ဝင်လိုက်၏။

မိန်းမခိုးသူတို့၏ ထုံးတမ်းစဉ်လာ နည်းနာနိဿယ နယုပဒေသတို့ကို နားမလည်ရှာသော မောင်ဒေါင်းကား ခြေမကိုင်မိ လက်မကိုင်မိ မျက်နှာမထားတတ် ရှိုးတိုးရှန့်တန့်နှင့် ပျားလောင်ခတ်၍ ဂဏှာမငြိမ်
ဖြစ်ရရှာသည်။ အတန်ကြာသော် ဟာနေသောဝမ်းကို လက်ဖြင့်ထွေး၍

“ဆာတယ်၊ မုန့်သွားဝယ်ချေဦးမယ်” ဟု မယားလောင်းအား ပန်ကြားပြီးသော် အိမ်မှထွက်ခဲ့လေသတည်း။

“အဲ့ဒီတုန်းကကွာ... ကျောင်းနားကို ဘာဖြစ်လို့ ရောက်သွားတယ် မသိဘူး။ ကျောင်းနားမှာ ရစ်ရစ်နေတာကို ဆရာမမြင်လိုက်တယ် ဆိုရင်ပဲ “ဟဲ့ကောင်လေး ကျောင်းတက်ပြီ။ နင်စာမအံတော့ဘူး
လား”လို့ ငေါက်လည်း ငေါက်လိုက်ကရော ငါလည်း ကျောင်းပေါ်ကို ဘယ့်နှယ် ဘယ့်နှယ် ရောက်သွားသလဲ မဆိုနိုင်ပါဘူးကွာ”

ဟု ပုစ္ဆာတစ်ခုလုံး လုပ်ခဲ့ပြီးမှ ဂဏန်းပေါင်းမှားသည်ကို သိရသော ကျောင်းသားငယ်၏ မကျေမချမ်းဖြင့် ပြောပြကာတောက်ခေါက်လေ၏။

မောင်ဒေါင်းသည် ဤသို့ စာအံနေစဉ် ကိုစူးဝါး ကျောင်းရှေ့၌ ခေါက်တုံ့ခေါက်ပြန် ပျာလောင်ရိုက်နေသည်ကို မြင်၏။ အကြောင်းကိုသိ၍ ဣန္ဒြေမပျက်နေ၏။ ကိုစူးဝါးမှာ သူငယ်သူငယ်မတို့၏ အကြောင်းကို ရှေးမဆွကပင်လျှင် ရိပ်မိပြီးဖြစ်ရကား “ဧကန္တ မောင်ဒေါင်းကလေးပဲ”ဟု တပ်အပ်စွဲလို၏။ သို့သော် “ဘယ့်နှာပါလိမ့်၊ ကောင်ကလေး
လည်း စာအံလျက်ပင်၊ သူခိုးမိသော်လည်း ခိုးရာပါပစ္စည်းကိုမတွေ့၊အတွေးရ ကျပ်ပါဘိ၊ စိတ်အိုက်ပါဘိ” ဤသို့စဉ်းစားရင်း ခေါင်းကုတ်ကာ အိမ်သို့ ပြန်၏။မောင်ဒေါင်းကား စာအံ့လျက်ပင်။

ကိုစူးဝါးဆိုင်သို့ရောက်ပြန်လျှင် မောင်ဒေါင်း၏ ဦးလေး ရောက်နေသည်ကို တွေ့ရ၏။ ဦးလေးလုပ်သူကား ကိုစူးဝါးတို့နှင့် မျက်နှာအလွန် နာသူတစ်ဦးပင်။ နောက်ဆုံး၌ ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ။ ကိုယ်
အရင်သိ လျက်နှင့် မပြောဘဲထားလျှင် မျက်နှာပူစရာ။ ထို့ကြောင့် အကြောင်းကို မထိမ်ဝှက်ဘဲ လာရောက်တိုင်ကြားရခြင်းဖြစ်လေသည်။

နှစ်ဦးသား တီးတိုးနှင့် ခေါင်းချင်းရိုက်ပြီးသော် ဦးလေးဖြစ်သူ ခပ်သုတ်သုတ် ပြန်၏။ တစ်အောင့်ကလေးမျှမရှိခင် ကိုစူးဝါးခပ်သုတ်သုတ်
လိုက်၏။ မောင် ဒေါင်း မမြင်မိလိုက်။ စာအံ၍ ကောင်းတုန်းပင်။

ယခုအခါ၌ မောင်ဒေါင်း၏ ဦးလေးအိမ်တွင် ကိုစူးဝါးရောက်နေချေပြီ။ မချောကို အတွင်သားခေါ်လျက်ရှိချေပြီ။ တစ်ခါဖြင့် ခက်ကြ ပြီ။ ငါ့မျက်နှာကို အိုးမည်းမသုတ်ပါနဲ့ ဆိုပါကလား။ အားနာနာနှင့်
ကောင်မလေး ပြန်လိုက်သွားလိမ့်ထင့်။ အို-မဟုတ်သေးဘူး... မဟုတ်သေးဘူး . . ။ ကျွန်မကို ဘယ်သူခေါ်ခေါ် မလိုက်ဘူးတဲ့။ ကျွန်မကို ကျွန်မယောက်ျား ကိုဒေါင်းခေါ်လာတယ်ဆိုပဲ။ သူ့ကိုကြိုက်လို့ ကျွန်မ
လိုက်လာတယ်လည်း ဆိုရဲ့။ အင်း-အင်း တော်တော်သွက်တဲ့ ဟာမ ကလေးပဲ။ သည်အတိုင်းသာဖြင့် မောင်ဒေါင်းမှာ ပူစရာမရှိ။ သင်းကလေး မလိုက်လျှင် သူတို့ဘာမျှမတတ်နိုင်။

သို့ရာတွင် ဆိုစရာတစ်ခု ရှိပါသေးသည်။
ကံဆိုသည်မှာ ဆန်းလည်းဆန်း၊ ကြယ်လည်းကြယ်၊ လူ့ကံ-လူ့ကံ-လူ့ကံ ဟု သုံးခွန်းတိတိ မြည်လိုက်လျှင်ပင် တရုတ်စကား ဖြစ်တတ်သည်။ -ဆန်းကြယ်လှလေစွ။ အိပ်ရာထ မုန့်ဆာတုန်း မုန့်သည် လာသည် လည်းကံ၊ မုန့်စားတုန်း ပါးစပ်အဟ ကျီးထိုးခံရ
သည်လည်းကံ၊ ဤသို့လျှင် ကံဆိုသည်မှာ "မတော်တဆ” ဟူသော ကာလသုံးစကားကို ပိုမိုလေးနက် စေရန် လောကကြီးကို ပြုပြင်ဖန်တီး
နေသောအရာဖြစ်သည်။ ဒိဋ္ဌိအယူ၌ ကံဆိုသည်မှာ ဘုရားပင်။ "လက်မတင်ကလေးအလိုမှာ တစ်စုံတစ်ခု “မတော်တဆ” ဖြစ်လိုက်သည်ပင်
လျှင် ဘုရား၏အလိုပဲဟု ယူဆ လိုက်ရ သည်။ ထိုမတော်တဆ ဖြစ်လိုက်ခြင်းကို “ကံအားလျော်စွာ” ဖြစ်သည်ဟု ခေါ်ဆိုရလေသည်။ ထို့ကြောင့်
“မတော်တဆ´ ဟူသည် လည်းကောင်း၊ “ကံ” ဟူသည်လည်းကောင်း၊“ကမ္ဘာကိုဖန်ဆင်းသော ဘုရား” ဟူသည် လည်းကောင်း အကြမ်းအားဖြင့်
ပြောရလျှင် ကုလားနှင့် အရာကြီး အတူတူပင် ဖြစ်သကဲ့သို့ ရှိချေသည်။

မောင်ဒေါင်း၏ နဖူးစာမှာလည်း ထို “မတော်တဆ” များ၏ ဖန်တီးချက်နှင့် မကင်းနိုင်။ ကံပြုပြင်ရာခံရ ပေမည်။ သို့ဖြစ်၍ ၎င်း၏နဖူးစာ မင်ရည် ကျဲသည်ပျစ်သည် ဤနှစ်လီကို အတည်တကျ မဆိုနိုင်သေး။
စောင့်၍ ကြည့်ရှုကြစမ်းပါဦး။အချက်ထဲကျမှ မချောကို ကိုစူးဝါးက ဖျောင်းဖျခေါ်ငင်နေဆဲမှာပင် မချော၏ အစ်မတော်နှင့် ခဲအိုတော်များ
ရောက်လာကြပါသည်။ရောက်ရောက်ချင်းပင် ကိုစူးဝါး၏ မိန်းမက ဖြစ်သမျှအကြောင်းကို နာရီမဆိုင်း မိနစ် မဆိုင်း ဇာတ်ရင်းလှန်ရလေသည်။

ရောက်ခါစ ဧည့်သည်တို့မှာ ထိပ် မြွေကိုက်ဖြစ်၍နေစဉ် ဖဲရှုံးသောယောက်ျား၏ မသာယာသော မျက်နှာ နှင့် ကိုစူးဝါးပြန်လာသည်နှင့် အဆင်သင့်၍ ကိုစူးဝါးအား လာရင်း လမ်းသို့ ပြန်လှည့်စေပြီးသော်
မချောရှိရာသို့ ဇောင့်ဇောင့်နှင့် အားသွန် ၍ လိုက်ကြလေသတည်း။

မချောကား ငြင်းဆန်လျက်ပင်။

“အစ်မကြီးရယ်၊ အစ်မကြီးတို့ လည်း ပျိုရာကအိုခဲ့ကြပါပြီ၊ကိုယ် ချင်းစာပါဦး၊ သူ့ကို ကြိုက်လွန်းလို့ လိုက်ခဲ့ရတာပါ။ ကျုံမငေးကို ကျွန်မ ပြန်မလိုက်ပါရစေနဲ့”

ဟု တောင်းပန်ရိုကျိုးသော ရူပါရုံ၊သနားစဖွယ် သော သဒ္ဒါရုံတို့ဖြင့် လက်စုံမိုး၍ ရှိခိုးကာ အသနားခံ
လေ၏။ ထိုအခါ အစ်မတော်က

 “နင်ကလားဟယ် ငါတို့ကို ကိုယ်ချင်းစာပါလေ့ဘာ လေ့နဲ့” ဟု အံကြိတ်ပြီးလျှင် “ဟင်-ဖိနပ်စာမ” ဟု ဆို၍ခြေဖြင့် ကန်၏။ “သေခြင်းဆိုးမ” ဟုပြော၍ ဖနောင့်နှင့်ပေါက်၏။“ကမြင်းမ”ဟု ပေါင်တွင်းကြောလိမ်၏။ “မှတ်ကရော့ဟဲ”ဟု နှုတ်ခွန်း တော်ချွေပြီးလျှင် ပါးကို ဖိနပ်စာကျွေး၏။ “လာ... လိုက်ခဲ့” ဟုဒလကြမ်း ဆွဲခေါ်လေ၏။ မောင်ဒေါင်း၏ ဦးလေးနှင့်အဒေါ်တို့မှာ မချောကို ဒရွတ်ဆွဲသဖြင့် ကျန် ရစ်သော လမ်းကြောင်းကလေးကို
ပါးစပ်အဟောင်းသားနှင့် ဝမ်းနည်း ပက်လက် ကြည့်လျက်သာ နေကြရကုန်၏။ ဘာကိုမျှမတတ်နိုင်၊ မချော ၏ အစ်မနှင့်ခဲအိုတို့ကား မချောကို အပါခေါ်၍ နေရပ်သို့ ချက်ချင်းပင် သုတ်ခြေတင်ကြလေ
သတည်း။

မောင်ဒေါင်းကား စာကို ကုန်း၍ အံဆဲပင်။ စာထဲသို့ ကား စိတ်မရောက်။ မချောကိုသတိရခြင်းနှင့် ဆရာကိုကြောက်ရခြင်းတို့မှာ မောင် ဒေါင်း၏ နှလုံးသားထဲတွင် နပန်းသတ်၍ နေကြကုန်၏။လက်ဝှေ့ထိုး၍ နေကြကုန်၏။ ချစ်စိတ်မှာ ကြောက်စိတ်အောက်တွင် ပိ၍ ပြား၍နေ၏။ တစ်ခါတစ်ခါ မောင်ဒေါင်းသည် ချစ်စိတ်၏ လှုံဆော်အားပေးခြင်းဖြင့် ဇွတ်နှစ်မည်ကြံ၏။ ဤသို့ ကြံမိတိုင်းကြံမိတိုင်း ကျက်သရေရှိငြားသော်လည်း တင်းမာခက်တရော်လှသော ဆရာမ၏မျက်နှာနှင့် ငါးထောင်ခန့် ရှည်သော ထားဝယ်ကြိမ်တို့ကို ပြေး၍မြင်၏။ မြင်တိုင်းမြင်တိုင်းလန့်၍၊ ဖျပ်၍၊ ကြောက်၍၊ စိမ့်၍
သွား၏။ ကြောက်ရင်း၊ လန့်ရင်း၊ ဖျပ်ရင်း၊ စိမ့်ရင်းနှင့်ပင် ကျောင်းဆင်းခေါင်းလောင်း ထိုးလေသည်။

 ထိုးသည်နှင့် တစ်ပြိုင်နက်တည်း အိမ်ဂေဟာသို့ ၀ဠာဝေဟင်တွင် သိန္ဓောမြင်း နှင် သည့်နှယ် အတွင်သား ဒုန်းစိုင်းလေ၏။ဒုန်းစိုင်းရသော်လည်း အလဟဿပင်။ အိမ်ရောက်သော် ရွှင်ပြုံးစွာ ဆီးကြိုနှုတ်ဆက်အံ့သော မချောကို မတွေ့ရ။ တရှုပ်ရှုပ်နှင့် ငိုနေသော အဒေါ်၊ ငါမှားပြီဟု ညည်းနေသော ဦးလေးတို့ကိုသာလျှင် တွေ့ရတော့၏။

 အဝေးမှပြေးလာ၍ အမောဆို့နေသည့်အတွင်း အကြောင်းစုံကို ကြားရသောအခါ တက်တော့မလောက် ဖြစ်သွား၏။ ပင့်သက်ကြီး ရှိုက်မိ၏။ သက်ပြင်းကြီးချမိ၏။ တောက်ခေါက်မိ၏။ ယခုလိုဆိုလျှင် ဦးလေးကို ထောင်းရတော့မလိုလို၊ ကံကို ရိုးမယ်ဖွဲ့ရတော့ မယောင်ယောင်၊ တောင်မကိုင်မိ မြောက်မကိုင်မိ၊ မကြံတတ် မစည်တတ်၊ဟစ်၍ငိုရကောင်းနိုးနိုး၊လှိမ့်၍လူးရဟန်နိုးနိုး၊အကလေးသဖွယ် ခြေကိုထိုး၍ငါ့ဟာပေးဟု တောင်းရမည်လည်းအခက်၊လူကြီးသဏ္ဍန် မိုးစွန်တမွတ် ကြယ်ကိုဆွတ်မည်ဟု အားမာန်တင်းရမည်လည်းလူ
ကြီးကမပီသေး။

ထိုင်ချည် ထချည် လှဲချည် လျောင်းချည်နှင့်ပင် နံနက်စာစားရမှန်းလည်း မသိ၊ ညစာကိုလည်း သတိမရ။ တစ်အိမ်လုံး ရပ်တည်ရာ ကိုးကွယ်ရာ ခိုလှုံရာမရှိတော့ပြီ။ဆေးပေါ့လိပ်ကိုအတွင်ဖွာ၍ အတွင်
သာ မှိုင်နေရတော့၏။နေဝင်ရီတရောအချိန်၌‌ ငေး နေသော မောင်ဒေါင်း၊လူငယ်ခေါင်းချချိန်၌ တွေနေသော မောင်ဒေါင်း၊လူကြီးခေါင်းချချိန်၌ ဝေနေသော မောင်ဒေါင်း၊ သန်းခေါင်ယံ၌ သုန်နေသောမောင်ဒေါင်း၊ကြက်ဦးတွန်၌ မှုန်နေသော မောင်ဒေါင်း၊ အချိန်သာပြောင်းရမည် မောင်ဒေါင်းမှာဤအနေဖြင့် ဆွေးပင်လယ်ဝေရလေသည်။တစ်ည
လုံးလုံးသစ်သားအုံးကိုမှီ၍ မြူတိမ်ကင်းစင် သောမိုးကောင်းကင်ကို မရှုစိမ့်သောမျက်လုံးတို့ဖြင့် အကြောင်သား ကြည့်လျက် မချောကို
ဘယ်လိုရှာရပါ့မလဲဟု တွေးတောနေ၏။ ဘယ်လိုကြံရပါ့မလဲဟု စဉ်းစားနေ၏။ဤ သို့ဉာဏ်ထုတ်သော်လည်း ဘာတစ်ခုမျှ မကြံတတ်ကြောင်းကို သိရလေ၏။ 

အပူတကာ့အပူတွင် သည်လိုအပူမျိုးလိုဖြင့် လောကကြီးမှာ ရှိမည်မထင်။ ဆွေမျိုးသား ချင်း သေဆုံးသော အပူမျိုးနှင့်လည်းမတူ။တစ်အူတုံဆင်း မောင်ရင်းနှမဆုံးရှုံးရသော အပူမျိုးနှင့်
လည်းမဆင်။မွေးသမိခင် မွေးသဖခင်တို့နှင့် သေကွဲရှင်ကွဲ ကွဲရသော အပူမျိုးကဲ့သို့ လည်း မဟုတ်။ ဝမ်းတွင်းမီးဟုန်းဟုန်းတောက်၍ နေ၏။
ကမ္ဘာမီးလောင်သည့်နှယ်။

                                   * * * * *

ရက်တို့ သည်လွန်၍လွန်၍ သာသွားချေပြီ။ဘယ်နှစ်ရက် လွန်ခဲ့ပြီကို မောင်ဒေါင်း မမှတ်မိ။မချောတစ်ယောက်လက်သို့ ရောက်ကာမှ ကြက်ဥအစပျောက် ပျောက်၍ သွားသည်ကိုသာလျှင် အစဉ် သတိရလျက်ရှိ၏။တစ်နေဝင်မြင်နိုးနိုး၊တစ်မိုးသောက်ရောက်နိုးနိုးနှင့်ပင် တစ်နိုးတည်းနိုးရရှာ၏။မချောကားမပေါ်လာတော့ချေ။ 

အစဉ်သဖြင့် ရွှင်ပျခဲ့သောမျက်နှာမှာ ညှိုးငယ်နွမ်းရိရချေပြီ။ အစဉ်သဖြင့် ကြည်လင်ခဲ့သော မျက်လုံးတို့မှာ အရောင်အဆင်း ကင်းမဲ့ရချေပြီ။အစဉ်သဖြင့်ဖျတ်လတ်ပေါ့ပါးခဲ့သော ခြေလက်တို့မှာ လေးကန်ဖင့်နွှဲရချေပြီ။ 

မောင်ဒေါင်းသည်သာလျှင် ဖြူဖြူဖွေးဖွေး မင်းသားကလေး ဖြစ်ခဲ့ပါမူ ဤနေရာ၌ မောင်ဒေါင်းအား နေလောင်သော ကြာပဒုံ၏ ဥပမာဖြင့် ခိုင်းနှိုင်းလိုကြပေမည်။သို့ရာတွင်ကျွန်ုပ်တို့၏ မောင်ဒေါင်းမှာ ပြောင်တင်းသော ဦးပြည်းနှင့် မည်းကြုတ်သော အသားအရေတို့ကို ဆောင်နှင်းလျက် ရှိလေရကားထိုဥပမာ လှလှချောချောကလေးနှင့် ဆက်သွယ် ခိုင်းနှိုင်းခြင်း မပြုနိုင်။

သို့ရာတွင် မောင် ဒေါင်း၏ ဖြစ်ပုံကို မြင်ရသူအပေါင်းတို့မှာ မောင်ဒေါင်းအား မင်းသား ဖြူဖြူဖွေးဖွေးကလေးမို့ သနားရသည်ထက်ပို၍ သနားမိကြပေလိမ့်မည်။ မဆိုင်သူ အပေါင်းတို့ပင်လျှင် သနားမိမည်ဧကန်။ ဖြစ်လျှင် သွေးသားစပ်သူ ဦးလေးနှင့်အဒေါ်တို့မှာ ဆိုဖွယ်ရာမရှိပြီ။ နေမြင့်လေ အရူးရင့်လာသော မောင်ဒေါင်း၏ အဖြစ်တွေကို မျက်စိအောက်တွင် မကြည့်နိုင်ရှာတော့ပြီ။

သို့သော် သက်သာဖွယ် နည်းလမ်းကို လည်းမတွေးတတ်အောင် ရှိတော့သည်။ရေပြောင်းပြောင်းဆိုလျှင်မေ့ကောင်း မေ့ပေလိမ့်မည်။ သို့ဖြစ်၍ လွမ်းရဆွေးရသော ဒုက္ခအပေါင်းတို့မှ ခဏတာမျှ
ဖြစ်ဖြစ် လွတ်ငြိမ်းစိမ့်ငှာ မောင်ဒေါင်း၏ ဖခင်ရှိရာ ကညင်ကုန်းသို့ စာနှင့် အကျိုးအကြောင်းရေး၍ မောင်ဒေါင်းကို လွှတ်လိုက်ရလေသတည်း။

                                * * * * *

ပရံပရချဖူးသော ရေစက်အဟုန် မကုန်သေးသည်ဖြစ်ရကား ကညင်ကုန်းသို့ ရောက်လျှင်ပင် မောင်ဒေါင်းသည် တစ်ခါဖူးမျှ မမျော်လင့်ခဲ့မိသောသဲလွန်စကို ဤသို့ရရှိလေ၏။ မချောတို့ ကျုံမငေးသို့ သွားရသည်မှာ သင်္ဘောနှင့်မဟုတ် ကုလားသမ္ဗန်နှင့်ဖြစ်သဖြင့် ကညင်ကုန်းသို့ ရောက်လျှင်ပင် အချိန် အတော်လင့် သွားလေသည်။ သို့ဖြစ်၍
ကညင်ကုန်းမှာ ဝင်၍နားရသည်။

မောင်ဒေါင်း၏ဖခင် ကညင်ကုန်းတွင် ရှိကြောင်းအစင်းသိသူ မချောမှာ ကညင်ကုန်းသို့ ဝင်သည်နှင့်
တစ်ပြိုင်နက် ကုန်းပေါ်သို့တက်၍ မောင်ဒေါင်း၏ ဖခင်အိမ်တွင် အတင်းဝင်ခိုလေသည်။ နောက်သော်အစ်မကြီးဖြစ်သူက ရွာကိုနင်း၍ရှာသော
ကြောင့် မိရလေရကား မတတ်သာ၍ မာနကိုလျှော့ပြီးလျှင် ခေါ်ရာသို့ လိုက်ရပြန်လေသည်။ သို့သော်မောင်ဒေါင်း၏ ဖခင်ကိုမူကား အကြောင်းမျိုးစုံ စုံလင်အောင်ပြောကြား ပြီးလျှင်မောင်ဒေါင်းရောက်လာပါက ၄င်းထံသို့ ဆက်ဆက်လိုက်ခဲ့စေရန်နေရပ်အပြည့်အစုံတို့ဖြင့် တတွတ်တွတ် မှာကြားခဲ့လေသည်။မောင်ဒေါင်း၏ဖခင်မှာကား မပိုင်ရသေး
သော ချွေးမကို ဤနည်းနှင့် လက်လွှတ်ရရှာသည်။

 မောင်ဒေါင်း မိမိအိမ်သို့ရောက်သော် အကြောင်းကုန် ပြောပြီးနောက်“မင်းငယ်ပါ
သေးတယ်ကွာ၊ မိန်းမ စိတ်မကူးပါနဲ့ဦး”ဟူ၍သာအချို့နှင့် သတ်ထားလိုက်ရလေတော့ သတည်း။

အချို့နှင့်သတ်သတ်၊ အခါးနှင့်သတ်သတ်၊ သဲလွန်စကို ရပေမင့်ကပဲ။ သင်းကလေးကို မတွေ့လျှင် လောကကြီးမှာ မနေတော့ပြီ။သူ့အတွက် ဘာပဲဖြစ်ဖြစ် တစ်ချက်တော့ စွန့်ဦးမည်ဟူသော မာန်ကို
နှလုံးသွင်း၍ မောင်ဒေါင်းသည် အလစ်ကိုချောင်းနေလေ၏။ တစ်နေ့သော် ချက်ကောင်းတွေ့၏။ သည်နှင့်တစ်ပြိုင်နက် ဖခင်၏ကျွန်း
သေတ္တာကို ဓားနှင့်ကပ်၍ ပတ္တာခွာပြီးသော် အလိုရှိသလောက်ငွေကို ယူ၍ နေရာတကျ ပြန်ပိတ်ထားလိုက်၏။ နောက်တစ်ညသော် မောင်ဒေါင်း တစ်ယောက် ပျောက်သွားလေတော့သတည်း။

( ဇာတ်သိမ်းဆက်ရန် ) 

#Typing_crd_ZawOo

No comments:

Post a Comment