Sunday, 26 July 2020

ကောက်ကြောင်းများ #သန်းမြင့်အောင်

#ကောက်ကြောင်းများ

#သန်းမြင့်အောင်

“အချိန် ဆိုတာ ကုန်ဆုံးသွားတဲ့ကာလတွေ၊ စောင့်ဆိုင်းရတဲ့ ကာလတွေ၊ စက္ကန့်ခြောက်ဆယ် တစ်မိနစ်၊ မိနစ်ခြောက်ဆယ် တစ်နာရီဆိုတဲ့ ကာလသတ်မှတ်ချက်မျိုးနဲ့ပဲ သက်ဆိုင်နေတဲ့ ဝေါဟာရတော့ မဟုတ်သေးဘူး။အချိန်ဆိုတဲ့စကားဟာ လူသားတစ်ယောက်အတွက် အတော်ကလေး တာသွားတယ်။

ကုသိုလ်ကံများကတော့ ပြော... မပြောချင်ပေါင်။ လူဆိုတာ ပြောတတ်၊ ဆိုတတ်၊ ငိုတတ်မှနော့။ လှေကြီးထိုး ရိုးရိုးသွားနေလို့ကတော့လား..။ ကျုပ်တို့အိမ်က ကိုရင်ပြားနဲ့ ဟိုဘက်ခန်းက ဦးဘကြွား
တို့ ကိုပဲကြည့်။သူလည်း သူဌေးကားမောင်းတာ၊ ကိုယ်လည်း သူဌေးကားမောင်းတာ။ ဟော... သူ့ ကျတော့ ခုမှ ကားပေါ်တက်ခါစရှိသေး၊တောက်တောက်ကိုမှ ပြောင်လို့ရယ်။ ကျုပ်တို့ ကိုရင်ပြားဖြင့် လုပ်သက် ငါးနှစ်ရှိရော့မယ် ၊ကျုပ်တို့မှာ ဖလယ်ကျွန်ရုပ် ပေါက်မြဲပဲ။

သူ့မိန်းမ မအိမ်မြဲကလည်း နာမည်နဲ့လိုက်အောင် အိမ်မြဲသလား မမေးနဲ့။ ဦးဘကြွားနဲ့ အိမ်ထောင်ကျပြီးကတည်းက ရွှေတိဂုံဘုရားတောင်
တစ်ခါမှ မရောက်တော့ဘူးဆိုဘဲ။ ပြီးခဲ့တဲ့သင်္ကြန်တုန်းက ကျုပ်တို့လိုင်းထဲက အလုပ်သမား မိသားစုတွေ ရွှေစက်တော်ဘုရားဖူးသွားကြဖို့
အဖော်စပ်မိတယ်။ သူ့ယောက်ျားကပြောတယ်တဲ့၊ အိမ်က ဘုရားလည်း ဘုရားပဲ၊ ဟိုးအဝေးကြီးက ဘုရားလည်း ဘုရားပဲ၊ ဓာတ်ပုံထဲက ဘုရား
လည်း ဘုရားပဲ၊ ပြက္ခဒိန်ထဲက ဘုရားလည်း ဘုရားပဲ။ အကြောင်းမရှိ အကြောင်းရှာပြီး ကားသမားတွေကို လုပ်ကျွေးမနေကြနဲ့ဆိုလို့ ကျုပ်တို့ပါ
မကောင်းဖြစ်ရပါရောလား။

မအိမ်မြဲကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘယ်သူတွေ ဘာကြီးပြောနေနေ သူ့ယောက်ျားစကားမှ နားဝင်တာ။ လင်သားကို စုံမက်ပုံကလည်း ပွဲထဲကလူရွှင်တော်တွေ ပျက်သလို သူတို့လင်မယား ချစ်လိုက်ကြပုံများ ထမင်းပွဲမှာ ဟင်းချိုသောက်ရင်း ဇွန်းကွယ်လို့ လွမ်းရတယ်ဆိုပြီး ငိုကြတာ ခုနစ်ရက် ဆိုတဲ့ အစားထဲကပေါ့ ။ သူ့အိမ်မှာတော့ သူ့
ယောက်ျားဟာ ဘုရားပဲ။

“ပညာရှိဆိုတာ တက်စရာအတန်းတွေ မကျန်တော့မှ၊ ဘွဲ့ တွေ တသီကြီး ချိတ်ထားနိုင်မှ ပညာရှိမဟုတ်ဘူး။ ကိုယ်မိသားစုထဲမှာ ပြဿနာ
တစ်ခုခုပေါ်လာပြီဆိုရင် အဲဒီပြဿနာကို အချိန်တိုတိုနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့နည်းစနစ်နဲ့ စိတ်ကူးစိတ်သန်းရှိရင် အဲဒီလူဟာ ပညာရှိပဲ”
ဆိုတဲ့ ဦးဘကြွေးရဲ့ သြဝါဒကို သူတို့သိပ်သဘောကျတာ။ ကျမယ်ဆိုလည်း ကျလောက်တယ်။ သူ့အိမ်မှာ ပေါ်လာတဲ့ ပြဿနာပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းပေးလေ့ရှိတာ သူတို့ကိုယ်တွေ့ပဲ။ဒါကြောင့် မအိမ်မြဲက သားသမီးတွေကို အခွင့်သင့်တိုင်း...

“နင့်အဖေက တကယ့်ပညာရှိ၊ နင့်အဖေပြောစကားသာ တစ်သဝေမတိမ်း နားထောင်၊ တို့ ဘယ်တော့မှ မဆင်းရဲဘူး” တဲ့။

ပြီးတော့ နင့်အဖေလောက် မိသားစုအပေါ် သံယောဇဉ်ရှိတာ၊ နင့်အဖေလောက် အဖေပီသတာ ဘယ်မှာမှ ရှာလို့မရနိုင်ဘူး၊ ဒီဘဝမှာ
သူနဲ့ရေစက်ဆုံရတာ ငါတို့ကံကောင်းလို့မှတ်”တဲ့။

 ဟုတ်ပါ့၊ အဲဒါတော့ ကျုပ်လည်း ထောက်ခံတယ်။ ကြည့်ပါလား။ တစ်နေ့က သူ့သူဌေးက
သူတို့ကို အလုပ်ပင်ပန်းလို့ဆိုပြီး ငါးသေတ္တာတစ်ဘူးစီနဲ့ ကျွဲရိုင်းတစ်ဘူးစီ ပေးလိုက်တယ်။ ကိုရင်ပြားက ပြန်ပြန်လာချင်း ဘူးတွေကို ကျုပ်လက်ထဲ
ထည့်ပြီး “မဖောက်နဲ့ဦးနော်၊ သိမ်းထား။ အိမ်ကို ဧည့်သည်၊ စောင်သည်လာမှ ဖောက်ရအောင်”တဲ့။ အဲဒါကို ဦးဘကြွားး ကြားသွားတော့ ဘာ
ပြောတယ်မှတ်သလဲ။

“ဟေ့ကောင် ငပြား၊ မင်းကတော့ တစ်သက်လုံး နာမည်နဲ့လူနဲ့ လိုက်နေတော့မယ့်ကောင်ပဲ၊ တစ်ခါတလေ ကံကောင်းထောက်မလို့
ဆီဦးထောပတ်ကလေး ဘာလေးရတာ ကိုယ့်သားသမီး၊ သားမယားတွေကို လူဖြစ်ရကျိုးနပ်အောင် ကျွေးမယ်စိတ်မကူးဘူး၊ ဧည့်သည်ဆိုတာ
ကိုယ့်အိမ်မှာ အချောင်လာကပ်စားတဲ့လူကွ၊ မင်း နားလည်ရဲ့လား"တဲ့။

အဲဒါကြောင့် သူ့မိန်းမက သူ့ကို ပညာရှိလို့ ပြောတာနေမှာ။မနေ့ကလည်း ဦးဘကြွားမရှိတုန်း အိမ်မှာ သူ့သမီးအငယ်မနဲ့ မအိမ်မြဲ ဝုန်းဒိုင်းကြဲနေပါရော့လား။ အဲဒီအငယ်မက သူတို့အသည်းလေး။
ဘာကဲသလဲ မမေးနဲ့။ ခုတော့ မအေလည်း မနိုင်တော့ဘူး။ အော်ဟစ် ပြောဆိုဆူညံ နေလိုက်ကြတာ ထိန်းလို့သိမ်းလို့ကို မရတော့ဘူး။ ဖြစ်ပုံက
ဒီလို...

သူတို့အခန်းက ကြောင်အိမ်ပေါ်မှာ မိဘဘိုးဘွားလက်ထက်ကတည်းက ကျန်ခဲ့တဲ့ ဖန်ပုလင်းကြီး သုံးလုံးရှိတယ်။ အဲဒီပုလင်းတွေက ခုချိန်မှာ တွေ့ရခဲတဲ့ အဝိုင်းလည်းမဟုတ်၊ လေးထောင့်လည်းမဟုတ်။အချို့ အောက်လင်းမီးတွေမှာ ရှိတတ်တဲ့ ဖန်ပြောင်းလို အမြှောင်းအမြှောင်း
ထောင့်ချိုးလေးတွေနဲ့ အတော့်ကိုလှတယ်။ အဖုံးပေါ်မှာလည်း လက်ကိုင် ဘုသီးအလုံးကလေးနဲ့ ။ အဲဒီပုလင်းအဖုံးကလေးကို သူ့သမီးက လိုချင်
တယ်။ မအိမ်မြဲကလည်း အဖုံးအပိုမရှိလို့ မပေးနိုင်ဘူး။ ကလေးက အပေါ်က ဘုသီးကလေးကိုကိုင်ပြီး မှောက်ထားတဲ့အဖုံးဝကို ခဲတံနဲ့ လိုက်ခြစ်ပြီး ကမ္ဘာလုံးပုံဆွဲလို့ ကောင်းတယ်ဆိုပြီး အတင်းအဓမ္မလုယူဖို့ ကြိုးစားတယ်။ အမှန်တော့ ဖန်သီးကလေးကို မျက်စိကျပြီး ကလေးပီပီ ကစားချင်နေတာ။ ဆိုးမှန်းကောင်းမှန်း သိလို့မဟုတ်ဘူး။ မအေကလည်း
ဒီအဖုံးကို ဖြုတ်ပေးပြီး ပေးလိုက်ရင် ပြန်တောင်းလို့ ရမှာမဟုတ်တော့ဘူး။

ပြီးတော့ အဲဒီပုလင်းကလည်း အခြားအဖုံးတွေနဲ့ မတော်ဘူး။ သူက ရှေးဟောင်းပစ္စည်းလေ။ ဒီလို မအေနဲ့ သမီး အကြီးအကျယ် ပြဿနာ
တက်နေတုန်း ဦးဘကြွား ပြန်ရောက်လာတော့မှ ပြဿနာက ချက်ချင်း ပြေလည်သွားတယ်။
သမီးကလည်း ဒီအဖုံးကိုရမှ ဖြစ်မယ်။ မအေကလည်း အဖုံးအပိုမရှိလို့ မပေးနိုင်ဘူးဆိုတော့ နှစ်ယောက်စလုံးရဲ့ ဆန္ဒပြည့်သွားအောင်
ဦးဘကြွားဟာ မိနစ်ပိုင်းအတွင်းကလေးမှာပဲ ဖြည့်ဆည်းပေးလိုက်တယ်။အဲဒါဟာ ဦးဘကြွားရဲ့ ကိုယ်စွမ်းကိုယ်စပဲ။

မအိမ်မြဲဟာ အဖုံးအပိုတစ်ခု ထွက်လာဖို့အတွက် အဲဒီပုလင်းရဲ့ ကိုယ်ထည်ကို ရိုက်ခွဲပစ်လိုက်ရမယ်ဆိုတဲ့ သူ့ယောက်ျားရဲ့ လျှပ်တစ်ပြက်
အတွေးအခေါ်နဲ့ လှုပ်ရှားမှုကို တစ်အားအထင်ကြီးသွားပြန်တယ်။

                                * * * * *

ကြားဖူးလားတော့ မသိဘူး။ ကောက်ညှင်းပေါင်းကို ဆီနဲ့ ပြန်ကြော်စားတာ၊ ဆီထမင်းလည်း မဟုတ်၊ ပြန်ပေါင်းလည်း မဟုတ်တဲ့ မုန့်တစ်မျိုးလေ...။

စနေနံနက် ရပ်ကွက်သန့်ရှင်းရေးဆိုပြီး တစ်အိမ်တစ်ယောက်ထွက်တော့ ဦးဘကြွားနဲ့ ကိုရင်ပြားလည်း ပါသပေါ့ ။ အဲဒီနေ့က လုပ်အားပေးတဲ့လူတွေအတွက် တစ်အိမ်ငါးကျပ်ကောက်ပြီး ကောက်
ညှင်းပေါင်းနဲ့ ဧည့်ခံတယ်။ အဲဒီမှာ လူကြီးလူငယ်တွေ အစုလိုက်တာဝန်ခွဲတော့ ဦးဘကြွားက ကောက်ညှင်းပေါင်းဝေတဲ့နေရာမှာ ကျတယ်။
သူ့ရဲ့ အသက်အရွယ်အနေအထားနဲ့ လူမှုရေးအရ ပင်ပန်းတဲ့နေရာမှာ မထားဘဲ ရေမြောင်းထဲဆင်းပြီး အမှိုက်ဆယ်တာတို့၊ တံမြက်စည်း လှည်းတာတို့ကို ကိုရင်ပြားတို့အုပ်စုနဲ့ ကလေးတွေပဲ လုပ်ကြတယ်။

ကျုပ်ကတော့ အဲဒီထဲက ကျိတ်ပြီးပြုံးမိပါတယ်။ လိုင်းထဲကလူတွေ၊အရပ်ထဲကလူတွေ သူ့အကြောင်းကို ထဲထဲဝင်ဝင်မသိကြဘူး။သူကလည်း
ပြောတတ်၊ ဆိုတတ်၊ ပေါင်းတတ်၊ သင်းတတ်သကိုး။ ကျုပ်ကတော့ ထရံတစ်ချပ်ခြားဆိုတော့ အစင်းသိပေါ့။ ထရံတစ်ချပ် ခြားခြင်းအတူတူ
ကိုရင်ပြားတောင် ကျုပ်လောက်မသိဘူး၊ သိလည်း သူက စိတ်ဝင်စားမယ့်လူ မဟုတ်ဘူး။ ကျုပ်ကိုတောင် စပ်စုရမလားလို့ ဆူဦးမှာ။ အဲ..
ဒါနဲ့ ဆက်ပြောရဦးမယ်။ လမ်းထဲက လူကြီးလူငယ်တွေ ချွေးသံတရွှဲရွှဲနဲ့ ကြဲလို့ကောင်းနေတုန်းမှာ သူ့သားလေးက အမေစားဖို့ဆိုပြီး ကောက်ညှင်း
ပေါင်းတွေ ကျွတ်ကျွတ်အိတ်နဲ့ တစ်လုံးကြီးသယ်ပြီး ကုပ်ချောင်းချောင်းနဲ့ ဝင်သွားတာတွေ့လိုက်တော့ ကျုပ်ဖြင့် ကိုရင်ပြားကို မျှော်မိသေး။ ကျုပ်
ကလည်း တောသူပီပီ ကောက်ညှင်းဆို အသေကြိုက်မို့လား။

လား.. လား... ကိုယ်တော်မြတ်က နာရီပြန်နှစ်ချက်တီးလောက်မှ အူယားဖားယားနဲ့ မီးဖိုထဲတန်းဝင်ပြေးပြီး ‘ထမင်း...ထမင်း... မြန်မြန်ခူးစမ်းပါကွ၊ ဒီမှာ ဆာလို့ သေတော့မယ်” ဆိုပြီး
ပလုတ်ပလောင်း တွယ်ပါရောလား။ ဒါနဲ့တောင် ကျုပ်က သဘောမပေါက်သေးဘူး။

“ကျုပ်ဖို့များ ကောက်ညှင်းပေါင်းလေး နည်းနည်းလောက်များ ဆွဲခဲ့ပါတော့လားတော်” ဆိုတော့ “မင်းအတွက် ဆွဲခဲ့ဖို့နေနေသာသာ ငါတောင် မစားလိုက်ရဘူး၊ ကောက်ညှင်းပေါင်းက အစောကြီးပြတ်
သွားတယ်”တဲ့။

အဲဒီနေ့ ညဆယ်နာရီလောက်မှာ ကျုပ် နောက်ဘေးထွက်တော့ ဟိုဘက်ခန်း မီးဖိုချောင်ထဲက ခပ်အုပ်အုပ်ထွက်လာတဲ့ အသံတစ်သံနဲ့
မမျှော်လင့်ဘဲ သွားတိုးတယ်။

‘ကောက်ညှင်းပေါင်းက နှစ်ပြည်ချက်လောက်ရှိတာ။ ဒီအတိုင်းထားရင် သိုးကုန်မယ်။ ဆီနဲ့ပြန်ကြော်ပြီး ဖွင့်ထား။ နှစ်ရက်လောက် ကလေးမုန့်ဖိုး သက်သာတော့ နည်းလား”

ဆန်းတော့ဆန်းတယ်။ လူတွေရဲ့ စိတ်ဓာတ်ကို တစ်သမတ်တည်း ပုံသေကားချပ် တွက်ထားလို့တော့လည်း မရပြန်ဘူး။ အသက်အရွယ်လေး ရလာတာနဲ့အမျှ စိတ်နေစိတ်ထားတွေလည်း ပြောင်းလဲတည့်မတ် လာတတ်ကြတယ်ဆိုတာကို တော်တို့ယုံသလား။ မယုံမရှိနဲ့ အဟုတ်ပြောတာ၊ ကျုပ်ဖြင့် အံ့သြမိတယ်။ ဟိုဘက်ခန်းက ဦးဘကြွားလေ..။

အရင်လို မဟုတ်တော့ဘူးတော့။ ဘုရားနဲ့တရားနဲ့ အတော်လေးတည်ငြိမ်လာပြီး ပြောတာဆိုတာကအစ နူးညံ့သိမ်မွေ့ လို့ သိပ်ကိုလူကြီးဆန်လာ
တယ်။ ဒီတော့လည်း ကျုပ်တို့က လေးစားရပြန်သပေါ့။ ရိုသေရပြန်သပေါ့။

မကြာခင်က အလုပ်ရှင်သူဌေးရဲ့ အမေကြီး ဆုံးသွားတယ်။သူဌေးက သူ့အမေတစ်ဦးတည်း နေခဲ့တဲ့ ရပ်ကွက်ထဲက တစ်ထပ်တိုက်ကလေးကို သူ့အမေအတွက်ရည်စူး ကုသိုလ်ပြုပြီး ဝိပဿနာစခန်းလေး
တစ်ခုအဖြစ် ထူထောင်လိုက်တယ်။ သူဌေးရဲ့ အစီအစဉ်ကို ဦးဘကြွားတို့၊ကိုရင်ပြားတို့လို သူ့အလုပ်သမားတွေနဲ့ ရပ်ကွက်ထဲက တရားသမားတွေက ဝိုင်းပြီးတက်တက်ကြွကြွ ဆောင်ရွက်ပေးကြရတာပေါ့။ ဦးဘကြွားတို့လို လူကြီးတွေက ရိပ်သာရဲ့ မျက်နှာဖုံးတွေအဖြစ် အတိုင်ပင်ခံတွေ
ဖြစ်ပြီး လူငယ်ပိုင်းကတော့ ဝေယျာဝစ္စ အောက်ခြေသိမ်းတွေဖြစ်ပေမယ့်
ကူညီတော့လည်း စိတ်ချမ်းသာစရာ၊ ဝမ်းမြောက်ကြည်နူးစရာ တရားရိပ်သာလေးတစ်ခု နေ့ချင်းညချင်း ဖြစ်သွားတယ်။
ဦးဘကြွားဆိုရင် ရိပ်သာရဲ့ ဘုရားခန်းမှာ တင်ပျဉ်ခွေထိုင်ပြီး ကွမ်းယာလေးတမြုံ့မြုံနဲ့။ ဟိုက “အကြွား' ဒီက “အဘကြွား'နဲ့ ကျက်သရေကိုရှိလို့။ တရားဓမ္မ စကားဝိုင်းတွေကလည်း ညတိုင်းပဲ။
အဲဒီမှာ သက်ကြီးရွယ်အိုတွေ တတ်သမျှ၊ မှတ်သမျှ အတွေ့အကြုံတွေ ဖလှယ်ကြ၊ ဆွေးနွေးငြင်းခုံကြပေါ့။ တခြားသူတွေ အယူအဆ၊ ဓမ္မသဘာဝတွေ ဘယ်လိုငြင်းငြင်း သူကတော့ ဘာမှဝင်မငြင်းဘဲ ပြုံးပြုံးပြုံးပြုံးနဲ့ သဘောကြီးကြီးထားပြီး သူ့ရင်ထဲမှာပဲ အမှားအမှန်ကို ဝေဖန်ပိုင်းခြားကြည့်နေပုံပေါ်တယ်။ အဲဒီလို လိုက်လျောညီထွေရှိနေတဲ့ သူ့ကို
အရပ်ထဲကလူတွေက ဆရာတော်ကြီးတစ်ပါးလောက်နီးနီးကို ကြည်ညိုကြတယ်။ ဘာမှဝင်မပြောတာကိုက တန်ဖိုးတက်နေသလိုပဲ။တစ်နေ့နေ့
သူဝင်ပြောလာတဲ့အခါကျရင် မှတ်လောက်သားလောက်ရှိတဲ့ စကားမျိုးပဲ ဖြစ်ရမယ်ဆိုတာလည်း အလိုလိုသိနေကြတယ်။

အဲဒီလိုနဲ့ ရိပ်သာရေစက်ချတဲ့နေ့မှာပဲ ဝိပဿနာဆယ်ရက်အဓိဋ္ဌာန်စခန်း စဖွင့်တယ်။ တရားပြတဲ့ဆရာတော်ကတော့ ကျုပ်တို့ ဝိပဿနာနဲ့ နာယကဆရာတော်ကိုယ်တိုင်ပဲ။ဒကာကြီး ဦးဘကြွားတို့လို လူကြီးတွေက ရှေ့ကလုပ်ပြတော့ နောက်က လူငယ်လူရွယ်တွေက လိုက်လုပ်ကြရကောင်းမှန်း သိတာပေါ့။

ဒီလိုနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ သူတော်ကောင်းတွေ တိုးတိုးလာတော့ မင်္ဂလာရှိတာပေါ့။ ဒါကြောင့် "အားကြိုးမာန်တက် ကုသိုလ်ဖက်ကြစို့”ဆိုတဲ့ ဆရာတော်ရဲ့ မိန့်မှာချက်အတိုင်းပဲ။ ရိပ်သာမှာ အဘကြွားတို့လို ကမကထလုပ်တဲ့ လူကြီးတွေက ရှေ့က၊ ကျုပ်တို့လို အရပ်ထဲက မိန်းမတွေ၊ လူရွယ်လူလတ်တွေက နောက်ကပေါ့။ တကယ့်ကို ချမ်းမြေ့စရာပါပဲ။

ညစဉ်ခုနစ်နာရီကနေပြီး ရှစ်နာရီအထိ တရားထိုင်ရတယ်။ဝိပဿနာရှုပုံရှုနည်းနဲ့ အမှတ်တရားတွေကို အခြေခံကနေပြီး ဆရာတော်က ပထမဆုံးညကတည်းက သေသေချာချာရှင်းပြတယ်။ ပြီးတော့...

“ခုနစ်နာရီကနေစပြီးတော့ ထိုင်နေတုန်းမှာ ဒကာတို့ ကို ဘုန်းကြီးက လိုတာလေးတွေကို ထောက်ပေးမယ်။ တစ်နာရီခွဲဆိုတဲ့အချိန် ဟာ ထိုင်ကျင့်ရသွားရင် ဘာမှတောင် ကြာတယ်မထင်ရတော့ဘူး၊ စနစ်တကျ အားထုတ်တတ်ဖို့ပဲလိုတယ်၊ ရှစ်နာရီခွဲတာနဲ့ ဟောဒီစားပွဲပေါ်က နာရီသံပတ်ကလေး မြည်လာလိမ့်မယ်၊ အဲဒီအချက်ပေးဘဲ(လ်)သံကြားမှ တဖြည်းဖြည်း ညင်ညင်သာသာနဲ့ တရားဖြုတ်ရမယ်”

ဆရာတော်ဘုရားနဲ့ သူဌေးရဲ့ ကျေးဇူးတွေကဖြင့် ကြီးပါပေ့တော်။ နို့မို့ဆို ကျုပ်တို့မှာ တစ်နေ့တစ်နေ့ ဒီလိုနဲ့ အချိန်တွေကုန်ပြီး လုံးလည်လိုက်နေတော့မှာ။ အခုတော့ ညနေခင်း ချက်ပြုတ်စားသောက်
ပြီးတာနဲ့ အလုပ်ကလေးတွေ လက်စသတ်၊ ရေမိုးချိုးပြီး တဘက်ကလေး ပခုံးပေါ်တင်လို့ ထွက်လာရတဲ့ ခြေလှမ်းတွေက အရသာရှိလိုက်တာ။
ကျုပ်တို့သေရင် ဒါပဲပါမှာ။

အဲဒါနဲ့ ပြောရဦးမယ်။ ဘယ်တော့မှအချိုးမပြေတဲ့ အိမ်ကလူအကြောင်း... ။ အဘကြွားကို အားကျမလားလို့ တရားဝင်ဖို့ ကျုပ်ကတိုက်တွန်းတော့...

 "တစ်နေကုန် ကားမောင်းလို့ ညောင်းရတဲ့ကြားထဲကွာ၊မင်းဘာသာ ဝင်ပါလား"တဲ့။

 ကြည့်စမ်း၊ လူကြားရင် ရှက်ဖို့ကောင်းလိုက်တာ 
သူ့ကိုကြည့်ပြီး ကျုပ်ဒေါသတွေ ဖြစ်မှဖြစ်ပဲ။ ဒီတော့ ကျုပ်က အဘကြွားကို သူ့ထက်ပိုပြီး အထင်ကြီးတာ ဆန်းသလား။ ဒါပေမဲ့
ရလိုရငြား တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး၊ ချော့လိုက်လိုက်နဲ့ အမျိုးမျိုးဆွယ်တရားဟောတော့ သူက ဘာပြောတယ်မှတ်သလဲ။

“ငါက စိတ်မပါဘဲ ဘာအလုပ်မှမလုပ်ဘူးကွ”တဲ့။ ပြီးတော့...ငါးပါးသီလဆိုတာ ကိုယ်ချင်းစာတရားပဲ။ ငါက ကံငါးပါး အမြဲလုံတယ်။ စိတ်သာချ။ အရက်သောက်တဲ့ ကောင်မဟုတ်ဘူး။ တရား
အားထုတ်ချင်တဲ့အချိန်ကျရင်လည်း ထုတ်မှာပဲ။ မင်းမပူနဲ့။ အခုလောလောဆယ်တော့ ငါနိုင်သလောက်ပဲ လုပ်ဦးမယ်။ ငါ့ကို အတင်းအကျပ်
မတိုက်တွန်းနဲ့” ဆိုတော့ ကျုပ် လက်လျှော့လိုက်ရတာပေါ့။ အတော် ခွကျတဲ့လူ။ သူ့အတွက် ကျုပ်ဘယ်လောက် ဂုဏ်ယူချင်နေတယ်ဆိုတာ
သူသဘောမပေါက်ဘူး။

ရပ်ကွက်ရိပ်သာလေးပေမယ့် တရားအားထုတ်တဲ့လူက အတော်များသား။ အရပ်ထဲက သက်ကြီးရွယ်အို အားလုံးနီးပါးနဲ့ ကျုပ်တို့လို တဘက်ကလေးပခုံးပေါ်တင်ပြီး တဖြုတ်ဖြုတ်ရောက်လာကြတဲ့
အိမ်ရှင်မတွေနဲ့ ပေါင်းလိုက်တော့ ရိပ်သာလေးပြည့်လျှံလာတယ်။ဒါတောင် ကလေးသားငယ်ရှိတဲ့လူတွေ မလာနိုင်ကြလို့။

ဒီလိုနဲ့ ဆယ်ရက်စခန်းစရောဆိုပါတော့။ ထုံးစံအတိုင်း အရပ်မျက်နှာဖုံး အဘကြွားက ရှေ့ဆုံးကပေါ့။ ကျုပ်တို့မှာ ကိုယ့်အရပ်၊ကိုယ့်အလှူ၊ ကိုယ်ရိပ်သာကလေးနဲ့ဆိုတော့ ပီတိတွေပွားပြီး ဆယ်ရက်
တာကာလကို ဘယ်လိုကျော်ဖြတ်သွားမှန်းတောင် မသိလိုက်ပါဘူးတော်။

အဲ... နောက်ဆုံး ဆယ်ရက်ပြည့်တဲ့နေ့ကျမှ တရားဖြုတ်တော့ အတွေ့ အကြုံတွေ ဖလှယ်ဖို့အတွက် ဆရာတော်က တရားစစ်တယ်။

'ကဲ.. ဆယ်ရက်စခန်းလည်း ပြည့်ပြီ၊ ဒကာ၊ ဒကာမတွေလည်း အတန်အသင့် အကျိုးရှိသွားကြရောပေါ့၊ ဒါနအကျိုးဟာလည်း အကျိုးများပါတယ်၊ ဒါပေမဲ့ သီလနဲ့ ဘာဝနာကတော့ သံသရာအတွက်
ပိုတာသွားသကွဲ ၊ ဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီး တရားနည်းနည်း စစ်ကြည့်ရအောင်၊ ဒီထဲမှာ သက်ကြီးရွယ်အိုလည်းဖြစ်၊ အရပ်မျက်နှာဖုံး
လည်းဖြစ် တရားဓမ္မအပေါ်လည်း အလေးအနက် စိတ်ဝင်စားတဲ့ ဒကာကြီးဦးဘကြွားကိုပဲ ဘုန်းကြီး စစစ်ပါရစေ” ဆိုတော့ ကျုပ်တို့အားလုံးရဲ့ မျက်လုံးတွေဟာ ရှေ့ဆုံးက ပုံ့ပုံ့ကြီးထိုင်နေတဲ့ အဘကြွားရဲ့
ကျောပြင်ပြည့်ပြည့်ကြီးကို ငေးကြည့်မိလျက်သား ဖြစ်သွား တယ်။

“ဒကာကြီးကတော့ လူကြီးလည်း ပီသပါပေရဲ့ ၊ ဒကာကြီးရဲ့ ဝီရိယကလည်း ချီးကျူးထိုက်ပါပေတယ်၊ ဒီတော့ သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပဲ နောက်ကလူငယ်တွေလည်း ကြားရအောင်
ဘုန်းကြီးမေးတာကို ကျယ်ကျယ်ကလေး ဖြေပေးလိုက်ပါ”

“တင်ပါ့ ဘု ရား"

အဘကြွားဟာ ဆရာတော့်စကားကို ဦးထိပ်ထားပြီး တင်ပါ့ဘုရားက စအော်တော့တာပါပဲ...။

"အခု ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ပွားများလိုက်ရတဲ့ အချိန်ကလေးအတွင်း အစ၊ အလယ်၊ အဆုံး ဘယ်နေရာအကောင်း
ဆုံးလဲ”

အဘကြွားဆီကထွက်လာမယ့်အဖြေကို ကျုပ်တို့အားလုံး စူးစိုက်နားစွင့်နေလိုက်ကြတယ်။ အတွေ့အကြုံချင်း တူ၏၊ မတူ၏ပေါ့နော်။ ကျုပ်တို့က နုသေးတဲ့ဟာကိုး။

အဲဒီအချိန်မှာ အဘကြွားက စောစောက လေသံအတိုင်း မဆိုင်းမတွ ခပ်သွက်သွက် ဖြေချလိုက်တယ်။

နောက်ဆုံးက ကလင်... ကလင်.. ဟာ အကောင်းဆုံးပါဘုရားတဲ့။ ဆရာတော်ဟာ ရုတ်တရက် ငြိမ်သက်သွားပြီးမှ အတန်ကြာတော့ ရယ်လည်းမရယ်၊ ပြုံးလည်းမပြုံး၊ တည်ငြိမ်တဲ့မျက်နှာထားနဲ့
ဦးဘကြွားရဲ့ တစ်ကိုယ်လုံးကို အချိန်အတော်ကြာကြာ ခြုံငုံကြည့်နေပြီးတော့မှ ခေါင်းတဆတ်ဆတ်ညိတ်နေလေရဲ့.…. ။ ။

-----------------

သန်းမြင့်အောင်

#Typing_crd_ZawOo

No comments:

Post a Comment