#ရာသီမိုး
( ဇာတ်သိမ်း )
#ကြည်အေး
( ၃ )
"မိအေးနော် ... တင်ဆွေနဲ့ တော်တော်ရော... တော်ကြာမှ ရီဟ ရီဟနဲ့ နွားပြာကြီး အောက်သွားမရှိဘဲ ဖြစ်နေဦးမယ်"
ဤသို့အမေက မျက်နှာတိ မျက်နှာထားနှင့် ပြောသော် အေးအေးသည် ထိတ်လန့်အံ့အားသင့်ကာ
ဘာကိုနားလည်ရမလဲဟု စဉ်းစား၍မရဖြစ်လေ၏။ အမေ့ စကားလုံးကိုလည်း စက်ဆုပ်ရွံရှာသည်။
ကိုကိုမောင်ဆွေဘက်ကလည်း နာသည်။ မိမိအတွက်တော့ ကြောင်တိကြောင်တောင် ဖြစ်ရအောင်ကို ရှက်ကြောက်တုန်လှုပ်၏။ ဒေါသလည်း ပြင်းစွာထွက်၏။ ဝမ်းနည်းငိုချင်ကြီးလည်းဖြစ်၏။ အမေ့ကို မုန်း၍သွား၏။ ရန်သူလို သဘောထားမိလေသည်။အမေသည်သမီးငယ်၏ ရပ်တည်ရာမရအောင် ထိခိုက်သွားပုံကို ရိပ်မိဟန်ဖြင့်
အသံအနည်းငယ်ပျော့လာသည်။
"တင်ဆွေဆိုတာ အနုမရ၊ အကြမ်းမရ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား အကောင်မျိုး... မအေးရဲ့ ...။
ဆွေမျိုးစပ်ပေမယ့် သစ္စာစောင့်တတ်တဲ့ လူမျိုးမဟုတ်ဘူး၊ ကိုယ်လဲအရွယ်ရောက်လာပြီပဲ၊
ပွတ်သီးပွတ်သပ် နေလို့ဘယ်ဖြစ်မလဲ၊ မိန်းကလေးနဲ့ ယောက်ျားလေး..."
အေးအေးကမူကား နောက်ဆက်တွဲစကားများ နားမဝင်တော့ပြီ။ နှုတ်ခမ်းကိုကိုက်ပြီးသာ ကြိတ်ပြီးနေသည်။ ပါးစပ်ကဘာမှလည်း မရှင်းချင်တော့၊ ဘဝသည် ကြမ်းကြုတ်၍လာလေပြီ။
အိမ်မှာနေချင်စိတ်များ ပျောက်လျက်ရှိ၏။ ကိုကိုမောင်ဆွေဆီလည်း အရင်လောက်အခါခါ မသွား၊
စိတ်တွေညစ်လှ၏။ ထွက်ပြေးချင်၏။ စိတ်အမြဲဆိုး နေမိ၏။ ထူးဆန်းထွေပြားလှသည့်
စိတ်ဝေဒနာများဖြစ်ပေါ်နေပေ၏။ အားကိုးရာကိုရှာချင်၏။ မတွေ၊ ကိုကိုမောင်ဆွေ၏ အပြစ်ကင်းစင်သည်ဟု မိမိယုံကြည်သော မျက်နှာကို မှုန်ရေးရစ်ဝဲကာမြင်ရလေ၏။ဒုက္ခများ ဝိုင်းရံလျက်ရှိသည်ဟုထင်သည်။ အမေသည်မိမိကို အပြစ်ရှာလျက်ရှိသည်မဟုတ်လား။
အိမ်ရှေ့အိမ်မှာ ဂဏန်းသင်္ချာအပိုပြပေးသော ကုလားဆရာကြီးကိုလည်း လူပျိုကြီးမို့
မယုံစားရပြန်ပြီတဲ့၊ ဘယ်လိုဘယ်လိုမှန်းမသိ၊ အေးအေး၏ ကော်ပီစာအုပ်ထဲ လာဆွဲသွားသော
သွေးတစက်တစက်ကျသည့် မြားဒဏ်ရာနှင့် အသည်းပုံကိုလည်း အမေသည်စစ်ကြော မေးမြန်း၍မဆုံး၊နယ်လီစတာဟု ထင်သော်လည်း မပြောဝံ့ပြန်ချေ။
ယောက်ျားသူငယ်ကလေးများ အနားသို့ရောက်ပြီဆိုလျှင်တော့ အေးအေးသည် လှုပ်ပင်မလှုပ်ရဲတော့ချေ။ အမေ၏ စုံစမ်းမေးမြန်းနေသော မျက်လုံးများကား စူးရှပြင်းထန်လှချေ၏။သည်အထဲ အေးအေးကလည်း ကဲ၍ တညဆင်းကစားလိုက်သေး၏။ ပြေးရင်း ကစားရင်း နယ်လီမောင်လေးနှင့် ဖက်မိသည်ကို အိမ်ထဲမှာအိပ်ပျော်နေပြီဟု ထင်ရသော အမေကမြင်လိုက်ကာ"ထဦးဟဲ့ ဒီအရွယ်နဲ့ ထဦးဟဲ"ဟု လက်ဝါးနှင့် ကျောပြင်ကိုလည်း ချသေးသည်။
သည်ဘဝမှာ ဘာများ ပျော်စရာရှိတော့သလဲ။
ထို့ကြောင့် သေသွားလျှင်ကောင်းမည်၊သေကြောင်းကြံစည်တော့မည်။မိဘများညှဉ်းပန်းရက်စက်မှုကြောင့် အပြစ်မရှိသော သမီးကလေး သတ်သေသွားရပုံကို စာပေတခုဖွဲ့နွဲ့ သွားမည်။ ထိုအခါ မိဘတို့သည် "တို့မှားလေခြင်း သမီးရဲ့ "ဟု ငိုကြွေးကြပေတော့မည်။နောင်တပူလောင်ကြပေတော့မည်။ လူသူလေးပါးကလည်း "အတော်မိုက်တဲ့ မိဘတွေပါကလား"ဟု ဆိုကာ မိမိကို သနားစုတ်သတ်ကြပေလိမ့်မည်။ အို... သိပ်ကောင်းမှာပဲ ဒါဟာအကောင်းဆုံး လက်စားချေနည်းပဲ။
သေသွား၍ တစ္ဆေဖြစ်လျှင်တော့ အကုန်လိုက်ချောက်မည်ဟုလည်း ဒေါသထား၏။ သို့သော်
တစ္ဆေဖြစ်လျှင် တခြားတစ္ဆေများနှင့် အတူနေရမှာကြောက်လိုက်ပါဘိ။မိမိ၏သတ်သေခြင်း ဝတ္ထုကို အလွန်းခန်းနားသည်ဟု ထင်စားလာ၏။
နောက်ဆုံး နှုတ်ဆက်ခဲ့တော့မယ်၊ ထိုခဏ၌ ဖခင်ဖြစ်သူကို သတိရ၏။ အဖေသည် ဘယ်လိုများ အငြိုးထားလေသည်မသိ၊ ဆံပင် အုပ်လုံးသိမ်းထားသည်ကိုလည်း ကုလားမနှင့်တူသည်ဟု ဆူစရာမရှိ ကြံဖန်ဆူ၏။ စိတ်နာသည်။ သူတို့ကို နှုတ်ဆက်စာပင် မရေးခဲ့ချင်တော့။
ဟောဒီ ဝရံတာက ခုန်ချလိုက်ရင်တော့ အုန်း ခနဲနေမှာပဲဟု တွေးကာဝမ်းနည်း၏။ မျက်ရည်များသည်
ကြွေကျသော သစ်ရွက်များလို တဖြောက်ဖြောက်ကျလေ၏။ နာကြည်းပြီးသည့်နောက် စွန့်ခွာရခြင်းသည် အလွန်လှသော ကဗျာတပုဒ်ကိုဖြစ်စေ၏။
အပြင်၌ လသည် အလွန်မြင့်ကာ ကြည်ကြည်လင်လင်သာလေပြီ။ တိမ်တို့သည် လနှင့်ဝေးရာသို့သွား၍ စုကာငြိမ်နေကြသည့်အခါ အားလုံးသည်ဖြူ၏။ ပုတိုသော အရိပ်နက်များက ဖြူသည့်အရာမှန်သမျှကို ပို၍ပင် ဖြူစေသေး၏။ အဖြူနှင့်အနက်သည် သေမင်းနှင့် သင်္ချိုင်းလိုပင် တွဲဖက်မိ၏။
အေးအေးသည် လူစိတ်များပင် ပျောက်လျက်လာတော့သည်။ဝရံတာလက်ရမ်းကို မှီလျက်နေ၏။ နောက်ငါးမိနစ်အတွင်းမှာ လှုပ်ရှားခြင်းကြီးတခု ဖြစ်ပေါ်တော့မည်။သို့သော်လည်း ထိုခဏအတွင်းမှာတော့ အေးအေးသည် ခပ်ငြိမ်ငြိမ် မလှုပ်မယှက် နေချင်၏။ထို့ကြောင့် စိတ်အေးအေးထားကာ လမ်းပေါ်သို့ ငုံ့ကြည့်နေလိုက်သည်။
လှလိုက်တာနော်။
အေးအေး၏မျက်စိထဲ၌ ကာကီယူနီဖောင်းလောက်လှတာမရှိ။ ထို့ကြောင့် ပုလိပ်များ စစ်သားများကို
အစဉ်ချစ်သည်။ အထူးသဖြင့်ပုလိပ်များကို ပိုချစ်သည်။ သူတို့သည် သေးသွယ်နွဲ့ ပျောင်းနိုင်သည်။မေးကြိုးသိုင်း၍ ဦးထုပ်ဆောင်းလိုက်လျှင် မျက်နှာသည် ရှည်သွယ်ကာ မျက်လုံးမျက်ခုံးများ ပို၍ထင်လင်းလာပေ၏။
အေးအေးသည် ရင်မ၍ နှစ်ဆင့်ရှိုက်ကာ ငေးနေ၏။ ပတ်တရောင်လှည့်သော ပုလိပ်ကလေးသည်
သတ်သေမည်ကြံသော ကလေးမတယောက် ခေါင်းပေါ်တွင်ရှိနေမှန်း မသိဘဲ စက်ဘီးကိုဖြေးညှင်းစွာ
စီးလာ၏။ အလွန်ဖြေးညှင်းစွာ စီးလာလေ၏။ သူ့ဦးထုပ်ပေါ်၊ ပခုံးပေါ်၊ ဒူးပေါ်ကို လရောင်သည်
ဖြာယှက်ကွန့်မြူး၍ ကျလာလေ၏။
အလှကိုမြင်ခြင်း၊ ဘဝကိုငြီးခြင်း၊ လွတ်ရာကိုရှာခြင်းတို့သည် ပျက်ကယ်ဖြစ်ဖြစ်၊ တကယ်ဖြစ်ဖြစ်
နုပျိုလန်းဆတ်လှသေးသည့် နှလုံးထဲမှာ စုပေါင်းမိသည့် ဤအခါ၌ကား ဘယ်လမ်းမ မဆို
ငွေဖဲပြားတခွေ ဖြစ်နေမည်ဖြစ်၏။ ဘယ်သီချင်းမဆို လရောင်မှာ စောင့်ခိုင်းသည့် မှာတမ်းပင်
ဖြစ်နေမည်ဖြစ်၏။ အေးအေးသည်ကဗျာကို ရွတ်စပြုလေသည်။
လမင်းလဲ နေရစ်ပေတော့။
အေးအေးသည် တယောက်ထဲ လေလွင့်လာကာ အိပ်ယာထဲသို့ဝင်လေသည်။
( ၄ )
ယခုတော့ စိတ်ကူးတခု ဆန်းသစ်လေပြီ။ လောက၌ခေါင်းဝှက်၍ ငိုစရာ ရင်ခွင်တခုတော့ရှိရမည် ဖြစ်လေ၏။ ထိုစိတ်ကူးကြောင့် အားလည်းနွဲ့ ရ၏၊ ရင်လည်းနွေးရ၏။
အသက်ရှည်ရှည်လည်း နေချင်လာ၏။ အေးအေးသည် အနည်းငယ် ငြိမ်ဆိမ်သွား၏။ စိတ်သည်သာ
မမြင်ကွယ်ရာမှာမို့ ပျံသန်းလွင့်ပါနေပေ၏။
အမြဲတမ်း အိပ်မက်မက်နေသလို ဖြစ်နေပေ၏။ ပုံဝတ္ထုများကို ကြိုက်လာ၏။ စာဖတ်ပြီးနေချင်သည်။
ဘုရားရှိခိုးလျှင်တောင် ဖြူဖွေးအေးစက်သော ကျောက်ဆင်းတု၏ မျက်နှာကို မျက်တောင်မခတ်ကြည့်ခြင်းဖြင့်သာ အဆုံးသတ်၏။ ကြည်ညိုသဒ္ဓါစိတ်တွေပွား၏။တခါတရံတော့လည်း သီချင်းကိုစိတ်ပါလက်ပါဆိုပြီး အဆုံး၌ငိုကြီးချက်မ ငိုချရ၏။
စိတ်အာရုံတို့သည် ထွေဆန်းလှပေတော့သည်။ ဆန့်ကျင်ဘက်လိင်ကို တွန်းလှန်ရုန်းကန်လိုခြင်းလည်း ရှိသည်။ တပ်မက်စွဲငင်ခြင်းလည်း ရှိသည်။ ယောက်ျားများ၏ မျက်လုံးရမက်ကို မြင်တတ်လေပြီ။ မရဲမဝံ့လည်း တုံ့ပြန်တတ်လေပြီ။ လူတိုင်းပင် မသန့်ရှင်းဘူးဟုထင်သည်။မိမိကမူ သန့်ရှင်းချင်သေးသည်။ သို့သော်လည်းမရ။ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာ၏။ သို့သော် သူသည် ချစ်ချင်ကြိုက်ချင်သော စိတ်များ ဝေလျက်ရှိတာတော့ အမှန်ပင်တည်း။
ရင်သည်မကြာခဏထိတ်ရ၏။ အမေ၏မျက်လုံးတဝင့်မှာပင် သတိရကာထိတ်ရ၏။ကိုကိုမောင်ဆွေနှင့်ခါတိုင်းလို စကားတွေပြောနေရာအကောင်းသားက အမေ့ကိုသတိရလျှင် မျက်စိမျက်နှာ ပျက်သွားလေတော့သည်။ လက်ဖျားများ အေးစက်လေတော့သည်။
"မိအေးဘာဖြစ်တာလဲ"
ဟု ကိုကိုမောင်ဆွေက မေးတတ်သည်။
"ဘာမှမဖြစ်ပါဘူး"
သို့သော်လည်း ဖြေသည့်အသံသည် မူမမှန်ချေ။
သူ့မျက်လုံးများနှင့် ကြာရှည်ဆိုင်မိတတ်သည်။ ပထမတော့ ကိုယ်ကစပြီးလွှဲရ၏။ ထို့နောက်ကား
စွန့်စားလိုစိတ်များဖြင့် အနိုင်ပြိုင်၍ ဆိုင်တတ်သည်။ ထိုအခါ ထွေပြားခြင်းတခုကိုတွေ့ရ၏။
ထိုထွေပြားခြင်းသည် ကိုကိုမောင်ဆွေ မျက်လုံးများမှာ ရှိတာလား၊ မိမိ၏ မျက်လုံးများထဲ၌ရှိကာ
အရှေ့ကကာနေတာလား မပြောတတ်တော့ပြီ။
ဘယ်သူမှ မမြင်သောနေရာ၌ ကိုကိုမောင်ဆွေနှင့် နှစ်ယောက်ထဲထိုင်နေချင်သည်။ ယခင်ကလို
သူ့ရည်းစားများအကြောင်းကို နားမထောင်နိုင်တော့ချေ။ မိမိသာ ပိုင်ဆိုင်ချင်၏။
အမြတ်ထွက်သည်မှာ ကိုကိုမောင်ဆွေက'အေး'ဟု လေးလေးစားစား ခေါ်လာခြင်းပင်၊ ကျေနပ်၏။
အမေ့ရှေ့၌ဆိုလျှင် သူတို့သည်မတိုင်ပင်ဘဲ ပြိုင်တူ ဟန်ဆောင်မိလျက်သား ဖြစ်လေ၏။တစ်ယောက်ကိုတစ်ယောက် အဖက်မလုပ်သလိုပင် နေသည်။ တခါတလေ ရန်ပင်လိုနေလိုက်ကြသေးသည်။ စိတ်အေးသွားသောအမေက တဖက်သို့လှည့်သွားလျှင်
တစ်ယောက်ကိုတစ်ယောက် နားလည်ပြုံး ပြုံးကြ၏။ သူက မျက်လုံးတဖက်မှိတ်သည်။
အေးအေးကရှက်သည်။
အမေ့ကွယ်ရာမှာမို့ထင်ရဲ့၊ ငယ်ငယ်ကတည်းက လုပ်နေကျဖြစ်သော တစ်ယောက်လက်တစ်ယောက်
ဆုပ်ခြင်းသည်ပင် အဓိပ္ပာယ်ရှိလာ၏။ အေးအေး၏ ကျစ်ဆံမြီးကို ဆော့ကစားသောလက်သည်လည်း
အဖိုးတန်လာလေ၏။ အေးအေးသည် ရင်လှိုက်မောပန်းမိလေပြီ။
သို့သော်လည်း အေးအေးသည် သည်ကြားထဲက ရည်းစားတယောက် ကောက်၍ရလေသည်။
နယ်လီ၏မောင်လေးသည် ဗြုန်းကနဲအရပ်ရှည်လာ၏။ နယ်လီထံမှတဆင့် စာတွေ တစ်စောင်ပြီးတစ်စောင် လာ၏။ အင်္ဂလိပ်လိုရော ဗမာလိုရောရေး၏။ ဖတ်လို့လည်းကောင်းလှ၏။
ရွယ်တူချင်းမို့ ပိုပြီးနားလည်နိုင်သော အကြောင်းအရာများ ပါတတ်သည်။ ဥပမာ
ပိုင်သာဂိုရပ်သီအိုရီဆိုသည်မှာ က နှစ်ထပ်နှင့် ခနှစ်ထပ်ပေါင်းလျှင် ဂနှစ်ထပ်နှင့်ညီမျှသည်ဟု
အလွတ်ကျက်ထားလျှင် အလွယ်လေးပင်ဖြစ်ကြောင်း။အေးအေးသည် ရည်းစားစာမရေးဘူးရကား၊ နယ်လီ၏ထံမှပင် အကူအညီယူရသည်။
နယ်လီကကြည့်ကြပ် စီမံပေး၍ တစ်ည လသာသာ၌ စာတိုက်ပုံးအနီးတွင် ချိန်း၍တွေ့ကြ၏။
"ဟေ့ အေးအေး ငါတို့ ခိုးပြေးရအောင်၊ ပဲခူးကိုသွားမယ်... မီးရထားစီးသွားမယ်၊ငါတစ်ခါရောက်ဖူးတယ်ဆရာ၊ သိပ်ပျော်စရာကောင်းတာပဲ ငါတို့ဦးလေးအိမ်ရှိတယ်"
ဟု ပီတာကပြော၏။
အေးအေးသည်ရှက်ရှက်ရာ ကလေးများနှင့် ပီတာ၏ဖုန်ပေသော ဘောင်းဘီရှည်ကလေးကိုသာ
ကြည့်၍သဘောကျနေလေ၏။ သည်ဘောင်းဘီရှည်ကလေးကြောင့် ပီတာသည် ချစ်စရာကောင်းလှသည်။သူတို့သည်လူမှန်းသိတတ်စကတည်းက တယောက်နှင့်တယောက်သိကျွမ်းလာကြရကား ယခုလို သမီးရည်းစားဖြစ်ပြီး ချိန်းတွေ့ရသော်လည်း သိပ်ပြီးအိပ်မက်မဆန်ချေ။
"အို.. မောင့်အသည်းကလေး.."
ဟု ပီတာက သူ့အမသင်ပေးလိုက်သလို ဟန်ပန်လေသံနှင့်ခေါ်လေ၏။
"ဘာလဲအချစ်"
ဟု အေးအေးက မရဲတရဲထူးကြည့်ရင်းက ခေါ်ရ ထူးရတာ အရသာ တွေ့သွားလေတော့သည်။
သူတို့သည် အိပ်မက်ဆန်လာပြီထင်သည်။ အေးအေးသည် အနည်းငယ်ချမ်းတုန်လာသည်။ ပီတာကို ကြည့်လိုက်သော် သူလည်းချမ်းတုန် နေဟန်ကို တွေ့သည်။ ထိုခဏ၌ နှစ်ယောက်လုံးမှာ
ပြောင်းလဲခြင်းဖြစ်သည်။ အေးအေးသည် ငိုချင်လာသည်။ သူတို့သည် ကလေးသူငယ် မဟုတ်တော့ပြီ... သို့မဟုတ် မကြာခင်ပင် ကလေးသူငယ်မဟုတ်တော့ပြီဆိုတာကို ဝန်ခံရတော့မည်ဟု သိလာ၏။ မနက်ဖြန်ပင်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမဖြစ်တော့မည်။ အေးအေးသည် အန္တရာယ်ဆိုတာကိုမြင်၏။ရင်တွင်း၌ ဟုတ်ကနဲပူ၏။ အိမ်ပြန်ပြေးရလျှင်ကောင်းလေမလား။ သည်မှာ ယခုလိုဆိတ်ငြိမ်ပြီး နှစ်ယောက်သား ရပ်နေရခြင်းကိုလည်း နှစ်သက်၏။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။
ပီတာက သူမ၏လက်မောင်းကလေးကို ကိုင်လိုက်ရာမသိလိုက်ဘဲ၊ ဖျပ်ကနဲ ရုန်းမိ၏။ အင်္ကျီစကိုသာ
သူကကိုင်မိထား၏။ အေးအေးသည် သွေးရောင်လွှမ်းသော ပီတာ၏မျက်နှာကို တချက်ကြည့်ကာ
ဘာမှမပြောဘဲ ပြေးထွက်ခဲ့လေသည်။
အေးအေးသည် ပီတာကိုနောက်ထပ်မတွေ့ချင်တော့သည့်အကြောင်းကို စာတစ်စောင်ပြီး တစ်စောင်ရေးရသည်။ နယ်လီနှင့်လည်း စိတ်ဆိုးရသည်။ သို့သော် စင်စစ်ပီတာနှင့် ထပ်ပြီးတွေ့ချင်သည်။ ဟိုညကထက်ပိုပြီး ပြင်းထန်သော တွေ့ခြင်းမျိုးကိုပင် တောင့်တသည်။တစ်ညလောက်များပီတာသည် အိမ်ရှေ့ကိုဖြတ်၍ အသည်းကွဲသည့် သီချင်းတပုဒ်လောက် ဆိုသွားလျှင် အေးအေးသည် မျက်ရည်စနှင့် ချက်ခြင်းဆင်းခဲ့မည် ဖြစ်ပေ၏။
ကိုကိုမောင်ဆွေကို မေ့နေ၏။ သတိရပြန်လည်း ပေါ့ရွှတ်ရွှတ်နိုင်သည်။အို...သူ့ရည်းစားအိမ်တွေသွားနေမှာပေါ့၊ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေနဲ့ ဖဲကစားနေမှာ။အလကားဂျပိုးကြီးဟု ဆဲလိုက်မိ၏။ သို့သော် ကိုကိုမောင်ဆွေကို ဘယ်လိုမှန်းမသိ သိပ်ချစ်တာပဲနော်ဟု တွေးမိလေသည်။
သည်လိုနှင့် အေးအေးသည် ရှစ်တန်းစာမေးပွဲကို ကျအောင်သာ ဖြေနိုင်လေသည်။အဖေ၏အမိန့်ကြောင့် အေးအေးသည် နယ်လီနှင့်စကားမပြောရတော့ချေ။ကျောင်းလည်း ပြောင်းလိုက်ရသည်။ ပီတာနှင့်လည်း စိတ်ကောက်ကာလမ်းမှာ တွေ့၍မှ
စကားမပြောနိုင်ကြ၊ အမေကလည်း ဘာစိတ်ကူးပေါက်ပြန်သည်မသိ ကိုကိုမောင်မောင်ဆွေနှင့်
ဟိုဟိုသည်သည်လွှတ်ပြန်သည်။ ရောရောထွေးထွေးနေ၍ ရပြန်သည်။
အေးအေးသည်ယခင်ကလောက် စိတ်လှုပ်ရှားခြင်းများ ဆက်တိုက်မဖြစ်တော့ဘဲ ဣန္ဒြေအတော်ရလာသည်။ ကိုယ်ခန္ဓာလည်း လူကြီးနှင့် တူလာလေပြီ။ မှန်ရှေ့မှာ ကြည့်လိုက်လျှင် ယခုဖွင့်လှစ်လိုက်သော နှင်းဆီလိုနုနယ်သော်လည်း အဖူးမဟုတ်တော့ပြီဆိုတာကိုတွေ့ရ၏။အဆင်အပြင်လည်းတတ်လာ၏။ သပ်ရပ်လာ၏။
ကာလပေါ် သီချင်းများကို ကျက်ချင်လာသည်။ သီချင်းများကူးရသည်။ အော်တိုစာအုပ် များလည်း
တပင်တပန်းထားရ၊ ရေးရသည်။ တခါတရံ ကာရန်မကိုက်သော ကဗျာကလေးများကိုစပ်သည်။
ရှေးကဗျာများထဲကလည်း မသိမသာကူးထပ်ချရသည်။ တနေ့တော့ ဝတ္ထုတွေလည်းရေးဦးမည်ဟု
စိတ်ကူးထားသည်။ နာမည်ကျော်ကြားခြင်းဆိုတာကို စုံမက်မြတ်နိုးလာလေတော့သည်။
"မဟုတ်ဘူးအေး၊ အေးဟာအရင်လိုမဟုတ်တော့ဘူး... စိမ်းစိမ်းကြီး.."
ဟု ကိုကိုမောင်ဆွေက ဝမ်းနည်းစကားပြောလာလေသည်။
ဟင့်အင်းစိမ်းတာမဟုတ်ပါ၊ အေးလည်းပြောမပြတတ်၊ စင်စစ်တော့ ကိုကိုမောင်ဆွေအပေါ်၌
အရင်လို ဒရောသောပါးလည်းနိုင်၍ အဓိပ္ပာယ်လည်း ကင်းမဲ့သော အာရုံမျိုးမရှိတော့တာအမှန်ပင်၊
အေးအေးသည် အစွဲတခုတော့ ရှိနေသည်။ ထိုအစွဲသည် ကိုကိုမောင်ဆွေပင်ဖြစ်၍ ဘဝတလျှောက်မှာ
သဏ္ဌာန် အမျိုးမျိုးကို ဆောင်၍သွားလျှင် သွားမည်ဖြစ်သော်လည်း အတွင်းကတော့ သည်အစွဲအတိုင်းပင် နေမည်ဖြစ်လေ၏။ အထဲက ကွီနိုင်လုံးသည် ကွီနိုင်လုံးပင်ဖြစ်ကာ အပြင်က သကြားက ဒိုင်းမွန်းပုံ၊ လခြမ်းပုံ၊ အစုံ ပြောင်းချင်ပြောင်းမည်။ ဒါကိုနားလည်အောင် ပြောပြချင်သည်။
"ဒေါ်ဒေါ်က ဘာပြောထားလဲ အေး..."
ဟု သူကမေးပြန်၏။
"ခုတော့ ဘာမှမပြောပါဘူး... အမေက အရင်တုန်းကတော့..."
"ဆိုစမ်း"ဟု သူကပြော၏။
သို့သော်ဘယ်လိုပြောရမလဲ ယခုတော့ ထိုစကားများကို ရှက်စရာမျှသာမက မဟုတ်တာဟုလည်းထင်ပြီ။
"အေးမပြောချင်ဘူး..."
"ဘာလဲ ကိုကိုမောင်ဆွေနဲ့ ကြိုက်သွားမှာ စိုးလို့တဲ့လား..."
ကြည့်စမ်း ဆိုးလိုက်တာ၊ အေးအေးသည် မနှစ်မြို့နိုင်သလိုဖြစ်ကာ သူ့မျက်နှာကို ကြည့်သည်။
သူသည်လူငယ် တယောက်ပင်ဖြစ်ကာ မိမိနှင့် ကိုယ်ရင့်တန်းတူ ဖြစ်ပါကလားဟု ပထမဆုံးသိလာလေ၏။ သူ့မျက်နှာက ခပ်ရဲရဲပင်။ မနှစ်မြို့ သလို ဖြစ်မိ၏။ ထို့နောက်ကား ရင်တွင်း၌နာကျင်၏။ အပြစ်ရှိသည်ဟုပင် ကိုယ့်ကိုယ်ကိုယ်ထင်လာ၏။ သည်လိုမနှစ်မြို့မိသည့်အတွက် ဘာနှင့်ပင်
လျော်ရလျော်ရ လျော်လိုက်ချင်၏။ အနစ်နာခံလိုက်ချင်၏။ စင်စစ်တော့ ကလေးဘဝ တလျှောက်လုံး၏ အကောင်းဆုံးသောအဖော်ပင် မဟုတ်ပါသလား။ပြီးတော့ ကိုကိုမောင်ဆွေကို ချစ်သည်၊ သိပ်ချစ်သည်။အေးအေးသည် မျက်ရည်လည်လာပြီးနောက် ပြုံးကာ ခေါင်းခါပြသည်။
"ဟုတ်တယ်.. ကြိုက်နေပြီလို့ပြောလိုက်"
သူ့ပါးစပ်က အရက်နံ့ လည်း နံသည်။ အေးအေးသည် အခြေအနေကိုသိသည်။ ကိုကိုမောင်ဆွေက
ပြောင်ပြောင်ပင် ဖြားယောင်းနေသည်ဆိုတာ သိသည်။ ခက်လိုက်တာက သူဖြားယောင်းတာကို
အေးအေးက သဘောကျနေခြင်းပင်တည်း။ သူက မဖြားယောင်းတောင် သူမကစပြီး
ဖြားယောင်းဖြစ်ချင်ဖြစ်မှာပဲဟု ခေါင်းမာစွာတွေး၏။ တခါတုန်းက ကိုကိုမောင်ဆွေ၏
အိပ်ခန်းထဲသွားပြီး သူ့ကိုယ်နံ့ကလေးတွေကို ခေါင်းအုံးမှာ အိပ်ယာမှာ ရှပ်အင်္ကျီမှာ ရှာဖွေ၍နမ်းခဲ့တာ ကိုယ့်ဖာသာ ဘယ်မေ့နိုင်မလဲ။အေးအေးသည် မိုက်မဲရမှာကို မကြောက်ဘဲရှိသည်။
"အေး... မှတ်မိသေးလား... ကိုယ်တို့ အင်းလျားကို သွားတာလေ"
ဟု သူကမေး၏။
"အေးက ခုလောက်မထွားသေးဘူး၊ အေးနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲ လှေတစင်းနဲ့ ဟိုအဝေးကြီး
လှော်သွားပါရော"
ဒါတွင်ဘယ်ကပါ့မလဲ၊ အေးမှတ်မိသေးသည်မှာ ငြိမ်၍စီးဆင်းခြင်းမရှိသော ရေပြင်ပေါ်မှ
လေတိုး၍လှုပ်ရွလာသော လှိုင်းတွန့် ကလေးများရယ်၊ ညနေစောင်း၏ ကျနေ နီရဲရဲရှေ့မှ
ရွှေလျှံမောင်းသော တိမ်တွေရယ်၊ ပြီးတော့...။
"ပြီးတော့... ထိုင်ခုံ ကျဉ်းကျဉ်းကလေးထဲမှာ အေးနဲ့ကိုယ်နဲ့ နှစ်ယောက် တိုးပြီးထိုင်ရပါကော"
အေးသည် မြို့ကွင်းထဲသို့ အလွယ်နှင့်ပင်လိုက်ခဲ့သည်။
"အဲဒီထဲကပါ...အေး"
အေးအေးသည် စိတ်တွင်းမှခေါင်းခါလေသည်။ အဲဒီထဲကတော့မဟုတ်ပါဘူး၊ သို့သော်လည်း
လောကမှာမယုံကြည်ခြင်းက တခြား၊ မယုံတာကို မိုက်မဲစွာလက်ခံတာက တခြားပင်။ဒါဟာ အချစ်ပဲဟု အေးအေး၏နုပျိုသော စိတ်ကလေးက ဆုံးဖြတ်ပေးသည်။သူ့လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားသော ပခုံးကလေးများကို မတွန့်မိ၊ ဒါမှ တကယ်ချစ်ကြိုက်ခြင်းနှင့်တူသည်ဟု ထင်စား၏။
"အေး...အိမ်မှာနေရတာ မပျော်ဘူး မဟုတ်လား"
မသိ။
"အေးဟာ ကလေးလေးမဟုတ်တော့ဘူး။ ဒီလို ငုတ်တုတ်ကြီး လုပ်မနေနဲ့ဗျ"
ထို့နောက် ယခုမှ တစိမ်းနှင့်တူလာသော ကိုကိုမောင်ဆွေသည် စကားတွေ အများကြီးပြော၏။
နားထောင်းရင်းသူဟာ ငါ့အပေါ် စိတ်ကောင်းမှထားရဲ့ လားဟုလည်း ကြောက်ရွံ့မိသေး၏။ သို့သော်
ငယ်ကတည်းက ယုံကြည်လာသူကို ဆက်ပြီး ယုံကြည်ချင်၏။ လိမ်ပြောတာတွေကိုလည်း
လိမ်ပြောတာမှန်းသိသည်။ သို့သော် မသိချင်ယောင်ဆောင်လျှင် စိတ်ကူးယဉ်ချင်သောအရွယ်၌
စိတ်ကူးယဉ်ခွင့်ရမည်ကို ကျေနပ်၏။ သို့သော် သူ့နေရာမှာ တခြားလူရောက်နေပြီး ခုပြောတဲ့စကားတွေ ပြောနေရင်ကော...
အေးအေးကို ချောက်လည်း ချောက်၏။ ချော့လည်း ချော့၏။ ညာလည်း ညာ၏။ အေးအေးကမူကား စိတ်လက်လျော့ထားလိုက်သည်။ သူမစိတ်ထဲတွင် သူ့ကိုချစ်ကြိုက်နေပါ၏ဟု ဝန်ခံစကားကို
တမင်ပြောနေမှတော့ အားလုံးသည် ပြီးစီးအေးချမ်းလေပြီ။
နောက်ဆုံး၌ သူကပြောသောစကားနှင့် မဆီမဆိုင် အေးအေး၏နှုတ်ခမ်းများကို စုတ်ယူလိုက်လျှင်တော့ အေးအေးသည် တကယ့်ကိုချစ်ကြိုက်သွားလေတော့သည်။
( ၅ )
အပြင်၌ မိုးတွေသည်းနေပြီကို အေးအေးသိလေသည်။ အေးအေးသည် ချစ်သူနှင့်ချိန်း၍
ရုပ်ရှင်ကြည့်နေသည်။ အေးအေးသည် ဘယ်လိုပင်လူကြီးဟန်ဖမ်းသော်လည်း ငယ်ရွယ်သေးခြင်းမှာပျောက်ကွယ်၍ မသွားရကား ဟိုလူသည်လူများက ဝိုင်းကြည့်ကြသည်။ ပြီးတော့ ကိုကိုမောင်ဆွေကလည်း ဟိုဘက်ပခုံးကို ရဲရဲတင်းတင်းကျော်၍ ဆုပ်ထားသည်။မီးငြိမ်းလိုက်တော့မှပင် နေသာထိုင်သာရှိသည်။
"အိမ်ရှေ့အိမ်"ဟု ဗြောင်လိမ်ကာ ထွက်ခဲ့ရ၏။ ယခုတလော အေးအေးသည် ကျိတ်၍ရိုက်ခြင်းခံရသည်။ အဖေနှင့်အမေသည် စိတ်ချမ်းသာခွင့်ကိုမပေးတော့ချေ။ အေးအေးက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီးရင့်တာထက် ပိုပြီးကြီးရင့်ပြီဟုထင်သလောက် သူတို့က တကယ်ငယ်ရွယ်တာထက် ပို၍ ငယ်သေးသည်ဟု ထင်သည်။ သူတို့သည် သမီးလုပ်သမျှကို ပိတ်ပင်ဆန့်ကျင်ခြင်းနည်း တခုသာသုံးတတ်သည်။ထိုအခါ လိမ်ရ၏။ စဉ်းလဲရ၏။ အလိုအလျောက်နေလျှင် မလုပ်မိမည့် ကိစ္စတွေကိုလုပ်မိရ၏။
ယခုအခါတော့ အေးအေးသည် အနည်းငယ်ကြောက်နေလေသည်။ ခါတိုင်းဆိုလျှင်
၁၂နာရီပွဲကြည့်မြဲပင်...။ သည်တခါ ညနေပွဲကြည့်သည်။ဆောင်းဦးပေါက်လာကာ အေးမြခြင်းနှင့်အတူ ညတာရှည်လာသည်။ ထို့ကြောင့် စောစောမိုးချုပ်လေရကား အိမ်ပြန်လျှင်တော့ အဆူခံရတော့မှာပဲဟု ပူသည်။ သို့သော်လည်း သူက ပူဆာလွန်းလှသည်။ ဘယ်တတ်နိုင်မလဲ၊ ချစ်တယ်ဆိုရင်
စွန့်စားရတာပဲ။သည်လောက်ဆိုလျှင် တော်ပေသေး၏။ ယခုအပြင်မှာ မိုးရွာပြီ။ ရာသီမဟုတ်ရွာသော မိုးရွာမည်မထင်ဘဲ ရွာသောမိုး။ သူတို့သည် ထီးလည်းမယူခဲ့ကြ။
"ကို... မိုးတွေရွာကုန်ပြီ"
"ရွာပေ့စီလေ"
ဟု သူကပြောပြီး ရုပ်ရှင်ကြည့်မြဲကြည့်သည်။
"သူကတော့ ဘာဂရုစိုက်မလဲ၊ ကြောက်ရတဲ့လူမှ မရှိဘဲ"
"အေးရဲ့ ကိုယ်ချစ်ချင်တဲ့ လူချစ်ရတာ၊ ချစ်လို့ ချစ်သလို လုပ်ရတာ ဘာမှကြောက်စရာမရှိဘူး"
"အေး.. သိပ်ကြောက်တာပဲ"
ကိုကိုမောင်ဆွေက ဘာမှပြန်မပြောတော့ချေ။
အေးတစ်ယောက်ထဲသာ ပူရသည်။ မေးလျှင်ဘယ်လိုပြောရပါ့မလဲ၊ ယခု သူတို့ကို
တွေ့ခွင့်မပေးတော့ချေ။ စင်စစ်တော့ ရုပ်ရှင်ကြည့်ချင်လှသည်မဟုတ် နှစ်ယောက်အတူ
နီးနီးကပ်ကပ်နေချင်သည်။ ငယ်ငယ်ကလိုများ ပျော်ပျော်ရွှင်ရွှင်နေခွင့်ပေးလျှင် သည်လိုချိန်းတွေ့ပြီး
မိုးမိနေသည့်အဖြစ်ကို ရောက်မည်မဟုတ်။
"ကဲ... မိုးတွေပိုသည်းလာပြီ"
"နောက်တစ်ပွဲဆက်လိုက်ရုံပေါ့ အေးရာ"
မိုးသည် မမျှော်လင့်ဘဲ သဲလာသည်။ ရုပ်ရှင်လည်း မိုးစဲကိုမစောင့်နိုင်ဘဲပြီးသည်။
အပြင်သို့ထွက်လာသော် မိုးသံလေသံသည် ဝေါကနဲ လာတိုး၏။ ကောင်းကင်သည် မဲမှောင်ကာ
လျှပ်များပင် ဝင်းဝင်းပြက်ချေသေး၏။ မှောင်သဖြင့်ဆိုင်များသည် မီးစတင်ထွန်းကြပေပြီ။
လမ်းမီးများလည်း လင်းပြီ။ ညပဲ ညပဲ နာရီကိုကြည့်သော် ငါးနာရီထိုးပြီးစကလေးပါပဲ၊ယခုနေပြန်ရလျှင် နာရီကို မြှောက်ပြနိုင်၏။သို့သော် မိုးသည်သွန်အန်၍ကျလာ၏။ ဘယ်သူမှမသွားနိုင်၊ မိုးခိုပြီးနေရသည်။ ယာဉ်များသည် တချို့ကရပ်ကာ တချို့က အပြင်းမောင်း၍ ပြေး၏။
"ချမ်းနေမှာပဲနော် အေး..."
ချမ်းရမှန်းတောင်မသိပြီ။ စိတ်ပူကာ ငိုမဲ့မဲ့ဖြစ်လာ၏။
"အေးရယ် အလကားအပြင်မှာ လေတိုက်ခံနေမဲ့အတူတူ တပွဲထပ်ကြည့် လိုက်ရအောင် မိုးကပက်နဲ့၊
ဟောဒီအမိုးအောက်က ကူးသွားမယ်"
"နေပါဦး မိုးသိပ်မသည်းတော့ဘူး ထင်တယ်"
"သည်းနေတာပဲ၊ လေငြိမ်သွားတာတခုပဲ"
"ဒုက္ခပဲ ကိုရဲ့၊ ဒုက္ခပဲ၊ အေးကိုတော့ ရိုက်တော့မှာပဲ"
"အို.. ကိုယ်လိုက်ပို့ပေးမယ်၊ မရိုက်ရအောင်ပြောပေးမယ်၊ ဘာလုပ်တာမှတ်လို့၊ဘိုင်စကုတ်ကြည့်တာပဲ၊ နေပါဦး၊ အေးကို တသက်လုံး ဘယ်သူက ဘယ်လိုက်ပို့လို့တုန်း ကိုယ်ကချည်း ပို့ရတာမဟုတ်လား"
"အခုအေးက အပျိုဖြစ်နေပြီကိုးရှင့်"
ဟု အမေ့စကားကို ထပ်ပြော၍ လှောင်လိုက်မိသည်။
"ကြည့်မိမှတော့ မထူးပါဘူး၊ သူတို့ကို ရှင်းပြရုံပေါ့၊ မိုးလည်းရွာနေတာကိုး၊ လာပါ အထဲထဲသာ
ဝင်ထိုင်နေရအောင် မိုးတိတ်သွားတော့ပြန်ထွက်မယ်"
"ပြီးအောင်တော့ မကြည့်ရဘူးနော် မိုးတိတ်ရင်ပြန်မယ်"
သူကဘာမှမပြောဘဲ အေးလက်ကိုဆွဲကာ ဟိုဘက်ရုံသို့ပြေး၏။သို့သော် မိုးသည် ပို၍သဲကာ တညလုံးမစဲအောင် ရွာတော့မည့်ဟန် ဆင်လေ၏။
အားလပ်ချိန်မှာ ထွက်လာသော် မိုးသည်သည်းတုန်းပင်။အေးအေးသည် လက်မှတ်ရောင်းသော ရုံကလေး၏မှောင်ရိပ်ကိုခိုကာ မျက်ရည်သုတ်သည်။
"ကို အေးမပြန်ရဲတော့ဘူး"
"ကောင်းတာပေါ့ ခိုးပြီးသားဖြစ်တာပေါ့"
"အမယ်လေး မနက်ဖြန်ကျရင် ကျောင်းမှာ နာမည်ကျော်တော့မှာပဲ ကိုရယ်၊ အမေတို့ကိုလည်း
မတွေ့ရဘူးပေါ့ဟင်၊ အေးကြောက်တယ်၊ အိမ်လည်းပြန်ချင်တယ်၊ ပြီးတော့ဆာလည်းဆာတယ်"
အေးသည် ကို၏လက်မောင်းကိုလှုပ်၍ လှုပ်၍ငိုလေ၏။ အေးအေးတကယ် ဒုက္ခဖြစ်မှန်းသိ၍
ကိုကိုမောင်ဆွေလည်း တည်ကြည်လာသည်။ သူ့မျက်နှာ၌ ရိုးဖြောင့်သော အမူအရာကို
တွေ့ ရလာသည်။
"လာအေး မိုးရေထဲသွားမယ်၊ ကားတွေ ရပ်မပေးရင် လျှောက်ပြန်မယ်ကဲ၊ မရိုက်စေရပါဘူး။
ကိုယ်အပြစ်ခံရအောင်ပြောမယ်အေး၊ ကိုယ့်ကို သူတို့ဘာမှ မလုပ်နိုင်ပါဘူး၊ အေးကိုနှိပ်စက်မယ်ကြံရင် ကိုယ်အိမ်ပေါ်က မဆင်းဘူး ပြီးတော့ အေးနဲ့ ကိုယ်နဲ့ဟာ.."
"ဆွေမျိုးအရင်းကြီးပဲ"
ဟု အေးအေးက ခါးခါးသီးသီးထောက်၏။
ကိုက မျက်နှာပျက်သွားပြီး...
"ဟုတ်တယ်အေး၊ အေးဟာ ကလေးပဲ ရှိသေးတယ်၊ စာလဲ ကောင်းကောင်းမသင်ရသေးဘူးနော်"
သည်လိုစကားကိုတော့လည်း မကြားရက်ပါ။ သည်လောက် ငယ်ငယ်ကလေးနှင့် ဘဝ၏တွေ့စမြဲအဖြစ်များကိုတော့ မတွေ့ချင်သေးတာ အမှန်ပင်။ သို့သော် ချစ်တယ်လေ၊ချစ်တယ်ဆိုတာ တဘဝမှာ တခါပဲဟုလည်းထင်၏။ ဘယ်သူ့မှလဲ မချစ်နိုင်ပါဘူး၊ အသက်၆၀ကျော်လို့ အမယ်အိုဖြစ်နေလဲ ကိုပဲ၊ ကိုပဲ...
"အေး မပြန်ဝံ့ဘူး"
ဟု ဖြေးညှင်းစွာပြော၏။
"ပြန်ရင်တော့ ဆိုးတော့ တော်တော်ဆိုးမှာပဲ၊ ရှစ်နာရီခွဲပြီ"
"ဘာလုပ်ကျမလဲ"
ကိုသည် မျက်ခုံးပင့်ပြ၏။ ပြုံးစေ့စေ့လုပ်လိုက်သေးသည်။ ပြီးမှ အေးအေး၏ ဆံပင်ကလေးများကို
အကျင့်ပါနေသော လက်များဖြင့်မွေ့ရမ်းလိမ်ဆွဲသည်။ အေးအေးလည်း မျက်ရည်ကျရပြန်ကာ
စိတ်ထဲက ဦးလေးတော်သွားပြန်လေသည်။ အားနည်းနည်းရှိလာသည်။
"အေးသဘောပဲ အိမ်လိုက်ပို့ဆိုရင်လဲပို့မယ်၊ မပြန်ရဲဘူး ဆိုရင်လဲ..."
အေးအေးသည် မော့ကာကြည့်နေလေရာ သူသည်ပင်ရင်ဆို့သွားဟန်ဖြင့်
"အေးရာ ခက်လိုက်တာကွာ၊အေးအသက် ဘယ်နှစ်နှစ်ရှိပြီလဲ"
ဟု တခါမှ မညည်းဖူးသူ၊ ပျော်ပျော်နေ၍ သေခဲသူက ရှည်ရှည်ဝေးဝေး ညည်းလေ၏။
"၁၆ နှစ်"
"ပြည့်ပြီးပလား"
"ပြည့်ပြီးပြီ"
"သနားတော့ သနားတယ် အေးရယ်"
သည်လိုဆိုတော့လည်း အတော်ကျေနပ်သွားကာ သတ္တိတွေ ရှိလာပြန်၏။
မိုးတိတ်သွားသော် ကိုးနာရီထိုးပြီးလေပြီ၊ သည်အချိန်ဆိုလျှင် အိမ်မှလိုက်ရှာနေကြပြီ။
အိမ်နီးချင်းများက တစေ့တစောင်း ကြည့်ကြပြီ။ ဘယ်နည်းနှင့်မှပြန်၍ မဖြစ်ဟု အေးအေးထင်လေသည်။ အေးအေးသည် ဘာကိုမှ ရင်မဆိုင်ရဲတော့ချေ။ လွှတ်ရာသာပြေးစို့ရဲ့ ဟု ပြောတော့မည်။ မျက်ရည်ပူတို့သည် တစ်ပေါက်ပြီးတစ်ပေါက်ကျလာလေသည်။
ဤသို့ သူတို့နှစ်ယောက်ယှဉ်တွဲကာ လျှောက်ခဲ့ကြ၏။ သူ၏ယုယသော လက်များသည်လာ၍
သိုင်းဖက်ထားကြရာ ထိုလက်များသည် သည်လိုပင်အမြဲ နူးညံ့နေပါစေဟု ဆုတောင်းရတော့မည်။
အလင်းရောင်ကို ကတ္တရာလမ်းပေါ်မှ ရေအလွှာက ဖမ်းယူကာ ဖြိုးပြက်နေရာ ထိုရွှေလို
ဝါမောင်းသော်လည်း ရွှေမဟုတ်သောအရောင်တို့ပေါ်ဖြတ်သွားသော အေးအေး၏ခြေများသည်
အလှမ်းမရေရာဘဲ ဘယ်မှန်းမသိသော သူခေါ်ရာသို့ ဆုတ်ဆိုင်းဆိုင်းပင် လိုက်လျက်ရှိလေသည်။
------------------
ကြည်အေး
(ရှုမဝမဂ္ဂဇင်း)
#Typing_crd_ZawOo
No comments:
Post a Comment