#မွေးနေ့ကိတ်
#ခင်ခင်ထူး
( ၁ )
တောသူတောင်သား မိဘနှစ်ပါးက ပေါက်ဖွားခဲ့ရသူ ကျွန်မအဖို့ မွေးနေ့ပွဲဆိုတာကို အမှတ်တရ ကျင်းပရန် အကြောင်းမဆိုက်ခဲ့ပါ။မွေးနေ့ပွဲ ကျင်းပကြသူတွေကိုလည်း ကျွန်မ နားလည်ပါ၏။ မွေးနေ့ဆို
တာကိုက မိမိကို မွေးဖွားခဲ့သည့် နေ့ရက်မဟုတ်လား။ လူသားတစ်ယောက်အဖြစ် လူ့လောကကို ဘွားဘွားကြီး မြင်ရသောနေ့၊ အမိဝမ်းတွင်းမှ
လောကကို ရောက်လာရသည့်နေ့ဆိုတော့ လေးနက်သော အဓိပ္ပာယ်တစ်မျိုး ရှိနေတာကိုလည်း ကျွန်မ ခံစားမိပါသည်။
သို့သော် ကျွန်မ ပတ်ဝန်းကျင်မှာတော့ မွေးနေ့ပွဲ ယဉ်ကျေးမှု မရှိသလောက် ရှားပါ၏။ အထူးသဖြင့်
ကျေးလက်မှာ ကြီးပြင်းခဲ့ရသူဆိုတော့ ကိုယ့်မွေးနေ့ကိုယ် သတိတရ ရှိခဲ့ရတာ ရှိသလို ဘာမှန်းညာမှန်းမသိ ကျော်ဖြတ်သွားတာတွေလည်း ရှိခဲ့သည်။
တစ်ခါတလေ အကြောင်းဆိုက်လို့ ဘုရားကျောင်းကန်သွားတာမျိုး၊ ဆွမ်းချိုင့်ပို့တာမျိုးတော့ ရှိသည်။ သည်လောက်ပါပဲ။ မကျင်းပ
လိုက်ရလေခြင်းလို့လည်း မရှိ။ ဖြစ်ရလေခြင်းလို့လည်း မတွက်မိ။ကျွန်မနှင့် မွေးနေ့ပွဲသည် နီးချင်လည်း နီးသည်။ ဝေးချင်လည်း ဝေးသည်။
သမီးကလေး ပေါ်ပေါက်လာတော့ ကျွန်မတုန်းက အကြောင်းမဆိုက်ခဲ့သော မွေးနေ့ဆိုတာ ကျွန်မခေါင်းထဲ ပြန်ဝင်လာခဲ့သည်။ သမီးကို
မွေးနေ့ပွဲကလေး လုပ်ပေးချင်ခဲ့သည်။ခမ်းခမ်းနားနားတော့ မဟုတ်ပါ။သမီးမွေးနေ့ကို သမီးကလေး ခံစားစေချင်သည်။ ကျွန်မတို့ မိဘနှစ်ပါးကလည်း ခံစားချင်သည်။ သမီးမွေးနေ့ရောက်တိုင်း ကျွန်မတို့ လုပ်လက်စ အလုပ်တွေကို ပစ်ချထားကာ နှစ်စဉ် ဘုရားကြီးကို သွားဖူးကြသည်။
ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့သည်။ ပေးကမ်းစွန့်ကြဲရမည့်သူများကို တတ်စွမ်းသမျှ ပေးကမ်းစွန့်ကြဲသည်။ အထူးသဖြင့် ကျွန်မအမေ (သမီး၏
ဘွားအေ)ကို သွားကန်တော့ကြသည်။
သမီးကလေး မွေးဖွားပြီး ရက် (၁၀၀) ပြည့်သည့်နေ့က ရက် (၁၀၀) ပြည့် မွေးနေ့ပွဲကလေး ကျင်းပဖြစ်ခဲ့တာကိုလည်း ကျွန်မ သတိရမိပါ၏။ ထိုစဉ်က ကျွန်မတို့မိသားစု မန္တလေးမြို့ အနောက်ပြင် မြစ်ဆိပ်ရှိ ကန်တော်ကြီး အနောက်ခြမ်း အိမ်ရာခေါ်သည့် ဧရာထွန်းတိုက်တန်းမှာ နေခဲ့ကြသည်။ လေးထပ်တိုက်ခန်းမှာ နေကြတာဆိုတော့ ဖိတ်ကြားထားသူများခမျာ မရောက်ရောက်အောင် ရောက်လာကြတာကိုလည်း ကျေးဇူးတင်မိရပါ၏။ အညာစာကလေး ဖြစ်စေချင်သဖြင့် ဆီထမင်းနှင့် စားတော်ပဲပြုတ်၊ ငါးခြောက်ဖုတ်ကလေးဖက်ပြီး ဧည့်ခံခဲ့ကြသည်။ စာပေမောင်နှမများ၊ ဆွေမျိုးညာတိများ၊ အိမ်နီးချင်းများ စည်စည်ဝေအောင် လာရောက်ခဲ့ကြသည်။ သမီးအတွက် လက်ဆောင်တွေလည်း ပါလာကြသည့်အပြင် ရက် (၁၀၀) သမီးကလေးကို ဓာတ်ပုံတွေပါ ရိုက်ကူးပေးကြပါ၏။
သမီးကလေး သိနားလည်သည့်အရွယ်ရောက်လျှင် ဓာတ်ပုံတွေ ပြရမည်။
အခုတော့ သမီးကလေး “လေးနှစ်” ပြည့်ပြီ။ ခံစားနိုင်သလောက် ခံစားတတ်ပြီး ဓာတ်ပုံအယ်လ်ဘမ်ကိုပြကာ ကျွန်မက ရှင်းပြရပြီ။
“ဒါက ဦးဇော်ဇော်(ဘို) ရိုက်ပေးတာ၊ နှင်းဆီပွင့်ကြီးထဲမှာ သမီးမျက်နှာကလေး ပေါ်နေတာတွေ့လား၊ ဒါက ပါပါနဲ့ မေမေက မော့ကြည့်နေတာ တွေ့လား”
ကျွန်မက အဲသလိုပြောလျှင် သမီးက အင်မတန် ဝမ်းသာနေတတ်ပါသည်။ ပုခက်ထဲမှာ အိပ်နေသည့်ပုံ၊ မိတ်ဆွေတွေက ချီပိုးထားကြသည့်ပုံ၊ ကျွန်မနှင့်အတူ ရိုက်ထားသည့်ပုံ စသည်ဖြင့် ဓာတ်ပုံတွေကလည်း အများသား။ သမီးက စိတ်ကူးရလျှင် မွေးနေ့ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်ယူကာ တစ်ပုံချင်း စိတ်ဝင်တစား ကြည့်နေတတ်သည်။ သူ့ပုံတွေကို
သူ သဘောကျကာ ပြုံးနေတာလည်းရှိသည်။
“ဖွေးက ငယ်ငယ်ကလေး၊ တွေ့လား ပါပါ၊ ချစ်စရာကောင်းတယ်နော်၊ သမီး သူ့ကို ချစ်တယ်”
. သမီးက သူ့ကိုယ်သူ ချစ်စရာကလေးဆိုလို့ ကျွန်မ ပြုံးမိရသည်။ပြီးတော့ သူ့ကိုယ်သူ ချစ်တယ်တဲ့။
ရက် (၁၀၀) ပြည့်မှစ,ကာ တစ်နှစ်ပြည့် နှစ်နှစ်ပြည့်၊ သုံးနှစ်ပြည့်။သည်နှစ်တော့ လေးနှစ်ပြည့်မွေးနေ့ ရောက်ခဲ့ရပြီ။ သမီးကလည်း မူကြို
ကျောင်းသူကြီး ဖြစ်နေပြီဆိုတော့ အိမ်ဘေးဝန်းကျင်က ကလေးများနှင့်မူကြိုက ကလေးတွေကို အရုပ်ကလေးတွေ လက်ဆောင်ပေးမည်။ မုန့်ကျွေး
မည်။ ဘုရားကြီး ဖူးကြမည်။ သမီး အလွန်သွားချင်တတ်သည့် 78 Shopping Centre ကိုပို့မည်။ ဘွားအေကြီးကို ကန်တော့မည်။
အရုပ်ကလေးတွေချည်း အခုလေးဆယ်လောက် ဝယ်ရမှာဆိုတော့ ကလေးတစ်ယောက်ကို ငါးရာဖိုးစီ လျာထားကြရသည်။ ဘွားအေကြီးအတွက် ဘယ်ရွေ့ဘယ်မျှ၊ ကားခက ဘယ်ရွေ့ဘယ်မျှ၊ အစုစု ဘယ်ရွေ့ ဘယ်မျှ တွက်ကြရသည်။ သိပ်များများလည်း မတတ်နိုင်တော့ ခပ်လောလော ဆုံး ဖြတ်ချက်ချ။ ခပ်လောလော ဈေးဝယ်ထွက်ကြရပါ၏။
( ၂ )
ကျွန်မတို့မိသားစု ဈေးအရုပ်တန်းကို ရောက်တော့ လိုချင်စရာတွေ များလှပါသည်။ အမယ်တွေကလည်း များလှပါ၏။ ထိုက်ထိုက်တန်တန်
မေတ္တာလက်ဆောင် ကမ်းချင်စိတ်ကလည်း ကြီးမားလှပါ၏။ သို့သော် မစွမ်းသာသဖြင့် စိတ်ကလေးလျှောကာ မူလ သတ်မှတ်ချက်အတိုင်း
ဈေးတိုက်ဝယ်ကြရသည်။ ယောက်ျားကလေး မိန်းကလေးခွဲကာ အရုပ်ကလေးတွေကို စဉ်းစားကြရသည်။ ယောက်ျားကလေးတွေအတွက် နင်ဂျာ၊
မော်တော်ကား၊ ဘောလုံးကလေးတွေ စဉ်းစားရသည်။ မိန်းကလေးတွေကတော့ ယုန်ရုပ်ကလေးတွေ၊ ဘိုမရုပ်ကလေးတွေ ဝယ်ရသည်။ တုတ်ချို
ချဉ်ကလေးတွေပါ တွဲဖက်ပေးချင်တော့ တုတ်ချိုချဉ်ထုပ်တွေလည်း ဝယ်ရပါသည်။ တရုတ်ဘက်ကလာသည့် အရုပ်ကလေးတွေဆိုတော့ ဈေးပေါပေါနှင့် လှအောင်ပေးနိုင်ပါသည်။ အရုပ်ပေါင်း လေးဆယ်ကို ဝယ်ပြီးပြန်လာတော့ သမီးက အပျော်ကြီး ပျော်နေရှာသည်။ အိမ်ရောက်တော့ စိတ်ပြောင်းသွားလေသည်။
“ဒါတွေ သူများ မပေးနဲ့နော်၊ သမီးပဲ ယူလိုက်တော့မယ်၊ ဘယ်သူ့မှ မပေးတော့ဘူးနော် မေမေ”
မွေးနေ့ရှင်က လက်ဆောင်မပေးရခင်က တွန့်တိုနေလို့ ကျွန်မတို့မှာ ရယ်ရခက် ငိုရခက်။
“သမီးရယ်... ကိုယ့်မွေးနေ့မှာ သူတစ်ပါးကို လက်ဆောင်ပေးတာလေ၊ ကုသိုလ်ရတာပေါ့ သမီးရဲ့၊ မနှမြောရဘူး၊ သမီးပဲ သူငယ်ချင်းတွေကို
ပေးချင်လှဆို”
“ဒါဆို ကိုဇင်နဲ့ ဘေတားပဲ ပေးလိုက်”
ကျွန်မတို့ အိမ်နားက သမီးနဲ့ ကစားနေကျ ကလေးနှစ်ယောက်ကို ပြောနေခြင်းဖြစ်သည်။ “ဘေတား”က ကျွန်မတို့ အိမ်နီးချင်း ဂေါ်ရခါး
ကလေးဖြစ်သည်။ အရုပ်တွေ အများကြီးဆိုတော့ ကလေးပီပီ နှမြောစိတ်ကလေး ဝင်လာတာကို ကျွန်မ နားလည်ပါသည်။ သူ့အဖေကတော့
သမီး အမူအယာနှင့် ပြောပုံဆိုပုံ နှမြောပုံကိုကြည့်ကာ “အဲဒါ မင်းတို့ဘက် သွားတူတာ´ဟုဆိုသည်။ ကျွန်မကလည်း ပြန်မပြောသာပါ။ ကျွန်မ
ငယ်ငယ်က နှမြောတတ်ပုံတွေ ပြောပြထားတာ မဟုတ်လား။ သမီးက ဖအေ ဖျောင်းဖျတော့လည်း နားထောင်ရှာပါ၏။
" ပါပါပြောမယ် ၊ သမီးက မွေးနေ့ရှင် ဖြစ်သွားပြီလေ ၊ မွေးနေ့ရှင်ဆိုတာ မွေးနေ့မှာ သူများကို မေတ္တာလက်ဆောင် ပေးရတယ်၊ ကျွေးမွေး
ရတယ်၊ ဒါမှ သူတို့ကလည်း သမီးမွေးနေ့မှန်းသိတော့ ဆုတောင်းပေးကြမှာပေါ့၊ ဘာဘီကလေး ကြည့်ပါလား”
“ဘာဘီကလေး” ဆိုသည့် စကားက တော်တော်ဟုတ်သွားပါသည်။သမီးက ဒီဗီဒီဓာတ်ပြားတွေကတစ်ဆင့် ကြည့်ရသည့် စင်ဒရဲလားတို့၊စနိုးဝိုက်တို့၊ ဘာဘီတို့၊ အဲလစ်တို့ကို သဘောကျသည်။ စိတ်ကောင်း နှလုံးကောင်း ရှိသူကလေးတွေအဖြစ် နမူနာယူနိုင်ရန် အားလျှင်အားသလို ကျွန်မ ရှင်းပြထားတာကလည်း ရှိတော့ ချက်ချင်းသဘောပေါက်သွားပါသည်။ ကျွန်မကလည်း ချက်ချင်း ဝင်ရပါ၏။
“ဒရက်ဇီလာတို့ အနေထားရှားတို့က စိတ်ကောင်းမရှိဘူးလေ၊သမီး ကြည့်ရသားပဲ၊ ကြောင်ကြီး လူစီဖားဆိုရင် စိတ်ကောင်းမရှိဘူး မဟုတ်လား၊ သမီးက စင်ဒရဲလားလား၊ ဒရက်ဇီလာလား၊ ကဲ ပြောပါဦး”
“စင်ဒရဲလား”
“အေးပေါ့၊ စင်ဒရဲလားဆိုရင် စိတ်ကောင်းရှိရမှာပေါ့”
ဒီလိုဆိုတော့လည်း နှမြောတွန့်တိုစိတ်ကလေး ပျောက်သွားပုံ ပေါ်ပါသည်။
“သမီး သူငယ်ချင်းတွေကို အရုပ်ကလေးတွေ ဝေပေးလိုက်တော့ မေမေ"
စင်ဒရဲလားတို့ ဘာဘီတို့ ကယ်သဖြင့် ဒီကိစ္စ အောင်မြင်သွားခဲ့ရပါ၏။ စိတ်ပြောင်းသွားသော်လည်း အရုပ်လေးဆယ်စလုံးကို ဆက်တီ
ကုလားထိုင်တွေပေါ်တင်ကာ အရုပ်ဆိုင်ဖွင့်ကြေး ကစားနေသေးသဖြင့် ခွင့်ပြုထားရပါ၏။ ကစားလို့ အားရတော့မှ သူ့အရုပ်နှင့် သူ့အထုပ် ပြန်ထည့်ကာ ခြင်းတစ်လုံးထဲ ထည့်ထားရသည်။ သမီးက ကစားလို့ အားရသွားလို့လား မသိပါ။ အရုပ်တွေကို လှည့်လို့ပင်မကြည့်တော့။တီဗီဘက်လှည့်လာကာ စင်ဒရဲလားဓာတ်ပြားကို Player ထဲထည့်ကာ ကြည့်နေတော့သည်။
ဒီတော့မှ ကျွန်မမှာ မနက်ဆွမ်းချိုင့်ကိစ္စ၊ ဘုရားသွားရမည့်ကိစ္စ၊သမီး ဘွားအေကြီး နေထိုင်ရာ ချော်ဆိပ်ကို သွားကန်တော့ရမည့်ကိစ္စတွေ ခေါင်းထဲထည့်ရပါသည်။ ဒီတုန်းမှာပဲ တယ်လီဖုန်းတွေလာသည်။ ကျွန်မတို့နှင့် ခင်မင်သူများထံမှ လာသည့်ဖုန်း ဖြစ်သည်။ တချို့က ဖွေးဖွေးနှင့် ပြောချင်သည် ဆိုကြပါ၏၊ သမီ.လက်ထဲ ဖုန်းထည့်ပေးရသည်။
“မနက်ကျရင် ဖွေးဖွေးတို့ တီတီက ဂါဝန်နဲ့ အရုပ်တွေ ယူလာမယ်။စောင့်နေနော်၊ ဂျယ်လီဘူးလည်း ဝယ်ထားတယ်”
“ဟုတ်”
“ဟုတ်ကဲ့ပါရှင့်လို့ ပြောရတယ် သမီးရဲ့”
သမီးကိုလည်း တစ်ပါတည်း သင်ရပါ၏။ ကျွန်မမိတ်ဆွေ “မမီ'ကတော့ သမီး မွေးနေ့အတွက် မွေးနေ့ကိတ် မှာထားတာ ခုပဲရောက်လာလို့ လာပို့မယ် ဖုန်းဆက်သဖြင့် ကျေးဇူးတင်ပါကြောင်း ပြောရပါသည်။
မွေးနေ့ကိတ်ဆိုတော့ ကျွန်မစိတ်ထဲ ကိတ်မုန့်ဝိုင်းဝိုင်းတစ်လုံးကိုပဲ မြင်ယောင်လိုက်သည်။ တကန်တက မှာထားသည်ဆိုသဖြင့် အားနာမိသော်
လည်း မငြင်းသာသဖြင့် ကျွန်မကိုယ်တိုင်ကလက်ခံရခြင်း ဖြစ်ပါသည်။
ညတွင်းချင်း ကိတ်မုန့် ရောက်လာသည့်အခါမှာတော့ ကျွန်မတို့အားလုံး အံ့သြသွားရပါသည်။ မွေးနေ့ကိတ်မုန့်ကြီးက စက္ကူဘူးဝိုင်းဝိုင်းကြီးထဲထည့်ထားသည်။ ဘူးအဖုံးကို ဖွင့်ကြည့်လိုက်တော့ အတွင်းမှာ ဧရာမကိတ်မုန့်ကြီးတစ်လုံး Happy Birthday ဆိုသည့် စာလုံးနှင့်အတူ နှင်းဆီပွင့်ကြီး
တစ်ပွင့်ကို ဖူးဖူးကြီး မြင်နေရသည်။ လင်ဗန်းတစ်ချပ်စာလောက် ကြီးလိမ့်မည် ထင်ပါ၏။ အပေါ်မှ ပန်းနွယ် ပန်းတွနဲ့ ပန်းခက်ကလေးတွေ
ပုံဖော်ထားသော ကရင်(မ်)တွေကိုက တစ်ထွေးတစ်မကြီး။ သည်တော့မှ မမီကို ဖုန်းဆက်ရသည်။ တန်ဖိုး နည်းမှာမဟုတ်တာကို စဉ်းစားမိတော့
အလွန်အားနာရပါသည်။
“မမီရယ်... မွေးနေ့ကိတ်ကြီးက ကြီးလိုက်တာ၊ ကျွန်မက မုန့်သေးသေးကလေးလောက် အောက်မေ့တာပါ၊ တန်ဖိုးကြီးတာကို ဝယ်ပို့လို့ ကျွန်မ အားနာနေတာ”
“ရပါတယ် ဆရာမရယ်၊ ဖွေးဖွေးအတွက် လက်ဆောင်၊ အားမနာပါနဲ့ရှင်”
ထိုညက ကျွန်မတို့ မိသားစုသုံးယောက်စလုံး မွေးနေ့ကိတ်ကြီးကို ထိုင်ကြည့်ဖြစ်ကြပါသည်။ ကျွန်မတို့ မျှော်လင့်မထားသော မွေးနေ့ကိတ်
မုန့်ကြီးတစ်လုံး ကိုယ့်ရှေ့မှာ မျက်ဝါးထင်ထင် မြင်နေ ရတာကိုပဲ အံ့သြမိကြရသလို ဝမ်းလည်းသာကြရပါ၏။ သမီးကတော့ ဖဲ့ချင်လှပြီဆိုသည့်
အမူအရာဖြင့် မုန့်ဘူးကြီးကို တကဲကဲ လုပ်နေတော့သည်။
“သမီး... မုန့်ကို မဖဲ့ရဘူးနော် မနက်ဖြန် သမီးတို့ကျောင်းမှာ သူငယ်ချင်းတွေရှေ့ကျမှ လှီးရမှာ၊ အပုံကြီးဆိုရင် မကောင်းဘူး”
ကျွန်မက မုန့်ဘူးကြီးနှင့်အတူ ပါလာသော ဖယောင်းတိုင်ကလေးများနှင့် မုန့်လုံးပလတ်စတစ်ကလေးကိုကြည့်ရင်း မွေးနေ့ အခမ်းအနားကို
မျက်စိထဲ မြင်ယောင်နေမိသည်။ မုန့်ကြီးပေါ်မှာ သည်ဖယောင်းတိုင်ကလေးတွေထွန်း၊ မီးညှိ၊ မွေးနေ့ရှင်သမီးကလေးက ဖယောင်းတိုင်ကိုမှုတ်၊
မုန့်ကို ဓားနှင့်လှီး Happy Birthday လို့ ဝိုင်းအော်ကြ။ ဒါကလည်း ဖြစ်သည်။ နောက်ကော ဘာလုပ်ကြရသေးလဲ။
“မေမေ... ကိတ်မုန့်လှီးရအောင် စနိုးဝှိုက်ကလေး မွေးနေ့ကိတ်ကြီးကို ဓားနဲ့ခုတ်ပြီး ဖယောင်းတိုင်တွေ ဖူးဖူးနဲ့မှုတ်တာ၊ လူပုကလေးတွေကို ကျွေးတာ၊ ပါပါ လူပုကလေးလုပ်”
“ဓားနဲ့ ခုတ်တယ်လို့ မပြောရဘူး၊ ကိတ်မုန့်ကိုကျတော့ ဓားနဲ့ခွဲတယ်၊ လှီးတယ်လို့ ပြောရတယ် သမီးရဲ့၊ မနက်ဖြန်ကျတော့ ကျောင်းမှာ ဟက်ပီဘုသ်ဒေးလို့ ဆုတောင်းကြမှာလေ၊ ကျောင်းမှာ သမီးသူငယ်ချင်းတွေက လူပုကလေး လုပ်ကြမှာလေ”
ကျွန်မက ချော့ချော့မော့မော့ ပြောလို့သာ လက်ခံလိုက်ရပုံရသော်လည်း သမီးကတော့ ကိတ်မုန့်ကြီးကိုကြည့်ပြီး အူတွေယားနေပုံရသည်။ကိတ်မုန့်ပေါ်က ရောင်စုံခရင်(မ်)တွေကို ထိဖို့ ဆိတ်ဖို့ လက်တပြင်ပြင်။
စနှိုးဝှိုက်ကားထဲမှာ ကြည့်ဖူးသော မွေးနေ့ကိတ်မျိုး မျက်ဝါးထင်ထင်ကြီး တွေ့ နေရတာကို စိတ်ဝင်စားလို့ မဆုံးတော့။ကျွန်မတို့ နှစ်ယောက်စလုံးကလည်း သမီးကို အလွတ်မပေးဝံ့။မုန့်ကြီးကို ဖဲ့လိုက် ကုတ်လိုက်မှာစိုးတော့ လူလဲနှင့် စောင့်ကြရသည်။
စိတ်ကူးပေါက်လိုက်တာနှင့် အနားကို လာရစ်ပြန်၏။ ညဘက်မှာ မွေးနေ့လုပ်လို့ ရသလား မေးသည်။ လုပ်လို့ရသည်ဆိုလျှင် ခုချက်ချင်း
သားအဖသုံးယောက်တည်းနှင့် မွေးနေ့လုပ်ချင်လှပြီဆိုသည့်သဘော မေးခြင်းဖြစ်ကြောင်း ကျွန်မ သိပါသည်။ ဒီတော့ သမီးမွေးနေ့က မနက်ဖြန်
မှလေ၊ မနက်ကျမှ လုပ်ရမှာပေါ့ သမီးရဲ့လို့ ဖြေလိုက်ရသည်။
ဖြစ်ချင်တော့ ထိုညက သမီးခမျာ မျက်လုံးများပင် ခိုင်လို့။ တော်တော်နှင့် မအိပ်နိုင်။ဖအေ စာရေးစားပွဲထိုင်တော့ ကျွန်မက စောင့်နေရပြီး ကျွန်မ ရေးမည်ပြင်တော့ ဖအေတစ်လှည့် လူလုံးပြရပါ၏။ ကျွန်မတို့မှာ အရုပ်ပေါင်းလေးဆယ်၊ မွေးနေ့ကိတ်ကြီးတစ်လုံးနှင့်အတူ မွေးနေ့ရှင်ကို တဟဲဟဲ ခြိမ်း
မောင်းနေကြရတော့သည်။ သမီး အိပ်ပြီဆိုတော့မှ စိတ်ကလေး အေးကြရကာ မနက်တော့ မုန့်ပုံစံမပျက် သယ်သွားနိုင်ကြမည် တွက်ရပါ၏။
ထိုညက သမီးကို ခြင်ထောင်တွင်း ထည့်သိပ်ရင်း သမီးကို ကျွန်မ ငုံ့ကြည့်နေမိခဲ့သည်။ သမီးကလေးခမျာ အပူအပင် မရှိရှာတော့လည်း
ကျားပေါက်ကွဲပေါက်ကလေးလို မက်ရေစက်ရေ အိပ်နေရှာပါ၏ ။ သမီးကိုကြည့်ရင်း သမီး အကြောင်းတွေ ခေါင်းထဲရောက်ရပြန်သည်။
( ၃ )
သမီးက မွေးကတည်းက ကျန်မာသန်စွမ်းသည်။ သူတကာ ကလေးတွေလို ပြေးပြေးလွှားလွှား၊ အော်ကြီးကျယ်လောင် ဆော့တာမျိုးမရှိ။ သူစိတ်ဝင်စားရာ တစ်မျိုးမျိုးကို စိုက်မိစိုက်ရာ စိုက်၍ ဆော့တတ်ပါသည်။
ကျွန်မတို့မှာ စီစီရီရီ ပုံထပ်ထားသော မဂ္ဂဇင်းတွေကို တစ်အုပ်စီကောက်ပြီး ဆက်တီခုံတွေမှာ ထောင်လိုက်စီချင် စီနေတတ်သည်။ ဗီရိုထဲ ထည့်
ထားသော အရုပ်တွေအားလုံး ဆွဲချကာ ကြမ်းပေါ်စီချင်လည်း စီသည်။အလွယ်တကူထားသော ပန်းကန်ခွက်ယောက်တွေကို သွားယူကာ ကြမ်းပြင်
တစ်လျှောက် ချတာမျိုးကလည်း မကြာခဏပင်။
တစ်ခါတလေတော့ စားပွဲပေါ်က Tissue ဘူးလည်း မနေသာပါ။ တစ်သျှူးတွေ တစ်ရွက်ချင်း
ထုတ်ကာ လုံးသည်။ အလွှာလိုက် တစ်ရွက်ချင်း ကြံထားတတ်သည်။မုန့်ဘူးကိုဖွင့်ကာ မုန့်တွေကို တန်းစီထားတာများလည်း ရှိပါ၏။ မုန့်နှင့်ရေ နှောကာ အစေးပေါက်အောင်ဆုပ်ပြီး ကြုံရာမှာ လိုက်သုတ်သည်။အိမ်ရှေ့မှာ အိုးပုတ်တောင်းရှိသည်။ ပုဂံယွန်း ကစားစရာရုပ်တွေရှိသည်။ပလတ်စတစ် အရုပ်ကျိုး အရုပ်ပဲ့တွေရှိသည်။ ထိုအရုပ်တောင်းကို စိတ်
ရောက်မိပြီဆိုလျှင်တော့ ရှင်းပေရော့။ အိမ်ရှေ့မှာ ရေပိုက်ချထားတာတွေ့ လျှင်တော့ ကစားလက်စကို ပစ်ချကာ ရေပိုက်ကို သွားဆွဲသည်။
“သမီး ပန်းပင်တွေ ရေလောင်းလိုက်မယ် မေမေ”
ကျွန်မကို ခွင့်တောင်းရုံ တောင်းပြီးပြီဆိုလျှင်တော့ အဝတ်အစား တစ်စုံလဲလှယ်ဖို့သာပြင်။ ရွံ့စေးတွေ၊ ရေတွေ ပေပွနေတာကို အင်မတန် သဘောကျတတ်သည်။ ကျွန်မတို့မှာ စာရေးလက်စဖြစ်နေလျှင် “အေး...အေး...သမီး'ဆိုတာလောက် အသံပြုလိုက်ရတာများသည်။ အာရုံကလေးမပျောက်ခင် သူလုပ်ချင်ရာ လုပ်ပါစေပေါ့။ ငြိမ်နေပြီးတာပဲပေါ့။
သို့သော် ကိုယ်တိုင်က ခွင့်ပြုပြီးကာမှ ဒေါသဖြစ်ရတာများလည်း ရှိပါ၏။ စာရေးလက်စ ခဏချကာ သမီးကို အကဲခတ်တော့ တစ်ကိုယ်လုံး ရွှံ့အလူးလူး၊
ရေချိုးပေးပေတော့။ ကိုယ်လက်သန့်စင်ပေးပေတော့။ အဝတ်အစား လဲပေးပေတော့။ နောက်ဆက်တွဲက မသက်သာ။ ဆူတော့ ငေါက်တော့ ကျွန်မကို စကားနာထိုးသည်။
“မေမေပဲ အေးအေး သမီး ကစားဆို”
ခေါင်းက ကလစ်တွေ ဆံကုပ်တွေဆိုတာ ဝယ်လို့ပဲ မလောက်နိုင်။ကြမ်းပေါ်မှာ တစ်ချောင်းချင်း ကောက်ကြရော။ ကျွန်မရော ဖအေပါ သွားရင်းလာရင်းက ကုန်းကောက်ရတာတွေက နေ့စဉ်အလုပ်။ ကျန်းမာရေးလေ့ကျင့်ခန်း အထူးလုပ်စရာမလို မြင်ရာကို ကုန်းကောက်ပြီး ခြင်းကလေးထဲ ထည့်သွားရုံနှင့် ကိုယ်လက်လှုပ်ရှားပြီးသား ဖြစ်ရပါသည်။
သမီးက တစ်ခါတစ်ရံ ကျွန်မတို့ကို စ,တတ်သည်။ ကျွန်မ ပိုက်ဆံအိတ်ကိုဖွင့်ပြီး အထဲက သော့တွဲကို နှိုက်ထားတတ်သည်။ ကျွန်မက သော့ဖွင့်စရာ အကြောင်းရှိလာပြီဆိုလျှင် သော့တွဲ မရှိတော့။ တစ်ရက်နှစ်ရက် ရှာသော်လည်း မတွေ့တော့ သမီးကို မေးရပါသည်။ ချော့ကာ မော့ကာမေးမှ စက္ကူပုံးထဲက ပြန်ယူပေးသည်။ တစ်ခါတစ်ရံ သော့ပျောက်
ရှာနေသော ကျွန်မကို ပြုံးစိစိ လှမ်းကြည့်တတ်ပါ၏။
ဖအေ့ မျက်မှန်ကတော့ ချွတ်ပြီး မချလိုက်နှင့်။ ခဏနေလျှင် ပျောက်ပြီ။ ဖအေက ဘယ်နားချွတ်မိမှန်း မသိတော့ လိုက်ရှာ။ သမီးက ပြုံးစိစိ။ ကျွန်မက
ချော့မေးသော်လည်း သမီးမှ မသိတာလို့ပြောသည်။ ရေချိုးရင်းများ ပေပါထဲ ကျသလား။ ပေပါထဲ လက်နှိုက်စမ်းရသည်။ စာအုပ်ပုံတွေကြား၊
မတွေ့။ ဒီတော့ ကျွန်မ နည်းစနစ် ပြောင်းရသည်။
“သမီးကို ရှာခိုင်းပါတော်၊ သမီးကသိပ်မျက်စိလျင်တာ၊ ကြည့်နေ တွေ့လိမ့်မယ်၊ သမီး ရှာပေးလိုက်”
သမီးက ဒီတော့မှ သူ ဝှက်ထားသည့်နေရာက ထုတ်လာပြီး ဖအေ့ကို လက်ကမ်းသည်။
တကယ်တော့ သမီးက သူ့နည်းသူ့ဟန်ဖြင့် ကျွန်မတို့နှင့် ကစားနေတာများလားလို့ တွက်မိပါသည်။ အိမ်ဗာဟီရ၊ လူမှု ကိစ္စ၊ စာပေကိစ္စ ဒီတော့ ကျွန်မတို့ပါ စာရေးစားပွဲက ထ,ရသော အလုပ်မျိုးကို ဉာဏ်မီ
သလောက် လုပ်နေတာ ဖြစ်ပါလိမ့်မည်။ မိဘနှစ်ပါး ယောက်ယက်ခတ်နေလျှင် ပြီးရောဆိုပြီး သူ့ဘက် အာရုံပြောင်းအောင် လုပ်နေတာပဲဖြစ်သည်။ ဖအေက ငေါက်မိတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ကျွန်မထံ လာတိုးသည်။ ကျွန်မက ဆူမိပြန်တော့ ဖအေ့ထံ ပြေးသည်။
တစ်ခါတလေ ကျွန်မက ရေးလက်စ စာမူတွေပေါ်မှာ အရုပ်တွေရေးကာ လက်စွမ်းပြသွားလို့ ဖျက်ရတာ၊ ပြန်ရေးရတာတွေရှိသည်။ ဖအေ့ လက်ရေး စာမူတွေပေါ်မှာ တံဆိပ်ဝိုင်းတွေ အကွင်းလိုက် အကွင်းလိုက် ရိုက်ထားတတ်ရတာကလည်း သမီးအကျင့်ပင်။ ကျွန်မတို့က သမီးနှင့် မကစားဖြစ်တော့ သမီးက ကျွန်မတို့နှင့် လာကစားတာ ဖြစ်နိုင်ပါ၏။ ဒီလိုဆိုတော့လည်း သနားမိရပါ၏။ ပွေ့ရ ဖက်ရ ချော့ပြန်ပါ၏။
ကျွန်မတို့ ဇနီးခင်ပွန်း အိမ်ကိစ္စ၊ လူမှုရေးကိစ္စ၊ စာပေကိစ္စ ထိုင်ပြောကြတော့လည်း ပါးစပ်တွေ လိုက်ပိတ်တတ်သည်။
“ပြောလိုက်ကြတဲ့ စကားတွေတော်၊ နားညည်းလိုက်တာ၊ မပြောကြနဲ့” တဲ့။
ကျွန်မတို့မှာ ပြောလက်စ,စကား ရပ်ကြရသည်။ တစ်ခါတစ်ရံ ကျွန်မတို့ မျက်နှာကို သူ့လက်ဖဝါးကလေးနှစ်ဖက်ဖြင့်ညှပ်ကာ “ဒီမှာ...သမီးကိုကြည့်”လို့ လုပ်တတ်သည်။ ကျွန်မတို့က သူ့ကို အရေးတယူရှိကြတော့မှ ကဗျာတွေရွတ်ပြ၊ မူကြိုကျောင်းက သူငယ်ချင်းတွေအကြောင်း
ပြောပြလုပ်ရှာ၏။ တစ်ခါတလေ ဖအေနှင့် သမီး ရယ်ရတာတွေရှိသေးသည်။ ဖအေကို အရာဝတ္ထုအမည်မျိုးစုံ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ
မေးခြင်းဖြစ်သည်။ မေးလို့ ဖြေပြန်တော့ သမီးက ဆရာပြန်လုပ်သည်။
“ခြင်ထောင်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ ပါပါ"
“မော်စကွီးတိုးနက်”
“သမီးတို့ မူကြိုမှာကြတော့ ဖရက်ရွတ်လို့ သင်တာ”
“ဪ.. ဟုတ်လား”
“စောင်ကျတော့ ဘယ်လိုခေါ်သလဲ”
“ဘလဲန်ကက်ပေါ့ သမီးရဲ့ ”
“သမီးတို့ မူကြိုက အဲသလိုမဟုတ်ဘူး၊ ရော့ဗရော့တဲ့”
မဟုတ်က ဟုတ်ကတွေ ပြောနေပေမယ့် ဖအေက အံ့သြဟန်ပြနေရသည်။ တော်လိုက်တာလို့ ချီးမွမ်းရသည်။ သည်လိုနှင့် မဟုတ်က ဟုတ်ကတွေ တသီကြီး ထွက်ကျလာတတ်သည်။ ဒါကိုပဲ ကျွန်မတို့မှာ ရယ်စရာဖြစ်ရပါ၏။ ဒါပေသိ သမီး အမှတ်မထားဘူး မထင်ပါနှင့်။ စိတ်ကူးရချိန်ဆိုလျှင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကို အင်္ဂလိပ်လို ပီပီသသ
ရွတ်ပြနိုင်ပြန်သည်။ သမီးက အင်္ဂလိပ်စာ ဝါသနာပါတာ ကျွန်မ သတိထားမိသည်။ မြင်မြင်ကရ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲမေးတာ အကျင့်
လိုဖြစ်နေပြီ။ မှတ်ဉာဏ်ကလည်း ကောင်းသည်။
တစ်ခါက အရွယ်နှင့်မမျှ ရယ်စရာ ပြောလိုက်သဖြင့် ကျွန်မတို့ အံ့သြရပါသည်။ လူရွှင်တော်တွေ
ပြက်လုံးထုတ်ကြတာမျိုးပင်။
“ပါပါ... အမေကြီးကို ဘယ်လိုခေါ်လဲ”
“ဂရဲန်းမားပေါ့ သမီးရဲ့"
“မှားတယ်၊ အမေကြီးကို ဒေါ်မြတင်လို့ခေါ်တာပါ၊ ပါပါကလဲ"
သမီးကလေးကို ငုံကြည့်နေမိရင်း သမီးကလေးအကြောင်း စပါးလုံးကောက်နေမိခြင်း ဖြစ်ပါ၏။ အခုတော့ လေးနှစ်သမီး မွေးနေ့ရှင်ကလေးပေါ့။
လေးနှစ်တောင် ရှိသွားပြီလားလို့လည်း တွေးမိရပါ၏။ ရက်တွေ လတွေ နှစ်တွေကလည်း မြန်လိုက်တာ။ လေးနှစ်အရွယ် သမီးကလေးကြောင့်ပဲ
ကျွန်မတို့မှာ အဓိပ္ပာယ်ရှိသော လှပသော ဘဝတစ်ခုကို ခံစားခဲ့ရသည်။နက်နဲသော အဓိပ္ပာယ်တစ်ခုလို လေးနက်ခဲ့ရပါသည်။
သမီး နဖူးကလေးကို ကျွန်မ နမ်းလိုက်မိသည်။
သမီး အိပ်သွားတာ သေချာတော့မှ ခြင်ထောင်ချပေးခဲ့ပြီး အပြင်ထွက်လာခဲ့ရသည်။ မွေးနေ့ကိတ်ကြီးကို ဒီအတိုင်း စားပွဲပေါ် ထားလို့ကလည်း
မဖြစ်တော့ နေရာချထားရေး အစည်းအဝေး လုပ်ကြရပါသည်။ ကြွက်တွေ၊ပုရွက်ဆိတ်တွေတက်မှာ စားမှာကလည်း စိုးတာတစ်ကြောင်း၊ မနက်
စောစော အိပ်ရာက နိုးတတ်သော သမီးက ကျွန်မတို့ မနိုးကြခင် ကိတ်မုန့်ကြီးကို နှိုက်လိုက်ဆွလိုက်မှာကတစ်ကြောင်းဆိုတော့ သိမ်းကို သိမ်းကြရမည်။
“ဒီကိတ်မုန့်ကြီး ဘယ်မှာထားမလဲ”
“ငါလည်း စဉ်းစားနေတာကွ”
“ရေခဲသေတ္တာထဲကော”
“ဆံ့ပါ့မလား”
စာရေးစားပွဲပေါ်က ပေတံတစ်ချောင်းကိုယူကာ အလျား၊ အနံ၊အမြင့် တိုင်းရသည်။ ကြိုးတစ်ချောင်းဖြင့် လုံးပတ်ကိုပါ တစ်လက်စတည်း
တိုင်းရသည်။ ရေခဲသေတ္တာက မကြီးတော့ ဆံ့ရုံသာရှိမည်။ သည်အတိုင်း ထည့်လိုက်လျှင် ကိတ်မုန့်ကြီး ပွန်းမှာ ပဲ့မှာစိုးသဖြင့် ရေခဲသေတ္တာတံခါးမှာ တပ်ထားသည့် ရေဘူးထည့်သည့် အကန့်တွေကို ဖြုတ်ရသည်။
သို့သော် ကိတ်မုန့်ကြီးကို ဘူးလိုက်မ,ကာ အထဲကို ထည့်ဖို့ကတော့ ကျွန်မတို့ ချက်ချင်းမလုပ်ဝံ့ကြပါ။ တစ်ဖက်စောင်းလိုက်သည်နှင့် မုန့် အထိုင်ပါ ပျက်သွားနိုင်သည်။ အိခနဲ ပဲ့ကျသွားနိုင်သည်။
“ကိတ်မုန့်ကြီး မ,ခဲ့တော့၊ ထည့်ကြရအောင်"
ခင်ပွန်းသည်က ကိတ်မုန့်ကြီးကို တယုတယ မတိမ်းမစောင်း ပွေ့ယူလာခဲ့ပြီး ထည့်ကြည့်၏။ ရေခဲသေတ္တာတံခါးကို အသာဖွဖွ ပိတ်ကြည့်ရ၏။ ခွင်တိကွက်တိ။ သည်လိုနှင့်ပင် ရေခဲသေတ္တာထဲ ကိတ်မုန့်ကြီး ရောက်သွားတော့မှ စိတ်အေးရပါ၏။ ညဆယ့်တစ်နာရီလည်း ထိုးပြီးနေပြီ။ကျွန်မမှာတော့ ညအိပ်ရာထဲ ရောက်သည့်နောက်တောင် ကိတ်မုန့်ကြီးကို အိပ်မက်မက်နေသေးတော့သည်။
( ၄ )
မနက်စောစောကြီး ဆွမ်းထချက်ကာ အိမ်နားက ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ရသည်။ အစီအစဉ်က ဘုန်းကြီးကျောင်ကအပြန် ရေမိုးချိုး။သမီးကို အဝတ်အစား ကောင်းကောင်းလဲ၊ ငှားထားသည့်ကားလာလျှင် သမီးတို့ မူကြိုကို အရင်ဝင်ကြမည်။ ပြီးလျှင် မဟာမုနိဘုရားကြီးကို ဖူးကြမည်။ ပြီးတော့ သမီးအမေကြီး (အဘွား)ကို ဆေးနှင့် ကန်တော့ပစ္စည်းတွေ ကိုယ်ထိလက်ရောက် ကန်တော့စေမည်။ အပြန်မှာတော့ 78
Shopping Centre ကိုဝင်ကာ သမီးကြိုက်တာ ဝယ်ပေးမည်။
“မေမေရေ... ကားလာပြီ”
ကျွန်မတို့ ငှားထားသော ကားကလေးရောက်လာတော့ သမီးက အော်ဟစ်ခုန်ပေါက်နေပြီ။ ကျွန်မတို့လည်း အဝတ်အစား ကမန်းကတန်း လဲကြရသည်။ သမီးကို သူ့တီတီပေးသော ဂါဝန်လှလှကလေးဝတ်ကာ မိတ်ကပ် နှုတ်ခမ်းနီ စသည်ဖြင့် လှလှပပကလေးဖြစ်အောင် ပြင်ဆင်ပေးရသည်။ အရုပ်ကလေးတွေ ထည့်ထားသည့်ခြင်းကို ကားပေါ်တင်ပြီး သမီးကိုပါ ကားပေါ်တစ်ခါတည်း တင်ထားလိုက်ရသည်။
ရေခဲသေတ္တာထဲမှာ ကိတ်မုန့်ကြီးရှိကြောင်း သိသွားခဲ့ပြီ။ တစ်မနက်စာလုံး ရေခဲသေတ္တာကို ဖွင့်လိုက်၊ ပိတ်လိုက်။ ဖအေကလည်း တစ်ချိန်လုံး ကြည့်နေရတာ မဟုတ်လား။
ပြီးမှ မွေးနေ့ကိတ်ကြီးကို ရေခဲသေတ္တာထဲကထုတ်။ ကားပေါ် ရွရွကလေးတင်။ ကားဆရာကိုလည်း ဖြည်းဖြည်းပဲ မောင်းခိုင်းရပါ၏။
သည်လိုနှင့် သမီးတို့ မူကြိုကျောင်းကလေးကို ရောက်လာခဲ့ပြီ။ သမီးတို့မူကြိုက ရိုမန်ကက်သလစ် သီလရှင်ကျောင်းဆိုတော့ ခရစ်ယာန်သီလရှင်
ကလေးများက မွေးနေ့အတွက် ပြင်ဆင်ထားသည်။
“Happy Birthday ဖွေးဖွေး "
ကျောင်းပေါက်ဝ ရောက်သည်နှင့် သီလရှင်များက ဆုတောင်းပေးကြသည်။ ကျွန်မ ခင်ပွန်းနှင့် ကားဆရာက ကိတ်မုန့်ကြီးကိုပွေ့ကာ စာသင်
ကျောင်းထဲက စားပွဲပေါ်မှာ သွားတင်ကြချိန်မှာ ကျွန်မက သမီးကို ကားပေါ်က ပွေ့ချပြီး မူကြိုကျောင်းထဲ ဝင်ခဲ့ကြသည်။ ကျွန်မ ခင်ပွန်းက
မုန့်ဘူးအဖုံးကို ဖွင့်ထားခဲ့တော့ ကလေးပေါင်း သုံးဆယ်လောက်က ကိတ်မုန့်ကြီးကို ဝိုင်းနေကြသည်။
သီလရှင်တစ်ပါး ကလေးတွေကို တန်းစီခိုင်းသည်။ အရုပ်တွေ ဝေမှာဆိုတော့ ကလေးများ သဘာဝ အော်ကြ ဟစ်ကြ ပျော်ရွှင်ကြ။ သမီးက အရုပ်တစ်ရုပ်၊ ချိုချဉ်ချောင်းတစ်ချောင်းစီ ဝေပေးသည်။
“ဖွေးဖွေးက အရုပ်ပေးတဲ့အခါ သားတို့ သမီးတို့က ဟက်ပီးဘာ့သ်ဒေး ဖွေးဖွေး သိုင်းခရူးလို့ ပြောရမယ်နော်၊ ကဲ... ဟက်ပီးဘာ့သ်ဒေးလို့
ပြောကြည့်ကြစမ်း”
“ဟက်ပီးဘာ့သ်ဒေး ဖွေးဖွေး”
မွေးနေ့ကိတ်မုန့်ကြီးပေါ်သီလရှင်တစ်ပါးက ဖယောင်းတိုင်ကလေးတွေစိုက်သည်။ မီးထွန်းပေးသည်။ ဧရာမ မွေးနေ့ကိတ်ကြီးပေါ်မှာ
ဖယောင်းတိုင်ကလေးတွေ တလှုပ်လှုပ် ထွန်းလင်းကြလို့။ သမီးကိုမှုတ်ခိုင်းတော့ ကလေးတွေက လက်ခုပ်လက်ဝါး တီးကြသည်။ သီလရှင်
တွေက Happy Birthday to you လုပ်ကြလေ၏။
ပြီးပြန်တော့ သီလရှင်ကြီးက မွေးနေ့ကိတ်ကို ခွဲသည်။ သမီးကို ချော့သည်။ မွေးနေ့ ကိတ်
ကို အစိတ်စိတ်လှီးကာ ကလေးတွေကို ကျွေးသည်။ ကျွန်မတို့ ပြန်လာတော့ ကျောင်းကလေးထဲမှာ ပွက်ပွက်ညံ ကျန်ခဲ့လေသည်။ သမီးကလည်း
ပျော်လို့။ ကျွန်မတို့ကလည်း အရုပ်ကလေးတွေ ကိုယ်စီကိုင်ကာ ပျော်နေသော ကလေးတွေကို မြင်ယောင်ရင်း ဝမ်းသာနေမိခဲ့ကြပါ၏။
ကားပေါ် ရောက်ခါမှ သမီးကလေးကို ဖျတ်ခနဲ ကြည့်လိုက်တော့ မျက်နှာကလေးအိုလို့။ ငိုတော့မည့်ပုံ။
“ဟဲ့ သမီး၊ ဘာဖြစ်လို့လဲ၊ ဘုရားကြီးသွားမယ်၊ အမေကြီးတို့အိမ်သွားမယ်၊ ဆမ်ဗတီးအိတ် သွားမယ်၊ မွေးနေ့ရှင်ဆိုတာ ပျော်ပျော်နေရတယ်လေ”
သမီး မျက်နှာကလေးမှာ မျက်ရည်တွေ ဝေ့လာရာက မျက်ရည်တွေ သွန်ကျလာသည်။ အလို ... သမီး ဘာဖြစ်လို့ပါလိမ့်။ ချော့မော့မေးတော့မှ မျက်ရည်ကြားက ရှိုက်ကြီးတငင် ဖြေပါ၏။
“သမီး ကိတ်မုန့်ကြီးကသမီး နည်းနည်းပဲ စားရတယ်၊ ကျန်ခဲ့တာအကြီးကြီးပဲ၊ ပြန်ယူပေး”
ကျွန်မမှာ စိတ်လည်းမကောင်း ရယ်လည်း ရယ်ချင်။ သမီးအဖေကတော့ ကားခေါင်းထဲမှာ ထိုင်တာဆိုတော့ နောက်ကပြဿနာကို သိမည်မဟုတ်။ သိလျှင်လည်း “အဲဒါ မင်းတို့ဘက်က လာတာ”လို့များ ပြောနေလေမလား။ ကျွန်မက သမီးကလေးကို နမ်းလိုက်တော့ မျက်ရည်တွေ ကျွန်မ ပါးပြင်ကို ကူးလာခဲ့သည်။
“သမီးရယ်... သမီး ဟက်ပီးဘာ့သ်ဒေးက မေမေလည်း မဝဘူး၊ဘုရားကြီးရောက်မှ မုန့်တီသုပ် ခေါက်ဆွဲသုပ် တစ်ပွဲစီနဲ့ ဟက်ပီးဘာ့သ်ဒေး
လုပ်ကြရအောင်၊ သမီး ကြိုက်သလောက် စားစမ်း”
ဒီလိုဆိုတော့ သမီးက ပြုံးသည်။ ဘုရားကြီးရောက်တော့ သားအဖေတစ်တွေ ဆာဆာနှင့် တွယ်လိုက်ကြပုံများ။
Happy Birtaday ပါသမီးရယ်...။
-------------
ခင်ခင်ထူး
Beauty မဂ္ဂဇင်း၊
(၂၀၀၉) ခုနှစ်၊ ဖေဖော်ဝါရီလ
#Typing_crd_ZawOo
No comments:
Post a Comment