#ရာသီမိုး
#ကြည်အေး
( ၁ )
လေးငါးရက် ကြာခဲ့ပြီ ဖြစ်သော်လည်း အေးအေးသည် ရှက်ကြောက်၍ မပြီးနိုင်ဘဲရှိသည်။
ရင်ကလည်းခုန်ပါဘိ။ စာကျက်ရင်း၊ ထမင်းစားရင်း၊ စကားပြောရင်းက အမေ့ပြောစကားများကို
ဗြုန်းခနဲသတိရတတ်သည်။ မျက်နှာကလေး ရဲရဲသွားအောင် ရှက်တတ်သည်။ အတန်းထဲက
ကောင်မကလေးများကပင် "အေးအေး ဘာဖြစ်လို့လဲဟင်..."ဟု မေးကြသည်။ အေးအေးသည် ငေးပြီး
ဘာမှမပြောဘဲ ရှက်၍သာ နေသည်။
အမေ့ပြောစကားမှာ စင်စစ်တော့ ဆန်းလှသည်မဟုတ်။ မိန်းမအဖြစ်နှင့်မွေးဖွားလာသော
လူသတ္တဝါတိုင်း အရွယ်ရောက်စ၌ မိခင်ထံက ကြားရမည့် စကားပင်တည်း။
လွန်ခဲ့သော သောကြာနေ့မနက်က အေးအေးသည် ခါတိုင်းထက်အိပ်ရာထ နောက်ကျသည်။
အိမ်ဘေးက သူငယ်ချင်းမကလေးများနှင့် ပုံပြောတမ်းကစားကြရာ တစ္ဆေပုံရောက်သွားသောကြောင့်
ကြောက်လည်းကြောက်၊ ကြိုက်လည်းကြိုက်ဖြစ်ကာ ညဉ့်နက်သွားကြသောကြောင့်ပင် ဖြစ်လေ၏။
ထိုညက လအလွန်သာသည်။ ထုပ်ဆီးတိုးတမ်းတော့ မကစားရတော့ပြီ၊ အမေသည် အေးအေးကိုညတိုင်း လမ်းမထွက်ခွင့် မပေးတော့ချေ။ အမေ့အကြောင်းပြချက်မှာ "အေးအေး ညည်းကလေးမဟုတ်တော့ဘူး"ဟူ၏။
"ကလေးမဟုတ်တော့ဘူး"ဟု ပြောတာလောက် မကြိုက်တာ မရှိဘူးထင်သည်။ သို့သော်လည်း
အေးအေးသည် လိမ္မာချင်သော သမီးဖြစ်လေရာ အမေ့စကားကို မကျေနပ်လှသော်လည်း လမ်းမ
မဆင်းတော့ချေ။ ထို့ကြောင့် သူငယ်ချင်းမကလေးများက အေးအေး၏အိမ်ကို လာကြရ၏။ ကတမ်း၊
ခုန်တမ်း ကစားရ၏။ ထမင်းလက်သုပ် ရောင်းကြရ၏။ ပုံပြောကြရ၏။ အေးအေးကိုယ်၌ကလည်း
တယ်ပြီး ခုန်ပေါက်ပြေးလွှားချင်လှသည်ဟု မရှိတော့ချေ။ အေးအေးသည် စိတ်ကူးယဉ်လာလေသည်။
မိမိ၏ ပုံပြောအလှည့်ရောက်သော် ကိုယ့်ဒဏ္ဍရီကိုယ်ဖာသာထွင်ယူ မိလေ၏။ အေးအေး၏ပုံထဲက
ဇာတ်လိုက်မှာ ဥစ္စာစောင့်ဘဝက ဝင်စားလာသော 'မမိုးသူ' ဖြစ်လေ၏။ မမိုးသူဟူသော အမည်မှာ
အေးအေး၏ အဖွားနာမည်ပင်တည်း။ အေးအေးသည် ကြားဖူးနားဝနှင့် ဖြီးကာဖျန်းကာနေလေ၏။
လူဝင်စားမကလေးသည် မွေးမွေးခြင်း "အကိုကြီးရေ"ဟု တလုံးပီပီသသ အော်လိုက်သည်။
လသာသောညတိုင်း မာလကာပင်အောက်မှာထိုင်ပြီး ငိုတတ်သည်။ ပယောဂဆရာနှင့်
အစွဲချွတ်ပြန်တော့ အကိုကြီး ဥစ္စာစောင့်နှင့်လည်း မခွဲချင်၊ လူ့ဘဝက မိဘများနှင့်လည်း ချစ်ခင်နေ၍
အလွမ်းဇာတ် စလေတော့သည်။ အေးအေးသည် ကိုယ့်ပုံမှာ ကိုယ်တိုင်ဇာတ်လိုက်ဖြစ်ကာ
ငိုတရှိုက်ရှိုက်ပင် ဖြစ်မခန်း ရှိလေ၏။
အိပ်ပျော်တော့တောင် အေးအေးသည် ဥစ္စာစောင့်အိပ်မက်များကိုဆက်၍ မက်နေသေး၏။
အိပ်မက်ထဲ၌ ဥစ္စာစောင့် အကိုကြီးမှာ ကိုကိုမောင်ဆွေဖြစ်နေသည်။ ကိုကိုမောင်ဆွေသည်
အေးအေးမှာထားသော ယင်ငန်သီးများကို အမေတို့ အဖေတို့ မသိအောင်ဖွက်၍ ယူလာသည်။
မိုးလင်း၍ အိပ်ယာမှ နိုးသော် နေရောင်သည်အတော်ပင် ဝင်းဝါလျက်ရှိပေပြီ။ အဖေတောင်
ကမ်းနားလမ်းကုန်တိုက်သို့ ထွက်သွားပြီဖြစ်လေသည်။ အေးအေးသည် အလွန်အိုက်နေသည်။
အင်္ကျီကို ကမန်းကတန်းချွတ်ပစ်ကာ ရေချိုးခန်းသို့ ပြေးဝင်သည်။ ရေချိုးပြီးမှာ အပြင်၌ထွက်ကာ
သွားတိုက်နေလေ၏။
အမေက ထမင်းဟင်း ချက်ပြုတ်နေရာက ဗြုန်းကနဲရပ်လိုက်ကာ အေးအေးကိုစိုက်ကြည့်သည်။
ကြာတော့ မနေတတ် မထိုင်တတ်ပင်ဖြစ်လာသည်။ အမေသည် သည်လိုပင် မျက်တောင်မခတ်ကြည့်တတ်သည်။ ညအိပ်ယာဝင်ပြီဆိုလျှင် အေးအေးသည် အမေနှင့်မျက်နှာချင်းဆိုင်ပြီး နေချင်သော်လည်း အမြဲကျောပေးပြီး အိပ်ရသည်။ ဒါမှ အိပ်ပျော်သည်။သို့မဟုတ်လျှင် အမေက တစေ့စေ့ကြည့်နေတတ်ရာကား နေမထိထိုင်မသာနှင့် အိပ်မပျော်တော့ချေ။
ယခုတလော ကြည့်ပုံကတော့ ပို၍ပင် စိတ်ညစ်စရာကောင်းသေးသည်။ အမေ့အကြည့်ထဲတွင်
အပြစ်ဆိုချင်ဟန် ဆူပူချင်ဟန်များကို တွေ့ရသလိုလို ထင်မိသည်။ အေးအေးသည် အပြစ်မရှိပါဘဲ
အပြစ်ရှိသလိုဖြစ်ကာ မလုံမလဲရှိလှသည်။
အမေက ပထမဆူပြီး အစပျိုးသည်မှာ
"ရေချိုးပြီးမှ သွားတိုက်ရသလားအေ့... ထမင်းစားပြီးမှပဲ တိုက်ပါတော့အေ..."
တကယ်တော့ အမေသည် ဒါကိုအရေးတကြီးထား၍ပြောချင်တာမဟုတ်ဟု အေးအေးသိလေသည်။အေးအေးသည် ဘာမှပြန်မပြောဘဲ သွားတိုက်မြဲတိုက်နေသည်။"အေးအေးနော်..."ဟုအမေက ချော့သံလိုလို ငေါက်သံလိုလို မဝေခွဲတတ်သော
အသံနေအသံထားနှင့်ပြောသည်။
"အေးအေးနော် ညည်းမငယ်တော့ဘူး၊ ကလေးမှ မဟုတ်ဘဲ..."
ထို့နောက် အမေသည် မျက်နှာကို တဖက်လွှဲကာ...
"ရေချိုးတဲ့အခါ ထမီကို ရင်လျားရတယ်အေ့"
ဟုပြောလိုက်လေရာ အေးအေးနားထဲ၌ အမြောက်ဆယ်လုံး တပြိုင်ထဲ ပစ်လိုက်သလို အလန့်တကြား မြည်ဟီးသွားလေ၏။
အေးအေးသည် ယောင်ကမ်းကမ်းနှင့်သွားဆက်တိုက်လိုက်သေး၏။ ထို့နောက် ဘာမှမပြောဘဲ
မိမိအိပ်ယာသို့ ပြန်ပြေးခဲ့လေသည်။ ရှက်လိုက်တာ၊ ရှက်လိုက်တာ အမေ့ကိုစိတ်ဆိုးချင်သလိုလိုပင်၊
ဘာဖြစ်လို့ သည်လိုပြောရပါလိမ့်၊ ငါဘာသာငါလုပ်မှာပေါ့... ငါသိသားပဲဟာ၊ သို့သော်လည်း အမှန်မှာ
အေးအေးသည် ထဘီရင်လျား ဝတ်ဖို့တခါမှ စိတ်မကူးမိသေးချေ။
စိတ်ကိုတင်းပြီး ထမင်းစားသော်လည်း မမြိန်ရှက်ချေ။ ထို့ကြောင့် ကျောင်းသို့ စောစောထွက်ခဲ့ရ၏။
အေးအေးကို ယခုကျောင်းသို့ တယောက်ထဲမလွှတ်တော့ပြီ။ တအိမ်ကျော်က ကိုကိုမောင်ဆွေကို
သွားစောင့်ရ၏။ ကိုကိုမောင်ဆွေက ကျောင်းအထိ လိုက်ပို့ပြီးမှ သူ့ရုံးသို့သူဆက်၍ သွားလေ၏။
ကိုကိုမောင်ဆွေ၏ အိမ်သို့ရောက်သော် အေးအေးသည် ခါတိုင်းလိုပျော်ရွှင်စိတ်နှင့် လှမ်းပြီးမအော်ခေါ်မိချေ။ အိမ်ရှေ့လှေကားမှာ ခပ်ဝေးဝေးထိုင်မိ၏။ ရှက်စိတ်များဝေနေ၏။ဘာကြောင့် သည်လောက် ရှက်နေသလဲတော့မသိ၊ အရင်တုန်းကဆိုလျှင် ရှက်လျှင်ငိုပစ်လိုက်သည်။ယခုတော့ ငိုလည်းမငိုချင်ပေ။ ဖျားသလို တကိုယ်လုံး ပူနေလေသည်။
ထိတ်လန့်ခြင်းလည်းဖြစ်လေသည်။ကိုကိုမောင်ဆွေကတောင် ပြောရသည် "ဟေ့... မိအေး နေမကောင်းဘူးလား။ မျက်နှာတွေ အမ်းနေသလိုလို" ကိုကိုမောင်ဆွေသည် နဖူးကို ခပ်ဖိဖိလာ၍စမ်း၏။
ထို့နောက် အေးအေး၏ နဖူးပေါ်က ဗွေပိုကလေးကို ရစ်ဝေ့၍ပေါက်သော ဆံပင် လိမ်လိမ်ကွေ့ကွေ့ကလေးများကို ချစ်စနိုးသပ်၍ ပေးလေ၏။
သည်တော့မှ ငိုချင်လာ၏။ အားလည်းရှိလာလိုက်သေး၏။ ကိုကိုမောင်ဆွေ၏ လက်ဖဝါးများမှာ
နွေးထွေးလှသည်။ အရွယ်ရောက်သော ယောက်ျားလက်မို့မာ၍ ကြမ်းသော်လည်း ဖိကပ်ပြီး
နေလိုက်ချင်၏။ အေးအေးသည် မျက်ရည်စများနှင့် မော့၍ ကြည့်၏။ ကိုကိုမောင်ဆွေ၏
လက်ချောင်းများကြားမှ သူ့မျက်နှာကို တမြောင်းစီမြင်ရသည်။ သိပ်ချောတာပဲဟုထင်၏။
မိန်းမထဲမှာတော့ အေးအေးတို့အတန်းကို အင်္ဂလိပ်စာပြသော ဆရာမလေးသည် အချောဆုံးပင်။
အေးအေးသည် မိမိလည်းချောရင် ကောင်းမှာပဲ၊ ချောလားမသိဟု တွေးမိ၏။
ကိုကိုမောင်ဆွေ၏ လက်ချောင်းများကို ဖယ်ရှားပစ်ပြီး ဗြုန်းကနဲ ပြေးထွက်သွား၏။ ဘုရားစင်အောက်မှာ ချိတ်ထားသော မှန်ကိုခြေဖျားထောက်ပြီး ကြည့်လေ၏။ မှန်ထဲတွင် မျက်နှာတခုလုံး ရဲရဲနီသော ကလေးလည်းမဟုတ်၊လူကြီးလည်း မပီသေးသည့် မိန်းမငယ်တစ်ယောက်ကို မြင်ရလေ၏။
"အောင်မယ်... အပျိုက မှန်ကြိုက်တတ်လာပြီ"
ဟု ကိုကိုမောင်ဆွေက နောက်သည်။
သူအင်မတန်စတတ်သည်။ စည်းကမ်းမရှိသောစကားမျိုးကိုလည်း ပြောလေ့ရှိသည်။ သူ့စကားများမှာ အမေတို့ပြောစကားများနှင့် ကန့်လန့်ချည်းဖြစ်လေသည်။ သို့သော် ကိုကိုမောင်ဆွေက ဘာပြောပြော အေးအေးမရှက်၊ ဂရုလည်းမစိုက်၊ အဓိပ္ပာယ်လည်း မကောက်၊ ရယ်ကာသာ နေသည်။
ကိုကိုမောင်ဆွေကြီးကို ချစ်သည်။
နှစ်ယောက်သားကျောင်းသို့သွားသော် အေးအေးသည် ခါတိုင်းထက်ပျော်သလိုလို စိတ်လှုပ်ရှားနေလေသည်။ ပုခုံးပေါ်လာတင်သော သူ့လက်ကိုပဲ သဘောကျနေသည်။ပါးပြင်ကိုဆွဲယူပြီးမျက်နှာအပ်ကာ နမ်းလိုက်ချင်သည်။ စင်စစ်တော့ ကိုကိုမောင်ဆွေသည် အေးအေး၏ မိတ်ဆွေကောင်းကြီးပေတည်း။ အေးအေးမှာ ပြောစရာတွေလည်းရှိ၊
အမေ့ကိုလည်းမပြောရဲ ဖြစ်နေသည့်အခါ ကိုကိုမောင်ဆွေကိုပြောရသည်။ အမေတို့မကြိုက်သော
ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ ဝတ္ထုမဂ္ဂဇင်းအကြောင်းများကို သူနှင့်ပြောရသည်။
သူငယ်ချင်းများနှင့်မခေါ်သည့်အခါမျိုး၌ကား..
"အမယ်လေး... ကိုကိုမောင်ဆွေ ရှိပေလို့၊ နို့မဟုတ်ရင် သိပ်ပျင်းမှာ၊ သူတို့ကို ငါကချည်း စစခေါ်နေရမှာ"
ဟု တွေးပြီး ကျေးဇူးတင်တတ်သည်။
အိမ်မှာဆိုလျှင် ဘာမှမလွတ်လပ်ချေ။ ၊ အမေက နေရာတကာပါလွန်းသည်။ အခုတလောဆို
ရှက်တာကလည်းတမျိုးနှင့် ဘယ်လိုနေရမှန်းမသိချေ။ အိမ်မှာစကားပေါ့ စကားပျက်ပြောလို့ မရ။
သီချင်းကျယ်ကျယ်ဆိုလျှင်တောင် ယခုမကြိုက်ချင်ကြတော့ပြီ။ မနက်အိပ်ယာကထ၍ ရေချိုးလျှင်
စိတ်ဒုက္ခတမျိုးဖြစ်သည်။ အမေ့စကားကို နားလည်းထောင်ချင်၏။ ဂွတိုက်ပြီး လုပ်ချင်စိတ်လည်း ထူးထူးဆန်းဆန်း ပေါ်ပေါက်လာတတ်သေးသည်။ သို့သော် အမေကွယ်ရာပင်ဖြစ်စေဦးတော့
အေးအေးသည် စိတ်တမျိုးဖြစ်ကာ ဝမ်းကွဲအမ အပျိုကြီးများဟန်ကို အတုခိုးကာနေမိလေတော့သည်။
ထမီကို ခြေသလုံးသားကလေး ပေါ်ရုံသာ လှန်ကာ သေသေသပ်သပ် ဆပ်ပြာတိုက်သည်။
ရင်မှာလျားထားရသဖြင့် ကျပ်တတ်တတ်နေသော်လည်း စောင်ခြုံထားရသလို စိတ်လုံခြုံလျက်
ရှိနေလေတော့သည်။ မျက်နှာကိုဆပ်ပြာတိုက်ရင်း လူကြီးများလုပ်သလို မျက်လုံးဖွင့်စမ်းသည်။
အရင်ကဆိုလျှင် ရေအထပ်ထပ်လောင်းပြီးမှ မျက်စိဖွင့်ရဲသည်။ ကံကောင်းချင်တော့ ဆပ်ပြာမြှုပ်များသည် မျက်လုံးထဲသို့ မဝင်ဘဲနေကြရာ အေးအေးသည် ကျေနပ်သွားပြီး နောက်နောင်မျက်နှာတိုက်လျှင် မျက်လုံးဖွင့်ဖွင့်ပြီးနေဖို့ ဆုံးဖြတ်လိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ရှက်တာကတော့ မပျောက်နိုင်။ အမေ့ကိုလည်း မျက်နှာချင်း မဆိုင်ဝံ့သလို ဖြစ်နေလေရာ
အိမ်မှာတယ်ပြီး မနေမိတော့ချေ။ ကိုကိုမောင်ဆွေဆီချည်းပဲ သွားနေသည်။သူငယ်ချင်မကလေးများနှင့်လည်း ယခုတလောမတည့်လှ။
သည်လိုဆိုပြန်တော့လည်း အမေ့မှာ ပြောစရာရလာပြန်သည်။
"ဟဲ... မအေး၊ လည်လှချည်လားအေ၊
နေဝင်မိုးချုပ်အထိ သူများ အိမ်မှာနေရသလား မိန်းကလေးအေ... ယောက်ျားလေးမဟုတ်ဘူး"
အေးအေးသည် ဘာကြောင့်မှန်းမသိ၊ အလွန်နာကြည်းသွားကာ မျက်နှာအောက်၍
"ဘယ်က သူများအိမ်ရမှာလဲ၊ ကိုကိုမောင်ဆွေဆီသွားတာ"
အမေသည် တခုခုပြောဦးမည်ပြုပြီး မပြောတော့ချေ။ မျက်လုံးများ အရောင်တောက်လာကာ
သမီးဖြစ်သူကိုကြည့်သည်။ အေးအေးနားမလည်နိုင်သော လျှို့ဝှက်သည့် အရိပ်အငွေ့များ
သန်းသလိုလို၊ ယခုတလောဒါတွေချည်း တွေ့နေရသည်။ ကြပ်ပါဘိတယ်နော်ဟုသာ ညည်းချင်သည်။
သို့သော်လည်း အေးအေးသည် တယ်ဂရုမစိုက်တော့ဘဲ ကိုယ့်ဘာသာ နေတတ်သလို
နေသွားဖို့သာရှိသည်။ အမေက ဘာလိုချင်မှန်းမသိ၊ သမီးဖြစ်သူက ဘာပေးရမှန်းမသိ၊မိမိအပေါ်မိဘများသည် အနည်းငယ် ရက်စက်လာသည်ဟု ထင်စပြုသည်။ ဘာကြောင့် ငါဟာကလေးမဟုတ်တော့လို့လား၊ မိန်းကလေးမို့လား။ သို့သော် အေးအေးသည် သူငယ်ချင်းမလေးများနှင့် ပြန်တည့်သွားကာ ကိုကိုမောင်ဆွေတို့ အိမ်ဘက်သို့ မရောက်ပြန်တော့ချေ။ ထို့ကြောင့် အိမ်လည်ပြဿနာသည် အလိုလိုပြေသွားလေသည်။
( ၂ )
ကျောင်းတတ်ရသည်မှာလည်း ပျင်းစရာကောင်း၍လာသည်။ အထူးသဖြင့် အတွက်တွက်ရ
သည်မှာ ပျင်းစရာသက်သက်ပေတည်း။ အင်္ဂလိပ်စာဖတ်ရတာ ပျော်စရာကောင်းသည်။
ခင်လက်မကလေးအကြောင်းများဆိုလျှင်တော့ ဖတ်၍ မငြီးနိုင်၊ ဖားမကြီးသားနှင့် ခင်လက်မလေးကို မင်္ဂလာဆောင်တော့မည် လုပ်သည့်အခါမူကား အေးအေးသည် မခံချိမခံသာ ဖြစ်လျက်ဒေါသထွက်၏။သည်လောက်အရုပ်ဆိုးတဲ့ ဖားကြီးများဟု မဲ့ရွဲ့ မိ၏။ ပုံပြောဆရာကိုလည်း သည်းမခံနိုင်ဖြစ်မိသည်။သို့သော်လည်း ကံကောင်းထောက်မ၍ ခင်လက်မကလေးသည် နောက်ဆုံး ပန်းနတ်သားကလေးနှင့်ရလေရာ အေးအေးသည် စိတ်နှလုံးနူးညွတ် နစ်မြောသွားလေသည်။
ထိုနေ့သည် သောကြာနေ့ဖြစ်ရကား အင်္ဂလိပ်စာဖတ်ပြီးသော် မိန်းကလေးတို့သည် အချုပ်အလုပ်သင်ရန် တချိန်ယူကြရသည်။ သူတို့အခေါ်အတိုင်း ထို "အပ်ချုပ်ချိန်"မှာ ပျော်စရာ ကောင်းလှပေ၏။ မိန်းကလေးများဝိုင်းစုကာ စကားမျိုးစုံပြောရသည်။ အချုပ်အလုပ်သင် ဆရာမကမူကား ထိုအချိန်ဆိုလျှင် ကျောင်းအုပ်ဆရာမကြီး၏မောင်နှင့် စကားပြောနေတတ်သည်။ဆရာမ၏ ထူးဆန်းသော ပြုံးစနကလေးများကိုမြင်ရတတ်သည်။ ဘာဖြစ်ဖြစ်ကျေနပ်၏။
အကြောင်းမူကား ကျောင်းသူမလေးများကို အဖက်လှည့်၍မျှ မလုပ်သောကြောင့် သူတို့တတွေထင်သလို နေနိုင်သည်။ ပြီးတော့လည်း သူတို့၏ချုပ်လုပ်ပြီးသား ပစ္စည်းများမှာ ကိုင်ကြည့်ချင်စရာပင် မကောင်းလှချေ။ သိုးမွေးဦးထုပ်ကလေးများမှာ နဂိုရောင် ပျောက်ကာ ချွေးနှင့်လည်း ညစ်သေး၏။ အပင်ကျကာ အပေါက်အပေါက်နှင့်လည်း ရှိသည်။ အေးအေး၏ဦးထုပ်မှာ အပင်တရာနှင့်စထားရာ တမိုက်ရသော် အပင်နှစ်ဆယ်ကျော်ကျော်ကလေး ကျန်တော့သဖြင့် အပင်သိမ်းဖို့ရာမလိုတော့ဘဲ ဖြစ်နေလေတော့၏။ အေးအေးနှင့်မတည့်ဆုံး နယ်လီကမူကား အပင်တစ်ရာစလျှင် တစ်ရာ့ငါးဆယ်လောက်ရအောင် ဟိုကသည်က ကောက်တတ်လေသည်။ထို့ကြောင့် နှစ်ကုန်ခါနီး၍ စစ်ဆေးကြည့်ရှုလာခါနီးလျှင် ဆရာမသည် လက်မအားတော့ချေ။
သိုးမွေးဦးထုပ်များ တစ်လုံးပြီးတစ်လုံးထိုးကာ ကျောင်းသူမကလေးများ နာမည်ကပ်ရသည်။
အေးအေးသည် မိမိ၏စာအိတ်ကလေးကို ယူကာ ထိုးလက်၏ သိုးမွေးစနှင့် သိုးမွေးခင်ကိုယူလေ၏။
ပန်းရောင်သိုးမွေးမှာ လက်ကချေးညှော်နှင့်ချွေး ကြောင့် လိမ္မော်ရောင် ညစ်ထပ်ထပ်အကွက်များ
ထင်နေ၏။ လက်ကို ဘယ်လိုပင် ဆပ်ပြာနှင့် ဆေးသော်လည်း မစင်ချေ။ သိုမွေးဦးထုပ်မှာ
နမ်းကြည့်သည့်အခါ ချဉ်စော်ပင် နံလိုက်သေး၏။ စိတ်ပျက်သွားပြီး ဘေးက ကလေးများ၏
ပစ္စည်းလေးများကို ကြည့်သော် သူလိုကိုယ်လိုထက် မထူးသည်ကိုတွေ့ရ၏။ စိတ်သက်သာသွားပြီး
နယ်လီ့ ဦးထုပ်ကိုကြည့်သည်။နယ်လီကို ခက်သလောက် မျက်နှာကြော မတည့်လှရကား၊ နယ်လီလုပ်သည့် အရာကိုလည်း ကောင်းမည်မထင်ချေ။ သို့သော် နယ်လီထိုးနေသော ဦးထုပ်မှာ အားလုံးထဲတွင် အဖြူစင်ဆုံး နဂိုအရောင်အပေါ်ဆုံးပေတည်း။
အဆင်အကွက်လည်း မပျက်ရှိလေရာ၊ အပင်ကျပုံ လိုသည်ထက်ပိုပွားပုံ မပေါ်ချေ။ နယ်လီ၏ လက်ချောင်းကလေးများသည် သွက်လက်လှသည်။
"သူက ကုလားမကိုး တတ်မှာပေါ့ ဒါပေမယ့် သူ့ဟာကြီးက ကောင်းလဲ မကောင်းပါဘူး..."
ဟု တွေး၏။
နယ်လီသည် အေးအေး၏ ကိုကိုမောင်ဆွေကို အင်မတန် အရေးပေးချင်၏။ နယ်လီသည်
အပျိုဘော်လည်း ဝင်လာပြီ၊ အတန်းထဲတွင်အကြီးဆုံးလည်းဖြစ်၍ အင်္ဂလိပ်သွေးနှင့်
ကုလားသွေးလည်း တဝက်တပျက်စပ်ရကား ထွားကျိုင်းသန်မာလှသည်။
"ငါတော့ပြီးတော့မယ် ဆရာ"
ဟု နယ်လီကဦးထုပ်ကလေးကို မြှောက်၍ပြလေ၏။
"ဟုတ်လား..."
ဟု ဂရုမစိုက်သလို ဟန်လုပ်ပြီး ခေါင်းမလှည့်သော်လည်း မျက်စိက စွေစောင်းလှမ်းကြည့်မိသည်။
"ဒီကိုလာပါကွဲ၊ ဟေ့ လာကြပါကွယ် အားလုံး တို့ဒီမှာ စကားပြောရအောင်..."
ကျောင်းသူမကလေးတို့သည် လက်ကအချုပ်ထိုးတချက်၊ မထိုးတချက်နှင့် စကားပြောကြသည်။
ဆူဆူညံညံကြားထဲက နယ်လီသည် အားလုံးကိုလွှမ်းမိုး၍ အော်ရယ်တတ်သည်။ ဣနြေလည်း
နဲနဲမှမရ။ လက်ကိုင်ပုဝါကို အင်္ကျီရင်ဘတ်ထဲထည့်လိုက်၊ ပြန်ထုတ်လိုက်နှင့် လုပ်သည်။ကျစ်ဆံမြီးကိုလည်း ဘယ်တဘက် ညာတဘက် ပြင်ပြီးကျစ်ပြန်သည်။ နောက်ဆုံး၌ကား မျက်နှာပြောင်စပ်စပ်နှင့် အချောက်တိုက်ရယ်ကာ "ဟောဟိုမှာ"ဟု မေးငေါ့၍ပြလေသည်။
နယ်လီမေးငေါ့ပြရာသို့ အားလုံးလည်၍ သွားကာကြည့်ကြလျှင် ကျောင်းအဆင်းလာကြိုသော
မော်တော်ကား ဒရိုင်ဘာများကို တသိုက်ကြီးတွေ့ရ၏။
"ဟောဟိုမှာ ညည်းအဆက်"ဟု နယ်လီက မဆီအဆိုင် အေးအေးကိုလက်ညှိုးထိုးလေ၏။
"အောင်မာ... ငါဘာသာငါနေတာပါ... နင်ကဘာလဲ..."ဟုသာပြောတတ်၏။ သို့သော် အေးအေးသည်
ထိုစကားမျိုးကိုမကြိုက်သလို ကြိုက်သလိုရှိကာ မျက်နှာထား မတတ်ဘဲ လှမ်းတော့ကြည့်လိုက်မိ၏။
နယ်လီပြသူမှာ ရုပ်ဖြောင့်ဖြောင့် ကိုယ်ခပ်တောင့်တောင့်ပင်၊ သို့သော်လည်း ယောက်ျားမားမားကြီးဖြစ်ရကား အေးအေးသည် စိတ်မထွေပြားလှချေ။
ထိုလူသည် ဘယ်သူ့ကိုမှန်းမသိ ပြုံး၍ပြသည်။ အေးအေးသည် စိတ်တုန်လှုပ်သွားကား မျက်နှာပျက်သွားပြီး ဘေးကမိန်းကလေးများ ရိပ်မိသလားဟု လှည့်ပတ်ကြည့်မိ၏။နယ်လီကခပ်ရဲရဲကလေး ပြန်လည်ပြုံးသည်ကိုတွေ့ ရ၏။ နယ်လီလုပ်သလို လုပ်ချင်ချင်လည်း ဖြစ်လာ၏။ သို့ သော် ထိုလူသည် အေးအေးကို အဖက်မလုပ်ချေ။
ကျောင်းသူမကလေးတသိုက်သည် စကားပြောအနည်းငယ်တိုးသွားသည်။ အေးအေးလည်း
စိတ်ဝင်စားလာသည်။ ဆရာမအလိုတော်ရိ သုံးလေးယောက်သည် ခပ်လှမ်းလှမ်းမှာ
တည်တည်ကြည်ကြည် နေကြသည်။ သူတို့ကြားမှာ ကြောက်လှရသည်။အေးအေးသည် တိုးဝင်လာသော ခေါင်းများကြားဝယ် ဇက်ခိုင်နေမိလေသည်။
"ဟေ့ ဟေ့... ဟိုဘက်ကစားကွင်းမှာ လာလာကစားတဲ့ ကောင်က ဘယ်သူတဲ့လဲ"
ဟု မေက မေးလေ၏။
"ဘယ်ကကောင်လဲ မသိပေါင်တော်"ဟု နယ်လီက ဖြေ၏။
"အမယ်...ညည်းကိုစာလိုက်ပေးတာ ငါတွေသားပဲ၊ မနေ့ကနေ့လည်အိမ်ပြန်တော့လေ...
ညည်းတောင် စာကို ဆွဲဆုတ်ပစ်သေးတယ်လေ"
"မဟုတ်ပါဘူးဟယ်... မြမြကိုမေးကြည့်ပါဦး၊ အဲဒီတုန်းက မြမြရှိပါတယ်၊ ငါ့ကိုစာလိုက်ပေးတာ
မဟုတ်ပါဘူး၊ သူ့ဘာသာ ဘောလုံးလိုက်ကောက်တာပါ"
မြမြက နယ်လီကိုထောက်ခံ၏။ စင်စစ် မြမြနှင့်နယ်လီမှာ နှစ်ယောက်သားတိုင်ပင်၍
ရည်းစားကိုယ်စီထားကြသူများ ဖြစ်လေ၏။ သူတို့ နှစ်ယောက်သည် ရည်စားစာချင်း လဲဖတ်ကြသည်။
ညနေကျောင်းဆင်းချိန်မှာ ကိုယ့်ရည်းစားကိုယ် ချိန်းတွေ့ကြသည်။ သူတို့၏ ရည်းစားများမှာလည်း
ကစားကွင်းသို့လာကစားကြသော တရုတ်ကပြား တေတေပေပေကလေးများပေတည်း။
မြမြနှင့်နယ်လီတို့သည် အေးအေးကိုများတော့ ဂရုစိုက်လောက်စရာဟု မထင်ကြပေ။
အေးအေးရှေ့မှာပင် ညစ်တီးညစ်ပတ်စကားများ ပြောလေသည်။ ဘယ်ကတတ်သလဲတော့ မသိ၊
အေးအေးပြောလိုက်သည့် စကားများကိုလည်း အနက်ကောက်ပြီးရယ်တတ်သည်။
အပျိုဟန်ပန်လည်းလုပ်တတ်သည်။ ထို့နောက်အေးအေးကို သင်ကြသည်မှာ
"ဟိုဘက်က လက်ဖက်ရည်ဆိုင်ကို ဟိုကောင်မတွေနဲ့ လိုက်လိုက်မသွားနဲ့... အဲသည်မှာနောက်ပိုးတွေရှိတယ် သိရဲ့လား.."
"ရှိတော့ဘာဖြစ်သလဲ"
ဟု အေးအေးက ခပ်ရိုးရိုးမို့မေးမိသည်။
"လက်သရမ်းတာပေါ့ ရှင့်"
"ဘယ်လိုလဲကွ"
"ဟော ဒီလို"ဟု နယ်လီက လက်သရမ်းပြလိုက်လေရာ... အေးအေးသည် နာလည်းနာ၊ရှက်လည်းရှက်ပြီး ငိုရသေး၏။
အဲသည်တုန်းကတော့ အေးအေးသည် နယ်လီတို့နှင့် အရောမဝင်တော့ဟု ထင်စားမိ၏။ သို့သော်
မနေနိုင်ချေ။ နယ်လီနှင့် မြမြတို့ ပြောကြသည်များကို ယခုအဓိပ္ပာယ်လည်း နားလည်တတ်လာ၏။
တိတ်တဆိတ်လည်း အရသာတွေ့၏။ ကိုယ်တိုင်လည်း ပြောကြည့်ချင်၏။ မတတ်လို့သာနေရသည်။
မိမိထက်ငယ်သော ကလေးမများနှင့် ဇယ်ခုနစ်လုံးကောက်ရတာ ဒန်းလွှဲရတာကိုအမြဲ
မပျော်ပိုက်နိုင်ပြီ။
"အေးအေးရေ နင့်ကိုကိုမောင်ဆွေလဲ မတွေ့သေးပါလား"
ဟု နယ်လီက ဟိုဟိုသည်သည်ကြည့်ကာ
ပြောလေ၏။
"သူက လေးနာရီမှ ရုံးဆင်းမှာ"
"ငါညည်းကို စောင့်နေပါ့မယ်၊ ညည်းတယောက်ထဲ"ဟု နယ်လီကပြောလေ၏။
"ဟင့်အင်း၊ ငါစာကူးနေမှာပေါ့"
နယ်လိီ့ကို ကိုကိုမောင်ဆွေနှင့် မတွေ့စေချင်ပေ။
"ငါလည်းစာကူစရာရှိသေးတယ်၊ တို့နှစ်ယောက်အတူ ကူးတာပေါ့"
မြမြကလည်း သူပါနေမည်ဟု ပြောလေရာ အေးအေး မတတ်နိုင်တော့ချေ။
"ကိုကိုမောင်ဆွေက ညည်းဦးလေးအရင်းလား"ဟု မြမြက မေး၏။ မိန်းကလေးမျက်နှာမှာ
မျက်နှာပိုးမသတ်တာကို ဟန်လုပ်ပြီးလုံလှပြီ ထင်နေသောအမူအရာနှင့်ပင်။
"ဦးလေး နှစ်ဝမ်းကွဲ"ဟု အေးအေးက မဖြေချင့်ချင် ဖြေ၏။
"ချောတယ်နော်..."
"အင်း..."
"သူနဲ့ပါလာတဲ့ လူကြီးက သာချောသေး"
အေးအေးကနိုးကြားလာကာ "အမယ် ဘာချောလို့တုန်း.. ဒီလူကြီးက သွားခေါ်ကြီးဥစ္စာ၊
ကိုကိုမောင်ဆွေက အသားလဲဖြူသေးရဲ့"
"သွားမခေါပါဘူးတော်..."
"ခေါလွန်းလို့..."
"အမယ်... ငါတော့ ကိုကိုမောင်ဆွေက ပိုချောတယ်ထင်တယ်"
ဟု နယ်လီကမျက်စ တဖက်ချီ၍ပြောလေ၏။ ထိုအခါများဆိုလျှင် နယ်လီသည် လူကြီးစင်စစ်ဖြစ်လေပြီဟု အေးအေးထင်တတ်သည်။ နယ်လီအမူအယာများသည် အတော်အတန်ကြီးရင့်ပေပြီ။
မြမြကနယ်လီကို ပြိုင်မငြင်းချေ။ သူတို့သည် အချင်းချင်းနားလည်ပြုံး ပြုံးကြလေ၏။
"အေးလေ..ငါကတော့ ဟိုလူကြီးက ချောတာပဲပေါ့"
လေးနာရီထိုးသော် သူတို့သုံးယောက်သည် ကိုကိုမောင်ဆွေနှင့် ဟိုလူကြီးတို့နှင့် အတူပြန်ကြသည်။
နယ်လီနှင့် မြမြတို့သည် အေးအေးကို တယ်ဂရုမစိုက်တော့ဘဲ ယောက်ျား နှစ်ယောက်ကိုသာ
စကားပြောလျက်ရှိလေသည်။ သူတို့သည် အပျိုဖားဖားကြီးများနှင့် မတူတူအောင် ကြိုးစားရသည်မှာ မောလှလေပြီ။ နယ်လီပင်လျှင် မျက်စ တဖက်ချီရလွန်း၍ ညာဘက်မျက်ခုံးတဖက်ထဲ
ညောင်းလျက်ရှိ၏။ ဘယ်ဘက်ပြောင်းချီမည် ကြံသော်လည်း ဘယ်မသန်ရကား နှစ်ဖက်လုံးမြင့်တက်သွားသဖြင့် လက်လျော့ရလေ၏။
ကိုကိုမောင်ဆွေနှင့်ပါလာသူမှာ "ကောင်မလေးတွေ ကောင်မလေးတွေ.."ဟု ပါးစပ်က ခေါ်ရင်းလက်က ကောင်မလေးနှစ်ယောက်ကို ပွတ်သပ်ဖက်ယက်လုပ်လာ၏။ကိုကိုမောင်ဆွေကလည်း တချက်တချက်ဝင်ပြီး ခေါင်းပုတ်လား၊ ပါးဆွဲလား လုပ်လေရာ အေးအေးသည် မျက်ရည်များ စို့လာမိလေတော့သည်။
အေးအေးမျက်စိထဲမှာ သူတို့လေးယောက်ကိုကြည့်၍မရ။ မိမိကိုယ်ကို လူမမယ်အရွယ်
ကလေးလို့ထင်ကာ စိတ်အားငယ်၏။ မိမိကို ဘယ်သူကမှ အဖက်မလုပ်ဘူးထင်၏။ ခါတိုင်းလို
ကိုကိုမောင်ဆွေနှင့် နှစ်ယောက်ထဲ အေးအေးပြန်ချင်လေ၏။ သူတို့တတွေ လက်တွေ၊ မေးတွေ၊
ပုခုံးတွေ၊ ခါးတွေ ရှုပ်နေတာကိုတော့ ကြည့်ရတာနည်းနည်းရှက်သည်။
သို့သော် အေးအေးသည် မျက်ရည်ကျကျနန မစို့ရခင် ကိုကိုမောင်ဆွေ၏ လက်တဖက်သည် အေး
အေး၏ပခုံးကို ညင်သာစွာလာ၍ ဆုပ်၏။ စိတ်ပြေလိုက်တာ၊ ကိုကိုမောင်ဆွေကိုချစ်တယ်၊
ကိုကိုမောင်ဆွေ၏ လက်ချောင်းများသည် အေးအေး၏ကျစ်ဆံမြီးကို ဖြေနေကြလေသည်။
အေးအေးရင်ထဲ၌ လှိုက်လှဲကျေနပ်၏။ ကိုကိုမောင်ဆွေသည် နယ်လီတို့ကို ဂရုမစိုက်တော့ဘဲရှိလေ၏။
"အေးအေးက ငြိမ်လှချည့်လား"
ဟု ဟိုလူကြီးကလှည့်လာသော် ကိုကိုမောင်ဆွေ၏ လက်မောင်းများသည် မာကျောသွားပြီး အေးအေး၏ပုခုံးနှင့်လည်ဂုတ်ကို ဖိမိလေ၏။ အေးအေးသည် ပြုံးရွှင်ကာ နေလိုက်မိပြီး မကြားချင်ယောင် ဆောင်နေလေသည်။
ထိုညနေအိမ်ပြန်ရသည်မှာ ပျော်ရွှင်မှု သက်သက်မျှမက ရလေသည်။ ထူးဆန်းသော ဝေဒနာများပါလာသည်။ ရင်လည်း ပထမဆုံး ခုန်လေပြီ။
( ဇာတ်သိမ်းဆက်ရန် )⬇️⬇️⬇️
#Typing_crd_ZawOo
No comments:
Post a Comment