Wednesday, 1 July 2020

ဓာတ်စာမူ #မင်းလူ

#ဓာတ်စာမူ

#မင်းလူ

တစ်လောက တုပ်ကွေးဝင်ချင်သလိုလို ဖြစ်သည်။ ကျောထဲက စိမ့်ခနဲ စိမ့်ခနဲ ချမ်းသည်။ ခေါင်းတွေကအုံပြီး လူက မလန်းဆန်း ကိုယ်တွေလက်တွေ ကိုက်ခဲချင်သည်။ ဒါဟာ ပရီတုပ်ကွေးပဲဆိုတာ အတွေ့အကြုံအရ သိနေ၏။ 

ဖျားလို့ မဖြစ်သေး။ စာရေးစရာတွေ အများကြီး ရှိနေလို့ဆိုသောကိစ္စက ဒီလောက်မဟုတ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲစဖို့ ငါးရက်လောက်သာ လိုတော့တဲ့အကြောင်းက အဓိကဖြစ်၏။ တစ်နေ့ နှစ်ပွဲ၊ ညဉ့်နက်ပိုင်းတွေချည်းပဲ။ မလွတ်တမ်းကြည့်ဖို့ အားခဲထားတာ။ ဖျားလို့မဖြစ်။ ထို့ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးတွေ သောက်ထားလိုက်သည်။ 

တုပ်ကွေးက ဝင်တော့ဝင်လာသည်။ ဆေးက ဦးသွားလို့လားတော့မသိ။ သိပ်မပြင်းထန်လှ။ တစ်ခုရှိတာက တုပ်ကွေးနှင့်ဆေးပြင်းတွေ ရင်ဆိုင်တွေ့ပြီး တိုက်ခိုက်ကြရာမှာ ကြားထဲမှ ကျွန်တော်က တော်တော်ခံလိုက်ရသည်။ ကတုန်ကယင်ကြီးဖြစ်ပြီး တလှပ်လှပ်မောသည်။ ခြေလက်တွေတောင် မသယ်ချင်။ အိပ်ရာထဲမှာပဲ ခွေနေချင်သည်။ ဘာမှလည်း စားချင်သောက်ချင်စိတ်မရှိ၊ လက်
ဖက်ရည်တစ်မျိုးထဲသာ ခံတွင်းတွေ့သည်။

 ဘောလုံးပွဲတောင်မှ မကြည့်ဘဲ မနေနိုင်လွန်းလို့သာ လန်းဆန်းသွားအောင် ရေဆူအားဆေးတွေသောက်၊ လက်ဖက်ရည်တွေဖျော်၊ စောင်ပါးလေးခြုံပြီး
ကြည့်ရသည်။

ဒီလို အခြေအနေမျိုးမှာ ဆရာမကလျာကြီး ဆေးရုံတက်ရလို့တဲ့ဆိုသော သတင်းကိုကြားရသည်။ သွားကြည့်ချင်သော်လည်း ကိုယ်ကိုယ်တိုင်က ခေါင်းမထူနိုင်သဖြင့် မရောက်ဖြစ်။သတင်းသွားမေးတဲ့လူက ညောင်နာနာ လူမမာရုပ်၊ ချောင်းလေးက တဟွပ်
ဟွပ်နဲ့ဆိုတော့လည်း ဘယ်သင့်တော်ပါ့မလဲ၊ ပြီးတော့ ကျွန်တော့်မှာ တုပ်ကွေးပိုးလက်ကျန် ရှိချင်ရှိနေမှာ၊ အားနည်းနေတဲ့ လူမမာဆီကူးသွားရင် ဘယ်လိုလုပ်မလဲ။

ဆရာမကလျာကြီးမှာ နှလုံးခုန်မြန်တဲ့ရောဂါရှိတယ်လို့လည်းသိရ၏။ တချို့ကလည်း တုပ်ကွေးမိပြီး အပြင်းဖျားလို့ ဆေးရုံတက်ရတာဟု ဆိုကြသည်။ ထိုတုပ်ကွေးမှာ ဆရာဦးစိန်ကြီးဆီကတစ်
ဆင့် ကူးစက်ခံရခြင်းဖြစ်သည်ဟု စာနယ်ဇင်းအသိုင်းအဝိုင်းကြားမှာ ဝေဖန်ပြောဆိုနေကကြောင်း သိရ၏။ “စိန်ကွန်နရီ'ကတော့ အစွပ်ခွဲခံရတာပါဟု ငြင်းဆိုလေသည်။ 

ဆရာမသည် ဘယ်သူ့ကိုမဆို အကူအညီပေးဖို့ ဝန်မလေးတတ်သူဖြစ်၏။ ထို့ကြောင့် ဆရာမ နေမကောင်းဘူးကြားတော့ သတင်းမေးမယ့်သူတွေက များလွန်းလို့ ရက်ချိန်းတောင်း တိုကင်ယူရမလိုတောင် ဖြစ်နေ၏။ စားစရာ သောက်စရာတွေ၊ အားဆေးတွေဆိုတာကလည်း မြန်မာပြည်တဝှမ်းသာမက နိုင်ငံခြားကပါပေးပို့လာကြသည်။ 
(တချို့လည်း သိသိကြီးနဲ့ ခေါက်ဆွဲကြော်တွေ တမင်တကာဝယ်လာပြီး လူမမာက မတည့်ဘူးဆိုတော့မှ “ဒါဆိုလည်း ကျွန်မတို့ပဲ စားလိုက်တော့မယ်နော်” ဆိုပြီး ကိုယ်ဝယ်လာတာ ကိုယ်ပြန်စား၊ သူများပို့ထားတဲ့ ကော်ဖီမစ်တွေ ဖျော်သောက်ကြတာမျိုး
တော့ရှိသည်။)

ဆရာမကလျာတို့များ လူချစ်လူခင်ပေါလိုက်တာ။ အားကျစရာတောင် ကောင်းသည်၊ ကျွန်တော်ကျတော့ ဒါမျိုးမဟုတ်။တစ်ခါက ဗိုက်မကောင်းလို့ မစားနိုင်မသောက်နိုင်ဘဲ တပိန်ပိန် တလိန်လိန်ဖြစ်နေတာ ဘယ်သူမှလာပြီး သတင်းမေးဖော်မရ၊ ဘာ
စားသောက်စရာမှလည်း မပို့ကြ။ ဆရာမသန်းမြင့်အောင် တစ်ယောက်သာ လမ်းကြုံလို့ မသိမသာ အကဲခတ်သွားတာပဲ ရှိ၏။အမှန်တော့ ဆရာမကလျာအနေဖြင့် ဘယ်သူက ဘာစားစရာမှ မပေးလည်း အရေးတော့မကြီး၊ သူ့ဘာသာ ဝယ်စားနိုင်သည်။ပစ္စည်းထက် သူ့အပေါ်ထားကြသော စေတနာကို ပို၍ တန်ဖိုးထားသူဖြစ်၏။ ထို့ကြောင့် ကျွန်တော်လည်း စေတနာကိုသာပေး၏။

ဆရာမနှလုံးခုန်မြန်တဲ့ ရောဂါဖြစ်တာကလည်း သိပ်တော့ မဆန်း။ စာနယ်ဇင်း အယ်ဒီတာတိုင်းလိုလို အနည်းနဲ့အများ ဖြစ်တတ်ကြတာပါပဲ။ စာမူကောင်းကောင်း မရမှာ ပူရ၊ စာအုပ်အချိန်မီ မထွက်နိုင်မှာပူ စက္ကူပြတ်သွားမှာ ပူရ၊ နာမည်ကြီး ဆရာ
ဆရာမတွေ စိတ်ကောက်မှာကို ပူရနဲ့ အမြဲလိုလို ရင်တုန်နေကြရတာ မဟုတ်လား။ထို့ကြောင့် ခုချိန်မှာ ဆရာမကလျာအတွက် လိုအပ်နေသော
ဓာတ်စာက စားကောင်းသောက်ဖွယ်တွေ၊ ဖြည့်စွက်အာဟာရတွေ၊ အားဆေးတွေမဟုတ်။ သူ့မဂ္ဂဇင်းအတွက် စာမူတစ်ပုဒ်သာ ဖြစ်၏။ ထို့ကြောင့်လည်း ဒီဝတ္ထုကို `ဓာတ်စာမူဟု ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်၏။

ဝတ္ထုဆိုတာတောင်မှ ဟာသလေးတွေပါလျှင် နာလန်ထ လူမမာအတွက် ပိုပြီး သင့်တော်မည်။ သူ၏သည်းခြေကြိုက်ဖြစ်သော စာပေလောကသားတွေကို ဇာတ်ဆောင်လုပ်ပြီး ကလူကျီစယ်ထားသည့် ပတ္ထုမျိုးဆိုလျှင်ကား 'သားဘက်ထရီအိုး ထမ်းလာ မြင်လိုက်ရသလို” ချက်ချင်းအားပြည့်လန်းဆန်းလာမှာပဲဟု မျှော်လင့်မိသည်။ ထို့ကြောင့် အောက်ပါဝတ္ထုလေးကို လုပ်ကြံဖန်တီး ရေးသားလိုက်ရခြင်း ဖြစ်ပါ၏။

                             * * * * *

ပါဝင်သောဇာတ်ဆောင်များ

မင်းကြီးစိန်-ဆရာဦးစိန်ကြီး (ပန်းချီ၊ ကာတွန်း)၊

မိဖုရားကြီး-ဆရာမကလျာ(ဝိဇ္ဇာ-သိပ္ပံ)၊

မယ်မယ်ဦး-ဆရာမကြီးခင်ဆွေဦး(ကန်တော့နော်ဒေါ်လေး)၊

မွှေးရှန့်ကုန်း-ပန်းချီမမွှေး၊

ဂင်စံဦး-ဒေါက်တာတင်စံဦး၊

ကျော်ဇင်အိုး-ကိုကျော်ဇင်(ဘုန်းတင့်ကျော်)၊

သီဟဂျွန်စော-သိဟလတ်။

မင်းကြီးစိန်သည် ခုတလော ခံတွင်းပျက်ပြီး မစားနိုင် မသောက်နိုင် ဖြစ်နေ၏။ အရိပ်တကြည့်ကြည့်ကြည့်နေသော မိဖုရားကြီးမှာလည်း အတော် စိုးရိမ်သောကရောက်နေရ၏။ မင်းကြီးစိန်ကား(ကိုရီးယား ဘုရင်တွေလိုပဲ) ဟင်းမြည်းတာကို တော်တော် ဝါသနာပါသူ ဖြစ်၏။ ဒီလိုပုဂ္ဂိုလ်မျိုးကအစားအသောက်ပျက်တော့ လူတွင်မက နှတ်ခမ်းမွှေးပါ ပိန်သွားသည်ဟု ထင်ရသည်။ 

နန်းတွင်းသမားတော် “ဂင်စံဦးကို စစ်ဆေး ကြည့်ရှုခိုင်းရသည်။ ဂင်စံဦးမှာ ရောဂါရှာလို့မရ၊ ဘာမှမဖြစ်ပါဘူး ပြောလို့လည်းမဖြစ်။ ထို့ကြောင့် ကန့်ဓာတ်ပါသော ဘဲသားစားလို့ ဖြစ်တာဟု
ကောက်ချက်ချလိုက်သည်။ ထိုအခါ ဘဲသားရောင်းသော နွမ်ဂျာသိုင်း'ဆိုသူမှာ အချောင်သက်သက် ဘုမသိဘမသိ အချုပ်ထဲ ရောက်သွားသည်။

မင်းကြီးစိန်ရဲ့ ရောဂါကတော့ ဘဲသား မစားပေမယ့်လည်း ထူးခြားမှုမရှိ၊ ထိုအခါ ဂင်စံဦးက မက်ခရုပေါက်နေတာဟု ဆိုလာပြန်သည်။ ထို့နောက် လျှာကို ငရုပ်ကောင်းမှုန့်တွေနှင့် ပွတ်ခိုင်းသည်။ မသက်သာတဲ့အပြင် အပူလောင်ပြီး လျှာကြီးပါယောင်လာသဖြင့် ဂင်စံဦး မှာလည်း သုံးရက်တိတိ ထိပ်တုံးခတ် ခံရပြန်သည်။

ထိုကိစ္စတွေကိုဖြေရှင်းဖို့ တာဝန်သည် နန်းတော်ဆောင် အုပ်ချုပ်ရေးမှူး မယ်မယ်ဦး၏ ခေါင်းပေါ်ကျလာသည်။ သူက စားဖိုဆောင်ထဲကို ဝင်ရောက်စစ်ဆေးကြည့်သည်။ ထိုအခါမှ အဖြေကို
တွေ့ရ၏။စားတော်ကဲကြီး မွှေးရှန်ကုန်သည် ဟင်းလျာတွေချက်တဲ့ဘက်မှာ စိတ်ဝင်စားမှု လျော့နည်းနေသည်။ သူ့အာရုံက နန်းတော်
ဆောင်မှ လူပျိုတော်သားလေး “သီဟဂျွန်စောဆီ” ရောက်နေသည်။ ဒါတွင်မက ဂျင်စင်း၊ ငှက်သိုက်၊ ကုံကုမံစသော အဖိုးတန် ပစ္စည်းများကို ပွဲတော်ဟင်းလျာထဲ မထည့်ဘဲ သီဟဂျွန်စောကို
ခိုးခိုး ကျွေးနေခဲ့သည်။ ထို့ကြောင့် ပွဲတော်ဟင်းလျာများမှာ အရသာမရှိတော့သဖြင့် မင်းကြီးစိန် ခံတွင်းမလိုက်ဘဲ ဖြစ်နေရတာ။

ထိုကိစ္စအတွက် ပြစ်ဒဏ်ကြီးကြီးမားမား ပေးရမည် ဖြစ်သော်လည်း မွှေးရှန်ကုန်း သည် မိဖုရားကြီး၏အချစ်တော် ဖြစ်နေသဖြင့် သက်ညှာသောအားဖြင့် ကတုံးရိတ်ပြီး သီလရှင်ကျောင်းမှာ
ငါးနှစ်သွားနေရန်သာ အမိန့်ချလိုက်သည်။ 

“သီဟဂျွန်စော´ကိုတော့ ကုန်းကုန်းအဖြစ် ဘဝပြောင်းရန် ပြစ်ဒဏ်ပေးသည်။ စီရင်ခါနီးဆဲဆဲကျမှ မင်းကြီးစိန်က သနားသွားပြီး လျှော့ပေါ့ပေးလိုက်သည်။ ဘုန်းတော်ကြီးကျောင်းမှာ ကုဋီသန့်ရှင်းရေးတာဝန်ကို ထမ်းဆောင်ပေးရန်။

ဒီနောက်မှာတော့ ပွဲတော်ဟင်းလျာချက်ဖို့ကို မယ်မယ်ဦးကသာ ယာယီတာဝန်ယူနေရသည်။ မယ်မယ်ဦးသည် ဟင်းချက်ကောင်းတာတော့ မှန်သည်။ သို့ရာတွင် အသက်က ကြီးလာတော့ မျက်စိက မှုံလာပြီ။ ထိုအခါ ဆားနဲ့သကြားမှားထည့်တာတို့၊ ငရုတ်သီး အရောင်တင်မှုန့်နဲ့ နနွင်း ကွဲကွဲပြားပြား မမြင်ရတာတို့ ဖြစ်နေ၏။ တစ်ခါတော့ မင်းကြီးစိန်စားမယ့် ထမင်းထဲမှာ ဆံပင်ဖြူတစ်ချောင်းတောင် ပါလာခဲ့သေးသည်။ (ထိုကိစ္စကို အမှတ်တရရှိစိမ့်သောငှာ နောင်အခါတွင် မယ်မယ်ဦးသည် “ဆံပင်ဖြူမဂ္ဂဇင်း” ကို ထုတ်ဝေခဲ့ပါသေးသည်။)

အထက်ပါအကြောင်းများကြောင့် နန်းတွင်းစားဖိုဆောင်အတွက် စားတော်ကဲကြီးတစ်ဦး ရွေးချယ်ခန့်အပ်ဖို့ လိုအပ်လာလေသည်။ ဝါရင့်တဲ့သူတွေထဲမှာ “ချွဲချန်ကုန်း၊ သလိပ်ရန်ကုန်း၊ နှပ်ရန်ကုန်း” တို့ရှိသည်။ သို့ရာတွင် သူတို့က ညစ်ပတ်သည်။ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိ၊ စားတော်ကဲကြီးဆိုတာက သန့်ပြန့်ရမည်။ ရုပ်ရည်လည်း ပြေပြစ်မှုရှိရမည်။
ထိုအခါ သင့်တော်သူနှစ်ယောက် ပေါ်လာသည်။
တစ်ယောက်က “ဝိုင်းရှန်ကုန်း” သူက သွက်လက်ချက်ချာသည်။ စကားအပြောအဆို တတ်သည်။ မိဖုရားကြီး သဘောကျသူဖြစ်၏။နောက်တစ်ယောက်ကတော့ “ရှန်ကုန်း" ဖြစ်၏။ သူက ဂျစ်
ကန်ကန် ပေကပ်ကပ်နိုင်သည်။ သို့ရာတွင် ဉာဏ်ရည်ထက်မြက်သောကြောင့် မယ်မယ်ဦးက ထောက်ခံချက်ပေးထားသည်။ထိုသူနှစ်ယောက် အကြိတ်အနယ် ပြိုင်ရတော့မည်။

                                * * * * *

ပထမအဆင့်ကတော့ ထမင်းချက်ပြိုင်ရခြင်း ဖြစ်၏။ ထမင်းချက်တာကတော့ သိပ်မခက်လှ။ သို့ရာတွင် ထူးခြားမှုရှိဖို့လိုသည်။သတ်မှတ်ထားသောအချိန်တွင် ထမင်းအိုးနှစ်အိုးကို ယူလာ
ပြီး ယှဉ်လျက်ချထားသည်။ ဂျူရှန်ကုန်း၏အိုးကို အရင်ဖွင့်သည်။

“ဒီထမင်းအိုးက ဘာထူးခြားလို့လဲ”

မင်းကြီးစိန်က မေးလိုက်သည်။ ဂျူရှန်ကုန်းက-

“သုံးရောင်ခြယ်ထမင်း ဖြစ်ပါတယ်” 

ဟုပြောရင်း ထမင်းစောက်နက်နက်ခူးပြီး ပန်းကန်ထဲထည့်ပြလိုက်၏။ မှန်သည် ထမင်းရဲ့ အောက်ပိုင်းက တူးနေသောကြောင့် အမည်းရောင်ဖြစ်နေ၏။ အလယ်ပိုင်းက အညိုရောင်၊အပေါ်ပိုင်းက ဖြူဖွေးနေသည်။

“အင်း.….ဟုတ်ပေသားပဲ”

မင်းကြီးစိန်က မိန့်သည်။ မယ်မယ်ဦး၏ မျက်နှာ ပြုံးယောင်သမ်းသွားသည်။ မိဖုရားကြီးက-

“ဝိုင်းရှန်ကုန်းရဲ့ ထမင်းအိုးကိုလည်း ကြည့်ရအောင်”

ဝိုင်းရန်ကုန်းက ထမင်းအိုးကို ဖွင့်ပြပြီး-

“ဒါဟာ အဆာသွပ်ထမင်းဖြစ်ပါတယ်” 

ဟုဆို၍ ထမင်းအိုး၏အလယ်ပိုင်းကို ယောက်မနှင့်ကော်ပြီးခပ်လိုက်သည်။ အထဲက ကြက်ဥပြုတ်တစ်လုံးထွက်လာ၏။

“တော်တော် ထူးခြားတဲ့ စိတ်ကူးပဲ၊ ထမင်းရော၊ ဟင်းပါ တစ်ပြိုင်တည်းချက်နိုင်တာပဲ”

မင်းကြီးစိန်က ချီးကျူးစကားဆိုသည်။ ထို့ကြောင့် ပထမပွဲစဉ်တွင် ဝိုင်းရှန်ကုန်းက အနိုင်ရရှိသွားသည်။

                              * * * * *

အမှန်တော့ သူတို့နှစ်ယောက်စလုံးသည် ထမင်းဟင်းကို သိပ်ကောင်းကောင်းကန်းကန်း ချက်တတ်ကြသူများမဟုတ်။ ကျောထောက်နောက်ခံ အကူအညီလေးတွေ ကိုယ်စီရှိနေကြသော
ကြောင့်သာ ခပ်တည်တည်နဲ့ ဝင်ပြိုင်နေကြခြင်း ဖြစ်၏။

‘ဂျူရှန်ကုန်းကို “မယ်မယ်ဦးက နောက်ကွယ်မှ အကြံဉာဏ်တွေပေးနေခဲ့သည်။ လိုအပ်လျှင် အလစ်မှာ ရောက်ရှိလာပြီး ကူညီချက်ပြုတ်ပေးတတ်သည်။

“ဝိုင်းရှန်ကုန်း”ကတော့တစ်မျိုး။ သောင်းစုမှူး ကျော်ဇင်အိုး”နှင့် ငြိတိတိ ချိတ်တိတ်တိတ် ဖြစ်နေသည်။ “ကျော်ဇင်အိုးမှာ နန်းတွင်းရိက္ခာတော်ဌာန တာဝန်ခံဖြစ်၏။ ထို့ကြောင့် “ဝိုင်းရှန်ကုန်း”အနေဖြင့် ရှားပါးပြီး အဖိုးတန်သော စားဖိုဆောင်သုံးပစ္စည်းတွေ
ကျော်ဇင်အိုး ဆီက အထောက်အပံ့ရနိုင်သည်။ 
(နန်းတွင်းရိက္ခာတော်တိုက်သို့ သားငါး၊ဟင်းသီးဟင်းရွက်၊ဟင်းခတ်အမွှေးအကြိုင်များ တင်သွင်းလိုသော ကုန်သည်များအနေဖြင့် ကျော်ဇင်အိုးကို အသပြာတစ်သောင်းစီ ပေးကြရသော
ကြောင့် သူ့ကို သောင်းစုမှူးဟု ခေါ်ကြခြင်းဖြစ်၏။)

                                * * * * *

ဒုတိယပွဲစဉ်ကတော့ သက်သတ်လွတ်ဟင်းလျာပြိုင်ပွဲ ဖြစ်၏။ထိုကိစ္စအတွက် “ဝိုင်းရှန်ကုန်း”မှာ ပြဿနာတစ်ခုဖြစ်ခဲ့ရသည်။သက်သတ်လွတ်ဟင်းလျာကို ချက်နေရင်းက ဟိုအရင် နှင်းမှုန်မှုန်
ကျနေတဲ့ ညတစ်ညမှာ ကျော်ဇင်အိုးက သူ့လက်ကလေးကို ဆုပ်ကိုင်ထားခဲ့ပုံအကြောင်း စိတ်ကူးယဉ်နေမိသဖြင့် ဟင်းအိုးတူးခြစ်သွားခဲ့သည်။ ပြိုင်ပွဲချိန်က ကပ်နေပြီဖြစ်သဖြင့် ပြန်ချက်ဖို့လည်း
မမီတော့။ ထို့ကြောင့် နန်းတွင်းသူကလေးတစ်ယောက်ကို ချစ်တီးဆိုင်က ပဲကုလားဟင်းပြေးဝယ်ခိုင်းပြီး သူချက်သလိုလိုနဲ့ ယူလာခဲ့ရ၏။

“ကိုင်း...ဝိုင်းရှန်ကုန်းရဲ့ ဟင်းလျာကို အရင်ဖွင့်ပြစမ်း”

ဟင်းအိုးအဖုံးကို ဖွင့်လိုက်သည်။

“အင်း...အနံ့ကတော့ စားချင်စရာပဲ၊ ဒီဟင်းထဲမှာ ဘာတွေပါသလဲ”

ဟု မင်းကြီးစိန်က မေးသည်။

“အသီးအရွက်တွေ ပါပါတယ်”

"ဒါတော့ သိတာပေါ့၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ပြော"

“ဝိုင်းရှန်ကုန်း ခဏမျှတွေသွားသည်။ ပြီးမှ ကြားဖူးတာတွေကို ပြောလိုက်သည်။

“ဘုတ်ဆုံမ ငရုတ်သီးအရောင်တင်မှုန့်ရယ်၊ အောင်မောင်းတံဆိပ် နနွင်းရယ်၊ လွင်မဆလာရယ်...”

“ဩ...ဒါကြောင့် မွှေးတာကိုး”

ဂျူရှန်ကုန်း၏ဟင်းအိုးကို ဖွင့်ပြရပြန်သည်။ ထူးဆန်းသောရနံ့တစ်မျိုး ထွက်ပေါ်လာသည်။ ဖြစ်ပုံကတော့..

‘ဂျူရှန်ကုန်း”သည် စားတော်ကဲ အရွေးခံမယ်သာဆိုတယ် ဟင်းသီးဟင်းရွက်တွေကို ပြည့်ပြည့်စုံစုံ ခွဲခြားသိလှတာ မဟုတ်။ခုရာသီမှာ ရှားရှားပါးပါးဖြစ်နေသော ကညွှတ်ကို ကြော်ချက်ချက်မည်ဟု စိတ်ကူးခဲ့သည်။ သို့ရာတွင် ဇရစ်ရိုးတွေကို ကညွှတ်
နဲ့မှားပြီး ချက်မိသည်။ ဒီကြားထဲမှာ တိတ်တဆိတ်လာကူညီသော မယ်မယ်ဦးကလည်း မျက်စိမှုံနေသဖြင့် နံနံပင်အုပ်ရမယ့်အစား ဒေါနပန်းခက်တွေ ထည့်သွားသည်။

သို့တိုင်အောင် ဘယ်လိုကဘယ်လို အစပ်အဟပ်တည့်သွားမှန်းမသိ။ ဟင်းနံ့က အထူးမွှေးကြိုင်ပြီး အရသာကလည်း ထူးခြားနေသည်။ထို့ကြောင့် ဒီတစ်ပွဲမှာတော့ ဂျူရှန်ကုန်းက နိုင်သွားလေသည်။

                                * * * * *

တတိယနှင့်နောက်ဆုံးပွဲစဉ်။ တစ်ယောက်တစ်ပွဲစီနိုင်ခဲ့ကြပြီးဖြစ်သောကြောင့် ဒီပွဲက ဗိုလ်လုပွဲဖြစ်၏။ နိုင်တဲ့လူက စားတော်ကဲကြီး ဖြစ်ပြီ။
ပြိုင်ပွဲခေါင်းစဉ်က အသားဟင်းတစ်မျိုးကို အရသာထူးကဲအောင် ချက်ရမည်ဖြစ်၏။ အရေးကြီးသော ပွဲစဉ်ဖြစ်သဖြင့် “မယ်မယ်ဦး”က “ဂျူရှန်ကုန်း"ကို တိတ်တဆိတ် အကြံဉာဏ်တွေပေးသည်။ “ကျော်ဇင်အိုး"ကလည်း “ဝိုင်းရှန်ကုန်း"အတွက် လိုအပ်သောပစ္စည်းတွေ ပံ့ပိုးပေးသည်။ ပွဲကြီးပွဲကောင်းပါပဲ။ဂျူရှန်ကုန်း၏ဟင်းကို အရင်စစ်ဆေးသည်။

“ဘာဟင်းချက်လာခဲ့သလဲ”

“ဝက်လေးမျိုးဟင်း ဖြစ်ပါတယ်”

“ဝက်လေးမျိုးဟုတ်လား၊ နာမည်ကိုက ထူးခြားနေပြီ”

“မှန်ပါတယ်၊ ဝက်သားရယ်၊ ဝက်မြေစာဥရယ်၊ ဝက်မလွတ်ငှက်ပျောသီးရယ်ကို ရောပေါင်းပြီး ချက်ထားပါတယ်” 

“ဝက်သုံးမျိုးပဲ ရှိပါသေးလား၊ တစ်မျိုးကျန်သေးတယ်”

ဟုမိဖုရားကြီးက စကားထောက်လိုက်တော့ ရှန်ကုန်းက-

“ဒီဟင်းကို ဝက်သစ်ချသားထင်းနဲ့ ချက်ထားတာပါ”

မယ်မယ်ဦးက ကျေနပ်စွာ ပြုံးလိုက်၏။ မင်းကြီးစိန်က ခေါင်းတညိတ်ညိတ် လုပ်ရင်း-

“ထူးခြားပြောင်မြောက်ပါပေတယ်”

“ရှန်ကုန်းက ဝိုင်းရန်ကုန်းကို အထက်စီးက ပြုံးပြီး ငဲ့ကြည့်လိုက်သည်။ ဝိုင်းရန်ကုန်း၏မျက်နှာထားက တည်ငြိမ်ပြီး လျှို့ဝှက်လွန်းလှသည်။

“ကဲ..."

ဝိုင်းရှန်ကုန်းအလှည့်။

ကာယကံရှင်တွေသာမက စောင့်ကြည့်နေသော ပရိသတ်တွေပါ ရင်တထိတ်ထိတ် ဖြစ်နေကြ၏။ မင်းကြီးစိန်နှင့် မိဖုရားကြီးတောင် စိတ်ဝင်စားမှုကို မဖုံးကွယ်နိုင်ဘဲ ဟင်းအိုးကို စိုက်ကြည့်နေကြသည်။

“ဝိုင်းရှန်ကုန်းက ဟင်းအိုးပေါ်မှာ ဖုံးအုပ်ထားသော ဇာပဝါကို လှပ်လိုက်သည်။ ဟင်းအိုးအဖုံးကို တဖြည်းဖြည်းဖွင့်လိုက်သည်။အငွေ့များ ဝေ့ဝဲထွက်လာသည်။ 

“ဒါကတော့ ကြက်သားကို ကြက်ဟင်းခါးသီး၊ ကြက်သဟင်းရွက်၊ ကြက်လည်ဆံရွက်၊ ကြက်ပေါင်သီး၊ ကြက်မောက်သီး၊ ကြက်သွန်ဥတွေနဲ့ရောပြီး ကြက်ဆူဆီမီးဖိုနဲ့ ချက်ထားတဲ့ ကြက်ရှစ်မျိုး
ဟင်းလျာပဲ ဖြစ်ပါတယ်”

“ဟင်ခနဲ၊ ဟာခနဲ' တအံ့တဩရေရွတ်သံတွေ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ခဏအကြာတွင် မင်းကြီးစိန်က လက်ခုပ်တီးလိုက်၏။ မိဖုရားကြီးက အားပါးတရ ပြုံးလိုက်သည်။ပြိုင်ပွဲရလဒ်ထွက်ပေါ်လာခဲ့ပြီ။

                                * * * * *

ဝိုင်းရှန်တုန်းက နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ရရှိပြီး စားတော်ကဲကြီးအဖြစ် ခန့်အပ်ခံရသည်။ “ဂျူရှန်ကုန်း”ကတော့ ရှုံးနိမ့်သူတို့ ထုံးစံအတိုင်း တရုတ်ဆေးခါးကြီး တစ်အိုးလုံးကုန်အောင် သောက်ရပြီး
နောက် မျောက်ကျွန်းသို့ နယ်နှင်ဒဏ်ပေးခြင်း ခံရလေသည်။

သို့တိုင်အောင် ဂျူရှန်ကုန်းသည် စိတ်ဓာတ်ခိုင်မာသူဖြစ်သောကြောင့် ဘ၀ကို အရှုံးပေးလက်မြှောက်ခြင်းမရှိ၊မျောက်ကျွန်းတွင် ဆေးပညာကို လိုက်စားသည်။ သစ်ဥသစ်ဖုများ၏ အစွမ်းသတ္တိကို လေ့လာသည်။ 

ထိုအချိန်တွင် မြောက်ကျွန်းမှ ပညာရှိကြီးမျောက်လူခေါ်လီယောင်ေဂျး ခေါ်  ရိန်းသည် ထူးဆန်းသောရောဂါတစ်ခုကို ခံစားနေရသည်။ ရှိရှိသမျှ သမားတော်တွေလည်း မကုသနိုင်သဖြင့်
လက်လျှော့ထားရသည်။ အခြေအနေက စိုးရိမ်စရာတောင် ဖြစ်နေ၏။

ရှန်ကုန်းက သူစမ်းကြည့်ပါရစေဟုခွင့်တောင်းသည်။အစကတော့ ဆေးပညာဆရာပေါက်စမို့ အထင်သေးပြီး ခွင့်မပြုကြ၊ နောက်ဆုံးတော့ မတတ်သာတော့သဖြင့် မယုံတစ်ဝက် ယုံ
တစ်ဝက်ဖြင့် ကြည့်ရှုခိုင်းသည်။ 

ထိုအခါကျမှ မျောက်ဖလူးခေါ် မျောက်တုတ်ကွေးဖြစ်နေကြောင်း ဖော်ထုတ်တွေ့ရှိရလေသည်။ ဂျူရှန်ကုန်းက သူရှာဖွေလေ့လာစုဆောင်းထားသော သစ်ဥသစ်ဖုများဖြင့် ကုသပေးလိုက်ရာ အချိန်တိုအတွင်းမှာပင် လုံးဝပျောက်ကင်းသက်သာသွားသည်။

ဆရာကြီးမျောက်လူလည်း ကျေးဇူးတင်လွန်းသဖြင့် ဂျူရှန်ကုန်းကို တပည့်ရင်းအဖြစ် လက်ခံပြီး စာပေပညာများ သင်ကြားပေးသည်။ ဂျူရှန်ကုန်းမှာ ဉာဏ်ရည်ဉာဏ်သွေး အလွန်ထက်မြက်
သဖြင့် မကြာခင်ကာလမှာပင် ဆရာထက်တောင်ပိုပြီး ထူးချွန်တတ်မြောက်သွား၏။

ထို့နောက် ဂျူရှန်ကုန်း၏ ပထမဆုံးလုံးချင်း စာအုပ်ဖြစ်သော...“မျောက်တို့၏မာယာ”အမည်ရှိဝတ္ထု ထွက်လာသည်။ ပရိသတ်လက်ခံအားပေးမှုကို
ရရှိသည်။ ဆက်လက်၍-

‘ရာဝင်အိုးထဲမှာ မောင့်ကို ထားရစ်ခဲ့”

ဆိုသောဝတ္ထု ထွက်လာပြန်သည်။ ပို၍ နာမည်ကြီးလာသည်။

တတိယမြောက်စာအုပ်ဖြစ်သော..

“ကြာတော့သည်လည်း ဘတ်စကား'

ဝတ္ထုကြီးထွက်လာသောအခါမှာ တခဲနက်အားပေးကြပြီးစူပါစာရေးဆရာ ဖြစ်သွားလေတော့သည်။
နာမည်ကြီး ဒါရိုက်တာများဖြစ်ကြသော “မျောက်ပွား၊“မောင်မျောက်မင်း၊ “မျောက်တီးတို့ကလည်း သူ့ဝတ္ထုများကို အလုအယက် ဝယ်ယူပြီး ပြဇာတ်များ တင်ဆက်ကြသည်။ လူကြိုက်အလွန်များပြီး နန်းတွင်းထဲမှာ ကပြအသုံးတော်ခံရတဲ့ထိ အောင်
မြင်သည်။

ထို့ကြောင့် ဂျူးရှန်ကုန်းကို နန်းတွင်းသို့ ပြန်ခေါ်ပြီး စာဆိုတော်အဖြစ် ဂုဏ်ပြုမြှောက်စားရသည်။ ဒါတွင်မက သူက ဆေးပညာလည်း ကျွမ်းကျင်ထက်မြက်သောကြောင့် မိဖုရားကြီးခံစား
နေရသော နှလုံးတုန်ရင်ခုန်မြန်နေသော ဝေဒနာကိုလည်း လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။

သူက ဆေးဝါးတွေ ဓာတ်စာတွေမသုံးဘဲ စိတ်ပညာနည်းဖြင့်ကုသပေးခဲ့သည်။ ထိုကုထုံးကား မိဖုရားကြီးအနေဖြင့် မင်းကြီးစိန်ကို ဝေးဝေးရှောင်နေရန်ပင် ဖြစ်ပေသည်။

--------------

မင်းလူ

(ကလျာမဂ္ဂဇင်း၊ အမှတ် ၂၆၃ ဇန်နဝါရီ ၂၀၀၇)

#Typing_crd_ZawOo

No comments:

Post a Comment