#နမ်းမှာလားမောင်ရဲ့_မွှေးတယ်ရှင်
#နုနုရည် ( အင်းဝ )
ခိုင်စပယ်ဆောင်ရှေ့၊
သောကြာနေ့ညနေငါးနာရီ။
“သွားတော့လေ... မောင်..မိတာ အဆောင်ပေါ် တက်တော့မယ်”
"ခဏလေးပါ မိတာရယ်၊ ငါးနာရီတောင် မခွဲသေးပါဘူး”
“ဟုတ်ဘူးလေကွာ မောင်ကလဲ။ ဒီမှာ မိတာရေလဲ မချိုးရသေးဘူး။ အဝတ်အစားလဲ မထည့်
ရသေးဘူး။ တော်ကြာနေ လာတော့မှာ”
“ဟင့်အင်းကွာ။ ဆယ်မိနစ်.. ဆယ်မိနစ်။ နောက်ထပ် ဆယ်မိနစ် မိတာ နေရဦးမယ်။ခြောက်နာရီ ထိုးမှ လာမှာကိုးများ။ ခုမှ အစောကြီး ရှိသေးတယ်”
ခက်လိုက်တဲ့ မောင်ရယ်။ မိတာ ဘာများ တတ်နိုင်ဦးမှာလဲ။ မိတာလက်ကို အတင်းဆုပ်ထားတဲ့ မောင်မျက်နှာကို မိတာကြည့်ရင်း သက်ပြင်းပဲ ချရတော့တယ်။ တစ်နေကုန် ကလပ်စ်လစ်ပြီး လျှောက်လည် ရတာတောင် မဝသေးဘူးလား မောင်ရဲ့ လို့ မိတာမမေးရက်တော့ပါဘူး။ မိတာလည်း မောင့်လိုပဲ ခံစား နေရလို့ပေါ့။ ခဏလေး ဖြစ်ဖြစ် မောင်နဲ့ နေချင်သေးလို့ပေါ့။
“သောကြာနေ့ကို မောင်မုန်းတယ်ကွာ။ ဘယ်တော့များမှ မောင်တို့နှစ်ယောက် စနေ၊တနင်္ဂနွေတွေကို လျှောက်လည်ရမှာ ပါလိမ့်။ သူများကတွေဆို.."
“အို...မောင်ကလဲကွာ မကြာတော့ပါဘူး။ တစ်နှစ်ပဲ လိုတော့တာဥစ္စာ။ မိတာတို့ ကျန်တဲ့ရက်တွေလဲ တွေ့နေ ရသားနဲ့။ မကောင်းဘူးလေ မောင်ရဲ့။ သူတို့က မိတာကို အားလုံး တာဝန်ယူထားတော့....”
မိတာမျက်နှာ ချက်ချင်း ညှိုးကျပြီး မျက်ရည်ဝိုင်းပြန်တော့လည်း မောင့်ခမျာ သနားစရာ။
"အေးပါကွာ ဟုတ်ပါတယ်။ မိတာကို မောင် မခွဲနိုင်လို့ပါ။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးက
တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ။ ဘယ်သွားပြီး ဘယ်လာရမှန်းလဲ မသိဘူး”
ရုတ်တရက် မိတာ ဆွံ့အသလို ဖြစ်ပြီး ပြန်မပြောနိုင်ဘဲ အပြစ်ကင်းစင်တဲ့ မောင့်မျက်လုံးတွေကို မိတာ ဝမ်းပန်းတနည်း ကြည့်မိတယ်။ မောင်... မိတာရဲ့ မောင်။
“ကဲ သွားတော့။ မျက်ရည်လေး ကလယ် ကလယ်နဲ့ ဟင်း၊ တော်ကြာနေ ဦးလေးကြီးလာခေါ်တာနဲ့ တိုးနေမှ သူ့တူမကို နှိပ်စက် နေရသလားဆိုပြီး ကိုယ့်ကို ရိုက်ခံထိနေဦးမယ်”
တော်ပါတော့ မောင်ရယ် တော်ပါတော့။ ကျလုဆဲဆဲ မျက်ရည်ကို မိတာ သိမ်းပြီး မျက်နှာကိုပြင်လို့၊ မိတာကို နောက်ပြောင်စိတ် သက်စေတဲ့ မောင့်လက်တွေကို ဖျစ်ညှစ် နှုတ်ဆက်လိုက်တယ်။
“တနင်္လာနေ့ စောင့်နေနော်မောင်။ မောင့်ကို မိတာအချစ်ဆုံး”
လှစ်ခနဲ မိတာ အဆောင်ပေါ်ကို ပြေးတက်ခဲ့တယ်။ မောင် မိတာကို နောက်ကနေ ငေးကြည့်နေလိမ့်မယ်။ အခန်းတံခါးကို အမြန် ဖွင့်ဝင်ရင်း စားပွဲတင် နာရီလေးကို လှမ်းကြည့်မိတယ်။ ငါးနာရီခွဲပြီးပြီ။ အိပ်ရာပေါ်ကို ပစ်လှဲပြီး မောင့်ကို တ,လို့နေချိန် မရတော့ပါဘူး မောင်ရယ်။ ကျချင်နေတဲ့မျက်ရည်တွေကို ရေနဲ့အတူ ရောချိုး ပစ်လိုက်တယ်။ ခေါင်းလျှော် ပစ်လိုက်တယ်။ မောင်ကြိုက်တယ်ဆိုတဲ့ တရုတ် သာတီသရီး ခေါင်းလျှော်ရည် များများနဲ့လေ။
မျက်နှာကို မွှေးသင်းနေအောင်၊ လည်ပင်းနဲ့ နားရွက်လေးတွေ မွှေးသင်းအောင် မိတ်ကပ်ပါးပါးကို အနှံ့အပြား ပွတ်လိမ်းလိုက်။ ခုတင်အောက်က သေတ္တာ ဆွဲထုတ်လိုက်၊ ယပ်တောင်တဖျပ်ဖျပ်
ခတ်လိုက်၊ နာရီကြည့်လိုက်နဲ့ လုပ်နေတဲ့ မိတာကို ခရီးသွားနေတဲ့ ကြိုင်လေးသာ ရှိရင်တော့ တစ်ဘက်
ခုတင် ပေါ်ကနေ “အင်း..ဒုက္ခ၊ ဒုက္ခ” လို့ ညည်းညူ ပေလိမ့်မယ်။ ကြိုင်လေးလဲ နက်ဖြန်လောက်တော့
ပြန်ရောက်လိမ့်မယ့် ထင်တယ်။ ဒီတစ်ခါ သုံးရက်တည်းလို့ ပြောသွားတာပဲ။
ခရီးဆောင် အိတ် သေးသေးလေးထဲကို အင်္ကျီ နှစ်စုံထည့်။ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီဘူးထည့်။ သွားတိုက်ဆေး၊ သွားပွတ်တံထည့်၊ လိုအပ်တဲ့ တခြား ပစ္စည်းလေးတွေရော အားလုံးထည့်ပြီး
အိတ်ဇစ်ကို ဆွဲပိတ်လိုက်တဲ့ အချိန်မှာပဲ အဆောင်အောက်က နားယဉ်နေတဲ့ ကားဟွန်းသံကို မိတာ
ကြားရတယ်။ တစ်ဆက်တည်းမှာပဲ……….
“တာတာရေ ဦးလေးလာပြီ”
"လာပြီ လာပြီ ခဏလေး”
ဦးလေး လာပြီတဲ့။ တစ်ကိုယ်လုံး မွှေးကြိုင် သင်းပျံ့နေတဲ့ မိတာ၊ မှန်ထဲကို နောက်ဆုံး
အနေနဲ့ ကြည့်လိုက်တယ်။ မိတ်ကပ်ပါးပါး နှုတ်ခမ်းရဲရဲနဲ့ ဆယ့်ကိုးနှစ်အရွယ် မိန်းမချောလေး
တစ်ယောက်က ကျောက်စိမ်း နားဆွဲ ရှည်ရှည်လေးကို ခါရမ်းပြီး မိတာကို ပြန်ကြည့်နေတယ်။
မောင်ချစ်တဲ့ တာတာဝင်း ဆိုတဲ့ ကောင်မလေးရဲ့ လူတကာ ငေးကြည့်ရတဲ့အလှ။ နောက်ပြီးတော့
ဘယ်လို ပြောမလဲ။ မိတာနဲ့ မောင့်ဘဝကို အဆင်ပြေ ချောမောစေမယ့်အလှ။အဖိုးတန် အဆောင်အယောင် အပြင်တွေနဲ့ တစ်ကိုယ်လုံး စိမ်းမြနေတဲ့ မိတာကို အဆောင်ရှေ့မှာ ရပ်စကား ပြောနေတဲ့ လူတွေ အကုန်လုံးက ဝိုင်းကြည့် နေကြတယ်။ အားကျတဲ့ အကြည့်တွေ။မနာလိုတဲ့ အကြည့်တွေ၊ ဟဲ ဟဲ အကြည့်ခံရတဲ့ မိတာ ကြည်နူးလိုက်ပါ့မယ်လေ။
ကားတံခါးကို မိတာ ဆွဲဖွင့်ပြီး ဝင်ထိုက် လိုက်တာနဲ့ ကားလက်ကိုင်ရဲ့ နောက်မှာ ခပ်တည်တည်ကြီး ထိုင်နေတဲ့ မိတာတို့ အဆောင်ပိုင်ရှင်က စပြီး မိတာ သူငယ်ချင်းတွေထိ အားလုံးရှိန်းကြတဲ့၊ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွဲရွဲ၊ အသားမည်းမည်း မိတာရဲ့ ဦးလေးက ကားကို ချက်ချင်းထွက်တယ်။ မိတာက ကုပ်ကုပ်ကလေး။ ဦးလေးကြီးကို ကြောက်ရွံ့ ရိုသေတဲ့ ပုံစံကအပြည့်။ ကားက မညီမညာ မြေနီလမ်းကလေးထဲမှာ တလိမ့်လိမ့် တလူးလူး လှုပ်ခါနေသလို မိတာရင်ထဲမှာလဲ ထုံးစံအတိုင်း ထိတ်ခနဲ လှုပ်ခါ ရပြန်ပြီ။ မြေနီလမ်း အထွက် ကားလမ်းမကြီး အရောက်၊ ကားကွေ့ဖို့စောင့်ရတဲ့ နေရာမှာ။
ဟော..ဟိုမှာ၊ ပြောမရတဲ့ မိတာရဲ့ မောင်။ သစ်ပင် အကွယ်မှာ။ မိတာရင်တွေကို တစစ်စစ် နာလာစေတဲ့ မောင့်မူပိုင် အကြည့်နဲ့။ ပြီးတော့ မိတာသာ အဓိပ္ပါယ် ဖော်ရနိုင်တဲ့ အသံတိတ်နည်းနဲ့“မိတာကို လွမ်းတယ်၊ ဦးလေးကြီးကို မုန်းတယ်တဲ့လေ။ မောင်ရယ်။ မောင့်လိုတော့ မမုန်းပေမယ့် မိတာမချစ်ပါဘူး။ ဒါပေမယ့် မောင်ရယ် မချစ်သော်လည်း မိတာ အောင့်ကာ နမ်းမယ်။
ဝူးခနဲ ကားကွေ့ပြီး လမ်းမကြီးပေါ်မှာ မြားကလေး တစ်စင်းလို ပြေးနေတုန်းမှာပဲ မိတာရဲ့ဦးလေး ဆိုသူကို အလှဆုံး အပြုံးနဲ့ မိတာ နှုတ်ဆက်လိုက်တယ်။
“နေကောင်းရဲ့လား ကိုကို။ တာတာလှရဲ့ လားဟင်”
* * * * *
အမှတ် (၁၂-အေ) ဆိတ်ငြိမ်ရပ်ကွက်၊ ညဆယ်နာရီ..။
“ကိုကို သွားမယ်နော် တာတာ။ မနက် ကိုးနာရီလောက် ရောက်မယ်။ ဟုတ်လား”
“တာတာ စောင့်နေမှာပေါ့”
မိတာကို နှုတ်ဆက်အနမ်း။ နမ်းတဲ့ သူ့ပါးစပ်က အရက်နံ့။ မိတာပါးမှာ စွဲထင် ကျန်ရစ်တယ်။
သူအခန်းထဲက ထွက်သွားတဲ့ အသံ။ တံခါး ပြန်ပိတ်သံ။ ကားစက်နှိုးသံ။ အားလုံးကို မိတာ မျက်လုံး
စုံမှိတ်ထားရင်းက နားထောင်နေမိတယ်။
ခဏနေတော့ အားလုံးဟာ ငြိမ်သက် တိတ်ဆိတ် သွားလိုက်တာ။ ပတ်ဝန်းကျင် အသံဗလံ
ဘာဆိုဘာမှ မကြားရလောက်အောင် ချောက်ချားလာအောင် ငြိမ်လိုက်တဲ့ည။ ဪ...ဒါဆို ဆိတ်ငြိမ်
ရပ်ကွက်ကိုး။ ဒီလို ဆိတ်ငြိမ်စွာ နေရဖို့အတွက် ဘယ်လောက်တန်ဖိုးကြီး ပေးထားရတယ် မှတ်သလဲ။
မိတာ ဘယ်လောက်များ နားလည်လို့လဲ။
အဆောင်မှာတော့ ဒီအချိန်လောက်ဆို ဆူလို့ညံလို့ ကောင်းတုန်း။ တစ်ခန်းနဲ့ တစ်ခန်းကူးပြီး
စကားစမြည် ပြောလို့ ကောင်းတုန်း။ လက်ဖက်သုတ် စားလို့ ကောင်းတုန်း။ အဆောင်ရှေ့ မြေနီ
လမ်းပေါ်မှာလည်း ဂစ်တာ အဖွဲ့တွေနဲ့ စည်ကား ဆူညံတုန်း။ ခု ဒီမှာတော့ မိတာ တစ်ယောက်
တည်းရယ်။
အခန်း တစ်ခန်းလုံးမှာ မျက်နှာကြက်ပေါ်က တဝီဝီလည်နေတဲ့ ပန်ကာ အသံကလွဲရင် ငြိမ်လို့ တိတ်လို့။ အားလုံးဟာ မလှုပ်မယှက်။ အခန်းထောင့်က ရေခဲ သေတ္တာလေးကလည်း မလှုပ်မယှက်။ အနားက စားစရာ သောက်စရာတွေ တင်ထားတဲ့ စားပွဲကုလားထိုင် တစ်စုံကလည်း မလှုပ်မယှက်။ နံရံပေါ်က နှစ်ဟောင်း ပြက္ခဒိန်ထဲက ဂျပန်မ လှလှလေးကလည်း မလှုပ်မယှက်။ အို ခုတင်ပေါ်မှာ သက်ရှိဖြစ်တဲ့ မိတာတောင်မှ တကယ့်ကို မလှုပ်မယှက်။
စားပွဲပေါ်က တရုတ်စာ အထုပ်တွေကိုလည်း မိတာ ဖြည်တောင်ကြည့်ချင်တဲ့စိတ် မရှိပါဘူး။အင်း ရေအေးအေးလေး တစ်ခွက်လောက် သောက်ရရင်တော့ ကောင်းမယ်။ ရေသောက်ပြီးရင် မိတာ
ဘာလုပ်ရမလဲ။ အိပ်ချင်စိတ်ကလဲ မရှိသေးဘူး။ မိတာနဲ့ ခင်မင်နေပြီဖြစ်တဲ့ တိုက်နံရံထူကြီးရဲ့
ဟိုဘက်ခြမ်း တိုက်ကြီးပေါ်က လူတွေနဲ့ စကား သွားပြောနေရ ကောင်းမလား။ တော်ပါပြီလေ။ မသွား
တော့ပါဘူး။ ဒီညတော့ ကိုယ့်ဘာသာ နေရတာပဲ ကောင်းပါတယ်။ ဘာပဲ ပြောပြော သူတို့က ကိုယ်ကို
ဝတ္တရား အရသာ ဆက်ဆံတာ၊ လူမှုရေးကြောင့်သာ ဆက်ဆံတာ။ တကယ်တော့ မိတာကို သူတို့
ဘာဆက်ဆံစရာ ရှိလို့လဲ။ မိတာနဲ့ သူတို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် သိစရာဘာမှမလို။ သူတို့က
သူတို့ အခြေအနေနဲ့ သူတို့။ မိတာတို့ လိုချင်တဲ့ အခန်းကို ငှားတယ်။ တစ်နေ့ကို တစ်ရာ့ ငါးဆယ်
ယူတယ်။
တိုက်ခန်းက သီးသန့်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်။ အခန်းထဲမှာ အိပ်ရာခမ်းနား ပစ္စည်းပစ္စယ အပြည့်အစုံနဲ့၊ ရေခဲသေတ္တာတောင် ပါလိုက်သေး။ မီးဖိုတစ်ခုပဲ မပါတာ။ မီးဖိုကတော့ လိုလည်း မလိုပါဘူးလေ။ မိတာတို့ ချက်ပြုတ် မစားပါဘူး။ စားစရာအပြင်က ဝယ်လာလိုက်တာပဲ။
ဒီအခန်းကို မိတာတို့အနေနဲ့ကလဲ ယူပျော်တယ်။ ဆိတ်ငြိမ်ရပ်ကွက်ထဲက အစွန်ဆုံးနဲ့
အကျယ်ဆုံး ခြံထဲက သီးသန့်နေရာ။ မိတာအတွက်လည်း ကောင်းတယ်။ နောက်ကြောင်း ရန်မအေးတဲ့
မိတာရဲ့ ကိုကို အတွက်လည်းကောင်းတယ်။
မိတာတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်နဲ့ သောကြာနေ့
ညပိုင်းပဲ သုံးတာ။ သောကြာနေ့ ညနေလာတယ်။ မိတာနဲ့ ကိုးနာရီခွဲလောက် ထိနေပြီး ဆယ်နာရီဆို
သူက အိမ်ပြန်တယ်။ ဒီမှာ ဘယ်တော့မှ ညမအိပ်ဘူး။ နောက်နေ့ စနေနေ့ မနက်ကိုးနာရီလောက်မှ
လာတယ်။ တစ်နေကုန် နေတယ်။ ပြီးတော့မှ ညကိုးနာရီလောက် အိမ်ပြန်တယ်။ နောက်တနင်္ဂနွေမနက်
လာတယ်။ တစ်နေကုန်နေတယ်။ ညနေ ငါးနာရီလောက်ကျမှ အဆောင်ပိတ်ချိန်နဲ့ အကိုက် မိတာကို
ပြန်လိုက်ပို့တယ်။
အဆောင်ကတော့ တာတာဝင်း တစ်ယောက် ဦးလေးအိမ်က ပြန်လာပြီပေါ့။ ပိုက်ဆံချမ်းသာပြီး တူမကို ဂရုတစိုက် ရှိလှတဲ့ ဦးလေးကို သူကိုယ်တိုင် သေချာလာကြို၊ သေချာပြန်ပို့တာ။
မျက်မှန် တဝင့်ဝင့်၊ ခပ်ဝဝ၊ ဆံပင်ဖြူ တစ်ပင်နှစ်ပင်စနဲ့ အရွယ်ချင်းကလည်း ဒါလောက် ကွာနေတာ။
ဘယ်သူကများ ဦးလေး ဟုတ်ရဲ့လားလို့။ ယောင်လို့တောင် သံသယဖြစ်မှာလဲ။ တစ်ချို့က အားကျရတဲ့
ရည်းစား ချောချောလေး တစ်ယောက်နဲ့ တတိယနှစ်ကျောင်းသူ ချောချောလေး တာတာဝင်းပေါ့။
အများနည်းတူ ဝတ်နိုင်၊ စားနိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်တဲ့ တာတာဝင်းပေါ့။ဪ.. မိတာရဲ့ မောင်တောင်မှ သေသပ် ပိရိတဲ့ မိတာကို တစ်စက်ကလေး ရိပ်မိလို့လား။
အပတ်စဉ် သောကြာ၊ စနေ အပြင်ထွက် အိပ်တဲ့ ရည်းစားကို မောင် မသင်္ကာလို့ စောင့်ကြည့်လေ။
သောကြာနေ့ ညနေ မောင်ပြန်ပို့ပြီး တစ်နေရာက ကြည့်ပေါ့။ မိတာရဲ့ ဦးလေး လာခေါ်တယ်လေ။
အပတ်စဉ် ဒီလူပဲ။ တနင်္ဂနွေ ညနေ ပြန်ပို့တယ်လေ။ ဒီလူပဲ။ ဘာအထင် မှားစရာလိုလို့လဲ။
ဒါပေမယ့်ကွယ် မောင်ကတော့ မိတာကို မသင်္ကာစိတ်နဲ့ စောင့်ကြည့်ရှာတာ မဟုတ်ပါဘူကွယ်...နော်။
ပကတိ ရိုးသားစိတ်နဲ့ မိတာကို မြေနီလမ်းအတွက် သစ်ပင်ကွယ်ကနေ လူလုံးပြရတာ မောလို့။
"ခဏလေးပါ မောင်ရယ်၊ ခဏလေးပါ။ မိတာတို့အတွက် မဝေးတော့ပါဘူး။ ပျော်စရာကောင်းတဲ့ အချိန်တွေ ရောက်လာတော့မှာပါ။ မိတာ မိုက်နေတာ မဟုတ်ပါဘူး မောင်ရဲ့၊ လော်လီဖောက်ပြားတာလည်း မဟုတ်ရပါဘူး။ လောလောဆယ် မိတာ ကျောင်းစရိတ်အတွက်။ မောင်နဲ့မိတာရဲ့
အနာဂတ်အတွက် မိတာ အလုပ်လုပ်နေတာ။ စိတ်သန့်သန့် ရှင်းရှင်းနဲ့ မိတာ အလုပ်လုပ်နေတာ။
မိတာကတော့ ရှင်းတယ် မောင်ရေ။ မိတာ မောင့်ကို သိပ်ချစ်တယ်။ မောင့်ကို ပိုင်ဆိုင်ချင်တယ်။ သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်ချင်တယ်။ မိတာ မောင်နဲ့လက်ထပ်မယ်။
ဘာဖြစ်သလဲ။ အသည်းနှင့်အောင် ချစ်ရသူမို့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို မအပ်ရက်ပါဘူး ဆိုတဲ့
ဟိုရှေးတုန်းက ခပ်တုံးတုံး အတွေးအခေါ်တွေ ဒီခေတ်မှာ သွားစမ်းပါ။ မိတာကတော့ သိပ်မုန်းတာပဲ။
ခုဆိုစုမိတာ ပိုက်ဆံ တော်တော် စုမိနေပြီ။ မိတာကို သူက တစ်လ တစ်ထောင်ပေးတယ်။တစ်ပတ် တစ်ခါပဲ တွေ့တယ်။ ဒါတောင် သူက ညအိပ်တာ မဟုတ်ဘူးလေ။ သူ့မှာကလဲ သူ့အကြောင်းနဲ့
သူ။ အိမ်က မိန်းမကြီးနဲ့ သားသမီးတွေ မသိအောင်က ပိပိရိရိ နေတတ်ရသေးတာ။ သိပ်အလုပ်များတဲ့
စီးပွားရေးသမား တစ်ယောက်အနေနဲ့ ညကိုးနာရီ၊ ဆယ်နာရီ ဆိုတာ နောက်ကျ နေကျလေ။ ဘာဖြစ်
သလဲ။ တစ်ခြား အချိန်တွေ ဘာလုပ်နေနေ ကိုးနာရီ ဆယ်နာရီ အိမ်ပြန်ရောက် ပြီးတာပဲမဟုတ်လား
သူကလဲ သူ့တွက်ကိန်းနဲ့သူ အဟုတ်။ မိတာကလဲ မိတာ တွက်ကိန်းနဲ့ပေါ့။ သူ့ဆီကရတဲ့ တစ်လ
တစ်ထောင်ကို မိတာ ချွေချွေတာတာ သုံးတယ်။ မကုန်မဖြစ်တဲ့ ကျောင်းစရိတ်က လွဲရင် အစား
အသောက်လည်း မိတာ ချွေတာတယ်၊ သူများတွေကတော့ ဘယ်သိမလဲ။ ဝတ်လိုက်၊ စားလိုက်တာလို့
ရှိမှာပေါ့။ တကယ်တော့ မိတာ ဝတ်တဲ့ အဖိုးတန် အဝတ်အစားတွေက “သူ”ကြီးဆီက အပိုဘောက်ဆူးအဖြစ် ဝယ်ပေးတာတွေ၊ သူ့သမီးတွေ အတွက် ဝယ်ရင်း မိတာအတွက်ပါ ဝယ်လာတာမျိုးတွေပေါ့။
သူနဲ့ ဆက်သွယ်မိတဲ့ တစ်နှစ်အတွင်းမှာ မိတာ လေးထောင်လောက် စုမိနေပြီ။ နောက်တစ်နှစ်၊ မိတာ ကျောင်းပြီးထိ ဆိုရင် ရှစ်ထောက်လောက်တော့ ရလိမ့်မယ်နဲ့ တူရဲ့၊ တော်ပြီလေ။
ကျောင်းပြီးတာနဲ့ မိတာ မောင်နဲ့ လက်ထပ်မယ်။ အိမ်ခန်းလေး တစ်ခန်း ငှားမယ်။ နှစ်ယောက် အလုပ်လုပ်မယ်။ အင်း၊ မိတာ အိမ်ကို ထောက်ပံ့ချင်တယ် ဆိုရင်တော့ မိတာနဲ့ မောင် ချွေတာရဦးမှာပေါ့။
အဖေတို့ အမေတို့ကတော့ မိတာကို ပြောမှာ မဟုတ်ပါဘူး။ သူတို့ မထောက်ပံ့နိုင်တာကို ကိုယ့်စရိတ်
ကိုယ်ရှာပြီး ကျောင်းတက်တဲ့ သမီးရယ်လို့ ကြံဖန်ပြီး ကျေးဇူး တင်နေရှာတာ။မိတာတို့အိမ်က ဆင်းရဲတယ်။ မောင်နှမလဲ များတယ်။ မိတာ ဆယ်တန်းအောင်တော့ အဖေရော အမေရော ကျောင်းဆက်တက် စေချင်ကြတယ်။ ဒါပေမယ့် မူလတန်းကျောင်းအုပ် အဖေ့လခနဲ့ အမေ ဈေးရောင်းတာလေးနဲ့က မိသားစု စားသောက်ဖို့တောင် အနိုင်နိုင်ရယ်။
မိတာပဲ ကံကောင်းတာလား။ ကံဆိုးတာလား မသိပါဘူးလေ။ ရန်ကုန်မှာ အသင့်အတင့် ချောင်လည်တဲ့ အဖေ့အစ်ကို တစ်ယောက်က မိတာကို ခေါ်ပြီး ကျောင်းထားပေးတယ်။ အဖေ့အစ်ကို အိမ်က ရန်ကုန်ဆိုပေမယ့် မင်္ဂလာဒုံဆိုတော့ မိတာ ကျောင်းတက်ရမှာ ဝေးတယ်ဆိုပြီး အပြင်ဆောင်မှာ ထားပေးပြီး ကျောင်းတက်ခိုင်းတယ်။
ကံဆိုးချင်တော့ မိတာ ဒုတိယနှစ် ဖြေနေတုန်းမှာ အဖေ့အစ်ကို မိတာ ဘကြီးခမျာ ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးတယ်။ မိတာ ဘယ်လိုလုပ် ဆက်နေသင့်တော့မလဲ။ မိတာကို ဘယ်သူက ထားပေးတော့မလဲ။ နှစ်နှစ်ပဲ လိုတော့မှ ဖြစ်ရတဲ့ အဖြစ်ကို မိတာ ဝမ်းနည်းရင်း ဆက်နေဖို့လမ်းစကို မိတာ ရှာဖွေမိတယ်။
အင်း.………. တစ်ခါတစ်လေတော့လဲ တွေးမိတယ် မောင်ရယ်။ အဲဒီအချိန်မှာ ကြိုင်လေးနဲ့မတွေ့ဘဲ မောင်နဲ့ တွေ့ခဲ့မိရင် မိတာဘဝ တစ်မျိုးတစ်မည် ဖြစ်ချင်ဖြစ်မှာလို့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလေ။ မောင်ဟာလဲ မရှိမရှား မိဘက တတ်စေချင်လွန်းလို့ ထားပေးတဲ့ ကျောင်းသားတစ်ယောက်ပဲဥစ္စာ။ မောင်လဲ မိတာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ကြိုင်လေးက ခိုင်စပယ်ဆောင်မှာ မိတာနဲ့ ခုတင်ချင်းကပ်လျက် နေတာ။ သူ့ကို ရုံးမှာ အလုပ် လုပ်တယ်လို့ပဲ တစ်ဆောင်လုံးက သိထားတာ။ မနက်ဆို ရိုးရိုးလေးပဲ ခြင်းလေးနဲ့ ထွက်သွားတာပဲ။ ညနေ ရုံးဆင်းချိန်ပြန်လာပေါ့။
အေးအေး ဆေးဆေး၊ ဘယ်မှလဲ မသွားတတ်ဘူး။ ဒါပေမယ့် သူ့ရုံးက အလုပ်ဆိုပြီး တစ်လတစ်ခါ၊
လေးငါးရက်၊ တစ်ပတ်ခရီးတော့ သူထွက်တယ်။ တကယ်တော့ အဲဒီခရီးဟာ သူ အလုပ်လုပ်ဖို့
ထွက်သွားတာ။ တစ်ယောက်ဒါမှ မဟုတ် တစ်စုနဲ့ သူလိုက်သွားတာ။ တစ်ထောင်ကနေ နှစ်ထောင်
သုံးထောင်ထိ ရတယ်။ ကြိုင်လေး အကြောင်းကို ဘယ်သူမှ မသိဘူး။ မိတာကိုတော့ သူသိပ်ခင်တယ်။
မိတာ အားလုံးကို လက်လျှော့ပြီး ငိုကြီးချက်မနဲ့ အိမ်ကို အပြီးပြန်ဖို့ ပစ္စည်း သိမ်းနေတုန်းမှာပဲ ကြိုင်လေးက မိတာကို သနားပြီး ဒီအကြောင်းတွေကို ဖွင့်ပြောခဲ့တယ်။ မိတာကို အကြံဉာဏ်ပေးခဲ့တယ်။ မိတာဟာ ချောတယ်။ တက္ကသိုလ်ကျောင်းသူ အဆင့်အတန်း ရှိရှိ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့
ဘယ်သူမှလဲ သိစရာ မလိုဘူးတဲ့။ ပြီးတော့ တစ်သက်လုံးမှ မဟုတ်တာ။ နှစ်နှစ်တည်းလေ။
နှစ်နှစ်တည်း။ မိတာ ဘာဖြစ်သွားမှာ မှတ်လို့။ မိတာ လှလှပပ ဝတ်စားပြီး ကျောင်းဆက်နေနိုင်မယ်။
အဖေတို့၊ အမေတို့၊ မိတာတို့ လိုချင်တဲ့ ဘွဲ့ရမယ်။ မိတာ ခေါင်းတစ်ချက် ညိတ်လိုက်တာနဲ့ အားလုံးဟာ
အဆင်ပြေသွားတယ် မောင်ရယ်။
တတိယနှစ် နှစ်လယ်မှာ မောင်နဲ့မိတာ တွေ့ခဲ့ကြတာနော်။ ချစ်မိတာ မိတာ ဘာတတ်နိုင်မှာလဲကွယ်။ မိတာမောင့်ကို မချစ်သင့်ဘူးလို့ မိတာ မတွေးခဲ့မိပေါင်။ မိတာ အလုပ်လုပ်တာပဲ မောင်ရဲ့။
တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်ရတာတော့ ရှိတာပေါ့မောင်ရယ်။ အထူးသဖြင့် သောကြာနေ့ည
နေ မောင်ပြန်ခါနီး အချိန်တွေပေါ့။ မိတာ ဘယ်လို ထိန်းပေမယ့် အဆောင်ပေါ် ရောက်တာနဲ့ ငိုရော။
တော်ပါပြီ မောင်ရယ်။ မိတာ မစဉ်းစားချင်တော့ဘူး။ တစ်ယောက်တည်း အထီးကျန်နေရမှ
မောင့်ကို ပိုသတိရတယ်။ စနေ၊ တနင်္ဂနွေနှစ်ရက်လုံး တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ
ဆိုတဲ့ မောင့်အသံက ရင်ထဲမှာ ပဲ့တင်ထပ်နေသလိုပဲ။ တော်ပါတော့မောင်ရယ်။ မိတာ အိပ်ပါရစေတော့။
မိတာ အိပ်ချင်နေပြီ။ မိတာလေ ဟိုလူကြီးဝယ်လာတဲ့ ချောကလက်နှစ်ခု မိတာမစားဘဲ မောင့်အတွက်
တိတ်တိတ်လေး သိမ်းထားတယ်။ မဝေးတော့ပါဘူး မောင်ရယ်။ တစ်နှစ်ဆိုတာ ခဏလေးရယ်။
တနင်္လာနေ့ မနက် အဆောင်ရှေ့ကနေ မိတာကို မောင် ဆက်ဆက်လာစောင့်နော် သိလား။
----------------
နနရည် ( အင်းဝ )
၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီ၊ သာရမဂ္ဂဇင်း
#Typing_crd_ZawOo
No comments:
Post a Comment