Monday, 16 September 2019

ဂန္ထဝင်အိပ်မက် ( ဇာတ်သိမ်း )

#ဂန္ထဝင်အိပ်မက်

( ဇာတ်သိမ်း )

#မင်းလူ

ခုတစ်လော စာပေနယ်ထဲမှာ ပြောစရာလေးတွေ ဖြစ်ဖြစ်နေ၏။ စာပေဝေဖန်ရေးတွင် ကိုယ်သန်ရာ၊ကိုယ်နှစ်သက်ရာစံနှုန်းကိုမူတည် အခြေခံပြီးရေးလေ့ရှိကြသည်။ တချို့က အကြောင်းအရာပိုင်းကို
ဦးစားပေးဝေဖန်သည်။ 

စာအုပ်ပါ အကြောင်းအရာ၊ ဝတ္ထု၏ဦးတည်ချက်တို့သည် စာဖတ်သူကိုအကျိုးဖြစ်ထွန်းစေခြင်းရှိမရှိ၊ ဇာတ်ကောင်တို့၏စရိုက်သည် သရုပ်မှန်ခြင်းရှိမရှိ ဆန်းစစ်ကြသည်။

တချို့ကတော့ ဝတ္ထုကို တင်ပြပုံရသမြောက်မှုရှိမရှိ၊ ဇာတ်ကောင်တို့၏ စရိုက်သဘာဝများကိုဖော်ပြပုံ ပီပြင်မှုရှိမရှိ၊ အရေးအသားညက်ညော ပြေပြစ်မှုရှိမရှိ၊ ဖာတ်လမ်း၏ရည်ရွယ်ချက်ကိုထိရောက်အောင်ပို့ဆောင်နိုင်ခြင်းရှိမရှိဆိုသော အနုပညာ၊ အတတ်ပညာနှင့်ဆိုင်သည့်အပိုင်းကို ဦးစားပေးဝေဖန်ကြသည်။

တချို့ကတော့ အကြောင်းအရာပိုင်းရော၊ ပုံသဏ္ဌာန်အပိုင်းရော ခြုံငုံ၍ဆန်းစစ်တတ်ကြသည်။စာပေဝေဖန်ရေးဆရာတွေထဲမှာအများစုက အရှိအတိုင်းအမှန်အတိုင်း သုံးသပ်ကြသည်။ ကောင်းလျှင်
ကောင်းသလို၊ ညံ့လျှင်ညံ့သလို ထောက်ပြတတ်သည်။ မျှတသော ဝေဖန်ရေးစံကို ကိုင်စွဲကျင့်သုံးကြသည်။

တချို့ကတော့ သူ့လူဆိုတစ်မျိုး၊ ကိုယ့်လူဆို တစ်မျိုးဘက်လိုက်မှုလေးတွေရှိသည်။ ဝေဖန်ရာမှာလည်း အဆိုးမြင်ရှုထောင့်ကနေ၍ တမင်အပြစ်ရှာချင်တာမျိုး၊ သာမန်ချွတ်ယွင်းချက်ကလေးကအစ မရမက ရှာထုတ်ပြီး ပုံကြီးချဲ့ချင်တာမျိုး၊ စာကိုသာမက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ ပါလာတတ်သည်။ ဒီလိုကိစ္စမျိုးတွေကြောင့် စာပေဝေဖန်ရေးအပေါ်စာဖတ်ပရိသတ်က လေးစားမှုမရှိတော့ဘဲ အရိုအသေတန်လာမှာကို သမာသမတ်ဂိုဏ်းသားတွေက စိုးရိမ်နေကြသည်။

စာပေဝေဖန်ရေးမှာ ခေတ်အဆက်ဆက်ဦးတည်ရာ အကြောင်းအရာအမျိုးမျိုးပေါ်ခဲ့သည်။ စာပေမှာ ပုံသဏ္ဌာန်က အဓိကလား၊ အကြောင်းအရာက အဓိကလား၊ စာပေသည် ဘယ်သူ့အတွက်လဲ၊
ဘဝသရုပ်ဖော်စာပေဆိုတိုင်း သရုပ်မှန်ဖြစ်ရဲ့လား၊ သရုပ်မှန်တယ်ဆိုတာကကော ဘာလဲ၊ဇာတ်ကောင်စရိုက် ပီပြင်တာကို ဆိုလိုတာလား၊ ရည်ရွယ်ချက်မှန်ကန်တာကို ပြောတာလား စသည်ဖြင့် ငြင်းကြခုံကြသည်။ တချို့ကလည်း ပွဲမဆူ ဆူအောင် တမင်အစရှာဆွဲထုတ်ပြီး တိုက်ပွဲခေါ်တာမျိုးရှိသည်။

ခုနောက်ဆုံးဖြစ်ပေါ်နေသော စာပေတိုက်ပွဲကတော့ ဂန္ထဝင်နှင့်မော်ဒန်ဖြစ်၏။ အစပိုင်းတုန်းကတော့တို့ကနန်း ဆိတ်ကနန်းလောက်ပါပဲ။ နောက်တော့ စိတ်မထိန်းနိုင်ကြတော့ဘဲ 'ဂန္ထဝင်ကို ပြတိုက်ထဲ
ပို့ရမယ်'၊ 'မော်ဒန်ကို မျိုးပြုတ်အောင်သုတ်သင်ပစ်ရမယ်'ဆိုတာမျိုး အထိပွဲကြမ်းလာ၏။

 ကြားထဲကဖျန်ဖြေပေးချင်သူတွေကလည်း အထင်မှားခံရပြီး ကြားညပ်မှာစိုးသောကြောင့် လက်ရှောင်နေကြရသည်။

မော်ဒန်အပေါ် ကျိတ်ပြီး ကရုဏာသက်နေသူ လူကြီးတချို့ရှိသည်။ သို့ရာတွင် သူတို့ပါရောပြီး သရုပ်ပျက် စာရင်းသွင်းခံရမှာစိုးသဖြင့် အသာငြိမ်နေရတာမျိုးလည်း ရှိ၏။တကယ်တော့ မော်ဒန်သမားအများစုမှာ လူငယ်များဖြစ်၏။ သူတို့သည် စာပေနယ်မှာ အရှိန်အဝါလည်းမရှိသေး၊ ဩဇာလည်းမညောင်းသေး။ ထို့ကြောင့် မော်ဒန်သမားတို့မှာ အပြောအဆိုခံ၊ အဝေဖန်ခံ ဘဝဖြင့်လှိမ့်ပိန့်နေရ၏။

 ဒီလိုအချိန်မှာပင် ဂျိမ်းဂျွိုက်စ်၏ စာအုပ်တစ်အုပ်ထွက်လာသည်။ စာအုပ်နာမည်က 'ဆိုက်ကားတို့၏ခွာသံ'။ စာအုပ်ထဲမှာ မော်ဒန်နှင့်ပို့စ်မော်ဒန် သဘောတရားတွေ ရေးထားသည်။ အထူးသဖြင့် မော်ဒန်စာပေ၏ အရေးပါသော လက္ခဏာရပ်ဖြစ်သည့် ဒီကွန်စထရပ်ရှင်းအကြောင်း ရှင်းပြထားသည်။

ထိုစာအုပ်သည်လည်း စာပေနယ်မှာ ဂယက်ရိုက်ခဲ့ပြန်သည်။ မော်ဒန်ဆန့်ကျင်ရေးသမားတွေထဲမှာလည်း ထိုစာအုပ်ပါ အချက်အလက်များနှင့် ပက်သက်၍ သဘောတူသူတွေရှိသလို အယူအဆကွဲပြားသူတွေလည်း ရှိနေပြန်သည်။ ဂျိမ်းဂျွိုက်စ်ကတော့ သဘောထားကွဲလွဲခြင်းသည်ပင်လျှင် မော်ဒန်၏ ဝိသေသတစ်ခု ဖြစ်သည်ဟု ဆိုလေ၏။

* * * * *

ယမကာဝိုင်းသည် တဖြည်းဖြည်း အရှိန်တက်နေသည်။ ဒါကလည်း ယမကာရဲ့ထုံးစံပါပဲ။ အရက်တို့ မည်သည် တစ်ခွက်သောက်လိုက်ရုံနဲ့ ဂိတ်ဆုံးရောက်တာမဟုတ်။ ပထမတစ်ခွက်မှာ ရှိန်းခနဲ ဖိန်းခနဲ
ဖြစ်ပြီးသွေးပူလာမည်။ ဒုတိယတစ်ခွက်မှာ နားထင်ဆီက 'ဒိတ်ဒိတ်'ဆို အချက်ပေးပြီးနောက် ရီတီတီစဖြစ်လာမည်။ တတိယတစ်ခွက်ကျတော့ နှုတ်သွက်လျှာသွက်ဖြစ်လာမည်။ စတုတ္ထခွက်
ဆိုလျှင် အရှိန်ရပြီ။

မော်တော်ကား စထွက်ခါစမှာ ဂီယာချိန်းသည့် သဘောနှင့်တူသည်။ မော်တော်ကားက လိုအပ်လျှင် ဂီယာကြီးပြောင်းပြီး အရှိန်လျှော့လို့ရသည်။ ဘရိတ်ဖမ်းပြီးရပ်လို့ရသည်။ ယမကာကတော့ အရှိန်နှင့်လိမ့်နေပြီဆိုလျှင် လျှော့ချင်တိုင်းလျှော့လို့မရ။ တစ်ခုတော့ရှိ၏။ ယမကာအရှိန်သည် အချိန်အတန် ကြာသောအခါ အလိုအလျောက် နည်းနည်းပြန်ကျသွားတတ်သည်။ထိုအချိန်မှာ ရပ်ဖို့သင့်တော်ပြီ။ ဒီလိုမှမဟုတ်ဘဲ လျော့သွားတာကို ပြန်တင်ဦးမှပဲ ဆိုပြီးထပ်ထပ်သောက်လျှင် ဂိတ်ဆုံးရုံမက ရွာရောက်သွားလိမ့်မည်။

 သူတို့ဝိုင်းမှာ စတုတ္ထဂီယာချိန်းခါစအဆင့် ရောက်နေပြီ။ နည်းနည်းလည်းမှန်စပြုနေပြီ။ အစပိုင်းမှာတော့ တစ်ယောက်အခြေအနေ
တစ်ယောက်မေးမြန်းကြသည်။ ထိုမှတစ်ဆင့် စာပေအနုပညာနယ်ထဲ သတင်းတွေအကြောင်း ဖလှယ်ဖြစ်ကြသည်။

"ချက်ကော့ ဘာဖြစ်လို့ လိုက်မလာတာလဲ"

ဟု ဂျွန်စတိန်းဘက်ကမေးသည်။ တော်စတွိုင်းက...

"ဒီကောင်လိုက်ချင်တာမှ တစ်ပိုင်းသေနေတာပဲ၊ ဒါပေမယ့်သူက ခြေချုပ်မိနေတယ်ကွ"

"သူ့မိန်းမက ပါမစ်မပေးလို့မဟုတ်လား"

ဟု အကြောင်းသိဖြစ်သော ဂျက်လန်ဒန်က ဝင်ပြောသည်။

"ဒီလိုပြောလည်းရတာပဲ၊ အခုသူ့မိန်းမက မုန့်ဟင်းခါးဆိုင်ထွက်နေတယ်လေ၊ ဒါကြောင့် ချက်ကြီးလည်း ကြက်သွန်ခွာ၊ ငရုတ်သီးထောင်း၊ ငှက်ပျောအူလှီးနဲ့ ဝင်ကူနေရတာပေါ့"

"ချက်ကော့မိန်းမက တော်သားပဲကွ၊ အပေါက်ဆိုးပေမယ့် တစ်ဖက်တစ်လမ်းကတော့ အိမ်ထောင့်တာဝန်ကို ဝင်ထမ်းရှာသားပဲ"

"ဒါနဲ့ တော်တော်.... မင်းဆိုညာနဲ့ကလေးတွေကို ရွာကနေ ဘယ်တော့ပြန်ခေါ်မှာလဲ"

ဂျက်လန်ဒန်ကမေးသည်။ တော်စတွိုင်းက...

"ငါလည်း ပြန်ခေါ်ချင်လှပြီ၊ ငွေရေးကြေးရေးက အဆင်မပြေသေးလို့"

"မင်းရေးနေတဲ့ လုံးချင်းဝတ္ထုအခြေအနေကကော"

"စာအုပ်က ရေးပြီးနေပြီ၊ ထုတ်ပေးမယ့်သူ ရှာမတွေ့သေးလို့၊ ထုတ်ဝေသူနှစ်ယောက် သုံးယောက်တော့ ပြကြည့်ပြီးပြီ၊ သူတို့က ဝတ္ထုက နည်းနည်းလေးတယ်ဆိုပြီး အင်တင်တင်လုပ်နေကြတယ်"

"ဝတ္ထုက ဘာဖြစ်လို့ လေးတာလဲကွ၊ ကျောက်သင်ပုန်းပေါ်မှာ ရေးထားလို့လား၊ ပေါ့ချင်ရင် ဘားပြာစက္ကူနဲ့ရေးပေါ့ကွ"

ဟု မိုပါဆွန်းက ဝင်နောက်သည်။

တော်စတွိုင်းက...

"ငါလည်း ဒီစာအုပ်လေးထုတ်ဖို့အဆင်ပြေမှငွေလေး ဘာလေးရမှာ၊ ဒီတော့မှ ဆိုညာတို့ သားအမိကိုပြန်ခေါ်နိုင်မှာကွ"

"မင်းအဖြစ်ကလည်း မလွယ်ပါလား၊ ဒါပေမယ့် ဒူးမားလောက်တော့မဆိုးသေးပါဘူး"

"ဒူးမားက ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမလဲကွ၊ အရက်မသောက်တော့ပါဘူး၊ ပြတ်ပါပြီဆိုပြီး ကတိတွေ အထပ်ထပ်ပေးပြီးမှ ခိုးသောက်တာ မိသွားလို့ သူ့မိန်းမက ပုလင်းနဲ့ဆော်လိုက်တာ ထိပ်ကွဲသွားတယ်လေ။ ပြီးတော့ အိမ်ပေါ်ကပါနှင်ချလို့ အခုခရိုနင်ဆီရောက်နေတယ်၊ ဆေးလည်းကု၊ ကျွေးလည်းကျွေးနေရတာပေါ့"

"ဒူးမားက တော်တော်မိန်းမကြောက်ရတာပဲ"

"ကြောက်ရုံတင်မကဘူး၊ မိန်းမကိုချစ်လိုက်တာလည်း သည်းသည်းလှုပ်ပဲ။ ညညဆို သူ့မိန်းမကို သတိရလို့ဆိုပြီး ငိုလားငိုရဲ့၊ သူငယ်ချင်းစာရေးဆရာတွေဆီ ဖုန်းဆက်ပြီး သူ့မိန်းမစိတ်ပြေအောင် ပြောပေးပါလို့ တောင်းပန်လား တောင်းပန်ရဲ့"

"ဒီလောက် အဖြစ်သည်းရအောင် သူ့မိန်းမက ဘယ်လောက်လှနေလို့လဲကွ၊ ဓာတ်တိုင်ကို ထမီပတ်ထားတဲ့ပုံမျိုးကြီးပါ"

"ဒီလိုမပြောနဲ့လေကွာ၊ ဓာတ်တိုင်မှာလည်း.....အဲ.....ဓာတ်တိုင်မှာလည်း အသည်းနဲ့ပါကွ"

မိုပါဆွန်းက တဟားဟားရယ်သည်။ သူ့အသံအကျယ်ကြီးကြောင့် ဘေးကဝိုင်းတွေတောင် လန့်ပြီးဝိုင်းကြည့်ကြသည်။

"ငဆွန်း၊ မင်းအသံပြဲကြီးနဲ့ကွာ"

ဟုဂျက်လန်ဒန်က ဟန့်လိုက်၏။

တကယ်တော့ ဒီနေ့ ယမကာဝိုင်းကို ဒကာခံသူမှာ မိုပါဆွန်းဖြစ်၏။ သူက လူတန်းစားပေါင်းစုံနှင့် ပေါင်းနေသူဖြစ်၏။ထို့ကြောင့် သူ့ကိုလေးစားသော သင်္ဘောသားတစ်ယောက်က ဝီစကီတစ်လုံးလက်ဆောင်ပေးခဲ့သည်။ မိုပါဆွန်းချစ်စရာကောင်းတာက ခုလိုအခွင့်အရေးရသည့်အခါ သူငယ်ချင်းတွေကို သတိရတတ်ခြင်းပင်ဖြစ်၏။

သို့ရာတွင် ပြဿနာတစ်ခုရှိသည်။ သူက သောက်လုံးကြီးသည့်အပြင် သူငယ်ချင်းတွေကိုပါ တိုက်ရမှာဆိုတော့ တစ်လုံးနဲ့လောက်မှမဟုတ်။ ဝီစကီပုလင်းကုန်ပြီးလျှင်နောက်ထပ်ဝီစကီထပ်မဝယ်နိုင်။ ဘီအီးပဲဆက်ကိုင်ရမည်။ဝီစကီနဲ့ ဘီအီးတွဲရတာာကတော့ သိပ်ဟန်မကျ။

ထို့ကြောင့် ဝီစကီပုလင်းကို စတိုးဆိုင် တစ်ဆိုင်မှာ ပြန်ရောင်းလိုက်သည်။ ရတဲ့ငွေက သူငယ်ချင်းတွေကို ဘီအီးအဝတိုက်ရုံသာမက သူ့အတွက် သုံးဖို့စွဲဖို့တောင် ပိုလာနိုင်သေးသည်။

 စာရေးဆရာတို့၏ အရက်ဝိုင်းသည် စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေရဲ့ အရက်ဝိုင်းနှင့်မတူ။ စီးပွားရေးသမားတွေက အလုပ်သဘောပါသည်။ ဒကာခံသူကို တခြားသူတွေက ဦးစားပေးရသည်။ သူ့ကို ဆန့်ကျင်တာမျိုးမလုပ်ကြ။

စာရေးဆရာဝိုင်းမှာက ဒီလိုမဟုတ်။ အရက်တိုက်တဲ့လူရယ်လို့ အလျှော့ပေးဆက်ဆံတာမျိုးမရှိ။ စိတ်မထင်လျှင်ထဆဲချင်ဆဲမည်။ စာပေအယူအဆနှင့်ပက်သက်ပြီး ကျန်တဲ့သူတွေက ဒကာခံသူကို ပြင်းပြင်းထန်ထန် ဝေဖန်ချင်ဝေဖန်မည်။ ဒီအတွက် အပြောခံရသူက 'ငါတိုက်တဲ့အရက်လည်းသောက်သေး၊ ငါ့ကိုလည်းဝိုင်းနှိပ်ကွပ်ကြသေး'ဟု သဘောမထား။

သူတို့၏ စကားဝိုင်းသည် ဒုတိယမြောက် ဘီအီးပုလင်းနှင့်အတူ အရှိန်တက်လာသည်။ သူတို့လေးယောက်စလုံးမှာ ဘဝသရုပ်ဖော် စာပေးရေးသူတွေချည်းဖြစ်၏။ ကျန်တဲ့လူတွေက ရိုးရိုးတည်တည်ရေးကြသူများဖြစ်ပြီး မိုပါဆွန်းကတော့ အထေ့ကလေးတွေ၊ အငေါ့ကလေးတွေနှင့် ရွှင်နေအောင် ရေးတတ်သူဖြစ်၏။ အပြင်မှာလည်း သူက သရော်တော်တော်ပြောတာ ဝါသနာလိုဖြစ်နေ၏။

ဒီနေ့မှာတော့ ဂျွန်စတိန်းဘက်နှင့် ဂျက်လန်ဒန်တို့က စကားဝိုင်းကို ဦးဆောင်နေသည်။ စတိန်းဘက်က...

"ဘဝသရုပ်ဖော်ရေးတယ်ဆိုတဲ့နေရာမှာ လူတွေ ဘာလုပ်နေကြသလဲဆိုတာ ရေးပြရုံနဲ့မပြီးသေးဘူးကွ၊သူတို့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကိုပါ ဖော်ထုတ်တင်ပြနိုင်မှ ပီပြင်တာကွ"

ဂျွန်စတိန်းဘက်သည် အခြေခံလူတန်းစားတို့အကြောင်း ရေးရာမှာ အတွင်းစိတ်ခံစားမှုတွေကိုပါ သရုပ်ပေါ်အောင် ရေးနိုင်သူဖြစ်၏။ သူကဘဝတွေကို အရင်းအတိုင်း ဖော်ပြသည်။

 စာရေးဆရာအနေဖြင့် ဝတ္ထုထဲဝင်ပြီး စွက်ဖက်ခြင်း၊
လမ်းညွှန်ခြင်းတွေ ပြုလုပ်လေ့မရှိ။ စာဖတ်ပရိတ်သတ်က ကြိုက်နှစ်သက်သလို ခံစားလိမ့်မည်ဟု လမ်းဖွင့်ပေးထားသည်။
ဒါကိုဂျက်လန်ဒန်က သဘောမတူ။

"ဒီလောက်နဲ့ တာဝန်ကျေပြီလို့မပြောနိုင်ဘူး၊ အခြေခံလူတန်းစားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကိုပါ ညွှန်ပြပေးနိုင်ရမယ်၊ ဒါမှမဟုတ်ရင်တော့ မေးခွန်းတွေချည်းပဲ ရှိပြီး အဖြေမရှိသလိုဖြစ်နေလိမ့်မယ်"

ဟု ဂျက်လန်ဒန်က ဝေဖန်သည်။ စတိန်းဘက်က....

"လူ့ဘဝဆိုတာ သိပ္ပံပညာလို တိကျတာမဟုတ်ဘူး၊ မေးခွန်းတစ်ခုအတွက် အဖြေတွေက အများကြီးဖြစ်နိုင်တယ်၊စာဖတ်ပရိသတ်မှာလည်း သူတို့ကိုယ်ပိုင် အတွေးအမြင်တွေရှိနိုင်တာပဲ၊ တစ်ခါတစ်လေကျတော့ မေးခွန်းထဲမှာပဲ အဖြေက ပါပြီးသားဖြစ်နိုင်တာပဲ"

"ကောင်းတယ်ကွာ၊ တော်တော်ကောင်းတယ်"

ဟု မိုပါဆွန်းက ရေရွတ်လိုက်သည်။

"ဘာကောင်းတာလဲ ဟေ့ကောင်"

စတိန်းဘက်က မေးတော့....

"ဟောဒီ တညင်းသီးပြုတ်လေကွာ၊ စေးနေတာပဲ၊ ဆိမ့်ဆိမ့်လေးနဲ့ချိုတာကွ"

"မနောက်နဲ့ကွာ၊ ဒီမှာ စကားကောင်းကောင်းပြောနေတာကွ"

ဟု ဂျက်လန်ဒန်က ငေါက်သည်။ မိုပါဆွန်းက အသံပြဲကြီးနှင့် တဟားဟားရယ်ပြန်သည်။ ခွက်ထဲက လက်ကျန်အရက်ကိုမော့သည်။ ထို့နောက်....

"လူ့ဘဝဆိုတာ မေးခွန်းတွေကို ဆက်တိုက်ဖြေနေရတာပဲကွ၊ တစ်ခါတစ်လေကျတော့လည်း ထူးထူးဆန်းဆန်းတွေ ဖြစ်ချင်ဖြစ်တာပဲ၊ အဖြေပဲရှိပြီး မေးခွန်းကျတော့ ရှာမရတဲ့ပုစ္ဆာမျိုး ကြုံရင်ကြုံရတတ်တယ်"

မိုပါဆွန်းက ဒီလိုပဲ။ အရွှန်းအပြက်တွေ လျှောက်ပြောနေရင်းက လေးနက်သော စကားလုံးတွေ ထွက်ထွက်လာတတ်၏။
ဂျက်လန်ဒန်သည် ခဏတွေနေပြီးမှ မိုပါဆွန်း၏ ပခုံးကို ပုတ်လိုက်ပြီး....

"ဒီလိုကျပြန်တော့လည်း ငဆွန်းက တော်သွားပြန်ရော"

ဟု ချီးကျူးလိုက်သည်။

"မင်းသူငယ်ချင်းပဲကွ၊ ဒီလောက်တော့ ရှိမှာပေါ့"

မိုပါဆွန်းက စပ်ဖြဲဖြဲလုပ်ရင်း ပြန်ပြောသည်။ ဂျွန်စတိန်းဘက်က

"ကဲ....ဒါဆိုလည်း ငဆွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်စီသောက်ရအောင်"

ဟုပြောပြီး ဖန်ခွက်တွေထဲ အရက်ငှဲ့ပေးသည်။ ထို့နောက်ဖန်ခွက်ချင်းတိုက်၊ ချီးယားစ်လုပ်ပြီး မော့ချလိုက်ကြ၏။

သူတို့သည် သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ အချေအတင်ငြင်းခုံကြသည့်တိုင် တစ်ယောက်၏ စာပေအယူအဆကို တစ်ယောက်ကလေးစားမှုတော့ ရှိကြ၏။ တစ်ယောက်ကိုတစ်ယောက်ချစ်ကြ ခင်ကြတာကလည်း ညီအစ်ကို အရင်းထက်တောင် ပိုချင်သေးသည်။ ထိုအချက်မှာ သူတို့စာရေးဆရာများ၏ ချစ်စရာကောင်းသော စရိုက်တစ်ခုဖြစ်၏။

တော်စတွိုင်းသည် နဂိုကပင် စကားနည်းသူဖြစ်သောကြောင့် ဒီနေ့ဝိုင်းမှာလည်း စကားသိပ်မပြော။ စိတ်ထဲကတော့ သူ့သူငယ်ချင်းများ၏ စာပေအယူအဆများသည် ကိုယ့်ရှုထောင့်နှင့်ကိုယ်မှ
န်ကြသည်ချည်းဖြစ်သည်ဟု တွေးနေမိလေ၏။

* * * * *

အနုပညာလောကတစ်ခုလုံး စိတ်ဝင်စားကြသောပွဲ ဖြစ်၏။ အနုပညာနှင့်သက်ဆိုင်သော အခမ်းအနားများတွင် အစည်ကားဆုံး
ပွဲလည်းဖြစ်၏။ ရုပ်ရှင်ထူးချွန်အကယ်ဒမီဆုပေးပွဲကြီးပင်ဖြစ်လေသည်။ ဒီနှစ်ဇာတ်ကားအထွက်များသည်။ သရုပ်ဆောင်တွေ
ကလည်း အစွမ်းကုန်ကြိုးစားခဲ့ကြသဖြင့် အပြိုင်အဆိုင်တွေဖြစ်နေသည်။ ထို့ကြောင့် ဒီနှစ်အကယ်ဒမီဘယ်သူတွေရမလဲ
ဆိုတာ ခန့်မှန်းရအတော်ခက်နေ၏။ ဒါကြောင့်လည်း ဒီနှစ်ပွဲကို လူတွေ ပိုစိတ်ဝင်စားကြခြင်းဖြစ်၏။

ဆုပေးပွဲကျင်းပမည့် ခန်းမကြီးထဲမှာ ဧည့်ပရိသတ်တွေပြည့်လျှံနေသည်။ ခါတိုင်းနှစ်တွေထက် လူပိုများသည်ဟု
ဆိုရမည်။ ခန်းမအဝင်ဝတွင် စာနယ်ဇင်းသမားတွေ စောင့်ဆိုင်းနေကြသည်။ နာမည်ကြီးမင်းသား မင်းသမီးတစ်ယောက်
ရောက်လာတိုင်း ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်ကြသည်။ မေးခွန်းတွေ ဝိုင်းအုံမေးကြသည်။ မေးခွန်းတွေကတော့
ဟိုအရင်နှစ်တွေကအတိုင်းပါပဲ။

"ဒီနှစ် ဘယ်သူတွေရမယ်ထင်သလဲဟင်"

"အခုဝတ်လာတာ အကယ်ဒမီဝတ်စုံလား"

"ဒီနေ့ ပိုလှနေတယ်ထင်တယ်၊ စင်ပေါ်တက်ရမှာမို့ အထူးပြင်ဆင်လာတာလား"

"ရင်ခုန်စရာလေးတွေ ရှိမယ်ထင်တယ်နော်"

မင်းသား မင်းသမီးတွေကလည်း ထုံးစံအတိုင်း

"ကျွန်တော်က သူများတွေအတွက် လက်ခုပ်တီးပေးဖို့လာတာပါ"

"ဒီဝတ်စုံလား၊ ဘာသဘောမှမဟုတ်ပါဘူး၊ တစ်နှစ်မှတစ်ခါကျင်းပတဲ့ပွဲမို့ သပ်သပ်ရပ်ရပ်ကလေးဖြစ်အောင် ဝတ်လာတာပါ"

"ကြိုးတော့ ကြိုးစားထားတာပဲလေ၊ ရတာမရတာကတော့ ကံတရားပေါ့၊ ဘယ်သူပဲရရ ဝမ်းသာရမှာပါပဲ"

"သူများတွေကတော့ ပြောနေကြတာပဲလေ၊ ကိုယ့်ကိုယ်ကိုတော့ သိပ်ထင်မထားပါဘူး"

ဘာပဲပြောပြော ရနိုင်ခြေရှိသူတွေ အားလုံးကတော့ ကိုယ့်မျှော်လင့်ချက်ကလေးနဲ့ကိုယ် ရင်ခုန်နေကြတာပါပဲ။

ဒီနှစ်အဖို့ လူစိတ်အဝင်စားဆုံးကတော့ မင်းသမီးဆုပင်ဖြစ်၏။ ဆန်ခါတင်အဖြစ် တစ်ပေးခံနေရသူတွေကတော့ မက်ဒေါနားနှင့်ရှယ်ရွန်စတုန်းတို့ဖြစ်ကြ၏။

သူတို့နှစ်ယောက်ကို အရင်က ညှို့မင်းသမီးများအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ သူတို့မှာ မျက်နှာနှင့် ကိုယ်လုံးအလှကို
အသားပေးသော ဇာတ်ကားများကိုသာ ရိုက်ခဲ့ကြရသည်။ ပီပြင်သောဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ရသော ဇာတ်လမ်းမျိုး
ရိုက်ခွင့်မကြုံခဲ့။ ဒီနှစ်ကူးမှသာ အနုပညာစွမ်းပြခွင့်ရခဲ့ကြခြင်းဖြစ်၏။ အခွင့်အရေးရခိုက် အစွမ်းကုန်ကြိုးစားခဲ့ကြသဖြင့်
နှစ်ယောက်စလုံးက အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့ကြခြင်းဖြစ်၏။

အခမ်းအနားသို့တက်ရောက်လာသော မင်းသမီးတို့၏ ဝတ်စားဆင်ယင်ပုံကိုကြည့်၍ အကယ်ဒမီချိန်ထားခြင်းရှိမရှိ ခန့်မှန်းနိုင်သည်။ ပထမအချက်ကတော့ သဇင်ပန်းတွေ ဝေနေအောင်ပန်လာခြင်းဖြစ်၏။ ထိုကိစ္စမှာ ဘယ်သူက စထွင်မှန်းမသိရသော်လည်း မင်းသမီးတိုင်းလိုလို လိုက်နာကျင့်သုံးကြတာ တွေ့ရသည်။ 

ဒုတိယအချက်က အဝတ်အစားကို သပ်သပ်ရပ်ရပ် လုံလုံခြုံခြုံဝတ်လာတတ်ခြင်းပင်ဖြစ်သည်။ တကယ်လို့များ စင်ပေါ်
တက်ရမယ်ဆိုလျှင် ဣနြေ္ဒရရဖြစ်ဖို့လိုတယ် မဟုတ်လား။

တတိယအချက်ကတော့ အဝတ်အစား၏ အရောင်ပင်ဖြစ်၏။ များသောအားဖြင့် အကယ်ဒမီချိန်သူတို့သည် အနက်၊ အညို၊ အနီစသောအရောင်ရင့်ရင့်များဝတ်လေ့မရှိ၊ သိပ်နုလွန်းသော အရောင်များလည်း ဝတ်လေ့မရှိ။

အဖြူဆွတ်ဆွတ် သို့မဟုတ် အရောင်လွင်လွင်ကလေးများဖြစ်ကြသော ကြည်ပြာရောင်၊ အဝါရောင်တို့ကို ဝတ်လေ့ရှိသည်။ အထူးသဖြင့် အကယ်ဒမီရောင်ဟု ဆိုနိုင်သော ရွှေဝါရောင်ကို ဝတ်ကြတာများသည်။

ဒီနေ့လည်း မက်ဒေါနားသည် ရွှေဝါရောင်ဝတ်စုံကို ဝတ်ပြီးသဇင်ပန်းတွေ ဝေအောင်ပန်လာသည်။ ခါတိုင်းတုန်းက အဝတ်အစားဆန်းဆန်ုးပြားပြားတွေ ဝတ်လေ့ရှိသော မက်ဒေါနားကို ရိုးရိုးယဉ်ယဉ်ကလေး ဝတ်လာတာမြင်ရတော့ ပိုလို့တောင် လှနေသေးတယ် ထင်ရ၏။

 ရှယ်ရွန်စတုန်းကတော့ တစ်မျိုး။ သဇင်ပန်းကို ခေါင်းမှာပန်မလာဘဲရင်ဘတ်မှာထိုးလာသည်။ ဝတ်စုံကလည်း နံ့သာရောင်ဖြစ်၏။ တကယ်လို့ အကယ်ဒမီမရခဲ့လျှင် မျက်နှာအပူသက်သာအောင်လို့လားတော့မသိ။

* * * * *

ရုပ်ရှင်လောကတွင် စွန့်ဦးတီထွင်သူ ရှားပါးနေသည်။ ပရိသတ်ကြိုက်တတ်သည့် ဇာတ်ကားမျိုး၊ ဝင်ငွေကောင်းတတ်သည့် ဇာတ်ကားမျိုးကိုသာ ဖော်မြူလာတစ်ခုလိုရိုက်နေကြသည်။

ပြီးခဲ့သော နှစ်များတုန်းက အချစ်၊ ဟာသနှင့် သိပ္ပံနောက်ခံလျှို့ဝှက်သည်းဖိုဇာတ်လမ်းများ ခေတ်စားသည်။ အားလုံးက ဒါမျိုးတွေချည်းဝိုင်းအုံရိုက်နေကြတာ ကြာတော့ ပရိသတ်က ငြီးငွေ့ချင်လာသည်။

 ထိုစဉ်မှာပင် ဇာတ်ကားတစ်ကားက ထိုးဖောက်ထွက်လာသည်။ လူသန်ကြီး အာနိုးပါဝင်သော 'ပန်းပဲမောင်တင့်တယ်'ဇာတ်ကားပင်ဖြစ်၏။

ခေတ်လွန်တာတွေ ကြည့်ရတာ ရိုးအီနေသော ပရိသတ်နှင့် ဟပ်မိသွားသည်။ ထိုဇာတ်ကားသည်အလွန်အောင်မြင်ပြီး ဆယ်နှစ်အတွင်းဝင်ငွေအများဆုံး စံချိန်တင်သွား၏။ တစ်ယောက်ယောက်က တစ်ခုခုစမ်းသပ်လိုက်လို့အောင်မြင်လျှင် လိုက်လုပ်တတ်ကြသော ရုပ်ရှင်လောကသားတို့ ထုံးစံအတိုင်းအလားတူ ဇာတ်ကားတွေရိုက်ဖို့စိုင်းပြင်းကြတော့သည်။

ကုမ္ပဏီတစ်ခုက ဗျတ်ဝိ ဗျတ္တကို ရိုက်ဖို့စီစဉ်သည်။ စတော်လုံးနှင့် မဲလ်ဂစ်ဘ်ဆင်တို့ကိုငှားသည်။ မအိုဇာနေရာမှာတော့
ရှယ်ရွန်စတုန်းဖြစ်၏။ ဒရာမာဘက် နွယ်ပြီးရိုက်မည်ဟုဆို၏။

တခြားကုမ္ပဏီတစ်ခုကလည်း အားကျမခံဘဲ ရွှေဖျဉ်းညီနောင်ကို ရိုက်မည်ဟု ကြေညာသည်။ ခုန်ပျံကျော်လွှား စွန့်စားခန်းများကိုအသားပေးမည်။ ရွှေဖျဉ်းညီနောင်အဖြစ် ဗန်ဒိမ်းနှင့် စတီဗင်ဆေးဂဲလ်၊ မရွှေဥအဖြစ် မက်ဒေါနားတို့ပါဝင်မည်။ ထိုဇာတ်ကားများတွင် ပီပြင်အောင် သရုပ်ဆောင်နိုင်သောကြောင့် ရှယ်ရွန်စတုန်းနှင့်မက်ဒေါနားတို့ အကယ်ဒမီတစ်ပေးခံရခြင်းဖြစ်၏။

* * * * *

ဆုရသူများကို ကြေညာသည်။ ဒါရိုက်တာဆုကို တဲရင့်မာလစ်က ရရှိသည်။ အမျိုးသားဇာတ်ပို့ဆုကို ရှောင်ကွန်နရီ၊အမျိုးသမီးဇာတ်ပို့ဆုကို မင်းသမီးကြီး ဂျနီဖာဂျုံးကရရှိသွားကြသည်။

 ထုံးစံအတိုင်းဆိုလျှင် အမျိုးသားဇာတ်ဆောင်(မင်းသား)ဆုကို နောက်ဆုံးမှကြေညာလေ့ရှိ၏။ ဒီတစ်ခါတော့ မင်းသမီးဆုကို လူတွေပိုစိတ်ဝင်စားနေကြသောကြောင့်ပွဲအရှိန်ကို ထိန်းသည့်အနေဖြင့် မင်းသားဆုကို အရင်ကြေညာသည်။ အာနိုးရရှိသွားလေသည်။ သူသည် အက်ရှင်ဇာတ်ကြမ်းတွေချည်းရိုက်ခဲ့ရသဖြင့် အကယ်ဒမီနှင့် အလှမ်းဝေးနေခဲ့ရပြီး ဒီနှစ်မှရလိုက်သဖြင့် သူ့ကိုချစ်သော
ပရိသတ်များ ဝမ်းသာအားရဖြစ်ကြရသည်။

"အခုဆက်လက်ပြီး အမျိုးသမီးဇာတ်ဆောင် မင်းသမီးဆုကို ကြေညာပါ့မယ်"

ဆုကြေညာပေးမည့် ကက်သီဘိတ်စင်မြင့်ပေါ်တက်လာသည်။ ပရိသတ်ကြီးမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွား၏။

ကာယကံရှင်တွေတော့ ဘယ်လိုနေမလဲမသိ။ စာနယ်ဇင်းဆရာများ၊ ရုပ်မြင်သံကြားဆရာများမှာ ရှယ်ရွန်စတုန်းနှင့်မက်ဒေါနား ဘယ်သူ့ဆီပြေးရမလဲ စောင့်စားနေကြစဉ် ကက်သီဘိတ်က စာအိတ်ကိုဖောက်လိုက်သည်။ စာရွက်ကလေးကိုထုတ်ယူပြီး ကြည့်သည်။ ချက်ချင်းမကြေညာသေးဘဲ ပရိသတ်ဘက်တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ

"အကောင်းဆုံး....အမျိုးသမီး...ဇာတ်ဆောင် မင်းသမီးဆုကို ရရှိသူကတော့..... ဟူပီဂိုးလ်ဘဲတ်....ဖြစ်ပါတယ်ရှင်"

မထင်မှတ်သော ကြေညာချက်ဖြစ်သောကြောင့် အားလုံးမှင်သက်မိကုန်ကြသည်။ ခဏမျှ တိတ်ဆိတ်နေပြီးမှ ဝေါခနဲလက်ခုပ်သံတွေ ဆူညံသွားသည်။ ဟူပီဂိုးလ်ဘတ်မှာ ဘယ်လိုမှ မျှော်လင့်မထားသောကြောင့် ရုတ်တရက်ကြက်သေသေသွားသည်။ သူ့ကိုယ်သူ မယုံနိုင်သလို ငေးကြည့်နေ၏။ ပြီးမှ မျက်နှာကို လက်ဝါးနှင့် အုပ်ပြီး
တရှုပ်ရှုပ်ငိုလေတော့သည်။

ဟူပီဂိုးလ်ဘတ်မှာ ရုပ်ကလည်း မလှ၊ အသားလည်းမည်းမည်း၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပုပုဝဝ။ သူသည်ဟိုအရင်က ဇာတ်ပို့ဇာတ်ရန်အဖြစ်သာ သရုပ်ဆောင်ခဲ့ရပြီး အခုဇာတ်ကားကျမှ သူနှင့်လိုက်ဖက်သောဇာတ်ရုပ်ဖြစ်သဖြင့် အဓိကဇာတ်ကောင်အဖြစ်ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်၏။ ဟူပီဂိုးလ်ဘတ်ဆုရခဲ့သော ဇာတ်ကား၏အမည်မှာ
'မယ်ကုဝဏ်'ဖြစ်လေ၏။

* * * * *

တော်စတွိုင်းသည် ထမင်းပွဲကို ငေးကြည့်နေသည်။ ထမင်းပွဲဆိုသော်လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားခြင်းတော့
မဟုတ်။ ထမင်းတစ်ပန်းကန်နှင့်တို့ဟူးသုပ်တစ်ပွဲသာဖြစ်၏။ တစ်ယောက်တည်းဆိုတော့ ခုလိုပဲဖြစ်သလိုစားနေရသည်။
ထမင်းစားတဲ့အခါတိုင်း ဇနီးဖြစ်သူကို သတိရမိ၏။ ဆိုညာသာရှိလျှင် ခုလိုဖြစ်မှာမဟုတ်။ ဆိုညာက အိမ်ထောင်ထိန်းသိမ်းမှုကို
အလွန်နိုင်နင်းသည်။ ဟင်းချက်လည်းကောင်းသည်။ သားကြီးငါးကြီးမပါသည့်တိုင် စားလို့ကောင်းအောင်ဖွယ်ဖွယ်ရာရာ
စီစဉ်တတ်သည်။

ပဲသီးသနပ်သုပ်၊ ဘူးသီးဟင်းခါး၊ ငါးပိရည် တို့စရာလောက်နှင့် ထမင်းမြိန်အောင် ကြံဆောင်နိုင်သည်။ အထူးသဖြင့် ငါးပိရည်ကျိုဖြစ်၏။ ရွာကရသော သုံးဦးစပ် ငါးပိရည်ထဲမှာ ငရုတ်သီးစိမ်းမီးကင်နှင့် ကြက်သွန်ဖြူကို ထောင်းထည့်ထားတာ၊ပဲတီချဉ်၊ မုန်လာချဉ်တို့နှင့်တွဲဖက်စားလိုက်ရရင် ထမင်းသုံးပန်းကန်လောက် အသာလေး လျှောခနဲဝင်သွားနိုင်သည်။

စဉ်းစားရုံနဲ့တောင် သွားရည်ယိုလာ၏။ ခုလောလောဆယ်မှာတော့ တို့ဟူးသုပ်နဲ့ပဲ ခြောက်ကပ်ကပ် စားလိုက်ရသည်။ထမင်းစားပြီးတော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း ဆေးပေါ့လိပ် တစ်လိပ်မီးညှိရှိုက်ဖွာသည်။

ချက်ကော့လာလျှင် ကောင်းမယ်ဟု တွေးမိ၏။ ပြီးမှ ချက်ကော့လာနိုင်မှာမဟုတ်ကြောင်း သတိရသည်။ ချက်ကော့သည်
သူ့အိမ်ကလေးကိုပြင်နေ၏။ အိမ်ပြင်နိုင်လောက်အောင်လည်း အခြေအနေကောင်းသွားသည်။ ဇာတ်လမ်းကောင်းကောင်းကို
အဆင့်မြင့်မြင့်ရိုက်ကူးလိုသော လူငယ်ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်က ချက်ကော့၏ ဝတ္ထုတစ်ပုဒ်ကို ဝယ်လိုက်သောကြောင်
့ဖြစ်၏။ ဉာဏ်ပူဇော်ခကို ထိုက်ထိုက်တန်တန်ပေးသည့်အပြင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို ဖိတ်ကြားပြီး
သွားရေးပြန်ရေးအတွက် ကားပါစီစဉ်ပေးခဲ့သည်။

ဟိုရောက်တော့လည်း နာမည်ကျော် ထိပ်တန်းမင်းသားမင်းသမီးတွေကအစ ချက်ကော့ကို တလေးတစားဆက်ဆံခဲ့ကြသည်။ ဒါကို မျက်မြင်ဒိဋ္ဌဖြစ်သော သူ့မိန်းမအင်နာမှာ အတော်ကျေနပ်သွားသည်။ စာရေးဆရာကတော်ဖြစ်ရတာကို ဂုဏ်ယူတတ်လာသည်။

 အရင်ကသူ့ယောက်ျားကို စာရေးဆရာလုပ်ဖို့ မြှောက်ပေးခဲ့လို့ဆိုပြီး အိမ်ကိုတောင်အလာမခံခဲ့သော ဂေါ်ကီကို ခုတော့ 'ကိုကြီးဂေါ်ကီ'လို့တောင် ပြောင်းခေါ်နေပြီ။ ချက်ကော့၏ အိမ်မှာဂေါ်ကီအတွက်ဆိုလျှင်တံခါးမရှိဓားမရှိ စားအိမ်သောက်အိမ်ဖြစ်နေပြီ။ သူတို့သုံးယောက် ယမကာဝိုင်းဖွဲ့လျှင်ပင် ချက်ကော့မိန်းမက
အမြည်းတွေလုပ်ပေးတဲ့အခြေအနေရောက်နေပြီ။

သူငယ်ချင်းချက်ကော့တစ်ယောက်ခုလို အဆင်ပြေနေတဲ့အတွက် တော်စတွိုင်းဝမ်းသာပါသည်။ ထို့အတူ အားလည်းကျမိသည်။ သူ့မှာတော့ ခုချိန်ထိ ချစ်ဇနီးဆိုညာနှင့်ကလေးတွေကို ရွာကနေ ပြန်မခေါ်နိုင်သေး။ ဒီအတွက်တော့ဝမ်းနည်းမိ၏။ ထိုစဉ်မှာပင် သူ့အိမ်ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်မှ လူတချို့ဆင်းလာသည်။

သူတို့လက်ထဲမှာ အသံဖမ်းစက်၊ ကင်မရာ စသည်တို့ကိုင်ထားကြ၏။ အိမ်ပေါ်ရောက်တော့ တော်စတွိုင်းကို တလေးတစား နှုတ်ဆက်ကြသည်။
တော်စတွိုင်းသည် ကြောင်တက်တက်ဖြစ်နေပြီးမှ....

"ဘာကိစ္စများရှိလို့ပါလဲ"

ဟုမေးလိုက်သည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူက....

"ဒီလိုပါ၊ ဆရာရေးခဲ့တဲ့ မီးခွက်ဈေးနှင့် အခြားဝတ္ထုတိုများဆိုတဲ့ စာအုပ်ကို စာပေဆုပေးဖို့ ရွေးချယ်လိုက်တဲ့အကြောင်းကို လာပြီး အသိပေးတင်ပြတာပါခင်ဗျာ"

ထို့နောက် အတူပါလာသော သတင်းစာဆရာများက အင်တာဗျူးလုပ်သည်။ ဓာတ်ပုံတွေရိုက်သည်။ ရုပ်မြင်သံကြားဌာနက
ဗီဒီယိုမှတ်တမ်းတင်သည်။ တော်စတွိုင်းမှာ ရုတ်တရက်ဆိုတော့ အံ့ဩဝမ်းသာပြီးရင်တွေ တလှပ်လှပ်ခုန်နေ၏။

သတင်းအဖွဲ့ပြန်ထွက်သွားပြီးပြီးချင်းမှာပင် ဆလွန်းကားတစ်စီးအိမ်ရှေ့လာရပ်ပြန်သည်။ ကားပေါ်မှလူတစ်ယောက် သုတ်သီးသုတ်ပျာဆင်းလာသည်။ တော်စတွိုင်းနောက်ဆုံးရေးထားသည့် ဝတ္ထုစာအုပ်ကို ဇာတ်လမ်းသွက်လက်မှုမရှိဘူးဆိုပြီး ငြင်းပယ်ခဲ့သည့် ထုတ်ဝေသူဖြစ်၏။ သူသည် အိမ်ပေါ်ရောက်ပြီးပြီးချင်းမှာပင် တရစပ်ပြောလေတော့သည်။

"ဆရာနောက်ဆုံးရေးထားတဲ့စာအုပ် ဘယ်သူ့မှမပေးရသေးဘူး မဟုတ်လား၊ အဲဒါကျွန်တော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီဆရာ၊
ဆုရတဲ့ဝတ္ထုတိုပေါင်းချုပ်ကိုလည်း ကျွန်တော်ပဲ ဒုတိယအကြိမ် ပြန်ထုတ်ပါရစေ၊ ဟိုဒင်း....ပြီးတော့ ဆရာနောက်ထပ်ရေးမယ့်
စာအုပ်တွေအတွက်လည်း စာချုပ်ချုပ်ချင်ပါတယ်၊ အဲဒါ....အခုလောလောဆယ် စရန်ငွေလည်းပေးခဲ့ပါမယ်ဆရာ"

ပိုက်ဆံအိတ်ထဲက ငွေစက္ကူအုပ်လိုက်တွေထုတ်ပြီး စားပွဲဝိုင်းလေးပေါ်တင်ပေးသည်။ တော်စတွိုင်းသည် ထိုသူဘာတွေဆက်ပြောနေမှန်းမသိတော့။ သူ့နားထဲမှာတော့ သင်္ဘောဥဩသံများကိုသာ ကြားယောင်နေမိ၏။

* * * * *

ဆိုညာသည် ချောင်းကမ်းနဖူး ကုန်းမြင့်ကလေးပေါ်မှာရပ်ရင်း လှေဆိပ်ဆီငေးကြည့်နေ၏။ သူတို့ရွာသို့ လာမည်ဆိုလျှင် သင်္ဘောစီးလာရမည်။ သင်္ဘောဆိပ်ကတစ်ဆင့်ချောင်းရိုးလေးအတိုင်း လှေနှင့်လာရမည်။ ဒီလှေဆိပ်မှာဆင်းရမည်။

သူသည် ဒီနေရာလေးမှာ ညနေတိုင်းလိုလိုလာရပ်နေမိတာ တစ်ပတ်လောက်ရှိသွားပြီ။ ဘာကြောင့်ရယ်မသိ၊ခုရက်ပိုင်းအတွင်းမှာ သူ့ချစ်လင်တော်စတွိုင်းကို အထူးသတိရရနေမိ၏။

အခြေအနေအကြောင်းကြောင်းကြောင့် ဇာတိရွာမှာပြန်ခိုနေရတာအတော်ကြာပြီ။ အစကတော့ နှစ်လ၊သုံးလလောက်သာနေရမည်ဟု ထင်ခဲ့သည်။ တော်စတွိုင်းစာရေးတဲ့အလုပ်က အဆင်ပြေလျှင် အိမ်ပြန်ပြီး မိသားစုသိုက်သိုက်ဝန်းဝန်း နေခွင့်ရမည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် နှစ်လသုံးလမှသည် လေးငါးခြောက်လ၊
ထိုမှနှစ်ပေါက်အောင်ကြာခဲ့ပြီ။

ဒီကြားထဲမှာတော်စတွိုင်းသည် ရွာကို နှစ်ခေါက်လောက်သာလာနိုင်သည်။ ခရီးစရိတ်က မသက်သာလှသဖြင့် ခဏခဏမလာနိုင်။ ဒီလိုနဲ့ပဲအချိန်တွေကြာခဲ့သည်။ သူတို့ရွာသည် သင်္ဘောဆိပ်နှင့်သိပ်မနီးလှသည့်တိုင် ညနေသင်္ဘောဆိုက်ချိန်မှာတော့ ဥဩဆွဲသံသဲ့သဲ့ကိုကြားရတတ်သည်။ ထိုအသံကို ကြားတိုင်းတော်စတွိုင်းကို
သတိရမြဲ။ 

ခုရက်ပိုင်းမှာတော့ ထူးဆန်းသော ခံစားမှုတစ်မျိုးဖြစ်လာ၏။ သင်္ဘောဥဩသံကြားတဲ့အခါတိုင်း တော်စတွိုင်းပါလာလိမ့်မည်ဟု စိတ်ထဲမှာစွဲလမ်းနေမိခြင်းဖြစ်၏။ ဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်းကိုလည်းသိပါသည်။သို့ရာတွင် ညနေစောင်းလျှင် လှေဆိပ်သို့မသွားဘဲမနေနိုင်။

လှေကလေးတစ်စင်းသည် ချောင်းကွေ့မှပေါ်လာသည်။ သင်္ဘောဆိပ်မှရွာသို့လာသော ခရီးသည်များကို တင်ဆောင်လှော်ခတ်လာခြင်းဖြစ်၏။ လှေပေါ်တွင် လူလေးငါးယောက်ပါလာသည်။ လှေကလေးသည် တအိအိလာနေပြီး လှေဆိပ်မှာကပ်သည်။ လှေပေါ်မှာလူတွေထဲတွင်ရှေ့ဆုံးမှလူသည်အလျင်စလိုရှိနေဟန်တူသည်။
လှေမငြိမ်ခင်မှာပင် ဦးပိုင်းမှနေ၍ ကမ်းပေါ်ခုန်ဆင်းလိုက်သည်။ ထို့နောက်သဲဖြူဖြူလမ်းကလေးအတိုင်း ခပ်သွက်သွက်လျှောက်လာသည်။ ထိုသူသည်လည်း အရင်နေ့တွေတုန်းကလို တော်စတွိုင်းများလားဟု ထင်မှတ်မှားခံရသူတစ်ယောက်သာဖြစ်လိမ့်မည်ဟု ဆိုညာတွေးနေသည်။ သို့ရာတွင် ဒီလူတစ်ယောက်ကတော့
တော်စတွိုင်းနဲ့တော်တော်ကိုတူတာပဲ။ ကြည့်ပါဦး၊ ဟန်ပန်ကအစ။ လမ်းလျှောက်ပုံကအစ၊ လက်လွှဲပုံကအစ၊

ပြီးတော့....
ထိုသူသည် တစ်ချက်မော့ကြည့်သည်။ ဆိုညာကိုမြင်သောအခါ အံ့ဩသလိုဖြစ်သွား၏။ ပြီးတော့လက်ကို အားရပါးရမြှောက်ပြီးဝှေ့ယမ်းပြသည်။ သူ့မျက်နှာက ပြုံးရွှင်ဝင်းပနေ၏။အလို..... တော်စတွိုင်းအစစ်ပါလား။ ဆိုညာရဲ့ ချစ်လင်မောင်ကြီးတော်စတွိုင
်းရယ်ပါလား။

ဆိုညာသည် ရင်တွေတဒိတ်ဒိတ်ခုန်လာ၏။ ခြေလှမ်းကျဲကြီးနှင့် လျှောက်လာနေသော တော်စတွိုင်းကို ငေးကြည့်နေမိသည်။ သူ့မောင်ကြီးသည် ရွှေအိုးကိုထမ်းလာခြင်းတော့မဟုတ်။ သို့ရာတွင် မောင်ကြီးကိုယ်တိုင်ကပင် သူ့အတွက်တော့ ရွှေအိုးကြီးဖြစ်သည်ဟု ထင်မိလေ၏။

---------------
မင်းလူ (၁၄-၁၁-၂၀၀၁)

[ လူဗိုလ်ဟူသည်ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


#ဂန္ထဝင်အိပ်မက် ( ပဉ္စမပိုင်း)

#ဂန္ထဝင်အိပ်မက်

( ပဉ္စမပိုင်း) 

#မင်းလူ

 
    ဈေးတို့၏သဘောသဘာဝမှာ နံနက်စောစောမှာ စည်ကားတတ်သည်။ နေမြင့်လာလျှင် ဈေးကွဲပြီ။ မွန်းလွဲညနေပိုင်းတွင် တစ်ကြိမ်စည်ကားသည်။ ညနေစောင်းလျှင် ဈေးပေါင်ကျိုးပြီ။ မမှောင်ခင် ဈေးပိတ်လေ့ရှိသည်။ ဒါက မြို့ပြဈေးတို့၏ ထုံးစံပင်ဖြစ်၏။

    သူတို့ဘက်ပိုင်းမှာကျတော့ တစ်မျိုး။ ညနေစောင်းမှ ဈေးတန်းလေးက စတင်သက်ဝင်လှုပ်ရှားလာသည်။ ဈေးသည်တွေကလည်း ထိုအချိန်မှ ဆိုင်ကို စခင်းသည်။ မှောင်လာလေ စည်ကားလာလေဖြစ်၏။

သူတို့ရပ်ကွက်ရှိလူများသည် နံနက်အစောကြီးထပြီး လုပ်ငန်းခွင်ရှိရာသို့ သွားကြရသည်။ တစ်နေကုန် အလုပ်လုပ်ပြီး ဝင်ငွေရှာကြသည်။ ညနေစောင်းအလုပ်ကပြန်လာတော့မှ ပါလာတဲ့ငွေကလေးနှင့် ချင့်ချိန်ပြီး ဈေးဝယ်ကြရသည်။ လုပ်ငန်းခွင်ရှိရာနှင့် အိမ်နှင့် ခရီးကွာဝေးသူများမှာ မိုးချုပ်မှပင် ပြန်ရောက်တတ်သည်။ ထို့ကြောင့် ညမှောင်တော့မှ ဈေးစည်ကားခြင်း ဖြစ်၏။ လက်ဖက်ရည်ဆိုင်တွေဆိုလျှင်လည်း တစ်နေကုန် ခြောက်ကပ်နေပြီး ညကျမှ လူတဖွဲဖွဲ ဝင်လာတတ်၏။

ဈေးဝင်ဝယ်၊ အိမ်ပြန်ချက်ပြုတ်ပြီး ညရှစ်နာရီလောက်မှာ ညစာစားကြရသည်။ ပြီးတော့ တစ်နေကုန်ပင်ပန်းလာသမျှ ကျောဆန့်ပြီး အနားယူသူကယူ၊ လက်ဖက်ရည်ဆိုင် ထွက်သူကထွက်၊ ငွေကလေးနည်းနည်းပါးပါးပိုလျှင် ဗီဒီယိုရုံသွား။ ဘဝတွေက ဒီအတိုင်းကျင်လည်နေသည်။

ဈေးကလေးမှာ အဆောက်အအုံတွေ ဘာတွေနဲ့ အတည်တကျမဟုတ်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်မှာ ယာယီချခင်းပြီးရောင်းကြသော ပျံကျဈေးကလေးသာ ဖြစ်၏။ ပျံကျဈေးဖြစ်သောကြောင့် ဆိုင်နေရာတွေကို စနစ်တကျ နံပါတ်တပ်ထားခြင်းလည်းမရှိ။ သို့တိုင်အောင် သူတို့နည်း သူတို့ဟန်ဖြင့် နေရာသတ်မှတ်ပိုင်းခြားထားတာတော့ ရှိ၏။ တစ်ယောက်က ဗာဒံပင်ရှေ့ကဟာ ငါ့နေရာဟု သတ်မှတ်ထားလျှင် သူ့ဘေးက ဘယ်သူ၊ အဲဒီ ဟိုဘက်က ဘယ်သူ၊ မျက်နှာချင်းဆိုင်က ဘယ်သူဆိုပြီး ဆင့်ကဲ ဆင့်ကဲ မှတ်ထားလိုက်တော့ ပြီးရောပေါ့။

တစ်ခါတစ်လေမှာတော့ နည်းနည်းပြဿနာရှိ၏။ ထွက်နေကျဆိုင်က အကြောင်းကြောင်းကြောင့် အချိန်အတော်ကြာအောင် မထွက်ဖြစ်သောအခါ တခြားတစ်ယောက်က အစားဝင်ချင်ဝင်မည်။ ဘေးဆိုင်တွေက သူ့နေရာကိုချဲ့ပြီး ယူချင်ယူမည်။ နောင်အဆင်ပြေလို့ ပြန်ထွက်ချင်တဲ့အခါကျတော့ နေရာကပျောက်နေပြီ။ ထိုအခါ သူ့နေရာကို ပြန်တောင်း၊ တစ်ဖက်ကလည်း နင်မှမထွက်တော့ဘဲ၊ ပြီးတော့ ဒီလိုနေရာမျိုးက အပိုင်ယူထားလို့ရတာမှမဟုတ်ဘဲဆိုပြီး ငြင်းကြခုန်ကြ၊ ဆဲကြ ဆိုကြတာမျိုးတော့ ဖြစ်တတ်သည်။

တစ်ခါတစ်လေကျတော့လည်း ဆိုင်နားနီးချင်း မသင့်မတင့် ဖြစ်တာမျိုး ကြုံရသည်။ ထိုအခါ အော်ကြီးဟစ်ကျယ် စကားများကြ၊ ဆော်မယ် နှက်မယ် လုပ်လို့ ဘေးက ဝိုင်းဆွဲကြရ၊ နောက်ကျတော့လည်း တဟီးဟီး တဟဲဟဲ ရယ်မောကြ၊ သူတို့ဘဝနဲ့ သူတို့တော့ ဟုတ်သလိုလိုပါပဲ။

ညဘက်ကျမှ စည်ကားသော ဈေးဖြစ်သဖြင့် ဒီဇယ်မီးခွက်ကလေးတွေ ထွန်းထားကြသည်။ ဘက်ထရီမီးချောင်းတွေကိုလည်း ကြိုကြားကြိုကြား မြင်ရသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် ဘုရားပွဲဈေးတန်းလေး တစ်ခုလို ဖြစ်နေ၏။

များသောအားဖြင့်တော့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ နံနံပင် စသော ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆား၊ မဆလာ စသော မီးဖိုချောင်သုံးပစ္စည်းများ၊ အာပြဲခြောက်၊ ငါးဖောင်ရိုးခြောက်နှင့် အမည်မသိရသော ငါးသေး ငါးဖွဲခြောက်များ၊ ကြက်ဥ၊ ဘဲဥ၊ ဝက်အူချောင်း၊ ဝက်ဆီဖတ် စသည်များသာရှိသည်။

ဆီရောင်းသူက တစ်ကျပ်သား၊ နှစ်ကျပ်သား၊ ငါးကျပ်သား စသည်ဖြင့် ပလပ်စတစ်အိတ်ကလေးများတွင် အဆင်သင့် ထည့်ပေးထားသည်။ ဆန်ကလည်း တစ်လုံးနှစ်လုံးမှစ၍ တစ်ပြည်အထိ ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ထားသည်။ အဆင်သင့် ယူသွားရုံပင်ဖြစ်၏။ (စူပါမားကတ်ကြီးတွေမှာ ဘာစမာတီဆန်တို့၊ ဂျက်စမင်ဆန်မွှေးတို့ကို ပက်ကင်လှလှလေး ထုပ်ပြီး ရောင်းသလိုပေါ့လေ။)

မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင်တို့ရဲ့ ဟိုဘက်ချောင်ကျကျ တစ်နေရာမှာတော့ ဒီလိုရပ်ကွက်မျိုးအတွက် မရှိမဖြစ်သော ဆိုင်ကလေးတစ်ဆိုင်လည်း ရှိ၏။

အရက်ပုန်းဆိုင်ကလေးပင်ဖြစ်၏။ ဘီအီးနှင့် တောအရက်တို့ရသည်။ တောအရက်ဆိုသော်လည်း ဟိုးတောထဲတောင်ထဲမှာ ချက်တာတော့ မဟုတ်ပါ။ သူတို့မြို့နယ် အစွန်အဖျားရှိ ချောင်ကျသော နေရာတွေမှာ ကိုယ်တိုင်ချက်လုပ်ကြခြင်းသာဖြစ်၏။ ဒီဂရီကလည်း မှန်လှသည်မဟုတ်။ ပြင်းပြီဆိုလျှင် အက်ဆစ်မျိုချရသလို ထူပူသွားစေပြီး ပျော့ပြီဆိုလျှင်တော့ အရက်ထဲ ရေရောထားတာလား၊ ရေထဲ အရက်ရောထားတာလား မသိနိုင်အောင်ပါပဲ။

ဈေးကလည်း အလွန်သက်သာသည်။ ဘီအီးဈေး၏ ထက်ဝက်လောက်သာရှိ၏။  တချို့ကတော့ ထိုအရက်များသည် စနစ်တကျ ချက်လုပ်ထားတာမဟုတ်သောကြောင့် အန္တရာယ်ရှိသည်ဟု ဆိုကြသည်။ သူတို့အခေါ် 'ဖောလျှော'ဆိုသော ရောဂါဖြစ်၏။ တောအရက် သောက်ဖန်များလျှင် အသားအရေ ပွစိစိဖြစ်လာသည်။ အသည်းကိုထိခိုက်သောကြောင့် ဖောလာခြင်း ဖြစ်၏။ မကြာခင် သေတော့သည်။ ထို့ကြောင့် ဖောလျှောဟု ခေါ်တွင်ခြင်းဖြစ်၏။ သို့ရာတွင် သူတို့ကတော့....

"မဖောလည်း လျှောချင်လျှောတာပါပဲကွာ၊ ဒါမှမသောက်လည်း ရေသောက်ပြီးမူးဖို့ပဲရှိတယ်"

ရေဆိုတာတောင် ရေသန့်ဗူး ဝယ်သောက်နိုင်တာမဟုတ်။ ရေသန့်ဗူးကလည်း တောအရက်တစ်ပုလင်းထက် ဈေးပိုကြီးနေတာကိုး။ သူတို့ခမျာမှာက နိုင်ငံခြားစံချိန်မီချက်လုပ်ထားသော အရက်ကောင်းကောင်းတွေလည်း မသောက်နိုင်။ ဘီယာဆိုင်လည်း မထိုင်နိုင်တော့ ဒီဆိုင်ကလေးတွေကို အားကိုးရတော့တာပါပဲ။ ငွေကလေး နည်းနည်းပါးပါး ရွှင်လာလျှင် ဘီအီးစစ်စစ်ကလေး ကိုင်ရတာပေါ့လေ။

    အမြည်းတွေကတော့ ဒီလိုဆိုင်မျိုးရဲ့ထုံးစံအတိုင်း ပဲခြမ်းကြော်သုပ်၊ လက်ဘက်သုပ်၊ အာပြဲခြောက်၊ တညင်းသီးပြုတ်။ ဘဲဥသုပ်ဆိုတာ အကောင်းစားအမြည်းလေ။

    တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာဆိုတော့ ဒါကလေးဝင်သွားမှ အကိုက်အခဲအညောင်းအညာပြေပြီး ပေါ့ပါးသွားတတ်တာကလား။ အရက်သောက်လျှင် ဒဏ်ကြေတယ်လို့ ဆေးပညာက လက်ခံသလား၊ မခံသာလားတော့ မသိ။ သူတို့ကတော့ ခွေးတောက်ရွက် ဟင်းချိုကလေးနဲ့များ တွဲဖက်ပြီး မျှောချလိုက်ရရင် တကယ့်လာဘ်တစ်ပါးဟုပဲ ထင်နေသူများဖြစ်၏။

တော်စတွိုင်းသည် ဒီဈေးကလေးကို စိတ်ဝင်စားခဲ့တာကြာပြီ။ ဒီဈေးကလေးအကြောင်း ဝတ္ထုတစ်ပုဒ်ရေးချင်နေသည်။ ထို့ကြောင့် ဈေးတန်းထဲ ဟိုဒီလျှောက်ရင်း လေ့လာသည်။

သူက ဝတ္ထုရေးလျှင် စိတ်ကူးနှင့်ရေးလေ့မရှိ။ အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်လေ့လာသည်။ ဖြစ်နိုင်လျှင် ကိုယ်တိုင်ဝင်ရောက် ခံစားကြည့်ချင်သည်။ အနည်းဆုံး အနီးကပ်တော့ ကြည့်ရှုမှတ်သားတတ်သည်။ ထို့ကြောင့်လည်း သူ့ဝတ္ထုတိုတွေက သရုပ်ပီပြင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဝတ္ထုတစ်ပုဒ် တစ်ပုဒ် ထွက်လာဖို့ အချိန်တွေကြာခြင်းဖြစ်၏။

သူက အခြေခံလူတန်းစားတွေအကြောင်း ရေးတာများသည်။ သူတို့ဘာလုပ်နေကြသလဲ၊ ဘယ်လိုဝတ်စားဆင်ယင်ကြသလဲ၊ ဘယ်လိုနေထိုင်စားသောက်ကြသလဲ အချက်အလက် ရှာရတာ သိပ်မခဲယဉ်း။ အရေးကြီးတာက သူတို့၏ စရိုက်ကိုပေါ်အောင် ရေးနိုင်ဖို့ ဖြစ်၏။ သူတို့ပြောတဲ့ စကားအသုံးအနှုန်းတွေ၊ လေယူလေသိမ်းတွေကအစ၊ အမိဖမ်းနိုင်မှ ဝတ္ထုက အသက်ဝင်မည်။ ဒါမှမဟုတ်လို့ကတော့ ဝတ္ထုဆန်သော သုတဆောင်းပါးလို ဖြစ်နေလိမ့်မည်။ ဝတ္ထုဆိုလျှင်တော့ ဘာအကြောင်းအရာပဲရေးရေး ရသမြောက်ဖို့၊ အနုပညာကောင်းဖို့တော့ လိုအပ်သည်ဟု သူထင်၏။

ဈေးဝယ်သူ မိန်းမတစ်ယောက်သည် ပုစွန်ဆိတ်သည်နှင့် အချေအတင် ငြင်းခုန်နေကြ၏။ ဖြစ်ပုံမှာ ပုစွန်ဆိတ်သည်က တစ်ပုံငါးဆယ်နှင့် အော်ရောင်းနေသည်။ ဝယ်သူမိန်းမသည် ပထမတစ်ခေါက်ဖြတ်သွားစဉ်က လှမ်းကြည့်သွားသည်။ နောက်တစ်ခေါက်ပြန်လျှောက်အလာတွင်....

"လာနော်...လာနော်.. ပုစွန်ဆိတ်ကလေးတွေ၊ လျှော့လိုက်ပြီ၊ လျှော့လိုက်ပြီ၊ တစ်ပုံလေးဆယ်နဲ့ပဲ ယူသွား..."

    ပုစွန်ဆိုတာ ကြာရှည်သိုလှောင်ထားလို့ ရတာမဟုတ်။ ဒီနေ့မရောင်းရလျှင် နောက်နေ့ကျတော့ ပုပ်ကုန်တာ။ ဒီတော့ မြန်မြန်ရောင်းကုန်အောင် လျှော့ရတာလေ။ တစ်ပုံငါးဆယ်ကနေ လေးဆယ်ကို လျှော့လိုက်ပြီ ဆိုတော့ ဝယ်သူမိန်းမလည်း စိတ်ဝင်စားသွားသည်။ ထပ်ဆစ်လို့ ရချင်လည်း ရနိုင်သည် ဆိုပြီး ဆိုင်ရှေ့မှာ ဝင်ထိုင်လိုက်သည်။

    "မလျှော့တော့ဘူးလား" ဟုမေးသည်။

ဈေးသည်က... 

"လျှော့ပြီးသားလေအစ်မရဲ့၊ တစ်ဆယ်တောင် လျှော့ထားတာ"

ဝယ်သူအမျိုးသမီးက ပုစွန်အပုံတွေကိုကြည့်ပြီး မျက်မှောင်ကျုံ့သွားသည်။ တစ်ခုခု မှားယွင်းနေကြောင်းရိပ်မိလိုက်သည်။ ဘာပါလိမ့်ဟု စဉ်းစားသည်။ ဟုတ်ပြီ။ ပထမတစ်ခေါက် ကြည့်သွားတုန်းက ပုစွန်ဆိတ်အပုံက သုံးပုံပဲ ရှိသည်။ ခုကြည့်လိုက်တော့ လေးပုံဖြစ်နေသည်။

သူဟိုဘက်လျှောက်နေတုန်း အချိန်အတွင်းမှာ သုံးပုံထဲက နည်းနည်းစီခွဲပြီး လေးပုံဖြစ်အောင် ပွားထားခြင်းဖြစ်သည်။ ဒီလိုဆိုတော့ နဂိုက တစ်ပုံငါးဆယ်နှင့်ရောင်းလျှင် သုံးပုံအတွက် တစ်ရာ့ငါးဆယ်ပဲရမည်။ ခုလိုလေးပုံခွဲပြီး လေးဆယ်နှင့်ရောင်းတော့ တစ်ရာ့ခြောက်ဆယ်ရမည်။ ဈေးလျှော့တယ်ဆိုခါမှ တစ်ဆယ်တောင် ပိုမြတ်တဲ့သဘော ဖြစ်နေ၏။ ပညာသားပါလှသော ရောင်းဝယ်ရေး ဗျူဟာပဲ။

"အစ်မ ဒါမျိုးတော့ လုပ်ဖို့မကောင်းဘူး၊ စောစောက ကျွန်မကြည့်သွားတုန်းက သုံးပုံပဲရှိတာ"ဟု ဝယ်သူမိန်းမက ပြောလိုက်သည်။

ဈေးသည်က "မဟုတ်ပါဘူး၊ စောစောကတည်းက လေးပုံပါပဲ"

"ကျွန်မသေသေချာချာမြင်တာပါ၊ စောစောကထက်စာရင် အပုံတွေက သေးသွားတာကြည့်ပါလား" ဝယ်သူက ထပ်ပြီး သက်သေထူသည်။

"အမယ်၊ တစ်ပုံမှာ ပုစွန်ဆိတ် ဘယ်နှစ်ကောင်ရှိတယ် ဆိုတာကော ရေတွက်ထားသေးလား မသိဘူး"ဟု ဈေးသည်က ပြန်ငေါ့သည်။

ဝယ်သူကလည်း မခေလှပါ။ "အစ်မ ဈေးလျှော့ရောင်းတာကလည်း ကုမ္ပဏီတွေက အထူးလျှော့ဈေးဆိုတာပါပဲလား"

ခေတ်မီသော ဥပမာဖြစ်သဖြင့် တော်စတွိုင်း နားစွင့်ရင်းပြုံးလိုက်မိ၏။

"ကဲ...ကဲ...သုံးဆယ့်ငါးကျပ်ပဲ ယူသွားတော့၊ ပုစွန်ဆိတ်ခေါင်းတွေထဲမှာ လက်ငင်းကံစမ်းမဲပါသေးတယ်"ဟုဈေးသည်က နောက်ပြောင်ရင်း အလျှော့ပေးလိုက်သည်။ သူတို့အရောင်းအဝယ်တည့်သွားကြသည်။

တော်စတွိုင်းသည် ဈေးဝယ်သူတွေကို အကဲခတ်ကြည့်သည်။ ဝယ်သူ မိန်းမအများစုသည် ဈေးထဲရောက်လျှင် သင့်တော်ရာဆိုင် ဝင်ပြီး တစ်ခါတည်း တန်းဝယ်တာမျိုး သိပ်မရှိ။ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ပြီး စနည်းနာပြီးမှ ဝယ်တတ်သည်။

    ဈေးဝယ်တယ်ဆိုတာ ကြည့်တော့ လွယ်မလိုလိုနဲ့ အတော် တွက်ရချက်ရ ဦးနှောက်စားရသည့် ကိစ္စဖြစ်၏။ ဘာတွေပေါလဲ၊ ဘာတွေဈေးသက်သာသလဲ စုံစမ်းရသည်။ ရာသီအချိန်အခါကိုလည်း နားလည်ရသည်။ မိုးကုန်ခါစမှာ ငါးပုစွန်ပေါတတ်သည်။ ဆောင်းရာသီမှာ ဟင်းသီးဟင်းရွက် လှိုင်လှိုင်ထွက်သည်။ ဆီရှားသော အချိန်မှာ ဝက်သားဈေးတက်သည်။ ဒါတွေကို သိရမည်။

    ကိုယ့်မှာရှိတဲ့ငွေနဲ့ အဆင်အပြေဆုံးဖြစ်အောင် တိုင်းထွာချင့်ချိန် ဝယ်တတ်ရမည်။ ဈေးပေါတိုင်းလည်း ဝယ်လို့ဖြစ်တာမဟုတ်။ ဥပမာ ကြက်ဥတွေ အဝင်များလို့ ဈေးကျနေသည်။ သို့ရာတွင် အိမ်မှာ စားမယ့်လူများသည်။ ကိုယ့်မှာရှိတဲ့ငွေက အားလုံးအတွက် လောက်ငအောင် မဝယ်နိုင်တာမျိုး ရှိသည်။ ဒီတော့ ကိုယ့်မှာရှိတဲ့ငွေရယ်၊ စားမယ့်ပါးစပ်ပေါက်ရယ်၊ ကုန်ဈေးနှုန်းရယ်ကို သဟဇာတဖြစ်အောင် ချိန်ကိုက်တတ်ဖို့ လိုသည်။

ဒီလိုကိစ္စတွေမှာ မိန်းမတွေက အလွန်တော်သည်။ ဘယ်လောက်ညံ့တဲ့သူဖြစ်ဖြစ် ဒီနေရာတော့ သင်္ချာပါမောက္ခထက်ပိုပြီး တွက်ချက်တတ်သည်။ ယောက်ျားတွေက ဒီလိုကိစ္စမျိုးကြုံလျှင် ဘာလုပ်ရမှန်းမသိ ဖြစ်တတ်သည်။

ဟိုလူတစ်ယောက်ကိုပဲကြည့်။ ထိုသူမှာ အသက်ငါးဆယ်ဝန်းကျင် လောက်ရှိမည်။ ပိန်ပိန်ခြောက်ခြောက် ညိုညိုညစ်ညစ် ဖြစ်၏။ ခါးကြားမှ ကြွပ်ကြွပ်အိတ် အဟောင်းတစ်လုံးကို ခေါက်ပြီး ထိုးထားသဖြင့် ဈေးဝယ်လာမှန်းသိသာသည်။ အလုပ်ကအပြန် ဝင်ဝယ်ခြင်းဖြစ်မည်။

သူသည် ချီတုံချတုံဖြစ်နေဟန်ဖြင့် ခဏတွေဝေနေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ ဈေးတန်းကို လွန်သွားအောင် ဆက်လျှောက်သွားပြီးနောက် အရက်ဆိုင်ထဲ ဝင်သွားလေသည်။
ဒီလူ ဘယ်လိုလူမျိုးဖြစ်မလဲ။ အိမ်မှာ ဆာလောင်မွတ်သိပ်စွာ စောင့်စားနေကြသော မိသားစုကို မညှာတာဘဲ တစ်ကိုယ်ကောင်းဆန်တဲ့ လူလား။ ကိုယ့်မှာ ဝင်ငွေ အနည်းငယ်သာရှိတယ် ဆိုလျှင်လည်း မတတ်သာတဲ့အဆုံး ချဉ်ဖတ်စုံနှင့် ငါးပိရည် ဝယ်သွားလျှင် တစ်နပ်စာတော့ ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

ဒါမှမဟုတ် အခြေအနေကို ရင်မဆိုင်ရဲလောက်အောင် သတ္တိနည်းလို့ ကြံမိကြံရာ ထွက်ပေါက်ရှာတဲ့လူမျိုးလား။

နောက်တစ်ခုက မိသားစုမရှိသူ လူပျိုကြီးလည်း ဖြစ်နိုင်၏။ သူ့မှာ ရှိတဲ့ငွေနဲ့ ဟင်းလျာဝယ်ပြီး ချက်စားတာထက်စာလျှင် တောအရက်တစ်ပိုင်းနဲ့ အမြည်းနည်းနည်းပါးပါး စားသောက် လိုက်တာကမှ စရိတ်ငြိမ်းပြီး တွက်ခြေကိုက်သေးတယ်ဟု ဆုံးဖြတ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

* * * * *

မှော်ရုံဟေဝန်သည် သာယာလှပလွန်းသည်။ မြင့်မားပြီးအုံ့ဆိုင်းနေသော သစ်ပင်ကြီးများပေါ်တွင် ငှက်မျိုးစုံတို့ ပျော်ပါး မြူးထူးနေကြ၏။ နေရာတိုင်းမှာ ပန်းတွေပွင့်နေကြသည်။ အရောင်အသွေးစုံသော ကော်ဇောကြီးတစ်ချပ် ခင်းထားသလိုဖြစ်နေသည်။ ကျောက်ကမ်းပါးယံမှ ရေတံခွန်များဖြာကျနေသည်။ အောက်ခြေတွင် ရေအိုင်တစ်ခုရှိပြီး စမ်းချောင်းငယ်များအဖြစ် ခွဲထွက် စီးဆင်းနေကြ၏။

    စမ်းချောင်းဘေးရှိ ကျောက်တုံးပေါ်တွင် ရိုမီယိုနှင့် ဂျူးလိယက်တို့ ထိုင်နေကြ၏။ ရိုမီယိုက ငှက်ကလေးတွေကို မော့ကြည့်နေစဉ် ဂျူးလိယက်က စမ်းချောင်းထဲမှာ ကူးခတ်နေသော ရွှေငါးကလေးများကို ကြည့်နေ၏။

သူတို့နှစ်ယောက် အပြန်အလှန် ချစ်ကြပုံမှာ ဘယ်သူမှ မီနိုင်မယ်မထင်။ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံ ဆိုတာထက်ပိုသည်။ ကိုယ့်ချစ်သူကို သူများကြည့်တာတောင် မခံနိုင်။ မြို့ကြီးပြကြီးမှာဆိုလျှင် တစ်ယောက်မဟုတ် တစ်ယောက်ကြည့်တာတော့ ခံရမှာပဲ။ ထို့ကြောင့် ဘယ်သူမှ မကြည့်နိုင်အောင် လူသူမရှိသည့် တောတောင်ထဲမှာ လာနေခဲ့ခြင်းဖြစ်၏။

တစ်ရက်မှာ ရိုမီယိုက ဟင်းစားအရှာထွက်နေစဉ် လေပြင်းမုန်တိုင်း ကျလာသည်။ သူတို့၏ ဂေဟာဖြစ်သော ကျောက်ဂူရှိရာသို့ မပြန်နိုင်။ နောက်တစ်နေ့ မနက်ကျမှ မုန်တိုင်းစဲ သွားသဖြင့် ဂျူးလိယက်နှင့် ပြန်ဆုံကြသည်။ သူတို့နှစ်ယောက်မှာ တစ်ညတာ ခွဲခွာခဲ့ရတဲ့အတွက် ခုနစ်ရက်တိုင်တိုင် လွမ်းဆွေးကြရလေသည်။

    ဂျူးလိယက်သည် စမ်းချောင်းလေးထဲက ရွှေငါးကလေးတွေကို လိုက်ဖမ်းရင်း ဆော့ကစားနေသည်။ ငါးကလေးတွေက အလွန်လျင်သဖြင့် ဖမ်းရခက်သည်။ တစ်ခါတစ်ရံ လက်ခုပ်ထဲရောက်ပြီးမှ ဆယ်လိုက်လျှင် လျှောကနဲ လွတ်ထွက်သွားတတ်သည်။ ဒါကိုကြည့်ပြီး ဂျူးလိယက်ပျော်နေသည်။ သူ၏ ရယ်သံလွင်လွင်သည် စမ်းချောင်းရေစီးသံနှင့် အပြိုင် ကျောက်နံရံကိုရိုက်ခတ်နေ၏။

    ရိုမီယိုသည် သူ၏လေးကို ကြိုးအသစ်လဲတပ်နေသည်။ ဒီလေးကြီးသည် သူ၏လက်စွဲတော် ဖြစ်သလို သူနှင့် ဂျူးလိယက်တို့၏ အောင်သွယ်တော်ကြိုးလည်းဖြစ်၏။ ဒီလေးကြီး၏ အစွမ်းကြောင့်ပင် မြားပစ် ပြိုင်ပွဲတွင် အဓိက ပြိုင်ဘက်ဖြစ်သော နီရိုးဘုရင်ကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်၏။

    ထိုစဉ်က ရိုမီယိုမှာ ဖိတ်စာမပါသဖြင့် ပြိုင်ပွဲဝင်ခွင့်မရှိဟု နီရိုးဘုရင်က ကန့်ကွက်ခဲ့သေးသည်။ ဖိတ်စာလိုမလို ငြင်းကြခုံကြရသေးသည်။ နောက်ဆုံး ဒိုင်အဖွဲ့က ရိုမီယိုကို ဝင်ပြိုင်ခွင့်ပြုခဲ့သည်။
ပြိုင်ပွဲတွင်ရိုမီယို အနိုင်ရရှိသောအခါ နီရိုးဘုရင်က လုံးဝမကျေနပ်။

"ဒီမှာရိုမီယို၊ မင်းမှတ်ထားလိုက်စမ်း၊ နီရိုးဆိုတဲ့ကောင်ဟာ သူလိုချင်တာကို ဘယ်တော့မှလွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့လူမျိုးမဟုတ်ဘူးကွ"

    ဟု ကြုံးဝါးသွားခဲ့သည်။

ရိုမီယိုသည် လေးကြိုးတပ်ပြီးသွားသည်။ ကြိုးအလျှော့အတင်းကို စမ်းသည်။ ကြိုးကို လက်နှင့်ခတ်ကြည့်ရာ ထောင်ခနဲမြည်သွားသည်။ သူကျေနပ်သွား၏။ ကျည်တောက်ထဲက မြားတံတစ်ချောင်းကို ယူသည်။ လေးပေါ်တင်ပြီး ခပ်လှမ်းလှမ်းရှိကျွန်းပင်ကြီးဆီ စမ်းသပ်ပစ်ခတ်လိုက်၏။ မြားတံသည် အလင်းရောင်တန်းတစ်ခုလို ဝင်းခနဲလက်ခနဲပြေးထွက်သွားသည်။

ရုတ်တရက်ကြည့်လျှင် ပစ်မှတ်ကို လွဲချော်သွားသည်ဟုထင်ရ၏။ အမှန်မှာမြားတံသည် လုံးပတ်လက်တစ်ဖက်စာမျှ ရှိသော ကျွန်းပင်ကြီးကို ထုတ်ချင်းခတ်ဖောက်ထွက်သွားခြင်းသာဖြစ်၏။ မြန်လွန်းပြင်းထန်လွန်းလို့ မမြင်လိုက်ရခြင်းပါပဲ။

    ထိုစဉ်မှာပင် ဂျူးလိယက်၏ အရေးတကြီးခေါ်သံကိုကြားသဖြင့်လှည့်ကြည့်သည်။

    "မောင်တော်... ဟိုမှာကြည့်ပါဦး၊ ရွှေသမင်လေး လှလိုက်တာ၊ ဂျူးဂျူးလိုချင်တယ်"

    သမင်လေးတစ်ကောင်သည် တောစပ်တစ်နေရာမှ သူတို့ရှိရာကို မျက်လုံးလေး ကလယ်ကလယ်လုပ်ရင်းကြည့်နေသည်။

    ရိုမီယိုက လေးနှင့်မြားကို အသင့်ပြင်ပြီး ချိန်ရွယ်လိုက်၏။ ဂျူးလိယက်က အလန့်တကြားတားမြစ်သည်။

    "မပစ်ပါနဲ့၊ အရှင်ဖမ်းပေးပါ မောင်တော်"

ရိုမိယိုတစ်ချက်တွေသွားသည်။ သူသည် လေးအတတ်မှာ တစ်ဖက်ကမ်းခတ်သူသာဖြစ်၏။ မြားပစ်ပြိုင်ပွဲမှာတုန်းက ရော်ဘင်ဟုတို့၊ လေးသည်ကျော်ကြီး ဝီလျံတဲတို့ကို အနိုင်ယူခဲ့သူဖြစ်၏။ ဒီလိုလူမျိုးက သမင်ကို အရှင်လိုက်ဖမ်းပေးရမယ်ဆိုတော့....

    "ဘာလဲ၊ ဖမ်းမပေးနိုင်ဘူးပေါ့..ဟုတ်လား၊ သိပါတယ်....သိပါတယ်၊ အခုတော့ အချစ်တွေလျော့ကုန်ပြီမဟုတ်လား၊ ဟိုအရင်မရခင်တုန်းက မောင်တော်ဆိုခဲ့တဲ့သီချင်းကို မမှတ်မိတော့ဘူးပေါ့လေ"

ရိုမီယိုသည် ဂျူးလိယက်ကို ချစ်ရေးဆိုခဲ့စဉ်က ရဲတိုက်ရှေ့မှာ သွားဆိုခဲ့သည့် သီချင်းကိုသတိရလိုက်သည်။

"♪♫...ဘာလိုချင်လဲအချစ်ရေ....ကိုယ့်ကိုပြော...အပ်ကစပြီး ပန်းရထားကြီးထိ ကိုယ်ဖန်ဆင်း... မရဘူးဆိုတာမရှိစေရဘူး.... ပြောသာချလိုက် ပြောသာချလိုက်...အို...♫♪"

မိန်းမတစ်ယောက်၏ သုံးလက်မလောက်သာ ရှည်သောလျှာသည် ခြောက်ပေမြင့်သော ယောက်ျားကြီးတစ်ယောက်ကို လိုရာစေခိုင်းနိုင်သည် ဆိုသောစကားသည် အလွန်မှန်၏။ ရိုမီယိုသည် ခြေဆောင့်ပြီး ပူဆာနေသော ဂျူးလိယက်ကို တစ်ချက်ကြည့်ပြီး....

"ရ...ရမှာပေါ့"

ဟု ပြောလိုက်ရလေသည်။

ရိုမီယိုက ဂျူးလိယက်ကို ဂူထဲမှာ ဝင်နေဖို့ ဘယ်သူလာလာ ဘာသံကြားကြား ထွက်မလာဖို့ အထပ်ထပ်မှာပြီး သမင်နောက်ကိုလိုက်သွားသည်။ သမင်ကလေးသည် ရိုမီယိုလိုက်လာတာမြင်သောအခါ တောအုပ်အတွင်းသို့ လှစ်ခနဲ ဝင်ပြေးသည်။ မျက်ခြည်ပြတ်လောက်အောင် မပြေး။ လှမ်းမြင်သာရုံလောက်ကနေ ရပ်ကြည့်နေပြန်သည်။ ရိုမီယိုလိုက်လာပြီဆိုမှ ဆက်ပြေးပြန်သည်။ ဒီလိုနဲ့ မျှားခေါ်သွားရာ တောနက်သထက်နက်လာသည်။ ခရီးအတော်ဝေးဝေးကို ရောက်လာသည်။

    ထိုအချိန်တွင် ဂျူးလိယက်သည် ကျောက်ဂူထဲမှာ စောင့်မျှော်နေ၏။ သမင်လေးတစ်ကောင် လိုက်ဖမ်းတာ ဒီလောက်တောင် ကြာရသလား။ ပြန်လာရင်တော့ စိတ်ကောက်ပစ်လိုက်ဦးမယ်ဟု တွေးနေသည်။

ထိုစဉ်မှာပင် အပြင်ဘက်က 'နောင်....နောင်'ဆိုသော မောင်းတီးသံကြားရ၏။ အသာချောင်းကြည့်လိုက်တော့ ဆီးသီး၊ ရှောက်သီးဝိုင်း၊ ဂွေးသီးတို့ကို တွန်းလှည်းကလေးဖြင့် လိုက်ရောင်းသော 'နောင်နောင်သည်'ကို တွေ့လိုက်ရ၏။

ဂျူးလိယက် သွားရည်ယိုလာသည်။ ဒီတောထဲကိုရောက်ပြီးမှ ခုလိုချဉ်ချဉ်ငန်ငန်စပ်စပ်အရသာမျိုး မစားရတာကြာပြီ။

အမှန်တော့ သူနားလည်ဖို့ကောင်းသည်။ ဒီလိုတောထဲတောင်ထဲမှာ ဘယ်က နောင်နောင်သည် ရှိမလဲ။ တော်ရုံ ဆင်ခြင်စဉ်းစားတတ်သူဆိုလျှင်ပင် မသင်္ကာစရာကောင်းမှန်း တွေးသိနိုင်၏။ သို့ရာတွင် မိန်းမတို့စိတ်က တစ်မျိုးပဲ။ သုံးလက်မလောက်ရှည်သော သူတို့၏လျှာသည် ယောက်ျားကြီးတစ်ယောက်ကို ချုပ်ကိုင်နိုင်သော်လည်း လက်တစ်ဆုပ်စာလောက်ရှိသည့် ဂွေးသီးစိမ်းစိမ်းကလေး၏ ဖြားယောင်းမှုကိုတော့ မတွန်းလှန်နိုင်။

    "နောင်....နောင်.....နောင်"

    မောင်းသံက ထပ်မံဖိတ်ခေါ်ပြန်သည်။ သူသည် ဘာကိုမှမစဉ်းစားတော့ဘဲ ဂူအပြင်ကိုထွက်လိုက်သည်။ နောင်နောင်သည်ရှိရာသို့ လျှောက်သွားသည်။ နောင်နောင်သည်မှာ သူ့ကိုပြုံးကြည့်ပြီး ကြိုဆိုနေ၏။ ဒီအသည်မြင်ဖူးသလိုလိုရှိပါတယ်၊ အရင်က သူနေထိုင်ခဲ့ရာ ရဲတိုက်ရှေ့ကို လာတတ်တဲ့အသည်များလား။ တွန်းလှည်းနားရောက်တော့....

    "ဂွေးချိုသီးတစ်လုံး ဘယ်လောက်လဲ"

ဟု မေးလိုက်စဉ်တွင်....

"ဟား ဟား....ဟား...ဟား"

နောင်နောင်သည်က တဟားဟား ရယ်လိုက်သည်။ ထိုစဉ်မှာပင် ဝုန်းခနဲမီးခိုးလုံးကြီးပေါ်လာပြီး တွန်းလှည်းနေရာတွင် မြင်းရထားကြီးတစ်စင်းဖြစ်သွားသည်။ နောင်နောင်သည်ကလည်း စောစောကလို ပိန်ပိန်သေးသေးမဟုတ်တော့ဘဲ အလွန်ထွားကျိုင်းသော လူကြီးတစ်ယောက်ဖြစ်သွား၏။ ဂျူးလိယက်သည် လန့်သွားပြီး လူထွားကြီးကိုကြည့်လိုက်သည်။

    "ဟင်...နီရိုးဘုရင်"

    ဟုရေရွတ်ရင်း မေ့မျောသွား၏။ နီရိုးဘုရင်သည် ဂျူးလိယက်ကို ပွေ့ပြီးမြင်းရထားပေါ်တင်လိုက်သည်။ ထို့နောက် အရှိန်ပြင်းစွာမောင်းထွက်သွားသည်။ သူ၏ ကျယ်လောင်သော ကြောက်မက်ဖွယ်ရယ်သံများသာ ပဲ့တင်ထပ်၍ကျန်ရစ်ခဲ့လေသည်။

    ရိုမီယိုသည် တောထဲသို့ အတော်ကြီးကျွံဝင်ပြီးခါမှပင် မိမိလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချက်ချင်းနောက်ကြောင်းပြန်လှည့်သည်။ သို့ရာတွင် တောကနက်လွန်းသဖြင့် မျက်စိလည်လမ်းမှားနေပြီး ရက်အနည်းငယ်ကြာမှပင် ကျောက်ဂူရှိရာသို့ပြန်ရောက်သည်။

ဂျူးလိယက်ကားမရှိတော့။ မြင်းရထား ဘီးရာများကို မြင်တော့ဒါ နီရိုးဘုရင်လက်ချက်ပဲ ဆိုတာခန့်မှန်းမိသည်။ ထို့ကြောင့် နီရိုး၏မြို့တော်သို့လိုက်လေသည်။

    လမ်းမှာ သူ့မိတ်ဆွေများကို တွေ့ရသည်။ သူရဲကောင်းများဖြစ်ကြသော ဓားတညံ၊ ပေါသိုး၊ အားသိုး၊ ဟာကြူလီ၊ အာချိလိ၊ ဒေးဗစ်၏လောက်လွှဲတပ်ဖွဲ့တို့ဖြစ်ကြ၏။

သူတို့အားလုံးက ရိုမီယိုဘက်က ဝင်ရောက်ကူညီဖို့ ကတိပြုကြသည်။ အားလုံးအသီးသီးတာဝန်ခွဲပြီး နီရိုး၏ ရောမမြို့တော်ကိုဝင်တိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ရောမမြို့တော်ကြီး မီးဟုန်းဟုန်းတောက်လောင်နေသည်။

နီရိုးဘုရင်ကတော့ ထိတ်လန့်တုန်လှုပ်ခြင်း လုံးဝမဖြစ်သည့်ပြင် 'ငါ၏ဘုန်းကံကြောင့် ရောမမြို့တော်ကြီးသည် ညအချိန်မှာပင် နေမွန်းတည့်ချိန်ကဲ့သို့ ထိန်ထိန်လင်းပေသည်'ဟု အဓိပ္ပါယ်ရသော သီချင်းတစ်ပုဒ်ကို သီဆိုရင်း ဗျပ်စောင်းကို တီးနေလိုက်သေးသည်။

    သူ့စိတ်ထဲတွင်ရိုမီယိုလို အချစ်ရူးကလေးတစ်ယောက်က သူ့ကိုယှဉ်နိုင်လိမ့်မည်ဟု မထင်။ သူ၏ ခိုင်ခံထူထဲသော ရဲတိုက်ကြီးကို ဖောက်ထွင်းပြီး သူ၏ မြို့စောင့်တပ်မှူး ဂိုလိုက်ယက်ကို ကျော်ဖြတ်လာနိုင်လိမ့်မည်ဟု မယုံကြည်။

သို့ရာတွင် ဟာကြူလီက ခံတပ်မြို့ရိုးကို ဖြိုဖျက်ပစ်လိုက်သည်။ ဂိုလိုက်ယက်သည်လည်း ဒေးဗစ်၏ လောက်လွှဲထိမှန်ပြီး ကျဆုံးသွားရ၏။ ရိုမီယိုပစ်လွှတ်လိုက်သော မြားတစ်စင်းသည်လည်း နီရိုးဘုရင်၏ လက်ဝဲဘက် ရင်အုံကို ဖောက်ထွင်းဝင်ရောက်ပြီး နှလုံးသားကိုထုတ်ချင်းခတ် ထိမှန်သွား၏။

    ရိုမီယိုသည် ဂျူးလိယက်ကိုချုပ်နှောင်ထားရာ အဆောင်သို့ အလျင်အမြန်ပြေးဝင်သွားသည်။ သို့ရာတွင် နောက်ကျလေပြီ။ ဂျူးလိယက်သည် နီရိုးဘုရင် လက်တွင်းသက်ဆင်းရတာထက်စာလျှင် သေရတာကမှကောင်းသေးသည်ဆိုပြီး အဆိပ်သောက်၍ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့လေသည်။ ရိုမီယိုမှာ ဖြေမဆည်နိုင်အောင် ယူကျုံးမရဖြစ်ရ၏။

"မောင်တော့်အပေါ်တင်ရှိနေတဲ့အချစ်ကြွေးတွေကို နောက်ဘဝကျမှပေးဆပ်ပါရစေတော့"

ဟု မြည်တမ်းရင်း သူ့ရင်ဝကို ဓားနှင့်ထိုးစိုက်ချလိုက်လေသည်။

အလက်ဇန်းဒါးဒူးမား၏ နောက်ဆုံးထုတ်ဝေသော ဝတ္ထုစာအုပ်၏ဇာတ်လမ်းဖြစ်၏။

ထိုစာအုပ်ထွက်လာပြီးနောက် စာပေနယ်ထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွား၏။ တချို့က အတွေးဆန်းသစ်ပုံကို သဘောကျကြသည်။ အရေးရဲသည်။ လမ်းသစ်တီထွင်မှုတစ်ခုဖြစ်သည်ဟု ချီးကျူးကြသည်။ တချို့ကတော့ ဂန္တဝင်ကိုဖျက်ဆီးဖို့ကြံစည်ခြင်းဖြစ်သည်ဟု စွပ်စွဲပြီး ဝေဖန်ကန့်ကွက်ကြသည်။

    ဒူးမားကတော့ ဘယ်သူတွေ ဘာပြောပြော တွန့်ဆုတ်သွားခြင်း မရှိဘဲ သူ့ဟန်အတိုင်း ဆက်ရေးသည်။ မကြာခင်မှာပင် ရာဇဝင်နောက်ခံဝတ္ထုတစ်အုပ်ထပ်ထွက်လာသည်။ စာအုပ်အမည်ကတော့ 'လင်ကွန်းမင်းသားကြီး'ဟူ၍ဖြစ်လေ၏။

-----------
မင်းလူ

 on Friday, February 1, 2013

( ဇာတ်သိမ်းဆက်ရန်) .....

[ လူဗိုလ်ဟူသည်ဘလော့ဂ်မှကူးယူပါသည်။ ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


#ဂန္ထဝင်အိပ်မက် ( စတုတ္ထပိုင်း)

#ဂန္ထဝင်အိပ်မက်

( စတုတ္ထပိုင်း) 

#မင်းလူ

နာမည်ကျော်ပုဂ္ဂိုလ်တို့အကြောင်းဆိုလျှင် လူတွေက အလွန်စိတ်ဝင်စားကြသည်။ သာမန်မထင်မရှား လူတစ်ယောက်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာမျိုးကို သက်ဆိုင်ရာ မိသားစုဆွေမျိုးသားချင်းကလွဲလို့ ဘယ်သူမှ အရေးတယူမရှိလှ။ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ခေါင်းပေါက်သွားတာလောက်ကျတော့ အကြီးအကျယ်စိတ်ဝင်စားကြသည်။

နောက်ဆက်တွဲအဖြစ် ဘာကြောင့် ခေါင်းပေါက်ရတာလဲ၊ လင်မယားရန်ဖြစ်ပြီး ဆော်ကြ၊ နှက်ကြလို့လား၊အရက်မူးပြီး ချော်လဲလို့လား၊ မနာလိုတဲ့လူတစ်ယောက်ယောက်က ရိုက်လိုက်တာလား သိချင်ကြသေးသည်။

ဒါတွင်မကဘဲ စိတ်ထင်နှင့် ခန့်မှန်းပြောကြတာလည်းရှိ၏။ ဒါကို နားစွန်နားဖျားကြားသူက တကယ်မှတ်သွားတာမျိုး၊ ဒီအတိုင်းပဲဖြစ်မှာပါဆိုပြီး တကယ်ဖြစ်သယောင် ပြောတာမျိုးကစပြီး ကောလဟာလတွေဖြစ်လာတတ်သည်။ လူတွေကလည်း ကောင်းတာထက် မကောင်းတာကို ပိုစိတ်ဝင်စားတတ်ကြသည်။

အဆိုတော်ကောင်လေးတစ်ယောက် သံဃာတော်တွေကို နံနက်တိုင်းဆွမ်းလောင်းတတ်တဲ့ ကိစ္စမျိုးကို'ဩော်....ဘာသာရေးကိုင်းရှိုင်းသားပဲ'ဟု သာမန်လောက်သာ အသိအမှတ်ပြုတတ်သည်။ တကယ်လို့များ သူက ဘုန်းကြီးကျောင်းလာတာ ဘောင်းဘီတိုနံ့နံ့လေး ဝတ်လာတယ်ဆိုလျှင်တော့ ဟိုးလေးတစ်ကြော်ဖြစ်ပြီပဲ။

ရုပ်ရှင်မင်းသမီးလေးတစ်ယောက် သူ့ခင်ပွန်းနှင့် ချစ်ချစ်ခင်ခင် အဆင်ပြေနေလျှင် သတင်းထူးမဟုတ်။လင်မယားပြဿနာ တက်နေကြပြီဆိုလျှင် သတင်းထူးဖြစ်၏။ ဘယ်လိုဖြစ်ကြတာလဲ ဘယ်သူကကြားကဝင်ရှုပ်လို့လဲ သိချင်လာကြပြီ။ ဒီအခါမျိုးမှာ မင်းသမီးနှင့်တွဲပြီး ဇာတ်ကားအရိုက်များတဲ့ မင်းသားလည်း အနေခက်ရပြီ။

ဒါမျိုးဆိုတာကလည်း ပရိသတ်သည်းချေကြိုက်ဖြစ်၏။ ဒီတော့ ဒီလိုသတင်းမျိုးကို ဦးစားပေးဖော်ပြတတ်သည့် တချို့သောစာနယ်ဇင်းများမှ ပုဂ္ဂိုလ်များလည်း အလုပ်ရှုပ်ရပြီ။ သူ့ထက်ငါ သတင်းထူးသတင်းဦးရရန် ကြိုးစားကြရပြီ။ ကာယကံရှင်တွေကလည်း တတ်နိုင်သမျှ လျှို့ဝှက်ထားကြသည်။ လူ့သဘာဝကလည်း လျှို့ဝှက်လေ
သိချင်လေကိုး။ စာနယ်ဇင်းသမားတွေဆိုတာလည်း ခက်ခက်ခဲခဲ လိုက်ယူရတဲ့သတင်းမျိုးကို ပိုပြီးအရသာ တွေ့တတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့ကြတာတွေလည်းရှိ၏။ ကောလာဟလတွေလည်း ဖြစ်ပေါ်လာတတ်၏။

မာရီလင်မွန်ရိုးကိစ္စကိုပဲကြည့်။ မွန်ရိုးသည် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံးအချိန်၊ အရွယ်ကောင်းတုန်းအချိန်၊လူ့ဘဝမှာနေလို့ အကောင်းဆုံးအချိန်မှာ ကွယ်လွန်ခဲ့ရှာသည်။ တရားဝင်သတင်းထုတ်ပြန်ချက်အရ မွန်ရိုးသည် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ လူထုကမယုံကြ။ ဒီလောက်အောင်မြင်ကျော်ကြားပြီး ချမ်းသာနေသူတစ်ယောက်က သေချင်နေတယ်ဆိုတာမဖြစ်နိုင်။ ပြီးတော့မွန်ရိုးသည် ကြမ်းပိုးဆေး
သောက်ပြီးသေကြောင်းကြံခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့လို ချမ်းသာနေသူတစ်ယောက်က ဈေးကြီးအိပ်ဆေးတွေ ဝယ်သောက်လို့ရပါလျက် ဒီလောက်နံစော်ပြီး အဝင်ဆိုးသည့် ကြမ်းပိုးဆေးသောက်တယ်ဆိုတာ ယုတ္တိမရှိ။

အိမ်ထောင်ရေး အဆင်မပြေလို့ဆိုတာကလည်း သိပ်သဘာဝမကျလှ။ မွန်ရိုးအနေဖြင့် သာယာချမ်းမြေ့သော အိမ်ထောင်တစ်ခုကို ထပ်မံထူထောင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးသည်။ အချစ်စစ် အချစ်မှန်ကို ရှာဖွေဖို့ အချိန်တွေအများကြီး ရနိုင်သေးသည်။ သူကသာလက်ခံမယ်ဆိုလျှင် နှစ်နှစ်ကာကာချစ်ခင်ပေါင်းသင်းမယ့်သူတွေအများကြီး အဆင်သင့်ရှိနေသည်။ ဒီအကြောင်းတွေကိုကြည့်လျှင် သူ့ကိုယ်သူ သေကြောင်းကြံတယ်ဆိုတာ မဖြစ်နိုင်။ တစ်ယောက်ယောက်က လုပ်ကြံတာဖြစ်ရမည်ဟု တွက်ဆသူတွေရှိသည်။

ဘယ်သူဖြစ်နိုင်မလဲ။ သူ၏လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုကို မနာလိုမရှုဆိတ်သော ပြိုင်ဘက် တစ်ယောက်လည်းဖြစ်နိုင်သည်။ ထိုအခါ မွန်ရိုးနှင့် ခေတ်ပြိုင်တွေထဲက ဟိုလူလိုလို ဒီလူလိုလို အထင်ခံရလေသည်။

မွန်ရိုးနှင့် ရုပ်ရှင်တစ်ကားမှာ အတူတွဲသရုပ်ဆောင်ရင်း ကတောက်ကဆဖြစ်ခဲ့ဖူးသော မင်းသမီးတစ်ယောက်ဆိုလျှင် အိမ်တိုင်ရာရောက် စာပို့ပြီးစွပ်စွဲတာ၊ ခြိမ်းခြောက်တာခံရလို့ အတော်စိတ်ထိခိုက်ခဲ့ရသည်။

တချို့ကလည်း မွန်ရိုးကို အရူးအမူးစွဲလမ်းနေသူ စိတ်ဝေဒနာရှင်တစ်ယောက်၏ လက်ချက်ဖြစ်ရမည်ဟု ဆိုသည်။တချို့ကတော့ မွန်ရိုးကို အချစ်ကြီးချစ်ခဲ့ပြီးမှ ပိုင်ဆိုင်ခွင့်မရခဲ့သော ချစ်သူဟောင်းတစ်ယောက်ယောက်ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ ဒီလိုနဲ့ မွန်ရိုး သတင်းကို သိချင်သူတွေ၊ အမျိုးမျိုးတွေးထင်သူတွေ များပြားလာခဲ့သည်။

ဒါကိုအခွင့်ကောင်းယူပြီး မဂ္ဂဇင်းတစ်စောင်က အလွတ်စုံထောက်တစ်ယောက်ငှားပြီး ရနိုင်သမျှသတင်း အချက်အလက်တွေ စုဆောင်းစေသည်။ ဒီတော့မှ ပိုရှုပ်ကုန်တော့သည်။သူရရှိလာသော သတင်းတစ်ခုအဆိုအရ မွန်ရိုးမှာ အမှန်တကယ် မသေသေးဘူးဆိုပဲ။ မသမာသူတစ်ယောက်က မျက်နှာကို အက်ဆစ်ဖြင့်ပက်လိုက်သောကြာင့်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသဖြင့် လူမြင်မခံဝံ့ခြင်းဖြစ်သည်။ ထို့ကြောင့် သေပြီဟု သတင်းလွှင့်လိုက်ခြင်းဖြစ်သည် ဟုဆို၏။

 နောက်သတင်းတစ်ခုကတော့ မွန်ရိုးသည် အောင်မြင်
ကျော်ကြားလွန်းသော ဒဏ်ကိုမခံနိုင်တော့ဘဲ ငြီးငွေ့လာသည်။ ပတ်ဝန်းကျင်ရှိလူတွေက သူ့ကိုအမှန်တကယ် ချစ်ခင်ကြခြင်းမဟုတ် သူ၏ အလှအပ၊ သူ၏ကိုယ်ခန္ဓာ၊ သူ၏ကျော်ကြားမှု၊ သူ၏ ဥစ္စာဓနကြွယ်ဝမှုတို့ကိုသာ အလေးထားကြခြင်းဖြစ်သည်ဟု ထင်မြင်ယူဆလာသည်။

ထို့ကြောင့် လောဘ၊ မောဟ၊ ပြိုင်ဆိုင်မှု၊ လှည့်စားမှု၊ အတ္တကြီးမှုတွေ ပြည့်နှက်နေသော ရုပ်ရှင်လောကကိုရော၊ဆက်နွယ်ပက်သက်နေသော ပတ်ဝန်းကျင်ကိုပါ စွန့်ခွာပြီး ဇာတ်မြုပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မွန်ရိုးသည် စစ်ကိုင်းတောင်ရိုးရှိ လူသူအရောက်အပေါက် အနည်းဆုံးချောင်တစ်ချောင်မှာ သီလရှင်ဘဝဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ အနှောင့်အယှက်ကင်းကင်း ဘာဝနာပွားနိုင်အောင် သေပြီဟု သတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။

 ထိုသတင်းကိုကြားသောအခါ စာနယ်ဇင်းသမားတွေရော တချို့ပရိတ်သတ်တွေပါ စစ်ကိုင်းတောင်ရိုးကို
လိုက်ကြတော့သည်။ ချောင်တကာစေ့အောင် လိုက်ရှာကြသည်။ ဖြူဖြူငယ်ငယ် သီလရှင်မှန်သမျှကို အလွတ်မပေးပဲ
စူးစူးစိုက်စိုက်ကြည့်ရှုအကဲခတ်ကြသည်။

တကယ်တော့ စစ်ကိုင်းတောင်ရိုး ဆိုသည်မှာ ရှုပ်ထွေးပွေလီလှသော လူ့လောကနှင့် ကင်းကင်းနေပြီး တရားကျင့်ကြံလိုသော သူတော်ကောင်းတို့ ခိုမှီးရာ အလွန်အေးချမ်းငြိမ်သက်သော နေရာဖြစ်၏။ ခုလိုလူတွေအများအပြားခြေရှုပ်နေကြသောအခါ သူတော်ကောင်းများအတွက် အနှောင့်အယှက်ဖြစ်လာသည်။ ထို့ကြောင့် သက်ဆိုင်ရာက မေတ္တာရပ်ခံတားမြစ်လာရသည်။ 

ဂျာနယ်တစ်စောင်က သီလရှင်လေးတစ်ပါး တောင်ပေါ်မှနေ၍ မြစ်ပြင်ကို ငေးကြည့်နေဟန်နောက်ကျောဘက် ခပ်စောင်းစောင်းမှ ရိုက်ကူးထားသောပုံကို ဖော်ပြပြီး မွန်ရိုးကို အဝေးမှ ခိုးရိုက်ထားသလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လိုက်သေးသည်။

သိက္ခာရှိသော မဂ္ဂဇင်းကြီးတစ်စောင်က မွန်ရိုးကွယ်လွန်စဉ် အလောင်းကို စစ်ဆေးခဲ့ရသော မှုခင်းဆရာဝန်ကို အင်တာဗျူးလုပ်သည်။ ဆရာဝန်က မွန်ရိုးကွယ်လွန်ကြောင်း သူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ ဝါရင့် စာနယ်ဇင်းဆရာကြီးတစ်ယောက်ကလည်း ခိုင်မာတိကျမှုမရှိသော သတင်းကို အခြေပြု၍ ကိုယ့်ဂျာနယ် ကိုယ့်မဂ္ဂဇင်း ရောင်းကောင်းအောင် လုပ်စားခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း ဆောင်းပါးတစ်စောင်ရေးသည်။ ဒီတော့မှ ထိုကိစ္စ တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်၏။

ဒိုင်ယာနာကိစ္စတွင်လည်း ကောလဟာလက ဝင်နှောင့်လိုက်သေးသည်။ ဒိုင်ယာနာသည် လူချစ်လူခင်ပေါများသူ ဖြစ်၏။ အလှူအတန်းရက်ရောသည်။ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ ဦးဆောင်တတ်သည်။ သို့ရာတွင် ဝမ်းနည်းကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံရရှာသည်။ သူသည် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ရရှာခြင်းဖြစ်၏။ တချို့က ထိုကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ဟု ဆိုခဲ့ကြသေးသည်။ သူ၏ကိုယ်ပိုင်ကားပေါ်တွင် တခြားအမျိုးသားတစ်ယောက်
အတူရှိနေခဲ့ခြင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သို့ရာတွင် လူထုကတော့ မေတ္တာမပျက်ကြ။ ပိုပြီးတော့တောင် ကရုဏာသက်ပြီးဝမ်းနည်းကြေကွဲရသည်။ သူ့အတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဆုတောင်းမေတ္တာပို့တာတွေ လုပ်ကြသည်။ တေးသံသွင်းလုပ်ငန်းတစ်ခုကတော့
'ဒိုင်ယာနာ အလွမ်းပြေ'ဆိုသော စီးရီးတစ်ခွေထုတ်ဖို့ စီစဉ်သည်။

 နာမည်ကြီး သီချင်းရေးဆရာများက မေတ္တာဖြင့် ကူညီရေးပေးကြသည်။ ထိုသီချင်းစီးရီးကိစ္စမှာလည်း ကသိကအောက်ဖြစ်စရာတစ်ခု ပေါ်လာသေးသည်။
လူတွေကြားမှာ ကောလာဟလသတင်းဖြစ်နေပုံက....

ထိုသီချင်းကို ပရိသတ်ပိုမိုခံစားနိုင်စေရန်အတွက် ဒိုင်ယာနာ၏ သားအကြီးဖြစ်သူ ဝီလျံကိုယ်တိုင်သီဆိုမည်။ ထိုအခါ သားငယ်ဟယ်ရီက မကျေနပ်။ သူ့အမေနှင့်ပတ်သက်သော သီချင်းဖြစ်သောကြောင့် သူနှင့်လည်းဆိုင်သည်။ သူလည်း ဆိုခွင့်ရှိသည်ဆိုပြီး ထိုသီချင်းကိုပင် သူ့အသံနှင့် စီးရီးတစ်ခွေ အပြိုင်ထုတ်မည်ဟု သတင်းထွက်လာသည်။ ပရိသတ်တချို့က ဝီလျံကို အားပေးမည်။ သားကြီးဖြစ်သောကြောင့် ဒီအခွင့်အရေးကို ခံစားထိုက်သည်ဟု ဆိုသည်။

ဒီလိုဘယ်ရမလဲ၊ သားနှစ်ယောက်ရှိရာ ညီတူညီမျှရပိုင်ခွင့်ရှိတာပေါ့ဟု ဟယ်ရီကိုကရုဏာသက်သူတွေက ဆိုသည်။ထိုကိစ္စအတွက် ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းတောင်မဆိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင် မပြောနိုင်ဖြစ်နေကြသည်ဟု အတွင်းသိဆိုသူတွေက ပြောနေကြသည်။
တကယ့်ဖြစ်ရပ်မှန်ကတော့.....

ဝီလျံနှင့်ဟယ်ရီ ညီအစ်ကိုနှစ်ယောက်ကြားမှ ဘာပြဿနာမှမရှိ။ ဝီလျံက ဟယ်ရီကို အလွန်ညှာတာတတ်သည်။ဟယ်ရီကလည်း အစ်ကိုဖြစ်သူကို အလွန်တွယ်တာသည်။ တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် ရှိကြသည်။ သီချင်းစီးရီးခွေကိစ္စမှာလည်း ဟယ်ရီက ဆိုတောင်ဆိုချင်တာမဟုတ်။ သူက ဘောလုံးကန်ဖို့သာ စိတ်ဝင်စားသူဖြစ်၏။ အမေနှင့်ပက်သက်သော အလွမ်းပြေဂုဏ်ပြုခြင်း ဖြစ်သဖြင့် အမှတ်တရအဖြစ်ဝင်ဆိုပေးပါဟု
ဝီလျံက အတင်းတိုက်တွန်းသောကြောင့် ပါလာရခြင်းဖြစ်၏။ ညီအစ်ကိုနှစ်ယောက် အခွေ၏ အေဆိုဒ်၊ ဘီဆိုဒ် တစ်ခြမ်းဆီဆိုဖို့ အစကတည်းက စီစဉ်ထားပြီး ဖြစ်၏။ဒါကို လူစိတ်ဝင်စားပြီး သီချင်းခွေရောင်းကောင်းအောင် စီးပွားရေးသမားတွေက လုပ်ကြံဖန်တီးသတင်းလွှင့်ခဲ့ခြင်းသာဖြစ်လေ၏။

ပန်းချီလောကမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ကောလာဟလမဟုတ်။ အမှန်တကယ်ဖြစ်၏။ နာမည်ကျော် ပန်းချီဆရာပီကာဆိုနှင့်ပတ်သက်သည်။ ပီကာဆိုသည် ထိပ်သီးပန်းချီဆရာကြီးဖြစ်၏။ သူသည် သမားရိုးကျ ပန်းချီပုံစံကို ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်ဖြင့် လမ်းသစ်ထွင်ခဲ့သူဖြစ်၏။ သူ့ပန်းချီတွေက ရေးချက်တွေကဆန်းသစ်သည်။

တခြားပန်းချီဆရာတွေ တွဲစပ်မသုံးရဲသောအရောင်များကို အချိုးညီအောင် ဖန်တီးနိုင်သောကြောင့် အချင်းချင်းကပင် သူ့ကိုဖြုံကြရသည်။ သူ့ပန်းချီကားများသည် နက်နဲသည်၊ လျှို့ဝှက်သည်၊
အသိရခက်သည်။ သို့ရာတွင် ကြည့်မိသူတိုင်းကို ညှို့ငင်ဖမ်းစားနိုင်သည်။

သူ့ပညာမာနလည်းကြီးသည်။ သူ့လက်ရာကိုလည်း တန်ဖိုးထားသည်။ သူ့ပန်းချီကားတွေကို ဈေးကြီးကြီးရမှ ရောင်းသည်။ တစ်ခါက နာမည်ကြီး စီးပွားရေးကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌက သူ့ရုံးခန်းမှာ ချိတ်ဖို့ ပန်းချီကားတစ်ကား ဆွဲပေးရန်အလုပ်အပ်သည်။ ဆွဲရမှာက သူ၏ပုံတူဖြစ်၏။ ပီကာဆိုက ပန်းချီဆွဲခကို ပုံမှန်ထက်
ငါးဆလောက်ပိုတောင်းသည်။ ကုမ္ပဏီသူဌေးက....

"ဈေးက များလှချည်လားဗျ၊ ခင်ဗျားပုံက အဲဒီလောက်တန်လို့လား"ဟုမေးသည်။

"ကျွန်တော့်ပုံမဟုတ်ပါဘူးလေ၊ ခင်ဗျားပုံပါ၊ ခင်ဗျားရဲ့ပုံဟာ ဘယ်လောက်တန်နိုင်သလဲဆိုတာ ခင်ဗျားဘာသာ သတ်မှတ်ကြည့်လေ"ပီကာဆိုက ပြန်ပြောသည်။

သူဌေးလည်း ခဏတွေနေပြီးနောက် ခေါင်းညိတ်လိုက်ပြီး.....

"အင်း...ဟုတ်တာပေါ့၊ ကျုပ်ရဲ့ပုံတူဟာ တန်ဖိုး ရှိရမှာပေါ့"ဆိုပြီး ပီကာဆိုတောင်းသည့်ဈေးပေးဖို့ သဘောတူလိုက်၏။ တကယ်တော့ ပီကာဆိုသည် များသောအားဖြင့် ခေတ်သစ်ပန်းချီတွေကိုသာ
ရေးဆွဲလေ့ရှိသည်။ ပုံတူပန်းချီရေးလေ့မရှိ။ ဒီသူဌေးရဲ့ပုံကတော့ ထူးခြားသော ဥပဓိရုပ်ရှိသဖြင့် စိတ်ဝင်စားမိ၏။ ထို့ကြောင့် လက်ခံလိုက်ခြင်းဖြစ်၏။

ရေးဆွဲပြီးသွားတော့လည်း ပုံတူဆိုတဲ့အတိုင်း တကယ်ကိုတူပါပေသည်။ ဘယ်လောက်ထိလဲဆိုတော့ အဝတ်အစားက ပိတ်စအစစ်တွေကို ဖြတ်ပြီးကပ်ထားသလားထင်ရလောက်အောင် တူသည်။ အထူးသဖြင့်တော့ မျက်လုံးများ။ ဘယ်ကိစ္စမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်သော စူးစူးရှရှအကြည့်။

"တူလိုက်တာဗျာ၊ ကျွန်တော်နဲ့ ပြိုင်ဘက် စီးပွားရေးသမားတစ်ယောက် ပေါ်လာသလားအောက်မေ့ရတယ်"

သူဌေးသည် သူ့ပုံသူကြည့်ပြီး အံ့ဩသွားသည်။ ကျေနပ်ပြီး သဘောလည်းကျသွားသည်။

ပီကာဆိုသည် ကံကောင်းသည်ဟု ဆိုနိုင်သည်။ တချို့ပန်းချီဆရာများသည် သက်ရှိထင်ရှားရှိချိန်မှာ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် နေခဲ့ကြရသည်။ သေပြီးတော့မှပင် သူတို့ပန်းချီကားတွေ ဈေးကောင်းရလာသော်လည်း ခံစားခွင့် မရတော့။ လောလောဆယ် ခေတ်ပြိုင်ပန်းချီဆရာတွေ ထဲမှာလည်း စားဝတ်နေရေး အဆင်မပြေကြသူတွေများသည်။

ပန်းချီဆရာဆိုတာကလည်း နှစ်မျိုးနှစ်စားရှိသည်။ ကော်မာရှယ်ခေါ် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဒီဇိုင်းလုပ်ခြင်း၊ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပိုစတာ၊ လက်ကမ်းစာစောင်များရေးခြင်း၊ ဆိုင်းဘုတ်ရေးခြင်းစသော စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်ရေးဆွဲခြင်းကတစ်မျိုး။ ဖိုင်းအတ်ဟုခေါ်သော ပန်းချီကားများရေးဆွဲခြင်းက တစ်မျိုး။

ကော်မာရှယ်သမားတွေက အလုပ်အပ်သူတွေဆီက အခကြေးငွေယူပြီး ရေးဆွဲပေးခြင်းဖြစ်၏။ သူတို့အနေဖြင့် အလုပ်အပ်သူတွေ စိတ်တိုင်းကျဖြစ်အောင် ရေးဆွဲပေးရသည်။ ပုံမှန်ဝင်ငွေရှိသည်ဟု ဆိုနိုင်သည်။

 ဖိုင်းအတ်သမားကတော့ ကိုယ်စိတ်ကြိုက် ဆွဲချင်တာကိုဆွဲသည်။ ပြီးတော့မှ ပြပွဲတင်သည်။ ပြပွဲမှာရောင်းရလျှင် ငွေရမည်။
မရောင်းရဘဲလည်း ရှိနိုင်သည်။ ကိုယ်က ကင်းဗတ်စ၊ ဘောင်၊ ဆေး၊ အချိန်၊ ပညာတို့ကို အချိန်ကြာမြင့်စွာ ကြိုတင်ရင်းနှီးထားရသည်။ ဘယ်လောက်ကြာမှအကျိုးအမြတ်ပြန်ရမလဲ မပြောနိုင်။

ပန်းချီကားတစ်ကားကို ဆွဲပြီး မကြာခင် ရောင်းထွက်ချင်လည်း ထွက်မည်။ နှစ်ပေါင်းများစွာကြာချင်လည်းကြာမည်။တစ်သက်လုံးမရောင်းရဘဲ ကွယ်လွန်ပြီးမှ ရောင်းချင်လည်းရောင်းရမည်။ ပန်းချီကားတစ်ကားတည်းနှင့် လေးငါး ခြောက်လ စားလောက်အောင် ရချင်လည်းရသည်။ လပေါင်းများစွာကြာအောင် ဘာဝင်ငွေမှမရှိဘဲ စုတ်ပြတ်ချင် ပြတ်နေတတ်သည်။

ပန်းချီကားတစ်ကားရေးဆွဲရာမှာလည်း ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်။ သုံးလေးရက်နှင့် ပြီးချင်လည်း ပြီးမည်။
လနှင့်ချီကြာချင်လည်းကြာမည်။ ရေးလက်စကို စိတ်ကြိုက်မတွေ့သဖြင့် နှစ်ပေါက်အောင် ကြာချင်လည်း ကြာသွားနိုင်သည်။ တချို့ပန်းချီကားတွေကို ပြပွဲတင်သော်လည်း 'ရောင်းရန်မဟုတ်'ဟု စာချိတ်ချင်ချိတ်ထားမည်။ တစ်ခါတစ်လေ ကိုယ့်ဘာသာ ကြိုက်လွန်း၍ ပြပွဲတောင်မတင်ရက်ဘဲ သိမ်းထားတာမျိုးရှိသည်။

ပီကာဆိုမှာ ဖိုင်းအတ်သမားဖြစ်သည်။ ဖိုင်းအတ်သမားအများစုမှာ လူအများကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်ဆွဲချင်ရာ ဆွဲကြသူများဖြစ်၏။ ထို့ကြောင့် ပုံမှန်ဝင်ငွေလည်း မရှိဘဲ စားဝတ်နေရေးအဆင်မပြေတာက များသည်။

 ပီကာဆိုကတော့ထူးခြားသည်။ သူ့ပန်းချီတွေက ဈေးကောင်းရတတ်သည်။ ထို့ကြောင့် သူများထက်စာလျှင် ချောင်ချောင်လည်လည် ရှိသည်ဟု ဆိုနိုင်သည်။ သူသည် အသက် ခြောက်ဆယ်စွန်းစွန်း
ရှိလာသည့်တိုင် လူငယ်လေးတစ်ယောက်လို နုပျိုဖြတ်လတ်ဆဲဖြစ်သည်။ စပို့ရှပ်၊ တီရှပ်၊ ဂျင်းဘောင်းဘီတို့ ဝတ်ဆင်လေ့ရှိသည်။ ရွယ်တူ တန်းတူလူကြီးတွေနှင့် မပေါင်းဘဲ လူငယ်ပန်းချီဆရာလေးတွေနှင့်သာ အဖွဲ့ကျတတ်သည်။

သူ့လက်ရာတွေကို စွဲလမ်းပြီး သူ့ဆီမှာ ပန်းချီပညာသင်ချင်သူလူငယ်တွေလည်း တော်တော်များများရှိ၏။ သို့ရာတွင် သူ၏ သင်ပုံသင်နည်း စနစ်၏ ဒဏ်ကိုမခံနိုင်သဖြင့် တပ်လန်သွားသူတွေသာများသည်။ ပီကာဆိုက 'ပန်းချီသင်၊ရွာပြင်ထွက်'ဟုဆိုပြီး လယ်ကွင်းပြင်ကြီးထဲက တဲကလေးတစ်လုံးမှာ တစ်ယောက်တည်းသွားနေခိုင်းသည်။ ဆန်၊ဆီ၊ ဆား၊ ငါးပိ ငါးခြောက်၊ ကြက်သွန်၊ အာလူး၊ ပဲ စသည်တို့ပေးထားသည်။ ကိုယ့်ဘာသာကိုယ် ချက်စားရသည်။
ဘာအသုံးအဆောင် ပစ္စည်းမှ ယူခွင့်မရှိ။ ရေဒီယို၊ ကက်ဆက်မပြောနဲ့ နာရီတောင်မထားရ။ လျှပ်စစ်မီးလည်းမရှိ။
ပန်းချီသင်တယ်ဆိုသည့်တိုင် ဘာမှ လေ့ကျင့်ရေးဆွဲခွင့်မရှိသေး။ ခဲတံ၊ စုတ်တံ၊ ဆေး၊ စက္ကူစသည်တို့ လုံးဝဆောင်မထားရ။ ယုတ်စွအဆုံး မြေကြီးပေါ်မှာတောင် တုတ်ချောင်းနှင့် ခြစ်ခွင့်မရှိ။

ထိုလယ်ကွင်းထဲက တဲလေးထဲမှာ သုံးလတိတိ တစ်ယောက်တည်းနေရသည်။ ထိုအတောအတွင်းမှာ မနက်နေထွက်လာတာ၊ ညနေဘက် နေဝင်သွားတာကို စောင့်ကြည့်ရသည်။ ကျန်တဲ့အချိန်တွေမှာ ကောင်းကင်ကိုကြည့်ရသည်။တိမ်တွေကိုကြည့်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားရသည်။ ထိုသို့ကြည့်ရှုမှတ်သားရင်းက ပန်းချီဆိုတာ ဘာလဲ၊ ဘာကြောင့် ပန်းချီဆွဲချင်တာလဲ၊ အရောင်တွေကို ဘယ်လိုခံစားမိသလဲ၊
ပန်းချီဆရာတစ်ယောက်ရဲ့စိတ်နေစိတ်ထားဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာတွေကို တွေးတော ကြံဆကြည့်ရသည်။

ပီကာဆိုက တစ်ပတ်တစ်ခါလာတွေ့သည်။ ထိုအခါ တပည့်ဖြစ်သူက မိမိတွေးတော ဆင်ခြင်မိတာတွေကို ပြောပြရသည်။
ဒီလိုသုံးလတိတိနေပြီးမှ ဒုတိယအဆင့်ကို တက်ခွင့်ရသည်။ ထိုအဆင့်မှာ တစ်လကြာသည်။ စိတ်ဖြင့်ရေးဆွဲသည့် အဆင့်ဖြစ်၏။ လက်တွေ့မဆွဲရသေး။ မျက်စိမှိတ်ထားပြီး အရောင်တွေကို အာရုံခံစားရသည်။ မိမိလေ့လာကြည့်ရှုထားသော အရာဝတ္ထုများကို စိတ်ကူးဖြင့် ရေးဆွဲကြည့်ရသည်။ အရောင်တွေကို စိတ်ထဲမှာ တွဲစပ်ကြည့်ရသည်။

ထိုအဆင့်ကို လွန်မြောက်ပြီးတော့မှ လက်တွေ့ရေးဆွဲမှုကို စတင်သင်ကြားရသည်။ ပီကာဆိုထံသို့ ပန်းချီပညာသင်ရန်
ရောက်ရှိလာသူတွေထဲက အများစုမှာ လယ်ကွင်းထဲက တဲကလေးထဲမှာ တစ်လလောက်နေပြီးတာနဲ့ ပြန်ပြေးကြတော့သည်။ လက်တွေ့ရေးဆွဲရသည့်အဆင့်ထိ ဆန်ခါတင်ကျန်တာဆိုလို့ ဆယ်ယောက်မှာ တစ်ယောက်တောင်မရှိ။ သူ့ဆီမှာ တပည့်ခံချင်သူများသည် နောက်ဆုံးတွင်.....

"ပန်းချီသင့်မယ့်အစား ရှောင်လင်ကျောင်းမှာ ကွန်ဖူးသွားသင်တာမှ သက်သာလိမ့်ဦးမယ်"ဟု ပြောပြီး ထွက်ပြေးကြရသည်။ ပီကာဆိုကတော့...."ဒါတောင် သင်ရိုးညွှန်းတမ်းကို အများကြီးလျှော့ထားတာ၊ ငါပန်းချီသင်တုန်းကဆိုရင် ကိုယ်နေမယ့်တဲကို ကိုယ့်ဘာသာဆောက်ခဲ့ရတာ၊ ကိုယ့်ဘာသာ ငါးမျှားပြီး စားခဲ့ရတာကွ"ဟု ပြောလေသည်။

ထိုကဲ့သို့သော ပီကာဆိုသည် အသက်ခြောက်ဆယ်ကျော်တော့မှပင် အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော
မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူလိုက်လေသည်။
အနုပညာလောကတစ်ခုလုံးအံ့ဩကုန်ကြသည်။ ဝေဖန်သုံးသပ်ချက်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။ တချို့က ပီကာဆိုကို အားကျကြသည်။ ကောင်မလေးက ငယ်ငယ်ချောချောလေးကိုး။ အတော်စွံတဲ့ပုဂ္ဂိုလ်ပဲဟု ချီးကျူးကြသည်။သူ့ပြိုင်ဘက်တွေကတော့ နည်းနည်းပြောချင်ဆိုချင်သည်။ တချို့ဇာတ်လမ်းလေးတောင် ဆင်လိုက်သေးသည်။

သူတို့အပြောအရဆိုလျှင်တော့.... ကောင်မလေးမှာ ငယ်ရွယ်စဉ်လူမှန်းမသိတတ်ခင်ကတည်းက မိဘတွေဆုံးသွားသဖြင့်
အဘိုးဖြစ်သူ၏ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။ သူတို့နှစ်ဦးမှာ အဘိုးတစ်ခု မြေးတစ်ခုဖြစ်သဖြင့်
တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်က အလွန်ကြီးကြသည်။ 

တစ်နေ့မှာတော့ ကံကြမ္မာက သူတို့မြေးအဖိုးကို ရက်ရက်စက်စက်ခွဲခွာ ပစ်လိုက်သည်။ အဘိုးဖြစ်သူသည် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားလေ၏။ မြေးမလေးမှာ ခိုကိုးရာမဲ့ဖြစ်ရသည်။ သူ့အတွက် အဘိုးသာလျှင် အဖေ၊ အဘိုးသာလျှင် အမေဖြစ်သောကြောင့် ပိုခံစားရသည်။

အဘိုးကို လွမ်းသောစိတ်ဖြင့် ဗုန်းဗုန်းလဲမတတ်ဖြစ်ရသည်။ စိတ်ဝေဒနာသည်မလေး ဖြစ်လုလုအခြေအနေကိုရောက်ခဲ့ရသည်။ ခုလို အဘိုးကို တမ်းတနေချိန်မှာပင် ပီကာဆိုနှင့် တွေ့ခဲ့ခြင်းဖြစ်၏။ ထိုအခါ ကောင်မလေးမှာ အဘိုးအစားပြန်ရပြီဆိုသော အစွဲအလမ်းဖြင့် ပီကာဆိုကို တွယ်တာမိရာမှ လက်ထပ်ဖြစ်ခဲ့ခြင်းဟုဆိုသည်။ထိုကိစ္စမှာ ပီကာဆိုကို မနာလိုသူတွေက လုပ်ကြံဖန်တီးပြောဆိုကြခြင်းသာဖြစ်သည်ဟု ပီကာဆို ဘက်တော်သားတွေက
ပြန်လည်ချေပသည်။ ပီကာဆိုကတော့....

"လူတွေက အသက်ကြီးတာနဲ့ အိုမင်းတာကို မခွဲခြားတတ်ကြသေးဘူးဗျ"ဟု ခပ်အေးအေးလေသံဖြင့်သာ တုံ့ပြန်ပြောဆိုလေ၏။

* * * * *

"မင်္ဂလာရယ်မှ....မဏ္ဍိုင်...လေး..."

"ဟေ့....ဟေ့....ဟေ့....အောင်ပါ....စေ..."

ကုမုဒြာဇာတ်ရုံကြီးအတွင်းမှာ မာသာဂရေဟမ်၏ အသံကဟိန်းထွက်လာသည်။အသက်ခုနစ်ဆယ်နားကပ်နေသည့်တိုင် သူ့အသံက 'ပေါက်'နေတုန်း။ အဆွဲအငင်၊အပင့်အရှိုက်တွေ ကျန်နေတုန်း။ အဆိုအဟဲ အောင်နေတုန်းရှိသေးသည်။

"တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ.... သုံးကြိမ်ငယ်မှ
ဦးတင်....ရွာတော်ရှင်....မယ်လျှင်... ကန်တော့ပါ၏ ဘုရား...."

သက်ကြီးအနုပညာရှင်များ၏ ပဒေသာကပွဲဖြစ်လေ၏။ ဂန္ထဝင်အနုပညာကို ချစ်မြတ်နိုးသော လူငယ်တစ်စုက အကုန်အကျခံပြီး စီစဉ်တင်ဆက်သည်။ သူတို့မှာလည်း စွန့်စွန့်စားစား လုပ်ခဲ့ရခြင်းဖြစ်၏။ ခေတ်ပရိသတ်က အဘိုးကြီး အဘွားကြီးတွေ ဆိုတာ၊ ကတာကို စိတ်ဝင်စားပါ့မလားဟု စိုးရိမ်ခဲ့ကြရသည်။ တကယ်တမ်းကျတော့
ပရိသတ်မှာ ရုံပြည့်အောင်လာရောက်အားပေးကြသည်။ ငွေတာရီရုပ်မြင်သံကြားဌာနကလည်း လာရောက်ရိုက်ကူးပြီး
တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ပထမဆုံးအစီအစဉ်က မာသာဂရေဟမ်၏ တစ်ချိန်ကနာမည်ကျော် အပျိုတော်အကဖြစ်၏။ အသက်အရွယ် ထောက်လာသဖြင့် ငယ်ငယ်ကလောက် မသွက်လက်သော်လည်း မျက်ခုံးချီပုံ၊ မေးထိုးပုံ၊ လက်ချိုးပုံ၊ခြေထိုးပုံတို့မှာ ရက်ပ်သမား၊ တက်ကနိုသမား လူငယ်တွေ ငေးယူရလောက်အောင် ပြောင်မြောက်လှသည်။

"သောက်တော်ဘူးရယ်နဲ့....အိုမကွာ..အိုမကွာ....မင်းကျော်စွာမို့ မကျော်လား...ဝေးရာကရှား"အကဝိဇ္ဇာကြီးမာသာဂရေဟမ်၏ အဆိုအကကို ဆိုင်းဝိုင်းကြီးက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပို့ပေးနေသည်။ ဆိုင်းအဖွဲ့ကလည်းမကောင်းဘဲ ခံနိုင်ရိုးလား။ ရွာစားကြီး စိန်မိုးဇက်၊ ငွေနှဲကျော် ချိုက်ကော့စကီးနှင့် ပတ်မတီး ရှိုပင်တို့
လက်စွမ်းပြတီးမှုတ်ဖျော်ဖြေကြတာကိုး။ သူတို့က သံပြိုင်လိုက်ဆိုရမည့်နေရာတွေမှာ ဝင်အော်ပေးကြသေးသည်။

"ကိုကြီးကျော်ရေ...."

"ဗျို့...ဗျို့"

"မောင်ကြီးကျော်...ရေ"

"ဗျာ...ဗျ"

"ဤဇမ္ဗူမှာ ပြိုင်ဘက်ရှား....မိုးကျနတ်သား..."

ဒုတိယအစီအစဉ်ကတော့ နှောင်းခေတ်အဆိုတော်ကြီးများ၏ ဖျော်ဖြေမှုဖြစ်၏။

တွမ်ဂျုံး၏ 'ယောက်ျားမှာလည်း အသည်းနဲ့ပါ'
ကော်နီဖရန့်စစ်၏ 'မေ့ကွက်ကိုရှာ'
အိန်ဂျဲဘတ်၏ 'ချစ်အားငယ်ရသူမယ'်
မေရီဟော့ကင်း၏ 'နက်ဖြန် သို့မဟုတ် ဘယ်သောအခါ'
အင်ဒီဝီလျံ၏ 'မုန်းရစ်လေဦး'

"ရွက်ဝါကြွေ နွေဦး.....လေရူးပွေစ....ညနေဆည်းဆာ...
ဥဩဆွေ.... နွေတေးရှင်ငှက်... ပင်ကိုင်းထက်မှာ...
သံစာစာ... နွေကြိုတေးကိုသာ....လေးတွဲ့မှန်စွာ....
တေးဖွဲ့ပြန်ရှာ...အဖော်ကွဲ...တစ်ကိုယ်တည်း...
ကိုယ်လည်းမင်း...လိုပါပဲ...ကိုယ့်ဘဝမှာ....
ညိုဝါရွှေ....ညောင်းရွက်လေအနော့....ပြေလျော့...ကြွေပေါ့...
နွေတစ်ကျော့...ရောက်ပြန်ပြီလေ...တစ်ခါ...."

ခံစားချက်အပြည့်ဖြင့် သီဆိုနေသော ဂန္ထဝင်အဆိုတော်ကြီး အင်ဒီဝီလျံ၏ သီချင်းသံတွင် ပရိသတ်များ မိန်းမောနေကြသည်။ ထို့နောက် ဂီတလုလင် ဘီသိုဗင်၏ တစ်ကိုယ်တော် စန္ဒရားလက်စွမ်းပြတီးကွက်များဖြင့် ပရိသတ်အာရုံကို ချုပ်ကိုင်ဖမ်းစားလိုက်ပြန်သည်။

ဆက်လက်ပြီး စူပါစတား အဆိုတော် ရုပ်ရှင်မင်းသား အဲဗစ် ပရက်စလေနှင့် ခေတ်ဟောင်းမင်းသမီးကြီးများဖြစ်ကြသော အက်ဗာဂါဒနာ၊ မေရီပစ်ဖို့၊ အက်စသာဝီလျံ၊ ဂျူဒီဂါလင်တို့တစ်လှည့်စီစုံတွဲသီဆိုသော သီချင်းများဖြင့် ဖျော်ဖြေသည်။ ဂျူဒီဂါလင်နှင့်တွဲ၍ သီဆိုသော 'တကူကူးကူ'သီချင်းကို ပရိသတ်တွေ အရမ်းသဘောကျပြီး
ပွဲတောင်းသဖြင့် နှစ်ကြိမ်ပြန် သီဆိုရသည်။

ထို့နောက် ခေတ်ဟောင်း အနုပညာရှင်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ခုတလော အလွန်နာမည်ကြီးနေသောဝက်စ်လိုက်ဖ်အဖွဲ့က ဒိုးပတ်ဝိုင်းဖြင့်ဖျော်ဖြေသည်။ မိုက်ကယ်ဂျက်ဆင်ကလည်း ဦးရွှေရိုးအကဖြင့် ပါဝင်ကူညီခဲ့သေးသည်။

 နောက်ဆုံးအစီအစဉ်ကတော့ သက်ကြီးအငြိမ့်ခန်းဖြစ်၏။ မင်းသမီးမှာ ဂျူလီအင်ဒရူးဖြစ်၏။ လူရွှင်တော်များအဖြစ် ဘော့ဟုပ်၊ ဂျယ်ရီလူးဝစ်နှင့် နော်မန်ဝစ်စဒမ်တို့က အသုံးတော်ခံကြသည်။ ဘော့ဟုပ်က ခွန်းထောက်တစ်ပုဒ်ဆိုသည်။ထို့နောက် ပရိသတ်ကို မေတ္တာပို့၊ နှုတ်ဆက်စကားပြောပြီး...

"ကဲ...သူငယ်ချင်းတို့ရေ.... အခုလို ရုံပြည့်ရုံလျှံအောင် လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးဟာ မင်းတို့ ငါတို့ကို ကြည့်ရုံ
သက်သက် မဟုတ်ဘူး၊ မင်းသမီး ဂျူလီအင်ဒရူးလေးရဲ့ ချစ်လှစွာသော ပီယဝါစာ စကားသံလေးတွေ၊ ကြည်လင်ချိုမြတဲ့
တေးသံလေးတွေ၊ နွဲ့နှောင်းသွက်လက်တဲ့ ကကြိုးကဟန်လေးတွေကို ကြားချင်မြင်ချင် ကြည့်ချင်လို့လာကြတာမဟုတ်လားကွယ့်"

"ဟုတ်ပါ့"

"ဒီတော့ မင်းသမီးခေါ်ကြဦးစို့ရဲ့"

ထိုအခါ နော်မန်ဝစ်စဒမ်က ဇာတ်စင်ထောင့်ဆီပြေးသွားသည်။ ဂျယ်ရီလူးဝစ်က....

"ဟေ့ကောင်....ဘယ်သွားမလို့လဲ"

"မင်းသမီးခေါ်ဖို့ ဆိုက်ကားသွားငှားမလို့လေ"

"ဒီလောက်တောင်ညံ့ရသလားဟဲ့၊ မင်းသမီးခေါ်တာ ဆိုက်ကားနဲ့ ရပါ့မလား၊ မသကာ လင်ခရူဆာလောက်တော့ ဖြစ်ရမှာပေါ့"

ဘောဟုပ်ကဝင်၍...

"ဟာ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းသမီးခေါ်ပါဆိုတာက စာချိုးလေးနဲ့လှမ်းခေါ်ဖို့ပြောတာ"

"ဩော်...ဒီလိုလား၊ ဒီလောက်တော့ဖြစ်ပါတယ်ကွ....
အဟမ်း...အဟမ်း...ပုဝါနှစ်စအသာချပါလို့"

"မင်းခေါ်ပုံကြီး ရိုးနေပါပြီကွာ"

"ဒါဆိုလည်း မင်းပဲခေါ်လိုက်ပါတော့"

"ကဲခေါ်ပြီနော်...ခင်ကညာမြင် ဘဝင်မှာရွှင်လိုက်ပါတဲ့ အိုးဗျ ဘင်လာဒင်..."

"ဟာ...ဘယ့်နှယ် မင်းသမီးခေါ်ပါဆိုတာ ကဲ ကဲ မင်းတို့ခေါ်လို့တော့ မဖြစ်ပါဘူး၊ ငါပဲခေါ်ပါ့မယ်"

ဂျယ်ရီလူးဝစ်က ပရိသတ်ဘက်ကျောပေးပြီး ကျုံ့ကျုံ့လေးထိုင်နေသော မင်းသမီး ဂျူလီအင်ဒရူးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးမှ....

"ထားခင်နှမ၊ ခါးရင်အစ၊ ငါးပဉ္စကောင်းခြင်း၊ အကယ်ဒမီ ရွှေစင်လေးလို၊ မယ်မဒီလိုမြင်ရင် ငေးရပါတဲ့၊ ဂျယ်ရီရဲ့ ခင်ခင်လေး ဂျူလီရေ....."

ဂျူလီအင်ဒရူးသည် ထရပ်လိုက်ပြီး နွဲ့နှောင်းညင်သာစွာ လျှောက်လာသည်။ ပရိသတ်ကို လက်အုပ်လေးချီ နှုတ်ဆက်လိုက်ပြီးမှ သီချင်းစဆိုသည်။

"အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးနော် သဘောနည်းနည်းကြီးဦးမှပေါ့ သခင်ရယ်...
မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့ သောတော့ မောင့်သဘောက မကြည်မလင်..."

တီးလုံးအပိုဒ်တွင် အကဝင်လာသည်။ ဂျူလီအင်ဒရူး၏ ကဟန်မှာ တချို့မင်းသမီးတွေလို ခုန်ပေါက်လူးလှိမ့်နေခြင်းမျိုးမဟုတ်။ အလွန်ညက်ညောသည်။ ကကြိုးတစ်ကွက်ချင်းမှာ ပန်းချီကားတစ်ချပ်စီလို
လှပသပ်ရပ်သည် လက်ခုပ်သံတွေမစဲတော့။

-------------
မင်းလူ

( ပဉ္စမပိုင်းဆက်ရန်)

[ လူဗိုလ်ဟူသည်ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။ ]



ဂန္ထဝင်အိပ်မက် ( တတိယပိုင်း)

#ဂန္ထဝင်အိပ်မက်

( တတိယပိုင်း) 

#မင်းလူ

'ပွဲစားကြီးများဟိုတယ်'ရှေ့မှာရပ်ထားသော မော်တော်ကားများ၏ စုစုပေါင်းတန်ဖိုးကို တွက်ကြည့်လျှင်ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ရှိသော အိမ်ခြေစုစုပေါင်း တန်ဖိုးထက် အဆပေါင်းများစွာ သာလိမ့်မည်။

တခြားမကြည့်နဲ့။ မွေးနေ့ရှင် နစ်ကိုးကစ်မင်း စီးလာသော မာစီဒီးအက်စ်လယ်-၅၀၀ ရဲ့တန်ဖိုးကပဲအိမ်အလုံးတစ်ရာစာလောက်ရှိတာကိုး။ ၂၀၀၂ ခုနှစ်ထုတ် အသစ်စက်စက် စပို့မိုဒယ် ကားလေ။

တွမ်ခရုစီးလာတဲ့ကားကတော့ လေဇူး-၄၃၀။ သူတို့ဇနီးမောင်နှံကားတစ်စီးစီနဲ့ သီးခြားစီလာတာကိုကစိတ်ဝင်စားစရာကောင်းနေပြီ။ ဒီလိုဖြစ်အောင် တမင်ထွင်လိုက်တာလည်း ဖြစ်နိုင်သည်။

ဘရက်ပစ်က ဘီအမ်ဒဗလျူ-၇ စီးရီး။ နစ်ကလပ်ကေ့ခ်ျက လင်ခရူဇာ။ အင်ဂျလီနာဂျိုလီကကက်ဒီလက်၊ ဟိုဘက်မှာတော့ မင်းသားကြီး ကလင့်အိစ်ဝုဒ်ရဲ့ ရိုးစ်ရွိုက်ကားကြီးကခန့်ခန့်ညားညားရပ်လို့။

 ဒီနေ့ညနေမှာတော့ ဟိုတယ်ရှေ့က ယာဉ်ရပ်နားရန်နေရာသည်
မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းအပေါ်ခွင်နှင့် တူနေလေသည်။

ဟိုတယ်၏ မြေညီထပ်ရှိ အထူးသီးသန့်ဆောင်ရှိ 'ပွဲကတော်ခန်းမ'မှာ မွေးနေ့ပွဲ ကျင်းပဖို့ပြင်ဆင်ထားသည်။ အခန်းက လူလေးရာလောက်ဆံ့သော်လည်း လက်ရွေးစင်လူနှစ်ရာကိုသာဖိတ်ကြားထားသည်။ ခန်းမထဲမှာ မီးဆိုင်းတွေ၊ ရောင်ပြေးတွေ၊ မီးပဒေသာတွေ၊ ရွှေငွေပန်းစက္ကူတွေ၊ ပူဖောင်းတွေဆင်ယင်ထားခြင်းမရှိ။ ဒါတွေက ရိုးနေပြီ။ ထို့ကြောင့်ရှင်းရှင်းလင်းလင်းပင် ပြင်ဆင်ထားသည်။ သို့ရာတွင် သေသေချာချာကြည့်လျှင်ထူးခြားမှုကို တွေ့နိုင်သည်။

ခန်းမထဲမှာ မီးလုံးမီးချောင်း၊ ဆလိုက်မီးစသည်တို့တစ်ခုမှမရှိပါဘဲလျက် အလိုအလျောက်လင်းနေခြင်းပင်ဖြစ်၏။ ပြီးတော့ နံရံမှာသုတ်ထားသော ဆေးရောင်များသည် ဆယ့်ငါးမိနစ်တစ်ခါပြောင်းသွားတတ်သည်။ အပြာနု၊ မီးခိုးနု၊ အစိမ်းနု၊ အဝါနု စသည်ဖြင့်..။

ခုလိုဖြစ်အောင် အထူးသုတ်ဆေးတစ်မျိုးကို နိုင်ငံခြားက တကူးတကန့်မှာယူပြီးအသုံးပြုထားရခြင်းဖြစ်၏။ ဒီပွဲအတွက်ကို တမင်အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်၏။ကုန်ကျစရိတ်ကို နစ်ကိုးကစ်မင်းက ကျခံပေးခဲ့သည်။

စင်မြင့်ပေါ်မှာတော့ လောလောဆယ် နာမည်အကျော်ကြားဆုံးဖြစ်နေသော 'အယ်လ်ကာလီတီးဝိုင်းအဖွဲ့'က ဧည့်ခံဖျော်ဖြေနေသည်။ စင်မြင့်၏နောက်ဘက် အပေါ်နားတွင် နံရံကပ် ဒစ်ဂျစ်တယ်မှန်ပြားကြီး ကပ်ထားသည်။ နောက်ဆုံးပေါ် အယ်လ်စီဒီ တီဗီကြီးပင်ဖြစ်၏။ဖန်ပြားဆိုသော်လည်း အော်ဂဲနစ်ဖိုင်ဘာ ဖန်မျှင်ဖြင့် ရက်လုပ်ထားသည်။ မလိုအပ်သည့် အချိန်တွင် ကော်ဇောတစ်ချပ်လို လိပ်ပြီး အလွယ်တကူ သယ်ယူနိုင်သည်။ အရွယ်အစားက
ရုပ်ရှင်ပိတ်ကားနီးပါးလောက်ရှိ၏။

တီဗီကြီးပေါ်တွင် N.K-21ဆိုသော စာလုံးသည် ဒီဇိုင်းပုံစံမျိုးစုံ၊ အရောင်မျိုးစုံ တစ်မျိုးပြီးတစ်မျိုးပြောင်းနေသည်။ နစ်ကိုးကစ်မင်း၊ နှစ်ဆယ့်တစ်နှစ်ဆိုသော အဓိပ္ပါယ်ပင်ဖြစ်၏။ တချို့ကတော့
ဒီမင်းသမီး အသက်နှစ်ဆယ့်တစ်နှစ်ဆိုတာ မဖြစ်နိုင်၊ အသက်ကို လျှော့ပြောခြင်းဖြစ်ရမည်ဟုဆိုကြသည်။ သူနှင့်ငယ်ငယ်က တစ်တန်းတည်း အတူနေခဲ့သော သူငယ်ချင်းတစ်ယောက်မှာ အခု ဆရာဝန်ကတော်ဖြစ်နေပြီ။ ဒါကိုကြည့်ခြင်းဖြင့် နှစ်ဆယ့်တစ်နှစ်မကနိုင်ဟု
ထောက်ပြသူလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ် သူက နှစ်ဆယ့်တစ်နှစ်ပါ ဆိုတော့လည်း နှစ်ဆယ့်တစ်နှစ်ပေါ့။ သူ့ကိုချစ်သောပရိသတ်ကတော့ ဆယ့်ရှစ်နှစ်ပါဆိုလည်း ယုံကြမှာပဲဖြစ်၏။ အသက်ကို တွက်စစ်နေရအောင်
သူက ဘောလုံးကန်မှာမှမဟုတ်ဘဲ။

ဖိတ်ကြားထားသော ဧည့်သည်တွေ တဖွဲဖွဲရောက်လာကြသည်။ တစ်ယောက်ဝင်လာတိုင်း စာနယ်ဇင်းသမားတွေက ဓာတ်ပုံတစ်ဖျတ်ဖျတ်ရိုက်ကြသည်။ ပြီးတော့ ကက်ဆက်ရီကော်ဒါ
အသေးစားလေးတွေထိုးပြီး မေးခွန်းတွေမေးကြသည်။

ရုပ်ရှင်သရုပ်ဆောင်များ (အထူးသဖြင့် မင်းသမီးများ)သည် အကယ်ဒမီပေးပွဲရယ်၊ ခုလို ပွဲမျိုးရယ်မှာသာ လူစုံအောင် တက်ရောက်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက်
အလှချင်းပြိုင်ဖို့ ကြိုးစားကြသည်။ ဒရူးဘယ်ရီမိုးသည် နတ်သမီးလေးတစ်ပါးလို ဝတ်ဆင်လာသည်။ အင်္ကျီ၏ကျောဘက်မှာ တစ်ခုနှင့်တစ်ခု ယှက်ထားသလိုဖြစ်နေသော အတောင်ပံတစ်စုံလိုဖြစ်အောင် ချုပ်ထားသည်။

မက်ဒေါနားသည် အစိမ်းရောင်ဝတ်စုံပေါ်တွင် ရွှေရောင်ပဝါကို လွှမ်းခြုံလာသည်။သေသေချာချာကြည့်သောအခါ ရွှေရောင်မျှသာ မဟုတ်။ ရွှေအစစ်ကို နန်းဆွဲပြီး ရက်လုပ်ထားခြင်းဖြစ်ကြောင်းတွေ့ကြရသည်။ 

မင်းသမီးတွေ အားလုံးလိုလိုပင် လက်ဝတ်ရတနာတွေကို သူများထက်မလျော့အောင် ဆင်မြန်းလာကြသည်။လူကိုယ်ကနေ စိန်တွေ၊ မြတွေ၊ ပတ္တမြားတွေ၊ နီလာတွေ သီးပွင့်နေသလားထင်ရ၏။

ဒီကြားထဲမှာ ဂျူလီယာရောဘတ်က ထူးခြားသည်။ သူကရတနာပစ္စည်း တစ်ခုတည်းသာ ဆင်မြန်းလာသည်။ တစ်ခုဆိုလည်း ဆိုသလောက်ပါပဲ။ မီးခြစ်ဘူး တစ်ဝက်စာလောက်ရှိသော နီလာတုံးကြီးကို မသွေးမဖြတ်ဘဲ အရိုင်းတုံးအတိုင်း ဖောက်ပြီး လည်မှာ
ဆွဲလာခဲ့ခြင်းဖြစ်၏။ ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ ကျောက်မျက် ကျွမ်းကျင်သူတွေတောင် လွယ်လွယ်ခန့်မှန်းနိုင်မှာမဟုတ်။

မင်းသားကြီးရော်ဘင်ဝီလျံသည် ပျော်တတ်နောက်တတ်သူဖြစ်၏။ မိတ်ကပ်လည်း ကျွမ်းကျင်သည်။ အသံတုလည်းလုပ်တတ်သည်။ သူက ခါးကုန်းကြီးတစ်ယောက်လို လုပ်ပြီးဝင်လာသည်။ သူ့ကို ဟိုတယ်က သန့်ရှင်းရေးအလုပ်သမားကြီးဟု ထင်မိကြသေးသည်။ သူသည် ဂျူလီယာရောဘတ်နား ကပ်သွားပြီး လည်မှာဆွဲလာသည့် နီလာအရိုင်းတုံးကြီးကို ကိုင်ကြည့်သည်။

ဂျူလီယာရောဘတ်မှာ ရုတ်တရက်မို့လန့်ပြီး အော်မိ၏။ အားလုံးက ထိတ်ထိတ်ပျာပျာ ဝိုင်းကြည့်ကြသည်။ သူများတွေ ကြောင်ကြည့်နေတုန်း တွမ်မီလီဂျုံးက ပြေးလာပြီး သူ့ကုပ်ကို လှမ်းဆွဲလိုက်သည်။ ထိုအခါကုန်းနေသော ခါးသည် ရုတ်တရက် ဆန့်ထွက်သွားသဖြင့် တွမ်မီလီဂျုံး ကြောင်တောင်တောင်ဖြစ်သွား၏။

ရော်ဘင်ဝီလျံက နှုတ်ခမ်းမွေးအတုကို ဆွဲဖြုတ်ပြီး တဟားဟား
ရယ်လိုက်တော့မှ သူ့ကို မှတ်မိသွားကြပြီး အားလုံးပွဲကျသွားသည်။

စင်ဒီကရော့ဖို့ ဝင်လာသည်။ ကက်ဦးထုပ်ကလေးကို ဆောင်းလာ၏။ အပေါက်ဝမှာရပ်ပြီး ကက်ဦးထုပ်ကို ချွတ်လိုက်သည်။ သူသည် သီလရှင်ဝတ်နေရာမှ မနေ့ကမှ လူထွက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခေါင်းတုံးနှင့်ဖြစ်၏။ ဦးပြည်းစိမ်းစိမ်းနဲ့မှ
ပိုတောင်လှနေသေးသည်။ စာနယ်ဇင်းသမားတွေ သူ့ဆီ ဝိုင်းအုံသွားပြန်သည်။

ရိုးရိုးကုပ်ကုပ်နေတတ်သော အကယ်ဒမီနှစ်ဆုရှင် တွမ်ဟင့်သည် နောက်နားက ချောင်ကျသော စားပွဲတစ်လုံးမှာထိုင်နေသည်။ သူ့ကိုယ်သူ ပွဲကြည့်ပရိသတ် တစ်ယောက်လို သဘောထားပြီး သူများတွေပျော်ပါးမြူးထူးနေတာကို ကြည့်နေသည်။
ခဏကြာတော့ ရစ်ချတ်ဂီယာရောက်လာပြီး ဝင်ထိုင်သည်။

"ဘယ်လိုလဲ တွမ်၊ ပျင်းနေပြီလားကွ"

ရစ်ချတ်ဂီယာက မေးသည်။ တွမ်ဟင့်က...

"အေးကွာ၊ ငါတို့ရုပ်ရှင်သမားတွေက အမြဲတမ်းလူတွေအများကြီးနဲ့ ရုတ်ရုတ်သဲသဲ နေကြရတာဆိုတော့ ဒါမျိုးပွဲတွေကို ငြီးငွေ့နေပြီကွာ၊ နားအေးပါးအေးပဲ နေချင်တယ်"

"ဒါကြောင့်မင်းကိုငါပြောတာပေါ့၊ မင်းနဲ့ငါနဲ့ အတူတူပဉ္ဇင်းတက်ကြရအောင်ပါလို့"

"အဲဒီအခါကျတော့လည်း စူပါမင်းသားနှစ်ယောက် တစ်ပြိုင်တည်းပဉ္ဇင်းတက်တာ သတင်းထူးပဲဆိုပြီး စာနယ်ဇင်းသမားတွေက လိုက်လာကြဦးမှာပဲ၊ မင်းသမီးတွေကလည်း သိမ်ထွက်မှာ စောင့်လောင်းကြဦးမယ်၊ ဘုန်းကြီးဝတ်ကြီးနဲ့ အင်တာဗျူးအလုပ်ခံရရင်လည်း
ဒုက္ခ၊ မလွယ်ပါဘူးကွာ၊ မင်းသားလုပ်ရတာ လွတ်လပ်ခွင့်တွေ သိပ်ဆုံးရှုံးတာပဲ"

"ဒါတော့ မတတ်နိုင်ဘူးလေကွာ၊ ကျော်ကြားမှုကိုလိုချင်ရင် လွတ်လပ်ခွင့်ကို အဆုံးရှုံးခံရမှာပဲ"

"ငါက ထင်ပေါ်ကျော်ကြားတာကို လိုချင်တာမဟုတ်ဘူး၊ အနုပညာရှင်အဖြစ်ကိုပဲ လိုချင်တာ"

ရစ်ချတ်ဂီယာက သဲ့သဲ့ရယ်လိုက်ပြီး...

"မင်းပြောပုံက အရက်ပဲ သောက်ချင်တာ မူးချင်တာမဟုတ်ဘူး ဆိုတာမျိုးဖြစ်နေပြီ၊ အေးလေ...ပြောသာပြောရတယ်၊ ငါလည်း တစ်ခါတစ်ခါတော့ ဒီဘဝကိုငြီးငွေ့လာတယ်၊ ငါတို့မင်းသား
မင်းသမီးတွေဟာ ဟန်ဆောင်ပန်ဆောင် အိုက်တင်တွေ လုပ်ရဖန်များလို့ တကယ့်လက်တွေ့ဘဝမှာတောင် အဲဒီအကျင့်ကြီးတွေ ပါလာကြသလားမသိဘူး။ တစ်ခါတစ်လေ တကယ်ဖြစ်နေတာလား၊ သရုပ်ဆောင်နေတာလားဆိုတာ ကိုယ့်ဟာကိုယ်တောင်
ခွဲခြားမရချင်ဘူး"

"ဟေ့ကောင်၊ နစ်ကိုးကို နှုတ်ဆက်ပြီးရင် ငါတို့နှစ်ယောက် စောစောစီးစီး အသာလျှိုပြီးပြန်လစ်ရအောင်ကွာ"

"ဘာလုပ်မလို့လဲ"

"အင်းလျားကန်ဘောင်ပေါ်မှာ လွတ်လွတ်လပ်လပ် သွားထိုင်ရင်းစကားပြောကြရအောင်ကွာ"

"ကောင်းသားပဲ၊ အမယ်၊ ဘာလဲ ဟေ့ကောင်၊ ဟိုရောက်ရင် အင်းလျားကန်ကြီးကိုငေးကြည့်ပြီး ပွင့်ဦးသီချင်းဆိုဦးမှာမဟုတ်လား"
"အေးကွ၊ တက္ကသိုလ်အလွမ်းပြေဆိုပါတော့ကွာ"

"မာလာဆောင်က ကောင်မလေးကို မင်းခုထိမမေ့နိုင်သေးဘူးလား"

"ငယ်ချစ်ကိုးကွ"

"အနုပညာသမားဆိုရင် ဘဝအာမခံချက်ရှိမှာမဟုတ်ဘူး ဆိုပြီး သူကမင်းကို ခါထုတ်ပစ်ခဲ့တာ၊ခုမှနောင်တရချင်ရနေမှာပဲနော်"

တွမ်ဟင့်က ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ မျက်လုံးတွေထဲမှာတော့ ဆွေးရိပ်သန်းနေ၏။

ထိုစဉ်တွင် ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်သွားသောကြောင့် လှမ်းကြည့်မိကြသည်။ မာရယ်စထရိဝင်လာခြင်းကြောင့်ဖြစ်၏။ သူသည် အဖြူရောင်ဝတ်စုံကိုသာ ရိုးရိုးလေး ဝတ်ထားသည်။ မျက်နှာကို
ဘာမှခြယ်သထားခြင်းမရှိ။ လက်ဝတ်ရတနာလည်း လုံးဝဝတ်စားခြင်းမရှိ။ နားကပ်ကလေးတောင် ပန်မလာခဲ့။ ဒါကိုက ထူးခြားမှု။ မာရယ်စထရိတစ်ယောက်လုံးဖြစ်နေမှတော့ ဒါတွေလိုသေးလို့လား
ဆိုသောသဘောဟု ဆိုကောင်းဆိုနိုင်သည်။ ဟုတ်လည်းဟုတ်သည်။

သူ့မျက်နှာသည် မင်းသမီးတစ်ယောက်အနေနှင့်ဆိုလျှင် ချောမောလှပသည်မဆိုနိုင်။ကိုယ်လုံးကိုယ်ပေါက်ကလည်း စွဲမက်စရာမရှိ။ ရှည်ရှည်ကိုင်းကိုင်း၊ မိန်းမမဆန်လှ။သို့ရာတွင် သရုပ်ဆောင်ပညာမှာတော့ သူမတူအောင် ထူးချွန်သည်။ ထိပ်တန်း မင်းသားတွေတောင် သူနဲ့တွဲပြီး ရိုက်ရတဲ့အခါ အတော်ကြိုးစားကြရသည်။စာနယ်ဇင်းသမားတစ်ယောက်က သူ့ကိုမေးသည်။

"မင်းသမီး ဘာကားထပ်ရိုက်ဖို့ အစီအစဉ်ရှိသေးလဲ"

"ကျွန်မနဲ့ရိုက်ဖို့ကမ်းလှမ်းထားတာ ငါးကားလောက်ရှိတယ်၊ အဲဒီထဲက တစ်ကားပဲ စိတ်တိုင်းကျတယ်၊ ဒီနှစ်တော့ ဒီတစ်ကားပဲ ရိုက်ဖြစ်တော့မယ်ထင်တယ်"

"ဘယ်မင်းသားနဲ့တွဲရမှာလဲ"

"ဒပ်စတင်ဟော့ဖ်မင်းနဲ့လေ"

"ဒပ်စတင်နဲ့ရိုက်ရမှာမို့ ဒီကားကို လက်ခံလိုက်တာလို့ကော ဆိုနိုင်သလား"

"သိပ်သေချာတာပေါ့၊ ဒပ်စတင်နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေတယ်၊ သူကနားလည်မှုလည်းရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မလျှော့တမ်း ပြိုင်ပြီး သရုပ်ဆောင်ရတာ သိပ်ပျော်စရာကောင်းတယ်"

မာရယ်စထရိက ဒီအတိုင်းပဲ။ ဇာတ်ကားတွေ များများ လက်ခံလေ့မရှိ။ တစ်နှစ်လုံးမှ တစ်ကားနှစ်ကားသာ ရိုက်လေ့ရှိ၏။ ရိုက်တဲ့ကားတိုင်းလည်း အကယ်ဒမီ ဆန်ခါတင် အဆင့်ဝင်သည်။
တကယ်ရခဲ့တာတော့ နှစ်ဆုရှိပြီ။

ခုချိန်မှာ စာနယ်ဇင်းဆရာတွေ စိတ်အဝင်စားဆုံး ပုဂ္ဂိုလ်ကတော့ တွမ်ခရုစ်ပင်ဖြစ်၏။ သူနှင့်မွေးနေ့ရှင် နစ်ကိုးကစ်မင်းတို့၏ အိမ်ထောင်ရေးမှာ အဆင်မပြေ။ အက်သံကွဲသံ ထွက်နေသည်ဟု
သတင်းပြေးနေသည်။

ဒီပွဲမှာ တွမ်ခရုစ်က မွေးနေ့ရှင် သူ့ဇနီး ပွဲမထွက်လာခင် ဧည့်သည်တွေကို ဧည့်ခံပေးနေသည်။သူတို့နှစ်ယောက်မှာ မင်းသား မင်းသမီးတွေပီပီ လူရှေ့သူရှေ့မှာတော့ ပိပိရိရိ ဟန်ဆောင်နိုင်
ကြသည်။ ဘာမှ ပြဿနာမရှိသည့်ပုံမျိုး။ အိမ်မှာဆိုလျှင်တော့ စကားတောင် ဟက်ဟက်ပက်ပက် မပြောကြတော့။ တွမ်ခရုကလည်း သူ့စာဖတ်ခန်းထဲမှာ ခွဲအိပ်နေတာ နှစ်လသုံးလလောက်ရှိပြီ။
ငွေရေးကြေးရေးနှင့် ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ သဘောတူညီမှုမရသေးလို့သာ တရားဝင် မဖြစ်သေးတာ၊ လမ်းခွဲဖို့က သေချာနေပြီဟု ဆိုသည်။

ထိုသတင်းမှာ သူတို့အိမ်က မာလီကိုယ်တိုင်က ပြောခဲ့ခြင်းဖြစ်၏။ ဒီိလိုကိစ္စမျိုးအတွက် စပယ်ရှယ်လစ် ဖြစ်သော သတင်းဆောင်းပါးရှင်တစ်ဦးက အရက်ကြိုက်တတ်သော မာလီကို
မူးအောင်တိုက်ပြီး အစ်အောက်မေးရာမှသိခဲ့ရခြင်းဖြစ်၏။

ထို့ကြောင့် ဒီနေ့အဖို့ အဆိုပါသတင်း အကြောင်း ရနိုင်သလောက်နှိုက်ထုတ်ဖို့ စိတ်အားထက်သန်နေကြသည်။ တွမ်ခရုစ်နားမှာ စာနယ်ဇင်းဆရာတွေ ဝိုင်းပြီးဗျူးကြသည်။ အစပိုင်းတွင်
ဘာကားရိုက်နေသလဲ ဘာညာမေးရိုးမေးစဉ် မေးရာမှ တဖြည်းဖြည်း ကျုံးသွင်းဖို့ ကြိုးစားကြ၏။
တစ်ယောက်က...

"ဒါနဲ့ မင်းသားနဲ့ နစ်ကိုးတို့ဇနီးမောင်နှံ နှစ်ယောက်တွဲပြီး ရိုက်ဖို့အစီအစဉ်ရှိသေးလာ သိပါရစေ"

တွမ်ခရုစ်က...

"လင်မယားဆိုတာ အပြင်မှာသာ တွဲချင်တိုင်း တွဲလို့ရတာဗျ၊ ရုပ်ရှင်ထဲမှာ တွဲဖို့ကျတော့ ထုတ်လုပ်သူတွေက လာငှားမှဖြစ်တာကိုး"

ဟု လိမ်လိမ်မာမာ ရှောင်ပြီးဖြေသည်။ နောက်တစ်ယောက်က တစ်ဆင့်တက်လာပြန်သည်။

"မင်းသားက စာဖတ်တော်တော်ဝါသနာပါတယ်နော်"

"ဘာဖြစ်လို့လဲ"

"ဩော်...ခုတလော အိမ်မှာနေရင် စာဖတ်ခန်းထဲမှာပဲ အချိန်ကုန်တတ်တယ်လို့ သတင်းကြားရလို့ပါ"

"စာအုပ်ဆိုတာ အကောင်းဆုံးမိတ်ဆွေပဲလို့ ပညာရှိတွေ ပြောကြတယ်မဟုတ်လားဗျာ"

စိတ်မရှည်နိုင်သော လူငယ်စာနယ်ဇင်းသမားတစ်ဦးက အတင့်ရဲသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

"မင်းသားအနေနဲ့ မကြာခင်မှာ လူပျိုဘဝကို တစ်ကျော့ပြန်သွားလိမ့်မယ်လို့ ထင်ကြေး ပေးနေကြတာကို ဘာများမှတ်ချက်ပေးလိုပါသလဲ"

တွမ်ခရုစ်က ရယ်လိုက်ပြီး....

"ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်တောင် မသိသေးဘဲနဲ့ ဆရာက ကြိုသိသလိုဖြစ်နေပါလား၊ဧကန္တတော့ ဆရာက ဂမ္ဘီရပညာမှာ တော်တော်ပေါက်မြောက်နေပြီထင်တယ်၊ ယတြာလေးဘာလေး ချေလို့ရမယ်ဆိုရင်လည်း ညွှန်ကြားပေးပါဦးခင်ဗျာ...ဟဲ ဟဲ"

အရိပ်အမြွက်လောက်တော့ ပွင့်အန်ထွက်လာပြီဟု ယူဆကြသည်။ မင်းသားကလည်းနောက်သလိုပြောင်သလိုလုပ်ရင်း ဝန်ခံတော့မလိုလို ငြင်းလိုက်တော့မလိုလို ဝေ့လည်လည်ရှောင်ထွက်ဖို့ ကြိုးစားနေသည်။ ဝါရင့်ဆရာတစ်ယောက်က မေးခွန်းတစ်ခုကို ဖြတ်မေးလိုက်သည်။

"ဒါနဲ့ မင်းသားကဘာအတွက် ယတြာချေချင်တာလဲ"

တွမ်ခရုစ် မျက်ခုံးပင့်လိုက်သည်။ တစ်ချက်တွေ သွားပြီး တစ်စုံတစ်ခု ပြောမည်အပြု...

"ကြွရောက်လာကြတဲ့ အနုပညာရှင်မိတ်ဆွေများခင်ဗျား..."

အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးသော ရပ်ဆဲခရိုး၏ အသံထွက်ပေါ်လာသည်။ ပရိသတ်အားလုံး စင်မြင့်ဆီသို့ အာရုံရောက်သွားကြ၏။ တွမ်ခရုစ်လည်း မသိမသာသက်ပြင်းချ၏။ 'အခမ်းအနားစတော့မယ်၊ ခွင့်ပြုပါဦး' ဟုပြောပြီး စင်မြင့်ဆီလျှောက်သွားသည်။

"ခုချိန်ကစပြီး နစ်ကိုးကစ်မင်းရဲ့ နှစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မင်္ဂလာ အခမ်းအနား စတင်ကြောင်း၊ကြေညာအပ်ပါတယ်ခင်ဗျား"

လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။ ထို့နောက် မီးရောင်တွေမှိန်သွားသည်။ အကယ်ဒမီပေးပွဲမှာလို ဆလိုက်မီးတွေက ဟိုဒီလျှောက်ထိုးရင်းရှာဖွေနေသည်။ ပရိသတ်ကြီးသည် နစ်ကိုးကစ်မင်းဘယ်က ပေါ်လာမလဲဟု စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။

ဆလိုက်မီးမောင်းသည် စင်မြင့်နောက်နားရှိ ထွက်ပေါက်ဆီသို့ထိုးလိုက်သည်။ အပေါက်ဝမှာ လူတစ်ယောက်ပေါ်လာသည်။ နစ်ကိုးကစ်မင်းမဟုတ်။ နစ်ကိုး၏ ပုံတူမျက်နှာဖုံးကို စွပ်ထားသော
လူတစ်ယောက်သာဖြစ်သည်။ ထိုသူက မျက်နှာဖုံးကို ဆွဲချွတ်လိုက်ရာ ဟာသမင်းသား ဂျင်ကာရေးဖြစ်နေကြောင်းတွေ့ရသည်။

ပရိသတ်ကြီး ပွဲကျသွား၏။ ဂျင်ကာရေးက ပြောင်စပ်စပ်လုပ်ပြလိုက်ပြီးမှ အပေါ်ကို လက်ညှိုးထိုးပြသည်။ ဆလိုက်မီးသည် အပေါ်ကိုဖျတ်ခနဲရွှေ့လျားသွားသည်။မျက်နှာကြက်တစ်နေရာမှ အံဖုံးတစ်ခုပွင့်လာ၏။ အထဲက နစ်ကိုးကစ်မင်းထွက်ပေါ်လာသည်။သူသည် လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ငှက်တစ်ကောင်လိုလေထဲမှာ ဝေ့ဝိုက်လှည့်ပတ်ပျံဝဲနေသည်။ ရုပ်ရှင်တွေထဲမှာ လုပ်သလို စက်သီးကြိုးနှင့် ဆွဲထားခြင်းမဟုတ်။ တကယ်ကို လွတ်လွတ်လပ်လပ်ပျံဝဲနေခြင်းဖြစ်၏။

ပရိသတ်ကြီးမှာ ရင်သပ်ရှုမော အံ့ဩငေးမောနေကြသည်။
သူသည် ပဝါရှည်ကြီးကို တလွင့်လွင့်ဖြစ်အောင် ပျံဝဲပြနေလိုက်တာ ဇာမဏီငှက်တစ်ကောင်လားထင်ရ၏။ အတန်ကြာအောင် ပျံဝဲပြီးမှ စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာဆင်းသက်လာသည်။ ပရိသတ်ကြီး၏
လက်ခုပ်ဩဘာသံမှာ ခန်းမတစ်ခုလုံးဟိန်းထွက်သွားသည်။

ခုလိုလေထဲမှာ ပျံဝဲနိုင်အောင် ပဉ္စလက်အတတ်ပညာဖြင့် စီစဉ်ပေးခဲ့သော မျက်လှည့်ဝိဇ္ဇာဒေးဗစ်ကော်ပါဖီးကတော့ မှောင်ရိပ်ကျသော တစ်နေရာမှ ပြုံးပြုံးကြီး စောင့်ကြည့်နေလေသည်။

* * * * *

ချက်ကော့သည် စာရေးဆရာမဖြစ်ခင်က ဆေးတက္ကသိုလ်ကျောင်းသားဖြစ်၏။ သူ့မိဘတွေက နယ်မြို့တစ်မြို့မှာနေသည်။ ချမ်းချမ်းသာသာထဲကတော့မဟုတ်။ ချက်ကော့၏ ကျောင်းစရိတ်
အတွက် အတော်ကြိုးစားထောက်ပံ့နေရသည်။

ချက်ကော့က လွတ်လွတ်လပ်လပ်နေချင်သောကြောင့် ကျောင်းကအဆောင်မှာမနေဘဲ အပြင်ဆောင်မှာ ငှားနေသည်။ ဒီမှာတွင်ပဲ သူ့ဘဝအချိုးအကွေ့ စတင်ပေါ်ပေါက်လာရခြင်းဖြစ်လေ၏။

သူငှားနေသော အဆောင်ပိုင်ရှင်သမီး အင်နာက တော်တော်လှသည်။ ထို့ကြောင့် ချက်ကော့က စိတ်ဝင်စားမိသည်။ အင်နာကလည်း ဆေးကျောင်းသားဖြစ်သော ချက်ကော့ကို အထင်ကြီးသည်။
ထို့ကြောင့် သူတို့နှစ်ယောက်ချစ်သူများဖြစ်ခဲ့ကြသည်။

အင်နာတို့အဖေသိသွားသောအခါ သဘောမတူဘူးဆို၏။ အမှန်မှာ တကယ်သဘောမတူခြင်းတော့ မဟုတ်။ ဆေးကျောင်းသားတစ်ယောက်ကို သမက်ဖမ်းသည်ဟု အထင်ခံရမှာစိုးသောကြောင့်
သိက္ခာအရပြောခြင်းသာဖြစ်၏။

ဒါကိုချက်ကော့တို့က တကယ်ထင်မှတ်ပြီး ခိုးပြေးကြသည်။ ချက်ကော့တို့ အဖေကြီးသည် သားကို ဆရာဝန်ဖြစ်စေချင်လွန်းသဖြင့် ခြစ်ခြုတ်ကုတ်ကပ်စုဆောင်းပြီး စရိတ်ထောက်ပံ့ခဲ့ရသည်။ ခုတော့ ဒင်းက မိန်းမယူရကောင်းလားဟု ဒေါသဖြစ်ရာမှ နှလုံးထိခိုက်ပြီး ကွယ်လွန်ခဲ့ရသည်။ သူ့အမေကလည်း ဒင်းကြောင့် ဖြစ်ရတယ်ဆိုပြီး အဆက်ဖြတ်ထားလိုက်သည်။

အင်နာတို့မိဘတွေကတော့ ပြန်ခေါ်ပြီး ကျောင်းဆက်ထားသည်။ သမီးဆရာဝန်ကတော်ဖြစ်ရေးကိုငဲ့ပြီး သူတို့ဘက်က လျှော့ပေးလိုက်ရခြင်းဖြစ်၏။

တကယ်တော့ချက်ကော့သည် စာတော်လို့သာ ဆေးကျောင်းတက်နေရသော်လည်း ဆရာဝန်အလုပ်ကို ဝါသနာပါသူမဟုတ်။ စာရေးဆရာဖြစ်ချင်သူ။ ထို့ကြောင့် စာပေသမားများရှိရာ မဂ္ဂဇင်းဂျာနယ်တိုက်များနှင့်သုံးဆယ့်သုံးလမ်းတစ်ဝိုက်မှာ ကျင်လည်ကျက်စားခဲ့သည်။ ဒီမှာတွင်ပဲ စာရေးဆရာပေါက်စဖြစ်သော ဂေါ်ကီနှင့် အသိအကျွမ်းဖြစ်ရသည်။ ဂေါ်ကီ၏အားပေးကူညီမှုဖြင့် စာပေနယ်ထဲ ဝင်ဆံ့ပြီး စာရေးဆရာဖြစ်လာ၏။

 တစ်ဖက်မှာလည်း ကျောင်းပျက်ရက်တွေများပြီး စာမေးပွဲတဖုတ်ဖုတ်ကျသည်။နောက်ဆုံးကျောင်းထွက်လိုက်ရသည်။ အင်နာတို့မိဘတွေကလည်း ဒီလောက်တော့ သဘောထားမကြီးနိုင်တော့။ ထို့ကြောင့် သီးခြားအိမ်ငှားပြီး ကိုယ့်အားကိုယ်ကိုးကြပေတော့ဟု ဆိုလာသည်။

အင်နာသည် အတော်မကျေမနပ်ဖြစ်ရသည်။ သူသည်ချက်ကော့ကို အထင်ကြီးပြီးချစ်ခဲ့မိခြင်းဖြစ်၏။တစ်နေ့တွင် ချက်ကော့က ဆရာဝန်ဖြစ်၊ သူကဆရာဝန်ကတော်ဖြစ်ပြီး သာယာအေးချမ်းသော
ဘဝဖြင့်မတောင့်မတ မကြောင့်မကြနေနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့မိ၏။ခုတော့ ဆရာဝန်ကတော်မဖြစ်ဘဲ စာရေးဆရာကတော်ဖြစ်နေရပြီ။ ချက်ကော့က စာရေးဆရာဆိုသော်လည်း လုံးချင်းဝတ္ထု
ရေးသူမဟုတ်။ ထို့ကြောင့် စာမူခလုံးခနဲ ခဲခနဲမရ။ 

သူက ဝတ္ထုတိုရေးသူသာဖြစ်သည်။ အလွန်ဆုံးမဂ္ဂဇင်း ဝတ္ထုရှည်လောက်သာရေးဖြစ်သည်။ သူ့ဝတ္ထုတွေကလည်း စာပေဝေဖန်ရေးဆရာများနှင့်စာဖတ်သက်ရင့်သူများသာ ကြိုက်နှစ်သက်သော ဘဝဆန်သည့် စာများဖြစ်သည်။ထို့ကြောင့် ဝင်ငွေသိပ်မကောင်း။ 

ကလေးတွေလည်းရှိလာသဖြင့် ချက်ကော့၏ စာမူခမှာ
စားဝတ်နေရေးအတွက် လောက်ငအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့။ ထို့ကြောင့် အင်နာသည်ဈေးရောင်းပြီး အိမ်စရိတ်ရှာရလေတော့သည်။ သူ၏စိတ်ကူးယဉ်အိပ်မက်ကလေးမှာလည်းကြေမွပျက်စီးခဲ့ရသည်။ သူမျှော်မှန်းခဲ့သော ဆရာဝန်ကတော်ဘဝနှင့် ယခုလက်ရှိဖြစ်နေသောဘဝမှာ လုံးဝတစ်ခြားစီဖြစ်၏။

ခုလိုဖြစ်ရတာ ဂေါ်ကီကြောင့်ဟု အင်နာယူဆသည်။ သူ့ယောက်ျားသည် ဂေါ်ကီနှင့် ပေါင်းမိလို့သာ စာပေဘက် အားသန်သွားရခြင်းဖြစ်သည်။ ဂေါ်ကီမြှောက်ပေးလို့ဖြစ်ရတာဆိုပြီး အခဲမကျေနိုင်။
ထို့ကြောင့် ဂေါ်ကီအိမ်ကိုလာလျှင် ဆူဆောင့်ပြီး ရန်လုပ်တတ်သည်။ ဂေါ်ကီကလည်း ဂရုမစိုက်။

"ဒီမှာ ခင်ဗျားယောက်ျား စာရေးဆရာဖြစ်တာကို ဂုဏ်ယူစမ်းပါ။ ခင်ဗျားစဉ်းစားကြည့်၊ရပ်ကွက်တစ်ခုမှာ ဆေးခန်းတစ်ခု ဆရာဝန်တစ်ယောက်တော့ အနည်းဆုံးရှိကြတာပဲ၊ ဒါပေမယ့် ရပ်ကွက်တစ်ခုမှာ စာရေးဆရာတစ်ယောက်ရှိဖို့တော့ ခဲယဉ်းတယ်၊ ကဲ...မဟုတ်ဘူးလား၊ကျုပ်ကိုတောင် ကျေးဇူးတင်သင့်တယ်"

ဟုဆိုတတ်သည်။

"ဩော်...ဟုတ်လား ကျေးဇူးရှင်ကြီးရယ်၊ ရှင့်လိုပြောကြေးဆိုရင် ကျုပ်တို့ရပ်ကွက်မှာ အိမ်သာတွင်းတူးတဲ့သူ တစ်ယောက်မှမရှိလို့ အကြောင်းပေါ်လာရင် ဟိုကွင်းစပ်ထိ သွားခေါ်ရတယ်၊ ဒါတောင်
မအားသေးဘူးလုပ်နေလို့ အရက်တိုက်ပါမယ်ဆိုပြီးပင့်ရတယ်၊ ကဲ...အဲဒီလူက ရှင်တို့ထက်ပိုပြီး တန်ဖိုးမရှိဘူးလား ရှားပါးသတ္တဝါကြီးရဲ့"ဟုအင်နာက ပြန်ပက်တတ်သည်။

ဒီအခါမျိုးမှာ ဂေါ်ကီကစိတ်မဆိုးတဲ့အပြင် အဲဒီအိမ်သာတွင်းတူးတဲ့သူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး ချက်ကော့ကို လိုက်ပို့ခိုင်းသည်။ ဟိုလူက အလုပ်သွားနေတယ်ဆိုတော့ မရရအောင် လိုက်ရှာသည်။
ပြီးတော့ အိမ်သာတွင်းတူးရာမှာ ဝင်ကူလုပ်ပေးသည်။ ညနေကျတော့ အရက်ဆိုင်ခေါ်သွားပြီး အိမ်သာတွင်းတူးဘဝသမားအကြောင်းမေးမြန်းလေ့လာသည်။ ဒီနောက်မှာတော့ ဘဝသရုပ်ဖော်
ဝတ္ထုကောင်းတစ်ပုဒ်ရေးဖြစ်သွားလေသည်။

တစ်ခုရှိတာက ဂေါ်ကီသည် ချက်ကော့တို့အိမ်လာလည်လျှင် ဘီအီးတစ်လုံးနှင့် အမြည်းများဝယ်လာတတ်သည်။ အင်နာနှင့်ကလေးတွေအတွက်လည်း ခေါက်ဆွဲကြော်တို့ ဝက်ခေါင်းသုပ်တို့
ဝယ်လာတတ်သည်။ တော်စတွိုင်းကိုပါ ခေါ်ပြီး သုံးယောက်သား သောက်ကြသည်။ ဂေါ်ကီမူးလာပြီဆို'တောသားကြီး'သီချင်းကို အသံဩဩကြီးနှင့်ဆိုတတ်သည်။ ထို့ကြောင့် ဂေါ်ကီလာလျှင် ကလေးတွေက ပျော်ကြသည်။

"တဲထလက်ကယ်နဲ့.... ဘဲကြက်သံနာခံပါလို့.... ကြီးရော့သလား.... ကိုင်းခုတ်ရာတွင်... ထာဝစဉ် နေဝင်နေထွက်... အလုအယက် သူ့ထက်ငါလျှင်... လုပ်ငန်းတွင်အောင်..."ဟု ဂေါ်ကီက ဆွဲဆွဲငင်ငင် ဆိုလိုက်သောအခါ တော်စတွိုင်းသည် ရွာကို ခဏပြန်ပို့ထားရသော ချစ်ဇနီးဆိုညာနှင့် သားသမီးတွေကို
ဖျတ်ခနဲ သတိရလွမ်းဆွတ်မိတတ်လေသည်။

တကယ်တော့ ချက်ကော့နှင့်စာလျှင် သူ့အိမ်ထောင်ရေးက ပို၍အဆင်ပြေသည်ဟု ဆိုရမည်။သူ့ဇနီးကတောသူ။ ငယ်ငယ်တုန်းကတော့ ရွာမှာကွမ်းတောင်ကိုင်ပန်းတောင်ကိုင်စာရင်းဝင်ပေါ့။

တော်စတွိုင်းက သူကြီးသားဖြစ်၏။ သူ့အဖေက လယ်တွေယာတွေလည်း အတော်အသင့်ပိုင်သောကြောင့်ချောင်ချောင်လည်လည်ရှိသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာလည်း သွားတက်ခွင့်ရခဲ့သည်။

ဒီလိုအရည်အချင်းတွေ ရှိသူဆိုတော့ ရွာမှာ အလှဆုံးဖြစ်သော ဆိုညာနှင့်သာထိုက်တန်သည်ဟုအားလုံးက ယူဆကြသည်။ လူကြီးချင်းလည်းသဘောတူသည်။ လူငယ်ချင်းကလည်း အပြန်အလှန်
သံယောဇဉ်ရှိသည်။

သူတို့နှစ်ယောက်၏လက်ထပ်ပွဲသည် ရွာမှာတော့ အကြီးအကျယ်ဆုံးအဖြစ် ပြောစမှတ်ပြုရသည်။တစ်ရွာလုံးမီးခိုးတိတ်ပဲ။ ကျွေးတာကလည်း ကြက်သားဟင်း၊ ဝက်သားဘီးကြော့ပတ်တုံးကြီးနှပ်ချက်၊
ငါးရံ့ခြောက်ထောင်းကြော်၊ သရက်သီးသုပ်၊ မယ်ဇလီဟင်းချို၊ ငါးပိကြော်။ ဒါတွင်မက မြို့ပေါ်က တကူးတကန့်ဝယ်ယူခဲ့သော လိုင်းမကြူးဖျော်ရည်လည်း တိုက်သေးသည်။ အငြိမ့်တွေ ဆိုင်းဝိုင်းတွေ
နဲ့လည်း ဧည့်ခံသေးသည်။

လက်ဖွဲ့ငွေတွေ ပစ္စည်းတွေလည်း မနည်းမနောရသည်။ လယ်ပိုင်ရှင်တွေဆိုလျှင် လယ်ဧကလိုက် နွားအရှဉ်းလိုက်လက်ဖွဲ့ကြသည်။ တော်စတွိုင်းသည် မြို့ကျောင်းမှာ နေခဲ့သဖြင် အမြင်ကျယ်လာသည်။ အထူးသဖြင့် သူ့ဆရာ၏ လမ်းညွှန်မှုကြောင့် စာအုပ်တွေဖတ်ခွင့်ရသည်။ စာပေကို ဝါသနာပါလာသည်။

မိဘလက်ငုတ်ဖြစ်သောလယ်ယာလုပ်ငန်းကို စိတ်မဝင်စား။ အဖေမရှိလျှင် ဆက်ခံရမည့်သူကြီးရာထူးကိုလည်းမမက်မော။
သူက စာရေးဆရာသာဖြစ်ချင်သည်။ ထို့ကြောင့် မိဘတွေကွယ်လွန်သွားသောအခါ ရှိသမျှပိုင်သမျှပစ္စည်းတွေ၊လယ်တွေ၊ နွားတွေကို ရောင်းတန်ရောင်း၊ ပေးတန်ပေး၊ လှူတန်လှူပြီး
မြို့ပေါ်တက်လာခဲ့သည်။ စာပေလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။

ဇနီးဖြစ်သူ ဆိုညာကလည်း ပါရမီဖြည့်ဖက်ပီသလှသည်။ တော်စတွိုင်း၏ ဆန္ဒကိုလိုက်လျောဖြည့်ဆည်းပေးခဲ့သည်။ စာပေနယ်မှာ ရုန်းကန်လှုပ်ရှားရင်း ရှိတာလေးကုန်သွားတော့လည်း မညည်းမညူဆက်လက်ရင်ဆိုင်သည်။

တော်စတွိုင်းရသည့် စာမူခနှင့် မလောက်မငဖြစ်လာသောအခါမှာလည်း ရွာကိုပြန်ပြီး သူ့အမျိုးတွေဆီကဆန်ကလေး ပဲကလေးကအစ ငါးပိငါးခြောက်ကလေးကအစ သွားဆွဲလာပြီး
စားဝတ်နေရေးကို ကြံဖန်ဖြေရှင်းခဲ့သည်။နောက်ဆုံးဘယ်လိုမှ ဆက်လက်ရပ်တည်ဖို့ မလွယ်တော့သောအခါကျမှ ကလေးတွေခေါ်ပြီး ရွာမှာခဏပြန်ခိုခဲ့ခြင်းဖြစ်သည်။ ဆွေမျိုးတွေကလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားကြသည်။တော်စတွိုင်းကိုလည်း အပြစ်မတင်ကြ။

တော်စတွိုင်းက စိတ်ရင်းကောင်းသူဖြစ်၏။ ရွာမှာနေခဲ့တုန်းက အပေးအကမ်းရက်ရောသည်။သူမြို့ကိုတက်ခါနီးတော့ သူတို့ဆီမှာ အလုပ်လုပ်သော သူရင်းငှားတွေကို လယ်တစ်ကွက်ဆီ
အပိုင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တော်စတွိုင်းတို့နွမ်းပါးနေချိန်မှာ တစ်လှည့်တစ်ပြန် စောင့်ရှောက်ကြခြင်းဖြစ်၏။

ဆွေမျိုးသားချင်းတွေကလည်း တော်စတွိုင်း ဆင်းရဲနေတာကို အထင်မသေးတဲ့အပြင် သူတို့ရွာက နာမည်ကြီး စာရေးဆရာ ထွက်တယ်ဆိုပြီး ဂုဏ်တောင်ယူနေကြသေးသည်။

ဆွေမျိုးတွေမှာ ဘယ်လောက်ပဲကောင်းကောင်း ဆိုညာတို့ သားအမိတစ်တွေမှာ အားငယ်စိတ်ဝင်မိမှာတော့ သေချာသည်။ တော်စတွိုင်းသည် အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့်
စားဝတ်နေရေး ပြေလည်အောင်မဖန်တီးပေးနိုင်သဖြင့် တာဝန်မကျေသလိုခံစားရသည်။သူ့အပေါ်နားလည်လွန်းရှာသော ဆိုညာတို့သားအမိတွေကိုလည်း ဂရုဏာသက်မိ၏။

ခုရေးနေသည့် လုံးချင်းဝတ္ထုထုတ်ဝေဖို့ အဆင်ပြေခဲ့လျှင်တော့ ဆိုညာနှင့်ကလေးများကို ပြန်ခေါ်မည်။လုံးချင်းဝတ္ထုဆိုတော့ စာမူခတစ်လုံးတစ်ခဲတည်းရနိုင်သည်။ ဒီငွေကလေးနဲ့ အိမ်ဆိုင်လေး
တစ်ဆိုင်တည်ထားနိုင်လျှင် အထိုက်အလျှောက် ပြေလည်နိုင်သည်ဟု စိတ်ကူးယဉ်နေမိသည်။

ဂေါ်ကီကတော့ 'တောသားကြီး'သီချင်းကို ခံစားမှုအပြည့်ပါသော အသံနှင့် ဟဲလို့ကောင်းတုန်း။

"မောင်ဂေါ်ကီ ပြောကြားမယ်၊ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်၊ ထင်တာတွေ အကုန်လုံး မှားကြမယ်၊ ရတနာသုံးပါးလည်း ကြည်ညိုတယ်၊ သံယောဇဉ်တွေခွေကာဝိုင်းတဲ့ ကာမဂုဏ်တိုင်းကို
အစဉ်ခွာမယ်၊ မြင်တာရယ်၊ ကြားတာရယ်၊ မွှေးတာရယ် အရသာရယ်... အတွေ့ဟူသမျှ ရှောင်ကာရှားမယ်၊တစ်ကိုယ်တည်းပင် တောထွက်သွားမယ်၊ တောသားကြီးပေါ့ကွယ်..."

-------------
မင်းလူ

( စတုတ္ထပိုင်းဆက်ရန်)

[ လူဗိုလ်ဟူသည် ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]



#ဂန္ထဝင်အိပ်မက် ( အပိုင်း - ၂)

#ဂန္ထဝင်အိပ်မက်

( အပိုင်း - ၂)

#မင်းလူ

ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုးတော့နပ်သည်။ ထိုအခန်းကြောင့်ပင် ဂျူလီယာရောဘတ် အကယ်ဒမီရခဲ့လေသည်။

ထို့ကြောင့် မာလစ်နှင့်ဆိုလျှင် ရိုက်ချင်ကြသည်။ မင်းသားမင်းသမီးတွေက သူ့ကိုလေးလည်းလေးစားသည်။ ဖိန့်ဖိန့်တုန်အောင်လည်း ကြောက်ကြသည်။

တစ်နေ့နေ့ မာလစ်လိုဖြစ်အောင်ကြိုးစားရမည်ဟု အော်လီဗာစတုန်း တွေးနေတုန်း.....

လင်ကွန်းကွန်တီနင်တယ် ကားကြီးတစ်စင်း ရိုက်ကွင်းတည်ထားရာ ခြံဝင်းထဲဝင်လာသည်။ ရှုတင်မန်နေဂျာသည် မလိုအပ်ဘဲ မင်းသမီး၏ ကားနောက်မှပြေးလိုက်လာ၏။ မင်းသမီးကိတ်ဝင်းစလက် ရောက်လာပြီ။ မင်းသမီးသည်ကားပေါ်မှာ ဆင်းပြီးစတုန်းဆီသို့ လျှောက်လာသည်။ အင်္ကျီလက်ပြတ်ဝတ်ထားသောကြောင့် လက်မောင်းကိုကောင်းစွာ မြင်နိုင်သည်။ သူ့ကိုယ်သူ လက်မောင်းလှကြောင်း သိထားသောကြောင့် လက်ပြတ်အင်္ကျီကို အမြဲလို ဝတ်လေ့ရှိခြင်းဖြစ်၏။ ပြီးတော့ ပေါင်တံကို တင်းခနဲ တင်းခနဲနေအောင် တစ်ဖြောင့်တည်းထား၍လျှောက်လာနေသည်။ စတုန်းတောင် ရင်ခုန်ချင်သလိုဖြစ်သွား၏။

"ပိုလီယို မရောက်သေးဘူး မဟုတ်လား"

ဟုမေးရင်း အနားမှာ လာရပ်သည်။ ပိုလီယိုဆိုသည်မှာ လီယိုနာဒိုကို နာမည်ပြောင်ဖြင့်ခေါ်ခြင်းဖြစ်၏။ သူနောက်ကျသည့်အပြစ်ကို ဖုံးကွယ်ရန် လီယိုနာဒိုကို အကာအကွယ်ယူလိုက်ခြင်းလည်းဖြစ်၏။ စတုန်းက ခေါင်းသာ ဆတ်ပြလိုက်သည်။

ကိတ်ဝင်းစလက်က...

"ကိတ်ကိတ်လည်း အစောကြီးကတည်းက ထွက်လာမလို့ပါပဲ၊ ပွဲစားတစ်ယောက် ရောက်လာပြီး စိန်လက်စွပ်တစ်ကွင်းလာပြလို့ ဈေးစကားပြောနေရတာနဲ့ အချိန်လင့်သွားတာ၊ ဝယ်တော့ဝယ်ဖြစ်သွားပါတယ်၊ ဒီမှာလေ...မလှဘူးလား"

ဆိုပြီး လက်ကို စတုန်း၏မျက်နှာနား ကပ်ပြသည်။
စိန်လက်စွပ်က ခဲသားရောင် ဖျပ်ဖျပ်လက်နေသည်။ စိန်လက်စွပ်ထက် ကိတ်ကိတ်ခေါ်ကိတ်ဝင်းစလက်၏ကော့ပျံနေသော လက်ချောင်းကလေးတွေက ပိုတောင်လှသေးသည်ဟု ထင်မိ၏။

* * * * *

သွေးတွေက အင်္ကျီပေါ်ကို တောက်ခနဲ တောက်ခနဲကျနေသည်။ သွေးစွန်းသောကြောင့် အင်္ကျီပေကျံကုန်ပြီဟုပြောရမှာတော့ ခပ်ခက်ခက်ပဲ။ နဂိုကတည်းက အင်္ကျီပေါ်မှာ ဆေးရောင်မျိုးစုံစွန်းပေနှင့်
့်ပြီးသားရှိနေသောကြောင့်ဖြစ်သည်။ သွေးစက်များကြောင့် အနီရောင်တစ်မျိုး ထပ်တိုးလာသည်ဟု ပြောလျှင် ပိုသင့်တော်မည်ထင်သည်။

အင်္ကျီကလည်း မလျှော်မဖွပ်ဘဲဝတ်နေတာ ဘယ်လောက် ကြာပြီလဲမသိ။ ညစ်ထပ်ထပ်ဖြစ်ပြီး နဂိုကဘာအရောင်ဆိုတာတောင် မသိနိုင်တော့။ ရေလည်း မှန်မှန်မချိုးဘူး ထင်ရဲ့။ သူ့ကိုယ်က ချဉ်စုတ်စုတ်အနံ့တွေ ထွက်နေ၏။

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်း ထူလပျစ်နဲ့။
ဘာပဲဖြစ်ဖြစ် ဒဏ်ရာကို အရင်ဆုံး ဆေးကြောသန့်စင်ပေးရမည်။ ဒီလောက် ညစ်ပေတဲ့လူတော်ရုံတန်ရုံသန့်ရှင်းလို့မဖြစ်ဘူးဆိုပြီး ဂွမ်းခပ်ကြီးကြီးယူ၊ အရက်ပြန် ခပ်ရွှဲရွှဲဆွတ်ပြီး ဒဏ်ရာကို သုတ်သင်လိုက်သည်။

ဘယ်လောက်သတ္တိကောင်းတဲ့လူဖြစ်ဖြစ် အနာကို အရက်ပြန်ထိလျှင် အနည်းဆုံး တွန့်ခနဲတော့ ဖြစ်သွားတတ်ကြသည်။
ဒီပုဂ္ဂိုလ်ကတော့ ဒီလိုမဟုတ်။ သူ့ကို ရေမွှေးဆွတ်ပေးနေတယ်များ အောက်မေ့နေသလားမသိ။ ဒါတွင်မကသေး။အရက်ပြန်နံ့ကိုရသောအခါ လျှာကိုသပ်ပြီး တံတွေးတောင်မျိုချလိုက်သေးသည်။

သူကားနာမည်ကျော် ပန်းချီဆရာကြီး ဗင်ဂိုးပင်ဖြစ်လေ၏။
သူက အရက်ကြိုက်တတ်သည်။ မူးလျှင်လည်း အတော်သွေးဆိုးသည်။ အသောက်လွန်သွားလျှင် အရူးတစ်ယောက်လိုဖြစ်သွားပြီး လုပ်ချင်ရာလုပ်တတ်သည်ဟု နာမည်ထွက်သည်။

ထို့ကြောင့် ဆေးရုံဆေးခန်းတွေက သူ့ဆိုလျှင်လန့်ကြသည်။ တစ်ခါက ဘာမှမစားဘဲအရက်ချည်းလှိမ့်သောက်နေသဖြင့်အစာအိမ်ထိခိုက်ပြီး ဆေးရုံတက်ရသည်။ နည်းနည်းသက်သာလို့ ထနိုင်ရုံရှိသေး၊ အလစ်ခိုးထွက်ပြီး သွားသွားသောက်သည်။

ဆရာဝန်ကြီးက ရိပ်မိသဖြင့် ဗင်ဂိုးကို အပြင်ထွက်ခွင့်လုံးဝမပေးရန် ဆေးရုံစောင့်ကို မှာထားသည်။

ဒီအခါကျပြန်တော့ တစ်မျိုးကြံသည်။ သူ့အရင်းနှီးဆုံးသူငယ်ချင်း ဂေါ်ဂင်က ညနေဘက်ထမင်းလာပို့သလိုလုပ်ရင်းအရက်ဝယ်လာပေးသည်။ ဗင်ဂိုးက ဒါကိုဝှက်ထားပြီး ညကျမှ ခိုးသောက်သည်။ နောက်တော့ ဆေးရုံက ပေးတဲ့ဆေးတွေနဲ့အရက်နဲ့ ဓာတ်မတည့်ဖြစ်ပြီး သတိလစ်သွားသဖြင့် ဆရာဝန်တွေမှာ အတော်ကြိုးစားပြီးကုရသည်။ ကံကောင်းလို့မသေခဲ့ခြင်းဖြစ်၏။

ခုတစ်ခါတော့ နားရွက်မှာ ဒဏ်ရာရလာသောကြောင့် အေ-ဂျေခရိုနင်၏ဆေးခန်းကို ရောက်လာခြင်းဖြစ်၏။ ခရိုနင်သည်
ဆရာဝန်လည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သဖြင့် အနုပညာသမားတွေအပေါ်နားလည်မှုရှိသည်။ ဗင်ဂိုး၏ ပန်းချီအနုပညာ
ကိုလည်း အထင်ကြီးလေးစားသည်။

ခရိုနင်ခမျာ သိပ်တော့မစားသာလှပါ။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ အတော်များများ၏ ကျန်းမာရေးကိစ္စကို တာဝန်ယူကူညီဆောင်ရွက်ပေးနေရ၏။ ဒီလူတွေကလည်း သိတဲ့အတိုင်းပဲခပ်မွဲမွဲတွေသာများသဖြင့်ဆေးကုခရဖို့နေနေသာသာ ဆေးဖိုးတွေတောင် သူကစိုက်ရသေးသည်။ သူ့ဝင်ငွေတစ်ဝက်လောက်က ဒီစရိတ်တွေနှင့်ပဲ ကုန်ရတတ်သည်။

ညနေကျလျှင် ချားလ်ဒစ်ကင်းကို ဆေးရုံလိုက်ပို့ရဦးမည်။ ဒစ်ကင်းက အသည်းနည်းနည်း ရောင်ချင်သလိုဖြစ်နေသဖြင့်
အာထရာဆောင်း ရိုက်ကြည့်ရမည်။ ဗင်ဂိုး၏နားရွက်က ဒဏ်ရာကိုဆေးကြောပြီး စစ်ဆေးကြည့်တော့ အဖျားပိုင်းစုတ်ပြတ်သွားကြောင်းတွေ့ရ၏။ ဒဏ်ရာကိုချုပ်နေစဉ်မှာတောင် ဗင်ဂိုးက နားဖာချေးကလော်ခံသလို မှိန်းနေတာတွေ့ရသည်။

"မင်းတော်တော်ခက်တာပဲကွာ၊ နည်းနည်းလျှော့သောက်ပါလို့ပြောထားတာလည်းနားမထောင်ဘူး၊ မူးရင်လည်း သွေးဆိုးပြီးရန်ဖြစ်ချင်သေးတယ်၊ ဟိုတစ်ခါလဲ ဒါလီရဲ့ခေါင်းကို အရက်ပုလင်းနဲ့ရိုက်လို့ ကွဲသွားတာ ငါပဲချုပ်ပေးလိုက်ရတယ်၊ ကဲ...အခုကော ဘယ်သူနဲ့ ဘာဖြစ်လာပြန်သလဲ"ဟု ခရိုနင်က ကရုဏာဒေါသော လေသံဖြင့် မေးလိုက်၏။

ဗင်ဂိုးနားရွက်ပြတ်သွားသည့် ကိစ္စနှင့်ပက်သက်ပြီး ကောလဟာလတွေ ထွက်ခဲ့သေးသည်။ ဗင်ဂိုးသည် လမ်းထိပ်ကွမ်းယာဆိုင်က ကောင်မလေးကိုကြိုက်နေသည်။ ထို့ကြောင့် နေ့စဉ်ကွမ်းယာ သွားဝယ်စားသည်။ ကောင်မလေးကသူ့ကိုမကြိုက်။ ဝယ်သူမို့ လိုက်လိုက်လျောလျော ဆက်ဆံနေရခြင်းသာဖြစ်၏။ 

ဗင်ဂိုးကိုနာမည်ကျော် ပန်းချီဆရာအဖြစ်အထင်ကြီးသော်လည်း ပေပေတေတေနေတတ်ခြင်း၊ မူးလျှင်ရစ်တတ်ခြင်းတို့ကြောင့် သဘောမကျခြင်းဖြစ်၏။

ဗင်ဂိုးကတော့ နေ့စဉ် သွားမြဲသွားနေသည်။ တစ်ရက်မှာတော့ ဗင်ဂိုးက ခပ်ထွေထွေနှင့်.... "မင်းကသာလက်ခံမယ်ဆိုရင်
ငါ့ရင်ကိုခွဲ၊ နှလုံးသားကိုထုတ်ယူပြီး လက်ဆောင်ပေးလိုက်ချင်တယ်"ဟု ပြောသည်။ ကောင်မလေးက ရယ်သွမ်းသွေးပြီး....

"အမယ်လေး၊ ဒီလောက်ကြီးမလိုပါဘူး၊ နားရွက်ကလေး တစ်ဖက်လောက်ရရင်တော်ပါပြီ"ဟုနောက်လိုက်မိ၏။ ထိုအခါဗင်ဂိုးက 'တကယ်လား'ဆိုပြီး သူ့နားရွက်တစ်ဖက်ကိုဖြတ်ပေးလိုက်ခြင်းဖြစ်သတဲ့။

နောက်မူကွဲတစ်မျိုးကတော့.....

ဗင်ဂိုးကြိုက်နေသော ကောင်မလေးမှာ ကွမ်းယာဆိုင်က မဟုတ်။ ဝက်ခေါင်းသုပ်ရောင်းသော ကောင်မလေးသာဖြစ်၏။ဗင်ဂိုးက အရက်နဲ့မြည်းဖို့ ဝက်ခေါင်းသုပ်သွားသွားဝယ်ရင်း စိတ်ဝင်စားမိတာ။ တစ်ရက်မှာတော့ ဗင်ဂိုးရောက်လာပြီး....

"ဝက်ခေါင်းသုပ်တစ်ပွဲ ပါဆယ်လုပ်ပေးဟေ့၊ နားရွက်များများ ထည့်နော်"ဟုပြောသည်။

ကောင်မလေးက....

"နားရွက်ကုန်နေပြီ"

"ဟာ....ဝက်ခေါင်းသုပ်ထဲမှာ နားရွက်က အဓိကပဲဟာ၊ အရိုးနုလေးတွေက ထုတ်ထုတ် ထုတ်ထုတ်နဲ့သိပ်စားလို့ကောင်းတာဟ၊ နားရွက်မပါတော့ အလကားပဲပေါ့"

"ဒီလောက်တောင် နားရွက်ကြိုက်ရင်လဲ ကိုယ့်နားရွက်ပဲ ကိုယ်ဖြတ်ထည့်လိုက်တော့"

နေ့တိုင်းလိုလို လာပြီး လူကို စူးစူးရဲရဲ ကြည့်တတ်သောကြောင့် ကောင်မလေးက မကျေနပ်တာကြာပြီ။ ထို့ကြောင့်ခပ်ကောကောလေး ပြောလိုက်ခြင်းဖြစ်၏။

ဗင်ဂိုးက "အင်း...ကောင်းသားပဲ"ဟု ခပ်အေးအေးပြောရင်း ဝက်ခေါင်းလှီးသည့် ဓားကိုယူပြီး သူ့နားရွက်ကိုဖြတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆို၏။

ဒါတွေက ကောလဟာလတွေသာဖြစ်၏။

တကယ့်အဖြစ်မှန်ကတော့.....

ဗင်ဂိုးသည် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သော ပန်းချီဆရာ ပေါလ်ဂေါ်ဂင်နှင့် အတူနေသည်။ သူတို့နှစ်ယောက်ကစရိုက်ချင်းတူသည်။ ယမကာကြိုက်နှစ်သက်ပုံချင်း၊ သောက်လုံးကြီးပုံချင်းလဲ တူသည်။ သောက်ပြီးလျှင်လည်းငြင်းကြခုံကြရင်း မကြာခဏထသတ်ကြလေ့ရှိသည်။

အထူးသဖြင့် ပန်းချီအနုပညာအကြောင်း ငြင်းခုံကြခြင်းဖြစ်၏။ ဒီတစ်ခါတော့ ဗန်ဂိုး၏တချို့ပန်းချီကားများမှာသုံးထားသော အရောင်အတွဲအစပ်များသည် ကာလာသီအိုရီနှင့် မကိုက်ညီဟု ဂေါ်ဂင်က ဝေဖန်ရာမှ ပြဿနာဖြစ်ကြခြင်းဖြစ်၏။

"ဘာ၊ ကာလာသီအိုရီဟုတ်လား၊ အဲဒီသီအိုရီကို ဘယ်သူကထုတ်တာလဲ၊ ဘယ်သူကပြဋ္ဌာန်းတာလဲ၊ ငါပြဋ္ဌာန်းတာမှ မဟုတ်တာ၊ သူများထုတ်တဲ့ သီအိုရီကို ငါကဘာကြောင့် လိုက်နာရမှာလဲ၊ ငါဆွဲတဲ့ပန်းချီကားဟာ ငါ့သီအိုရီပဲ"ဟု ဗန်ဂိုးက ခွတိုက်သည်။

ဒီလိုနဲ့ ငြင်းကြခုံကြရင်း ဗန်ဂိုးက လက်ဝှေ့ယှဉ်ထိုးဖို့စိန်ခေါ်သည်။ ဂေါ်ဂင်ကလည်း လက်ခံပြီး ထိုးသတ်ကြသည်။ ဗင်ဂိုးက
အသတ်အပုတ်လည်းကျင်လည်သဖြင့် ဂေါ်ဂင်ချည်းပဲခံရသည်။ ဒီတော့ ဂေါ်ဂင်သည်ကြံမိကြံရာလုပ်သည်။ဗင်ဂိုးကိုအတင်းဝင်လုံးပြီး နားရွက်ကို ကိုက်ဖြတ်လိုက်သောကြောင့် ဗင်ဂိုး၏ နားရွက်ထိပ်ဖျားစုတ်ပြတ်သွားခြင်းဖြစ်လေ၏။

တကယ်တော့ သူတို့နှစ်ယောက်သည် ပေပေတေတေနေတတ်သော်လည်း ပန်းချီလက်ရာတွေကတော့အံ့ဩလောက်အောင် ပြောင်မြောက်သူများဖြစ်ကြ၏။ ဗင်ဂိုး၏ အာလူးစားသူများ ပန်းချီကားဆိုလျှင် အလွန်နာမည်ကြီးသည်။ အထူးသဖြင့် ဆာလောင်မွတ်သိပ်နေသော မျက်လုံးများကို ဆွဲထားတာပီပြင်လွန်းသဖြင့်
ကြည့်မိသူတိုင်း လက်ဖျားခါရလေသည်။

* * * * *

တော်စတွိုင်းနှင့် ချက်ကော့တို့ မဂ္ဂဇင်းတိုက်ထဲဝင်သွားချိန်တွင် တာဝန်ခံအယ်ဒီတာက တယ်လီဖုန်းပြောနေသည်။

ထို့ကြောင့် သူတို့လည်း အလိုက်သိစွာပင် အပေါက်ဝနားက ခုံတန်းလျားမှာ ထိုင်စောင့်နေလိုက်သည်။ တယ်လီဖုန်းလိုင်းကပဲ
မကောင်းလို့လား၊ နဂိုကပင် အသံကျယ်ကျယ် ပြောတတ်လို့လားမသိ။ တာဝန်ခံအယ်ဒီတာဖုန်းပြောနေသံကိုကောင်းကောင်းကြားနေရ၏။

"ဟုတ်ကဲ့ဆရာမ၊ ဩော်...ဟုတ်လား၊ ဟာ...ဘာပြောကောင်းမလဲ ဆရာမရယ်၊ ဆရာမရဲ့ ဝတ္ထုရှည် ဒီလပါမယ်လို့လဲ
ကြေညာလိုက်ရော ကိုယ်စားလှယ်တွေက မဂ္ဂဇင်းစောင်ရေတိုးပြီးမှာကြလို့ ဒီလနှစ်ထောင်လောက်ပိုရိုက်ရတယ်လေ၊ဩော်...ဒါလား၊ ဟဲ ဟဲ ဆရာမလည်း သိသားနဲ့၊ တစ်လတည်း အပြတ်ထည့်လို့တော့ ရတာပေါ့၊ ဒါပေမယ့် ပရိသတ်တွေ ပိုစိတ်ဝင်စားအောင် ကောင်းခန်းလေးမှာ ဖြတ်ထားပြီး ရှေ့လဆက်ဖတ်ပါလုပ်လိုက်ရတာပါ၊ဆရာမအတွက်လည်း ပိုတောင်ကောင်းသွားသေးတယ်၊ စာမူခ နှစ်လစာ ရမှာလေ"

တာဝန်ခံအယ်ဒီတာက ဖုန်းပြောနေရင်းက တော်စတွိုင်းနှင့် ချက်ကော့တို့ကိုမြင်ပြီး လက်လှမ်းပြ၍နှုတ်ဆက်သည်။

ထို့နောက် ဖုန်းဆက်ပြောသည်။ အသံတော့နည်းနည်းတိုးသွား၏။

"ခင်ဗျာ၊ ဟာ...မနည်းပါဘူးဆရာမရယ်၊ ဘယ်သူ့ကိုမှ မပေးသေးတဲ့ စာမူခနှုန်းနဲ့ပေးတာပါ၊ ဗျာ.. ဟုတ်ကဲ့ ဟုတ်ကဲ့၊
အယ်ဒီတာချုပ်ကို ပြောပေးပါ့မယ်၊ အဆင်ပြေမှာပါ၊ ဒီလိုလုပ်ပါလား၊ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ရေးပေးလေ၊ခြောက်လစာလောက်ပေါ့၊ ဒါဆို ကျွန်တော်တို့အတွက်လည်း အဆင်ပြေတယ်၊ ဆရာမလည်း လုံးချင်းဝတ္ထုတစ်ပုဒ် ရေးပြီးသားဖြစ်သွားတာပေါ့၊ စာမူခကိုလည်း ဆရာမပြောတဲ့အတိုင်း ဖြစ်အောင်စီစဉ်ပေးပါ့မယ်၊ ဩော်...ဒါနဲ့ ကျွန်တော်ထည့်ပေးလိုက်တဲ့ ဒူးရင်းယိုရလား၊ ဆရာမကြိုက်တတ်တယ်ဆိုလို့၊ အယ်ဒီတာချုပ်က ဘန်ကောက်ထိ
တကူးတက လှမ်းမှာပေးတာလေ၊ ဟုတ်ကဲ့....ဟိုကိစ္စလေးလည်း စဉ်းစားပေးပါဦး၊ ဒါပဲနော်"

တာဝန်ခံအယ်ဒီတာက ဖုန်းကိုချလိုက်သည်။ သူသည် အထက်အရာရှိကို အရေးကြီးသောကိစ္စအစီရင်ခံလိုက်ရသူတစ်ယောက်လို မောဟိုက်သွားဟန်တူသည်။ 'ဟူး'ခနဲ သက်ပြင်းမှုတ်ထုတ်လိုက်၏။ ပြီးမှ...."လာလေဆရာတို့"ဟုလှမ်းပြီး ဖိတ်မန္တကပြု၏။

ချက်ကော့နှင့်တော်စတွိုင်းတို့လည်း သူ့စားပွဲရှေ့က ကုလားထိုင်တွေ ဆွဲယူပြီး ထိုင်လိုက်၏။ ခုအတိုင်းဆိုလျှင်ဒီလထုတ်မဂ္ဂဇင်းထဲမှာ ချက်ကော့ဝတ္ထုမပါတာ သေချာနေပြီ။ စောစောက ဖုန်းဖြင့်ပြောဆိုနေပုံအရ နောက်လမှာလည်းမာရီကော်ရယ်လီ၏ ဝတ္ထုရှည် ဒုတိယပိုင်းကိုသာ ဆက်ထည့်ဖို့ စီစဉ်ထားကြောင်း သိရပြီ။ စာမူခရဖို့မျှော်လင့်ချက်လည်းမရှိတော့။

 သို့ရာတွင် အကျိုးအကြောင်း သိလိုသေးသဖြင့်..

."ကျွန်တော့် ဝတ္ထုရှည် အခြေအနေ ဘယ်လိုလဲ"ဟုချက်ကော့က မေးသည်။

တာဝန်ခံအယ်ဒီတာက အားနာပါးနာလေသံဖြင့်...

"ကျွန်တော်ကတော့ သိပ်ကြိုက်တာပဲဆရာ၊ ခုချိန်မှာ
ဘဝသရုပ်ဖော်ဝတ္ထုကောင်းကောင်းက ရှားနေပြီ မဟုတ်လား၊ အဲဒါ အယ်ဒီတာချုပ်ဆီ တင်ပြလိုက်တော့ဆရာ့ဝတ္ထုကရှည်လွန်းနေတယ်တဲ့၊ တစ်လတည်းအပြတ်ထည့်ဖို့စာမျက်နှာ အခက်အခဲရှိတယ်တဲ့"

ချက်ကော့က လှောင်သလိုလို ပြုံးလိုက်သည်။ သူ့ဝတ္ထုကျတော့ ရှည်နေလို့တဲ့။ မာရီကော်ရယ်လီရဲ့ဝတ္ထုကိုတော့ တစ်လတည်း အပြတ်ထည့်လို့ရလျက်နှင့် နှစ်လခွဲထည့်သည်။ သူ့အပြုံးကို
တာဝန်ခံအယ်ဒီတာကလည်း ရိပ်မိသည်။ ထို့ကြောင့်....

"သူ့ခေတ်နဲ့ သူကိုးဆရာရဲ့၊ ဘက်စ်ဆဲလားဆိုတော့လဲ ဦးစားပေးရတာပေါ့၊ ဆရာသိတဲ့အတိုင်းပဲ၊ ခုချိန်မှာကအပြင်းစား အချစ်ဝတ္ထု၊ ဒါမှမဟုတ် ဟာသဝတ္ထုမှ လူကြိုက်များတာကိုး၊ ဆရာ့အနေနဲ့ နည်းနည်းလောက်သည်းခံပြီးစောင့်လိုက်ပါဆရာရယ်၊ အဆင်ပြေတဲ့လမှာ ကျွန်တော်တို့ သုံးဖြစ်အောင်သုံးပါ့မယ်၊ မဂ္ဂဇင်းဂုဏ်သိက္ခာရှိဖို့
အတွက်က ဆရာတို့ရဲ့ဝတ္ထုတွေ ထည့်သင့်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"

တော်စတွိုင်းသည် အယ်ဒီတာကိုတောင် ပြန်သနားမိသလိုဖြစ်သွား၏။ ချက်ကော့ကတော့ အယ်ဒီတာတစ်ယောက်၏
လက်ရှိအနေအထားကို သဘောပေါက်သဖြင့် ခေါင်းကိုသာဆတ်ပြလိုက်သည်။ ထိုစဉ်တွင် အယ်ဒီတာ၏ လက်ထောက် လူငယ်က လက်ဆွဲအိတ်တစ်လုံးထဲကို ကင်မရာနှင့် အသံဖမ်းစက်ထည့်ပြီး စားပွဲပေါ်လာတင်သည်။ အပြင်သွားဖို့အချိန်ကျပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်၏။ ချက်ကော့တို့ကို ယဉ်ယဉ်ကျေးကျေးနှင်လိုက်သည့်သဘောလည်းဖြစ်၏။

အယ်ဒီတာက လက်ပတ်နာရီကိုကြည့်သည်။ ချက်ကော့ကလည်း အလိုက်သိစွာဖြင့်.....

"အပြင်သွားစရာရှိတယ်ထင်တယ်၊ ကျွန်တော်တို့လည်း သွားဦးမှ"ပြောပြီး ထရပ်သည်။

အယ်ဒီတာက...

"ဟုတ်တယ်၊ ဒီညနေ နစ်ကိုးကစ်မင်းရဲ့ မွေးနေ့ပွဲရှိတယ်လေ၊ မသွားလို့မဖြစ်ဘူးဆရာရဲ့၊ တခြားမဂ္ဂဇင်းတွေမှာ အဲဒီသတင်းပါလာပြီး ကျွန်တော်တို့ဆီမှာ မပါရင် အယ်ဒီတာချုပ်က ကျွန်တော့်ကို ထုလိမ့်မယ်၊ ဒီသတင်းက ပရိသတ်သည်းခြေကြိုက် သတင်းမျိုးကိုး၊ ကျွန်တော်တို့မှာလည်း မဂ္ဂဇင်းတွေဂျာနယ်တွေက များတော့ ဒီလိုပဲ
အပြိုင်အဆိုင်လုပ်နေကြရတာပဲ"

မဂ္ဂဇင်းအယ်ဒီတာချုပ် ဆိုသူမှာ စာပေဝါရင့်သူတစ်ယောက်တော့မဟုတ်။ စာပေကိုသိပ်ချစ်မြတ်နိုးသောအနုပညာသမားစစ်စစ်လည်း မဟုတ်။ သို့ရာတွင် သူက ဒီမဂ္ဂဇင်းအတွက် ငွေထုတ်ပေးသူ ပိုင်ရှင်ဆိုတော့....တာဝန်ခံအယ်ဒီတာသည် လွယ်အိတ်ကို လွယ်လိုက်သည်။ ထို့နောက် လေသံပျော့ပျော့ခပ်တိုးတိုးပြောသည်။

"ကျွန်တော်တို့ အယ်ဒီတာတွေဆိုတာ အနုပညာသမားနဲ့ စီးပွားရေးသမားကြားမှာ မလူးသာမလွန့်သာ ညပ်နေတဲ့သတ္တဝါတွေပါပဲဆရာတို့ရယ်"

ချက်ကော့က ပခုံးတွန့်ပြလိုက်သည်။ တော်စတွိုင်းကတော့ ဂျက်လန်ဒန်၏ ဝတ္ထုထဲမှ 'ကျွန်တော်ကကော၊ဘာများကော တတ်နိုင်ပါဦးမည်နည်း'ဆိုသော စကားလုံးလေးကိုသာ သတိရနေမိလေသည်။

မဂ္ဂဇင်းတိုက်ထဲက ထွက်လာကြပြီးနောက် ချက်ကော့က...."ဝမ်းသာတယ်ကွာ"ဟု ရုတ်တရက်ပြောလိုက်သဖြင့်တော်စတွိုင်း ကြောင်သွား၏။

"ဘာလဲကွ၊ မင်းဟာက... မဂ္ဂဇင်းထဲ ဝတ္ထုမပါလို့ စာမူခမရတာ ဝမ်းသာစရာလား"

"မင်းမေ့သွားပြီလား၊ မိန်းမက ဆန်မပါရင် ပြန်မလာနဲ့လို့ မှာလိုက်တယ်မဟုတ်လား၊ ဒီတော့ အိမ်ပြန်လို့မဖြစ်ဘူးလေ၊မင်းအိမ်မှာလိုက်အိပ်ရတော့မှာ၊ တစ်ညတစ်လေ နားအေးပါးအေး နေရပြီပေါ့၊ ပြီးတော့ မင်းနဲ့ငါ တစ်ညလုံးသောက်ရင်းစကားပြောခွင့်လည်းရမယ်လေ"

"ငါ့မှာလည်း ပိုက်ဆံသိပ်ရှိတာမဟုတ်ဘူးကွ၊ ဘီအီးတောင် တိုက်နိုင်မယ်မထင်ဘူး၊ ချက်အရက်နဲ့ ပဲကြီးလှော်လောက်ပဲရမယ်နော်"

"ဟေ့ကောင်ရ...နာမည်ကိုကချက်ကြီးပါကွ၊ ချက်အရက်မကလို့ မက်သနောကို ဆားခပ်တိုက်လည်း ရတယ်"

သူတို့နှစ်ယောက်ပြိုင်တူရယ်လိုက်ကြသည်။ ပြီးတော့ ဆက်လျှောက်လာကြ၏။

ထိုစဉ် နောက်ဘက်မှ လှမ်းအော်သံကြားရသည်။

"ဟေ့...ဒဂုံတော်စတွိုင်း"

လှည့်ကြည့်လိုက်တော့ မိုပါဆွန်းကိုတွေ့ရသည်။ တော်စတွိုင်း မြို့သစ်ကို ပြောင်းသွားပြီးကတည်းက မိုပါဆွန်းက ဒဂုံတော်စတွိုင်းဟု နောက်ပြောင်၍ခေါ်လေ့ရှိ၏။

သူတို့က ရပ်စောင့်နေသည်။ မိုပါဆွန်းသည် အဝတ်အစားဖရိုဖရဲ ဆံပင်စုတ်ဖွားနှင့် ဖြစ်၏။ လူက အနားမရောက်ခင်
ယမကာနံ့က အရင်ရောက်လာသည်။

"အစောကြီးရှိသေးတယ်၊ ပြဲနေပြီလားကွ"ဟုတော်စတွိုင်းက မေးသည်။

မိုပါဆွန်းက

"နေ့လည်ဆယ့်နှစ်နာရီကျော်ရင် ညနေပိုင်းထဲဝင်ပြီလေကွာ၊ ဒါစောတယ်လို့ ဘယ်ပြောလို့ရမလဲ"

"နည်းနည်းပါးပါးလည်း လျှော့သောက်စမ်းပါဦး ကိုဆွန်းရာ"ဟု ချက်ကော့က ဝင်ပြောသည်။ မိုပါဆွန်းက

"လျှော့ပါတယ်ကွ၊ ခုနောက်ပိုင်း ရေသိပ်မရောတော့ဘူးလေ၊ ဒါလျှော့သောက်တဲ့သဘောပေါ့ဟ"

မိုပါဆွန်းက ဒီအတိုင်းပဲ။ အလွန်တေတတ်ပေတတ်သည်။ ယမကာကိုလည်း ခုံမင်သည်။ အခါများစွာတို့တွင်အိမ်မပြန်တော့ဘဲ လမ်းဘေး အရက်ဆိုင်ခုံပေါ်တွင် ခွေခွေလေးအိပ်နေတာတွေ့ရတတ်သည်။ တစ်ခါတစ်လေဆိုက်ကားသမားတွေနှင့် တစ်ညလုံးထိုင်ပြီး စစ်တုရင်ထိုးချင် ထိုးနေတတ်သည်။ တစ်ခါတစ်လေကျတော့လည်း
သူ့စာဖတ်ပရိတ်သတ်တစ်ယောက်က ဒကာခံပြုစုသဖြင့် ဟိုတယ်ဘားခန်းထဲမှာ ဝီစကီကို အကျအနသောက်နေတာ
မြင်ရတတ်ပြန်သည်။

သူ့မိတ်ဆွေအပေါင်းအသင်းတွေက လူစုံဖြစ်၏။ အလွှာအမျိုးမျိုးလူတန်းစားအမျိုးမျိုး ပါဝင်သည်။ အရာရှိကြီးတွေ၊သူဌေးတွေ၊ လက်လုပ်လက်စားတွေ၊ တေလေကြမ်းပိုးတွေ၊ ခါးပိုက်နှိုက်တွေ စသည်ဖြင့် များပြားစုံလင်လှသည်။

ထို့ကြောင့်လည်း သူ၏ဝတ္ထုတွေထဲက ဇာတ်ကောင်များမှာ စရိုက်သဘာဝပီပြင်ပြီး သရုပ်မှန်လွန်းလှ၏။အထက်တန်းလွှာတွေနှင့် ပေါင်းနေသော်လည်း သူတို့အကြိုက်ကို လိုက်မရေး။ ကန့်လန့်ကာနောက်ကွယ်မှသူတို့၏ ကောက်ကျစ်မှုများ၊ ဖောက်ပြန်မှုများကို အတွင်းကျကျသိနေသဖြင့် ဒါတွေကို ကွက်ကွက်ကွင်းကွင်း ဖွင့်ချရေးသားသည်။

သူက စာရေးအလွန်ကောင်းသည်။ သူ၏ သရော်လှောင်ပြောင်ချက်များက ထိမိလှသည်။ ထို့ကြောင့် အရေးခံရသူတွေ ကိုယ်တိုင်တောင်မဖတ်ဘဲ မနေနိုင်အောင် စွဲလမ်းကြရ၏။ သူ့စာအုပ်တွေ ရောင်းကောင်းသည်။ သို့ရာတွင် သူကတော့ ပြောင်ပြောင်ရောင်ရောင်မရှိ။ ရသမျှ စာမူခကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ အရက်သောက်ပစ်သည်။ ငွေကြေးချို့တဲ့သော စာရေးဆရာ၊
ကဗျာဆရာတွေကို ထောက်ပံ့သည်။ တစ်ခါတစ်လေကျတော့လည်း သူ့မိတ်ဆွေထောင်ကျနေသော လူမိုက်တစ်ယောက်၏ မိသားစုကို အိတ်ထဲပါသမျှငွေ အကုန်ထုတ်ပေးခဲ့တာမျိုးရှိသည်။

"မင်းတို့က ဘယ်ကလာတာလဲ"

ဟု သူကမေးသည်။ ချက်ကော့က မဂ္ဂဇင်းတိုက်မှာ စာမူခလေးများ ရမလားလို့သွားတာ ဝတ္ထုမပါသဖြင့် မရခဲ့ကြောင်း ပြောပြသည်။

"မင်းတို့က လေပျော့လေးတွေနဲ့ သွားတာကိုးကွ၊ ငါ့လိုလုပ်ရတယ်၊ ငါဆိုရင် မဂ္ဂဇင်းတိုက်ကို မသွားခင် နှစ်ပက်လောက် အရင်ဝင်မော့သွားတယ်၊ အဝတ်အစားတွေပေါ်မှာလည်း အနံ့လေး အောင် ဆွတ်သွားလိုက်သေးတယ်၊ ဟိုရောက်တော့ သိပ်မူးနေတဲ့ပုံစံနဲ့
အမျိုးမျိုးရစ်တာပဲ၊ အဲဒီဒဏ်ကိုမခံနိုင်တာနဲ့ပဲ နားအေးရင်ပြီးရော ဆိုပြီး စာမူခထုတ်ပေးလိုက်ကြတာပဲကွ...ဟား ဟား"

"ငါတို့က မင်းလောက်တော့ မလုပ်ရဲဘူးကွ"

ဟု တော်စတွိုင်းက ဝန်ခံသည်။ သူကအားနာတတ်သူဖြစ်၏။ မဂ္ဂဇင်းတွေဘက်မှာလည်း စက္ကူဈေး၊ ဖလင်ဈေး၊ ပုံနှိပ်ခ၊ တခြားစရိတ်စကတွေက တက်လာ၊ အပြိုင်အဆိုင်တွေ များလို့ရောင်းအားကကျ၊ မဂ္ဂဇင်းဆက်ထွက်နိုင်ဖို့တောင် အနိုင်နိုင် ကြိုးစားနေရရှာသော ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေကို နားလည်စာနာမိသည်။

"လက်ဖက်ရည်တိုက်မယ့်လူ ရှိရင်ကောင်းမယ်ကွ"

လေထန်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ချက်ကော့က တောင့်တသည်။

"တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့မှာပါ"

တော်စတွိုင်းက ပြောပြီး မိုပါဆွန်းဘက် လှည့်၍

'မင်းကောလိုက်ထိုင်ဦးမလား'ဟု တစ်ဆက်တည်း မေးလိုက်၏။ မိုပါဆွန်းက....

"ရန်စကားပြောတာလားကွ၊ ခုမှ ဝမ်းကုတ်လောက်ပဲ အရောင်တင်ရသေးတာ၊ ပြီးတော့ ဂေါ်ကီနဲ့ လေးဆယ့်နှစ်လမ်းက ဆိုင်မှာ ချိန်းထားတယ်၊ ကဲ...သွားဦးမယ်"

ဆိုပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်ထွက်သွား၏။ ချက်ကော့က
'ရန်လည်းဖြစ်မနေကြနဲ့ဦးနော်'ဟု လှမ်းအော်ပြောလိုက်၏။

ဂေါ်ကီနှင့်မိုပါဆွန်းတို့က အတော်ထူးဆန်းသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိလျှင်စာပေအကြောင်း ငြင်းကြခုံကြရင်း မကြာခဏ ရန်ထဖြစ်ကြသည်။ သို့ရာတွင် မတွေ့ဘဲလည်း မနေနိုင်ကြ။

ဂေါ်ကီက ဒေါသကြီးတတ်သည်။ စိတ်ဓာတ်ရော၊ အယူအဆပါ ပြင်းထန်သည်။ ဒါကိုသိသောမိုပါဆွန်းက ထေ့လုံးငေါ့လုံးတွေနှင့် ဂေါ်ကီစိတ်ဆိုးအောင် ဆွပေးတတ်သည်။ ထိုအခါ ဂေါ်ကီက စားပွဲကိုလက်သီးနှင့် ထု၊ ဖန်ခွက်တွေ ပေါက်ခွဲ၊ အော်ကြီးဟစ်ကျယ် ထလုပ်တတ်သည်။

ဒီလိုဖြစ်အောင်ကို မိုပါဆွန်းက တမင်စခြင်းဖြစ်၏။ 'ဂေါ်ကီဒေါသဖြစ်ပြီး ပေါက်ကွဲတာသိပ်ချစ်စရာကောင်းတာပဲ'ဟု သူကဆိုသေးသည်။ 

လေထန်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ဝင်သွားသောအခါတွင် စားပွဲတစ်လုံးမှာ ထိုင်နေသော ဘိုင်ရွန်က လက်ယပ်ခေါ်သည်။ ဘေးမှာ ရှယ်လီထိုင်နေ၏။

"လာကြဟေ့၊ လက်ဖက်ရည်လား၊ ကော်ဖီမစ်လား"

ဟု ဘိုင်ရွန်ကမေးသည်။

"မင်းတိုက်မှာမို့လို့လား"

"ဒကာရှိတယ်လေကွာ"

ဆိုပြီး ဘေးမှာ ထိုင်နေသော ရှယ်လီကို လက်မနှင့်ညွှန်ပြသည်။

"ဟေ့ကောင်၊ မင်းပိုက်ဆံမထုတ်ရတိုင်း စေတနာတွေ ပိုနေတယ်"

ရှယ်လီက ဘိုင်ရွန်ကို ငေါက်သလိုပြောလိုက်သော်လည်း သူ့လေသံက ကျေနပ်နေပုံရသည်။ မျက်နှာကလည်း ပြုံးရွှင်နေ၏။ ချက်ကော့တို့ဘက် လှည့်ပြီး..

"မှာကြလေကွာ၊ ငါတိုက်မှာပါ၊ ဟေ့...လန်ဒန်တစ်ပွဲပေးကွာ"

ဟု စားပွဲထိုးကလေးကို တစ်ဆက်တည်း လှမ်းမှာသည်။ လန်ဒန်စီးကရက် လာချပေးသော စားပွဲထိုးကို လက်ဖက်ရည် ကျဆိမ့်နှစ်ခွက်မှာလိုက်၏။

"ဘာတွေအဆင်ပြေနေလို့လဲကွ"

ဟု တော်စတွိုင်းက မေးသည်။ ရှယ်လီမဖြေခင် ဘိုင်ရွန်ကပင်ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်လို ဝင်၍အဖြေပေးသည်။

"ဒီနေ့ သူ့ကဗျာစာအုပ်ထွက်တယ်လေကွာ၊ စာမူခလည်းရလို့ အပေါင်းအသင်းတွေကို ပြုစုနေတာပေါ့"

"ဒီလိုမှန်းသိရင် မိုပါဆွန်းကိုပါ ဆွဲခေါ်ခဲ့ပါတယ်ကွာ၊ ဒါမှ ဘီအီးတစ်လုံးစာလောက် ထပ်ထွက်သွားမှာ"

"မပူပါနဲ့၊ ကဗျာစာအုပ်ထွက်တယ်သတင်းကြားရင် အိမ်အထိလိုက်လာပြီး တိုက်ခိုင်းမှာပါ"

ချက်ကော့သည် စိတ်ထဲမှာချီတုံချတုံဖြစ်နေ၏။ လောလောဆယ်တွင် ရှယ်လီ၏လက်ထဲမှာ ငွေစကြေးစလေးရှိနေသည်။ ငွေငါးရာလောက်ချေးရကောင်းမလား။ ဒါဆိုလျှင် ဆန်ဝယ်ပြီး အိမ်ပြန်နိုင်မည်။ သို့ရာတွင် သူက ဒါမျိုးကိစ္စတွေမှာ နှုတ်နှေးသည်။ အားနာတတ်သည်။

တော်စတွိုင်းကလည်း ဒီအကြောင်းကိုပင် တွေးနေသည်။
ကာယကံရှင်ကိုယ်တိုင်က ပါးစပ်မဟတော့လည်း ခက်သည်။ ရုတ်တရက် အကြံတစ်ခုရသွားသည်။ချက်ကော့စာမူခမရခဲ့ကြောင်း ပြောရင်း စကားလမ်းကြောင်းပေးမည်။ ဒါဆိုချက်ကော့က လိုက်နင်းပြီးပြောရုံပဲ။ ထို့ကြောင့်....

"ဒီနေ့တော့ မင်းနဲ့တွေ့တာ ချက်ကော့ကံကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ မဂ္ဂဇင်းတိုက်က...."

သူ့စကားမဆုံးခင်မှာ ဂျွန်ကိရောက်လာပြီး...

"ဟေ့ကောင် ရှယ်လီ၊ မင်းထောနေတယ်ဆို၊ ဟိုတလောက လမ်းမှာဖိနပ်ပြတ်သွားလို့ ပြန်ဝယ်မလို့ဆိုပြီး ငါ့ဆီက ငွေသုံးရာချေးထားတာ မှတ်မိသေးလား၊ အခု ငါ့မိန်းမ နေမကောင်းဘူးကွ၊ ညနေဆေးခန်းသွားပြဖို့ ငွေမရှိလို့၊ အဲဒါပြန်ပေးနိုင်ရင်ပေးကွာ"

"အေးပါ၊ ငါသတိရပါတယ်၊ မင်းနဲ့မဆုံရင်တောင် နီရူဒါနဲ့ တစ်ဆင့် ပေးခိုင်းမလို့ကွ"

ဆိုပြီး ရှယ်လီက ငွေသုံးရာ ထုတ်ပေးသည်။ တော်စတွိုင်းက ချက်ကော့ကို လှမ်းကြည့်သည်။ ချက်ကော့ကမပြောပါနဲ့တော့ကွာ ဆိုသောသဘော ခေါင်းကို မသိမသာခါပြလိုက်၏။

"ကဗျာစာအုပ်လည်း လက်ဆောင်ပေးဦးလေ"

"ဟာ...ပေးမှာပေါ့၊ ပေးချင်လွန်းလို့ကို စောင့်နေတာ၊ ပေးဦးမှာ၊ ပေးဦးမှာ"

ရှယ်လီမှာ ကဗျာစာအုပ်ထွက်ဖြစ်သွားသောကြောင့် အတော်ပျော်နေပုံရသည်။ လေသံကိုက မြူးကြွသွက်လက်နေ၏။

သူက ရှေ့မှာချထားသော ကြွပ်ကြွပ်အိတ်ထဲမှ ကဗျာစာအုပ်သုံးအုပ်ကို ထုတ်သည်။ ဂျွန်ကိ၊ တော်စတွိုင်းနှင့်ချက်ကော့တို့၏ နာမည်များကို ရေးပြီးလက်မှတ်ထိုးသည်။ တစ်ယောက်တစ်အုပ်စီပေးသည်။

ကဗျာစာအုပ်ကလေးမှာ အတော်သပ်သပ်ရပ်ရပ် လှလှပပပြင်ဆင်ထားသည်။ မျက်နှာဖုံးပန်းချီကို ဒါလီက ရေးဆွဲပေးထားသည်။ ဒါလီသည် စာနယ်ဇင်းသရုပ်ဖော်ပုံများ ဆွဲလေ့မရှိ။ ပန်းချီကားကိုသာ အထူးပြုရေးတတ်သူ။ဒီပုံကတော့ ရှယ်လီ့ကို ခင်လွန်းသောကြောင့် ရေးဆွဲပေးခဲ့ခြင်းဖြစ်၏။
စဥ့်အိုးပေါ်မှာ ဖားပျံကလေးတစ်ကောင် ကပ်နေပုံ။
ကဗျာစာအုပ်နာမည်က

'စဥ့်အိုးလေးကို နမ်းတဲ့ည'။

------------

မင်းလူ

( တတိယပိုင်းဆက်ရန်) ......

[ လူဗိုလ်ဟူသည်ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]