#နဖူးစာ
( ဇာတ်သိမ်းပိုင်း )
#မောင်ထင်
ကျုံမငေးဈေး သံဖြူတန်းတွင် ခေါင်းပြောင်ပြောင် အသားမည်းမည်းနှင့် လူခပ်ပါးပါးတစ်ယောက် နေပူကျဲကျဲတွင် ယောင်လည်လည်နှင့်
ရှိနေသည်။ ထိုသူသည် တစ်ခုသော သံဖြူဆိုင်အနီး ခုံတန်းလျားကလေးပေါ်သို့ လေးလံသော ဝန်ထုပ်ကြီးကို မနိုင့်တနိုင် ပစ်ချလိုက်ရသည့်ပမာမိမိ၏သေးငယ်သော ခန္ဓာကိုယ်ကလေးကို ပစ်ချလိုက်လေသည်။ထိုအခါ တဒေါက်ဒေါက်နှင့် သံဖြူပြားတစ်ခုကို ခတ်နေသော သံဖြူဆရာက အမှတ်မဲ့မော်၍ ကြည့်လိုက်သည်။ သို့သော် အားမရ
သဖြင့် ဒန်းကိုင်းမျက်မှန်ကို နဖူးပေါ်သို့မ,တင်ပြီးလျှင် တစ်ဖန်ကြည့်ပြန်သည်။ အကြည့်ခံရသူ ပုံပန်းကား နွမ်းရိစိတ်အိုက်သော ပုံပန်းတည်း။သံဖြူဆရာ့စိတ်ထဲ၌ ဧကန္တတစ်ခုခုပဲဟု ထင်လိုက်၏။ခေတ္တ
မျှ တစေ့တစောင်း အရိပ်အဆင်ကြည့်ပြီးလျှင် နှုတ်ယားလာသည်နှင့်
“မောင်ကဘယ်ကတုံး၊ မောင့်ကိုအရင်က မမြင်ဖူး ပါကလား၊ဘာကိစ္စနဲ့ ဘယ်ကိုသွားမလို့လဲ”
ဟုအဖြေမစောင့်ဘဲ မေးခွန်းတို့ကို
လောကာဆင့်ကာမေးလိုက်၏။အမေးခံရသူကား
“သည်လူကြီးဟာ ဘာကြောင့် သည်လောက်တောင်မေးရပါလိမ့်”ဟူသောမျက်နှာထားဖြင့် တစ်အောင့်လောက် တွေဝေနေဘိ၏။ပြီးမှ သံဖြူဆရာ၏ မျက်နှာတွင် အားကိုးခင်မင်လောက်သော အရိပ်နိမိတ်တို့ ကိုမြင်မိလေရာ-
“ငါ့အကြောင်းတွေ အကုန်ပြောလိုက်ရကောင်း မ လား´ဟုစဉ်းစားလိုက်ပြန်၏။စဉ်းစား၍မဆုံးခင်
“နတ်ထိပ်ကမ ချောကိုတွေ့ချင်လို့ လာခဲ့တာပဲခင်ဗျာ။ ကျွန်တော့်မှာ သည်ကို တစ်ခါမှလဲ မရောက်ဖူးဘူး။အသိအကျွမ်းလဲမရှိလို့ ဘယ်ကိုသွားလို့ ဘယ်မှာ ရှာရမှန်းလဲမသိပါဘူးခင်ဗျာ”
ဟု လေးလေးဆေးဆေး ပြော၏။ သံဖြူဆရာကြီး
ကလူပါးပေပဲ။ “မချောတွေ့ချင်လို့ဆိုလျှင်ဖြင့် ဧကန္တ ရှာပုံတော်စခန်း သွားနေတဲ့သူနဲ့တူလေရဲ့" ဟုတွေးမိ၍ ကိုယ်ချင်းစာမိ၏။ သနားမိ၏။
“မောင်ရယ် ဘကြီးကိုတွေ့ရတာ နတ်မတာပဲအောက်မေ့ပေတော့ သိလား။သူများတကာနဲ့ဆိုရင် မောင့်ကို မဟားတရားလုပ်မှာပဲ။ ကျုံမငေးက အရှုပ်သား။ ဟော-နတ်ထိပ်ဆိုတာ ဟောသည်က
နေပြီး ဟောသည်လို သွားရတယ်ကွဲ။ မချောတော့ ငါမသိဘူး။ဟိုကျမှ မေးစမ်းကြည့်ပေတော့”
ဟု ဒန်ရည်သုတ် မျက်မှန်ကြီးကို
ဝင့်ကာဝင့်ကာ လမ်းညွှန်လိုက်လေ၏။
* * * * *
ယခုအခါ မောင်ဒေါင်းသည် သတ္တဘာဂသံဖြူဆရာ၏ နတ်လမ်းညွှန်ချက်ဖြင့် နတ်ထိပ်တွင်ယောင်ပေပေဖြစ်၍ နေသည်ကို တွေ့နိုင်ပါသည်။ပျဉ်ထောင်ပျဉ်ခင်းနှင့် အိမ်တစ်အိမ်၏ ရှေ့တွင်ဆုတ်ဆိုင်း ဆုတ်ဆိုင်းနှင့် ဖြစ်နေပါသည်။ ၎င်းနောက် တစ်ဆင့်မျှတွေနေပြီးလျှင်
၎င်းအိမ်သို့ စိုက်စိုက်နှင့်ဝင်သွားသည်ကိုလည်း
တွေ့နိုင်ပါသေးသည်။
ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် “ဘာကိစ္စပါ လဲရှင်”ဟုဆီးမေးလိုက်သော မိန်းမသံတစ်ခု ထွက်ပေါ်လာပြီး နောက်“မချောဆိုတာကျွန်မပါပဲ” ဟူသော ထိုမိန်းမသံကပင် ထက် ဆင့်လိုက်သည်ကိုကြားရပါသည်။အသံရှင်မှာ ဝဝတုတ်တုတ်၊ မျက် နှာပြည့်ပြည့်၊ အသက်လေးဆယ်နီးပါးခန့်။လိုအပ်သောအသံရှင်ကား ပိန်ပိန်ပါးပါး၊အသား
လတ်လတ်၊ မျက်နှာသွယ်သွယ်။ လွဲချေပြီ။
ထို့နောက်တစ်ဖန်
“မချောတော့ မချောပဲ နို့ပေမဲ့ ကျွန်တော်တွေ့လိုတဲ့ မချော မဟုတ်သေးဘူးခင်ဗျာ”
ဟုမောင်ဒေါင်း၏ တုံးတိတိအသံကို ကြားရပြန်လေသည်။ထိုအခါ ဝဝတုတ်တုတ်မချောက ခစ်ခစ်မြည် အောင်ရယ်လိုက်ပြီးမှ-
“ဪ.. ကိုရွှေဖိုးရဲ့ သူတွေ့ချင်တဲ့မချောက ဟိုဘက်အိမ်က မချောထင်ပါရဲ့”
ဟု လင့်ဘက်သို့ စောင်းငဲ့ကာ ပြောပြီးလျှင်
“သူတို့ ကျိုက်လတ်ပြောင်းသွားပြီ”
ဟု မောင်ဒေါင်း ဘက်သို့လှည့်၍ နတ်လမ်းညွှန်
ပြန်သတည်း။
ဤသို့ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မောင်ဒေါင်းသည် ကျိုက်လတ်သို့ ကုလားသမ္ဗန်ဖြင့် နေ့ချင်းပင် (၎င်းပြန်ပြောသလို ပြောရမယ် ဆိုလျှင်) ဆောင့်လေသတည်း။
* * * * *
ကျိုက်လတ်သို့ မအေမွေးကတည်းက တစ်ခါမျှမရောက်ဖူး။“နေဧ” များ ပေါကြောင်းကိုကား မအေမိဖများ ခဏခဏပြောသံ ကြားဖူးသည်။ကျိုက်လတ်တွင်အသိမိတ်ဆွေလည်းမရှိ။ဆွေမျိုးဉာတိ ဆိုသည်မှာ နတ္ထိ။ဟယ်. . . သို့သော်လည်း"နတ်တို့ ဖန် ရေကန်အသင့် ကြာအသင့်"ပေါ့။ဝေးလံလှတဲ့ကိုယ့်မြို့ကိုယ့်ရွာက သည်ကိုတောင် ဘယ်သူ့အကူအညီမျှ မရဘဲ ရောက်ရသေးတာ။ ဘာကြောက်စရာတုံး။ဈေးနားလျှောက်လျှင်ဖြင့် အသိတစ်ယောက်ကောင်း နှစ်ယောက်ကောင်းတော့
တွေ့လေမပေါ့။ ကဲ... လျှောက်ပါပြီတဲ့။ အသိ
ရှာလေမတွေ့လေ။ မတွေ့လေရှာလေ။ ရှာလေမတွေ့လေ။ ယော....သည်တစ်ခါခက်တော့တာပဲ။ဝမ်းကလည်းဟာလာပြီ။ ထမင်းပါစားသောက်ပြီးမှ မြို့ထဲကို တစ်ပတ်ကျော်ပြီး ရှာလိုက်ရဦးမည်။
ဟိုရှေ့က ထမင်းဆိုင်ဖြင့် လူခပ်စည်စည်ပဲ၊ ဝင်လိုက်ဦးမှ။
ဤသို့တွေးတောရင်း ထမင်းဆိုင်ဖက်သို့ ခြေဦးအလှည့်တွင် လူတစ်ယောက်နှင့် ပခုံးချင်းယှဉ်၍တိုက်မိရာ အောင့်သက်သက်ကလေး ဖြစ်သွားသဖြင့် လှည့်၍ အကြည့်
“ဟဲ..သည်ကောင်ကလေး နင်ဘာကိစ္စနဲ့ ဒီကိုရောက်လာသလဲဟင်...”
ဟု အံ့ဩ၍မဆုံးသော မျက်နှာထားဖြင့် မေးလိုက်သော မောင်ဖိုးဝကို ပက်ပင်းပါတွေ့လေရာ...
“အောင်မယ်လေး ကိုဖိုးဝရယ်၊ ခင်ဗျားကိုတွေ့ရတာ နတ်မသလိုပါပဲ”
ဟု ပြောပြောဆိုဆိုနှင့်ခါးကို အတင်းဖက်၍ မောင်ဖိုးဝနှင့် ထမင်းဆိုင်တွင်းသို့ ဝင်သွားလေ၏။
မျှော်လင့်ချက်များ ကုန်လုကုန်လုတွင် ဤသို့ အသစ်အသစ်သော မျှော်လင့်ချက်များ အသက်ဆက်၍ဆက်၍ ပေးသူကား အသူနည်း။ကိုဒေါင်း၏အလိုမှာမူ နတ်မသည်ဟုဆို၏။သို့သော်
၎င်း ၏စကား ယုတ္တိမတန်ကြောင်းကို ဤအကြောင်းအရာများ နိဂုံးချုပ်လျှင် သိသာနိုင်သည်။ထို့ကြောင့် မည်သူ့ပယောဂနည်း ဟူသော
ပြဿနာကို ပရမတ်ဆရာတို့လက်တွင် စုံစမ်းရှာဖွေစေ့ငစေရန် ထားလိုက်ကြဦးစို့။မည်သူမည်သို့ဆိုဆို မောင်ဒေါင်းမှာ လက်ငင်း နတ်မခြင်းကို ခံရပြီဖြစ်ရကား ဝမ်းသာ၍မဆုံးပြီ။ဦးစွာပထမ အဆွေတော်
မောင်ဖိုးဝနှင့် ပဋိသန္ဓာရစကား အာလာပသလ္လာပစကားတို့ကို အာသွက်လျှာသွက် မြွက်ကြားပြောဆိုပြီးလျှင် နှစ်ဦးသား ဟာ၍နေသောဝမ်းကို ဖြည့်တင်းကြလေ၏။ ဖြည့်၍ပြီးသော် မိမိ၏ လိုအပ်သောဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံစိမ့်ငှာရည်မှန်း၍ မောင်ဖိုးဝတည်းဟူသော ဘိုးဘိုးကြီးအား ပန်းဆီမီးတည်းဟူသော အရက်သေစာတို့
ဖြင့် သဒ္ဓါကြည်ဖြူ ကပ်လှူပူဇော်လေ၏။ထိုပြုဖွယ်ကိစ္စအဝဝတို့ ဆုံးခန်းတိုင်ရောက်လေသော်
ဇာတ်ရင်းကို လှန်၍ကိစ္စကိုပန်ကြား၏။
မချောအား သိမသိမေး၏။အဘယ်မှာရှိသည်ကိုညွှန်ပြရန်တောင်းပန်၏။ဆောင်ကြဉ်းပေးတော်မူပါရန် ခယ၏။ အကြံအောင်ပါစေဟု ဆုမွန်တောင်း၏။ဖိုးဝ၏အဖြေများကား အားတက်ဖွယ်ချည်းပင်။တစ်မြို့လုံး သူမသိသည်မရှိ။ဘယ်နေရာမှာ အပ်ကျသလဲ၊ငါရှာပေးမည်ဟူသော
လူစားဖြစ်ရကား-“အချိန်တန်တော့ နွားပိန်ကန်အောင်လုပ်ပေးမယ်ကွာ”ဟုအားပေး၏။မောင်ဒေါင်းကား သဘောတော် အထူးတွေ့
လေသောကြောင့် ဉာဏ်ပူဇော်ခအသပြာငွေ မိတ်ထုံးဒင်္ဂါးပြားရေ သုံးပြားတိတိကို လျင်စွာထုတ်ပေးလေသတည်း။
ပြီးလျှင် ဤသို့တိုင်ပင်၏။ “ငါတို့သည် ကောင်မကလေးအိမ်နားသို့ချဉ်းကပ်ကြကုန်အံ့ ကောင်မကလေးနှင့်တစေ့တစောင်းတွေ့လျှင် ကောင်မကလေး
သည် ရောက်ကြောင်း သိလတ္တံ့။ ထိုသို့သိရလျှင် ငါတို့သည် နောက်ထပ်ဉာဏ် တစ်မျိုး ထုတ်ကြကုန်အံ့” ဟူသတည်း။ မောင်ဖိုးဝက ခေါင်းညိတ်၏။
* * * * *
ညနေရောက်သော် မချောတို့အိမ်အနီး ကာကာလက်ဖက်ရည်ဆိုင်တွင် မောင်ဒေါင်းနှင့် မောင်ဖိုးဝတို့နှစ်ယောက် လက်ဖက်ရည် လာသောက်ကြသည်။ လက်ဖက်ရည်ကုန်၍ ပိုက်ဆံပေးပြီးသော်
လည်း မချောတို့အိမ်ဆီမှ လူစလူနမျှမမြင်။ အကြမ်းအိုးမှာပြီးလျှင် ဗိုက်နှင့်မတန်အောင် သောက်ကြရပြန်သည်။အကြမ်းအိုး သုံးအိုးကုန်
သည်။မချောတို့အိမ်ဆီမှ လှုပ်ပင်မလှုပ်။ ဖြုံပင်မဖြုံ။
မောင်ဒေါင်းသည် စိတ်ပျက်ပျက်နှင့် နောက်ထပ်ရေနွေးထည့်ရန် လက်ဖက်ရည်ကရားဖုံးကို ဒေါနှင့်ဆောင့်၍ အချက်ပေးလိုက်၏။ ကာကာကုလား
လာလျှင် လက်ဖက်ရည်အိုးကို လှမ်းပေးရင်း မချောတို့အိမ်ဖက်သို့ လှည့်၍ကြည့်လိုက်ပြန်၏။
ခြံစည်းရိုးအတွင်းမှာ လူတစ်ယောက်ပန်းခူး
နေသလိုလို ရိပ်ခနဲမြင်လိုက်၏။ အသူနည်းဟုကြည့်၏။ မချောပဲဟု သိ၏။ စူးရှသော မျက်လုံးတို့သည် မချော၏ မျက်နှာပေါ်တွင် ကျက်စား
၍ နေဘိ၏။ထိုမျက်လုံးတို့သည် တန်ခိုးကြီးမားသော မျက်လုံးများမဟုတ်။ဓာတ်ဟူ၍လည်း တစ်ရွေးမျှ မရှိ။ အချစ်တည်းဟူသော ဟင်းလျာကိုဆာလောင် မွတ်သိပ်လျက်ရှိသော မျက်လုံးများမျှသာ။သို့သော် ထိုမျက်လုံးများ၌ မည်သည့်ဓာတုဗေဒ ပါရဂူတို့မျှ ဓာတ်ခန်းရုံးတွင် ဖန်ပြွန်ငယ်ဖြင့် ဓာတ်ခွဲကြည့်၍ မရကောင်းသော သံလိုက်
ဓာတ်တစ်မျိုးရှိ၏။ထိုသံလိုက်ဓာတ်သည် မချောရှိရာသို့ ပျံ့နှံ့ကုန်လျက် မချော၏ သူငယ်အိမ်ကို မိမိရှိရာသို့အပါ ဆွဲငင်လေရာ မချောသည် ဖျတ်ခနဲလှည့်ကြည့်မိ၏။ မောင်ဒေါင်း၏ မျက်လုံးတို့နှင့်
ဆုံမိ၏။ နှစ်ဦးသား ဝမ်းသာလုံးဓာတ် ပွင့်သွားပြီးလျှင် ကြက်သေ သေနေကြသည်မှာ တစ်အောင့်လောက်ကြာသည်။
ကွမ်းတစ်ယာညက်ခန့် ကြာသော် မချောသည်
ဈေးခြင်းကလေးကို ကိုင်လျက် လက်ဖက်ရည်ဆိုင်ရှေ့သို. ပေါက်လာလေ၏။ မောင်ဒေါင်းသို့ မျက်ရိပ်ပြလိုက်၏။မောင်ဒေါင်း အနီးသို့ချဉ်း၏။နှစ်ဦးသား
တိုးတိုးတိုးတိုးနှင့် တိုင်ပင်ကြ၏။ ပြီးသော် လူချင်းခွဲကြလေသည်။
ညရှစ်နာရီခန့်တွင် မချောတို့ အိမ်သို့ ကျုံမငေးမှဆို၍ လူတစ်ယောက် ရောက်လာသည်။မချောနှင့်အသိဟု ဆိုသည်။ထိုဧည့်သည်ကို မချောသည် ထုံးစံအတိုင်းနှုတ်ဆက်၊ ထုံးစံအတိုင်းမေး၏။ဧည့် သည်က နံနက်၆နာရီတွင် သင်္ဘောစီးရန်ဖြစ်သောကြောင့် အခြားအသိမိတ်ဆွေဟူ၍ မရှိသဖြင့်တစ်ညတာမျှ တည်းခိုရပါမည့်အကြောင်း၊ ကျုံမငေးမှအလာတွင် မည်သူမည်ဝါနှင့်တွေ့၍ မချောတို့
အိမ်သို့ရောက်လျှင် မာကြောင်း၊ချာကြောင်းပြောလိုက်ပါဟု လက်ဆောင်ပါးလိုက်ကြောင်း၊ဈေးအတွင်းက မမည်သူတို့ ကျန်းကျန်းမာမာရှိကြောင်း၊ မချောတို့ ကျုံမငေးကို ဘယ်တော့ပြန်မလဲဟု မေး
လိုက်ကြောင်း စသည်တို့ဖြင့်နှုတ်ဆက်၍ တစ်ညတာမျှတည်းခိုရန် အခွင့်အရေးကို မချော၏အမေက ဝင်ရောက်စွက်ဖက် ကန့်ကွက်ခြင်း
စိုးစဉ်းမျှမရှိဘဲ အလွယ်တကူ ခံယူသိမ်းပိုက်ရလေသည်။
မချောတို့ အိမ်ရှေ့တည့်တည့်တွင် ခုနှစ်စဉ်ကြယ်သည် ကင်းမြီးကောက်ထောင်၍ ပြနေသည်။ မချောတို့အိမ်ပေါ်တွင် ညဉ့်ဦးယံက ရောက်လာသောဧည့်သည်နှင့် မချောတို့မှာ အိမ်ရှေ့ခန်းတွင် ခင်းထားသော ဧည့်သည်၏အိပ်ရာနှင့် မလှမ်းမကမ်း၌ ခုနစ်စဉ်ကြယ် အမြီးထောင်သည်ကိုကြည့်ရင်း လေသံမျှဖြင့် စကားပြောဆိုနေကြလေသည်။ အနှစ် ၇ဝဝ လွန်မှပြန်တွေ့ရသော ကိန္နရီမောင်နှံတို့၏
ထုံးကို နှလုံးပိုက်၍ နေကြဟန်တူသည်။ အချစ်ဖြင့်ပြည့်လျှမ်းသော မျက်နှာပန်းနှစ်ခုမှာ ထင်လင်းသောနေရောင်ခြည်ဖြင့် ပွင့်ပွင့်လင်းလင်း မပွင့်ရ
သောကြောင့် အေးမြကြည်လင်သော ကြယ်ရောင်လရောင်တို့ဖြင့်သာ တင်းတိမ်ရပြီးလျှင် အုံ့ပုံးပွင့်ပွင့်ကြရဟန် တူပါသည်။ ထင်ထင်ရှားရှား
အတည့်အလင်း မပွင့်ရသဖြင့် ပွင့်အားမရှိဟု ဆိုရငြားသော်လည်း အေးမြသောဓာတ်ကြောင့် သန်းခေါင်သို့ကျော် လေလေ အချစ်ပန်း
လန်းလေလေဖြစ်ရပါသည်။သို့နှင့်ပင်လျှင်တိုင်ကပ်နာရီမှ တစ်နာရီတိတိ တီးသံကြားလိုက်ရပါသည်။
လောကဓမ္မတာ တွေ့ကြုံလျှင် ဆုံကွဲရဦးမည်။အချစ်ရွက်ကိုဖွင့်၍ ပဲ့ဖြင့် မမတ်သော အချစ်လှေကိုလွှင့်ကာ အချစ်ပင်လယ်ကြောဝယ် ပေါလောမျောနေကြသော အချစ်မောင်နှံတို့မှာ သင်္ခါရနွယ်
အပါအဝင်ဖြစ်ရကား ထိုလောကဓံကြီးနှင့်လွတ်ကင်းနိုင်မည် မဟုတ်ပါ။
စောစောက လက်ဖက်ရည်ဆိုင်မှ လူချင်းခွဲကြပြီးနောက် မောင်ဒေါင်းသည် မောင်ဖိုးဝအား နှုတ်ပိတ်ခ အရက်ဖိုး ထပ်လောင်းပသလိုက်ပါသေးသည်။ မိမိတို့ရွာသားတစ်ဦး တစ်ရွာမှတစ်ရွာသို့ ကျူးကျူး
ကျော်ကျော် မိန်းမခိုးလာခြင်းအပေါ်၌ အသားယူလိုသော မောင်ဖိုးဝမှာ နေမဝင်ခင်လျှင် လူစုံသောလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း လျှို့ဝှက်အပ်သော စကားမှန်သမျှကို သိန်း၊ဒေဝိန်း၊ကာမိန်း၊ပကုတ် ဟုဆိုအပ်သောရှေးပညာရှိကြီးတို့ကျင့်စဉ် သမားရိုးကျအတိုင်းတစ်ဆင့်ပွဲစားမထား၊အကြွေးမဆိုင်းဘဲ ဖောက်သည် ချလိုက်မိသည်။ ထိုဖောက်သည်ချသမျှကိုလည်း မချော၏မောင်များက ယှဉ်ပြိုင်ဈေးပိုပေးခြင်းအမှုမှ မပြုလိုက်ရဘဲ လက်မွန်မဆွ
အစပကတူး ရှေးဦးပထမလျှင် လက်ကားဝယ်ယူလိုက်လေသည်။
ဤသို့နှင့်နှင်ဖြစ်ရလေကား“ဒင်”ဟူသော နာရီတစ်ချက် တီးလိုက်သည်နှင့်တစ်ပြိုင်နက်“ဒိုင်း”ဟူသောခဲသံသည် အိမ်ရှေ့မှ တုံ့ပြန် လိုက်ပါသည်။ အင်္ဂလိပ်မင်းလက်ထက်မှာမှ မဖွယ်မရာပဟိုရ်စည် တစ်ချက်တည်းသည် မဟုတ်ပါ။ မချော၏မောင်များ နှမမင်္ဂလာဆောင်တွင် သဘောမတူ ကန့်ကွက်လိုက်သော ခဲသံဖြစ်ပါသည်။
ထိုဒိုင်း”၏နောက်မှ ဆဲရေးသံတို့ ဆူညံစွာ ထက်ကြပ်မကွာ လိုက်ပါလာသေးသည်။ “ညနေက ဟိုဧည့်သည် ခွေးမသားကို ခုထုတ်ပေး”ဟု ကျယ်လောင်စူးရှသော အရက်မူးသံများလည်း ကြားရသည်။သို့ကြားသည်နှင့် တစ်မုဟုတ်ချင်း မချောမှာ မိမိပိုင်ဆိုင်ရာ ညောင်စောင်းတွင် လှဲလျောင်းပြီးလျက်သားရှိ၏။ သို့သော် မချော၏အစ်မ
မှာ အိပ်မှုန်စုံမွှား ကမူးရှူးထိုးဖြင့် ကျွတ်လျက်ရှိသော ထဘီကိုထောင့်တန်းဆွဲလျက် အိမ်ရှေ့သို့ထွက်လာပြီးလျှင် ဧည့်သည်၏ ဇာတိပဝတ္တိ၊
ဧည့်သည်၏ အခြေအနေ၊ ဧည့်သည်၏ အရိပ်နိမိတ် အလုံးစုံတို့ကို လျင်မြန်သော ပဋိဘာန်ဖြင့်ပိုင်းခြားဝေဖန်လိုက်ပြီးသော် မိမိ၏စိတ်၌
ထင်မြင်လိုက်သည်ကား မိမိ၏မောင်များက ဆိုးပါဘိသနှင့်။ ယခု ဧည့်သည်ကို ထုတ်ပေးလိုက်လျှင် ရာဇဝတ်မှုနှင့်မကင်းရာ။ သင်းတို့ကို
တစ်ပတ်ကျော့လှည့်ပြီး ဧည့်သည်ကိုနှင်မှပဲ ဟူသတည်း။ ဤသို့ မိန်းမဉာဏ် တစ်ကိန်းဆင်ပြီးလျှင် မိမိမောင်များရှိရာသို့
“ဟေ့-ဖိုးမြတို့လားဟေ့၊ မင်းတို့အသိနောက်ကျပါတယ်ကွယ်။ ငါ ညနေကတည်းက အကြောင်းသိလို့ ဧည့်သည်ကို နှင်လိုက်ပါပြီ။ သူများတကာ
အိပ်ချိန် ဆူဆူညံညံနဲ့၊ မင်းတို့လုပ်ပုံ လူသိရင် ရှက်စရာကြီးပါကွယ်။ကဲ... ပြန်ကြ... ပြန်ကြ”
ဟု အိပ်မှုန်စုံမွှားနှင့် လက်တစ်လုံးကြား
ကြက်ဥတစ်လုံးကွာ လှိမ့်လိုက်လေရာ မောင်တော်သူ တစ်စုတို့မှာ ငါ့နှမဖြင့် စိတ်ချလောက်ပါပြီဟု အကြိမ်ကြိမ် သုံးသပ်ဆင်ခြင်ပြီးလျှင်
ဖဲကြဉ်ကြလေသတည်း။
မချော၏အစ်မကားဧည့်သည်ရှိရာသို့လာ၍
“မောင်-ကဲ...မင်း ဘယ့်နှယ်လုပ်တာလဲကွယ်။အကြံက ရက်စက်ပါပေ့။နို့ပေမဲ့ ငါ့ မောင်တွေကဆိုးပါဘိသနဲ့။တွေ့များသွားရင် မင့်အသက်တော့
ရှိပြီ မအောင့်မေ့နဲ့တော့။ ကဲ..နံနက်မိုးလင်း မစောင့်နဲ့ ကြက်ဦးတွန် လေးနာရီမှာ သင်္ဘောတစ်စင်းရှိတယ်။ အဲဒီသင်္ဘောနဲ့သာ လိုက်သွားပေရော့”
ဟု ချော့လည်းချော့ရင်း ခြောက်လည်းခြောက်ရင်းဒူးတုန်လျက်ရှိသော မောင်ဒေါင်းကို အတွင်သာနှင်လေ၏။ မောင်ဒေါင်းလည်း “ကောင်းပါပြီခင်ဗျာ”ဟူ၍ ပြန်ပြောပြီးလျှင် အိပ်ကျွန်ပြုနေရလေ၏။
မောင်ဒေါင်းမှာ တမင်ပင် အိပ်ကျွန်ပြုနေသည်မဟုတ်။ အကြံအိုက်သည်က တစ်မျိုး၊ မောင်ဆိုးတွေ ကြောက်ရသည်က တစ်ဖုံ၊ခိုလှုံ စရာမရှိသည်က တစ်ဝ၊ချစ်လှသောဇနီးသည်ကို ရယူလိုသည်က
လည်း တစ်ဌာန၊ ဝေခွဲ၍လည်းမရ၊ ခွဲဝေ၍လည်းမရ။“မိန်းမဖျက် ပြည်ပျက်”ဟူသော စကားပုံသည် အလကားစကား ပုံ၊ သာမညောင်ညစကားပုံ၊ စာရေးဆရာ လက်တဲ့စမ်းသော စကားပုံမျိုး မဟုတ်ပါ။ သွေးထွက်အောင်မှန်သော စကားပုံဖြစ်ပါ
သည်။“မိန်းမဆောင် အောင်သည်”ဟူသော စကားပုံသည်လည်း အနိယတ စကားမဟုတ်ပါ။ အကယ်စင်စစ် ဖြစ်ပျက်ဖူးသော ထုံးဟောင်း
သာဓက သက်သေတို့ကိုမှီငြမ်းပြု၍ ပေါ်ပေါက်လာသောစကားပုံ ဖြစ်ပါသည်။
ယခု မောင်ဒေါင်းသည်လည်း ဤအခြေအနေသို့ ရောက်သည်မှာ ၎င်းကိုယ်ပိုင်ဉာဏ်စွမ်းကြောင့်မဟုတ်ပါ။မချော၏ဉာဏ်ကို အငှားတပ်ခြင်းသာလျှင် ဖြစ်ပါသည်။ယခုလည်း ပက်ပင်းပါတွေ့နေရသည့်ဒုက္ခမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် မချောသာလျှင် အခရာဖြစ်ပါတော့သည်။
မချောသည် အိမ်ရှေ့မှ ဆူညံသံ ကြားသည်နှင့်တစ်ပြိုင်နက် မိမိအိပ်ရာတွင် မသိကျိုးကျွန်ပြု၍
နေလေသည်။အသံစဲပြီးနောက် အခန်းထဲသို့ဝင်၍“ညည်းဉာဏ်ပဲ”ဟု အံကြိတ်ပြောပြီးပေါင်တွင်းကြောကို အားရပါးရ လိမ်ဆွဲသွားသော အစ်မတော်၏ အပြုအမူတို့ကို ခန္တီပါရမီ ဖြည့်စွမ်း၍ ချိုသွေးသပ တမြမြနှင့် ရှိနေလေ၏။
လေးနာရီသင်္ဘောထွက်လျှင် သုံးနာရီလောက်မှာ ၎င်း၏အစ်မတော် နိုးမည်ဧကန်။သန်းခေါင်းကျော်အချိန်ဟူသည် အိပ်ကောင်းသော အချိန်ဖြစ်
လေရကား မည်မျှပင် သတိထား၍အိပ်အိပ်၊ သင်းတို့ သုံးနာရီထက် စောစောမနိုးနိုင်။ သင်းတို့မနိုးခင် ပြေးမှ ကောင်းမည်ဟု စိတ်တွင်ချ၍
တစ်ရေးမျှ မအိပ်ဘဲ မိမိအစ်မတော် အိပ်မောကျ၍ ဟောက်သံကို နာခံလေ၏။ “ချက်ချက် မြည်သောနာရီ၏အသံသည် သုသာန်တစပြင်ကဲ့သို့သော တိတ်ဆိတ်ခြင်းကို ပြက်ရယ်ပြုဘိသကဲ့သို့ ရှိ၏။ မချောမူကား ထို “ချက်ချက်”သံကို တစ်၊ နှစ်၊ သုံးဟုစိတ်ထဲ၌ ရေမှတ်ကာ မိမိ၏အစ်မ ဟောက်သံကိုနားစွင့်၏။ ဤသို့ နာရီကိုရေတွက်၍လာခဲ့
ရာ တစ်ရာ၊နှစ်ရာ၊ သုံးရာ စသည်သို့ ရောက်သော် အစ်မကြီးမှာ မဟောက်သေး။စိတ်မချ၍ တစ်ညလုံးများ စောင့်နေရော့သလား။စောင့်နေလျှင် တစ်သက်လွဲတော့မှာပဲ။ ဘုရားသိကြားမလို့ "အိပ်ပျော်
ပါစေတော်” ဟု ဆုမွန်တောင်းမိလေ၏။ ရေရင်း ရေရင်း ငါးရာ၊ခြောက်ရာသို့ ရောက်လာ၏ ။ထိုအတွင်းရှူးရှူးမြည်သံကြားရ၍ အားတက်လာ၏။သို့အားတက်မိသော်လည်း အစ်မကြီးဟောက်သံပဲ
ဟု စိတ်ချလက်ချ အတပ်စွဲရမည့်ဘဝသို့ ရောက်အောင် စောင့်ရသည်မှာ ကမ္ဘာဆုံးအောင် စောင့်ရသကဲ့သို့ စိတ်တွင်ထင်မှတ်ရ၏။ နာရီသံကိုလည်း
မမှတ်နိုင်တော့ပြီ။နောက်ဆုံး၌ အာပေါင်အာရင်းအသံမြိုင်မြိုင်နှင့် ဟောက် သည်ကိုကြားရသည်နှင့်တစ်ပြိုင်နက် မချောသည် အိပ်ရာထဲမှထ၍ လုံချည်တစ်ထည်စနှစ်ထည်စနှင့် လက်ဝတ်လက်စား
တို့ကို ကျစ်ကျစ်ပါအောင်ထုပ်ပြီးလျှင် ကြမ်းပြင်ပေါ်သို့ခြေမကျလောက်အောင်ပင် ဖြည်းညင်းစွာနင်း၍နင်း၍ မောင်ဒေါင်းရှိရာသို့ လာခဲ့လေ၏။
မောင်ဒေါင်းကား မှိန်းလျက် အိပ်ပျော်သလိုလို မပျော်သလိုလို၊ဖြစ်ပျက်ခဲ့သော အခြင်းအရာတို့သည်အကယ်ပင် ဟုတ်သလိုလို၊ အိပ်မက်ပင် ဖြစ်သလိုလို။သို့သော် အိပ်မက်မဟုတ်၊တကယ့်အဖြစ်အပျက်
မှန်းသိရလျှင် စိတ်ပျက်မိ၏။အိပ်မက်ပဲ ဖြစ်ပါစေဟုဆုတောင်း မိ၏။
ထိုအတွင်း ပခုံးကို တစ်စုံတစ်ခု ထိလိုက်သည်နှင့် ငေါက်ခနဲ ထထိုင်လိုက်၏။ဦးခေါင်းပုတ်လောက်ကြီးသွားသည်ထင်မိ၏။ မျက်ချေးကပ်သော မျက်စိတို့ကို ပွတ်၍ကြည့်လိုက်သော်မှ မချော၏ ခန္ဓာကိုယ်ကလေးကို အကွင်းသားမြင်ရလေရာ အားတက်သွားလေ၏။မချောက နားနားကပ်၍ တစ်စုံတစ်ခု ပြောလိုက်၏။ မောင်ဒေါင်းသည်
သွက်လက်စွာ ထ၍ အိပ်ရာကိုလိပ်၏။
ရေနံဆီမီးခွက်၏ မှုန်မွှားမွှားနီရောင်တွင် မောင်ဒေါင်းက အိပ်ရာလိပ်တစ်လိပ် မချောက အထုပ်တစ်ခု ကိုယ်စီပိုက်လျက် မည်းမည်း
မည်းမည်းနှင့် အိမ်ရှေ့သို့ ဖြည်းညင်းစွာရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။တံခါးဝသို့ရောက်လျှင် မချောကစမ်း၍ တံခါးရွက်မင်း
ကိုချွတ်၏။ အသံမမည်။ မင်းတုံးကိုတိုင်ဖုံးတွင် အသာထောင်၏။ဘာသံမျှမကြားရ။တံခါးရွက် တစ်ရွက်ကို သွားသာရုံ ဖွင့် ၏။ ကျွိ ခနဲ
မည်သွား၏။ နှစ်ဦးစလုံး ခေါင်းနပန်းကြီးသွား၏။ မိုးကြိုးပစ်လိုက်သကဲ့သို့ ထင်မှတ်လိုက်ကြ၏။ နောက်သို့လှည့်ပြီးလျှင် နှစ်ဦးသား အရိပ်အဆင်ကိုရှု၏။ ရေနံဆီမီးခွက်ကလေးမှာ မှိတ်တုတ်မှိတ်တုတ်နှင့်။ အစ်မကြီး၏ အခန်းဝမှ အခန်းဆီးကလေးမှာ ငြိမ်သက်လျက်။
အိမ်ရှိပစ္စည်းအားလုံးတို့မှာ အသေရုပ်ပမာ မတုန် မလှုပ်ရှိကြသည်။ထိုမတုန်မလှုပ် ဆိတ်ငြိမ်ခြင်းတို့သည်ပင်လျှင် မိမိတို့နှစ်ဦးအား ဖြဲခြောက်နေသည်ဟု ထင်မှတ်မိ၏။
လွတ်ပလား၊ ကျွတ်ပလား။ လွတ်ပြီ၊ ကျွတ်ပြီ။ ယခုမှဝန်ထုပ်ကြီး ကျပေတော့သည်။ရှေ့သို့တစ်လှမ်းမျှလှမ်းလိုက်လျှင်ပင် ဟုမ္မရူး၊ အင်ဒီပင်းဒင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စသည်တို့ထက် အဆ
ပေါင်း အသိန်းအသန်းမကသာသော လွတ်လပ်ရေးခန်းသို့ ရောက်ရတော့မည်။ ယခုမှပဲ ငါတို့နှစ်ဦး ပေါင်းရပေတော့မည်။ ဤသို့ ခဲခဲယဉ်းယဉ်းခိုးရသောမိန်းမကို ရွာရောက်မှချစ်ချင်သလို ချစ်ပြလိုက်
ဦးမည်။ ပျော်ရွှင်ချင်သလို ပျော်ရွှင်ရတော့မည်။ မွေ့လျော်ချင်သလို မွေလျော်ရတော့မည်။အဓိပတိ လွတ်လပ်ရေးကြီးပင်တကား။
ဤသို့ ခပ်ဆင်ဆင်တွေးမိသော မောင်ဒေါင်းမှာနှောင်အိမ်ထဲမှ လွတ်လပ်ရေးစခန်းသို့ တစ်လှမ်းတည်းနှင့် သိဒ္ဓိပေါက်စိမ့်ငှာ မချော၏နူးညံ့သော
လက်ကလေးကို ကပျာကသီဆွဲ၍ ခါးပန်းကိုလွှားလိုက် သည်တွင် ငလျင်တော်ဟည်းသည့်ပမာရိုက်ကြည်းထစ်ချုန်း၍ မင်းတုန်းလဲကျသံ
ကိုကြားလိုက်ရပြီးနောက် မချော၏နူးညံ့မွတ်ပျောင်း ဖောင်းအိသော ပါးနှစ်ပြင်ကို ကြမ်းတမ်းသောလက်ဝါးစောင်း နှင့်အတူ အာပုပ်ရည်မစင်သေးသော ပါးစပ်မှ ရုန့်ရင်းစွာ ရေရွတ်လိုက်သော
မချော၏အစ်မကြီးအသံတို့ကို ဆူညံစွာ ကြားလိုက်ရသည်၏အခြားမဲ့၌ မောင်ဒေါင်းသည် သန်မြန်စွာသောခြေနှစ်ချောင်းကို အားကုန်နှင်ကာ
သင်္ဘောဆိပ်သို့ တရကြမ်းစိုင်းလေသတည်း။
* * * * *
ရဲခနဲမြည်၍ ဝင်းခနဲဖြာလိုက်ပြီးလျှင် ကိုဒေါင်း၏ပါးစောင်တွင် ခဲထားသော ဣစ္ဆိတံမြမြဆေးလိပ်သည် မီးစွဲသွားပြီးသည့်နောက် လေအဟုန်ဖြင့် မီးတောက်နေသည့်အတွင်း ကိုဒေါင်း၏ မျက်နှာကို ထင်လင်းစွာ မြင်လိုက်ရပါသည်။ ကိုဒေါင်း၏မျက်လုံးများမှာ မီးရောင်တွင် အထူး
သဖြင့် တောက်ပနေသည်ကို သတိထားလိုက်မိပါသည်။ ထိုတောက်ပလျက်ရှိသော မျက်လုံးတို့ကိုထောက်ခြင်းအားဖြင့် ၎င်းမှာ ၎င်းငယ်စဉ်
က အဖြစ်အပျက်တို့ကို စားမြုံ့ပြန်ရာ၌ အထူးသဖြင့် စိတ်အားထက်သန်မိရှာသည်။လူရည်မဝင်ခင် ခွကျကျဖြစ်ရပုံများကို ပြန်လည်ပြော
ပြရာ၌ ၎င်း၏ အချိုးမကျပုံတို့ကို တွေးမိ၍ ရယ်ချင်မိရှာပေမည်ဟူ၍ တွေးတောလျက်ရှိစဉ် ကိုဒေါင်းသည် အသာငုံ့၍ ပုဆိုးစကို လက်ဖြင့်
မကာ မျက်လုံးများကို ပွတ်လိုက်သည်ကိုမြင်ပါသည်။
ထို့နောက် ၎င်းသည် လောင်နေသော ဆေးလိပ်မီးကိုမှုတ်လေသည်။ဤသည်တွင်မှ ကျွန်ုပ်မှာ ရယ်အားထက် ငိုအားသန်မိပြီးလျှင် ရွေးမြစ်ဤမှာဘက်ကမ်း၌ နေမင်းလမင်းတို့ကို ရင်ဝယ်ပိုက်လိုသဖြင့်
မျှော်လင့်တမ်းတနေဘိသကဲ့သို့ စကြဝဠာတဆုံးကိုမျှော်၍နေသော မောင်ဒေါင်းကို လည်းကောင်း၊ ရွေးမြစ် ဟိုမှာဘက်ကမ်းတွင် မထင်မရှားသော မိန်းမသဏ္ဌာန်တစ်ခုသည် မောင်ဒေါင်းရှိရာသို့ လက်လှမ်း
လင့်၍ မျှော်စောင့်နေသည်ကို လည်းကောင်း အကယ်ပင် မြင်လိုက်ယောင်ယောင် ရှိပါသည်။ သို့သော် ကျွန်ုပ်အထင်အရှား မြင်လျက်ရှိ
သည်ကား တသွင်သွင်စီးလျက်ရှိသော ရွေးမြစ်၏ ရေအလျဉ်ပင် ဖြစ်ပါတော့သတည်း။
--------------
မောင်ထင်
#Typing_crd_ZawOo
No comments:
Post a Comment