Sunday, 1 September 2019

လှ၍ မလှသူနှင့် မလှ၍ လှသူ #မစန္ဒာ

လှ၍ မလှသူနှင့် မလှ၍ လှသူ 

#မစန္ဒာ

“ဒါ ကျွန်တော်ရဲ့ ချစ်လှစွာသော ဇနီးချောလေးပါ ခင်ဗျာ”

ဒေါက်တာ အောင်ညွှန့်၏ အသံကို ကြားရသည်။ “ဪ ... သူ့မိန်းမ ရောက်လာပြီကိုး။ နောက်ဆိုရင် လွမ်းလိုက်တာဗျာ၊ သေလုရော ဆိုတဲ့ အသံကို ကြားရတော့မှာ မဟုတ်ဘူး” ဟု တွေးရင်း ပြုံးမိသည်။ သို့သော် လှည့်၍တော့ မကြည့်ဖြစ်ချေ။ စားလက်စ မုန့်ဟင်းခါးကို အရသာတွေ့ နေသောကြောင့် ဖြစ်လေသည်။ 

“သူ့မိန်းမ တော်ကြောင်း၊ လိမ္မာကြောင်းကို အင်မတန် ကြွားတဲ့လူ။ ဘယ်လောက် တော်လဲ စောင့်ကြည့်ရဦးမယ်”

ဆက်၍ တွေးရင်း ဟင်းရည်ထဲတွင် ပေါလော ပေါ်နေသော မြစ်သား ကြက်သွန် ဥလေးကို ဆယ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ အချိုရည် ဝပြီး နူးနေသော ကြက်သွန် ဥလေးသည် သူ့လျှာပေါ်တွင် အိပြီး ပျော်ဆင်း သွားသည်။ 

တစ်ပတ်လျှို ဆံထုံးတွင် စံပယ်ပန်းပွင့်တွေ ဝေနေအောင် ပန်ဆင်ထားသော မိန်းမပျိုက သူ့ကို ရီဝေစွာ ပြုံး၍ ကြည့်နေလေသည်။ 

စုထွေး ... 

တစ်ခါတုန်းကတော့ “မောင့်အချစ်ဆုံး စုထွေး”။ ထို့နောက် ကစားစရာ အရုပ်ဟောင်းကလေး တစ်ခုလို သူစွန့်ပစ်ခဲ့သော စုထွေး။ ထိုစုထွေးကို ဗြုန်းခနဲ ပြန်ပြီး မျက်နှာချင်း ဆိုင်ရတော့ သူ့နှလုံးသားသည် ဝရုန်းသုန်းကား လှုပ်ရှား သွားလေသည်။ 

“တွေ့ရတာ ဝမ်းသာ ပါတယ်ရှင်”

စုထွေးက တည်ငြိမ်စွာ ပြောသည်။ သူ့ ဘာပြောရမည် မသိ။ “ဒေါက်တာ ကတော့ ရောက်တဲ့နေ့ ကတည်းက စပြီး မိန်းမလွမ်းကြောင်း ဓာတ်ပြား ဖွင့်နေတာ ဆရာကတော်ရေ။ ကျွန်တော်တို့ မြို့ကလေးကလဲ အလွမ်းဖြေစရာ အပျော်အပါးက နည်းတော့ သူ့ခမျာ အလုပ်ထဲမှာ နေ့ရော၊ ညရော ခေါင်းစိုက်ပြီး အလွမ်းဖြေ နေရတာ။ ဒါတောင် နည်းနည်း အားရင် ကျေးတမာ ကန်ဘေး သွားထိုင်ပြီး မိန်းမဓာတ်ပုံ ထုတ်ကြည့်ရင်း ငိုတာတဲ့ဗျ၊ သိလား” ဟု ဟာသနှောကာ သောသောလေး ပြောဖို့ ကောင်းသော်လည်း ထိုစကားလုံး များသည် သူ့ခေါင်းထဲမှ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လေသည်။ ထို့ကြောင့် ... 

“ဟုတ်ကဲ့ ... ဟုတ်ကဲ့” ဟူသော စကားကို ဣနြေ္ဒ မပျက်ရုံမျှ အနိုင်နိုင် ပြောလိုက်ရ လေသည်။ 

“ဒီမြို့ကို အခုမှ ရောက်ပေမယ့် ဒီမြို့က လူတွေ အကြောင်းတော့ စုထွေးက အားလုံး သိပြီးသားဗျ“

“ဆရာနော် မှန်မှန်ပြော၊ အိတို့ အတင်းတွေကို ဘာတွေ ပြောထားလဲ”

“မြို့နယ် အင်ဂျင်နီယာ (ကတော်!)က သိပ်ချောတယ်လို့ ချီးကျူးတာပါ မမရယ်။ စုထွေးက သူပြောသလောက် ဟုတ်မှ ဟုတ်ရဲ့လားလို့ ထင်တာ။ အခု လူတွေ့တော့မှ ကိုကိုပြောတာ နည်းတောင် နည်းသေးတယ်လို့ ပြောရတော့မယ်”

“စား ... စား၊ မုန့်ဟင်းခါး စားပါဦး”

အိအိခင်က သူ့လက်ထဲမှ မုန့်ပန်းကန်ကို ထိုးပေးရင်း ကျေနပ်စွာ ရယ်သည်။ သူ့ရင်ထဲတွင်မူ စစ်ခနဲ၊ ဖြန်းခနဲနှင့် နာသလိုလို၊ စပ်သလိုလို ဝေဒနာဆန်းကို ခံစားရသည်။ သူက အနိုင်နိုင် ဣနြေ္ဒ ဆည်နေရ သော်လည်း စုထွေးက လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ် အေးဆေးနေသည်။ “ရက်စက်လိုက်တာ မောင်ရယ်။ စုထွေးကို မချစ်တော့ဘူးပေါ့” ဟု တုန်ယင် လှိုက်လှဲစွာ ပြောပြီး ချုံးပွဲချ ငိုခဲ့ဖူးသော မိန်းကလေးသည် ခုတော့ သူ့ရှေ့တွင် ပြုံးရယ် စကားဆိုရင်း သူ့ကို မသိကျိုးကျွံ လျစ်လျူရှုနိုင် နေလေပြီ။ 

“သူ ဘယ်တုန်းကများ ယောက်ျား ရသွားတယ် မသိဘူး။ အေးလေ သူ့ကို ငါ ခွဲခဲ့တာ ငါးနှစ်တောင် ကျော်ရောပေါ့။ ငါးနှစ်ကျော်၊ ခြောက်နှစ် ဆိုတဲ့ အချိန်က အသည်းထဲက ဒဏ်ရာကို ကျက်ဖို့ရော၊ အနာဖေး ကွာဖို့ရော လုံလောက်တဲ့ အချိန်ပဲ။ အင်းလေ ... ဒေါက်တာ အောင်ညွန့်ဟာ လူတော် လူကောင်း၊ နောက်ပြီးတော့ လူရိုး တစ်ယောက်ပဲ စုထွေးအတွက် အစစအရာရာ ကောင်းမှာပါ”

သူက မုန့်ဟင်းခါး မကုန်သေးဘဲနှင့် သူ့ရှေ့ရှိ ပန်းကန်ထဲမှ နနွင်းမကင်းကို ကော်စားမိရင်း တွေးသည်။ သူ့ပါးစပ်ထဲတွင် ဝါးနေသော အရာသည် မုန့်ဟင်းခါးလား၊ နနွင်းမကင်းလားလည်း အရသာ မခံမိ။ 

“ဆရာ့ကို သိပ်လွှတ် မထားနဲ့နော်။ မြို့နယ် ဆရာဝန်ကို လူပျိုမှတ်ပြီး ဆေးခန်းမှာဆို လူဝင်လူထွက်ကို ရှုပ်လို့။ မြို့လေးက ငယ်သာငယ်တာ လူချမ်းသာ ပေါတယ် စုထွေးရဲ့။ ဆရာဝန်ဆို သမက် တော်ချင်တဲ့ သူဌေးတွေက အပြိုင်အဆိုင်”

အိအိခင်က စကားကို မဆင်မခြင် ပြောသည်။ အဖိုးလည်းတန်၊ ပွဲတက်လည်း လှသော ယောက်ျား တစ်ယောက်ကို လက်ဝယ် ပိုင်ဆိုင်ထားပြီးသော အိမ်ထောင်ရှင်မ တို့၏ ထုံးစံအတိုင်း အိအိခင်သည် အခြား မိန်းမများကို မသိမသာ အထင်သေးလေ့ ရှိသည်။ သဝန်လည်း တိုတတ်သည်။ 

“အိကတော့ မောင့်လက်ကို အမြဲဆွဲပြီး လိုက်တာပဲ။ ဘယ်သူမှ မကပ်ရဲအောင် မဏ္ဍပ်တိုင်ကို အမြဲတက်ပြ နေရတာ။ တချို့တွေက ပျိုသော၊ အိုသော ရှောင်တာ မဟုတ်ဘူး”

“အိခင်ရယ်” 

သူက ခပ်တိုးတိုး ဟန့်လိုက်မိသည်။ 

“သူ ပြောနေပုံက သူသာ ငါ့ပုဆိုးစ ဆွဲမလိုက်ရင် ငါက မိန်းမတွေ တရုံးရုံးနဲ့ ရှုပ်တော့မယ်ဆိုတဲ့ ပုံစံမျိုး” ဟု တွေးရင်း စိတ်တိုချင်ချင် ဖြစ်သွားသည်။ 

“စုထွေးက ကိုအောင့်ကို ယုံပါတယ်”

ထွေးက တိုးတိတ် ညင်သာစွာ ပြောရင်း ဒေါက်တာ အောင်ညွန့်၏ အင်္ကျီရင်ဘတ်တွင် ကပ်နေသော မုန့်ဟင်းခါးဖတ်ကို လက်နှင့် အသာလှမ်းခွါ လိုက်သည်ကို မြင်လိုက်ရတော့ စိတ်ထဲတွင် မအီမသာ ဖြစ်သွားသည်။ စုထွေး၏ နှလုံးသည်းပွတ်တွင် နေရာပိုင်ပိုင် ယူထားသော သူ၏ အရိပ်သဏ္ဍာန်ကို အချိန်ဟူသော ဆေးဆရာကြီးက ဆွဲထုတ်လွှင့်ပစ် လိုက်ချေပြီ။ 

“ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့နဲ့ အလကား မိန်းမတွေ၊ သူတို့ စကားများ ယုံရရင် ခက်မယ်” 

သူက အလိုမကျစွာ တွေးမိသည်။ သူ မလိုချင်၍ စွန့်ပစ်၊ မေ့ပစ်ခဲ့သည် မှန်သော်လည်း သူ့ကိုတော့ မမေ့စေချင်၊ တသသနှင့် သတိရနေ စေချင်လေသည်။ သတိရ နေလိမ့်မည် ဟုလည်း ထင်ခဲ့သည်။ 

“မယုံဘူး၊ အိကတော့ ဘယ်သူ့မှ မယုံဘူး၊ မောင့်ရုံးကိုလည်း ခဏခဏသွားပြီး ချက်ကင် လုပ်ရတယ်၊ စာရေးမတွေ ကလည်း လှတယ်လေ” 

“သူတို့ ဘယ်လောက်လှလှ မမလောက် လှပါ့မလား၊ စုထွေး ဆိုရင်တော့ ဒီလောက်လှတဲ့ မိန်းမ ရထားရင် ကျန်တဲ့မိန်းမတွေ အားလုံး ဖွဲနဲ့ ဆန်ကွဲပဲ ထင်မှာ”

သူ့ရင်ထဲတွင် စစ်ခနဲ နာသွားပြန်သည်။ အိအိခင်ကမူ စုထွေး၏ လက်ကို လှမ်းကိုင်က “ဒီအပြောလေး တွေကြောင့် ဆရာက သိပ်ချစ်နေတာ ထင်တယ်” ဟု တရင်းတနှီး ပြောကာ ရယ်လေသည်။ 

သူက ဣနြေ္ဒမပျက် ရော၍ ပြုံးရယ်ရင်း သူ့ရှေ့မှ မိန်းကလေး နှစ်ဦးကို ယှဉ်၍ ကြည့်မိသည်။ အိအိခင်၏ ဝင်းပ ရွှန်းမြသောအလှ အရှိန်အဝါ အောက်ဝယ် စုထွေး၏ အလှက ညှိုးမှိန်လျက် ရှိသည်ကတော့ အမှန်ပင်။ အခါတိုင်း တွေးနေကျ၊ ဂုဏ်ယူနေကျ အတိုင်း “ကြည့်စမ်း၊ ငါ့မိန်းမ ဘယ်လောက် လှသလဲ” ဟု တွေးလိုက်ရ သော်လည်း အခါတိုင်း လောက်တော့ စိတ်မရွှင်ချေ။ သို့သော် ငါရွေးတာ မမှားပါဘူးလေ။ ကြည့်ပါလား အိခင်က သိပ်လှတာဟု ဆက်၍တွေးရင်း ကြည့်၍ ကျေနပ်လိုက်သည်။ အိအိခင်သည် သူ့ရည်းစားများထဲတွင် အလှဆုံး ဖြစ်သည်။ ထို့ကြောင့်လည်း သူက အပြီးသတ် ပန်းကုံးစွပ်၍ ရွေးလိုက်ခြင်း ဖြစ်လေသည်။ 

“သူက သူ့ယောက်ျားကို ယုံဘယ်တဲ့။ ယုံမှာပေါ့၊ သူ့ယောက်ျားက ဆရာဝန်သာ ဆိုတယ် ဂိုက်က ခပ်ပဲ့ပဲ့ရယ်။ တခြား ဆရာဝန်တွေလိုမှ မဟုတ်တာ။ အရပ်ကလည်း ပုသေး၊ အသားကလည်း မည်းသေး၊ မျက်လုံးကလည်း မှေးသေး၊ ဘောင်းဘီ ဝတ်လိုက်တော့လည်း ပုကွကွနဲ့၊ မောင့်လိုသာ ဂိုက်ကောင်း၊ ဆိုက်ကောင်း၊ ရုပ်ချောဆိုရင် သူ့မိန်းမက ယုံမှာတဲ့လား” 

သူ့တို့တွေ ထွက်သွားတော့ အိအိခင်က ခပ်တိုးတိုး ပြောသည်။ သူက ကျေနပ်စွာ ရယ်မိသည်။ ဒီ တစ်မနက်လုံး အိအိခင် ပြောနေသမျှ စကားတွေထဲတွင် ဒီစကားကို သူ သဘောအကျဆုံး ဖြစ်လေသည်။ အိအိခင်က မိန်းမပီပီ လှသလို သူကလည်း ယောက်ျားပီပီ ခန့်ချော ချောလေသည်။ ထို့ကြောင့်လည်း သူတို့ နှစ်ယောက်ကို နေနှင့်လ၊ ရွှေနှင့်မြလို ရှေ့သွားနောက်လိုက် ညီလှသည်ဟု လူတိုင်းက ပြောကြလေသည် မဟုတ်ပါလား။ 

“သူနဲ့ အိနဲ့ ဘယ်သူ ကြီးမလဲဟင်” 

“ပြောတတ်ဖူးလေ” 

“ရွယ်တူလောက် ရှိမှာပေါ့နော်” 

“အင်း” 

“သူကတော့ အိကို မမတဲ့” 

“သူကများ နည်းနည်းငယ်မလားမှ မသိတာ” 

“အံမာ၊ သူကငယ်မယ် ဟုတ်လား” 

အိအိခင်က မကျေနပ်ချင်ပေ။ နှုတ်ခမ်းစူကာ မျက်မှောင်လေး ချီသွားသည်း သူက စိတ်ထဲမှနေပြီး စုထွေး၏ အသက်ကို တွက်နေမိသည်။ အိအိခင်ထက် တစ်နှစ်ကျော်ကျော် ငယ်လေသည်။ 

တစ်ချိန်တုန်းက သူ့တွင် ချစ်သူ ဒါဇင်ဝက်ခန့် ရှိခဲ့ဖူးသည်။ အားလုံးကို မမှတ်မိသော်လည်း အချို့ ချစ်သူများ၏ မွေးနေ့ကိုကား မှတ်မိနေသေးသည်။ စုထွေးသည် ဒီဇင်ဘာလ၊ ခရစ်စမတ် အကြိုနေ့တွင် မွေးသူဖြစ်သည်။ နှင်းဝေသောလတွင် မွေးသော်လည်း စုထွေးသည် နှင်းလိုမဖြူဘဲ အသားညိုလေသည်။ ထို အသားညိုညို၊ ပါးပြည့်ပြည့်လေး ပေါ်တွင် ပါးကွက် ထူထူလေး ကွက်တတ်သော စုထွေး၏ အလှသည် လင်းလင်းကျင်းကျင်း မရှိသော်လည်း ရိုး၍ ယဉ်လေသည်။ 

တစ်ခါက စုထွေး၏ မွေးနေ့တွင် လက်ဆောင်ပေးရန် အဆောင်သို့ အသွား လမ်းတွင် ရောင်းနေသော ဆောင်တော်ကူး ပန်းများကို တွေ့၍ တစ်ပွေ့တစ်ပိုက် ဝယ်ခဲ့ဖူးသည်။ သူ ပေးသည့် ခေါင်းစည်းပဝါ နီနီလေးထက် မွှေးကြိုင် သင်းပျံ့နေသော ပန်းဖွေးဖွေးများကို စုထွေးက ပို၍ နှစ်သက်ဟန် ရှိခဲ့လေသည်။ ပန်းဆုပ် ပန်းခိုင်များကို တစ်ခေါင်းလုံး ဝေနေအောင် ပန်ပြီး အင်းလျားဘက်သို့ လက်ချင်းတွဲ၍ လျှောက်ခဲ့ကြသည်။ စုထွေးက သူ့ရင်ခွင်တွင် မှီနွဲ့ရင်း “မောင်ရယ်၊ စုထွေးရဲ့ မွေးနေ့တိုင်းမှာ ပန်းလေးတွေကိုပဲ အမြဲ လက်ဆောင်ပေး ပါလားဟင်၊ အမြဲတမ်းလေ၊ စုထွေးတို့ ကလေးတွေ ရတဲ့အထိ။ မြေးတွေ ရတဲ့အထိ” ဟု အပြုံးလေး တဝေဝေနှင့် စိတ်ကူး ယဉ်ခဲ့ဖူးသေး လေသည်။ 

“ဟောတော့၊ ဘာတွေများ ဒီလောက် စိတ်ကူး နေရဘာလဲ” 

အိအိခင်က သူ့လက်ကို ဖြတ်ခနဲ လှမ်းပုတ်သည်။ သူ့ကို အလိုမကျသလို မျက်မှောင်လေး ကုတ်၍ ကြည့်နေလေသည်။ 

“ဘာတွေများ တွေးနေတာလဲဟင်။ အိ ပြောနေတာ မကြားဘူးလား မောင်ရဲ့” 

“အင်း၊ ဟိုအကြောင်း ဒီအကြောင်းပဲ” 

“ဘာအကြောင်းလဲ” 

“ဒီလိုပါပဲ ငယ်ငယ်တုန်းက လိုက်တမ်း ပြေးတမ်း ကစားခဲ့တဲ့ အကြောင်း စဉ်းစားနေမိတာပါ” 

သူက ပြောမိပြောရာ ပြောသည်း အိအိခင်က စိတ်မဝင်စားသလို ခေါင်းကို မသိမသာ ယမ်းလိုက်သည်။ သူ့မျက်လုံးများကို အသေအချာ စူးစိုက်၍ အကဲခတ် မလာမီ သူက မျက်လွှာကို ချလိုက်ပြီး သူ့ရှေ့တွင် ရှိနေသော အေးစက်စက်၊ ရေနွေးကြမ်းကို ကောက်၍ မော့ချလိုက်သည်။ 

“ဟုတ်ပါဘူး၊ သူ့ကို အိထက် ငယ်မယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲလို့” 

“ဪကွာ ... ဒါကိုပဲ မပြီးသေးဘူးလား။ အိလို ဆံပင်တိုတို မျက်နှာနုနုလေးကို အစ်မ ခေါ်သွားတာ ရိုသေသမှု ခေါ်သွားတာ ဖြစ်မှာပေါ့” 

“ဒါပေမယ့် မောင်က သူ့ကို အိထက် ပိုငယ်တယ်လို့ ထင်တယ် မဟုတ်လား” 

သူက သက်ပြင်းချ လိုက်မိသည်။ စားပွဲကို လက်နှစ်ဘက်နှင့် တဖြန်းဖြန်းပုတ်ကာ “ထင်တာ မဟုတ်ဘူးဟေ့၊ သိတာ၊ သိတာ” ဟု တအားကျုံးကာ အော်ပစ် လိုက်ချင်စိတ် ပေါ်လာသည်။ အိအိခင်သည် ထိုသို့ပင် ပြဿနာ မဟုတ်သည်ကို မကြာခဏ ပြဿနာ လုပ်တတ်လေသည်။ 

“ထင်တယ်ရယ်လို့လဲ မဟုတ်ပါဘူး” 

“မထင်ရင် သူက နည်းနည်း ငယ်မလားမှ မသိတာလို့ ဘာလို့ ပြောသလဲ” 

“ပြောမိလို့လား” 

“ပြောတယ်လေ၊ ခုနတုန်းက ပြောတာလေ။ အဲဒါ စိတ်ထဲက ထင်လို့ ပြောတာ မဟုတ်လား” 

“အေး ... အိပ်ကျမှ အဲဒီ 'စိတ်' ဆိုတဲ့ ကောင်ကို မေးကြည့် ရဦးမယ်။ လေဒီဒိုင်ယာနာ ဆံပင်လေးနဲ့ နုသည်ထက် နုအောင် ပြင်ထားတဲ့ ငါ့မိန်းမထက် သူ့ကို ဘာလို့များ ပိုငယ်တယ် ထင်ရတာလဲလို့ အသေအချာ မေးကြည့်လိုက် ဦးမယ်၊ ဟုတ်လား” 

သူက ခပ်တိုးတိုး၊ ခပ်ဆတ်ဆတ်၊ ခပ်ပြတ်ပြတ်ပြောရင်း လက်ထဲမှ ဇွန်းကို အသံမြည်အောင် ပစ်ချလိုက်မိသည်။ ပြဿနာမရှိ ပြဿနာရှာပြီး စိတ်ကောက်ချင်နေသော အိအိခင်၏ ပခုံးနှစ်ဘက်ကိုလည်း ကိုင်ပြီး ဆောင့်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ 

အိအိခင်သည် မျက်မှောင်လေး မသိမသာ ကုတ်ကာ နှုတ်ခမ်းစူ သွားသည်။ လူအများကြားတွင်မို့ ခွန်းကြီးခွန်းငယ် ဘာမျှ ပြန်ပြော မနေသော်လည်း သူ သူ့လက်ထဲမှ ဇွန်းနှင့် ပန်းကန်ထဲမှ မုန့်ဟင်းခါးများကို မွှေလိုက် ချလိုက် လုပ်နေသည်။ တစ်ဇွန်းမျှတော့ မစားပေ။ သူ စိတ်အလို မကျကြောင်းကို ဆန္ဒပြနေခြင်း ဖြစ်လေသည်။ “အိကလဲကွ၊ မောင်က စတာကိုများ အလကား စိတ်ကောက်နေတယ်” ဟူသော စကားကို မျှော်လင့်နေမှန်း သိသော်လည်း သူက အဲ့လိုစကားကို မပြောချင်ပေ။ 

အိအိခင်သည် ထိုသို့ပင် မကြခဏ စိတ်ကောက်နေကျ ဖြစ်လေသည်။ ဟိုတုန်းကတော့ သူကလည်း ချော့ချင်ချင်မို့ ကောက်ချင်သူနှင့် ချော့ချင်သူတို့ ဟန်ကျနေကြ၏။ သို့သော်လည်း ကြာလာတော့လည်း ခက်သည်။ ယောက်ျားတို့၏ သဘောမှာ တက်ကြွလွယ် ငြီးငွေ့လွယ်သည်ကို အိအိခင်က သတိပြုမိပုံမရ။ တစ်ဦးက စိတ်ကောက်ရသည်ကို ဘိန်းစွဲသလို စွဲကာ အရသာ တွေ့သည်ထက် တွေ့လာသော်လည်း ကျန်တစ်ဦးက ချော့ရသည်ကို ငြီးငွေ့လာပြီ ဖြစ်လေသည်။ မျက်ရည် ရစ်ဝိုင်းနေသော မျက်လုံးလေးများ၊ ပျော့ပျောင်း နူးညံ့သော ဆံနွယ်များနှင့် နှုတ်ခမ်းစူစူ စုစုလေးသည် သူ့စိတ်ကို ယခင်တုန်းကလောက် ထိခိုက်လှုပ်ရှားမှုကို မပေးစွမ်းနိုင်တော့ပေ။ ထို့ကြောင့်လည်း “မင်းဟာမင်း စားချင်စား၊ မစားချင်နေ။ အိမ်ရောက်မှ ဆာတယ် ဆိုရင်တော့ မင်းအဒေါ် ဗျိုင်းအိုမကြီး နှစ်ကောင် ကြိုက်တဲ့ ငါးသလောက်ကြော်ပဲ ရှိမှာပဲ” ဟု စိတ်ထဲမှ ပြောမိသည်။ မုန့်ဟင်းခါး တစ်ပန်းကန်ကို ကိုယ့်ဟာကိုယ် ထပ်ထည့်ပြီး စားဖြစ်သည်။ “စားလေ အိရဲ့” ဟုပင် မပြောမိ။ 

“ဘယ်လိုလဲ ဆရာ၊ ခုရောက် ခုပြန်ပဲလား။ ဘုရားကိုးဆူ လာပြီး ဘုရားမှ ကန်တော့မိရဲ့လားဟင်၊ ဒီစုံတွဲ” 

ပြန်တော့မည့်ဟန် ပြင်နေသော ဒေါက်တာ အောင်ညွန့်ကို အိမ်ရှင်ဖြစ်သော ဦးကိုကိုလေးက နောင်ပြောင်နေသည်။ သူက နောက်သို့ လှည့်မကြည့် သော်လည်း အလိုလို နားစွင့်မိ ပြန်သည်။ 

“လသာ နေတယ်လေ ဦးကိုကိုလေးရဲ့” 

“အဲဒါ ဘာဖြစ်လို့လဲ ဆရာ” 

“ဪ ကိုယ့်ချစ်သူနဲ့ လက်တွဲပြီး လရောင်အောက်မှာ လမ်းလျှောက်ရတာ ဘယ်လောက် အရသာရှိသလဲ ဆိုတာ ပြောပြလို့ နားလည်မယ် ဆိုရင်တော့ ပြောပြချင်သားဗျ နော်” 

ဒေါက်တာ အောင်ညွန့်၏ စကားအဆုံးတွင် ဝါးခနဲ ရယ်လိုက်ကြသော အသံများက လျှံထွက်လာသည်။ ခေါင်းကို မသိမသာ ငဲ့ကြည့်မိတော့ ကြည်ကြည်နူးနူးနှင့် ရှက်စနိုး ပြုံးနေသော စုထွေးကို တွေ့ရသည်။ သူကလည်း မုန့်ဟင်းခါး မကုန်သေးဘဲနှင့် နနွင်းမကင်းကို ကော်စားမိပြန် လေသည်။ 

“ဟုတ်ပ၊ ဘုစုခရုတွေ မလာခင်တော့ ကြိတ်ထားလိုက်ဦး”

“အိုဗျာ၊ ဘုတွေ စုတွေ လာတော့လည်း လရောင်အောက်က နေရောင်အောက်ကို ရောက်လာမှာပေါ့၊ ပိုမို လက်တွေ့ကျမှာ ပေါ့နော်၊ စုထွေးရာ၊ ဒီလူတွေက ကလေးငါးယောက် ရနေတာတောင် မေတ္တာတရားကို တို့တွေလောက် နားလည်တာ မဟုတ်ဘူး။ ပြောပြလိုက်စမ်းပါ မိန်းမရယ်။ ခုလဲ စုဗိုက်ထဲမှာ ဘုနဲ့ပါလို့”

“အို ကိုအောင်ကလဲ”

စုထွေးက သူ့ ဝမ်းဗိုက်ကို လက်တစ်ဘက်နှင့် မသိမသာ အုပ်ရင်း ကိုယ်ကလေး ရို့သွားသည်။ ရယ်သံများက ပို၍ ကျယ်လာလေသည်။ “ဪ စုထွေးက ကိုယ်ဝန် ရှိနေပြီကိုး” ဟု တွေးမိပြီး ဒေါသဖြစ် သလိုလို၊ စိတ်တို သလိုလို၊ နှမြော သလိုလို အမြင်ကပ် သလိုလိုနှင့် ဘာလိုလိုမှန်း မသိသော ဝေဒနာဆန်းကို ခံစားရသည်။ အိမ်ထောင်သက် လေးနှစ်ခန့် ရှိပြီ ဖြစ်သော်လည်း “ကလေး မလိုချင်သေးဘူး မောင်ရယ်” ဟုပြောပြီး ဆေးလုံးလေးများ သောက်မြဲဖြစ်သော အိအိခင် ကိုလည်း မကျေနပ်ချင်ပေ။ 

နောက်ထပ် ဆယ်မိနစ်ခန့် ရှိသောအခါ သူတို့လည်း ပြန်လာခဲ့ ကြသည်။ လရောင်ပြောက်ကျား ထိုးနေသော ကုက္ကိုပင်များ အောက်မှ တိတ်တိတ်ဆိတ်ဆိတ် လျှောက်ခဲ့ကြသည်။ စိတ်ကောက်နေသော အိအိခင်ကလည်း စကားမဆို။ အတိတ်ကို ပြန်ပြီး တွေးတော လွမ်းမော နေသလို သူကလည်း စကားမပြော။ စုထွေးနှင့် ဦးအောင်ညွန့်တို့ နှစ်ဦးကမူ တစ်ဦးလက်ကို တစ်ဦးတွဲရင်း ကယုကယင်ပင် စကားတွေ ဆိုနေလိမ့်မည်ဟု တွေးမိပြီး မကျေနပ် သလိုလို၊ မနာလို သလိုလိုနှင့် လှိုက်မောလာသည်။ ရုတ်တရက် လှုပ်ရှားလာသော စိတ်ကြောင့် အိအိခင်၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်မိသည်။ အိအိခင် ကသာ သူ့လက်ကို ပြန်လည်၍ တင်းတင်း ဆုပ်ကိုင်ကာ အားပေးလိုက်ပါက မငြိမ်မသက် ဖြစ်နေသော စိတ်များ အနည်ထိုင် သွားလိမ့်မည် ထင်သည်။ သို့သော်လည်း မရွှေအိအိခင်က လှမ်းလာသော သူ့လက်ကို တွန်းပြီး ပုတ်ထုတ်လိုက်သည်။ မျက်စောင်းကို မသိမသာ ခဲကာ “သွားစမ်းပါ” ဟု မကျေမချမ်း ပြောသည်။ 

သူက သက်ပြင်းချလိုက်သည်။ အိအိခင်၏ လက်ကလေးကို စတင် ဆုပ်ကိုင်ခဲ့ရသော နေ့ကိုလည်း သတိရသည်။ ထိုစဉ်ကမူ အိအိခင်သည် ရှက်နေဟန် ရှိသော်လည်း သူ့ လက်ကို ပြန်ပြီး မရုပ်ခဲ့ပေ။ “ဟိုမှာ အန်တီတို့ ကြည့်နေတယ် အစ်ကိုရယ်” ဟု တိုးတိုးလေး ပြောသည်။ ယခုလိုသာ “သွားစမ်းပါ” ဟု သူ့လက်ကို ပုတ်ထုတ်ခဲ့ပါက တစ်ခါတည်း ကိစ္စပြတ်မည် ဖြစ်လေသည်။ သူကလည်း နောက်တစ်ခါ စဖြစ်တော့မယ် မဟုတ်ပေ။ ဤသို့သာ ဆိုလျှင်လည်း သူ၏ ဇနီးသည် အိအိခင် ဟူသည့် မိန်းကလေး ဖြစ်ချင်မှ ဖြစ်လာတော့မည် ဖြစ်သည်။ မူမူဝင်း ဖြစ်ချင် ဖြစ်နိုင်သည်။ ကေသွယ်စိုး ဖြစ်ချင် ဖြစ်နိုင်သည်။ နွဲ့လေးမူ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် စုထွေး ဖြစ်ချင်လျှင်လည်း ဖြစ်နိုင်လေသည်။ 

*****

သူက ပင့်သက်ရှိုက်ရင်း လဝန်းကို မော်၍ ကြည့်သည်။ စဉ်းစားမိတော့လည်း အစကပြန်ပြီး စဉ်းစားတော့မည်။

ရင်ထဲတွင် လှိုက်မောပြီး ရင်ခုန်သံ မသိမသာလေး မြန်နေသည်။ စုထွေးသည် တမာနံ့ သင်းသော ညဉ့်လေအေးကို ရှိုက်၍ ရှူရင်း လဝန်းကို မော့်၍ ကြည့်မိသည်။ ဝင်းဝါနေသော လပြည့်ဝန်းကို တိမ်လွှာ ပါးပါးလေး အုပ်သွားသည်၊ တိမ်လွှာပါးက လေနှင်ရာ ရွေ့နေသော်လည်း စုထွေး အမြင်တွင် တိမ်က ရွေ့နေသည် မထင်။ လဝန်းက ပြေးနေသည် ထင်မိသည်။ 

“စုထွေး နေကောင်းရဲလား ဟင်” ကိုအောင်က မေးသည်။ 

“ကောင်းပါတယ်”

“လက်ဖျားတွေ အေးနေသလားလို့”

“ဟုတ်လား”

စုထွေးသည် သူ့လက်ဖျားများကို အချင်းချင်း ဆုပ်နယ်ရင်း ခေါင်းကို မသိမသာ ငုံ့ထားသည်။ ကိုအောင်၏ မျက်လုံးများကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်ရဲ။ “စုထွေး ပြောဖူးတဲ့ စုထွေးကို ပစ်ပြေးသွားတဲ့ စုထွေးရဲ့ အချစ်ဦး ဆိုတာလေ ခုနတုန်းက ကိုအောင် မိတ်ဆက်ပေးတဲ့ ဦးစိုးနိုင်ပေါ့” ဟု ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ချင် သော်လည်း မပြောရဲ။ ကိုအောင် စိတ်ဆိုးမှာ စိုးသောကြောင့် မဟုတ်။ ကိုအောင်သည် သူ့ကို မည်သည့် အခါမျှ စိတ်ဆိုးလိမ့်မည် မဟုတ်သည်ကို သူ သိသည်။ သို့သော် ကိုအောင် စိတ်မကောင်း ဖြစ်လိမ့်မည်။ “စုထွေးဟာ ငါ့ကို တကယ်ချစ်တာ မဟုတ်ပါဘူး” ဟူသော အားငယ်စိတ်နှင့် ဝမ်းနည်းလိမ့်မည်။ ကိုအောင် စိတ်အနှောင့်အယှက် ဖြစ်မည်ကို သူ မလိုလားပေ။ ကိုအောင့်အား သူ့ရင်ထဲမှ မေတ္တာ အလုံးစုံကို ဦးဦးဖျားဖျား မပေးနိုင်ခဲ့ သော်လည်း စိတ်ချမ်းသာမှု ကိုကား အပြည့်အဝ ပေးလိုသည်။ 

“ခုနတုန်းက အင်ဂျင်နီယာ ကတော်က လှတယ်နော် ကိုအောင်”

စုထွေးက ပြောမိပြောရာ ပြောလိုက်သည်။ 

“အင်း၊ လှတယ်”

“ချစ်စရာလေး နော်”

“ဟင့်အင်း၊ ချစ်စရာတော့ မကောင်းပါဘူး”

“လှတော့ လှတယ်၊ ချစ်စရာတော့ မကောင်းဘူး၊ ဟုတ်လား”

“ဟုတ်တယ်”

“ကိုအောင်ကလဲ မဟုတ်တာကို။ အဲဒါ အတူတူပဲ မဟုတ်လား“

“ဪ ... စုထွေးရယ်၊ ရှင်းနေတာပဲဟာကို။ လှတာဟာ လှတာပဲ၊ ချစ်စရာ ကောင်းတာကတော့ ချစ်စရာ ကောင်းတာပဲ။ တူမှ မတူတာ၊ တစ်ခြားစီပဲ။ ကိုအောင် ရှင်းရှင်းပဲ ပြောမယ်။ စုထွေးဟာ အိအိခင်လောက် မလှဘူး။ ဒါကို မျက်စိပါတဲ့ လူတိုင်း သိတာပေါ့။ ဒါပေယ့် အိအိခင်ထက် အများကြီး ပိုပြီး ချစ်စရာ ကောင်းတယ်”

“ငါးချဉ်လေးက ချဉ်လိုက်တာကွယ်”

စုထွေးသည် ကိုအောင်၏ ညာလက်မောင်းကို မှီနွဲ့ရင်း ခပ်တိုးတိုး ရယ်မိသည်။ ရင်ထဲတွင် တင်းကျပ် နေသည်က အတန်ငယ် သက်သာသွားသည်။ 

“မရယ်နဲ့ စုထွေး၊ ထောင်တန်တဲ့ စကား ရယ်ရင် ပေါ့သတဲ့။ ကိုအောင်က ကိုယ့်မိန်းမမို့ ကိုယ်ပြောတာ၊ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ပါဘူး”

လရောင်ပြောက်ကျား ထိုးနေသော ကိုအောင်၏ မျက်နှာကို မော်ကြည့်မိသည်။ မျက်နှာ ဝိုင်းဝိုင်း၊ ပါး ပြည့်ပြည့်နှင့် နှုတ်ခမ်းက မသိမသာ ထူလေသည်။ နူးညံ့ သိမ်မွေ့သော မျက်လုံးများက ယုံကြည် ကိုးစားမှုကို ပွါးစေသော်လည်း ရင်ကိုတော့ သိပ်ပြီး မခုန်စေပေ။ 

“ရင်ခုန်တာက မကောင်းပါဘူး။ ရင်ခုန်ရတဲ့ အချစ်ကိုလည်း မလိုချင်တော့ပါဘူး”

စုထွေးက သူ့ကို သတိရသည်။ သူနှင့်တုန်းက စုထွေးသည် အစဉ်အမြဲ ရင်ခုန် နေခဲ့သည်။ တစ်ကိုယ်လုံးကို မျိုထားတော့မလို စူးစူးရဲရဲဖြင့် ကြည့်တတ်သော သူ့အကြည့်ကို ရင်ဆိုင်ရတိုင်း နှလုံးသားက သွေးတိုး မြန်လာတတ် လေသည်။ ရှက်သွေး ဖြန်းလာတတ် လေသည်။ 

အခုမှသာ ရင်ခုန်ရတဲ့ အချစ်ကို မလိုချင်ပါဘူးဟု တွေးနေရ သော်လည်း လိုချင်တုန်းကတော့ လိုချင်ခဲ့သည်။ သူ့အချစ်ကို တစ်ဦးတည်း အပိုင်ရယူ လိုခဲ့သည်မှာ ရူးမတတ်ပင်။ ဝိဇ္ဇာ သိပ္ပံမှာ တစ်ယောက်၊ စီးပွါးရေးမှာ တစ်ယောက်၊ စက်မှုမှာ တစ်ယောက်၊ ပညာရေးမှာ တစ်ယောက် စသည်ဖြင့် အချစ်တွေ များသော သူ့သတင်းကို ကြားရတော့ ခေါင်းအုံး တစ်ခုလုံး ရွှဲရွှဲစိုအောင် ကြိတ်ပြီး ငိုရသေးသည်။ “စုထွေး ကလဲကွာ။ ဟိုဟာတွေက အပျော်ပါ။ စုထွေး တစ်ယောက်တည်း ကိုသာ မောင်က တကယ် ချစ်တာပါ” ဟု သူက ချော့တိုင်းလည်း မယုံရဲ ယုံရဲနှင့် ယုံခဲ့ရသေးသည်။ “မိဘကလည်း ချမ်းသာ၊ ပညာကလည်း တော်၊ ရုပ်ကလည်းချော ဆိုတော့ မြင်းကမလှုပ် ခုံကလှုပ်တဲ့ မိန်းမတွေ ကလည်း အများသားကွယ်” ဟု သူ့ဘက်မှပင် ကာကွယ်ပြီး ပြောခဲ့ရသည်။ ပြောမယ့်သာ ပြောရသော်လည်း သိပ်ပြီး အားရှိလှသည်တော့ မဟုတ်ပေ။ သူက အသစ် အသစ်များ တွေ့ကာ စုထွေးဆီ တဖြည်းဖြည်း အလာကျဲ လာတော့ အပူရုပ်ကို ဟန်လုပ်၍ပင် မပြုံးနိုင်ခဲ့ပေ။ ညနေတိုင် ကျလျှင် သူ လာမည့်လမ်းကို လှမ်းမျှော်ကြည့်ပြီး မျက်ရည်ဖြိုင်ဖြိုင် ကျလေတော့ သူငယ်ချင်း ဖြစ်သူ မိမာက “ဟင် ... မလှုပ်ဘူး ဆိုတဲ့ နှင့်မြင်းကြီးလေ အခုတော့ ကဆုန်ပေါက် ပြေးပြီ မိစုထွေးရဲ့။ နင့်မြင်းကြီးက လှုပ်သာ မလှုပ်တတ်တာ ပြေးတော့ ပြေးတတ်တယ်ဟဲ့” ဟု ကရုဏာ ဒေါသော ပြောပြီး သူနှင့်အတူတူ ရောပြီး မျက်ရည်ကျခဲ့ လေသည်။ 

“လှတယ် ဆိုတာက အဆင်း စုထွေးရဲ့၊ အရေပြား ပေါ်မှာပဲ ရှိတယ်။ ချစ်စရာ ကောင်းတာက အရည်အချင်း၊ အသည်း နှလုံးထဲမှာ ရှိတယ်”

ကိုအောင် စုထွေး၏ ပခုံးကို အသာအယာ ဖက်ကာ ပြောသည်။ 

“လှတယ် မလှဘူး ဆိုတာက မြင်မြင်ချင်း သိသာတယ်။ ချစ်စရာ ကောင်းလား၊ မကောင်းဘူးလား ဆိုတာကတော့ ချက်ချင်းပြောလို့ မရဘူး။ အသည်းနှလုံး ဆိုတာက အရေပြားလောက် လွယ်လွယ်ကူကူ မြင်ရတာမှ မဟုတ်ပဲ”

ကျေးတမာ ကန်ဘေးတွင် တမာပင်များက အကိုင်းချင်း ယှက်၍ ပေါက်နေသည်။ တမာပွင့်၊ တမာဖူး ဖြူဖြူလေးများက လပြည့်ည အရောက်ဝယ် ဝါနေကြသည်။ သင်းပျံ့ပျံ့ ရနံ့က လေအေးထဲတွင် ဝေ့ဝဲနေသည်။ စုထွေးက တမာနံ့ မွှေးမွှေး၊ လေအေးကို ရှိုက်၍ ရှူလိုက်သည်။ ရင်ထဲတွင် ကြည်ပြီး အေးသွားသယောင် ခံစားရလေသည်။ 

“ကိုအောင်က စုထွေးရဲ့ နှလုံးသားကို မြင်လို့လား”

“မြင်တာပေါ့ စုထွေးရယ်၊ ကြီးပါ့ဗျာ၊ ကြီးပါ့၊ ထိပ်နားမှာ ဒဏ်ရာလေး နည်းနည်း ရဖူးလို့ အမာရွတ် ကလေးလည်း ထင်လို့”

စုထွေးက မလုံမလဲ ပြုံးရယ်ရင်း ကိုအောင်၏ လက်မောင်းကို မနာမကျင် ဆိတ်ဆွဲ လိုက်မိသည်။ “ဪ ... ငါ့ရင်ထဲက အနာကို သူ အမြဲ သတိရနေတယ် ထင်ပါရဲ့” ဟု တစ်ဆက်တည်း တွေးမိပြီး စိတ်မကောင်းလည်း ဖြစ်သွားသည်။ 

“အနာက ကျက်နေပါပြီ ကိုအောင်ရယ်”

“မကျက်ရင်လည်း ကိစ္စ မရှိပါဘူး မိန်းမရာ၊ ကိုအောင်က ကျက်အောင် ကုပေးမှာပေါ့"

ခုနတုန်းက ဆိတ်ဆွဲ နေခဲ့မိသော ညာဘက် လက်မောင်းကို စုထွေးက အားကိုးတကြီး ဖက်လိုက်သည်။ ရင်ထဲတွင်လည်း နွေးသွားသည်။ 

ရည်းစားပစ်မလေး ဘဝနှင့် တစ်နှစ်ခန့် ငိုပြီးသောအခါ စုထွေးသည် ကိုအောင်နှင့် သိခဲ့ရလေသည်။ ကိုအောင့် အမေနှင့် စုထွေး၏ အမေတို့သည် ငယ်သူငယ်ချင်းများ ဖြစ်လေသည်။ အမေတို့ ပြောသလို ဆိုလျှင် ထုပ်ဆီးတိုးဖက်၊ ဖန်ခုန်ဖက်များ ဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကွဲနေပြီးမှ ရွှေတိဂုံ ဘုရားပေါ်တွင် ဆုံမိကြသည်။ အိမ်ထောင် မကျမီက ကွဲသွားကြသော သူငယ်ချင်း နှစ်ဦးသည် ပြန်တွေ့ ကြသောအခါ သမီးတစ်ယောက်၊ သားတစ်ယောက်စီနှင့် နှစ်ဦးစလုံး မုဆိုးမ ဖြစ်နေကြ ပေပြီ။ သူ့အမေ နံဘေးမှ ပါလာသော ကိုအောင့်ကို ကြည့်ရင်း စုထွေးက “ဟင်း၊ ဆရာဝန်လောင်းသာ ဆိုတယ် ဂိုက်ကလည်း ပဲ့လိုက်တာ” ဟု တွေးမိသလို ကိုအောင်ကလည်း “အံမာလေးဗျာ၊ တကတည်း တစ်ကမ္ဘာလုံးကို သူက ထမင်းကျွေး ထားရတာ ကျနေတာပဲ၊ မျက်ခွက်ကိုက ရှစ်ခေါက်ချိုးနဲ့” ဟု တွေးမိလေသည်။ အမေနှစ်ဦး မျက်နှာကြောင့်သာ တစ်ဦးကိုတစ်ဦး သွားဖြီးပြီး နှုတ်ဆက်လိုက်ရ သော်လည်း မြင်မြင်ချင်း မျက်နှာကြာ တည့်လှသည်တော့ မဟုတ်ပေ။ 

“အခုလဲ ကိုအောင် ကုပေးလို့ အနာကျက်ပြီး နေကောင်း သွားတာပဲ ကိုအောင်ရဲ့။ ဒါပေမယ့် အမာရွတ် ကျန်နေသေးတယ်။ အဲဒါကိုပါ ပျောက်အောင် ကုပေး”

“ဟား ... ဟား၊ အဲဒါကတော့ ကိုအောင် ကုလို့ မရဘူး 'စု' ရဲ့ ဗိုက်ထဲက 'ဘု' ကလေးက ကုပေးလိမ့်မယ်”

“ဟာ၊ ကိုအောင်ကလဲ”

“ဟုတ်ဘူးလား စုထွေးရဲ့၊ ကိုအောင်က ဘွဲ့လွန် မတက်ရသေးဘဲနဲ့ နှလုံးရောဂါ အထူးကု ဆရာဝန် ဖြစ်နေတာ တော်ရောပေါ့။ အမာရွတ် ကိုတော့ 'ဘု' ကလေးကိုပဲ ဆက်ကု ခိုင်းရမယ်”

ကိုအောင်က ရွှင်ပျစွာ ရယ်နေလေသည်။ စုထွေးသည် သူ့ဝမ်းဗိုက်ကို သူ အသာအယာ လက်နှင့်ဆုပ်၍ စမ်းကြည့်မိသည်။ သုံးလကျော်ကျော် ရှိပြီမို့ စုံ့စုံ့ရုံ့ရုံ့လေးပင် ဖောင်းနေပေပြီ။ 

“ကိုအောင်ကလဲ အဲဒါကို ဂုဏ်ယူစရာကြီး လုပ်ပြီး လူကြားထဲကျရင် အော်ပြီ။ သိပ် ရှက်စရာ ကောင်းတာပဲ”

“အံမာလေး မိန်းမရယ်၊ ဂုဏ်ယူစရာမို့လို့ ဂုဏ်ယူတာ ဘာဖြစ်တုံးဗျ။ ဟောဒီ ကျုပ်မိန်းမ စုစုထွေးဟာ ဗိုက်လည်း ပူရဲတယ်ဗျ။ ကလေးလည်း မွေးရဲတယ်ဗျလို့တောင် အော်လံကြီးနဲ့ အော်လိုက်ချင်သေး”

“အို၊ ယောက်ျားယူလို့ ကလေးမွေးတာ ဆန်းသလား” 

“ဆန်းတော့ မဆန်းဘူးပေါ့၊ ဒါပေမယ့် အလှပျက်မှာ စိုးလို့ ကလေး မမွေးရဲဘဲ တားဆေးတွေ စားနေတဲ့ အချို့ မိန်းမ တွေလည်း ရှိသေးတော့ ကျုပ်ကတော့ ကျုပ်မိန်းမအတွက် ဂုဏ်ယူချင်တာပဲ”

“ဘယ်သူကများ ကလေး မွေးရမှာ ကြောက်နေလို့တုံး”

“အလှဘုရင်မ အိအိခင် လေဗျာ”

စုထွေးသည် သက်ပြင်းလေး တစ်ချက် ရှိုက်မိသည်။ ခေတ္တ ခဏ မေ့သွားသော အိအိခင်ကို ပြန်၍ သတိရသည်။ ဒီနေ့ညတော့ သူတို့ အကြောင်းကိုသာ တွေးနေမိတော့ မည်လား မသိ။ 

တမာပန်းနံ့က ပျံ့ပျံ့သင်း နေသည်။ အစိမ်းရင့်ရောင် အရွက် ချွန်ချွန်လေးများ ကလည်း လရောင်ဝယ် ပို၍ စိမ်းပြီး အရောင်လက် နေသည်။ စုထွေးသည် ညဉ့်လေအေးကို ရှိုက်ရင်း သူ့ခေါင်းထဲမှ အိအိခင်ကို မောင်းထုတ်လည်း ထွက်မသွားပေ။ “အင်း ... သိပ်လှတော့လဲ လှနေတဲ့ အလှလေး ပျက်မှာပေါ့လေ” ဟု တွေးနေမိသည်။ 

"စုထွေးကတော့ မလှဘူးပေါ့နော် ကိုအောင်”

“အင်း သူ့လောက်တော့ မလှဘူးပေါ့”

အားငယ်စိတ် ကလေးနှင့် ပြောသော စုထွေး စကားကို ကိုအောင်က လွယ်လွယ်ကူကူပင် ထောက်ခံလေသည်။ 

“တကယ့် တကယ်က အိအိခင်က ကိုအောင့်ကို မမှတ်မိလို့ပါ။ ငယ်ငယ်တုန်းက သူနဲ့ တစ်ကျောင်းတည်း နေဖူးတယ်”

“ဟင် ... တကယ်”

ကျေးတမာ ကန်ပေါင်ရိုးသို့ နှစ်ဦးသား လက်ချင်းတွဲကာ တက်လာခဲ့ ကြသည်။ စိမ်းလဲ့လဲ့ ရေပြင်သည် လရောင်ဝယ် တဖျပ်ဖျပ် လက်နေလေသည်။ ကိုအောင်က ရေပြင်ကို ငေးကြည့်ကာ ခေတ္တမျှ ငြိမ်နေသည်။ 

“သူ့အဖေ ကိုအောင်တို့ မြို့ကို ပြောင်းလာပြီး ကိုအောင်တို့ ကျောင်းကို သူ ရောက်လာတော့ ထုံးစံအတိုင်းပဲ ဆရာတွေ ဆရာမတွေက အစ သူ့ကို အရေးပေး ကြတာပေါ့။ အဲဒီတုန်းက ကိုအောင်က ကိုးတန်းမှာ သူ့ကိုလည်း ကိုအောင်တို့ အတန်းခွဲ ကိုပဲ ဆရာကြီးက ပို့ပေးတယ်။ ကိုအောင် မှတ်မိသေးတယ်။ 

“အို ဒီလောက် ရှင်းနေတာ နားမလည် ရအောင် စုထွေးက ကလေးမို့လို့လား။ နားလည်တာပေါ့။ သူ့ကို ကိုအောင်က ကြိုက်တယ်။ သူက ကိုအောင့်ကို မကြိုက်ဘူး။ အရေးတောင် မစိုက်ဘူး။ ဒီတော့ ကိုအောင့် အသည်းကြီး ဟက်တက် ကွဲခဲ့မှာပေါ့။ ဒါပဲ မဟုတ်လား”

စုထွေး၏ စကား အဆုံးတွင် ကိုအောင်က အားရပါးရ ရယ်လေတော့သည်။ 

“ဪ စုထွေး ... စုထွေး၊ သူကလှလို့ ကိုအောင်က ကြိုက်တယ် ပြောတာပဲ၊ ချစ်တယ်လို့ ပြောတာမှ မဟုတ်ဘဲ စုထွေးရယ်။ ကိုအောင် ချစ်ခဲ့ဖူးတာက ဟောဒီက စုထွေး တစ်ယောက်တည်းပါ”

စုထွေး၏ နဖူးပြန့်ပြန့်ကို ကိုအောင် အသာလေး နမ်းလိုက်သည်၊ ခုနတုန်းက မနာလိုစိတ်၊ အားငယ်စိတ်တွေ တက်လာသော စုထွေး၏ စိတ်သည်လည်း ချက်ချင်း အနည်ထိုင် သွားသည်။ 

“ဒါကြောင့်မို့လို့ မိန်းမတွေက အူတိုတယ် ပြောတာ။ တိုလည်း တကယ်ကို တိုတာဗျ။ သူ့တုန်းကတော့ ကျွန်မ အသည်းနစ်အောင် ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်၊ ကိုအောင်ညွန့်ကို ကျွန်မ အခုတော့ မချစ်သေးဘူး။ ဒါပေမယ့် တစ်ချိန်ချိန် မှာတော့ ချစ်လာချင် ချစ်လာမယ် ထင်ပါတယ်လို့ ခပ်တည်တည်ကြီး ပြောခဲ့ပြီးတော့ အခု သူ့အလှည့်ကျတော့ တို့ကို ထရိုက်တော့ မလိုပဲ”

“အို ... ဘယ်မှာ ရိုက်လို့လဲ”

စုထွေးက ရှက်စနိုး ရယ်မိသည်။ “ရပါတယ် စုထွေးရယ်၊ ကျွန်တော့်ကို မချစ်ချင်သေးရင်လဲ ရပါတယ်။ ဒါပေမယ့် ကျွန်တော့် မေတ္တာကိုတော့ လက်ခံထားပါ” ဟု နားလည် ခွင့်လွှတ်စွာ ပြောသော သူ့စကားကို ကြားယောင် လာမိသည်။ 

ရှင်းရှင်း ပြောရလျှင် အမေက “မောင်အောင်ညွှန့်လေးက မဆိုးရှာပါဘူး သမီးရယ်။ အမေတော့ သူနဲ့ သဘောတူတယ်။ ပပလွှားလွှား၊ မော်မော်ကြွားကြွားလည်း လုံးဝ မရှိဘူး။ အမေရော မခင်နွယ်ရော သားသမီး ပညာရေးကို ရှိရှိသမျှ ပစည်းတွေနဲ့ လဲခဲ့ကြရတာ။ နှစ်ယောက်စလုံး ခရုအဆံကျွတ်ပဲ။ သမီးတို့လည်း ပညာစုံရော ရှိတဲ့ ပစ္စည်းလည်း ကုန်ရော” ဟု ပြောတော့ စုထွေးက “ဒါဆိုရင် အမေက နှုတ်ခမ်းပဲ့ချင်း မီးမှုတ်မလို့ပေါ့” ဟု မျက်ရည် အဝဲသားနှင့် ပြောသေးသည်။ အမေက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ “အေး ... နှုတ်ခမ်းပဲ့ချင်း တူရင်တော့ သူက ဆရာဝန်၊ ဆရာဝန်ဆိုတာ ချိုကျိုးကျိုး၊ နားရွက်ပဲ့ပဲ့၊ နှာခေါင်းပွန်းပွန်း မိန်းမ တစ်ယောက်တော့ မရှားဘူးအေ့” ဟု ခပ်ပြတ်ပြတ် ပြောခဲ့လေသည်။ စဉ်းစားကြည့် တော့လည်း ဟုတ်သားပင်။ ဆရာဝန်၊ သင်္ဘောသားနှင့် အင်ဂျင်နီယာ ဟူသည်မှာ လူကြိုက်များသော ကုန်တစ်ခုပင် ဖြစ်သည်။ သူ့အထာနှင့် သူတော့ ဝယ်လိုသူက အနည်းနှင့် အများ ရှိနေတတ်သည်ပင်။ “အမေတို့ ပေးလိုက်တဲ့ ပညာလေးတွေ ပိုက်ပြီး ရှေ့ဆက်မယ့် ဘဝကို လက်ချင်း တွဲလျှောက် စေချင်တယ်” ဟု အမေက ဆက်ပြောတော့ စုထွေး ချက်ချင်း ခေါင်း မညိတ်မိပေ။ ကိုအောင့်ကို အထင်တကြီးလည်း မရှိသေးသောကြောင့် ဖြစ်လေသည်။ ကိုအောင်နှင့် နှစ်ဦးချင်း တွေ့ပြီး “အမေတို့ကတော့ သည်လို သည်လိုပဲ ကျွန်တော်ကလည်း စုထွေးကို ချစ်တယ်” ဟု ပြောတော့ “ဘာလို့ ချစ်တာလဲဟင်” ဟု မေးမိသေးသည်။ သူ့ အကြောင်းကိုလည်း ဖွင့်ပြောခဲ့သည်။ 

“စုထွေး မျက်နှာက ကျွန်တော်နဲ့ တွေ့ရင် ခပ်တင်းတင်းမို့ အစောပိုင်းက အမြင်တောင် ကပ်မိပါသေးတယ်။ ဒါပေမယ့် ဟိုတစ်ခါတုန်းက ကလေးတွေကို စာသင်နေတာ မြင်တော့ ဪ ... သူ့မျက်နှာလေးက အတော်ချိုပြီး အတော်ပျော့ ပါလားလို့ သတိထားမိ လာတယ်။ ဒါကြောင့် စုထွေးရဲ့ ကျောင်းနားကို ကျွန်တော် ခဏခဏ ရောက်တယ်။ ကျောင်းရှေ့က လက်ဖက်ရည် ဆိုင်မှာ ထိုင်ရင်း စုထွေးကို ကြည့်နေမိတယ်။ ကလေးတွေကို စိတ်ပါလက်ပါ စာသင်တာ၊ ဆုံးမတာ၊ စာအုပ် မဝယ်နိုင်တဲ့ ကလေးတွေကို အိတ်ထဲက စိုက်ပြီး ဝယ်ပေးတာ၊ ကိုယ့်ဟာကိုယ် ကျတော့ ကျောင်းလုံချည် အစိမ်းလေး တစ်ထည်တောင် ချက်ချင်း ထပ်မဝယ်နိုင်ဘဲ အိမ်ရောက်ရင် ချွတ်ပြီး မွေ့ရာအောက် ဖိအိပ်၊ နောက်တစ်နေ့မှာ ပြန်ဝတ်၊ တစ်ခါတလေ မိုးစို ပြန်တော့လဲ အစိုကြီးကို ခြောက်အောင် အတင်း မီးပူတိုက်ပြီး ဝတ်။ တစ်ခါတုန်းက ခပ်စိုစို ခပ်ထိုင်းထိုင်း ထဘီကြီး ဝတ်သွားပြီး အအေးမိ၊ နှာတွေ စေးတာရော၊ ထဘီဖိုး ပြည့်ခါနီးရင် ကျောင်းသားတွေ အတွက် စိုက်လိုက်ရင်းနဲ့ ငါးလလောက် နေမှ ထဘီဝယ် ဖြစ်တာတွေရော ကျွန်တော် အကုန်သိတာပေါ့။ အဲဒါတွေကို သိလို့လည်း ချစ်တာပဲ ထင်ပါရဲ့” ဟု ခပ်ရိုးရိုးပင် ပြောလေသည်။ 

စုထွေးသည် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်ရင်း “ဪ ... ငါ့ကို ချောလို့လည်း မဟုတ်၊ လှလို့လည်း မဟုတ်၊ ထဘီ မဝယ်လို့ ချစ်တာတဲ့” ဟု ရယ်ချင်ငိုချင်နှင့် တွေးခဲ့မိသေးသည်။ သို့သော် သူ့အလှည့် ကျတော့လည်း ကိုအောင့်လိုပင် ဖြစ်သည်။ သူငယ်ချင်း တစ်ဦး၏ မိခင် ဆေးရုံတက် နေရသည်ကို သတင်း သွားမေးရင်း ဆေးရုံကြီးကိုမ မျှော်လင့်ဘဲ ရောက်သည်။ သူငယ်ချင်း၏ မိခင်က “ဒီအဆောင်က အလုပ်သင် ဆရာဝန်လေးက စေတနာ ကောင်းလိုက်တာကွယ်၊ တကယ့်ကို ကိုယ်ဖိရင်ဖိပဲ” ဟု ပြောသည်။ ဘေးခုတင်မှ လူနာကလည်း ချီးကျူး ကြလေသည်။ “ဒီဆရာဝန် ကတော့ ရှားပါတယ်ကွယ်။ သူ့ကို စားစရာ၊ သောက်စရာ လက်ဆောင် ပေးလည်း မရှိတဲ့ လူနာကို သွားကျွေးပစ်တာပဲ။ ရောဂါအကြောင်း မေးရင်လည်း စိတ်ရှည်ရှည် ထားပြီး ရှင်းပြတယ်။ သဘောကောင်း လိုက်တာလည်း လွန်ရော။ ဒီလို သားမျိုးလေး မွေးရတဲ့ အမေတော့ မွေးရကျိုး နပ်လိုက်တာနော်” ဟု ပြောနေကြဆဲ လူသွားစင်္ကြံမှ ဖြတ်သွားသော ကိုအောင့်ကို တွေ့ရသည်။ “အဲဒီမှာ ... အဲဒီမှာ ... အဲဒီ ဆရာဝန်လေးပေါ့။ အမေတို့မှာ သူ့မျက်နှာလေး မြင်လိုက်ရင်ပဲ အားကိုတက်ပြီး ရောဂါ သက်သာ သလိုပဲ” ဟု ပြောသည်။ မန်ကျည်းကွက်စိပ် လုံချည်ပေါ်တွင် ဂျူတီကုတ် ဖားဖားကို ဝတ်ထားသော ကိုအောင့်ကို စုထွေးသည် ပထမဆုံး အကြိမ် အထင်တကြီး လှမ်းကြည့်မိသည်။ “သူများ ဆရာဝန်တွေလို ရှိုးမကျလိုက်တာ၊ တုံးလိုက်တဲ့ပုံ” ဟု မတွေးမိတော့။ အရေပြား အပေါ်ကိုသာ မြင်တတ်သော မျက်စိသည် အရေပြား အတွင်းသို့ ရုတ်တရက် လှမ်းမြင်လိုက် ရသောကြောင့် ဖြစ်လေသည်။ နောက်တစ်နေ့ ညနေ ကိုအောင့်ကို မြင်တော့ စုထွေးသည် ကိုအောင်၏ မျက်လုံးများကို စူးစိုက် ကြည့်ကာ ရင်ထဲတွင် နွေးလာသည်။ ထို့နောက် “ကိုအောင့်ကို စုထွေး ချစ်ပါတယ်” ဟူသော စကားကို တိုးတိုးလေး ပြောဖြစ်ခဲ့ လေသည်။ 

“အူတိုတာ ချစ်လို့ပေါ့ ကိုအောင်ရယ်”

စုထွေးက ကိုအောင်၏ လက်မောင်းကို မှီရင်း ပြောတော့ ကိုအောင်က ခပ်သဲ့သဲ့ ရယ်လေသည်။ အကိုင်းနိမ့်နိမ့် ကိုင်းမှ တမာပွင့်၊ တမာခက်လေးများကို လှမ်းချိုးပြီး လက်ထဲတွင် လှုပ်ကစား နေသည်။ ထိုနောက် စုထွေးကို အသာအယာ ဖက်ရင်း ပြောသည်။ 

“ကိုအောင် ကတော့ အူမတိုတာ ချစ်လို့ပါ စုထွေးရယ်”

* * *

( ဇာတ်သိမ်းဆက်ရန်) 👇👇👇


No comments:

Post a Comment