#အိမ်ကလေး ( ၁၂ )
#နေဝင်းမြင့်
ဓာတ်ကြ်ီးလေးပါးတွင် အာပေါဓာတ်နှင့် ပထဝီဓာတ်ကို ‘ ဂရုရူပ’ ဟု ခေါ်ကြသည်။လေးလံထိုင်းမှိုင်းသော ရုပ်ဆိုသည့် သဘောဖြစ်သည်။သည်အိမ်ကိုလည်း ‘ ဂရုရူပ’ ဟု ခေါ်နိုင်မည်ထင်သည်။အိမ်သည်ပင် လေးလံထိုင်းမှိုင်းသောရုပ် ပေါက်နေသောကြောင့် ဖြစ်သည်။
အိမ်ကတစ်ထပ်မြေစိုက်ဖြစ်သော်လည်း ဣရိယာပုတ်လေးပါးတို့၌ အလမ္ပာယ်ဆရာ၏ လက်သို့ ရောက်ရသည့် မြွေကဲ့သို့ ငုတ်တုတ်ငေါင်စင်း ၊ အင်း အဲ မလှုပ် ရှိနေပုံ ဖြစ်၏.။အိမ်က တောင်လှည့်ဖြစ်သော်လည်း တံစက်မြိတ်စွန်း နှစ်ဖက်မှာ အဟန့်ကောင်းလှသော သွပ်ရေတံလျှောက်က အရှေ့ဘက်ခြမ်းမှာ တပ်ထားသည်။သည်တံမြိတ်စွန်းမှာ တပ်ထားသည့် ရေတံလျှောက်ကလည်း တစ်ဖက်ခြံကို မြေက မကျူးဘဲ လေကျူးကျူးနေသည်။
သည်အိမ်ကို စတင်ဆောက်သည်ဆိုကတည်းက အရှေ့ဘက်ခြမ်းကို ကပ်နိုင်သမျှ အရကပ်ကာ ဆောက်ထားခဲ့ရလေရကား တစ်ဖက်သော အနောက်ဘက်ခြမ်းမှာ အတန်ငယ်ကျယ်သော မြေကွက်ကလေး ကျန်လေသည်။ထိုမြေကွက်လပ်၏ ထောင့်စွန်းမှာ ရေပေးရေး ရေဟု သမုတ်ကြသော အချိန်နှင့်ပေးဝေသည့် စည်ပင်သာယာရေး ရေ ရောက်ရာ အရပ်ဖြစ်သည်။
ပိုက်ငုတ်ကလေးမှာ ပလတ်စတစ်ပိုက်ဟောင်းတစ်ချောင်း အမြဲတပ်ထားပြီး ရေညှိအထပ်ထပ် ကွန်ကရစ်ခွေကန်အတွင်း ထာဝရထိုးထားခြင်းအားဖြင့် လူ့လုံ့လ မပါဘဲ ရေက သူ့အလုပ်သူ လုပ်သွားနေကျဖြစ်၏။ရေလာချိန်မှာ ရေကျမည်။ရေပြတ်ချိန်မှာ ရေမကျ။နို့ ရေလာချိန်မှာ လူမရှိတော့ ရေတွေလျှံကျ မကုန်နိုင်ပါလား မေးစရာရှိလိမ့်မည်။မစိုးရိမ်ပါနှင့် ။သည်ခြံတွင်းက သုံးစုသော အိမ်ထောင်စုတွင်းက တစ်စု သို့မဟုတ် နှစ်စု ၊ သို့မဟုတ် သုံးစုစလုံးက ရေကျလာချိန်ကို မီးရောင်ကို ဖျတ်ခနဲမြင်လိုက်ရသော ပင်လယ်တွင်း မျောပါနေသူပမာ အမြဲအကဲခတ်နေကြသူတွေချည်း ဖြစ်သည်။
သည့်နောက်မှာတော့ ပလတ်စတစ် ပုံးကြီး ပုံးငယ် ၊ သင်္ဘောဆေးပုံး ၊ နံရံသုတ်ပတ်တီးပုံး ၊ ဘာလီသံပုံးစသော ရေတို့တည်ရာ ပုံးပေါင်းမျိုးစုံတို့ ရောက်လာကြမည်သာ ဖြစ်၏။သည့်အတွက် ရေတို့ အလဟဿ ဖြစ်ရသည် မရှိ။
သည်ခြံတွင်းမှာ နေထိုင်ကြသည့် အိမ်ထောင်စု သုံးစုသည် အချင်းချင်း ညီညွတ်ကြသော သမဂ္ဂသဘော မရှိကြသော်လည်း သည်ရေတိုင်ကိုတော့ ဘုံဝါဒစနစ် ထွန်းကားရာ နေရာအဖြစ် သဘောထားကြခြင်းမှာတော့ တူညီကြသည်ဖြစ်ရာ သည်အိမ်ထောင်စု သုံးစုမှ လာရောက်စုပုံကြကုန်သော ပုဆိုးဟောင်း ၊ ထဘီဟောင်း ၊ စွပ်ကျယ်ဟောင်း ၊ လက်နှီးစုတ်ဟောင်းများကအစ စားပြီးလက်စ မဆေးမကြောရသေးသည့် အိုးဟောင်း ၊ ပန်းကန်ဟောင်း ၊ ဒယ်ဟောင်း ၊ ယောက်မဟောင်း အလယ်၊ ထမင်းကျန် ၊ ထမင်းသိုး ၊ဟင်းကျန် ဟင်းသိုးတို့ အဆုံး ယင်ရိုင်းအုန်းအုန်း ကြွက်ရုန်းရုန်းနှင့် ရှိနေကြသည်ကိုလည်း အချင်းချင်း သပ္ပာယ မျှကြတာတော့ ရှိလေသည်။
အိမ်ထောင်စု သုံးစုဆိုသော်လည်း ကျွန်တော်ပြောခဲ့သည့် ‘ ဂရုရူပ’ အိမ်ကတော့ ပင်မ အိမ်မကြီးဖြစ်သည့် အားလျော်စွာ အသရေမဲ့သော ၊ ကာဠကဏ္ဏီနတ်သမီး မီးလောင်ငုတ်တိုပေါ် ထိုင်နေဘိသကဲ့သို့ လမ်းဘက်ကို မျက်နှာပြုရင်း အိမ်ရှင်ပြန်အလာကို မျှော်လင့်နေပုံဖြင့် ရှိလေသည်။တစ်ဖက်သော ခြံနှင့်ကပ်နေသည့်ဘက်မှာ တံစက်မြိတ်နှင့်ရေတံလျှောက်ကချည်း လေကျူးကျူးနေသည် မဟုတ်ဘဲ တစ်ထပ်လည်ပေါ်ကလေးပါသည့် မြတ်စွာဘုရားရှင် ကိန်းဝပ်ရာ ဘုရားဆောင်ငေါငေါသည်လည်း တစ်ဖက်ခြံက ဝါးထရံကိုပင် ထိလုထိခင် ကျူးချင်ချင် ဖြစ်နေသည်။
တံစက်မြိတ်အစွန်းမှာ သွပ်ရေတံလျှောက်ကြီး အလျားလိုက် တပ်ဆင်ထားခြင်းအားဖြင့် မိမိအိမ်ပေါ်ကျသည့် မိုးရေတို့ သူတစ်ပါးအိမ်ကို လုံးလုံးကြီးမထိခိုက်စေရဆိုသည့် ကျင့်ဝတ်သီလကို ဆောင်ထားသော်လည်း တကယ်တမ်း မိုးရွာပြီ ဆိုသည့်အခါမှာတော့ တစ်ဖက်ခြံအတွင်းသို့ ရေလုံးကြီး ထိုးဆင်းသည်သာ ဖြစ်သည်။သွပ်ပြားရေတံလျှောက်၏ ရေပြေးရာ အခြေတစ်လျှောက်လုံး သံချေးအလိမ်းလိမ်း စားနှင့်ပြီးဖြစ်ရာ ရေတံလျှောက်ဟူသော ဟန်ဓာတ်ကလွဲလျှင် အသုံးမတည့်သလို ဖြစ်နေသည်ဆိုပါစို့။
အိမ်ဘေးပတ်လည်မှာတော့ ခြောက်ငါးမှုး ပျဉ်ချပ်များ အနားချင်းထပ်အောင် ရိုက်ထားသည့်အတွက် အကြိုအကြား၌ စိမ့်တတ်သော လေသော်မှ ဝင်နိုင်စရာ အကြားမမြင်။အိမ်ရှေ့ ( တောင်ဘက်) မှာတော့ အထပ်နှစ်ထပ် ဆင့်ထားသည့် ဖိနပ်ချွတ်လိုလို ၊ လှေကားနိမ့်လိုလို အင်္ဂတေ အုတ်ခုံကလေး ရှိနေကာ စက်ဝိုင်းခြမ်းပုံ ရစ်ဝိုက်ထားလေသည်။သည် စက်ဝိုင်းခြမ်းက ဘာဂျာတံခါးလို့ ခေါ်ကြသည့် တစ်ဖက်လျှင် တံခါးရွက် နှစ်ချပ်ဖြင့် နှစ်ဖက် တံခါးရွက်လေးချပ် ထိပ်မှာရှိ၏.။တံခါးရွက်တွေက ဂိတ်ထူသံပြားကို ဇလီပတ်လည် အနားပတ်လျက် ကြံ့ကြံ့ကြီး ပိတ်ထားသည်ဖြစ်ရာ အရက်ကိုးမောင်းတိုက်ထားသည့် နာဠာဂီရိ ဆင်သော်မှ တိုးနိုင်စရာ မရှိ။ဟိတ်အကြီးဆုံးကတော့ မျောက်မြီးကွင်းမှာ ကျကျနနကြီး ခတ်ထားသည့် အာမခံ သော့ခလောက်ကြီး ဖြစ်လေသည်။
“ သည်အိမ်မယ် လျှပ်စစ်မီတာ ရှိပါလျက်ကယ်နှင့် ကျူပ်တို့မယ် မီး မသုံးရပေါင်ဗျာ ၊ ပိုင်ရှင်က မီတာပုံးကို အတွင်းထဲထည့်ပြီး သော့ခတ်ထားတော့ ခက်ကရော။တွေ့ဖူးလား ၊ ဟောဟိုမှာ မီးသီး ၊ အခု ကျူပ်တို့မယ် ငါးဆယ်မီးနဲ့ နေရတယ်”
သည်အိမ်ကြီးကို သုံးချိုးတစ်ချိုး ငှားနေသည့် အချဉ်ပေါင်းသည် ကိုမောင်မောင်သယ်က ကျွန်တော့်ကို တိုင်တည်ခြင်း ဖြစ်သည်။သူ့အမည်က ကိုမြစံဖြစ်သော်လည်း အချဉ်ပေါင်းသည်တို့ သုံးလေ့ရှိသော မောင်းသံကို အစွဲပြု၍ ရပ်ကွက်က သူ့ကို မောင်မောင်သယ် ဟု ခေါ်ကြခြင်းဖြစ်သည်။
ကိုမြစံ ပြောလည်း ပြောစရာ။ပင်မမီးကြိုးကြီးကတစ်ဆင့် လမ်းထောင့်မှာ ဘုံစိုက်ထားသော မျောတိုင်ကွေးကွေးကြီးမှာ တစ်ထောက်နားသည့် မီးကြိုးကြီးက သည်အိမ်မြင်းမိုရ်ပိတ်ပေါ်က အတွင်းထဲအထို တိုးဝင်သွားတာကို မြင်နေရသည်။အိမ်ဘေးပတ်လည်မှာလည်း မီးသီးကျွမ်းတွေ တပ်လျက်ရှိသည်။သည်ခြံထဲက အိမ်ထောင်စု သုံးစုစလုံးသည် လျှပ်စစ်ဓာတ်မီးကို မြင်နေရသော်ငြား လူ့ပြည်ဟူသော ပြည့်စုံသော ကတိ၌ဖြစ်ခြင်း ၊ ပြည့်စုံသော ခန္ဓာကိုယ်ရှိခြင်း ၊ ပြည့်စုံသော ကတိ၌ဖြစ်ခြင်း ၊ ပြည့်စုံသော လုံလဥဿဟရှိခြင်း စသော သမ္ပတ္တိလေးပါး စုံသည် ဖြစ်ပါလျက် မသုံးမစွဲ မကိုင်မတွယ်ရသလို ဖြစ်နေသည်။
“ နေပါဦးဗျ ၊ ကိုမြစံရဲ့ ၊ အခုကော နေရတာ အဆင်ပြေရဲ့လား”
“ ဟာ့ ဘယ့်နှယ်ပြောရမှာတုံး စာရေးဆရာကြီးရဲ့ ၊ ဝါးလုံးခေါင်းထဲ ဆင်အောင်းသလို နေရတာပေါ့ ၊ ဒါပေမယ့် အိမ်လခက သည်ကာလကြီးမယ် လေးထောင်ဆိုတော့ မဆိုးဘူးလေဗျာ ၊ ရေလည်းသုံးရတယ်”
“ ဒါဖြင့် အိမ်ရှင်က ဘယ်သူတုံး ၊ ဘယ်ကတုံး”
“ ဒါတော့ ဘုရားမှ သိတော်မှုမှာပဲ ဆရာကြီးရ”
ဘုရားရှင်မှ သိတော်မှုမည့် အိမ်ရှင်ဆီက ကိုမြစံ ဘယ်လိုများ အိမ်ငှားပါလိမ့်။
သည်နေရာမှာတောာ့ သည်ခြံထဲက အိမ်ထောင်စု သုံးစုအကြောင်းကို ပြောထားရမည် ထင်ပါသည်။စောစောက ကျွန်တော်ပြောခဲ့သည့် လေးလံထိုင်းမှိုင်းသော အိမ်မှာ ကြီးမားလှသည့် သော့ခလောက်ကြီး ခတ်ထားခဲ့ကြောင်း ကျွန်တော်ပြောခဲ့သည်။
သို့သော် သည်အိမ်၏ သုံးပုံတစ်ပုံ အကျယ်အဝန်းရှိသော သုံးစိပ်တစ်စိတ်စာကိုတော့ အိမ်ငှားတင်ထားကြောင်း ပြောမှ ပြည့်စုံမည်။သည်အိမ်ငှားက ကိုမြစံမိသားစု ဖြစ်၏။မှုလအိမ်ရှင်က သည်အိမ်ကို နှစ်ပုံစာလောက် ကန့်ထားကာ အသေပိတ်ထားခြင်းသာ ဖြစ်၍ ကျန်တစ်ပုံက ပစ္စည်းပစ္စယ တိုလီမုတ်စတွေ မရှိဘဲ လွတ်သလို ဖြစ်နေသည်။သည်အကန့်အလွတ်ကို အိမ်ငှားတင်ခြင်း ဖြစ်သည်။ငှားသူဘက်ကလည်း သွပ်မိုးပြင်ကာ သမံတလင်းခင်းအိမ်ဆိုတော့ မိသားစု အနေကျပ်သည့်တိုင် အပြားလိုက်ကျောခင်းနိုင်ကြလျင် အဆင်ပြေသည်။သည်တော့ အချဉ်ပေါင်းသည် ကိုမြစံက သည်အခွင့်ရေးကို လက်လွတ်မခံဘဲ တစ်လလေးထောင်ဘက်ခနဲမြည်အောင် ပေးချေကာ တစ်လတစ်ခါပေး စနစ်ဖြင့် နေခဲ့ခြင်း ဖြစ်၏။
ကိုမြစံ မိသားစုက ခြောက်ယောက် အိမ်ထောင်စုဖြစ်သည်။အကြီးနှစ်ယောက်က သားတွေ။အငယ်နှစ်ယောက်က သမီးတွေ ၊ အရွယ်ရောက်လှပြီ။အကြီးကောင်သည်ပင် ကြီးလှပေါ့။ကိုမြစံကတော် မကုလားမသည်လည်း လင့်လုပ်စာ ထိုင်စားတာတော့ မဟုတ်။လမ်းထိပ်မှာ မုန့်ပျားသလက်ခင်းရောင်းသည်။အနားက ကျောင်းကလေးကိုမှီကာ ရောင်းရခြင်း ဖြစ်သည်။ဂွေးသီး အစရှိသော အချဉ်ပေါင်းနှင့် မုန့်ပျားသလက်သည်မှာ အဖြောင့်ဓာတ်ပြန့်နှစ်ပါးမှာ အဖြောင့်ကြီးကျလို့သာ တော်တော့သည်။
တစ်နေကုန် လှည်းတစ်စီး မောင်းတစ်လုံးရင်းကာ လှည့်ရသော လင်နှင့် အထိုင်ချရောင်းရသော မယားတို့၏ ဝင်ငွေက မလောက်။ခြိုးခြံတော့ နေလို့ရသည်။စားရတာ မပန်း၊ နေရတာသာ ပန်းသည်။ဖအေနှင့်သားများက အရှေ့ဖျား ၊ မအေနှင့် သမီးများက အနောက်ဖျားဆိုသလို အပြားလိုက်နေကြရသည်။သစ်သားကွပ်ပျစ်ကြီး အလျားလိုက်ရိုက်ပြီး နေကြရလေရာ ထမင်းစားတော့လည်း သည်ကွပ်ပျစ် ။ အချဉ်သီးတွေ လှီးတော့လည်း သည်ကွပ်ပျစ်၊ ဧည့်သည်လာတော့လည်း သည်ကွပ်ပျစ်။ဗာဟီရ ဝေယာဝစ္စမှန်သမျှ သည်ကွပ်ပျစ်ဆိုတော့ ကွပ်ပျစ်နှင့်ပင် မတူတော့ဘဲ ရှေးက ကုန်ကူးကြသော ‘ ဂျွတ်’ လှေနှင့်ပင် တူတော့သည်။
“ ဆရာကြီးရေ ၊ ကလေးတွေက ဝမ်းမီးကောင်းတဲ့ အရွယ်တွေဆိုတော့ ပြောင်းခင်းထဲ ဆင်ကျသလို ဂျိုးဂျိုးဂျွမ်းဂျွမ်းမြည်အောင် စားကြတာကိုခင်ဗျရဲ့၊ သားသမီးများ စားတာဆိုတော့လည်း သဒ္ဓါလိုက်တာခင်ဗျာ”
ပြောမည့်ပြောရသော်လည်း ကိုမြစံက ဂွေးသီးပိန်ပုံ ပေါက်နေကာ မကုလားမက မုန့်ပျားသလက်ပုံ ပေါက်နေကြသည်။ဒါက ပထမ အိမ်ထောင်စု စီဗီ အကျဉ်းဖြစ်သည်။
ဒုတိယ အိမ်ထောင်စုကတော့ သော့ပြင်ဆရာ ကိုဘသောင်း လင်မယားဖြစ်သည်။သည်အိမ်မကြီး၏ အနောက်ထောင့်မှာ နဂိုက ဘာအတွက်ဆောက်ထားမှန်း မသိရသည့် အဆောင်ကလေး တစ်ဆောင်ရှိသည်။မျက်နှာစာ တစ်ဖက်ဖွင့်ထားသည်။သုံးဖက်ပိတ်ရုံကလေး ဖြစ်၏။လူနေသည့်အခါ အပိတ်နှစ်ဖက်မှာ ပြတင်းဖောက်ကာ ကဲလားထောက်လိုက်တော့ အဆင်ပြေလေသည်။ဖွင့်ထားသည့် မျက်နှာစာကို ညအခါ ပိတ်ရန် ဆို့ရန် ဝါးဖျာနှစ်ချပ်ကို သုံးလိုက်ရုံဖြင့် တံခါးဖြစ်သည်။ကိစ္စမရှိ။ပိတ်ဆို့နိုင်ခြင်းဟူသော တံခါး၏ အလုပ်ကို လုပ်နိုင်လျှင် ပြည့်စုံပြီ။သော့ပြင်ဆရာ ဆိုသော်လည်း ခတ်စရာ သော့မလိုသည့် အိမ်ကလေးမှာ သူတို့ စိတ်ချမ်းသာပုံ ပေါ်သည်။ကိုဘသောင်း၏ မယား မစံမေကတော့ စီးပွားဖက်နိုင်သူ မဟုတ်တော့ ထမင်းချက် ၊ ပုဆိုးချူပ် ၊ ကလေးနှစ်ယောက် ရှိသော်လည်း ငယ်ကြသေးသည်။အကြီးကောင်က ဥမမယ်။အငယ်မက စာမမြောက်။သူတို့မိသားစုကလည်း ကျွန်တော်နှင့် ခင်မင်ကြသည်။တစ်ခါတစ်ခါ ကျွန်တော့်ဇနီး အလုပ်များလျှင် မစံမေ ကူးလာတတ်သည်။ကျွန်တော့်ဇနီးနှင့် မစံမေ အင်တာဗျူး။
“ ကိုဘသောင်း သော့ပြင်တာ အဆင်ပြေရဲ့ မဟုတ်လား”
“ မဆိုးပါဘူး အစ်မရယ် ၊ စားဖို့တော့ ရပါတယ်”
“ ရသမျှ စားမပစ်ကြနဲ့ဦး ၊ ကလေးတွေက ရှိသေးတယ်”
“ လောက်ငှရုံ ရှိတာပါ ၊ အိမ်လခက တောင်းတော့ မဟန်ဘူး ၊ မကုလားမတို့က လေးထောင်တန်တာပေါ့ ၊ ကျွန်မတို့ အိမ်ကုပ်ကလေးကျတော့ သုံးထောင်ဆိုတော့ လွန်တာပေါ့”
“ နေပါဦး သည်သုံးထောင်က ဘယ်သူပေးရတာလဲ”
“ မပြောပါနဲ့ အစ်မရယ် ဇာတ်ထုပ်က ရှုပ်ရှုပ်ပါ”
သည်အင်တာဗျူးကို နားထောင်ရင်း ကျွန်တော့်မှာ ရေးလက်စ စာမှုကို ပစ်ထားကာ စဉ်းစားရတော့သည်။ကိုမြစံကိုမေးတော့ ဘုရားမှသိမှာပါဟု ဆိုသကဲ့သို့ အခု မစံမေကလည်း ဇာတ်ထုပ်က ရှု့ပ်ရှုပ်ပါ ဆိုပြန်ပါသကော။ဘာသဘောများပါလိမ့်။ဘယ်လိုများ ဖြစ်နေကြတာပါလိမ့်။အိမ်ရှင်နှင့် အိမ်ငှား ဆန်းပြားသည့် ကိစ္စမဟုတ်။ငှားရမ်းခွင့်ရှိသူ ပိုင်ရှင်နှင့် နေထိုင်ခွင့် ရှိသူ အိမ်ငှားတို့ အဆင်ပြေကြသည် ဆိုကတည်းက နှစ်ဥိးနှစ်ဖက် ကျေနပ်သည့် သဘော သက်ရောက်သည် မဟုတ်လော။
ကျွန်တော်တို့အိမ်နှင့် မလှမ်းလှသော အိမ်ဆိုသော်လည်း ကျွန်တော်တို့ကလည်း သည်ရပ်ကွက်ကို ရောက်တာ ကြာလှသေးတာ မဟုတ်။အရှေ့ခုနှစ်အိမ် ၊ အနောက်ခုနှစ်အိမ် အသိသေး။ကြောင်မစားမှု ကြွက်မစားတန်ရာ ဆိုသကဲ့သို့ အိမ်လခကို လစဉ်ရယူနေသူတောာ့ ရှိရလိမ့်မည်။အခုတော့ တစ်ဦးက မသိသလိုဆို၍ တစ်ဦးက သိသော်လည်း ရှင်းရှင်းလင်းလင်း မဟုတ်ပြန်ဟု ဆိုသောအခါ နားမလည်နိုင်အောင် ဖြစ်ရလေသည်။
သည်ခြံထဲက တတိယအိမ်ထောင်စုမှာ အနှိပ်သည် ကိုသံချောင်း လင်မယားဖြစ်သည်။အနှိပ်သည် နာမည်က ကိုသံချောင်း ဆိုမှတော့ အနှိပ်ခံကြသူတို့အဖို့ မထိမှာ ပူစရာမလို။ကျွန်တော်သည်ပင်လျှင် တခါတလေ ကိုသံချောင်းကို ခေါ်နှိပ်ရတာမျိုး ရှိဖူးသည်။အနှိပ်သည်ပီပီ စကားများများ ၊ ကိုယ်ရည်သွေးများများ ။သူတစ်ယောက်သာ တတ်ကျွမ်းသည့်သဘောရောက်အောင် ပြောနေတတ်သည်။များသောအားဖြင့် ထီးတစ်လက် ပခုံးချိတ်ကာ မနက်ရှစ်နာရီလောက် ထွက်သွားတတ်သည်။အနှိပ်သည် ထွက်သွားသည်နှင့် အနှိပ်သည် ကတော်ကလည်း တစ်ဖက်ရပ်ကွက်က သူ့ဆွေမျိုးများ ရှိရာကို ကူးလေတော့သည်။သနပ်ခါး ပိန်းကျားရိုက် ၊ ဘီးကို ကန့်လန့်ထိုးကာ ခင်ယုမေပုံ လည်ထောင်အိကျီ င်္ ဝိုင်းစကလေးဝတ်ပြီး ထွက်သွားတတ်သူ ဖြစ်သည်။
ကိုသံချောင်းတို့ နေထိုင်ရာ ဘုံရိပ်သာက အိမ်မကြီးနှင့် ကပ်လျပ်အနောက်မှာ အကြော်တဲကလေးလို ထိုးကာ အကာကာထားသည့် တင်းကုတ်ကလေး ဖြစ်သည်။မီးဖိုချောင်ရယ်လို့ မရှိတော့ ဥတုသုံးပါးစလုံး အပြင်မှာ ချက်ရသည်။ညှော်နံ့တွေက မနက်စောစော လင်သား အနှိပ်မထွက်ခင် အူလှိုက်နေတတ်သည်။စင်စစ် ဆီနံ့ ကြက်သွန်နံ့ကြောင့် ညှော်နံ ခြင်း မဟုတ်ဘဲ အိုးဆီတက်နေသည့် ဒယ်အိုးက နံခြင်း ဖြစ်လေရာ မခံနိုင်ကြသူတွေက အော်ကြ ဟစ်ကြ ဆဲကြ ဆိုကြ သည်လည်း ရှိ၏။
“ ညှော်လို့ အကြောတက်တော့လည်း ငါ့လင် နှိပ်ပေးလိမ့် မဟေ့၊ မြွေပခြုပ်လောက်ရှိတဲ့ ဝက်စားကျင်းကလေးထဲ ဘယ့်နှယ်လုပ် မီးဖိုထားလို့ရမှာတုံး အရပ်ကတို့ရဲ့ ၊ ဒါတောင် အိမ်လခက သုံးထောင်တော်ရေ့”
သည်လို ပြန်ပက်သံထဲမှာ အဓိပ္ပာယ် သုံးမျိုးပါသည်။ညှော်နံ့ မခံနိုင်သူတို့ သူ့လင်၏ အနှိပ်ခံရုံသာ ရှိသည်ဆိုပြီး ငေါ့သည့် သဘောပါသည်။’ မြွေပခြုပ်လောက်’ ဆိုတာက အိမ်ကလေးက ငယ်လွန်းသည် ဆိုသည့်သဘောဖြစ်ကာ ‘ သုံးထောင်တော်ရေ့’ ဆိုတာက ပိုက်ဆံကျတော့ အနားက မစံမေနှင့် မထူးပါဟု ဆိုလိုခြင်း ဖြစ်သည်။သည်တော့ မစံမေကလည်း သည်းမခံပေ။ဘယ့်နှယ် ညှော်ကိစ္စ အိမ်လခဘက် ရောက်လာရပါသနည်း။
“ အိမ်ကောင်းကောင်းလိုချင်ရင် စောစောကြွတော်မှုခဲ့ကြပါလား အိမ်ကြီးရှင်ရေ ၊ နောက်ကျတော့ သလဲနဲ့ ခဲ တော်ရေ့”
“ နူတ်ခမ်းပဲ့ချင်း မီးလာမမှုတ်နဲ့ ၊ ဂွမ်းတစ်လှည်းစာဖုတ်လို့ ပြာတစ်ဆုပ် ရတာမဟုတ်ဘူး”
ဂွမ်းတစ်လှည်းစာ မီးဖုတ်သော်လည်း ပြာတစ်ဆုပ်မရဆိုသည့် စကားက ကျူပ်အိမ်လခကတော့ အိမ်ကလေးထက် ကြီးသည် မှန်၏။အိမ်မကြီးကို တစ်ဖဲ့ငှားနေရသူ မကုလားမနှင့် နိုင်းယှဉ်ပြန်တော့ သူလည်း မထူးပါဘူးဆိုသည့် သဘောရောက်သည်။သည်တော့ မကုလားမကလည်း ခုံမင်းကြားမှာတော့ အခြားသက်သေမလို။
“ အလိုတော် ဘယ့်နှယ် ဇရာထောင်းမှ တရားကောင်းရှာနေကြသတုံး ၊ သည်မှာလည်း နေရတာ ကြည့်ကြဦးဗျို့ ၊ ပီလောပင် ပက်ကျိတက်နေတာ ၊ အမျိုးက မခေဘူး တော်ရေ့ ။ထီးတင်ပွဲ မမီလို့ ကျွဲလှည်းနဲ့ ပြန်ရတယ်မှတ်ပါ ၊ မိဘလက်ထက်က အိမ်ရှေ့နဲ့ နောက်ဖေး ဆယ့်ငါးမိနစ်လောက် လျှောက်ရတဲ့ အိမ်မှာ နေခဲ့တာဟဲ့”
ဤသို့ဖြင့် အိမ်ထောင်စု သုံးစုသည် အရိုးကြေကြေ အရေကြွင်းကြွင်း စိတ်ဓာက်ကို တင်းမာစေလျက် မနိုင်သော် လူလုံးချင်း တိုက်တော့မည်ကဲ့သို့ ရှိကြမြဲ ဖြစ်သည်။အချိန်တန်တောာ့ လေကုန်ကြတော့လည်း ပြီးကြရတာပါပဲ။သည်ဝိုင်း သည်မြေထဲမှာ ဘဝက ရေစက်ပါလို့ နေရသူချင်း ဖြစ်ခြင်းသည်လည်း ခဏ ၊ ပျက်ခြင်းသည်လည်း တဒင်္ဂဆိုသလို ရေရှည်တိုက်ပွဲရယ်လို့တော့ မရှိ။အချင်းချင်း ပြောလိုက်ဆိုလိုက်ရလျှင် ဝမ်းတွင်းအေးကြသူတွေ ဖြစ်သည်။
ယောက်ျားသားတွေကတော့ ကိုယ့်ကိစ္စနှင့်ကိုယ်ဆိုတော့ ပဋိပက္ခ မရှိ။မနက်မိုးလင်းသည်နှင့် ချဉ်သီးပေါင်းလှည်းဆရာကလည်း အိမ်ကထွက်သည်။အနှိပ်ဆရာကလည်း အိမ်ကထွက်သည်။သော့ပြင်ဆရာကလည်း အိမ်ကထွက်သည်။တစ်နေ့ခင်းလုံး မိုင်ချီကာ လမ်းလျှောက်ကြရသူတွေဆိုတော့ ညဘက်ပြန်ရောက်တော့ တုံးခနဲနေအောင် အိပ်ကြသူတွေ ဖြစ်သည်။သည်ယောက်ျားသား သုံးယောက်ထဲမှ အနှိပ်ဆရာက လူရည်လည်သူ ဖြစ်သည်။
“ စာရေးဆရာနှယ် ကျူပ်တို့အနှိပ်ပညာဆိုတာက လက်ရောက်တာနဲ့ ပျောက်တဲ့ပညာဆိုတော့ ပညာကြီးခေါ်တာပဲ ၊ ကိုးဆယ်ခြောက်ပါးရောဂါများကို လက်ဖျားထိရောက် ၊ ကင်းကွာပျောက်လိမ့် ၊ မှတ်လောက်စရာ ၊ ရှေးဆရာတို့ ၊ စဉ်လာဥပဒေ ၊ ထားခဲ့ပေသား ဆိုတာကိုး”
“ လူတွေက အမြဲညောင်းညာနေကြတာပဲလား ကိုသံချောင်းရဲ့”
“ ဆရာ့နှယ် လူတွေက အနှိပ်ဆရာကို ညောင်းမှခေါ်ထောင်းခိုင်းရတဲ့လူ မှတ်နေတာကိုက လွဲနေတာဗျ ၊ ခေါင်းခဲတာကအစ နှိပ်လို့ပျောက်တယ် ၊ ဒူးဖျားအထက် ၊ လေးသစ်တက်၌ ၊ နှိပ်ချက်တစ်ဖုံ ၊ ဆိုကုန်မပျက် ၊ ပုံအတွက်နှင့် ၊ နားရွက်အောက်ပါး ၊ ဝဲယာခြား၍ ၊ မေးဖျားနားထင် ၊ မျက်မှောက်ပြင်၌ ၊ လက်ပြင်ညွန့်ဖု ၊ ခုလုလုကို ၊ လက်နုချောမွေ့ ၊ တည့်တည့်တေ့၍ ၊ စေ့စေ့နှိပ်က ၊ ပျောက်နေကျသည် ၊ ပွဲရအဟုတ် ၊ စာပင်ချူပ်လော့ ၊ ယူနူတ်အမြစ် ၊ တူး၍ပစ်သို့ ၊ စင်စစ်ခေါင်းခဲ ၊ ပျောက်စမြဲတည်းတဲ့။ဟောသည့် လက်ပြင်ဖုကလေးကို ပြောတာ”
ကိုသံချောင်းက လက်တွေ့ လုပ်ပြနေသဖြင့် တောင်းပန်ရသေးသည်။တခါတခါတော့ ဘယ်ရောဂါကို သူနှိပ်လိုက်တော့ အနှစ်နှစ်ဆယ် အိပ်ယာထဲ ပက်လက်လဲနေသူပင် ငေါက်ခနဲ ထထိုင်ကြောင်း ၊ ဘယ်ပုဂ္ဂိုလ်ကြီးက ပင့်ထားသဖြင့် ဘယ်နေ့အရောက် ရန်ကုန်ဆင်းရမည် ဖြစ်ကြောင်း ၊ တစ်ခါက လူနာရှင်က ငွေငါးထောင် ထုပ်ကျ ကန်တော့သော်လည်း သူက ကိုးနဝင်းကျေ ရှစ်ဆယ့်တစ်ကျပ်သာ ယူခဲ့ကြောင်းတွေလည်း ပါ၏။
“ ဒါနဲ့တောင် ကိုသံချောင်းရယ် ၊ ခင်ဗျား သည်လိုနေရာ နေရသလား ၊ ခင်ဗျား ပညာကြီးနဲ့ ”
“ အထက်ပုဂ္ဂိုလ်များက ချပေးတဲ့နေရာ နေရတာလို့ပဲ ပြောပါရစေတော့ ၊ စာရေးဆရာ မသိတာတွေ လောကမယ် များသားပဲ”
ထိုနေ့က ကိုသံချောင်းနှင့် စကားတွေ ပြောဖြစ်သည်။အထက်ပုဂ္ဂိုလ်များက ချပေးသည့်နေရာကို တစ်လသုံးထောင်ပေးနေရသည့် ကိုသံချောင်းဆီက အင်ဖော်မေးရှင်း အသစ်တွေလည်း ရသည်။ကျွန်တော်ပြောခဲ့သည့် လေးလံထိုင်းမှိုင်းသည်ဆိုသော ‘ဂရုရူပ’ အိမ်ကို ပိုင်ဆိုင်သူကို အချဉ်ပေါင်းဆရာ ကိုမြစံ မိသားစုသည်လည်းကောင်း ၊ သော့ပြင်ဆရာ ကိုဘသောင်းမိသားစုသည်လည်းကောင်း ၊ အနှိပ်ဆရာ ကိုသံချောင်းမိသားစုသည်လည်းကောင်း တစ်ခါဖူးသော်မှ မမြင်ဖူးကြဟု ဆိုလေသည်။သူတို့ သိထားကြသလောက် အိမ်ပိုင်ရှင်မှာ အကျင်းဆိုသူဖြစ်၍ တရုတ်စပ်သည်ကိုသာ ကြားဖူးကြောင်း ဆို၏။
မြို့သစ်မြေနေရာတွေ ချပေးသည့်အခါ နေခွင့်ရသူထံမှ လက်လွှဲဝယ်ယူခဲ့ပြီး အိမ်ကိုဆောက်သည်။မူလက ကိုဘသောင်းတို့ နေထိုင်သည့် ရုံကလေးက ဗြူတ်စဗျင်းတောင်း အတိုအစတွေ ထားဖို့ဆောက်ထားသည့် မီးသွေးအိတ် ရုံကလေးဖြစ်သည် ဆို၏။အိမ်ဆောက်ပြီးသည်နှင့် ကိုအကျင်း ခရီးထွက်သွားလိုက်တာ ဆယ်နှစ်ရှိပြီဆိုသော်လည်း တစ်ခါတစ်ခေါက်ပင် ပေါ်မလာခဲ့။အိမ်ပတ်ဝန်းကျင်မှာလည်း ထိုစဉ်က လူသူလေးပါး များများစားစား မရောက်ကြသေးသည့် အတွက် ရှိနေသည့် မိသားစု နှစ်ဦးသုံးဦးကို နူတ်အားဖြင့် အပ်ခဲ့သည်။တပ်ဆင်ခွင့် ရထားသည့် မီတာပုံးနှင့် ၊ ပရိဘောဂ ပန်းကန်ခွက်ယောက်တွေကို အိမ်အတွင်း သွင်းခဲ့ကာ အပြင်က သော့ကြီးတစ်ချောင်း ခတ်သွားတာ နောက်ဆုံးမြင်ကြရသည်ဟု ဆို၏။
“ အခု ကျူပ်ပြောနေတာ ကျူပ်မြင်ဖူးလိုက်လို့ ပြောနေတာ မဟုတ်ဘူး စာရေးဆရာရဲ့ ၊ ကျုပ်တို့ သုံးအိမ်ထောင်က မနေ့တစ်နေ့ကမှ ရောက်လာတာ ဘယ်မြင်ဖူးကြလိမ့်မလဲ ၊ လမ်းထဲ နောက်ပိုင်းပြောင်းလာတဲ့လူတွေကလည်း မတွေ့ဖူးလိုက်ကြဘူး ၊ မြင်ဖူးလိုက်သူက အဲ့သည်အချိန်က ရောက်နေကြတဲ့ အဖွားကြီး သုံးယောက်ပဲ ရှိတယ် ၊ ဒေါ်ဗုံတိုရယ့့် ၊ ဒေါ်မြဲရယ် ၊ ဒေါ်အမီနာရယ် ဖြစ်ပုံက သည်လို”
ကိုသံချောင်းပြောမှ ဇာတ်ကွက်လည်လေသည်။မြို့သစ်တည်ကာစ အိမ်ကွက်တွေ ချထားပြီးသည့်တိုင် အခြေတကျ နေကြသူတွေ မရှိသေးသည့် အချိန်ဆိုတော့ မြေကွက်တွေသာ များ၍ လူသူလေးပါး နည်းသေးသည်။သည်တော့ ရှိသည့်လေးငါးအိမ်က ခရီးညဥ့်အိပ်ညဥ့်နေသွားလျှင် အချင်းချင်း အပ်ပြီး သွားကြရသည်။ကိုအကျင်း ပြောင်းလာပြီး အိမ်ဆောက်ပြီးသည်အထိလည်း လူချင်းသာ ခင်လိုက်ရသည်။သူ့ဇစ်မြစ်ကို မသိလိုက်ကြရ။မိန်းမရှိသလား ၊မရှိသလား မသိ။ဆွေမျိုးသားချင်း ရှိသလား ၊ မရှိသလား ဆိုတာလည်း မသိကြရ ၊ ဘယ်မြို့ ဘယ်ရွာက ပြောင်းလာလို့ ဘာလုပ်ကိုင် စားသောက်သည် ဆိုတာလည်း မသိ ၊ ရုတ်တရက် ရောက်လာပြီး အိမ်ကို ဖြုန်းဖြုန်းဗျင်းဗျင်း ဆောက်နေတာပဲ သိကြသည်။
အိမ်ပြီးလို့ မီးဆင် ၊ ရေတိုင်စိုက် ၊ အားလုံးပြီးတော့ သိမ်းသင့်တာ မှန်သမျှ အိမ်မကြီးထဲသွင်းပြီး သော့ခတ်လိုက်တာက လွဲလျှင် ကိုအကျင်းဆိုသည့် အမည်ကိုပင် မနည်းသိလိုက်ကြရသည် ဆို၏။တစ်ရက်တော့ ကိုအကျင်း အထုပ်အပိုး ပြင်သည်။ထိုအချိန်မှာ နေပူဆာလှုံနေကြသည့် အမယ်ကြီး သုံးယောက်ကို ‘ ကြီးတော်တို့ ကျွန်တော့် အိမ်နဲ့ ခြံလေး ကြည့်လိုက်ကြပါဦး ၊ သရက်ပင်ကလေးလည်း ကြည့်လိုက်ကြပါဗျာ ၊ ကျွန်တော် နည်းနည်းတော့ ကြာမယ်’ ဆိုတာလောက်သာ မှာခဲ့သည်။အမေကြီးတစ်ဦးကို ငွေငါးရာစီ ပေးခဲ့သည်ဟုလည်း ဆိုသည်။
ကိုအကျင်း ပြောခဲ့သည့် နည်းနည်းတော့ ကြာမယ်ဆိုသည်မှာပင် ပေါ်မလာတာ ဆယ်နှစ်ရှိပြီ။သရက်ပင်ကလည်း နှစ်စဉ်သီးနေပြီ။ကိုအကျင်း ထွက်သွားလို့ သုံးနှစ်လောက်နေတော့ အမယ်ကြီးသုံးယောက် စိတ်ကူး ရခဲ့ကြသည်။အကျင်းမရှိခိုက် အိမ်ကို ငှားစားမည် ။ရသမျှ သုံးဦးဝေယူမည်။အကျင်း ပြန်ရောက်လာတော့လည်း ရှင်းရလွတ်အောင် တစ်လတစ်ခါပေး အိမ်ငှားမျိုးသာ ထားမည်။ကိုအကျင်းက ပြဿနာလုပ်လာလျှင်လည်း ညစဉ် မစောင့်ရှောက်နိုင်လို့ အစောင့်ထားရကြောင်း ပြောမည်ဟု အကြမ်းလျာထားကြသည်။သည်အစည်းဝေးပြီးသည်နှင့် အိမ်မကြီးမှာ ပထမဆုံး လူငှား စတင်သည်။အိမ်ငှားကိုလည်း စိတ်ချလက်ချရှိဖို့ တာဝန်ယူသည်။
“ ခက်သားပဲကွယ် ၊ မောင်အကျင်းက အပ်ခဲ့ပေမယ့် အသက်ရယ်လို့ သေသလား ရှင်သလား မသိရ ၊ ကျန်းမာရေးပဲ မကောင်းရော့သလား ၊ ထောင်တန်းပဲ ကျနေသလား ဆိုတာကိုလည်း မသိရတော့ ဘယ့်နှယ် လုပ်ကြမတုံး ၊ ဆွေမျိုးသားချင်းရယ်လို့ သူငယ်ချင်းမိတ်ဆွေရယ်လို့ မလာတော့ ဘယ်ကို ဘယ်လို ပြောရမှန်းလည်း မသိဘူး ၊ သည်တော့ အရပ်စာချူပ် စတိသဘောပေါ့ကွာ ၊ မင်းတို့ကလည်း အိမ်လခကို တစ်လတစ်ခါ ပေးကြ။ဒါမှ ကာယကံရှင်လာတော့လည်း ချက်ချင်း ဖယ်နိုင်တာပေါ့ ၊ သည်တော့ ဖြစ်လာရင် မောင်အကျင်းကိုလည်း တို့က တာဝန်ယူမကွာ ၊ မင်းတို့ကလည်း ချက်ချင်းဖယ်နိုင်ရမကွာ ၊ ဒါဆို ပြီးတာပဲ”
အိမ်တစ်ခြမ်းကို တာဝန်ယူ ဖွင့်ပေးကြသူ ကြီးတော်သုံးဦးအနက် အသက်အကြီးဆုံးကြီးတော် ဒေါ်ဗုံတိုက အိမ်ငှားသူကို အာမခံသည်နှင့် ပထမတစ်လစာ စတင်ရလေသည်။ယုံမှတ်အပ်နှံခြင်း ခံရသူ ကျန်ကြီးတော်နှစ်ဦးကလည်း ကန့်ကွက်မဲမရှိ ထောက်ခံကြလေသည်။နောက်လများမှာတော့ ကြီးတော်တို့ သက္ကာရဒိဌိကြီးကြလေပြီ။အိမ်မကြီး၏ သုံးချိုးတစ်ချိုး အခန်းလွတ်ကို လူငှားချသကဲ့သို့ အနောက်ဘက်က မီးသွေးရုံကိုလည်း လူငှားချထားလေသည်။နောက်လမှာ အိမ်မကြီးအနောက် ကပ်လျက်ကို တဲကလေးထိုးကာ လူငှားထပ်ချကြပြန်သည်။
အိမ်ငှားနေသူပေါင်းများစွာတို့သည် နေရာသုံးခုမှာ ဝင်လာလိုက်ကြ ၊ ထွက်သွားလိုက်ကြ မနည်းတော့ပြီ။စငှားကာစက အိမ်မကြီးထောင့်ငါးရာ ၊ မီးသွေးရုံ တစ်ထောင် ၊ တဲကလေး ခုနှစ်ရာ ။အပြင်အိမ်ငှားဈေးတွေ တရိပ်ရိပ်တက်လာတော့ ကြီးတော်တို့ကလည်း လိုက်တက်သည်။တက်ရတာလည်း လွယ်ပါသည်။အိမ်လခ တစ်လတစ်ခါ ရှင်းကိုး ။တစ်လရသမျှ ဝင်ငွေကို ကြီးတော်သုံးဦး ဝေယူကြသည်။တချို့က မခံချင်ကြ။နူတ်ဖြင့် အပ်ထားရုံဖြင့် ငှားစားကြတာကို ဝေဖန်ကြခြင်း ဖြစ်သည်။
သည်တော့ ဒေါ်အမီနာက ပက်ခနဲ ရန်တွေ့သည်။’ ဟဲ့ မောင်အကျင်းက ငါ့တူအရင်း ခေါက်ခေါက်ဟဲ့’ ဟူ၏။အိမ်ငှားတို့ တစ်လလုံး သုံးကြသမျှ ရေခွန်ကို အိမ်ငှားသူတွေကပဲ ရှင်းကြရသည်။သီးနေသည့် သရက်သီးတွေကို မထိရ။အနောက်ဆောင်တွေက အမိုးအကာကို အိမ်ငှားနေသူကပဲ တာဝန်ယူ ပြင်ကြရမည်။အိမ်လခကို လစဉ်လကုန်ရက်တွင် မပျက်မကွက် ပေးဆောင်စေ။
“ အခု လက်ရှိကတော့ ကျုပ်တို့သုံးဦးပေါ့ စာရေးဆရာရဲ့ ၊ အခုက တစ်မျိုးလုပ်ပြန်ပြီ ၊ ခြောက်လတွက် ကြိုပေးမှ ငှားတော့မယ်တဲ့ဗျ ၊ ပိုက်ဆံကောက်ရတာ အလုပ်ရှုပ်တယ် ပြောနေပါပကော။ငှားခကလည်း တက်တော့မယ် ၊ မင်းတို့လည်း စဉ်းစားကြလို့ မနေ့က ခေါ်ပြောတယ်၊ ဘယ့်နှယ် လုပ်ရမှန်းတောင် မသိပါဘူးဗျာ”
သည်အချိန်မှာပဲ ရေပေးရေး ရေငုတ်က ‘ ပလုတ်ပလုတ်’ ရေကျသံကြားရလေရာ ကိုသံချောင်းလည်း ချက်ချင်း ထပြေးလေ၏။ ‘ တုန်၍ဖျားသော် ၊ ခြေဖဝါးလယ် ၊ ဖနောင့်စွယ်ကို ၊ နယ်ကာနှိပ်မှု ၊ ပျောက်မြဲယူသင့် ၊ ခြေမှုချည့်နဲ့ ၊ ဖြစ်တုံခဲ့သော် ၊ တည့်တည့်ဒူးဖျား ၊ နှိပ်ချက်ထား၏’ ဆိုသည့် ရွတ်ပြနေကြ စာကိုပင် ရွတ်မပြနိုင်ခဲ့လေ။
-----------
နေဝင်းမြင့်
၇.ဂျူလှိုင် .၂၀၁၉
#Typing_credit_သာထက်ဇော်
No comments:
Post a Comment