#ကျွန်း
#ဖေမြင့်
လှေကလေး ကျွန်းနှင့် တဖြည်းဖြည်း ဝေး၍သွားသည်။ ပဲ့ချိတ်စက်မှ တချပ်ချပ် မြည်သံကို ကြားနေရသည်။လူလုံးကား မကွဲတော့။ လူနှင့်လှေတစ်သားတည်းဖြစ်လာသည်။ တောက်ပသော နေခြည်အောက် လှိုင်းဂယက်ကလေးများနှင့် ဖိတ်ဖိတ်လက်သော ပင်လယ်ရေပြင်၌ မည်းမည်းအချောင်း တစ်ခုလိုသာမြင်ရတော့သည်။ မည်းရာမှ မှုန်၊ မှုန်ရာမှ ဝါးသွားသည်။ ထို့နောက် စက်သံလည်းပျောက်၊ လှေလည်း ပျောက်သည်။
သည်လိုနှင့်ပင် ကျွန်းမှ နောက်ဆုံး ခွာသော လှေကလေးသည် လည်း တစ်ခြားသော ကမ္ဘာသို့
ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။ နောက်ထပ် ငါးလနီးပါးမျှသော ကာလအတွင်း ဤကျွန်းနှင့်
ပြင်ပကမ္ဘာ့အကြား စည်းခြားသွားခဲ့ပြီ။ အကူးအသန်း အသွားအလာ လုံးဝမရှိတော့။ သမုဒ္ဒရာ ရေအလယ်၌ တစ်ကျွန်းတည်း ထီးထီးမားမား သီးခြားကမ္ဘာ့အဖြစ် ကျန်ရစ်သည်။
သီးခြားကမ္ဘာ၌ လူနှစ်ယောက်။အုန်းပင်ငုတ်တို နှစ်ခုလို သောင်ပြင်ထက်၌ မလှုပ်မယှက် ပျောက်သွားသော လှေကို ပြန်မြင်ရနိုး၊ လှိုင်းကြား၊လှေကြားမှာ ဖွေကြည့်နေကြသည်။ မရှိတော့။ လုံးဝ ပျောက်သွားခဲ့ပြီ။
“သူငယ်ချင်း”
တစ်ယောက်က ခေါ်လိုက်သည်။ ပြီး တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ ပင်လယ်ပြင်ကို
ကျောခိုင်းလျက် ကျွန်းပေါ်သို့တက်လာသည်။ ရောက်စတုန်းက အလွန် ကြည်နူးစရာ သာယာလှပသည့် ကျွန်းကလေး၊ ယခုမူ သာယာကြည်နူးမှုကို မခံစားရ။ တိတ်ဆိတ်ခြောက်ကပ်ခြင်းကိုသာ တွေ့သိနေရသည်။မနက်ကအထိ လူသံသူသံ ညံနေခဲ့သော ကျွန်းကလေးမှာ ယခုတော့ သုသာန်တစ်စပြင်ပမာ ချောက်ချားစဖွယ်ငြိမ်သက်လျက်။ နှစ်ဦးသား တစ္ဆေခြောက်သော လမ်းကြားမှောင်မှောင်ကို ဖြတ်လျောက်လာရသည့် ကလေးငယ်များသဖွယ် တစ်ယောက်ပခုံး တစ်ယောက် တင်းတင်းဖက်ကာ တဲရှိရာသို့ ခပ်သုတ်သုတ် လှမ်းလာခဲ့ကြသည်။ သီချင်းအော်၍မဆို စကားလည်းမပြော၊ ပကတိ တိတ်ဆိတ်လျက်။
* * * * *
သည်လူနှစ်ယောက်။
ဝရမ်းပြေး မဟုတ်။ တစ်ကျွန်းကျနေသူတွေ မဟုတ်။ ကျွန်းပေါ်တင်ပြီး ပြစ်ဒဏ်ခတ်ခြင်းခံရသူတွေလည်းမဟုတ်။
တစ်ယောက်က မြန်မာလူမျိုး၊ နာမည် မောင်မောင်သိန်း။ ကိုမောင်မောင်သိန်း။ ကိုသိန်းဟုပဲ ခေါ်ကြသည်။အသက်လေးဆယ်ခန့်။ အရပ်တိုတို၊ အသား မဖြူမညို။ ဇာတိ အတိအကျ မသိရ။ မန္တလေးသားလိုလို၊ပုသိမ်ဇာတိလိုလို၊ ရေနံချောင်းရှိ ရေနံသူဌေးမျိုးရိုးက ဆင်းသက်လာသလိုလို။ တစ်ကြိမ်တစ်မျိုးပြောတတ်သည်။ ရခိုင်ကမ်းရိုးတန်းဒေသသို့ သူ ရောက်ရှိခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီ။ သူ ရောက်လာစဉ်က တစ်ယောက်တည်း မဟုတ်။ အဖွဲ့နှင့်။
ရွှေသိင်္ဂီဇာတ်အဖွဲ့။ သည်အဖွဲ့တွင် သူက မန်နေဂျာလိုလို၊ပြဇာတ်ဒါရိုက်တာလိုလို၊ အကျွေးအမွေးနှင့် ဇာတ်သူဇာတ်သားများ အရေးကိစ္စ တာဝန်ယူရသည့် ပုဂ္ဂိုလ်လိုလို။ဇာတ်ထဲမှာလည်း တစ်ခါတစ်ရံ တောက်တိုမည်ရ ဟိုတစ်ခန်း သည်တစ်ခန်းက ပါဝင်တတ်သေးသည်။
ကမ်းရိုးတန်းတစ်လျှောက် ကကြ ခုန်ကြရင်း ခေါင်းဆောင်မင်းသမီးက နယ်ခံ သူဌေးသားဆိုသူတစ်ယောက်နှင့် လိုက်ပြေးသည်။ သုံးလေးချီ ဆက်တိုက်ရှုံးသည့်အခါ ကြွေးပတ်လည်ဝိုင်းလာသော ကန်ထရိုက်တာက ဇာတ်အဖွဲ့ကို ပစ်ကာ ခြေရာဖျောက် ထွက်ပြေးသည်။ ရွှေသိင်္ဂီဇာတ်အဖွဲ့ပျက်သည့်အခါ ကိုယ့်နေရာဌာနသို့
မြန်မြန်ပြန်သူတွေလည်း ပြန်ကြသည်။ အချို့လည်း သည်နေရာမှာပင် ယောင်လည်လည်နှင့်
ခင်ရာမင်ရာလူများထံ ခိုကပ်ကာ ကြုံရာကျပမ်း အလုပ်လုပ်ကြရင်း တဖြည်းဖြည်း နောက်ရောက်လာသည့် ဇာတ်အဖွဲ့များနှင့် တစ်ယောက်ပြီးတစ်ယောက် ပြန်ပါသွားကြသည်။ ကိုသိန်းတစ်ယောက်သာ သည်နေရာမှာ ကျောက်ချတော့မည်ဟု ဆုံးဖြတ်ထား၍လား၊ ဇာတ်အဖွဲ့သားများထဲမှာ သူ့အတွက်နေရာ မရှိတော့၍လား မသိ။သည်နယ်တစ်ခွင်မှာပင် ရွာစဉ်နှံ့အောင် လှည့်၍ နေခဲ့သည်။
ဇာတ်ထဲက ထွက်လာ၍လားမသိ၊ အပြောကောင်းသည်။ သူ့စကားအတိုင်း မြန်မာပြည်တွင် သူ
မရောက်ဖူးသည့်နေရာ မရှိ၊ နာမည်ကျော် ပုဂ္ဂိုလ်မှန်သမျှ သူနှင့် တစ်နည်းနည်း မပတ်သက်သူ မရှိ။
သူ့အကြောင်း သူ့မိဘဆွေမျိုးများအကြောင်း ဆိုတာတွေလည်း ပြောလိုက်သည်မှာ လွမ်းလောက်စရာ။ဇာတ်လမ်းပမာ နားဆင်စရာ ဆိုသည်မျိုး။ နားထောင်၍တော့ အင်မတန် ကောင်းသည်။ တောသူတောင်သား ရွာသူရွာသားတွေ အလွန် သဘောကျကြသည်။ သို့သော် သူ့ဇာတ်လမ်းတွေက တစ်နေရာ တစ်မျိုး၊တစ်ခါတစ်မျိုးမို့ ဖြောင့်ဖြောင့်မှန်မှန်ကိုမှ ကြိုက်သည့် တချို့လူတွေက သဘောမကျကြ။ တစ်ချို့ဆိုလျှင် သူ့အား ခင်ဗျား လူလိမ်ပဲဟု မပြောရုံတမယ် ရိုင်းရိုင်းစိုင်းစိုင်း နိုင့်ထက်စီးနင်း ပြောဆိုဆက်ဆံချင်တတ်သည်။
သို့သော် သူက ဘယ်လို အနေအထားမျိုးမှာမဆို မျက်နှာပျက်သွားသည်ဟူ၍ မရှိ။ ရှက်ခြင်း ရွံ့ခြင်း၊
အားငယ်ခြင်း မရှိ။ ရဲရဲဝင် ရဲရဲထွက်။ ဘုပြောသောသူ၊ ဟောက်လွှတ်သောသူမျိုးကိုပင် နောက်ထပ် ဘာဆက်ပြောရမှန်း၊ ဘာဆက်လုပ်ရမှန်းမသိအောင်၊ အစ်ကိုရယ် အဘရယ်နှင့် အမျိုးမျိုး လှည့်ပတ်ချော့မော့ ပြောတတ်သူဖြစ်ရာ သူ့အတွက် သည်အရပ်မှာ နေရေးထိုင်ရေး အခက်အခဲ လုံးဝ မရှိခဲ့။ အလျဉ်းသင့်ရာ လူနှင့်အဖော်လိုက်သလို လူစိုက် အလုပ်စပ်တူလုပ်သလိုဖြင့် ငွေကလေးကြေးကလေး အိတ်ထဲမှာ အနည်းအကျဉ်း
ရှိသည့်အခါ ရှိ၊ မရှိသည့်အခါ မရှိ။ သို့သော် ထမင်းတစ်လုပ်အတွက်ကား နည်းနည်းလေးမှပင် ပူပင်စရာမလိုခဲ့။
ရပ်ရွာမှာ ဘုရားပွဲတို့ ရှင်ပြုပွဲတို့လို အလှူအတန်း ပွဲလမ်းသဘင်ရှိလျှင် သူက ဒိုးပတ်ဝိုင်းမှာ ကြီးကြပ်သူလိုလို၊ဘုန်းကြီးဝိုင်းမှာ ဝေယျာဝစ္စ လုပ်နေရသည့် ကပ္ပိယလိုလို၊ ဘုန်းကြီးကျောင်းသား ခေါင်းဆောင်လိုလို။
တစ်ခါတစ်လေ လှေခုတ်သမားတွေ လှေစပ်ကြသည့်နေရာမှာ သူက လှေခုတ်သမားအဖွဲ့၏ ထမင်းချက်လိုလို၊ဘယ်အရပ်က လှေကတော့ ဘယ်လို စပ်တာပဲ စသည်ဖြင့် အကြံဉာဏ်ပေးကာ အတိုင်ပင်ခံ ကျွမ်းကျင်သူလိုလို။
မသာအိမ်မှာ ဖြစ်ဖြစ်၊ သင်္ချိုင်းကုန်း ဇရပ်မှာဖြစ်ဖြစ် ဖဲဝိုင်းထောင်ကြတော့ သူက ဖဲဒိုင်ကိုင်သူ၏ လက်ထောက်လိုလို။
ကိုယ့်အသက်အရွယ်နှင့် အလုပ်အကိုင် တစ်ခုခုလုပ်ပြီး အိုးအိမ်အတည်တကျ ထူထောင်ပါလားဟု
စေတနာထားသူ မျက်စိနောက်သူ တစ်ယောက်ယောက်က ပြောလာလျှင်၊ သူ တစ်သက်လုံး ဘယ်တုန်းကမှ အလကား မနေခဲ့ဘူးသည့်အကြောင်း အစချီကာ ဟိုနယ်တကာမှာရော သည်နယ်မှာပါ သူ လုပ်ဖူးသည့် အလုပ်အကိုင်တွေ လက်ဆယ်ချောင်း ခြေဆယ်ချောင်းမက ကုန်အောင် ချိုးကာ ရေတွက်ပြပြီး သူ့ဘဝအကျိုးပေး မကောင်းလှပုံကို သနားစရာ ဖြစ်အောင် ပြောပြပါလေမည်။
မှန်သည်။ အလုပ်ကတော့ မျိုးစုံခဲ့ပြီ။ ယခု သည်ကျွန်းပေါ် စ ရောက်လာသည်မှာလည်း အပျော်သက်သက် ရောက်လာခြင်းမဟုတ်။ အလုပ်တာဝန်နှင့် ရောက်လာခြင်း ဖြစ်သည်။ သည်အလုပ်က သူ တစ်သက်လုံး မလုပ်ခဲ့ဘူးသည့်အလုပ်။ သူ စာရင်းချပြခဲ့ဖူးသည့် အလုပ်အကိုင် အမျိုးပေါင်း နှစ်ဆယ်ကျော်မှာ မပါသေးသည့်အလုပ်။ အလုပ်ခန့်အပ်သူ ပေးလိုက်သည့် ရာထူးအမည်အရ အလုပ်သင်တံငါသည် ဟူ၍။
နောက်တစ်ယောက်။
သံလုံးဟု ခေါ်ကြသည်။ ကျောင်းနာမည် မြတ်သာ။ သို့သော် မြတ်သာကို မသိ။ သံလုံးကိုပဲ သိကြသည်။
အသက် သုံးဆယ့်ငါးနှစ်ခန့်။ အရပ်ပျပ်ပျပ် အသားဖြူနီစပ်နှင့် အရက်သမားရုပ်ပေါက်သည်။ သံလုံး၏
ရာဇဝင်အူပေါက်ကိုကား သည်နေရာတွင် လူတိုင်း သိကြသည်။
ရခိုင် တောင်ပိုင်းသား ဇာတိဖြစ်သည်။ ကမ်းရိုးတန်းမှာ မွေး၍ ကမ်းရိုးတန်းမှာ ကြီးပြင်းသူဖြစ်သည်။ မိဘမျိုးရိုး သန့်သည်။ လူချမ်းသာဟု မဆိုနိုင်သော်လည်း ရိုးရိုးသားသား လုပ်ကိုင်စားလျက် ပြည့်စုံဖူလုံကြသူများ ဖြစ်သည်။ ဘိုးဘွားစဉ်ဆက် အုန်းခြံလုပ်ငန်းနှင့် တံငါလုပ်ငန်းကို ဒွန်တွဲလုပ်ကိုင်ခဲ့ကြသည်။ သံလုံးဖခင်မှာ ဆွေထဲမျိုးထဲတွင် ရှားရှားပါးပါး ပညာတတ်ဖြစ်၍ မူလတန်းကျောင်းအုပ်အထိ ဖြစ်ခဲ့သည်။ ဆရာကြီး ဖြစ်၍
ရပ်ရွာမှာ ဩဇာရှိသည်။ လူ ရိုသေသည်။ ဆရာကြီးမှာ သားသမီး နှစ်ယောက်ထွန်းကားသည်။ အကြီးက သမီး၊ထိုနောက် သမီးအောက် ဆယ်နှစ်ခြားပြီးမှ မွေးဖွားသည့်၊ သို့မဟုတ် အဖတ်တင်သည့် သားကလေးက သံလုံး။
သားကလေး သံလုံးကို မိဘနှစ်ပါး အလွန်ချစ်ကြသည်။ ရွာက အဖေ့ကျောင်းမှာ လေးတန်းအောင်တော့ မြို့ကျောင်းသို့ ပို့သည်။ မြို့မှာ ဈေးအနီး ဆိုင်ကြီးကနားကြီး ဖွင့်ထားသည့် အသိအိမ်တွင် အပ်နှံ၍ ကျောင်းထားသည်။ တောသားတစ်ယောက် မြို့လယ် အချက်အခြာ နေရာရောက်သည့်အခါ ဗဟုသုတ များစွာရသည်။ စာကောင်းကောင်း မတတ်သော်လည်း မြို့က ပညာကောင်းတွေ တတ်လာသည်။ တစ်ခါတစ်ခါ ရွာပြန်လာလျှင် ရွာက လူတွေ မျက်စိနောက်အောင် လုပ်တတ်လာသည်။ ဆရာကြီးသားဆိုတော့ သူကြီးသားနှင့် မခြား အရှိန်အဝါ ရှိသည်ဖြစ်ရာ ဘယ်သူကမျှ မကျေနပ်ကြောင်း အသံကျယ်ကျယ် မပြောဝံ့။
မိဘနှစ်ပါးကလည်း သားကလေးကို အပြစ်မမြင်။ မြို့သားနှင့် တူလာသည်၊ လူရည်လည်လာသည်ဟု
ဝမ်းတောင် သာချင်သည်။မြို့ကျောင်းမှာ ခုနှစ်နှစ်နေတော့ ကိုးတန်းအောင်သည်။ ရွာနှင့် မိုင်သုံးဆယ်လောက်သာ ဝေးသည့်မြို့ကလေးမှာ ကျောင်းထားခြင်းဖြစ်သော်လည်း သည်ခုနှစ်နှစ်အတွင်း မိဘများမှာ သူတစ်ပါးသားသမီး ရန်ကုန်ကောလိပ်ပို့သည်ထက်ပင် ငွေ ပိုကုန်သည်။ ငွေကုန်ကြေးကျများသည်ကို မနှစ်သက်သော်လည်း သားကလေး ပညာတတ်ဖို့ မြို့ပြမှာ လူရာဝင်ဖို့ဆိုတော့ မတွန့်တိုကြ၊ တစ်ခါတစ်ရံ သူတို့သား အသုံးအစားများတာကိုပင် ဂုဏ်ယူစရာ တစ်ခုလို ပြောချင်ဆိုချင်တတ်ကြသေးသည်။
ဆယ်တန်းတက်နေဆဲ မိဘလည်း မပြောမဆို သံလုံး စစ်တပ်ထဲ ဝင်သည်။ သူငယ်ချင်းအပေါင်းအသင်းများနှင့် အဖော်ကောင်း၍ ဝင်ခြင်း၊ စစ်သင်တန်းမတက်ရသေးမီ တပ်သားလောင်းတွေ စုရုံးထားတုန်း တပ်မှာရှိသည့် တချို့အလုပ်များ ဝင်လုပ်ရသည်။ အိမ်မှာ ဘာတစ်ခုမှ အပင်ပန်းမခံ ဘော်ကြော့နေလာသည့် အကောင်၊အစားအသောက်ဆိုလျှင်လည်း စည်းကမ်းမရှိ အိမ်ကို ညှာတာရကောင်းမှန်း မသိ၊ ကြက်ရိုက်စား ဘဲရိုက်စားနှင့် ထင်တိုင်းကြဲလာသူ၊ စည်းကမ်းနှင့် အကန့်အသတ်နှင့် နေရစားရသည့်အခါ မျက်နှာ ပျက်ချင်လာသည်။သင်တန်းတက်ရလျှင် ပင်ပန်းဦးမှာ တွေးပြီး ကြောက်လာသည်။ သူများ ဝင်လို့သာ ဝင်ရသည်၊ သတ္တိလည်း မရှိ၊ဗျတ္တိလည်း မရှိသည့်အကောင်ဆိုတော့ အခက်အခဲနှင့် တွေ့ဖို့ စရုံ ရှိသေး စိတ်ဓာတ်ကျလာသည်။
သည်တုန်းမှာ ကယ်တင်ရှင် ပေါ်လာသည်။ နောင် မသေမချင်း အကြိမ်ပေါင်းများစွာ ကယ်တင်ကြဦးမည့် ကျေးဇူးရှင် မိဘနှစ်ပါး။ ဒီသားလေး တစ်ယောက်ပဲ ရှိသည့်အကြောင်း၊ ပညာဆက်သင်
ပေးချင်သေးသည့်အကြောင်း စသည်များနှင့် တောင်းပန်ပြီး ပြန်ခေါ်ခွင့် တောင်းကြသည်။ တာဝန်ရှိသည့် ပုဂ္ဂိုလ်များက ပြန်လိုက်လိုလျှင် လိုက်နိုင်ကြောင်း ခွင့်ပြုသည့်အခါ ကိုယ့်လူက မိဘနှစ်ပါးကို သနားသဖြင့် မိမိဘဝ ရည်မှန်းချက်ကြီး တစ်ခုလုံး စွန့်လွှတ်ခဲ့ရသည့် ဟန်မျိုးဖြင့် ခပ်တင်းတင်း လိုက်ပါလာသည်။
ကျောင်းဆက်မနေတော့ပဲ အိမ်ပြန်ရောက်လာတော့ အရင်ကထက် နှစ်ဆတိုး၍ အလိုလိုက်ကြသည်။
သူကလည်း နှစ်ဆတိုး၍ အစွမ်းပြလေတော့သည်။ အိမ်မှာ အမြိုင့်သား ထိုင်စားရုံမက အမေ့ကိုပင်
ဟင်းချက်တာ အသုံးမကျဟူ၍ တစ်မျိုး၊ ဗဟုသုတ မရှိ ခေတ်ကို နားမလည်ဟူ၍ တစ်ဖုံ၊ အမျိုးမျိုး
ဆူပူကြိမ်းမောင်းသည်။ ဒူးယားစီးကရက် လက်ကြားညှပ်ကာ ရွာရိုးကိုးပေါက် လျှောက်သည်။ ရွာမှာ အရက်ပုန်းချက်သူများနှင့် အဖွဲ့ဖြစ်ကာ နေ့စဉ်နှင့် အမျှ ဆိုသလို အရက်ကလေး တမြမြ။ တစ်လော တစ်လော အမေ့ဆီက တောင်း၊ ဒါမှမဟုတ် အိပ်ခန်းထဲက သေတ္တာကို ခိုးဖွင့်ကာ ပိုက်ဆံကလေးတစ်ထပ် အိတ်ထဲ ထည့်ပြီး မြို့တက်သည်။
တစ်ည၌ သံလုံး မိန်းကလေး တစ်ယောက် ခိုးယူလာခဲ့သည်။ မြို့ပေါ်ရှိ လူကုံထံ တစ်ဦး၏ သမီး။ သံလုံးက တောသားဆိုပေမယ့် တောသူဌေးသားလို့ နာမည်ရသည်။ ဆံရှည်နှင့် ခေါင်းလောင်းဘောင်းဘီ ဂျင်းဘောင်းဘီ
ထည်လဲနှင့်၊ စီးကရက် တဖွားဖွား ဒူးယားနှင့်၊ အိတ်ထဲမှာလည်း ငွေနှင့် ကြေးနှင့်။ ပြီး မြို့ပေါ်က
ခပ်တေတေ ကောင်လေးတွေကြားမှာ ဝင်ဆန့်သူဆိုတော့ တစ်ချို့ ကောင်မလေးများက သဘောကျကြပုံရသည်။ သို့သော် လူကြီးမိဘများကတော့ တောသားလူဘော်ကြော့ကို အဘယ်မှာ သဘောကျမည်နည်း။
ဆွေမျိုးမိသင်္ဂဟထဲက ဩဇာတိက္ကမ ရှိသူများ ခေါ်ကာ သမီးကို ပြန်လာတောင်းသည်။ ထုံးစံအတိုင်း
တင့်တောင်းတင့်တယ် လာတောင်းပါဟု ဆိုသည်။ သမီးကို ပြန်ရသွားပြီးသည့်နောက်တွင်မူ
သည်လိုကောင်မျိုးနှင့် ပေးစားဖို့ တစ်သက်လုံး စိတ်မကူးသည့်အကြောင်း လူကြုံနှင့် ပြောလိုက်ကြသည်။မိန်းကလေး၏ မောင်များကလည်း သံလုံး မြို့တက်လာလျှင် အသေဟု ဓါးကြိမ်း ကြိမ်းသည်။
များမကြာမီ သံလုံး ခြေငြိမ်အောင် ဆို၍ မိဘများက တစ်ဘက်ရွာမှ မိန်းကလေး တစ်ယောက်နှင့်
အိမ်ထောင်ချပေးသည်။ မိန်းမရပြီးနောက် ခေတ္တမျှ ငြိမ်သလိုလို ရှိသည်။ ငါးဖမ်းပိုက်လှေနှင့် လိုက်သည်။အုန်းခင်း ကြည့်သည်။ သူများတကာနှင့် အဖော်လိုက်ကာ ရန်ကုန်အထိ လိုက်ပြီး အုန်းသားရောင်းသည်။ငါးခြောက်ရောင်းသည်။ အိမ်ကလည်း အလုပ်အကိုင် လုပ်တတ်ပါစေတော့ဟု ငွေနှင့် ကြေးနှင့် လွှတ်ပေးထားသည်။ သို့သော် ဇာတိက မပျောက်။ ငွေလေး ကြေးလေး ကိုင်ရတော့ ဖဲရိုက်သည်။သောက်စားသည်။ သည်လိုနှင့် တစ်ဘက်က အလုပ်ကလေး တစ်ခု ဟန်အောင် ပန်ဆောင် လုပ်ရင်း မိဘပစ္စည်း ဖြုန်းကောင်းနေစဉ်ပင် ဖခင်ဆရာကြီး ကွယ်လွန်သည်။
အဖေ့ကို သဂြိုလ်ပြီးသည့်နောက် သံလုံး ပထမဆုံးလုပ်သည့်ကိစ္စက အမွေခွဲခြင်း၊ အစ်မကြီးနှင့်
ယောက်ဖကြီးက ချစ်လည်းချစ် ကြောက်လည်းကြောက်ရသည့် မောင်လေးကို သည်လိုပဲ ဖြုန်းတီးပြီး ကုန်မည်မှန်း သိလျက်နှင့် သူ စိတ်တိုင်းကျ ခွဲဝေသည့်အတိုင်း ကျေနပ်စွာ လက်ခံလိုက်ကြသည်။
အမေဆိုတာကလည်း သူ့ကို တစ်ခွန်းတစ်ပါဒ ပြောဆိုဝံ့သည်မဟုတ်။
ကုဋေရှစ်ဆယ် သူဌေးသားလောက် များများ မရသဖြင့် သံလုံး၏ စည်းစိမ်တို့မှာ ကြာကြာမခံ။ ပေါင်လိုက်နှံလိုက်၊ ရောင်းလိုက် ချလိုက်။ အိမ်က မယားနှင့်လည်း ကြိမ်ဖန်များစွာ ကွဲသွားလိုက်၊ ပြန်ပေါင်းလိုက်။သည်လိုနှင့် ကလေးသုံးယောက် ရသည့်အချိန်တွင် သံလုံး အမွေရရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ အားလုံး သူတစ်ပါးလက်ဝယ်သို့ ရွှေ့ပြောင်းရောက်ရှိခဲ့ပြီ။ တောသူဌေးသား လူဘော်ကြော့ဘဝမှ၊ ပုဆိုးအဖာ ကျောဗလာနှင့် သူတစ်ပါး အုန်းခြံထဲတွင် တဲထိုး၍ နေရသည့် အုန်းခြံစောင့်လိုလို ဘဝမျိုးသို့ ရောက်ရှိခဲ့ပြီ။
အမေဖြစ်သူ ဆုံးခဲ့ပြီး အစ်မနှင့် ယောက်ဖလည်း အရင်းအနှီးပြုရန်၊ ကလေးဆေးကုရန်၊ ဆန်ဝယ်ရန် စသဖြင့် မကြာခဏ ပေးရဖန်များသောအခါ အိမ်နား အကပ် မခံလိုတော့ပြီ။သည်အချိန်မှာ သံလုံးဘဝ ပြန်လည် ထူထောင်ရေးအတွက် အားကြိုးမန်တက် လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းကား အရက်ချက်လုပ်ငန်း။
* * * * *
ကျွန်းနာမည်က အုန်းကျွန်းဟု ခေါ်သည်။
ရခိုင်ကမ်းရိုးတန်းရှိ အလှပဆုံး ကျွန်းများထဲမှာ တစ်ကျွန်းအပါအဝင်ဖြစ်သည်။ သို့သော် အခြားသော ကုန်းမြေများနှင့် အလှမ်းကွာသည်။ ကမ်းရိုးတန်းနှင့် မိုင်လေးဆယ်ကျော်အကွာမှာ အထီးတည်း တည်ရှိသည်။သူ့ ပတ်ပတ်လည် မိုးကုပ်စက်ဝိုင်းအဆုံးထိ မြင်ရသမျှမှာ ကုန်းမြေဟူ၍ မရှိ။သဘာဝ အုန်းတောစိမ်းစိမ်း၊ စိမ်းညိုသော တောင်တန်း၊ ဖြူလွလွ သဲသောင်ပြင်၊ မည်းနက်သော ကျောက်ဆောင်ကျောက်တန်းများနှင့် သာယာကြည်နူးဖွယ်။
သို့သော် အုန်းကျွန်းက အလှသက်သက် မဟုတ်။ ဆူး ရှိသည်။ ကျွန်းပတ်ပတ်လည်မှာ သောင်ခုံတွေ
ကျောက်တန်းတွေ ရှိသည်။ ကြည်လင်သော ရေ၌ ထွင်းဖောက်မြင်နေရသည့် ကျောက်ဆောင်များ၊
သန္တာကျောက်ခက်များသည် ရေပေါ် ရှပ်တိုက်ပြေးလာသော လှေဝမ်းကို ထိုးဖောက်တော့မယောင်
ထင်မှတ်ရသည်။ အလွန် ကျွမ်းကျင်သော လှေသမား၊ မော်တော်သမားများပင် ကျွန်းကို သတိကြီးစွာ ချဉ်းကပ်ရသည်။ ဒါသည်ပင်လျှင် လှိုင်းလေ အလွန်ငြိမ်သော နွေနှင့် ဆောင်းရာသီများမှာသာ ဖြစ်သည်။မိုးဦးမှသည် မိုးနှောင်းအထိ ငါးလနီးပါး ကာလ၌မူ ကျွန်းပေါ်သို့ တက်ရောက်ဖို့မှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။ ရေအောက်ကျောက်ဆောင်များနှင့် မှန်းဆ၍ မရနိုင်သော လှိုင်းလေသဘာဝက ကျွန်းပတ်လည်မှာ ထောင်ချောက်တွေ ဆင်ထားသလို ရှိသည်။ ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးနှင့် ချဉ်းကပ်လာသော လှေသမ္ဗာန်တွေ ပျက်စီးပေါင်းများလှပြီ။ ယခုအခါ၌ သည်ရာသီမျိုးမှာ ကျွန်းသို့ မည်သူမျှ မလာကြတော့။ သည်ကာလသည် ကျွန်းပိတ်သော ကာလ၊ ကမ္ဘာနှင့် လုံးဝ စည်းခြားပြတ်တောက်သောကာလဖြစ်သည်။
မိုးလေသာယာသော ဆောင်းနှင့် နွေကာလ အချို့ အချိန်များ၌မူ အုန်းကျွန်းမှာ အလွန်သာယာအေးချမ်းဘိသည်။ တံငါများအတွက် ခိုနား၍ ကောင်းလှသည့် ကွန်းထောက်စခန်းတစ်ခု ဖြစ်သည်။အုန်းကျွန်းတွင် စခန်းချကာ ပင်လယ်ကမ်းဝေး ငါးဖမ်းထွက်ကြသည်။ ပြီး ကျွန်းမှာပင် ငါးခွဲ၊ ငါးလှန်းနှင့် ကုန်ကြမ်းကို ကုန်ချောဖြစ်အောင် လုပ်ကြသည်။ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် ငါးလုပ်ငန်းစက်ရုံ သင်္ဘောကြီးတစ်စီးပမာပင်။ သည်အခါမျိုးတွင် အုန်းကျွန်းမှာ လူ အလွန်စည်သည်။တံငါသည် အုပ်စုများ၊ ငါးကုန်သည်များသာမက ကျွန်းပေါ်၌ ဆေးလိပ်၊ ကွမ်းယာ၊ မုန့်ပဲသားရေစာ ရောင်းသူ၊ထမင်းဟင်းရောင်းသူ၊ အရက်ရောင်းသူ၊ ဖဲဝိုင်းထောင်သူ၊ ကြက်တိုက်သူ၊ နယ်လှည့်ရုပ်ရှင်ပြသူပါ မကျန်အောင် လူမျိုးပေါင်း စုံညီစွာနှင့် စည်ကားနေတတ်ပေသည်။
ကိုသန်းအောင်တို့ ငါးဖမ်းအဖွဲ့နှင့်အတူ ကိုသိန်း သည် ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အုန်းကျွန်းမှာ စခန်းချပြီး ငါးဖမ်းကြမည်ဆိုသောအခါ ကျွန်တော်လဲ မရောက်ဖူးလို့ လိုက်ပါရစေဟု သူက ဆိုသည်။ကိုသန်းအောင်ကလည်း သူ့ အပြောအဆိုလေး သဘောကျသူ ဖြစ်၍ "လိုက်ချင်လိုက်ခဲ့လေ၊ ဝိုင်းလုပ် ဝိုင်းစား၊အများနည်းတူ ကိုယ်လုပ်နိုင်တာ ဝင်လုပ်ပေါ့၊ ပိုက်ဆံကြေးငွေလည်း ထိုင်သင့်သလောက်ပေးမယ်၊
အလုပ်သင်တံငါသည်ပေါ့ဗျာ” ဆိုပြီး ခေါ်ခဲ့သည်။ လူက ဘာတစ်ခုမှာသာ စွဲစွဲမြဲမြဲ မလုပ်ချင်၊ ဖင်တော့ အပေါ့သား၊ နေရာတကာ သူပါသည်။ စက်ဆရာက ဟိုဟာတပ် သည်ဟာဖြုတ်တော့လည်း သူက စက်ဆီပေပေနှင့်။ ထမင်းချက်ချိန်ကျလျှင်လည်း ဓားတစ်လက်နှင့် လှီးလျှက် ချွတ်လျှက်။ပိုက်ချပြီးဆိုတော့လည်း သူက ဟိုနားဝင်ကိုင် သည်နားကဝင်ဆွဲ။ သည်လူ ထထကြွကြွ အရှိသား။ ဘာဖြစ်လို့ရွာမှာ လတ်လျားလတ်လျား တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်သမား လုပ်နေပါလိမ့်ဟု ကိုသန်းအောင် အံ့ဩချင်သည်။
အုန်းကျွန်းပေါ် ရောက်ပြီး တဲစခန်းချကြ၊ ငါးဖမ်း ငါးခွဲ ငါးခြောက်လှမ်းကြနှင့် တကယ် အလုပ်များပြီးဆိုတော့မှ ကိုယ့်လူ တကယ်တမ်း လက်ကြောမတင်းသည်ကို သိရသည်။ ကိုသန်းအောင်ရှေ့ ရောက်လျှင်တော့ ဟန်ဆောင်ပန်ဆောင် ဟိုဟာလုပ်သယောင် သည်ဟာလုပ်သယောင်။ လစ်ပြီဆိုလျှင် တစ်ခြားငါးသမားတွေ စတည်းချသည့်နေရာများ သွားပြီး လေကန်လျှင် ကန်၊ ဖဲဝိုင်း ကြက်ဝိုင်းနား ရောက်လိုရောက်၊တစ်ယောက်ယောက်နှင့် အပေါင်းအသင်းဖြစ်ကာ အရက်ရောင်းသည့်တဲမှာ အချိန်ကြာချင်လည်း ကြာသွားတတ်သည်။ လက်စသတ်တော့ ကိုယ့်လူက လူပျင်းကိုးဟု ကိုသန်းအောင် မှတ်ချက်ချသည်။စိတ်တော့ မဆိုးပါ။ ခေါ်တုန်းကလည်း အလကား အပျော် ခေါ်လာခဲ့သည်ကိုး။
သံလုံး အုန်းကျွန်းပေါ် ရောက်လာသည်ကတော့ ကိုသိန်းလို အလုပ်သင်တံငါသည် သို့မဟုတ် တံငါအဖွဲ့က အရန်လူဘဝမျိုးဖြင့် မဟုတ်။ လုပ်ငန်းရှင်တစ်ယောက်အနေနှင့် ရောက်ရှိနေခြင်းဖြစ်သည်။
အရက်ချက်လုပ်ငန်းရှင်၊ အရက်ဆိုင်ပိုင်ရှင် တစ်ဦးတည်းပိုင် လုပ်ငန်းတော့မဟုတ်။ စပ်တူလုပ်ငန်း၊ ရွာမှာ အစဉ်အဆက် အရက်ပုန်းရောင်းလာသည့် ကိုဘိုးညွန့်နှင့် တစ်ယောက်တစ်ဝက် စပ်တူဖြစ်သည်။
ပင်လယ်တံငါဆိုသည်က အရက်ကို ရေသောက်သလို သောက်နိုင်သူတွေ များသည်ဖြစ်ရာ သံလုံးတို့အရက် လက်မလည်အောင် ရောင်းကောင်းလှသည်။ ရွာမှာထက် ဈေးပိုရသည်။ ပိုက်ဆံအစား ငါးနှင့်ရောင်းရသည့်အတွက် ပိုကိုက်သည်။ ကုန်ကြမ်းများ ပြတ်ခါနီးလျှင် ကြုံရာလှေနှင့် မှာလိုက်ရုံသာ။
ဒါမျိုးကျတော့ လှေသမားတိုင်းက ဂရုတစိုက် ကူညီတတ်သည်။ အုန်းကျွန်းမှာ အရက်ရောင်းကောင်းလှကြောင်း သတင်းကြားရပြီး သံလုံးထံက ပေးလိုက်သည့် ငါးခြောက် ငါးခြမ်းလေးများ စားရတော့ အမှတ်မရှိသည့်မိန်းမက အလွန်အားရချင်သည်။ ငါ့ယောကျာ်း သည်လုပ်ငန်းနှင့်မှ အကျိုးပေးတော့မည်လား အောက်မေ့သည်။
သို့သော် မိဘပစ္စည်း တစ်ပုံတစ်ပင်ကိုတောင် မကုန် ကုန်အောင် ဖြုန်းတီးလာသည့်အကောင်။ ။
အရက်ချက်ရောင်းကာမှ ကြီးပွားမည်ဆိုလျှင် ခက်ရချေမည်။ " အရက်ရောင်းတဲ့လူက ငါးသမားထက်တောင် စားသာသေးတယ်” ဟု ပြောကြ ဆိုကြဖန်များသည့်အခါ သံလုံး ဘဝင်မြင့်ချင်သည်။
အရက်ကလေးထွေထွေနှင့် စွာကျယ်စွာကျယ် လုပ်ချင်သည်။ ဖဲဝိုင်းနား ကပ်ချင်လာသည်။ သို့သော်
ရဲရဲတော့မဟုတ်။ သည်မှာ အရက်လာရောင်းဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ကြကတည်းက ကိုဘိုးညွန့်က ကတိတောင်းသည်။အုန်းကျွန်းမှာ ဖဲမရိုက်ပါ ဟူသော ကတိ။ စိတ်ချပါ၊ ကိုဘိုးညွန့် သေဆိုသေ ရှင်ဆိုရှင်၊ ကျွန်တော် ကတိပေးတယ်ဟု သံလုံး ရဲရဲဝံ့ဝံ့ ကတိပြုခဲ့သည်။ ကိုဘိုးညွန့်နှင့်ကျလျှင် ငယ်ကြောက်လိုလို ဖြစ်နေသည်တစ်ကြောင်း၊ သူနှင့် စပ်တူလုပ်သည့်လုပ်ငန်းလေး အောင်မြင်နေသည်ကို ထောက်၍ တစ်ကြောင်း သံလုံး ကတိမပျက်အောင် ကြိုးစားချုပ်တည်း၍ နေခဲ့သည်။ သို့သော် ပျက်စီးဖို့ အကြောင်းက ပေါ်လာခဲ့သည်။
ကျွန်းပေါ်မှာ စခန်းတွေ သိမ်းကြခါနီး ဆယ့်လေးငါးရက်အလို ကိုဘိုးညွန့်က ရွာမှာ သူ့ကလေးတစ်ယောက် အသည်းအသန်ဖြစ်နေသည် သတင်းရသဖြင့် အိမ်သို့ ကမန်းကတန်း ပြန်ပြေးသည်။ စုဆောင်းထားသည့် ငါးခြောက် ငါးခြမ်းတွေ ရွာသွားတုန်း တစ်ပါတည်း ယူသွားရန် စီစဉ်သော်လည်း လှေကြုံမှာ ဝန်မဆန့်တော့သဖြင့် အနည်းအကျဉ်းသာ ယူသွားနိုင်ခဲ့သည်။ ရွာမှာ ကြာကြာမနေ။ နှစ်ရက်နှင့် ပြန်လာသည်။သံလုံးကို သူ စိတ်မချသဖြင့် ကလေး သက်သာပြီဆိုသည်နှင့် တစ်ပြိုင်နက် အမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုနှစ်ရက်မှာပင် တက်တက်ပြောင်လေသည်။ ရှိပြီးသားတွေရော၊ နှစ်ဦးစပ် ရစရာရှိသည့်
အကြွေးများပါ အားလုံး ကုန်သည့်အပြင် ကြွေးပါတင်သည်။ တစ်ရာသီ လုပ်စာကို နှစ်ရက်နှင့် အပြတ်ရှင်းသည့်ဖဲရိုက်ပွဲတွင် သံလုံးဘက်က အကြံပေးအရာရှိလိုလို လက်ထောက်လိုလိုနှင့် ပါဝင်ခဲ့သူက ကိုသိန်း။ဖဲဝိုင်း သိမ်းသည့်ည၊ ကမ်းစပ်က ကျောက်ဆောင်တစ်ခုပေါ်မှာ ငါးကင်အမြည်းနှင့် အရက်သောက်ရင်း ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်သည်။ စခန်းသိမ်းပြီး အားလုံး ပြန်ကြသည့်အခါ သူတို့နှစ်ယောက် ကျွန်းမှာ
ကျန်နေရစ်ကြမည်ဟု။
အကြောင်းက ...
အုန်းကျွန်းသည် ရိုးရိုးကျန်းမဟုတ်။ သူ့မှာ ထူးခြားချက်တစ်ရပ် ရှိသည်။ဘင်္ဂလားပင်လယ်တွင် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ စီးဆင်းသော ပင်လယ်ရေစီးကြောင်းတစ်ခု ရှိသည်။ သည်ရေစီးကြောင်းသည် အုန်းကျွန်းကို ဦးတိုက်၍နေသည်။ သည်ရေစီးကြောင်း ရှိခြင်းကြောင့် ဘင်္ဂလားပင်လယ်တွင် သွားလာလျက်ရှိသည့် သင်္ဘောကြီးငယ်တို့မှ လွင့်ပါးကျသမျှ ပစ္စည်း၊လှိုင်းကြမ်းလေထန်ချိန်တွင် ဝန်ပေါ့စေရန်ဟူ၍ စွန့်ပစ်သမျှ ပစ္စည်းတို့သည် ရေအောက်သို့ နစ်မြုပ်ခြင်း သို့မဟုတ် ကြွေမွပျက်စီးခြင်းမရှိပါက အချိန်တန်လျှင် အုန်းကျွန်းသို့ လာ၍ ဆိုက်ကပ်စမြဲ ဖြစ်သည်။
အထူးသဖြင့်ကား မိုးဦးကာလ လှိုင်းလေပြင်းထန်၍ သင်္ဘောများမှ အသုံးအဆောင်ပစ္စည်းများ ဖိတ်စင်ကျဆုံးမှုများသည့် အချိန်၊ လှေသင်္ဘောများ နစ်မြုပ်ချိန်တို့တွင် အုန်းကျွန်းသောင်စပ်သို့ အမျိုးမျိုးအပြားပြားသော ပစ္စည်းများ ရောက်ရှိလာလေ့ရှိပေသည်။ ဤသည်မှာ ရှေးနှစ်ပရိစ္ဆေဒများစွာကပင် ရှိခဲ့သည့် အခြင်းအရာ ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်အတွင်း လှေသင်္ဘော အသွားအလာ တစ်နေ့တစ်ခြား တိုးပွားလာသည့်ကာလ၊ မိုးနှင့် မုန်တိုင်းကြားတွင် စွန့်စားကာ ကုန်စည်ကူးသန်းသူတို့ ပေါများလာသည့်ကာလ၌ အုန်းကျွန်းသို့ ရောက်ရှိလာသော ပစ္စည်းပစ္စယတို့၏ စာရင်းဇယားမှာ ပို၍
ရှည်လျားများပြားလာခဲ့ပေသည်။
မိုးကုန်၍ ဥတုရာသီ အနည်းငယ်သာပြီ ဆိုသည့်အချိန်တွင် အရဲစွန့်ပြီး အုန်းကျွန်းသို့ သူများထက် ဦးအောင် ကူးလာနိုင်သူသည် ကျွန်းသောင်စပ်တွင် တန်ဖိုးရှိ ပစ္စည်းပေါင်းများစွာ ကောက်ယူရရှိမြဲ ဖြစ်ရာ အုန်းကျွန်းနှင့်နီးသည့် ကမ်းရိုးတန်းဒေသမှ တံငါသည်များအတွက် အုန်းကျွန်းသို့ အစောဆုံး ရောက်ရှိရေးသည် နှစ်စဉ်ကျင်းပမြဲ ပြိုင်ပွဲတစ်ရပ်လို ဖြစ်နေသည်။
သို့သော် အုန်းကျွန်းပြိုင်ပွဲသည် ရိုးရိုးအားကစားပွဲ မဟုတ်။ အန္တရာယ် ပြွမ်းတီးသော ပြိုင်ပွဲ၊ စွန့်စားရသော ပွဲ၊ပြိုင်ဆိုင်ဝံ့သူ နည်းသော ပွဲ ဖြစ်သည်။
* * * * *
ပြီးခဲ့သော နှစ်နှစ်ခန့်ကမူ သူတကာထက် စွန့်စားသူ တစ်ဦး ပေါ်ပေါက်ခဲ့သည်။ တစ်ဦးတည်း မဟုတ်။
မိသားစုနှင့် ဖြစ်သည်။ ကမ်းရိုးတန်းရွာတစ်ရွာမှ လူငယ်တစ်ဦးသည် မိမိဇနီးနှင့် သားသမီးကိုပါ ခေါ်ကာ လှေငယ်တစ်စီးနှင့် အုန်းကျွန်းသို့ ရွက်လွှင့် လာခဲ့သည်။ အုန်းကျွန်းတွင် တဲထိုး၍ တစ်မိုးတွင်းလုံး
နေထိုင်သည်။ ရိက္ခာအဖြစ် ဆန်နှင့် ဆားသာ ပါသည်။ သို့သော် ငရုတ်၊ သခွား၊ ချဉ်ပေါင် စသည့်
ဟင်းသီးဟင်းရွက်မျိုးစေ့များကိုကား ယူဆောင်လာခဲ့သည်။ အုန်းကျွန်းမှာ မြေသြဇာ အလွန်ကောင်းသည်။သီးနှံပင်များ အလွန် ကြီးထွားရှင်သန်သည်။ မိသားစု စား၍ပင် မကုန်နိုင်။ ငါးဆိုသည်ကလည်း ပေါပါဘိခြင်း။ကမ်းနားမှာ ငါးများ၊ တဲနားက ငရုတ်၊ သခွားကို ခူးဆွတ်စားကာ တစ်နေ့ တစ်နေ့ ကျွန်းသို့ ပါလာသမျှ
ပစ္စည်းများကို တဲသို့ သယ်ယူကြသည်။ သူတစ်ပါးထံက လှေအို၊ လှေငယ်ကလေးကို ငှားရမ်းကာ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့နှင့် လာခဲ့ရသော မိသားစုသည် ကျွန်းအပြန်တွင် ငွေ ငါးသောင်းဖိုးမျှ ချမ်းသာသွားခဲ့သည်။
၎င်းမိသားစု၏အကြောင်းကို ကမ်းရိုးတန်းတစ်ခွင်တွင် ပုံပြင်ပမာ ပြောစမှတ်ပြုခဲ့ကြသည်။ အဓိက
စိတ်ဝင်စားကြသည့်အကြောင်းသည်ကား ကျွန်းတွင် ရရှိသည့် ပစ္စည်းအမျိုးအမည်များ၊ တန်ဖိုးက
မည်ရွေ့မည်မျှ၊ စသည်။ လူငယ်မိသားစုကား ဆင်းရဲသော်လည်း သတ္တိရှိသူများ ဖြစ်ပုံရသည်။ ညည်းတတ်၊ပြူတတ်သူများ မဟုတ်။ ကျွန်းမှာ ဒုက္ခရောက်ပုံ၊ နေရစားရ ခက်ပုံတွေ သိပ်မပြော။ ပစ္စည်းတွေ ရသည့်အခါ ဝမ်းသာကြပုံ၊ သီးနှံပင်များ အားရစရာကောင်းလှပုံတွေသာ အားရပါးရ ပြောတတ်သည်။ သို့သော် တစ်ခုတော့ဆိုသည်။ {ကလေးတွေနဲ့ ဆိုတော့ တစ်ခါတလေ သိပ်ဒုက္ခ ရောက်တယ်ဗျာ၊ နောက်တစ်ခေါက်တော့
မသွားတော့ပါဘူး} ဟူ၍။ သို့သော် သူတို့ အခက်အခဲကို မည်သူမျှ ခရေစေ့တွင်းကျ မေးမနေကြ။ အများစိတ်ဝင်စားသည်က နေ့ချင်း ညချင်း ချမ်းသာသွားခြင်းအကြောင်း။ ရွာမှာ သည်တုန်းက ငွေ ငါးသောင်းဆိုသည်က နည်းနည်းနောနော မဟုတ်။
နောက်နှစ်တွင် သူသွားမည် ငါသွားမည်နှင့် ဟန်ပြင်ကြသည်။ အဖော်ညှိကြသည်။ ကလေးတွေ မပါဘဲ
လင်မယားချည်း သွားမည်၊ ယောက်ျားချည်း သွားမည် စသဖြင့် တိုင်ပင်ကြ နှီးနှောကြသော်လည်း
လက်တွေ့တွင်ကား မည်သူမျှ မသွားဖြစ်ကြ။ လောဘကလေး တက်တုန်းသာ ပြောကြသည်။ တကယ်သွေးအေးအေးနှင့် စဉ်းစားကြည့်တော့ တစ်မိုးတွင်းလုံး ကျွန်းပေါ်မှာ ကိုယ်ချည်းသက်သက်။ မိုးနှင့် လေနှင့်။မုန်တိုင်းက ကြောက်ရသေး။ ဖျားတာ နာတာ၊ မတော်တဆ ထိခိုက်မိတာတွေအပြင် တခြား ကြိုတင်တွက်ဆမရသည့် ဘေးအန္တရာယ်များလည်း ပေါ်လာနိုင်သည်။ ပြီး ကျွန်းမှာ မြွေလည်း ပေါသည်ဟု ဆိုကြသည်။ သေသေချာချာ စဉ်းစားလိုက်တော့ မည်သူမျှ မသွားဖြစ်တော့။
သို့နှင့် နောက်ဆုံးတော့ ကျွန်းမှာ ဒုတိယမြောက် စွန့်စားသွားရောက် နေထိုင်မည့်သူများက ကိုသိန်းနှင့်သံလုံးတို့သာ ဖြစ်လာသည်။ တမင်တကာ သွားနေဖို့ မလိုတော့။ သူများတွေ ပြန်သည့်အခါ ကျန်ခဲ့ရုံသာ။
* * * * *
သံလုံးက အိမ်တစ်ခေါက်ပြန်ပြီး သားမယားကို နှုတ်ဆက်ချင်သေးသည်။ ကိုသိန်းက တားသည်။
“မင်း အိမ်ပြန်ရောက်ရင် စိတ်ပြောင်းသွားလိမ့်မယ်။
မိန်းမကလဲ မသွားနဲ့ ပြောမှာပဲ၊ မင်း တကယ်
ဆုံးဖြတ်ပြီဆိုရင်တော့ အိမ်ပြန်မနေနဲ့တော့"
ကိုသိန်းနှင့် သံလုံး ကျွန်းပေါ်မှာ ကျန်ရစ်မည့်အကြောင်း ကြေညာလိုက်သောအခါ “ဟကောင်တွေ၊ မင်းတို့ နေနိုင်ပါ့မလားကွ၊ ဖဲဝိုင်းမရှိ အရက်ဝိုင်းမရှိနဲ့” ဟု ဆိုသူက ဆိုသည်။ “အကြံကုန် ဂဠုန်ဆားချက်တဲ့အကောင်တွေ” ဟု ထောပနာသူက ထောပနာသည်။ “သတိဝိရိယနဲ့ နေတတ် ထိုင်တတ်ဖို့တော့ လိုတယ်နော်”ဟု စိုးရိမ်မကင်းဟန်ဖြင့် သတိပေးသူက ပေးသည်။ မည်သို့ ဆိုစေ တကယ်နေတော့မည် ဆိုသည့်အခါ၌ကား သံလုံးနှင့် ကိုသိန်းတို့ ချက်ချင်းလက်ငင်းဆိုသလို ကာလတန်ဖိုး တက်သွားကြလေသည်။ သိန်းဆုပေါက်သည့်
ထီလက်မှတ် ကိုင်ဆောင်ထားသူလို ချေးချင်တိုင်း ချေး၊ ငှားချင်တိုင်း ငှားနိုင်သည့် အခွင့်အာဏာ
ရရှိသွားကြသည်။
ဘာပစ္စည်းရလျှင် ငါ့ကို ရောင်းပါ ဆိုသူက ဆိုသည်။ ရသမျှ ပစ္စည်း ချုပ်ပြီး ဝယ်ချင်သူက ရှိသေးသည်။လူစွမ်းကောင်းနှစ်ယောက် သို့မဟုတ် ငဠုန်နှစ်ယောက်အတွက် တစ်မိုးစာ လိုအပ်မည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို စာရင်းပြုစုကြသည်။ ရွာမှာ ကုန်စုံဆိုင်ရောင်းသူ ငါးကုန်သည်တစ်ဦးက လိုအပ်သမျှ ပစ္စည်းအားလုံး သူတစ်ဦးတည်း အကြွေးစာရင်းမှတ်ပြီး တာဝန်ယူလိုက်သည်။ သူတို့ နေရန်အတွက် တဲတစ်လုံး ဝိုင်းထိုးပေးကြသည်။ တဲက မြေစိုက်၊ အမိုးနိမ့်နိမ့်နှင့်။ အိပ်စရာ နေစရာ တစ်ဘက် ဝါးကွပ်ပျစ်ကလေး တစ်လုံးစီ။ လေကွယ်မိုးကွယ်အတွက် ခြေရင်းခေါင်းရင်းနှင့် ဘေးတစ်ဘက်မှာ ခပ်နိမ့်နိမ့်
အကာအရံလေးတွေပါ လုပ်ပေးထားသည်။ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်များလည်း ချွေချွေတာတာ တစ်မိုးစာလောက်အောင် ထည့်သိုပြီး တဲထဲမှာ သူ့အိုး သူ့ခွက်နှင့် စနစ်တကျ နေရာချပေးကြသည်။ဘယ်ပစ္စည်း ဘယ်လိုထား၊ ဘယ်လိုသို၊ မီးကိစ္စ၊ ရေကိစ္စ၊ ထင်းကိစ္စ ဘယ်လို သတိဝိရိယနှင့် ဆောင်ရွက်ရန် စသဖြင့် ဂရုတစိုက် မှာကြားကြသည်။
သည်လိုနှင့် အုန်းကျွန်းမှာ သူတို့ နှစ်ယောက် ကျန်နေဖြစ်ခဲ့လေသည်။ ကျွန်းတစ်ကျွန်းလုံးမှာ နှစ်ယောက်တည်း။ သို့သော် ကလေး မဟုတ်။ မိန်းမ မဟုတ်။ ကျားကျားလျားလျား ယောက်ျားကြီးများ။ပြီး လိုအပ်သမျှ အစစ ပြည့်စုံအောင် ကြိုတင်ပြင်ဆင်ပြီးသူများ။
ပထမ ဆယ့်သုံးရက်လုံးလုံးကား ထမင်းချက်လိုက်၊ ငါးမျှားလိုက်၊ တစ်ခါတစ်ရံ ကျွန်းပတ်ပြီး
လမ်းလျှောက်လိုက်၊ ကျွန်းလယ် တောင်ပေါ်တွေ တက်လိုက်နှင့် အချိန်ကုန်သည်။ ထူးထူးခြားခြား
မည်မည်ရရအကြောင်း တစ်စုံတစ်ရာမရှိ။ တန်ဖိုးကြီးသည့် ပစ္စည်းပစ္စယ ဟူ၍လည်း ဘာတစ်ခုမှ မရကြသေး။ပျင်းရိ ငြီးငွေ့စရာကောင်းလှသည်။ သို့သော် နေကာစရှိသေးသည်ဖြစ်၍ ပျင်းသည်ဟုကား မည်သူမျှ မညည်းကြ။
ဆယ့်လေးရက်မြောက်နေ့တွင် အပျင်းပြေစရာ လာချေသည်။
* * * * *
( ဒုတိယပိုင်းဆက်ရန် )⬇️⬇️⬇️
No comments:
Post a Comment