#အဖော်_အထီးကျန်တိတ်ဆိတ်မှုနှင့်_အနုပညာ
#ဂျူး
စာရေးဆရာတွေနှင့် ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးအချိန်သည် သူတို့ အောင်မြင်ကျော်ကြားချိန်မဟုတ်။ သူတို့ ကျဆုံးခါနီးပြီ…ဟု ဝေဖန်ခံနေရချိန်၊ သူတို့ ဖန်တီးသမျှ အနုပညာတွေကို လူတွေမကြိုက်နိုင်သည့် အချိန်ပဲဖြစ်သည်။ အနည်းဆုံး ကျွန်မတစ်ဦးတည်းအမြင်ပေါ့လေ။ အဲသည်အချိန်မျိုးမှာရှိသည့် စာရေးဆရာ၊ အနုပညာ ရှင်၏ စိတ်ကို ကျွန်မ စိတ်ဝင်စားပါသည်။
ဗာဂျီးနီးယားဝုလ်ဖ် (Virginia Woolf ) ဆိုပါတော့။ ဗာဂျီးနီးယားဝုလ်ဖ်ကို ကျွန်မကြိုက်သည်။ To The Light House မှစပြီး သူ့ဝတ္ထုတွေကို ဖတ်ဖူးသည်။ The Waves အထိ ဆိုပါတော့။ ကြိုက်တာတွေလည်းပါ၊ မကြိုက်တာတွေလည်း ပါပါသည်။ ဗာဂျီးနီးယားဝုလ်ဖ်ကို ကျွန်မစိတ်ဝင်စားသည်။ သို့သော် ကျွန်မ စိတ်အဝင်စားဆုံး သူ့အချိန်မှာ ထို ကျွန်မ ကြိုက်သောစာတွေကို သူရေးနေချိန်မဟုတ်၊ မြစ်ဆီသို့ သွားနေချိန်ဖြစ်သည်။ အဲသည်အချိန်မှာ သူဘာတွေ တွေးနေခဲ့သလဲ။ ဘယ်လိုအတွေးမျိုးက ဆွဲခေါ်လို့ အဲသည်ကို သူသွားခဲ့တာလဲ။ အဲသည်အချိန်မှာ ဘဝကို သူဘယ်လို သုံးသပ်လိုက်ပါသလဲ။ လူတွေကို ဘယ်လို သုံးသပ်လိုက်ပါသလဲ။
သူ့စိတ်ကို ကျွန်မစိတ်ဝင်စားသည့်အတွက် သူ့နေ့စဉ် မှတ်တမ်းစာအုပ်ကို ကျွန်မဝယ်ခဲ့သည်။ သူ့အတွေးတွေကို သိချင်လို့ဖြစ်သည်။ ယခုထိတော့ စာအုပ်ကိုလည်း ဖတ်ရှုဆဲမို့ ကျွန်မသိချင်သော အကြောင်းအရာများဆီသို့ ထို စာအုပ်က ညွှန်ပြခေါ်ဆောင် မသွားနိုင်ခဲ့သေးပါ။ သို့သော် ကျွန်မ သိသလိုလိုရှိတာက Virginia Woolf ကို မြစ်ထဲဆီသို့ ခေါ်ဆောင်သွားသောအရာများအနက် Solitude (တစ်ကိုယ်တည်းနေထိုင်မှု) ကို နှစ်သက်သည့်စိတ် အခြေအနေ ပါဝင် နေပါလိမ့်မည်။
ဟင်နရီသော်ရိုးကို ဝေါ်လ်ဒင်ရေကန်ဆီမှာ နေထိုင်ဖြစ်အောင် ဆွဲဆောင်ခဲ့သောအရာမှာ Solitude ကို မြတ်နိုးစိတ်လည်း ပါဝင်နေခဲ့သည်။ တစ်ခုပဲကွာ၏။ ဟင်နရီသော်ရိုးသည် ဝေါ်လ်ဒင်ရေကန်မှာ နှစ်နှစ်ခန့်သာ နေထိုင်ခဲ့ပြီး လူမှုဝန်းကျင်ဆီသို့ ပြန်လာခဲ့၏။ ဗာဂျီးနီးယားဝုလ်ဖ်ကတော့ မြစ်ထဲမှ လုံးဝပြန်မလာခဲ့တော့ပေ။ အမှန်တရားကို ရှာဖွေဖို့ သွားခဲ့သည် ဆိုလျှင် ထိုမြစ်ထဲတွင် သူရှာသောအရာကို တွေ့သွားလို့ ပဲဖြစ်ရမည်။ (ဒါမှမဟုတ် မတွေ့နိုင်တော့ပါဘူးဟု သေချာသွားလို့လည်း ဖြစ်နိုင်ပါသည်။)
ဟင်နရီမီးလား (Henry Miller) ကတော့ သူစာဖတ်လျှင် တောအုပ်ထဲသွားပြီး တမေ့တမော ထိုင်ဖတ်နေရသည့် အရသာကို စွဲလမ်းခဲ့သည်ဟု ဆိုပါသည်။ ကံကောင်းလျှင် အဲသည်တောအုပ်ထဲမှာ စမ်းချောင်းကလေး ရှိချင်ရှိမှာပေါတဲ့။ အဲဒါတစ်ကိုယ်တည်း တိတ်ဆိတ်စွာနေလိုမှုကြောင့်ပဲ ဖြစ်နိုင်ပါသည်။ ကျွန်မတို့ဘဝကတော့ ဟင်နရီမီလားလို ကံမကောင်းခဲ့ပါ။ ကျွန်မတို့သည် အခန်းကျဉ်းကျဉ်းကလေးမှာပဲ စာဖတ်ခဲ့ကြရ၏။ (ဟင်နရီမီးလားနှင့်တူသည့် စိတ်တစ်ခု ကျွန်မမှာရှိသည်။ အိမ်သာထဲမှာ စာဖတ်လို့မရသည့် စိတ်ဖြစ်သည်။ ရယ်စရာကောင်းအောင်ပင် အိမ်သာအမျိုးမျိုးကို ကျွန်မ ကြုံဖူးပါသည်။ ဘယ်အိမ်သာမှာမှ စာဖတ်လို့ မရခဲ့ပါ။ မွှေးပျံ့သန့်ရှင်းပြီး ပန်းစိုက်အိုးကလေးတွေ၊ ပန်းချီ ကားလေးတွေ၊ စာအုပ်စင်ပုပုကလေးတွေ ထားသည့် အိမ်သာမျိုးမှာပင် ကျွန်မ စာဖတ်လို့မရပါ။) သည်တော့ ကျွန်မတို့သည် လူတွေနှင့်ရောရင်း နေရင်းထိုင်ရင်းပဲ စာတွေဖတ်ခဲ့ကြ။ အတွေးတွေ တွေးခဲ့ကြ။ စာတွေရေးခဲ့ကြရသည်။
စာရေးဆရာတွေ အနုပညာသမားတွေသည် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ တစ်ကိုယ်တည်း ဖြစ်တည်နေထိုင်လိုမှု (Solitude) ကို တစ်ချိန်မဟုတ်တစ်ချိန် လိုအပ်ကြသည်။ ဒါကို အနုပညာသမားတိုင်း ရင်ဆိုင်ဖြတ်သန်းဖူးကြသည်။ ကျွန်မလည်း ဖြတ်သန်းဖူးသည်။ သို့သော် ထိုတစ်ကိုယ်တည်း ဖြစ်တည်နေထိုင်မှု (Solitude) ကို ကျွန်မတို့ ဘယ်အတိုင်းအတာအထိ လိုအပ်ကြသလဲ။ အဲဒါက နည်းနည်းဦးနှောက်ခြောက်စရာ မေးခွန်းတစ်ခုဖြစ်သည်။ စာရေးဆရာတွေ အနုပညာသမားတွေကို အနုပညာဈာန် ဝင်စားအောင် ဆွဲခေါ်သွားတာ အဲသည် Solitude ပဲ။ အနုပညာသမားတွေ သေခြင်းတရားကို ရွေးချယ်ခြေလှမ်း လှမ်းဖြစ်အောင် ညှို့ယူခဲ့တာလည်း အဲသည် Solitude ပါပဲ။
ကျွန်မတို့ အချစ်ကြီးချစ်ခဲ့ကြသည့် ဆရာမြို့မငြိမ်းကို ချစ်ခင်သူတွေထံမှ ဝေးရာသို့ ခေါ်ဆောင်သွားခဲ့တာ အဲသည် Solitude ပဲ ဖြစ်သည်။ မြို့မငြိမ်း အတန်ကြာအောင် ထိုင်နေခဲ့သည့် သစ်ပင်ရိပ်သည် တော်တော်အေးချမ်း ငြိမ်သက်ခဲ့လိမ့်မည် ထင်သည်။ အဲသည် သစ်ပင်ရိပ်မှာ သူဘာတွေ တွေးနေခဲ့သလဲ။ ‘မပြီးသေးသော ပန်းချီကား’ အကြောင်းလား။ သို့မဟုတ် နောက်ထပ် ရေးနေဆဲ (စိတ်ကူးဖြင့်) သီချင်းတစ်ပုဒ်အကြောင်းလား သို့မဟုတ် သီချင်းတွေ ဂီတတွေနှင့် ဘာမှမဆိုင်သည့် နာကျင်မှုတစ်ခု အကြောင်းလား။ ဒါကိုတော့ ကာယကံရှင်ကသာ သိနိုင်ခဲ့ပေလိမ့်မည်။
စာရေးဆရာတွေ အနုပညာသမားတွေမှာ တစ်ခါတစ်ရံ Solitude လိုအပ်သည့်နည်းတူ တစ်ခါတစ်ရံ အဖော်လိုအပ်သည်။ နာကျင်မှုတွေကို မျှဝေခံစားဖို့၊ စိတ်ဒဏ်ရာတွေကို ကုသဖို့၊ အလင်းရောင် ပျောက်နေသည့်အခါ အလင်းရောင်ဆီ လမ်းညွှန်ဖို့။ သို့ပေမယ့် အဲသည်အဖော်ဟာ ထာဝရကြင်ဖော် အိမ်ထောင်ဖက်ဖြစ်ဖို့ လိုချင်မှ လိုပေလိမ့်မည်။ စာရေးဆရာညီမ တစ်ယောက်က ကျွန်မကို ပြောဖူးသည်။ ‘ငါ့ယောကျာ်းဟာ ငါ့အတွက် အဖော်မဖြစ်ဘူး’ တဲ့။ ထိုစကားကို သူ့ယောကျာ်းသိလျှင် စိတ်တိုကောင်း တိုမိလိမ့်မည်။ ကျွန်မကတော့ နားလည်သည်။ စာရေးဆရာတစ်ယောက် အတွက် အဖော်ဖြစ်ဖို့ လူတစ်ယောက်မှာရှိရမည့် အရည်အချင်း များများမလိုပါ။ အတ္တစွဲကင်းသူ ဖြစ်ရမည်။ ကိုယ်ချင်းစာတရားနှင့် သဘောထား ပြည့်ဝသူဖြစ်ရမည်။ ဒါလောက်ပါပဲ။ အဲသည်လောက်မျှသော အရည်အချင်းကလေးနှင့် ပြည့်စုံသူကိုပင် သူ့ဘဝမှာ မရခဲ့နိုင်ဖူးဆိုလျှင် သူတော်တော်ကံဆိုးလို့ပဲ။ တကယ်တော့ စာရေးဆရာ တစ်ယောက်မှာ အဖော်ဆိုတာလည်း များများမလိုပါ။ သုံးယောက်၊ လေးယောက် ကျွန်မမှာတော့ တကယ့်အဖော် သုံးလေးယောက် လောက်ရှိသည်။ တော်ပြီပေါ့။
Solitudeကို လိုအပ်သည့်အချိန်မှာ ဟင်နရီမီးလားလို သစ်တောထဲမသွားနိုင်သူ ကျွန်မသည် အခန်းကျဉ်း ကလေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပြီး စာတွေဖတ်ရ၊ စာတွေရေးရသည်။ ကျွန်မကို တစ်ကိုယ်တည်း ငြိမ်သက်တိတ်ဆိတ်မှုဆီ ပို့ပေးသောနေရာမှာ ကိုယ်ပိုင်အခန်း ကျဉ်းကျဉ်းလေး၊ စာအုပ်ဘီရိုများနှင့်အတူ ဂီတလည်း ပါဝင်သည်။ ဂီတသည် ကျွန်မအား သီးသန့်ဖြစ်တည်မှုတစ်မျိုးကို ပေးခဲ့၏။ ဘာကြောင့်လဲဆိုတော့ ဂီတသည် စိတ်ဖြင့် ခရီးသွားရသည့် ယာဉ်တစ်ခုဖြစ်သလို စိတ်ဖြင့် ရောက်နိုင်သည့် စိမ်းလန်းသော တောအုပ်တစ်ခုလည်းဖြစ်၊ ငြိမ်သက်ကျယ်ပြန့်သည့် ကန်ရေပြင်တစ်ခုလည်းဖြစ်၊ တရွေ့ရွေ့သွားနိုင်သည့် တိမ်တိုက်တစ်ခုလည်းဖြစ် ကျွန်မသွားချင်သည့် နေရာကို အရောက် ပို့ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဗာဂျီးနီးယားဝုလ်ဖ် သွားခဲ့သောရေကန်ကို ကျွန်မ သွားစရာ မလိုနိုင်ဘူးဟု မျှော်လင့်ရပါသည်။
တစ်နေ့တုန်းက ကျွန်မ စာအုပ်တစ်အုပ် ဖတ်ခဲ့၏။ Charles Ruas ၏ စာရေးဆရာများနှင့် အင်တာဗျုးများကို စုပေါင်းထုတ်ဝေထားသော Conversations with American Writers ဖြစ်သည်။
ထိုစာအုပ်ထဲတွင် Charles Ruas အင်တာဗျူး လုပ်ခဲ့သည့် စာရေးဆရာ ဆယ်ယောက်ကျော်၏။ Norman Mailer, Paul Theroux, Toni Morrison, Susan Sontag, Truman Capote, Tennessee Williams စသူတို့ဖြစ်၏။ စာအုပ်ကို ငှားလာလာချင်း ကျွန်မ အကြမ်းဖျဉ်း လှန်လှောဖတ်ရှုပြီးနောက် ပထမဦးဆုံး စာရေးဆရာအဖြစ် တင်နက်ဆီဝီလျမ်(စ်) ကို ရွေးချယ်ပြီး ကျွန်မ ဖတ်လိုက်မိသည်။
ဘာကြောင့်လဲဆိုတော့ တင်နက်ဆီဝီလျမ်(စ်)ကို အင်တာဗျူး လုပ်ချိန်သည် သူ တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားနေချိန် မဟုတ်ဘဲ ဝေဖန်ရေးဆရာတွေက သူ့ပြဇာတ်များကို အကြီးအကျယ် တိုက်ခိုက်ရှုံ့ချနေချိန်မို့ ဖြစ်သည်။ ထို အင်တာဗျူးကို တင်နက်ဆီဝီလျမ်(စ်) သည် စိတ်ဝင်စားစွာ၊ အာရုံစူးစိုက်စွာ ပြုံးရွှင်စွာ ဖြေဆိုခဲ့သည် ဟုဆိုပါသည်။
သူ့ပြဇာတ် တစ်ပုဒ် In the Bar of a Tokyo Hotel (1969) တွင် သူရေးဖွဲ့ခဲ့သော ဇာတ်ကောင်သည် ကမ္ဘာကျော် ပန်းချီဆရာကြီး Jackson Pollock ကို ကိုယ်စားပြုရေးသားပါသည်ဟု သိလိုက်ရသောအခါ ကျွန်မ အံ့ဩသွားပါသည်။
ဂျက်ဆန်ပေါ့လော့(က်)သည် အသက် ၄၄ နှစ်အရွယ်တွင် ကားအက်ဆီးဒင့်ဖြင့် သေဆုံးသွားခဲ့သည်။ သို့မဟုတ် သူ့ဘဝသူ အဆုံးသတ်သွားသည်ဟု ပြောနိုင်မလား မသိပါ။ ထိုအချိန်မှာ ဂျက်ဆန်ပေါ့လော့(က်) သည် Solitude အခြေအနေတွင် ရှိနေခဲ့သည် မဟုတ်။ သူ့အိမ်မှာ ကလေးမတစ်ယောက် အတူရှိနေခဲ့သည်။ ဂျက်ဆန် ပေါ့လော့(က်)ကို သစ်ပင်ဆီ သွေးရူးသွေးတန်း ကားမောင်းသွားအောင် ဆွဲခေါ်သည့် တွန်းပို့မှုတစ်မျိုးကို တင်နက်ဆီ ဝီလျမ်(စ်)၏ ဘဝမှာလည်း ကြုံခဲ့ဖူးသည် ဟုဆိုပါသည်။ အံ့သြစရာကောင်းသည်မှာ ထိုတွန်းအားသည် သူ့ပြဇာတ်များ မအောင်မြင်တော့ဘူးဟု ဝေဖန်ရေးဆရာတွေ ဆုံးဖြတ်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ခဲ့။ အီတလီမှာ သူခဏနေထိုင် စာရေးနေစဉ် သူ့ချစ်သူတစ်ယောက်နှင့် ရန်ဖြစ်ပြီးသည့်အခါ သူ့အပေါ် ကျရောက်လာသော တွန်းအားဖြစ်သည်ဟု ဆိုပါသည်။
ဒါဖြင့် တင်နက်ဆီဝီလျမ်(စ်)အား သေမင်းဆီသို့ တွန်းပို့လုဆဲဆဲ ဖြစ်ခဲ့သော တွန်းအားသည် အဖော်မမည်သော အဖော်ကြောင့်ဖြစ်သည်ဟု ကျွန်မ ကောက်ချက်ချနိုင်မလား မသိပါ။ ထိုကောက်ချက်ကို ဂျက်ဆန်ပေါ့လော့(က်) ဆီသို့လည်း ဆွဲယူသွားနိုင်မလား မသိပါ။ မြို့မငြိမ်းကို သစ်ပင်အရိပ် အာဝါသအောက်မှ မော်တော်ကားဆီသို့ ပို့ပေးလိုက်သော တွန်းအားက ဘာပါလိမ့်။ ကျွန်မ သိချင်သည်။
ကျွန်မမှာ တစ်ကိုယ်တည်း ဖြစ်တည်နေထိုင်မှု Solitude လိုအပ်သောအချိန်တွေ အများကြီးရှိသည်။ အဲသည်လိုပဲ တစ်စုံတစ်ယောက်အား ဖွင့်ချရမည့်စိတ် ခံစားချက်တွေ စကားတွေနှင့် အဖော်လိုသည့်အချိန်တွေလည်း ရှိခဲ့သည်။ လိုအပ်သည့်အချိန်မှာ လိုအပ်တာကိုရနေသူသည် ဘဝပေးကုသိုလ်ကောင်းနေသူဟုဆိုလျှင် ကျွန်မတော်တော် ကုသိုလ် ကောင်းသည်ဟု ဆိုရမည်။ ကျွန်မဘဝမှာ ရှိခဲ့သည့် အရေအတွက် အလွန်နည်းပါးသော အဖော်သုံးလေးယောက်သည် ကျွန်မ၏ပျော်ရွှင်မှုကို ကူးစက်စွာ မျှဝေခံစားပေးခဲ့သလို ကျွန်မ၏ နာကျင်မှုကိုလည်း စုပ်ယူကာ မျှဝေခံစားပေးခဲ့ကြ သည်။ အဲသည်အဖော်တွေထဲမှာ ကျွန်မ၏ ညီမအရင်းလည်း ပါဝင်နေခဲ့သည်ဆိုတော့ ပို၍ပင် ကုသိုလ်ကောင်းသည်ဟု ပြောရပါလိမ့်မည်။
တင်နက်ဆီဝီလျမ်(စ်) သည် နောက်ဆုံးအချိန် သူလိုအပ်သော အဖော်ကို ရခဲ့လေသလား၊ သူ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ညတွင် အိမ်ခန်းထဲမှာ သေဆုံးသွားခဲ့သည်။ လည်ပင်းညှစ်ပြီး သေဆုံးသွားရခြင်း (strangulation) ဟု ဆိုပါသည်။ တင်နက်ဆီဝီလျမ်(စ်) သည် သူ့ပြဇာတ်များကို နောက်ပိုင်းမှာ ပြောင်းလဲယူခဲ့သည်။
သူ့မှာ ပြောစရာတွေ အများကြီးရှိ၏။ ထိုပြောစရာများကို သူရေးဖွဲ့နေကျ ပုံမှန်ပြဇာတ် (လူကြိုက်အလွန်များသော ပြဇာတ်များ) ဟန်ဖြင့် ပြော၍ မလုံလောက်ဟု သူခံစားရသည်။ ထို့ကြောင့် ၁၉၆၅-၇၀ ပတ်ဝန်းကျင်မှစ၍ Monologue စကားပြောများကို ဦးစားပေးသည့် ပြဇာတ်များကို ရေးလာခဲ့သည်။ Dramatic Reading အဖြစ်ဖတ်၍ အလွန်လှပ ခမ်းနားသည့် ပြဇာတ်များ ဖြစ်သည်။ သို့သော် စင်ပေါ်မှာ ကပြတင်ဆက်သည့်အခါ ပရိသတ်လုံးဝ မကြိုက်ခဲ့ပေ။
သူ့နောက်ဆုံးနှစ်များ ၁၅ နှစ်ခန့်သည် သူ့ဘဝမှာ ဆန့်ကျင်ဘက်များ ကြီးစိုးသော နှစ်အပိုင်းအခြားဖြစ်သည်။ တစ်ဘက်မှာ သူ့ပြဇာတ်အဟောင်းများကို ကမ္ဘာအနှံ့က ပြဇာတ်ရုံကြီးတွေမှာ အောင်မြင်စွာ ကပြတင်ဆက်နေချိန်၊ ပရိသတ် ကျေနပ်အားရစွာ ကြည့်ရှုနေချိန်။ တခြားဘက်မှာတော့ သူနောက်ရေးသည့် ပြဇာတ်များစင်ပေါ်တွင် ကျရှုံးနေချိန် ဖြစ်သည်။ တချို့က ပြောကြသည်။ သူ့နောက်ပိုင်းပြဇာတ်များတွင် သူ့အမြင်တွေ ပြောင်းကုန်သောကြောင့်ဖြစ်သည်တဲ့။ တချို့က ပြောကြသည်။ သူ့နောက်ပိုင်းပြဇာတ်များကို သူက အရက်နဲ့ မူးယစ်ဆေးဝါး လွှမ်းမိုးမှုအောက်မှာ ရေးခဲ့လို့ဖြစ်သည်တဲ့။ ဘာပဲဖြစ်ဖြစ် သူသည် သူ့အား သေခြင်းတရားစီ တွန်းပို့ခဲ့သည့် တွန်းအားတစ်ခုကို အခါ အားလျော်စွာ ရင်ဆိုင်နေခဲ့ရတာတော့ သေချာသည်။ အဲသည်အရာသည် Solitude ဖြစ်သလား၊ အဖော်မမည်သည့် အဖော်ဖြစ်ခဲ့သလား၊ ဒါကိုတော့ ကျွန်မတို့ မပြောနိုင်တော့ပေ။
သေချာသည်က သူသည် ၁၉၃၂ ခုနှစ်တုန်းက သင်္ဘောပေါ်မှ ခုန်ချခဲ့သော အနုပညာရှင် (သူ့ကဗျာအရေးအသားကို သြဇာသက်ရောက်မှုအများဆုံး ပေးနိုင်ခဲ့သူ) Hart Crane ကို သူစွဲလမ်းခဲ့သည်။ သူသေလျှင် Hart Crane ခုန်ချသွား ခဲ့သည့် ပင်လယ်ပြင်တွင် (ထိုနေရာနှင့် အနီးဆုံးနေရာ) သင်္ဂြိုဟ်စေလိုကြောင်း သေတမ်းစာရေးခဲ့သည်။
အနုပညာသမားတွေသည် နားလည်ရတော်တော် ခက်သည်ဟု ကျွန်မတဖြည်းဖြည်း သဘောပေါက်လာခဲ့၏။ ကျွန်မဘဝမှာ ကျွန်မကို တစ်လှည့်စီ ဆွဲဆောင်နေသော အရာများမှာ အထီးကျန်နေလိုမှုနှင့် မျှဝေခံစားမည့်အဖော် လိုအပ်မှု ထိုအရာများ ဖြစ်ကြသည်။ ဘယ်အရာက ပို၍အင်အားကြီးသလဲ . . . ကျွန်မ သေသေချာချာ တွေးကြည့်ချင်ပါ သည်။ ထို့အတူ ဘယ်အနုပညာသမားအတွက် ဘာကပိုအင်အားကြီးသလဲဟုလည်း သိချင်နေသည်။ သိခွင့်မရနိုင်ဘူးဆိုလျှင်လည်း ဒါ . . . အံ့သြစရာတော့ မဟုတ်။
ကျွန်မတို့သည် ကျွန်မတို့ကိုယ်တိုင်၏ ဖြစ်တည်မှုဆိုတာကို ဘာမှန်းမသိဘဲ လောကမှ ပျောက်ကွယ်ကုန်ကြရ သည်ပဲ မဟုတ်လား။
-------------
ဂျူး
(၂၀၀၀- ခုနှစ်)
(၂ဝဝ၇ခု၊ သြဂုတ်လ၊ ကလျာမဂ္ဂဇင်း)
ချင်းတွင်းမဂ္ဂဇင်း အမှတ် (၈၄)
သာလာယံဝက်ဘ်ဆိုဒ်မှ ကူးယူပါသည်။ ဝက်ဘ်ဆိုဒ်အား ကျေးဇူးတင်ပါသည်။

No comments:
Post a Comment