#စာရေးဆရာမခေမာ
#ခင်နှင်းယု
မခေမာသည် ခုတင်ပေါ်တွင် အိပ်စက် နားနေရ၏။ သူ့အိပ်ခန်း မှန်တံခါးများသည် ဟင်းလင်းပွင့်လျက် နေပေသည်။ ပါးလွှာသော ဇာခန်းဆီးများကိုသော်မှ ဘေးသို့ ဆွဲကပ်ထားရန် မခေမာက မှာထား၏။ သူ့ရောဂါမှာ အသက်ရှူမဝသည့် ရောဂါ ဖြစ်သောကြောင့် မခေမာသည် အဆို့အပိတ် အတားအဆီးများကို မမြင်လိုပေ။
ခပ်လှမ်းလှမ်းရှိ မှန်ပြတင်းနားတွင် စာရေးစားပွဲ ရှိ၏။ စာရေး စားပွဲပေါ်တွင်မူဖန်ပြာအိုးပေါ်၌ နံနက်ကမှ လဲထားသော ကရမက်ပန်းတို့သည် ဖွေးဖွေးဖြူ၍ အိအိပုံ့ပုံ့ကလေးဖြစ်နေသည်။ မခေမာ၏ အိပ်ခန်းသည် ကရမက်ပန်းရနံ့ဖြင့် သင်းပျံ့နေပေသည်။ပြတင်းပေါက်တိုင်းမှ ဆောင်းလေတို့သည် မြူးပျံ့ကာ ဝင်လာသည်။ မခေမာ ပတ်ဝန်းကျင်တွင် လူးလာလှုပ်ရှားပြီးမှ ပြတင်းအပြင်သို့ ပြန်လည်ထွက်ခွာသွားကြ၏။ အပြင်တွင် ဝါရော်စပြုလာသော သစ်ရွက်တို့သည် ဆောင်းလေ တိုက်ခတ်တိုင်း၊ လွင့်စင်သွားသည်။ပြတင်းပြင်တွင် ဗာဒံပင်မှာ ရွှေရောင်နှင့် မြရောင် ရောစပ်လျက် ရှိ၏။
မခေမာ ခုတင်ဘေးတွင်မူ လေးထောင့်ခုံလေးပေါ်၌ ဆရာဇီဝက၏ သည်းခြေဆေးပုလင်းကြီးမှာ အဖြူရောင် စက္ကူပတ်ထားကား မခေမာကို စူးစိုက်ကြည့်နေဟန် ရှိပေသည်။
မခေမာကမူ ပါးစပ်ကို ဟကာ ငါးများ အသက်ရှူသလို ရှူနေရ၏။
မခေမာ စာမရေးသည်မှာ နှစ်ပိုင်းသို့ပင် တိုင်တော့မည်။ မခေမာသည် အသက်ကို ကြိုးစားရှူနေရရင်းမှ ခေါင်းအုံးအောက်သို့ လက်ထိုးနှိုက်လိုက်၏။ သူ့လက်ထဲတွင် စာတစ်စောင် ပါလာသည်။ စာရွက်သည် ခဏခဏ ဖွင့်ဖတ်လွန်း၍ ပျော့နွမ်းနွမ်း ဖြစ်နေပုံ ရပေသည်။
မခေမာသည် ထူသော မျက်မှန်ကို တပ်ပြန်ကာ တစ်ခါမှ မမြင်ရ၊ မဖတ်ရသေးသော စာတစ်စောင်လို ထိုစာကို အိပ်လျက်ပင် ထပ်ကာ ဖတ်ပြန်သည်။
ချစ်လှစွာသော ခေမာ-
ကိုနဲ့ ခေမာ တွေ့ရတဲ့အချိန်ဟာ တိုတောင်းသလို၊ တွေ့ဖို့ အခွင့်ကလည်း ကြုံတောင့်ကြုံခဲပဲ။ခေမာ့အတွက်ကို စဉ်းစားမိသရွေ့တော့ ခေမာ စာရေးတာကို ခဏရပ်ထားပါဦး။ အထူးသဖြင့် နိုင်ငံရေးနဲ့ အခြေအနေ လေ့လာတဲ့ စာပေတွေကို မရေးပါနဲ့ဦး။ တကယ်လို့ စာမရေးဘဲကို မနေနိုင်ဘူးဆိုရင်လည်း မောင်သာရံနဲ့ မနှင်းဆီတို့ ဆီးချုံလေးအောက်မှာ တွေ့ကြတဲ့ ဇာတ်လမ်းလောက်ပဲ ရေးပါခေမာ။
ကို တောင်းပန်ချင်တာက- ခေမာ လူစွမ်းကောင်းကြီး မလုပ်ပါနဲ့။
တောင်ကျ ချောင်းရေဟာ ကျလာတဲ့အချိန်မှာ လက်နဲ့ သွားမကာနဲ့၊ ဆင်ကြီးရော အိမ်ကြီးပါ မျောပါအောင် အရှိန်နဲ့စီးတတ်တာမျိုး၊ ဒါပေမဲ့ နောက်တစ်နေ့ အဲဒီချောင်းကမ်းပါးကို သွားကြည့်စမ်းပါဦး။ မနေ့က ချောင်းရည်ကျခဲ့ပါတယ်လို့ ဘုရားစူးရစေ ဆိုရလောက်အောင် သဲပြင်ပေါ်မှာ ရေပွက်ကလေး တစ်ကွက်နှစ်ကွက် ကျန်ရစ်ခဲ့တာကလွဲလို့ ဘာမှ မတွေ့ရတော့ဘူး။
ခေမာ… လိမ်လိမ်မာမာနေ၊ ခေမာ့အတွက် အကောင်းဆုံးကို
အကြံဉာဏ်ပေးချင်တာက ကျောင်းပြန်ဖွင့်ရင် တက္ကသိုလ်ပြန်တက်ပါ။ ဒီဂရီရဖို့ဘာမှမလိုတော့ဘူး။ ဒါ ခေမာ့အတွက် ဆေးပဲ။
ကိုနဲ့ ခွဲခွာနေရချိန်ဟာ ကို့ရဲ့စကားကို ခေမာ ပိုပြီးလေးစားလိမ့်မယ်လို့ကို မျှော်လင့်တယ်။
ခေမာ ချမ်းမြေ့ရွှင်လန်းပါစေ။
ကို
ခေမာသည် မဖတ်ဘဲလည်း မနေနိုင်။ ထိုစာကို ဖတ်ပြီးတိုင်း အသက်ဝအောင် ပါးစပ်ဟ၍ ရှူရပြန်သည်။ စာရွက်ကို ပြန်ခေါက်သိမ်းကာ ခေါင်းအုံးအောက်တွင် သိမ်းထားပြန်သည်။ ထိုစာကိုတောစခန်း တစ်နေရာရှိ သူ၏ ချစ်လှစွာသော ကို့ထံမှ နွေဦးက ရခဲ့သည်။
နွေလွုန်၍ မိုးစလာလျှင်ခေမာသည် ထီးကောက်ကြီးကို လက်ဆွဲကာ လွယ်အိတ်လွယ်၍ ကျောင်းခန်းများထသို့ ဝင်လာခဲ့ရ၏။ခေမာသည် စာအုပ်များကို ထိုခုံတန်းပေါ်တွင် တင်ကာ ပို့ချသင်ကြားပေးနေသော ဆရာ၊ ဆရာမများ၏ မျက်နှာကို ငေးမောကြည့်ရှုနေခဲ့ရ၏။ သူ့စိတ်ထဲတွင် ညာဘက်မှ မိုးရေစင်မှာစိုး၍ ပိတ်ထားသော မှန်ပြတင်းကို အလကားနေရင်း စိတ်ဆိုးနေသည်။ တအားဆောင့်၍ တွန်းဖွင့်လိုက်ချင်သည်။ စာသင်ခန်းကိုပင် ကျဉ်းကျဉ်းလေးထင်ကာ အသက်ရှူရကျပ်နေသည်။
ထိုနေ့က ဆရာမကြီးသည် နီလွင်ပါးလွှာသော ပတ္တမြားရောင်ပဝါကို ခြုံကာမဟူရာရောင်ပေါ်တွင် ပတ္တမြားကြိုးများ သွယ်ယှက်ထားသော လုံချည်းကို ဝတ်ဆင်ထား၏။
ဆရာမကြီးသည် ဝ,၍ အိ၏။ သူ့လှုပ်ရှားမှုမှာ ညင်သာလွန်း၍ ငြိမ်ငြိမ်သက်သက် ရပ်နေသော အရုပ်နှင့်တူ၏။ လက်ထဲတွင် အင်္ဂလိပ် စာဆိုတော်ကြီး ရှိတ်စပီးယား၏ ဂျူလီယက်ဆီဇာပြဇာတ်စာအုပ်ကို ကိုင်ထားသည်။ ဆရာမကြီးသည် ရိုးရိုးနှင့်ရှင်းရှင်းပင် ပြဇာတ်အစကို ဖတ်ပြ၏။
အင်္ဂလိပ်စာပေကို ယူသော ကျောင်းသားတို့မှာ ငြိမ်သက်စွာ နားထောင်နေကြပေသည်။ခေမာ့မျက်လုံးထဲတွင်တော့ ဆရာမကြီးသည် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွား၏။
ဆရာမကြီး၏အသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွား၏။ ရှေ့စင်မြင့်ပေါ်တွင် မတ်အန်တိုနီပေါ်လာသည်။ မမြင်ဖူးသော မတ်အန်တိုနီ၏ ရုပ်သွင်သည် ခေမာ့မျက်စိထဲတွင်တော့သနားဖွယ်အသွင် ပေါက်နေသည်။ ဆီဇာကို အာဏာရှင်ကြီး၊ တန်ခိုးအာဏာကို မက်မောသူကြီးဟု ဝိုင်းစွပ်စွဲကာ ဘရူးတတ်၏လူစုက ဝိုင်းလုပ်ကြံလိုက်သည်။
မတ်အန်တိုနီသည် ဝိုင်းဝိုင်းလည်နေသော ဘရူးတတ်နှင့် အပေါင်းပါတို့၏ ဓားသွားကို ရှောင်ရှားရင်းပင် ဆီဇာသည် အာဏာရှင်ကြီး မဟုတ်ကြောင်းကို ပရိသတ်ကို ရှင်းလင်းပြောပြနေရ၏။ တစ်ဖက်က ရှင်းရင်း တစ်ဖက်ကဘရူးတတ်၏ ဂုဏ်သရေကိုလည်း ချီးကျူးရရှာသည်။ မတ်အန်တိုနီ၏ စကားလုံးများကိုခေမာသည် အလွတ်ကျက်ချင်၏။ စကားပြောလိမ္မာပုံကိုလည်း အံ့ဩ၏။ ပြီးတော့ ငိုချင်ပြန်သည်။
“လူပုံအလယ်မှာ၊ သုံးကြိမ် သုံးခါတိုင်တိုင် သူတို့ရဲ့ အာဏာရှင်ကြီးအဖြစ် လုပ်ပါဆိုပြီး၊ သရဖူကို လူထုက ဆီဇာလက်ထဲ ကမ်းခဲ့ပါတယ်။ ဆီဇာဟာ အဲဒီကတည်းက အခွင့်အရေးရပေမင့်သုံးကြိမ် သုံးခါလုံး ဒီသရဖူကို ပယ်ခဲ့တယ်၊ ဒါဟာ အာဏာရှင် ဖြစ်ချင်တဲ့လူရဲ့ အပြုအမူလား၊ ဆီဇာဟာ အာဏာရှင်ကြီးလား”
မတ်အန်တိုနီသည် နီသောမျက်လုံး လှုပ်ရှားသော လက်တို့ဖြင့် ပရိသတ်ကို ပြောလိုက်၏။ခေမာ့မျက်လုံးထဲတွင် မျက်ရည်များ ဝေလာသည်။
“ခံရလေခြင်း ဆီဇာရယ်၊ ခံရလေခြင်း၊ အဲဒီတုန်းက ငါသာ မတ်အန်တိုနီ ဖြစ်လိုက်ပါတော့၊ ဒီလိုအချိန်မှာ ငါသာ ရောမမှာ လူဖြစ်နေရင် ငါ သေမှာပဲ၊ အို ငါအမြဲ မတ်အန်တိုနီ ဖြစ်ပါစေ၊ မတရားသဖြင့် ဝိုင်းအချခံရတဲ့ လူဘက်က မားမားရပ်နိုင်ပါစေ” ခေမာသည် လက်များ ဆတ်ဆတ်တုန်လာ၍ ဆီဇာ အလောင်းရှိရာသို့ ပြေးပွေ့ချင်၏။
“ဒေါင်- ဒေါင်- ဒေါင်”
ကျောင်းခေါင်းလောင်းသံသည် စာသင်ခန်းထဲ တိုးဝှေ့ဝင်လာ၏။
သူ့မျက်စိရှေ့တွင် ဆီဇာရော၊ မတ်အန်တိုနီရော မရှိကြ၊ ပတ္တမြားရောင် ဆရာမကြီးသာ မတ်တတ်ကြီး ဖြစ်နေတော့သည်။ ဆရာမကြီးသည် ပထမအခန်းကိုပင် သင်ပြ၍ု မကုန်သေးချေ။
အချိန်ကုန်၍ စာအုပ်ပိတ်ကာ စာသင်ခန်းထဲမှ ထွက်သွားတော့သည်။ ဆရာမကြီး သင်သမျှကိုလည်း ခေမာ ဘာမှ မကြားလိုက်ပေ။ ကျောင်းသားများလည်း ထသွားကြသည်။ ခေမာ တစ်ယောက်သာ ဆီဇာ့အတွက် ငိုကြွေးချင်သော စိတ်နှင့် နောက်ဆုံးမှ ထွက်လာခဲ့၏။
“ဒီလိုဖြစ်ပါသည်ဟု ကို့ထံသို့ စာရေးလိုက်လျှင် ခေမာတစ်ယောက် ရူးလွန်းသည်”
ဟု ကို့ထံမှစာပြန်လာမည် မလွဲပေ။ စာထဲမှာ စိတ်မဝင်စားသည်တော့မဟုတ်။ ပုံပေါ်လွန်း စိတ်ဝင်စားလွန်းခြင်းသာ ဖြစ်၏။ သူသည် အောက်တိုဘာမတိုင်ခင် ကျောင်းရက်များကို တစ်ရက်မှ မပျက်စေရ၊ မှန်မှန်ကြီးတက်လျက် ရှိ၏။ အရှေ့တိုင်း ရာဇဝင်သင်သော ဆရာမကြီးသည်လည်း ခန့်ခန့်ဝဝပင် ဖြစ်၏။ သူသည်လည်း အင်္ဂလိပ်စကားကို လှလှပပ သွက်သွက်လက်လက်ကြီး ပြော၏။ သူသည် နှင်းရောင်လို ဖြူဆွတ်သော အင်္ကျီများ ဝတ်တိုင်း ဖိနပ်ဖြူလေးကို အမြဲစီး၏။ သူ အင်္ဂလိပ်စကားပြော ကောင်းသည်ကိုပဲ ခေမာ ငေးနေမိ၏။
တရုတ်ပြည် ရှင်ဘုရင်ကြီးများမှာခေမာ့မျက်စိအောက်တွင် သေလိုက်ကြ မွေးလိုက်ကြနှင့် ငယ်ငယ်တုန်းက ဘွားဘွားပြောသော စူ့ထက်စူ လူစွမ်းကောင်းများအကြောင်းကို သတိရနေသည်။ ကွန်ဖြူးရှပ် စာပေများကို ရှို့ပြီးရင်း မီးရှို့နေရရှာသော ရှီအန်တီဘုရင်ကြီး၏ အဖြစ်ကို ခေမာက သနားလာသည်။ သူ့မျက်လုံးထဲတွင် မီးတောက်များ ပြာစများ ပျံဝဲနေသည်။ နောက်ဆုံးတော့ ရှီအန်တီသာ သေသည်။ ကွန်ဖြူးရှပ်မသေပေ။ ကွန်ဖြူးရှပ်စာပေကိုပင် နောက်မင်းအဆက်ဆက်တို့ လက်ခံကာ၊ တိုင်းပြည်ကိုအုပ်ချုပ်သွားကြ၏။ အာဏာနှင့် စာပေတို့အကြောင်းကို တွေးရင်း တောရင်း ခေမာ့စိတ်များသည် ပြတင်းအပြင်ရှိ ကောင်းကင်ပြာတွင် တိမ်များနှင့် ရောပျံသွားတော့သည်။
နောက်လထဲတွင်မူ ဝန်ဆံရှာအကြောင်းကို ဆရာမကြီးက ဝေဖန်ခိုင်း၏။ ဝန်ဆံရှာ၏ပြုလုပ်ဆောင်ရွက်ချက်များသည် ကောင်းပါလျက်နှင့် ဘာကြောင့် မအောင်မြင်သနည်း ဆိုသော အကြောင်း ဖြစ်၏။ ထိုအချက်ကိုတော့ ခေမာက စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်သည်။
ခေတ်အခြေအနေ မပေးသေးဘဲ ရှေ့ပြေးသော ဝန်ဆံရှာကို သနားမိ၏။ ရာဇဝင်ဆရာတစ်ယောက်က ဝန်ဆံရှာသည် ဆိုရှယ်လစ်တို့၏ ရှေ့တော်ပြေးဆို၏။ ဥရောပရာဇဝင် သင်ချိန် ရောက်ပြန်တော့လည်း ခေမာသည် စိတ်တို၏။ စိတ်ဆိုး၏။ ဆရာမကြီးသည် အိုမင်းပြီ ဖြစ်သော်လည်း သူ့မျက်နှာအပြုံးက တစ်တန်းလုံး ရွှင်ပြုံးစေသည်။
သူ့ပဝါနှင့် ထဘီများကလည်း ကျောက်မျက်တို့နှင့် စီထားသလို တလက်လက် တောက်ပ၍ကြွရွနေပေသည်။ ဝှစ်ပါတီ တန်ခိုးတက်လာပုံကို ဆရာမကြီးက သေသေချာချာ သင်ပြ၏။ ဘုရင့်အာဏာကိုဝှစ်ပါတီ လက်ထဲ ရောက်လာအောင် ဝန်ကြီးချုပ်ဝါပိုလ် လုပ်ပုံ၊ ဘုရင့်ပေးပိုင်ခွင့်အာဏာကိုသုံး၍သူတို့ပါတီကို ထောက်ခံမယ့်သူများအား ရာထူးကြီးကြီး ပေး၍ သိမ်းသွင်းပုံ၊ တာဝန်နည်းနည်းပေး၍ လခကြီးကြီး ပေးသော ရာထူးများကို အရည်အချင်း ရှိရှိ မရှိရှိ မဲလိုချင်၍ ခန့်ထားပုံများ ဆရာမကြီးက ပြောပြ၏။ ခေမာသည် စိတ်ရှုပ်လာ၏။ ဝါပိုလ်ကို ရာဇဝင်က ဘယ်လိုချီးကျူးထားထား ခေမာသည် ဒေါသဖြစ်လာ၏။
ဂျက်ကိုဘိုက် သူပုန်အကြောင်း ရောက်တော့လည်းခေမာခေါင်းထဲတွင် ခေါ်သော Killing Ground စကားလုံးဝင်လာ၏။ ထိုစကားလုံးမှာကျောင်းစာသင်ခန်းနှင့် ဘာမှ မဆိုင်ပေ။ ဒါပေမဲ့ အရမ်းမဲ့ အကြမ်းဖက်ချင်သူတို့အတွက်‘သတ်ကွင်း’ မှာ အဓိပ္ပါယ် အများကြီးရှိ၏။ ဂျက်ကိုဘိုက်သူပုန်မှာ ဝှစ်တို့၏သတ်ကွင်းတစ်ခုပင်ဖြစ်၏။ အတိုက်အခံတွေ ထလာလျှင် ဂျက်ကိုဘိုက်သူပုန်နှင့် ဆက်သွယ်သည်ဆိုကာ ဒလကြမ်းနှိမ်ပစ်လိုက်တော့သည်။ ဂျက်ကိုဘိုက်သူပုန်ကို အကြောင်းပြ၍ ဝှစ်တို့သည် ရွေးကောက်ပွဲကို ခုနစ်နှစ် ကြာမှ တစ်ကြိမ်လုပ်ရန် ရွှေ့ဆိုင်းပစ်လိုက်၏။
ခေမာသည် သက်ပြင်းချကာ သူ့အတွေးကို ရပ်လိုက်ရ၏။ ဤစာသင်ခန်း၏ နံရံလေးဖက်မှကျော်၍ ဘာကိုမှ တွေးရန် မလိုပေ။
သူသည် အိမ်ရောက်လျှင် ၁၈၃၂ တို့၊ အေဒီ ၅၈၃ တို့ ဂဏန်းများကို ကျက်နေရသည်ကိုမော၏။ ဒါတွေ မကျက်လျှင်လည်း နည်းပြသင်တန်းပေး နေ့ကျလျှင် ဘာမှ ရေးတတ်မည် မဟုတ်။
ပါလီမန် ပြုပြင်ပြောင်းလဲပုံ ရောက်တော့လည်း အကြောင်းအရာကို သူ မှတ်မိသလောက် မဲပေးပိုင်ခွင့်ရှိသူနှင့် ပါလီမန်အမတ် ဖြစ်ထိုက်သူတို့၏ ပိုင်ဆိုင်သော ပစ္စည်း၊ ကြာလျှင် သူ့ခေါင်းထဲတွင် ရှုပ်လာသည်။
အခွန်ဆောင်ရသော ၁၀ ပေါင်တို့ ၁၂ ပေါင်တို့မှာ ခဏခဏ ရောနေသည်။ တစ်ခါတစ်ရံစာအုပ်ကို လွှင့်ပစ်ချင်၏။ ဝတ်ထားသော အင်္ကျီကို ဆုတ်ပစ်ချင်၏။မြန်မာစာ စာစီစာကုံး ရေးချိန်ကျပြန်တော့လည်း သူ စိတ်ရှုပ်သည်။ ယပင့်များ၊ ရရစ်များ၊ တ်-ပ်-များ ခေါင်းထဲတွင် ထွေးလာလျှင် အတွေးအခေါ်တို့သည် အားလုံး ပျောက်၏။
ဆရာက မမှားသင့်သော သတ်ပုံအမှာများ တွေ့လျှင် မင်နီ ဝိုင်းမည်။ အမှတ်လျှော့မည်ဟုဆို၏။
‘သံသရာ ကျင်လည်ရသည်’မှာ ခေမာသည် တစ်ခါတစ်ရံ ယပင့်နှင့် ကျင်ရကောင်း၊ ရရစ်နှင့် ကျင်ရမလား…၊ င် နှင့် ကျင်ရလေသလား…၊ ဉ် နှင့် ကျင်လေသလား၊ ထိုဟာများကို သူစိတ်ရှုပ်လာသည်။ “တ် - ပ် - တွေကြားထဲ ငါ ရေးနေရရင် ငါ ရူးမှာပဲ…” ခေမာသည် ညည်းတွားမိ၏။
ကို့ထံကလည်း ခေမာ ရရှိသော အမှတ်များကို ပို့ရမည် ဆို၏။ခေမာ့ကို နောက်ပိုင်း ကြည့်ရသည်မှာ မန္တာန်ဆရာလို တတွတ်တွတ် ရွတ်နေ၏။ “၁၀ပေါင်၊ ၁၂ ပေါင်၊ တ် - ပ် - သေးသေးတင်၊ အောက်မြစ်၊ န် အောက်မြစ်၊ ဝါကျ တစ်ပိုဒ်ဆုံးလျှင် ပုဒ်မနှစ်ချောင်းချ”
အောက်တိုဘာ ဒီဘက်ရောက်လာသော အချိန်တွင်မူ ခေမာကို အိပ်ရာပေါ်တွင်တွေ့ရတော့လေသည်။သူသည် မောလျစွာ အမြဲလိုလို အသက်ရှူနေရ၏။
“စာပေဆိုတာ ပ်၊ တ်၊ တို့လား….၊သူဆင်း ငါတက်ဆိုတဲ့ အကြောင်းတွေကို လိုက်မှတ်နေရတာလား”
ခေမာသည် အသက်ရှူကျပ်လာလျှင် ထိုစကားလုံးများကို ဆရာဇီဝကအား မေးတတ်၏။ ဆရာဇီဝက ကမူသည်းခြေဆေးကိုသာ တစ်ပုလင်းပြီး တစ်ပုလင်း တိုက်ကျွေးတော့သည်။ခေမာသည် ကရက်မက်ပန်းများကို ငေးမျှော်ကြည့်လိုက်၏။ မျက်လုံးထဲတွင် ဝ် - တ် တွေ၊ ပုဒ်မတွေ ရှုပ်လာပြန်၍ မျက်စိကို ခဏမှေားထားရပြန်သည်။ ပြီးမှ အသာ အိပ်ရာမှထကာ စားပွဲရှိရာသို့ သွား၏။ကရမက်ပန်းများကို နွမ်းလျစွာ ကြည့်၏။ ဖောင်တိန်ကို တုန်ရီသော လက်များနှင့် ဖွင့်ကိုင်ကာ စာရေးတော့သည်။
ကို
ခေမာ့ရောဂါက သည်းခြေဆေးသောက်လို့ ပျောက်မှာ မဟုတ်ဘူး။ ခေမာဘယ်တော့ စာရေးရမလဲ။ ကို- တစ်ခါ ပြောဖူးပါတယ်။ စာပေဆိုတာကိုဘောင်ခတ်တဲ့ လူတို့၊ ပေတံနဲ့တိုင်းပြတဲ့ လူတို့ကို ကို သိပ်မုန်းတာပဲဆို။ခေမာ လူတွေအကြောင်း စာမရေးရရင် ဘာအကြောင်း ရေးရမလဲ။ ဘယ်သူ့ဘက် ဘယ်ဝါ့ဘက်မှ ဝင်မရေးပါဘူး။ ဘာဖြစ်နေပါတယ် ဆိုတာတော့ရေးပါရစေ။ အဲဒီအတွေ့အကြုံကိုမှ မရေးရင် စာရေးဆရာတို့ စာပေတို့ဟာ ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။
ခေမာသည် စာကို ထိုနေရာတွင် ရပ်လိုက်ကာ၊ စာရွက်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ကလောင်ကို စားပွဲပေါ် ပစ်ချလိုက်၏။ ခုတင်အနီးသို့ ကမန်းကတန်း ပြေးလာ၏။ ခုတင်နားရောက်လျှင် မောနေသည်။ ဆရာဇီဝက၏ သည်းခြေဆေးကို တစ်ပုလင်းလုံး မော့ချလိုက်၏။ ပြီးလျှင် အိပ်ရာပေါ် လှဲလိုက်ကာ ပါးစပ်ကိုဟ၍ အသက်ပြင်းပြင်းရှူသည်။ ဆောင်းလေတို့သည်ပြတင်းမှ ပြေးခုန် ဝင်ရောက်လာပြန်သည်။ သူ့ကို နောက်ပြောင်ဟန် ဝှေ့ယမ်းတိုက်ခတ်ပြီး ပြတင်းအပြင်သို့ ထွက်ခွာသွားကြပြန်သည်။
“လိုက်မယ်၊ ငါလည်း လိုက်မယ်၊ မင်းတို့လို အစအဆုံးမရှိတဲ့ ကောင်းကင်ပြင်ကြီးမှာ ငါဝဲပျံနေပါရစေ၊ အဲဟိုမှာ အသက်ဝဝရှူရတဲ့ နေရာ မရှိဘူးလား”
သူသည် လက်နှစ်ဖက် ဆန့်တန်းကာ ဟစ်အော်လိုက်၏။ သူ့အသံကြောင့်အိမ်ဖော်လေးသည် ပြေးဝင်လာသောအခါ မျက်နှာကို လက်ဝါးအုပ်၍ မခေမာငိုကြွေးနေသည်ကိုသာ တွေ့ရတော့သည်။
-----------
ခင်နှင်းယု
ရှုမဝမဂ္ဂဇင်း
၁၉၆၀၊ ဇန်နဝါရီလ။
October 24, 2017
[ စာကြည့်တိုက်အွန်လိုင်းဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment