#အောင်ဇေရမ်းပုံပြင်
#မစန္ဒာ
ခရေတို့အိမ်တွင် အိမ်သူအိမ်သား ၉ ယောက်ရှိရာ အသက် အပိုင်းအခြားတွေကလည်း အရွယ်ရွယ် အစားစားပင် ဖြစ်လေသည်။ မြန်မာပြည်၏
ခေတ်သမိုင်း အဆက်ဆက်တွင် အနှစ် ၈ဝ ကျော် ပါဝင်မျောပါခဲ့ဖူးသူ အဘိုးက အသက်အကြီးဆုံး ဖြစ်သည်။ ၈ဝ ပြည့်ရန် လပိုင်းမျှ လိုသေး
သော အဘွားကတော့ ဒုတိယလိုက်လေသည်။
အိမ်အပေါ်ထပ် ဘုရားစင်အောက်တွင် ယှဉ်လျက်ချထားသော သစ်သား ပက်လက် ကုလား
ထိုင် နှစ်လုံးသည် အဘိုးနှင့် အဘွားတို့၏ နေရာ ဖြစ်သည်။ ကုလားထိုင် နှစ်လုံးကြားက စားပွဲခုံပုပုလေးပေါ်တွင်လည်း အဘိုး၏မျက်မှန်နှင့်
ပရိတ်ကြီးစာအုပ်၊ ရေနွေးကြမ်းအိုးနှင့် လက်ဖက်အုပ်၊ အဘွား တမြုံမြုံ့စားတတ်သော ဆီးဖြူသီးပေါင်း၊ ရှောက်ပေါင်းပုလင်းများ၊ ထန်း
လျက် ဖြူဆုပ်နှင့် ကွေကာအုပ် အထုပ်များအပြင် အကြောပြေ ဒဏ်ကျေလိမ်းဆေးအဖုံဖုံ၊ ဆေးမြစ်စုံရှုဆေး၊ ပရုတ်ဆီဘူး၊ ဖယောင်းချက်ဘူး
စသည် စသည်ဖြင့် သူတို့နှစ်ဦးနှင့်သာ သက်ဆိုင်သော ပစ္စည်းများက နေရာယူထားသည်။ ထိုကုလားထိုင်နှစ်လုံးနှင့် စားပွဲတစ်လုံးသည်
အဘိုးနှင့် အဘွားတို့သာ သက်ဆိုင်သည်ဟု တစ်အိမ်သားလုံးက အလိုလို သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် အဘိုးနှင့် အဘွားက အိပ်
ခန်းထဲတွင် အိပ်နေနေ၊ ဘုရားကျောင်းကန်သွားနေနေ၊ အိမ်တွင်မရှိသောအခါတွင်ပင် ထိုကုလားထိုင်များတွင် မည်သူကမျှထိုင်လေ့မရှိပေ။အလေးအမြတ်နေရာထားလေ့ရှိကြသည်။
နောက်တစ်ယောက် လေးစားရသူကတော့ ကြီးကြီး ဒေါ်ကြာဖြူ ဖြစ်သည်။ အဘိုးနှင့်အဘွားတို့၏ သမီးအကြီးဆုံးဖြစ်ပြီး ခရေတို့၏ဖခင် ဦးကြာညို၏ အစ်မကြီး ဖြစ်လေသည်။ သူက အထက်တန်းကျောင်း ဆရာမကြီးဖြစ်ပြီး သမိုင်းသင်ပြသည်။ အသက် ၆၀ ပြည့်ခါနီးပြီမို့ ပင်စင်ယူရတော့မည်ဖြစ်သော်လည်း သွက်လက်ဖျတ်လတ်ဆဲ
ဖြစ်သည်။ ငွေမင်ရောင် ပြောင်းလာသော ဆံပင်များကိုတော့ ဘာ ဆိုးဆေးမျှ မဆိုးဘဲ သည်အတိုင်းထားသည်။
" ဆံပင်ဖြူတယ်၊ ပါးရေတွန့်တယ်၊ မျက်စိမှုန်တယ်၊ နားလေးလာတယ် ဆိုတာတွေဟာ အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ သဘာဝတွေပဲ၊ အိုတယ်ဆိုတာ တားလို့ရတဲ့ကိစ္စမှမဟုတ်တာ၊ အလိုက်သင့် လက်ခံလိုက်ရုံပေါ့”
ဟု လေအေးလေးနှင့် ပြောတတ်သည်။
“အိုတယ်ဆိုတာ တားလို့မရပေမယ့် အတန်အသင့်တော့ ပြုပြင်လို့ရတာပဲ၊ ဆံပင်ဖြူရင် ဆေးလေးဆိုးလို့ ၊ မျက်စိမှုန်လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ မျက်မှန်လေးတပ်လို့ ၊ ဒီလိုပဲ ပြုပြုပြင်ပြင်နေရင် နုတာ
ပေါ့”
ခရေတို့၏မိခင်ကတော့ သူ၏ယောက်ကြီး၏ ကွယ်ရာတွင် တီးတိုးပြောတတ်သည်။ အသက် ၅ဝ ကျော်ပြီမို့ ဆံပင်တွေ တချို့တစ်ဝက်ဖြူလာပြီ ဖြစ်သော်လည်း သူက လူမြင်ခံသူမဟုတ်။ နည်းတုန်း
ကတော့ ဆံရင်းနားကပ်ပြီး ညှပ်ပစ်တတ်သည်။ များလာတော့ ဆေးကူသည်။ မျက်နှာတွင်လည်း သနပ်ခါးအပြတ်မခံ။ ခရေတို့လိုပင် ပရိုမီနာကို ခပ်ပါးပါးခံပြီးမှ ရှင်မတောင် စစ်စစ်ကို လိမ်းတတ်သူ ဖြစ်လေသည်။ အင်္ဂလန်ဖြစ် တပ်ချ်အင်ဂလိုးပေါင်ဒါကိုလည်းကောင်း၊ ရက်ဗလွန် နှုတ်ခမ်းဆိုးဆေး အရောင်ပြေပြေလေးများကိုလည်းကောင်း သုံးဆဲပင်ဖြစ်သည်။ ထို့ကြောင့်လည်း အလှူ၊ မင်္ဂလာဆောင်ရှိ၍ သွားကြ
လျှင် အမေ့ကို “သမီးတွေနဲ့ ညီအစ်မလိုပဲ”ဟု ပြောလေ့ရှိကြလေသည်။
ခရေတို့အဖေ ဦးကြာညိုကတော့ သူ၏အစ်မကြီး ဒေါ်ကြာဖြူနှင့် တစ်ဂိုဏ်းတည်းဖြစ်သည်။
“ဆံပင်ဆိုးဆေးတွေက ကောင်းတာမဟုတ်ဘူး၊ အခန့်မသင့်လို့ ကိုယ်နဲ့မတည့်ရင် ရောဂါတောင် ဖြစ်တတ်သေးတယ်”
ဟု ရေရွတ်ရင်း သူ့ဆံပင်ဖြူ၊ တစ်ဝက်၊ နက်တစ်ဝက်တွေကို ဒီအတိုင်းပင် လွှတ်ထားတတ်သည်။
“ဆံပင်ဖြူကြောင်ကျားနဲ့ ကြည့်မကောင်းပါဘူးကွယ်” ဟု ဇနီးဖြစ်သူက လေပျော့လေးနှင့် ချော့သော်လည်းမရချေ။
ထို့ကြောင့် ခရေတို့အိမ်တွင် ဆံပင်တွေ အကုန်လုံး ဖွေးဖွေးဖြူနေသော အဘိုး၊ ဆံပင်အနက် ဆယ်ပုံတစ်ပုံခန့်သာ ကျန်သောအဘွား၊ လေးပုံတစ်ပုံခန့် ကျန်နေသေးသော ကြီးကြီးဖြူနှင့် တစ်ဝက်
ခန့် ကျန်နေသေးသော အဖေဟူ၍ ဆံပင်ဖြူသူ ၄ ဦး ရှိနေလေသည်။
အမေကတော့ ဆေးကူနေသူဖြစ်၍ ဆံပင်ဖြူတွေထဲ ရောမတွက်ဘဲ ချန်လှပ်ထားပါသည်။
“ငါတို့အိမ်မှာ ဆံပင်ဖြူ ၄ ယောက်ရှိတယ်၊ အဲဒီ ၄ ယောက်လုံးကလည်း အင်္ဂလိပ်ရဲ့ ကျွန် ဖြစ်ခဲ့ဖူးကြတယ်”
မြန်မာ့သမိုင်း၏ သက္ကရာဇ်များကို အရည်ကျိုသောက် နေသော ကြီးကြီးဒေါ်ကြာဖြူက မကြာခဏ ပြောတတ်သည်။ လွတ်လပ်
ရေးရချိန်တွင် ကြီးကြီးက ၅ နှစ်ခန့်အရွယ်၊ ဖေဖေက ၃ နှစ်အရွယ်ခန့်ရှိပြီဖြစ်သည်ကို အဘိုးတို့ အဘွားတို့ မကြာခဏ ပြောပြတတ်၍ ခရေ
တို့လည်း သိပြီးဖြစ်သည်။
“လွတ်လပ်ရေးကို ဆောင်းတွင်း မနက်အစောကြီးမှာ ကြေညာတာလေ၊ သမီးတို့အဘိုးက ညကတည်းက အိမ်ရှေ့မှာဝါးလုံးတိုင် စိုက်ထားတာ၊ တို့တစ်တွေရဲ့ မြန်မာ့အလံဆိုတာ အဲဒီကျမှ တိုင်ပေါ်တက်ရတာမဟုတ်လား၊ အဘိုးကတော့ ဝမ်းသာလွန်းလို့တလှုပ်လှုပ် တချောက်ချောက်နဲ့ အဲဒီညက အိပ်မှအိပ်ရဲ့ လားမသိပါဘူးကွယ်၊ မနက် ၃ နာရီ
ခွဲလောက်ကျတော့ တစ်အိမ်လုံးကို အတင်းလိုက်နှိုးတာပဲ၊ ကလေး တွေရော၊ လူကြီးတွေရော အကုန်ထ၊ အိုကွယ်-သမီးတို့ဦးလေးငယ်က အဲဒီ
တုန်းက ၄ လသားလေးပဲ ရှိသေးတာ၊ သူ့ကိုလည်း ဂွမ်းစောင်ကြီးနဲ့ပတ်ပြီး ပွေ့ချီခဲ့ရတယ်၊ ၄ နာရီထိုးတော့ အမြောက်တွေ တဒိန်းဒိန်းနဲ့ပစ်ပြီး လွတ်လပ်ရေးကြော်ငြာတာပေါ့ ၊ အဘွားတို့လည်း အမြောက်သံတွေကြားတော့ ညကတည်းက အသင့်ပြင်ထားတဲ့ မြန်မာ့အလံလေးကို တိုင်ပေါ်လွှင့်တင်ပြီး ကမ္ဘာမကျေသီချင်းဆိုကြတယ်၊ နှင်းမှုန်တဖွဲဖွဲ
ထဲမှာ မြန်မာ့အလံလေး တဖျပ်ဖျပ်လွင့်နေတာကိုကြည့်ရင်း" ကမ္ဘာမကျေ” သီချင်းဆိုရတာ ကြည်နူးတက်ကြွလွန်းလို့ မျက်ရည်တောင် လည်တယ်ကွယ်၊ အဘွားတို့မှာ အဲဒီအချိန်ကျမှ "ဒါတို့ပြေ ဒါတို့မြေ၊
တို့ပိုင်တဲ့မြေ” လို့ ရဲရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် ဟစ်ပြီးဆိုနိုင်ခဲ့တာ မဟုတ်လား”
အပြောကောင်းသူ အဘွားက တမ်းတလွမ်းမောစွာ ပြောပြတတ်သည်၊ မြေးတွေကို မျက်နှာသာမပေးဘဲ ခပ်တည်တည်၊ ခပ်တင်းတင်း ဆက်ဆံလေ့ရှိသော အဘိုးပင်လျှင် ထိုအကြောင်းကို ပြောပြရ
လျှင် မျက်နှာချိုနေလေ့ရှိသည်။
“အဲဒီတုန်းက အဘိုးတို့က စမ်းချောင်းရပ်ကွက်ထဲမှာလေ။ရပ်ကွက်ဆိုတော့ အိမ်ခြေတွေက ဆက်တယ်လေ၊ အဘိုးတို့ ကမ္ဘာမကျေ ဆိုကြတော့ ဘေးအိမ်တွေကလည်း ခေါင်းပြုလာကြတယ်။နောက်ပြီး သူတို့လည်း ဝိုင်းဆိုကြရော၊ ဘာပြောကောင်း မလဲ၊ 'ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ”ဆိုတဲ့ နေရာကျတော့ အသံကို ဟိန်းနေတာပဲ”
“နောက်ပြီး အဖေက အမျှပေးသေးတယ်လေ”
ထိုနေ့နံနက်ကအကြောင်းကို မှတ်မိနေသေးသော ကြီးကြီး ဒေါ်ကြာဖြူကလည်း ဝင်၍ ထောက်တတ်သည်။ ထို အကြောင်းတွေကို ခရေတို့သိပြီးသားဖြစ်သော်လည်း နားထောင်၍မဝပေ။ ပြန်ပြောင်း၍ ပြောလေတိုင်း ကြည်နူးတက်ကြွမှုအပြည့်နှင့် တငေးတမော နားထောင်တတ်မြဲ ဖြစ်သည်။ကမ္ဘာမကျေသီချင်းဆိုအပြီးတွင် ရုတ်တရက် စိတ်ကူးပေါက်လာသောအဘိုးက မြန်မာ့လွတ်လပ်ရေးအတွက် အသက် ပေးလှူသွား
ကြသော ရဲဘော်ရဲဘက် အပေါင်းတို့ ကို ရောက် ရာဘုံ ဘဝမှသာဓုခေါ်ရန် ပြုပြုသမျှ ကုသိုလ်အစုစုကို အမျှပေးသည်ဟု ဆိုသည်။
“အဲဒီတုန်းကလည်း အားလုံးက ဝိုင်းပြီးအမျှပေးကြတာ အသံတွေကို ဟိန်းနေတာပဲ၊ အိမ်ရှေ့အိမ်က ဘဘကြီးဆိုရင် မျက်ရည်တွေကျလို့”
“ဟုတ်တယ် အဲဒါဦးဘဝင်းကြီးလေ၊ သူ့သားနှစ်ယောက်လုံးက တော်လှန်ရေးရဲဘော်တွေ၊ နှစ်ယောက်လုံးလည်း ပြန်ရောက်မလာကြတော့ဘူး၊ ထိန်တော မိုးညိုဘက်မှာ ကျသွားတယ် ပြောတာပဲ”
ထိုနေ့က အကြောင်းတွေကို ရေးရေးလေးသာ မှတ်မိသော ခရေတို့အဖေ ဦးကြာညိုက ဦးဘဝင်းကြီးကိုတော့ အနည်းငယ် မှတ်မိသည်။ ဂွမ်းစောင်နှင့်ပတ်ပြီး ရင်ခွင်ထဲတွင်ပွေ့ထားသော သူ၏ ညီလေးက ရှူရှူးတွေပန်းချသဖြင့် စောင်ကြီးတစ်ခုလုံး ရွှဲရွှဲစိုခဲ့ကြောင်းကိုလည်း မှတ်မိသည်ဟု ဆိုသည်။
“အဲဒါတောင် လမ်းထိပ်က အဘွားကြီး ဒေါ်မေရီတို့အိမ်က နားငြီးလိုက်တာလို့ ပြောသေးတယ်ဆို”
“အေး-အဲဒါလည်း ဟုတ်တာပဲ၊ သူတို့က အင်္ဂလိပ်ကို ဘုရားလို ကိုးကွယ်တဲ့ အမျိုးတွေလေ၊ အဲဒီလိုဟာမျိုးတွေကတော့ ခေတ်တိုင်း၊စနစ်တိုင်းမှာ ရှိနေတာပဲ၊ တစ်တိုင်းတစ်ပြည်လုံးက ကြည်နူးဝမ်းသာ
လွန်းလို့ မျက်ရည်လည်နေရတဲ့အချိန်မှာ သူတို့က သူတို့ သခင်ကြီးတွေ ပြန်ရင် ခက်ရချေရဲ့ဆိုပြီး မျက်ရည်ကျကြသတဲ့”
အဘိုးက မြန်မာ့တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ အင်္ဂလိပ်ခေတ်က အတွင်းဝန်ရုံးကြီးကို ဝိုင်းပြီး သပိတ်တားရာတွင်လည်း ရှေ့ဆုံးက ပါခဲ့သည်။ ဂေါ်ရာပုလိပ် နံပါတ်တုတ်နှင့်လိုက်ရိုက်၍ သူရိယ သတင်းစာတိုက်ထဲ ဝင်ပြေးရကြောင်းကိုလည်း စိတ်လိုလက်ရ ပြောပြတတ်သည်။
“ကျွန်ဘဝရဲ့ ခါးသီးတဲ့အရသာကိုကျွန်ဖြစ်ဖူးမှပဲ သိကြတော့တာပဲ၊ ငါ့မြေးတွေက ကျွန်အရသာကိုမသိတော့ လွတ်လပ်ရေး တန်ဖိုးကိုလည်း သိပ်မသိကြတော့ဘူးထင်ပါရဲ့ ကွာ”
တစ်ခါတစ်ရံတော့ အသံပျော့ပျော့နှင့်ပြောကာ ငေးနေတတ်သည်။
“ဟုတ်တယ် စစ်ဆိုတာ ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာကိုလဲ ကြုံဖူးမှသိတာ၊ မကြုံဖူးတော့ မကြောက်ကြဘူး”
“ကြောက်ပါတယ်အဘွားရဲ့ ၊ တီဗွီသတင်းတွေမှာ တွေ့နေရတာပဲ”
စစ်၏အနိဋ္ဌာရုံများကို နိုင်ငံခြားသတင်းတွင် တွေ့ရတတ်၍ ခရေတို့လည်း စစ်ကိုကြောက်သည်ပင်။
“သမီးတို့ ကြောက်တယ်ဆိုတာ အပေါ်ယံကြောက်တာ၊အဘွား တို့ကတော့ ကြုံခဲ့ဖူးတော့ အသည်းထဲ၊ အရိုးထဲကို စိမ့်နေအောင်ကြောက်တာ၊ လက်ပံတန်းကို အင်္ဂလိပ်ဗုံးချတော့ အဘွားတို့က အဲဒီမှာပေါ့၊ ပြေးစရာကို မြေမရှိဘူး၊ မြေကြီး တစ်ခုလုံးလည်း သိမ့်သိမ့်တုန်နေတာ၊ စပါးကျီအောက်ဝင်ပြီး ဝပ်နေရတယ်၊ စပါးတွေဆိုတာ ဝေါခနဲ ဝေါခနဲ ပြိုဆင်းကုန်တာ၊ ဒီထက်မက ပြိုရင်လည်း စပါးပိပြီး သေမှာပဲ၊အပြင်မှာလည်း သေလိုက်တဲ့လူတွေဆိုတာ သောက်သောက်လဲ၊ သွေးရဲရဲသံရဲရဲနဲ့ မမြင်ဝံ့စရာ၊ အိုကွယ် တကယ့်ကို ငရဲပြည်ပါပဲ၊ အခုတွေး
ရင်တောင် အခုကြောက်သေးတယ်၊ အိမ်ပေါ်တည့်တည့် ဗုံးကျပြီး တစ်အိမ်သားလုံး သေကုန်တာတွေလည်း အများကြီး”
စစ်အကြောင်းကို ပြောလျှင်တော့ အဘွား၏မျက်နှာလေးက ဆီးရွက်ခန့်ပင် ငယ်သွားဟန်ရှိသည်။
“လူကြီးတစ်ယောက်ရှိသေးတယ်၊ သူ့အိမ်ရော၊ မိသားစုတွေ အကုန်လုံးရော ဗုံးထဲပါသွားတာလေ၊ သူတစ်ယောက်တည်း အိမ်ပြင်ရောက်နေလို့ လွတ်သွားတာတဲ့၊ သူကတော့ ဘာမှမပြောဘူး၊ ထီး
အနက်ကြီးတစ်ချောင်းကို ဆောင်းရင်း အိမ်ရှေ့မှာ ငုတ်တုတ်ကြီး ထိုင်နေတော့တာပဲ၊ ဘာမှလည်းမစား၊ ဘာမှလည်းမသောက်၊ အဲဒီပြာပုံ အပျက်ကြီးကိုပဲ မျက်တောင်မခတ် ကြည့် နေတော့တာ”
“အဘွားကလည်း ဘာလေးညာလေး သွားမကျွေးဘူးလား”
ခရေတို့က ပြောလျှင်တော့ အဘွားက မျက်စောင်းလေး မသိမသာခဲကာ သက်ပြင်းချတတ်သည်။
“သူ့ကို သွားကျွေးဖို့နေနေသာသာ အဘွားတို့တောင် ကလေးတွေ တန်းလန်းနဲ့ ဘာစားလို့ စားရမှန်းမသိဘူး၊ လူတိုင်း လူတိုင်းက အပူမီးတွေလောင်နေတာ ဘယ်သူကမှ ဘယ်သူ့ကိုမှ နှစ်သိမ့်အားပေး
မနေနိုင်ကြပါဘူး မြေးတို့ရဲ့ ”
“နောက်တော့ရော”
“လေးငါးခြောက်ရက်တော့တွေ့နေတာပဲ၊ နောက်တော့လည်း ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး၊ ပြီးမှသာ အေးအေးဆေးဆေး ပြန်စဉ်းစားမိတာပါ၊ အဲဒီတုန်းကတော့ ကိုယ့်မှာလည်းအပူမီးတွေ
လောင်နေတော့ ဘယ်ပြေးလို့ ပြေးရမယ်မှန်းကိုမသိပါဘူး၊ ကလေးတွေက တစ်ဖက်၊ ဗိုက်ထဲမှာလည်း ကိုယ်ဝန်နဲ့၊ သမီးတို့အဘိုးက တော်လှန်ရေးမှာ လျှို့ဝှက်ပါဝင်နေတော့ ကင်ပေတိုင်ဆွဲသွားမှာလည်း တထိတ်ထိတ် ကြောက်နေရတာ၊ ဒီကြားထဲ အင်္ဂလိပ်တွေရဲ့ ဗုံးကလည်း မညှာမတာကို ချတာ၊ အပူမီးတွေကို ပတ်လည်ဝိုင်းလို့ ၊ ဘုရားရှိခိုးရင်
ဒီစစ်ဘေး စစ်ဒဏ်က လွတ်ရပါလို၏လို့ပဲ အထပ်ထပ် ဆုတောင်းနေမိတာဘွဲ့၊ တစ်မိသားစုလုံး ဒီစစ်ဘေးစစ်ဒဏ်က လွတ်မယ်ဆိုရင်
ငါးပါးသီလကို တစ်သက်ပတ်လုံး လုံအောင်ထိန်းပါ့မယ်လို့ အဓိဋ္ဌာန်ပြုခဲ့တာ”
အဘွား၏ဆုတောင်းကြောင့်လားတော့မသိ၊ မိသားစု အကုန်လုံး စစ်ဘေး စစ်ဒဏ်ကို ဘေးမသီရန်မခဘဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။အဘွားကလည်း ငါးပါးသီလကိုလုံနေအောင်ထိန်းလိုက်သည်မှာ အခြား ကံများကို မဆိုထားနှင့်၊ ပြောင်သလို နောက်သလိုပင် လိမ်ညာ၍ မပြော တတ်တော့ပေ။
သို့သော် ခုတလောတော့ အဘွားခမျာ ငါးပါးသီလကို လက်တစ်လုံးခြား လုပ်နေရရှာသည်။ တရားခံကတော့ မောင်အောင်ဇေယျဖြစ်သည်။ အောင်ဇေယျကို အဘွား၏မြေးဖြစ်သူ သပြေမှ မွေးထားခြင်းဖြစ်၍ မြစ်တော်သည်။ အသက်ကတော့ ၄ နှစ်ရှိပြီဖြစ်သည်။ ၄ နှစ်ဆိုတော့လည်း ၄ နှစ်တို့ထုံးစံအတိုင်းဆော့လိုက်သည်မှာမိုးပျံနေသည်။
သူမို့လို့ မူကြိုကျောင်းက ပြန်ရောက်လာလျှင် ခုတင်ပေါ်တက် ကျွမ်းထိုး၊ စားပွဲပေါ်တက် ခုန်ချ၊ ကုလားထိုင်တွေဆက် တံတားလုပ်၊ လွှားခနဲ
ကားခနဲ သိုင်းကျင့်နှင့်မို့ မျက်စိရော နားပါ နောက်နေရသည်။အခုတော့ ဆော့ရုံတင်မကတော့ မောင်အောင်ဇေယျက ဖျက်ဆီးရေးဘက်သို့ ရှေး
ရှုလာသည်။ အဘိုး၏စိပ်ပုတီးကိုယူပြီး ခရေ၏မောင် သူ၏ဦးလေး မောင်စစ်အေး မွေးထားသော ရွှေငါးအလှကန်ထဲ ထည့်ထားသည်။
အဘွား၏မျက်မှန်ကိုလည်း သူ၏ဝက်ဝံရုပ်တွင် တပ်ပေးထား၍ သုံးလေးရက်ခန့် ရှာမတွေ့ဘဲ ဖြစ်ခဲ့ရသည်။ ကြီးကြီး ဒေါ်ကြာဖြူ၏ နီပြာတံတွေကိုလည်း ရွက်လှပန်းအိုးထဲတွင် စီတန်းပြီး စိုက်ထားသည်။သပြေ၏ဆံညှပ်ကို ခြင်ဆေး ခွက်ထဲထည့်ထားပြီး ခရေ၏ နှုတ်ခမ်းဆိုးဆေးတောင့်လည်း မီးဖိုချောင်က အာလူးခြင်းထဲ ရောက်ခဲ့ရဖူးသည်။သပြေ၏ ခင်ပွန်းဖြစ်သူ အောင်ဇေယျ၏ဖခင်ကတော့ သူ့သားကို ခပ်စပ်စပ်လေး ရိုက်လေ့ရှိသည်။
“အောင်ဇေယျ မင်းဟာလေ အိမ်ရဲ့ ဆည်းလည်းမကတော့ဘူး၊လင်းကွင်းကြီးလား၊ ဝါးလက်ခုပ်ကြီးလား တစ်ခုခု ဖြစ်နေပြီ၊ မင်းမို့ ရောက်လာရင် ဗြောင်းဆန်ကုန်တာပဲ”
“ကလေးမို့ဆော့တာ ဆန်းသလားဟဲ့”
ကြီးကြီးဒေါ်ကြာဖြူက သူ့မြေးလေးဘက်မှ ရှေ့နေလိုက်တတ်သည်။ သို့သော်လည်း ကွယ်ရာကျလျှင်တော့ “ဆော့ပဲ ဆော့တတ်လွန်း
တယ်ကွယ်” ဟု ညည်းတတ်သည်။ ညနေရောက်လာလျှင် "အဘွားရေ ကျွန်တော့်မှတ်စုစာအုပ်တွေ ပျောက်နေပြန်ပြီ၊ အောင်ဇေယျ ယူသွား
တာ တွေ့မိလား' 'အဘွားရဲ့ ခရေ ခရင်ပတ်ဘူး အောင်ဇေယျ ကိုင်တာများ သတိထားမိလား” ဟူ၍လည်းကောင်း၊ “အောင်ဇေယျ နင် ငါ့ ဂဏန်းတွက်စက် ယူဆော့ပြန်ပြီလား၊ အဘွားကို မေးမှာနော်” ဟူ၍လည်းကောင်း၊ “ဟေ့ ဒီစားပွဲပေါ်က နှိုးစက်နာရီမရှိတော့ဘူးနော်၊ငါတော့ အောင်ဇေယျပဲ ထင်တာပဲ၊ အဘွားရဲ့ခုတင်အောက် သွားကြည့်စမ်း” ဟူ၍လည်းကောင်း အသံဗလံများက ဆူညံလာမြဲ ဖြစ်သည်။
နံနက်စောစောထ၍ လမ်းလျှောက်သော ဦးကြာညိုက နာရီနှိုးစက် ပေးပြီး ထလေ့ရှိသည်။ သို့သော် အောင်ဇေယျက ထိုနာရီကို လစ်လျှင်လစ်သလို ယူပြေးပြီး အဘွား၏ခုတင်အောက် လာထည့်တတ်သည်။နံနက်ငါးနာရီထိုးလျှင် ဦးကြာညိုက မနိုးဘဲ အဘွားသာ နိုးရသော အကြိမ်ကလည်း များလှချေပြီ။
ထို့ကြောင့်လည်း ညနေတိုင်ရောက်လျှင် “အဘွားမတွေ့မိဘူးလား' 'အဘွား သတိထားမိလား” အဘွားမမြင်မိဘူးလား” ဟူသော တစ်ယောက်တစ်ပေါက် ပြောကြသောအသံများကို ကြားရတော့သည်။
မြင်တိုင်းတွေ့တိုင်းသာ ပြောရလျှင် မောင်အောင်ဇေယျခမျာလည်း သူ့အဖေလက်ချက်နှင့် ကျောကော့ရတော့မည်မို့ အဘွားက ရေငုံကာ နေချင်
သည်။ တိုက်ရိုက်မေးလာကြတော့လည်း လက်တစ်လုံးခြားရှောင်ကာ တွေ့သည်လည်းမပြော၊ မတွေ့ဘူးလည်း မပြောဘဲနှင့် `သိပါဘူးကွယ်”ဟု ခပ်ပျော့ပျော့လေး ပြောနေရတတ်သည်။
အဘိုးကလည်း သားသမီးတွေ မြေးတွေနှင့်ခပ်တည်တည် နေတတ်သော်လည်း သူ၏မြစ် အောင်ဇေယျကိုတော့ အတန်ငယ် အချစ်သည်းသည်။ စားဦးစားဖျားအထွတ်တမြတ်ဖြစ်သော ပန်းသီး၊ လိမ္မော်သီးလေးများကိုလည်း သူတို့စားပြီးလျှင် အောက်ဝိုင်းချမပေးဘဲ ပက်လက် ကုလားထိုင်နှစ်လုံးကြားက စားပွဲပေါ်တွင် တင်ထားလိုက်သည်။
အောင်ဇေယျ ကျောင်းပြန်မှ သူ့မြစ်ကလေး၏ လက်ထဲသို့တစ်ပန်းကန် လုံး ထည့်ပေးတတ်သူဖြစ်လေသည်။ အောင်ဇေယျမို့လို့ အရိုက်ခံနေရ လျှင် အဘိုး၏ မျက်နှာကတင်းနေတတ်သည်။
အောင်ဇေယျ လုပ်ပေါက် တွေက ရိုက်လည်း ရိုက်ချင်စရာမို့ သူ့အဖေက ဆုံးမနေခြင်း ဖြစ်သော် လည်း အဘိုးက မကြိုက်ချင်ပေ။
သည်နေ့တော့ အဘိုးနှင့် အောင်ဇေယျ သိပ်ပြီး မတည့်ချင်တော့ပေ။ အောင်ဇေယျကိုမြင်လျှင် အဘိုးက မျက်မှောင်ကြီး ကုတ်နေပြီး အောင်ဇေယျကလည်း အဘိုးနား သိပ်မကပ်တော့ပေ။ ပြဿနာက
တော့ အမည်နာမက စခြင်းဖြစ်သည်။
“အဘိုး”
“ဘာတုံးဟ”
“ဒီမှာ အဘိုးရ၊ တားနံမည်ကို ပေါင်းပေးပါလား”
အောင်ဇေယျသည် စကားမပီသေး၍ ပေါင်းပေးပါလား ဆိုခြင်းသည် ပြောင်းပေးပါလားဟု အဓိပ္ပာယ်ရကြောင်း အဘိုး သိလေသည်။ ဒီနာမည်ကို ပြောင်းပေးပါလားဆိုတော့ အဘိုး အတန်ငယ်
မျက်လုံးပြူးသွားသည်။ အောင်ဇေယျဟူသော အမည်သည် သူပေးထားသော အမည်ဖြစ်သည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏အမည်ကို ယူထားခြင်းဖြစ်သည်။ အခု သူ ဂုဏ်ယူမြတ်နိုးစွာ မှည့်ခေါ်ထားသောအမည်ကို
သူ၏မြစ်တော်မောင်ကလေးက ပေါင်းချင်သည် အဲ-ပြောင်းချင်သည်တဲ့။
“သားက ဘယ်လိုပြောင်းချင်လို့လဲ”
“ကျန်ကျောင်း”
အဘိုး၏မျက်နှာလည်း ရှုံ့သွားသည်။
“ကျန်ကျောင်းက တိတ်တော်တာ အဘိုးရ၊ တိုင်းချလိုက်ရင် ဟာသီလို ဟောသီလို လေထဲမှာလည်း ပန်နိုင်တယ်”
“ပျံနိုင်တယ်လား”
“ဟုတ်တယ် အဘိုးရ၊ ဓားကြီးကိုကိုင်ရင်း လေထဲမှာပန်တာ ဖတ်ဖတ် ဖတ်ဖတ်နဲ့”
အဘိုးက ညစောစောအိပ်တတ်သူမို့ ရုပ်မြင်သံကြား ဖန်သားပြင်တွင် ထင်လာသော ကျန်ကျောင်းတို့၊ ချိန်ထယ်ရီးတို့ကို မသိပေ။မောင်အောင်ဇေယျကတော့ သူ့အမေ၊ အဖေသာမက ဦးလေး အဒေါ်များနှင့်ပါ ကျန်ကျောင်းမလာမချင်း စောင့်ကြည့်တတ်သူ ဖြစ်နေသည်။
“ကျန်ဆိုတာ ကြိုက်ရင်တော့ သား ကျန်စစ်သားလို့ ပြောင်းကွာ”
“ကျန်ချစ်တာချိုတာ တော်လား”
“ဟ-တော်ပြီလားကွ၊ ပုဂံခေတ်သူရဲကောင်းသားရဲ့”
“ပုဂံခေတ်ချိုတာ ဘာလဲ”
“မြန်မာနိုင်ငံအစပေါ့၊ ပထမ မြန်မာနိုင်ငံပေါ့ ”
အဘိုးက ရှင်းပြသော်လည်း အောင်ဇေယျက နားလည်ဟန်မတူ။ နောက်ထပ်ပြီး အရေးဆိုသည်။
“အဘိုးက ကျန်ကျောင်း မကြိုက်ဘူးလား”
“မကြိုက်ဘူးကွ”
“ဒါဆိုရင် တားကျန်ကျောင်းမလုပ်တော့ပါဘူး၊ ဝုကျိပဲလုပ်မယ် "
“ဟာ-လုပ်ကြပါဦး၊ ဝုကျိဆိုတာ ဘာလဲဟ”
အဘိုးက အော်သည်။ မောင်အောင်ဇေယျက လက်တွေ ခြေတွေ မြှောက်ကာ ခုန်ပေါက် ပြေးလွှားပြီး သိုင်းကစားပြသည်။ ဪ...ဝုကျိသည်လည်းပဲ သိုင်းမင်းသားဟု ဆိုပါလား။
“ဒီမှာ အောင်ဇေယျ”
အဘိုးက ခပ်တင်းတင်းခေါ်သည်။ အသက်သာ ကြီးသော်လည်း ကျန်းမာဆဲဆိုတော့ အသံကလည်း မာဆဲပင်။
“မင်းနာမည် အောင်ဇေယျမှတ်ထား၊ အောင်ဇေယျဟာ အောင်ဇေယျပဲ၊ အောင်ဇေယျကလွဲလို့ ဘာနာမည်မှ မပြောင်းရဘူး၊နောက် တစ်ခါ လာမပြောနဲ့ သွား”
အဘိုးကအော်တော့ အောင်ဇေယျ လန့်သွားသည် ။
ဆုတ်ကန်ကန်နှင့် ထွက်သွားသည်။ အဘွားက လှမ်းခေါ်သည်ကိုပင် အနား မကပ်တော့ချေ။
အိမ်က ပြဿနာကို မသိသော ခရေက ညနေကျတော့ သူ့တူအတွက် ကျန်ကျောင်းဦးထုပ်နှင့် ကျန်ကျောင်းဓားကို ပုဇွန်တောင်ပွဲဈေးမှ ဝယ်လာသည်။ မောင်အောင်ဇေယျ ဝမ်းသာလိုက်သည်မှာ ဆို
ဖွယ်ရာမရှိတော့ပြီ။ ကျန်ကျောင်းဦးထုပ်ကို ဆောင်းပြီး ဓားကို လက်မှာကိုင်ကာ တလွှားလွှားနှင့် ဓားခုတ်နေသည်။
“ညည်းတို့ကလည်း အေ၊ ဗန္ဓုလဦးထုပ်လေး ဘာလေး ဝယ်ခဲ့ရောပေါ့ ”
အိမ်က ပြဿနာကို သိနှင့်ထားသော ခရေတို့အမေက တိုးတိုးတိတ်တိတ်ပြောသည်။ပက်လက်ကုလားထိုင်ပေါ်တွင် ခပ်ငူငူထိုင်နေ
သော အဘိုးကို လက်တို့ပြီး ပြသည်။
“အမေကလည်း ပွဲဈေး တစ်ဈေးလုံး ကျန်ကျောင်းဦးထုပ်နဲ့ဓားတွေပဲ တွေ့တာ၊ ဗန္ဓုလဦးထုပ်မတွေ့တော့ဘူး အမေရဲ့၊ နောက်ပြီး တွေ့လို့ ဝယ်လာတော့ရော အမေ့မြေးက ကြိုက်မှာလား”
ခရေက ခပ်တိုးတိုးပြန်ပြောရသည်။ အဘိုး၏မျက်နှာ မသာယာတော့ စိတ်ထဲတွင် လန့်နေသည်။ ထို့နောက်မှ အားတင်းပြီး အဘိုး
နှင့်အဘွားအတွက် ဝယ်လာသော ရေမုန့်ကို စားပွဲပေါ်သွားတင်သည်။ခါတိုင်း ရေမုန့်ကိုမြင်လျှင် အဘိုးက မသိမသာ ပြုံးသွားတတ်သည်။
“ရေမုန့်လားဟေ့” ဟု မေးတတ်သည်။ ဒီနေ့တော့ ဘာမှမမေးဘဲ တစ်ချက်သာ စောင်းကြည့်သည်။ ခဏနေမှ 'မကြာဖြူကို လွှတ်လိုက်စမ်း” ဟု ပြောသည်။
ကြီးကြီးဒေါ်ကြာဖြူရောက်တော့ ...
"အဘိုးက နင် သမိုင်းသင်နေပြီးတော့ ကလေးကိုတော့ ဘာမှပြောမပြဘူးလား” ဟု မေးသည်။ ငါတို့မှာလည်း ပြောပြစရာတွေစုံလို့ ၊ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ၊ သမိန်ဗရမ်း နောက်ပြီး နောက်ပြီး”
အဘိုးစကားကို ကြီးကြီးဒေါ်ကြာဖြူက ဆက်သည်။
“အလောင်းစည်သူ၊ နရပတိစည်သူ၊ သတိုးမင်းဖျား၊ ဆင်ဖြူရှင်၊ အလောင်းမင်းတရား၊ ရာဇဓိရာဇ်၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ မြဝတီမင်းကြီးဦးစ၊ ဗန္ဓုလ၊ အဲ…”
ဗန္ဓုလကိုပြောပြီး ကြီးကြီးဒေါ်ကြာဖြူ ထစ်သွားသည်။ ဗန္ဓုလကို ပြောမိလျှင် ဗန္ဓုလဦးထုပ်ဝယ်မလာသော ခရေကို အော်လေဦးမလား ဟု တွေးမိသောကြောင့် ဖြစ်သည်။ သို့ သော် အဘိုးက
မသိမသာ သက်ပြင်းသာ ချလိုက်သည်။
“အေး- အဲဒီသူရဲကောင်းတွေအကြောင်းလည်း နင့်မြေးလေးသိအောင် ပြောပြဦးမှပေါ့”
“ဟုတ်ကဲ့ပါ အဖေရဲ့”
ဒေါ်ကြာဖြူက ခေါင်းညိတ်သည်။အဘိုးက ခါတိုင်းလို ဒေါသမကြီးဘဲ အေးအေးဆေးဆေးပြော၍ စိတ်သက်သာရာ ရသွားပုံရသည်။
ညကျတော့ မြေးအဘွားနှစ်ယောက် တွတ်ထိုးနေကြသည်ကို ခရေတို့ တွေ့ကြရသည်။
“လာ သား၊ လာ ဒီတစ်ခါ ဖွားဖြူက မြန်မာသူရဲကောင်းတွေ အကြောင်း ပြောပြမယ်”
“တားက ဝုကျိုအကြောင်းပဲ တိချင်တာ”
“ဝုကျိအကြောင်းက ကြည့်နေရသားပဲ သားရယ်၊ အဘွားပြောပြမယ့် သမိန်ဗရမ်းဆိုတာက တရုတ်စစ်သူကြီးကို နိုင်ခဲ့တဲ့ သူရဲကောင်းအကြောင်း သား နားမထောင်ချင်ဘူးလား”
“တားနာမည်ကို ပေါင်းပြီးတော်လေ၊ ဒါချို နားထောင်မယ်”
“ဘာလဲ ကျန်ကျောင်းလို့ ပြောင်းခေါ်ရမှာလား၊ မင်းနော် အဘိုးက တီးလိမ့်မယ်”
ကြီးကြီးဒေါ်ကြာဖြူက အဘိုးနှင့်လှည့်ကာ ခြောက်သည်။အောင်ဇေယျကလည်း ခေါင်းမာသည်။
“တားကတော့ ကျန်ကျောင်း”
“သား နော်”
“ဒါချိုရင် ဝုကို”
အောင်ဇေယျက အရေးဆို၍ မဆုံးတော့ပေ။ ကြီးကြီး ဒေါ်ကြာဖြူပဲ ချော့နိုင်မလား၊ အောင်ဇေယျပဲ ဂျီကျနိုင်မလား၊ ခရေတို့ အားလုံး စိတ်ဝင်စားနေကြသည်။ နာရီဝက်ခန့်ကြာသည်အထိ သမိန်ဗရမ်း
က ပေါ်မလာသေး၊ တရုတ်စစ်သူကြီး ဂါမဏိလည်း ဘယ်ရောက်နေမှန်း မသိ။ ဒါချိုရင် ဝုကျိ လုပ်နေသော မောင်အောင်ဇေယျကို ချော့နေရတုန်းပင် ဖြစ်သည်။
နောက်ထပ် ဆယ်မိနစ်လောက်နေတော့ သူတို့မြေးအဘွား အဆင်ပြေသွားသည်။ မြင်းပေါ်တွင် မတ်တပ်စီးကာ မြင်းရေး အမျိုးမျိုးပြနေသော တရုတ်စစ်သူကြီးဂါမဏိနှင့် မွန်သူရဲကောင်း သမိန်ဗရမ်း
တို့၏ အကြောင်းကို မျက်လုံးအဝိုင်းသားနှင့် နားထောင်နေသော မောင်အောင်ဇေယျကို တွေ့ကြရသည်။
“တမိန်ဘရမ်းက တိတ်တော်တာ အဘိုးရ” ဟု အဘိုးကို သွားပြောပြတော့ အဘိုးလည်း အနည်းငယ် ပြုံးလာသည်။
“ကြီးကြီး ဘယ်လိုများ စည်းရုံးလိုက်လဲဟင်”
ခရေက တိုးတိုးကြိတ်ကြိတ်မေးတော့" ပြောချင်တော့ပါဘူးအေ” ဟု ပြောရင်း ကြီးကြီးက စိတ်ညစ်လက်ညစ်နှင့် ရယ်သည်။
“နောက်ကျတော့ သူလည်း တစ်ထစ်လျှော့၊ ငါကလည်း တစ်ထစ်လျှော့ပေါ့ဟယ်၊ သူ့ကို အောင်ကျောင်း၊ ဒါမှမဟုတ် အောင်ဇေကျိလို့ ခေါ်ပါ့မယ်လို့ ကတိပေးလိုက်ရတယ်”
“ဟယ် အောင်ဇေကျိ”
“အေးဟယ်-ငါလည်း မတတ်နိုင်ဘူး၊ သူကောင်းကောင်း နားထောင်ရင်ပြီးရော၊ အဘိုးတော့ မသိစေနဲ့၊ တစ်ခါတလေ ခေါ်မယ်လို့ ပြောတော့မှ ကိုယ်တော်လေးက နားထောင်တော့တာ”
“ဘာလဲ အောင်ဇေကျိလို့ ခေါ်မှာလား၊ အောင်ဇေကျောင်းလို့ခေါ်မှာလား ဟိ-ဟိ”
“ဘယ်လိုခေါ်ခေါ်ပေါ့ ဟယ်၊ တို့မြန်မာသူရဲကောင်းတွေအကြောင်း သူလိုလိုလားလား နားထောင်လာရင် ပြီးတာပဲ”
ကြီးကြီးဒေါ်ကြာဖြူက ခပ်ဆတ်ဆတ်ပြောသည်။ အဘိုးက တာဝန်ပေးလိုက်၍သာ ဒီလောက်ချော့မော့ပြီး ပြောနေခြင်း ဖြစ်သည်။သူ့ခမျာ ကျောင်းတွင် တစ်နေ့လုံး စာသင်ခဲ့ရသည်ထက်ပင် ပင်ပန်းသွားဟန်ရှိသည်။
ထိုစဉ် မောင်အောင်ဇေယျက ယောင်လည်လည်နှင့် အနားကပ်လာသည်။ သူ့အဘွားကိုလက်ကုတ်ပြီး ခရေ့ကို မသင်္ကာသလို ပေစောင်းစောင်းနှင့်ကြည့်လေသည်။ ခရေလည်း မသိမသာ တစ်ဖက်လှည့်ကာ မကြားချင်ဟန်ဆောင်နေရသည်။ သူကောင်းသားလေးက အသံကို နှိမ့်ပြီးပြောသော်လည်း နားစွင့်ထားသော ခရေကတော့ ကြား
လိုက်ရသည်။
“ဘွားဘွားဖူ၊ တားကို ထုနတုန်းကလို မထော်နဲ့တော့”
“ဟင် ဒါဆို ဘယ်လိုခေါ်ရမလဲ”
“အောင်ရမ်းလို့ထော်”
“ဟင် အောင်ဇေရမ်း”
“ဟုတ်တယ် အောင်ရမ်း”
မောင်အောင်ဇေယျက ရင်ကော့ပြီး ထွက်သွားသည်။ဒေါ်ကြာဖြူ ခမျာမှာတော့ ငိုချင်သလို၊ ရယ်ချင်သလို မျက်နှာထားနှင့် ကျန်ခဲ့ရှာသည်။
“မခရေ ကြားလိုက်ရဲ့ လားတဲ့”
ခဏနေတော့ ဒေါ်ကြာဖြူက လှမ်းမေးသည်။
“ဟုတ်ကဲ့”
ခရေက ရယ်ဟဟနှင့် ဖြေသည်။
“အောင်ဇေရမ်းတဲ့နော်၊ ဘာမှတ်သလဲ”
ဒေါ်ကြာဖြူက ခရေ၏ကြိမ်းဝါးသံကြားတော့ ဣန္ဒြေမဆောင်နိုင်ဘဲ တသိမ့်သိမ့်နှင့် ရယ်သည်။ မောင်အောင်ဇေယျ၏ နာမည်အသစ်ကို အဘိုးကြားလျှင် ဘာများပြောလိမ့်မည်နည်းဟု သိချင်သော်လည်း အဘိုး၏နားသို့ ရောက်အောင် မည်သူမျှ သွားပြီး ပြောရဲလိမ့်မည် မဟုတ်ချေ။
“ဘာဖြစ်သလဲအေ၊ အောင်ဇေယာနဲ့စာရင်တော့၊ အောင်ဇေရမ်းက ကောင်းတာပဲဟာ”
“ဟုတ်တာပေါ့ ကြီးကြီးရဲ့၊ အားမလျှော့နဲ့၊ ဆက်သာပြော ကလေးဆိုတာ ဒီလိုပဲဟာ၊ အသိအကြားများလာရင် အား ကျလာမှာ အထင်ကြီးလာမှာပါ”
ဒေါ်ကြာဖြူက အသက်ကိုတဝကြီးရှိုက်၍ရှူကာ အားအင်တွေစုသည်။ နက်ဖြန်ကျလျှင် မြန်မာပြည်သူရဲကောင်းများ အကြောင်းကို မောင်အောင်ဇေရမ်း အဲ လေ၊ မောင်အောင်ဇေယျကို ပြောပြရဦးမည် မဟုတ်လား။
---------------
မစန္ဒာ
(ငွေတာရီ ၂ဝဝ၁ ဧပြီ)
#Typing_crd_ZawOo
No comments:
Post a Comment