#မှောင်မိုက်မှာငို
#မစန္ဒာ
မိုးတစိမ့်စိမ့်ရွာနေသည်။ မှုန်မှုန်ဖွဲဖွဲလေးကျနေသော မိုးစက်မိုးမှုန်ကလေးများသည် မှန်ပြတင်းကို မထိတထိ တို့ခတ်သွားကြသည်။ ရေငွေ့ရိုက်သဖြင့် တဖြည်းဖြည်းမှုန်လာသော ပြတင်းမှမှန်ချပ်ကို မိငယ်သည် ငြိမ်ငြိမ်လေးထိုင်ကာ ငေးကြည့်နေသည်။ ရင်ထဲတွင်ဟာကာ ဆာနေသော်လည်း ဘာကိုမှလည်း စားချင်စိတ်မရှိချေ။ လက်ကိုလည်း မမြှောက်ချင်။ကိုယ်ကိုလည်း မလှည့်ချင်၊ လူတစ်ကိုယ်လုံး နုံးပြီးပျော့နေသည်။
" မိငယ် "
နောက်ဘက်ခုံတန်းမှ ကြည်ကြည်ဝေက တိုးတိုးလေး ခေါ်သည်။
" နင် အိမ်စာတွေ ပြီးပြီမဟုတ်လားဟင် "
" ဘာအိမ်စာတွေလဲ "
" သင်္ချာလေ "
" အင်း ပြီးပြီ .. "
" ငါ့ကို ခဏပေးစမ်းပါဟာ "
" ဘာလဲ နင် ကူးချမလို့လား "
" အေး .."
" နင်ကလဲဟာ၊ အမှားချင်းတူရင် တီချယ် ဆူနေဦးမယ် "
မိငယ်က မျက်မှောင်လေး မသိမသာကြုတ်ကာ ပြောတော့ ကြည်ကြည်ဝေ မျက်နှာငယ်သွားသည်။ ထို့နောက် သက်ပြင်းချကာ ပြောသည်။
" အသေးလေးရယ်၊ နင်တွက်ရင် အမြဲမှန်တာပဲဟာ။ ဘယ်တုန်းကများ မှားဖူးလို့လဲ။ တော်ကြာနေ ကျောင်းတက်တော့ အိမ်စာတွေထပ်ခိုင်းတော့မယ်။ ငါ တစ်ပုဒ်မှ မတွက်ခဲ့ရလို့ပါ။ ခုမှ တွက်ရင်လည်း မီမှာမဟုတ်ဘူး။ ကြာနေဦးမယ် .. "
" နင် ဘာလို့ အိမ်ကမတွက်ခဲ့တုံး "
ကြည်ကြည်ဝေသည် မိငယ်လောက် စာမတော်သော်လည်း တော်တော့တော်သည်ပင်။ အတန်းထဲတွင် သင်္ချာပြိုင်တွက်လျှင် တခါတရံ သူကပင် အလျင်ပြီးတတ်သည်။ သို့သော် အိမ်စာမို့ ပေးလိုက်လျှင်တော့ ပြီးအောင် လုပ်မလာတတ်ပေ။
" အမေဖျားနေတယ်ဟ၊ အဖေကလည်း ဝမ်းတွင်းသဲတောမှာ အထည်သွားကောက်တာ ပြန်မလာသေးဘူး။ မောင်လေးကိုရော ညီမလေးကိုရော ငါနဲ့အတူ သိပ်ရတာ၊ အမေ့ဆီက အဖျားကူးမှာစိုးလို့လေ၊ အိပ်ရေးပျက်တယ်ဟာ။ တော်ကြာ အီးထပါလိုက်၊တော်ကြာ ရှူရှူးတည်ရ၊ တော်ကြာ ရေသောက်ချင်တယ်ပြောလိုက်နဲ့ ရှုပ်နေတာပဲ။ ဒီကြားထဲ အမေက ညောင်းလို့ကိုက်လို့ ညည်းနေတော့ နင်းနှိပ်ပေးရသေးတယ်။ ငါ့မှာဖြင့် အိမ်စာတွေကို တွက်ဖို့နေနေသာသာ ယားလို့တောင် မကုတ်အားဘူး။ ဒီနေ့တောင် ကျောင်းမတက်ရတော့ဘူး ထင်နေတာ။ ကြီးကြီးမေရောက်လာလို့ ငါ ကျောင်းမပျက်တာ ..."
မိငယ် ချက်ချင်းစိတ်ပျော့သွားသည်။ ကူးရင်လည်း ကူးပါစေတော့လေ။ သူ မတွက်တတ်လို့၊ ခိုးချတာမှ မဟုတ်ဘဲ။ အချိန်မရှိလို့ မတွက်ခဲ့ရတာပဲဟု တွေးရင်း သင်္ချာလေ့ကျင့်ခန်းစာအုပ်ကလေးကို အလွယ်တကူ ထုတ်ပေးလိုက်လေသည်။
ဆရာမက အိမ်စာတွေ လုပ်မလာလျှင် ရိုက်တတ်သည်။ " စတုတ္ထတန်းနော် .. အစိုးရစစ် .. သိရဲ့လား .. ပေါ့တီးပေါ့ဆ လုပ်မနေနဲ့ "ဟု ဆူတတ်သည်။ " မိမိငယ်နဲ့ ယမင်းခင်လို စာတော်အောင် ကြိုးစားကြပါလား "ဟု စံပြုပြီး ပြောသောအခါများတွင်ကား မိငယ်သည် ရင်ထဲတွင်ဘုရားပွဲလှည့်နေသော်လည်း ခေါင်းကုတ်ရတော့မလိုလို နှာခေါင်းပွတ်ရတော့မလိုလိုနှင့် အနေရအထိုင်ရခက်လှသည်။
ယမင်းခင်လို ပြုံးပြုံးလေးနေတတ်အောင် ကြိုးစားသော်လည်း မအောင်မြင်ပေ။ " သူတို့နှစ်ယောက်ကတော့ ရင်ပေါင်တန်းပြီး ပြေးနေကြတာပဲ။ သူက နည်းနည်းကျောလိုက်၊ ငါက နည်းနည်းသာလိုက်နဲ့ မနှစ်ကတည်းက တစ်လှည့်စီ ပထမရနေကြတာ။ ဥာဏ်ရည်ချင်းတူတော့ ဝီရိယသာတဲ့သူက ကျောသွားတာပဲ "ဟု ဆရာမက ပြောလေသည်။
မိငယ်နှင့်ယမင်းခင်သည် ဥာဏ်ရည်ချင်း စာတော်တာချင်း တူသော်လည်း လူချင်းကတော့ လုံးဝမတူပေ။ မိငယ်က ပိန်ပိန်သေးသေးညှက်ညှက်ဖြစ်သည်။ ယမင်းခင်ကတော့ အသားဖြူဖြူ၊ ပါးစုန့်ဖောင်းဖောင်းနှင့် ဝဝတုတ်တုတ်လေးဖြစ်၏။ သူငယ်ချင်း များက မိငယ်ကို အသေးလေးဟုခေါ်ကြ၏။ ယမင်းခင်ကိုတော့ ဆင်ပေါက်ဟု အမည်ပေးထားကြလေ၏။ အတန်းထဲတွင် အပြောင်အပျက် အပြောတတ်ဆုံးဖြစ်သော သက်ထားနွယ်ကမူ ယမင်းခင်ကို ယမင်းဆင်ဟု ခေါ်လေသည်။
" သူတို့က ဆင်မျိုးတဲ့၊ သူကလည်း ဆင်ပေါက်၊ သူ့အဖေက လည်ဆင်ကြီးမဟုတ်လား "ဟု သဘောကျစွာ ရယ်၏။ ထို့နောက် " ငါက အသားဖြူတော့ ဆင်ဖြူနော် "ဟု ပြောလေ၏။
" ဟင်း .. တူတယ်ဟေ့၊ တူတယ်ဟေ့ .. "
သူ့ဘေးက မငြိမ်းလတ်က လက်ခုပ်တီးကာ ထအော်တော့ မိငယ်လန့်သွားသည်။ တွေးလက်စအတွေးက ဖြတ်ကနဲပြတ်ကာ လွင့်သွားသည်။
ငြိမ်းလတ်ကြည်သည်ကို လိုက်ကြည့်လိုက်တော့ ကျောက်သင်ပုန်းကို အဝတ်ရေဆွတ်ပြီး ပွတ်ဖျက်နေသော သက်ထားနွယ်ကို တွေ့ရသည်။ ကျောက်သင်ပုန်းဖျက်သည်ကို ကောင်ကောင်းမဖျက်ဘဲ ပန်းစကားရုပ်ရှင်ထဲမှ ကျော်ဟိန်း၏အမူအရာမျိုး လုပ်ပြနေသောကြောင့် တအုန်းအုန်းနှင့် ပွဲကျနေကြသည်။ သူ့ကြည့်ရသည်မှာ ရယ်စရာကောင်းလွန်းသောကြောင့် မိငယ် လိုက်ရယ်မိသော်လည်း အခါတိုင်းလို စိတ်မရွှင်လှချေ။
" မိငယ် "
ကြည်ကြည်က ခေါ်ပြန်သည်။
" ဟင် "
" နင် နေမကောင်းဘူးလား "
" တစ်မျိုးကြီးပဲ၊ ခေါင်းထဲမှာ အုံအုံခဲခဲကြီး။ တစ်ကိုယ်လုံးလည်း ညောင်းနေတယ် "
" ဗုဒ္ဓရေ .. နင်တော့ တုပ်ကွေးကွေးတော့မယ်ထင်တယ် "
" အင်း .. အင်း .. ကွေးတော့မလားမသိဘူး "
မိငယ်က သူ့နဖူး သူစမ်းကြည့်ရင်း ညောင်နာနာပြောသည်။ အိမ်မှာတော့ သူကစပြီး ဖျားတော့မည်ထင်သည်။ တုပ်ကွေးကွေးလျှင် အနည်းဆုံး သုံးလေးရက်တော့ ကျောင်းပျက်တော့မည်မို့ မိငယ် စိတ်ညစ်သည်။ ဒီလိုသာ ကျောင်းပျက်လိုက်လျှင် ယှဉ်လျက်ပြေးနေသော ယမင်းခင်က သူ့ကို အသာလေး ကျော်တက်သွားမည်ဖြစ်သည်။
" ဘယ်သူ ကွေးမှာလဲဟင် "
သူတို့အနား ရောက်လာသော ယမင်းခင်က ဝင်မေးသည်။
" ငါလေ .. ကွေးများ ကွေးတော့မှာလားလို့ "
" ဘာဖြစ်နေလို့လဲ "
" ခေါင်းတွေ အုံနေလို့ပါဟာ "
မိငယ်သည် ယမင်းခင်ကိုက်စားနေသော ပန်းသီးနီနီလေးဆီမှနေပြီး သူ့မျက်လုံးကို ကြိုးစားပြီး လွှဲလိုက်သည်။ မျက်လုံးကို လွှဲဖယ်လိုက်နိုင်သော်လည်း သင်းသင်းလေးမွှေးနေသော ရနံ့ကိုတော့ မရှူဘဲ မနေနိုင်။
" အဲဒါဆိုရင်လေ ကိုးလ်တက်ပလက်နဲ့ ပါရာစင်တမောနဲ့ ဘာမီတွန်ရောပြီးသောက်လိုက်။ မာမီဆိုရင် အဲဒီလိုပဲ သောက်ခိုင်းတယ် "
ယမင်းခင်က ပန်းသီးကို အသံမြည်အောင် ကိုက်စားလိုက်တော့ မိငယ်သည် ဖြတ်ကနဲကြည့်မိပြန်သည်။ ထို့နောက် မျက်လုံးကို အမြန်လွှဲဖယ်ကာ " ငါလေ ဘာကိုမှလည်း စားချင်စိတ်ကိုမရှိဘူး "ဟု မဆီမဆိုင်ပြောရင်း တံတွေးကို မသိမသာမျိုချလိုက်သည်။
" ကော်ဖီတောင် မသောက်ချင်ဘူးလားဟင် "
" ဟင့်အင်း "
မိငယ်က ရောယောင်ပြီး ခေါင်းခါလိုက်သည်။ တကယ်တော့ မိငယ်တို့အိမ်တွင်ကော်ဖီမဖျော်သည်မှာပင် အတော်ကြာပေပြီ။ ဧည့်သည်လာလျှင်လည်း ရေနွေးကြမ်းနှင့် ထန်းလျက်ခဲသာ ထွက်လာတတ်လေသည်။
" နင် ကော်ဖီမသောက်ချင်ရင် အိုဗာတင်း သောက်ပါလားဟင်၊ မက်တိုလ်ဘာလည်း ကောင်းတာပဲ "
" ဟုတ်လား "
မိငယ်က အူကြောင်ကြောင်နှင့် သံယောင်လိုက်ကာ ခေါင်းညိတ်ပြန်သည်။ မိငယ် အသက်ဆယ်နှစ်ပင် ကျော်ခဲ့ပြီ။ အိုဗာတင်းကို သုံးလေးငါးခါ သောက်ဖူးသော်လည်း မက်တိုလ်ဘာဆိုတာကိုတော့ ဘာမှန်းပင်မသိ။
" ဒါပေမယ့် ငါတော့ ကော်ဖီပဲ ကြိုက်ပါတယ်၊ အိုဗာတင်းတို့ ဟောလစ်တို့က အီလွန်းလို့ .."
ယမင်းခင်က ကျန်သမျှပန်းသီးစိတ်ကလေးကို ပါးစပ်ထဲ အကုန်ထည့်လိုက်သည်။ မိငယ်လည်း သက်ပြင်းကို အသာချလိုက်လေသည်။ ပန်းသီးနံမွှေးမွှေးလေးကို ရှူလိုက်ရသောကြောင့်လားမသိ။ ခေါင်းထဲတွင် အုံအုံခဲခဲဖြစ်နေသည်ပင် အတန်ငယ်သက်သာသွားသည်ဟု ထင်မိသည်။
" ရော့ အသေးလေး၊ ငါတော့ တက်သုတ်ရိုက်ပြီး ကူးချလိုက်တာပဲ "
ကြည်ကြည်ဝေက သင်္ချာလေ့ကျင့်ခန်းစာအုပ်ကလေးကို ပြန်ပေးသည်။ အခုမှပင် စိတ်အေးသွားဟန်ဖြင့် မျက်နှာရွှင်လာသည်။
" ဩော် .. ငါမေ့နေလို့ ငါ့မှာ ဆေးပါတယ်။ နင်.. သောက်မလား အသေးလေး .. "
" ဘာဆေးလဲဟင် "
" ပါရာစင်တမော "
ကြည်ကြည်ဝေက ကွန်ပါဘူးထဲမှ စက္ကူထုပ်ကလေးကို လှမ်းယူသည်။ အသာဖြန့်လိုက်တော့ ဆေးပြားဖြူဖြူလေး သုံးပြားကို တွေ့ရသည်။
" ငါတော့ အမေ့ဆီက အဖျားကူးတော့မှာပဲဆိုပြီး လိုလိုမည်မည်ယူထားတယ်။ ရော့ တစ်ပြားသောက်လိုက်၊ ခေါင်းကိုက်ပျောက်သွားအောင် "
" ခေါင်းကိုက်တာသက်သက်ဆို အင်နာဂျက်ဆင်က ပိုကောင်းတယ်ဆို၊ မာမီပြောတာပဲ။ အစာကလေး ကော်ဖီကလေးနဲ့ တွဲပြီးသောက်တဲ့ "
ယမင်းခင်က ပြောသည်။ ကျောင်းတက်ခါနီးပြီမို့ သူ၏ကျောပိုးအိတ်လေးထဲမှ နှစ်ထပ်ကွန်ပါဘူးကလေးနှင့် ပလတ်စတစ် ပေတံအပြာရောင်ကလေးကို ထုတ်ကာ ခုံပေါ်တွင် အသင့်တင်ထားလိုက်သည်။
" အင်နာဂျက်ဆင်တစ်လုံးကို နှစ်ကျပ်ပေးရတယ် ယမင်းရဲ့။ ဒီပါရာစီတမောက ဘီပီအိုင်မဟုတ်ဘူး။ တရုတ်ဆိုတော့ တစ်လုံးမှ တစ်မတ်ရယ် .. "
" ဟင် .. နင်ကလည်း မဟုတ်တာ။ အင်နာဂျက်ဆင်က အဲဒီလောက် ဈေးမကြီးပါဘူး "
ယမင်းခင်က အံ့ဩသလိုပြောသည်။ ကြည်ကြည်ဝေက ယမင်းကို စိတ်မရှည်စွာကြည့်ရင်း မျက်စောင်းထိုးသည်။ ကျန်သောဆးပြားလေးနှစ်ပြားကို စက္ကူနှင့်ပြန်ထုပ်ပြီး သံကွန်ပါဘူးထဲသို့ ခပ်ဆောင့်ဆောင့် ပြန်ထည့်လိုက်သည်။
" နင်တို့ကတော့ နင်တို့ကိုး။ ဘယ်ဈေးကြီးမှာလဲ ယမင်းခင်ရဲ့။ နင်တို့ဝယ်တဲ့ဆိုင်မှာ ငါတို့မဝယ်ရတာလည်း နင်သိသားနဲ့။ အခု အမေဖျားနေရင်း ချောင်းဆိုးလို့ သောက်နေရတဲ့ ဆေးတောင့်လေးတွေလေ၊ ဘာပါလိမ့် .. အင်ပါဘာဆိုလား .. အဲ .. အဲ့ ... အင်ပစလင်ကျတော့ တစ်တောင့်ကို နှစ်ကျပ်ခွဲ။ ကြီးကြီးမေ ဗိုက်နာရင်သောက်တဲ့ ဆေးပြားဖြူဖြူလေးတွေကျတော့ တစ်လုံးကို ငါးမတ်၊ တစ်ကျပ်ခွဲ၊ ငါက အမေနဲ့အတူ ဆေးဝယ်ရင် လိုက်လိုက်သွားရလို့ သိနေတာ "
ဒိုးဒိုးဒေါက်ဒေါက်ပြောသော ကြည်ကြည်ဝေကို ယမင်းခင်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် ငေးကြည့်နေသည်။
" မောင်လေးနဲ့ ညီမလေးကိုတောင် အမေက ဘားပလက်ရည်မတိုက်တော့ဘူး။ ထမင်းရည်သောက်လည်း အားရှိတာပဲတဲ့။ ထမင်းရည်ထဲမှာ ဗီတာမင်အပြည့်ပါတယ်တဲ့ "
မိငယ်က ဆေးပြားလေးကို အာခေါင်ထဲထည့်ပြီးမှ ရေဘူးထဲကရေကို သောက်လိုက်သည်။ ဆေးလေးက လျှောလျှောလျူလျူမဆင်းသွားဘဲ လည်ချောင်းဝတွင် တစ်နေ၍ လက်နှင့် အသာသပ်ချရသည်။
" သင်္ချာအိမ်စာတွေ လာထပ်ကြပါ "
အတန်းခေါင်းဆောင် စုစုလင်း၏အော်သံနှင့်အတူ ကျောင်းတက်ခေါင်းလောင်းထိုးသံကို ကြားရသည်။ ဆူညံနေရသည့်အထဲတွင် သက်ထားနွယ်က သီချင်းတစ်ပုဒ်ကို အမူအရာနှင့် ဆိုပြနေပြန်သည်။
" မိုးရွာရင် မိုးရေချိုးမယ် ... ဖေဖေလာရင် မိုးရေချိုးမယ် .... မေမေလာရင် မိုးရေချိုးမယ် "တဲ့။ ထို့နောက် " ငါတို့လမ်းထဲက
ကောင်ကလေးတွေ ဆိုနေတာလေ။ ရေမလာတာ သုံးရက်ရှိပြီဟ "ဟု ဆက်ပြောသည်။
" သင်္ချာအိမ်စာတွေ လာထပ်ကြပါ "
စုစုလင်းက အော်ပြန်သည်။ ကြည်ကြည်ဝေက " ထပ်မယ်ဟေ့ .. ထပ်မယ်ဟေ့ "ဟု ပြန်အော်ပြီး မိငယ်၏စာအုပ်ကိုပါ လှမ်းယူသည်။ ထို့နောက် ဆရာမ၏စားပွဲပေါ်က စာအုပ်ပုံတွင် သွားထပ်သည်။ အမှားချင်းတူနေလျှင် ဆရာမသတိမထားမိစေရန်အတွက် တစ်အုပ်ကို အပေါ်ဆုံးတွင်တင်ကာ ကျန်တစ်အုပ်ကို စာအုပ်ပုံ၏အလယ်တွင် ထိုးထည့်နေလေသည်။
" ကြည်ကြည်ဝေက ဘာဖြစ်လို့ စိတ်တိုနေတာလဲဟင် "
" ငါ ဘယ်သိမလဲ "
မိုးဖွဲလေးများက ရုန်တရက်သည်းလာသည်။ မိုးစက်မိုးပေါက်များက မှန်ပြတင်းကို ခပ်ပြင်းပြင်းလေး ရိုက်ခတ်လာသည်။
" မိငယ် "
ယမင်းခင်က ခေါ်ပြန်သည်။
" နင်ကရော ဘာလို့ စိတ်တိုနေတာလဲဟင် "
"ငါ ဘယ်သိမလဲ "
မှန်ချပ်ကိုဖိပြီး ကွဲကြေလွင့်စင်သွားသော မိုးပေါက်များကို ငေးကြည့်ရင်း မိငယ်သည် အနီရောင်ပန်းသီးလေးကို မြင်ယောင်နေလေသည်။
*****
" မေမေ ပန်းသီးတစ်လုံးကို ဘယ်လောက်ပေးရလဲဟင် "
" ချင်းတောင်ပန်းသီးဆိုရင် သုံးလေးကျပ်ပေါ့။ နည်းနည်းကြီးရင်တော့ လေးငါးခြောက်ကျပ် ပေးရတယ်။ အရောင်စိမ်းတယ်လေ "
" မဟုတ်ဘူးမေမေရဲ့။ အလုံးကြီးကြီး၊ အရောင်နီနီ၊ အနံမွှေးမွှေး .... "
" အဲဒါမျိုးဆိုရင်တော့ ဆယ့်လေးငါးခြောက်ကျပ်ပေးရမှာပေါ့။ မေမေ တစ်ခါ တရုတ်တန်းမှာတွေ့တာတော့ စာကပ်ထားတယ်။ ဆယ့်ရှစ်ကျပ်တဲ့ "
" ဟင် .. တော်ပါပြီ "
မိငယ်က ပုခုံးလေးတွန့်လိုက်သည်။ ဆယ့်ရှစ်ကျပ်ဟူသော စာတန်းလေးကို မြင်ယောင်မိတော့ ခေါင်းထဲတွင် တရစ်ဝဲဝဲလှည့်နေသော အနီရောင်ပန်းသီးလေးက ဖြတ်ခနဲ ပျောက်သွားလေသည်။ ပြုတ်ပြီးသားမျှစ်များကို စဥ့်နှီတုံးပေါ်တင်ပြီး တွယ်ချိတ်ကြီးကြီးနှင်
ခြစ်နေသော အမေက မိငယ်ကို စူးစမ်းသလို လှမ်းကြည့်သည်။
" ဘာလဲ သမီး စားချင်လို့လား "
" အလကားရရင်တော့ စားချင်တာပေါ့မေမေရာ။ ဝယ်တော့ မစားချင်ပါဘူး "
ဆယ့်ရှစ်ကျပ်ဆိုသောငွေ နည်းနည်းနောနောမဟုတ်။ မာလကာသီးပွပွချိုချိုကြီးတွေ ဝယ်စားလျှင် အများကြီးရနိုင်သည်။ ဒါမှမဟုတ် သစ်တော်သီး၊ မင်ကွတ်သီး၊ သရက်သီး၊ ငှက်ပျောသီးဆို .. အို ..စားစရာတွေ စုံလို့ ပြည့်လို့။ ဒီလိုတွေးမိတော့လည်း မိငယ် ပျော်သွားသည်။ စိတ်မပါလက်မပါ စားနေသောထမင်းပင်အရသာရှိပြီး စား၍ကောင်းသွားသလိုလိုရှိ၏။
" သမီး ထမင်းစားပြီးရင် အမေ့ကို ပါရာစင်တမောတစ်လုံးနဲ့ ဘာမီတွန်တစ်လုံး ယူလာပေးစမ်း။ နှာတွေစေးပြီး ခေါင်းတွေကိုက်နေလို့ "
" သမီးလည်း ကျောင်းမှာ ခေါင်းတွေအုံနေလို့ ဖျားပြီထင်နေတာ။ ကြည်ကြည်ဝေကဆေးတစ်လုံးပေးလို့ သောက်လိုက်တော့ သက်သာသွားတယ်မေမေ "
" ဖျားတော့ မဖျားလိုက်ပါနဲ့သမီးရယ်။ တော်ကြာရင် ကျောင်းပျက်နေဦးမယ် "
" သမီးကျောင်းပျက်ရင် ယမင်းခင်က ကျောသွားမှာမေမေရဲ့။ နောက်ပြီး အိမ်စာတွေကလည်း တစ်ပတ်တစ်ရက်ကို အများကြီး၊ ဒီနေ့လည်း အများကြီးပေးလိုက်သေးတယ်။ ကျောင်းပျက်ရင် အဲ့စာတွေအားလုံး နောက်ကျသွားမှာ "
မိငယ်က ထမင်းကို လက်စသတ်စားကာ ပန်းကန်ဆေးသည်။ ကျောင်းမပျက်ဘဲနဲ့တောင် ပထမရဖို့ သေချာသည်မဟုတ်။ ယမင်းခင်ကလည်း စတုတ္ထတန်းတွင် ပွဲဦးထွက်ပထမရရန် အကြိတ်အနယ် ကြိုးစားမည်ဖြစ်သည်။
" ဘယ်နှနာရီရှိပြီလဲ သမီး "
" ငါးနာရီခွဲတော့မယ် မေမေ၊ ဖေဖေ ရုံးကပြန်လာကာနီးပြီ "
မိငယ်သည် အိပ်ခန်းထဲ ဝင်ခဲ့သည်။ အိမ်သုံးဆေးပုလင်းတွေ စီ၍တင်ထားသော ကြွက်လျှောက်မှ ပါရာစင်တမောဟုရေးထားသော ပုလင်းလေးကို ယူလိုက်သည်။
ဆေးလေးနှစ်ပြားသာ ကျန်တော့သည်။ ဘာမီတွန်ပုလင်းထဲမှာတော့ တစ်ပြားမှမရှိ။ အရက်ပျံပုလင်းကလည်း ဖင်ကပ်သာကျန်သည်။ ပရုပ်ဆီအနီကတော့ တစ်ဝက်လောက် ရှိသေးသည်။ ဖေဖေဝယ်လာပြီး မိငယ်ကိုတိုက်ဖူးသော ဗစ်တာဇုံ အားဆေးပုလင်းလည်း ပြောင်တလင်းခါနေပြီဖြစ်သည်။
" အမေ့ဆေးတွေကလည်း ကုန်ခါနီးနေပြီ။ ဘာမီတွန်လည်း တစ်ပြားမှ မရှိတော့ဘူး "
" အေးကွယ်။ ဝယ်မယ် .. ဝယ်မယ်နဲ့ ဝယ်ကို မဝယ်ဖြစ်နိုင်ဘူး။ ပေး ..ပေး .. ရှိတာပဲ သောက်လိုက်မယ် "
မေမေက ပါရာစင်တမောတစ်ပြားသောက်ကာ မျှစ်တွေကို ဆက်ပြီး ခြစ်လေသည်။ " ပင်ပန်းလို့ ခေါင်းကိုက်တာပါ။ ခဏနေရင် ပျောက်သွားမှာ "ဟု သူ့ကိုယ်သူ အားပေး၏။
" သမီး ဘာလုပ်ပေးရဦးမလဲ မေမေ "
" မလုပ်နဲ့ သမီး .. သွား .. သွား .. စာကျက်ချေတော့ "
" သင်္ချာတွေ အရင်တွက်လိုက်ဦးမယ်။ ပြီးမှ စာကျက်မယ် "
မိငယ်တွင် စာကြည့်စားပွဲ သတ်သတ်မရှိပေ။ ဖေဖေက လေးဆယ်နှင့်ဝယ်ပေးထားသော ဗေဒင်ဆရာခုံကလေးကို စာကြည့်စားပွဲအဖြစ် သုံးရသည်။ ခုံကလေးကို ကျရာနေရာတွင် ချပြီး ကျက်လို့တွက်လို့ရသဖြင့် မိငယ် ပိုပြီးသဘောကျသည်။ ယခုလည်း ခုံကလေးကို မီးဖိုချောင်သို့ သယ်လာသည်။ မေမေ့ဘေးတွင်ပင် ထိုင်ပြီး အိမ်စာလုပ်ချင်သည်။
" မိုးတွေ မည်းလာတယ် သမီး။ မမှောင်ဘူးလား၊ မီးဖွင့်ပြီး လုပ်လေ "
မိငယ်က မီးခလုတ်ကို ထဖွင့်သည်။ ဂျောက်ခနဲအသံသာ ကြားရသည်။ မီးက လင်းမလာ။
" ဟင် .. မေမေ .. မီးလည်း မလာဘူး။ ပျက်ပြန်ပြီထင်တယ် "
" မထင်နဲ့ မမရဲ့။ ပျက်ကိုပျက်တာပါ "
" ဒုက္ခပဲ၊ အိမ်စာတွေက အများကြီး "
မိငယ်သည် စားပွဲလေးကို ပြတင်ပေါက်နားသို့ ကပျာကရာရွှေ့လိုက်သည်။ ရှိသမျှ ကျန်သမျှ အလင်းရောင်ကလေးနှင့် အိမ်စာပေးလိုက်သော သင်္ချာတွေကို အပြီးတွက်နိုင်ရန် ကြိုးစားရမည်။
" စောစောစီးစီးက မီးဖွင့်ကြည့်မိရင် ကောင်းမှာ။ ဟယ်
အခါတိုင်းလို ကျောင်းကပြန်ရောက်ရောက်ချင်း အိမ်စာတွေလုပ်မိရင်လည်း တော်သေးတယ်။ အခုတော့ အသုံးမကျတဲ့ ပန်းသီးစုတ်အကြောင်း ထိုင်တွေးနေမိလို့ အလကားနေရင်း အချိန်တွေ ကုန်သွားတာ "
မိငယ်သည် သူ့ကိုယ်သူ အပြစ်တင်နေသည်။ အလင်းရောင်ကလည်း လိုချင်ပါသည်ဆိုမှ ချက်ချင်းလိုလိုပင် မှောင်ကျသွားသည်။ မိုးသားတွေကလည်း အုံ့ပြီး မည်းတက်လာလေသည်။ မိုးကြီးသည်းသည်း ရွာတော့မည်ထင်သည်။
******
" ဟဲ့ သမီး မှောင်ကြီးထဲမှာ စာလုပ်နေသလား။ မီးမထွန်းဘူးလား "
ဖေဖေက မိငယ်ဘေးတွင် လာရပ်သည်။ စာထဲတွင် ဇောကပ်နေသဖြင့် ဖေဖေပြန်ရောက်လာသည်ကိုပင် မသိလိုက်ချေ။
" မီးမလာဘူး ဖေဖေ "
မိငယ်က အားကိုးတကြီးပြောသော်လည်း ဖေဖေက ဘာမှလုပ်တတ်ဟန်မတူ။ သက်ပြင်းကိုသာ သဲ့သဲ့ချသည်။ မေမေကတော့ နို့မှုန့်ဘူးအလွတ်ပေါ်တွင် ဖယောင်းတိုင်လေးတစ်တိုင်စိုက်ကာ မိငယ်၏ဘေးတွင် လာချပေးသည်။
" ရေနံဆီမီးအိမ်လေး လုပ်ပါလားကွာ "
ဖေဖေကပြောတော့ မေမေက မသိမသာ မျက်စောင်းထိုးသည်။
" ရေနံဆီမှ မရှိတာကိုကွယ်၊ သိရဲ့သားနဲ့ "
" ဒီလိုဆိုလည်း ဖယောင်းတိုင် နှစ်တိုင်ပူးလေး ထွန်းပေးလိုက်ပါလား "
" အိမ်မှာရှိတာမှ သုံးတိုင်ရယ်၊ မီးက ဘယ်အချိန်ထိ ပျက်မယ်မသိဘူး "
မေမေ့အသံက ပျော့နေသည်။ ဖေဖေကတော့ စိတ်တိုလာပုံရသည်။
" မီးပျက်တာလည်း သိသားနဲ့။ ဖယောင်းတိုင်ကို ပိုပိုမိုမိုလေး ဝယ်ထားပါလားကွ "
" ဩော် .. ပြောတော့ လွယ်လိုက်တာ။ ဖယောင်းတိုင်တစ်တိုင် ဘယ်လောက်ပေးရသလဲ၊ ရှင်သိသလား၊ လကုန်ရက်ရှင့် "
ဒီတစ်ခါတော့ မေမေ့အသံက ဆတ်ပြီးမာလာသည်။ ဖေဖေလည်း ငြိမ်သွားသည်။ မိငယ်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်။ ဝါကျင့်ကျင့် အလင်းရောင်မှိန်မှိန်လေးထဲဝယ် စာကို အရကျက်ရန် ကြိုးစားသည်။
" မျက်လုံးသည် မည်မျှအံ့ဖွယ်ကောင်းကြောင်းကို သင် သိပါသလား။ မျက်လုံးသည် ကိုယ်ခန္ဓာ၏ အနုနယ်ဆုံး၊ အလုပ်အများဆုံး အင်္ဂါစုဖြစ်သည်။ ထို့ကြောင့် မျက်လုံးကို ဘေးမဖြစ်စေရန် ကာကွယ်ရမည်။ "
မိငယ်သည် သူ၏အကျင့်အတိုင်း ကိုယ်ကို ရှေ့တိုးနောက်ငင် ယိမ်းရင်း အသံထွက်၍ကျက်၏။
" မျက်လုံးသည် မာကျောနေသော အရိုးများကာထားသည့် ချိုင့်ထဲတွင် ရှိသည်။ မျက်ခွံ၊ မျက်တောင်မွှေးတို့က ရှေ့မှ ကာကွယ်ထား၏။ "
အလင်းရောင်က မှိန်တော့ အတော်အားစိုက်ပြီး ဖတ်ရသည်။ " ဖယောင်းတိုင်လေးက ခဏနေရင် ကုန်တော့မယ်။ ကျက်စရာတွေက အများကြီးကျန်သေးတယ်။ စာမရရင်တော့ ဒုက္ခပဲ။ ယမင်းခင်ကတော့ အားလုံးကျက်လို့ ရလာမှာ "ဟု တွေးမိပြီး ရင်ထဲတွင် ပူလာသည်။
" မီးပျက်လို့ စာမကျက်ခဲ့ရဘူး "ဟု ပြောလျှင် ယမင်းခင်က " မီးပျက်ရင် မီးစက်မဖွင့်ဘူးလား၊ ဒါမှမဟုတ် ဘက်ထရီမီးချောင်း ထွန်းလည်းရသားနဲ့ "ဟု ပြောမည်ကိုလည်း ကြိုတင်ပြီး ကြားယောင်နေသည်။ ဖေဖေနဲ့မေမေက ဖယောင်း တိုင်လေးတစ်တိုင်ကို စာပွဲဝိုင်းလေးအလယ်တွင် စိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ထမင်းစားနေကြသည်။ မိငယ် စာကျက်၍မပြီးခင် ဖယောင်းတိုင်လေး ကုန်သွားသည်။
မိငယ်သည် စာကြည့်ခုံလေးပေါ်တွင် လက်ထောက်ရင်း တိတ်တိတ်ကလေးထိုင်နေသည်။ မျက်ရည်ကို တိတ်တိတ်ကလေးသုတ်ကာ နှာရည်ကို တိတ်တိတ်ကလေး ညှစ်သည်။
" ဟဲ့ သမီး ငိုနေလား "
မေမေက မေးတော့ " မငိုပါဘူး မေမေရဲ့ "ဟု ငိုသံကလေးနှင့် ဖြေလေသည်။
----------
မစန္ဒာ
မဟေသီ၊ ဩဂုတ်လ၊ ၁၉၈၆။
December ,07,2017
[ တမာသားလေးမှတ်စုဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]

No comments:
Post a Comment