Saturday, 6 June 2020

ပထမဦးဆုံးနှစ်ခု #လင်္ကာရည်ကျော်

#ပထမဦးဆုံးနှစ်ခု

#လင်္ကာရည်ကျော်

                                  ( ၁ )

၁၉၈၅ ခုနှစ်။ မိုးအကုန် ဆောင်းအကူး။
ရန်ကုန် အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီး (ထိုစဉ်ကအခေါ် ဂန္ဒီဆေးရုံ)ကလေး ကုသဆောင် တာဝန်ကျ ဆရာဝန်အခန်း။

အချိန်က ည ၈ နာရီ။
အလုပ်သင် ဆရာဝန်ကလေး မောင်ရဲ လူနာပါးတုန်း၊ အလုပ်ပါးတုန်း အိပ်ထားမည် စိတ်မကူးနိုင်အား။ စာရေးစားပွဲကလေးမှာ ထိုင်၍ ရှေ့မှာ ဖွင့်ချထားသော ဗလာ စာအုပ် အလွတ်ကလေးကို
ငေးကြည့်နေမိသည်။

တကယ်တော့ မောင်ရဲက အလယ်တန်းကျောင်းသား ဘဝကတည်းက စာရေးဆရာရူးပါ။ ဆေးတက္ကသိုလ် တက်ဖြစ်ဖို့ဆိုတာ စိတ်ကူးထဲမှာ
တစ်ခါမှ မရှိခဲ့။ ဆရာဝန်ပညာကို ဝါသနာ ပါဖို့ ရာ ဝေလာဝေး။

အလယ်တန်း ကျောင်းသား၊ အထက်တန်းကျောင်းသား ဘဝကတည်းက ပညာ သာမန် အဆင့်သာရှိသော မောင်ရဲကို ဘယ်သူကမှလည်း
ဆေးတက္ကသိုလ် ဝင်အောင် လုပ်ဟု တွန်းအား မပေးခဲ့ကြ။နတ်ကြီးသော ဆယ်တန်းကို ကြောက်ကြောက်နှင့် ရေးနေကျ ကဗျာတွေ၊ စာတွေ တွန်းဖယ်၍ စာကျက်ရာမှ ဆေးတက္ကသိုလ် ဝင်မှတ်က 
မီသွားခဲ့သည်။ ဘာမှလည်း ချီတုံချတုံ လုပ်နေခွင့်မရှိ၊ အဖေ့အမျိုးထဲရော အမေ့အမျိုးထဲမှာပါ ဆရာဝန်တစ်ယောက်မှ မရှိသည့် မောင်ရဲ
အတွက် ဆေးတက္ကသိုလ်တက်ဖို့ စီရင်ချက်က ကျပြီးသား ဖြစ်လေသည်။

ယောင်ချာချာနှင့် ဆေးကျောင်းသား ဖြစ်လာသည့် မောင်ရဲကလည်း မတော်နိုင်ခဲ့ပါ။ ဆရာတွေ ဆူတာ၊ ဆဲတာ ခံရင်း စာမေးပွဲ တစ်နှစ်တစ်တန်း တစ်ကြိမ်တည်း အောင်ရုံမျှ တောင့်ထားရင်းက စာရူးပေရူးဘဝမှာ ဆက်လက် ကျင်လည် နေခဲ့သည်။ ဆေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်းကော်မတီမှာ လှုပ်ရှားရင်း စာတိုပေစကလေးတွေ ရေးရင်း စာရေးဆရာ
မဖြစ်တစ်ဖြစ် ဘဝမှာသာ ပျော်နေခဲ့သည်။

ဘဝတစ်ဆစ်ချိုး အပြောင်းအလဲက နောက်ဆုံးနှစ် အပိုင်း (ခ)မှာပါ။ ယခု မောင်ရဲ တာဝန်ကျနေသော အဆောင်တွင်ပင် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းအောင်နှင့် စာသင်ခွင့် ရခဲ့သည်။
စေတနာ၊ ပညာ၊ ဇွဲ၊ စွမ်းရည်။စိတ်ကူးယဉ်ပြီး ရေးဖွဲ့၍ မရနိုင်လောက်သော ထူးချွန်သူတို့၏ပုံပန်း သဏ္ဌာန်ကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခဲ့သည်။

အဲသည့် ရှေ့ပိုင်းတုန်းကတော့ နာဂတောင်တန်းမှာ သက်စွန့်ဆံဖျား လှည့်လည်သွားလာရင်း နေ့မအိပ်၊ ညမအိပ် ဓားတစ်လက်ဖြင့် လည်ပင်းကြီးရောဂါသည်များကို တန်းစီ ခွဲစိတ်ပေးနေခဲ့သည့် မြန်မာမှာသာမက ကမ္ဘာ့သတင်းများ အထိတိုင် ပျံ့နှံ့ ထင်ရှားနေသော ဆရာဝန်ကြီး ဒေါက်တာ သိန်းလှိုင် (နာဂ) ကို အဝေးမှ သတင်းကြားဖြင့် လေးစားအားကျ နေခဲ့သော်လည်း “နာဂသိန်းလှိုင်” လို ခွဲစိတ်တာတော်ဖို့ စိတ်ကူးမယဉ်ရဲသည့် ဆေးကျောင်းသားလေး “မောင်ရဲ” စာရူးပေရူးဘဝကို မစွန့်လွှတ်ခဲ့ပါ၊ တစ်နေ့နေ့မှာ “နာဂသိန်းလှိုင်' ၏ ဇွဲ၊ သတ္တိနှင့် စိတ်
စေတနာတို့ကို အရင်းခံ၍ ဝတ္ထုရှည်တစ်ပုဒ် ရေးလိုက်ဦးမည်ဟု စိတ်ကူးယဉ်ရုံမျှသာ။

ဒေါက်တာ သိန်းအောင်ကို တွေ့လိုက်ရတော့ မောင်ရဲ
စိတ်ကူးတစ်ခု ရသွားပြန်သည်။ “ကလေးအထူးကုဆရာဝန် ဖြစ်ချင်သည့်စိတ်" ဒါလည်း တော်တော် စိတ်ကူးယဉ်ဆန်သည့် ရည်မှန်းချက်ပါ။ ဆရာ့လို
တော်ဝင်သမားတော်ဘွဲ့ အင်္ဂလန် သွားယူဖို့ဆိုတာ ပြောကြည့်ရုံနှင့်ပင် ကိုယ့်အကြောင်း သိသူတွေက ဝိုင်းဟားမည့် ကိစ္စ။

ဘာပဲဖြစ်ဖြစ် ရေးလက်စစာတွေ ခဏတွန်းဖယ်၍ မောင်ရဲ ပညာ ပြန်ကြိုးစားခဲ့သည်။ နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲကို ယခင်နှစ်များနှင့်မတူ ထူးချွန်စွာ အောင်မြင်သည်။ ဆရာ မြောက်ဥက္ကလာပဆေးရုံကြီးကို ပြောင်းရွှေ့သွားပြီဆိုတာ သိလျက်နှင့်ပင် ဆရာ သူ့ကို စစာသင်ပေးခဲ့သည့်နေရာ ရန်ကုန် အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီး၊
ကလေးကုသဆောင်သို့ တောင်းယူ တာဝန် ထမ်းဆောင်ခဲ့သည်။ဒီမှာက ကလေးဆေးရုံကြီးလောက် လူနာမများ၊ အဓိကအားဖြင့် သာကေတက လူနာတွေသာ များသည်။ (ဒဂုံမြို့သစ် မပေါ်သေးပါ) ည
တာဝန် ချထားရာတွင် အလုပ်သင်ဆရာဝန် တစ်ယောက်၊ သူနာပြုဆရာမ တစ်ယောက်သာ ချထားသည်။ လက်ထောက်ဆရာဝန်က လိုမှ အိမ်
သွားခေါ်ရသည်။များသောအားဖြင့် လူနာ တစ်ယောက်နှင့် တစ်ယောက်ကြား တစ်နာရီလောက် နားချိန်ရတတ်သဖြင့် တာဝန်ကျ ဆရာဝန်အခန်းထဲမှာ
လာထိုင်နေချိန် ရသည်။ အိပ်လိုက် ပြန်ထလိုက်လည်း မလုပ်တတ်သဖြင့် ငယ်စဉ်ကတည်းက ရည်ရွယ်ရင်း ရှိခဲ့သော ဝတ္ထုရှည်ကို စရေးမည်ဟု
စိတ်ကူးကာ ဗလာစာအုပ် အလွတ်ကလေး ယူလာခဲ့မိသည်။ခေါင်းစဉ်ကလေးတွေ ရေးထားပြီးခဲ့ပြီ။ “အရုပ်ပန်း” တဲ့။

ကိုယ့်အဖို့ပဲ ကိုယ်သိတတ်သည့် ဆေးကျောင်းသားကလေး တစ်ဦး အသည်းကွဲရာက ‘နာဂသိန်းလှိုင်” လို နယ်စွန်နယ်ဖျား အနစ်နာခံ သွားရောက်ဆေးကုသည့် ဆရာဝန်တစ်ဦးအဖြစ် ပြောင်းလဲသွားပုံကို ဒင်္ဂါးပြားမှ “အရုပ်” ဘက်နှင့် “ပန်း” ဘက်တို့နှင့် တင်စားမည်ပေါ့။တကယ် ချရေးမည် ကြံစည်တော့ အတွေးတွေ ရှုပ်ယှက်ခတ်လာသည်။ စာရေးဆရာဖြစ်ဖို့ လမ်းစက မမြင်ရသေး။ ဆရာဝန် ပီပီပြင်ပြင်
ဖြစ်ဖို့ကလည်း တော်တော် ကြိုးစားရဦးမည်။ ဘယ်ဟာကို အရင်လုပ်ရ မှာလဲပေါ့။အဲဒီလို အချိန်မှာ တံခါးခေါက်သံ ပေါ်လာသည်။

                                     (၂ )

“သာကေတကပဲ ဆရာ၊ အေးစက်နေပြီ"

ဟုတ်ပါရဲ့။
သုံးနှစ် မပြည့်သေးသည့် သမီးငယ်ကလေး နာမည်က အေမာဝင်း။အေးမာဝင်းလားဟုပင် မေးမိသေးသည်။ မဟုတ်။ အေမာဝင်းတဲ့၊ခပ်ဆန်းဆန်း။

အထက်လှန် အောက်လျှောရောဂါနှင့် ရောက်လာသည်။
ရေဓာတ် ခန်းခြောက်မှု အဆင့်သုံး။
လက်ဖျား ခြေဖျားတွေ ရေခဲလို အေးစက်ပြီး ကလေးက မှိန်းနေသည်။ ပါလာသည့် အမေနှင့် အဒေါ်လည်း မျက်ရည် လည်ရွဲနှင့်
ကယောင်ချောက်များ ဖြစ်နေကြသည်။
သူနာပြု ဆရာမကြီးကတော့ အတွေ့အကြုံ ရှိသူပီပီ အကြောဆေး ကမန်းကတန်း သွင်းဖို့ တိုင်တစ်ချောင်း ပြေးယူ၍ ပုလင်းတစ်လုံး ချိတ်နေသည်။

အသက် (၂၃) နှစ် အရွယ် အတွေ့အကြုံ လေးလသာ ရှိသေးသည့် အလုပ်သင် ဆရာဝန် မောင်ရဲကတော့ သူပါ ခြေဖျားလက်ဖျားတွေ အေးစက်ချင်လာသည်။

ကလေးဆောင် ရောက်တော့ တစ်လ၊ သူ့လက်ထဲမှာ ကလေး တစ်ယောက်မှ မသေဖူးသေး။ အေမာဝင်းက ပထမဦးဆုံးများ ဖြစ်သွားမှာလား။

“ကဲ သွင်းကြတာပေါ့ဗျာ၊ ဘတ်တာဖလိုင်း သစ်သစ်ကလေးတစ်လုံး ရရင်တော့ ကောင်းမယ်"

သူနာပြု ဆရာမကြီးဘက် လှည့်ပြောလိုက်သည်။ ဘတ်တာဖလိုင်းဆိုတာက ကလေးအကြောဆေးသွင်းသည့် အပ်တန်းလန်း ပိုက်ပျော့ကလေးတွေကို ပြောတာပါ။ ထိုစဉ်က ကင်နျူလာခေါ်  ပလတ်စတစ်ပိုက်များ မရှိသေး။ အပ်ပင်လျှင် အကြိမ်ကြိမ် ပြန်ပြုတ် သုံးနေရခိုက် ဖြစ်သည်။ သစ်သစ်ကလေး ဆိုတာက ပြန်ပြုတ်တာ အကြိမ် သိပ်မများသေးသော အပ်ကို ဆိုလိုပါသည်။ ပြုတ်တာ များလျှင်ပင် အပ်ကတုံးသည်။ အေးစက်နေသော ကလေး၏ အကြောကို ဝင်အောင်ထိုးနိုင်ဖို့ သိပ်မလွယ်ပါ။ .

“ရှာပေးမယ် ဆရာရေ"

သူနာပြုဆရာမကြီးက အေးဆေးတည်ငြိမ်စွာ ဖြေသည်။

                                    ( ၃ )

မလွယ်မလွယ်။
ကလေးက သွေးပေါင်ချိန် တိုင်းမရအောင် ကျဆင်းနေသဖြင့် အကြောတွေအားလုံး ပြားကပ်နေသည်။ လက်နှစ်ချောင်း ခြေနှစ်ချောင်းစလုံးကို မောင်ရဲတစ်လှည့်၊ ဆရာမကြီးတစ်လှည့် ချွေးဒီးဒီးကျအောင် ထိုးကြသော်လည်း နာရီဝက် ကြာသည်အထိ အကြောတစ်ချောင်းမှမပေါက်။ ကလေးကလည်း တဖြည်းဖြည်းနှင့် ညည်းသံပင် မထွက်တော့။

“ဆရာရေ တစ်ချက် တစ်ချက် နှလုံးလည်း နားထောင်ကြည့်ဦး၊ခုန်သေးရဲ့ လားလို့”

ဆရာမကြီးက ထိုးနေရင်းက တိုးတိုးပြောသည်။ ကလေး နှလုံးတော့မသိ ကလေးသေမှာကို ကြောက်စိတ်ဖြင့် မောင်ရဲ နှလုံးက ရပ်ချင်ချင်။

“ကိုရဲ အကြော မရသေးဘူးလား”

ဆရာ မယ်လကွန်အသံ ပေါ်လာသည်။
ဆရာ မယ်လကွန် ဆိုတာက ဒေါက်တာ အောင်မင်းထွဋ်။ဒီအဆောင်က လက်ထောက်ဆရာဝန်။ ဒီအဆောင်မှာ သူနဲ့ ဒေါက်တာစုစုလှိုင် နှစ်ယောက်သာ ရှိသည်။ လိုလျှင် တစ်ယောက်တစ်လှည့်
အိမ်မှ လိုက်လာတတ်ကြသည်။

သူ့နာမည် အရင်းက ‘မယ်လကွန် မိုင်းနပ်စ်” မို့ သူ့ကို ဆရာမယ်လကွန်ဟု ခေါ်ကြသည်။ ဂျူးကပြား တစ်ဦးပါ။ ခွဲစိတ်တာ တော်၍ အပင်ပန်းခံနိုင်စွမ်း ကြီးမားသူတစ်ဦး ဖြစ်သည်။ ပညာတော်သော်လည်း ဘွဲ့လွန် မတက်ဘဲ အခြေခံ ဆရာဝန်ဘဝမှာ ပျော်နေသူ ဖြစ်သည်။

“မရဘူး ဆရာ၊ ဆရာ “ကပ်ဒေါင်း' ဝင်မလား"

“ကပ်ဒေါင်း” ဆိုတာ ကလေး ခြေချင်းဝတ်ကို ခွဲစိတ်၍ အကြောကို ရှာဖွေ ဖော်ထုတ်ပြီး ရအောင် ပိုက်သွင်းသောနည်း ဖြစ်သည်။ ဆရာမယ်လကွန် “ကပ်ဒေါင်း” ကျွမ်းကျင်သည်က နာမည်ကြီး။

 သို့သော် သည်ကလေးကတော့ ဘယ်လိုမှ မလွယ်နိုင်ပါ။

“ခင်ဗျား ကလေးက “ကပ်ဒေါင်း” ပြီးတဲ့အထိ ခံမယ့်ပုံ မပေါက်တော့ဘူးဗျ၊ ဒီလို လုပ်လေ၊ ကျွန်တော်က ခြေကနေ “ကပ်ဒေါင်း' ဝင်မယ်။ခင်ဗျားနဲ့ ဆရာမက ခေါင်းကနေ ဆက်ထိုးနေ"

“ခေါင်းက ဟုတ်လား ဆရာ”

မောင်ရဲ အူကြောင်ကြောင် ဖြစ်နေသော်လည်း ဆရာမကြီးက ချက်ချင်း သဘောပေါက်သည်။

“ခေါင်းအရေပြားက ထိုးဖို့ ပြောတာ ဆရာရဲရဲ့၊ ကျွန်မ ကလေးဆံပင်တစ်ခြမ်း ရိတ်လိုက်မယ်၊ ဆရာရဲ အမေကို ရှင်းပြထားပေး”

ဘုရား။ ဘုရား။
အသက်တစ်ချောင်း လုရသည်မှာ တကယ်တမ်းကျတော့ ဝတ္ထုတွေထဲမှာလို မလှပပါလား။

ဆရာ မယ်လကွန်၏ “ကပ်ဒေါင်း” မအောင်မြင်ပါ။ အကြောကရွှင်ပြီး ပြုတ်ထွက်သွားသည်။ သူနာပြုဆရာမကြီး၏ ခေါင်းက အပ်ချက်က အောင်မြင်သွားသည်။

“ဝင်ပြီ ဆရာရဲရဲ့ ဝင်ပြီ၊ ဘာထိုးမလဲ၊ ထိုးချင်တာ ယူလာ ဒီမှာ ကျွန်မ ကိုင်ထားမယ်”

ဆရာမကြီးက ဝမ်းသာအားရ ထအော်သည်။
မောင်ရဲ အကြောဆေး ပုလင်းကြီး၊ ပုလင်းငယ်များ ပြေးယူသည်။

ထိုညက မောင်ရဲရော သူနာပြုဆရာမပါ အေမာဝင်းကလေး နံဘေးမှာ ငုတ်တုတ် မိုးလင်းခဲ့ပါသည်။
အေမာဝင်းကလေး ပထမတော့ အကြောတွေ ပြန်ပွင့်လာသည်။လက်ဖျား ခြေဖျားတွေ သွေးပြန်လျှောက်လာသည်။ သွေးပေါင် ချိန်၍ရလာသည်။အသက်ကတော့ ဖုတ်လှိုက် ဖုတ်လှိုက်။

သွေးလန့်ထားစဉ်က အဆိပ် ဖြစ်နေသော အက်စစ်ဓာတ်တို့ စုဝေးနေဆဲဟု မောင်ရဲ့ သုံးသပ်သည်။ “ဆိုဒီယမ်ဘိုင်ကပ်' ဆေးကို နည်းနည်း ထိုးလိုက်၊ တစ်နာရီလောက် စောင့်ကြည့်လိုက်၊ အကြောဆေး
ပုလင်းကြီးကို မြန်ပေးလိုက်၊ နှေးပေးလိုက် လုပ်သည်။ရှားရှားပါးပါး ရထားသော အချက်ကလေး ပေါက်မသွားပါစေနှင့်၊ပြုတ်မသွားပါစေနှင့်ဟုလည်း အသက်အောင့်၍ ဆုတောင်းရသေးသည်။

မိုးလင်းတော့ အေမာဝင်းလေး မျက်စိဖွင့်ကြည့်ပြီး အင်းအင်း အဲအဲ ညည်းစပြုလာသည်။
ဒီတော့မှပဲ မောင်ရဲရော သူနာပြုဆရာမပါ သက်ပြင်းချကြရတော့သည်။

“မျက်နှာ သွားသစ်ဦးမယ်ဗျာ"

မောင်ရဲက ညောင်းညာ ကိုက်ခဲနေသော ကြွက်သားများကို ဆန့်ထုတ်၍ ရေရွတ်သည်။ တာဝန်ကျ ဆရာဝန်ခန်းဘက်သို့ လျှောက်လာသည်။ ကလေးအဒေါ်ဟု ယူဆရသူက မောင်ရဲ နောက်မှ ကမန်း
တတန်း လျှောက်၍ လိုက်လာသည်။

မောင်ရဲ သတိမထားမိလိုက်စဉ် အတွင်းမှာ မောင်ရဲ အိတ်ကပ်ထဲသို့ တစ်စုံတစ်ခု ထိုးထည့်သည်။ ရုတ်တရက် ပုတ်ဖယ်လိုက်တော့ ကြမ်းပြင်
ပေါ် ပြုတ်ကျသွားသည်။

ငွေစက္ကူ တစ်ဆယ်တန်ကလေး တစ်ရွက်။

“ဒါ ဘာလုပ်တာလဲ ခင်ဗျား”

“ဆရာ လက်ဖက်ရည် သောက်ဖို့ပါ ဆရာ၊ ဆရာ မောနေလို့”

ဘုရားရေ။
ငါ စိတ်ပဲ ဆိုးရမှာလား။ ဒေါသပဲ ထွက်ရမှာလား။ ရယ်စရာလို့ပဲ သဘောထားရမှာလား။ ဆရာဝန်ကို လက်ဖက်ရည်ဖိုး ပေးသတဲ့။

“စေတနာနဲ့ လုပ်ပေးတာ၊ အဲဒါတွေ မလုပ်နဲ့၊ မကြိုက်ဘူး”

မျက်နှာထား တည်တည်နှင့် ပြောတော့လည်း မျက်နှာငယ်ကလေးနှင့် ကျန်ခဲ့ရှာသည်။ နံနက် ရောက်လာသော သူငယ်ချင်းတွေကို ပြောပြတော့
အားလုံး ပြက်လုံးကောင်းတစ်ခု ရသလို ရယ်လာကြသည်။

အေမာဝင်းကလေး ဆေးရုံမှာ ၁၀ ရက်လောက် နေရပြီး ကျန်းမာစွာ ဆေးရုံမှ ဆင်းသွားရသည်။ ခေါင်းက ဆံပင်က ရိတ်ထားရသည့်အပြင် အကြောဆေးထိုးဖို့ ကြိုးစားထားသော အပ်ချက်များဖြင့်
အမာရွတ်များ ပွနေသဖြင့် ပန်းပွင့်ကလေးတွေပါသော ဦးထုပ်ကလေး ဆောင်း၍ ပြန်သွားရရှာသည်။

မတတ်နိုင်ဘူးလေ။ အဲသလို မထိုးခဲ့လျှင်လည်း အဲသည့်ညကတည်းက ဆုံးပါးပြီး လောက်ပြီ။

“သမီး အသက်ကို ကယ်ခဲ့တဲ့ ဆရာနဲ့ ဆရာမကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး'

ကလေး အမေက မျက်ရည် တစမ်းစမ်းနှင့် ကျေးဇူးစကားဆိုတော့ ရင်ထဲတွင် သိမ့်ခနဲ ခံစားရသည်။ ဟုတ်ပါရဲ့။ ငါ အသက် တစ်ချောင်းကို ကယ်လိုက်တာပါလား။ ငါ့ဘဝမှာ ပထမဦးဆုံး ကယ်တင်လိုက်နိုင်တဲ့ ကလေးအသက် တစ်ချောင်းပါလား။ ဒီလို ဆိုတော့လည်း ဆရာဝန်ဖြစ်ရတာ တယ်ဟုတ်ပါလား။ ဆုံးဖြတ်လိုက်သည်။ လုပ်မည်။ တစ်သက်
ဖြစ်အောင်ကို လုပ်ဦးမည်။

စာရေးဆရာရော၊ ဒါကတော့ အဲသည်အတွက် အခြေအနေ ပေးခဲ့လျှင်ပေါ့။ ဘာပဲဖြစ်ဖြစ် အချိန်ရတိုင်းတော့ ဆေးကုရင်းက စာရေးနေမည်။ “အရုပ်ပန်းကို ဆက်ရေးဖြစ်သည်။

                                  ( ၄ )

 နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ် တိတိ ကြာမြင့်ခဲ့လေပြီ။
မောင်ရဲတစ်ယောက် မောင်ရဲဘဝမှ ဒေါက်တာရဲ ဖြစ်လာခဲ့ပြီး ကလေးအထူးကု ဆရာဝန်တစ်ဦးလည်း ဖြစ်လာခဲ့လေသည်။ “နာဂသိန်း
လှိုင်' လောက် စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ပေမယ့် တောင်ပေါ် မြေပြန့် ဒေသအစုံ လှည့်လည်သွားလာ တာဝန် ထမ်းဆောင်ခဲ့ရသည်။

ဒေါက်တာ သိန်းအောင်လောက် မထူးချွန်ခဲ့သော်လည်း ဆရာ့လိုပင် အင်္ဂလန်ရောက်ခဲ့၊ တော်ဝင်သမားတော်ဘွဲ့ ရခဲ့ပြီး ပါမောက္ခကြီး
တစ်ဦး ဖြစ်လာခဲ့သည်။ ယခုတော့ ပါမောက္ခရဲ ပေါ့။

ပထမဦးဆုံး ကယ်ခဲ့ဖူးသော ကလေးအသက် တစ်ချောင်းကိုတော့ အမြဲ သတိရနေဆဲ။ တပည့်ကလေးတွေကို စာသင်ရင်း ပြောပြဖြစ်ဆဲ။ရှိမည်ဆိုလျှင် အဲသည်ကလေး အသက်သုံးဆယ် နီးရောပေါ့။ သူ
ကိုယ်တိုင်တောင် ကလေးအမေတစ်ဦး ဖြစ်ချင်ဖြစ်နေမည်။ ခေါင်းကရော ဆံပင်မှ ကောင်းကောင်း ပေါက်ရဲ့လား။ မပေါက်ရင် အလှပျက်၍
ငယ်စဉ်က အသက်လု အကြောဆေးထိုးခဲ့သော ဆရာဝန်ပေါက်စကလေးကို တွေး၍များ မေတ္တာပို့နေမလား စိတ်ပူမိသေး၏။

အဲသည့် အဆောင်ကလေးမှာ တာဝန်ကျရင်းနှင့်ပဲ ပထမဦးဆုံး စရေးခဲ့ဖူးသော ဝတ္ထုရှည်ကလေးကတော့ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်
အကြာတွင် ထုတ်ဝေသူ ပေါ်ခဲ့သည်။

“အရုပ်ပန်း” တော့ မဟုတ်တော့။

နာမည် ပြောင်းလိုက်သဖြင့် “ကြိုးကြာတောင်ပံခတ်သံ” ဖြစ်လာသည်။ ပထမဦးဆုံးသော အဲသည်စာအုပ်နှင့်ပင် သူ အမျိုးသားစာပေဆု ရခဲ့သည်။ စာအုပ်ကနေ ရုပ်ရှင်ကြီး ဆက်ဖြစ်လာသည်။
စာအုပ်ကလေးကို လှန်လှောကြည့်မိတော့ အဲဒီအဆောင်၏ အခိုး အငွေ့ကလေးတွေ ရိုက်ခတ်နေသေးတာကို ပြုံးမိရသေးသည်။ အဓိက
ဇာတ်ဆောင်နာမည်က `ချင်းတောင် လတ်ငြိမ်း” တဲ့၊ ဒါတော့ ထားတော့။“လတ်ငြိမ်း” ဆိုတာ မောင်ရဲ ငယ်ငယ် ဝတ္ထုတို ရေးတုန်းက ကလောင်နာမည် ဖြစ်သည်။ မင်းသမီးက သွယ်စုလှိုင်တဲ့၊ အဲသည်တုန်းက မမ လက်ထောက်ဆရာဝန်၊ နောင် အဏုဇီဝဗေဒ ပါရဂူ ဖြစ်လာသူအမည်နှင့်သွားဆင်နေလိုက်တာ ရေးလိုက်တုန်းကတောင် သတိမထားမိ၊ အဓိကဇာတ်ဆောင်၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆရာဝန်ကရော မယ်လကွန်တဲ့။ ဆရာ မယ်လကွန် တကယ်အပြင်မှာ မြန်အောင်မြို့မှာ ကြုံတွေ့ခဲ့
ရသည့် ပြဿနာအခက်အခဲတွေပါ ထည့်ရေးထားလိုက်သေး။

ပထမဦးဆုံး နှစ်ခု၏ ထူးခြားစွာ ယှက်နွယ် ဆက်စပ်နေမှုများပေါ့။ကလောင်နာမည်ကိုတော့ သည်လို ပေးမိသည်။လင်္ကာရည်ကျော်။

-------------

လင်္ကာရည်ကျော်

( သရပါမဂ္ဂဇင်း၊၂၀၁၀၊ ဇူလိုင်လ )

#Typing_crd_ZawOo

No comments:

Post a Comment