လှ၍ မလှသူနှင့် မလှ၍ လှသူ
( ဇာတ်သိမ်း)
#မစန္ဒာ
“ဒုန်း”
အိအိခင်က တံခါးကို အသံမြည်အောင် ဆောင့်၍ ဖွင့်လိုက်သည်။ ထို့နောက် သူ စိတ်ကောက်လျှင် ပြုနေကျအတိုင်း ဖိနပ်ကို ကန်၍ ချွတ်လိုက်သည်။
“အိခင် စိတ်ကောက်လာ ပြန်ပြီလား”
“ထုံးစံ အတိုင်းပေါ့ ခင်ဗျာ”
“သူကတော့ အခုထိကို ကလေးစိတ် မပျောက်သေးဘူး မောင်စိုးနိုင်ရေ”
ရုပ်ပြ ဖတ်နေသော အပျိုကြီး နှစ်ဦးက သူတို့ တူမကို ချစ်စနိုးနှင့် ပြုံး၍ ကြည့်လေသည်။ ထိုအခါကျမှ အိအိခင်က ပိုကဲလာသည်။ နှုတ်ခမ်း ပိုစူပြီး မျက်မှောင် ပို၍ ကျုတ်လာသည်။ ခြေထောက်ကို အသံမြည်အောင် ဆောင့်နင်းရင်း အခန်းထဲ ဝင်သွားသည်။
“ဘာဖြစ် လာလို့လဲ”
“ဒေါက်တာ အောင်ညွှန့် ကတော်ကို သူ့ထက် ပိုငယ်မယ် ထင်တယ်လို့ ပြောလိုက်မိလို့ပါ ခင်ဗျာ”
အိအိခင် ကန်၍ ချွတ်သွားသဖြင့် ကျွမ်းထိုးမှောက်ခုန် ဖြစ်နေသော ဖိနပ်လေး နှစ်ဘက်ကို ကြည့်ရင်း သူက ခပ်ငေါ့ငေါ့ ဖြေမိသည်။ “ဪ ... ဒီကောင်မလေး ဟာလေ တကယ့်ကို ကလေးဆန်တယ်။ ဒါကြောင့် အန်တီတို့က စိတ်မချတာ” ဟူသော ရွတ်နေကျ ဂါထာကို ရွတ်သံ ကြားရသည်။
အိအိခင်၏ အထိန်းတော် ဖြစ်သော အဒေါ် အပျိုကြီး နှစ်ဦးသည် အိအိခင်ကို သဲသဲလှုပ်အောင် ချစ်ကြလေသည်။ အိအိခင် အပျိုဘဝကမူ “ဒီ တူမလေး အိမ်ထောင်ရက်သား ကျပြီး အတည်တကျ ဖြစ်ပြီးရင် အန်တီတို့ နှစ်ယောက်လည်း စစ်ကိုင်းချောင် သွားပြီး တရားအားထုတ် ကြတော့မလို့” ဟူသော စကားကို တွင်တွင်ပြော လေသည်။ “ဒီတူမလေး သံယောဇဉ်နဲ့ သူ့အဒေါ် နှစ်ယောက်လဲ ဥပုသ်တောင် ဖြောင့်အောင် စောင့်နိုင်တာ မဟုတ်ဘူး။ အဒေါ်တွေ ကလည်း သဲသဲ၊ တူမကလည်း ကဲကဲ” ဟု အိအိခင်၏ အမေက ပြောခဲ့ဖူးသည်။
“သဲတာကတော့ ပြောမနေနဲ့၊ ခုထက်ထိပဲ။ ကြည့်ပါလား ကြီးတောင်ကြီးမား အရွယ်ကြီးနဲ့ အားတိုင်း စိတ်ကောက်နေတာ၊ ကလေးလေးလိုပဲ ဆိုတာကိုသာ ထပ်တလဲလဲ ရွတ်နေတော့တာပဲ။ ဒီလို ဆုံးမပုံမျိုးနဲ့ ဟိုက လူကြီးဆန်လာ ပါလိမ့်မယ် အားကြီး။ ပြောလိုက်ပါလား “ဟဲ့ ... အရူးမ၊ အရူးထ မနေစမ်းနဲ့” လို့ ပြောပါလား။ “ယောက်ျားဆိုတာ မရခင်သာ ချော့ချင်တာ။ ရပြီးရင် တယ်ချော့ချင်တာ မဟုတ်ဘူး။ ညည်း ဒီလို ကြပ်ကြပ်လုပ်၊ ဟိုက အသစ်ရှာ သွားလိမ့်မယ်” လို့ ခြောက်ပါလား။ ဟွန်း ... ခုတော့ တစ်ခါလာလဲ သည်းခံပါ ငါ့တူရယ်။ နောက်တစ်ခါ လာလဲ အိခင်က ကလေးဆန်တယ်ကွယ်၊ ဒါနဲ့ပဲ ပြီးနေတာ”
သူက တွေးမိသည်။ တကယ့် တကယ်တော့ ဒီအပျိုကြီး နှစ်ဦးကြောင့် အိအိခင် ပိုပြီး ဆိုးနေခြင်း ဖြစ်သည်။ “တူမလေး အိမ်ထောင်ကျလျင် စစ်ကိုင်းချောင်မှာ တရား အားထုတ်မယ်” ဟု တွင်တွင်ပြောခဲ့သော သူတို့ နှစ်ယောက်သည် အိအိခင်နှင့် သူနှင့် လက်ထပ်ပြီးတော့ “တူမလေးက ကလေးလိုပဲကွယ်၊ စိတ်မချဘူး” ဟူသော ဂါထာကို ပြောင်း၍ ရွတ်ကာ သူ့နောက်သို့ တန်းလန်း တန်းလန်းနှင့် ပါလာလေသည်။ ခုအချိန် အထိ ပုတီးတစ်ပတ် ပြည့်အောင် စိပ်သည်ကို လည်းကောင်း၊ တရား ထိုင်သည်ကို လည်းကောင်း တစ်ခါမျှ မမြင်ဖူးသေးပေ။ အားလျှင် ရုပ်ပြဖတ်လိုက်၊ အိမ်လည်လိုက်၊ သတင်းတွေ အတင်းတွေ စုဆောင်းလိုက်၊ အိမ်တွင်ပြန်ပြီး ဖောက်သည်ချလိုက်နှင့် အပျော်ကြီး ပျော်နေကြသည်။ စစ်ကိုင်းချောင်သို့ သွားဖို့ကိုကား လေသံပင် မဟကြသေးချေ။ ဒီတစ်သက်လည်း သွားဖြစ်ကြ လိမ့်မည် မထင်။
“ဒုန်း”
အိအိခင်က ဗီရိုတံခါးကို ဆောင့်၍ ပိတ်လိုက်သည်။ သူက သက်ပြင်းချလိုက်သည်။ စိတ်ထဲတွင် ချော့ချင်စိတ် လုံးဝ မရှိပေ။ “အိခင် ကလဲကွယ်၊ မောင်က စတာကိုများ လာလာ၊ မကျေနပ်ရင် မောင့်ပါးကို အိခင့်နှာခေါင်းနဲ့ ထုလှည့်” ဟု အခါတိုင်း ပြောနေကျ အပြောင်အပြက် စကားများကိုလည်း ပြောချင်စိတ် မရှိပေ။ ကယုကယင် ချော့ရန်ကို အလိုလိုပင် ပင်ပန်းပြီး ဝန်လေးနေသည်။
“ဒုန်း”
အိအိခင်က ရေချိုးခန်း တံခါးကို အသံမြည်အောင် ဆောင့်၍ ပိတ်ပြန်သည်။ သူကလည်း သက်ပြင်းချမိ ပြန်သည်။
“အင်း၊ ကျေးတမာ ကန်ဘေးမှာ လရောင်ကို လင်းနေမှာပဲ။ ဘယ်လောက် သာယာမလဲ မသိဘူး”
သူက နေရာမှထကာ ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့သည်။ လပြည့်ဝန်းကို မော်၍ ကြည့်မိသည်။
“အင်း၊ စုထွေးတို့ လင်မယားတော့ ကန်ပေါင်မှာ လမ်းလျှောက် နေကြမှာပဲ”
အိမ်ရှေ့က မန်ကျည်းပင်ကြီးက လရောင်ဝယ် ငြိမ်ငြိမ်သက်သက်နှင့် အထီးတည်း ရပ်နေသည်။ လေကလည်း ငြိမ်နေတော့ အရွက်ကလေး တစ်ရွက်တလေပင် လှုပ်ခတ်နေပုံ မရ။
“အင်း အိခင်နဲ့ ငါ့ကို 'နေနဲ့လ ရွှေနဲ့မြ' လို လိုက်ဖက်တယ်လို့ ပြောကြတယ်။ ရွှေနဲ့မြ ကတော့ ထားပါတော့။ နေနဲ့လ ကတော့ ဘယ်လိုလုပ်ပြီး လိုက်ဖက် နေကြတာလဲ။ နေထွက်ရင် လဝင်၊ လထွက်ပြန်တော့ နေဝင်နဲ့ နေ့ဘုရင်နဲ့ ညဘုရင် တစ်ယောက်နဲ့ တစ်ယောက် ဆုံလို့မှ မဖြစ်ဘဲ၊ ဘယ်လိုလုပ်ပြီး လိုက်ဖက် နိုင်မှာလဲ။ တစ်ယောက် လာရင် တစ်ယောက် ပြေးနေတာ၊ နေနဲ့လလိုသာ ဆိုရင် ငါတို့နှစ်ယောက် မြဲမှ မြဲပါ့မလား မသိဘူး”
သူက သက်ပြင်း ရှိုက်မိပြန်သည်။ တကယ့် တကယ်တော့ အိအိခင်ကို လှတာ တစ်ခုကလွဲပြီး သူ ဘာကိုမျှ မကြိုက်ခဲ့ပေ။ အပျင်းထူသော၊ စိတ်ကောက်တတ်သော၊ ကလေးဆန်သော၊ အနိုင်ယူချင်သော တစ်ကိုယ်ကောင်း ဆန်သော အမူအကျင့် ကလေးများ ကလည်း ကြိုက်ချင်စရာ မကောင်းလှပေ။
“ဒါတွေကိုလည်း ငါအရင် ကတည်းက သိသားပဲ။ ဒါပေမယ့် သူလှတာလေးက အဲဒီဟာတွေ အကုန်ကို ဖုံးပစ်လိုက်တယ်။ သကြားအုပ်ထားတဲ့ ဆေးလုံးလို ဖြစ်သွားတယ်”
“ဒုန်း”
အိအိခင်က မှန်တင်ခုံ အံဆွဲကို ဆောင့်၍ ပိတ်ပြန်လေသည်။ အချော့ ခံချင်သူနှင့် မချော့ချင်သူ တို့တော့ တွေ့နေကြပေပြီ။ သူ မချော့လေ၊ အိအိခင်က ပိုပြီး စိတ်ဆိုးလေနှင့် သံသရာတော့ လည်တော့မည် ထင်သည်။
“ဒုန်း”
အိအိခင်က သနပ်ခါးတုံးကို ကန်ပစ်လိုက် ပြန်သည်။ “သွား ချော့လိုက်ပါဦး မောင်စိုးနိုင်ရယ်” ဟူသော သဘောနှင့် ကြည့်ကွက် ကြည့်ကွက် လုပ်နေကြသော အဒေါ် အပျိုကြီး နှစ်ဦးကို မသိကျိုးကျွံ ပြုရင်း သူက လဝန်းကိုသာ ငေးကြည့် နေမိသည်။ သူ့ ရည်းစားဟောင်းတွေ အကုန်လုံးကို သတိရသည်။ ထို့နောက် စုထွေးကို သတိရသည်။ မည်သည့် ရည်းစားနှင့် ရရ၊ အိအိခင် လောက်တော့ မည်သူမျှ စိတ်ကောက် တတ်လိမ့်မည် မထင်။ ထို့ပြင် အသားဖြူဖြူ လက်ပြင် ကိုင်းကိုင်းနှင့် ဗျိုင်းအောက်ကြီး တွေလို လမ်းလျှောက်တတ်သော ဇီဇာကျယ်ကျယ် အပျိုကြီးကို နှစ်ယောက်ကိုလည်း အဆစ်ရလိမ့်မည် မထင်။
“ခံပေါ့ စိုးနိုင်ရယ်။ မင်းက ရည်းစားတွေ တစ်ပုံတစ်ခေါင်းကြီး ကြားထဲက သူ့ကိုမှ ဆန်ကာတင် ရွေးခဲ့မိတာ မဟုတ်လား။ မင်းအပြစ်နဲ့မင်း ခံပေါ့၊ အရေပြား တစ်ထောက်ပေါ်က အလှကလေးကို မင်းက မက်ခဲ့တော့ စိတ်ကောက်လည်းခံ၊ စိတ်ဆိုးလည်းခံ၊ ကလေး မယူချင်ဘူး ဆိုတော့လည်း မယူရုံ မရရုံပေါ့။ မင်းကြိုက်လို့ မင်းယူခဲ့တဲ့ မိန်းမပဲ”
“ဒုန်း”
အိအိခင်က မှန်တင်ခုံပေါ်မှ ပစ္စည်းများကို လွှင့်ပစ် နေချေပြီ ဖြစ်သည်။ သူက “ဟူး” ခနဲ သက်ပြင်းချကာ ပြတင်းပေါက်မှ ခွါသည်။ “ချော့လိုက် ပါဦးကွယ်” ဟု အဒေါ် အကြီးက ဆီးပြောသည်။ “အလကား ကလေးဆန် နေတာကွယ်” ဟု အဒေါ် အငယ်က အပြုံးနှင့် နှစ်သိမ့်သည်။
“အံမာ၊ ဝေးပါသေးတယ်။ ခင်ဗျားတို့ တူမကို ချော့မယ် ထင်လှိ့လား။ ဟင်း ... မချော့သေးဘူး၊ မှတ်ထား”
သူက စိတ်ထဲမှ ပြောရင်း ခုနကတုန်းက ချွတ်ထားခဲ့သော ဖိနပ်ကို ပြန်၍စီးသည်။ ထို့နောက် အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အိမ်ပြင် ရောက်သော အခါမှ “ကန်ပေါင်မှာ လမ်းလျှောက် လိုက်ဦးမယ်” ဟု အော်ခဲ့သည်။
အိအိခင်က အိပ်ခန်း ပြတင်းပေါက်တွင် ရပ်ကြည့်နေပြီး တံခါးကို အသံမြည်အောင် ဆောင့်၍ ပိတ်လိုက်ပြန်သည်။
“ဒုန်း”
အိအိခင်သည် အိပ်ရာထဲမှ ခေါင်းအုံးကို ဆွဲပြီး လွှင့်ပစ်မိ ပြန်သည်။ ဝမ်းနည်းစိတ်နှင့် ဒေါသစိတ် နှစ်ခုက သူ့ရင်ထဲတွင် လက်ချင်းတွဲပြီး ကခုန် နေကြလေသည်။ နည်းနည်းမျှ မကျေနပ်။
“ကြည့်၊ အပြင်ကို ထွက်သွားတယ်။ ဟင်း၊ ဒါ သက်သက် အရွဲ့တိုက်တာ။ ခုတလော ဘယ်လို ဖြစ်နေမှန်း မသိဘူး။ ငါ့ကို အရင်တုန်းကလို အရေးမစိုက်တော့ဘူး”
အိအိခင်က မှန်တင်ခုံ ရှေ့တွင် ထိုင်မိသည်။ သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်မိသည်။ ဘာတစ်ခုမျှ လျော့နည်းခြင်း မရှိသေး။ ဆံပင်တိုတွေ ခေတ်စား၍ ဆံပင်တို ဖြတ်လိုက်တော့ အပျိုတုန်းက ထက်ပင် ပိုပြီး နုနေသေးသည်ဟု ပြောကြသည်။ ဆံပင်တိုလေးနှင့်၊ မျက်လုံးဝိုင်း ကလေးနှင့် ပါးပြည့်ပြည့် လေးနှင့်၊ နှာတံ သွယ်သွယ်လေးနှင့် နှုတ်ခမ်း စူစူလေးနှင့် သူ့မျက်နှာသည် ယခင်တုန်းက လိုပင် လှပဆဲ ဖြစ်လေသည်။
“အင်မတန်ကို ပွေချင်တာ၊ ရှုပ်ချင်တာ။ ငါနဲ့ မရခင်ကလဲ ရည်းစားတွေ မှိုလိုပေါက် နေတာ။ ဟင်း၊ ဝါသနာဟောင်းက ပြန်ကြွလာပြီ ထင်တယ်။ အချိုးကိုက တစ်မျိုး”
ကြမ်းပြင်ပေါ် လွှင့်ပစ်ထားသော ဘီးကို ကောက်ပြီး ခေါင်းဖြီးသည်။ အခန်းထဲ ဝင်လာသော အန်တီကြီးနှင့် အန်တီလေးကို မှန်ထဲမှတစ်ဆင့် မြင်ရသည်။ အိအိခင်၏ နှုတ်ခမ်းက ပို၍ စူသွားသည်။
“သမီး၊ ထမင်းစားဦးမလား”
အိအိခင် ခေါင်းယမ်းပြ လိုက်သည်။
“မောင်စိုးနိုင်နဲ့ ဘာဖြစ်ကြတာတုံး”
အိအိခင် ခေါင်းယမ်း ပြလိုက်ပြန်သည်။ “ဟိုမိန်းမကို အိထက် ငယ်မယ်ထင်တယ် ပြောလို့ စိတ်ကောက်တာ” ဟု ပြောရလျှင်လည်း ရယ်စရာမို့ ပြောမပြချင်။ တကယ့်တကယ် တော့လည်း ဒါကြောင့် စိတ်ကောက်သည်တော့ မဟုတ်။ အိအိခင်က အချော့ကြိုက်သည်။ ထို့ကြောင့် စိတ်ကောက်စရာကို ရှာကာ နှုတ်ခမ်းစူ တတ်သည်။ ချော့လိုက်လျှင်လည်း ပြီးသွားသည်ပင်။ အခုဟာက အချော့ကြိုက်မှန်း သိလျက်နှင့်၊ အချော့ခံချင်မှန်း သိလျက်နှင့် မချော့သည်ကို စိတ်ဆိုးခြင်း ဖြစ်သည်။ “သူက မချော့လို့ စိတ်ဆိုးတာ” ဟု အမှန်အတိုင်း ပြောရအောင်လည်း ပို၍ပင် ပြုံးချင်စရာ ဖြစ်တော့မည်။ ဒါကြောင့် မပြောချင်။ အိအိခင်သည် ကလေးဆန် သော်လည်း ဒီလောက်တော့ နားလည်သည်။
“ကော်ဖီလေး သောက်လိုက်ပါလား သမီး”
အန်တီလေးက ပြောသည်။
“ပူတင်းလေး ဖုတ်ထားတာ ရှိတယ်။ ကောင်းက ကောင်းသနဲ့”
အန်တီကြီးက ပြောသည်။
အဒေါ် နှစ်ဦးက အိအိခင်ကို ငါးနှစ် သမီးလေးလို ချော့နေကြသည်။ ချော့စေချင်သူက မချော့ဘဲ မချော့စေချင်သူက ချော့နေကြတော့ အိအိခင် ပိုပြီး စိတ်တိုလာသည်။ မျက်ရည် ဝဲပြီး ငိုချင်လာသည်။
“အရင်တုန်းကများ ငါ နည်းနည်း စိတ်ဆိုးရင် သူ့မှာ ပျာနေတာပဲ။ ခုတလောတော့ အချိုးကိုက ပြောင်းလာတယ်။ အရင်လို မဟုတ်တော့ဘူး။ အလှူအိမ်မှာ ငါဘာမျှ မစားတာ သိသားနဲ့ စားလိုက်ပါဦး တစ်ခွန်း မပြောဘူး။ သူ့ ဗိုက်ထဲကိုပဲ သူ့ဟာသူ ဖိသိပ် ထည့်နေတာပဲ။ ဒီကြားထဲ လေဒီဒိုင်ယာနာ ဆံပင်လေးနဲ့ နုသည်ထက်နု၊ ငယ်သည်ထက် ငယ်အောင် ပြင်ထားတာတဲ့။ ငေါ့တော့တော့ ပြောသေးတယ်။ “လှလိုက်တာကွယ်”၊ “ချောလိုက်တာကွယ်”၊ “ရုံးက ပြန်လာရင် အမောကို ပြေသွားတာပဲ”၊ “တစ်နေ့လုံး ထိုင်ကြည့် နေချင်တယ်” ဆိုတာတွေ မေ့နေပြီ ထင်တယ် ဟင်း ...”
အိအိခင်က မှန်ထဲမှ သူ့ အရိပ်ကို အံကြိတ်ပြီး ကြည့်မိသည်။ “ငါ အရွယ် မကျသေး ပါဘူး၊ အလှလည်း မပျက်သေး ပါဘူး၊ အရင်တုန်းကလို လှနေတုန်း ပါပဲ။ ဒါပေမယ့် သူက အရင်တုန်းကလို မဟုတ်တော့ဘူး။ ငါပြောင်းလဲတာ မဟုတ်ဘူး၊ သူက ပြောင်းလဲသွားတာ”
ချောမောလှသော မိန်းကလေးတို့၏ ထုံးစံ အတိုင်းပင် အိအိခင်သည် သူ၏ အလှကို အလွန်ကိုးစား လေသည်။ အလှပျက်မှာလည်း အလွန်ကြောက်သည်။ သမီးရည်းစား ဘဝတွင် ချစ်သူကို ဆွဲငင်ရာ၌ အလှအပသည် အရေးအကြီးဆုံး ဖြစ်သည်ဟု သူနားလည်သည်။ အိမ်ထောင်သည် ဘဝ၌လည်း ယောက်ျားကို ဆွဲငင် ထိန်းသိမ်းရာတွင် အလှသည် အရေးအကြီးဆုံး ဖြစ်လိမ့်မည် ဟုပင် ထင်ထားခဲ့ လေသည်။ ယောက်ျားများ အလှမက်သလို အိအိခင် ကလည်း သူ့အလှေကိုသူ မက်သည်၊ သူ့အလှတွင် သူ့ဟာသူ သာယာသည်။
“ဒါတောင် ငါက ကလေးအမေ ဖြစ်သေးတာ မဟုတ်ဘူး။ ပုံပျက်ပန်းပျက် ဖြစ်နေသေးတာ မဟုတ်ဘူး။ မသိတဲ့ လူတွေက အိမ်ထောင် ရှိတယ်တောင် ထင်တာ မဟုတ်ဘူး”
အိအိခင်က မာနနှင့် တွေးသည်။ သူ့ယောက်ျား အလှကြိုက်မှန်း သူ အသေအချာ သိသည်။ “ကိုကိုနိုင်” ဟူ၍ တစ်မျိုး၊ ကိုကိုစိုး” ဟူ၍ တစ်ဖုံ၊ မိန်းကလေး လောကတွင် ရေပန်းစား လှသော ရုပ်ချော သဘောကောင်း၊ အပြောကောင်း လှသောသူ၊ “အသည်းစားဘုရင်” ဟု ကျော်ကြား လှသောသူ၊ ထိုသူသည် အိအိခင်နှင့် တွေ့တော့ အရူးအမူး ဖြစ်ခဲ့သည်။ သူ့ အသားလေး ဖြူပြီး ဝင်းနေသောကြောင့်၊ သူ့မျက်ခုံးလေး သွယ်ပြီး တန်းနေသောကြောင့်၊ သူ့မျက်လုံးလေး ကျယ်ပြီး ဝိုင်းသောကြောင့်၊ သူ့ကိုယ်လုံးလေး တောင့်တင်းပြီး လှသောကြောင့်လည်း ထိုသို့ အရူးအမူး ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်းကို အိအိခင် နားလည်လေသည်။ အရွယ်ရောက် ကတည်းက လိုချင်သူတွေ ဝိုင်းဝိုင်းလည်ကာ မာနတွေ ခေါင်ခိုက် နေခဲ့သော အိအိခင်ကလည်း သူနှင့် တွေ့ခါမှ အိမ်ထောင်ပြုရန် စဉ်းစားခဲ့သည်။ မိန်းကလေးတွေ ဝိုင်းနေသော သူ့ကို ရယူလိုခဲ့သည်။ သူ့အပြော၊ သူ့အချော့တို့တွင် ညွတ်နူး သာယာခဲ့လေသည်။
“သူ ဒီလို အချိုး ပြောင်းပုံမျိုးနဲ့သာ ဆိုရင် သားတွဲလောင်း၊ သမီးတွဲလောင်း၊ ထဘီမနိုင်၊ ပဝါမနိုင် ဆိုတာမျိုးဆိုရင် ခက်ရချေရဲ့”
တကယ့် တကယ်တော့ အိအိခင်သည် သည်တစ်သက်မှာ သူ တစ်ယောက်တည်း ကိုသာ ချစ်ခဲ့ဖူးခြင်း ဖြစ်သည်။ သူ့ အရင်က မည်သူ့ကိုမျှ လက်မခံဖူးချေ။ အလှအားကိုးနှင့် မည်သူ့ကိုမျှလည်း မလှည့်စားခဲ့ဖူးပေ။ ထိုကြောင့် သူ့ကို ချစ်မိပြီး သူနှင့် အိမ်ထောင်ကျခဲ့ပြီ ဆိုတော့လည်း သူ၏ ခန္ဓာကိုယ် ကိုရော၊ စိတ်ကိုပါ ပိုင်ဆိုင်ချင်သည်။ သူနှင့်သာ အမြဲ နေစေလိုသည်။ သူ့ကိုသာ အမြဲ နေစေလိုသည်။သူ့ကိုသာ အမြဲ စိတ်ဝင်စား စေချင်သည်။ သူ့ အကြောင်းကိုသာ တွေးစေချင်သည်။ သူကသာ အမြဲ အနိုင်ယူ လိုသည်။ အချိန်ကာလ ရွေ့လျား လာသည်နှင့်အမျှ မြစ်ရေစီးကြောင်း ပြောင်းသလို ပြောင်းလဲ လာတတ်သော ယောက်ျားတို့၏ သဘာဝစိတ်ကို သူ နားမလည်၊ ထည့်၍လည်း မတွက်။
“ခေါင်းကိုက်တယ်”
အိအိခင်က နေရာမှ ထလာကာ ခုတင်ပေါ်တွင် လှဲအိပ်သည်။
“အိပ်ချင်ပြီ။ အိပ်တော့မယ်”
အဒေါ်များနှင့် စကား ပြောမနေချင်တော့ သောကြောင့် ခြင်ထောင်ကိုသာ တစ်ခါတည်း ဆွဲချလိုက်သည်။ ထို့နောက် ခြေရင်းဘက်တွင် ခေါက်ထားသော ချည်စောင်ကို ဆွဲယူကာ ခေါင်းအထိ ဆွဲခြုံသည်။ စောင်ကို ခေါင်းမြီးခြုံကာ ငိုမည်။ သူ့ကို ကျောပေးထားမည်။ စကားမပြောဘဲနှင့် နေမည်။
“အခုမှ ရှစ်နာရီ ထိုးစလေးပဲ ရှိသေးတာ၊ စောပါသေးတယ် သမီးရယ်။ မအိပ်ခင် ကော်ဖီပူပူလေးနဲ့ ဆေးလေး သောက်လိုက် ပါဦးလား”
အန်တီကြီးက ပြောသော်လည်း ပြန်၍မဖြေ။ မလှုပ်မယှက် ငြိမ်နေလိုက်သည်။ တကယ့် တကယ်က ခေါင်းလည်း မကိုက်၊ အိပ်လည်း မအိပ်ချင်။
အဒေါ် နှစ်ဦးက သူ လွှင့်ပစ်ထားသော ပစ္စည်းများကို ကောက်တင် နေသည်ရော၊ ခြင်ထောင်ကို နေသားတကျ ဖိပေး နေသည်ကိုပါ စောင်ခြုံထဲမှ နေပြီး သိနေသည်။ အခန်းမီးကို ပိတ်ပြီး ထွက်သွားသော အသံကို ကြားရသော အခါမှ ခေါင်းမြီးခြုံကို အသာ ဟလိုက်သည်။ ခေါင်းအုံးတွင် မျက်နှာအပ်ပြီး မကျေမနပ်နှင့် ရှိုက်၍ ငိုမိလေသည်။
* * *
“ဘာမျှ မဖြစ်ပါဘူး။ အလုပ် ပင်ပန်းလို့ ပန်းဖျား ဖျားတာနဲ့ တူပါတယ်”
ဦးစိုးနိုင်၏ ရင်ဘတ်တွင် ထောက်စမ်းထားသော နားကြပ်ကို ခွါလိုက်ကာ သူက ပြောသည်။
“ကျွန်တော်က အသည်းများ ရောင်သလားလို့ လန့်သွားတာ ဆရာ”
“အသည်းလည်း မရောင်ဘူး၊ အသားလည်း မဝါဘူး၊ နှလုံးလည်း မအက်ဘူး၊ ကျောက်ကပ်လည်း မကွဲဘူး၊ အကုန်လုံး အိုကေပဲ”
ပညာ မတတ်သည်က မကောင်းသော်လည်း ပညာလေး တတ်လာ ပြန်တော့လည်း တစ်ဒုက္ခပင်။ သူ့ဆီလာသော ပညာတတ် လူတန်းစားများသည် သူတို့ရောဂါကို သူတို့ဟာ သူတို့ အမည်တပ်လာ တတ်ကြလေသည်။
“ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ အသည်းကတော့ လုံးဝ အရောင်၊ အကိုင်း၊ အဖု၊ အကျိတ် မရှိဘူး။ နာမ်ပိုင်းဆိုင်ရာ အသည်းကိုတော့ ကျွန်တော် မသိလို့ မပြောတတ်ဘူးဗျ”
သူက နောက်နောက် ပြောင်ပြောင် ဆက်ပြောရင်း ရယ်မိလေသည်။ ဦးစိုးနိုင် ကလည်း သူ၏ အင်္ကျီ ကြယ်သီးများကို ပြန်တပ်ရင်း ပြုံးရယ်နေသည်။
“ညညကျရင် ကောင်းကောင်း အိပ်လို့ မပျော်ဘူး ဆရာ။ တစ်ခါတလေလည်း မူးသလိုလို၊ မောသလိုလိုနဲ့ ရင်တုန်တယ်”
“ဝန်ကြီး လာမယ်ဆိုလို့ ခင်ဗျားတို့ဌာန အလုပ်များ နေတယ်ဆို”
“ဒါပေါ့ဗျာ၊ အလုပ်တွေကို မပြီးမပြတ်နဲ့ တန်းလန်း ဖြစ်မနေအောင် ကြိုးစား နေရတာပေါ့”
“ဒါဆို စိတ်ချ။ ဝန်းကြီး ပြန်သွားရင် ခင်ဗျား အဖျား ပျောက်ပြီ။ ခင်ဗျားဟာက ပန်းဖျား မဟုတ်ပါဘူး၊ ကြောက်ဖျားနဲ့ တူပါတယ်”
သူက ရယ်မိပြန်သည်။ ဦးစိုးနိုင်က အင်္ကျီ ကြယ်သီးကို ဆက်မတပ်သေးဘဲ သူ့ကို ခပ်စူးစူး လှမ်းကြည့်မိသည်။
“မိန်းမ ရောက်လာ ကတည်းက ပုံစံကို တစ်ခါတည်း ပြောင်းသွားလိုက်တာ ဆရာကြီးရယ်၊ တပြုံးပြုံးနဲ့ အမြဲကို ရွှင်နေတော့တာပဲ”
“စိတ် ချမ်းသာတာကိုးဗျ”
ဦးစိုးနိုင် ပြောလည်း ပြောစရာပင်။ ဦးစိုးနိုင်သာမက ဆေးရုံ တစ်ရုံလုံးရှိ လုပ်ဖော် ကိုင်ဖက်များက ပြောပြကြသည်။ သူကလည်း စုထွေး ရောက်လာပြီ ဆိုကတည်းက ပိုပြီး ရွှင်လန်း တက်ကြွမိသည် ကတော့ အမှန်ပင်။ သူတို့နှစ်ဦးက တစ်ဦး၏ အလုပ်ကို တစ်ဦးက စိတ်ဝင်စားကြသည်။ သူ အိမ်ပြန်ရောက်သော အချိန်တွင် စုထွေးက စာမရသော ကျောင်းသားလေး များကို အိမ်ခေါ်ပြီး စာပြ ပေးနေသည်နှင့် ကြုံပါက သူပါ စုထွေးနှင့် ရောပြီး ကူညီ သင်ပြပေးသည်။ သို့သော် စုထွေးကို သူကူရသော အချိန်ကတော့ သိပ်မရှိပေ။ သူ့အလုပ်ကို စုထွေး ကူသည်က များလေသည်။ အိမ်ရောက်လာသော လူနာများကို သူကုသရာတွင် ဘေးမှကူရင်း စုထွေးလည်း သူနာပြု ဆရာမ တစ်ယောက်လောက် နီးနီး ကျွမ်းကျင်နေပြီ ဖြစ်သည်။
“ဘဝ ဆိုတာကို ကျွန်တော်က သိပ်ပြီး ကြီးကြီးကျယ်ကျယ် မမျှော်မှန်းဘူး ဦးစိုးနိုင်ရဲ့။ လေလုံမိုးလုံ နေရမယ်။ ဝဝလင်လင် စားရမယ်။ ဒါဆိုရင် တော်ပြီပေါ့။ ဒါပေမယ့် စိတ်တူကိုယ်တူ အဖော်ကောင်း အဖော်မွန်လေး တစ်ယောက်တော့ လိုတာပေါ့ဗျာ။ ဆရာမရေ၊ ဦးစိုးနိုင်ကို ဆေးထိုးရအောင်”
စုထွေးနှင့် သူကတော့ တစ်ဦးနှင့်တစ်ဦး အဖော်ကောင်း ဖြစ်ကြသည်ဟု ကျေနပ်စွာ တွေးမိစဉ် အခန်းထဲ ဝင်လာသော ထဘီနီ ဆရာမလေးကို တစ်ဆက်တည်း လှမ်းပြောလိုက်သည်။
“အပ်ထက်ထက်လေး ပြုတ်ပါ ဆရာမရယ်။ ခင်ဗျားတို့ ဆေးရုံက အပ်တွေက တုံးက တုံးသနဲ့၊ ညှညှာတာတာလေး လုပ်ပါဗျာ”
အပ်ပြုတ်ရန် ဟန်ပြင်သော ဆရာမလေး နော်မူအေးကို ဦးစိုးနိုင်က ရင်းရင်းနှီးနှီး လှမ်းပြောသည်။
“အပ်တွေ တုံးနေတာ သိရက်နဲ့ ပိုက်ဆံရှိ သူဌေးတွေကလဲ မလှူကြဘူးရှင့်”
“အဲဒီ သူဌေးတွေထဲမှာ ကျွန်တော် မပါဘူးဗျနော်။ ကျွန်တော်တို့က လူဆင်းရဲ”
“အဟုတ်လား ဆရာ၊ ဦးစိုးနိုင်တို့က ဆင်းရဲသလား”
“ဆင်းရဲ လိုက်တာမှဗျာ၊ မယုံရင် ဆရာမ ကျွန်တော့်အိမ် တစ်ခေါက်လောက် လိုက်ကြည့်ပါလား”
“လိုက်ကြည့်တော့ သိပ်လှတဲ့ မိန်းမချောလေးကို တွေ့မှာပေါ့။ ဟုတ်ဖူးလား။ ဦးစိုးနိုင့် မိန်းမက သိပ်လှတယ် ဆိုတာ နာမည်ကြီး”
“ခက်လိုက်တာဗျာ၊ အဲဒါ ကျွန်တော့်နှမဗျ။ ဘယ်ကလာ မိန်းမ ဟုတ်ရမှာလဲ။ ကျွန်တော်က လူပျိုကြီး”
ဦးစိုးနိုင်၏ စကားအဆုံးတွင် ဆရာမလေးနှင့်အတူ သူကလည်း ရောနှော၍ ရယ်မောမိသည်။ “ဒီလို အပြောမျိုးလေး တွေကြောင့်လည်း သူ့ကို အရင်တုန်းက မိန်းကလေးတွေ ဝိုင်းဝိုင်းလည်ခဲ့တာ နေမှာပဲ” ဟု တွေးနေမိသည်။ ထို့နောက် “သည်လို အပြောလေး တွေကြောင့် သူ့မိန်းမက စိတ်မချတာ နေမှာပဲ” ဟု ဆက်၍ တွေးမိသည်။ စိတ်မချလည်း မချချင်စရာပင်။ ဦးစိုးနိုင်က ယောက်ျားထဲမှာတော့ အတော်လေး ချောသော ယောက်ျား တစ်ဦးပင် ဖြစ်သည်။ မျက်ခုံး နက်နက်၊ နှာတံ ထင်းထင်းနှင့် ပိရိပါးလျား အောက်နှုတ်ခမ်းများကို ပိုင်ဆိုင်သည်။ မျက်လုံးများ ကလည်း အရည်ရွှန်းလဲ့ကာ စူးရှ တောက်ပြောင်သည်။ အခု မြင်၊ အခု တွေ့၊ အခု ရင်းနှီး သွားအောင်လည်း ပြောတတ်သည်။
“အပ်မထက်ရင်တော့ မထိုးဘူးနော်။ ကျွန်တော်က သူများတကာတွေ အသည်းကိုသာ ဟက်တက်ကွဲအောင် ခွဲဖူးတာ၊ ကိုယ့်အသားကျတော့ နာမှာ သိပ်ကြောက်တာ”
“အသည်းစား ဘုရင်ကြီးဆိုဗျ၊ ဟုတ်သလား”
“ဘယ်သူ ပြောသလဲ ဆရာ”
ဦးစိုးနိုင်က သူ့ကို ဖြတ်ခနဲ လှမ်းကြည့်သည်။
“အိအိခင် ပြောတာလေ၊ ခင်ဗျာက အရင်တုန်းက သိပ်ပွေတာတဲ့။ ရည်းစားတွေ များလွန်းလို့ 'အသည်းစားဘုရင်' လို့တောင် ခေါ်ကြတာတဲ့။ ခုလဲ သူ့ကို အရပ်တုန်းကလို ဂရုမစိုက်ဘူးဆို”
ဦးစိုးနိုင်၏ မျက်လုံးများသည် ရုတ်တရက် အရောင်မှေးမှိန် သွားသည်။ ထို့နောက် သက်ပြင်းတစ်ချက် ရှိုက်ကာ “အိခင်ကလဲ ခက်တာပဲ။ ဒီအကြောင်း သူ လျှောက်ပြောနေတာ ဆရာပါနဲ့ ဆိုရင် ငါးယောက်လောက် ရှိပြီထင်တယ်” ဟု ပြောသည်။
“ဒါကတော့ဗျာ သူလည်း တစ်ခြားလူ ပြောစရာ မရှိလို့ ဖြစ်မှာပေါ့”
သူက ပြောမိပြီးမှ အားတုံ့အားနာ ဖြစ်သွားသည်။ “တော်ကြာ ဘာလို့ ပြောရသလဲ၊ ဘာလဲ” နှင့် သူတို့ ဇနီးမောင်နှံ ပြဿနာ တက်ပြီး ကတောက်ကဆ ဖြစ်မည်ကိုလည်း စိုးရိမ်သွားသည်။ “အလကားနေရင်း ဆော့လိုက်တဲ့ ပါးစပ်” ဟု ကိုယ့်ပါးစပ်ကိုကိုယ် စိတ်ဆိုးမိသည်။
“မဟုတ်ဘူး ဆရာရဲ့၊ အိမ်ထောင်ဆိုတာ အတွင်းက မီးကို အပြင် မထုတ်ရဘူး။ အပြင်က မီးလည်း အတွင်း မသယ်ရဘူး မဟုတ်လား”
“ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမယ့် ဒါကတော့ မီးရယ်လို့ မဟုတ်ပါဘူး။ ဟော ... စုထွေး”
အခန်းဝတွင် ပေါ်လာသော စုထွေးကို သူက ဝမ်းသာအားရ ခေါ်လိုက်သည်။ စိတ်ကျဉ်းကျပ် နေချိန်တွင် ရောက်လာ၍ ကျေးဇူးတင်သွားသည်။
စုထွေးက သူ့အခန်းထဲတွင် ဦးစိုးနိုင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ ခြေလှမ်းတုံ့ သွားသည်။ သူ့လက်ထဲမှာ ကြိမ်ခြင်းတောင်းလေးကို ပိုက်ပြီး ခေတ္တမျှ ငြိမ်နေပြီးမှ အခန်းထဲ လှမ်းဝင်လာသည်။ အတွင်းတွင် ရှိနှင့်သူများကို အပြုံးနှင့် နှုတ်ဆက် လိုက်သည်။
“ဪ၊ ဦးစိုးနိုင် ရောက်နေတာ ကြာပြီလား”
“ဟုတ်ကဲ့၊ ခုပဲ ရောက်တာပါ။ ဖျားနေတာ နှစ်ရက်ရှိပြီ။ မကျနိုင်တာနဲ့ ပြေးလာတာ”
စုထွေးက သူ့လက်ထဲမှ ကြိမ်ခြင်းလေးကို နော်မူအေးအား လှမ်း၍ ပေးလိုက်သည်။ ဖြူစင်အောင် လျှော်ဖွပ်ပြီး ပြန်လိပ်လာသော ပတ်တီးလိပ်များ ဖြစ်သည်။ သူတို့ ဆေးရုံက လူအင်အား နည်းသလို ပစ္စည်း အင်အားလည်း မပြည့်စုံလှပေ။ ခွဲတမ်းရသည့် ပတ်တီးထက် တကယ် သုံးရသည့် ပတ်တီးက အများကြီး ပိုလေတော့ ပတ်တီး အဟောင်းများကို လွှင့်မပစ်ဘဲ ပြန်လည် လျှော်ဖွပ်ကာ အသုံးပြု ရသည်။ ထိုပတ်တီးဟောင်း လျှော်ဖွပ်ရေးကို စုထွေးက ဒိုင်ခံ တာဝန်ယူသည်။ “သူများတွေရဲ့ အညစ်အကြေးကို သုတ်သင် သန့်ရှင်းပေးရင် နောင်ဘဝကျတော့ သိပ်ပြီး လှတာပဲတဲ့ ကိုအောင်ရဲ့” ဟု ပြောတတ်လေသည်။
“မစုစုထွေး ခွင့်ယူထားပြီလား”
“ဟုတ်ကဲ့၊ တစ်ပတ်ရှိပြီ”
စုထွေးက ပူပြီး ဖောင်းနေသော သူ့ဝမ်းဗိုက်ကို သူငုံ့ ကြည့်ရင်း ရှက်စနိုး ပြုံးသည်။
“အဲဒါ ခွင့်ယူတဲ့ နေ့ကစပြီး ဆေးရုံကို နေ့တိုင်းလာပြီး ပတ်တီး အဟောင်းတွေကို နေ့တိုင်း သယ်နေတော့တာပဲ။ ဘာတဲ့။ နောက်ဘဝကျရင် ရုပ်လှအောင်တဲ့။ ဟုတ်လား စုထွေး”
ဦးစိုးနိုင်နှင့် ပြောလက်စ စကား ပြတ်သွားသောကြောင့် သူ့ရင်ထဲတွင် အတော်လေး သက်သာရာ ရသွားသည်။ ထို စကား လမ်းကြောင်းပေါ်သို့ ပြန်ရောက်မည် စိုးသောကြောင့် သူ့ဘေးသို့ ခပ်လေးလေး လျှောက်လာသော စုထွေးကိုလှမ်း၍ စမိသည်။
“စုထွေးက သိပ်လှချင်တာဗျ။ သူက ဒီဘဝတင် မကဘူး နောင်ဘဝ အတွက်တောင် စီမံကိန်း ချနေတာ”
“မဟုတ်ပါဘူး ကိုအောင်ရယ်၊ ပတ်တီးတွေ လျှော်တိုင်း စုထွေးက ကိုယ့်အတွက်ကိုယ် ဆုတောင်းတာ မဟုတ်ပါဘူး။ သမီးလေး မွေးလာရင်သာ ပြစ်မျိုးမှဲ့မထင်အောင် လှပါစေလို့ ဆုတောင်းတာပါ”
“မလှတော့လဲ ဘာဖြစ်လဲ စုထွေးရယ်”
“ဪ၊ မလှတော့ တော်ကြာ သမီးလေးရဲ့ ချစ်သူက သမီးထက် လှတဲ့သူနဲ့ တွေ့ရင် သမီးကို ပစ်သွားမှာ စိုးလို့ပေါ့”
စုထွေးက သဲ့သဲ့ပြုံးကာ တိုးတိုးလေး ပြောသည်။ စုထွေး၏ စကား အဆုံးတွင်တော့ သူတို့ သုံးဦးစလုံး ရယ်မိကြသည်။
နော်မူအေးက ရေနွေးပူပူထဲမှ ဆေးထိုးပြွန်နှင့် အပ်ကို ဇာဂနာနှင့် ဆယ်ယူသည်။ “ကဲ၊ ဦးစိုးနိုင်ကတော့ ကံဆိုးချင်လို့ ဖျားပြီး ကံဆိုးချင်လို့ အပ်တုံးတုံးနဲ့ ဆေးထိုးခံရတော့မယ်” ဟု လှမ်းပြောသည်။
“စိတ်ကလေး လှဖို့သာ အရေးကြီးတာပါ ဦးစိုးနိုင်ရယ်။ ကျွန်တော်တော့ သားရရ၊ သမီးရရ စိတ်စေတနာ ကောင်းတဲ့ ကလေးမျိုးပဲ လိုချင်တယ်”
ဦးစိုးနိုင်က ခပ်နွမ်းနွမ်း ပြုံးနေသည်။ သူက ထိုအပြုံးကို သတိထားမိတော့ ပြောလက်စ စကားကို မသိမသာ အရှိန်သတ် လိုက်သည်။ ရင်သွေး မရသေးသော သူ၏ ရှေ့တွင် ကိုယ် ရတော့မည့် ရင်သွေးအကြောင်း ဖွဲ့ကာနွဲ့ကာ ပြောနေမိ သဖြင့်လည်း စိတ်မကောင်း ဖြစ်သွားသည်။
စုထွေးက သူ့စားပွဲပေါ်မှ ပန်းအိုးလေးကို လှမ်းယူကာ ထိုးစိုက်ထားသော အဖြူရောင် သစ္စာပန်းခက်လေး၏ အောက်ဘက်မှ အတန်ငယ် နွမ်းနေသော အပွင့်လေးကို ခြွေပစ်လိုက်သည်။
“မမစုရယ်၊ မမစုနဲ့ တူတဲ့ သမီးလေးပဲ မွေးစမ်းပါ။ တွေ့သမျှ လူတွေက ဆရာမလေး၊ ဆရာမလေးနဲ့ ဝိုင်းပြီး အားကိုးကြ၊ ချစ်ကြ၊ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေက ဆိုရင် မမစုမှ မမစု။ ဆေးရုံက လူနာတွေကရော၊ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ဆိုပြီး ကျွန်မတို့ ပြောရင် သိပ်မရဘူး။ မမစု ပြောရင် မီးကို သေလို့။ မမစုကို စိတ်မနှံ့တဲ့ သူကအစ နားထောင်တာ ဦးစိုးနိုင်ရဲ့။ ဟိုဘက်ခန်းထဲက နွားဝှေ့လို့ ပေါင်ကျိုးလာတဲ့ မိန်းမကြီး တစ်ယောက် ရှိတယ်။ ပေါင်ကျိုးထားတော့ ပလာစတာ ကိုင်ထားရတာပေါ့။ အပေါ့အပါး သွားချင်ရင်လည်း အိပ်ရာထဲမှာ အိပ်လျက် သွားရတာပေါ့။ ဒါပေမယ့် သူက ဆီးအိုး ဘယ်တော့မှ မတောင်းဘူး။ အိပ်ရာထဲမှာ ဒီအတိုင်း ပေါက်ထည့်၊ ပါထည့် လိုက်တာပဲ။ ကျွန်မတို့က ပြောတော့ တဖျစ်တောက်တောက်နဲ့ သူက ပြန်ဆဲသေးတယ်။ သူက သွင်သွင်ကြီး ရူးတာလည်း မဟုတ်ဘူး။ အရူးပါး၊ သက်သက် ဆိုးနေတာ၊ မသိတာလည်း မဟုတ်ဘူး။ ဒီတော့ ကျွန်မတို့ကလည်း စိတ်ဆိုးတာပေါ့။ စိတ်ဆိုးတော့ အော်၊ အော်တော့လည်း သူက ပြန်ပြီး တိုးတိုးဆဲနဲ့ ဒုက္ခတွေ ရောက်နေတာ။ ဆေးရုံက ဆင်းခိုင်း ရအောင်ကလည်း သူ့ကို ဘယ်သူက ဆေးရုံ တင်သွားမှန်းတောင် မသိဘူး။ ကဲ ... ဖြစ်ပုံက။ အဲဒါ မမစု သိတော့ မိန်းမကြီးကို စည်းရုံးရေး ဆင်းတာ၊ ပထမနေ့တော့ ဆဲလွှတ်သေးတယ်။ ဒါပေမယ့် တစ်ရက် နှစ်ရက်နေတော့ အိပ်ရာထဲကနေ “သေးပေါက်ချင်တယ်၊ သေးပေါက်ချင်တယ်” လို့ ကုန်းအော်တော့တာပဲ။ မဝင်းရွှေက ဆီးအိုး ထိုးပေးရင်း “တယ်လိမ္မာ နေပါလား။ ခုတင်ပေါ် ပေါက်မချတော့ ဘူးလား” ဆိုတော့ “မပေါက်တော့ဘူး။ အလှကလေးက မကြိုက်ဘူး” တဲ့။ မမစုကို သူက “အလှကလေး” လို့ ခေါ်တယ်လေ။ လှလွန်းလို့ တဲ့။ ကဲ၊ ဆေးထိုးရအောင်”
နော်မူအေးက ချီးမွမ်းခန်း ဖွင့်နေသဖြင့် စုထွေးက ရှက်စနိုး ဖြစ်နေသည်။ “စိတ်မနှံ့တဲ့ သူကပဲ လှတယ် ပြောဖူးတာပါ” ဟု မပွင့်တပွင့်ကလေး ပြောရင်း ရယ်သည်။
သူက နာရီကို ကြည့်ကာ နေရာမှ ထသည်။ အဆောင်ထဲမှ လူနာများကို တစ်ပတ်လှည့် ကြည့်ဖို့ အချိန်တန်ပြီ။ ကြက်ဝိုင်းတွင် ဓားခုတ်ခံရပြီး ရောက်လာသော လူနာကလည်း သေတမ်းစစ်ချက် ယူထားရသည်။ အခြေအနေက အကောင်းဘက် ယိမ်းလာသော်လည်း သိပ်ပြီး စိတ်ချရသည်တော့ မဟုတ်သေး။
“ဆရာမ၊ ဦးစိုးနိုင်ကို ဆေးပေးလိုက်ပါဦး။ တစ်ရက် နှစ်ရက်တော့ နည်းနည်း နားလိုက်ပါ ဦးစိုးနိုင်။ နေပူထဲ၊ လေတိုက်ထဲ သိပ်မထွက် ပါနဲ့ဦး။ အိမ်မှာနေပြီး ဇနီးချောလေးရဲ့ အပြုအစုကို ခံနေလိုက်ပေါ့ဗျာ၊ ဟုတ်ဘူးလား။ ကျွန်တော်နဲ့ တွေ့ရင်တော့ သူ လန့်ဖျပ်သွားအောင် အသည်းရောင် နေတာ၊ အရေးကြီးတယ်၊ ကောင်းကောင်း ဂရုစိုက်ပါလို့ ပြောလိုက်မယ်လေ”
ဆေးစာရွက်ကို နော်မူအေးအား လှမ်းပေးလိုက်သည်။ နော်မူအေးက ဆေးယူရန် ထွက်သွားစဉ်တွင် ဦးစိုးနိုင်သည် တင်ပါးကို ပွတ်ရင်း နေရာမှ ထသည်။ သူ့ကို ကျောပေးထားသော စုထွေးအား လှမ်းကြည့်ပြီး ခပ်တိုးတိုး ပြောသည်။
“ကလေးစကား၊ အရူးစကားဆိုတာ သိပ်မှန်ပါတယ် မစုစုထွေးရယ်။ တကယ်လှလို့ လှတယ် ပြောတာပါ”
စုထွေးက အသားညိုသဖြင့် မျက်နှာနီ မသွားသော်လည်း အနေခက် သွားပုံရသည်။ မည်သူ့ကိုမျှ မကြည့်ဘဲ မျက်လွှာလေး ချလိုက်သည်။
“အဲဒီ မိန်းမကြီးက အိအိခင်ကို မတွေ့ဖူးသေးလို့ပါ ဦးစိုးနိုင်”
သူက စကားပြေ ဝင်ပြောရင်း စုထွေး၏ အင်္ကျီလက်မောင်း ပေါ်တွင် ပြေးနေသော ပုရွက်ဆိတ် နီနီလေး တစ်ကောင်ကို လက်ညှိုးနှင့် အသာတောက် ထုတ်လိုက်သည်။ ကိုယ်ဝန် လရင့်ပြီမို့ စုထွေး၏ လက်ချောင်း ခြေချောင်း ကလေးများ အတန်ငယ် ရောင်နေသည်။ နောက်တစ်လလောက် ဆိုလျှင် စုထွေး၏ ဝမ်းကြာတိုက်ထဲမှ သူ၏ ရင်သွေးငယ်သည် လူ့လောကထဲသို့ ရောက်လာတော့မည်ဟု ကြည်နူးစိတ်နှင့် တွေးမိသည်။
“အိအိခင်ကို တွေ့ဖူးတော့လည်း မလှဘူးလို့ ပြောမှာပါဗျာ။ ဒါကတော့ သေချာပါတယ်”
အဖျားတက် လာသောကြောင့် လားတော့ မသိ၊ ဦးစိုးနိုင်၏ မျက်နှာသည် အတန်ငယ် နီနေသည်ကို သတိပြုမိသည်။ သူက ဂျူတီကုတ် ပြန်ဝတ်စဉ် ဦးစိုးနိုင်ကလည်း စမ်းသပ်စဉ်က ချွတ်ထားသော တိုက်ပုံအင်္ကျီကို ပြန်ဝတ်သည်။ ထို့နောက် ခပ်တိုးတိုး ပြောသည်။
“တချို့ မိန်းကလေးတွေက မလှပေမယ့် လှပါတယ်ဗျာ။ တချို့ကတော့ လှပေမယ့် မလှဘူး”
ဦးစိုးနိုင်က အခန်းထဲမှ ထွက်သွားသည်။ “ဟေ့လူ၊ ဆေး မရသေးဘူး မဟုတ်လား” ဟု သူက လှမ်းအော်လိုက်တော့ “ဆရာမဆီမှာ ဝင်ယူသွားမယ်” ဟု လှည့်မကြည့်ဘဲ ပြောသွားလေသည်။
စုထွေးသည် ပန်းအိုးထဲမှ သစ္စာပန်းခက်လေး များကို စိုက်ကြည့်ရင်း သက်ပြင်း တစ်ချက်ကို မသိမသာ ရှိုက်လိုက်သည်။ နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ ငြိမ်နေသည်။
သူက စားပွဲပေါ်မှ နားကြပ်ကို လှမ်း၍ယူပြီး စုထွေး၏ ခေါင်းကို အသာပုတ် လိုက်သည်။ အသားညိုညို၊ ပါးပြည့်ပြည့်၊ သနပ်ခါး ပါးကွက်ကျားနှင့် သူ့မိန်းမ စုထွေးသည် သိပ်တော့ မလှ။ သို့သော်လည်း လှလေသည်။
“ဦးစိုးနိုင် ပြောသွားတာ ဟုတ်တယ် မိန်းမရဲ့။ ဒီလူက လူ့အရေပြားကို ဖောက်ထွင်းပြီး ကြည့်တတ်လာပြီ”
စုထွေးက သူ့ကို ရီဝေ ရွှန်းလဲ့သော မျက်လုံးလေးများနှင့် လှမ်းကြည့်သည်။ ထို့နောက် နူးညံ့စွာ ပြုံးပြလေသည်။
----------
မစန္ဒာ
သဘင် မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၈၅။
(မစန္ဒာ၏ မဂ္ဂဇင်းဝတ္ထုရှည်များ (ယောမင်းကြီးစာပေ၊ ဇွန်၊ ၁၉၈၉။ စာမျက်နှာ ၃-၅၄))
Credit-မြန်မာဝတ္ထုတိုများ
[ မစန္ဒာပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment