#ချွန်စက်
#နီကိုရဲ
တစ်လောက City Mart ဇဝနကို ကျွန်တော့်သားနဲ့ အတူသွားတော့ အပေါ်ထပ်ဈေးဆိုင်က ကောင်မလေးတွေက ကျွန်တော့်သားကို ချစ်တယ်
ဆိုပြီး သုံးခါလောက် နမ်းပါတယ်။ ကျွန်တော်ကလည်း ကြည့်နေရတာပေါ့လေ။ ဪ ...ကလေးဘဝဟာ တော်တော်လေးကို အဆင်ပြေပါ
လားလို့လည်း တွေးမိတာအမှန်ပါ။ ကျွန်တော် အဲဒီအချိန်မှာ ကလေး ဖြစ်ချင်သွားတာတော့ အသေအချာပဲ ကိုယ့်ဆရာရေ။
ပြီးတော့ သူတို့က ကလေးကစားစရာပစ္စည်းတွေ တစ်ခုပြီးတစ်ခု ပြရင်းနဲ့ ကျွန်တော့်သားကို ဝယ်ချင်အောင် ပြောပါတယ်။ အဲဒီအချိန်မှာကျတော့ ကျွန်တော်က ကလေးဖြစ်နေလို့ မရတော့ဘူး။ ကျွန်တော်က လူကြီးဖြစ်သွားတယ်။
“ဟ ... မတော်မတဲ့တွေ မလုပ်နဲ့ဟ၊ ဒီကောင်က ဘာမှနားလည်တာ မဟုတ်ဘူး”
“အောင်မယ်လေး ... ဘာလို့နားမလည်ရမှာလဲ၊ မျောက်အရုပ်ကလေး ဟောဒီခလုတ်ကို နှိပ်လိုက်ရင် သူက ဒီလိုကျွမ်းထိုးတာ သားသားရဲ့ ဟောဒီမှာ အန်တီပြမယ်၊ တွေ့လား”
ကောင်မလေးကပြောပြီး ခလုတ်ကို နှိပ်လိုက်တော့ မျောက်ကလေးက ကျွမ်းထိုးတာပေါ့ခင်ဗျာ။ ကျွန်တော့်သားကလည်း သဘောကျတာပေါ့။ ကျွန်တော့်ဘောင်းဘီကို ဆွဲပြီး “ဖေဖေကြီး ... ဖေဖေကြီး” ဖြစ်ရော။
ကျွန်တော်ကတော့ ဒီလို Marketing တွေကို ကြုံဖူးလှပါပြီ။ဒီတော့ အေးဆေးပေါ့။ ကောင်မလေးတွေကိုလည်း အပြစ်တင်စရာ မရှိပါဘူး။
“သား ... အဲဒီမျောက်ထက် ကောင်းတဲ့တစ်ခုကို
ဖေဖေ ဝယ်ပေးမယ်”
“အဲဒီနောက်ပဲ"
“မျောက်က လှမှ မလှတဲ့ဟာကို၊ သားကလည်း ... ဟောဒီမှာကြည့်၊စတော်ဘယ်ရီသီး တွေ့လား”
“အင်း...”
ကျွန်တော့်သားက မျက်လုံးကလေး ပြူးပြီးတော့ ကျွန်တော်ပြတဲ့ အရုပ်ကလေးကို ကြည့်တယ်။ ကျွန်တော်ပြတဲ့ အရုပ်ကလေးက စတော်
ဘယ်ရီသီးက ခေါင်းမှာရှိပြီး မျက်နှာက လူမျက်နှာပါ။ နောက်ကျောမှာ သံပတ်ကလေးပါတယ်။ သံပတ်ပေးလိုက်ရင် အဲဒီကောင် လမ်းလျှောက်
မယ်ပေါ့။
“ဒါလေးပဲ ပြ”
“ကလေးကမှ မကြိုက်တဲ့ဟာကို”
"စတော်ဘယ်ရီသီး လမ်းလျှောက်တာကို သူ့ကို ပြချင်လို့ပါ၊ကဲ ... ထုတ်လိုက်တော့"
ကောင်တာက ကောင်မလေးသုံးယောက်က မဲ့မဲ့ရှုံ့ရှုံ့နဲ့ပဲ စတော်ဘယ်ရီသီးလမ်းလျှောက် သံပတ်ရုပ်ကလေးကို ထုတ်ပေးပါတယ်။ သူတို့ပုံစံကတော့ ဘယ်ကျေနပ်ကြမှာလဲ။သူတို့ ပထမပြတဲ့ မျောက်ကလေး ကျွမ်းထိုးတဲ့အရုပ်က တစ်သောင်းလေးထောင်ခင်ဗျာ။ အခု စတော်ဘယ်ရီသီး လမ်းလျှောက်တဲ့အရုပ်က ငါးရာ့ငါးဆယ်ဆိုတော့ သူတို့စိတ်ထဲမှာ ကျွန်တော့်ကိုလည်း “ငပေါ"
လို့ ထင်ချင် ထင်မှာပေါ့လေ။ ထင်ချင် ထင်ပါစေ။ ကျွန်တော်လည်း ဒီလောက် ထင်တာကလေးကိုတော့ လဲရဲပါတယ်။
သံပတ်ပေးလိုက်တော့ အရုပ်ကလေး လမ်းလျှောက်တယ်။ ကျွန်တော့်သားကလည်း သဘောကျသွားတာပေါ့လေ။
“သားသား ... ကြိုက်လား”
“ကြိုက်တယ်၊ သား ဒါပဲယူမယ်၊ ထပ်လုပ်ပြဦး၊ ဘယ်နေရာကို လှည့်ရတာလဲ”
“ဒီနောက်ကျောကို လှည့်ရတာ သားရဲ့၊ ဖြည်းဖြည်းလှည့်နော်၊ကျိုးသွားလိမ့်မယ်၊ ပြီးတော့ ဒီမှာ ခဲတံချွန်စက်လည်း ပါတယ်”
“ဟာ... ခဲတံချွန်တဲ့စက်ပါ ပါတယ်တဲ့ ဖေဖေကြီး”
“အေးပေါ့ကွာ...”
“သားသား စတော်ဘယ်ရီသီး ခဲတံချွန်စက်ပဲ ယူတော့မယ်"
“အေးပေါ့ကွ ..."
ဈေးရောင်းတဲ့ ကောင်မလေးတွေကတော့ ကျွန်တော့်ကို နှာခေါင်းရှုံ့ကြတာပေါ့လေ။ ကျွန်တော့်သားကလည်း စတော်ဘယ်ရီသီးပုံ အရုပ်က
လမ်းလျှောက်ပြီး နောက်ကျောမှာ ချွန်စက်ပါတဲ့ အရုပ်ကလေးကို စိတ်ဝင်စားပြီး “ဒါပဲ”“ဒါပဲ” နဲ့ အော်နေတာနဲ့ အဲဒါကိုပဲ ဝယ်လိုက်ရတယ်။သူက ချွန်စက်ကို သဘောကျသွားတာကိုး။
ကျွန်တော် ဇဝန City Mart က ပြန်လာတော့ ကားပေါ်မှာ စဉ်းစားမိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ချွန်စက်ငှားရင်းနဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိမလို ဖြစ်ဖူးတယ်။ ချစ်လည်း ချစ်မိသွားတယ်
ပေါ့လေ။
ကျွန်တော်ဆိုတဲ့ ကောင်ကလေး သိပ်ကောင်းတဲ့ကောင် မဟုတ်ပါဘူးဗျာ။ ချစ်ရေးချစ်ရာနဲ့ ပတ်သက်ရင် အားနည်းချက်ရှိတယ်။ တစ်ခါ
တလေ မိန်းကလေးတစ်ယောက်ကို ကိုယ်က ချစ်ချင်တာလား။ သူ့အချစ်ကို ခံချင်တာလား ဆိုတာလည်း မကွဲပြားဘူး။ နောင်လည်း ဘယ်တော့မှ
ကွဲပြားမှာ မဟုတ်ပါဘူး။
ယောက်ျားလေးတွေ ဘဝဆိုတာလည်း ကြည့်ပါဦး။ သူ့အချစ်ကို ခံချင်တာဆိုရင် ရေရေလည်လည် style ထုတ်ပေတော့။ သူတို့မျက်စိက
ကိုယ့်အပေါ်ကျလာအောင် ဝတ်ပေတော့။ စားပေတော့။ ကဲ …. ကိုယ်က ချစ်ချင်တာဆိုရင်လည်း ကိုယ်ချစ်တာကို သိအောင်လုပ်ပေတော့။ သူက
ကကနဲ့ မြို့ထဲကိုသွားပြီဆိုရင် ကိုယ်ကလည်း ကကနဲ့ သူ့နောက်က လိုက်မှလေ။ ဘတ်(စ်)ကားကြီးစီးပြီးလိုက်လို့ ကိုယ်ကချစ်တာကို ဘယ်မိန်းကလေးက သိမှာတဲ့တုန်း။ထားပါတော့ဗျာ။
အချစ်ခံရတာရော ချစ်ရတာရော အကြောင်းတွေရေးရတာ မောပါတယ်။ အခု ကျွန်တော် ပြောချင်တာက ခဲတံချွန်စက်ကလေးတစ်ခု အကြောင်းပါ။ ခဲတံချွန်စက်ကလေးပါတဲ့ အရုပ်ကို ကျွန်တော့်သားက လက်ကလေးက ကိုင်လို့။
အဲဒီနေ့ဆိုတာက စာမေးပွဲဖြေတဲ့နေ့ပါ။ ဘယ်ဘာသာလဲဆိုတော့ ပထဝီခင်ဗျာ။ ပထဝီဘာသာဆိုတော့ ခဲတံကလိုပြီလေ။ ချွန်စက်က လိုပြီလေ။ ကျွန်တော်ဆိုတဲ့ကောင်က ခဲတံပဲပါတာ။ ချွန်စက်က မပါဘူး။ပထဝီဘာသာဆိုတာကလည်း ဘယ်လိုပဲသင်သင် ဘာတွေပဲရှိရှိ ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမျှ မကျွမ်းကျင်တဲ့ ဘာသာပါ။
ကျွန်တော်က ပြည်နယ်နဲ့ တိုင်းတွေကို မကျွမ်းကျင်ဘူး။ ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာကိုလည်း မသိဘူး။ ကိုယ့်နေရာမှာ ကိုယ်ရှိတယ် ဆိုတာလောက်ပဲ သိတာ။ ကိုယ်ရှိတဲ့ ကိုယ့်နေရာကလေးကို
ကောင်းအောင်ကြိုးစားမည်ပေါ့ဗျာ အမှန်တော့လည်း ဒီနေ့အထိ မကြိုးစားနိုင်သေးပါဘူး။ အဲဒီတော့ ပထဝီဖြေရမယ့်နေ့မှာ ပထဝီကို မုန်းတဲ့
ကောင်က ကျွန်တော်ပေါ့ခင်ဗျာ။
ဖြစ်ချင်တော့ ကျွန်တော်တို့ အဲဒီနေ့ ပထဝီဖြေရတဲ့ မေးခွန်းတွေက တော်တော်လေးကို ကြောင်တယ်ဗျာ။ ဆရာမဒေါ်ဝင်းဝင်းလှက ပညာပါ
တယ်ဆိုလားပဲ။ မြေပုံတွေချည်းပဲ ဆွဲခိုင်းတာခင်ဗျ။ ရခိုင်၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းတို့ကိုလည်း အရောင်ခြယ်ပြပါတဲ့။ ကဲ ...။
ကျွန်တော်တို့မှာ ရောင်စုံခဲတံမှမရှိတာ။ ယူလာစရာလည်း မလိုဘူးလေ။ ဒီတော့ အခန်းစောင့်ဆရာမကို မေးရတာပေါ့။ မေးတော့ ဆရာမက ခဲတံနဲ့ အရောင်ခြယ်ပြီးတော့ နာမည်ထိုးရင်လည်း ရပါတယ်တဲ့။
အဲဒီမှာ ကျွန်တော်လည်း ချတာပေါ့ဗျာ။
တော်တော်လေးတော့ ရယ်ရတယ်။ စစ်ကိုင်းတိုင်းကို ရှမ်းပြည်နယ်မှာသွားပြီး အရောင်ခြယ်မိတယ်။ ဘေးက သော်တာဆိုတဲ့ သူငယ်ချင်းက
ပြောတော့မှ လွဲပြီဆိုတာကို သိရတာ။ တခြားကောင်တွေက ခဲတံနဲ့ ခြစ်တယ်ဆိုရုံ ခြစ်တာ။ ကျွန်တော်ကတော့ သိတဲ့အတိုင်းပဲ အသေးစိတ်ကို
လုပ်ချင်တာလေ။စစ်ကိုင်းတိုင်း တစ်ခုတည်းကို ခဲသားနဲ့ အရောင်ခြယ်နေလို့ သုံးနာရီ ပြည့်သွားရင်လည်း ခြယ်မှာပဲဆိုတဲ့ကောင်မျိုး။ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ကြီးပွားဖို့ ကံဇာတာက အဲဒီကတည်းက မပါတာပါ။ ဒါပေမဲ့ ကျွန်တော်က ဒီလိုပဲ။
အဲဒီမှာ ကျွန်တော့်ခဲတံ ကျိုးတယ်ဗျာ။
ကျွန်တော့် ဘယ်ဘက်မှာ ထိုင်တဲ့ကောင်က ငတုံး။ မြန်မာနိုင်ငံ မြေပုံကိုတောင်မှ မဆွဲတတ်တဲ့ကောင်။ ဒီတော့ သူ့မှာ ခဲတံရှိတာပေါ့။
“ဟေ့ကောင် ... ငါ့ကို ခဲတံခဏပေးကွာ”
စာမေးပွဲဖြေနေတဲ့ အခန်းဆိုတာက စကားပြောရတဲ့နေရာ မဟုတ်ဘူးဆိုတာ ကိုယ့်ဆရာလည်း သိတာပဲ။ ဒီတော့ ကျွန်တော်လည်း လေသံကို အောက်ချပြီးတော့ ကျိတ်ပြောရတာပေါ့။
“ဘာလို့ ခဲတံပေးရမှာလဲ”
“ကျိုးသွားလို့ကွ”
“ကျိုးသွားရင် ထပ်ချွန်ပေါ့”
“ဟဲ့ ... ဟိုနှစ်ကောင်၊ ဘာစကားပြောနေကြတာလဲ”
ငတုံးနဲ့ ကျွန်တော် စကားပြောတာကို ဆရာမက တွေ့သွားပြီး လှမ်းအော်တာပါ။ ဟုတ်တယ်လေ။ စာမေးပွဲအခန်းဆိုတာ ….စကားမှမပြောရတာကိုး။
ကျွန်တော်တို့လည်း ဘာမှရှင်းမနေတော့ဘဲ ကိုယ့်ဘာသာ ကိုယ်ရှိန်သတ်လိုက်ကြတယ်။ ဘာလုပ်ရမှန်းမသိတော့တဲ့ ကျွန်တော်က ခဲတံအကျိုးကလေးကို ကိုင်ပြီး ဘေးဘီကိုကြည့်တာပါ။ အဲဒီမှာ သူ့မျက်
ဝန်းနဲ့ “ဒိုင်း” ခနဲ ဆုံတာပဲ။
သူက ကျွန်တော်တို့ အခန်းထဲက မဟုတ်ပါဘူး။
သူက C အခန်းကပါ။ ( င )ငါ့အခန်းလို့ ကျွန်တော်တို့က နောက်ရင် သူတို့က (စီ) အခန်းလို့ ပြန်အော်ကြတယ်။ ကျွန်တော်က အဲဒီတုန်းကတော့ သူ့ကို သိပ်သတိမထားမိပါဘူး။ ဟုတ်တယ်လေ။ ကျွန်တော်က A အခန်းကကောင်ဆိုတော့ ဆရာကြီးပေါ့။ တော်လို့တော့ မဟုတ်ပါဘူး။သူ့ဘာသာသူ ရောက်သွားတာ။ ဘာပဲဖြစ်ဖြစ် A ခန်းကို ရောက်ပြီဆိုရင်
သွေးနားထင်ရောက်တော့တာပဲ။
ကျွန်တော်တို့ အ.ထ.က (၃) သင်္ဃန်းကျွန်းမှာကလည်း Aခန်းကကောင်တွေ ကောင်မလေးတွေဆိုရင် မျက်လုံး အောက်မစိုက်ကြဘူးပေါ့။ ခေါင်းအမြဲ မော့နေတာပေါ့။အခု စာမေးပွဲခန်းမှာ သူနဲ့ကျွန်တော် ဘာဖြစ်လို့ တစ်ခန်းတည်း ကျနေတာလဲဆိုတော့ ကျောင်းအုပ်ဆရာမကြီးက ပထမအစမ်းမှာ ကလေးတွေရဲ့ ပညာရေးကို စမ်းသပ်ချင်တာနဲ့ အတန်းတွေရောပြီး မွှေပစ်လိုက်တယ်ဗျာ။ Aခန်းက A ခန်းပဲ ဖြေရမယ်ဆိုရင် ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်
ဆိုတော့ အပေးအယူတည့်ပြီး ခိုးချတာတို့၊ ခိုးကြည့်တာတို့ ဖြစ်မှာစိုးလို့နဲ့တူပါရဲ့။
ကျွန်တော်က ကံကောင်းပြီး ဘေးက ကငတုံးနဲ့ တစ်ခုံတည်းကျပေမယ့် ဒီကောင်က သုံးမရတော့ ကျွန်တော် ခဲတံကြီးကိုကိုင်ပြီး ဘာလုပ်
ရမှန်းမသိတုန်း သူနဲ့ မျက်ဝန်းချင်းဆုံတာပါ။
“ချွန်စက်လား"
မိန်းကလေးတစ်ယောက်က တိုးတိုးကလေးမေးတာကို ပထမဦးဆုံးအကြိမ် ကြားဖူးတာပါ။
“ငါပေးမယ်၊ ခဏနေဦး”
တကယ်ပါဗျာ။ လက်ဖျားခြေဖျားတွေ အေးစက်လာတယ်။ ပထဝီဆိုတဲ့ဘာသာက သူ ချွန်စက်မပေးလည်း ကျွန်တော် ကျမှာပါ။ ဒါပေမဲ့
မိန်းကလေးတစ်ယောက်နဲ့ လျှို့လျှို့ဝှက်ဝှက်လုပ်ရတာ ပထမဦးဆုံးအကြိမ်မို့ ရင်တွေခုန်လိုက်တာ အရမ်းပဲ။ စိတ်လှုပ်ရှားတယ် ဆိုကြပါစို့ဗျာ။
ပြီးတော့ စာမေးပွဲခန်းမှာကိုး။
သူက မချောပါဘူး။ ကြည့်လို့လည်း မလှပါဘူး။
နာမည်ကလည်း ကြည့်ဦး။ အေးအေးလေး” တဲ့။ “အေးလေး” လို့ သူ့ကို လူအတော်များများက ခေါ်ကြတယ်။ ကျွန်တော်ကတော့ မသိပါဘူး။ ဒီကိစ္စတွေဖြစ်ပြီးမှ သူ့နာမည်ကို သိတာပါ။ သူ့ကို ဒီအရင်တုန်းက ဘုရားစူးစေရဲ့၊ စိုက်တောင်မှ မကြည့်ဖူးဘူး။
သူနဲ့ ကျွန်တော် နေရာကလေးကိုလည်း တစ်ဆိတ်လောက် ပြောချင်တယ်ဗျာ။ ယောက်ျားလေးနဲ့ မိန်းကလေး စာမေးပွဲမှာ ခွဲကြရတာမို့ သူက ကျွန်တော့်ရဲ့ ဘယ်ဘက်အခြမ်းပါ။ အလယ်မှာ (မိန်းလမ်း)ဆရာမ သွားလမ်းကြီးက ရှိနေတယ်။ ဆရာမတွေကလည်း အဲဒီအလယ်ခေါင်က ခွဲထားတဲ့လမ်းကို သုံးမိနစ်တစ်ခါလောက် လျှောက်တယ်။
ဒီတော့ သူပြောတဲ့ “ငါပေးမယ်၊ ခဏနေဦး” ဆိုတာက ကျွန်တော့်စိတ်ကို အကြီးအကျယ် ဒုက္ခပေးပြီပေါ့။ ရင်ခုန်သံကို စနစ်တကျ ခြိမ်းခြောက်
ပြီပေါ့။
ဆရာမတွေ လစ်တဲ့အချိန်မှာ သူကလည်း ကျွန်တော့်ကို ခိုးကြည့်တယ်။ ကျွန်တော်ကလည်း သူ့ကို ခိုးကြည့်ရတယ်။ ချွန်စက် လိုချင်လို့ပါ၊ ဒါပေမဲ့ ရင်ခုန်သံတွေကတော့ တဒိုင်းဒိုင်းပေါ့ဗျာ။
အဲဒီရင်ခုန်သံ တဒိုင်းဒိုင်းက ခဲတံချွန်စက်နဲ့တော့ ဘာမျှမဆိုင်တော့ဘူး။ ဒါပေမဲ့ သူ့ကြောင့်ဆိုတာကတော့ ဟုတ်ပါတယ်။
ဆရာမက အလယ်ခေါင် မိန်းလမ်းကိုလျှောက်ပြီး နောက်ကျောအလှည့်မှာ ညီတူပါပဲ။ သူနဲ့ ကျွန်တော် မျက်ဝန်းချင်း ဆုံကြတယ်။ သူ့လက်ကလေးတစ်ဖက် ထွက်လာတယ်။ ကျွန်တော်ကလည်း မိမိရရ ဖမ်းဆုပ်လိုက်တော့ လက်ဖဝါးကလေးနှစ်ခု ထိကြတယ်။ နူးညံ့ပြီး နွေးလို့ပါခင်ဗျာ။
စဉ်းစားကြည့်ဗျာ။ရှစ်တန်းပဲရှိသေးတဲ့ လူပျိုကလေးပါ။ဘယ်မိန်းကလေးတစ်ယောက်ရဲ့ လက်ဖဝါးကိုမှ မကိုင်ဖူးသေးပါဘူး။ စိတ်ကူးနဲ့ ရူးတာတွေကတော့ ထားလိုက်ပါတော့။ လူဆိုတာ ငယ်
ငယ်ကြီးကြီး ကိုယ့်စိတ်ကူးနဲ့ပဲ ကိုယ်နေကြတဲ့ သတ္တဝါတွေလေ။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကို ရင်တခုန်ခုန်နဲ့
ပထမဦးဆုံး စကိုင်ခဲ့ဖူးတာပါ။
နွေးထွေးတဲ့ လက်ဖဝါးရဲ့ အသိခဏကလေးပြီးတော့ ကျွန်တော့်လက်ထဲကို ခဲတံချွန်စက် ရောက်လာတယ်။ ရူးပြီပေါ့။ ကျွန်တော်ဟာ
ခဲတံချွန်စက်ကလေးကို ကြည့်ပြီး ခုနက နွေးထွေးတဲ့ ရင်ခုန်မှုကလေးကို ပြန်တွေးနေမိတယ်။
အေးအေးလေးကတော့ အံကြိတ်ပြီး ခေါင်းကိုငုံပြရှာပါတယ်။ ဒါပေမဲ့ ကျွန်တော် ခဲတံမချွန်တော့ဘဲ သူ့ကို စာမေးပွဲဖြေချိန် တစ်လျှောက်လုံး ကြည့်နေမိတယ်။
ဘုရားစူးပါရစေရဲ့ဗျာ။ကျွန်တော်မိတာ သူ့ရဲ့ လက်ချောင်း ဖြူဖြူဖွေးဖွေးကလေးတွေ
ကိုပါ။
* * * * *
“အေးအေးလေး ..ငါ နင့်ကို ချစ်တယ်”
“နင့်ပါးစပ်ကို ပိတ်ထားနော် ရဲဝင်း”
“ချွန်စက်ပေးတဲ့နေ့က နင့်လက်ကလေးကို ...”
“ဖြန်း ...”
ဤသို့ ပထမဦးဆုံးအကြိမ် အသည်းကွဲခဲ့ရပါသည်ခင်ဗျား။
----------------
နီကိုရဲ

No comments:
Post a Comment