#ကိုယ်လည်းရောက်တဲ့အရပ်မှာ_ပျော်အောင်နေ
#ဝင်းဝင်းလတ်
မြို့နယ်သမဝါယမရုံးခန်းအတွင်းမှ ထွက်လာရတော့ နေမွန်းတည့်လို့ နေချေပြီ။ ရွက်ခြောက်နံ့သင်းသော နွေလေရူးလေး ထိပါးမွေ့ယမ်း အစွမ်းပြ
လေသည့် အချိန်ပေ။ လေရူးတိုးအဝှေ့တွင် ဖုန်လုံးနီနီတို့ ဝဲကတော့ထိုး ဝေ့ပျံတက်သွားတတ်ကြသည်။
မြို့လယ်ဈေးဆီမှ အင်ဖက်ဟောင်းတစ်ရွက် တလိမ့်လိမ့်ပါလာခဲ့ပြီး သူ့ခြေရင်းဆီမှာ ငြိမ်ဝပ်သွားခဲ့သည်။
ကြည့်လေရာရာ နွေသရုပ်က ပီပြင်နေပါလို့။
နံနက်ခင်းဆီက ပိန်းပိတ်မှုန်နေသော နှင်းထုကြီးကိုဖြင့် တွေးမြင်မရတော့ပြီ။
ပထမဆုံးအကြိမ်အဖြစ် သည်မြို့လေးသို့ ခရီးနှင်လာခဲ့သော နံနက်ခင်း စောစောဆီကဆိုလျှင် နှင်းတို့ကိုသာ ဖွေးဖွေးလှုပ် မြင်လာခဲ့ရသည်။ထွက်လာရာမြို့ဆီမှာလည်း နှင်း၊ အဝေးပြေးကားလမ်းတစ်လျှောက်က လယ်တောတွေထဲမှာလည်း နှင်း၊ နှင်းမိုးထူထူ ရွာသွန်းနေခဲ့သည်။
နှင်းသည်းထဲမှာပင် မြို့လေးသို့ ဆိုက်ရောက်ခဲ့သည်။ တောမြို့လေးသဘာဝဖြင့် နှင်းမကွဲ
မီ သက်ဝင်လှုပ်ရှားလျက် ကြိုနှင့်နေခဲ့ပြီပင်။ နှင်းမှုန်ရီတွင် မြို့လေးရှုခင်းက ကောင်းစွာမပီပြင်သေး။ မပီဝိုးဝါးရှုခင်းကိုပင် သူက ရင်းနှီးကျွမ်းဝင်လို
စိတ်ဖြင့် တငေးတမော ကြည့်လာခဲ့သည်။
မြို့လယ် အချက်ကျကျနေရာရှိ တိုက်တန်းလျားလေးတစ်ခုရှေ့က အဖြတ်တွင်တော့ သူမှာ မိတ်ဆွေရင်းတစ်ယောက်ကို တွေ့လိုက်ရသလို ပြုံး
ပင်ပြုံးမိခဲ့သေးသည်လေ။ တိုက်တန်းလျားလေးရဲ့ တံစက်မြိတ်တွင် အနီရောင် အပေါင်းလက္ခဏာ အမှတ်အသားလေး တွဲခိုလို့။
* * * * *
သမဝါယမရုံးခန်းရောက်တော့ ရုံးက မဖွင့်သေး။ မျက်နှာချင်းဆိုင်ဆီက သမဝါယမကုန်ပဒေသာ အရောင်းဆိုင်တွင် နှင်းအအေးကိုခိုရင်း
စောင့်ဆိုင်းခဲ့ရလေသည်။ လူတွေ့စစ်ဆေးခံဖို့ သက်ဆိုင်ရာလူကြီးတွေ စုံညီသည်အထိ စိတ်လှုပ်ရှားမှုလေး ပြေလိုပြေငြား ဆိုင်တွင်တင်ထားသည့်ပစ္စည်းစုံကို လျှောက်ကြည့်နေမိသည်။ ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ လယ်ယာလုပ်ငန်း
သုံး ပစ္စည်းကိရိယာစုံ၊ ဆိုင်ထဲဝင်စောင့်ဖို့ ဖိတ်ခေါ်ခဲ့သော မျက်နှာသုတ်ပဝါ ခေါင်းပေါင်းနှင့် ဦးကြီးက ဟိုပစ္စည်းဈေးမေး၊ သည်ပစ္စည်းဈေးမေး သူမေး
သမျှ စိတ်ရှည်လက်ရှည်ဖြေပေးနေခဲ့သည်။ သူ မမေးရပါဘဲ သိမှတ်ဖွယ်ရာ မြို့နယ်သမအသင်းပေါ်ပေါက်လာပုံအစ၊ နှစ်ကာလ၊ အောင်မြင်မှု၊ တိုးချဲ့မှုတို့ကိုပါ ပြောပြခဲ့လေသည်။ အကြောင်းအရာ စကားရပ်တိုင်းရဲ့အဆုံးမှာ ဦးကြီးပြောတတ်သည်က•••
“လူတွေ့စစ်တယ်ဆိုရပေမဲ့ ဘာမှ အထူးအဆန်းမမေးပါဘူး ကျုပ်တူမရာ၊ တန်ရုံသင့်ရုံပါ၊ စိတ်အေးအေးသာထား”
ဟူသော အားပေး ခင်ဖို့ကောင်းသည့် ဦးကြီး။
မြို့နယ်သမဝါယမ ရုံးခန်းအတွင်းမှ သူပြန်ထွက်လာတော့ ဦးကြီးရဲ့ ကုန်ပဒေသာအရောင်းဆိုင်ကဖြင့် ပိတ်ခဲ့ပြီ။
“နေ့လယ်စာစားချိန်ပိတ်သည်"ဟူသော စာကို ဆိုင်ရှေ့မှာ ထောင်ထားသည့် ကျောက်သင်ပုန်းထိပ်မှာ ခုမှမြင်မိသည်။ ဦးကြီးကိုဖြင့် နှုတ်ဆက်ခွင့်
မကြုံနိုင်တော့ပါပေ။ မွန်းတည့်နေ အဝါရောင်ကျဲကျဲက မြို့လေးထိပ်မှာ လင်းချင်း ပြင်းပြလို့နေပြီ။ နှင်းမှုန်ကြားမှ မသဲမကွဲခဲ့သောမြို့လေးကို ခုမှ
ကြည့်ရသည်။ သူခေတ္တခဏ တည်းခိုနေသည့်မြို့နှင့် ရေမြေတစ်စပ်တည်းမို့ ခရီးအတန်ဝေးကွာပေမယ့် မြို့ကွက်အနေအထားချင်းကတော့
ခပ်ဆင်ဆင်။ မြန်မာပြည်မြေလတ်ပိုင်း မြို့လေးတွေထဲက တစ်မြို့သာပဲပေါ့။
နွေနံနက်ခင်းများမှာ နှင်းကျလို့ရသလောက်ကျချင်ပြီး နေ့လယ်ခင်းကျတော့ ဖုန်၊ နေပူလို့ရသလောက် ထူပူချင်သည့်မြို့မျိုးလေး။နေ့လယ်ခင်းက ပိုမိုငြိမ်သက်လာခဲ့သည်။
စကား။
သစ်ပင်ကြီးများကြားမှ တိုးဝင်လာသော နွေလေပြည်၏ အတွေ့က အေးမြညံ့သက်သည်။ ရော်ရွက်လေးများကို ညင်သာစွာခြွေချလေသည်။ သူ
ထိုင်နေသော မန်ကျည်းပင်စည်ရင်းက ကွပ်ပျစ်လေးပေါ်သို့ ရော်ရွက်လေးများ တဖွေးဖွေး
ကြွေဆင်းလာလေသည်။ ကွပ်ပျစ်လေးမှ ခြေချခဲ့လျှင် ပြောင်ရှင်းနေသော မြေပြင်သို့ရောက်မည်။
ဦးကြီး ဦးငွေရင်နှင့် ဒေါ်ဒေါ် ဒေါ်မယ်တို့
မှာတောမြို့သူမြို့သား ပီသကြပါပေ့။ ဇနီးမောင်နှံနှစ်ဦးတည်းရှိသော အိမ်ပေမယ့် အလုပ်နှင့်လက် ထာဝရပြတ်သည် မမြင်ရ။ ခြံစည်းရိုးအသစ်
ဝါးချွန်ချွန်တန်းနှင့် အိမ်ဘေးကထင်းစင်က ဦးကြီးရဲ့လက်ရာဖြစ်ဟန်တူသည်။ခွဲလက်စ ထင်းခြမ်းများရှိနေသေးသည်။ မြေတလင်းပြောင်ပြောင်ကမူ ဒေါ်ဒေါ် လက်ရာပေလား။ အိမ်နောက်ဘက် ရေတွင်းမှ ရေပုံး ရေတွင်းနှုတ်ခမ်းပေါင်ကို တိုက်လို့ဆင်းသံ၊ ရေစီးဝင်သံ၊ ရေပုံးတက်လာရင်း ရေဖိတ်လျှံ ပြန်ကျသံတို့ ကြားနေရသည်။ ဒေါ်ဒေါ် ဒေါ်မယ်မြ ရေငင်နေသည်။
သူကမူ ညနေထွက်မည့်ကားကို သည်ကွပ်ပျစ်လေးပေါ်မှ အေးအေးလူလူ ထိုင်စောင့်နေမိသည်။ သူ့အနီးမှာ ခေါင်းအုံးလေးတစ်လုံးပင် လာချ
ပေးထားသည်။ ခေါင်းအုံးစွပ်ကလေးက ဖြူဖြူစင်စင်။ လဲလျောင်းပြီး သက်သောင့်သက်တာ ခေါင်းအုံးလိုက်ချင်စရာ။ သို့ပေမယ့် သူ မလှဲဖြစ်သေးပါ။လှဲအိပ်လိုက်လျှင် ခြံရှေ့က မြေလမ်းကျဉ်းလေးသို့ ခေါင်းဆိုက်ထားမိသည်။သည်အခါ ခြံတွေဆီက ပိတောက်၊ သရက်၊ မန်ကျည်းပင် အပင်ကြီးများ ဝိုင်းမိုးထားကာ အရိပ် ၊အေးမြနေသော လမ်းလေးကို မမြင်မတွေ့ရနိုင်တော့ဘဲ ရှိမည်ပေ။
နေ့လယ်နှစ်နာရီရဲ့ ကျနေရှိန်ပြင်းပြင်းအောက်တွင် သည်လမ်းလေးက အရိပ်လုံခြုံနေသည်။ ဘူတာဘက်ဆီသို့ ပေါက်သွားသော လမ်းကြိုလမ်း
ကြားလေးတစ်ခုဟု ဆိုသည်။ သွားလူလာနည်းပါးသည်။ တစ်ဖက်ပိတ် လမ်းတိုကလေးသာ။ ပိတ်ထားသော လမ်းလေးကို ချောင်ကြိုချောင်ကြားမှ ရှေ့ဆက်သွားတော့ ဘူတာလေးသို့ ရောက်သွားနိုင်သည်ထင်၏။ လမ်းကဖြင့် သူ့ကို ဆွဲဆောင်နေအား ကောင်းလှချည့်။
ကွပ်ပျစ်မှ ထလာမိတော့သည်။ အိမ်နောက်သို့ အိမ်ဘေးမှ ကွေ့ပတ်ဝင်ခဲ့သည်။ ဒေါ်ဒေါ်က ရေငင်၍ကောင်းနေဆဲ။
“ဘူတာဘက် ခဏလျှောက်လိုက်ဦးမယ် ဒေါ်ဒေါ်”
“ဟေ ရထားနဲ့ပြန်တော့မလို့လား၊ နေဦး ဒါဆို ကိုငွေရင်ကို ကျုပ် ပြေးပြောလိုက်ဦးမယ်လေ"
ပြေလျော့လျော့ဆံပင်ကို ဘီးနှင့် ကပျာကယာ ပြန်ပတ်ရင်းက ဒေါ်ဒေါ် ခြေလှမ်းပြင်သည်။
“မပြန်ပါဘူး ဒေါ်ဒေါ်ရဲ့၊ လမ်းကလေးက အေးလို့ အညောင်းပြေ လျှောက်ကြည့်မှာပါ" ,
“ဪ အေးအေး၊ လမ်းကဘူတာထိပေါက်တယ်”
လမ်းကလေးသို့ လျှောက်လာခဲ့တော့ သစ်ရွက်ရော်တွေ တဖွဲဖွဲ့ ကြွေသက်နေသော တောရကျောင်းလေးထဲသို့ ဝင်သွားရသည်သို့ပင်။ အပင်
တို့အရိပ်က လုံလှသည်။ ကားလမ်းနှင့် လှမ်း၍ သစ်ရွက်သစ်ပင်တို့တွင်ပင် ဖုန်နီနီတွေ ထုတက်လို့မနေခဲ့။ ပကတိ စိမ်းရွက်တို့က စိမ်းလျက်၊ ရော်ရွက်
က ဝါရောင် ညိုရောင်ရှိသည်။ လမ်းကလေးက မရှည်လျားလှ။ ဝါးလုံးတန်းလေးများဖြင့် ပိတ်ဆီးရံတားထားခဲ့သည်။ ဝါးလုံးတန်းရဲ့တစ်ဖက်မှာ ပုဏ္ဍရိက်ချုံတန်းတွေ။ ဘူတာရုံလေးရဲ့ စည်းရိုးဖြစ်မည်ပင်။ တစ်နေရာမှာတော့ ချုံများရှိနေခဲ့သည်။ ဖြတ်သွားဖြတ်လာရှိဟန်ဖြင့် တစ်ယောက်သွားလမ်း
ကလေးတစ်ခု ဖြစ်ထွန်းနေသည်။ ဝါးတန်းရဲ့ ဟိုတစ်ဖက်တွင် သစ်ပင်ပုဏ္ဍရိက်ချုံကြားမှ ရိုးရိုးရိပ်ရိပ်မြင်ရသည်က တိုက်ဖြူဖြူ အဆောက်အအုံလေး တစ်ခုရဲ့ ဘေးတိုက်အနေအထား။ ဘူတာရုံလေးဖြစ်မည်ပင်။
တဖြည်းဖြည်း ထိုနေရာလေးသို့ ရောက်လာသည်။ ဝါးတန်းများကြားမှ ဘူတာရုံလေးကို တိတ်ဆိတ်ခြောက်ကပ်စွာ လှမ်းမြင်ရသည်။ သစ်ပင်
ကြီးများ အရိပ်မိုးနေ၍ ဘူတာတစ်ဖက်ခြမ်းက အရိပ်ကျနေသလောက် အခြားတစ်ဖက်ခြမ်းကမူ နေပူကျဲကျဲ၊ သည်ရှုခင်းလေးကို သူ့စိတ်ထဲ ဇဝေဇဝါဖြင့် ငေးကြည့်နေမိ၏။ သူနှင့်ရင်းနှီးဖူးသော ရှုခင်းလေးကို ပြန်မြင်ရသလို စိတ်
ခံစားမိ၏။ လမ်းကလေးတစ်လျှောက်လာခဲ့ပြီး ဘူတာလေးဆီ လှမ်းကြည့်နေမိသော အဖြစ်ကလေးက သူကြုံဖူးခဲ့သော အဖြစ်ကလေး လိုလို။သည်နေရာလေးကို သူရောက်ပင်ရောက်ခဲ့ဖူးသလိုလို။ တွေဝေ လျက် သူစဉ်းစားနေမိခဲ့၏။ စဉ်းစားလို့ရတော့ဖြင့် ပြုံးမိပြီကွယ်။
Dej-vu ပဲပေါ့၊ လူတိုင်းလိုလို တစ်ကြိမ်ကြိမ်မှာ ခံစားလာမိနိုင်သော စိတ်ခံစားမှုလေး တစ်မျိုးသာပါပဲ။ အတိတ်ဟောင်းလေးတစ်ခုထဲသို့ ပြန်လည်
ရောက်ရှိသယောင်ယောင် ခံစားလာမိစေသော ထူးခြားသည့်ခံစားမှုမျိုးလေးတွင် သူ မိသွားခဲ့ခြင်းသာ။ ဆေးပညာအခေါ်အဝေါ်အားဖြင့်တော့ Deji-vu-Phenomenon ဟု ခေါ်သည်။
တကယ်တော့ သည်မြို့လေးရဲ့ သည်နေရာလေးကို သူရောက်ဖူးခဲ့ဖို့ထားလို့ ဆက်နေဖို့ပင် လမ်းမရှိခဲ့တော့ပါ။ တစ်ရက်တည်းသာ ရောက်ခဲ့ရသည့် မြို့ကလေး။ မြို့လေးတွင်နေရလို့ ရှိရင်တော့လည်း သည်လိုပေါ်ပေါက်လာသော စိတ်ခံစားမှုလေးက ပြောင်းပြန် ပြောပြချင်စရာ။
လူတွေ့စာမေးပွဲ အရွေးချယ်ခံရပြီး ဘူတာလေးဘက်လျှောက်သွားမိတော့ တစ်ခါက ရင်းနှီးကျွမ်းဝင်ဖူးခဲ့တဲ့ နေရာဟောင်းလေးတစ်ခုကို ပြန်ရောက်သလို ခံစားလိုက်ရတယ်။ ကိုယ်နေရမယ့် မြို့လေးမို့ ထင်ပါရဲ့ကွယ်၊ ခုတော့ သည်လိုပြောပြစရာမှ မဖြစ်ဘဲလေ။
သူ့အဖို့ သည်မြို့လေးကို နှုတ်ဆက်ဖို့သာ ရှိတော့သည်ပင်၊ တွေးရင်း ဝါးတန်းလေးအောက်မှ ငုံ့လျှိုးဝင်မိပြီဖြစ်၏၊ ချုံငယ်လေးတွေရဲ့ အကိုင်းအခက် ထိုးထိုးထောင်ထောင်တွေကြားမှ ဖြတ်သန်းလျှောက်ခဲ့ရသည်။ သစ်ကိုင်းများက လုံချည်စဆီ မကြာခဏ လာငြိသည်။ ကပ်စေးနှဲသီးလေးများကလည်း လာရောက်ကပ်ငြိကြ။ လွင်ပြင်ငယ်ကို ဖြတ်လိုက်ပြီးမှ ဘူတာလေးသို့ ရောက်
ခဲ့သည်။ လေးထောင့်ကျကျ အဆောက်အအုံလေး။ မြေဖြူတုံးလေးတစ်တုံးကို ချထားသလို တိတိပပ သပ်သပ်ရပ်ရပ်လေး ရှိနေပေ၏။ ဘူတာဘေးနားမှ
ကပ်လျက် လျှောက်ခဲ့ပြီး ရှေ့ဘက်ပလက်ဖောင်းပေါ်သို့ တက်မိသည်။ ဘူတာစင်္ကြံပေါ်တွင် လူသူကင်းရှင်းနေလို့၊ စင်္ကြံ တစ်ဖက်တွင်တော့ ရထားစောင့်နေသည့် ခရီးသည်တစ်ဦးကို ရှားရှားပါးပါး မြင်လိုက်သည်။သူ့ကိုမြင်လိုက်စဉ် ခဏ •••
“ဪ' ဟု နှုတ်မှ အလိုလိုဆိုလိုက်မိပြီပေါ့။ သူကလည်း လှည့်ကြည့်လေသည်။ ရင်းနှီးခင်မင်သော အပြုံးကို သူ့မျက်နှာပေါ်မှာ တွေ့မြင်လိုက်ရ၏။ သူ့ထံလျှောက်ခဲ့မိစဉ် သူကလည်း သားရေလွယ်အိတ် ပြင်လွယ်လျက် လျှောက်လာလေသည်။ ပင်နီတိုက်ပုံ ရှပ်ဖြူလက်ရှည်၊ ထားဝယ်ချည်ချောကွက်စိပ်ဆင် ပုဆိုးနှင့် မျက်မှန်ပါသေးသည်။ မျက်ခုံးထူထူ၊ အသားညိုညို။ ပွင့်လင်းစွာရယ်ပြုံးတတ်သော နှုတ်ခမ်းနှင့် မြန်မာဆန်သော ရုပ်ရည်။
“ပြန်တော့မလို့လား”
သူကပင် စတင်နှုတ်ဆက်ဖြစ်သည်။ ခေါင်းညိတ်ရင်း ပြန်လည်ပြုံးသည်။
“ဘယ်ကိုပြန်ရမှာလဲ ဟင်"
“ပဲခူးကိုလေ၊ ရန်ကုန်ကမှ တစ်ဆင့်ပေါ့၊ ခင်ဗျားရော ဘယ်ပြန်ရမလဲ"
“ကျွန်မက ရန်ကုန်ကပါ၊ ဒါပေမဲ့ မပြန်သေးဘူး၊ အဘိုးအဘွားတွေရှိတဲ့ မြို့လေးမှာ ခဏနေဦးမလို့ ညနေမှ ကားနဲ့ပြန်မယ်လေ၊ ခရီးသည်
တင်ကားကို ပြောတာနော်”
ရင်းရင်းနှီးနှီးရယ်လိုက်မိကြ၏။ ရုံးခန်းထဲမှာမူ ဣန္ဒြေရရစောင့်ဆိုင်း နေဖြစ်ကြ၏။ စကားထွေထွေရာရာ မပြောမိခဲ့ကြ။ လူတွေ့ စစ်ဆေးခံဖို့
တစ်နယ်စီမှ ရောက်လာကြသော လေးဦးသားမှာ ကိုယ့်အတွေးကိုယ်စီနှင့်ကိုယ်။ သူကမူ အလုပ်ရဖို့ထက် ခရီးသွားဖို့ကို ပိုစိတ်ဝင်စားခဲ့သူ။ သို့တိုင်ပဲ
လူတွေ့ စစ်ဆေးဖို့ စောင့်ဆိုင်းနေရစဉ် စိတ်လှုပ်ရှားနေသည်မှာ ပီဘိကျောင်းသားလေးနှင့်မခြား။ သို့နှင့်စကား နှုတ်ဆိတ်နေမိခဲ့ခြင်းပင်။ လူတွေ့
စစ်ဆေးပြီး အရေးတကြီး ဆရာဝန်လိုနေခိုက်မို့ ချက်ချင်းပဲ အကြောင်းပြန်သည်။ နံနက်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးအပြီးမှာပေါ့။ လေးယောက်သားတွင် ဒေသခံဖြစ်သူဆရာကို ရွေးလိုက်သည်။ အမြတ်ဆုံးပါပေ။ သည်တော့ အခုသူ့ရှေ့က မျက်မှန်ဆရာလေးက စကားပြောကောင်းမွန်လှတာ သူတွေ့ခဲ့ရသည်။ ဧည့်ခံကျွေးမွေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေနှင့်လည်း ဘယ်သူတော့ ရကောင်းစေလို့ မရှိပါကြောင်း၊ ဘယ်သူပဲရရ မိမိတို့တစ်လောကသားချင်းသာမို့ ဝမ်းမြောက်မိပါကြောင်း၊ တောမြို့လေးတွင်
အလုပ်လုပ်ဖို့ စိတ်တူကိုယ်တူ ဆုံးဖြတ်ထားသူချင်းပေပဲမို့ အားလုံးကို ခင်မင်ပါကြောင်း။
သူ့စကားကလေးများကို သဘောတကျ သိမ်းဆည်းထားမိသည်။နောင်တစ်ကြိမ်မှာလည်း သည်စကားလေးတွေ သူကိုယ်တိုင်သုံးနှုန်းဖို့ လိုမလို
ဆိုတာ ဘယ်သူပြောနိုင်မှာတဲ့လဲ။
“ခင်ဗျားက ဆေး(၁)က အောင်တာနော်၊ ခင်ဗျားကို ကျွန်တော်မမြင်ဖူးဘူး”
“ဟုတ်ကဲ့၊ ဆေး (၁)ကပါ၊ ခင်ဗျားရော ဆေး(၂)ကလား၊ ဆေး(မန်း)ကလား”
“ကျွန်တော်က ဆေး(၂) ကလေ၊ သမဝါယမ ဆရာဝန်ရသွားတဲ့ ကိုအောင်ထွန်းကလည်း ကျွန်တော့်ဆီကပဲ၊ ကျွန်တော်တို့ထက် ပိုစီနီယာ
ကျတယ်”
“ဪ "
ထို့စဉ် ရထားဥသြသံ ကြားလိုက်ရ၏။ ရန်ကုန်သွားမယ့် ရထား ဘူတာလေးကို ဝင်လာပေပြီ။ စကားကောင်းနေမိခဲ့၍ လှုပ်ရှားသက်ဝင်လာသော ပတ်ဝန်းကျင်ကို သတိမမူမိခဲ့။ ထိုအခါမှ မျက်မှန်ရှင်ကလည်း အဆောတလျင် လှုပ်ရှားလာသည်။ ခဏသာရပ်မယ့် ရထားကြီးဆီသို့ သူပြေးဖို့
ပြင်လေသည်။ လက်တစ်ဖက်မြှောက် နှုတ်ဆက်လိုက်ရင်းက ရထားစက်သံကြားမှ အသံမြှင့်၍ ဆိုသည်။
“ပြန်ပြီဗျာ ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပြန်ပြီးဆုံကြသေးတာပေါ့ဗျာ၊ မဟုတ်လား"
စကားမပြန်လိုက်ရခင် ရထားတွဲ သံလက်ကိုင်တန်းကို သူဖမ်းခိုတွယ်ဖက်လို့ တွဲထဲကို ဝင်သွားတော့သည်။ အပေါ်သို့ အရောက်တွင် နောက်သို့ လှည့်ကာ လက်ပြခဲ့သေးသည်။ သည့်နောက်တွင်တော့ ရထားပြင်ပဆီသို့ သူ မကြည့်နိုင်တော့ပါပြီ။ ရန်ကုန်အရောက် တစ်နေရာစာရဖို့ ရှာဖွေ
တိုးဝှေ့ရင်း ယိမ်းထိုးစွာ ပါသွားခဲ့ပြီပင်။ ထွက်ခွာသွားသော ရထားကြီးကို ကြည့်ကျန်ရစ်ရလေသည်။ရထားဦးက မီးခိုးတလူလူ ကျော်သွားပေမယ့် လေပြည်ကြောင့် ဘူတာဆီသို့ မီးခိုးငွေ့တန်းတွင် ဝေ့လည်ပြန်ရောက်လာကြသည်။ရထားကြီးသည် တရွေ့ရွေ့ဝေးကွာလျက် မြင်ကွင်းမှ ပျောက်ကွယ်
သွားခဲ့တော့သည်။သူရဲ့ Deji-vum ဘူတာရုံလေးနှင့် သူတို့နှစ်ဦးသာ ပလက်ဖောင်းပေါ်မှာ ကျန်ရစ်နေခဲ့ပါလေ၏။
* * * * *
သည်နောက်တွင်တော့ သူ့ဘဝတွင် အဖြစ်အပျက် အပြောင်းအလဲတွေ မလွဲမသွေ ရှိလာခဲ့ပြီပေါ့။
ရေမြေခြားသော နေရာဒေသနှစ်ခုတွင် သမဝါယမဆရာဝန်များအဖြစ် အမှုထမ်းခဲ့ရ။ ဆေးကုခန်းလေးများကို သုံးကြိမ်ထက်မနည်းဖွင့်လှစ်ခဲ့ရ၊ နေ့လယ် ဆေးရုံဆရာဝန်၊ ညနေ ဆေးခန်းဆရာဝန်အဖြစ် ရုန်းကန်ခဲ့ရသည်များ။ သည်နေ့ထက်တိုင်လည်း လှုပ်ရှားရုန်းကန်နေရဆဲပဲပေါ့။
တစ်ညအိပ် သင်္ဘောစီး၍သွားရသော မြစ်ဝကျွန်းပေါ်က ရွာကလေးတစ်ရွာသို့အရောက် သင်္ဘောဆိပ်ခံတံတားတွင် သူ ရပ်ကြည့်ဖြစ်ခဲ့၏။
ဝေးလံရပ်ခြား ဒေသတစ်ခုသို့ ဘိုးအင်းဂျက်ကြီးစီးလို့ ရောက်ခဲ့ရတော့လည်း (ပြည်တွင်းကိုပဲ ပြောတာပါကွာ။ သိရဲ့သားနဲ့များကွယ်) လေတွေ
အဆီးအတားမဲ့ တဟူးဟူး တိုက်ခတ်နေသော လေဆိပ်လွင်ပြင်မှာ ရပ်ငေး ကြည့်ဖြစ်ခဲ့သေးသည်သာ။ သို့ပေမယ့် တစ်ကြိမ်သောအခါကလို ရင်းနှီးနှင့်သော စိတ်ခံစားမှုလေးကဖြင့် ပေါ်မလာခဲ့ပါ။ သည်အရပ်များမှ သူ့အတွက် တကယ့်ကိုပင် သူစိမ်းပြင်ပြင်။မရောက်ဖူးသော အရပ်မှာ မသိဖူးတို့နှင့်အတူ လက်တွဲ အမှုတော်များလည်း ထမ်းရင်း နှစ်ကာလများကို လိုက်လျောရောင့်ရဲစွာ ဖြတ်သန်းနိုင်ခဲ့သည်။
နောက်တော့ မြို့တော်ကြီးက ဆေးရုံကြီးတစ်ရုံမှာ ပြောင်းရွေ့တာဝန်ကျလာခဲ့ရ။ ဆေးရုံကြီးရဲ့ အထပ်ထပ် အခန်းခန်း၊ အဆောင်ဆောင် ထောင့်
လေးထောင့်ကိုမြင်လို့လည်း ရင်းနှီးကျွမ်းဝင်ဖူးသော ခံစားမှုလေးက ပေါ်မလာခဲ့။ သို့ပေမယ့်လို့ သည်မှာလည်း သူလိုက်လျောညီထွေ အမှုတော်တွေကျနေဆဲသာ။
တစ်ရံတစ်ခါ ပြင်သစ်ပြည်ဖြစ် ရေးနိုးလ်ဘတ်စ်ကြီးစီးလို့ အလုပ်သွား အလုပ်ပြန်ဖြစ်ခဲ့လျှင် ..
“ပြန်လည်ဆုံတွေ့သည့်တိုင်”ဟူသော ကားဦးက အမိုးဆီမှာ တွဲလွဲချိတ်ဆွဲထားလို့ ယိမ်းထိုးနေသည့် စာတန်းလေးကိုမြင်ကာ ဆရာဦးမျက်မှန်
ကို သတိရမိသလိုရှိပေသား။ သူသည်လည်း တစ်နေရာရာဆီမှာ လှုပ်ရှားရုန်းကန်လို့ ရှိရှာပေမှာ။ သူနှင့်မူ သူပြောခဲ့သလို´တစ်ကြိမ်တလေ ပြန်လည်
မဆုံစည်းဖြစ်ခဲ့သေး။
သည့်အတူပါပဲ တာဝန်အရ ပြောင်းရွှေ့ခဲ့ရသော မြို့လေးတစ်မြို့။သို့မဟုတ် ကိုယ်တိုင်နေရာရွေး၍ ဖွင့်ခဲ့သော ကိုယ်ပိုင်ဆေးခန်းလေး တစ်ခန်း။
သို့မဟုတ် လျှောက်လွှာတင် ဝင်ခွင့်ရခဲ့သော သမဝါယမဆေးခန်းလေးတစ်ခန်း။ အရပ်ဒေသအမျိုးမျိုးသို့ ရောက်ရှိခဲ့ပေမယ့်လည်း တစ်ခါက သမဆေးခန်းအတွက် လျှောက်လွှာသွားတင်မိသော တောမြို့လေးတစ်မြို့လို ရင်းနှီးကျွမ်းဝင်နှင့်သော ခံစားမှုလေးမျိုး သူ့စိတ်အတွေးထဲမှာ ပေါ်ပေါက်လာခဲ့တော့ပါ။
ထို့အတူပါပဲ။ တစ်ခါက အလုပ်ဝင် ယှဉ်ပြိုင်ဖော်ဖြစ်ခဲ့လေသော“သူ' နှင့်လည်း တစ်ကြိမ်မျှပင် မိတ်ဖြစ်ဆွေဖြစ် ပြန်လည်ဆုံစည်းခဲ့ခြင်း
မရှိတော့ပါ။
--------------
ဝင်းဝင်းလတ်
( မဟေသီ၊ မတ်လ၊ ၁၉၈၈ )
#Typing_crd_ZawOo
No comments:
Post a Comment