Wednesday, 17 June 2020

ကျွန်း ( ဒုတိယပိုင်း )

#ကျွန်း

( ဒုတိယပိုင်း )

#ဖေမြင့်

မိုး။
သေသေချာချာ ရွာသည့် မိုးမဟုတ်။ တစ်ညနေလုံး အုံ့သလို မည်းသလိုနှင့် မပြုနိုင်ဘဲ ရှိသည်။
ညဘက် ရောက်လာသည်။ လေ အလွန်ငြိမ်သည်။ ပူလောင်အိုက်စပ်နေသည်။ မိုးသေသေချာချာ ရွာလိုက်ရင် ကောင်းမှာပဲဟု ကျောပြောင်ပြောင်နှင့် သံလုံး ညည်းသည်။ မိုးမရွာမီ ကောင်းကင်ယံက အသံစ၍ ပေးလေသည်။ ကောင်းကင်၌ အစင်းကြောင်းကြီး လင်းလက်ကာ ဂျုံးဂျုံးဂျိုင်းဂျိုင်း မြည်ဟည်းသွားသည်။ဝင်းခနဲ လင်းသည်။ ဂျုံးခနဲ အသံကျယ် တစ်ချက် မြည်ပြီး ကောင်းကင်ကြမ်း မညီမညာမှာ ဧရာမ ဓာတ်ဆီတိုင်ကီ အခွံကြီးလှိမ့်လိုက်သလို တဒုန်းဒုန်း တဒိုင်းဒိုင်း အော်မြည်လိမ့်ဆင်းသွားသည်။

မိုးက တစ်ပေါက် နှစ်ပေါက် ရွာချင်သလို မရွာချင်သလိုလို။ ဓနိမိုးပေါ် တဖျောက်ဖျောက်နှင့်။ သည်းသည်းမရွာနိုင်။ လျှပ်စီးမိုးကြိုးက တစ်ချက် နှစ်ချက်နှင့် မပြီး၊ ဆက်၍ ဆက်၍ လာသည်။ တဝင်းဝင်း တလင်းလင်း။ဝုန်းခနဲ ဒိုင်းခနဲ ခွဲသည့်အခါ ခွဲသည်။ စက္ကူစကြီးကြီးကို ပျင်းတိပျင်းတွဲ တဗြိဗြိ သလို၊ အသည်းယားစရာ ဂျွတ်ဂျွတ် ကျွမ်းကျွမ်း ဂျုံးဂျုံး ဂျိုင်းဂျိုင်းနှင့် တစ်မိုးလုံး အစအဆုံး အော်မြည်၍ သွားသည်လည်း ရှိသည်။မပြီးဆုံးနိုင်။ တစ်မိနစ် နှစ်ကြိမ်နှုန်းလောက် လင်းလက် ရိုက်ချုံးနေသည်။ တဲထဲက လူသားနှစ်ယောက် ကျောက်ခေတ်လူသား၏ ကြောက်ရွံ့ရိုကျိုးစိတ်ဖြင့် ငြိမ်သက်လျက် ရှိသည်။

မိုးခြိမ်းသံ တဖြည်းဖြည်း စဲသွားသည်။ တဖြည်းဖြည်း စိတ်သက်သာသွားကြသည်။ လေပြည်ကလေး တစ်ချက်ဝှေ့လာသည်။ ချမ်းသလို၊ အေးသလိုလို၊ နေသာထိုင်သာ ရှိသလို ဖြစ်လာသည်။ မိုးကလေး တဖွဲဖွဲ မှန်မှန်
ရွာလာသည်။ မိုးဦး ကျချေပြီ။ နောက်ထပ် ငါးလနီးပါး။ သည်မိုးသံ နာခံရင်း ကျွန်းမှာ တိတ်ဆိတ်ခြောက်ကပ်စွာ နေရဦးတော့မည်။

 ကွပ်ပျစ်တစ်ခုစီပေါ်မှာ အတွေးကိုယ်စီနှင့် ငြိမ်သက်စွာလဲလျောင်းနေကြဆဲ၊ ရုတ်တရက် မျက်စိကျိန်းအောင် ဖွေးဖွေးလက်သွားသော အလင်းရောင်နှင့်အတူ နားကွဲမတတ်ကျယ်လောင်သော အသံကို တစ်ပြိုင်နက် ကြားလိုက်ရသည်။ ကိုသိန်း ကွပ်ပျစ်အစွန်းပေါ်မှ လိမ့်ကျပြီး သဲပြင်ပေါ်မှာ မှောက်လျက်ကြီး
ဖြစ်နေသည်။ သံလုံး သူ့ ကွပ်ပျစ်နံဘေးမှ ဝါးလုံးတန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်စိ စုံမှိတ်ထားသည်။ရင်ဘတ်က တဒိန်းဒိန်း ခုန်နေသည်။ ငါ ဘာမှ မဖြစ်ဘူး။ ငါ မသေဘူး။ သူ သိနေသည်။

 သို့သော် ခြေထောက်နှစ်ချောင်းကို တောင့်တောင့်ကြီး ဆန့်တန်းထားသည်။ ခြေထောက်တွေ ဘာဖြစ်သွားသေးလဲ။လှုပ်မကြည့်ရဲ။ ခေါင်းမလှုပ်ရဲ။ မျက်စိ မဖွင့်ရဲ။ သေချင်ယောင်ဆောင်သူလို ငြိမ်နေသည်။

ကိုသိန်း တုတ်တုတ်မလှုပ်။ သူ သဲပြင်ပေါ် ရောက်နေမှန်း သိသည်။ လှုပ်လိုက်လျှင် နောက်ထပ် ပစ်မှာ
စိုးသဖြင့် ငြိမ်နေသည်။ သံလုံးကော။ သံလုံး သေပြီလား။ တစ်ကျွန်းလုံးမှာ သူတို့နှစ်ယောက်ထဲသာ ရှိသည်။သူ မဟုတ်လျှင် သံလုံး။ သံလုံးကိုပင် ချိန်ပစ်လေသည် ထင်သည်။ သည်ကောင်က တစ်သက်လုံး
အဖေအမေတွေကို ဆဲဆိုလာသည့်အကောင်။ အခုတော့ သွားလေပြီလား။ မိမိက အရှိန်ဟပ်ပြီး လွင့်ကျတာ ဖြစ်မည်။ တဲခေါင်မိုးတွေကော ရှိသေး၏လော။

ငါးမိနစ်၊ ဆယ်မိနစ်၊ တစ်ကမ္ဘာ။ တိတ်ဆိတ်ခြင်းကြီး တိတ်ဆိတ်နေသည်။ တစ်ကျွန်းလုံးက အသံဗလံများကို မိုးကြိုးက လှဲကျင်းယူသွားသလို ထင်ရသည်။လေဝှေ့လာသည်။ ဝေါဝေါ ဝေါဝေါနှင့် အဝေးမှ ဆူညံသံတစ်ခု ပြေးလာသည်ကို ရုတ်တရက် ထိတ်လန့်စွာ ကြားရပြန်သည်။

 မိုး။ 
ခေါင်မိုးပေါ်သို့ မိုးသီးမိုးပေါက်ကြီးများ ထူထပ်ပြွတ်သိပ်စွာ ကျဆင်းလာလေသည်။
တဲခေါင်မိုး ဘာမှ မဖြစ်သေး။ သည်အတိုင်းပဲ ရှိသေးသည်။ ကွပ်ပျစ်ပေါ်က သံလုံး လှုပ်လာသည်။

“ကိုသိန်း၊ ကိုသိန်း” 

မရဲတရဲ ခေါ်ကြည့်သည်။

“ဟေ၊ မင်း ဘာဖြစ်သွားသေးလဲ”

ရန်သူကြားသွားမှာ စိုးသည့်ဟန် ခပ်အုပ်အုပ် ပြန်ဖြေသည်။

“ခင်ဗျား ဘယ်နားမှာလဲ”

“ငါ အောက်ကို လွင့်ကျသွားတယ်”

“ကျွန်တော့် ကွပ်ပျစ် လာအိပ်ချင် အိပ်ပါလား၊ မိုးကြိုးက ဘာကို ပစ်လိုက်သလဲ မသိဘူး၊ မနက်ကျမှ ကြည့်ရမယ်”

ကိုသိန်း မှောင်ထဲမှာ စမ်းကာ သံလုံး ကွပ်ပျစ်ပေါ် တက်လာသည်။ နှစ်ယောက်သာ ကျောချင်းကပ်ကာ မိုးသံ သည်းသည်းအောက်တွင် အိပ်ပျော်အောင် ကြိုးစားကြသည်။ ခြေထောက် ကွေးလိုက်၊ ဆန့်လိုက်၊ ရသမျှ ဘုရားရှိခိုး အမျိုးမျိုးကို စိတ်ထဲက ကျိတ်ရွတ်လိုက်နှင့် နံနက် လင်းခါနီးမှ အိပ်ပျော်သွားကြသည်။

အိပ်ရာမှ နိုး၍ တစ်ယောက်ကို တစ်ယောက် လက်တို့ကာ တဲပြင်ထွက်ပြီး ဘေးဘီ
လှည့်ပတ်ကြည့်လိုက်သည့်အခါ၌ကား ခေါင်းရင်း ကပ်လျက်ရှိသော အုန်းပင်နှစ်ပင် ခေါင်းပိုင်းပြတ်ကာ မီးသွေးငုတ်များ ဖြစ်နေကြသည်ကို တွေ့ရလေသည်။သံလုံးနှင့် ကိုသိန်း မီးကျွမ်းသွားသော အုန်းပင်နှစ်ပင်ကို ကြည့်ကာ ကြက်သီးမွေးညင်း ထသွားသည်။တဲထဲကိုသာ ပစ်လိုက်လျှင် နှစ်ယောက်လုံး မီးသွေးတုံးဘဝနှင့် မိုးကုန်ချိန် တံငါသည်တွေ ပြန်လာသည်အထိ
စောင့်ကြရလိမ့်မည်။ ကျွန်းစောင့်တစ္ဆေတွေများ ဖြစ်နေကြမည်လား။

“တို့ ကံကောင်းသွားတာပေါ့ကွာ၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့်ပဲ၊ ညအိပ်ရာဝင်ရင် အမြဲ ဘုရားရှိခိုးပြီးမှ အိပ်ရမယ်” 

ကိုသိန်းက ဆိုသည်။

မီးသွေးငုတ်များနားမှာ ဆက်၍ နေချင်စိတ် မရှိသဖြင့် ပင်လယ်ကမ်းစပ်ဘက် ထွက်လာခဲ့ကြသည်။ မိုးစဲသွားပြီးဖြစ်သော်လည်း ပတ်ဝန်းကျင်က ကြည်ကြည်လင်လင် မသာချင်။ မိုးရိပ်မိုးနံ့ကလေး လွှမ်းခြုံ၍ နေသည်။သဲပြင်က ရေမတင်သော်လည်း ညက မိုးနှင့် လေတွင် ကြွေကျသည့် အုန်းလက်များ၊ သစ်ကိုင်သစ်ရွက်များက စွတ်စိုဆဲ ဖြစ်သည်။ သဲသောင်ပြင်၏ အသွင်သည်လည်း မနေ့ကနှင့် မတူ။ ပြောင်းလဲခဲ့ပြီ။ ထိုနည်းတူ
ပင်လယ်ပြင်သည်လည်း မိုးတွင်းကာလ လှုပ်ရှားမှုကြီးအတွက် သွေးပူလေ့ကျင့်ခန်း ယူသည့်နှယ်
လူးလှိမ့်ရိုက်ခတ်စ ပြုနေပေပြီ။

“မိုး မြန်မြန်ကျပြီး မြန်မြန်ကုန်သွားရင် ပြီးတာပဲကွာ၊ တို့ ရသမျှ ပစ္စည်းတွေ သိမ်းပြီး ပြန်ကြရုံပဲ” 

ကိုသိန်းကဆိုသည်။

“ဒါပေါ့၊ ဒါပေါ့” 

သံလုံးက ခပ်သွက်သွက် ထောက်ခံလိုက်သည်။

အုန်းနှစ်ပင် မိုးကြိုးခပြီးသည့် နောက်ပိုင်းရက်များတွင် ထစ်ချုန်းမှုလျော့ကာ မိုးမှန်လေမှန်နေသလို ရှိသည်။မိုးဦးကျစ ကြောက်စရာကောင်းတယ်ဆိုသော အစွဲလေးရှိသည့် ကိုသိန်းစိတ်တွင် မိုးဦးကျအန္တရာယ်ကတော့ သည်မျှနှင့်ပဲ ပြီးလေပြီဟု တွေးမိကာ သက်သာသလိုရှိနေသည်။

သို့သော် တကယ်၌ သည်မျှနှင့် မပြီးခဲ့ချေ။
ပြဿနာက ပင်လယ်ထဲက စ လာသည်။
မုန်တိုင်း။ ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်း တစ်နေရာ၌ စတင်ဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ အရှေ့ဘက်ဆီသို့ ရွေ့လျားလာသည်။ ထိုသို့ ရွေ့လျားရင်း အင်အား ပိုမိုပြင်းထန်လာကာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းသို့ အရှိန်အဟုန်နှင့် ဝင်ရောက်ခဲ့သည်။ အုန်းကျွန်းသည် မုန်တိုင်း မျက်စိတည့်တည့်၌ မကျရောက်သော်လည်း အဖျားခတ်သည့်ဒဏ်ကိုကား အတော်ပင် ပြင်းထန်စွာ ခံစားလိုက်ရလေသည်။

မနက်စာကို မနေ့က ချန်ထားခဲ့သည့် ငါးကင်တစ်ကောင် ချဉ်ပေါင်ဟင်း တစ်အိုးနှင့် စားလိုက်ကြပြီးနောက် အိုက်စပ်စပ် ရှိသည်နှင့် ကွပ်ပျစ်ကိုယ်စီ၌ မှိန်းနေကြစဉ် တစ်ချက် တစ်ချက် လေတိုက်ပုံ ကြမ်းသည်ကို သတိပြုမိကြသည်။

“မုန်တိုင်းများ ရှိသလား မသိဘူး”

သံလုံး ပါးစပ်က ထွက်သွားသည်။

“မင်းကလဲကွာ မဦးမချွတ်နဲ့” 

ကိုသိန်းက မာန်သလို ဆိုသည်။ ထို့နောက် 

“မင်း ပြောတဲ့အတိုင်းဖြစ်ရင် ဘယ့်နှယ်လုပ်ကြမလဲ၊ တဲကတော့ ခိုင်ပါတယ်နော်”

“ရပါတယ်ဗျ၊ တော်တော်တန်တန်လောက်နဲ့ ဘာမှ မဖြစ်ပါဘူး၊ တဲက အသစ်ကြီးပဲဟာ၊ ခင်ဗျားလည်း
ပင်လယ်နား နေလာတာ ကြာပြီပဲဗျာ၊ မိုးတွင်းဆိုတာ လေတော့ နည်းနည်းပါးပါး တိုက်မှာပေါ့။ မကြောက်ပါနဲ့ဗျ”

“ကြောက်တာတော့ မဟုတ်ပါဘူး၊ တစ်မိုးတွင်းလုံး နေရမှာဆိုတော့ နည်းနည်းတော့ တွေးပူတာပေါ့၊ ခုမှ အစ ရှိသေးတယ်မဟုတ်လား”

ကိုသိန်း တဲအပြင် ထွက်လာသည်။ ကောင်းကင်ပြင်က ခပ်မှိုင်းမှိုင်း ခပ်မှုန်မှုန်။ ပင်လယ်ရေက ပြာလဲ့
ကြည်စင်ခြင်း မရှိ။ ခဲသားရောင်ဖျော့ဖျော့ ခပ်မှုန်မှုန် ခပ်နောက်နောက်။ အပေါ်ယံတွင် နေရောင်ဖျိုးဖျ လက်နေသည်။ လေပြင်းတစ်ချက် ဝှေ့လိုက်ရာ အုန်းပင် အုန်းလက်များ ဘယ်ယိမ်း ညာယိုင်။
သစ်ပင်သစ်ရွက်များ လှုပ်ခတ်သံက အတန်ပင် ညံသလို။ သစ်ရွက်ကြွေအချို့ လေတွင် လွင့်ဝဲပါလာကြသည်။

ကိုသိန်း ကမ်းစပ်အထိ လျှောက်သွားသည်။ အနောက်ဘက် ဟိုအဝေးဆီ၌ တိမ်စိုင်တိမ်ခဲ မည်းမည်းတစ်ခု။မှုန်မှိုင်းသော ပတ်ဝန်းကျင်ထက် ပို၍ မည်းသည်။ တိမ်တိုက်တိမ်မည်းမည်းက မျက်စိရှေ့မှာပင် ကြီးထွားလှုပ်ရှားနေသလို ပင်လယ်လှိုင်းများက ခါတိုင်းလို နရီစည်းဝါး မကျချင်။ မညီမညာ
လုယက်တိုးဝှေ့လျက်။ တစ်ခုကို တစ်ခု ခေါင်းထိုးရိုက်ချိုးလျက်။ လေပြင်း တစ်ချက်အဝှေ့တွင် နောက်ဘက် လန်ချင်သလို ဖြစ်သွားပြီး ရုတ်တရက် ကိုသိန်း ထိတ်ခနဲ ဖြစ်သွားသည်။ သို့သော် ပင်လယ်ကမ်းစပ်မှာ နွေရာသီ အပန်းဖြေလေညှင်းခံသည့်အခါမျိုးမှာလည်း ဒီလောက်တော့ တိုက်တတ်တာပဲဟု ကိုယ့်စိတ်ကို စိတ်အေးအောင် သတိပေးကာ တဲဆီသို့ ပြန်ခဲ့သည်။

ကိုသိန်း တဲထဲ ဝင်လာတော့ သံလုံး ကွပ်ပျစ်ပေါ်က လှမ်းမေးသည်။

“ကိုသိန်း မိုးလေဝသ အခြေအနေ သွားကြည့်တာလား၊ ဘာမှ မဖြစ်ပါဘူးဗျ၊ အေးအေးဆေးဆေး နေစမ်းပါ၊လေမုန်တိုင်း တိုက်တော့ကော ဘာဖြစ်မလဲဗျာ၊ ခင်ဗျား ပင်လယ်ထဲ ပါသွားအောင် အထိတော့ မတိုက်ပါဘူးဗျ”

“ခွေးမသား” ဆိုပြီး ကိုသိန်း ကွပ်ပျစ်ပေါ် တက်၍ လှဲနေလိုက်သည်။ စိတ်ထဲတွင်ကား မအေးနိုင်။
လေမုန်တိုင်းတိုက်လျှင် ဘယ်လို လုပ်မလဲ။ ဘာတွေ ဖြစ်မလဲ။ သံလုံးဆိုသည့်ကောင်က အသိဉာဏ် သိပ်ရှိသည့်အကောင်မဟုတ်။ အားကိုးရမယ့် အကောင် မဟုတ်။

နေ့လယ်ခင်း တစ်ခုလုံး လေသည် ပြင်းပြင်းကလေး ဝှေ့သွားလိုက်၊ ပြန်ငြိမ်သွားသလို ရှိလိုက်
ဖြစ်၍နေသည်။ ညနေ လေးငါးနာရီခန့်တွင်ကား သိသိသာသာ ပြင်းထန်၍ လာလေသည်။ သစ်ပင်အုန်းပင်များ သောသောအုတ်အုတ် လှုပ်ရှားသံအပြင် လေသံတဝီဝီကိုပါ ဆူညံစွာ ကြားလာရသည်။ ပင်လယ်ပြင်က ကြမ်းတမ်းခက်ထန်လာသည်။ လှိုင်းလုံးတွေ မြင့်မောက် ကြီးထွားလာသည်။ ခေါင်းချင်း ယှက်ထိုး တဝုန်းဝုန်း
ရိုက်ချိုးကာ ရေမြုပ် တစီစီ ထလာသည်။ ကောင်းကင်တစ်ခုလုံး အုံ့မည်းကာ မိုးပေါက်ကြီးများ ကျလာသည်။တဖြည်းဖြည်းနှင့် လေရော ရေပါ သွန်ကြဲတိုက်ခတ်သလို ဖြစ်လာသည်။

 တဲကလေး သွက်သွက်ခါ၍ နေသည်။ တဲခေါင် ဓနိမိုးက လေတွင် လွင့်ပါသွားတော့မလို လှုပ်ယမ်း၍ လာသည်။မိုးက အပေါ်တည့်တည့်မှချည်း ရွာသွန်းချနေသည်မဟုတ်။ စွေစောင်းရော၊ ဘေးတိုက်ပါ
တအားပက်ဖျန်းနေသည်။ ခေါင်နိမ့်နိမ့်လေး အုပ်ထားသည့်ကြားက တဲတွင်း ရှိသမျှ အဝတ်အစားတွေ သားရေအိတ်ထဲ ဖိသိပ် ထည့်သည်။ စောင်နှင့် ခေါင်းအုံးများကို ပုဆိုးနှင့်ပတ်၊ ပလတ်စတစ်နှင့် ထုပ်ကာ ကြိုးတစ်ချောင်းရှာ၍ ချည်ပြီး ကွပ်ပျစ်ခြေထောက်နှစ်ခုကြား ချထားလိုက်သည်။
အိုးခွက်ပန်းကန်နှင့် တိုလီမိုလီဘူးတွေ ခွက်တွေအားလုံး သိမ်းကျုံးကာ စားပွဲခုံ သဘောမျိုး သုံးသည့် ထင်းရူးပုံးကြီးထဲ ထည့်သည်။ အရေးကြီးသည်က ဆန်။ ဆန်ရေစိုလျှင် ခက်မည်။ သို့သော် ဆန်က စဉ့်အိုးများနှင့် ထည့်ထားတာ ဖြစ်၍ အဖုံး လုံနေလျှင် ပူစရာမလို။ စဉ့်အိုးကြီး တစ်လုံးကတော့ ဖွင့်မသုံးရသေးသဖြင့် ငါးဖမ်းအဖွဲ့သားတွေ စီမံပေးခဲ့သည့်အတိုင်း ပလတ်စတစ် ထူထူအုပ်ပြီး အိုးနှုတ်ခမ်းပတ်၍ ကြိုးစည်းလျက် လုံလုံခြုံခြုံ။ သုံးလက်စအိုးမှာ အပေါ်က ဝါးပတ်ခမောက် တစ်လုံးနှင့် အုပ်ထားသည်။ လေတိုးသည့်အခါ ခမောက်က အိုးပေါ်မှာ မငြိမ်နိုင်၊ ခဏခဏလိမ့်ကျနေသည်။

"သံလုံးရေ၊ ဆန်အိုးဖုံးတဲ့ ပလတ်စတစ်စ ဘယ်ရောက်နေလဲကွ”

ကိုသိန်း လှမ်းမေးသည်။ လေသံမိုးသံ ညံနေသဖြင့် သံလုံး မကြား။

“ဆန်အိုး ဖုံးတဲ့ ပလတ်စတစ် ဘယ်မှာလဲ”

ကိုသိန်း သံလုံး အနားကပ်ကာ အော်၍ မေးသည်။
သံလုံး ယောင်တိယောင်တောင် မျက်စိထဲ အမြဲ မြင်နေပါတယ်ဟု စဉ်းစားမိသည်။ နောက်တော့မှ
သတိရသည်။ တဲခေါင်နောက်ဖက် အနိမ့်ပိုင်း ဓနိမိုးကြားတွင် ခေါက်၍ ထိုးထားသော ပလတ်စတစ်နှင့်
ကြိုးထုံးကလေးကို သံလုံး ဆွဲထုတ်ယူလာပြီး ကိုသိန်းကို ပေးသည်။ နှစ်ယောက်သား ဆန်အိုးကို လုံခြုံအောင် ထုပ်ပိုးချည်နှောင်ကြသည်။ ထိုနောက် သောက်ရေအိုးကို စင်ကလေးပေါ်မှ ချကာ စဉ့်အိုးကြီး နှစ်အိုးအနီး သဲပြင်မှာ ကရွတ်ခွေနှင့် တင်။ ရေခွက်ကို အိုးထဲ နှစ်ပြီး အဖုံးဒန်ပြားကို တဲထောင့်ရှိ ကျောက်ခဲကြီး တစ်လုံးနှင့် ဖိထားလိုက်သည်။
ပြီးလျှင် လုပ်စရာ မရှိတော့။ တဲထဲ ထိုင်နေဖို့ပဲ ရှိသည်။ 

သို့သော် တဲကလည်း အပြင်းအထန်
လှုပ်ယမ်း၍နေချေသည်။ လူပင် လှုပ်လာ ယိုင်လာသည်။ တဲသာ မရှိလျှင် လူတွေပါ လေနှင့် လွင့်ပါသွားမလား ထင်ရသည်။ မိုးဒဏ်လေဒဏ် ခံနိုင်အောင်ဟူ၍ အထပ်ထပ် ချည်နှောင်ချုပ်လုပ်ထားခဲ့သော တဲခေါင်မိုးက လေပြင်းနောက် လိုက်ပါချင်သဖြင့် အတင်းအဓမ္မ ရုန်းကန်လျက် ရှိနေသည်။
လေသံက တိုးဝှေ့တိုက်ခတ်သံ သက်သက်မဟုတ်။ ဟစ်အော်ကြွေးကြော်နေသည့် အသံမျိုး။ လေထဲ
မိုးသီးမိုးပေါက်များ သိပ်သည်းပိတ်ဆို့ကာ အပြင်ဘက်ဆီသို့ မမြင်နိုင်ဘဲ ရှိသည်။ အလင်းရောင် နည်းနည်း ရှိသေးသဖြင့်သာ နေမဝင်သေးမှန်း သိရသည်။

"မီးခြစ်ကျောက်ထုပ် တွေ့လိုက်ရဲ့ လားကွ၊ မီးခြစ်ကျောက်"

ကိုသိန်း သံလုံးနားကပ်ကာ အရေးတကြီး သတိရလိုက်သည့်အရာကို မေးသည်။

“ထည့်ထားပြီ၊ ထည့်ထားပြီ”

သံလုံး ထင်းရှူးပုံးကို လက်ညှိုးညွှန်ကာ အော်၍ ဖြေသည်။မီးခြစ်က သူတို့အတွက် သေရေးရှင်ရေး ကိစ္စ၊ ဓာတ်မီးခြစ်နှစ်လုံး၊ မီးခြစ်ကျောက်၊ ဓာတ်ဆီ။ စိတ်ချရအောင် နှစ်ပုလင်းခွဲ ထည့်ထားသည်။ “မီးမရှိရင် မင်းတို့ သေလိမ့်မယ်” ဟု သတိပေးသွားကြသည်။ မှန်သည်။
မီးမရှိလျှင် ကမ္ဘာ့ဦးခေတ် ပြန်ရောက်သွားမည်။ မိမိတို့က ကမ္ဘာ့ဦးလူသား၏ ခွန်အား၊ သတ္တိနှင့်
မီးလွတ်စားသည့် အလေ့အကျင့်မျိုး ရှိသည်မဟုတ်။

နစ်ယောက်စလုံး သဲမြေပေါ်တွင် ဆန်အိုး ကိုယ်စီမှီလျက် ငုတ်တုတ် ထိုင်နေကြသည်။ ဒီပုံအတိုင်းဆိုလျှင် ဒီနေ့တော့ ထမင်းငတ်ပြီ။ သံလုံး တွေးမိသည်။ လေက ဘယ်လောက် တိုက်ဦးမည်မသိ။ တဲသာ လွင့်ပါသွားမည်ဆိုလျှင်တော့ ဘာနဲ့ ဘယ်လို ပြန်ဆောက်ပါ့မလဲ။ တစ်မိုးလုံး ဒုက္ခ။ အေးအေးဆေးဆေး ရွာမှာပဲ ၊အရက်ချက်ပြီး အကြွေးတွေ တဖြည်းဖြည်း ပြန်ဆပ်ရင် အရသား။ ပြီးတော့ ဖဲ ဆိုတာလည်း ရှုံးမဲ မမဲဘဲ
အလိမ္မာနှင့် ပိုင်းဖြတ်ပြီး ကစားမယ်ဆိုရင် ပြန်နိုင် နိုင်သည် မဟုတ်လား။ သံလုံး သည်လိုပဲ တွေးကာ ကျွန်းမှာနေဖို့ စိတ်ကူးမိခဲ့သည်ကို နောင်တရနေသည်။ သို့သော် ကြာကြာ မနေနိုင်။ တဲက သိမ့်ခနဲ၊ သိမ့်ခနဲ။လေက စူးစူးဝါးဝါး၊ ဟူးဟူးရားရား။ လေအော်သံ မိုးအော်သံများကြားမှာ တဲ၏ ညည်းတွားသံကိုပါ ကြားနေရသလို။ တဲကလေး ယိုင်ပြီး မြေမှာ ပြားသွားလေမည်လား။ တိုင်တွေပါ ကျွတ်ပြီး ပါသွားလေမည်လား စိုးရိမ် ထိတ်လန့် နေရသည်။

တစ်ဘက်သတ် တွန်းဖိနေသည့် လေပြင်းက ထပ်၍ အားစိုက်ကာ လူကိုပါ ဆောင့်တွန်းလိုက်သလို
ထင်ရသည်။ ကိုသိန်းအနီးရှိ ကွပ်ပျစ် ခြေထောက်ကို လှမ်းဖက်သည်။ သံလုံး သူ့အနား ရောက်လာပြီး သူ့လိုပဲ ကွပ်ပျစ်ခြေထောက် တစ်ချောင်းကို လာချိတ်သည်။ သူတို့ ကိုယ်ပေါ် မိုးရေတွေ တအား သွန်ချသလို ကျနေသည်။ သံလုံး ကိုသိန်း နား နားကပ်ပြီး အော်ပြောသည်။

"တဲခေါင်မိုး မရှိတော့ဘူး”

သူတို့ တဲက ခေါင်မိုးအပြင် တိုင်နှင့် တန်းသာ ရှိသည်။ ခေါင်မိုးက အဓိက။ သူပဲ အမိုး သူပဲ အကာဖြစ်သည်။ခေါင်မိုး မရှိလျှင် တဲ မရှိတော့သည်နှင့် အတူတူ။တဖြည်းဖြည်း ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးလာသည်။ အမှောင်ထုထက်မက ကြီးစိုးလွှမ်းမိုးနေသည်က အသံထု။ ငြီးငွေ့စရာ ပင်လယ်လှိုင်းသံမှ အပ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော ကျွန်းမှာ မပြီးဆုံးနိုင်သော ဧရာမ အသံလှိုင်းလုံး၏ နင်းကြိတ်ချေမှုန်းခြင်းကို ခံနေရသည်။ မိုးရေကလည်း အစက်အပေါက်လိုက် မဟုတ်။
ရေတံခွန်လို တပြင်တည်း တသွင်တည်း သွန်ကျနေသည်။ကိုယ့်လက် ကိုယ် မမြင်ရအောင် မည်းမှောင်သော မုန်တိုင်းည အမှောင်အောက်တွင် စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်မြည်တမ်းသံများနှင့် စစ်သားရာထောင်တို့ လှံစွပ်တိုက်ပွဲ ဆင်နွှဲနေသည့်နှယ် ကြောက်ခမန်းလိလိ ကြိမ်းမောင်းဟစ်ကြွေးသံများ တစ်လှည့်စီ တစ်ဖန်စီ ခြိမ်းခြောက်နေသည့် လေမုန်တိုင်းဒဏ် မိုးပေါက်မိုးခဲတို့၏ ကြမ်းတမ်းစွာ ရိုက်ပုတ်ခြင်း ဒဏ်များကို အားကိုးရာမဲ့စွာဖြင့် လည်စင်း၍ ခံကြရသည်။ သွေးရူးသွေးတန်း ပြေးစရာ နေရာလည်း မရှိ။ ဘာဆို ဘာတစ်ခုမှလည်း မမြင်ရ။ကွပ်ပျစ်ခြေထောက်ကို တင်းတင်းဖက်ကာ ဘုရားကိုသာ အကြိမ်ပေါင်း ထောင်သောင်းမက တ နေကြရသည်။

မပြီးနိုင် မဆုံးနိုင်။ မိုးက ဘယ်အခါမှ မလင်းတော့ဟု ထင်ရသည်။အမှောင်ထု ပိန်းပိတ်လျက်ပင် မုန်တိုင်း တဖြည်းဖြည်း စဲသွားသည်။ မိုးက မိုးပေါက်ကျဲကျဲ ခပ်ဖွဲဖွဲသာ ရွာတော့သည်။ အချိန်ကို ည သန်းခေါင်လား၊ အရုဏ်တက်ခါနီးလား၊ မမှန်းဆတတ်။ သံလုံးနှင့်ကိုသိန်း ကွပ်ပျစ်ခြေထောက် နှစ်ချောင်းကို တစ်ယောက် လက်တစ်ဖက်စီချိတ်၊ ကျန်နေသော လက်နှစ်ဖက်နှင့်
တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်ကာ ထိုင်နေမိကြတာ ကိုယ့်ဘာသာ သတိပြုမိကြသည်။

“စဲသွားတော့မယ်နဲ့ တူတယ်”

သံလုံးက ဆိုသည်။

"ဘုရားမလို့ စဲသွားပါစေဗျာ”

ကိုသိန်း သံလုံးကို ပြောသလို ဘုရားထံ ဆုတောင်းသလို ဆိုသည်။

မုန်တိုင်း တကယ်ပင် စဲသွားလေသည်။ သို့သော် ဘာမှ မမြင်ရအောင် မှောင်မိုက်နေဆဲ။ ဘယ်အချိန်
မနက်လင်းမည်ဟူ၍လည်း မသိနိုင်။ သံလုံးနှင့် ကိုသိန်း အဝတ်စိုများနှင့်ပင် ကွပ်ပျစ်တွေပေါ်
ဝမ်းလျားမှောက်ကာ စိတ်ပျက်အားလျော့စွာ ငြိမ်သက်၍နေရင်း အိပ်ပျော်သွားကြသည်။

                                * * * * *

နောက်တစ်နေ့ကား အကြီးအကျယ် အလုပ်လုပ်ရသော နေ့ ဖြစ်သည်။ မနက်အာရုဏ်ကျင်းသည်နှင့်
တပြိုင်နက် အိပ်ရာမှ ပြိုင်တူလိုလို နိုးလာကြပြီး ပတ်ဝန်းကျင်ကို ကြည့်ကြသည်။ ကျွန်းတစ်ခုလုံးကား မနေ့က ကမ္ဘာပျက်ခဲ့သည့် အဖြစ်ကို အထင်အရှား သက်သေထူလျက် ရှိသည်။ မူလက ကျွန်းအလှသည် ရုပ်ပျက်ဆင်းပျက် ဖြစ်လျက်ရှိသည်။ သဘာဝအလှတွေသည် အမှိုက်သရိုက်အဖြစ် ကူးပြောင်းခဲ့ပြီ။သဲသောင်ဖွေးဖွေးသည် သစ်ရွက်သစ်ခက် သစ်ကိုင်းကျိုးတို့ဖြင့် ညစ်ထေးလျက်ရှိသည်။ လေပြေတွင် အခက်အလက်တွေ ဝှေ့ယမ်းကာ ကျွန်း၏ အလှကို ဆောင်ခဲ့သည့် အုန်းပင်များမှာ မြေတွင် တုံးလုံးလဲလျက်ရှိကြသည်။ မလဲဘဲ တောင့်ခံနိုင်သူတို့သည်လည်း အလက်အကျိုးအကျဲနှင့် သနားစဖွယ် မြင်တွေ့ရသည်။ တောင်ဆီမှာလည်း သစ်ပင်ကြီးတွေ လဲပြိုကျလျက်။
ညက အုန်းပင် မပိ၊ သစ်ကိုင်းကျိုးများနှင့် မထိမရိုက်မိခဲ့ခြင်းမှာ အံ့သြဖွယ်ကောင်းလွန်းသည်။ ဘုရားမသည်ဟု ဆိုရလိမ့်မည်။ 

သူတို့တဲမှာလည်း ဒုက္ခသည်စခန်း ဖြစ်နေပြီ။ တိုင်ကျိုးကျဲကြားမှာ ကွပ်ပျစ်နှစ်ခု ချထားသည့်နှယ်။ စဉ့်အိုးကြီးငယ်များက အနေအထား မပျက်။ ထင်းရှူးပုံးက အတော်ဝေးဝေး ရွေ့သွားသည်။
ခေါင်းအုံးထုပ် မရှိတော့။ အပြေးအလွှား လိုက်ရှာကြသည်။ ကံအားလျော်စွာ ဝေးဝေးမရှာရ။ မလှမ်းမကမ်းက အုန်းပင်တစ်ပင်အောက်မှာ ပိ၍ နေသည်ကို တွေ့ရသည်။

"အင်း ဘာပစ္စည်းမှ ဆုံးရှုံးမှုမရှိလို့ တော်သေးတာပေါ့။ ဒါပေမယ့် တဲခေါင်မိုးက ပြဿနာ” 

ကိုသိန်း ဆိုသည်။

မှန်သည်။ တဲခေါင်မိုးကိစ္စက ပြဿနာ။ ခေါင်မိုးမရှိလျှင် တစ်မိုးတွင်းလုံး ဘယ်လိုနေကြမည်နည်း။
ပေါ့ပေါ့မဟုတ်။ သေရေးရှင်ရေးကိစ္စ။ မလှမ်းမကမ်းဆီတွင် မဖျက်ဘဲ ချန်ရစ်သော တံငါတဲနှစ်လုံးနှင့် ဘေးနားမှာ စုပုံထားသော ဓနိဟောင်းကလေး၊ ဝါးအတိုအစကလေးများ ရှိတာ သတိရကြသည်။အနည်းအကျဉ်း ကျန်မည်ဆိုလျှင် စပ်ဟပ်ဖာထေး ကြည့်၍ ရနိုင်မည်လား။ တဲဟောင်းတွေဆီ သူတို့ပြေးသွားကြသည်။

တဲကောင်းပင်လျှင် လွင့်ပါသွားပြီး ဆိုသည့်နောက် တဲဟောင်းက ဘယ်မှာ အစအန ကျန်ရစ်မည်နည်း။
ဓနိဟောင်းပုံမှ လွင့်စင်သော ဓနိမိုး တစ်ခုတစ်လေကိုကား ဟိုအောက် သည်အောက်မှာ ပိလျက် ညပ်လျက် တွေ့ရသည်။ နဂိုက အဟောင်း။ လေတိုက်၍ လွင့်စင်တော့ ဖွာလန်ကြဲ ဖြစ်ကုန်ကြသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ အားကိုးရမလား ဆိုသောသဘော။ အားကိုးစရာကား မမြင်။ ပျက်နေသော မျက်နှာကိုသာ မြင်ရသည်။

“ကဲ ဘယ့်နှယ်လုပ်ကြမလဲ၊ မိုးတွင်းကြီးမှာ အမိုးမရှိ အကာမရှိနဲ့ ဆိုရင်တော့ ဟင်း”

ကိုသိန်း သက်ပြင်းကြီး ချသည်။ မိုးတွေ လေတွေ ကြားမှာ။ ပြီး သည်လို မုန်တိုင်းမျိုး ထပ်တိုက်လျှင်
ဘယ်ချောင်မှာ တိုးဝှေ့ခိုကပ်နေမည်နည်း။ မတွေးဝံ့စရာ။ကိုသိန်း ထိတ်လန့်ဝမ်းနည်းကာ ငိုချင်လာသည်။ သံလုံး မျက်နှာကြည့်လိုက်တော့လည်း ဆီးရွက်လောက်သာ။ရုတ်တရက် လှိုဏ်ခေါင်းကို သတိရသည့်အခါ အလွန်ပင် ဝမ်းသာသွားသည်။

“ဟေ့ သံလုံးရေ၊ တို့ ဟိုတောင်ခြေရင်းက လိုဏ်ခေါင်းကြီး ရှိတာပဲကွ၊ အဲဒီမှာ နေရင် ဖြစ်နိုင်တယ်။ရှေးခေတ်က လူသားတွေ အဲဒီလိုပဲ နေကြတာပဲ”

“ဟာ ခင်ဗျား လိုဏ်ခေါင်းက ချုံတွေ စီးနေတာ၊ ဘယ်လောက် ကျယ်မှန်း နက်မှန်း မသိ၊ အထဲ ဘာကောင်ရှိလို့ ရှိမှန်းမသိ၊ ပြီးတော့ မတော် ပြိုပျက်ကျရင် ဘယ့်နှယ်လုပ်မလဲ၊ တစ်ခါတည်း မြုပ်ပြီးသား ဖြစ်နေမယ်”

“ဟာ မင်းကလဲ မဟုတ်တာကွာ၊ ရှေးနှစ်ပေါင်းများစွာက ရှိလာတဲ့ဟာ၊ ခုမှ ချက်ချင်း ဘယ်ပြိုပါ့မလဲ၊ အထဲ သတိနဲ့ ဝင်ကြည့်ပြီး နေလို့ ထိုင်လို့ ဖြစ်မယ့် အနေအထားဆိုရင် ရှင်းလင်းပြုပြင်ပြီး နေမယ်၊ နေလို့ မဖြစ်ရင်တော့လဲ မနေဘူးပေါ့။ မိုးလုံလေလုံဖို့က အရေးကြီးတယ် မဟုတ်လားကွ”

ကိုသိန်းက လိုဏ်ခေါင်းကို စိတ်ဝင်စားနေသည်။ သံလုံးက အကြောက်အကန်။

“ခင်ဗျား ဥစ္စာ အဓိပ္ပါယ်မရှိပါဘူးဗျာ၊ ကျွန်တော်တော့ အဲဒီလိုဏ်ခေါင်း ဆိုတာမျိုးထဲ မနေရဲဘူးဗျ။
သစ်ပင်အောက်သော်လဲ နေချင်နေရမယ်၊ တဲမိုးလို့ ရအောင် ကြံဖန်စဉ်းစားပါဦးဗျာ၊ ဝါးတွေ ခုတ်ပြီး
ဝါးကပ်လုပ်မိုးရင်ကောဗျာ၊ နေဦးဗျ၊ ဒီ အုန်းလက်တွေနဲ့ ဓနိမိုး လုပ်ရင် မရဘူးလား၊ ခင်ဗျား ဓနိမိုးထိုးတာ မြင်ဖူးတယ်မဟုတ်လား”

"မြင်ဖူးရုံ ဘယ်ကမလဲ၊ ငါ ထိုးတောင် ထိုးဖူးတယ်"

မှန်သည်။ သံလုံးသာ ပင်လယ်နားသားဖြစ်ပြီး ဓနိမိုး တစ်ခါမှ စမ်းမထိုးကြည့်ဘူးသော်လည်း ကိုသိန်းကတော့ ဓနိမိုး ထိုးသည့် အမျိုးသမီးတစ်သိုက်ကြားထဲ ဝင်ရောရင်း ဓနိမိုး ခပ်သွက်သွက်ကလေး
ထိုးတတ်လောက်အောင်အထိ စမ်းကြည့်ဖူးခဲ့သည်။ သို့သော် တဲတစ်ခုလုံး မိုးဖို့ဆိုသည်က မလွယ်။ ပြီး
အခုဟာက ဓနိမဟုတ်၊ အုန်းလက်။ တစ်ခြားစီ။ ဓနိကိုပင် အိမ်မိုးလုပ်ရန်အတွက် အဆင့်ဆင့်
ပြုပြင်ရသေးသည်။ သည်အုန်းရွက်နှင့် ဖြစ်နိုင်ပါ့မလား။ အလကား အချိန်ကုန် လူပန်း ဖြစ်မည်လား။
မတတ်နိုင်။ အခြေအနေအရ တစ်ခြားလုပ်စရာနည်းလမ်း မရှိဘူးဆိုလျှင် စမ်းကြည့်ရတော့မည်။

“တဲတစ်လုံး ပြီးအောင်ဆိုရင် ဘယ်နှစ်ရက် ဆက်ထိုးရမလဲ မသိဘူး၊ အေးလေ၊ မလုပ်မဖြစ်တဲ့ကိစ္စပဲ၊ တို့မှာ တခြားအလုပ်လဲ ရှိတာမှ မဟုတ်ဘဲ၊ ဒီတစ်နေ့ ပြီးသလောက် လုပ်ပြီး မိုးကြည့်ကြတာပေါ့ကွာ” 

ကိုသိန်းဆိုသည်။

“ကဲ ခုအချိန်က စပြီး လုပ်ကြမယ်၊ မင်းက ဝါးသွားခုတ်၊ ခေါင်အတွက် တန်းတွေ အတွက်ရော၊ ပြီးတော့ နှီးထိုးဖို့ ဝါးလည်း လိုသေးတယ်၊ ဖြည်းဖြည်းစီ သယ်ပေါ့။ ဒါနဲ့ မင်း နှီးရော ထိုးတတ်ရဲ့ လား”

"ဖြစ်ပါတယ်ဗျာ၊ ဒီလိုပဲ စမ်းထိုးကြည့်ရမှာပေါ့၊ မခက်ပါဘူး”

သံလုံး ဝါးတောရှိရာသို့ ဓားတစ်ချောင်းနှင့် ထွက်သွားသည်။ ကိုသိန်း သုံးစွဲလို့ရမည့် ဝါးလုံးအတိုအစများ လိုက်စုသည်။ ပြီး လဲကျနေသော အုန်းပင်များမှ အရွက်တွေ အရင်းက ဓားနှင့် လှီးပြီး ယူနေသည်။ အုန်းရွက်ပုံ တစ်ပုံရသည့်အခါ စောစောက ဝါးလုံးအတိုတွေ ခွဲခြမ်းကာ ဝါးခြမ်းစ ချောချောဖြစ်အောင် ဓါးနှင့် သပ်သည်။ဝါးခြမ်းစ ရှည်ရှည်မှာ အုန်းရွက်တွေကို အမျိုးမျိုး စီတွဲကြည့်ရင်း ကိုသိန်း စဉ်းစားသည်။ ဒီကောင် မိုးရွာရင် ခံနိုင်ပါ့မလား။ လေတိုက်ရင်၊ နေပူလို့ ခြောက်သွားရင်၊ ဝါးထရံ စိတ်စိတ်ရက်ပြီး အပေါ်က ဖိအုပ်ထား၊
ခိုင်ခိုင်မာမာ ချည်တုပ်ထားရင်တော့ ဖြစ်လိမ့်မည် ထင်သည်။ သည်လို စဉ်းစားတွေးတောရင်း လုပ်ကိုင်နေဆဲ အော်သံခေါ်သံ ကြားရသည်။

"ကိုသိန်းရေ၊ ဟေ့ ကိုသိန်း” 

သံလုံး အော်ခေါ်ပြီး ပြေးလာနေသည်။

ကိုသိန်း ထိတ်ခနဲ ဖြစ်သွားသည်။ ဘယ်လို ဘေးအန္တရာယ် တွေ့ လာပြန်လေပြီလဲ။

“တဲခေါင်မိုး ပြန်တွေ့ပြီဗျ၊ တဲခေါင်မိုး” 

သံလုံး ဗလုံးဗထွေး ပြောသည်။

“ဟေ တဲခေါင်မိုး ဟုတ်လား”

“ဟုတ်တယ်၊ တဲခေါင်မိုး တစ်ရွက် ဟိုတောင်စောင်းက ချုံထဲမှာ ညပ်နေတယ်။ ကျွန်တော်တို့ မစဉ်းစားမိလို့ဗျ။လေက ပင်လယ်ဘောက်ကနေ ကုန်းတွင်းဘက်တိုက်တာ၊ အုန်းပင်တွေ လဲပုံ ကြည့်ပါလား။ အတွင်းဘက် ခေါင်းထိုးပြီး လဲနေတာများတယ်။ တဲခေါင်မိုးလဲ လေနဲ့ လွင့်ပါပေမယ့် ဒီတောင်ကြီးတော့ ဘယ်ကျော်နိုင်မလဲဗျ"

သံလုံးက ရှင်းပြနေသည်။

နှစ်ယောက်သား တဲခေါင်မိုး တွေ့ခဲ့သည်ဆိုသော နေရာသို့ သွားကြသည်။ သံလုံးပြောသည့်အတိုင်း
နွယ်ပင်တွေ စီးနေသော သစ်ပင်အုပ်တစ်ခုမှာ ချိတ်လျက် တွေ့ရသည်။ ခေါင်မိုး တစ်ခြမ်း။ သူတို့တဲမှာ အဓိကက ရှေ့နောက်ပင်မ အမိုး နှစ်ခြမ်း။ ပြီးတော့ ဘေးက ကာသည့် အဖီမိုးလေး နှစ်ချပ်။ ဓနိမိုးကို
အပေါ်မှ မျက်ကွင်းထရံနှင့်အုပ် ဝါးလုံးတန်းနှင့် ချုပ်ပြီး အခိုင်အမာ ချည်နှောင်ထားခြင်း ဖြစ်၍
လေတိုက်သည့်အခါ အချပ်လိုက် လွင့်သွားခြင်းဖြစ်သည်။ နောက်ထပ် ကျန်တာတွေ တွေ့ ရနိုး
လိုက်ရှာကြသည်။ အနီးပါးနား မျှော်ခေါ်ကြည့်ကြသည်။ မတွေ့၊ မမြင်။ လူနှစ်ယောက် တောင်မြောက်ခွဲကာ တောင်ခြေရင်းတစ်လျှောက်၊ တောင်စောင်း တောင်ကြော တစ်လျှောက် လိုက်ရှာကြသည်။
တစ်ယောက်နှင့်တစ်ယောက် သိပ်အလှမ်းမဝေးသည့် အချိန်မှာပင် သံလုံး လှမ်းအော်ခေါ်သည်။ နောက်ထပ် အမိုး တစ်ခြမ်း။ နှစ်ယောက်လုံး အကြီးအကျယ် ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ရှာတဲ့ လက်စနဲ့ ဘေးအကာတွေပါ လိုက်ရှာကြည့်ကြမယ်ကွာ၊ ပြီးတော့မှပဲ ဒါတွေ သယ်ကြတာပေါ့”

ကိုသိန်းက ဆိုသည်။

တစ်နာရီခွဲ နှစ်နာရီခန့်သာ ကြာသွားသည်။ ကိုသိန်း မျက်စိသာ မူးနောက်လာသည်။ ဘေးအဖီအကာတွေ အရိပ်အယောင်မျှပင် မမြင်ရ။ တောင်ကိုပါ ကျော်၍ လွင့်သွားကြလေသလား။ ခေါင်မကြီးနှစ်ချပ်လို ခိုင်ခိုင်မာမာ မဟုတ်သဖြင့် အစိတ်စိတ်အမွှာမွှာ စုတ်ပြလွင့်စင်သွားကြလေသည်လား။ သံလုံးက ရှာတွေ့ပြီး သူ ဘာမျှ
မတွေ့သည့်အတွက်သာ ကြိုးစားပြီး လိုက်ရှာနေရသည်။ စိတ်မပါချင်တော့။ ပင်မ အမိုး နှစ်ချပ်ရပြီဆိုလျှင် ကျန်တာက သည်လိုပဲ ဖာထေး စပ်ဟပ်ပြီး လုပ်၍ရနိုင်သည်။ ဒါမှမဟုတ် မပျောက်မပျက်
ရှိဦးမည်ဆိုလျှင်လည်း နောက်ရက်တွေမှာ သွားရင်းလာရင်း တွေ့နိုင်သည်။ ကိုသိန်း ပထမ တဲခေါင်မိုး
တွေ့သည့်နေရာဘက် ပြန်လှည့်လာခဲ့သည်။
သံလုံးက သူ့အရင် ရောက်ကာ သစ်ပင်အောက်မှာ ငုတ်တုတ်။

“မတွေ့ဘူးလား” 

သံလုံးက လှမ်းမေးသည်။

“မတွေ့ပါဘူးကွာ၊ မင်းလဲ မတွေ့ဘူးပေါ့။ နေပါစေကွာ၊ နောက်တွေ့တဲ့အခါ တွေ့လိမ့်မယ်၊ ဒီအတိုင်း
လိုက်ရှာမယ်ဆိုရင် တစ်ကျွန်းလုံး ပတ်နေရလိမ့်မယ်၊ ရှိမှန်းမသိ၊ မရှိမှန်းမသိနဲ့၊ ပင်လယ်ထဲ လွင့်ပြီး ပါသွားတာ ဖြစ်ချင်ဖြစ်မယ်” 

ဆိုပြီး သံလုံးနံဘေး ဝင်ထိုင်သည်။

"ဒီဟာ နှစ်ခုရရင်ပဲ တို့ အတော်လေး ဟန်ကျသွားပါပြီ၊ ကျန်တာတော့ တို့ ဒီလိုပဲ ကြံဖန်စပ်ဟပ်ပြီး
လုပ်ကြတာပေါ့ကွာ”

“အင်း၊ ဒါကြီးတွေ တဲအထိ သည်ရမှာလဲ မသက်သာသေးဘူး” 

သံလုံးက ကြိုကြိုတင်တင် ညည်းသည်။

"ဘယ့်နှယ်လုပ်မလဲကွာ၊ ဘဝဆိုတာ ရုန်းကန်ခြင်းလို့ ဆိုတယ်မဟုတ်လား” ကိုသိန်းက ဇာတ်ထဲက စကားတွေ ကိုးကားပြီး ဆိုသည်။

ခဏဆက်ပြီး ထိုင်နေကြသေးသည်။ သည့်နောက်တော့ ကြာကြာထိုင်နေ၍မဖြစ်ဘူးဆိုတာ
ပြောစရာမလိုသော အခြေအနေမို့ နှစ်ယောက်သား ထကာ တဲခေါင်မိုးချပ်ကြီးကို မနိုင့်တနိုင် မကြ
သယ်ကြတော့သည်။

                                * * * * *

( တတိယပိုင်းဆက်ရန် )

#Typing_crd_ZawOo

No comments:

Post a Comment