#ပိတ်ကားပေါ်တွင်_ဆက်လက်ရှု့စားပါ
#မင်းလူ
( ၁ )
ခါတိုင်းနေ့များလိုပင် မနက်ခုနစ်နာရီ အိပ်ရာမှ နိုးသည်။မျက်နှာသစ်ပြီး ကော်ဖီပူပူကို တစ်ဝက်လောက်သောက်သည်။ပြီးတော့ လေ့ကျင့်ခန်းလုပ်သည်။အထူးသဖြင့် ခါးလေ့ကျင့်ခန်း၊
ခါးမထွက်အောင်၊ ဗိုက်ခေါက်မထွက်အောင်။
လေ့ကျင့်ခန်းပြီးတော့ ရေချိုးသည်။ အနည်းငယ် အလှပြင်သည်။ အဝတ်အစားလဲသည်။ ပြီးတော့ ဒေါ်လေးပြင်ဆင်ထားသော မုန့်ဟင်းခါးစားသည်။ ကော်ဖီတစ်ခွက် ထပ်သောက်သည်။ရှစ်နာရီခွဲတွင် အဆင်သင့်ဖြစ်နေ၏။ကိုးနာရီ ကားလာကြိုမည်။
အိမ်ရှေ့ခန်းမှာထိုင်စောင့်သည်။ရုပ်ရှင်မဂ္ဂဇင်းကို ယူ၍ သူ့အကြောင်း ရေးထားသော ဆောင်းပါး
တတိယအကြိမ်ဖတ် သည်။ပြီးခဲ့သော ဇာတ်ကားနှစ်ကားတွင် ဒုတိယမင်းသမီးအဖြစ် သူ သရုပ်ဆောင်ကောင်းခဲ့ပုံအကြောင်း၊ ယခု ရိုက်ကူးဆဲ “ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားပါ” ဇာတ်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဖြစ်၍ အောင်မြင်မည်မှာ သေချာကြောင်း ပါဝင်၏။
သူ ကျေနပ်နှစ်သိမ့်နေဆဲ ....
တယ်လီဖုန်းခေါင်းလောင်းသံ မြည်လာသောကြောင့် သူ ဆတ်ခနဲ လန့်သွားသည်။ ခေါင်းလောင်းသံ'နောက်တစ်ကြိမ် ထပ်မြည်လာသည်။ တယ်လီဖုန်းရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်သွားသည်။ ဒေါ်လေးပြေးထွက်လာပြီး သူ့ကိုမြင်မှ နောက်ဖေးသို့ ပြန်ဝင်သွားသည်။
“ဟဲလို..”
“အတင့်လား . ."
“ဟုတ်ကဲ့”
“အစ်ကိုကြီးပါ”
“ဟုတ်ကဲ့”
"အစ်ကိုကြီး ဒီနေ့ရှူတင်ကို မလာနိုင်ဘူး၊ လေလံကိစ္စတွေ ရှိနေလို့၊ အဲ...”
သူ ဘာမျှပြန်မပြောဘဲ နားထောင်နေလိုက်၏။
တစ်ဖက်မှ ဆက်ပြောသည်။
“အဲဒါ ခြံထဲကို လာခဲ့မလား”
“ရှူတင်က စောစောပြီးပါ့မလား”
“ပြီးပါတယ်... မင်းသားက ခြောက်နာရီအထိပဲ ရမယ်လို့ ပြောထားတယ်”
သူ ပြန်မဖြေ။
“ဟင်.. ဘယ်လိုလဲကွယ်"
“ဟုတ်ကဲ့.. အဆင်ပြေရင် လာခဲ့ပါ့မယ်”
“အိုကေနော်၊ (အသံကိုနှိမ့်၍) စောစောကတည်းက ဖုန်းဆက်မလို့ဟာ အိမ်ကဟာကြီး ရှိနေလို့၊ ခု သူသွားလို့ ဆက်တာ၊ဒီနေ့ ဝိုင်းရှိတယ်ထင်တယ်၊ သူ ဖဲရိုက်တတ်တာပဲ ကောင်းကောင်းရယ်.. ဟေ.. ဟေ့”
သူလည်း နည်းနည်းရယ်သည်။
“ညနေစောင့်နေမယ်နော် ဪ... ဒါနဲ့ ညနေကျရင်
အတင့်ကို ပြစရာတစ်ခုရှိတယ်”
“ဘာလဲ”ဟု လွှတ်ခနဲမေးမိ၏။
“အိုဟို. . ခုပြောလို့ ဘယ်ဖြစ်မလဲ၊ ညနေကျမှ အံ့ဩသွားအောင်ပြမယ်၊ အတင့်ကလဲ. . အေး. . အေး. . ချလိုက်”
“ရှင်.."
“ဪ..မဟုတ်ပါဘူး၊ ဒီမှာ ပစ္စည်းတွေလာချလို့၊ ဒါပဲနော်.. ဘိုင်. .ပြွတ်.."
ပြွတ်ဆိုသောအသံမှာ တယ်လီဖုန်းထဲမှနေ၍ အနမ်းသံ လုပ်ပြခြင်းဖြစ်သည်။
သူ နားလည်လိုက်၏။ ညနေကျလျှင် ဆွဲကြိုး၊ နားကပ်၊ .လက်စွပ် တစ်ခုခုကို သူ ရလိမ့်မည်။
“အကျိုးပြု ရုပ်ရှင်ဖြန့်ချိရေးပိုင်ရှင်” ဦးကျင်တီဖြစ်ပါသည်။ အသက်ငါးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း သန်မာဖျတ်လတ်တုန်း။ စီးပွားရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်သည်။
မော်တော်တွေ ရှိသည်။ အဝေးပြေးကုန်တင်ကား ထောင်ထားသည်။ လေလံဆွဲသည်။ရိုက်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေကို ဝယ်ယူဖြန့်ချိသကဲ့သို့
ကိုယ်တိုင်ငွေရင်းစိုက် ထုတ်လုပ်ဖြန့်ချိခြင်းကိုလည်း ပြုလုပ်သည်။
“ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားပါ"... ဇာတ်ကား
အတွက် ငွေရင်းစိုက်ထုတ်သူမှာလည်း ဦးကျင်တီပင်။ထိုဇာတ်ကားတွင် သူ့ကို ခေါင်းဆောင်မင်းသမီးအဖြစ် တင်ရိုက်ရန် ဆုံးဖြတ်ခဲ့သူမှာလည်း ဦးကျင်တီပင်။ ထိုမျှမကသေး၊ ခု သူနေနေရသော အိမ်ကလေးသည်ပင် ဦးကျင်တီက ငှားပေးထားခြင်း ဖြစ်၏။ဒီလောက်ဆိုလျှင် သူတို့နှစ်ယောက်၏အခြေအနေကို နားလည်လောက်ပြီ ထင်ပါသည်။တစ်ခုတော့ ကျန်သေးသည်။
ခုန တယ်လီဖုန်းပြောစဉ်က ခြံကို လာခဲ့မလားဆိုသော ဦးကျင်တီ၏စကား။
ခြံဆိုသည်မှာ ကမာရွတ်ဘက်ရှိ ခြံဝင်းတစ်ခု။
ယင်းအတွင်းမှ အိမ်ကလေးတစ်လုံး။
ခြံစောင့်တစ်ယောက်မှလွဲ၍ ဘယ်သူမျှမရှိ။
မှန်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျနေရာ။
( ၂ )
အိမ်ရှေ့မှ ကားဟွန်းသံ ကြားရသည်။
“မမ ကားရောက်ပြီ”ဟု လာမပြောဘဲ ဟွန်းတီး၍ခေါ်သောကြောင့် ဒရိုင်ဘာကောင်ကလေး မဟုတ်ကြောင်း သိသည်။ဦးကျင်တီ၏သား အကြီးကောင်ဖြစ်ရမည်။
“ဒေါ်လေး ကားရောက်ပြီ”ဟု လှမ်းပြောလိုက်၏။
ဒေါ်လေးက ဆံပင်ကိုပတ်ရင်း သုတ်သီးသုတ်ပျာထွက်လာသည်။ သူ ကိုင်ထားသော အဝတ်အစားသေတ္တာကို ဒေါ်လေးက လာဆွဲသည်။
“နေပါစေ ဒေါ်လေး၊ ကျွန်မဖာသာ ကိုင်မယ်”
သူ ထင်ထားသည့်အတိုင်းပင် ဦးကျင်တီ၏သား လာကြိုခြင်း ဖြစ်သည်။ ကားရှေ့ခန်းတံခါးကို အဆင်သင့်ဖွင့်ထားသောကြောင့် ရှေ့မှာပင် ထိုင်စေလိုကြောင်း သိသာသည်။
သူ ရှေ့မှာ ဝင်ထိုင်လိုက်၏။ ဒေါ်လေးက အနောက်ခန်းမှာ အလိုက်သိစွာ ဝင်ထိုင်လိုက်သည်။
ဒေါ်လေးဆိုသည်ကား ရုပ်သေးအုပ်ထိန်းသူမျှသာ။
“သေတ္တာကို နောက်ခန်းထဲ ထားလိုက်ပါလား”
ပြောပြောဆိုဆို သေတ္တာလက်ကိုင်ကို ကိုင်ထားသော သူ့လက်ပေါ်သို့ အုပ်ဖွဲ့၍ကိုင်သည်။ သူ မသိချင်ယောင်ဆောင်၍ လက်ကို ရုပ်လိုက်၏။ ဒီလောက်တော့ ကိစ္စမရှိ ။ရိုက်ကွင်းပေါ်ရောက်လျှင် မင်းသား၏ပွေ့ဖက်ခြင်းကိုပင် ခံရဦးမည်။
အလုပ်သဘောပဲထားပါတော့။
မြမြတင့် (ခေါ်) ရုပ်ရှင်မင်းသမီးဒေဝီ။
( ၃ )
စတူဒီယိုသို့ ရောက်သွားသောအချိန်တွင် တစ်ယောက်သောသူမှလွဲ၍ လူစုံနေပြီး၊ သူနှင့်တွဲဖက်သရုပ်ဆောင်ရမည့် မင်းသမီးကြီးပင် ရောက်နေပြီ။ ဒါရိုက်တာ ကိုကျော်စိန်ကား စက်အဖွဲ့သားများနှင့် ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြ
သည်။ .
မင်းသမီးကြီးကို ပြုံးပြနှုတ်ဆက်ပြီးနောက် ကိုကျော်စိန်ဆီသို့ လျှောက်သွားသည်။
“ကျွန်မ ရောက်ပြီဆရာ” .
“ဪ.. ဟုတ်ကဲ့၊ မင်းသား သွားခေါ်နေပြီ
သူရောက်ရင် စကြတာပေါ့"
“ကျွန်မ မိတ်ကပ်လိမ်းတော့မယ် ဆရာ”
ကိုကျော်စိန်က ခေါင်းညိတ်ပြသည်။
စောစောက မင်းသမီးကြီးနားသို့ သွားထိုင်သည်။
“မမမိ ရောက်နေတာ ကြာပြီလား”
“မကြာသေးပါဘူးကွယ်၊ ရှေ့ဆင့်နောက်ဆင့်ပါပဲ”
သို့ရာတွင် မင်းသမီးကြီးမမမိသည် မိတ်ကပ်လိမ်းပြီးနေပြီ။ အိမ်ကတည်းက လိမ်းထားတာဖြစ်မည်။
မမမိသည် တစ်ချိန်က နာမည်ကျော်မင်းသမီးဖြစ်သည်။ခုချိန်မှာတော့ နာမည်ကျစပြုနေပြီ။ အသက်ကလည်း လေးဆယ်နီးနေပြီကိုး။ နောက် ငါးနှစ်ဆိုလျှင် အဒေါ်ခန်း၊ အမေခန်းတို့လောက်သာ သရုပ်ဆောင်နိုင်ပေတော့မည်။
အတင့် မိတ်ကပ်လိမ်းသည်။ သူ့ဖာသာ လိမ်းခြင်းမဟုတ်ပါ။ မိတ်ကပ်ဆရာတစ်ယောက်က လိမ်းပေးခြင်းဖြစ်မည်။ မိတ်ကပ်လိမ်းနေတုန်း ဦးကျင်တီ၏ သားအကြီးကောင် ရောက်လာပြန်သည်။ လိမ္မော်ရည်သောက်မလားဟု မေးသည်။မမမိ ရှိနေလျက်နှင့် သူတစ်ယောက်တည်းကို ကွက်၍မေး
သောကြောင့် မမမိကို အားနာသွားသည်။
“မမမိ သောက်မလား”ဟု အတင့်က လှမ်းမေးသည်။
မမမိက ပြုံးပြီးခေါင်းခါပြသည်။သူလည်း ခေါင်းခါလိုက်သည်။
( ၄ )
နောက်ဆုံး ကျန်ရှိနေသောသူ ရောက်လာသည်။
သူ မရှိလျှင် ဘာမျှလုပ်လို့မရနိုင်လောက်အောင် အရေးပါသောသူ။
အားလုံးက “ကိုထက်”ဟု ခေါ်ကြသော နိုင်ငံကျော်ရုပ်ရှင်မင်းသား သူထက်သူ။ သူသည် အတန်ငယ် ပွေ၏။ သို့ရာတွင် ရိုက်ကွင်းပေါ်၌ စည်းကမ်းရှိသည်။ သူ့တာဝန် သူကျေပွန်သည်။
နောက်မှ ရောက်တတ်ခြင်းနှင့် စောစောပြန်လိုခြင်းတို့ကိုတော့ “နိုင်ငံကျော်မင်းသားမို့ ခွင့်လွှတ်နိုင်စရာ ရှိပါသည်။
သူသည်လည်း ကိုကျော်စိန်ကို အရင်ဦးစွာ သွားရောက် နှုတ်ဆက်သည်။ နာမည်ကျော်ရုပ်ရှင်မင်းသား မင်းသမီးတို့သည် မာနကြီးသည်။ ဒါရိုက်တာကို ဂရုဓမ္မမပြုဟု ထင်နေကြသည်မှာ
တချို့တစ်ဝက်တော့ မှန်ပါသည်။
နာမည် မရသေးသော၊ နာမည်ရသော်လည်းအရည်အချင်း သိပ်မရှိသော၊ အရည်အချင်းရှိသော်လည်း သဘောကောင်းလွန်း အားကြီးသော ဒါရိုက်တာများအပေါ်၌ အထက်ပါသဘောမျိုး
ဆက်ဆံလေ့ရှိကြသည်။
ကိုကျော်စိန်တို့လို အရည်အချင်းလည်းရှိပြီး ထက်လည်းထက်သော ဒါရိုက်တာများကိုမူ သူတို့ တလေးတစား ဆက်ဆံ တတ်ကြသည်။
ကိုထက်သည် မမမိနှင့် အတင့်ကိုပါ နှုတ်ဆက်ပြီးနောက် မိတ်ကပ်လိမ်းသည်။ သူ မိတ်ကပ်လိမ်းတာ သိပ်မကြာလှပါ။ လိမ်းသည်ဆိုရုံမျှသာဖြစ်သည်။
သူ့မျက်နှာပေါ်မှာ လွန်ကဲနေသော နေရာများ၊ ဥပမာ ..(နှာခေါင်း)ကို မိတ်ကပ်ဖြင့် ဖြေပေးခြင်းလောက်သာဖြစ်၏။
ထိုအချိန်တွင် ကိုကျော်စိန်နှင့်စက်အဖွဲ့သားများ အလုပ်များနေကြလေပြီ။ ကင်မရာရှုထောင့် ရွေးချယ်ခြင်း၊ မီးချိန်ခြင်း၊ ယခု အခန်းတွင်ပါဝင်မည့် ပရိဘောဂပစ္စည်းများနေရာချခြင်း၊ အားလုံး
အဆင်သင့်ဖြစ်သောအခါ ဆယ့်တစ်နာရီထိုးပြီ။
( ၅ )
“ယုယုရယ် ခုလို ခိုးကြောင်ခိုးဝှက် ချစ်နေရတာ အားမရနိုင်တော့ဘူးကွယ်၊ လွတ်လွတ်လပ်လပ် နေချင်လှပြီ”
“ယုယုကလဲ ဒီလိုပဲပေါ့မောင်ရယ်၊ ဒါပေမယ့် အငယ်
အနှောင်း ဘဝနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်”
“အို.. ယုယုကလဲ ဘယ်သူက အငယ်အနှောင်းလိုထားမယ်ပြောလို့လဲ”
“မောင်နဲ့ မခင်မိနဲ့က ပြတ်မှ မပြတ်သေးဘဲ”
“မောင်လဲ အချိန်အခါကို စောင့်နေတာပါ၊ အဆင်သင့်တာနဲ့ ကိစ္စပြတ်အောင်လုပ်မှာပါ”
“ကတ်”
ကိုထက်နှင့် အတင့်တို့၏ အခန်းများကို အရင်ရိုက်သည်။မောင် (ကိုထက်)နှင့် ယုယု (အတင့်)တို့ အိမ်ရှေ့ခန်းတွင် စကားပြောနေကြပုံကို သုံးလေးကတ်လောက် ရိုက်သည်။ .နေ့လယ် တစ်နာရီလောက်မှ ထမင်းစားချိန် ခဏနားသည်။အများအတွက်က ဝက်သားဟင်း။မင်းသား၊ မင်းသမီးတွေ
အတွက်ကတော့ ဝက်သားက တစ်ခွက်၊ ကြက်သားက တစ်ခွက်၊ငါးကြော်၊ အစိမ်းကြော်၊ ဟင်းချို၊ မရန်းသီးသုပ် .. စသည်။ထမင်းစားပြီးလျှင် စားဖို့.. လက်ဖက်သုပ်လည်း ပါသည်။
ဒါရိုက်တာကိုကျော်စိန်တစ်ယောက်ကတော့ သူတို့နှင့် အတူတူမစား။စက်အဖွဲ့သားများနှင့်ပင် ဝိုင်းဖွဲ့၍ စားသည်။မည်သို့ပင်ဖြစ်စေ အလုပ်သမားများအဖို့ ဒီနေ့ ဖောဖောသီသီ စားရသည်ဟု ဆိုရပါမည်။ အကြောင်းမှာ ဒီနေ့ ဦးကျင်တီ မလာသောကြောင့် ဖြစ်လေသည်။ ပြီးတော့လည်း သူ မရှိသော
ကြောင့် ထမင်းစားပြီးချိန်တွင် ခဏတဖြုတ်နားနေခွင့်ရသည်။
ရိုက်ကွင်းပေါ်မှာ သူရှိနေသောအချိန်ဆိုလျှင် အစဉ်အမြဲလောဆော်နေတတ်၏။သူ့အဖို့ သရုပ်ဆောင်ကောင်းခြင်း၊ မကောင်းခြင်းထက် ဖလင်ပေများများ ကျဖို့သာ ပဓာနဖြစ်သည်။ ကိုကျော်စိန်နှင့် မကြာခဏ စကားများတတ်၏။ဒီနေ့ သူ့သားအကြီးကောင်နှင့် လွှဲထားသောကြောင့်သာ အတန်ငယ် သက်သာနေခြင်းပင်။ ဒီအကြီးကောင်ကတော့ ငပေါ။အတင့်နားကပ်နေရလျှင်၊ ရိသဲ့သဲ့လုပ်နေရလျှင် ကျေနပ်နေတတ်၏။ ကိုကျော်စိန်ကလည်း နောက်ရိုက်မည့် အခန်းများသည် အရေးကြီးသောကြောင့် နားနားနေနေ နေပြီးမှ ဆက်ရိုက်ချင်
သည်။
ကိုထက်သည်လည်းကောင်း၊ အတင့်သည်လည်းကောင်း၊မမမိသည်လည်းကောင်း ထမင်းကိုများများမစားကြ။ကိုယ်ကာယ ပုံပျက်မည်စိုးသောကြောင့်လည်း ဖြစ်သည်။ ပြည့်အင့်နေလျှင်
သရုပ်ဆောင်ရာတွင် အခက်အခဲတွေ့မည် စိုးသောကြောင့်လည်း ဖြစ်သည်။
( ၆ )
နှစ်နာရီလောက်တွင် ပြန်စသည်။
မောင်က ယုယု၏ခါးကိုဖက်၍ အတွင်းခန်းထဲသို့ ခေါ်သွားသည်။ ယုယုက ငြင်းဆန်ရင်းကပင် လိုက်ပါသွားသည်။အတွင်းခန်း နှစ်ယောက်အိပ်ခုတင်ပေါ်မှာ ထိုင်နေသည်။ မောင်က ယုယု၏ လက်မောင်းနှစ်ဖက်ကို ကိုင်ထားသည်။
ယုယု မျက်လွှာချထား၏။
ယုယု၏ကျောဘက်မှ အမြင်။
မောင်က ယုယုကို သိုင်းဖက်ထားသည်။
မောင့်ကျောဘက်မှ အမြင်။
ယုယုသည်လည်း မောင့်ကို ပြန်ဖက်ထားသည်။
ဖက်ထားရာမှ ရုတ်တရက်ခွာလိုက်၊ အပေါက်ဝဘက်သို့ (ကင်မရာဘက်သို့) အထိတ်တလန့် လှည့်ကြည့်။
ထိုအခန်းများအပြီးတွင်.. သူတို့နှစ်ယောက် ခဏနားကြသည်။ မမမိအလှည့် ရောက်လာ၏။ အခန်းပေါက်ဝတွင် မမမိ ခါးထောက်၍ရပ်ရင်း ဒေါသမျက်နှာနှင့်ကြည့်နေသည်။
နောက်တစ်ကတ်။
မမမိ သရော်ပြုံး ပြုံးလိုက်ပြီး “ဪ.. ဒီလိုတောင် ဖြစ်နေကြမှကိုး”ဟု ပြောသည်။
မမမိ ကင်မရာဘက်သို့ လျှောက်လာသည်။
မောင် (ကိုထက်)က “မောင် ရှင်းပြပါရစေဦး” ဆိုပြီး မမမိ၏လက်ကို ကိုင်သည်။ ။
မမမိက ကိုထက်၏လက်ကို ခါထုတ်လိုက်၏။
ယုယု (အတင့်) နားသို့ မမမိ တိုးကပ်သွားသည်။ အတင့် နောက်သို့ ဆုတ်လိုက်၏။ နံရံထောင့်သို့ ကပ်သွားသည်။
မမမိ မျက်နှာ အနီးကပ်။ ဝင်းဝင်းတောက်နေသော မျက်လုံးများ၊ နှုတ်ခမ်းကို ကိုက်လိုက်သည်။
မမမိနှင့် ယုယု နှစ်ယောက်တွဲ။ ။မမမိ၏လက်သည် အပေါ်သို့ မြောက်တက်သွားသည်။
“ကတ်”
( ၇ )
အရေးအကြီးဆုံး ကတ်(အခန်း)။
ယုယုနှင့် မမမိ ကိုယ်တစ်ပိုင်း။ မမမိက ဘေးတိုက်ခပ်စောင်းစောင်း။ ယုယုမျက်နှာ အတည့်။
မမမိသည် ယုယု၏ပါးကို ချိန်ဆ၍ ရိုက်လိုက်သည်။ဒီလိုနေရာမျိုးတွင် မမမိက ဝါရင့်ပြီးသား။ ကင်မရာထဲက မြင်ကွင်းတွင် တကယ်ရိုက်လိုက်သည်ဟုထင်အောင် အတင့်၏ပါးကိုလည်း အဖျားခတ်၍ ထိသည်ဆိုရုံမျှဖြစ်အောင် ချိန်ဆ၍
ရိုက်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင်...
ကိုကျော်စိန်၏အသံ ထွက်လာသည်။
ကင်မရာရော အသံဖမ်းစက်ပါ ရပ်သွားသည်။
-ယမီးတွေ ပိတ်လိုက်ကြသည်။
အတင့်နှင့် မမမိတို့သည် သူတို့ ဘာမှားသွားမှန်း မသိကြ။
သူတို့နားရောက်လာသော ကိုကျော်စိန်ကို ပြိုင်တူကြည့်သည်။
မမမိက မေး၏။
“ကိုကျော်စိန် ဘာမကြိုက်လို့လဲ”
“ကောင်းပါတယ်၊ မမမိရိုက်တာ ကောင်းပါတယ် ဒါပေမယ့် အတင့်က အခံမကောင်းဘူး၊ ပြန်ရိုက်ရမယ်”
ကိုကျော်စိန်က “အတင့်.. ခဏလေး နားလိုက်ဦး၊ စိတ်ကို ဇာတ်လမ်းထဲမှာ မြှုပ်ထားလိုက်”ဟုပြောပြီး မမမိကို ခပ်လှမ်းလှမ်း သို့ခေါ်သွားသည်။
ကိုကျော်စိန်က တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောသည်။
မမမိက “ဖြစ်ပါ့မလား”ဟု ပြန်မေးသည်။
“ဖြစ်ပါတယ်၊ ကျွန်တော် ခိုင်းတာလို့ပြော၊ ပြီးတော့ ဟိုဒိုင်ယာလော့ကို ခပ်ကျယ်ကျယ်လေး ပြောပေးပါ”
“ကဲ.. ပြန်စမယ်ဟေ့”
( ၈ )
စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်နေသည်။
မီးမောင်းကြီးများသည် သူတို့နှစ်ယောက်အပေါ်သို့ အချိန်အဆမှန်ကန်စွာ ထိုးထားကြသည်။ မမမိသည် အတင့်ကို အနေခက်လောက်အောင် တစ်ချိန်လုံး စိုက်ကြည့်နေ၏။
အတင့်သည် မမမိ၏အကြည့်ကို တဖြည်းဖြည်းကြောက်လာသည်။ သူ့မျက်လုံးထဲ၌ အားငယ်မှု အရိပ်အယောင်များကို မြင်ရသည်နှင့်တစ်ပြိုင်နက် ကိုကျော်စိန်က လက်ပြအချက်ပေးလိုက်သည်။
“မောင်းပါ”
အသံဖမ်းဆရာ၏အသံကို ကြားရသည်။
ကင်မရာမင်းသည် ခလုတ်ကို နှိပ်လိုက်၏။
“ဆင်း... တွမ်တီဝမ်း၊ ကတ် နိုင်တင်း”
မမမိ၏မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားသည်။မမမိ၏ နှုတ်မှ စကားတစ်ခွန်းသည် ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသည်။
“လင်ခိုးမ”
အတင့် ဆတ်ခနဲတုန်သွား၏။
ထိုအချိန်မှာပင် မမမိ၏ လက်ဝါးသည် အတင့်ပါးပေါ်သို့ဖြန်းခနဲ အရှိန်ပြင်းစွာ ကျရောက်လာသည်။
အတင့်၏မျက်နှာသည် ချာခနဲလည်ထွက်သွား၏။
ဆံပင်များသည် ပါးတစ်ခြမ်းပေါ်သို့ ဖရိုဖရဲဝံကျလာသည်။
အတင့်သည် ဒီဘက်သို့ တဖြည်းဖြည်းပြန်လှည့်လာသည်။သူ့ပါးပြင်ပေါ်တွင် လက်ဝါးရာ ရဲရဲထင်နေသည်။မျက်နှာ တဖြည်းဖြည်း မော်လာသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာ၏ အလိုအလျောက်ကျလာသော မျက်ရည်။ သူ့အကြည့်သည် ထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ နာ
ကျင်ခြင်း၊ အသနားခံခြင်းတို့ ရောထွေးလျက်။ ။
သူ့နှုတ်ခမ်းတို့သည် တရွရွလှုပ်နေသော်လည်း စကားသံ ထွက်ပေါ်၍မလာခဲ့။ သူ့ရင်ထဲ၌ တကယ်ပင် နာနာကျင်ကျင် ခံစားနေရသည်။
“လင်ခိုးမ”ဆိုသော စကားသံသည် သူ့ဦးနှောက်ထဲတွင် ပြည့်သိပ်ဆူဝေ၍နေဆဲ။ ရုပ်ရှင်ရိုက်နေရသည်ဟူသော အသိကို သူမေ့သွားလေပြီ။
“ကတ်"
ကင်မရာ၊ အသံဖမ်းစက်ခလုတ်များ ပိတ်လိုက်သည်။ မီးတွေ ပိတ်လိုက်သည်။ စတူဒီယိုထဲ၌ ပြန်၍ဆူညံလာပြန်သည်။
ခုရိုက်ခဲ့သော အခန်းနှင့်ပတ်သက်၍ ဝေဖန်မှုများ။
အတင့်သည် သူ့နေရာတွင် ရပ်မြဲရပ်နေသည်။
မမမိကို သူ ကြည့်နေတုန်း။
မျက်ရည်တို့သည် မတိတ်သေး။
ရင်ထဲက ဆို့ဆို့နှင့်နှင့် ခံစားနေရဆဲပင်။
အိပ်မက်ဆိုးမှ ရုတ်တရက် လန့်နိုးလာသလို ထင်နေသည်။
မမမိသည် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူ ဟန်မဆောင်နိုင်တော့ဘဲ မမမိကို ဖက်၍ငိုမိသည်။
မမမိသည် သူ့ ကို ပွတ်သပ်ရင်း...
. “မမမိကို ခွင့်လွှတ်ပါကွယ်၊ မမမိလေ...".
“ဟုတ်ပါတယ်၊ ကျွန်တော် ရိုက်ခိုင်းတာပါ။ ပိုပြီး သဘာဝကျအောင် မမမိကို တကယ်ရိုက်ခိုင်းတာပါ”
ကိုကျော်စိန်ကပါ ဝင်ပြောသည်။
အတင့်သည် စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်။
တလှိုက်လှိုက် ဝမ်းနည်းနေတုန်း။
တရှိုက်ရှိုက် ငိုနေတုန်း။ ။
မမမိသည် အတင့်၏မေးစေ့ကလေးကိုဆွဲ၍ မျက်နှာကို မော့စေသည်။ ပြီးတော့ ပြောသည်။
“အတင့်လေ.. အဲဒါ အကယ်ဒမီရှော့ပဲ သိလား”
ထိုအခါကျမှပင် ပို၍ ငိုချင်လာသည်။
( ၉ )
အတင့်သည် ကားပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ လိုက်ပါလာသည်။ဒေါ်လေးသည် ဘာစကားမျှမပြောဘဲ ကားအပြင်သို့ ကြည့်နေသည်။
အတင့်၏စိတ်ထဲတွင် နောက်ဆုံးရိုက်ခဲ့သော အခန်းကို စွဲလမ်းနေဆဲ။ .
ကားမောင်းသော ကောင်လေးက “မမ အိမ်ပြန်မှာလား”ဟုမေးသည်။
သူ ခဏမျှတွေ၍ စဉ်းစားသည်။
ခေါင်းကို ဖြည်းညင်းစွာခါသည်။
သက်ပြင်းတစ်ချက်ကို စိတ်မသက်သာစွာချသည်။
သူ ပြန်ပြော၏။
“ခြံကို မောင်းကွယ်”
ပါးပေါ်မှ အရိုက်ခံထားရသော နေရာကို ကိုင်ကြည့်မိသည်။ ခုထိ စပ်ဖျဉ်းဖျဉ်းဖြစ်နေတုန်းပင်။
“အဲဒါ အကယ်ဒမီရှော့”..ဟု ပြောလိုက်သော မမမိ၏ စကားကို သတိရသောအခါ ကျိတ်၍ပြုံးမိပြန်၏။
----------------
မင်းလူ
(ရုပ်ရှင်မဂ္ဂဇင်း၊ ၁၉၈ဝ ခု၊ မေလ)
#Typing_crd_ZawOo
No comments:
Post a Comment