#ချုပ်တိုက်ကြီး
#နီကိုရဲ
ပန်းရိပ်ချောင်းသည် ဟိုးအရင် ရှစ်နှစ်လောက်တုန်းကလိုပဲ တိတ်ဆိတ်ညင်သာစွာ စီးဆင်းနေသည်ဟု ထွန်းဇံ ထင်ချင်သည်။ အို ... မဟုတ်သေးပါဘူး။ ဟိုးတုန်းကလို စီးနေတာမဟုတ်ဘူး။ တကယ့်ဟိုးတုန်းကမှဟိုတုန်းကလို စီးနေတာ စင်စစ်ဖြစ်ကို ဖြစ်ရမည် ... ။ ချစ်သူ၏ပခုံးကို မှေးဖက်ထားသလို သူတို့ရွာလေးကို မွေးပြီး ယုယုယယ ပွေ့ဖက်ထား
သည့် ပန်းရိပ်ချောင်းစွယ်ကလေး ... ။ ရေစီးပေါ်မှာ ပေါ်နေတဲ့ ဂယက်ထ ငါးရေခွံတွန့်ကလေးတွေ ချောင်းအကွေ့ .. အင်မမြစ်မွှာတွေကို ရေအရှိန်နဲ့
တိုးလို့ ခုန်ထနေတဲ့ ရေမှုန်ရေစက်တွေ...
ပြီးတော့ ...
ချောင်းထဲမှာ ပုဇွန်ဆီသန်းနေတဲ့ ညနေခင်းနေရောင် အားလုံးသည် လွန်ခဲ့သည့်ရှစ်နှစ်တုန်းက ညနေခင်း သူ ဟောဒီပန်းရိပ်ချောင်းကလေးကို ကျောခိုင်းခဲ့စဉ်ကအတိုင်း တစ်သဝေမတိမ်း ပြန်လုပ်ပြနေခြင်းသာ ဖြစ်ရမည်။
သူ ပန်းရိပ်ရွာကလေးဆီကို လှမ်းကြည့်လိုက်တော့ ညနေရီနေခြည်မှာ ငြိမ်သက်၍နေသည်။ ရွာအဝင်သဲလမ်းသည် ဟိုးအရင်တုန်းကလိုပဲ သဲဖွေးဖွေးနှင့် ဟိုးအဝေးကို ဆန့်၍ထွက်သွားသည်။ ရွာလမ်းရဲ့ အဆုံးမှာ ညနေရီနေရောင်နဲ့ ငြိမ်နေတဲ့ ပဲခူးရိုးမရဲ့ တောင်စွယ်တောင်တန်းတွေ … ။
ရွာလေးဆီမှ ညနေခင်း ထမင်းချက်ထင်းမီးခိုးငွေ့ သည် တစ်အိမ်မှတစ်အိမ် ငြိမ်ငြိမ်ဆိတ်ဆိတ် လွင့်တက်လာနေကြသည်။
ပန်းရိပ်ချောင်းပေါ်၌ ဖြတ်တိုက်လာသော လေ၏ရနံ့ထဲတွင် နင့်ခနဲနေအောင် ပါလာသည့် ချက်မြှုပ်ဇာတိရွာ၏ ရနံ့ကို ထွန်းဇံ အားပါးတရ ရှုပစ်လိုက်သည်။ ပြီးတော့ ... တံတားလက်ရမ်းကိုကိုင်ကာ ချောင်းပြင်ဖြတ် လေညင်ညင်သုန်သုန်ထဲကို မျက်လုံးအသာမှေးထားသော သူ့မျက်နှာ ခပ်မော့မော့ကလေး ထိုးထည့်ပေးထားလိုက်သည်။ ချောင်းပြင်လေသည် သူ့မျက်နှာတစ်ပြင်လုံး သူ့တစ်ကိုယ်လုံးနှင့် သူ့နှလုံးသားတစ်ခုလုံးကို ညင်သာစွာ ထွေးပွေ့ထားသည်ဟု သူ ခံစားနေရသည်။
သူ ရှစ်နှစ်လုံးလုံး အကြိမ်ကြိမ် စိတ်ကူးယဉ်ပြီးတော့ မျက်စေ့ထဲပြန်မြင်မြင်နေခဲ့ရတဲ့ ရွာကလေး ..။ ရိုးရိုးအသိစိတ်ဖြင့် စဉ်းစားသည့်
အခါတွင် အိမ်လွမ်းစိတ်က ပိတ်စဖြူဖြူပေါ်တွင် မီးခိုးရောင်ဆေးတစ်စက် ကျသွားသလို အလွန်လျင်မြန်စွာ စိမ့်ပြန့်သွားတတ်၏။ အိပ်မက်မက်
သည့်အခါ သူသည် တကယ့်ရွာကို ပြန်ရောက်သွားပြီး အရိပ်အယောင်၊အသံ၊ လူ၊ ရနံ့တို့နှင့် လုံးထွေးလှုပ်ရှား လူးလွန့်နေရာမှ လန့်နိုးသွားသင့်နေသော ရွာ၏ရနံ့က အိပ်မက်ဆိုသော အသိနှင့်ပေါင်းပြီး ရင်ထဲမှာမီးခိုးတွေ တဖြည်းဖြည်းချင်း ပြိုကွဲသလို ပြိုကွဲနေတတ်သည်။
အခုတော့ သူ ...သူ့ဇာတိရွာကလေးကို ပြန်ရောက်ခဲ့ပြီ။ဒီချောင်း... ဒီရွာ.. ဒီလမ်း... ဒီတံတား ... ဒီလေပြည် ...ဒီနေခြည် ...ဒီရနံ့တွေကို ရနေပြီ။ အရင်တုန်းကလို အိပ်မက်ဆိုတဲ့ အသိမှ တစ်ခါပြန်
မပျောက်တော့တဲ့ သူ့ရင်ထဲက ရွာစင်စစ်။
ထိုအချိန်တွင် ချောင်းဟန့်သံကြောင့် လှည့်ကြည့်တော့ ဘကြီးမိုး။နွားနီကြီးနှစ်ကောင်နောက်မှ လှည်းပေါ်မှာ နှင်တံကြီးမြှောက်လို့။ အရင်တုန်းကလို သန်မာဆဲ ... တည်ငြိမ်မြဲ။
“ဘကြီးမိုး ...”
“ဟေ ..."
အသံက ရင်းနှီးခြင်းမရှိ။ မယုတ်မလွန် သတိထားသံကြီး ပါနေသည်။
“ဘကြီးမိုး ... ကျွန်တော်ပါ၊ ထွန်းဇံရယ် ... ထွန်းဇံ၊ ကိုလှဇံ မမယ်အုပ်တို့သား ထွန်းဇံပါ”
“ဟေ .. မယ်အုပ်တို့သား ထွန်းဇံလား၊ ဟေ့ကောင် မင်းရွာပြန်လာတာလား၊ တသွေးတမွေးနဲ့ကိုကွ၊ တကယ်ကို မမှတ်မိတာပေါ့၊ မင်းက ဖြတ်လျှောက်ပေါ် ဘာလုပ်နေတာလဲ၊ လာလေကွာ”
“ရွာကိုငေးနေတာ အဘရ၊ ရွာကိုငေးနေတာ”
“မငေးနေနဲ့ ရောက်မှာပဲ၊ လာလာ လှည်းပေါ်တက်၊ ပစ္စည်းတွေက မနည်းပါလားကွ”
“ကျွန်တော် လမ်းပဲလျှောက်ခဲ့တော့မယ် ဘကြီးမိုး၊ ရွာက လမ်းလျှောက်ပြီး ထွက်ခဲ့တာ လမ်းလျှောက်ပြီး ဝင်ချင်လို့”
“ကိုင်း ... လုပ်ပြီဟေ့ ထွန်းဇံတို့ကတော့ကွာ၊ ကဲကွယ် ... အဲဒါဆို မင်းအိတ်တွေ ဘာတွေ တင်ပေးဦး၊ ပြီးမှ မင်းနောက်က အေးအေးဆေးဆေး
လိုက်ခဲ့ပေါ့၊ ကိုင်း ... လာလာ မင်း လှည်းစောင့်နေတာပဲ မဟုတ်လား”
ဘကြီးမိုးက သူ့ပစ္စည်းတွေ လှည်းပေါ်တင်ပြီး ရှေ့က ထွက်သွားနှင့်သည်။
သူ ရွာလယ်လမ်းပေါ်ခြေချလိုက်တော့ ဖုန်မှုန့်ရနံ့က ထောင်းခနဲရသည်။ အဲဒီရနံ့ကို အိပ်မက်မက်ပြီးတိုင်း အမြဲတမ်း လွမ်းခဲ့ရသည်။ရွာလယ်လမ်းကနေ ဘေးဘီဝဲယာအိမ်တွေကိုကြည့်တော့ ကြက်ခတ်ဝါး
ခြံစည်းရိုး၊ ကနစိုသားကွပ်ပျစ်၊ သက်ကယ်မိုးထရံကာ အိမ်ကလေးတွေ ဟိုးရှစ်နှစ်တုန်းကအတိုင်း ဘာမှမပြောင်းလဲကြ။ သက်ကယ်တွေကို ချည်ထားသည့် နှီးပင်တွေပင် ဟိုရှစ်နှစ်တုန်းက အတိုင်းပဲဟု ထင်ရသည်။
သုံးလေးအိမ်ကျော်လာတော့မှ သူ့ကို လူတွေကထွက်ပြီး ကြည့်ကြတာကိုလည်း သူ သတိထားမိသည်။ ဘကြီးမိုးက လှည်းပေါ်က သတင်း
ဖြန့်သွားဟန်တူသည်။ သို့သော် ထွက်ကြည့်သူတွေအားလုံးက ဘာကြောင့်မှန်းမသိ မခေါ်ကြ။ သူနှင့်အတူ ခင်မင်ခဲ့ကြသော အော်ဖော်အော်ဖက်
စဖော်စဖက် တစ်အိမ်တက် တစ်အိမ်ဆင်းနေခဲ့ကြတဲ့ လူတွေချည်း ဖြစ်သော်လည်း သူ့ကို ဘယ်သူမျှမခေါ်ကြ။ သူကလည်း သူ့ကို စူးစူးစိုက်စိုက်
ကြည့်နေသော မျက်လုံးတွေကြောင့် စပြီးတော့ မခေါ်ရဲခဲ့။
လူတွေအားလုံး သူ့ကို တမင်တကာ ထွက်ကြည့်နေတာ သေချာပါသည်။ သို့တိုင် သူ အဲဒီလူတွေကို မခေါ်ဖြစ်။ ရှစ်နှစ်ဆိုသော အချိန်ကာလသည် ရွာလေးတွင်ရှိသော လူများနှင့် သူ့ကို တစ်စုံတစ်ရာ ကွဲပြားအောင် လုပ်ပစ်လိုက်ဟန် တူလေသည်။
ပြီးတော့ အားနာတတ်ပြီး တဇွတ်ထိုးလုပ်တတ်သော သူ့ငယ်ကျင့်ကြောင့်လည်း ပါမည်ထင်သည်။ ရှေ့ကလူတွေကို ခေါ်မလာဘဲနဲ့ နောက်က လူတွေကျမှ လှမ်းခေါ်ရလျှင်လည်း ရှေ့က မခေါ်ခဲ့ရသူတွေကို အားနာသဖြင့် သူ မခေါ်ဖြစ်တော့။ လူတွေရဲ့ မျက်နှာပေါ်မှာလည်း သူ့ကိုကြည့်ပုံက ငယ်သူငယ်ချင်း တစ်ရွာတည်းသားဆိုတာထက် သူစိမ်းဆန်ခြင်းနှင့် စူးစမ်းခြင်း စသော မျက်နှာပေးနှင့် ပုံသဏ္ဌာန်များက များနေသဖြင့် ထွန်းဇံ ရွာအပြန်သည် ထင်မှတ်ထားသလို အားလုံးက ကြိုဆို
နေကြသော်လည်း ထင်မှတ်မထားဘဲ သူစိမ်းဆန်သည့် ပွဲလေးတစ်ပွဲလည်း ဖြစ်သွားခဲ့ပါသည်။
ရွာလယ်ပိုင်းကို တဖြည်းဖြည်းကျော်တော့ လေးရင်တို့အိမ်နားကိုရောက်လာသည်။ သတင်းက ပြန့်ပြီးနေသည်မို့ လေးရင်ကို အိမ်ရှေ့မှ ထွက်ကြည့်သည့်အထဲမှာတော့ မတွေ့ရ။ မကြည့်ဘဲနဲ့လည်း လေးရင်
နေမည် မဟုတ်ပါ။ ဒီတော့ လေးရင် အိမ်ထဲပုဏ္ဏကွယ်မှ ချောင်းကြည့်နေမှာ သေချာပါသည်။ ဒါ့ကြောင့် သူ လေးရင်တို့အိမ်၏ ပုဏ္ဏကွယ်ကို
ရင်ဘတ်ဖြင့် ကြည့်သည့်အခါ နောက်ကွယ်မှာ လေးရင်ရှိသည်ဟု ထင်ပါသည်။
အိမ်ကိုရောက်တော့ အမေက သူ့ကို ပြေးဖက်သည်မှလွဲ၍ သူ့အိမ်သည် တစ်စုံတစ်ရာ ဆူညံခြင်းမရှိဘဲ အေးဆေးတိတ်ဆိတ်လျက်ရှိ၏။မြို့တက် ပစ္စည်းဝယ်ပြီး ပြန်လာသည့်လူအိမ်ပင်လျှင် လူဝင်လူထွက်နှင့် ဆူညံနေလျက်ရှိတတ်သော သူ့ရွာသည် ရန်ကုန်မြို့ပေါ်သို့ သွားခဲ့ပြီး ရန်ကုန်မှတစ်ဆင့် နိုင်ငံခြားသို့ ရောက်သွားခဲ့သော သူ ပြန်လာသည့်အခါတွင် တစ်စုံတစ်ရာ လှိုက်လှိုက်လှဲလှဲ မရှိခြင်းကို ခုထိထွန်းဇံ စဉ်းစား၍မရ ဖြစ်၍နေသည်။ သူ့နှမအရင်း ခင်ထွေးပင်လျှင် သူ့ကိုတွေ့တော့ ခေါင်းတငုံ့ငုံ့နှင့် အိတ်ကိုဆွဲ၊ အပေါ်တင်ပေးစရာပေး၊ အိပ်ခန်းပြင်ပေးစရာရှိတာ ပြင်ပေးပြီးတော့ “အစ်ကိုကြီး ဝလာတယ်” ဆိုသည့် စကားတစ်ခွန်းပြောပြီး အိမ်ပေါ်တက်သွားခဲ့သည်။ နှမပေးယောက်ဖကား ပြော
ဖွယ်မရှိ၊ ကိုယ်ကလည်း သူ့ကို မမြင်ဖူး၊ သူကလည်း အခုမှသိတာဆိုတော့ ဘာမှပြောစရာမရှိ။ ဒီကောင်က ကလာရောမလုပ်တတ်တာလည်း ပါမည်ထင်သည်။
ဘကြီးမိုး လှည်းပေါ်က ချပေးနေသမျှ အထုပ်အပိုးတွေကို လင်မယားနှစ်ယောက် ကူချပြီး အိမ်ထဲသို့ သွင်းနေကြသည်။ ပစ္စည်းတွေ ချနေကြသည်ကို ရွာထဲကလူတွေက ဝိုင်းကြည့်နေကြတာ မြင်ရတော့
သူ့ရင်ထဲမှာ မကျေနပ်ချက်က ပေါ်လာပြန်သည်။ ဒါပေမဲ့ ဘာမှပြောမနေတော့ဘဲ ငယ်ကျင့်အတိုင်း ပြုံးနေလိုက်၏။
ပြောင်းလဲသည်ဆိုလျှင် သူ့အိမ်တစ်အိမ်တည်းသာ ရှိလိမ့်မည်ထင်သည်။ သူ ကိုရီးယားမှ လှမ်းပို့ပေးလိုက်သောငွေနှင့် အမေက အောက်ခံ
အုတ်နှစ်ထပ်သစ်သားအိမ်ကို ဆောက်ခဲ့သည်။ ရန်ကုန်သို့ မထွက်မီနေခဲ့သော အိမ်က ရွာထဲကအိမ်တွေနည်းတူ မြေစိုက်တဲအိမ်ကျယ်ကြီးသာဖြစ်သည်။
“လာ...ဘကြီးမိုး၊ ခဏနားပါဦး၊ ကျန်တာ ခင်ထွေးတို့ လုပ်ပါလိမ့်မယ်၊ လာ ... ဘကြီး”
အမေလာချပေးသည့် ရေနွေးအိုးက အရင်အတိုင်း မြေရေအိုးစစ်စစ် ဖြစ်သည်။ ရေနွေးကြမ်းကို သောက်ချလိုက်သည့်အခါ ကန်ရေနှင့်
လက်ဖက်ခြောက်နံ့သည် အရင်နှစ်ပေါင်းများစွာ ဝိညာဉ်ထဲတွင် ကျန်ခဲ့သည့် အနံ့အရသာအတိုင်းသာ ဖြစ်သည်။
“ငါနဲ့သာမတွေ့ရင် မင်းရွာထဲ ဒီပစ္စည်းတွေနဲ့ ဘယ်လိုလုပ်အကြောင်းကြားမလဲ၊ တော်သေးတာပေါ့၊ မင်းနှယ့်”
“ဘာအရေးလဲ၊ ဘကြီးမိုးကလည်း ဒီပစ္စည်းတွေ ဒီအတိုင်းထားပြီး လူချည်း လျှောက်ဝင်လာပြီးမှ အကြောင်းကြားပြီး ပြန်သယ်ပေါ့ ဘကြီးမိုးရဲ့”
“ဟ... ရွာကို မင်းက အရင်ကလို ထင်နေတာကိုး၊ အရင်ကလို မဟုတ်ဘူးမောင်ရေ၊ အရင်ကလို မဟုတ်ဘူးလဟ”
ဘကြီးမိုးစကားကြောင့် သူ တော်တော်လေး ဒေါသဖြစ်သွားသည်။သူ့စိတ်ထဲမှာ တစ်ညနေလုံး မကျေမနပ် ခံစားနေရတာကိုလည်း ဖွင့်ပြော
ချင်နေတာနှင့် ဖွင့်ပြောချပစ်လိုက်သည်။
“ဟုတ်တယ် ဘကြီးမိုး၊ ကျွန်တော် ရွာထဲကိုဝင်လာတော့ ကျွန်တော့်ကို အိမ်ထဲကနေ ထွက်ကြည့်ကြတာ သူတို့ မျက်လုံးတွေကတစ်မျိုးပဲ။ကျွန်တော့်ကို သူတို့ကြည့်ပုံက ကြပ်ကုန်းထဲ ဝင်လာတဲ့လူကို ကြပ်တွေက ဝိုင်းကြည့်ကြသလိုပဲ၊ ဘကြီးမိုး သတိထားမိလား"
“ဟင့်အင်း……. ငါက နောက်က ခပ်အေးအေး မောင်းဝင်လာတာဆိုတော့ သတိမထားမိလိုက်ဘူးကွ”
သူ ရင်မောပြီး သက်ပြင်းကိုချရသည်။
ဒီနှစ်သင်္ကြန် သူ ရွာမှာပျော်ချင်၍ ပြန်လာခဲ့ခြင်းဖြစ်သည်။ အခုပုံစံအတိုင်းဆိုလျှင် သူ ဒီရွာမှာ ပျော်ရပါတော့မလား။ ပြီးတော့ သူ့ကိုတရားဝင် သံယောဇဉ်ရှိထားပါသည်ဆိုသော လေးရင်ကရော သူ့ကို ဘာဖြစ်လို့ ထွက်မကြည့်တာတဲ့လဲ။ သူ ဆက်မစဉ်းစားချင်တော့တာနှင့် ဆက်မတွေးဘဲ အတွေးကို အဲဒီနေရာမှာပင်ရပ်ပြီး ဘကြီးမိုးကို လျှပ်စစ်
ဓာတ်အားသွင်း ဓာတ်မီးကြီးတစ်ချောင်း လက်ဆောင်ပေးလိုက်သဖြင့် ဘကြီးမိုးမှာ ပျော်ရွှင်ကျေနပ်လွန်းသည့် စိတ်ကိုမထိန်းနိုင်ဘဲ ထိုင်ရမလို
ထရမလိုကြီး ဖြစ်၍နေသည်။ အဲသည်နောက်မှာတော့ ခရီးပန်းလာသော သူ တွင်းရေကို ဝဝချိုး၊ အမေချက်ထားသော ကြက်သားဟင်းငံပြာရည်
ချက်နှင့်ထမင်းတဝကြီးနှက်ပြီး အိပ်ရာသို့ဝင်ခဲ့သည်။
* * * * *
“ဒေါသကို ဒေါသနှင့်တူအောင် ထွက်တယ်” ဆိုသော ရင်အေးသည် အခု ဒေါသကို ဒေါသနှင့်တူအောင် ထွက်နေရလေသည်။ထွန်းဇံ ရွာထဲသို့ ဝင်လာတာကို ပုဏ္ဏကွယ်က မြင်လိုက်ရတုန်းက အံ့လည်း အံ့ဩသည်။ ဘာကိုမှန်းမသိ၊ ဝမ်းလည်းနည်း ငိုလည်း ငိုချင်သည်။ နောက်ဆုံးကျန်ခဲ့သည့် ခံစားမှုကတော့ ဒေါသပင်ဖြစ်သည်။
ခင်ထွေးဆီမှ ထွန်းဇံ နိုင်ငံခြားကနေ ရိုက်ပြီးပို့လိုက်သည့်ပုံကိုကြည့်ရတာ ပျော်လည်းပျော်၊ ရှက်လည်းရှက် ရင်တွေ ဘာတွေခုန်ဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်ခဲ့ရသေးသည်။ အာကာသသို့သွားမည့်
ဂြိုဟ်သားအင်္ကျီလို အင်္ကျီကြီးဝတ်ထားသော ထွန်းဇံကိုကြည့်ပြီး ကြည့်လို့လည်းမဝ၊ အထင်ကြီးလို့လည်းမဝနှင့် ဖြစ်ခဲ့ရဖူးသည်။ထွန်းဇံမှာ ဂဟေဆက်အလုပ်သမားဖြစ်၍ ဂဟေဆော်သည့်ဝတ်စုံ
နှင့် ဓာတ်ပုံရိုက်ပြီး ပေးလိုက်ခြင်းဖြစ်သည်။
အဲဒီဓာတ်ပုံကိုကြည့်ပြီး အေးအေးတိုးက “ဟဲ့ ... ရင်အေးမ၊ နင့်ကို ထွန်းဇံက အဲဒီ ကိုရီးယားဆိုတာကြီးကို ခေါ်သွားပြီး ဟိုမှာနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု မေးစဉ်က ရင်အေး ဘာမှပြန်မဖြေနိုင်ခဲ့။
ထွန်းဇံနှင့် ကိုရီးယား လိုက်သွားရလျှင်ဆိုပြီး ညစဉ် အိပ်မက်တွေမက် စိတ်ကူးယဉ်ခဲ့ရတာတွေကို ပြန်တွေးပြီး ဒင်းကို အမှုန့်ကြိတ်ချင်နေလေသည်။ ဒီလိုဆိုတော့ ရင်အေးနှင့် ထွန်းဇံကို သမီးရည်းစားတွေလားဆိုတော့လည်း မဟုတ်ပြန်။ ဒါပေမဲ့ ထွန်းဇံက ရင်အေးကို ကြိုက်နေတယ်ဆိုတာ တစ်ရွာလုံးက အသိပင်ဖြစ်သည်။ အိမ်ခြေ (၉၀) ခန့်သာရှိသော သူတို့ရွာမှာက အဲဒီလောက်ဆိုလျှင် စေ့စပ်ထားပြီးသားလို ဖြစ်သည်။ ထိုကဲ့သို့ တစ်ရွာလုံးကသိအောင် နှစ်ပေါက် ကြိုက်ထားသောလူကို မိန်းကလေးက ခါးခါးသီးသီး မငြင်း၊ လိုရင်းဆက်ဆံသည် ဆိုလျှင်ပင်စေ့စပ်ကြောင်းလမ်းထားတာနှင့် အတူတူပင်ဖြစ်သည်။
ဒီလိုဆိုလျှင်တော့ ရင်အေးအဖြစ်က ဒီထက်ပိုမည်ဟုသာ ဆိုရမည်။ထွန်းဇံ ရန်ကုန်မြို့တက်ပြီး အလုပ်လုပ်တော့မည်ဆိုပြီး တစ်ရွာလုံးနီးပါး လိုက်ပို့ကြစဉ်တုန်းက ရွာအဝင် ပန်းရိပ်တံတားမှာ မျက်ရည်
တွေကျပြီး ထွန်းဇံနှမ ခင်ထွေးကို ဖက်ငိုခဲ့ရတာ ဘယ်ကောင်မလဲ။ ပန်းရိပ်တံတားပေါ်မှာ ကျခဲ့သည့် မျက်ရည်တွေကို တစ်ရွာလုံးက နားလည်ကြသည်။ တစ်ရွာလုံးက သဘောပေါက်ကြသည်။ မြို့သွားတော့မည့် ထွန်းဇံခမျာ အတွယ်အတာတွေ ဘာတွေနှင့် ဖြစ်သွားသည်ဟု ရွာကလူတွေက ပြောကြသည်။ထွန်းဇံသွားသည့် ရှစ်နှစ်လုံးလုံး ရင်အေးကို ဘယ်သူကမှ ထိကပါး ရိကပါးမရှိ၊ စကားအရိအသွား မရှိ၊ ထွန်းဇံအကြောင်းကို မေးသည်သာရှိသည်။
ဟော .. အခုတော့ ရှစ်နှစ်ကြာလို့ ရွာပြန်လာတော့ ဒင်းက တစ်ရွာလုံးကိုလည်း ဂရုမစိုက်၊ သူ့ကိုလည်း ဖုတ်လေသည့်ငါးပိ ရှိသည်ဟူ၍ပင်သဘောမထား လူပါးဝလွန်းသည်။ သူ့ကိုယ်သူ နိုင်ငံခြားပြန်ဆိုပြီး ဖင်ခေါင်းက ကျယ်ချင်သည်။ကိုယ်က မျက်ရည်နဲ့မျက်ခွက် အရှက်ကလေးနဲ့ အဖြေပေးထား
တာကို သူက အမေ့ခံထားမှတော့ ရင်အေးတို့က ဘာမှငဲ့ကွက်နေစရာမလို။ ဒီလိုငတိမျိုးကို နှိပ်ကွပ်ဖို့အတွက်က တစ်ခုသာရှိသည်။ ဒီနှစ်သင်္ကြန်
ပင်ဖြစ်သည်။
ဒီတော့ ဒီနှစ်အတွက် ရွာလယ်လမ်းသစ်ဘက်က ရွှေသွယ် ရွှေနွယ် အပျိုကြီးနှစ်ယောက်နှင့် တိုင်ပင်ရသည်။ ဒီအပျိုကြီးတွေက အပျိုကြီးမအောင်ရင်တို့ အသက်ကြီးလို့ မျက်နှာလွှဲသွားကတည်းက
ကာလသားကြီးတွေနှင့်တန်းတူ အပျိုတွေဘက်က ရပ်တည်ခဲ့သော အပျိုဇော်ကြီးများပင် ဖြစ်သည်။ ညီအစ်မနှစ်ယောက်စလုံး လုံးကြီးပေါက်လှ
သန်ကလည်း သန်လှသည်။ တော်ရုံဗလနှင့် လူပျိုခါးချိလိုဟာမျိုးကတော့ ဒီအပျိုကြီးနှစ်ယောက်နှင့် တွေ့လျှင် ဘဝကိုပင် နောင်ကျဉ်သွား
တတ်ကြလေသည်။
“ညည်းဟာက ဟုတ်ရောဟုတ်ရဲ့လားအေရယ်၊ တော်ကြာ...”
“ရွှေသွယ်ရယ် ... ကျုပ်ကိုယ်တိုင်က အပ်တာပါတော်၊ ရင်အေးကလည်း ကျုပ်စကားဆို တစ်ခွန်းပြောပါ၊ ပြီးတော့ ကျုပ်ကိုယ်တိုင်
ပါမှာပါတော်”
“နင့်ဟာက အကြမ်းချုပ် အကြမ်းချုပ်ဆို ..."
“အေးလေဟယ် ..."
" ဒါဆိုရင် အချုပ်တိုက်အတွက် ဒေါ်တင်လှကြီး ခေါ်ပါလား "
“ဟာ... ဒေါ်တင်လှကြီး မကောင်းပါဘူး၊ ရွာနောက်က ဒေါ်ပွေးကြီး မကောင်းဘူးလား”
ရင်အေးစကားကြောင့် ညီအစ်မနှစ်ယောက်နှင့် နားထောင်နေသူတွေ အာမေဍိတ် ရိုက်ကုန်ကြသည်။ ဒေါ်ပွေးမှာ ရွာအနောက်ပိုင်းတွင်ရှိသော
အသက် (၆၀) ကျော် အဖွားကြီးဖြစ်သည်။ အိမ်ထောင်မရှိ အပျိုကြီးဖြစ်ပြီး ရုပ်က အလွန်ဆိုးသည်။ အပျိုအရွယ်ကတည်းက အရိုးပေါ် အရည်တင်၊ မျက်ပေါက်ကကျဉ်းကျဉ်း၊ သွားတွေက တစ်ဖက်သုံးချောင်းစီလောက်အပြင်ကို ငေါထွက်နေကြသည်။ ဒေါ်ပွေးကြီးသည် ငယ်စဉ် အပျိုကြီးဘဝက သင်္ကြန်ရောက်လျှင် ပွဲတောင်းကာလသားများကို ရအောင်ချုပ်ပြီး
ထမင်းဝါးခွံ့ခြင်း၊ ထမီဝတ်ပေးခြင်း၊ ကလေးလေးငါးယောက်အမေ နို့တိုက်ခြင်း စသည်တို့ကို လုပ်ရာတွင် အထူးနာမည်ရခဲ့သည်။ အခုတော့ အသက်
ကြီးသဖြင့် နားနားနေနေ ဖြစ်နေပြီ။ ဒါကို ရင်အေးက ပြောနေခြင်းဖြစ်သည်။နောက်ဆုံး ရွှေသွယ်တို့နှင့် အသေးစိတ် တိုင်ပင်ရသည်။
“ဘယ်နေရာက ကောင်းမလဲ”
“ပန်းရိပ်တံတားပေါ်ပေါ့”
“ဟဲ့ ... အဲဒီနေရာက လူမစည်လွန်းဘူးလား၊ ဒါမျိုးက တခြားအရှက်ခွဲတာနဲ့ မတူဘူးနော် ရင်အေး”
“ကျွန်မ မျက်ရည်ကျခဲ့တာကလည်း အဲဒီမှာပဲ ကျခဲ့တာလေ၊ကျွန်မကတော့ အဲဒီနေရာကိုပဲ ရွေးတယ်”
“လူကအားလုံး ဘယ်နှစ်ယောက်လဲ”
“ခြောက်ယောက်၊ အဘွားနဲ့ဆို ခုနစ်ယောက်ပေါ့”
“နေ့ကတော့ အတက်နေ့ပဲ မဟုတ်လား”
“အို ... အတက်နေ့ မလုပ်ပါဘူး၊ အကြတ်နေ့လုပ်မှာ”
“ဟယ်...နင့်ဟာက မဟုတ်သေးပါဘူး ကောင်မရဲ့၊ ဒါမျိုးဆိုတာက နောက်ဆုံးနေ့ လုပ်ကြရတာကြီးကို”
“အို ... အကြတ်နေ့ပဲ ကောင်းပါတယ်၊ ဒါမှကို ကျေနပ်နိုင်မှာမို့ပါ”
ဆုံးဖြတ်ချက်ချပြီးသွားသည့် ပုံစံမျိုးနှင့် မျက်နှာမပျက် ပြောလာသော ရင်အေးကြောင့် ရွှေသွယ်တို့လည်း သဘောတူလိုက်ကြသည်။
ရင်အေးသည် သူ့ရင်ကလေးကိုကော့၍ ရွာထဲသို့ဝင်သွားပြီ။ အချစ်ကြီးတော့ ရင်အေးတို့ အမုန်းပါကြီးလေပြီ။ ထိုသတင်းမှာ အပျိုတွေအချင်းချင်း ပျံ့နှံ့နေပြီဖြစ်သော်လည်း ကာယကံရှင် ထွန်းဇံတစ်ယောက်ကတော့ မသိခဲ့။ မသိရအောင်လည်း အပျိုတွေအားလုံးက ထိန်းသိမ်းကြသည်။ သူလိုငါလိုလူပင် မသိနိုင်သော ထိုသတင်းမျိုးကို တစ်ရွာလုံးနှင့်
ဘာစကားပြောရမှန်းမသိ ဖြစ်နေသော ထွန်းဇံသိရန်ကား ဘယ်လိုမှမလွယ်သော ကိစ္စသာဖြစ်လေသည်။
* * * * *
ပူပြင်းခြောက်သွေ့ သော ရွာကလေး၏ ရွာလယ်လမ်းကို ဖြတ်၍တိုက်လာသော တန်ခူးနေရောင်ထဲတွင် ရော၍ပါလာသော သင်္ကြန်နံ့သည် လူတိုင်း၏ ရင်ထဲသို့ ဆွတ်ကြည်စွာ တိုးဝင်ရောက်လာသောအခါ ခန္ဓာကိုယ်ထဲမှ သွေးဆဲလ်တွေ နိုးထလာသည်။ မြူးကြွသော သီချင်းသံ၊ စိတ်ဖိစီးမှု
တစ်စုံတစ်ရာမရှိသော မျက်နှာများ၊ ပျော်ရွှင်ဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေသော မျက်ဝန်းနှင့် နှုတ်ခမ်းများတို့ဖြင့် သင်္ကြန်တွင်းသည်
ပန်းရိပ်ရွာလေးထဲသို့လည်း ရိုးရာမခွဲ ဝင်မြဲဝင်လာခဲ့သည်။
ထွန်းဇံ စိတ်ညစ်၍နေသည်။
ရွာ၏သင်္ကြန်အတွက် မိုင်ပေါင်းထောင်ချီသောနေရာမှ ပြန်လာခဲ့သော်လည်း ဘာ့ကြောင့်မှန်းမသိ ရွာ၏သင်္ကြန်သည် သူ့ကိုဟန်ဆောင်၍ထားသလို ခံစားနေရသည်။ ရောက်ကာစကတည်းက တစ်ရွာလုံးနှင့် စိမ်းခဲ့သောသူသည် အခု ခင်ခင်မင်မင် ဖြစ်မလာဘဲ ပို၍ဆိုးလာသည်ဟု သူထင်သည်။
ထိုကိစ္စသည် သင်္ကြန်တွင် အသိသာဆုံး ဖြစ်၍လာသည်။တစ်ရွာလုံးရှိလူတွေ သူတို့နည်းနှင့်သူတို့ ပျော်နေကြချိန်တွင် သူတစ်ယောက်တည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေခဲ့သည်။ အိပ်ရာနိုးစ
ကတည်းက ကြားနေရသော ဟေး...ဟား... အား... အင်းနှင့် အော်သံများ၊ တဖြန်းဖြန်း တဂွမ်းဂွမ်းနှင့် ပက်နေသော ရေသံများသည် သူနှင့်ဘာမှမဆိုင်သလို ခံစားနေရသည်။
အိမ်ရှေ့မှာ ငုတ်တုတ်ကလေး ငေါင်နေသောသူ့ကို မဌေးတို့အုပ်စု ကုန်စုံဆိုင်တွင် ရေပြွတ်လာဝယ်သော ကလေးနှစ်ယောက်က လမ်းမပေါ်မှလှမ်းပြီး ရေပက်သွားကြသည်။ ထိုရေပက်ခြင်းကို ခံလိုက်ရသောအခါ ထွန်းဇံသည် စိတ်ဆိုး၍မသွား။ ဝမ်းနည်း၍သွားသည်။ သင်္ကြန်ရေသည်
သင်္ကြန်ရနံ့နှင့်အတူ သူ့ကိုယ်ပေါ်သို့ ရောက်လာပြန်ပြီ။ သို့သော် အထီးကျန်ကျန် ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။တစ်ရွာလုံးမှာရှိတဲ့ အပျိုတွေ၊ ကာလသားတွေအားလုံးက ဘာဖြစ်လို့ သူ့ကို ချန်ထားရတာလဲ။ နောက်တက်သည့် အပျိုတွေက သူနှင့်မသိသည်ဘဲ ထားပါဦး။ သူနှင့်တစ်နှစ်တည်း အပျိုတွေကလည်း သူ့ကိုဂရုမစိုက်ကြ။
မနေ့ကဆိုလျှင် တော်တော် ဝမ်းနည်းဖို့ကောင်းသည်။သူ ဘာရယ်မဟုတ် တစ်ရွာလုံး ဘာတွေကစားနေကြသလဲဆိုတာကို သိချင်လို့ လမ်းလျှောက်ထွက်ခဲ့သည်။ ရွာလယ်လမ်းကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင် ရင်အေး ထွက်လာတာကို တွေ့ရသည်။ သနပ်ခါးအဖွေးသား၊ ရေမစိုသေးသည့် သနပ်ခါးရောင် ချည်ဝမ်းဆက်လေးနှင့်။
ကဲ ... ရေလုံးဝမစိုသေးတဲ့ ကိုယ့်ချစ်သူကို သင်္ကြန်တွင် မျက်နှာချင်းဆိုင် တွေ့ရတာလောက် ကံကောင်းတာ ရှိပါဦးတော့မလား။ ဒါနဲ့အနားမှာ ရေပက်နေသည့် ကလေးတစ်ယောက်ထဲမှ ရေခွက်နှင့် ရေငှားပြီး ရင်အေးနောက်သို့လိုက်၍ ရေပက်မည်ကြံတုန်း ရင်အေးက ရှေ့မှလျှောက်
နေသည်ကို ရပ်ပစ်လိုက်သည်။
“ဘာလုပ်ဖို့လဲ”
“အား.. နင့်ကို ရေလောင်းမလို့လေ”
“မလောင်းပါနဲ့”
ရင်အေးက ခပ်ပြတ်ပြတ်ပြောရင်း ဆက်လျှောက်သွားသဖြင့် မနည်းလိုက်ယူရသည်။
“ရင်အေး ... ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ ရင်အေးရယ်”
“နင်နဲ့ သင့်တော်တဲ့စကားပေါ့”
“ဟာ... ငါ့ကို ဘယ်လိုဆက်ဆံလိုက်တာလဲ ရင်အေးရယ်၊ ငါ ရွာကိုပြန်လာတာ ရွာမှာ သင်္ကြန်ကျဲချင်လို့ရယ်၊ ပြီးတော့ .."
“ဪ ... ဒီလိုလား၊ မသိပါဘူး၊ ငါက နင် ဝဇီပိတ်ဘုန်းကြီးဝတ်ဖို့များ ပြန်လာတာလားလို့”
“အဲဒါ ငါက စတာမဟုတ်ပါဘူးဟာ”
“အောင်မာ ... ဒီရွာကို နင်ပြန်ဝင်လာတာပါ ထွန်းဇံရဲ့”
“ငါ နင့်ကို တစ်နေ့မှ မမေ့ဘူးသိလား”
“လဲသေလိုက်”
“ရင်အေးရယ် ... နင် ငါ့ကို ဘာဖြစ်လို့ ဒီလောက်ထိ စိမ်းနေရတာလဲဟင် ရင်အေး”
“နင့်ကိုယ်နင် သိပေါ့”
ရင်အေးက သူ့ကို အရယ်အပြုံး မရှိသောမျက်နှာ၊ အနိမ့်အမြင့်မရှိသောလေသံ၊ အကြောက်အရွံ့မရှိသော ဟန်ပန်တို့ဖြင့် စကားပြန်ပြောသည်ကို တွေ့လိုက်ရသဖြင့် ထွန်းဇံ အတော့်ကို ဝမ်းနည်းသွားသည်။ထိုဝမ်းနည်းခြင်းကို လေးလံလွန်းသည့်အတွက် ခြေလှမ်းတွေ လှမ်း၍မရတော့
ထွန်းဇံ ထိုနေရာမှာပင် ကျန်ရစ်ခဲ့သည်။ သူ ချစ်ရပါသော ရင်အေးသည် သင်္ကြန်မှာ အဘယ့်ကြောင့် သူ ရင်မအေးရသော စကားတွေ ပြောသွားရသနည်း။ ဝမ်းနည်းစိတ်တို့ဖြင့် ရင်အေးကို လှမ်းငေးနေ
ခိုက် ရေပက်မည့် ကာလသားတစ်ယောက်ကို တွေ့သောအခါ ရင်အေးသည် သေသေချာချာရပ်၍ ဆံပင်တွေကို နောက်မှ ဆွဲယူမတင်ပေးပြီး
သေသေချာချာ ရေအလောင်းခံသွားသည်။
ထိုကာလသားက ရေလောင်းအပြီး လှမ်းမထွက်မီ ရင်အေးက နောက်ကို လှည့်ကြည့်သည့်အခါ သူငေး နေတာကို တွေ့သွားသည်။ရင်အေးမျက်နှာမှာ ပွင့်သော မဲ့ပြုံးတစ်ချက်ကိုလည်း ထွန်းဇံကောင်းကောင်းကြီး မြင်လိုက်ရလေသည်။ ခဏနေရင် ရင်အေးကို သွားရှာပြီး မေးချင်တာလေးတွေကို မေးဖို့ ထွန်းဇံ ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင်ပင်
သောင်းမြိုင်၏သားလေး အေးအောင် ရောက်လာပြီး ထွန်းဇံကို စာတစ်စောင်ပေးသည်။
#ကိုထွန်း
မနေ့ကကိစ္စကို စိတ်မဆိုးဘူးဆိုရင် ညနေခင်း ပန်းရိပ်တံတားကို လာခဲ့ပါ။ စောင့်နေမယ်နော်။
#အေး
“ဟေ့ကောင် ဟေ့ကောင် မင်းကို ဒီစာ ဘယ်သူပေးလိုက်တာလဲ”
သူ၏ အစိုးရိမ်တကြီး အမောတကောမေးသည့် စကားနှင့် အမူအရာကြောင့် အေးအောင် လန့်သွားပုံရသည်။
“အန်တီရင်အေး ပေးလိုက်တာပေါ့ဗျ”
“သေချာလို့လားကွာ၊ ငါ့ကို ဘာမှာလိုက်သေးလဲ”
“ဘာမှမမှာလိုက်ဘူး၊ ကျွန်တော့်ကိုပဲ မှာတာ”
“ဘာတဲ့လဲ”
“အဲဒီစာကို ဦးလက်ထဲရောက်အောင် ထည့်ရမယ်တဲ့၊ လူကြုံနဲ့မပေးရဘူးတဲ့”
အင်း ...ဒါဆိုရင်တော့ ဟုတ်နိုင်သည်။ ရင်အေးက အရှက်အကြောက် ကြီးသည်။သင်္ကြန်တွင်းဆိုတာက သိပ်စိတ်ချလို့ ရတာမျိုးမဟုတ်၊ နောက်
သည့်ပြောင်သည့် လူတွေက ပေါတယ်မဟုတ်လား။
“အေး ... အေး .. ငါလာခဲ့မယ်လို့ ပြောလိုက်ကွာ"
* * * * *
ညနေကျတော့ တံကားဘက်ဆီသို့ ထွန်းဇံ ထွက်လာခဲ့သည်။ဒီနေ့က သင်္ကြန်နောက်ဆုံးနေ့ဆိုတော့ ညနေခင်းအချိန် သည်တံတားဘက်မှာ အစည်ကားဆုံးပင်ဖြစ်သည်။ အခုချိန်တောင် တစ်ရွာလုံးရောက်နေသလား မသိ။ ရွာထဲမှာ လူသံတော်တော်လေးကို တိတ်နေသည်။ ရွာလမ်းထိပ်ကိုရောက်ဖို့ အကွေ့ ကလေးကို ကွေ့ပြီး တံတားဆီသို့ လှမ်းကြည့်
လိုက်တော့ ထင်ထားသည့်အတိုင်းပင်း တံတားထိပ်မှာ လူတွေ ဖွေးဖွေးလှုပ်နေသည်။ ထွန်းဇံ ရင်ခုန်သံတွေ မြန်လာသည်။ တံတားပေါ်ကို
ရောက်ချင်စိတ်က ထိန်းမရအောင် ဖြစ်နေသည်။ အရင်နေ့တွေက သူတစ်ရက်မျှ တံတားထိပ်ကို မထွက်ခဲ့တာကို နောင်တရနေမိ၏။
ခပ်မြန်မြန် လျှောက်လာရင်းကပင် နောက်ဘက်မှ သိုင်း၍ အချုပ်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် သူ့တစ်ကိုယ်လုံး လှုပ်လို့မရအောင် ဖြစ်သွားသည်။ နောက်ထပ် ခိုင်မြဲသောလက်များ ရောက်လာကြသည်။
“ဘာလုပျတာလဲ၊ ဒါ ဘာလုပျတာလဲဟ”
ရုတ်တရက် လန့်ဖြန့်စိတ်နှင့် ရုန်းကန်နေရာမှ ခြေထောက်နှစ်ချောင်းပါ လေထဲမြောက်သွား၏။ လှမ်းကြည့်တော့ ရွှေသွယ်။
“ရွှေသွယ် ... နင်တို့ ငါ့ကို ဘာလုပ် အ ... အ ...အု ... ဝု ... ဝူး”
သူ့ပါးစပ်ထဲသို့ အဝတ်လုံးတစ်လုံး ဝင်လာသည်။ သူ့အော်သံ၊စကားပြောသံ ဘာတစ်ခုမှ အရာမထင်တော့။ သူတို့ရွာဓလေ့ကို သူသိလိုက်ပြီ။ သူ့ကို သင်္ကြန်တွင်း အပျိုတွေကဝိုင်းပြီး ချုပ်တိုက်ကြီးလုပ်ဖို့ ရွေးလိုက်ကြပြီ။ ဒါဆိုလျှင် သူ့ကို စာရေးပြီးချိန်းခဲ့သော ရင်အေးသည် အပျိုအုပ်စုတွေနှင့် တစ်ဉာဏ်ထဲဖြစ်ရမည်။
“မိပြီဟေ့ ... မိပြီဟ၊ မရုန်းစေနဲ့ .. ချုပ်ထားကြ၊ မလွတ်စေနဲ့”
လက်တွေ ... လက်တွေ သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ ထွက်လာကြသည်။ သူ ရှက်ရှက်နှင့် အားထည့်ရုန်းကြည့်သည့်အခါတွင် သူ့တစ်ကိုယ်လုံး လုံးဝ လှုပ်လို့မရအောင် ချုပ်မိနေပြီဆိုတာကို သိလိုက်ရသည်။
ထိုအသိရပြီး နောက်သိပ်မကြာခင်မှာပင် သူ့မျက်လုံးများကို အစည်းခံလိုက်ရပြီး အရာအားလုံး မှောင်သွားလေသည်။
ပျော်ပျော်ရွှင်ရွှင် အော်ဟစ်သံများနှင့်အတူ သူ့ ခန္ဓာကိုယ်ကို သယ်မသွားကြမှန်း သူသိလိုက်ပြီ။ ကာလသား ကိုကြီးစိုးက သူ့ကို တစ်ခါတုန်းက
ချုပ်တိုက်ကြီးအကြောင်း ပြောပြဖူးသည်။ ကိုကြီးစိုးမှာလည်း အလွန်ပျော်တတ် စတတ်သော ကာလသားကြီးမို့ အပျိုကြီးတွေ တော်တော်များများနှင့် ရန်စရှိသဖြင့် သင်္ကြန်တွင်းဆိုလျှင် အမြဲတမ်း ချုပ်တိုက်ကြီး အလုပ်ခံရလေ့ရှိသော ကာလသားခေါင်းဖြစ်သည်။
သူတို့ရွာ၏ ဓလေ့ဆန်းတစ်ခုမှာ သူတို့ရွာရှိ အပျိုများသည် သင်္ကြန်ရောက်လျှင် တစ်နှစ်ပတ်လုံး မကျေနပ်သော၊ သူတို့ အသည်းယားသော၊
သူတို့ကို စစနောက်နောက် လုပ်ထားသော ယောက်ျားလေးကို အပျိုလေးတွေစုပြီး အပျို ဝါရင့်ကြီးတွေက ဦးဆောင်ကာ ဝိုင်းချုပ်ပြီး အိုးမဲသုတ်
ခြင်း၊ ထမင်းဝါးခွံ့ခြင်း၊ အသက် ၅၀ ကျော် ကလေးအမေကြီးများ၏နို့ကိုတိုက်ခြင်း စသည်တို့ကို လုပ်ခွင့်ရှိသည်။ ထို့ကြောင့် တစ်နှစ်အတွင်း
အပျိုများနှင့် တည့်အောင်မနေထားသော ကိုလူပျိုသည် သင်္ကြန်တွင် ချုပ်တိုက်ကြီး မမိရအောင် နေရလေသည်။အိမ်အပြင်ထွက်မှ တရားဝင်ရေလောင်းခွင့် ရသကဲ့သို့ ချုပ်တိုက်ကြီး လုပ်ခံရမည့်သူ အိမ်ထဲမှမထွက်လျှင် အတင်းဝင်ပြီး ဆွဲခေါ်၍မရပေ။
ချုပ်တိုက်ကြီး အလုပ်ခံရမည်ဟု နာမည်ကြီးသူသည် သင်္ကြန်အတွင်းတွင် အထူးဆင်ခြင်၍ နေရလေသည်။ တစ်ခါတရံလည်း ချုပ်တိုက်ကြီးခံရမည်
ဟု သတင်းထွက်သူကတစ်ယောက်၊ တကယ်ချုပ်တိုက်ကြီး လုပ်ခံရသူကတစ်ယောက်ဖြစ်နေတတ်သည်။ ထိုဓလေ့မှာ သူတို့ရွာမှလွဲ၍ အခြားရွာတွင်မှ မရှိသော ထူးခြားသည့် ဓလေ့ဆန်းတစ်ခုပင် ဖြစ်သည်။
အခု ချုပ်တိုက်ကြီး ခံရပြီးမှန်း သေချာသွားသော ထွန်းဇံမှာ ကိုကြီးစိုး၏ စကားကို ပြန်လည်ကြားယောင်ခြင်း ဖြစ်ပါသည်။
“မျက်လုံးကို အစည်းခံရတဲ့အဆင့်ကို ရောက်ပြီဆိုရင်တော့ အားကို အကုန်မခံနဲ့တော့ကွ အသာငြိမ်ငြိမ်နေလိုက်ပေတော့၊ သူတို့ ချုပ်တိုက်
လုပ်မယ့်နေရာကို မရောက်ခင်ရော ရောက်ပြီးရောမှာ လွတ်နိုင်တဲ့အချိန်တွေရော နေရာတွေရော ရှိတယ်ကွ၊ ကိုယ်က အဲဒါကို သိထားပြီး သတိ
ရှိဖို့ပဲလိုတာ"
“ချုပ်တိုက်ကြီး” လုပ်သောနေရာ ဆိုသည်မှာ ရွာရှိအပျိုကာလသမီးတွေ စုထားသောနေရာကို ဆိုလိုသည်။ ချုပ်တိုက်ဖမ်းအဖွဲ့ က လိုက်ဖမ်း
ပြီးနောက် ထိုလူစုထားသော နေရာသို့ခေါ်သွားပြီး နေရာရောက်တော့ ချုပ်တိုက်စာရင်းပေးသူက စ,အိုးမဲသုတ်ပြီး ချုပ်တိုက်ပွဲကို စဖွင့်ပေး၏။
ထိုသို့ စဖွင့်ပေးလိုက်တော့မှ ဤအပျိုအုပ်စု လက်ကုန်ကြခြင်းဖြစ်၏။
ချုပ်တိုက်စာရင်းပေးသူမှာ သူတို့ရွာထဲမှ အပျိုတစ်ဦးဦးပင် ဖြစ်ရမည်။ချုပ်တိုက်လုပ်စရာ အကြောင်းအချက်ကလည်း ခိုင်ခိုင်လုံလုံ ရှိရဦးမည်။သို့မှသာ ချုပ်တိုက်အဖွဲ့က သဘောတူပြီး ချုပ်တိုက်လုပ်ခွင့်ရခြင်း ဖြစ်၏။ အခု သူ့ကို ချုပ်တိုက်လုပ်ဖို့ စာရင်းပေးသူမှာ ဘယ်သူဖြစ်မည်
ဆိုတာကို ထွန်းဇံ စဉ်းစား၍မရ။ သူက ရွာကိုပြန်ရောက်တာ ရှစ်ရက်ပဲရှိသေးတော့ ပိုဆိုးသည်။ ဒါပေမဲ့ ချုပ်တိုက်ကြီးမှ ခဏခဏ လွတ်ခဲ့ဖူး
သော ကိုကြီးစိုး၏ နည်းအတိုင်း ငြိမ်နေလိုက်၏။
“ကိုယ့်ကို ချုပ်တိုက်ရှင်ဆီရောက်တော့ သူတို့က မေးလိမ့်မယ်၊အဲဒီမှာ ချုပ်တိုက်ရှင်ကို သိပြီဆိုတာနဲ့ သူ့ကို ထပ်စရမလား၊ တောင်းပန်ရမလား စဉ်းစားရတယ်၊ ဆုံးဖြတ်စဉ်းစားလို့ ရပြီဆိုတာနဲ့ တစ်ခါတည်း စပေတော့၊ တောင်းပန်တော့ စတဲ့အခါ ရယ်ရရင်ပဲဖြစ်ဖြစ် တောင်းပန်တဲ့အခါ သနားသွားရင်ပဲဖြစ်ဖြစ် အချုပ်နည်းနည်း လျော့သွားတတ်တယ်။ဒီတော့မှ တစ်လျှောက်လုံး မရုန်းဘဲနဲ့ စုထားတဲ့အားသုံးပြီး တစ်ခါတည်း ရုန်းပေတော့”
ကိုကြီးစိုးနည်းအတိုင်း လုပ်တော့မည်ဟု ဆုံးဖြတ်ပြီးတော့ ထွန်းဇံ အသက်ကိုဝအောင် ရှူသွင်းထားလိုက်သည်။ စိတ်ကိုတင်းမထားတော့ဘဲ လျော့ပြီး ခန္ဓာကိုယ်ကို အနားပေးထားလိုက်သည်။
“ပါလာပြီဟေ့ ... ပါလာပြီ၊ အကုန်အဆင်သင့်ပဲလား”
“အားလုံး စီစဉ်ပြီးနေပြီ၊ ထမင်းလည်း အဆင်သင့်ပဲ၊ ဝါးဖို့ပဲ လိုတော့တာ၊ မီးသွေးလည်း အဆင်သင့်ပဲ၊ ဟို ရင်အေးရော ... ရင်အေး”
“ရှိပါတယ် ခင်ချိုရဲ့၊ စဖွင့်ရတော့မှာလား”
“အမေပွေးရော”
ထိုမေးသံကြောင့် ထွန်းဇံတွန့်၍ သွားသည်။ ရွာအနောက်ပိုင်းက အမေပွေးဆိုရင်တော့ အသက် (၆၀) နား နီးနေပြီ။ သူ့သားအငယ် အောင်ခကပင် ထွန်းဇံထက် သုံးနှစ်လောက်ကြီးမည် ထင်သည်။ ပြီးတော့ သူ့ကို ချုပ်တိုက်စာရင်းပေးသူက ရင်အေးဆိုပါကလား။ဒါကိုတော့ ထွန်းဇံ တော်တော်လေး အံ့အားသင့်သွားတာ သေချာသည်။ ရင်အေးက သူ့ကို ချုပ်တိုက်ကြီးလုပ်ဖို့ စာရင်းပေးရလောက်အောင် သူ့မှာ ဘာအပြစ်မှမရှိဟု သူထင်သည်။ သူ့ရင်ထဲ တော်တော်လေး စိတ်မကောင်း ဖြစ်၍သွား၏။
“ကဲ .. ချုပ်တိုက်ကြီး ဖွင့်တော့လေ ရင်အေးရဲ့”
“ဟင် ... အမေပွေးရော ရောက်ပြီလား၊ အမေပွေးလာမှ ဖွင့်မယ်လေ . "
“ဪ ... ရင်အေး တကယ်တမ်းကျတော့ သနားနေပြီလားဟေ့”
“အောင်မယ် ... မဟုတ်ပါဘူးနော်၊ အမေပွေးကို စောင့်နေရတော့ အချိန်တွေ လပ်ကုန်မှာစိုးလို့ပါ"
“ရင်အေး ..."
သူ့ခေါ်သံကြောင့် တစ်ယောက်တစ်ခွန်း ဆူညံနေသော စကားသံတွေ တိတ်သွားကြသည်။
“ငါ့ကို ချုပ်တိုက်လုပ်ဖို့ စာရင်းတင်တာ နင်ပေါ့ ရင်အေး၊ ဟုတ်လား"
“ဟုတ်တယ်၊ ဘာဖြစ်လဲ”
“ငါ့မှာ ဘာအပြစ်များရှိလို့လဲ ရင်အေးရယ်၊ ငါက မနေ့တစ်နေ့ကမှ ရွာကို ပြန်ရောက်တဲ့ကောင်ပါ၊ ငါ...ငါ ဘာမှလည်း ..."
“နင်လုပ်ခဲ့လို့ နင့်ကို ချုပ်တိုက်လုပ်ဖို့ သဘောတူခဲ့တာပေါ့"
“ငါ...ငါ ဘာများလုပ်ခဲ့ရလို့လဲ ရင်အေးရယ်”
သူ့ ကြေကြေကွဲကွဲ အသံဆုံးတော့ အရာအားလုံးသည် ငြိမ်ဆိတ်၍-
“ရောက်ရောက်ချင်းနေ့ကပဲ နင် လုပ်ခဲ့တာလေ၊ နင်က ရန်ကုန်မြို့ကိုတင်မက နိုင်ငံခြားဆိုတာကြီးကိုပါ သွားရတယ်ဆိုပြီးတော့ တစ်ရွာလုံးကို မခေါ်နိုင် မပြောနိုင်နဲ့ ဖြစ်နေတာ၊ ကဲ .. သိပြီလား၊ အဲဒါ နင့်ကို
ချုပ်တိုက်ကြီးလုပ်ဖို့ အသင့်တော်ဆုံးအပြစ်ပဲ၊ တစ်ရွာလုံးက မကျေနပ်တာကို ငါက စာရင်းပေးတာ၊ အဲဒါ ဘာဖြစ်လဲ”
“အဲဒါဆိုရင် နင်တို့မှားတယ် ရင်အေးရယ်၊ နင်တို့မှားတယ် သိလား၊ ငါရှင်းပြတာလေးကို နားထောင်ပေးပါလား"
သူ့ဝမ်းနည်းစကားသံဆုံးပြီး တိတ်ဆိတ်သွားတဲ့အသံတွေ ခဏငြိမ်သွားပြီးတော့ ထွန်းဇံ သူ့ကို အောက်ချပေးလိုက်မှန်း သိလိုက်ရသည်။
သို့သော် ချုပ်ထားသောလက်တွေက သတိရှိဆဲဆိုတာကို သူ ခံစားနေရသည်။
“ငါ ရန်ကုန်မြို့ကို ရောက်သွားတော့ တစ်လလောက် အလုပ်မရဘူး ရင်အေး၊ ငါတည်းတဲ့အိမ်က ဗာဟီရတွေ ဝိုင်းလုပ်ပေးရင်းနဲ့ နေရတယ်၊ တစ်လကျော်လောက်မှ ဝပ်ရှော့တစ်ခုမှာ အလုပ်စဝင်ရတယ်။
စဝင်တော့ ပညာသင်ပေါ့၊ တောက်တိုမယ်ရလေးပေါ့၊ ကွမ်းဝယ်၊ ဆေးလိပ်ဝယ်၊ သူတို့ညောင်းရင် နှိပ်ပေးပေါ့၊ အဲဒါ လေးလလောက်ကြာတော့မှ
သူတို့က ပညာသင်တပည့်ခန့်တာ”
ထွန်းဇံ ခဏရပ်ထားလိုက်တော့ တိတ်တဆိတ်ပင် သူပြောတာကို နားထောင်နေကြမှန်း သိရသဖြင့် ဝမ်းသာသွားသည်။ စကားပြောရင်း
သတိမေ့မသွားဖို့ကိုလည်း သူ မှတ်ထားလိုက်၏။
“ငါ နေရာတကာမှာ ဖင်ပေါ့တာ နင်တို့လည်း အသိပဲဆိုတော့ ငါ့ကို အားလုံးက ချစ်ကြပါတယ်၊ တဖြည်းဖြည်းနဲ့ ငါအလုပ်မှာ ထူးချွန်လာတော့ ဆရာက ငါ့ကို လက်လွှဲရတဲ့အဆင့်ကို ရောက်ခဲ့တယ်၊ နောက်နှစ်ထဲရောက်တော့ ဆရာ့ရဲ့သားအကြီးကငါတို့သင်ထားတဲ့ ဝရိန်ဆက်တဲ့
ဂဟေဆော်တဲ့ပညာနဲ့ပဲ ကိုရီးယားကို အလုပ်သွားလုပ်ရပြီး ကိုရီးယားမှာ တစ်နှစ်ကြာတော့ ဒီကိုလှမ်းခေါ်တာနဲ့ ဆရာက ခွင့်ပြုလို့ ငါလည်း ကို
ရီးယားကို လိုက်သွားရတယ်”
“တီဗီထဲကလာတဲ့ ကိုရီးယားလားဟင်”
“အေးပေါ့ဟ ... သူတို့တိုင်းပြည်က သိပ်လှတယ်၊ အဲဒီလိုပဲ အလုပ်လည်း အရမ်းလုပ်ရတယ်၊ ပိုက်ဆံလည်း အရမ်းရတယ်၊ဂဟေဆော်ရတဲ့ တိုက်ကြီးတွေဆိုရင် အထပ်တစ်ရာ့နှစ်ဆယ် ကျော်တယ်။
ဟိုးအပေါ်ထိကို တက်ရဲတဲ့လူ သိပ်မရှိဘူး၊ ငါက နေ့တိုင်းတက်ရဲတော့ ဆရာနဲ့ သူဌေးက ငါ့ကို အရမ်းသဘောကျတယ်”
ထွန်းဇံ သတိထားလိုက်တော့ သူ့လက်တွေကို ကိုင်ထားသည့် လက်တွေက ကိုင်ထားတယ်ဆိုရုံသာ ရှိတော့သည်။ အခုနေ ဆတ်ခနဲ ရုန်းထလိုက်လျှင် သူ လွတ်ပြီဆိုတာ သေချာသည်။ သို့သော် ထွန်းဇံ
မရုန်းပါ။
“နင် ကိုရီးယားမင်းသမီး မင်းသားတွေနဲ့ တွေ့သေးလား”
“ဘယ်ကတွေ့ ရမှာလဲ၊ ငါက အလုပ်နဲ့ အိမ် ဒါပဲသွားတာ၊ လုပ်ခရှင်းတိုင်း ငါက ဘောနပ်(စ်) သူများတွေထက်တောင် အမြဲပိုရတာ၊ဒါပေမဲ့ အဲဒီလောက် ပိုက်ဆံတွေရပြီး နေလို့ကောင်းတဲ့ ကိုရီးယားကနေ
သုံးနှစ်ပြည့်တော့ ပြန်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရွာကလေးကို သတိရလို့ လွမ်းလို့”
ထွန်းဇံ စကားကို ခဏရပ်ထားလိုက်သည်။ တိတ်ဆိတ်မှုမှာ သူ့ချည်း လမ်းလျှောက်နေသည်ဟုပင် ထင်ရ၏ ။ ထွန်းဇံကိုယ်တိုင်ပင်လျှင်
သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
“အထူးသဖြင့် အခုလိုသင်္ကြန်တွင်း၊ သင်္ကြန်ရက်ကို ရောက်ပြီဆိုရင် ငါ ရွာကို အရမ်းလွမ်းတယ်၊ ဟိုမှာရှိတဲ့ မြန်မာတွေအချင်းချင်းတော့ သင်္ကြန်ကျကြပါတယ်၊ ဒါပေမဲ့ ကြောင်တောင်တောင်ပဲပေါ့၊ ဘယ်ပျော်စရာ ကောင်းမှာလဲ”
“မုန့်လုံးရေပေါ်ရော စားကြလား”
“မရှိဘူး၊ ဘာမှမရှိဘူး၊ ကိုရီးယားမှာ သင်္ကြန်ပန်းပွင့်တဲ့တော မရှိဘူး၊ နေပူထားတဲ့ မြေကြီးကို သင်္ကြန်
ရေထိပြီး ပြန်တက်လာတဲ့ သင်္ကြန်ရနံ့ဆိုတာ မရှိဘူး၊ သင်္ကြန်စာမရှိလို့ သိကြားမင်းကလည်း ကိုရီးယားမှာမဆင်းဘူး၊ ငါသင်္ကြန်မှာ အလွမ်းဆုံးက
နင့်ကိုပဲ ရင်အေး၊ ငါ နင့်ကို အရမ်းလွမ်းတယ်၊ ကိုရီးယားမလေးတွေက နင်တို့ထင်သလို မချောကြပါဘူး၊ နှာခေါင်းနဲ့ ပါးစပ်တွေ မလှဘူး၊ သွား
တွေ မလှဘူး”
“ရုပ်ရှင်ထဲမှာတော့ လှနေတာပဲ”
“လှတဲ့သူ နည်းနည်းတော့ ရှိတာပေါ့၊ အဲဒါ မင်းသမီးတွေပေါ့။ငါ နင့်ကို သိပ်သတိရတယ် ရင်အေး၊ ငါ ဒီရွာက ထွက်သွားတုန်းက ပန်းရိပ်တံတားပေါ်မှာ ငိုခဲ့တဲ့နင့်အသံကို ငါ မမေ့သေးဘူးရင်အေး၊ ငါ
နင့်ကို သိပ်သတိရလို့ နင်ရှိတဲ့ရွာကလေးကို ငါပြန်လာတာ၊ ငါ...ငါ နင့်ကို ရွာထဲဝင်ဝင်ချင်း တွေ့လိုက်ရတော့လေ .. ငါ နင့်ကို အရမ်း .."
“ဟာ ... လွတ်သွားပြီ၊ လွတ်သွားပြီ၊ ဖမ်း ... ဖမ်း လွတ်သွားပြီဟဲ့၊လိုက်ကြလေ ... လိုက်ကြ ... ဘာကြောင်နေကြတာလဲ”
ရွှေသွယ်နှင့် ရွှေနွယ်တို့နှစ်ယောက် အတင်းပြေးလိုက်ကြသည်။သို့သော် အကြံအစည်နှင့် ဦးတည်ပြေးသော ထွန်းဇံကို မမီကြတော့။
ထွန်းဇံကို ပန်းရိပ်တံတားပေါ်မှာ နှစ်ဖွဲ့ ခွဲဖမ်းတော့ ထွန်းဇံက နှစ်ဖက်စလုံး လက်ပြကာ ပန်းရိပ်တံတားပေါ်က ခုန်ချသွားသည်ကို ရင်အေး ငေးနေမိသည်။
ထွန်းဇံကို လိုက်ရသဖြင့် ရင်အေး ရင်တွေတုန်နေသည်။ နှလုံးခုန်တဝုန်းဝုန်း ဖြစ်၍နေသည်။ သွေးတိုးပြီး မောလို့ခုန်သော နှလုံးခုန်သံနှင့် လှိုက်ဖို
စိတ်နှင့် တပ်မတ်စရာကောင်းသော ရင်ခုန်သံတို့သည် ရောယှက်၍ သွားလေ့မရှိ။ ဆီနှင့် ရေမရောသကဲ့သို့ လုံးဝမရောချေ။
နှစ်သစ်သင်္ကြန် အချိန်ခါသည် ပန်းရိပ်တံတား စီးဆင်းသွားရာ ဟိုးအဝေး ညနေရီတိမ်ထုကြားထဲမှာ ရွှေအိုရောင်ဖြင့် ငြိမ်းချမ်းလှပ၍နေလေသည်။
* * * * *
ရွှင်မြူးနေသော မျက်နှာအများစုနှင့်နှစ်ဆန်းတစ်ရက်နေ့သည် လှပ၍နေသည်။ ပန်းရိပ်တံတားပေါ်ကို ရင်အေးက ချိန်းသဖြင့် ထွန်းဇံ
လာရပြန်ပြီ ဖြစ်သည်။ သို့သော်... ဒီတစ်ခါတော့ ချုပ်တိုက်ကြီးမရှိတော့။
သူတို့နှစ်ယောက် ညင်သာနူးညံ့စွာ ဆုံကြသည်။
“နင် ချုပ်တိုက်ကြီးက လွတ်အောင်လုပ်သွားတာ သိပ်ပညာသားပါတာပဲ”
“ငါက အဲဒီလိုမတွေးဘူး”
“ဘာ ... ဘယ်လို ..."
“တစ်ရွာလုံးက အပျိုတွေရှေ့မှာ တရားဝင်သမီးရည်းစားစကား အပြောခံရအောင် ချုပ်တိုက်ကြီးစဉ်ခဲ့တဲ့ နင့်ကိုပဲ ချီးကျူးတာ”
“အောင်မယ် ... လူပါးဝလို့၊ နင်လွတ်သွားအောင် လုပ်သွားတာ မဟုတ်လား ၊ နင့်ကို ဖမ်းထားတဲ့လူတွေ စိတ်ဝင်စားအောင် ပြောသွားတာ မဟုတ်လား"
“ငါရုန်းချင်ရင် အစောကြီးကတည်းက ရတာပေါ့၊ တမင် အဲဒီစကားနားကိုရောက်မှ တမင်ရုန်းခဲ့တာ၊ အဲဒီစကားရဲ့ အဆက်ကို ငါအခု ဆက်ပြောမယ်နော်”
“သွား ... မပြောနဲ့”
ထွန်းဇံနှင့် ရင်အေးတို့နှစ်ယောက် ပန်းရိပ်မြစ်ပြင်ကို တံတားပေါ်မှ ရပ်၍နေကြသည်။ မြစ်ပြင်တစ်ကြောမှာ အတူတွဲတိုက်လာသောလေသည် သူတို့နှစ်ယောက်ကို တွေ့တော့ ဝင်တိုးကြည့်ပြီး မရတော့မှ နှစ်ဖက်ခွဲပြီး ဟိုးအဝေးသို့ ဖြတ်တိုက်သွားလေသည်။
----------------
နီကိုရဲ
#Typing_crd_ZawOo
No comments:
Post a Comment