#အရေးပေါ်အခြေအနေ
#မင်းလူ
“င” နံပါတ် “ကောင်ဆယ်ကားကလေးသည် အရှေ့မျဉ်းပြိုင် ကွင်းလမ်းအတိုင်း မြို့ထဲသို့ဦးတည်၍သွားနေ၏။ ဒီဇင်ဘာ၏နှင်းတို့
မှုန်မှုန်ကျနေခြင်းသည် ချစ်သူတို့ လက်တွဲ၍ လျှောက်ချင်စရာ ကောင်းလှပါသည်။ သို့ရာတွင် ကိုအေးသန်းကမူ . .ထိနှင်းတို့ကို သိပ်သဘောမကျလှချေ။ သူ့ကားက မီးအားသိပ်မကောင်း၊ ပြီးတော့
သူ့ရှေ့က မှန်သည် နည်းနည်းအက်နေ၏။
ထို့ကြောင့် ကားရှေ့ မြင်ကွင်းကို ထင်းကနဲနေအောင် မမြင်သာ။ ရှေ့ကို အာရုံ စိုက်၍
ကြည့်နေရသောကြောင့် မျက်စိညောင်းလာသည်။ ဒီနေ့ရှာ၍ ရသမျှသော ငွေကို စိတ်ထဲက တွက်ကြည့်မိသည်။ ခုနောက်ဆုံး တစ်ခေါက် သင်္ဃန်းကျွန်းကို လိုက်ပို့သဖြင့် ရရှိငွေ တစ်ဆယ့်ငါးကျပ်။
စုစုပေါင်းရရှိငွေ ကိုးဆယ့်ငါးကျပ်၊ ဓာတ်ဆီဖိုး၊ အင်ဂျင်ဝိုင်ဖိုး အစိတ်နှုတ်လျှင် ခုနစ်ဆယ်ကျန်။ စားသောက်စရိတ် တစ်ဆယ်ထား။ခြောက်ဆယ်ကျန်ငွေ။ ဒီနေ့သိပ်မရဟု ထင်သည်။
ပရိုက်ဗိတ်တက်စီခေါ် ကိုယ်ပိုင် အငှားယာဉ်အလုပ်၊ ခေါ်နေကြမို့သာ နားယဉ်နေရသည်။ အမှန်အားဖြင့် ထိုအမည်သည် အတော်ရယ်စရာ ကောင်းလှ၏။ ကိုယ်ပိုင်ဖြင့်လည်းကိုယ်ပိုင် အငှားယာဉ်ဆိုလည်း အငှားယာဉ်၊ ခုတော့ က,ပြား အမည်လို ဖြစ်နေ
လေသည်။ နံပါတ်ကတော့ အနက်၊ ကိုယ်ပိုင်ပေါ့။ သို့ရာတွင် အငှားလိုက်သည်။ တစ်နာရီသုံးလျှင် တစ်ဆယ့်ငါးကျပ်၊ သို့တည်းမဟုက် နှစ်ဆယ်။ ဟိုနားဒီနား တစ်ခေါက်လောက်လိုက်ပို့ရုံဆိုလျှင်
ရှစ်ကျပ်၊ တစ်ဆယ် မနေ့ကတော့ အချီကြီးရလိုက်သည်။ မိန်းကလေး နှစ်ယောက်ကို သုံးမိုင်ခရီးလောက် လိုက်ပုံရုံ၊ ညနေကျတော့ သွားကြို
ရုံမျှဖြင့် ငွေသုံးဆယ်ရလိုက်သည်။
ရိပ်ခနဲဝင်လာသော မြင်ကွင်းသည် အတွေးအားလုံးကို ရပ်တန့်သွားစေ၏၊ တာမွေမြောက်လမ်းထဲမှ ဖြတ်ထွက်လာသော စက်ဘီးတစ်စီး။ ကားရှေ့တည့်တည့်သို့ ဘေးတိုက်ဝင်လာသည်။ နီးနီးကလေး။
ဘရိတ်ဖမ်းရန် အချိန်မရ။ ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်သည်။ စက်ဘီးနှင့်ကား ဦးတည်ရာလမ်းကြောင်းတို့ ပြောင်းပြန် ဖြစ်သွားသည်။ လွတ်သွားပြီဟု ထင်၏။ သို့ရာတွင် စက်ဘီးစီးသမားက
ကြောက်အားလန့်အားနှင့် ဘယ်ဘက်ကိုပင်ကွေ့သည်။ စက်ဘီးသည် လမ်းပေါ်တွင် စက်ဝိုင်းလိုလည်၍ ကားရှိရာသို့ ပြန်လှည့်လာသည်။
ကားလက်ကိုင်ဘီးကို ဘယ်ဘက်သို့ ဆွဲလှည့်သည်။ မရတော့။
“လေဆိပ် ၇၅” ဇာတ်ကားထဲမှ လေယာဉ်ပျံကြီးနှင့် လေယာဉ်ပျံကလေးတို့ တိုက်မိကြသလိုပင်။ ကားနှင့် စက်ဘီးတို့သည် “ဂျိုင်း”ကနဲ ဘေးချင်းဝင်ဆောင့်ကြလေ၏
ကိုအေးသန်းသည် ကားပေါ်မှ ခဏမျှ ငိုင်နေမိသည်။ “ကားတော့ တိုက်ပြီဟေ့”ဟူသော အော်သံကြားမှ ကားတံခါးကိုဖွင့်၍ လျင်မြန်စွာ ဆင်းလိုက်သည်။
လူတို့သည် ဘယ်ကဘယ်လို ထွက်လာကြမှန်းမသိ။ လူအုပ်တော်တော်များနေပြီ။ လူအုပ်ကြားထဲသို့
ကြည့်လိုက်သောအခါ၊ လူတစ်ယောက်သည် ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကို ပွေ့ချီထားသည်။ ကလေးငယ်သည် ဦးခေါင်းငိုက်စိုက် ကျနေ၏။ သူ့ခေါင်းမှ သွေးတို့သည် ကတ္တရာလမ်းပေါ်သို့ တစ်တောက်တောက်ကျနေသည်။ ဘုရား...ဘုရား... အသက်မသေပါစေနှင့်။
“ဘယ်လိုလုပ် မောင်းတာလဲ.."
“စက်ဘီးတစ်စီးလုံးတောင် မမြင်ဘူး "
“သေပြီ ထင်တယ်... "
“ကားသမားတွေ ရမ်းကိုရမ်းတယ်...
ရန်ကုန်မြို့သားများမှာ အကျင့်တစ်ခုရှိသည်။ လူတစ်ယောက်ကို ကားတစ်စင်းက ဝင်တိုက်မိပြီဆိုလျှင် ကားမောင်းသူကိုသာ အပြစ်ဖွဲ့ချင်တတ်သောအကျင့်။ သူတို့သည် မကျေနပ်ချက်မှန်သမျှကို ကားမောင်းသူများ၊ သူခိုးများ၊ ခါးပိုက်နှိုက်များအပေါ် ပုံအောတတ်ကြလေသည်။ သို့ရာတွင် ကိုအေးသန်းကတော့ သက်သာရာ ရသွား၏။ ဩဇာညောင်းပုံရသော လူကြီးတစ်ယောက်ရောက်ရှိလာသောကြောင့် ဖြစ်ပါသည်။
“ဟေ့.. ဘာလို့ဝိုင်းအုံကြည့်နေကြတာလဲ၊ အသက်ရှိသေးတယ် မဟုတ်လား၊ ဆေးရုံပို့ပါလား၊ ခင်ဗျား ကားမောင်းလို့ ရသေးတယ် မဟုတ်လား... ”
“ဟုတ်... ဟုတ်ကဲ့ပါခင်ဗျာ..."
“ဒါဆို ကားပေါ်တင်၊ မောင်ပိုင်ကျော်မြင့်၊ သံချောင်း ကားနဲ့လိုက်ခဲ့၊ မြင့်လှိုင်က ကလေးအဖေကို အကြောင်းကြားပြီး ဆေးရုံကိုခေါ်ခဲ့၊ ကဲ... မောင်း၊ မောင်းလေဗျာ...”
ကားကို “ဝူးကနဲ”မောင်းထွက်လိုက်၏။ ကိုအေးသန်းကား ထူပူ နေသောကြောင့် သွားနေကျလမ်းများကိုပင် မမှတ်မိသလိုဖြစ်နေလေသည်။ ခုနလူကြီးက လမ်းညွှန်နေရသည်။
“မြေနီကုန်းဘက်ကိုမောင်း၊ အဲဒီက လမ်းရှင်းတယ်၊ ဦးဝိစာရလမ်းရောက်မှ ဖြတ်ချ"
ကိုအေးသန်းသည် ရှေ့ကို ကြည့်နေသော်လည်း၊ စိတ်က ကားနောက်ခုံရှိ ကလေးဆီသို့ ရောက်နေသည်။ မတော်တစ်ဆဖိတ်စင်၍
သွားခဲ့လျှင်... ။ ဖွဟဲ့... လွဲပါစေ...၊ ဖယ်ပါစေ။
“ဘယ်လိုနေသေးလဲ..."
သူစိုးရိမ်မှုသည် သူ့အသံတွင် ပေါ်လွင်နေသည်။ စိတ်မတည်ငြိမ်ပဲ ကားမောင်းနေလျှင် နောက်ထပ်တိုက်မိနိုင်ကြောင်းကို နောက်ခန်းမှ လူကြီးက နားလည်သွားသည်။
“စိတ်အေးအေး ထားပြီးမောင်းစမ်းပါဗျာ၊ ကလေးက အသက်ရှုနေတုန်းပါပဲ၊ နှလုံးလဲ မှန်မှန်ခုန်နေတယ်... "
“ဟုတ်ပါတယ်…. အစ်ကို၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အားလုံးမြင်ပါတယ်၊ အကို့အမှားမဟုတ်ပါဘူး... သူ့စက်ဘီးက မှားဝင်လာတာပါ၊ ကလေးမိဘလာရင်လဲ ဝိုင်းပြောပေးပါ့မယ်... "
လူကြီး၏စကားကို လူငယ်တစ်ယောက်က တောင်းခံလိုက်သည်။ရွှေဂုံတိုင်အဝိုင်းတွင် မီးပွိုင့်က နီနေပြန်၏။
“မောင်းဗျာ...၊ ကားလဲ ရှင်းသားပဲ... "
မီးနီကိုဖြတ်၍ မောင်းသည်။ လမ်းဆုံ ပလက်ဖောင်းပေါ်မှ ယာဉ်ထိန်းရဲ၏ ခရာသံကို “ရွှီကနဲ” ကြားလိုက်ရသည်။ နောက်ခန်းမှ လူကြီးက “လူနာပါလို့ပါ.."ဟု လှမ်းအော်လိုက်သံကိုလည်း ကြားရသည်။
ဦးဝိစာရလမ်းအတိုင်းဖြတ်၊ ထို့နောက် ဘုရားလမ်းအတိုင်းမောင်း၊ ဗိုလ်ချုပ်လမ်းနှင့်ဆုံရာသို့ ရောက်လာသည်။ ဆေးရုံကြီးသည် ညာဘက်မှာရှိ၏။ သို့ရာတွင် ဗိုလ်ချုပ်လမ်းသည် တစ်လမ်း
မောင်း၊ ညာကွေ့လို့မရ။ အနော်ရထာလမ်းထိအောင် ဆက်မောင်း၊ညာကွေ့၊ လမ်းမတော်မှ အပေါ်သို့ဖြတ်တက်၊ ဗိုလ်ချုပ်လမ်းအတိုင်းပြန်မောင်း၊ တစ်ကွေ့တစ်ပတ်ကြီး။
"ခွီး... အရေးပေါ် လူနာဌာနကို ဘယ်လမ်းကဖြစ်ဖြစ် အလွယ်တကူ ဝင်လို့ရအောင် စီစဉ်ထားဖို့ကောင်းတယ်၊ ဒီကိစ္စမျိုးက စက္ကန့်နဲ့အမျှ အရေးကြီးတာကလား..."
လူကြီး၏ စကားနှင့်အတူ အရေးပေါ်ဌာန၏ ဆင်ဝင်တွင် ကားရပ်မိသည်။ တံခါးလေးတစ်ခု တစ်ပြိုင်ထဲ ပွင့်သွား၏။ ကလေးကို ပွေ့ချီသွားသည်။ အသင့်တွေ့ရသော လူနာတင်၊ တွန်းကုတင်
ပေါ်သို့တင်သည်။ ဆရာဝန်တစ်ဦး ရောက်လာသည်။ ကလေး၏ ဒဏ်ရာကိုကြည့်သည်။ “ဘာမှမဖြစ်ပါဘူး”ဟု ပြော၍ သုတ်သုတ်ပျာပျာ ပြန်ထွက်သွားသည်။ ဟင်... သွေးတွေကို မြင်နေရတာတောင် ဘာမှမဖြစ်ပါဘူးတဲ့။ လူကြီးက ထွက်သွားသောဆရာဝန်နောက်သို့ လိုက်မည့်ဟန်ပြု၏။ ဆေးရုံအမှုထမ်းတစ်ယောက်က လူကြီး၏ လက်မောင်းကို ကိုင်လိုက်သည်။
“ခဏစောင့်ပါဦးလေ၊ ဟိုမှာ... သိပ်အရေးကြီးတဲ့.. လူနာတစ်ယောက် ရောက်နေလို့ပါ၊ သေမလား ရှင်မလားမသိဘူး။အသက်ကို လုယူနေရတယ်၊ ပြီးတော့ ဦးလေးတို့ လူနာက ဘာမှမဖြစ်... အဲ… အခြေအနေကောင်းပါတယ်။ ခေါင်းနဲနဲ ကွဲသွားတာရယ်၊ လက်မှာ ပွန်းပဲ့သွားတာရယ်၊ ဒါလောက်ပါပဲ... "
ခုမှပင် ကိုအေးသန်း စိတ်သက်သာရာရသွား၏။ ဟုတ်တော့လည်း ဟုတ်ပေသားပဲ၊ ခေါင်းကွဲသွားသော လူနာနှင့်စာလျှင် လူကောင်းပကတိသည် ဘာမျှမဖြစ်။ အသက်လုနေရသော လူနာနှင့်စာလျှင် ခေါင်းကွဲသွားရုံဖြစ်သော လူနာသည် ဘာမျှမဖြစ်ဟု
ဆိုနိုင်သည်။ အိုင်းစတိုင်း၏ ရီလေတီဗီတီ သီအိုရီပင်တည်း။
ကလေးထံမှ ညည်းသံတစ်ချက်ထွက်လာသည်။ ကလေးသည် မေ့မျောနေခြင်းမဟုတ်။ ဒဏ်ရာအရှိန်ကြောင့် မှိန်းနေခြင်းသာ ဖြစ်ပါသည်။ မျက်နှာမှာလည်း သွေးဆုတ်နေသော လက္ခဏာ မရှိ
ဆေးရုံစကားနှင့် ပြောရလျှင် ဘာမျှမဖြစ်။
* * * * *
သုံးဘီးကားစက်သံနှင့်အတူ ပြေးလာနေသော ခြေသံများကို ကြားရသည်။ ကလေးအဖေလာပြီး ကလေးအဖေသည် ကလေးရှိရာသို့ ပြေးသွားသည်။
“သား... သား... သတိရရဲ့လား...၊ ဖေဖေလေ... "
ကလေးက `အင့်'ကနဲ ညည်းပြန်သည်။ လူကြီးက ကလေးအဖေ၏ ပုခုံးပေါ်လက်တင်လိုက်ပြီး...
“မောင်တင်ရွှေ ကလေးဘာမှ မဖြစ်ပါဘူး..."
ကလေးအဖေက လူကြီးကို မျက်လုံးအကြောင်သားဖြင့် စိုက်ကြည့်နေသည်။ လူကြီးကလည်း သူ့စကားသည် ကလေးအဖေအဖို့ နည်းနည်းစိမ်းနေသေးကြောင်း သိသွားပုံရသည်။
ကလေးကို အတွင်းခန်းထဲသို့ ခေါ်သွားသည် လူကြီးနှင့် ကလေးအဖေ ကိုတင်ရွှေတို့ လိုက်သွားကြသည်။ ခဏကြာသောအခါ ကလေး၏ စူးစူးဝါးဝါး အော်လိုက်သံကို ကြားရ၏။ ဘေးမှ လူတစ်ယောက်က...
“အစိမ်းချုပ်နေတာဗျ၊ အဲဒါပိုကောင်းတယ်၊ ထုံဆေးနဲ့ချုပ်တာထက် အနာပိုပြီး အကျက်မြန်တယ်... "
ဟုတ် မဟုတ်တော့မသိ။ နားမချမ်းသာသောကြောင့် အပြင်သို့ ထွက်လာခဲ့သည်။ သူ့ကားနှင့်ပါလာသော လူငယ်တစ်ယောက်ကို ဆင်ဝင်အောက်မှာ တွေ့သဖြင့် စီးကရက်နှစ်လိပ်ဝယ်ပြီး တစ်
လိပ်ကိုပေးလိုက်သည်။ ကားရှိရာသို့ လျှောက်သွားပြီး တိုက်မိသည့်နေရာကို ကြည့်သည်။ နဲနဲချိုင့်သွားရုံသား။
ခုမှပင် ကိုအေးသန်း သတိရလာသည်။ ကလေးအတွက် ဆေးဖိုးဝါးခကိစ္စ။ ဒီနေ့ညအဖို့ ငွေငါးဆယ်လောက်တော့ ပေးထားခဲ့မှ ကောင်းမည်။ ကုန်ပြီ။ ဒီနေ့ရှာလို့ ရသမျှ။ နက်ဖြန်ဆိုလျှင်လည်း ရှာပေဦးတော့ ငါးဆယ်လောက်ထပ်ပေးရဦးမည်။
ပြတ်တောင်း၊ ပြတ်တောင်း ဥဩသံကို ကြားရ၏။ ရဲကားတစ်စင်းနှင့် လူနာတင်ကားတစ်စင်း ဆိုက်လာသည်။ လူနာတင်ကားပေါ်မှ ထမ်းစင်ကို သယ်ယူလာကြသည်။ လူငယ်တစ်ယောက်
အနောက်တိုင်းဝတ်စုံအပြည့်အစုံ ဝတ်ဆင်ထားသည်။ လည်မျိုတည့်တည့်တွင် ဓားမြှောင်ကြီးတစ်ချောင်းစိုက်နေ၏။ သွေးတို့သည်
ရှပ်အင်္ကျီ အဖြူတွင် ရွှဲနစ်နီရဲလျက်။ သေနေပြီ။ ကပွဲတစ်ခုခု သို့တည်းမဟုတ် ဟိုတယ်တစ်ခုခုတွင် ရန်ဖြစ်လာခဲ့ဟန်တူသည်။
* * * * *
အထဲက အချုပ်အလုပ်ကိစ္စများ ပြီးဆုံးသွားသည်။ ကလေးကို အပြင်သို့ ပွေ့ခေါ်လာကြသည်။ လက်မှာ ပတ်တီးတစ်ခု၊ ခေါင်းမှာတစ်ခု၊ ကလေးသည် သတိကောင်းစွာ ရနေပြီ။ သို့ရာတွင် အနာကို
ချုပ်စဉ်က အော်ဟစ်ခဲ့ရသောကြောင့် မောပန်းနေဟန်တူ၏။ ပွေ့ချီထားသူ၏ လက်မောင်းကိုမှီလျက် မှေးနေသည်။ ကိုအေးသန်းသည် ကလေး၏ဆံပင်ကလေးကို ပွတ်သပ်လိုက်သည်။ သူသည်
ကလေးကို မည်သို့အားပေးစကားပြောရမှန်းမသိ ဖြစ်နေ၏။ ထိုအချိန်မှာပင် ဆရာဝန်ထွက်လာသောကြောင့် သူ့အခက်အခဲ ပြေလည်သွားသည်။
“ကလေးကို ပြန်ခေါ်သွားနိုင်ပါပြီ၊ နီးစပ်ရာ ဆေးခန်းမှာပဲ ပြပေါ့။ ယာဉ်မောင်းနဲ့ ကလေးအဖေတော့ နေခဲ့ကြပါဦး”
ဆရာဝန်က ဆက်လက်ရှင်းပြသည်။ ကလေးသည် သာမန် ထိခိုက်ရုံမျှသာဖြစ်၍ အမှုအခင်း မဖြစ်နိုင်လောက်၊ ရဲကိုတော့ အကြောင်းကြားရမည်။ ရဲ၏ရှေ့တွင် ကိုအေးသန်းနှင့် ကလေးဖခင်
တို့က ကြေအေးကြောင်း လက်မှတ်ထိုးရမည်။
ကလေးအဖေက ယခုဖြစ်ပွားသော ယာဉ်တိုက်မှုသည် ကိုအေးသန်းက ကလေး၏ ကျန်းမာရေးအတွက် ဆုံးခန်းတိုင် တာဝန်ယူရမည်။ ယခု ဒဏ်ရာနှင့်ပတ်သက်၍ နောက်ပိုင်းဖြစ်ပေါ်လာသမျှကိစ္စကို တာဝန်ယူရမည်။
“ဖြစ်ပြီးမှတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူးပေါ့ဗျာ..ကျွန်တော့်ကလေးကိုသာ ဂရုတစ်စိုက်လာကြည့်ရင် ကျေနပ်ပါပြီ..."
“ဟာ... စိတ်ချပါ၊ ကျနော်လုံးဝတာဝန်ယူပါတယ်ဗျ”
ဆရာဝန်က ကလေးအဖေနှင့် လူကြီးတို့ဘက်သို့လှည့်၍
“စောစောတုန်းက အစ်ကိုကြီးတို့လူနာကို ချက်ချင်းမကူညီနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ အထဲမှာက သိပ်အရေးကြီးတဲ့ လူနာတစ်ယောက်ရှိနေလို့ပါ၊ သူလဲ ကားတိုက်ခံရတာပါပဲ၊ လူတစ်ကိုယ်လုံး ကားရှေ့မှန်ထဲကို ကျွံဝင်သွားတာ သွေးလည်း သိပ်လွန်
နေတယ်၊ သေမှာပါပဲဗျာ၊ အဲ.. အဲ... ဟိုကားနဲ့တိုက်တာပေါ့..."
ဆရာဝန်ညွှန်ပြရာသို့ကြည့်လိုက်ရာ ချက်ဗလက်ဘစ်ကိန်းကားကြီးတစ်စင်း ပြားပြားရှည်ရှည်လှလှပပကြီး။ ရှေ့မှန်ကား ရစရာမရှိအောင် ကျေမွနေ၏။ မှန်အစွန်းအစများသည် ဘောင်အတွင်းမှ ထိုးထိုးထောင်ထောင် ထွက်နေသည်။ နှမြောစရာ။
ကိုအေးသန်းသည် ကားကြီးကို ငေးကြည့်နေမိ၏။ တရုတ်ကြီးတစ်ယောက်သည် ကားကိုမှီ၍ ရပ်နေသည်။ ဆရာဝန်ကို တွေ့သောကြောင့် သူတို့ဆီသို့ လျှောက်လာသည်။ ဆရာဝန်သည် တရုတ်
ကြီးကို လည်ပင်းဖက်၍ ခေါ်သွားပြီးတစ်စုံတစ်ခုကို ပြောနေသည်။ဆရာဝန်အသံကို တစ်စွန်းတစ်စ ကြားလိုက်ရ၏။
“စိတ်မပူပါနဲ့ဗျာ၊ လူနာအခြေအနေကောင်းတယ်၊ အေးအေး ဆေးဆေးပါပဲ... "
ဪ.. မုသားပြောခြင်းဖြင့် လူတို့ကို စိတ်ချမ်းသာစေသူများ တွင် ဆရာဝန်များလည်း ပါလေသည်တကား။
ကလေးကို အိမ်ပြန်ပို့ဖို့ စီစဉ်ကြသည်။ ကိုအေးသန်းက လိုက် ပို့လိုသော်လည်း ရဲကိုစောင့်ရဦးမည်ဖြစ်၍ မပို့နိုင်၊ ကလေးအဖေ ကလည်း ကလေးကို သူမပါဘဲ ပြန်မလွှတ်လို။ ကိုအေးသန်း ကား ပေါ်မှာ ခဏသိပ်ထားလိုသည်။ လူကြီးကမူ ကလေးအအေးမိမည် စိုး၍ အိမ်ကိုခေါ်သွားနှင့်ချင်သည်။ သူတို့နှစ်ယောက် အချီအချ ငြင်းခုံနေကြစဉ် ကိုအေးသန်းထွက်လာခဲ့သည်။ စောစောက ချက်ဗလက် ကားကြီးဆီသို့ ကြည့်လိုက်ရာ ကားရှင်တရုတ်ကြီးသည် ကားခေါင်းပေါ်မှာထိုင်၍ မှိုင်နေလေသည်။ ထိုနေရာသို့ ကိုအေးသန်း လျှောက်လာခဲ့သည်။ သူအနားရောက်သောအခါ တရုတ်ကြီးက မော့ကြည့်၏။ ကိုအေးသန်းက
“ဒီမှာ ဆရာကြီး.. ခင်ဗျားကားအတွက် ရှေ့မှန်ယူမလား"
“ခင်ဗျားမှာရှိလား..."
“ရှိတယ်... "
" ဒါဆို.. ခင်ဗျားလိပ်စာပေးလေ... နက်ဖန်လာကြည့်မယ်”
တရုတ်ကြီး၏ မျက်လုံးများသည် တောက်ပလာ၏။ ကိုအေးသန်း ကမူ ကားမှန်ကို ဘယ်လောက်ပြောရင် ကောင်းမလဲဟု စဉ်းစား နေလေသည်။
--------------
မင်းလူ
ရှုမဝ၊ ဇူလိုင်၊ ၁၉၇၉
ပဉ္စဂံစာအုပ်တိုက်
#Typing_crd_ZawOo
No comments:
Post a Comment