#ကျွန်း
( တတိယပိုင်း )
#ဖေမြင့်
နောက်တစ်နေ့တွင်ကား မုန်တိုင်းအတွက် နစ်နာကြေး စတင်ရရှိလေသည်။မနက်စာကို စောစော ချက်ပြုတ်စားကြပြီးနောက် နှစ်ယောက်သား ကျွန်းတစ်ပတ် လေ့လာရန် ထွက်ခဲ့ကြသည်။ လမ်းတစ်လျှောက်နှင့် ပင်လယ်ပြင်ဆီ စူးစမ်းကြည့်ရှုကြသည်။ ရေစပ်ရှိ ကျောက်ဆောင်မြင့်မြင့်တစ်ခုထက် တက်ကာ ဟိုမျှော် သည်မျှော် မျှော်ကြည့်ကြစဉ် ကိုက်တစ်ရာခန့်အကွာ
ပင်လယ်ပြင်၌ မည်းမည်းအရာတစ်ခု မျောပါနေသည်ကို မြင်ရသည်။ လှိုင်းနှင့်မျောကာ ကမ်းဘက်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေသည်။ သို့သော် ရွေ့လျားမှုနှုန်းက နှေးကွေးလွန်းလှသည်။ အတော်ဝေးသည်မို့ ဘာရယ်ဟု မကွဲပြား။ နီးလာပြီ။ နည်းနည်း သဲကွဲလာသည်။ ဆီပီပါတစ်လုံးဟု ထင်ရသည်။
သံလုံး ကိုယ်ပေါ်က တစ်ခုတည်းသော အဝတ်ဖြစ်သည့် လုံချည်တိုကို ချွတ်ကာ ရေထဲဆင်းပြီး
မည်းမည်းအရာဆီ ကူးသွားသည်။ ကိုသိန်း ရပ်ကြည့်ကျန်ရစ်သည်။ ဟုတ်သည်။ ဆီပီပါ။ ရေမှာ
တစ်မိုက်ခန့်သာ ပေါ်နေသည်။ အထဲမှာ ဆီနှင့် ဖြစ်နိုင်သည်။ ကိုသိန်း သံလုံး၏ ရေကူးဝတ်စုံမျိုးနှင့်
ဆင်းလိုက်သွားသည်။ နှစ်ယောက်သား ဆီပီပါကြီးကို ကမ်းသို့ရောက်အောင် တွန်းတင်ကြသည်။
အတော်လေးသည်။ အထဲမှာ အသားအပြည့်နှင့်။ ဓာတ်ဆီလား၊ ဒီဇယ်လား။ ဘာပဲဖြစ်ဖြစ်
ပီပါတစ်လုံးအပြည့်ဆိုလျှင် တစ်ထောင်ထက်တော့ မလျော့နိုင်။ အခွံတန်ဖိုးက ရှိသေးသည်။
ကျွန်းပေါ်ရောက်ပြီးမှ ရသည့် ပထမဆုံး အဖိုးတန် ပစ္စည်း။တဲအထိရောက်အောင် မနည်း လှိမ့်ယူရသည်။ သို့ပေမယ့် ဝမ်းသာအားရနေသည်မို့ ပင်ပန်းသည်မထင်။သံလုံးက လိမ့်သွားသော ပီပါပေါ် ကျော်တက်ပြီး ကျွမ်းပင် ထိုးလိုက်သေးသည်။
“ဟေ့ကောင် အရမ်းမလုပ်နဲ့၊ ဇက်ကျိုးနေဦးမယ်”
ကိုသိန်း ဟန့်ထားရသည်။ ထိုနောက် ရမ်နမာမူလေးတွေရော ဟေးလားမောင်ရို့ဝါးတွေပါ စုံညီစွာဖြင့်
ကြွေးကြော်ပျော်မြူးကာ တဲဆီသို့ ရောက်လာကြသည်။ တဲထဲမှာ ဆီပုံးကြီး ထောင်လိုက်ပြီးနောက် သံလုံးနှင့်ကိုသိန်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်ကြသည်။ ပြီး ဘယ်သူကစ၍ ဘယ်လိုဖြစ်သွားသည်မသိ၊ တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြလေသည်။
ဆီပီပါအဖုံးက လုံလုံခြုံခြုံ၊ ကျပ်ကျပ်တည်းတည်း။ မနည်းဖွင့်ယူရသည်။ အတွင်း၌ကား ဓာတ်ဆီအပြည့်နီးပါး။အပြည့်ဟုပဲ ဆိုရမည်။ မီးခြစ်အတွက် ဓာတ်ဆီပုလင်းလေးနှစ်လုံးကို ရိုရိုသေသေ သိမ်းဆည်းခဲ့ရသည်။ကွဲသွားမှာ မှောက်သွားမှာ စိုးရိမ်ခဲ့ရသည်။ ယခုတော့ ခြစ်ရုံသာမက မီးပဲမွှေးမွှေး၊ ရေပဲချိုးချိုး ကြိုက်သလို သုံးနိုင်ပြီ။
ဆီပုံးက သည်တစ်လုံးတည်းမဟုတ်။ ထိုနေ့ တစ်နေ့လုံး စုစုပေါင်း ဆီပီပါ လေးလုံးတိတိရသည်။ ဓာတ်ဆီနှင့်ဒီဇယ်ဆီများ။ ပင်လယ်ပြင်ထဲတွင် သမ္မာအာဇီဝ သို့မဟုတ် မသမ္မာအာဇီဝဖြင့် လောင်စာဆီများ သယ်ဆောင်လာသည့် ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီထင်သည်။ ဆုံးရှုံးသူမှာ မည်မျှ ဆုံးရှုံးလေသည်မသိ။သံလုံးတို့ နှစ်ယောက်အဖို့ကား ထိုနေ့က ရတနာပုံကလေး ဆိုက်ခြင်းဖြစ်တော့သည်။တစ်လုံးတစ်ထောင်နှင့်တွက်လျှင် လေးလုံး လေးထောင်။
ကမ်းစပ်ရောက်လာသည်အထိ မစောင့်နိုင်ပဲ ရေထဲ ဆင်းဆယ်ကြ၊ တဲသို့ရောက်အောင် လှိမ့်သယ်ကြနှင့်မို့အတော်လေး ပင်ပန်းသွားကြသည်။ သို့သော် စိတ်က အလွန်ပျော်နေသဖြင့် ညဉ့်နက်သည့်တိုင် တော်တော်နှင့် အိပ်မပျော်နိုင်ကြဘဲ တောက်ပြောင်သော အနာဂတ်ကို မှန်းဆတမ်းတကာ ကျေနပ်၍နေကြသည်။
မနက်အိပ်ယာထတွင် မနေ့က ဆီပီပါများရသည့် ကမ်းကွေ့ကလေးဆီသို့ သွားကြပြန်သည်။ ဘာရဦးမည်ဟုမျှော်လင့်ပြီးလာခဲ့ခြင်းမဟုတ်။ မနေ့က ရခဲ့သည့်အကြောင်းကို ပြန်လည်ကြည်နူးစွာ စားမြုံ့ပြန်ရင်း အဲသည်ဘက် လျှောက်လာခဲ့မိကြခြင်းဖြစ်သည်။ သို့သော် သူတို့ မျှော်လင့်မထားသော်လည်း ကံက ပေးဆဲဖြစ်သည်။ ရေစပ်ကျောက်ဆောင်ကြို ကျောက်ဆောင်ကြားမှာ နောက်ထပ် ပီပါတစ်လုံး။
"ဟာ တွေ့ပြန်ပြီဟေ့၊ ဒီမှာ ဆီပီပါတစ်လုံး”
ကိုသိန်း အားရပါးရ အော်ပြီး ပြေးသွားသည်။
"မနေ့ကဟာတွေနဲ့ တစ်အုပ်စုတည်းဖြစ်မယ်၊ ညတုန်းက မျောပြီးတင်နေတာကွ၊ လိုက်ရှာကြည့်ရင်
နောက်ထပ် တွေ့ချင်တွေ့ဦးမယ်”
မှန်သည်။ ကမ်းခြေတစ်လျှောက် လျှောက်၍ ရှာကြရာ နောက်ထပ် နှစ်လုံး ထပ်တွေ့ရလေသည်။
နှစ်ယောက်စလုံး အထူးပင် အူမြူးနေကြသည်။ ဆီပီပါ သုံးလုံး တဲထဲရောက်ပြီးနောက် သံလုံး မျက်နှာက ချွေးတွေ ပုဆိုးနှင့် သုတ်ကာ ပြုံးဖြီးဖြီးလုပ်၍ ပြောလိုက်သည်။
"ကိုသိန်းရေ၊ ဒီအတိုင်းသာ ရနေမယ်ဆိုရင်တော့ ဒုက္ခပဲနဲ့တူတယ်၊ ဟား ဟား ဟား” တဲ့။
နှစ်ရက်တည်းနှင့် ငွေခုနှစ်ထောင် ရသည်ဆိုတော့ ဘဝင်မြင့်မည် ဆိုလျှင်လည်း မြင့်စရာ။ ကိုသိန်း ငွေ
ဘယ်လောက်များများ ကိုင်ဖူးသလဲတော့ မသိ။ သံလုံးကတော့ မိဘပိုက်ဆံနှင့် ကုန်သည်လုပ်စဉ်က
သောင်းဂဏန်းအထိ ကိုင်ဖူးသည်။ သို့သော် ဟိုဟာက ကိုယ်ရှာ၍ ရသောငွေမဟုတ်။ အခုဟာကမှ
ကိုယ်ရှာတာ အစစ်။ တကယ့်ကို စွန့်စွန့်စားစား ပင်လယ်ထဲ လိုက်၍ရှာရခြင်း မဟုတ်လား။
နောက်ပိုင်း သုံးလေးရက် ဆက်၍ ပစ္စည်းအမျိုးမျိုးတွေ့ ဟိုနားတစ်ခု သည်နားတစ်စ ရကြသည်။
သစ်တိုသစ်စတွေ၊ ပလတ်စတစ်ပုံး အကြီးအသေးတွေ၊ ဘူးကြီးပုလင်းကြီးတွေ၊ အခွံတွေလည်း ပါသည်။အထဲမှာ ဘာမှန်းမသိသည့် ဆေးရည်တွေ ဆေးမှုန့်တွေနှင့်လည်း ပါသည်။ ပြီး နိုင်လွန်ကြိုးခွေများ၊အရွယ်အစား အမျိုးမျိုး၊ အအေးခန်း ဆောက်သည့်နေရာ၊ ပစ္စည်းများ မပျက်စီးအောင် ခုခံသည့်နေရာများတွင် အသုံးပြုသည့် ဖော့ပြားများ။ ဆင်ကြယ်တံဆိပ် ရာဘာဖိနပ်တွေ အပြည့်ပါသည့် ဖျင်အိတ်ကြီးတစ်လုံး။
ထိုနောက် နိုင်လွန်ငါးဖမ်းပိုက်များ၊ အကောင်းတွေရော စုတ်ပြတ်နေတာပါ ပါသည်။ သင်္ဘောများမှာ သုံးသည့် အသက်ကယ် ဘောကွင်းတစ်ခုလည်း ရသည်။ ပစ္စည်း တစ်ခုရလာတိုင်း တန်ဖိုးတွက်ရသည်။ စုစုပေါင်းဘယ်လောက်ရှိပြီလဲ။ နေ့တိုင်း တွက်ကြသည်။ သို့သော် ဘယ်ပစ္စည်း ဘယ်လောက်တန်မှန်း တကယ်တန်း
သိကြသူများ မဟုတ်သဖြင့် တိတိကျကျတော့ မတွက်နိုင်။ သင်္ဘောသုံး နိုင်လွန်ကြိုးခွေတွေက
အလွန်ဈေးကောင်းသည်။ အကြီးတွေကို တစ်ကိုက် ဘယ်လောက်အထိ ရနိုင်သည်။ ငါးဖမ်းပိုက်တွေ
တန်ဖိုးကလည်း နည်းသလား။ တိတိကျကျ မပြောနိုင်ပေမယ့် အားရစရာချည်း ဖြစ်သည်။
ပစ္စည်းတွေကို စုပေါင်းလိုက်သည့်အခါ အတော် အများသား ဖြစ်သည်။ တစ်ချို့ပစ္စည်း တဲထဲမှာ ထားပြီး အတော်များများကို အပြင်မှာ ပုံထားရသည်။ ပစ္စည်းတွေ ကြည့်ပြီး ကိုသိန်း ဆိုသည်။
“ဟိုအဖွဲ့တွေ မပြန်ခင်က ဂိုဒေါင်တစ်လုံး မဆောက်ခိုင်းမိတာ မှားတာပဲကွ” ဟူ၍။
သို့သော် ဘာပဲပြောပြော ပစ္စည်းဥစ္စာနှင့် ဖြစ်လာတော့ နဂိုက ပေါ့ပေါ့နေ ပေါ့ပေါ့စားသမားနှစ်ယောက် ပစ္စည်းလောဘတွေ ကုက္ကုစ္စတွေ ဝင်လာကြဟန်တူသည်။ တစ်ယောက်နှင့် တစ်ယောက် ညှိနှိုင်းမနေဘဲ ဟိုပစ္စည်း ဟိုမှာတင် သည်ပစ္စည်း သည်မှာထား။ မိုးလုံလေလုံအောင် မပျက်စီးအောင် ဘယ်သို့ ထားရမည်ကို စဉ်းလည်း စဉ်းစား၊ သွက်သွက်လက်လက် ထ၍လည်း လုပ်ကြသည်။ သည့်နောက်တော့ ပျဉ်တိုပျဉ်စ ပလတ်စတစ်များ ဖော့ပြားများ အသုံးပြုကာ တဲနှင့် တစ်ဆက်တည်း လုံခြုံသော အဆွယ်ကလေးတစ်ခု
တည်ဆောက်ကြသည်။ တကယ်တန်း စိတ်ပါလက်ပါ လုပ်ကြတော့လည်း အဖြစ်သား။ သူတို့ ဦးနှောက်တွေက သုံးမရလောက်အောင်အထိတော့ သံချေး တက်သေးဟန် မတူ။
“တို့နှစ်ယောက် ကုန်းပေါ်ပြန်ရောက်တဲ့အခါ အခုရတဲ့ အရင်းအနှီးနဲ့ စိတ်တူကိုယ်တူ ဆက်ပြီး
လုပ်ကြကိုင်ကြရင် မြို့ပေါ်မှာ လူချမ်းသာ စာရင်းဝင် ဖြစ်လာနိုင်တယ်”
ကိုသိန်းက အကြံပြုသည်။
“ဒါပေါ့ ကိုသိန်းရ၊ လုပ်မယ်ဗျာ၊ ခင်ဗျားနဲ့တွဲပြီး တစ်သက်လုံး လုပ်မယ်”
သံလုံးက နှစ်ခါထပ် မစဉ်းစားပဲ အားရပါးရ ထောက်ခံ အတည်ပြုလိုက်သည်။ မြို့ပေါ်မှာပင် သူဌေးဖြစ်ရဦးမည်။ သူဌေးနှစ်ယောက်။
နောက်ပိုင်းရက်များတွင်ကား မုန်တိုင်းပြီးစတုန်းကလို အစုလိုက်အပြုံလိုက် များများစားစား မရတော့။ သို့သော် ကြိုးကြားကြိုကြား တစ်ခုခုတော့ ရနေသည်။တစ်ခါတစ်ရံ အဖိုးတန်တာပါသည်။တစ်ခါတစ်လေတော့လည်း ကလေးကစားသည့် ပလက်စတစ် ဘောလုံးလေးတစ်လုံး။သောင်ပြင် လျှောက်ကန်ပြီး ပြန်လာကြသည်။အရွယ်မတူ အရောင်မတူသည့် ရာဘာဖိနပ်လေး သုံးလေးဘက် တစ်နေရာတည်းမှာ စုပြီးတွေ့သည်။ထူးထူးဆန်းဆန်း ကလေးနို့ဗူးလေး တစ်လုံးလည်း ရဖူးသည်။
သို့သော် ဘာပဲဖြစ်ဖြစ် တော်ရုံတန်ရုံ အဖိုးတန်တာလောက်နှင့်ကား ကျွန်းသားဓနရှင်နှစ်ယောက် များစွာ ဝမ်းသာအူမြူးခြင်း မဖြစ်တော့။ ယခုအခါမှာ သူတို့ပြောလိုက်လျှင် ထောင်စကား သောင်းစကား။ ရေထဲက ရတနာတွေ ကောက်ယူဆယ်ယူရသည့်အလုပ်က သူတို့အတွက် လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ် ဖြစ်သွားခဲ့ပြီ။
များသောအားဖြင့် မနက်အိပ်ယာထလျှင် လက်ဖက်ရည်ကြမ်းနှင့် ငါးခြောက်ဖုတ် သို့မဟုတ် ငါးကင်ကို ထမင်းကြမ်းခဲနှင့် စားပြီး ပစ္စည်းအများဆုံး ရတတ်သည့် ကျွန်း အနောက်မြောက်ဘက်ခြမ်းကို စေ့စေ့စပ်စပ် လိုက်ကြည့်ကြသည်။ ပစ္စည်းတစ်စုံတစ်ခု ရလျှင် သယ်ကြပိုးကြ။ မရလျှင်လည်း သည်အတိုင်း ပြန်လာကြ။ပြန်ရောက်လျှင် ထမင်းအိုး တည်သူကတည်၊ ငါးရှာသူက ရှာ၊ အနီးအနားမှာ ယခင်လူတွေ စိုက်ခဲ့သည့်အခင်းမှ
အလိုအလျောက် ထပေါက်သည့် ချဉ်ပေါင်ပင်၊ ငရုတ်ပင်များကလည်း ရှိသေးသည်။ အလွယ်တကူ
ခူးဆွတ်ရုံပင်။ချက်ပြုတ်စားသောက်ပြီးလျှင် တရေးတမော အိပ်၊ အိပ်ရတာကြာ၍ ပျင်းလျှင် တောင်ကြောပေါ်တက်၊မှိုကလေး မျှစ်ကလေးရှာ၊ လေးခွတစ်လက်နှင့် ငှက်ကလေး ရှဉ့်ကလေး ပစ်။ မှိုပေါက်သည့်အချိန်ကျ မှိုကအဆမတန် ပေါသည်။ စားမကုန် သောက်မကုန်။ သို့သော် မှိုသက်တမ်းက ရက်ပိုင်းကလေးပဲ ဖြစ်သည်။မျှစ်ကတော့ ခရင်မျှစ်၊ ဝါးပိုးမျှစ်၊ မျှင်မျှစ် စသဖြင့် မျှစ်မျိုးစုံသည်။ တစ်မိုးတွင်းလုံး အချိန်မရွေးရသည်။ပြတ်သည်ဟူ၍ မရှိ။ ချဉ်ပေါင်၊ မျှစ်၊ ငါးကင်၊ ငါးငပိကျက်။ အစားအသောက် ဆင်းရဲသည်ဟု ဘယ်နည်းနှင့်မှ
ဆိုနိုင်စရာ မရှိ။ သို့သော် နေ့တိုင်း သည်တိုင်းချည်းဆိုတော့ ခန္ဓာကိုယ်ကပင် ငါးစော်၊ ချဉ်ပေါင်စော် နံသည် ထင်လာသည်။
မိုးမှန်လေမှန် ရာသီဥတုကလည်း လုံးဝ မဖောက်ပြန်၊ ကျွန်း မှာ အနေကြာသဖြင့် ကျွန်း
သဘာဝအတိုင်း နေတတ်ထိုင်တတ်လည်း ဖြစ်နေပြီဆိုတော့ အခက်အခဲ မရှိသည့်အတွက်ပင် ပျင်းစရာလို ဖြစ်လာသည်။ ပြီး ပင်လယ်လည်း သည်ပင်လယ်၊ ကျွန်းသည်လည်း သည် ကျွန်း ၊ လူလည်း သည်လူ၊ထိုနောက် ချဉ်ပေါင်၊ မျှစ်၊ ငရုတ်သီး၊ ငါး။ ညည်းငွေ့လှပြီ။ ရပ်ရွာကို အောက်မေ့ကြ လွမ်းကြပြီ။သည်ပစ္စည်းတွေ ရောင်းချပြီး လူကုံထံ လုပ်ချင်လှပြီ။ နဂိုက အထင်သေးခဲ့သူတွေကြား သုံးစွဲပြ
လက်မထောင်ပြချင်လှပြီ။
* * * * *
တစ်နေ့တွင်ကား ထူးထူးခြားခြား တက်ကြွ လှုပ်ရှားသွားစရာ အဖိုးတန်ရတနာတစ်ခုကို ကျွန်းသားနှစ်ဦး မမျှော်လင့်ပဲ တွေ့ရှိကြရလေသည်။
တစ်နံနက် ထုံးစံအတိုင်း ရှာဖွေရေး ထွက်ကြစဉ် ကျောက်ဆောင်တစ်ခုနံဘေးတွင် လင်ဗန်း
ခပ်သေးသေးအရွယ် ဖြူတူတူဝါတာတာ အရာတစ်ခုကို လှမ်း၍မြင်ရသည်။ ဆယ့်လေးငါးကိုက်ခန့် ဝေးမည်။ရေတွင် ပေါလော ပေါလော။ လှိုင်းရိုက်တိုင်း ကျောက်ဆောင်နံဘေးတွင် လှုပ်ရှားတိုးဝှေ့နေသည်။
“ဟိုဟာ ဘာလဲ မသိဘူးကှ”
ကိုသိန်း သံလုံးကို ခေါ်ပြသည်။ သံလုံးကလည်း ဘာမှန်း မသိ။
“ဘာထင်လို့လဲ”
သံလုံးက မေးသည်။
“ငါးကြီးအန်ဖတ်များ ဖြစ်မလားလို့။ မင်းမြင်ဖူးလား"
“မမြင်ဖူးဘူးဗျ။ ဝါတာတာနဲ့ အဆီခဲလို ချွဲကျိကျိလို့တော့ ပြောသံဆိုသံ ကြားဖူးတယ်၊ ဟုတ်ရင်တော့ ပွပြီ”
ပြောပြောဆိုဆို သံလုံး ရေထဲ ခုန်ဆင်းပြေးသွားသည်။ ကိုသိန်းလည်း သူ့နောက်က ထပ်ကြပ်မကွာ
လိုက်သည်။ ငါးကြီးအန်ဖတ်ဈေးက တစ်ပိသာ တစ်သိန်းကျော်ထိ ရှိသည်ဟု ကိုသန်းအောင်တို့ ပြောတာ ကြားဖူးသည်။ ရလျှင်တော့ တကယ့်ကို ပွပြီ။
အိပ်မက်က စက္ကန့်ပိုင်းထက် ပိုမကြာ၊ သံလုံး အော်ပြောလိုက်သည်။
“ဟာ .. အလကား ဖော့ပြား အဟောင်းကြီးဗျ။ ဘယ်တုန်းက ပဲ့ရွဲ့ပြီး ကျနေသလဲမသိဘူး။ အညှိတွေတက်နေလို့ ဘာလိုလို ညာလိုလို ထင်နေရတာ”
“နာလိုက်တာကွာ၊ ငါးကြီးအန်ဖတ်ပဲ ဖြစ်လိုက်ပါတော့”
ကိုသိန်း ကြိတ်မနိုင်ခဲမရ ကမ်းဘက် ပြန်လှည့်လာသည်။
“ဟာ ဟာ ဒီမှာ ဒီမှာ”
သံလုံး ဘာတွေ့ပြန်သည်မသိ။ ကိုသိန်း ပြန်လှည့်ကြည့်လိုက်သည်။ သံလုံးက အနီးရှိ
ကျောက်ဆောင်နှစ်ခုကြား တစ်နေရာကို လက်ညှိုးထိုးပြသည်။ ပုလင်းတစ်လုံး။ ရေထဲမှာ
ခေါင်းကလေးဖော်ကာ ပေါလောပေါလော ဖြစ်နေသည်။ သံလုံး ပုလင်းကို လှမ်းဆွဲယူပြီး
ထောင်ကြည့်လိုက်သည်။ အထဲမှာ အရည်တွေ ပုလင်းပုခုံးနားထိ ရှိသည်။
“ပုံကတော့ အရက်ပုလင်းပုံပဲ။ အထဲမှာသာ ပင်လယ်ရေလား ဘာလား"
သံလုံးက ဆိုပြီး အဖုံးကို လှည့်ဖွင့်သည်။ မရ။ ကျပ်နေသည်။
"အံမယ် အဖုံးက အလုံသားခင်ဗျာ၊ ဖွတဲ့၊ အထဲကဟာ အရက်ဖြစ်ပါစေ”
သံလုံးက ဆက်မဖွင့်ပဲ ကမ်းအထိ ယူသွားသည်။ ကောင်းကောင်းမသွား၊ ခုန်ဆွခုန်ဆွ လုပ်သွားသည်။
အရက်နှင့်တူတာ တွေ့ရုံရှိသေး၊ သံလုံး မူးသလို ရူးသလို ဖြစ်နေပြီ။ ကမ်းပေါ်ရောက်မှ သဲပြင်မှာ သေသေချာချာထိုင်ကာ ပုလင်းအဖုံးကို ပုဆိုးစနှင့် ခုပြီး လှည့်ဖွင့်သည်။ တော်တော်နှင့် မပွင့်။ အတင်း အားစိုက်၍ လှည့်မှ ပွင့်တော့သည်။ သံလုံး ပုလင်းအဖုံးကို လှည့်ချွတ်လိုက်ပြီး နှာခေါင်းနှင့်တေ့၍ နမ်းလိုက်သည်။ ပထမ ခပ်သာသာ သတိနှင့်။ ထိုနောက် ကိုသိန်းဖက် လှည့်ကြည့်လိုက်ပြီးလျှင် ရှူးခနဲ နေအောင် ခပ်ပြင်းပြင်းလေး ရှူလိုက်လေသည်။
“အောင်မယ်လေးဗျာ၊ ကောင်းလိုက်တဲ့အနံ့လေး။ အရက်အစစ်ဗျ။ ဘာအရက်မျိုးလဲတော့ မသိဘူး။
အကောင်းစားတော့ အကောင်းစားပဲ"
“အောင်မယ် သိနေပြန်ပြီ၊ ပင်လယ်ထဲက မျောလာတာ၊ မင်းတို့ ချက်တဲ့ တောအရက်တော့
ဘယ်ဟုတ်ပါ့မလဲကွာ”
ကိုသိန်းက သံလုံးဆီက ပုလင်းလှမ်းယူပြီး နမ်းကြည့်သည်။
"နိုင်ငံခြားအရက်ကွ၊ ဝီစကီဖြစ်ရမယ်။ ငါ ဂျော်နီဝါကား သောက်ဖူးတယ်။ ဒီအနံ့မျိုးပဲ။ ပုလင်းတော့ မတူဘူး။စက္ကူပတ်တော့ ရေစိုလို့ ကွာသွားတာနဲ့ တူတယ်။ ဆားငန်ရေ မဝင်သေးရင်တော့ တို့အတွက် ဘုရားပေးတဲ့ လက်ဆောင်လို့ ဆိုရမှာပေါ့ကွာ”
"ဟာ ဘယ်ကလာ ဘုရားပေးရမှာလဲ၊ အရက်မူးနေတဲ့ သင်္ဘောသားတစ်ယောက်ယောက် လက်က
လွတ်ကျတာဖြစ်ရမယ်”
သံလုံးက ဆိုသည်။
“ပုလင်းက အပြည့်ကြီးကွ၊ ဘယ်မူးဦးမလဲ၊ ဧကန္တ အရက်သောက်မလို့ဟာ အဖုံးဖွင့်မရတာနဲ့ ဒေါပွပြီး
လွှင့်ပစ်လိုက်တာ ဖြစ်ရမယ်”
“ဟာဗျာ၊ ဘယ်လောက်ပဲ ဒေါပွ ဒေါပွ အရက်ပုလင်းတော့ ဘယ်သူ လွှင့်ပစ်ပါ့မလဲ၊ လွတ်ကျတာပဲ ဖြစ်မယ်ဗျ”
“အေးပေါ့ကွာ၊ လွှင့်ပစ်ရင် အရူးပေါ့ကွ၊ ဟား ဟား ဟား”
သံလုံး ပုလင်းကို ယူပြီး မော့သောက်မလို လုပ်သည်။ ကိုသိန်း လက်မောင်း လှမ်းဆွဲလိုက်ကာ၊
“နေပါဦးကွ၊ ဖြည်းဖြည်းလုပ်ပါ။ တဲရောက်မှ ရိုရိုသေသေ ခွက်နဲ့ ဘာနဲ့ သောက်စမ်းပါ”
သံလုံး ပုလင်းအဖုံး ပြန်ပိတ်လိုက်ပြီးနောက် နှစ်ယောက်သား တဲဆီသို့ အမြန် ပြန်လာခဲ့ကြသည်။
တဲရောက်သည်နှင့် သံလုံးက အကြမ်းပန်းကန် တစ်လုံး ယူပြီး အရက်ငဲ့သည်။
“နည်းနည်းပဲ ထည့်ပါကွ”
ငဲ့သည် ဆိုရုံရှိသေး၊ ကိုသိန်းက တားသည်။
"ခင်ဗျားကလဲဗျာ၊ တစ်ငုံစာလောက်တော့ သောက်ကြည့်မှ ကောင်းသလား ဆိုးသလား သိမှာပေါ့”
အကြမ်းပန်းကန် တစ်ဝက်ခန့် ထည့်ပြီး သံလုံး မော့ချလိုက်သည်။
"ရွှီး ပွါး ထွီး” သံလုံး မျက်စိပြူး မျက်ဆန်ပြူးသွားပြီး ရေအိုးစင်ဆီ ပြေးကာ ရေတစ်ခွက် ကမန်းကတန်း သောက်ချလိုက်သည်။
“ဘယ့်နှယ်နေလဲ”
“ဟား ရားရား”
သံလုံး ပါးစပ်ဖြဲပြီး အာခေါင်ထဲက လေပူတွေ မှုတ်ထုတ်ကာ
“ကောင်းလိုက်တဲ့ အရက်ဗျာ၊
ဦးရေ အစစ်ထက်တောင် ပြင်းသေးတယ်”
"တော်သေးတာပေါ့၊ ငါ့စိတ်ထဲ အဆိပ်တွေများ မှားပြီး သောက်မိပြီလားလို့”
ကိုသိန်းက အပြောင်အပျက်ပြောလိုက်သည်။
သံလုံးစိတ်ထဲ ထင့်ခနဲ ဖြစ်သွားပြီး မျက်နှာပျက်ပျက်နှင့် ဆိုသည်။
“ခင်ဗျားက ကျွန်တော်သောက်တာ အဆိပ်ဖြစ်လို့ သေရင်လဲ သေသွားပါစေဆိုပြီး ကြည့်နေတာပေါ့လေ၊ ကျွန်တော် သေရင် ခင်ဗျား တစ်ယောက်တည်း ပစ္စည်းတွေ အားလုံး အပိုင်ရမယ်ဆိုတဲ့ သဘောလား"
“ဟာကွာ၊ မင်းကလဲ မဟုတ်တာ၊ ပစ္စည်းတွေ တစ်ခုမှ မရရင် နေပါစေ၊ မင်းမရှိဘဲ ဒီ ကျွန်း ပေါ်မှာ
ငါတစ်ယောက်တည်း မနေရဲဘူးကွ၊ တကယ်ပြောတာပါ၊ မင်းစိတ်ထဲ အဲဒါမျိုး လုံးဝ မတွေးနဲ့၊ မင်းကကော ငါသေရင် ပစ္စည်းတွေ အားလုံး မင်းတစ်ယောက်တည်း ရမယ်လို့ စိတ်ကူးသလား၊ မင်းနဲ့ ငါနဲ့ ဘဝတူတွေပါကွာ၊မင်း နေမကောင်းတုန်းက ငါ ဘယ်လောက် ပြုစုသလဲ၊ မင်း မေ့သွားပြီလား”
မှန်သည်။ မုန်တိုင်းတိုက်၍ ပစ္စည်းတွေ ခပ်များများ ရပြီး များမကြာမီ သံလုံး သုံးလေးရက် ဖျားသည်။ အဖျားက ရိုးရိုး အအေးမိ အဖျားမျိုး ဖြစ်ပုံရသည်။ နှစ်ရက်ပဲ ပြင်းပြင်းဖျားပြီး နောက်တော့ ချက်ချင်းဆိုသလိုပဲ ကောင်းသွားသည်။ သို့သော် အဖျားတက်တုန်းမှာ သံလုံး အလွန်ညည်းသည်။ သံလုံး ညည်းသံကြားလေ ကိုသိန်းကြောက်လေ။ ရောက်၍ ဘာမျှ မကြာသေး။ သံလုံး သေသွားလျှင် ဒီ ကျွန်း ပေါ်မှာ ငါ တစ်ယောက်တည်း ဘယ်လို နေမည်လဲ။ သံလုံးက ဥစ္စာ စွဲလမ်းပြီး တဲက မခွာတမ်း ခြောက်လှန့်နေလျှင် ဘယ်ထွက်ပြေးရပါ့ဟု တွေးကြောက်ကာ အကြီးအကျယ် ပြုစုသည်။
ထိုစဉ်က ကိုသိန်း သူ့အား ပျာပျာသလဲ ပြုစုပုံများကို သံလုံး သတိရလာသည်။
“စိတ်မဆိုးပါနဲ့ ကိုသိန်းရာ၊ ကျွန်တော် တောင်းပန်ပါတယ်၊ အဆိပ်လို့ ပြောတော့ ကျွန်တော့် စိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်၊ သေမယ့်အကြောင်း ကျွန်တော် မစဉ်းစားရဲဘူးဗျ၊ ခင်ဗျားလည်း မသေစေချင်ပါဘူး၊ ခင်ဗျားနဲ့ကျွန်တော် အတူတူ တွဲပြီး စီးပွားရှာကြရမယ့်သူတွေပဲဟာ၊ ရော့ နည်းနည်း မြည်းကြည့်ပါဦး"
ကိုသိန်း အကြမ်းပန်းကန်ထဲ သံလုံး ထည့်သလောက်ပင် ထည့်ပြီး ရေအနည်းငယ် ရောလိုက်သည်။ အရက်ကို တစ်ငုံစာလောက် ငုံပြီးနောက် ပါးစပ်ထဲ နှံ့နှံ့စပ်စပ် ရောက်အောင် လုပ်ကြည့်သည့်သဘောလား မသိ၊ပလုပ်ကျင်းသလို ဂလောက်ဂလက် လုပ်ကြည့်ပြီးမှ အသာ မျိုချသည်။ ပြီးမှ ခွက်ထဲ ရှိနေသေးသည့် လက်ကျန်ကလေးကို ကျိုက်ခနဲ မော့ချလိုက်သည်။
“အေး ကောင်းတယ်ကွာ၊ သိပ်ကောင်းတယ်”
ဆိုပြီး ပုလင်းကို မြှောက်ကိုင်ကာ အသေအချာ ကြည့်သည်။ ပြီးမှ သံလုံးအား
"ဒီနေ့ သောက်ကြမှာလား”
"ဟာ အစ်ကိုကလည်း ဘယ့်နှယ်ပြောပါလိမ့်၊ ဒါလောက် ကုသိုလ်ကံ ထောက်မလို့ ရောက်လာတဲ့ ဥစ္စာ၊နေ့ရွှေ့ညရွှေ့ လုပ်နေလို့ ဘယ်မှာ တော်ပါ့မလဲ"
တစ်ငုံသာ ငုံရသေးသည်။ သံလုံး စကားပြောပုံက အရက်သံ ခပ်ပါပါ။
"ဒီလိုကွ၊ သိပ်ကို ရှားရှားပါးပါး အဖိုးတန်သလို ဖြစ်နေလို့ ငါက စဉ်းစားနေတာ၊ မင်းလဲ
သိပ်သောက်ချင်နေတယ်ဆိုတော့ ဒီလို လုပ်ရအောင်”
ဟု ပြောရင်း သံလုံး မျက်နှာမဲ့ပြသည်ကို
လှမ်းကြည့်ကာ
"အဲ ငါလဲ သောက်ချင်တာပေါ့ကွာ၊ အရက်က အကောင်းစား၊ အပြင်းစား၊ ပြီးတော့ တို့ကလဲ
အရက်မသောက်တာ ကြာပြီဆိုတော့ အူရိုင်းဖြစ်နေမှာ၊ တစ်ပိုင်းလောက် သောက်ရင် ရေချိန်ကိုက်မှာ
သေချာတယ်၊ အဲဒီတော့ ညနေဘက်ကျမှ တို့ သေသေချာချာ အမြည်းလေး ဘာလေးနဲ့
လေးလေးစားစားပေါ့ကွာ၊ ပုလင်းတစ်ဝက်လောက်အထိ သောက်ကြမယ်၊ ကျန်တာကိုတော့ ဖျားရင်နာရင် အအေးမိ ဘာညာဖြစ်ရင် ဆေးဖြစ်ဝါးဖြစ် သောက်ဖို့ ရအောင် ချန်ထားလိုက်မယ်၊ သဘောတူရဲ့လား”
“တူပါတယ်ဗျာ၊ ခင်ဗျားက အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ပဲ၊ ကျွန်တော်ကတော့ ညနေ မြန်မြန် ရောက်ပါစေလို့ပဲ ဆုတောင်းနေတော့မယ်”
ညနေဘက်သို့ ရောက်သောအခါ ကိုသိန်းက သူတို့၏ တစ်ခုတည်းသော မတ်ခွက်ထဲသို့ ပုလင်းထဲက အရက်တစ်ဝက်တိတိ ခြင်၍ ထည့်သည်။ ထိုနောက် ပုလင်းအဖုံးကို ကျပ်နေအောင် ပိတ်လိုက်ပြီး
“ဒါက နေထိုင်မကောင်းရင် သောက်ဖို့ ဆေးပုလင်း”
ဟု ဆိုကာ သိမ်းဆည်းထားလိုက်သည်။ ထိုနောက်တွင်ကား မတ်ခွက်ထဲက ယမကာကို အကြမ်းပန်းကန် နှစ်လုံးထဲသို့ နည်းနည်းစီ ညီမျှစွာ ထည့်ကာ ရိုရိုသေသေ သောက်သုံးကြလေသည်။
အရက် အနည်းငယ်စီ ဝင်သွားပြီးသည့်နောက်တွင်ကား အုန်း ကျွန်း ပေါ်တွင် သုံးလကျော်မျှ နှစ်ယောက်တည်း အတူနေခဲ့သည့်အဖြစ်ကို မေ့လျော့လေသလား မသိ။ တစ်ယောက်ကိုတစ်ယောက် စကားတွေ အလုအယက် ပြောဆိုနေကြလေတော့သည်။ စင်စစ် သူတို့ ယခုပြောကြသည့်
စကားများမှာ ယခင် ရက်ပေါင်းများစွာက ကြိမ်ဖန်များစွာ ပြောခဲ့ပြီးသည့် စကားများသာဖြစ်၍ ထူးခြားချက်မှာ ယခင်က ဟိုခါတစ်ခွန်း သည်ခါတစ်ခွန်း ပြောခဲ့ကြခြင်းဖြစ်လျက် ယခုမူ ၎င်းစကားတွေ အားလုံးကိုတစ်ပြိုင်နက် စုပြုံပြောနေခြင်း၊ တစ်ချို့ စကားများကို ထပ်တလဲလဲ ပြောမိနေကြခြင်းသာဖြစ်သည်။
ထိုစကားများအနက် အထပ်ဆုံး အကြောင်းအရာသည်ကား နောက် တစ်လကျော် နှစ်လနီးပါးကြာ၍
သူတို့နှစ်ယောက် အုန်း ကျွန်း ပေါ်က ပစ္စည်းရှင်များဘဝမှ မြို့ရွာပေါ်ရှိ ငွေရှင်ကြေးရှင်များဘဝသို့
ကူးပြောင်းရောက်ရှိသွားသည့်အခါ ဘာတွေ လုပ်ကြမည်ဆိုသည့်အကြောင်း၊ ပြီး သူတို့နှစ်ယောက်
တစ်သက်လုံး အတူ လက်တွဲကာ ကြီးပွားသထက် ကြီးပွားအောင် လုပ်ကိုင်ရှာဖွေသွားကြမည့်အကြောင်း အပြန်အလှန် ကတိသစ္စာ ပြုခြင်းများသာ ဖြစ်သည်။ သို့သော် သည်ကြားထဲ သံလုံးက မနက်က အကြောင်းကို သတိရတိုင်း အစ ပြန်ဖော်ကာ {ကိုသိန်း၊ မနက်က ကျွန်တော် ပြောတာ စိတ်မဆိုးနဲ့နော်၊ ကျွန်တော်က အဆိပ်လို့ ပြောသံကြားတော့ စိတ်ထင့်သွားတယ်ဗျာ၊ ကျွန်တော် သေရမှာ ကြောက်တယ်ဗျ၊ အမှန်အတိုင်းပြောတာ၊ ချမ်းချမ်းသာသာ မနေရသေးဘဲ မသေနိုင်သေးဘူး၊ ခင်ဗျားလည်း မသေရဘူး၊ ခင်ဗျား မရှိဘဲ
ကျွန်တော် တစ်ယောက်တည်း နေလို့မဖြစ်ဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး} ဆိုသော စကားများကို
ထပ်ခါထပ်ခါ ပြောနေပြန်သည်။ သံလုံး သည်စကားတွေ ပြောတိုင်း ကိုသိန်း စိတ်အနှောက်အယှက်ဖြစ်ကာ
“တော်စမ်းပါ သံလုံးရာ၊ ဒီ သေစကားချည်း ထပ်တလဲလဲ ပြောမနေစမ်းပါနဲ့ကွာ၊ စိတ်ညစ်လွန်းလို့ပါ။ရှားရှားပါးပါး ကုသိုလ်ကောင်းလွန်းလို့ အရက် သောက်ရတဲ့ဟာ ပျော်ပျော်ပါးပါး သောက်စမ်းပါ၊ မင်းပြောချင်ရင် ချမ်းသာတဲ့အခါ ဘာတွေ လုပ်မလဲ၊ ဘယ်လို ပျော်မလဲ၊ ဒါပဲပြော”
ဟူ၍ သံလုံးကို စကားလမ်းကြောင်း ပြောင်းပေးရန် ကြိုးစားသည်။သို့သော် မရ၊ သံလုံးက သူဌေးမဖြစ်မီ မသေချင်သေးသည့်အကြောင်းပဲ ထပ်တလဲလဲ ပြောနေသည်။
* * * * *
( ဇာတ်သိမ်းဆက်ရန် )
No comments:
Post a Comment