#၀က်ဝံရုပ်ဆိုင်ကယ်သော့ကလေးတစ်ချောင်း
#ယဉ်ယဉ်နု(မန္တလေး)
ဂျာနယ်လစ် တစ်ဦးဖြစ်သူ စာရေးဆရာ မင်းသော်တာသည် စာကြည့် စားပွဲပေါ်တွင် လက်တော့ပ်နှင့်အလုပ်လုပ်နေသည်။ နောက်အပတ်ထဲတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖြစ် သွားရောက်ရမည် ဖြစ်၍ အလုပ်အကြွေးမကျန်အောင် ဖြတ်ခဲ့ချင်သဖြင့် ဂျာနယ်တိုက်သို့ ပေးပို့ရမည့်သတင်းဆောင်းပါးများကို
အပတ်တကုတ်ရေးသားနေစဉ် လက်တော့ပ်နှင့်မျက်နှာကြားသို့ ပန်းရောင်ဝက်ဝံရုပ်ကလေးက လှုပ်တုပ် လှုပ်တုပ်နှင့် ကျရောက်လာသည်။
"ဗုဒ္ဓေါ"
"ဟား ဟား လေးလေးကြီး လန့်သွားတယ်မဟုတ်လား။"
မင်းသော်တာ လှည့်ကြည့်လိုက်တော့ ပန်းရောင်ဝက်ဝံရုပ်ကလေး နှင့် ဆိုင်ကယ်သော့ကလေးကို တန်းလန်းကိုင်ပြီး သူ့ကိုလှုပ်ပြနေသည့် တူမချော တုန်တုန်ကို တွေ့လိုက်ရသည်။ တုန်တုန်မျက်နှာက အပျော်တွေ စီးဆင်းနေသဖြင့် မင်းသော်တာက စူးစူးစမ်းစမ်းနှင့် ဆိုင်ကယ်သော့ကို စိုက်ကြည့်ပြီး-
"ဪ ဝယ်လာပြီပေါ့"
"ဝယ်လာပြီ။"
"ဘာ ဆိုင်ကယ်တုန်း"
"စကူပီ "
"ဘယ်လောက်ပေးရတုန်း"
"၂၃သိန်း"
"အေးအေး ဖြုန်းဖြုန်း၊ ငါ့အစ်ကိုနဲ့ငါ့မရီးလည်း နင်တစ်ယောက် ကုန် စရာရှိတာပါ ။ အခု ဆိုင်ကယ်ဟောင်းလို့မစီးချင်ဘူး တစ်ချက်ခေါင်းဝှေ့ လိုက်တာနဲ့သူတို့ကလည်း ဝယ်ပေးဖို့အဆင်သင့်ဖြစ်နေတာ။ ဖြုန်းဖြုန်း ၂၃သိန်းတဲ့။ လူကဖြင့် ၂၃ကျပ်တောင်မတန်ဘူး။"
"လေးလေးကြီးနော်၊ ဒီကဆိုင်ကယ်ဖွင့်ပွဲအနေနဲ့ လက်ဖက်ရည်တိုက် မလို့ လာတာ။ အခု ဘာမှမတိုက်တော့ဘူး။ သိလား စိတ်ဆိုးတယ်"
"ဆိုးပေါ့ နင်စိတ်ဆိုးတာ ငါဘာများ နစ်နာသွားမှာမို့လို့လဲ"
"ဟွန်း လေးလေးကြီး သိမယ်"
တုန်တုန်က ခြေဆောင့်၍ လှည့်ထွက်သွားသောကြောင့် မင်းသော်တာ စိတ်အေးချမ်းသာရှိသွားသည်။ သို့မဟုတ်လျှင် ဒီကောင်မလေးစကား များနေ၍ အလုပ်မတွင်ကျယ်ဘဲ ရှိတော့မည်ဆိုကာ လက်တော့ပ်ဘက် ပြန်လှည့်ကာရှိသေး နောက်ကနေ ခါးကိုဆွဲဆောင့်ကာ ခံလိုက်ရပြီး အိမ်ရှေ့ ခန်းဘက် ယက်ကန်ယက်ကန်နှင့် ပါသွားတော့သည်။
"ဟ လွှတ်ဟ ကောင်မလေး"
"ဟင့်အင်း လွှတ်ဘူး၊ ဒီနေ့သမီးတိုက်တဲ့လက်ဖက်ရည်သောက်ရ မယ်။နောက်ပြီး လေးလေးကြီး တရုတ်ပြည်ကပြန်လာရင် လက်ဆောင် ကောင်းကောင်းဝယ်လာရမှာ"
"ဪ နင်ကငါ့ကို လက်ဖက်ရည်တိုက်ချင်လို့မှမဟုတ်ဘဲ၊ လက်ဆောင်တောင်းချင်လို့ကိုး။"
"ဟီးဟီး သိ ပြီးတာပဲ"
အဲဒီနေ့က တူမတော်ကိုအလိုလိုက်ပြီး လက်ဖက်ရည်သောက်၊ စကား ပြောနှင့် မင်းသော်တာ ဘာအလုပ်မှမလုပ်ရတော့ပါ။ နောက်အပတ်ကျတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့် ဂျာနယ်လစ်အဖွဲ့နဲ့အတူ ခရီးထွက်ခဲ့ရပါတော့သည်။
ထိုင်း၊ မလေးရှား နိုင်ငံများသို့ မကြာခဏသွားရပေမယ့် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် ခရီးဖြစ်သဖြင့် မင်းသော်တာမှာ ဓာတ်ပုံတွေရိုက်၊ အသံဖိုင်တွေဖမ်းနှင့် လာခဲ့ရသည့်ခရီးကို ထိုက်တန်အောင်အသုံးချနေခဲ့သောကြောင့် မျက်စိ ရော နားရော မအားနိုင်အောင် အလုပ်လုပ်နေခဲ့ရပါသည်။
တရုတ်နိုင်ငံ တွင် လမ်းဘေးဆိုင်ဟူ၍မရှိဘဲ လမ်းများကို ရှင်းလင်းနေတာတွေ့ရသည်။ လမ်းဘေးတွင် စက်ဘီးများ အစီးအစိတ်၊သုံးဆယ် တန်းစီထိုးထားတာ တွေ့၍ ပထမ စက်ဘီးစတင်းဟုထင်မိသည်။ စက်ဘီးတွေပေါများလိုက် တာဟု တွေးမိသည်။ သူတို့မြို့ထဲမှာလည်း စက်ဘီးနှင့်သွားလာနေသူများ တွေ့ရသဖြင့် တော်တော်စက်ဘီးသုံးကြသည်ဟု သုံးသပ်မိသည်။နောက်ထပ် ဆိုင်ကယ်တွေ တန်းစီထိုးထားတာကို တွေ့ရပြန်သည်။ ဟိုနားမှာလည်း ဒီလို၊ ဒီနားမှာလည်း ဒီလို ဆိုတော့ မင်းသော်တာ သိချင်စိတ်က များပြားလာ ပြီး တာဝန်ရှိသူ တရုတ်နိုင်ငံခြားရေးဌာနမှ ပုဂ္ဂိုလ်ကို မေးမိတော့သည်။
"စက်ဘီးစတင်းမဟုတ်ပါဘူးခင်ဗျ၊ ပြည်သူတွေအတွက် လိုအပ်တဲ့ အချိန် ယူစီးနိုင်အောင် မြို့တော်က အသင့်ထားပေးထားတာပါ။"
"ဘာ ဘာပြောတယ် ခင်ဗျ၊ ကျွန်တော်နားမလည်လို့ တစ်ဆိတ်ကလေး ရှင်းပြ ပါဦး။"
"ဒီလိုပါ၊ စက်ဘီးတွေကို လိုချင်သူစီးနိုင်အောင် အဆင်သင့်ထားပေး ပါတယ်။ စီးသူကစက်ဘီးပေါ်က ကိရိယာလေးနဲ့ We chat ကနေတစ်ဆင့် ပိုက်ဆံသွင်းရပါတယ်။ ပိုက်ဆံကလည်း နည်းနည်းလေးပါ။ သွားချင် တဲ့နေရာ ရောက်ရင် စက်ဘီးကို ထိုးထားခဲ့ရုံပါပဲ။ ပြန်လာရင် ဒီစက်ဘီးကို ဒီနားပြန်ထားရမယ်မဟုတ်ပါဘူး။ သူစီးချင်တဲ့စက်ဘီးစီးလာလို့ရပါတယ်။ ကျသင့်တဲ့ ပိုက်ဆံကို We chat ကနေ ရှင်းပေးလိုက်ရုံပါပဲ၊ ကျွန်တော် တို့ လူကြီးတွေက သွားလာရေးလွယ်ကူအောင်၊ စက်ဘီးလည်း မဝယ်ရ အောင် စီစဉ်ပေးထားတာပါ။ ဆိုင်ကယ်တွေလည်း ရှိပါတယ်။ ဓာတ်ဆီ ဆိုင်ကယ်မသုံးရပါဘူး၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေလို့ပါ။ ဘက်ထရီ ဆိုင်ကယ်တွေ အသုံးပြုပါတယ်။ ဆိုင်ကယ်ကိုလည်း အဲ့လိုပဲ ယူစီးသွားနိုင် ပါတယ်။ လျှပ်စစ်ကားလေးတွေလည်း ထားပေးထားပါတယ်။ အဆင်သင့် အသုံးပြုနိုင်အောင် လုပ်ပေးထားတော့ တော်ရုံတန်ရုံလူတွေက ကိုယ်ပိုင် ဝယ်မစီးကြဘူး။ ဝယ်စီးစရာမလိုဘူး၊ ယာဉ်ကြောပိတ်ဆို့မှု ထိန်းသိမ်းပြီးသား ဖြစ်ပါတယ်"
မင်းသော်တာ မျက်ခုံးပင့်ရလောက်အောင် အံ့ဩမိပါတော့သည်။ သူများနိုင်ငံမှာ သူများလူကြီးတွေက ပြည်သူတွေကို ကိုယ်ချင်းစာပြီး သက်သာချောင်ချိအောင် စီမံပေးသောစနစ်သည် သူ မစဉ်းစားမိအောင်ပင် ကောင်းမွန်နေသည်။ ငါတို့နိုင်ငံမှာလည်း ဒီလိုဖြစ်စေချင်လိုက်တာ။ ဒီစနစ် သာရှိရင် ၂၃သိန်းပေးပြီး တုန်တုန့်မိဘတွေ ငွေကုန်ခံ ဝယ်ပေးစရာ ပင် မလိုတော့။ စီးချင်မှ အိမ်ကထွက်လာပြီး ကြိုက်တာ ရွေးစီးသွားရုံပင် ။
တရုတ်နိုင်ငံသည် ၁၉၄၉ခုနှစ်တွင် လွတ်လပ်ရေးရ၍ မြန်မာနိုင်ငံနှင့် သက်တမ်းချင်း သိပ်မကွာလှပါ။ သို့ပေမယ့် အမြော်အမြင်ရှိသော တရုတ် အစိုးရနှင့် ကြိုးစားသောပြည်သူများကြောင့် ယနေ့အချိန်တွင် အင်အား ကြီးမားသော အာရှကျားတစ်ကောင်ဖြစ်နေပေပြီ။
သူ့တိုးတက်မှုတွေ ကိုချည်း ငေးကြည့်နေ၍ မဖြစ်ပေ။ သူ့မြေမှာ ဖြူ၊ပြာပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့်ရမယ်ပေါ့၊ အခွင့်အခါမျှော်လို့ ဥယျာဉ်တော်သာယာရေးကိုလှ၊ ခုမြင်မျှော်ခါခါ တွေးပါလို့ မနှေးပင်အားအင်ထုတ်လို့ရယ် ပေါင်းနုတ်ဖို့ခဲ ဆိုသည့် ငွေတာရီ၏ သာသည့်မြေသို့ ကဗျာထဲကလို အားမာန်တွေတင်းပြီး မင်းသော်တာ တစ်ယောက် ပြည်တော်ပြန်လာခဲ့ပါသည်။
မြန်မာပြည်ပြန်ရောက်တော့ ပစ်ထားခဲ့ရသည့် အလုပ်ထဲမှာ ခေါင်းနှစ် ပြီး တုန်တုန်ကိုမေ့နေသည်။ တစ်ဦးတည်းသော တူမလေးမို့ ပိုက်ဆံအိတ် ရော၊ ဂါဝန်ရော ဝယ်ခဲ့သည်။နှစ်ရက်၊ သုံးရက်နေမှ သတိရပြီး အမေ့ကို "သူ့မြေးတုန်တုန် မလာဘူးလား"ဟု မေးမိသည်။
"ဪ လာမှာပေါ့၊ လိုက်ပို့မည့်သူမရှိလို့" ဆိုသည့်အဖြေကို ရသည်။ တုန်တုန်က ဘာလို့ သူများလိုက် ပို့ရမှာလဲ မတွေးအားလောက်အောင် မင်းသော်တာ အလုပ်တွေရှုပ်နေသည်။ ဒီနေ့တော့ မိသားစု ထမင်းဝိုင်းစားနေစဉ် ထမင်းစားခန်းထဲကို တုန်တုန်ဝင်လာသည်။ ဪ ထုံးစံအတိုင်း လက်ထဲမှာ ပန်းရောင် ဝက်ဝံ ရုပ် ဆိုင်ကယ်သော့လေး တရမ်းရမ်းနှင့်။
"လေးလေးကြီးရေ"
"အခုမှ လေးလေးကြီးရေ လာလုပ်မနေနဲ့၊နင်ဖို့ ဝယ်လာတဲ့ လက်ဆောင် တွေလေ ပိုက်ဆံအိတ်နဲ့ ဂါဝန်မို့ တော်တော့တာပေါ့။ ပုပ်ကုန် သိုးကုန်ဆို အခုချိန်ကုန်ပြီ။ ဪ ပြောရဦးမယ်၊ တရုတ်ပြည်မှာကွာ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ We chat နဲ့ ပိုက်ဆံဖြတ်ပြီး ဒီအတိုင်းစီးလို့ရတယ်သိလား၊ လမ်းဘေးမှာထိုးပေးထားတာ။ စီးချင်တဲ့လူက ကျသလောက်ဖြတ်ပြီး စီးသွားရုံပဲ။ ပြီးရင်လည်း ရောက်တဲ့နေရာထားပစ်ခဲ့ရုံပဲ။ တရုတ်မှာဆို တုန်တုန်သိလား၊ နင့်လို ၂၃သိန်းအကုန်ခံပြီး ဆိုင်ကယ်ဝယ်စီးစရာမလိုဘူး။ အခုလို ဝက်ဝံရုပ်ကလေးနဲ့ သော့တရမ်းရမ်းလုပ်နေစရာလည်းမလိုဘူး သိလား"
တုန်တုန်မျက်နှာက ရဲရဲနီလာပြီး ချက်ချင်းမည်းသွားကာ နောက် သွေးဆုတ်ဖြူရော်သွားလေသည်။
"တုန်တုန်မှာလည်း ဒီဝက်ဝံရုပ်ကလေးနဲ့ သော့ကလေးတစ်ချောင်း သာ ကျန်ခဲ့တာပါ လေးလေးကြီးရယ်"
"ဘာ နင်....နင် ဆိုင်ကယ်....ဆိုင်ကယ် ဘာဖြစ်"
"နင့်တူမ အခိုးခံလိုက်ရတာဟေ့၊ ခိုးသွားတဲ့နေရာကလည်း တစ်ခြား နေရာမဟုတ်ဘူး။ ကျောင်းဆိုင်ကယ်စတင်းမှာ သူ့လို စကူပီတွေ၊ ကလစ်တွေ ရွေးခိုးသွားတာ ခြောက်စီးတောင်၊ ပြန်မရတော့ပါဘူး"
ထမင်းစားနေသည့် မေမေက ဝင်၍ရှင်းပြတော့ မင်းသော်တာ အလုံးစုံကို သဘောပေါက်နားလည်သွားလေသည်။ တုန်တုန်ကတော့ မျက်ရည်ပေါက်ပေါက်ကျနေရင်း ပြောလိုက်သော စကားတစ်ခွန်းက မင်းသော်တာကို ခေါင်းချာချာလည်သွားစေပါတော့သည်။
"တရုတ်ပြည်လေး တစ်ခေါက်သွားတာနဲ့ ဟိုကဟာတွေ လာပြောနေ တယ်။ အဲ့ဒီလိုသာ ထားပေးကြည့်ပါလား၊ ဆယ့်ငါးမိနစ်အတွင်း အကုန် ကုန်သွားစေရမယ်လို့ အာမခံတယ်သိလား"
-------------
ယဉ်ယဉ်နု(မန္တလေး)
၂၄-၉-၂၀၁၈ ထုတ် မန္တလေးနေ့စဉ်သတင်းစာ
Credit.. မွန်းလေးဖေဖေ
at October 14, 2018
[ တမာသားလေးမှတ်စုဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]

No comments:
Post a Comment