Wednesday, 17 June 2020

တီတီ_တီတီတီ #လယ်တွင်းသားစောချစ်

#တီတီ_တီတီတီ

#လယ်တွင်းသားစောချစ်

ကျွန်တော်တို့သားအဖ မှော်ဘီ ချမ်းမြေ့ရိပ်သာမှ ကားနှင့်ထွက်လာချိန်မှာ ည ၇ နာရီ ကျော်နေပါပြီ။
မိုးကလေး ဖွဲဖွဲရွာ၍ ညမှာ မှောင်နေသည်။

“ဖြည်းဖြည်းမောင်းနော် ငါ့သား ... မိုးရွာတော့ လမ်းက ချောနေတာ အန္တရာယ်ရှိတယ် ...”

ကျွန်တော်က သားကို သတိပေးသည်။ 

လာစဉ်က ကိုယ်တိုင်မောင်းလာခဲ့ခြင်း ဖြစ်သည်။ ဒုလ္လဘရဟန်း ဝတ်နေသော သားလူထွက်သည်ကို လာခြင်းဖြစ်သည်။အပြန်ကျတော့ ညမှောင်လျှင် မျက်စိက ကားမီးထိုးသည်ကို မခံနိုင်၍ ရဟန်းလူထွက်စဖြစ်သော သားကို မောင်းခိုင်းရခြင်း ဖြစ်သည်။

သားက ကားကို ခပ်မှန်မှန်သာ မောင်းပါသည်။
ကျွန်တော်တို့ကားကို နောက်မှ ကားများ တစ်စင်းပြီးတစ်စင်း ကျော်တက်နေကြသည်။(၁၀) ရက် ဘုန်းကြီးဝတ် တရားထိုင်ထား၍ သား၏စိတ်များ
အပြောင်းအလဲ ရှိနေပါသည်။ ယခင်ကဆိုလျှင် လူငယ်ပီပီ သူ့ကားကို သူများကား ကျော်တက်လျှင် သဘောကျသည်မဟုတ်။ မိုးရွာ၍ လည်း
မောင်းရှိန် လျှော့သည်မရှိ။ အနည်းဆုံး ကီလို (၈ဝ)ကတော့ မောင်းနေကျ။

ဒိုင်ခွက်ဆီသို့ ကျွန်တော်လှမ်းကြည့်လိုက်သည်။ ကီလို ၆၀နှင့် ၇ဝ ကြားမှာ ရှိသည်။ အန္တရာယ်ကင်းစွာမောင်းနေခြင်း ဖြစ် သည်။လမ်းမှာ ညက်ညော ကောင်းမွန်သော်လည်း ကိုယ်မောင်းနေကျမဟုတ်။ အကွေ့အကောက်လည်း များသည်။မိုးကလည်းမစဲသေး။ တဖွဲဖွဲရွာနေဆဲ။

ကားမှန်ရှေ့မှ ရေသုတ်တံလေးက မိုးရေများကို မှန်မှန်သုတ်ပေးနေသည်။

ရှေ့ဆီမှ ကားတစ်စင်းလာနေသည်။ အပေါ်မီးဖွင့်၍ မောင်းလာခြင်းဖြစ်၍ ကိုယ့်ဘက်မှာ မျက်နှာတည့်တည့် မီးထိုးခံရသည်။သားက ကားမီးကို ပိတ်လိုက်ဖွင့်လိုက်လုပ်၍ အောက်မီးချပေးရန် တောင်းသည်။ တစ်ဖက်ကားက ဘာမျှ တုံ့ပြန်ခြင်းမရှိ။အပေါ်မီးဖွင့်လျက်နှင့်ပင် အရှိန်ပြင်းစွာ မောင်းသွားသည်။ သူ့ကားမှာ အင်ဂျင်အားကြီးသော ကားကောင်းဖြစ်သည်။ တစ်ဖက်သားကို ညှာတာခြင်း အလျဉ်းမရှိ။

“ရက်စက်လိုက်တဲ့ကား ...ဖေဖေမပြောနဲ့ သားတောင် မျက်လုံးတွေ ပြာသွားတာပဲ...”

“သတိထားမောင်းငါ့သား..မရရင် လမ်းဘေးချရပ်ထားလိုက် တချို့ လူတွေက ညှာတာစိတ်မရှိကြဘူး...”

သားက ခပ်မှန်မှန် ဆက်မောင်းလာပါသည်။ 

သိပ်မကြာလိုက်ပါ။ မီးအားကောင်းသော ကားကြီးတစ်စင်းနဲ့ ရင်ဆိုင်ရပြန်သည်။ သားက မီးကို မှိတ်ချည် ဖွင့်ချည်ပြု၍ အချက်ပြသည်။

ကားကြီးက အားကြီးသော ရှေ့မီးကြီးများကို ပိတ်ပေးပြီး အရှိန်လျှော့၍ မောင်းလာသည်။ ကျွန်တော်တို့ကားလေး မီးရောင် ထိုးသော အန္တရာယ်မှလွတ်၍ နှစ်ဦးစလုံး ဘေးကင်းစွာ ဆက် မောင်းကြသည်။
အမှောင်ထဲမှာမို့ ကားကြီးမောင်းသူကို လှမ်းမမြင်လိုက်ရသော်လည်း ညှာတာစိတ်နှင့် တုံ့ပြန်မှုရှိသူအဖြစ် လေးစားလိုက်မိသည်။

တီ ... တီ ... ။

သားက ကားဘာသာစကားဖြင့် ကျေးဇူးတင်ကြောင်း ဟွန်းနှစ်ချက်တီး၍ အသိပေးလိုက်သည်။

တီ....

ကားကြီးမှလည်း “ရပါတယ်”ဟု တုံ့ပြန်သံ ထွက်ပေါ်လာသည်။ စိတ်ကောင်းရှိသူ ဖြစ်ပါသည်။ နောက်ထပ် ကားသုံးစီးနှင့် ရင်ဆိုင် ရှောင်ရပြန်သည်။ သုံးစီးလုံး အထက်မီးနှင့် ထိုးသွားကြ
သည်။ အောက်မီးချပေးခြင်း အရှိန်လျှော့ခြင်း လုံးဝမရှိ။

အမှန်စင်စစ် သူအန္တရာယ်ရှိလျှင် ကိုယ်လည်း အန္တရာယ်မကင်းပါ။ ကားမီးထိုး၍တစ်ဖက်လူ မျက်စိပြာပြီး ရှောင်တိမ်းရာမှာ ကိုယ့်ကားနှင့် မလွတ်လျှင် သူသာမက ကိုယ်ပါ ဒုက္ခရောက် မည်
ဖြစ်ပါသည်။ သူ အန္တရာယ် ကင်းမှ ကိုယ်လည်း အန္တရာယ်ကင်းပါသည်။

သို့သော် ကားမောင်းသူအတော်များများမှာ စဉ်းစဉ်းစားစား၊စာစာနာနာ မရှိကြ။ ပို၍သတိထားရသည်မှာ သူ့ဘက်က အပေါ်မီးထိုးထားချိန်မှာ ကိုယ့်ညာဘက် လမ်းဘေးမှ စက်ဘီးနှင့် လူတို့ကို ကောင်းစွာ မမြင်ရခြင်း ဖြစ်သည်။ မမြင်၍ တိုက်မိလျှင်
အတိုက်ခံရသူမှာ အသက် အန္တရာယ်ရှိမည်။ တိုက်သူမှာလည်း အမှုအခင်းကြုံ၍ ထောင်ကျမည်။

ညအခါတွင် လမ်းဘေး လမ်းလယ်မှ ကားရှောင်သူများသည် ကားမီးထိုးလျှင် မြင်ရသည်ထင်ပြီး နေ့မှာလိုပင် ရဲရဲဝံ့ဝံ့ ရှိနေကြသည်။ အချို့ဆိုလျှင် လမ်းလယ်မျဉ်းပေါ်မှာပင် စိတ်ချလက်ချ ရပ်နေကြသည်။အန္တရာယ်ကြီးမားလှပါ၏။ ရင်ဆိုင်ကားချင်းမီးထိုးထားလျှင် အမြင်များ ဝေဝါး၍ လမ်းလယ်မှ လူကိုမမြင်ရပါ။ လမ်းဘေးမှ လူကိုလည်း ဝေ ဝေဝါးဝါးသာ မြင်ရပါသည်။ အနားကပ်မှ ဘွားခနဲ
တွေ့လျှင် တိမ်းရရှောင်ရခက်ပါသည်။

တံတားဖြူနားတွင် ညအခါ လမ်းလယ်မှာ ရပ်ထားသည့်အတွဲလေး တစ်တွဲ နှစ်ယောက်အတူ သေဆုံးခဲ့ရသည်ကို သတိရ ၍ သားကို သတိပေးမိသည်။

“သားရေ ...လူနဲ့ စက်ဘီးကိုလည်း သတိထားကြည့် ဦးနော်"

“ဟုတ်ကဲ့ ဖေဖေ”

မိုးက ရှာနဆေဲ။

တီ...တီ ...

နောက်မှ ကားတစ်စီးက ကျော်တက်ရန် လမ်းတောင်းနေသည်။ သားက ဘေးဘက်ကပ်ပြီး လမ်းပေးသည်။ကားအမျိုးအစားကို ခွဲခွဲခြားခြားမသိလိုက်ရပေမယ့် ကားကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ကားကို ကျော်မောင်းသွားပါသည်။ 

“ငါ့သား ... သူ့နောက်က လိုက်ပါလား ... ရှေ့ကားရှိ
တော့ မီးထိုးတာ သက်သာတာပေါ့..”

သားက စက်ရှိန်ကိုမြှင့်ပြီး အမီလိုက်သည်။ ကားလေးက အမြန်မောင်းနေသည် ။ အတော်လိုက်နေရသည်။ မိုးရွာထဲမှာ ကီလို ၈၀ ကျော်သည်အထိ လီဗာနင်းနေရသည်။

“ငါ့သား...မမီရင် မလိုက်နဲ့တော့ အန္တရာယ်များတယ်”

သားက စက်ရှိန်မလျှော့မီမှာပင် ရှေ့ကားလေးကို မီလာ သည်။ဆက်မောင်းသောအခါ ကီလို ၇ဝ နှင့် ၈၀ ကြားမှာ သူ့ ကားကို မီအောင် မောင်း၍ရနေသည်။ ရှေ့ ကားမောင်းသည့် အရှိန်လျှော့သွားသည်မှ သိသိသာသာ ဖြစ်ပါသည်။ 

"ရှေ့ကားက သားတို့ကို စောင့်ခေါ်နေတာ ဖေဖေ ...”

“အေး ဟုတ်တယ်ကွ ဖေဖေလည်း အဲဒီလို ထင်တယ်” 

သားက သူနှင့်မကွာအောင် လိုက်မောင်းပါသည်။ လမ်းဖြောင့် လမ်းကောင်း လမ်းရှင်းလျှင် သူက ကီလို ၈ဝ ခန့် မောင်းသည်။ကွေ့ တော့မည်ဆိုလျှင် သူ့ကားနောက်မှ ဘရိတ်မီးလေး နီရဲသွားသည်။ ကျွန်တော်တို့ကား အရှိန်လျှော့၍ရပါသည်။ 

တီ...တီ ... 

ရှေ့မှ ဝါးတင်ထားသော ကုန်ကားကြီးကို
ကျော်တက်ရင်းနှင့် လက်တစ်ချောင်း ထောင်ပြသည်ကို နောက်မှ လှမ်းမြင်ရပါသည်။

“သူနှင့် အတူ ပါလာသော ကားတစ်စီးနောက်မှာ
ပါသေးသည်”ဟု အချက်ပြသွားခြင်းဖြစ်၏။

“ဟိုမှာတွေ့လား ဖေဖေ .. နောက်မှာ တစ်စင်းပါသေး
တယ်လို့ ပြနေတာ ...”

“အေး ဟုတ်တယ်ကွ ...”

သားရော ကျွန်တော်ပါ သတိထားမိကြပါသည်။
သူ့ကို အားကိုးပြီး နောက်မှ လိုက်မောင်းသည်ကို ပါးနပ်လိမ္မာစွာ သိနားလည်ခဲ့သူ ဖြစ်ပါသည်။ စိတ်ကောင်း စေတနာကောင်း ရှိသူလည်း ဖြစ်၍ အမြန်မောင်းနေသော အရှိန်ကို လျှော့ချပြီး ကျွန်တော်တို့လိုက်နိုင်မည့် မြန်နှုန်းနှင့် စောင့်ခေါ်ခဲ့သည်။
လေးစားအားကိုးထိုက်သော စိတ်သဘောထား ကြီးမြတ်သူဖြစ် ကြောင်း ကျွန်တော်တို့ သားအဖ နားလည်ကြပါသည်။

မှော်ဘီကိုကျော်၍ ထောက်ကြံ့ကို ဖြတ်လာခဲ့ကြပြီ။ ရှေ့မှကားလေးသည် ကားကျော်တက်တိုင်း လက်တစ်ချောင်းထောင် ပြခဲ့၍ နောက်မှလိုက်ရသော ကျွန်တော်တို့ အတွက် အဆင်ပြေပါ၏။ကျွန်တော်တို့လိုက်နိုင်သောအရှိန်နှင့် မောင်းသည်။ နည်းနည်းကွာသွားလျှင် မြန်နှုန်းလျှော့ချပြီး စောင့်ခေါ်သည်။ ကားမောင်းပုံကလည်း ကျွမ်းကျင်သည်။

မိုးလေးကလည်း တဖွဲဖွဲရွာနေဆဲ။ သို့ သော် ရှေ့ကားကို အားပြုလိုက်ပါရ၍ အန္တရာယ်ကင်းစွာ အဆင်ပြေပါ၏။တစ်လမ်းလုံး ကျေးဇူးတင်စိတ်ဖြစ်နေရသည်။

မင်္ဂလာဒုံ ရောက်လာပြီ။ မကြာမီ ကျွန်တော်တို့ လမ်းခွဲရတော့မည်။ ခရေပင်လမ်းခွဲသို့ ရောက်လျှင် ကျွန်တော်တို့ ကားက ဘယ်သို့ကွေ့ ရမည် သူက ပြည်လမ်းအတိုင်း ဆက်သွားလိမ့်မည်။

 လမ်းခွဲကို ရှေ့မြင်နေရပြီ။ သားက ဘယ်ကွေ့မည့် အချက်ပြမီးကို ဖွင့်လိုက်သည်။ ရှေ့ကား နောက်ကြည့်မှန်တွင် မြင်လိမ့်မည် ထင်ပါသည်။

တီတီ ... တီ တီ တီ ...”

သားက ဟွန်းကို နှစ်ချက်ဆင့်တစ်ခါ၊ သုံးချက်ဆင့်တစ်ခါ နှိပ်လိုက်သည်။

“ငါတို့ ဒီမှာ လမ်းခွဲတော့မယ့် သူငယ်ချင်းရယ် ...
နှုတ်ဆက်ပါတယ် ... ကျေးဇူးတင်ပါတယ်”ဟူ၍ အချက်ပေးလိုက်ခြင်း ဖြစ်သည်။

“တီတီ ... တီတီတီ”

ရှေ့ကားဆီမှ တူညီသော ကားဟွန်းသံထွက်ပေါ်လာပါ၏။“ရပါတယ် သူငယ်ချင်းရယ် ... ငါလည်း နှုတ်ဆက်ခဲ့ပါတယ် ...”ဟူ၍ အချက်ပေးပြီးသည်နှင့် သူ့ကားလေး၏အရှိန်နှင့် သိသာစွာ လျှင်မြန်သွားပါသည်။

ကျွန်တော်တို့အတွက် အရှိန်လျှော့မောင်းနေခြင်းဖြစ် ကြောင်း ထင်ရှားပါသည်။ ကျွန်တော်တို့ နေခဲ့ပြီဖြစ်၍ သူ့အရှိန် အတိုင်း မောင်းသွားပြီ ဖြစ်သည်။
လမ်းကြောင်းပေါ်တွင် တစ်နာရီနီးပါးသာ အမှတ်မထင်ဆုံလိုက်ရခြင်း ဖြစ်ပါသည်။

 သူ့ ကားကို အားကိုးအားထားပြုပြီး နောက်မှ အမီလိုက်မောင်းသည်ကို သိသည်နှင့် ကျွန်တော်တို့ကို သူကူညီစောင့်ရှောက်ခဲ့သည်။ကိုယ်ဘယ်သူဘယ်ဝါဟု သူမသိ။ သူဘယ်သူဘယ်ဝါမှန်း
လည်း ကိုယ်မသိ။ နောင်လည်း ဘယ်တော့မျှ ဆုံကြမည် မဟုတ်။ဆုံလျှင်လည်း ဤသို့ ကြုံခဲ့ကြသည်ကို သိမည်မဟုတ်။

သို့ သော် ကောင်းမြတ်သောစိတ်သဘောထားသည် ကျွန်တော်တို့ သားအဖ၏ နှလုံးသားတွင် စွဲစွဲထင်ထင် ကျန်ရစ်နေခဲ့ပါသည်။

ကျွန်တော်တို့ ကားလေး ဘယ်ဘက်သို့ ကွေ့လိုက်
သည်နှင့် အဝေးကြီး ရောက်သွားပြီဖြစ်သော သူ့ကား နောက်မီးလေးမြင်ကွင်းမှ ပျောက်ကွယ်သွားပါသည်။မမြင်လိုက်ရသော မသိသူကို ရင်ထဲမှာ လွမ်းလျက် ကျန်ရစ်ခဲ့ရပါ၏။

---------------

လယ်တွင်းသားစောချစ်

( မြန်မာ့ဂုဏ်ရည်မဂ္ဂဇင်း )
၂၀၀၁ ခုနှစ် ၊ စက်တင်ဘာ

#Typing_crd_ZawOo

နမ်းမှာလားမောင်ရဲ့_မွှေးတယ်ရှင် #နုနုရည် ( အင်းဝ )

#နမ်းမှာလားမောင်ရဲ့_မွှေးတယ်ရှင်

#နုနုရည် ( အင်းဝ )

ခိုင်စပယ်ဆောင်ရှေ့၊ 
သောကြာနေ့ညနေငါးနာရီ။

“သွားတော့လေ... မောင်..မိတာ အဆောင်ပေါ် တက်တော့မယ်”

"ခဏလေးပါ မိတာရယ်၊ ငါးနာရီတောင် မခွဲသေးပါဘူး”

“ဟုတ်ဘူးလေကွာ မောင်ကလဲ။ ဒီမှာ မိတာရေလဲ မချိုးရသေးဘူး။ အဝတ်အစားလဲ မထည့်
ရသေးဘူး။ တော်ကြာနေ လာတော့မှာ”

“ဟင့်အင်းကွာ။ ဆယ်မိနစ်.. ဆယ်မိနစ်။ နောက်ထပ် ဆယ်မိနစ် မိတာ နေရဦးမယ်။ခြောက်နာရီ ထိုးမှ လာမှာကိုးများ။ ခုမှ အစောကြီး ရှိသေးတယ်”

ခက်လိုက်တဲ့ မောင်ရယ်။ မိတာ ဘာများ တတ်နိုင်ဦးမှာလဲ။ မိတာလက်ကို အတင်းဆုပ်ထားတဲ့ မောင်မျက်နှာကို မိတာကြည့်ရင်း သက်ပြင်းပဲ ချရတော့တယ်။ တစ်နေကုန် ကလပ်စ်လစ်ပြီး လျှောက်လည် ရတာတောင် မဝသေးဘူးလား မောင်ရဲ့ လို့ မိတာမမေးရက်တော့ပါဘူး။ မိတာလည်း မောင့်လိုပဲ ခံစား‌ နေရလို့ပေါ့။ ခဏလေး ဖြစ်ဖြစ် မောင်နဲ့ နေချင်သေးလို့ပေါ့။

“သောကြာနေ့ကို မောင်မုန်းတယ်ကွာ။ ဘယ်တော့များမှ မောင်တို့နှစ်ယောက် စနေ၊တနင်္ဂနွေတွေကို လျှောက်လည်ရမှာ ပါလိမ့်။ သူများကတွေဆို.." 

“အို...မောင်ကလဲကွာ မကြာတော့ပါဘူး။ တစ်နှစ်ပဲ လိုတော့တာဥစ္စာ။ မိတာတို့ ကျန်တဲ့ရက်တွေလဲ တွေ့နေ ရသားနဲ့။ မကောင်းဘူးလေ မောင်ရဲ့။ သူတို့က မိတာကို အားလုံး တာဝန်ယူထားတော့....”

မိတာမျက်နှာ ချက်ချင်း ညှိုးကျပြီး မျက်ရည်ဝိုင်းပြန်တော့လည်း မောင့်ခမျာ သနားစရာ။

"အေးပါကွာ ဟုတ်ပါတယ်။ မိတာကို မောင် မခွဲနိုင်လို့ပါ။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးက
တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ။ ဘယ်သွားပြီး ဘယ်လာရမှန်းလဲ မသိဘူး”

ရုတ်တရက် မိတာ ဆွံ့အသလို ဖြစ်ပြီး ပြန်မပြောနိုင်ဘဲ အပြစ်ကင်းစင်တဲ့ မောင့်မျက်လုံးတွေကို မိတာ ဝမ်းပန်းတနည်း ကြည့်မိတယ်။ မောင်... မိတာရဲ့ မောင်။

“ကဲ သွားတော့။ မျက်ရည်လေး ကလယ် ကလယ်နဲ့ ဟင်း၊ တော်ကြာနေ ဦးလေးကြီးလာခေါ်တာနဲ့ တိုးနေမှ သူ့တူမကို နှိပ်စက် နေရသလားဆိုပြီး ကိုယ့်ကို ရိုက်ခံထိနေဦးမယ်”

တော်ပါတော့ မောင်ရယ် တော်ပါတော့။ ကျလုဆဲဆဲ မျက်ရည်ကို မိတာ သိမ်းပြီး မျက်နှာကိုပြင်လို့၊ မိတာကို နောက်ပြောင်စိတ် သက်စေတဲ့ မောင့်လက်တွေကို ဖျစ်ညှစ် နှုတ်ဆက်လိုက်တယ်။

“တနင်္လာနေ့ စောင့်နေနော်မောင်။ မောင့်ကို မိတာအချစ်ဆုံး”

လှစ်ခနဲ မိတာ အဆောင်ပေါ်ကို ပြေးတက်ခဲ့တယ်။ မောင် မိတာကို နောက်ကနေ ငေးကြည့်နေလိမ့်မယ်။ အခန်းတံခါးကို အမြန် ဖွင့်ဝင်ရင်း စားပွဲတင် နာရီလေးကို လှမ်းကြည့်မိတယ်။ ငါးနာရီခွဲပြီးပြီ။ အိပ်ရာပေါ်ကို ပစ်လှဲပြီး မောင့်ကို တ,လို့နေချိန် မရတော့ပါဘူး မောင်ရယ်။ ကျချင်နေတဲ့မျက်ရည်တွေကို ရေနဲ့အတူ ရောချိုး ပစ်လိုက်တယ်။ ခေါင်းလျှော် ပစ်လိုက်တယ်။ မောင်ကြိုက်တယ်ဆိုတဲ့ တရုတ် သာတီသရီး ခေါင်းလျှော်ရည် များများနဲ့လေ။

မျက်နှာကို မွှေးသင်းနေအောင်၊ လည်ပင်းနဲ့ နားရွက်လေးတွေ မွှေးသင်းအောင် မိတ်ကပ်ပါးပါးကို အနှံ့အပြား ပွတ်လိမ်းလိုက်။ ခုတင်အောက်က သေတ္တာ ဆွဲထုတ်လိုက်၊ ယပ်တောင်တဖျပ်ဖျပ်
ခတ်လိုက်၊ နာရီကြည့်လိုက်နဲ့ လုပ်နေတဲ့ မိတာကို ခရီးသွားနေတဲ့ ကြိုင်လေးသာ ရှိရင်တော့ တစ်ဘက်
ခုတင် ပေါ်ကနေ “အင်း..ဒုက္ခ၊ ဒုက္ခ” လို့ ညည်းညူ ပေလိမ့်မယ်။ ကြိုင်လေးလဲ နက်ဖြန်လောက်တော့
ပြန်ရောက်လိမ့်မယ့် ထင်တယ်။ ဒီတစ်ခါ သုံးရက်တည်းလို့ ပြောသွားတာပဲ။ 

 ခရီးဆောင် အိတ် သေးသေးလေးထဲကို အင်္ကျီ နှစ်စုံထည့်။ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီဘူးထည့်။ သွားတိုက်ဆေး၊ သွားပွတ်တံထည့်၊ လိုအပ်တဲ့ တခြား ပစ္စည်းလေးတွေရော အားလုံးထည့်ပြီး
အိတ်ဇစ်ကို ဆွဲပိတ်လိုက်တဲ့ အချိန်မှာပဲ အဆောင်အောက်က နားယဉ်နေတဲ့ ကားဟွန်းသံကို မိတာ
ကြားရတယ်။ တစ်ဆက်တည်းမှာပဲ……….

“တာတာရေ ဦးလေးလာပြီ”

"လာပြီ လာပြီ ခဏလေး”

ဦးလေး လာပြီတဲ့။ တစ်ကိုယ်လုံး မွှေးကြိုင် သင်းပျံ့နေတဲ့ မိတာ၊ မှန်ထဲကို နောက်ဆုံး
အနေနဲ့ ကြည့်လိုက်တယ်။ မိတ်ကပ်ပါးပါး နှုတ်ခမ်းရဲရဲနဲ့ ဆယ့်ကိုးနှစ်အရွယ် မိန်းမချောလေး
တစ်ယောက်က ကျောက်စိမ်း နားဆွဲ ရှည်ရှည်လေးကို ခါရမ်းပြီး မိတာကို ပြန်ကြည့်နေတယ်။

မောင်ချစ်တဲ့ တာတာဝင်း ဆိုတဲ့ ကောင်မလေးရဲ့ လူတကာ ငေးကြည့်ရတဲ့အလှ။ နောက်ပြီးတော့
ဘယ်လို ပြောမလဲ။ မိတာနဲ့ မောင့်ဘဝကို အဆင်ပြေ ချောမောစေမယ့်အလှ။အဖိုးတန် အဆောင်အယောင် အပြင်တွေနဲ့ တစ်ကိုယ်လုံး စိမ်းမြနေတဲ့ မိတာကို အဆောင်ရှေ့မှာ ရပ်စကား ပြောနေတဲ့ လူတွေ အကုန်လုံးက ဝိုင်းကြည့် နေကြတယ်။ အားကျတဲ့ အကြည့်တွေ။မနာလိုတဲ့ အကြည့်တွေ၊ ဟဲ ဟဲ အကြည့်ခံရတဲ့ မိတာ ကြည်နူးလိုက်ပါ့မယ်လေ။

ကားတံခါးကို မိတာ ဆွဲဖွင့်ပြီး ဝင်ထိုက် လိုက်တာနဲ့ ကားလက်ကိုင်ရဲ့ နောက်မှာ ခပ်တည်တည်ကြီး ထိုင်နေတဲ့ မိတာတို့ အဆောင်ပိုင်ရှင်က စပြီး မိတာ သူငယ်ချင်းတွေထိ အားလုံးရှိန်းကြတဲ့၊ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွဲရွဲ၊ အသားမည်းမည်း မိတာရဲ့ ဦးလေးက ကားကို ချက်ချင်းထွက်တယ်။ မိတာက ကုပ်ကုပ်ကလေး။ ဦးလေးကြီးကို ကြောက်ရွံ့ ရိုသေတဲ့ ပုံစံကအပြည့်။ ကားက မညီမညာ မြေနီလမ်းကလေးထဲမှာ တလိမ့်လိမ့် တလူးလူး လှုပ်ခါနေသလို မိတာရင်ထဲမှာလဲ ထုံးစံအတိုင်း ထိတ်ခနဲ လှုပ်ခါ ရပြန်ပြီ။ မြေနီလမ်း အထွက် ကားလမ်းမကြီး အရောက်၊ ကားကွေ့ဖို့စောင့်ရတဲ့ နေရာမှာ။

ဟော..ဟိုမှာ၊ ပြောမရတဲ့ မိတာရဲ့ မောင်။ သစ်ပင် အကွယ်မှာ။ မိတာရင်တွေကို တစစ်စစ် နာလာစေတဲ့ မောင့်မူပိုင် အကြည့်နဲ့။ ပြီးတော့ မိတာသာ အဓိပ္ပါယ် ဖော်ရနိုင်တဲ့ အသံတိတ်နည်းနဲ့“မိတာကို လွမ်းတယ်၊ ဦးလေးကြီးကို မုန်းတယ်တဲ့လေ။ မောင်ရယ်။ မောင့်လိုတော့ မမုန်းပေမယ့် မိတာမချစ်ပါဘူး။ ဒါပေမယ့် မောင်ရယ် မချစ်သော်လည်း မိတာ အောင့်ကာ နမ်းမယ်။

ဝူးခနဲ ကားကွေ့ပြီး လမ်းမကြီးပေါ်မှာ မြားကလေး တစ်စင်းလို ပြေးနေတုန်းမှာပဲ မိတာရဲ့ဦးလေး ဆိုသူကို အလှဆုံး အပြုံးနဲ့ မိတာ နှုတ်ဆက်လိုက်တယ်။

“နေကောင်းရဲ့လား ကိုကို။ တာတာလှရဲ့ လားဟင်”

                               * * * * *

အမှတ် (၁၂-အေ) ဆိတ်ငြိမ်ရပ်ကွက်၊ ညဆယ်နာရီ..။

“ကိုကို သွားမယ်နော် တာတာ။ မနက် ကိုးနာရီလောက် ရောက်မယ်။ ဟုတ်လား”

“တာတာ စောင့်နေမှာပေါ့”

မိတာကို နှုတ်ဆက်အနမ်း။ နမ်းတဲ့ သူ့ပါးစပ်က အရက်နံ့။ မိတာပါးမှာ စွဲထင် ကျန်ရစ်တယ်။
သူအခန်းထဲက ထွက်သွားတဲ့ အသံ။ တံခါး ပြန်ပိတ်သံ။ ကားစက်နှိုးသံ။ အားလုံးကို မိတာ မျက်လုံး
စုံမှိတ်ထားရင်းက နားထောင်နေမိတယ်။

ခဏနေတော့ အားလုံးဟာ ငြိမ်သက် တိတ်ဆိတ် သွားလိုက်တာ။ ပတ်ဝန်းကျင် အသံဗလံ
ဘာဆိုဘာမှ မကြားရလောက်အောင် ချောက်ချားလာအောင် ငြိမ်လိုက်တဲ့ည။ ဪ...ဒါဆို ဆိတ်ငြိမ်
ရပ်ကွက်ကိုး။ ဒီလို ဆိတ်ငြိမ်စွာ နေရဖို့အတွက် ဘယ်လောက်တန်ဖိုးကြီး ပေးထားရတယ် မှတ်သလဲ။

မိတာ ဘယ်လောက်များ နားလည်လို့လဲ။
အဆောင်မှာတော့ ဒီအချိန်လောက်ဆို ဆူလို့ညံလို့ ကောင်းတုန်း။ တစ်ခန်းနဲ့ တစ်ခန်းကူးပြီး
စကားစမြည် ပြောလို့ ကောင်းတုန်း။ လက်ဖက်သုတ် စားလို့ ကောင်းတုန်း။ အဆောင်ရှေ့ မြေနီ
လမ်းပေါ်မှာလည်း ဂစ်တာ အဖွဲ့တွေနဲ့ စည်ကား ဆူညံတုန်း။ ခု ဒီမှာတော့ မိတာ တစ်ယောက်
တည်းရယ်။

အခန်း တစ်ခန်းလုံးမှာ မျက်နှာကြက်ပေါ်က တဝီဝီလည်နေတဲ့ ပန်ကာ အသံကလွဲရင် ငြိမ်လို့ တိတ်လို့။ အားလုံးဟာ မလှုပ်မယှက်။ အခန်းထောင့်က ရေခဲ သေတ္တာလေးကလည်း မလှုပ်မယှက်။ အနားက စားစရာ သောက်စရာတွေ တင်ထားတဲ့ စားပွဲကုလားထိုင် တစ်စုံကလည်း မလှုပ်မယှက်။ နံရံပေါ်က နှစ်ဟောင်း ပြက္ခဒိန်ထဲက ဂျပန်မ လှလှလေးကလည်း မလှုပ်မယှက်။ အို ခုတင်ပေါ်မှာ သက်ရှိဖြစ်တဲ့ မိတာတောင်မှ တကယ့်ကို မလှုပ်မယှက်။

စားပွဲပေါ်က တရုတ်စာ အထုပ်တွေကိုလည်း မိတာ ဖြည်တောင်ကြည့်ချင်တဲ့စိတ် မရှိပါဘူး။အင်း ရေအေးအေးလေး တစ်ခွက်လောက် သောက်ရရင်တော့ ကောင်းမယ်။ ရေသောက်ပြီးရင် မိတာ
ဘာလုပ်ရမလဲ။ အိပ်ချင်စိတ်ကလဲ မရှိသေးဘူး။ မိတာနဲ့ ခင်မင်နေပြီဖြစ်တဲ့ တိုက်နံရံထူကြီးရဲ့
ဟိုဘက်ခြမ်း တိုက်ကြီးပေါ်က လူတွေနဲ့ စကား သွားပြောနေရ ကောင်းမလား။ တော်ပါပြီလေ။ မသွား
တော့ပါဘူး။ ဒီညတော့ ကိုယ့်ဘာသာ နေရတာပဲ ကောင်းပါတယ်။ ဘာပဲ ပြောပြော သူတို့က ကိုယ်ကို
ဝတ္တရား အရသာ ဆက်ဆံတာ၊ လူမှုရေးကြောင့်သာ ဆက်ဆံတာ။ တကယ်တော့ မိတာကို သူတို့
ဘာဆက်ဆံစရာ ရှိလို့လဲ။ မိတာနဲ့ သူတို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် သိစရာဘာမှမလို။ သူတို့က
သူတို့ အခြေအနေနဲ့ သူတို့။ မိတာတို့ လိုချင်တဲ့ အခန်းကို ငှားတယ်။ တစ်နေ့ကို တစ်ရာ့ ငါးဆယ်
ယူတယ်။ 

တိုက်ခန်းက သီးသန့်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်။ အခန်းထဲမှာ အိပ်ရာခမ်းနား ပစ္စည်းပစ္စယ အပြည့်အစုံနဲ့၊ ရေခဲသေတ္တာတောင် ပါလိုက်သေး။ မီးဖိုတစ်ခုပဲ မပါတာ။ မီးဖိုကတော့ လိုလည်း မလိုပါဘူးလေ။ မိတာတို့ ချက်ပြုတ် မစားပါဘူး။ စားစရာအပြင်က ဝယ်လာလိုက်တာပဲ။

ဒီအခန်းကို မိတာတို့အနေနဲ့ကလဲ ယူပျော်တယ်။ ဆိတ်ငြိမ်ရပ်ကွက်ထဲက အစွန်ဆုံးနဲ့
အကျယ်ဆုံး ခြံထဲက သီးသန့်နေရာ။ မိတာအတွက်လည်း ကောင်းတယ်။ နောက်ကြောင်း ရန်မအေးတဲ့
မိတာရဲ့ ကိုကို အတွက်လည်းကောင်းတယ်။

 မိတာတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်နဲ့ သောကြာနေ့
ညပိုင်းပဲ သုံးတာ။ သောကြာနေ့ ညနေလာတယ်။ မိတာနဲ့ ကိုးနာရီခွဲလောက် ထိနေပြီး ဆယ်နာရီဆို
သူက အိမ်ပြန်တယ်။ ဒီမှာ ဘယ်တော့မှ ညမအိပ်ဘူး။ နောက်နေ့ စနေနေ့ မနက်ကိုးနာရီလောက်မှ
လာတယ်။ တစ်နေကုန် နေတယ်။ ပြီးတော့မှ ညကိုးနာရီလောက် အိမ်ပြန်တယ်။ နောက်တနင်္ဂနွေမနက်
လာတယ်။ တစ်နေကုန်နေတယ်။ ညနေ ငါးနာရီလောက်ကျမှ အဆောင်ပိတ်ချိန်နဲ့ အကိုက် မိတာကို
ပြန်လိုက်ပို့တယ်။

 အဆောင်ကတော့ တာတာဝင်း တစ်ယောက် ဦးလေးအိမ်က ပြန်လာပြီပေါ့။ ပိုက်ဆံချမ်းသာပြီး တူမကို ဂရုတစိုက် ရှိလှတဲ့ ဦးလေးကို သူကိုယ်တိုင် သေချာလာကြို၊ သေချာပြန်ပို့တာ။

မျက်မှန် တဝင့်ဝင့်၊ ခပ်ဝဝ၊ ဆံပင်ဖြူ တစ်ပင်နှစ်ပင်စနဲ့ အရွယ်ချင်းကလည်း ဒါလောက် ကွာနေတာ။
ဘယ်သူကများ ဦးလေး ဟုတ်ရဲ့လားလို့။ ယောင်လို့တောင် သံသယဖြစ်မှာလဲ။ တစ်ချို့က အားကျရတဲ့
ရည်းစား ချောချောလေး တစ်ယောက်နဲ့ တတိယနှစ်ကျောင်းသူ ချောချောလေး တာတာဝင်းပေါ့။
အများနည်းတူ ဝတ်နိုင်၊ စားနိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်တဲ့ တာတာဝင်းပေါ့။ဪ.. မိတာရဲ့ မောင်တောင်မှ သေသပ် ပိရိတဲ့ မိတာကို တစ်စက်ကလေး ရိပ်မိလို့လား။

အပတ်စဉ် သောကြာ၊ စနေ အပြင်ထွက် အိပ်တဲ့ ရည်းစားကို မောင် မသင်္ကာလို့ စောင့်ကြည့်လေ။
သောကြာနေ့ ညနေ မောင်ပြန်ပို့ပြီး တစ်နေရာက ကြည့်ပေါ့။ မိတာရဲ့ ဦးလေး လာခေါ်တယ်လေ။
အပတ်စဉ် ဒီလူပဲ။ တနင်္ဂနွေ ညနေ ပြန်ပို့တယ်လေ။ ဒီလူပဲ။ ဘာအထင် မှားစရာလိုလို့လဲ။

ဒါပေမယ့်ကွယ် မောင်ကတော့ မိတာကို မသင်္ကာစိတ်နဲ့ စောင့်ကြည့်ရှာတာ မဟုတ်ပါဘူကွယ်...နော်။
ပကတိ ရိုးသားစိတ်နဲ့ မိတာကို မြေနီလမ်းအတွက် သစ်ပင်ကွယ်ကနေ လူလုံးပြရတာ မောလို့။

"ခဏလေးပါ မောင်ရယ်၊ ခဏလေးပါ။ မိတာတို့အတွက် မဝေးတော့ပါဘူး။ ပျော်စရာကောင်းတဲ့ အချိန်တွေ ရောက်လာတော့မှာပါ။ မိတာ မိုက်နေတာ မဟုတ်ပါဘူး မောင်ရဲ့၊ လော်လီဖောက်ပြားတာလည်း မဟုတ်ရပါဘူး။ လောလောဆယ် မိတာ ကျောင်းစရိတ်အတွက်။ မောင်နဲ့မိတာရဲ့
အနာဂတ်အတွက် မိတာ အလုပ်လုပ်နေတာ။ စိတ်သန့်သန့် ရှင်းရှင်းနဲ့ မိတာ အလုပ်လုပ်နေတာ။

မိတာကတော့ ရှင်းတယ် မောင်ရေ။ မိတာ မောင့်ကို သိပ်ချစ်တယ်။ မောင့်ကို ပိုင်ဆိုင်ချင်တယ်။ သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်ချင်တယ်။ မိတာ မောင်နဲ့လက်ထပ်မယ်။

ဘာဖြစ်သလဲ။ အသည်းနှင့်အောင် ချစ်ရသူမို့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို မအပ်ရက်ပါဘူး ဆိုတဲ့
ဟိုရှေးတုန်းက ခပ်တုံးတုံး အတွေးအခေါ်တွေ ဒီခေတ်မှာ သွားစမ်းပါ။ မိတာကတော့ သိပ်မုန်းတာပဲ။

ခုဆိုစုမိတာ ပိုက်ဆံ တော်တော် စုမိနေပြီ။ မိတာကို သူက တစ်လ တစ်ထောင်ပေးတယ်။တစ်ပတ် တစ်ခါပဲ တွေ့တယ်။ ဒါတောင် သူက ညအိပ်တာ မဟုတ်ဘူးလေ။ သူ့မှာကလဲ သူ့အကြောင်းနဲ့
သူ။ အိမ်က မိန်းမကြီးနဲ့ သားသမီးတွေ မသိအောင်က ပိပိရိရိ နေတတ်ရသေးတာ။ သိပ်အလုပ်များတဲ့
စီးပွားရေးသမား တစ်ယောက်အနေနဲ့ ညကိုးနာရီ၊ ဆယ်နာရီ ဆိုတာ နောက်ကျ နေကျလေ။ ဘာဖြစ်
သလဲ။ တစ်ခြား အချိန်တွေ ဘာလုပ်နေနေ ကိုးနာရီ ဆယ်နာရီ အိမ်ပြန်ရောက် ပြီးတာပဲမဟုတ်လား
သူကလဲ သူ့တွက်ကိန်းနဲ့သူ အဟုတ်။ မိတာကလဲ မိတာ တွက်ကိန်းနဲ့ပေါ့။ သူ့ဆီကရတဲ့ တစ်လ
တစ်ထောင်ကို မိတာ ချွေချွေတာတာ သုံးတယ်။ မကုန်မဖြစ်တဲ့ ကျောင်းစရိတ်က လွဲရင် အစား
အသောက်လည်း မိတာ ချွေတာတယ်၊ သူများတွေကတော့ ဘယ်သိမလဲ။ ဝတ်လိုက်၊ စားလိုက်တာလို့
ရှိမှာပေါ့။ တကယ်တော့ မိတာ ဝတ်တဲ့ အဖိုးတန် အဝတ်အစားတွေက “သူ”ကြီးဆီက အပိုဘောက်ဆူးအဖြစ် ဝယ်ပေးတာတွေ၊ သူ့သမီးတွေ အတွက် ဝယ်ရင်း မိတာအတွက်ပါ ဝယ်လာတာမျိုးတွေပေါ့။ 

သူနဲ့ ဆက်သွယ်မိတဲ့ တစ်နှစ်အတွင်းမှာ မိတာ လေးထောင်လောက် စုမိနေပြီ။ နောက်တစ်နှစ်၊ မိတာ ကျောင်းပြီးထိ ဆိုရင် ရှစ်ထောက်လောက်တော့ ရလိမ့်မယ်နဲ့ တူရဲ့၊ တော်ပြီလေ။

ကျောင်းပြီးတာနဲ့ မိတာ မောင်နဲ့ လက်ထပ်မယ်။ အိမ်ခန်းလေး တစ်ခန်း ငှားမယ်။ နှစ်ယောက် အလုပ်လုပ်မယ်။ အင်း၊ မိတာ အိမ်ကို ထောက်ပံ့ချင်တယ် ဆိုရင်တော့ မိတာနဲ့ မောင် ချွေတာရဦးမှာပေါ့။

အဖေတို့ အမေတို့ကတော့ မိတာကို ပြောမှာ မဟုတ်ပါဘူး။ သူတို့ မထောက်ပံ့နိုင်တာကို ကိုယ့်စရိတ်
ကိုယ်ရှာပြီး ကျောင်းတက်တဲ့ သမီးရယ်လို့ ကြံဖန်ပြီး ကျေးဇူး တင်နေရှာတာ။မိတာတို့အိမ်က ဆင်းရဲတယ်။ မောင်နှမလဲ များတယ်။ မိတာ ဆယ်တန်းအောင်တော့ အဖေရော အမေရော ကျောင်းဆက်တက် စေချင်ကြတယ်။ ဒါပေမယ့် မူလတန်းကျောင်းအုပ် အဖေ့လခနဲ့ အမေ ဈေးရောင်းတာလေးနဲ့က မိသားစု စားသောက်ဖို့တောင် အနိုင်နိုင်ရယ်။ 

မိတာပဲ ကံကောင်းတာလား။ ကံဆိုးတာလား မသိပါဘူးလေ။ ရန်ကုန်မှာ အသင့်အတင့် ချောင်လည်တဲ့ အဖေ့အစ်ကို တစ်ယောက်က မိတာကို ခေါ်ပြီး ကျောင်းထားပေးတယ်။ အဖေ့အစ်ကို အိမ်က ရန်ကုန်ဆိုပေမယ့် မင်္ဂလာဒုံဆိုတော့ မိတာ ကျောင်းတက်ရမှာ ဝေးတယ်ဆိုပြီး အပြင်ဆောင်မှာ ထားပေးပြီး ကျောင်းတက်ခိုင်းတယ်။

 ကံဆိုးချင်တော့ မိတာ ဒုတိယနှစ် ဖြေနေတုန်းမှာ အဖေ့အစ်ကို မိတာ ဘကြီးခမျာ ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးတယ်။ မိတာ ဘယ်လိုလုပ် ဆက်နေသင့်တော့မလဲ။ မိတာကို ဘယ်သူက ထားပေးတော့မလဲ။ နှစ်နှစ်ပဲ လိုတော့မှ ဖြစ်ရတဲ့ အဖြစ်ကို မိတာ ဝမ်းနည်းရင်း ဆက်နေဖို့လမ်းစကို မိတာ ရှာဖွေမိတယ်။

အင်း.………. တစ်ခါတစ်လေတော့လဲ တွေးမိတယ် မောင်ရယ်။ အဲဒီအချိန်မှာ ကြိုင်လေးနဲ့မတွေ့ဘဲ မောင်နဲ့ တွေ့ခဲ့မိရင် မိတာဘဝ တစ်မျိုးတစ်မည် ဖြစ်ချင်ဖြစ်မှာလို့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလေ။ မောင်ဟာလဲ မရှိမရှား မိဘက တတ်စေချင်လွန်းလို့ ထားပေးတဲ့ ကျောင်းသားတစ်ယောက်ပဲဥစ္စာ။ မောင်လဲ မိတာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ 

ကြိုင်လေးက ခိုင်စပယ်ဆောင်မှာ မိတာနဲ့ ခုတင်ချင်းကပ်လျက် နေတာ။ သူ့ကို ရုံးမှာ အလုပ် လုပ်တယ်လို့ပဲ တစ်ဆောင်လုံးက သိထားတာ။ မနက်ဆို ရိုးရိုးလေးပဲ ခြင်းလေးနဲ့ ထွက်သွားတာပဲ။ ညနေ ရုံးဆင်းချိန်ပြန်လာပေါ့။

အေးအေး ဆေးဆေး၊ ဘယ်မှလဲ မသွားတတ်ဘူး။ ဒါပေမယ့် သူ့ရုံးက အလုပ်ဆိုပြီး တစ်လတစ်ခါ၊
လေးငါးရက်၊ တစ်ပတ်ခရီးတော့ သူထွက်တယ်။ တကယ်တော့ အဲဒီခရီးဟာ သူ အလုပ်လုပ်ဖို့
ထွက်သွားတာ။ တစ်ယောက်ဒါမှ မဟုတ် တစ်စုနဲ့ သူလိုက်သွားတာ။ တစ်ထောင်ကနေ နှစ်ထောင်
သုံးထောင်ထိ ရတယ်။ ကြိုင်လေး အကြောင်းကို ဘယ်သူမှ မသိဘူး။ မိတာကိုတော့ သူသိပ်ခင်တယ်။

မိတာ အားလုံးကို လက်လျှော့ပြီး ငိုကြီးချက်မနဲ့ အိမ်ကို အပြီးပြန်ဖို့ ပစ္စည်း သိမ်းနေတုန်းမှာပဲ ကြိုင်လေးက မိတာကို သနားပြီး ဒီအကြောင်းတွေကို ဖွင့်ပြောခဲ့တယ်။ မိတာကို အကြံဉာဏ်ပေးခဲ့တယ်။ မိတာဟာ ချောတယ်။ တက္ကသိုလ်ကျောင်းသူ အဆင့်အတန်း ရှိရှိ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့
ဘယ်သူမှလဲ သိစရာ မလိုဘူးတဲ့။ ပြီးတော့ တစ်သက်လုံးမှ မဟုတ်တာ။ နှစ်နှစ်တည်းလေ။
နှစ်နှစ်တည်း။ မိတာ ဘာဖြစ်သွားမှာ မှတ်လို့။ မိတာ လှလှပပ ဝတ်စားပြီး ကျောင်းဆက်နေနိုင်မယ်။
အဖေတို့၊ အမေတို့၊ မိတာတို့ လိုချင်တဲ့ ဘွဲ့ရမယ်။ မိတာ ခေါင်းတစ်ချက် ညိတ်လိုက်တာနဲ့ အားလုံးဟာ
အဆင်ပြေသွားတယ် မောင်ရယ်။

 တတိယနှစ် နှစ်လယ်မှာ မောင်နဲ့မိတာ တွေ့ခဲ့ကြတာနော်။ ချစ်မိတာ မိတာ ဘာတတ်နိုင်မှာလဲကွယ်။ မိတာမောင့်ကို မချစ်သင့်ဘူးလို့ မိတာ မတွေးခဲ့မိပေါင်။ မိတာ အလုပ်လုပ်တာပဲ မောင်ရဲ့။

တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်ရတာတော့ ရှိတာပေါ့မောင်ရယ်။ အထူးသဖြင့် သောကြာနေ့ည
နေ မောင်ပြန်ခါနီး အချိန်တွေပေါ့။ မိတာ ဘယ်လို ထိန်းပေမယ့် အဆောင်ပေါ် ရောက်တာနဲ့ ငိုရော။
တော်ပါပြီ မောင်ရယ်။ မိတာ မစဉ်းစားချင်တော့ဘူး။ တစ်ယောက်တည်း အထီးကျန်နေရမှ
မောင့်ကို ပိုသတိရတယ်။ စနေ၊ တနင်္ဂနွေနှစ်ရက်လုံး တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ
ဆိုတဲ့ မောင့်အသံက ရင်ထဲမှာ ပဲ့တင်ထပ်နေသလိုပဲ။ တော်ပါတော့မောင်ရယ်။ မိတာ အိပ်ပါရစေတော့။

မိတာ အိပ်ချင်နေပြီ။ မိတာလေ ဟိုလူကြီးဝယ်လာတဲ့ ချောကလက်နှစ်ခု မိတာမစားဘဲ မောင့်အတွက်
တိတ်တိတ်လေး သိမ်းထားတယ်။ မဝေးတော့ပါဘူး မောင်ရယ်။ တစ်နှစ်ဆိုတာ ခဏလေးရယ်။
တနင်္လာနေ့ မနက် အဆောင်ရှေ့ကနေ မိတာကို မောင် ဆက်ဆက်လာစောင့်နော် သိလား။

----------------

နနရည် ( အင်းဝ )
၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီ၊ သာရမဂ္ဂဇင်း

#Typing_crd_ZawOo

ချစ်မိပြီဆိုမှဖြင့် ( ဇာတ်သိမ်း )

#ချစ်မိပြီဆိုမှဖြင့်

( ဇာတ်သိမ်း )

#သုခ

“ကျွန်တော် မုန့်ဟင်းခါး ရောင်းပါတယ်။ ယောက်ျားကလေးထက် မိန်းကလေးတွေက ပိုကြိုက်တတ်လို့ ဘုရားလမ်းက ဒိုင်အို မိန်းကလေးကျောင်းမှာ သွားရောင်းလေ့ရှိပါတယ်။ အဲသည်လိုရောင်းရာက မိန်းကလေး ဖောက်သည် ကျောင်းသူကလေးတွေဟာ ကျွန်တော့ကို အတော်ခင်ကြပါတယ်။ သဘောကောင်းတယ်။ များများထည့်ပေးတယ်။
ဟင်းကောင်းတယ်လို့လဲ နာမည်ရပါတယ်။ မိန်းကလေးတွေဟာ သူတို့ရဲ့ ဂါဝန်နက်ပြာကလေးတွေနဲ့ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်
နဲ့မို့ အတော့ကို ကျက်သရေရှိ၊ အတော့ကို ချစ်စရာကောင်းပါတယ်။ရိုးရိုးချစ်တာကို ပြောတာပါဆရာ"

“ကျွန်တော်တို့ အညာမှာ ဒီအရွယ်ဆိုရင် ဒေါင်းတိမောင်းတိနဲ့ အလုပ်ကြမ်း လုပ်ရလို့ သနရုပ္ပ မရှိနိုင်ကြဘူး။နဂိုကလည်း မလှမပပါ။အရုပ်ခပ်ဆိုးဆိုးတွေအပေါ်မှာ နေအရှိန်နဲ့ အလုပ်ကြမ်းသမားတွေဆို
တော့ ဆင်းရဲသားဆိုတဲ့အတိုင်း ကုသိုလ်ပါ ဆင်းရဲကုန်ကြပါတယ်။ရန်ကုန်မှာ မိဘက ချောင်လည်တော့ အငြိမ်းစား ကျောင်းထားနိုင်တဲ့
မိန်းကလေးတွေဆိုရင် အညာက မျက်ခမ်းစပ် အသားညိုတွေကြားထဲမှာသာ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော့အဖို့ ကြည့်ရတာ မြင်ရတာ
ကလေးနဲ့တောင် အတော်ကြည်နူးနေမိပါတယ်။ "

“အဲဒီအထဲမှာ မာဂရက်ဆိုတဲ့ သူငယ်မကလေးကို ကျွန်တော် အချစ်ဆုံးပါပဲ။ ကျောင်းလွှတ်ပြီ ဆိုမှဖြင့် ကျွန်တော့ဆီကို အူယားဖားယား
ပြေးလာလေ့ ရှိပါတယ်။ ဒီအခါမှာ သူ့အသားကလေးကလဲ ဝင်းဝင်းဝါဝါနဲ့ သူဝတ်ထားတဲ့ အင်္ကျီနက်ပြာကလေးနဲ့ ဟာ ဘာနဲ့တူသလဲဆိုတော့
တိမ်ပြာထဲက လမင်းကြီးထွက်လာသလိုပါပဲ။ သူ့မျက်နှာကလေးကလဲ အမြဲ ကြည်လင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ
ဆိုလို့ မြူလောက်မှ မတွေ့ဖူးခဲ့ဟန်ပါပဲ။ အဲသည်လို သူ့မျက်နှာ ကြည်ကြည်ကလေး မြင်လိုက်ရတယ်ဆိုရင် သူ့စိတ်ဓာတ်တွေကူးပြီး တစ်နေကုန် ပင်ပန်းနေရတဲ့ ကျွန်တော့ဘဝတောင် ကျွန်တော်မေ့ပြီး
စိတ်ချမ်းသာသွားမိပါတယ်။"

“နေ့တိုင်းနေ့တိုင်း သူတို့ကျောင်းနား သွားရောင်းရတာဟာ သူ့မျက်နှာကလေးကို ခဏတစ်ဖြုတ် မြင်ရတာနဲ့ပဲ အမောပြေလောက်ပါတယ်။ အဲ သူတို့ ကျောင်းပိတ်တဲ့ စနေ၊ တနင်္ဂနွေဆိုရင် တစ်နေ့လုံးလုံး ဝတ္တရားကြီးတစ်ခု လိုနေသေးသလိုလို ပျင်းသလိုလို ဟာသလိုလိုချည်းပါပဲ။ ဒါ့ကြောင့် စနေ၊ တနင်္ဂနွေမရှိဘဲ ကျောင်းတက်ရမယ့်ရက်ချည်းဖြစ်
ပါစေလို့တောင် တောင့်တမိပါတယ်။ လူစိတ်ဆိုတာ သိပ်ခက်ပါတယ်ခင်ဗျာ၊ သိပ်ခက်ပါတယ်။ "
.
“ချစ်မိပြီဆိုမှဖြင့် သူပြောသမျှ အကောင်း၊ သူ့အမူအရာ မှန်သမျှ ချစ်သည်ထက် ချစ်စရာကလေးတွေ ဖြစ်ကုန်ရုံမျှမကပါဘူး။ သူနှစ်သက်တာ သူကြိုက်တာကလေးတွေ မှန်သမျှ ဆောင်ရွက်ပေးဖို့ အသင့် ဖြစ်နေတတ်ပါတယ်။ မုန့်ဟင်းခါးစားရင်လဲ သူကြိုက်တာကလေးတွေ ရှိပါတယ်။ ငှက်ပျောအူဖတ်၊ ကြက်သွန်ဥတစ်လုံးကလေးတွေ ပဲခြမ်းကြော်၊
သံပရာသီး အဲဒီဟာကလေးတွေ သိပ်ပြီး ခုံမင်တတ်လွန်းလို့ ဒါကလေးတွေ မှန်သမျှ သူစားမယ့်ပန်းကန်ထဲ မရောက်မချင်း မကျန်ပုံပေါ်ရင်
သူ့အတွက် သတ်သတ် သိုဝှက်ထားခဲ့ရပါတယ်။"

“အချစ်စိတ်ဆိုတာ ဘယ်လူမှ  မကင်းပါဘူး။ ကျွန်တော်လဲ“လ”နှစ်ချောင်းငင်တဲ့လူမို့ မကင်းခဲ့ပါဘူး။ လူသာမက အဟိတ်တိရစ္ဆာန်တွေတောင် ချစ်ရမှန်း ကြင်နာရမှန်း သိပါတယ်။ မိမိက တစ်ဖက်သတ် ချစ်တယ်ဆိုတာ ကိုယ်နဲ့ တန်တာ မတန်တာကို တွေးဖို့ မလိုပါဘူး"

“အဲဒါကို ကျွန်တော် ရှင်းပြပါဦးမယ်။ ကျွန်တော် ချစ်တာကို သူ့ကို ဖွင့်ပြောဖို့ မလိုပါဘူး။ ဖွင့်ပြောမိရင် သူဒေါသဖြစ်သွားမှာပေါ့။သူ စိတ်ဆိုးသွားလို့ ဘာမှ မလုပ်ဘူးထားဦး၊ ကျွန်တော့ကို ရှောင်ကြဉ်
လိုက်မယ်ဆိုရင်တောင် ကျွန်တော့မှာ စိတ်ဒုက္ခဖြစ်ရမှာ မလွဲပါဘူး။ဒါ့ကြောင့် သူက ကျွန်တော့ကို ပြန်ချစ်ဖို့ဆိုတာ တွေးတောင် မတွေးကြည့်ခဲ့ရိုး အမှန်ပါ။ ကျွန်တော့အချစ်ဟာ အဲသည်လောက်ကြီးပါတယ်။ "

"ကိုယ်ချစ်တဲ့လူဟာ ကိုယ့်အချစ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို ချစ်လွန်းလို့ ပူမိပါတယ်။တစ်နေ့တစ်နေ့နဲ့ ပိုပြီးရင်းနှီးလာပါတယ်။ ကျွန်တော့ နာမည်ကို သူ မသိဘဲ “မုန့်ဟင်းခါးသည်ဆရာကြီး” “မုန့်ဟင်းခါးသည် ဆရာကြီး”လို့
ခေါ်တာတောင် နားထောင်ရတာ အတော်နားဝင်ချိုပါတယ်။ ကျွန်တော့ကို လောကမှာ အချစ်ဆုံးဆိုတဲ့ မိခင်ကြီးက ယုယုယယခေါ်လိုက်တဲ့
အခေါ်မျိုးနဲ့တောင် တူမယ်မထင်သေးပါဘူး။ ဒါကြောင့် ကျွန်တော့နာမည် စံပျော်ဆိုတာသိပြီး “ကိုစံပျော်လို့ မခေါ်ချင်နေပါစေ။ “မုန့်ဟင်းခါး
သည်ဆရာကြီး”လို့ပဲ နေ့တိုင်းခေါ်တဲ့ သူ့အသံလေးကို ကြားနေရပါစေတော့။"

“သူ့နာမည် မာဂရက်ဆိုတာတော့ သူ့သူငယ်ချင်းတွေက ခေါ်လိုက်ကတည်းက ကျွန်တော့ဦးနှောက်ထဲ စွဲနေတာ ကြာပကော။တစ်ခါတလေ သူပေးတဲ့ ကျပ်တန်ကို ကျွန်တော်က မအမ်းနိုင်လို့ နောက်မှပေးပါကွယ်လို့ ကျွန်တော်က ပြောဖူးပေါင်း များလှပြီ။ဘယ်တော့မှ သူ့အပေါ် အကြွေးတင် မခံဘူး။ ကျွန်တော့ကိုသာ သူ့ ကျပ်တန် ပေးလိုက်တယ်။ နောက်တစ်နေ့စားတော့မှ ပြန်အမ်းရမတဲ့။
ကဲ၊ ဒါကလေးကိုကော ချစ်စရာ မကောင်းဘူးလား ခင်ဗျာ။ "

“နောက်ပြီး သူက ပြောလိုက်သေးတယ်။ ကျွန်တော်တို့က မရှိဆင်းရဲလို့ တစ်ကျပ်တစ်ပြား မြတ်အောင် ရောင်းစားရတာတဲ့၊ ဆုံးခြင်းဆုံးရင် သူ့ ငါးမူးခြောက်မူး ဆုံးပါစေတဲ့၊ ကျွန်တော့တစ်မတ်၊ သုံးမူးမဆုံးပါစေနဲ့တဲ့။ တကယ်ဗျာ၊ တကယ် ချစ်စရာကောင်းတဲ့ ကလေးမကလေးပါ။ သဘောရော အချောရော ဆိုစရာမရှိပါဘူး။ ကျွန်တော် မချစ်ဘဲ
နေနိုင်ပါ့မလား။ ဘာပဲပြောပြော သူ ကျွန်တော့အပေါ်မှာ အကြင်နာတရားနဲ့ ကရုဏာတရားထားကြောင်း ထင်ရှားပါပေတယ်။ ကျွန်တော့
အတွက်တော့လား၊ သူတောင်းစား ဒုက္ခိတတစ်ယောက်ကို သနားသလိုပဲ သနားတော့ ကျွန်တော် ဝမ်းသာလှပါပြီ"

“စနေ၊ တနင်္ဂနွေဆိုရင် ကျွန်တော် ဒုက္ခပဲ။ သူ့ကို မမြင်ရတော့ဘူး။အဲသည်လို ကျွန်တော် ဒုက္ခတွေကို မချိမဆုံး ခံစားနေရတုန်းပဲ တစ်နေ့ကျတော့ သူက မုန့်ဟင်းခါးစားနေရင်းက စနေ၊ တနင်္ဂနွေဆိုရင် 
ကျောင်းမလာရလို့ ကျွန်တော့မုန့်ဟင်းခါးကို မစားရတော့ဘူးတဲ့။ သူ့စိတ်ကလဲ မုန့်သည်တစ်သည်ဆိုရင် ဒီတစ်သည်ပဲ စွဲစားချင်တယ်တဲ့။နောက်ပြီး ကျွန်တော့ဟင်းကလဲ သူများထက်ကောင်းတာ သူသိလို့
သည့်ပြင်မုန့်သည်ကို မစားချင်တဲ့အတွက် တတ်နိုင်ရင် သူတို့အိမ်ရှိတဲ့ လမ်းဘက်ကို စနေ၊ တနင်္ဂနွေတိုင်း လာခဲ့ပါလို့ ပြောတယ်၊အဲသည်လိုပြောတဲ့အခါတုန်းက သူ့ပါးကလေးနှစ်ဖက်မှာ ပါးခွက်ကလေးပေါ်အောင် ပြုံးလိုက်တာကလေးတောင် ကျွန်တော် အမှတ်တရ မှတ်လိုက်မိပါသေးတယ်"

“သူတို့နေတာ ဂျူဗလီဟောနားက လမ်းတစ်လမ်းမှာ နေသတဲ့။အို ဂျူဗလီဟောနား မကလို့ သင်္ဃန်းကျွန်း လိုက်ရပါစေ၊ကျွန်တော် လိုက်မှာပဲ၊ အဲဒီနောက် စနေတနင်္ဂနွေနေ့တိုင်း သူစားလေ့ရှိတဲ့
ဆယ်နာရီအချိန်တိတိရောက်အောင် သွားရတာဟာ ဘုန်းကြီးတွေ ပိဏ္ဍပါတ်ဆွမ်းခံတာထက် မှန်ပါသေးတယ်။ အဲ့ဒီအချိန်မှာ သူတို့အိမ်ကို သွားတဲ့လမ်းက အထမ်းလိုက် ပုတ်ပြတ်ဝယ်မယ်ဆိုတာတောင်
ကျွန်တော်မရောင်းဘူးလို့ သန္နိဋ္ဌာန်ချထားတာပဲ။ ဟုတ်တယ်၊ ကျွန်တော့မုန့်ဟာ သူစားလို့မကုန်မှ အများစားဖို့ ဖြစ်နေရတယ်"

“သူကလဲ ကျွန်တော့ကို မြင်လိုက်ရင် ရွှင်သွားတာပဲ။ ကျွန်တော့အဖို့မှာတော့ တွေးသာကြည့်ပေတော့၊ ဒါပေမဲ့ တစ်ခုတော့ ဝမ်းနည်းမိတယ်။ သူတို့ အိမ်ကြီးကို မြင်လိုက်ရတာနဲ့ သူတို့ရဲ့ အဆင့်အတန်းကို
အလိုလို သိနိုင်တယ်။သူ့အဖေဟာ အိုင်စီအက်(စ်) ဦးထွန်းညို၊ အရာရှိကြီးတစ်ယောက်ဆိုတာလဲ သိရတယ်။ အဲဒါထက် ဆိုးတာက သူ့အိမ်မှာ သူနေတော့
ကျောင်းကိုလာတုန်းကလို ဇင်အင်္ကျီနက်ပြာကလေး မဝတ်တော့ဘဲ ပဒုမ္မာအင်္ကျီ ပိုးတွန့်လုံချည်၊ သနပ်ခါး၊ ပေါင်ဒါ လက်ဝတ်လက်စားတွေနဲ့ လှလွန်းမက လှနေအောင် ပြုပြုပြင်ပြင်နေတာ တွေ့ရတာမို့ .အင်း ငါနဲ့ တော့ ဝေးသည်ထက် ဝေးပေါ့ ကွယ်လို့ ညည်းမိတဲ့အထိပဲ"

“ပထမအခေါက် ရောက်ကတည်းက သူက ကျွန်တော့ဟင်းကို သိဒ္ဓိအမျိုးမျိုးတင်တာနဲ့ တစ်အိမ်လုံး ဝိုင်းစားကြတယ်။ ဒီအထဲမှာ သူ့အမေ မင်းကတော်ကြီးက ကျွန်တော့အကဲကိုခတ်ပြီး သင်္ကာပုံ မရ
ဘူး။ ဒါကြောင့်လဲ နောက်တွေ့လိုက်တိုင်း မျက်နှာထား ဆိုးဆိုးပဲထားတာ တွေ့ရတယ်။ ဒါပေမဲ့ သူ့အမေကြီး အမြဲမျက်နှာထားဆိုးတာ
လောက်တော့ သူကလေးက တစ်ချက်ပြုံးလိုက်ရင် ကျေတာပါပဲ။ "

“အဲသည်လိုနဲ့ စနေ တနင်္ဂနွေမကျန် တစ်သီတင်းမှာ ခုနစ်ရက်စလုံး တစ်နေ့တစ်ခါ တွေ့နေရတာမို့ ကျေနပ်နေခဲ့တယ်"

“တစ်နေ့ကျတော့ ကျွန်တော့မုန့်တွေက ခါတိုင်းကုန်သလို မကုန်ဘူး။ ဒါနဲ့ ညနေ ၃ နာရီခွဲလောက်မှာ သူတို့ ကျောင်းနား ရောက်သွားမိပြန်တယ်။ အဲဒီလိုအချိန်မှာ သူတို့ ကျောင်းလွှတ်လိုက်လို့ အဖော်သူငယ်ချင်း တစ်ယောက်နဲ့ သူကလေး ပြန်လာတာ တွေ့ရတယ်။ ကျွန်တော်နဲ့ဆုံမိတော့ . .

“မုန့်ဟင်းခါး ဆရာကြီး မကုန်သေးဘူးလား”လို့တောင် မေးလို့ "

“အေးကွယ် ဒီကနေ့ မကုန်တတ်သေးလို့” ဝမ်းသာအားရ ပြောလိုက်မိတယ်။ ဝမ်းသာတာပေါ့ ခင်ဗျာ။ မုန့်မကုန်လို့ သူနဲ့ ဒီကနေ့က နှစ်ကြိမ်နှစ်ခါ တွေ့ ရတာပေါ့"

“ကျွန်တော့အနားက ဖြတ်ပြီး လျှောက်သွားတာကို ကျွန်တော်ဖြင့် သမင်လည်ပြန်ဖြစ်အောင် ကြည့်နေမိသေးတယ်။ အဲသည်လိုကြည့်ပြီးလို့ ဆက်လျှောက်မယ် လုပ်ကရော မော်တော်ကားအသစ်ကြီးတစ်စီးအနားက ကပ်မောင်းသွားတဲ့ပြီး တကတဲဗျာ။ သူ့အနားလဲ ရောက်ရော အဲဒီကားထဲက မွန်မွန်ရည်ရည်တော့ ရှိပါရဲ့၊ အထက်တန်းစားသားနဲ့ပဲ
တူပါတယ်။ အသက်နှစ်ဆယ်လောက်ကောင်လေးတစ်ကောင် ထွက်ပြီး သူနဲ့ စကားပြောတာပါပဲ။ ကျွန်တော့မျက်စိထဲမှာဖြင့်ဗျာ ပြာသွားတာပေါ့။ ကျွန်တော်လဲ ရပ်ကြည့်နေမိတယ်"

“သို့ပေမယ့် ချက်ချင်း သတိရတယ်။ ကျွန်တော် သိပ်ချစ်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူနဲ့ စကားပြောတာကို ကျွန်တော်၏
ချစ်ခြင်းဖြင့် ခွင့်လွှတ်နိုင်ရမယ်။ သူ့ခမျာမှာ ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေရဘူးလို့ သတိရလိုက်တယ်"

“ဒီလိုနဲ့ကြည့်နေတုန်း သူတို့စကားပြောပုံဟာ ချစ်နေတဲ့ သဘောလက္ခဏာမပေါက်ဘဲ ရန်သူနဲ့ ရင်ဆိုင်နေသလို ဖြစ်နေရှာတယ်။ သူ့အဖော်မိန်းကလေးတောင်မှ ကြောက်ပြီး နောက်ဆုတ်သွားတာ တွေ့လိုက်ရတယ်။ အဲဒီအတောအတွင်းမှာပဲ ကောင်ကလေးက ဖြုန်းခနဲ လက်အဆွဲလိုက်မှာ သူက ဖျတ်ခနဲ ပါးလှမ်းရိုက်လိုက်တာ တွေ့လိုက်ရတော့ ကျွန်တော်တောင် အံ့အားသင့်သွားမိသေးတယ်"

“ဒါလောက်တောင်ဖြစ်လှတာ ကားပေါ်ဆွဲတင်ကွာ”ဆိုတဲ့ အသံတစ်သံဟာ မော်တော်ကားထဲက ထွက်လာပြီးတာနဲ့ တစ်ပြိုင်နက် ကောင်ကလေးက အတင်းဆွဲတင်တာပါပဲ။ ဒီအခါမှာ ရုန်းကန်ရုန်းကန်နဲ့ ကယ်မယ့်သူကို မျက်စိနဲ့ လှမ်းရှာတယ် ကျွန်တော် ကြည့်နေတာကို တွေ့တွေ့ချင်းပဲ တစ်ကိုယ်လုံးပုံပြီး အားကိုးတဲ့ မျက်နှာငယ် ငိုမဲ့မဲ့ ကလေးနဲ့...

“မုန့်ဟင်းခါးသည် ဆရာကြီး”လို့ ရှက်ရှက်နဲ့ ခပ်အုပ်အုပ် ခေါ်လိုက်တယ်။

“အို ကျွန်တော့မှာ ဘာပြောကောင်းမလဲ ဝမ်းသာခြင်း၊ အားတက်ခြင်း၊ ရန်လိုခြင်းဆိုတဲ့ စိတ်သုံးမျိုးဟာ ဥပမာပြရရင် သခင်က ရှူးတိုက်လိုက်တဲ့ ခွေးကြီးလို ဖြစ်သွားတာပေါ့။ဒါနဲ့ ဘာမပြော ညာမပြော မုန့်ဆိုင်းက ထမ်းပိုးကို ချွတ်တဲ့ပြီး ပြေးရိုက်လိုက်တာ၊ ဟိုအကောင် ခွေးကလေး ရိုက်လိုက်တဲ့အတိုင်းပဲ လမ်းနံဘေး ခွေကျသွားတာပေါ့။ သို့ပေမယ့် သူ အကြောက်ပြေသွားတဲ့ မျက်နှာကလေးနဲ့ ကျေးဇူးတင်တဲ့မျက်လုံးတွေမှ အားရအောင် မကြည့်လိုက်ရဘူး။ ကျွန်တော့နောက်စိက ခွပ်ခနဲသာ ကြားလိုက်ရတယ်။မျက်လုံးမီးပွင့်ပြီး သတိမေ့သွားတော့တာပဲ” .

“သတိရလို့ ကြည့်လိုက်တော့ ကျွန်တော့ခေါင်းမှာ ပတ်တီးကြီးနဲ့ ဂါတ်တဲရောက်နေပြီ။ ဝန်ထောက်သားတစ်ယောက်ကို ရိုက်မှုတဲ့ဗျာ။ကျွန်တော့ကို ရိုက်တဲ့ မော်တော်ကားထဲက ဒရိုင်ဘာတော့ ဖမ်းမချုပ်ဘူးတဲ့။ ဖြစ်ရပုံများ"

' “ဘာဖြစ်လို့ ရိုက်ရသလဲလို့ ဟောဒီဆရာကပဲ မေးသေးတယ်"

စံပျော်က ရာဇဝတ်အုပ် ကိုထွန်းရွှေကို လက်ညှိုးထိုးပြသည်။

"ကျွန်တော် အဲဒီတုန်းက စဉ်းစားတယ်။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်တယ် ဆိုတာမျိုးလို အကြောင်းသာဓက ပြလိုက်ရင် ကျွန်တော့ချစ်သူကလေးဂုဏ်ကို ထိခိုက်သွားမှာစိုးလို့
“ဘာမှမဖြစ်ဘူး အမြင်ကပ်လို့ရိုက်တာပဲ”လို့ပြောမိတာနဲ့ ဟောဒီဆရာက သူ့ကို ပမာမခန့်ပြောတယ်ဆိုပြီး ထပြီး ဖနောင့်နဲ့ ပေါက်တာပါပဲ"

“ဒါတွင် ဘယ်ကဦးမလဲ၊ တရားလိုရဲ့ ဖအေကြီး ဂါတ်ကို ခဏလာတယ်ဆိုရင်ပဲ မျက်နှာလိုအားရလား၊ ဒါမှမဟုတ် ဟိုကပဲ အနှိပ်စက် ခိုင်းလို့လားဖြင့် မသိပါဘူးခင်ဗျား။ ဒူးနဲ့တိုက်၊ ဖနောက်နဲ့ပေါက်၊ပါးရိုက်၊ နားရင်းအုပ် လုပ်ချင်သလို လုပ်ကြတာပါပဲ။ အနာကဆိုတာလဲ နာလိုက် ကိုက်လိုက်တာ မပြောနဲ့တော့၊ တစ်ညလုံး မအိပ်ရပါဘူး"

“ဒါသာဖြစ်တယ်။ ကျွန်တော် ဒီကြားထဲက ဝမ်းသာနေမိတယ်။ကျွန်တော့ချစ်သူကလေးဟာ သူမကြိုက်တဲ့လူ လက်ထဲကို ကျွန်တော့ကြောင့် မပါတာပေါ့။ အဲဒါဟာ ကောင်းမှုကုသိုလ်ကြီး လုပ်ရသလို
ပဲ။ ပရစေတနာတွေပွားပြီး အနုမောဒနာ ဖြစ်မိတယ်"

' “ဒါနဲ့ ရုံးရောက်၊ ရုံးကျတော့ တရားသူကြီးက မေးသေးတယ်။သူကလေးနဲ့ မပတ်သက်အောင် ရှောင်နိုင်သမျှ ရှောင်ပြီး အစစ်ခံခဲ့ပါတယ်။ ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်လ။
ကျွန်တော့တစ်သက်နဲ့တစ်ကိုယ် သူကြီးအိမ်တောင် မရောက်ခဲ့ဖူးပါဘူး။ ထောင်ကျဖို့ဆိုတာတော့ ဝေးရော။ သူကလေးနဲ့ ပတ်သက်မှပဲ ဖင်ဖြဲ အရှာခံပြီး ထောင်ထဲရောက်ရတော့တာပဲ ခင်ဗျာ။ အဲသည်လို
ထောင်ထဲမှာ ပင်ပင်ပန်းပန်း လုပ်နေရတဲ့ကြားထဲက ငိုမဲ့မဲ့မျက်နှာကလေးနဲ့ “မုန့်ဟင်းခါးသည် ဆရာကြီး”လို့ ခေါ်လိုက်တာကလေး မြင်ယောင်
 နေမိတယ်။ အဲသည်လို သတိရလိုက်တိုင်း အင်း ငါ ထောင်ကျတာ တန်ပါပေတယ်လို့ စိတ်ဖြေစရာ ဖြစ်ရတာပါပဲ"

. “ခြောက်လဆိုတော့ ရက်ပေါင်း တစ်ရာ့ရှစ်ဆယ် လျှော့ရက်နုတ်လိုက်ရင် တစ်ရာ့ခုနစ်ဆယ်လောက် ဆိုပါတော့။ ထောင်ထဲမှာ နေခဲ့ရတယ်။ ကျွန်တော်ဖြင့် တစ်နေ့မှ သတိမရတဲ့နေ့ရယ်လို့ မရှိဘူး"

“ငါ ထောင်ကျတာကို ကြားမှာပဲ၊ ကြားရင် သူ့ အကျိုးဆောင်လိုက်တာမို့ တွေးပြီး သနားနေမှာပဲ။ အခုဆိုရင် သူတို့ကျောင်းကို ဘယ်မုန့်ဟင်းခါးသည် သွားရောင်းနေမလဲ။ ရောင်းတဲ့ မုန့်ဟင်းခါးသည်
မှာ ငါလောက်မှ ကြက်သွန်ဥကြီးတို့ ငှက်ပျောအူဖတ်တို့ သံပရာသီးတို့ပါပါ့မလား”လို့ တွေးပူမိတယ်။ကျွန်တော့အတွက်တော့ ပူစရာ မရှိတော့ပါဘူး။ ဦးပုညပြောသလို"တစ်ရစ်ပတ်ပတ် ဖြစ်တတ်ပျက်တန်. လံကဓော လောကဓံမှာ ကံနှင့်ကတ္တား၊ ဒီတရားကို သားတော်ရွှေစင် အစင်းအစင်း မုန့်တီဟင်းကဲ့သို့၊ကွင်းကွင်းကြီးထင်လွန်းလို့ ပူပင်သောက မရှိပါ”ဆိုတဲ့အတိုင်း သူ့ကိုရိုက်လိုက်ရလို့ ကိုယ်ခံရတာ ကံနှင့်ကတ္တားပေါ့။ ကိုယ်တိုင် မုန့်တီဟင်းသည်ဆိုတော့ အစင်းအစင်းနဲ့ ငှက်ပျောအူဖတ် ကွင်းကွင်းကြီးတွေကို သူများထက် ပိုမြင်မိတာပေါ့ဗျာ"

“တိုတိုပြောကြပါစို့၊ ထောင်ကလွတ်လွတ်ချင်း သူ ကြိုက်တတ်တဲ့ ကြက်သွန်ကြီးများများ ငှက်ပျောအူဖတ်နုနုနဲ့ ကောင်းပေ့ဆိုတဲ့ ဟင်းကိုချက်၊ ပဲခြမ်းကြော်နဲ့ သံပရာသီးအပို ဆောင်ပြီး နောက်တစ်နေ့
 သူတို့ကျောင်းကို ဆယ်နာရီခွဲကတည်းက အရောက်သွားတာပါပဲ။ဒါပေမဲ့ ကျောင်းခေတ္တဆင်းတဲ့အချိန်မှာ သူများတွေ ပြေးလာကြပေမယ့်
သူ ‘ပါမလာတော့ဘူးခင်ဗျား"

“ကျွန်တော်ကတော့ ဟင်းချက်ရင်းတောင် တွေးမိသေးတယ်။မုန့်ထမ်းကြီးနဲ့ ငါ့များ မြင်လိုက်ရင် တအံ့တဩနဲ့ “ဟော မုန့်ဟင်းခါးသည် ဆရာကြီး ဘယ်တုန်းက လွတ်လာသလဲ”ဆိုတဲ့ စကားကစပြီး
'ကျေးဇူးတင်တာတွေပါ ကရားရေလွှတ်တတွတ်တွတ် ပြောရှာမှာပဲလို့။အခုတော့ သူ့မျက်နှာကလေးမှ မမြင်ရတော့ဘူး။ သူ့အကြောင်းကို 
မေးကြည့်တော့ ကိုတုန်းက သူနဲ့အဖော်ပါသွားတဲ့မိန်းကလေးက သူ့ကို ကျောင်းနုတ်သွားတာ ငါးလလောက်ရှိပြီဆိုတာ ပြောတယ်။ မိန်းကလေး
ဘေးဥပဒ်များတဲ့ အပျိုအရွယ်မို့ စိတ်မချတော့တာနဲ့ ကျောင်းနုတ်လိုက်တာ ဖြစ်မှာပါ။ ကိစ္စမရှိဘူးလေ။ ကျောင်းမှာမတွေ့ရင် အိမ်ကိုလိုက်ရုံပေါ့။ “မုန့်ဟင်းခါး”လို့ လမ်းပေါ်က စူးစူးဝါးဝါး အော်လိုက်ရင် ငါ့ အသံကို ကျက်မိသားပဲ။ အားပါးတရ ဝမ်းသာအယ်လဲ ထွက်ပေါ်မှာ မလွဲပါဘူး"

“ဒီလိုဆုံးဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် ကျောင်းပြန်တက်တဲ့အချိန်ထိအောင်တောင် စောင့်ရောင်းမနေတော့ဘူး။ သူတို့အိမ်ဘက်ကို ဆက်လျှောက်ခဲ့တယ်။ လမ်းက တချို့အိမ်တွေက လှမ်းခေါ်ကြပါသေးတယ်။ကျွန်တော် ဝင်မရောင်းပါဘူး။ “ကုန်ပါပြီ ခင်ဗျာ”လို့ ပြောင်ပြောခဲ့တယ်။ရောက်ချင်တဲ့‌ဇော ဟာ အဲသည်လောက် ကြီးခဲ့ပါတယ်။ သူတို့အိမ်ကို ရှေ့ရှုပြီး လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်း ကျွန်တော့
ရင်ထဲမှာ တဒိုင်းဒိုင်း တက်ဆောင့်နေတယ်။ သိန်းထီပထမဆုပေါက်လို့ ငွေတိုက်ကို ငွေထုတ်ရအောင်သွားတဲ့လူဟာ ကျွန်တော့လောက် စိတ်
လှုပ်ရှားမယ် မထင်ပါဘူး။ ဝမ်းမြောက်ခြင်း မျှော်လင့်ချက်ဟာ တံခွန်ဖျားက လေကစားနေတဲ့ ကြက်လျှာလို တလှပ်လှပ်နေတော့တယ်"

 “ဒီလိုနဲ့ သူကလေးနေတဲ့ ပျော်ရွှင်ချမ်းမြေ ရာအိမ်ကို ပထမဆုံး မြင်နိုင်လောက်တဲ့ နေရာကို ရောက်ရောက်ချင်း လှမ်းမျှော်ကြည့်လိုက်မိတယ်။ ဆင်ဝင်အောက်လှေကားခုံမှာ မိန်းမ၊ ယောက်ျားတွေ အထဲဝင် အပြင်ထွက်နဲ့ ရှုပ်ယှက်ခတ်နေတာ တွေ့ကြရတယ်။ သူတို့ အမူအရာတွေကလဲ စိုးရိမ်သောက ဗျာပါဒတွေ နှိပ်စက်ခံနေရသလိုပဲ။ ဒီကြားထဲ
ဆရာဝန်နဲ့တူတဲ့ လူတစ်ယောက် ဆေးသေတ္တာ ကိုင်ထွက်လာတာမြင်ရပြန်တယ်။ လှေကားဦးရောက်တော့ မိန်းမတွေက ဝိုင်းပြီးမေးကြတယ်။ဆရာဝန်နဲ့တူတဲ့ လူက ခေါင်းခပ်ဖြည်းဖြည်းခါပြပြီး ဝင်းခြံထဲ ရပ်ထားတဲ့ ကားပေါ်တက်ပြီး ခပ်မြန်မြန်ပဲ မောင်းထွက်သွားတယ်။ မကြာခင်ပဲ
. “အို သမီးရဲ့ ရေတိမ်နစ်ပါပေါ့လား သမီးရဲ့”လို့ ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့ အသံဆိုးကြီးကို ကြားလိုက်ရတာပါပဲခင်ဗျာ။ အဲဒီနောက်တော့ တစ်အိမ်လုံး ပွက်လောရိုက်သွားအောင် အော်ငိုသံတွေဟာ ဆူညံသွားတာပဲ"

“ဒီတုန်းက ကျွန်တော့ မုန့်ထမ်းကြီးဟာ ပခုံးပေါ်က လွင့်ထွက်သွားတော့မတတ် ဖြစ်သွားမိတယ်။ သူတို့အိမ်ဝင်းဝကို ကျွန်တော် ဘယ်နှလှမ်းနဲ့ ဘယ်လိုရောက်လာမှန်းတောင် မသိဘူး။ ကမန်းကတန်း
မျက်ရည်သုတ်ပြီး ထွက်လာတဲ့ မိန်းမတစ်ယောက်ကို တွေ့တွေ့ချင်းမေးလိုက်တော့“မာဂရက် ဆုံးပြီ”တဲ့"

“နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါသွားလေ၏ဆိုတာ ဝေဿန္တရာထဲမှာ စာတွေ့သာ ဖတ်ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ်တွေ့ ကြုံလိုက်
ရတာပေါ့။ မုန့်အထမ်းကို ပရမ်းပတာဖြစ်အောင် ချတဲ့ပြီး တော်၏မတော်၏ မစဉ်းစားဘဲ တိုက်ထဲကို ပြေးဝင်မိတယ်။ “ဟေ့၊ ဟေ့ မင်း ဘယ်ကအကောင်လဲ”လို့ သူ့အဖေကြီးက လှမ်းမေးတုန်း ရှိုက်ကြီးတငင်ငိုထားတဲ့ သူ့အမေက အခန်းထဲက ထွက်အလာနဲ့ မျက်နှာချင်းဆိုင်မိတယ်ဆိုရင်ပဲ ကျွန်တော့ကို အံ့အားသင့်ပြီး ကြည့်နေသေးတယ်။ နောက်ပြီး မှတ်မိတဲ့လက္ခဏာနဲ့ မျက်နှာထား
ပြောင်းသွားရာက။

“ဟေ့ ဟေ့ မင်း မလာနဲ့၊ မင်းမလာနဲ့၊ သွား သွား”

“ကျွန်တော် ကျွန်”

“အို စကားရှည်မနေနဲ့ကွယ်။ သွားဆိုရင် သွားစမ်းပါ”

“သူ့အမေကြီးက ဒီလိုလဲပြောလိုက်ရော သူ့အဖေကြီးက မျက်နှာတည်တည်ကြီးနဲ့ ကျွန်တော့ကို ဝိုင်းနှင်တော့တာပါပဲ။ ဒီတုန်းက ကျွန်တော် တိုက်ထဲက မထွက်ခဲ့ရင် သူတို့ ကျွန်တော့ကို ဘယ့်နှယ်လုပ်
ကြမလဲ မသိဘူး။ ရာဇဝတ်မှုနဲ့ ထောင်ကျတယ်ဆိုပေမဲ့ အဲဒီရာဇဝတ်မှုဟာ အကျင့်စာရိတ္တ ဆိုးသွမ်းလို့ မဟုတ်ဘဲ သူကလေးကို ကာကွယ်တဲ့
စေတနာအရင်းခံကြောင့် မင်းပြစ်မင်းဒဏ်ထိရတာကို ငဲ့ညှာဖို့ ကောင်းပါတယ်။ ဒီအကြောင်းကိုလဲ သူတို့မိဘကိုယ်တိုင် မပြောနဲ့၊ အရပ်ထဲမှာတောင် အတော်သိကုန်တယ်လို့ ကျွန်တော် ကြားရပါတယ်။
ဒါနဲ့ တောင် ကျွန်တော့ကို ကျေးဇူးမတင်ကြဘူး"

. ““ရက်ပေါင်း တစ်ရာ့ခုနစ်ဆယ် ထောင်ထဲမှာ အဆင်းရဲ ခံရတာမှ မသနားကြဘူး။မုန့်ဟင်းခါးသည် တစ်ယောက်က စောင့်ရှောက်လိုက်တာကို
ဝန်ထောက်သားတစ်ယောက်က စော်ကားလိုက်တာထက်များ ရှက်စရာ ကောင်းတယ်လို့ ထင်ကြသလား မသိ"

“ဒါပေမဲ့ ကျွန်တော့စေတနာကို ပြောလိုက်ချင်ပါသေးတယ်။ဂျပန်ခေတ်က ချွေးတပ်ဆွဲသလို လူလဲလို့ ရမယ်ဆိုရင် သူကလေးကို လောကအလယ်မှာထားခဲ့ပြီး သူ့အစား သေမင်းနောက်ကို ကျွန်တော်
လိုက်သွားဝံ့တဲ့အထိ ကျွန်တော့စိတ်ထဲမှာ ရှိပါတယ်။ ကျွန်တော့ဘဝဟာ အောက်တန်းကျပေမဲ့ ကျွန်တော့အချစ်ဟာ အောက်တန်းမကျပါဘူး။ တစ်ကိုယ်ကောင်း မဟုတ်ပါဘူး။ သူ့အချစ်ကို
ကျွန်တော်ရဖို့ မရဖို့တောင် မမျှော်လင့်ခဲ့ပါဘူး။ ကဲ ဘယ်သူဌေးသား ဘယ်အရာရှိများ ကျွန်တော့လို- ချစ်နိုင်မလဲ"

“အခုတော့ သူကလေး ဘာရောဂါနဲ့ဆုံးတာလဲဆိုတာလဲ မသိရဘူး။ဝိညာဉ်ကင်းပြတ်တဲ့ အဋ္ဌကလာပ်ရုပ်လဲ မကြည့်ရဘူး။ “သေပြီ သေပြီ သေပြီ"ဆိုတဲ့ စကားဟာ သိပ်ပေါသေးတယ်။လူတွေဟာ သေပြီဆိုတဲ့စကားကို လွယ်လွယ်ကူကူကလေး ပြောရက်
ထွက်ရက်ကြတယ်။ မထူးဆန်းဘူး ထင်နေကြတယ်။ . လောကကြီးမှာ သူမရှိတော့ဘူး။ ဘယ်မှာပဲရှာရှာ ဘယ်လောက် ကြာအောင်ရှာရှာ သူ့ကို မတွေ့နိုင်တော့ဘူး။ သူ့ရုပ်၊သူ့အပြော၊ သူ့စိတ်သဘော၊ သူ့အပြုံး၊ သူ့နှလုံး အကုန်လုံး ကွယ်လွန်သွားရှာပြီ။
သူနဲ့တူတာတောင် မတွေ့နိုင်ဘူး။ သူ့အတိုင်း တစ်ထေရာတည်းကို ဘယ်သူကမှလဲ မွေးပေးနိုင်ကြမှာ မဟုတ်တော့ဘူး။ ကုန်းနေ ကိုးကုဋေ၊ရေနေ ဆယ်ကုဋေလို့ အဆိုရှိတယ်။ အဲဒီ ကိုးကုဋေထဲမှာဖြစ်ဖြစ်၊ဆယ်ကုဋေထဲမှာဖြစ်ဖြစ် သူ့နေရာကို အစားဝင်နိုင်မယ့် သတ္တဝါရယ်လို့ မရှိနိုင်ဘူး။ ဘယ်သူမှ သူ့အစား မဝင်နိုင်ကြဘူး။ သူဟာ သူပဲ၊ သူမှ
သူတစ်ယောက်တည်း"

“အဆုံးစွန်သောစကားကို ပြောလိုက်မယ်၊ နောက်ဘဝကို သူကိုယ်တိုင် လူဝင်စားဖြစ်ဦးတော့ သူ မဖြစ်နိုင်တော့ဘူး။ လူ့ပြည်မှာ သူနေသွားရတာ အနှစ်နှစ်ဆယ်မကြာလိုက်ရဘူး။ နေခွင့်နေထိုက်ရှိတဲ့
အချိန်ရဲ့ ငါးပုံတစ်ပုံမှ မနေလိုက်ရဘူး။ အခု သူပျောက်ကွယ်သွားပြီ။ထားပါတော့ ပျောက်ကွယ်သွားလို့ သူအစစ်မဟုတ်တဲ့ ကျန်ရစ်ခဲ့တဲ့ ဥတုဇရုပ်ကလေးတောင် နောက်ဆုံးကြည့်ခြင်းနဲ့ ကျွန်တော် ကြည့်ခွင့် မရတော့ဘူး။ ဒီခန္ဓာကိုယ်လေးကို သူတို့ပဲ အပိုင်သိမ်းတော့ မလို သိမ်းနိုင်မလို သဝန်တိုနေကြသေးတယ်"

“သူတို့ အတတ်နိုင်ဆုံး သူတို့ အပြုစုဆုံး သူတို့အချစ်ဆုံးအနေနဲ့ ခမ်းနားကြီးကျယ်စွာ ထောင်ကုန် သောင်းကုန်ခံပြီး သင်္ဂြိုဟ်ကြမယ်။
သင်္ဂြိုဟ်တယ်ဆိုတာ စကားယဉ်နေလို့ပါ။ အမှန်ကတော့ လွှင့်ပစ်ကြတာပါပဲ။ မြေကြီးပဲဖို့ဖို့ ရေပဲမျှောမျှော၊ တိုက်ဂူ၊ ရွှေဂူ၊ ပြာသာဒ်ဂူထဲပဲ
ထည့်ထည့် အမှန်တော့ ‌ လွှင့်ပစ်တာပဲ။ သူတို့အဖို့မှာ တန်ဖိုးမထားတော့ဘူး။မနှမြှော  မစုံမက်တော့ဘူး။ အာလယ ပြတ်ကင်းကုန်လို့ လွှင့်ပစ်နိုင်ကြတ ပေါ့"
 ,
“လှူတာကလွဲရင် ပိုက်ဆံတစ်ပဲကို လွှင့်ပစ်ရက်ပါ့မလား။ သူ့ကိုတော့ အခု လွှင့်ပစ်ကုန်ကြပြီ။ တစ်ပြားမှ မတန်တော့ဘူးလား။ ကောင်းပါတယ်။ ကျွန်တော့အဖို့တော့ သူ့ကို ‘လွှင့်ပစ်မှ ဒီဘဝမှာ နောက်ဆုံး
ကြည့်ခြင်း ကြည့်ရ မြင်ရတော့မယ်။ဒါလဲ ဒီနေ့ နက်ဖြန်ဆိုသလို ကျွန်တော် ကြည့်နိုင် မြင်ရမယ်။
ဒီထက်ကြာသွားရင် ရုပ္ပတီတိ ရူပံဆိုသလို သူနဲ့ အနီးစပ်ဆုံး ရုပ်အစား သူလိုကိုယ်လို လူမှာရှိတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသသာ တွေ့နိုင်မြင်နိုင်တော့မယ်။ ဒါကတော့ လူတိုင်းမှာ ရှိတာပဲ"

“ဒါကြောင့် ဒီကနေ့ နေ့လယ် သူတို့ လွှင့်ပစ်ဖို့အလာမှာ လူအုပ်တွေအထဲ ရောလိုက်ခဲ့တယ်။ နေရာကို မှတ်ခဲ့တယ်။ ဒီကနေ့ညကျမှ ကျွန်တော်တစ်ယောက်တည်း လောကကြီးထဲက ထွက်သွားတဲ့ သူ့ကို နှုတ်ဆက်ရအောင် လာဖွင့်တာပဲ"

“သူ့ ကိုယ်နံ့ကလေးဟာ ရွှေ၊ ငွေ၊ ပေါင်ဒါတို့နဲ့ ဘယ်တော့မှ မကင်းခဲ့လို့ တသင်းသင်း မွှေးခဲ့ရာက ဒီညကျတော့ ဖောက်ပြန်လာခဲ့ပြီး၊ပုပ်ညှိလာခဲ့ပြီ။ သူ့မျက်နှာပြုံးပြုံးကလေးက အခုတွေ့ရတော့ချစ်ခြင်း ၊မုန်းခြင်းဆိုတဲ့ အရိပ်အကဲတွေ လွင့်ပြီး လောကကြီးကို ဥပေက္ခာလုပ်ပုံမြင်ရပြီး ဝင်းဝါနေတဲ့ အသားကလေးဟာလဲ ညိုပုပ်ပုပ် ညစ်မည်းမည်း အပုပ်ရည်တွေ တွဲလဲကျကြပြီ။အချိုးအစား ပြေပြစ်တယ်၊ အလုံးအရပ် ညီညွတ်တယ်ဆိုတဲ့
သူ့ခန္ဓာကိုယ်လုံးလေးဟာလဲ ဥဒ္ဓမာတကံ ဖူးဖူးရောင်လို့ တစ်ဖြိုးတည်းလိုလို ဖြစ်နေပြီ"
 .'
“သူ သည်လိုဖြစ်နေတာကို အချစ်ဆုံး အစုံမက်ဆုံးဆိုတဲ့လူတွေကို ခေါ်ပြချင်တယ်။ အမယ်လေးဆိုပြီး နောက်ကိုတွန့်ပြီး ရွံ့ကုန်ကြမယ်။
ဒါမှမဟုတ်ရင်လဲ ရွံရှာစက်ဆုပ်ပြီး နှာခေါင်းပိတ်ကြမယ်။ကျွန်တော်ကတော့ မရွံ့ဘူး။ မကြောက်ဘူး။ မစက်ဆုပ်ဘူး။တရားရတာ တစ်ခုပဲ ရှိတယ်။
“မုန့်ဟင်းခါးသည် ဆရာကြီး"လို့ အိပ်လျက်က မျက်စိကလေးဖွင့်ပြီး ခေါ်လိုက်ဦးတော့မလို ထင်နေမိသေးတယ်"

“ကဲ ဒါပါပဲ ဆရာရယ်။ အခုတော့ ကျွန်တော့ကို ပုဒ်မတွေ တပ်ထားတဲ့ ဥပဒေဆိုတာနဲ့ဖမ်းမယ်။ အမှန်တရားကိုယ်ကတော့ သူများ လွှင့်ပစ်လိုက်တဲ့ ပစ္စည်းကို ကျွန်တော် ကောက်ကြည့်တာပဲ အပြစ်ရှိနိုင်ပါမလား၊ အပြစ်ရှိသင့်ပါသလား"

“ဒါပေမဲ့ ကျွန်တော့မျက်စိ မမှိတ်ခင်တော့ ဘယ်ကိုပို့ပို့ ဘယ်ကိုရောက်ရောက် ဘာပဲဖြစ်ဖြစ်ရ မထူးတော့ပါဘူး။ စကြဝဠာတစ်ခုလုံးမှာ သူ့ကို ဘယ်သူမှ ဘယ်နေရာမှာမှ မတွေ့နိုင်တော့ သူဟာ ကျွန်တော့
အတွက်တော့ သုဉ်းပါပြီ "

စံပျော်၏ စကားဆုံးသွားသောအခါ ကိုကျော်မွှေးမှာ အမှုတွေပျောက်၍ ငိုင်တွေကြီး ဖြစ်နေလေသည်။ ဘသောင်းမှာ နှုတ်ခမ်းကိုကိုက်ရင်း သက်ပြင်းတစ်ချက် မှုတ်လိုက်သည်။ ရာဇဝတ်အုပ် ကိုထွန်းရွှေသာလျှင် စံပျော်ကို မျက်နှာတည်တည်နှင့်ကြည့်၍ နက်နဲစွာ စဉ်းစားနေပုံရသည်။

မိုးပေါက်တွေ အရှိန်လျော့၍ လေကြမ်းတွေပါ ပျော့ကုန်လေပြီ။ထိုအခိုက် တိုင်ကပ်နာရီမှ ဒေါင်ဒေါင်နှင့် ဆယ့်နှစ်ချက်ပြည့်အောင် အစဉ်တစိုက် တီးခတ်လိုက်သည်။ သင်္ချိုင်းအလယ်ဆီလောက်က ခွေး
တစ်ကောင်နှစ်ကောင်၏ ရှည်လျားပျင်းတွဲစွာ အူလိုက်သော အသံကို ကြားလိုက်ရပြန်သေးသည်။ ဤတွင် ကိုကျော်မွှေးက စ၍ စကားသံ ထွက်လာလေသည်။

“ဘယ့်နှယ်လဲဗျ ကိုထွန်းရွှေ”

“ဂျူတီအစ်(စ) ဂျူတီ မင်”

----------------

သုခ

ရှုမဝ၊ ၁၉၄၈၊ စက်တင်ဘာ

#Typing_crd_ZawOo

ချစ်မိပြီဆိုမှဖြင့် #သုခ

#ချစ်မိပြီဆိုမှဖြင့်

#သုခ

အချိန်ကား ညဆယ်နာရီခန့်။
အခါမှာ လေခပ်ပြင်းပြင်းနှင့် မိုးသက်ကလေးမင်းမူနေစဉ် နေရာဌာနကို ဆိုရလျှင် တာမွေသင်္ချိုင်း သုသာန်ဇရပ်ကြီး၏တောင်ဘက် ဆယ်လံကွာလောက် အဓိကရ ကုက္ကိုပင်ကြီးအောက်တွင်
ဖြစ်လေသည်။

တစပြင်ကိုဖြတ်၍ တဟူးဟူး မြည်ဟည်းကာ ပြေးလာသော လေပြင်းသည် သင်္ချိုင်းပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးငယ်တို့၏ အရွက်၊အကိုင်းတို့ကို တဝုန်းဝုန်း မြည်စေလျက် ဇရပ်ခေါင်မိုးပေါ်ရှိ ကွာလက်စ သွပ်ချပ်များကို သရဲ တစ္ဆေတွေ တက်၍ လင်းကွင်းတီးနေသကဲ့သို့`တဂျမ်းဂျမ်း တဗြန်းဗြန်း နားမချမ်းသာအောင် လုပ်နေလေ၏။

မိုးရေပေါက်များက ရွာရိုးရွာစဉ်နှင့်မတူ-သင်္ကြန်တွင်းက ခွက်စောင်းခုတ်၍ပက်သော ရေအဟုန်ကဲ့သို့ရှိရာ ရှဲခနဲ ရှဲခနဲနေအောင် ဇရပ်အမိုးကို
ထိုးစစ်ဆင်နေကြလေ၏။ 'မိုးသားမိုးတိုက်ကြားမှ ထင်းခနဲ ဝင်းခနဲလက်လိုက်သော လျှပ်စစ်
၏အရောင်ကြောင့် မြင်နိုင်လောက်သော အရာဝတ္ထုတို့မှာ ဖွေးဖွေးဖြူသော ဂူ၊ ရေးရေးဖြူတော့သောဂူ၊ မည်းမည်းမို့မို့သာ အရောင်ရှိသော လူသေ
မြှုပ်နှံရာ မြေပုံအဟောင်း၊ အသစ်များပင် ဖြစ်တော့သည်။

 လျှပ်စစ်ဝင်းလက်ပြီးသည်နှင့် တစ်ပြိုင်နက် ဂျိုးဂျိုးဂျိမ့်ဂျိမ့်မြည်အောင် ထစ်ချုန်းလိုက်သော မိုးခြိမ်းသံကလည်း မှောင်နှင့်မည်းမည်း
မိုးသည်းသည်းတွင် အသည်းထိတ်စရာကောင်းလှသည်။သို့သော် အနမတစ္စဖြစ်သော မြေပုံအဟောင်းအသစ်၊ ဂူအဟောင်းအသစ်တို့မှာမူကား
“လုပ်တိုင်း”ဟူသော ပေါရာဏစကားကို ထောက်ခံသကဲ့သို့ ရာသီဥတု လေကြီးမိုးကြီးတို့က လုပ်တိုင်း နကမ္ပတိ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ ပကတိတည်ငြိမ်စွာ ခေါင်းငုံ့၍ ခံနေကြနိုင်ပေ၏။

၎င်းမြေပုံ အုတ်ဂူများအပေါ်က မိုး၍ သဘက်တွေ ယိမ်းကသလို ဘယ်ယိမ်းညာနွဲ့ တကယ့်ကို ကြောက်စရာကောင်းအောင် လှုပ်ရှားနေသော သစ်ပင်ကြီးငယ်တို့ကို မြင်ရသည့် အခြင်းအရာမျိုးမှာ သာမန်လူကိုမဆိုထားနှင့် အရက် ကိုးမောင်းတင်၍ ရဲရည်ရဲဆေး ဝင်လာသူများပင် လိပ်ပြာစဉ်လွင့်၍သွားအောင် တတ်နိုင်ကောင်း တတ်နိုင်ပေလိမ့်မည်။

ထိုသို့ အချိန်အားဖြင့်သော်လည်းကောင်း၊ အခါကာလ ဌာနအားဖြင့် သော်လည်းကောင်း အနိဋ္ဌာရုံအပေါင်းတို့၏ စုဝေးရာ၊ အမင်္ဂလာတို့၏
ဆုံစည်းမှုအထဲတွင် သုဘရာဇာဟုခေါ်ကြသည့်သင်္ချိုင်းမြေတူးသမားများ၏ တဲကလေးဆီကမှ လူသံမကြား မီးရောင်မထွက် အသက်မရှိသလို
ငြိမ်ချက်သား ကောင်းနေကြသည်။သူတို့သည် တစ္ဆေသရဲထက် ရာသီဥတုဆိုးရွားမှုကို စက်ဆုပ်ကြဟန်တူသည်။ လသာသောညများအဖို့တွင်
တစပြင် မြေပုံများအကြား၌ သူတို့၏ ကလေးများ ကစား၍ပင် နေတတ်ကြသေးသည်။ ထိုအချိန်မျိုးတွင် လူကြီးတွေက တဲပေါ်တွင် မီးတထိန်ထိန်
နှင့် ကိုးမီးဝိုင်း၊ ပိုကာဝိုင်း တခြိမ့်ခြိမ့် ရှိခဲ့ဖူးသည်။

 ဘာသာဘာဝအားဖြင့် စဏ္ဍာလမိန်းမပျိုတစ်ဦးကို သုဘရာဇာ လုလင်ပျိုတစ်ဦးက ဘင်ဂျို
 တဒေါင်ဒေါင်တီး၍ “ချစ်ပါရစေ၊ အသနားခံသော်လည်း ငြင်းပယ်တယ် ဂုဏ်မြင့်သူကကွယ်”ဟူသော တေးသီချင်းနှင့် ညုနေသံကို ကြားနိုင်ပေလိမ့်မည်။ ယခုကား ဤကဲ့သို့ မဟုတ်၊ တစ်မိုးလုံး မှောင်နှင့်မည်းမည်း လေသဲသဲ သရဲတွေပင်လျှင် ချမ်းလွန်း၍ ကုပ်နေကြလိမ့်မည်။

သို့သော် မိုးသည်းလေပြင်းတို့ကို အလျဉ်းဂရုစိုက်ပုံ မပေါ်သော လူတစ်ယောက်၏ သဏ္ဌာန်မှာ ဂူတစ်ခုအနားတွင် တလှုပ်လှုပ် တရွရွ ရှိလေ၏။ အဝေးကနေ ကြည့်သည့်တိုင်အောင် မြေပုံခပ်ပွပွပေါ်တွင်
 ထွန်းညှိ၍ထားသော ဒရဝမ်ကိုင် လက်ဆွဲမီးအိမ်ကလေး၏ အလင်းရောင်ကြောင့် မသဲမကွဲ မည်းမည်းမည်းမည်းနှင့် မြင်နိုင်လေသည်။ထိုလူမှာ တစ်ကိုယ်လုံး ရွဲ့ရွဲစိုနေသော်လည်း အမှန်စင်စစ် မိုးရေများကြောင့်သာမဟုတ် ချွေးသီးချွေးပေါက်များကြောင့်လည်း ဖြစ်ပေသည်။သူ၏ လက်တွင်းတွင် တူးရွင်းတစ်ခုကိုကိုင်၍ ဂူပြုလုပ်ရန် အကြမ်းအား
ဖြင့် အင်္ဂတေမံထားသော အုတ်ပုံကို ကုန်း၍ ဖြိုဖျက်နေသည်မှာ အချိန် အတော်ကလေး ကြာလောက်က ဖြစ်ပေလိမ့်မည်။ထိုမြေပုံမှာ ထိုနေ့ ညနေကမှ သင်္ဂြိုဟ်လိုက်သော မြေပုံဖြစ်လေရာ
၎င်းတူးရွင်းသမားကိုယ်တိုင် လိုက်လံပို့ဆောင်၍ မှတ်သားထားဟန်တူသည်။ သူသည် ကျောက်သားကဲ့သို့ မမာသေးသောအင်္ဂတေကို တူးရွင်း
နှင့် ဆတ်ခါဆတ်ခါ ထိုး၍ ခွာနေသည်မှာ သဲသဲမဲမဲ ဇွဲကြီးလှသည်။

မိုးလုံလေလုံ သင်္ချိုင်းဇရပ်ကြီးအောက်တွင် စုရုံးနေကြသည့် ခွေးလေးငါးကောင်က တစ်ပြိုင်နက် ဆွဲဆွဲငင်ငင် အူလိုက်သောအသံမှာ တစပြင်တစ်ခုလုံး ဆူညံသွားသော်လည်း ထိုတူးရွင်းသမားမှာ နားမှ
ပါပါလေစမသိ။ နေ့ခင်းကြောင်တောင် အူလိုက်သောခွေး၏ အသံမျိုးပင် မကြားကောင်း မနာသာ ဖြစ်ပါသေးလျက် ညဉ့်နက်သန်းခေါင် မိုးမှောင်
နှင့်တွဲ၍ သင်္ချိုင်းထဲက အသံမှာမူကား ကြက်သီးမွေးညင်း ထလောက်စရာ ရှိတော့သည်။ ထိုခွေးအူသံများနှင့်အတူ သစ်ရွက်များကလည်း တရှဲရှဲရော၍ မြည်လိုက်သေးသည်။ ဇရပ်ခေါင်မိုးက သွပ်ပြားများကလည်း တရုတ်လင်ပန်းတီးသလို လှန့်လိုက်ပြန်သေးသည်။ . 

ထိုအသံများကြောင့်ပင် ကုက္ကိုပင်ပေါ်မှ ကျီးအုပ်မှာ လန့်၍အော်ရင်း ထပျံကြသေးသည်။ သို့လင့်ကစား မိုးသက်အမှောင်ထုကြားတွင် ဝေးဝေးကို မပျံနိုင်ကြ။ နီးရာညောင်ပင်တစ်ပင်သို့ အလျင်စလိုဝင်၍ ခိုလိုက်ကြလေရာ ညောင်ညိုရှင်ဆက်ရက်များက လန့်နိုးကြသောကြောင့် နယ်ချဲ့ လာသော ရွှေကျီးညိုတို့ကို တဂစ်ဂစ် တကျီကျီ ကန့်ကွက်ကာ ဆန္ဒပြကြရင်း ထ၍ ဝိုင်းကြသည်မှာ သစ်ပင်တစ်ပင်လုံး ကသောင်းကနင်း ဖြစ်ကုန်ကြတော့သည်။

ထိုအချိန်တွင် ဖြိုဖျက်နေသော ယာယီဂူမှ အုတ်တစ်ပြား ကွာသွားပြီဖြစ်သောကြောင့် တူးရွင်းသမားမှာအတော်အားတက်သွားဟန်နှင့် ဟင်းခနဲ သက်ပြင်းချလိုက်ရင်း ကိုယ်ကို ခါးဆန့်၍ ရပ်လိုက်ကာ တူးရွင်းကို ဂူခြေရင်းတွင် ထောက်၍ အနားယူလိုက်သည်။ အုတ်စီ၍ထားသော
အဆောက်အအုံမှန်သမျှ ကွာလက်စအုတ်တစ်ပြား ပေါက်သွားလျှင် တစ်ခုလုံး ဖြိုဖျက်ရန် မခဲယဉ်းတော့ပြီ။ .

တူးရွင်းသမားသည် ကျေကျေနပ်နပ်နှင့် လောကဓာတ်၏ မိုးသက်လေကို အားပါးတရ ရှူရှိုက်လိုက်သည်။ အတင်းဝင်၍ ပက်ကြသော
 မိုးရေဒဏ်ကိုလည်း ခံစားနေရကြောင်း ယခုမှ သတိပြုမိလျက် နဖူးပေါ်မှ ရေပေါက်များကို လက်တစ်ဖက်နှင့် သပ်ချလိုက်သည်။

ထိုခဏ၌ ရွှံ့နွံရေစပ်များကို အတော်ကြီးကြာအောင် နင်းထားရပြီးဖြစ်၍ ပဲကြီးရေစိမ်ပမာ ဖြူရော်ရော် ပွတတ ဖြစ်နေသည့် မိမိ၏ ခြေခုံပေါ်ကို ကမူးရှူးထိုးဝင်၍တိုးကာ ဖြတ်ကျော်သွားသည့် မြေကြွက်ကြီးတစ်ကောင်ကိုလည်း သတိထားလိုက်မိသည်။ ထိုသတ္တဝါမှာ မသာ အလောင်းကောင်များ၏ လူဆီလူသားကို စားနေကြသဖြင့် အဆမတန် ကြီးမား ဝဖြိုးနေလေသည်။ “ကြောင်ဖားရဲ့ မြီးတံတို အဆီကိုစားပါလို့
အသားကို မျို”ဟူသော စာဆိုရှိပေမဲ့ ကြောင်များမှာ ထိုကြွက်ကြီးလောက် စားရဟန်မရှိ၊ ယခုကဲ့သို့ အချိန်မျိုးတွင် ကောင်းနိုးရာရာ ပွဲတော်စာကို ရှာဖွေရွေးချယ်နေဟန်တူသည်။ 

ဟုတ်ပေမည်။ ခန္ဓာကိုယ် အတ္တဘောအမျိုးမျိုး စွန့်ပစ်မြှုပ်နှံရာ သင်္ချိုင်းဟူသမျှ ယောက်ျားအသား၊ မိန်းမအသား၊ ကလေးအသား၊လူကြီးအသား၊ အဘိုးကြီးအသား၊ အဘွားကြီးအသား၊ လူပျိုအသား၊
အပျိုအသား၊ ကုလားအသား၊ တရုတ်အသား၊ အင်္ဂလိပ်အသား၊ ဂျပန်အသား၊ ရွေးစရာတွေ များလှပေသည်။ ထို့ကြောင့် ဟင်းခွက်ပေါင်း "
သုံးရာကျော်နှင့် ပွဲတော်တည်လေ့ရှိသော နရသီဟပတေ့ တရုတ်ပြေးမင်းလို မင်းမူနိုင်တော့သည်။

တူးရွင်းဆရာသည် အနားက မြေပုံတစ်ခုကြားသို့ ဝင်သွားသော ကြွက်ကြီးကို ကြည့်ရင်း သဘောတရားကို တွေးမိသဖြင့် သူ့အလုပ်ကို
ကပျာကယာ ဆက်၍ လုပ်ပြန်သည်။ သူ ကြိုးစားခဲ့သမျှ မြေကြွက်ကြီး မင်းမူ၍ သူ့လူ၏ ခန္ဓာကိုယ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာ ပူမိသည်။

ညှီစို့စို့ အနံ့တစ်မျိုးသည် ဟောင်းလောင်းပေါက် ဖြစ်နေသော အုတ်ပေါက်မှ လူ၏ နှာဝကို ထောင်းခနဲ နှုတ်ဆက်လိုက်သည်။ သို့သော် ရွံရှာစက်ဆုပ်
ဖွယ်သော ဂန္ဓာရုံဆိုးဟူ၍ အမှတ်မပြုမိ အုတ်တွေပွင့်၍ မထွက်မီကပင် ရှေ့လောတကြီးနှင့် ဂူတွင်းသို့ မီးအိမ်နှင့် သူကပ်ကာ ချောင်းကြည့်နိုင်အောင် ဒူးထောက်၍ ထိုင်ချလိုက်သည်။ 

လက်ဆွဲမီးအိမ်ကလေး၏ အရောင်မှာ လေတလှပ်လှပ် တိုက်နေသောကြောင့် တည်ငြိမ်စွာ ထွန်းလင်းခြင်း မရှိ။ မှန်အိမ်ပြောင်းထဲတွင်
မှိုင်းတွေ လှိုက်၍လှိုက်၍ဝေ့ကာ ညစ်မည်းနေသည့်တိုင် ဂူတွင်းက သပြေရင့်ရောင် ကျွန်းသားခေါင်းသေတ္တာပေါ်က ငွေမင်နှင့် လှပသေသပ်စွာ ရေးထားသော မြန်မာစာလုံးဝိုင်းကလေးများကိုမူ မြင်နိုင်ဖတ်နိုင်လောက်အောင် စွမ်းဆောင်ပေးရှာသေးသည်။

အသက် ၁၇ နှစ် မာဂရက်ညို၏ ရုပ်ကလာပ် 

                                * * * * *

“သောက်ပါဗျ ကိုထွန်းရွှေရ၊ ကျွန်တော်က တကယ်ခင်လို့မင်လို့ တိုက်တာပါ။ ကျွန်တော့အိမ် လာလည်လို့မှ ဧည်ဝတ်စောင်ဝတ် ကျေအောင် မပြုရရင် ဘယ်ဖြစ်မလဲ ဟဲ ဟဲ”

 ဟု ရယ်လိုက်ရာက ကိုထွန်းရွှေဆိုသူ၏ အနားတွင် ခပ်ယိုယ့်ထိုင်နေသူအား လှမ်း၍ တစ်ဖန် ..

“ဟေ့ သူငယ်၊ မင့်နာမည်က ဘယ်သူကွ”

“ဘသောင်းပါတဲ့ ခင်ဗျာ”

“ဪ ဪ မောင်ဘသောင်းရဲ့လား။ အေး၊ အေး သောက်ကွဲ့ သောက်၊ ဘာလဲ မင့်ဆရာရှေ့မှာမို့လို့ ရွံ့တွန့်တွန့်ဖြစ်နေတာလား။ကိစ္စမရှိပါဘူးကွာ။ ငါ့မိတ်ဆွေကြီးက ရာဇဝတ်အုပ်ဆိုပေမယ့် သွေးကြီး
မွေးကြီး မဟုတ်ပါဘူး။ တပည့်တပန်းကို ညှာတာပါတယ်။ ဟဲ ဟဲ ဟဲ သူနဲ့ငါဆိုတာကကွာ တာမွေဂါတ်ကိုရောက်လာမှ သိတာ မဟုတ်ပါဘူး။သူ ကန်တော်မင်ဌာနာမှာ နေကတည်းက သိခဲ့ကြတဲ့ လူဟောင်းတွေပါ"

“ဟုတ်ကဲ့”

“ဟုတ်ကဲ့ဆိုပြီး သောက်မှ သောက်မှပေါ့ကွ။ ဘာလဲ မင်းတို့က ငါ့အိမ်က ကျွေးတာမွေးတာ မသတီလို့လား ဟုတ်လား။ သင်္ချိုင်းဝင်းထဲမှာနေနေလို့ စဏ္ဍာလလို့များ ထင်နေသလားကွာ၊ ဟေ့ မျိုးကောင်းရိုးကောင်း(ကော်ပိုရေးရှင်း)က ခန့်ရတဲ့ (ကဲယားတိတ်ကား)ပါကွ။ သင်္ချိုင်းအရေးပိုင်ပေါ့ကွာ ဟဲ ဟဲ ဒါလဲ အစိုးရ အရာရှိတစ်မျိုးပဲ မဟုတ်လား
ဟင် ကိုထွန်းရွှေ”

“ဟာ ဟုတ်တာပေါ့ ကိုကျော်မွှေးရ၊ ခင်ဗျား အရာရှိ အမှုထမ်းတစ်ဦးပေါ့”

လူသုံးယောက်သည် ဓာတ်မီးထွန်းထားသော အိမ်ရှေ့ခန်း၌ ဝီစကီနှင့် ဆော်ဒါပုလင်းများ ထောင်ထားသော စားပွဲဝိုင်းကလေးကိုရံ၍ ဖန်ခွက်ကိုယ်စီ ကိုင်နေကြသည်။ 

၎င်းတို့အိမ်မှာ သင်္ချိုင်းအဝင် အနားတွင်ရှိလျက် ထိုလူပြောသကဲ့သို့ပင် သုသာန် ကျန်းမာရေး အင်စပက်တော် တစ်ယောက် ဖြစ်လေ၏။
ကိုထွန်းရွှေဆိုသူမှာ တာမွေဌာနာမှ ရာဇဝတ်အုပ်တစ်ယောက်ဖြစ်၍ ဘသောင်းဆိုသူကား ပုလိပ်အမှုထမ်းဖြစ်ရာ သူတို့သည် ကိုကျော်မွှေး
အိမ်သို့ အလည်လာရင်း အိမ်ရှင်၏ လောကွတ်ကျေပွန်မှုကို ပျော်ရွှင်စွာ လက်ခံနေကြခြင်း ဖြစ်လေ၏။

ကြက်သားကြော်အမြည်းနှင့် စားသောက်နေကြ၍ အတန်ကြာလျှင် တိုင်ကပ်နာရီမှ ဆယ့်တစ်နာရီ ထိုးလိုက်သောကြောင့် ရာဇ၀တ်အုပ် ကိုထွန်းရွှေက ခပ်ထွေထွေဖြစ်နေသော မျက်လုံးနှင့် သူ၏ လက်ပတ်နာရီကို မြှောက်ကြည့်လိုက်ရင်း...

“ဟင်း ဆယ့်တစ်နာရီထိုးမှဖြင့် ပြန်ဖို့တော်ပြီထင်တယ် ကိုကျော်မွှေး၊ ခင်ဗျားပြုစုတာတွေ ကျေးဇူးတင်ပါတယ် ခင်ဗျာ” 

ဟု နှုတ်ဆက်စကား စလိုက်လေသည်။ 

“အို နေပါဦးလေ၊ မိုးတွေလဲ ရွာနေသေးတာ။ ဘာလဲ ခင်ဗျား သရဲ ကြောက်လို့လား ဟုတ်လား။ ဟဲ ဟဲ”

ဟု ကိုကျော်မွှေးက ရေချိန် အနည်းငယ် လွန်နေသည့်အလျောက် လှောင်ရယ်ကလေးရယ်ရင်း ခနဲ့
လိုက်သည်တွင်

“အောင်မယ်၊ ခင်ဗျားက ကျွန်တော့ကို သရဲကြောက်သလားလို့မေးတယ်။ ဟား ဟား ဟား ကျုပ်က ခင်ဗျားလို သုသာန်နဲ့ မရင်းနှီးပေမယ့် သရဲမကလို့ သဘက်တောင်ကြောက်တဲ့လူစား မဟုတ်ဘူးဗျ။
နားလည်လား။ အိုလေ လောကကြီးများ ကျုပ် ကြောက်စရာ မတွေးမိသေးပါဘူး” 

“အဟုတ်လား ဆရာကြီး၊ ခင်ဗျား မူးနေပြီထင်တယ်” 

“အို ဒါလောက်ကလေး မူးရမလား။ ကဲ ခင်ဗျားနဲ့ ကျုပ် ဘာကြေးလောင်းမလဲ။ ကျုပ် ဘာလုပ်ပြရမလဲ ပြော”

ဟု ကိုထွန်းရွှေက အသံ ခပ်မာမာနှင့် ကုလားထိုင်ကို မှီထိုင်နေရာမှ ဆတ်ခနဲနေအောင် ခေါင်းထောင်၍ ထလိုက်ရာ ဘသောင်းအဖို့သာ မျက်လုံးပြူးသွားလင့်ကစား ကိုကျော်မွှေးမှာမူ ခပ်အေးအေးနှင့် ရယ်သွမ်းကလေး သွေးနေလေသည်။

“ကဲ၊ ဒါဖြင့် ကျုပ်ခိုင်းတာ ခင်ဗျားသွားလုပ်ရဲပါ့မလား”

“အို ကျုပ်ကပဲ ဘာလုပ်ရမလဲလို့ မေးနေပြီဟာ ခင်ဗျားက ပြန်မေးနေရသေးသလား။ အခုလို မိုးတွေ ရွာနေတဲ့ ညမှောင်ကြီးထဲမှာဖြစ်ပါစေ ဘယ်သွားရမလဲ။ ဘာလုပ်ရမလဲ ပြော”

“အောရိုက် အောရိုက်၊ ကောင်းပြီ၊ ခင်ဗျား ဟိုနေ့က မြန်မာဇရပ်ကြီးကို သိရဲ့ မဟုတ်လား။ အဲဒီဇရပ်ရဲ့ သမံတလင်းမှာ တစ်ယောက်တည်း ခင်ဗျားနာမည် သွားရေးရမယ်။ သွားမလား”

“အိုကေ သွားရေးမယ်၊ ပေး မြေဖြူခဲသာပေး”

“အို နိုး နိုး မြေဖြူခဲလဲ မရှိဘူး။ ရှိလဲ မပေးနိုင်ဘူး။ အဲဒီနားတစ်ဝိုက်မှာ မသာတွေကို မီးသင်္ဂြိုဟ်တဲ့ကျင်း ရှိတယ်။ အဲဒီက မီးသွေးခဲယူပြီး ရေးပေါ့ ဗျာ။ သတ္တိရှိရင်လေ”

 အနားက နားထောင်နေရဲသော ဘသောင်းမှာ ကုပ်တို၍ ဝင်သွား၏။ မိုးတသဲသဲရွာနေသော အိမ်အပြင်ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ချက်ချင်း မျက်နှာလွှဲလိုက်ရလေသည်။

“ကောင်းပြီလေ ပြန်လာရင် ဘာပေးမလဲ ပြော”

ဟု ကိုထွန်းရွှေက ကုလားထိုင်မှထကာ မိုးကာအင်္ကျီကို ဆွဲ၍ ဟန်ပြင်လိုက်၏။ 

 “အို ခင်ဗျားပြန်လာရင် ငွေတစ်ရာပေးမယ်ဗျာ။ သို့ပေမယ့် ခင်ဗျား ပြန်ရောက်ရောက်ချင်း သုံးယောက်စလုံး လက်ဆွဲဓာတ်မီးနဲ့ လိုက်ကြည့်မှာဗျနော်။ ဟုတ်မှလဲ လုပ်” 

“ကိစ္စမရှိပါဘူးလေ။ ဘယ်တော့ပဲ ကြည့်ကြည့်၊ အင်း ခင်ဗျား ငွေတစ်ရာကို မက်လှလို့တော့မဟုတ်ပါဘူး၊ ထွန်းရွှေအကြောင်း ပြချင်လို့သာ သွားရမှာပါဗျာ” 

ကိုထွန်းရွှေက မိုးကာအင်္ကျီဝတ်ရင်း ပြောလိုက်သေးသည်။ဘသောင်းမှာ သူ့ဆရာကို တားရမည်လည်း မဝံ့။ သွားမည်ကိုလည်း စိုးရိမ် မျက်လုံးကလေး အကြောင်သားနှင့် ကြည့်နေစဉ် အတွင်းမှာပင်
ကိုထွန်းရွှေမှာ အရက်တန်ခိုးကြောင့်ပေလော၊ နဂိုသတ္တိကြောင့်ပေလောမသိ။ လေကလေးချွန်ကာ မိုးရွာထဲသို့ ဆင်း၍သွားတော့သည်။ အိမ်နှင့်
ပေနှစ်ဆယ်လောက် အကွာတွင်ပင် မှောင်နှင့်မည်းမည်း ဖြစ်နေသောကြောင့် ကိုထွန်းရွှေ၏သဏ္ဌာန်မှာ မှန်တဝါးဝါးတွေ့နေရာက ပျောက်သွားတော့သည်။ လေချွန်သံကလေးကိုမူ ကြားလိုက်ရသေးသည်။

“ဟေ့ မောင်ဘသောင်း၊ နှစ်ဦးသဘောတူသွားတာနော်။ နောက်တစ်ခုခု ဖြစ်လာရင် မင်းသက်သေပဲ”

ဟု သက်သေထူလိုက်ပြီးမှ

“ဟဲ ဟဲ မင်းဆရာ ရှက်လို့သာ ရှက်ရမ်းရမ်းပြီး သွားရတာပါကွာ။ နည်းနည်းတော့ အကြောက်သားကွ။ ကြည့်ပါလား အကြောက်ပြေအောင် လေချွန်သွားတာ” .

“ဖြစ်ပါ့မလား ကိုကျော်မွှေးရာ တော်တော်ကြာ”

 “အေးလကွယ် နာရီဝက်အတွင်း ပြန်မရောက်တော့မှ မင်းနဲ့ငါနဲ့ လိုက်ကြတာပေါ့။ ကဲ သောက်ပါဦးကွာ စိတ်အေးလက်အေး”

“ဟာ ကျွန်တော်၊ တော်ပါပြီ ခင်ဗျာ။ ဆရာ မလာလို့ လိုက်ရရင်လည်း ကျွန်တော့ မခေါ်ပါနဲ့နော်။ ကျွန်တော်ကတော့ ကြောက်တတ်တယ်"

                              * * * * *

အမှန်မှာ ကိုထွန်းရွှေကိုယ်တိုင် သတ္တိခေသူမဟုတ်သော်လည်း ဤကဲ့သို့ လောင်းကြေးစားကြေး မလုပ်ခဲ့ဖူးချေ။ သရဲတစ္ဆေတို့မည်သည်လောင်းကြေးစားကြေးနှင့် ပြုလုပ်သူကိုမှ တကယ်ခြောက်တတ်သည် ဟူသော စကားကို ယခုမှ သတိရမိသည်။ 

ထွက်လာစက ဒေါနှင့်ထွက်လာခဲ့သည်မှန်သော်လည်း မိုးရေစိုရွှဲ၍ လေတဟူးဟူးမှ သီတဓာတ်ကို ခံစားလိုက်ရသောအခါ ဒေါသတွေငြိမ်း၍
သောကတွေ၊ ကိန်းလာတော့သည်။သို့သော် ယောက်ျားဟူသည် သတ္တိကြောင်ခြင်း သူရဲဘောနည်းခြင်းဟူသော အမနာပစကားကို အပြောခံရမည်ထက် အသက်ကို လေလံတင်ရသော အလုပ်မျိုးကိုသာ မျက်နှာချင်းဆိုင်လိုက်ရသေးသည် ဖြစ်ရာ ကိုထွန်းရွှေသည်လည်း မရဲသော်လည်း ပြေးခဲစေဆိုသော သတ္တိမျိုးနှင့်
 ရှေ့သို့သာ ဆက်၍ လျှောက်ခဲ့လေသည်။ 

ခါးတွင် ခြောက်လုံးပြူးပါသည်မှန်သော်လည်း ယခုတိုက်ပွဲမှာ စိတ်ဓာတ်တိုက်ပွဲဖြစ်သောကြောင့် နောက်ဆုံး အခွင့်အရေးကျမှ အသုံးပြုရန်
သန္နိဋ္ဌာန်ချလိုက်လေသည်။ ကိုထွန်းရွှေ့လာခဲ့၍ သင်္ချိုင်းနားရောက်လျှင်ပင် တူးရွင်းဆရာ၏ မိုးတလက်လက်ကို မြင်ရလေပြီ။ ဖြုန်းခနဲအားဖြင့်
ကိုထွန်းရွှေမှာ ခြေလှမ်းများ ရပ်တန့်၍သွားမိ၏။ မီးကလေး မှိတ်တုတ် မှိတ်တုတ်နှင့် ခပ်မည်းမည်းသဏ္ဌာန်တစ်ခုက ခေါင်းအဖုံးကို ကုန်း၍
ဖွင့်နေသည့်အခြင်းအရာမှာ အတော် ထိတ်လန့်သွားနိုင်စရာ ဖြစ်တော့သည်။ ကိုထွန်းရွှေကိုယ်တိုင်ကလည်း“အင်း ငါ့ကိုတော့ စမ်းပြီ"ဟု တစ်ကိုယ်တည်း ပြောလိုက်မိသေးသည်။ 

သို့သော် ဇရပ်တွင် လက်မှတ်ထိုးရန်အသွား သရဲနှင့်ပင် နပန်းလုံးခဲ့ပါသေးသည်ဟု လောင်းထားသူ ကိုကျော်မွှေးကို အပြန်တွင် ပြောပြလိုက်ချင်သေးသဖြင့် ထိုနေရာရောက်အောင်သွားရန် စိတ်ကူးလိုက်တော့သည်။ ဆံပင်မှာ မိုးရေကြောင့် မျက်နှာတွင် ခပ်အုပ်အုပ် ကျနေသော တူးရွင်းဆရာ၏ ရူပါရုံမှာ အင်္ကျီမည်းမည်း ရွှံ့အလူးလူး လုံချည်ခါးတောင်းကျိုက်ကြီးနှင့် ဧရာမသရဲကြီးရုပ်ပေါက်နေလေသည်။ သူသည် ကိုထွန်းရွှေ လာနေသောခြေသံကို ဂရုမစိုက်၊ ကြိုးစားပမ်းစားသာ ခေါင်းအဖုံးကို တူးရွင်းနှင့် ဆွနေလေ၏။

 တဖြည်းဖြည်း နီးလာသောအခါ ကိုထွန်းရွှေအဖို့ သံသယ ရှင်းသွားတော့သည်။သရဲထက်ဆိုးသော ရာဇဝတ်မှုကျူးလွန်သည့် တရားခံတစ်ဦးဖြစ်
ကြောင်း ရိပ်မိခဲ့ပြီ။ ထို့ကြောင့် သူ၏အပြုအမူကို ကိုထွန်းရွှေ ခဏကလေး ချောင်းကြည့်လိုက်သေးသည်။ ခေါင်းအဖုံးကို တူးရွင်းနှင့်ခွာ၍
ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိုသူသည် ဒူးထောက်၍ ထိုင်ကြည့်လိုက်သည်။ သူ့မျက်စိကို သူ အားမရသေးသဖြင့် မီးခွက်ကို မြှောက်ကာ
သေသေချာချာ ငုံကြည့်စဉ်တွင် ကိုထွန်းရွှေသည် ကျားအုပ်သကဲ့သို့ ထိုလူနောက်မှဝင်၍ အုပ်ဖမ်းလိုက်တော့သည်။ 

“အမယ်လေးဗျ”ဟု တရားခံက လန့်၍ အော်သံသည် ညဉ့်အချိန်မတော် တိတ်ဆိတ်နေသောအခါတွင် သုသာန်တစ်ခုလုံး ပုံတင်ရိုက်သွား တော့လေ၏။

“လာ လိုက်ခဲ့”

ဟု ဗန်တိုနည်းနှင့် ထိုလူ၏လက်ကို ကျောဘက်က
ကပ်၍လိမ်ရင်း ကိုထွန်းရွှေက ဆောင်၍ ခေါ်သောအခါ

. “နေပါဦးဗျာ၊ ခဏလေးနေပါဦး။ ကျွန်တော် အားရအောင်ကြည့်ပါရစေဦး”

ဟု နောက်ဆုံးတွင် ထိုသူက မချိတင်ကဲ တောင်းပန်လိုက်သေးသည်။

“ဘာ အားရအောင် ကြည့်ရမှာလဲ၊ မင်း အဝတ်အစားတွေ ချွတ်ယူမလို့ ငါသိတယ်”

ဟုပြောရင်း ခေါင်းထဲလှမ်းကြည့်မိလေရာ အသား
တွေ ညိုရောင်သမ်းနေပြီဖြစ်သောမိန်းကလေး၏အလောင်းမှာ ဖူးဖူးရောင်စ ဖြစ်နေလေပြီ။ မိုးရေပေါက်ကျ၍လော။ အပုပ်ရည် ထွက်၍တော့မသိ။ မျက်နှာတစ်ခုလုံးမှာ စိုရွှဲ၍ အရောင်တပြောင်ပြောင် ဖြစ်နေလေသည်။ နှာခေါင်းဝတို့တွင် သွေးနက်နှင့်တူသော အရည်များ စီးကျနေပုံမှာ ပသာဒ အတော်ဆိုးရွားနသောကြောင့် ကိုထွန်းရွှေမှာ နှလုံးနာစွာနှင့် မျက်နှာလွှဲလိုက်ရပြီးလျှင် ကြက်သီးမွေးညင်းများ အတော် ထလာတော့
လေ၏။

“မင်းတို့မို့ကွာ၊ ဒီအဝတ်အစားတွေကို မရွံမရှာ ထွီ”

“အဝတ်အစားယူရအောင် လာတာမဟုတ်ပါဘူး အစ်ကိုကြီးရယ်”

“ဒါဖြင့် ဘာလုပ်တာလဲ။ ပီယဆေးဖော်ဖို့ မတော်တရော်တွေ လာလုပ်တာလား။ လာ၊ လာ ဘာပဲဖြစ်ဖြစ် လိုက်ခဲ့။ ဒါ ရာဇဝတ်မှုကွ၊နားလည်လား”

ထိုအခိုက်တွင် တူးရွင်းဆရာ လန့်၍ အော်လိုက်သံကို ကြားရသော ကိုကျော်မွှေးနှင့် ဘသောင်းတို့က အလန့်တကြား လက်ဆွဲဓာတ်မီးကိုဆွဲ၍ လိုက်လာကြသဖြင့်

“ကဲ ကိုကျော်မွှေး ဟောဒီမှာ ကြည့်ပါဦး။ ဟေ့ ဘသောင်း ဟောဒီ တူးရွင်းနဲ့ မှန်အိမ်ကို ယူခဲ့” 

ကိုကျော်မွှေးမှာ သရဲအခြောက်ခံရသလို ခေါင်းကိုတစ်လှည့် တရားခံကို တစ်လှည့်တအံ့တသြ ကြည့်နေမိသည်။ ဘသောင်းမှာကား ဘယ်ကိုမှ မကြည့်ဝံ့သကဲ့သို့ တဆတ်ဆတ်တုန်နေတုန်းပင် ရှိသေး
သည်။ ကိုကျော်မွှေးက တရားခံ၏အနားသို့လာ၍ မျက်နှာကိုကြည့်ရင်း

“ဟေ့ကောင် မင်း ဘယ်ကလဲဟင်၊ ဒါ ဘာလုပ်တာလဲ အံ့သြပါ့ကွာ”

 “ဆရာတို့ရယ်၊ ဂါတ်ကျမှ မေးကြပါခင်ဗျား။ ဒီနားနေရတာ ကျွန်တော် ကျောချမ်းလွန်းလို့ပါ”

ဟု ဘသောင်းက ကြားဝင်၍ တောင်းပန်
နေရှာပါသည်။ တရားခံမှာကား ဘာစကားမှ ပြန်မပြောဘဲ တွေတွေကြီး ခေါင်းငိုက်စိုက်ကျနေတော့ ကိုထွန်းရွှေသည် ကိုကျော်မွှေး၏ လက်ဆွဲ
ဓာတ်မီးရောင်ကြောင့် တရားခံ၏မျက်နှာကို ပိုမိုထင်ရှားစွာ မြင်နိုင်သည့် အားလျော်စွာ အတန်ကြာ စူးစိုက်ကြည့်ပြီးမှ သတိရလာသဖြင့်

“ဟာ လက်စသတ်တော့ ဟေ့ကောင် မင်း ၃၂၃- နဲ့ ငါဖမ်းပြီး ထောင်ချလိုက်တဲ့ စံပျော်ဆိုတဲ့ အကောင် မဟုတ်လား”

ဟု နားရွက်ကိုဆွဲကာ မော့လိုက်၍ ထိုသူက တွေဝေထိုင်းမှိုင်းစွာ ကိုထွန်းရွှေ၏ မျက်နှာကို ဤတစ်ခါ ကြည့်လိုက်သည်။

“ငါ ကန်တော်မင်ဂါတ်မှာ နေတုန်းကလေ ရိုက်မှုနဲ့ အဖမ်းခံရတာ မင်းပဲမဟုတ်လား”

ဟု ကိုထွန်းရွှေက နားပူနားဆာထပ်၍ မေးလိုက်မှ
ခပ်အေးအေးပင် ခေါင်းညိတ်၍ ပြလိုက်တော့သည်။ 

. “အေး ထောင်က လွှတ်တာမှ မကြာသေးဘူး။ ထောင်ထဲ ထပ်သွားဦးပေါ့ ကွာ။ မင်းနဲ့ငါ ဒီကနေ့ည တွေ့မှတွေ့တတ်ပလေ”

ဟု ပြောပြောခေါ်ခေါ် ခေါ်သွားပြီးမှ သတိရ၍ .

“ ကိုကျော်မွှေး ဘယ့်နှယ်လဲ ကျုပ်တို့အလောင်းအစား”

“ဟာ သရေပွဲပေါ့ ဗျာ။ ခင်ဗျား မရေးရသေးဘူး မဟုတ်လား။ရေးလဲ ခင်ဗျား တစ်ယောက်တည်း လာရေးတာမှ မဟုတ်နိုင်တော့ဘဲ။ဒီမှာ ခင်ဗျားအဖော် တွေ့နေတာ”

“ဟဲ ဟဲ ဟဲ ရှိပါစေတော့ဗျာ။ ဒီကောင် လာရှုပ်တာ။ ကဲ လာ လာ မောင်မင်းကြီးသား”

                                * * * * *

ကိုကျော်မွှေးအိမ်သို့ ရောက်သောအခါ စိတ်မောလူမော ဖြစ်လိုက်ရသော ကိုထွန်းရွှေက ဝီစကီတစ်ခွက်ကို တောင်း၍ သောက်လိုက်သေးသည်။ 

“ကဲ ကိုကျော်မွှေး ဒီအမှုဟာ ခင်ဗျားနဲ့ပါ တိုက်ရိုက် သက်ဆိုင်နေပြီ။ သက်သေလိုက်ရအောင်သာ ပြင်ထားပေတော့၊ သုသာန်မြေပိုင်နက် ကျူးလွန်မှုမကဘူး။ ဂူဖျက်အလောင်းဖွင့်ဆိုတော့ ပုဒ်မ ၂၅၇ နဲ့ တွဲရမှာပဲ”

“ဒါတွေ ထားလိုက်ပါဦး။ ဒီကောင်ကို ကျုပ်မေးစမ်းပါရစေဗျာ၊ဘယ်လိုအကြံနဲ့ လာလုပ်ရတာလဲလို့ ဟေ့ကောင် အမှန်အတိုင်းပြောစမ်းကွာ” 

တရားခံမှာ တစ်ကိုယ်လုံးစိုရွှဲ၍ တခိုက်ခိုက်တုန်သည်။ အသားအရေများမှာ အအေးလွန်သောကြောင့် ပြာနှမ်းနှမ်းဖြစ်နေလေ၏။ သူ
သည် ကိုထွန်းရွှေ သောက်နေသောဝီစကီကို တောင့်တသောမျက်စိနှင့် မျှော်ကြည့်လိုက်သည်။ အချမ်းကလေးလုံသွားအောင် နည်းနည်းတော့
ငုံလိုက်ချင်သေးဟန်တူသည်။ အကင်းပါးသော စေတနာရှင် ကိုကျော်မွှေးက အလိုက်သိစွာ တစ်ခွက်ပေးရင်း 

“အခုမှ ချမ်းရမှန်း သိသလားကွ၊ ကဲ ရော့ ရော့ နည်းနည်းတော့ သောက်ပါစေဗျာ ကိုထွန်းရွှေနော်” 

တရားခံသည် ကိုကျော်မွှေး ကမ်းလိုက်သော ဝီစကီကို မဆိုင်းမတွ မော့ချလိုက်လေသည်။ အရက်ကလေး အနည်းငယ် ဝင်သွားသောအခါ
သူ့မျက်နှာမှာ သွေးရောင်ကလေးများ လျှမ်းလာတော့သည်။ ယခုမှနေသာထိုင်သာ ရှိသွားသကဲ့သို့ နေရာပြင်ထိုင်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ အသက်အရွယ်မှာ သုံးဆယ်ကျော်ခန့်ရုပ်ရည်မှာ လုပ်စားကိုင်စား အောက်တန်းခပ်ကျကျ၊ မလှ အရုပ်မဆိုး၊ ရိုးသားသော အမူအရာတွင် မခံချင်တတ်သော သတ္တိ၊ တစ်ဆုံးတစ်စ လုပ်လိုက်မည့် စိတ်ထားကား မျက်စိနှင့် နှုတ်ခမ်းက ဖော်ပြနေသည်။ သူ၏နှုတ်ခမ်းသည် ကြီးမားသလောက် စေ့စပ်၍ မျက်လုံး၏အရောင်မှာ ခပ်မှေးမှေးထင်ရ
သော်လည်း အတော်တောက်ပြောင်နေသည်။ သူ ကြည့်ရှုပုံမှာ ခပ်စွေစွေကလေး ကြည့်တတ်သောကြောင့် ဆင်ကြည့်ကြည့်သည်ဟု ဆိုရမည်လား မပြောတတ်ပေ။

“လုပ်စမ်းပါဦးကွ မင်းရာဇဝင်”

“ဟုတ်ကဲ့၊ ကျွန်တော် ပြောပါ့မယ်” 

“ကျွန်တော့ နာမည်က စံပျော်။ ဇာတိက နွားထိုးကြီး၊ စစ်ကြီးပြီးလို့ တိုင်းပြည်သာယာတယ် ဆိုကတည်းက အညာကဆင်းပြီး ကျွန်တော်
တို့ အဖော်တွေနဲ့ ရန်ကုန် လာကြပါတယ်။ ရန်ကုန်အနောက်ပိုင်းဘုန်းကြီး လမ်းမှာ ကျွန်တော်တို့မြို့က ကိုဘိုးထိုက်ဆိုတဲ့လူက မုန့်ဟင်းခါးနဲ့
ကြီးပွားနေတာမို့ သူ့ထံမှာပဲ ကပ်နေကြရပါတယ်။ သူက မုန့်ဟင်းခါးဖို ထောင်ပြီး မုန့်တီကို ဖောက်သည်ပေးပါတယ်။မုန့်ကို သူ့ဆီက ဝယ်၊ ဟင်းကို ကိုယ်ကြိုက်သလို ကိုယ်ချက်ပြီး
နေ့တိုင်း အထမ်းနဲ့ လျှောက်ရောင်းရပါတယ်။ မုန့်တစ်နေ့ တစ်နေ့ကို ခွက်တစ်ဆယ်လောက် ကုန်တာမို့ အသားတင်အမြတ် ရှစ်ကျပ်တစ်ဆယ်
လောက် နေ့တွက်စီပါတယ်။ မနက်ခုနစ်နာရီလောက်က ထွက်ရောင်း၊ နေ့လယ် ဆယ်နာရီလောက်မှ မကုန်ရင် စာသင်ကျောင်းတွေအနားသာ သွားရောင်း ကုန်တာချည်းပါပဲ။ အဲသည်လို ကုန်တော့မှ အိမ်ပြန် ထမင်းစား အမောအပန်းဖြေ ဖြေပြီးတော့ နောက်တစ်နေ့မနက်ရောင်းဖို့ ဟင်းချက်စရာ ဈေးကို
သွားဝယ်။ ငါးခူဖြစ်ဖြစ် ငါးကျည်းဖြစ်ဖြစ် ရရာကို ရေကလေးနဲ့ပြုတ်၊အရိုးနဲ့ အသားတခြားစီ ထုတ်၊ နောက်တစ်ခါ အရိုးတွေ စုပြီးထောင်း ရေနဲ့ရော၊ အရိုးတွေစစ်၊ ငှက်ပျောအူကို အကွင်းလိုက်လှီးထား၊ တစ်ခါကုလားပဲခြမ်းကို ပြုတ်၊ ထောင်း”

စံပျော်၏စကားမဆုံးမီ ရာဇဝတ်အုပ် ကိုထွန်းရွှေက

“ဟေ့ကောင်၊ မင်းမုန့်ဟင်းခါးချက်နည်းတွေ မလိုချင်ဘူး။ ဒီ အမှုနဲ့ ဆိုင်တာသာ ပြော။ ဘာလဲ မင်းမူးနေပြီလား”

ဟု ငေါက်လိုက်သဖြင့်

“မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော် တစ်နေကုန် မအားရတဲ့အကြောင်း ပြောတာပါ”

“အောင်မာ မင်းကိုပဲ သနားရဦးမှာလား။ မင်းဘာပြုလို့ အလောင်းကို လာနှောင့်ယှက်ရတာလဲ။ ဒါပဲ သိချင်တယ်” 

“ပြောပါစေ ကိုထွန်းရွှေရာ၊ ပြောပါစေ။ သူ့အတ္ထုပ္ပတ္တိကို ခရေစေ့တွင်းကျ ပြောပြနေတာနဲ့ တူပါတယ်။ ကဲ ဆက်ပြောပါကွာ”

ဟု ကိုကျော်မွှေးက တိုက်တွန်းမှ စံပျော်ကဆက်၍ '

( ဇာတ်သိမ်းဆက်ရန် )⬇️⬇️⬇️


ကျွန်း ( ဇာတ်သိမ်း )

#ကျွန်း

( ဇာတ်သိမ်း )

#ဖေမြင့်

ထိုနေ့မှ ရေတွက်၍ ရက်သတ္တနှစ်ပတ်ခန့်အကြာ တစ်ခုသော နေ့တွင်ကား သေရမှာ ကြောက်သည်ဆိုသော သံလုံးတစ်ယောက် တကယ်ပင် သေမလို ဖြစ်ခဲ့ရလေသည်။

ထိုနေ့ နေ့လည်ဘက် သာသာယာယာ ခြောက်ခြောက်သွေ့သွေ့ ရှိသည်နှင့် သူတို့နှစ်ယောက် လက်နက်အဖြစ် ဓားမနှင့် လေးခွ ကိုင်ဆောင်ကာ တောဘက် ထွက်လာခဲ့ကြသည်။ တောင်ပေါ်တက်စကလေးတွင် ကိုသိန်းမျက်စိက ရှေ့နားရှိ သစ်ပင်တစ်ပင်ပေါ်မှာ သတ္တဝါတစ်ကောင် မြင်လိုက်ရသည်။ သင်းခွေချပ်။

“ဟေး သံလုံးရေ၊ ဟိုဟာ ဘာကောင်လဲ၊ သင်းခွေချပ် မဟုတ်လား”

“ဘယ်မလဲဗျ” 

သံလုံး သူ့နား ပြေးလာသည်။

“ဟိုမှာ ဟို သစ်ကိုင်းခွဆုံမှာ” 

ကိုသိန်း လက်ညှိုးထိုးပြသည်။

“မှန်တာပေါ့ဗျာ၊ သင်းခွေချပ်အစစ်ပေါ့”

သင်းခွေချပ်က အပေါ် တက်ပြေးမလို အောက်ဘက် ဆင်းလာမလို လုပ်နေသည်။ ကိုသိန်းနှင့် သံလုံး
သစ်ပင်ခြေရင်းမှာ ဟိုဘက် သည်ဘက် ညှပ်၍ ဓားမကိုယ်စီနှင့် စောင့်ကြသည်။ သင်းခွေချပ် အပေါ်တက်မလို အောက်ဆင်းလာမလို လုပ်ပြီး ခွဆုံမှ ဘေးဘက် ခွဲထွက်သွားသော သစ်ကိုင်းတစ်ကိုင်းပေါ် လျှောက်သွားကာ အဖျားပိုင်းမှာ ငြိမ်နေသည်။ သံလုံး လေးခွနှင့် လေးငါးဆယ်ချက် ပစ်သည်။ မထိ။ တစ်ခြားစီ။

"ကိုသိန်း ခင်ဗျား အဲဒီနားက စောင့်”

သံလုံးက သင်းခွေချပ် ရှိနေသည့် သစ်ကိုင်းဖျား အောက်ဘက်ဆီသို့ ညွန်ပြသည်။

"အောက်တည့်တည့်က မနေနဲ့၊ နောက်ဘက် နည်းနည်း ဆုတ်နေ၊ ကျွန်တော် အပင်ပေါ်တက်ပြီး အဲဒီအကိုင်း ခုတ်ချမယ်၊ ဒီကောင် အောက်ဘက် ကျလာရင် ဘယ်မှ မပြေးဘဲ ခွေချင် ခွေနေမယ်၊ အဲဒါဆို ကောက်ဖမ်းပြီး ပုဆိုးထဲ ထည့်ထုပ်ယူရုံပဲ၊ ထွက်ပြေးရင်တော့ ဓားနဲ့ မိမိရရ လိုက်ခုတ်ပေတော့၊ သင်းခွေချပ်သား သိပ်စားလို့ကောင်းတာ” 

ဟု ပြောပြီး ပုဆိုးခါးတောင်းကျိုက်၊ ခါးကြားမှာ ဓားမထိုးကာ သံလုံး အပင်ပေါ် ချိတ်တက်သည်။ ခွဆုံအထိ ဆယ်ပေကျော်လောက် ရှိမည်။ ပင်စည်ဖြောင့်ဖြောင့်ကြီးကို အုန်းပင်တက်သလို
တက်သွားပြီး ခွဆုံမှ သေသေချာချာ ရပ်ကာ သင်းခွေချပ်အကိုင်းကို ဓားနှင့် ခုတ်ချသည်။ ဆယ့်လေးငါးချက် ခုတ်ပြီးနောက် သစ်ကိုင်းက သူ့အလေးနှင့် သူ ပိကာ ဗြိဗြိဗြိနှင့် အောက်သို့ နိမ့်ပြီး ကျိုးတော့မလို ဖြစ်လာသည်။

သံလုံး ခပ်သွက်သွက် နှစ်ချက် ဆက်ခုတ်ပြီး သစ်ကိုင်း ဖြည်းဖြည်းချင်း အိကျလာသည်ကို ကြည့်နေဆဲ သင်းခွေချပ် အောက်ဘက်သို့ ခုန်ချသွားသည်။

“ဟော ဟော ဆင်းသွားပြီ ဆင်းသွားပြီ” 

ဟု အောက်ဘက်က ကိုသိန်းဆီ လှမ်းအအော်၊ ဘယ်လို ဟန်ချက်ပျက်သွားသည်မသိ၊ သံလုံး အောက်သို့ ကျွမ်းပစ်ပြီး ကျသွားသည်။ အောက်ဘက်မှာ ပြောင်ပြောင်ရှင်းရှင်း၊ငြိနေ တင်နေစရာလည်း တစ်ခုမှ မရှိ၊ မြေကြီးအထိ အသားလွတ် ကျသွားခြင်းဖြစ်သည်။ သို့သော် ကံအားလျော်စွာ ဓားတခြား လူတခြား ဖြစ်သွားသည်။ ပြီး လေထဲမှာ တစ်ပတ်လည်ကာ မတ်တတ်တည့်တည့်လိုပင် ကျလေသည်။ သို့သော် ခြေနှစ်ဖက် စုံမကျ။ ဘယ်ခြေနှင့် အရင် ထောက်မိပြီး လုံးဝ ပုံလျက်သား လဲသွားသည်။

ကိုသိန်း သံလုံးဆီ ပြေးလာသည်။ 

“သံလုံး၊ ဟေး သံလုံး၊ မင်း ဘယ့်နှယ်နေလဲ”

သံလုံး ကိုသိန်းကို မှီတွဲကာ ထဖို့ ကြိုးစားသည်။ “အောင်မယ်လေး” ဆိုပြီး ပြန်ငြိမ်သွားသည်။

“နေဦး၊ နေဦး၊ အရမ်း မထနဲ့၊ ခြေတွေ လက်တွေ ဘာဖြစ်သွားသေးလဲ၊ ကံကြီးပေလို့ကွာ၊ မသေကောင်း မပျောက်ကောင်း၊ ခြေထောက်နဲ့ ကျပေလို့”

ကိုသိန်း တတွတ်တွတ် ပြောနေသည်။ သံလုံး ခြေထောက်နှစ်ဖက် လျှောက်စမ်းကြည့်သည်။
ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်နေရာ၌ လုံးဝ အထိမခံနိုင်။ လုံးဝ မလှုပ်နိုင်၊ အရိုးကျိုးသွားသည့် ပုံမျိုး။

သံလုံး လဲကျသည့် အနေအထားအတိုင်းပင် မလှုပ်မရှားဘဲ ငြိမ်နေသည်။ ကိုသိန်း သူ့ဘေးနားတွင် ငုတ်တုတ်။အတော်ကြာတော့ ကိုသိန်းက

“ကဲ ဒီအတိုင်းချည်းနေလို့ မဖြစ်သေးဘူး၊ တဲရောက်အောင်တော့ ပြန်မှ ဖြစ်မယ်၊ ငါ့ကိုတွဲပြီး ထကြည့်ပါဦး”

သံလုံး တကျွတ်ကျွတ် စုတ်သပ်ညည်းညူကာ ကိုသိန်းကို တွဲ၍ ထသည်။ ဘယ်ခြေထောက်က လုံးဝ
မထောက်နိုင်။ ခြေမျက်စိတစ်ဝိုက်မှာ သိသိသာသာ ရောင်ရမ်း၍လာသည်။ သံလုံး ဘယ်ဘက်လက်က
ကိုသိန်းကို ချိုင်းထောက်သဖွယ် ချိတ်တွယ်ကာ ညာခြေတစ်ဖက်နှင့် ထောက်ပြီး စမ်းလျှောက်ကြည့်သည်။အမှတ်တမဲ့ ဘယ်ခြေနှင့် ထိမိလျှင် မခံမရပ်နိုင်လောက် နာသည်။တစ်လမ်းလုံး တညည်းညည်းတညူညူ ဟိုမှာနား သည်မှာနားနှင့်ပင် တဲအထိ ရောက်လာကြသည်။

“ကျွန်တော်တော့ ဒီခြေအကျိုးကြီး ဆေးမကုရ ဘာမကုရနဲ့ ဒုက္ခရောက်တော့မယ် ထင်တယ်ဗျာ”

 သံလုံး မျက်နှာငယ်ငယ်နှင့် ဆိုသည်။

“ဘာမှ မဖြစ်ပါဘူးကွ၊ မင်းကလဲ၊ သစ်ပင်ပေါ်က လိမ့်ကျတုန်းက မသေတာ ကံကောင်းတယ်၊
ခြေကျိုးတာလောက်နဲ့တော့ ဘာမှ မဖြစ်ဘူး၊ မင်းခြေထောက် ကောင်းသွားအောင် ငါ လုပ်ပေးမယ်၊ ငါက ဇာတ်အဖွဲ့နဲ့ အရပ်တကာ လျှောက်သွားခဲ့တဲ့အကောင်ဆိုတော့ ခြေကျိုးတာ လက်ကျိုးတာ တွေ့ဖူးပေါင်းများပြီ၊ အရေးကြီးတာက မင်း ခြေထောက်ကျိုးတဲ့နေရာက မလှုပ်အောင် ကျပ်စည်းပေးထားရုံပဲ၊ ကြာတဲ့အခါ တဖြည်းဖြည်း သူ့အလိုလို ပြန်ဆက်သွားမယ်။ ငါ လုပ်ပြပါ့မယ်”

ပါးစပ်က ပြောသည့်အခါ လွယ်သော်လည်း တကယ်တမ်းကျတော့ ခြေမျက်စိနေရာ ကျပ်စည်းရသည်မှာမလွယ်။ ဝါးခြမ်းစကလေးတွေ ကြိုးနှင့်သီကာ ယင်းလိပ်ကလေးလို လုပ်ပြီး ပတ်စည်းကြည့်သည်။ နေရာမကျ။

ဖော့ပြားကို ခြေထောက်ပုံ ကွေးကွေး လှီးဖြတ်ယူ၊ နည်းနည်းပါသွားအောင် လှီးပြီး ခြေထောက်ကို ညှပ်၍ စည်းကြည့်သည်။ နေရာမကျသေး။ နောက်တော့ ဖော့ပြားပါးပါးတွေနှင့် ဝါးခြမ်းယင်းလိပ် တွဲစပ်သုံးသောနည်းတစ်ခုက နေရာကျသလို ရှိသွားသည်။ ဒါမှမဟုတ် တစ်မျိုးပြီး တစ်မျိုး စမ်းကြည့်တိုင်း နာရလွန်းသဖြင့် သံလုံးက “အခုအတိုင်း ကောင်းပါပြီ” ဟု ထောက်ခံလိုက်ခြင်းလည်းဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သံလုံး ခြေထောက်အတွက် ဆေးဝါး ကုသမှု တစ်ခုတော့ ခံယူလိုက်ရပြီပဲ ဖြစ်သည်။

နောက်တစ်နေ့မှ စ၍ ကျွန်းပေါ်မှ လူမှုဆက်ဆံရေး ပုံသဏ္ဍန်သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ အပြန်အလှန် အဖော်သဟဲပြုကာ တန်းတူရည်တူ ရပ်တည်နေသည့် အဆင့်မှ တစ်ဦးက တာဝန်အားလုံးကို ပခုံးထက် ထမ်းရွက်ထားရသူ၊ ကျန်တစ်ဦးက လုံးလုံးလျားလျား မှီခိုနေရသူဟူ၍ ကွဲပြားခြားနားသွားခဲ့သည်။

ပထမ သုံးလေးငါးရက်တွင် ကိုသိန်းက သံလုံးအား ကွပ်ပျစ်ပေါ်မှာပဲ ငြိမ်ငြိမ်နေစေပြီး သူက ထင်းခွေရေခပ်၊ငါးများ၊ ဟင်းသီးဟင်းရွက်ခူး၊ ထမင်းဟင်းချက် စသည့် သက်ရှင်ရပ်တည်မှုလုပ်ငန်းအားလုံးကို တစ်ဦးတည်း ဒိုင်ခံလုပ်သည်။ ကျွန်းပတ်၍ ရှာဖွေစုဆောင်းရခြင်းတည်းဟူသော စီးပွားရေးလုပ်ငန်းကိုလည်း နေ့စဉ်မပျက်
ထမ်းရွက်သည်။ သံလုံးက အားနာစကားဆိုလျှင် "ဒီလိုပေါ့ကွာ၊ သူငယ်ချင်းရာ၊ မင်းဖြစ်တော့ ငါက ပြုစုရတယ်၊ငါဖြစ်ရင်လည်း မင်းပြုစုရမှာပေါ့၊ ရပါတယ်ကွာ” ဟု ဆိုတတ်သည်။ 

သို့သော် တဖြည်းဖြည်း တစ်ပတ်က
နှစ်ပတ်ဆိုသလို ရက်ကြာလာသည့်အခါတွင်တော့ ကိုသိန်း ညည်းညူစ ပြုလာသည်။ စကားပြောပုံဆိုပုံ သံလုံးအပေါ် ဆက်ဆံပုံတွေက မာမာပြတ်ပြတ် ဖြစ်လာသည်။ အပေါ်စီး ဆန်ချင်လာသည်။
သံလုံး မခံချင်။ ဒေါသထွက်ချင်သည်။ သို့သော် သူ့အပေါ်မှာပဲ လုံးလုံးလျားလျား အားကိုးနေရသလို
ဖြစ်နေတော့ မကျေနပ်ကြောင်း မပြောရဲ။ သူနှင့် ပဋိပက္ခ မဖြစ်နိုင်သေး။ မိမိက ဒုက္ခိတ။ သို့သော်
သည်အနေမှာ ကြာရှည်မနေချင်။ သံလုံး ကြိုးစားပြီး လှုပ်ရှားကြည့်သည်။ တဲထဲ ဖင်ရွှေ့ဖင်ရွှေ့ သွားကာ ချက်သည့်ပြုတ်သည့်ကိစ္စများ ဝင်လုပ်သည်။ ကျပ်စည်းထားသည့်အထဲ သဲမဝင်အောင် ဂုန်နီခြေအိတ်ရှည်ကြီးတစ်ခု လုပ်ပြီး ခြေထောက်၌ စွပ်ကာ ကြိုးနှင့် စည်းထားသည်။ ထိုနောက် ပျဉ်တိုပျဉ်စများ အသုံးပြုကာ အကြမ်းစား ချိုင်းထောက်တစ်ခု ပြုလုပ်ပြီး နည်းနည်းစီ စမ်းသွားကြည့်သည်။

တစ်နေ့ ကိုသိန်း ကျွန်းမြောက်ပိုင်း ပစ္စည်းရှာ ထွက်နေတုန်း သံလုံး ကမ်းခြေဆီသို့ ချိုင်းထောက်အားကိုးနှင့်ဆင်းသွားသည်။ ခါတိုင်း ငါးမျှားနေကျ ကျောက်ဆောင်သို့ရောက်အောင် ကျောက်ဆောင်ကြို ကျောက်ဆောင်ကြား ခဲခဲယဉ်းယဉ်း သွားပြီး ငါးထိုင်မျှားးသည်။ ငါးက တော်တော်နှင့် မရသဖြင့် နေပူမှာ အတော်ကြီးကြာအောင် ထိုင်မျှားးရသည်။ ခြေထောက် ရေစိုမည်စိုးသဖြင့် ခါတိုင်းလိုလည်း ရေထဲ ဆင်းလိုက်စိမ်လိုက် လုပ်မနေနိုင်။ ငါးမျှားရင်း ခေါင်းတအား ကိုက်လာသည်။ ကိုယ်က ဖိန်းဖိန်းရှိန်းရှိန်း ဖြစ်လာသည်။ ဖျားများ ဖျားမလားမသိ။ သံလုံး ငါးများကိုင်းတံနှင့် ငါးလေးကောင် ဆွဲကာကျောက်ဆောင်တွေကြား ဆင်းလိုက်တက်လိုက် ပင်ပန်းကြီးစွာ ပြန်ခဲ့သည်။

တဲထဲသို့ ပြန်ရောက်သည့်အခါ၌ ခြေထောက်ကလည်း အတော်နာနေသည်။ လူတစ်ကိုယ်လုံးလည်း လုံးဝ အားမရှိတော့သလို ခံစားရသည်။ အသားတွေ စမ်းကြည့်တော့ နွေးနေသလိုလို။ ခြေထောက်ကျိုးနေရတဲ့အထဲ ဖျားရင်တော့ အခက်ပဲ၊ သံလုံး တွေးပူသည်။ ဟိုလူကလည်း သူချည်း လုပ်နေရတယ်လို့ ငြိုငြင်ချင်သည်။အပေါ်စီးက ပြောချင် ဆိုချင်သည်။ တကယ်ဆို ကိုယ်က အဓိကပဲ။ ကိုယ့်ကို အကြောင်းပြုပြီး သူက သည်ကျွန်းမှာ အဖော်လိုက်နေဖြစ်သူ။ အခုတော့ သူက ဆရာလိုလို၊ ခေါင်းဆောင်လိုလို။ ဒီကိစ္စ ရှင်းတော့ရှင်းရမည်။ ရွာပြန်ရဖို့လည်း နီးလာပြီ။သံလုံး အရက်ပုလင်းကို သတိရသည်။ အရက်နည်းနည်း သောက်လိုက်ရလျှင် နေသာထိုင်သာ ရှိမည်ဟု သူထင်သည်။ ခြေထောက်နာတာ သက်သာအောင် အရက်နည်းနည်းသောက်မယ် ပြောတုန်းက “ခြေနာတာ
အရက်သောက်လို့ ဘယ်ပျောက်မလဲကွ၊ ဖျားချင် နာချင်သလို ဖြစ်တဲ့အခါ သောက်ဖို့ ထားစမ်းပါ” ဆိုသဖြင့် စိတ်ထဲက မကျေနပ်သော်လည်း သည်းခံပြီး နေလိုက်ရသည်။ ယခုတော့ တကယ်လည်း ဖျားချင်နာချင်သလို ဖြစ်နေပြီ။ သူကျေနပ်ချင် ကျေနပ်၊ မကျေနပ်ချင်နေ၊ သူ့သဘော စောင့်မေးမနေတော့။ ပုလင်းကလည်း ကိုယ်စ တွေ့သည့်ပုလင်းပဲ၊ အောက်ကျခံပြီး ဘာလို့ ခွင့်တောင်းနေမလဲ။ သံလုံး ထင်ရူးပုံးထဲက ပုလင်းကို ယူကာ အကြမ်းပန်းကန်နှင့် ငဲ့၍ သောက်လေသည်။ဒုတိယမြောက်ခွက် သောက်အပြီး ပုလင်း လှမ်းကိုင်လိုက်စဉ် ကိုသိန်း တဲထဲ ဝင်လာသည်။

“ဟေ့ကောင်၊ မင်း ဘာလုပ်တာလဲ" 

သံလုံးကို မေးသည်။ ဟောက်သလို အသံမျိုး။

"ဒီလိုပဲ အရမ်းကာရော သောက်ပစ်လို့ ဖြစ်မလားကွ”

"အရမ်းကာရော မသောက်ပါဘူး၊ နှစ်ခွက်ပဲ သောက်သေးတယ်၊ ခင်ဗျားပဲ ဖျားရင်နာရင် သောက်ဖို့ ထားတယ်ဆို၊ အခု ဖျားချင်နေလို့ သောက်တာ၊ အဲဒါ ကျွန်တော် လွန်သလား”

“အဓိပ္ပာယ်မရှိတာကွာ၊ ငါကတော့ နေပူမရှောင် မိုးရွာမရှောင် လုပ်စရာ ရှိသမျှ အကုန်လုံး ကုန်းရုန်းပြီး လုပ်ရတယ် ၊ မင်းက တဲထဲမှာ ဇိမ်နဲ့ ထိုင်ပြီး ဖျားချင်လို့ဆိုပြီး အရက်သောက်တယ်၊ ဒီမှာ သံလုံး၊ မင်းအကြောင်း မသိရင် ခက်မယ်၊ အလကား အရက် သောက်ချင်လို့ ရမယ်ရှာတာ၊ တကယ်ဆို သောက်ချင်ရင်လည်း ငါပြောပေါ့ကွ၊ အခုတော့ မင်းက”

“ကျုပ် တကယ် နေမကောင်းလို့ သောက်တာဗျ၊ ခင်ဗျား စားဖို့ ငါးသွားများတာ နေပူမိပြီး ဖျားချင်သလို ဖြစ်လာလို့ သောက်တာ၊ အလကား ရမယ်ရှာတာ မဟုတ်ဘူး၊ ကျုပ် ခြေထောက်နာလို့ အလုပ် မလုပ်နိုင်တာကို ခင်ဗျားက မကျေနပ် ဖြစ်နေတယ် မဟုတ်လား၊ အလကား အချောင်ခိုနေတယ်လို့ ပြောချင်နေတယ် မဟုတ်လား”

 သံလုံး မကျေနပ်ချက်တွေ ပွင့်ထွက်လာသည်။

“ကျုပ်က မပြောချင်လို့ ကြည့်နေတာ၊ အရက်သောက်ချင်တာကို ခင်ဗျားဆီ ခွင့်တောင်းနေရအောင် ခင်ဗျားကဘာလဲ၊ ဆရာကြီးလား၊ ခင်ဗျား လာတုန်းက ကျုပ်ကို ဆက်ဆံတာ ဒီပုံ မဟုတ်ဘူး၊ ပြီးတော့ ဒီပုလင်းက ကျုပ်တွေ့လာတာဗျ၊ ကျုပ် သောက်ခွင့် ရှိတယ်”

“ဪသော် ဒီလိုကြေးလား၊ ရပါတယ်၊ ကောင်းပါပြီ၊ သောက်ပါ၊ မင်း နေကောင်းအောင် သောက်၊ ငါလည်း နည်းနည်း ဖျားချင်တယ်၊ ငါလည်း သောက်မယ်” 

ဆိုပြီး ကိုသိန်း ပုလင်း လှမ်းယူကာ အကြမ်းပန်းကန်နှင့် ပြည့်လုနီးပါး ထည့်ပြီး တဲအပြင်ဘက် ထွက်သွားသည်။သံလုံးက ပုလင်းထဲက လက်ကျန်ကို အကုန်မော့ချပစ်လိုက်သည်။ 

ထိုနေ့ တစ်နေ့လုံး တစ်ယောက်နှင့်တစ်ယောက် စကား တစ်ခွန်းမှ မပြောတော့။ ထမင်းလည်း ဘယ်သူမှ မချက်။ မစား။ ရင်ထဲမှာအမုန်းတရားတွေ ပွားများကာသာ အိပ်ရာ ဝင်ခဲ့ကြသည်။

နောက်နေ့ နေ့လည်၌ သံလုံး အကြီးအကျယ် ဖျားသည်။ ချမ်းတုန်၍ ဖျားသည်။ ကိုယ်ပူကြီး၍
ကယောင်ကတမ်းတွေ ပြောသည်။ ကိုသိန်း ပထမတော့ သူ့ ကွပ်ပျစ်မှာပင် ထိုင်ကြည့်နေသည်။
အတန်ကြာတော့ ထင်းရူးပုံးထဲမှာ ဆေးပုလင်း လိုက်ရှာသည်။ အဖျားဖြတ်ဆေး ဆယ်လုံး ဟိုလူတွေ ပေးထားခဲ့သည်။ ဆေးနှစ်လုံး ယူကာ ရေတစ်ခွက် ခပ်ပြီး သံလုံးကို တိုက်သည်။ ထိုနောက်
တဲပြင်ဘက်ထွက်ပြီး ထိုင်နေလိုက်သည်။ ညနေပိုင်းမှာ သံလုံး အဖျား သက်သာသည်။ သို့သော် ရှင်းရှင်းကား မပျောက်။ သံလုံးမှာ ငှက်ဖျားအခံ ရှိသည်ဟု ဆိုသည်။ ခုနှစ်ရက်လောက် တက်လိုက်ကျလိုက် ဖျားနေသည်။

ဆေးဆယ်လုံးလည်း ကုန်သွားသည်။ ဖျားသည့်နေ့ရက်များအတွင်း ကိုသိန်း သံလုံးကို တာဝန်ကျေပွန်အောင် ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ ဒီရက်အတွင်း သူ့ခေါင်းထဲမှာ ကြီးစိုးနေသည့်အတွေးက “သံလုံး သေခဲ့လျှင်”။သံလုံး သေမည့်အကြောင်း စဉ်းစားမိသော အကြိမ်ပေါင်းများလှပြီ။ ကျေနပ်လောက်ဖွယ် အနေအထားမျိုး စဉ်းစား၍ မရ။ သံလုံးလည်း သေ၊ သူလည်း အဆင်ပြေမယ့် အနေအထားမျိုး စိတ်ကူးထဲ မပေါ်။

ယခုနေခါ သံလုံး သေသွားပြီဆိုပါစို့။ မိမိ ပယောဂကြောင့် ဖြစ်စေ၊ သူ့ အလိုအလျောက် ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် သံလုံး သေသွားခဲ့လျှင် သံလုံး ဆွေမျိုးတွေ သူတို့ ရွာသူ ရွာသားတွေက သံလုံးကို မိမိ သတ်သည်ဟု သင်္ကာမကင်း ဖြစ်ကြမှာ သေချာသည်။ မိမိက သည်အရပ်မှာ လူစိမ်း။ တကယ် အရေးကြုံလျှင် မိမိဘက်က ရပ်မည့်သူ မရှိ။ မိမိကို သံလုံး သတ်မှုနှင့် တရားမစွဲကြတောင် အနည်းဆုံး ပစ္စည်းတစ်ဝက်တော့ သံလုံး သားမယားနှင့် ဆိုင်သည်ဟု သူတို့က အင်အားသုံးပြီး အတင်း ဝေစုခွဲကြမှာ သေချာသည်။ အကယ်၍
သံလုံး မသေဘဲ မိမိသာ သေမည်ဆိုလျှင် သံလုံးမှာ မိမိကဲ့သို့ အခက်အခဲမျိုး ကြုံမည်မဟုတ်။

 အခြေအနေက သံလုံးဘက်က တစ်ပန်းသာလျက် ရှိသည်။ သည်အနေအထားကို သံလုံးလည်း စဉ်းစားမိနိုင်သည်။ သတိထားရမည်။
သို့သော် သံလုံး လူသတ်လောက်အောင်အထိ မိုက်ပါ့မလား၊ သတ္တိရှိပါ့မလား။ သည်လောက်အထိ
လုပ်မည့်ပုံတော့ မဟုတ်။ သို့သော် ငွေကြေးနှင့် ပတ်သက်လာလျှင် လူဆိုတာ မပြောနိုင်။ အမျိုးမျိုး
ပြောင်းလဲသွားနိုင်သည်။ သည်အတိုင်းဆိုလျှင် မိုးကုန်ခါနီးလေ ပစ္စည်းတွေ များလေလေ မိမိအတွက် အန္တရာယ်ရှိလေ ဖြစ်မည်။ ကိုသိန်း တွေးပြီး စိုးရိမ် ကြောင့်ကြ ဖြစ်လာသည်။ သို့သော် လက်ငင်းအခြေအနေမှာတော့ အရေးမကြီးသေး။ သံလုံးသည် ခြေကျိုးနေသည့် ဒုက္ခိတ၊ မိမိကို မှီခိုနေရသူ။ ယခု ဖျား၍ နေပြန်သေးသည်။

ယခု အချိန်မှာ သံလုံးသည် မိမိကို အသက်သခင်ကျေးဇူးရှင်ပမာ အားထားရိုသေနေဖို့ပဲ ရှိသည်။
သည်အတောအတွင်း မိမိကတော့ သူ့ကိုလည်း မသေအောင် ပြုစု။ အရင်တုန်းက နှစ်ယောက်လုပ်ခဲ့သည့် ကိစ္စတွေကိုလည်း တစ်ယောက်တည်း ကုန်းရုန်းလုပ်။ တစ်ဘက်သတ် အနာခံရမည့် အနေအထား။

နောက်ထပ် ရက်သတ္တ တစ်ပတ်ခန့် ကြာသည့်အခါ သံလုံး၏ အဖျားက သက်တမ်း ကုန်သွား၍လား မသိ၊ဆေးဝါး မမှီဝဲရဘဲ သူ့အလိုအလျောက် ပျောက်၍သွားသည်။ ထို့ပြင် ဖျားနာနေစဉ်ကာလအတွင်း ငြိမ်ငြိမ်နေရ၍ ဖြစ်မည်ထင်သည်။ ခြေထောက်ကလည်း အတော်ပင် သက်သာလာခဲ့သည်။ သူ့ချည်း ထောက်လျှင် နာနေသေးသော်လည်း ချိုင်းထောက်ကလေးနှင့် မှေးထောက်၍ အတော်ဟန်ကျပြီဖြစ်သည်။ သို့သော်
အဖျားဒဏ် ခံရပြီးကာစ အားပြတ်သလိုဖြစ်နေသဖြင့် များများ မလျှောက်ရဲသေး။

မိမိ အပြင်းဖျားစဉ်အတွင်း ကိုသိန်း ပြုစုခဲ့သည့်အတွက် သံလုံး ကျေးဇူးတင်သလို ဖြစ်မိသည်။ သို့သော် ရာနှုန်းပြည့် လှိုက်လှိုက်လှဲလှဲကား မဟုတ်။ သူ့စိတ်ထဲမှာ ကိုသိန်း သူ့အား ဆက်ဆံပုံ ပြုစုပုံသည် ဝတ်ကျေ၀န်ကုန်နိုင်လှသည်ဟု သိနေသည်။ ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ ပြောဆိုနေသော်လည်း အသက်မပါလှသည်ကို သူ သတိပြုမိသည်။ပြီး သူ့စိတ်ထဲမှာ စနောင့်စနင်းဖြစ်နေသော အရာတစ်ခု ရှိသည်။ သူ နေမကောင်းဖြစ်နေသည့် ရက်များအတွင်း ဘာအဖိုးတန်ပစ္စည်းတစ်ခုမှ ကိုသိန်း ရလာတာ မတွေ့ရ။ တိုလီမိုလီ အစုတ်အပြတ်ကလေးတွေသာ တစ်ခုတစ်စ ပါလာတတ်သည်။ ပြီး တစ်နေ့ကလည်း ကိုသိန်း အချိန်အတော်ကြီး ကြာအောင် သွားနေပြီး စွတ်စွတ်စိုစို ပင်ပင်ပန်းပန်း ပုံသဏ္ဍာန်မျိုးနှင့် ပြန်ရောက်လာသည်။ လက်မှာလည်း ဘာမှ မပါ။ သူ့ကို မေးကြည့်သောအခါ အလကားပါကွာ၊ ငါ ပျင်းတာနဲ့ ရေဆင်းကူးပြီး ဗောင်း (ခရုကြီးတစ်မျိုး) ငုတ်ကြည့်တာ၊
နှစ်လုံးပဲ ရတယ်” ဆိုပြီး ခါးပိုက်ထဲက ဗောင်းနှစ်လုံး ထုတ်ပြသည်။ သံလုံး စိတ်ထဲမှာ သိပ်မသင်္ကာချင်။
ကိုသိန်း ဘာတွေ လုပ်နေသလဲ အကဲခတ်ရမည်။ သူ့နောက် လိုက်ကြည့်ရမည်။

ကိုသိန်း မရှိသည့်အချိန်များတွင် သံလုံး တဲနားတစ်ဝိုက်မှာ ချိုင်းထောက်နှင့် လမ်းလျှောက်ကျင့်သည်။ကိုသိန်းရှေ့မှာဆိုလျှင် ခြေထောက်နာသဖြင့် ကောင်းကောင်း မလျှောက်နိုင်သလို ဟန်ဆောင်နေသည်။

တစ်နေ့နံနက် ကိုသိန်း ကမ်းနားတစ်လျှောက် ရှာဖွေရေး ထွက်သွားပြီး ကမ်းအငူစွန်းကလေးနောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သံလုံး နောက်က လိုက်လေသည်။ သူတို့ထဲမှ အငူစွန်းကလေးထိ ကိုက်နှစ်ရာခန့် ကွာဝေးသည်။
အငူစွန်းကလေး ဟိုဘက်တွင်ကား ကျယ်ဝန်းသော ပင်လယ်ကွေ့တစ်ခု ရှိသည်။ ပစ္စည်းတွေ အများဆုံးရသော ပင်လယ်ကမ်းကွေ့၊ အငူစွန်းထိပ် ကျောက်ဆောင်အကွယ်မှ စောင့်ကြည့်လျှင် ကွေ့ထဲမှာ ကိုသိန်း ဘာတွေ လုပ်နေသည်ကို ကောင်းကောင်း မြင်နိုင်သည်။

သံလုံး ချိုင်းထောက်နှင့် အလျှောက်ကျင့်ထားသည်ဆိုသော်လည်း ယခုလို သဲသောင်ပြင်တစ်လျှောက်
ဝေးဝေးလံလံ တောက်လျှောက်ကြီး သွားရသည့်အခါ အတော့်ကို မသက်သာ၊ တဲဘေး သဲမြေက ခပ်မာမာမို့ လျှောက်ရလွယ်သည်။ ကမ်းစပ်သဲပြင်မှာမူ ချိုင်းထောက်က နက်နက်ကြီး ကျွံဝင်သည်။ ခြေထောက်အဆစ် နာလာသည်။ ချိုင်းကြားက နာလာသည်။ မောလည်း မောသည်။ လမ်းမှာ ရပ်ရင်း အမော‌ဖြေ၊ အမောပြေလျှင် ဆက်လျှောက်နှင့် တမေ့တလျောလောက် ထင်ရအောင် သွားပြီးမှ အငူလေးထိပ် ရောက်လေသည်။

သံလုံး အငူစွန်းကျောက်ဆောင်ခြေရင်းမှာ ထိုင်၍ အမောအပန်းဖြေနေပြီး အတန်ကြာမှ ထလာကာ ၊
ကျောက်ဆောင်ပေါ် ချိတ်တက်သည်။ တစ်ဘက်သို့ လုံလုံခြုံခြုံ လှမ်းမျှော်ကြည့်နိုင်သော နေရာတစ်ခုသို့ ရောက်အောင် ဒူးထောက်လိုက်၊ ဖင်ရွှေ့လိုက်နှင့် ခဲခဲယဉ်းယဉ်း တက်ရသည်။ ကျောက်ဆောင်အကွယ်မှ အသာ ခေါင်းပြူကြည့်သည့်အခါ မိမိနှင့် များစွာ မဝေးလှသည့် ကမ်းစပ်တစ်နေရာတွင် ကိုသိန်းကို သွားတွေ့သည်။ ပုဆိုးခါးတောင်းကျိုက်ကာ ပင်လယ်ဘက်သို့ ကြည့်နေသည်။ ရေထဲ နည်းနည်း ဆင်းလိုက်၊နောက်ပြန်ဆုတ်လိုက်နှင့်၊ တစ်ခုခု တွေ့နေသည့် ပုံမျိုး။ သံလုံးဆီက ကြည့်တော့ ရေထဲမှာ ပစ္စည်းနှင့်တူတာ ဘာမှ မမြင်ရသေး။ ကျောက်ဆောင်သေးသေးလေးတွေ၊ ခပ်ကြီးကြီးတွေကလည်း ရှိနေသဖြင့် သူ့ဆီက မမြင်ရဘဲ ကွယ်နေတာ ဖြစ်နိုင်သည်။ သံလုံး တုတ်တုတ်မလှုပ်ဘဲ စောင့်ကြည့်နေသည်။ ကိုသိန်းစိတ်မရှည်တော့ဘူး ထင်သည်။ ခါးတောင်းကျိုက် ဖြုတ်ကာ ပုဆိုးချွတ်၍ သောင်ပြင်ပေါ် ပစ်တင်ထားခဲ့ပြီး
ရေထဲ ဆင်းသွားသည်။

ရင်ဘတ်လောက် အနက်ထိ ကူးခတ်သွားသည်။ သူ စောင့်မျှော်နေသော ပစ္စည်းဆီကို ရောက်သွားပြီ။ သံလုံး မြင်ပြီ၊ ပီပါတစ်လုံး။ ကိုသိန်း ကမ်းစပ်ဘက် တွန်းယူလာသည်။ ရေထဲမှာ အတော်မြုပ်ပုံ ထောက်၍ ဆီအပြည့် ဖြစ်နိုင်သည်ဟု သံလုံး မှန်းဆသည်။ ကိုသိန်း ဘာလုပ်မည်နည်း။ အဖြူအမည်း သဲကွဲတော့မည်။ ဆီပုံး သောင်ပေါ် ရောက်လာပြီ။ ကိုသိန်း ဆီပုံးကို သောင်ပြင်အပေါ်ပိုင်း သဲမွမွတွေအထိ တွန်းတင်နေသည်။

ဘယ်လိုလဲ။ သူတို့တဲဆီ သယ်မည်ဆိုလျှင် ပင်လယ်ရေစပ်နားက သဲမာမာတစ်လျှောက် တွန်းလှိမ့်လာရုံပဲရှိသည်။ တွန်းရခက်သည့် သဲပျော့သဲမွအထိ တင်စရာ မလို။သူ ဘယ်သွားမလဲ။ ကျွန်းပေါ်မှာက တော်ရုံတန်ရုံ ပစ္စည်းကို လူမမြင်အောင် အလွယ်တကူ ဖွက်ထားနိုင်သည့်
လျှိုကလေးတွေ အတော်ပဲ ရှိသည်။ ပြီး ဟို လိုဏ်ခေါင်းကြီးလည်း ရှိသည်။ အဲသည့်အထိ သွားမှာလား။တောထဲအရောက်ဆိုရင်တော့ မနည်း တွန်းရ သယ်ရလိမ့်မည်။ ကိုသိန်း မတွန်းတော့။ တူးနေပြီ။ သဲပြင်ကိုတူးသည်၊ ယက်သည်။

 လက်စသတ်တော့ တွင်းတူးပြီး မြုပ်မှာကိုး။ သံလုံး တောက်တစ်ချက် ပြင်းပြင်းခေါက်ကာ တဲဆီသို့ ကော့ကျိုးကော့ကျိုးနှင့် ပြန်ပြေးလာသည်။
ကိုသိန်း သစ္စာဖောက်ပြီ။ ခွေးမသား သစ္စာဖောက်ပြီ။ သည်ကိစ္စကို ဘယ်လို ဖြေရှင်းရမည်နည်း။
သည်ကျွန်းပေါ်မှာ ရသမျှ နှစ်ယောက်အတူတူ ဝေယူမည်ဟု ကတိရှိခဲ့သည်။ ငါးကြီးအန်ဖတ် ရလည်း အတူတူ၊ပုလင်းခွံတစ်လုံး ရလည်း အတူတူဟု ဆိုခဲ့သည်။ ယခုတော့ နေကလေး ဆယ်ကိုးရက် မကောင်း၍ မလိုက်နိုင်ရုံနှင့် သူက ကလိမ်ကျသည်။ သည်ပစ္စည်းတွေ ဖွက်ထားပြီး သူ ဘာလုပ်မည်နည်း။

ရွာပြန်ရောက် ဝေစုခွဲပြီးသည့်နောက်မှ သူက တစ်ခြားတစ်နေရာက စက်လှေငှားပြီး တစ်ခေါက်
ပြန်လာလိမ့်မည်ထင်သည်။ သည်လိုဆိုရင်လည်း သူ ကလိမ်ကျသည့်သတင်းက မကြာမတင်ဆိုသလို
ပေါက်ကြားလိမ့်မည်။ သို့သော် ဘာဖြစ်သေးလဲ။ သူက သည်အရပ်သားမှ မဟုတ်ဘဲ။ ရသမျှပစ္စည်း
ရသည့်ဈေးနှင့်ရောင်းချပြီး တစ်ရပ်တစ်ရွာ လစ်ပြေးသွားနိုင်သည်။ သည်အတိုင်းဆိုလျှင် ဒီကိစ္စကို
မသိချင်ယောင်ဆောင်ထားပြီး ရွာက ကိုယ့်လူတွေလာမှ ဖော်ထုတ်လိုက်လျှင် မကောင်းဘူးလား။ ဟုတ်သည်။အဲဒါ အကောင်းဆုံး ဖြစ်လိမ့်မည်။ သစ္စာဖောက်လောက်ကောင်၊ အဲသည်အခါမှ အကြောင်း သိကြတာပေါ့။

သို့သော် သည်ကြားထဲ သတိဝိရီယနှင့် နေမှဟု သံလုံး သဘောရသည်။ လောဘဇော ဒေါသတွေနှင့်မို့ သံလုံး ခြေနာနေသည်ကိုပင် မေ့သွားဟန်တူသည်။ တဲဆီသို့ မြန်မြန်ကြီး ပြန်ရောက်လာသည်။

တဲထဲရောက်တော့ သံလုံး ဂနာမငြိမ်။ ဒေါသကြောင့်လား ဖျားခါစ အားသိပ်မရှိသေးမီ ပင်ပင်ပန်းပန်း
လှုပ်ရှားလိုက်ရ၍လားမသိ၊ လူတစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။ ငြိမ်ငြိမ် ထိုင်မနေနိုင်။ ရူးချင်ချင် ဖြစ်နေသည်။ ခဏခဏထပြီး တဲတံခါးဝမှ ခေါင်းပြုကာ ကိုသိန်း ပြန်လာနေပြီလား လှမ်း လှမ်းကြည့်သည်။

အတန်ကြာတော့ အငူစွန်းကလေးတစ်ဘက်က ထွက်လာသည်ကို မြင်ရသည်။ ကိုသိန်း ရှေ့ဆက်တိုးမလာဘဲ အငူစွန်းနားမှာပင် တလည်လည် လုပ်နေသည်။တဲဘက်သို့လည်း လှမ်းမျှော်ကြည့်သည် ထင်သည်။ ဘာလုပ်နေသနည်း။ သူ့ကို လိုက်ပြီးချောင်းတာ သိသွားလေပြီလား။

သေချာသည်။ ချိုင်းထောက်ကြီးနှင့် လျှောက်လာသည့် သူ့ခြေရာတွေ အငူစွန်းနောက်မှာ ဆုံးနေတာ
ထင်းထင်းကြီး မြင်မှာ မုချ။ ဒါဆိုရင် ကိုသိန်း ဘာလုပ်မည်လဲ။ သူ အလိမ်ပေါ်သွားပြီဆိုပြီး ရမ်းနိုင်သည်။တစ်ဆုံးတစ်စ လုပ်နိုင်သည်။ လူကတော့ ခပ်ပျော့ပျော့သမား။ အချိုသတ်၍ ပေါင်းတတ်သူ။ သို့သော် သစ္စာဖောက်တာ ပေါ်သွားသည့် အနေအထား၊ ငွေကြေးကလည်း အနည်းဆုံး လေးငါးသောင်းလောက် ရှိနေသည့် အနေအထားမှာ ဘာမဆို ဖြစ်နိုင်သည်။ သူ့နောက်ကြောင်း ရာဇဝင်လည်း ကိုယ်က တိတိကျကျ သိတာမဟုတ်။ မိန်းမလျာလို ပျော့ပျော့နွဲ့နွဲ့ပုံမျိုးနဲ့ လူသတ်တဲ့ လူတွေလည်း အများကြီး ရှိသည်။လတ်တလော အချိုသတ်ထားပြီး နောက်တော့မှ အလစ်မှာ လက်စတုန်း လုပ်ချင်လုပ်နိုင်သည်။ ငါသေတယ်ဆိုရင် ရွာကလူတွေ သူ့ကို မယုံသင်္ကာဖြစ်မှာ သေချာသည်။ စစ်ကြဆေးကြမှာ သေချာသည်။
သို့သော် ဒါတွေက နောက်ဖြစ်မယ့်ကိစ္စ။ လောလောဆယ် အသက်အန္တရာယ် ရှိနေတာက ငါ။ ဘုရား။ သံလုံး ကျောချမ်းသွားသည်။ ကိုယ့်အသက်ကိုယ် ကာကွယ်ရမည်။ သူ မလုပ်ခင် ကိုယ်က လက်ဦးအောင် လုပ်ရလိမ့်မည်။ ရွာကလူတွေ လာရင် ဖျားပြီး သေသွားတယ် ပြောမည်။ မသင်္ကာတော့ကော ဘာအရေးလဲ။ဘယ်သူက ပြဿနာ ဖော်နေမှာလဲ။ ဒါပေမယ့် ငါက ချိုင်းထောက် တစ်ဘက်နဲ့။ ရင်ဆိုင်တိုက်လို့ မဖြစ်ဘူး။ ငါ သေသွားမယ်။ သတိထား၊ သတိထားရမယ်။ ဓား ဘယ်မှာလဲ။ သံလုံး ဓားတွေ ကမန်းကတန်း လိုက်ရှာသည်။
ပျာပျာသလဲ ကမူးရှူးထိုး ဖြစ်လာသည်။ မီးဖိုနားမှာ ဓားမ တစ်ချောင်း တွေ့ သည်။ ကောက်ယူပြီး သူ့ကွပ်ပျစ်ပေါ်တင်ကာ ပုဆိုးတစ်ထည်နှင့် ကောက်ဖုံးထားလိုက်သည်။ နောက်တစ်ချောင်း၊ နောက်တစ်ချောင်း၊ နောက်ထပ် ဓားတစ်ချောင်း၊ ဘယ်ရောက်နေလဲ။ လိုက်ရှာသည်။ မတွေ့။တဲပြင်က ကိုသိန်း အသံကြားရသည်။ သံလုံး ဆတ်ခနဲ ထပြီး ဓားကို ကိုင်ထားသည်။

“ဟေ့ သံလုံး”

သံလုံး မထူး။

"သံလုံးရေ၊ ဟေ့ သံလုံး”

မတုံ့ပြန်၊ ဘယ်လို တုံ့ပြန်ရမှန်း မသိ။

အငူစွန်းလေးနားမှာ ချိုင်းထောက်ရာတွေ တွေ့ကတည်းက သံလုံး အစအဆုံး မြင်သွားပြီဖြစ်ကြောင်း ကိုသိန်း သဘောပေါက်လိုက်သည်။
ဇာတ်ကတော့ ရှုပ်ပြီ။ သံလုံး ဘာလုပ်မည်လဲ၊ မမှန်းဆတတ်။ တတ်နိုင်သမျှတော့ မြွေမသေ တုတ်မကျိုးဖြစ်အောင် ကြည့်လုပ်ရမည်ဟု စဉ်းစားသည်။ သို့သော် လိုလိုမယ်မယ် သောင်ပြင်ပေါ်မှာတွေ့ရသည့် သစ်သားတုတ် ခပ်တိုတို တစ်ချောင်းကိုတော့ ခါးနောက်က အသာ ထိုးလာခဲ့သည်။
ကိုသိန်း တဲထဲ လှမ်းပြီး ခေါ်ပြန်သည်။

“သံလုံး မင်း ဘာဖြစ်တာလဲကွ"

ကိုသိန်း ခပ်လှမ်းလှမ်းမှ တဲထဲ အသာချောင်းကြည့်သည်။ သံလုံးကို မြင်သည်။ တဲအလယ်တွင် ငူငူကြီး ရပ်လျက်။ ချိုင်းထောက်တစ်ဘက်၊ ဓားတစ်ဘက်။

“သံလုံး အပြင်ထွက်ခဲ့ပါကွ၊ မင်းနဲ့ ငါ အေးအေးဆေးဆေး ဆွေးနွေးရအောင်၊ အရမ်းကာရော မလုပ်ပါနဲ့၊ ငါ အကျိုးအကြောင်း ရှင်းပြပါ့မယ်”

သံလုံး ကြောင်နေသည်။ ဘာပြန်ပြောရမှန်းမသိ။ အပြင်လည်း မထွက်ရဲ။ အပြင်က တစ်ခုခု ဆီးပြီး
လုပ်လိုက်လျှင်။

"သံလုံး၊ ခေါ်တာ ထူးပါဦးကွ၊ မင်း ဘာဖြစ်နေလဲ၊ ငါ အထဲ ဝင်လာခဲ့ရမလား”

သည်အခါ သံလုံး ရုတ်တရက် ပြန်အော်သည်။ ကြောက်အားလန့်အား ကမူးရှူးထိုးနှင့်။

“မလာနဲ့၊ ခင်ဗျား သစ္စာဖောက်၊ ခင်ဗျား ဝင်လာရင် ကျုပ် ဓားနဲ့ ခုတ်မိလိမ့်မယ်၊ ခင်ဗျား ဒီနားမှာ မနေနဲ့၊
ခပ်ဝေးဝေး ဆုတ်ပါ”

"ဒီမှာ မနေလို့ ငါ ဘယ်သွားနေရမလဲကွ၊ အဲဒီ ဓားထားပြီး မင်း အပြင်ထွက်ပါ။ မင်းကို ငါ ဘာမှ မလုပ်ဘူး၊ မင်းနဲ့ငါ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်”

သံလုံးဆီက အသံ မကြားရ၊ စဉ်းစားနေဟန် တူသည်။ ကိုသိန်း ဘေးဘီကြည့်သည်။ တဲပြင်ဘက် ထင်းပုံမှာ ဓားမတစ်ချောင်း၊ ကိုသိန်း ထင်းပုံနား သွားကပ်သည်။ အရေးအကြောင်းဆိုလျှင် သည်ဓားမ လှမ်းဆွဲရမည်။ကိုသိန်း သူ့လက်ထဲမှာ ကိုင်ထားသည့် သစ်သားချောင်းကို တဲဝသို့ ပစ်ချလိုက်ပြီး သံလုံးဆီ အော်ပြောသည်။

“အဲဒီမှာဟေ့ သံလုံး၊ ငါ ဘာလက်နက်မှ မကိုင်ဘူး၊ မင်း ရဲရဲ ထွက်ခဲ့၊ အပြင်မှာ ဆွေးနွေးမယ်၊ ငါ လုပ်ချင်ရင် မင်းဘာမှ မတတ်နိုင်ဘူး၊ မင်းက ခြေကျိုးနေတဲ့ လူပဲ၊ ငါ ဒီခေါင်မိုး မီးရှို့လိုက်ရင် မင်း ဘယ်ပြေးမလဲ”

မီးသံကြားတော့ သံလုံး လန့်သွားသည်။ တံခါးဝ ဆတ်ခနဲ ပြေးထွက်လာပြီး တဲရှေ့ရပ်သည်။ သူ့လက်မှာဓားနှင့်။ ကိုသိန်းရှေ့ သုံးကိုက်လောက်အကွာမှာ သံလုံး ဖြုန်းခနဲ ထွက်လာတော့ ကိုသိန်း လန့်သွားပြီး ထင်းပုံက ဓားကို လှမ်းဆွဲသည်။ သံလုံးက ကပျာကယာ လက်ထဲက ဓားနှင့် ပစ်ပေါက်လိုက်ရာ ဓားနှောင့်က နဖူးကို မှန်ပြီး ကိုသိန်း ယိုင်သွားသည်။ သံလုံး ပြေးသွားကာ ချိုင်းထောင်နှင့် လွှဲရိုက်ဖို့ ကြိုးစားသည်။ သံလုံး ဘယ်ခြေထောက် သစ်သား တစ်ချောင်းနှင့် ခလုတ်တိုက်ကာ ဟပ်ထိုးအလဲ ကိုသိန်း ဓားနှင့် လှမ်းခုတ်သည်။
ထင်းခုတ်သော ဓား၊ အလေးစီးသည်။ သူ့ဓားက သံလုံး ဘယ်ဘက်ပုခုံးနှင့် လည်တိုင်အစပ်မှာ ဒုတ်ခနဲ မြုပ်သွားသည်။ သံလုံး လဲကျသွားပြီးနောက် ပြန်၍ ကုန်းထကာ ပင်လယ်ကမ်းဘက် သွေးရူးသွေးတမ်း ထွက်ပြေးသည်။ သောင်ပြင်မှာ လျှောက်ပြေးနေပြီး ရေစပ်က ကျောက်ဆောင်လေး တစ်ခုနံဘေးမှာ လဲကျသွားသည်။ လည်ပင်းက သွေးတွေ ငေါက်ခနဲ ပန်းထွက်နေသည်။ကိုသိန်း မင်သက်မိသလို ကြောင်၍နေပြီးမှ လက်ထဲက ဓားကို ပစ်ချကာ သံလုံးနောက် ပြေးလိုက်သွားသည်။

“ကိုသိန်း ကျွန်တော့်ကို မသတ်ပါနဲ့၊ တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်၊ ကျွန်တော့်မှာ ကလေးတွေနဲ့၊
ကျွန်တော့်ကို သတ်ရင် ခင်ဗျားကို ရွာက လူတွေ သတ်လိမ့်မယ်၊ ကျွန်တော့်ကို မသတ်ပါနဲ့”

သံလုံးပါးစပ်က တတွတ်တွတ်ရွတ်နေသည်။ ကိုသိန်း ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိ။ သံလုံး လည်ပင်းရှိ ဟနေသော ဓားဒဏ်ရာမှာ သွေးတွေ အရှိန်နှင့် ပန်းထွက်နေသည်။ ဘေးနားမှာလည်း အိုင်ထွန်းနေပြီ။ ကိုသိန်းသွေးပန်းထွက်နေသည့် နေရာကို လက်ဝါးနှင့် ဖိပိတ်သည်။ မရ။ သွေးတွေက ရေပိုက်ပေါက်သလို တရဟော ထွက်နေသည်။ သူ့လက်တွေ တွတ်တွတ်ရဲကာ စိုရွှဲသွားသည်။ ကိုသိန်း သူ့ပုဆိုးအောက်နားကို တစ်ထွာလောက် ပတ်ပတ်လည် လှဲချလိုက်ပြီး ဓားဒဏ်ရာကို အဝတ်စုတ်နှင့် ဖိထားသည်။

“ငါ မသတ်ပါဘူးကွာ၊ မတော်တဆ ဖြစ်သွားတာပါ၊ တောင်းပန်ပါတယ်၊ ငါ တစ်သက်လုံး သူများကို
နာကျင်အောင် မလုပ်ခဲ့ဖူးပါဘူး၊ အခု ငါ ဘာလုပ်ရမလဲ”

ကိုသိန်း ငိုသံပါကြီးနှင့် ဆက်ပြောသည်။ လက်ထဲက အဝတ် ရွှဲရွှဲစိုကာ သွေးတွေ အပြင် စီးထွက်လာသည်။

ကိုသိန်း တဲဆီ အမြန်ပြေးကာ တွေ့သမျှ ပုဆိုးအင်္ကျီတွေ ကောက်ဆွဲလာပြီး သံလုံး လည်ပင်းမှာ ဖိထားသည်။သံလုံးပါစပ်က ညည်းညူနေသည်။ အသံကား မသဲကွဲတော့။ ကိုသိန်း သံလုံးကို ပွေ့ချီကာ တဲဆီ သယ်ယူလာပြီး ကွပ်ပျစ်ပေါ် တင်သည်။
သံလုံး ငြိမ်၍ နေသည်။ ဘုရား၊ ဘုရား။ သေများ သွားပြီလား။ လက်ကောက်ဝတ် သွေးစမ်းကြည့်သည်။ရင်ဘတ် စမ်းကြည့်သည်။ မျက်စိ ကြည့်သည်။ မသိ။ သေသလား။ ရှင်သလား။ မေ့မြောနေတာလား။အသက်ရှူသေးလား။ စောင့်ကြည့်သည်။ ဘုရား၊ ဘုရား မသေပါစေနဲ့။ အကြာကြီး ထိုင်စောင့်ကြည့်နေသည်။
အသက်မရှူ။ လုံးဝ မလှုပ်။ လုံးဝ မလှုပ်။ သံလုံး သေချေပြီတကား။ 

ငါမှားပြီ။ သည်ကိစ္စ ဘယ်လိုလုပ်မလဲ။ သံလုံးတို့ရွာက တံငါတွေ လာလျှင် ဘယ်လိုရှင်းမလဲ။ ဖျားပြီး
သေသည်ဟုပဲ ဆိုရမည်။ ဘယ်လိုမှ ယုံမည်မဟုတ်။ မယုံလျှင်လည်း မတတ်နိုင်။ အလောင်းဖော်ကြည့်လည်း အဲသည့်အချိန်ကျ အသားတွေ ဆွေးရော့မည်။ ဓားဒဏ်ရာ တွေ့တော့မည်မဟုတ်။ ကိုသိန်း၊
သံလုံးအလောင်းကို မြေမြုပ်ရန် တဲပြင်ထုတ်လာသည်။ ငါမှားသည်။ ငါ့အမှားပဲ။ ငါလောဘကြီးလို့ ဖြစ်ရတာ။ ငါ စိတ်ကောင်းမရှိလို့ ဖြစ်တာ။ သံလုံးက လူကောင်းကလေးပဲ။ သူဌေးသားဘဝက မလိမ္မာလို့ မွဲသွားတဲ့ကောင်လေး။ သားတွေ သမီးတွေလည်း ရှိသေး။ ငါက ဒီပစ္စည်းတွေ ရောင်းပြီး ဘာလုပ်မလဲ။ဘယ်အရပ် သွားနေမလဲ။ စောင့်မျှော်နေမည့် သားမယား မရှိ။ အဖေအမေလည်း ကွယ်လွန်ပြီ။ ကိုယ့်ကို စေတနာထားမည့် ဆွေရင်းမျိုးရင်းလည်း မရှိတော့။ ခင်ရာ ဆွေမျိုး၊ သည်အရပ်က သည်လူတွေနှင့် သွေးမတော် သားမစပ်ပေမယ့် ဆွေမျိုးရင်းချာလို ရင်းရင်းနှီးနှီး အကျွမ်းတဝင် နေလာခဲ့သည်။

ခုတော့ သည်နေရာမှာ ဆက်နေဖို့ မဖြစ်နိုင်ပြီ။ ကိုသိန်း သံလုံးအတွက် တွင်းတူးစရာ ရှာသည်။ ဓားတစ်လက်။ကောက်ကိုင် ကြည့်လိုက်သည်။ သံလုံးကို ခုတ်ခဲ့သောဓား။ သွေးတွေ စေးထန်းလျက်။ ငါ လူသတ်ခဲ့ပြီ။ 

လူသတ်သမား။ ခြေကျိုးနေသည့် လူကို ဓားနှင့် ခုတ်သတ်ခဲ့သည်။ ငါ အရူး။ အလကားကောင်။ ခေါင်းထဲမှာထုံ၍ နေသည်။ အလကားပဲ။ သွားပြီ။ ပြီးပြီ။ ဓားကို ပစ်ချပြီး တဲထဲ ဝင်သွားသည်။

ကွပ်ပျစ်မှာ အကြာကြီး ထိုင်ပြီး ငေးနေသည်။ သွားပြီ။ မရတော့ဘူး။ ဘယ်ပြေးမလဲ။ ရွာက လူတွေ၊ တံငါတွေ၊သံလုံးမယား၊ ကလေးတွေ၊ ကိုသန်းအောင်တို့၊ ကိုဘိုးညွန့်တို့၊ လူတွေ၊ လူတွေ၊ လူတံတိုင်းကြီး ဝိုင်းနေသည်။
ငါ သွားပြီ။ ပြီးပြီ။

တဲထဲမှာ ကြိုးတွေ၊ နိုင်လွန်ကြိုးခွေတွေ၊ အကြီး အသေး မျိုးစုံ၊ လက်ညှိုးလုံး၊ လက်သန်းလုံးမှ
လက်ကျင်းဝတ်လောက်အထိ အရွယ်အစားစား ရှိသည်။ အခွေလိုက်၊ အခွေလိုက်။ အပုံလိုက်၊ အပုံလိုက်။အတိုရှိသည်။ အရှည်ရှိသည်။ လက်ညှိုးလုံးအရွယ် နိုင်လွန်ကြိုး ခပ်တိုတို တစ်ချောင်း ဆွဲယူကာ အပြင်ဘက် ထွက်လာသည်။ သူ့စိတ် တည်ငြိမ်နေသည်။ သို့မဟုတ် သူ့မှာ စိတ်ဆိုတာ မရှိတော့။

 စက်ရုပ် တစ်ခုလို သူလှုပ်ရှားသည်။ သည်အလုပ်က အလွန် လွယ်ကူသော အလုပ်။ အသိဉာဏ်ကင်းမဲ့ချိန်၊ စဉ်းစားဉာဏ် ချွတ်ယွင်းချိန်မှာ လုပ်နိုင်သောအလုပ်။ ကိုသိန်း နိုင်လွန်ကြိုးဖြင့် ကွင်းလျာကလေး တစ်ခု လှပသေသပ်စွာ လုပ်လိုက်သည်။ ဆွဲကြည့်လိုက်လျှင် လျှောခနဲ။ အထစ်အငေါ့မရှိ။ လက်မှုအတတ်မှာ မကျွမ်းကျင်ခဲ့သော၊တစ်သက်လုံးလည်း ဘယ်နေရာမှာမှ အောင်မြင်မှု မရရှိခဲ့သော ကိုသိန်း၏ ဘဝမှာ အအောင်မြင်ဆုံး၊ အပိရိဆုံး၊
အသေသပ်ဆုံး လက်ရာ။

                                 * * * * *

တစ်လခန့်အကြာ ကျွန်းသို့ ပထမဆုံး စက်လှေ ဆိုက်ရောက်လာသည်။ သံလုံးတို့ ရွာက တံငါများ၊ ကျွန်းမှာ တိတ်ဆိတ်လွန်းသဖြင့် စိုးရိမ်မကင်း ဖြစ်သွားကြသည်။ “သံလုံးရေ၊ ဟေ့ သံလုံး”၊ “ဗျို့ ကိုသိန်း”အော်ခေါ်ရင်း တဲဆီသို့ ပြေးလာကြသည်။

တဲဘေးတွင် များစွာ မခြောက်သွေ့သေးသည့် အရိုးစု တစ်စု တွေ့ကြသည်။

ထို့နောက်။

တဲနှင့် မလှမ်းမကမ်းဆီက သစ်ကိုင်း ခပ်နိမ့်နိမ့်တစ်ခုမှာ လေတိုက်တိုင်း တွဲလွဲလွဲနေသည့် အရိုးစု တစ်ခု။

“ကျုပ်တို့ သတ္တိ သိပလားဗျို့" ဟု သွားကြီးဖြဲကာ ရယ်မော ပြောဆိုနေသလို။

--------------

ဖေမြင့်

#Typing_crd_ZawOo

ကျွန်း ( တတိယပိုင်း )

#ကျွန်း

( တတိယပိုင်း )

#ဖေမြင့်

နောက်တစ်နေ့တွင်ကား မုန်တိုင်းအတွက် နစ်နာကြေး စတင်ရရှိလေသည်။မနက်စာကို စောစော ချက်ပြုတ်စားကြပြီးနောက် နှစ်ယောက်သား ကျွန်းတစ်ပတ် လေ့လာရန် ထွက်ခဲ့ကြသည်။ လမ်းတစ်လျှောက်နှင့် ပင်လယ်ပြင်ဆီ စူးစမ်းကြည့်ရှုကြသည်။ ရေစပ်ရှိ ကျောက်ဆောင်မြင့်မြင့်တစ်ခုထက် တက်ကာ ဟိုမျှော် သည်မျှော် မျှော်ကြည့်ကြစဉ် ကိုက်တစ်ရာခန့်အကွာ
 ပင်လယ်ပြင်၌ မည်းမည်းအရာတစ်ခု မျောပါနေသည်ကို မြင်ရသည်။ လှိုင်းနှင့်မျောကာ ကမ်းဘက်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေသည်။ သို့သော် ရွေ့လျားမှုနှုန်းက နှေးကွေးလွန်းလှသည်။ အတော်ဝေးသည်မို့ ဘာရယ်ဟု မကွဲပြား။ နီးလာပြီ။ နည်းနည်း သဲကွဲလာသည်။ ဆီပီပါတစ်လုံးဟု ထင်ရသည်။

သံလုံး ကိုယ်ပေါ်က တစ်ခုတည်းသော အဝတ်ဖြစ်သည့် လုံချည်တိုကို ချွတ်ကာ ရေထဲဆင်းပြီး
မည်းမည်းအရာဆီ ကူးသွားသည်။ ကိုသိန်း ရပ်ကြည့်ကျန်ရစ်သည်။ ဟုတ်သည်။ ဆီပီပါ။ ရေမှာ
တစ်မိုက်ခန့်သာ ပေါ်နေသည်။ အထဲမှာ ဆီနှင့် ဖြစ်နိုင်သည်။ ကိုသိန်း သံလုံး၏ ရေကူးဝတ်စုံမျိုးနှင့်
ဆင်းလိုက်သွားသည်။ နှစ်ယောက်သား ဆီပီပါကြီးကို ကမ်းသို့ရောက်အောင် တွန်းတင်ကြသည်။
အတော်လေးသည်။ အထဲမှာ အသားအပြည့်နှင့်။ ဓာတ်ဆီလား၊ ဒီဇယ်လား။ ဘာပဲဖြစ်ဖြစ်
ပီပါတစ်လုံးအပြည့်ဆိုလျှင် တစ်ထောင်ထက်တော့ မလျော့နိုင်။ အခွံတန်ဖိုးက ရှိသေးသည်။
ကျွန်းပေါ်ရောက်ပြီးမှ ရသည့် ပထမဆုံး အဖိုးတန် ပစ္စည်း။တဲအထိရောက်အောင် မနည်း လှိမ့်ယူရသည်။ သို့ပေမယ့် ဝမ်းသာအားရနေသည်မို့ ပင်ပန်းသည်မထင်။သံလုံးက လိမ့်သွားသော ပီပါပေါ် ကျော်တက်ပြီး ကျွမ်းပင် ထိုးလိုက်သေးသည်။

“ဟေ့ကောင် အရမ်းမလုပ်နဲ့၊ ဇက်ကျိုးနေဦးမယ်”

ကိုသိန်း ဟန့်ထားရသည်။ ထိုနောက် ရမ်နမာမူလေးတွေရော ဟေးလားမောင်ရို့ဝါးတွေပါ စုံညီစွာဖြင့်
ကြွေးကြော်ပျော်မြူးကာ တဲဆီသို့ ရောက်လာကြသည်။ တဲထဲမှာ ဆီပုံးကြီး ထောင်လိုက်ပြီးနောက် သံလုံးနှင့်ကိုသိန်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်ကြသည်။ ပြီး ဘယ်သူကစ၍ ဘယ်လိုဖြစ်သွားသည်မသိ၊ တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြလေသည်။

ဆီပီပါအဖုံးက လုံလုံခြုံခြုံ၊ ကျပ်ကျပ်တည်းတည်း။ မနည်းဖွင့်ယူရသည်။ အတွင်း၌ကား ဓာတ်ဆီအပြည့်နီးပါး။အပြည့်ဟုပဲ ဆိုရမည်။ မီးခြစ်အတွက် ဓာတ်ဆီပုလင်းလေးနှစ်လုံးကို ရိုရိုသေသေ သိမ်းဆည်းခဲ့ရသည်။ကွဲသွားမှာ မှောက်သွားမှာ စိုးရိမ်ခဲ့ရသည်။ ယခုတော့ ခြစ်ရုံသာမက မီးပဲမွှေးမွှေး၊ ရေပဲချိုးချိုး ကြိုက်သလို သုံးနိုင်ပြီ။

ဆီပုံးက သည်တစ်လုံးတည်းမဟုတ်။ ထိုနေ့ တစ်နေ့လုံး စုစုပေါင်း ဆီပီပါ လေးလုံးတိတိရသည်။ ဓာတ်ဆီနှင့်ဒီဇယ်ဆီများ။ ပင်လယ်ပြင်ထဲတွင် သမ္မာအာဇီဝ သို့မဟုတ် မသမ္မာအာဇီဝဖြင့် လောင်စာဆီများ သယ်ဆောင်လာသည့် ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီထင်သည်။ ဆုံးရှုံးသူမှာ မည်မျှ ဆုံးရှုံးလေသည်မသိ။သံလုံးတို့ နှစ်ယောက်အဖို့ကား ထိုနေ့က ရတနာပုံကလေး ဆိုက်ခြင်းဖြစ်တော့သည်။တစ်လုံးတစ်ထောင်နှင့်တွက်လျှင် လေးလုံး လေးထောင်။

ကမ်းစပ်ရောက်လာသည်အထိ မစောင့်နိုင်ပဲ ရေထဲ ဆင်းဆယ်ကြ၊ တဲသို့ရောက်အောင် လှိမ့်သယ်ကြနှင့်မို့အတော်လေး ပင်ပန်းသွားကြသည်။ သို့သော် စိတ်က အလွန်ပျော်နေသဖြင့် ညဉ့်နက်သည့်တိုင် တော်တော်နှင့် အိပ်မပျော်နိုင်ကြဘဲ တောက်ပြောင်သော အနာဂတ်ကို မှန်းဆတမ်းတကာ ကျေနပ်၍နေကြသည်။

မနက်အိပ်ယာထတွင် မနေ့က ဆီပီပါများရသည့် ကမ်းကွေ့ကလေးဆီသို့ သွားကြပြန်သည်။ ဘာရဦးမည်ဟုမျှော်လင့်ပြီးလာခဲ့ခြင်းမဟုတ်။ မနေ့က ရခဲ့သည့်အကြောင်းကို ပြန်လည်ကြည်နူးစွာ စားမြုံ့ပြန်ရင်း အဲသည်ဘက် လျှောက်လာခဲ့မိကြခြင်းဖြစ်သည်။ သို့သော် သူတို့ မျှော်လင့်မထားသော်လည်း ကံက ပေးဆဲဖြစ်သည်။ ရေစပ်ကျောက်ဆောင်ကြို ကျောက်ဆောင်ကြားမှာ နောက်ထပ် ပီပါတစ်လုံး။

"ဟာ တွေ့ပြန်ပြီဟေ့၊ ဒီမှာ ဆီပီပါတစ်လုံး”

ကိုသိန်း အားရပါးရ အော်ပြီး ပြေးသွားသည်။

"မနေ့ကဟာတွေနဲ့ တစ်အုပ်စုတည်းဖြစ်မယ်၊ ညတုန်းက မျောပြီးတင်နေတာကွ၊ လိုက်ရှာကြည့်ရင်
နောက်ထပ် တွေ့ချင်တွေ့ဦးမယ်”

မှန်သည်။ ကမ်းခြေတစ်လျှောက် လျှောက်၍ ရှာကြရာ နောက်ထပ် နှစ်လုံး ထပ်တွေ့ရလေသည်။
နှစ်ယောက်စလုံး အထူးပင် အူမြူးနေကြသည်။ ဆီပီပါ သုံးလုံး တဲထဲရောက်ပြီးနောက် သံလုံး မျက်နှာက ချွေးတွေ ပုဆိုးနှင့် သုတ်ကာ ပြုံးဖြီးဖြီးလုပ်၍ ပြောလိုက်သည်။

"ကိုသိန်းရေ၊ ဒီအတိုင်းသာ ရနေမယ်ဆိုရင်တော့ ဒုက္ခပဲနဲ့တူတယ်၊ ဟား ဟား ဟား” တဲ့။

နှစ်ရက်တည်းနှင့် ငွေခုနှစ်ထောင် ရသည်ဆိုတော့ ဘဝင်မြင့်မည် ဆိုလျှင်လည်း မြင့်စရာ။ ကိုသိန်း ငွေ
ဘယ်လောက်များများ ကိုင်ဖူးသလဲတော့ မသိ။ သံလုံးကတော့ မိဘပိုက်ဆံနှင့် ကုန်သည်လုပ်စဉ်က
သောင်းဂဏန်းအထိ ကိုင်ဖူးသည်။ သို့သော် ဟိုဟာက ကိုယ်ရှာ၍ ရသောငွေမဟုတ်။ အခုဟာကမှ
ကိုယ်ရှာတာ အစစ်။ တကယ့်ကို စွန့်စွန့်စားစား ပင်လယ်ထဲ လိုက်၍ရှာရခြင်း မဟုတ်လား။

နောက်ပိုင်း သုံးလေးရက် ဆက်၍ ပစ္စည်းအမျိုးမျိုးတွေ့ ဟိုနားတစ်ခု သည်နားတစ်စ ရကြသည်။
သစ်တိုသစ်စတွေ၊ ပလတ်စတစ်ပုံး အကြီးအသေးတွေ၊ ဘူးကြီးပုလင်းကြီးတွေ၊ အခွံတွေလည်း ပါသည်။အထဲမှာ ဘာမှန်းမသိသည့် ဆေးရည်တွေ ဆေးမှုန့်တွေနှင့်လည်း ပါသည်။ ပြီး နိုင်လွန်ကြိုးခွေများ၊အရွယ်အစား အမျိုးမျိုး၊ အအေးခန်း ဆောက်သည့်နေရာ၊ ပစ္စည်းများ မပျက်စီးအောင် ခုခံသည့်နေရာများတွင် အသုံးပြုသည့် ဖော့ပြားများ။ ဆင်ကြယ်တံဆိပ် ရာဘာဖိနပ်တွေ အပြည့်ပါသည့် ဖျင်အိတ်ကြီးတစ်လုံး။

ထိုနောက် နိုင်လွန်ငါးဖမ်းပိုက်များ၊ အကောင်းတွေရော စုတ်ပြတ်နေတာပါ ပါသည်။ သင်္ဘောများမှာ သုံးသည့် အသက်ကယ် ဘောကွင်းတစ်ခုလည်း ရသည်။ ပစ္စည်း တစ်ခုရလာတိုင်း တန်ဖိုးတွက်ရသည်။ စုစုပေါင်းဘယ်လောက်ရှိပြီလဲ။ နေ့တိုင်း တွက်ကြသည်။ သို့သော် ဘယ်ပစ္စည်း ဘယ်လောက်တန်မှန်း တကယ်တန်း
သိကြသူများ မဟုတ်သဖြင့် တိတိကျကျတော့ မတွက်နိုင်။ သင်္ဘောသုံး နိုင်လွန်ကြိုးခွေတွေက
အလွန်ဈေးကောင်းသည်။ အကြီးတွေကို တစ်ကိုက် ဘယ်လောက်အထိ ရနိုင်သည်။ ငါးဖမ်းပိုက်တွေ
တန်ဖိုးကလည်း နည်းသလား။ တိတိကျကျ မပြောနိုင်ပေမယ့် အားရစရာချည်း ဖြစ်သည်။
ပစ္စည်းတွေကို စုပေါင်းလိုက်သည့်အခါ အတော် အများသား ဖြစ်သည်။ တစ်ချို့ပစ္စည်း တဲထဲမှာ ထားပြီး အတော်များများကို အပြင်မှာ ပုံထားရသည်။ ပစ္စည်းတွေ ကြည့်ပြီး ကိုသိန်း ဆိုသည်။

“ဟိုအဖွဲ့တွေ မပြန်ခင်က ဂိုဒေါင်တစ်လုံး မဆောက်ခိုင်းမိတာ မှားတာပဲကွ” ဟူ၍။

သို့သော် ဘာပဲပြောပြော ပစ္စည်းဥစ္စာနှင့် ဖြစ်လာတော့ နဂိုက ပေါ့ပေါ့နေ ပေါ့ပေါ့စားသမားနှစ်ယောက် ပစ္စည်းလောဘတွေ ကုက္ကုစ္စတွေ ဝင်လာကြဟန်တူသည်။ တစ်ယောက်နှင့် တစ်ယောက် ညှိနှိုင်းမနေဘဲ ဟိုပစ္စည်း ဟိုမှာတင် သည်ပစ္စည်း သည်မှာထား။ မိုးလုံလေလုံအောင် မပျက်စီးအောင် ဘယ်သို့ ထားရမည်ကို စဉ်းလည်း စဉ်းစား၊ သွက်သွက်လက်လက် ထ၍လည်း လုပ်ကြသည်။ သည့်နောက်တော့ ပျဉ်တိုပျဉ်စ ပလတ်စတစ်များ ဖော့ပြားများ အသုံးပြုကာ တဲနှင့် တစ်ဆက်တည်း လုံခြုံသော အဆွယ်ကလေးတစ်ခု
တည်ဆောက်ကြသည်။ တကယ်တန်း စိတ်ပါလက်ပါ လုပ်ကြတော့လည်း အဖြစ်သား။ သူတို့ ဦးနှောက်တွေက သုံးမရလောက်အောင်အထိတော့ သံချေး တက်သေးဟန် မတူ။

“တို့နှစ်ယောက် ကုန်းပေါ်ပြန်ရောက်တဲ့အခါ အခုရတဲ့ အရင်းအနှီးနဲ့ စိတ်တူကိုယ်တူ ဆက်ပြီး
လုပ်ကြကိုင်ကြရင် မြို့ပေါ်မှာ လူချမ်းသာ စာရင်းဝင် ဖြစ်လာနိုင်တယ်” 

ကိုသိန်းက အကြံပြုသည်။

“ဒါပေါ့ ကိုသိန်းရ၊ လုပ်မယ်ဗျာ၊ ခင်ဗျားနဲ့တွဲပြီး တစ်သက်လုံး လုပ်မယ်” 

သံလုံးက နှစ်ခါထပ် မစဉ်းစားပဲ အားရပါးရ ထောက်ခံ အတည်ပြုလိုက်သည်။ မြို့ပေါ်မှာပင် သူဌေးဖြစ်ရဦးမည်။ သူဌေးနှစ်ယောက်။
နောက်ပိုင်းရက်များတွင်ကား မုန်တိုင်းပြီးစတုန်းကလို အစုလိုက်အပြုံလိုက် များများစားစား မရတော့။ သို့သော် ကြိုးကြားကြိုကြား တစ်ခုခုတော့ ရနေသည်။တစ်ခါတစ်ရံ အဖိုးတန်တာပါသည်။တစ်ခါတစ်လေတော့လည်း ကလေးကစားသည့် ပလက်စတစ် ဘောလုံးလေးတစ်လုံး။သောင်ပြင် လျှောက်ကန်ပြီး ပြန်လာကြသည်။အရွယ်မတူ အရောင်မတူသည့် ရာဘာဖိနပ်လေး သုံးလေးဘက် တစ်နေရာတည်းမှာ စုပြီးတွေ့သည်။ထူးထူးဆန်းဆန်း ကလေးနို့ဗူးလေး တစ်လုံးလည်း ရဖူးသည်။

 သို့သော် ဘာပဲဖြစ်ဖြစ် တော်ရုံတန်ရုံ အဖိုးတန်တာလောက်နှင့်ကား ကျွန်းသားဓနရှင်နှစ်ယောက် များစွာ ဝမ်းသာအူမြူးခြင်း မဖြစ်တော့။ ယခုအခါမှာ သူတို့ပြောလိုက်လျှင် ထောင်စကား သောင်းစကား။ ရေထဲက ရတနာတွေ ကောက်ယူဆယ်ယူရသည့်အလုပ်က သူတို့အတွက် လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ် ဖြစ်သွားခဲ့ပြီ။

များသောအားဖြင့် မနက်အိပ်ယာထလျှင် လက်ဖက်ရည်ကြမ်းနှင့် ငါးခြောက်ဖုတ် သို့မဟုတ် ငါးကင်ကို ထမင်းကြမ်းခဲနှင့် စားပြီး ပစ္စည်းအများဆုံး ရတတ်သည့် ကျွန်း အနောက်မြောက်ဘက်ခြမ်းကို စေ့စေ့စပ်စပ် လိုက်ကြည့်ကြသည်။ ပစ္စည်းတစ်စုံတစ်ခု ရလျှင် သယ်ကြပိုးကြ။ မရလျှင်လည်း သည်အတိုင်း ပြန်လာကြ။ပြန်ရောက်လျှင် ထမင်းအိုး တည်သူကတည်၊ ငါးရှာသူက ရှာ၊ အနီးအနားမှာ ယခင်လူတွေ စိုက်ခဲ့သည့်အခင်းမှ
အလိုအလျောက် ထပေါက်သည့် ချဉ်ပေါင်ပင်၊ ငရုတ်ပင်များကလည်း ရှိသေးသည်။ အလွယ်တကူ
ခူးဆွတ်ရုံပင်။ချက်ပြုတ်စားသောက်ပြီးလျှင် တရေးတမော အိပ်၊ အိပ်ရတာကြာ၍ ပျင်းလျှင် တောင်ကြောပေါ်တက်၊မှိုကလေး မျှစ်ကလေးရှာ၊ လေးခွတစ်လက်နှင့် ငှက်ကလေး ရှဉ့်ကလေး ပစ်။ မှိုပေါက်သည့်အချိန်ကျ မှိုကအဆမတန် ပေါသည်။ စားမကုန် သောက်မကုန်။ သို့သော် မှိုသက်တမ်းက ရက်ပိုင်းကလေးပဲ ဖြစ်သည်။မျှစ်ကတော့ ခရင်မျှစ်၊ ဝါးပိုးမျှစ်၊ မျှင်မျှစ် စသဖြင့် မျှစ်မျိုးစုံသည်။ တစ်မိုးတွင်းလုံး အချိန်မရွေးရသည်။ပြတ်သည်ဟူ၍ မရှိ။ ချဉ်ပေါင်၊ မျှစ်၊ ငါးကင်၊ ငါးငပိကျက်။ အစားအသောက် ဆင်းရဲသည်ဟု ဘယ်နည်းနှင့်မှ
ဆိုနိုင်စရာ မရှိ။ သို့သော် နေ့တိုင်း သည်တိုင်းချည်းဆိုတော့ ခန္ဓာကိုယ်ကပင် ငါးစော်၊ ချဉ်ပေါင်စော် နံသည် ထင်လာသည်။

 မိုးမှန်လေမှန် ရာသီဥတုကလည်း လုံးဝ မဖောက်ပြန်၊ ကျွန်း မှာ အနေကြာသဖြင့် ကျွန်း
သဘာဝအတိုင်း နေတတ်ထိုင်တတ်လည်း ဖြစ်နေပြီဆိုတော့ အခက်အခဲ မရှိသည့်အတွက်ပင် ပျင်းစရာလို ဖြစ်လာသည်။ ပြီး ပင်လယ်လည်း သည်ပင်လယ်၊ ကျွန်းသည်လည်း သည် ကျွန်း ၊ လူလည်း သည်လူ၊ထိုနောက် ချဉ်ပေါင်၊ မျှစ်၊ ငရုတ်သီး၊ ငါး။ ညည်းငွေ့လှပြီ။ ရပ်ရွာကို အောက်မေ့ကြ လွမ်းကြပြီ။သည်ပစ္စည်းတွေ ရောင်းချပြီး လူကုံထံ လုပ်ချင်လှပြီ။ နဂိုက အထင်သေးခဲ့သူတွေကြား သုံးစွဲပြ
လက်မထောင်ပြချင်လှပြီ။

                                 * * * * *

တစ်နေ့တွင်ကား ထူးထူးခြားခြား တက်ကြွ လှုပ်ရှားသွားစရာ အဖိုးတန်ရတနာတစ်ခုကို ကျွန်းသားနှစ်ဦး မမျှော်လင့်ပဲ တွေ့ရှိကြရလေသည်။

တစ်နံနက် ထုံးစံအတိုင်း ရှာဖွေရေး ထွက်ကြစဉ် ကျောက်ဆောင်တစ်ခုနံဘေးတွင် လင်ဗန်း
ခပ်သေးသေးအရွယ် ဖြူတူတူဝါတာတာ အရာတစ်ခုကို လှမ်း၍မြင်ရသည်။ ဆယ့်လေးငါးကိုက်ခန့် ဝေးမည်။ရေတွင် ပေါလော ပေါလော။ လှိုင်းရိုက်တိုင်း ကျောက်ဆောင်နံဘေးတွင် လှုပ်ရှားတိုးဝှေ့နေသည်။

“ဟိုဟာ ဘာလဲ မသိဘူးကှ”

 ကိုသိန်း သံလုံးကို ခေါ်ပြသည်။ သံလုံးကလည်း ဘာမှန်း မသိ။

“ဘာထင်လို့လဲ” 

သံလုံးက မေးသည်။

“ငါးကြီးအန်ဖတ်များ ဖြစ်မလားလို့။ မင်းမြင်ဖူးလား"

“မမြင်ဖူးဘူးဗျ။ ဝါတာတာနဲ့ အဆီခဲလို ချွဲကျိကျိလို့တော့ ပြောသံဆိုသံ ကြားဖူးတယ်၊ ဟုတ်ရင်တော့ ပွပြီ”

ပြောပြောဆိုဆို သံလုံး ရေထဲ ခုန်ဆင်းပြေးသွားသည်။ ကိုသိန်းလည်း သူ့နောက်က ထပ်ကြပ်မကွာ
လိုက်သည်။ ငါးကြီးအန်ဖတ်ဈေးက တစ်ပိသာ တစ်သိန်းကျော်ထိ ရှိသည်ဟု ကိုသန်းအောင်တို့ ပြောတာ ကြားဖူးသည်။ ရလျှင်တော့ တကယ့်ကို ပွပြီ။
အိပ်မက်က စက္ကန့်ပိုင်းထက် ပိုမကြာ၊ သံလုံး အော်ပြောလိုက်သည်။

“ဟာ .. အလကား ဖော့ပြား အဟောင်းကြီးဗျ။ ဘယ်တုန်းက ပဲ့ရွဲ့ပြီး ကျနေသလဲမသိဘူး။ အညှိတွေတက်နေလို့ ဘာလိုလို ညာလိုလို ထင်နေရတာ”

“နာလိုက်တာကွာ၊ ငါးကြီးအန်ဖတ်ပဲ ဖြစ်လိုက်ပါတော့”

ကိုသိန်း ကြိတ်မနိုင်ခဲမရ ကမ်းဘက် ပြန်လှည့်လာသည်။

“ဟာ ဟာ ဒီမှာ ဒီမှာ”

သံလုံး ဘာတွေ့ပြန်သည်မသိ။ ကိုသိန်း ပြန်လှည့်ကြည့်လိုက်သည်။ သံလုံးက အနီးရှိ
ကျောက်ဆောင်နှစ်ခုကြား တစ်နေရာကို လက်ညှိုးထိုးပြသည်။ ပုလင်းတစ်လုံး။ ရေထဲမှာ
ခေါင်းကလေးဖော်ကာ ပေါလောပေါလော ဖြစ်နေသည်။ သံလုံး ပုလင်းကို လှမ်းဆွဲယူပြီး
ထောင်ကြည့်လိုက်သည်။ အထဲမှာ အရည်တွေ ပုလင်းပုခုံးနားထိ ရှိသည်။

“ပုံကတော့ အရက်ပုလင်းပုံပဲ။ အထဲမှာသာ ပင်လယ်ရေလား ဘာလား"

သံလုံးက ဆိုပြီး အဖုံးကို လှည့်ဖွင့်သည်။ မရ။ ကျပ်နေသည်။

"အံမယ် အဖုံးက အလုံသားခင်ဗျာ၊ ဖွတဲ့၊ အထဲကဟာ အရက်ဖြစ်ပါစေ”

သံလုံးက ဆက်မဖွင့်ပဲ ကမ်းအထိ ယူသွားသည်။ ကောင်းကောင်းမသွား၊ ခုန်ဆွခုန်ဆွ လုပ်သွားသည်။
အရက်နှင့်တူတာ တွေ့ရုံရှိသေး၊ သံလုံး မူးသလို ရူးသလို ဖြစ်နေပြီ။ ကမ်းပေါ်ရောက်မှ သဲပြင်မှာ သေသေချာချာထိုင်ကာ ပုလင်းအဖုံးကို ပုဆိုးစနှင့် ခုပြီး လှည့်ဖွင့်သည်။ တော်တော်နှင့် မပွင့်။ အတင်း အားစိုက်၍ လှည့်မှ ပွင့်တော့သည်။ သံလုံး ပုလင်းအဖုံးကို လှည့်ချွတ်လိုက်ပြီး နှာခေါင်းနှင့်တေ့၍ နမ်းလိုက်သည်။ ပထမ ခပ်သာသာ သတိနှင့်။ ထိုနောက် ကိုသိန်းဖက် လှည့်ကြည့်လိုက်ပြီးလျှင် ရှူးခနဲ နေအောင် ခပ်ပြင်းပြင်းလေး ရှူလိုက်လေသည်။

“အောင်မယ်လေးဗျာ၊ ကောင်းလိုက်တဲ့အနံ့လေး။ အရက်အစစ်ဗျ။ ဘာအရက်မျိုးလဲတော့ မသိဘူး။
အကောင်းစားတော့ အကောင်းစားပဲ"

“အောင်မယ် သိနေပြန်ပြီ၊ ပင်လယ်ထဲက မျောလာတာ၊ မင်းတို့ ချက်တဲ့ တောအရက်တော့
ဘယ်ဟုတ်ပါ့မလဲကွာ”

ကိုသိန်းက သံလုံးဆီက ပုလင်းလှမ်းယူပြီး နမ်းကြည့်သည်။

"နိုင်ငံခြားအရက်ကွ၊ ဝီစကီဖြစ်ရမယ်။ ငါ ဂျော်နီဝါကား သောက်ဖူးတယ်။ ဒီအနံ့မျိုးပဲ။ ပုလင်းတော့ မတူဘူး။စက္ကူပတ်တော့ ရေစိုလို့ ကွာသွားတာနဲ့ တူတယ်။ ဆားငန်ရေ မဝင်သေးရင်တော့ တို့အတွက် ဘုရားပေးတဲ့ လက်ဆောင်လို့ ဆိုရမှာပေါ့ကွာ”

"ဟာ ဘယ်ကလာ ဘုရားပေးရမှာလဲ၊ အရက်မူးနေတဲ့ သင်္ဘောသားတစ်ယောက်ယောက် လက်က
လွတ်ကျတာဖြစ်ရမယ်”

သံလုံးက ဆိုသည်။

“ပုလင်းက အပြည့်ကြီးကွ၊ ဘယ်မူးဦးမလဲ၊ ဧကန္တ အရက်သောက်မလို့ဟာ အဖုံးဖွင့်မရတာနဲ့ ဒေါပွပြီး
လွှင့်ပစ်လိုက်တာ ဖြစ်ရမယ်”

“ဟာဗျာ၊ ဘယ်လောက်ပဲ ဒေါပွ ဒေါပွ အရက်ပုလင်းတော့ ဘယ်သူ လွှင့်ပစ်ပါ့မလဲ၊ လွတ်ကျတာပဲ ဖြစ်မယ်ဗျ”

“အေးပေါ့ကွာ၊ လွှင့်ပစ်ရင် အရူးပေါ့ကွ၊ ဟား ဟား ဟား”

သံလုံး ပုလင်းကို ယူပြီး မော့သောက်မလို လုပ်သည်။ ကိုသိန်း လက်မောင်း လှမ်းဆွဲလိုက်ကာ၊

“နေပါဦးကွ၊ ဖြည်းဖြည်းလုပ်ပါ။ တဲရောက်မှ ရိုရိုသေသေ ခွက်နဲ့ ဘာနဲ့ သောက်စမ်းပါ”

သံလုံး ပုလင်းအဖုံး ပြန်ပိတ်လိုက်ပြီးနောက် နှစ်ယောက်သား တဲဆီသို့ အမြန် ပြန်လာခဲ့ကြသည်။
တဲရောက်သည်နှင့် သံလုံးက အကြမ်းပန်းကန် တစ်လုံး ယူပြီး အရက်ငဲ့သည်။

“နည်းနည်းပဲ ထည့်ပါကွ”

ငဲ့သည် ဆိုရုံရှိသေး၊ ကိုသိန်းက တားသည်။

"ခင်ဗျားကလဲဗျာ၊ တစ်ငုံစာလောက်တော့ သောက်ကြည့်မှ ကောင်းသလား ဆိုးသလား သိမှာပေါ့”

အကြမ်းပန်းကန် တစ်ဝက်ခန့် ထည့်ပြီး သံလုံး မော့ချလိုက်သည်။

"ရွှီး ပွါး ထွီး” သံလုံး မျက်စိပြူး မျက်ဆန်ပြူးသွားပြီး ရေအိုးစင်ဆီ ပြေးကာ ရေတစ်ခွက် ကမန်းကတန်း သောက်ချလိုက်သည်။

“ဘယ့်နှယ်နေလဲ”

“ဟား ရားရား” 

သံလုံး ပါးစပ်ဖြဲပြီး အာခေါင်ထဲက လေပူတွေ မှုတ်ထုတ်ကာ

 “ကောင်းလိုက်တဲ့ အရက်ဗျာ၊
ဦးရေ အစစ်ထက်တောင် ပြင်းသေးတယ်”

"တော်သေးတာပေါ့၊ ငါ့စိတ်ထဲ အဆိပ်တွေများ မှားပြီး သောက်မိပြီလားလို့” 

ကိုသိန်းက အပြောင်အပျက်ပြောလိုက်သည်။

သံလုံးစိတ်ထဲ ထင့်ခနဲ ဖြစ်သွားပြီး မျက်နှာပျက်ပျက်နှင့် ဆိုသည်။

“ခင်ဗျားက ကျွန်တော်သောက်တာ အဆိပ်ဖြစ်လို့ သေရင်လဲ သေသွားပါစေဆိုပြီး ကြည့်နေတာပေါ့လေ၊ ကျွန်တော် သေရင် ခင်ဗျား တစ်ယောက်တည်း ပစ္စည်းတွေ အားလုံး အပိုင်ရမယ်ဆိုတဲ့ သဘောလား"

“ဟာကွာ၊ မင်းကလဲ မဟုတ်တာ၊ ပစ္စည်းတွေ တစ်ခုမှ မရရင် နေပါစေ၊ မင်းမရှိဘဲ ဒီ ကျွန်း ပေါ်မှာ
ငါတစ်ယောက်တည်း မနေရဲဘူးကွ၊ တကယ်ပြောတာပါ၊ မင်းစိတ်ထဲ အဲဒါမျိုး လုံးဝ မတွေးနဲ့၊ မင်းကကော ငါသေရင် ပစ္စည်းတွေ အားလုံး မင်းတစ်ယောက်တည်း ရမယ်လို့ စိတ်ကူးသလား၊ မင်းနဲ့ ငါနဲ့ ဘဝတူတွေပါကွာ၊မင်း နေမကောင်းတုန်းက ငါ ဘယ်လောက် ပြုစုသလဲ၊ မင်း မေ့သွားပြီလား”

မှန်သည်။ မုန်တိုင်းတိုက်၍ ပစ္စည်းတွေ ခပ်များများ ရပြီး များမကြာမီ သံလုံး သုံးလေးရက် ဖျားသည်။ အဖျားက ရိုးရိုး အအေးမိ အဖျားမျိုး ဖြစ်ပုံရသည်။ နှစ်ရက်ပဲ ပြင်းပြင်းဖျားပြီး နောက်တော့ ချက်ချင်းဆိုသလိုပဲ ကောင်းသွားသည်။ သို့သော် အဖျားတက်တုန်းမှာ သံလုံး အလွန်ညည်းသည်။ သံလုံး ညည်းသံကြားလေ ကိုသိန်းကြောက်လေ။ ရောက်၍ ဘာမျှ မကြာသေး။ သံလုံး သေသွားလျှင် ဒီ ကျွန်း ပေါ်မှာ ငါ တစ်ယောက်တည်း ဘယ်လို နေမည်လဲ။ သံလုံးက ဥစ္စာ စွဲလမ်းပြီး တဲက မခွာတမ်း ခြောက်လှန့်နေလျှင် ဘယ်ထွက်ပြေးရပါ့ဟု တွေးကြောက်ကာ အကြီးအကျယ် ပြုစုသည်။
ထိုစဉ်က ကိုသိန်း သူ့အား ပျာပျာသလဲ ပြုစုပုံများကို သံလုံး သတိရလာသည်။

“စိတ်မဆိုးပါနဲ့ ကိုသိန်းရာ၊ ကျွန်တော် တောင်းပန်ပါတယ်၊ အဆိပ်လို့ ပြောတော့ ကျွန်တော့် စိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်၊ သေမယ့်အကြောင်း ကျွန်တော် မစဉ်းစားရဲဘူးဗျ၊ ခင်ဗျားလည်း မသေစေချင်ပါဘူး၊ ခင်ဗျားနဲ့ကျွန်တော် အတူတူ တွဲပြီး စီးပွားရှာကြရမယ့်သူတွေပဲဟာ၊ ရော့ နည်းနည်း မြည်းကြည့်ပါဦး"

ကိုသိန်း အကြမ်းပန်းကန်ထဲ သံလုံး ထည့်သလောက်ပင် ထည့်ပြီး ရေအနည်းငယ် ရောလိုက်သည်။ အရက်ကို တစ်ငုံစာလောက် ငုံပြီးနောက် ပါးစပ်ထဲ နှံ့နှံ့စပ်စပ် ရောက်အောင် လုပ်ကြည့်သည့်သဘောလား မသိ၊ပလုပ်ကျင်းသလို ဂလောက်ဂလက် လုပ်ကြည့်ပြီးမှ အသာ မျိုချသည်။ ပြီးမှ ခွက်ထဲ ရှိနေသေးသည့် လက်ကျန်ကလေးကို ကျိုက်ခနဲ မော့ချလိုက်သည်။

“အေး ကောင်းတယ်ကွာ၊ သိပ်ကောင်းတယ်” 

ဆိုပြီး ပုလင်းကို မြှောက်ကိုင်ကာ အသေအချာ ကြည့်သည်။ ပြီးမှ သံလုံးအား

"ဒီနေ့ သောက်ကြမှာလား”

"ဟာ အစ်ကိုကလည်း ဘယ့်နှယ်ပြောပါလိမ့်၊ ဒါလောက် ကုသိုလ်ကံ ထောက်မလို့ ရောက်လာတဲ့ ဥစ္စာ၊နေ့ရွှေ့ညရွှေ့ လုပ်နေလို့ ဘယ်မှာ တော်ပါ့မလဲ"

တစ်ငုံသာ ငုံရသေးသည်။ သံလုံး စကားပြောပုံက အရက်သံ ခပ်ပါပါ။

"ဒီလိုကွ၊ သိပ်ကို ရှားရှားပါးပါး အဖိုးတန်သလို ဖြစ်နေလို့ ငါက စဉ်းစားနေတာ၊ မင်းလဲ
သိပ်သောက်ချင်နေတယ်ဆိုတော့ ဒီလို လုပ်ရအောင်”

 ဟု ပြောရင်း သံလုံး မျက်နှာမဲ့ပြသည်ကို
လှမ်းကြည့်ကာ

 "အဲ ငါလဲ သောက်ချင်တာပေါ့ကွာ၊ အရက်က အကောင်းစား၊ အပြင်းစား၊ ပြီးတော့ တို့ကလဲ
အရက်မသောက်တာ ကြာပြီဆိုတော့ အူရိုင်းဖြစ်နေမှာ၊ တစ်ပိုင်းလောက် သောက်ရင် ရေချိန်ကိုက်မှာ
သေချာတယ်၊ အဲဒီတော့ ညနေဘက်ကျမှ တို့ သေသေချာချာ အမြည်းလေး ဘာလေးနဲ့
လေးလေးစားစားပေါ့ကွာ၊ ပုလင်းတစ်ဝက်လောက်အထိ သောက်ကြမယ်၊ ကျန်တာကိုတော့ ဖျားရင်နာရင် အအေးမိ ဘာညာဖြစ်ရင် ဆေးဖြစ်ဝါးဖြစ် သောက်ဖို့ ရအောင် ချန်ထားလိုက်မယ်၊ သဘောတူရဲ့လား”

“တူပါတယ်ဗျာ၊ ခင်ဗျားက အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ပဲ၊ ကျွန်တော်ကတော့ ညနေ မြန်မြန် ရောက်ပါစေလို့ပဲ ဆုတောင်းနေတော့မယ်”

ညနေဘက်သို့ ရောက်သောအခါ ကိုသိန်းက သူတို့၏ တစ်ခုတည်းသော မတ်ခွက်ထဲသို့ ပုလင်းထဲက အရက်တစ်ဝက်တိတိ ခြင်၍ ထည့်သည်။ ထိုနောက် ပုလင်းအဖုံးကို ကျပ်နေအောင် ပိတ်လိုက်ပြီး

 “ဒါက နေထိုင်မကောင်းရင် သောက်ဖို့ ဆေးပုလင်း”

 ဟု ဆိုကာ သိမ်းဆည်းထားလိုက်သည်။ ထိုနောက်တွင်ကား မတ်ခွက်ထဲက ယမကာကို အကြမ်းပန်းကန် နှစ်လုံးထဲသို့ နည်းနည်းစီ ညီမျှစွာ ထည့်ကာ ရိုရိုသေသေ သောက်သုံးကြလေသည်။

 အရက် အနည်းငယ်စီ ဝင်သွားပြီးသည့်နောက်တွင်ကား အုန်း ကျွန်း ပေါ်တွင် သုံးလကျော်မျှ နှစ်ယောက်တည်း အတူနေခဲ့သည့်အဖြစ်ကို မေ့လျော့လေသလား မသိ။ တစ်ယောက်ကိုတစ်ယောက် စကားတွေ အလုအယက် ပြောဆိုနေကြလေတော့သည်။ စင်စစ် သူတို့ ယခုပြောကြသည့်
စကားများမှာ ယခင် ရက်ပေါင်းများစွာက ကြိမ်ဖန်များစွာ ပြောခဲ့ပြီးသည့် စကားများသာဖြစ်၍ ထူးခြားချက်မှာ ယခင်က ဟိုခါတစ်ခွန်း သည်ခါတစ်ခွန်း ပြောခဲ့ကြခြင်းဖြစ်လျက် ယခုမူ ၎င်းစကားတွေ အားလုံးကိုတစ်ပြိုင်နက် စုပြုံပြောနေခြင်း၊ တစ်ချို့ စကားများကို ထပ်တလဲလဲ ပြောမိနေကြခြင်းသာဖြစ်သည်။

ထိုစကားများအနက် အထပ်ဆုံး အကြောင်းအရာသည်ကား နောက် တစ်လကျော် နှစ်လနီးပါးကြာ၍
သူတို့နှစ်ယောက် အုန်း ကျွန်း ပေါ်က ပစ္စည်းရှင်များဘဝမှ မြို့ရွာပေါ်ရှိ ငွေရှင်ကြေးရှင်များဘဝသို့
ကူးပြောင်းရောက်ရှိသွားသည့်အခါ ဘာတွေ လုပ်ကြမည်ဆိုသည့်အကြောင်း၊ ပြီး သူတို့နှစ်ယောက်
တစ်သက်လုံး အတူ လက်တွဲကာ ကြီးပွားသထက် ကြီးပွားအောင် လုပ်ကိုင်ရှာဖွေသွားကြမည့်အကြောင်း အပြန်အလှန် ကတိသစ္စာ ပြုခြင်းများသာ ဖြစ်သည်။ သို့သော် သည်ကြားထဲ သံလုံးက မနက်က အကြောင်းကို သတိရတိုင်း အစ ပြန်ဖော်ကာ {ကိုသိန်း၊ မနက်က ကျွန်တော် ပြောတာ စိတ်မဆိုးနဲ့နော်၊ ကျွန်တော်က အဆိပ်လို့ ပြောသံကြားတော့ စိတ်ထင့်သွားတယ်ဗျာ၊ ကျွန်တော် သေရမှာ ကြောက်တယ်ဗျ၊ အမှန်အတိုင်းပြောတာ၊ ချမ်းချမ်းသာသာ မနေရသေးဘဲ မသေနိုင်သေးဘူး၊ ခင်ဗျားလည်း မသေရဘူး၊ ခင်ဗျား မရှိဘဲ
ကျွန်တော် တစ်ယောက်တည်း နေလို့မဖြစ်ဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး} ဆိုသော စကားများကို
ထပ်ခါထပ်ခါ ပြောနေပြန်သည်။ သံလုံး သည်စကားတွေ ပြောတိုင်း ကိုသိန်း စိတ်အနှောက်အယှက်ဖြစ်ကာ

“တော်စမ်းပါ သံလုံးရာ၊ ဒီ သေစကားချည်း ထပ်တလဲလဲ ပြောမနေစမ်းပါနဲ့ကွာ၊ စိတ်ညစ်လွန်းလို့ပါ။ရှားရှားပါးပါး ကုသိုလ်ကောင်းလွန်းလို့ အရက် သောက်ရတဲ့ဟာ ပျော်ပျော်ပါးပါး သောက်စမ်းပါ၊ မင်းပြောချင်ရင် ချမ်းသာတဲ့အခါ ဘာတွေ လုပ်မလဲ၊ ဘယ်လို ပျော်မလဲ၊ ဒါပဲပြော”

 ဟူ၍ သံလုံးကို စကားလမ်းကြောင်း ပြောင်းပေးရန် ကြိုးစားသည်။သို့သော် မရ၊ သံလုံးက သူဌေးမဖြစ်မီ မသေချင်သေးသည့်အကြောင်းပဲ ထပ်တလဲလဲ ပြောနေသည်။

                             * * * * *

( ဇာတ်သိမ်းဆက်ရန် )