#မဇ္ဈိမချစ်ခြင်းမေတ္တာ
#ချစ်ဦးညို
ဟုတ်တယ်။ သိပ်ချစ်တဲ့ ညီအစ်ကိုနှစ်ဦး။ သိပ် သံယောဇဉ်ကြီးကြတဲ့ ညီအစ်ကိုနှစ်ဦး။ အယုဒ္ဓယနန်းတော်တစ်ခုလုံးကတောင်မှ ကျွန်တော်
တို့ညီအစ်ကိုနှစ်ဦးရဲ့ သံယောဇဉ်ကို စံထားကြရတယ်။
“ကြည့်စမ်း... ဘုရင်ကြီးရဲ့ သားတော်နှစ်ပါး ရာမနဲ့ လက္ခဏညီနောင်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြသလဲ
ဘယ်လောက် တွယ်တာကြသလဲ” တဲ့။
( ၁ )
တစ်ခါတစ်ခါ အစ်ကိုက ကျွန်တော့်ရဲ့ ရွှေရောင်ဆံပင်တွေကိုလက်နဲ့သပ်ရင်း ကျွန်တော့်မျက်လုံးဝါဝါတွေထဲကို စူးစိုက်ကြည့်ရင်း ပီတိတွေလွှမ်းနေ
တဲ့အသံနဲ့ ပြောတတ်တယ်..
. “ညီလေးက တကယ်ချောတဲ့ မင်းယောက်ျားပေပဲကွာ၊ ညီလေးရဲ့ မျက်လုံးဝါဝါကြီးတွေ ညီလေးရဲ့ ရွှေရောင်ဆံနွယ်တွေ ညီလေးရဲ့ ဝါဝင်းတဲ့
အသားရောင်တွေဟာ နန်းတော်သူတွေရဲ့ အိပ်မက်ကို စိုးမိုးမယ့်အရာတွေပဲ”
ဒီအခါမှာ ကျွန်တော်က အားကျမခံအစ်ကို့ရဲ့ အကြောစိမ်းစိမ်းတွေ ယက်သန်းနေတဲ့ လက်မောင်းအိုးကို ဆုပ်ကိုင်ရင်း. ..
“ညီက လူလားမမြောက်သေးတဲ့ လူပျိုပေါက်စပါ အစ်ကိုရာ အစ်ကိုကသာ ရွှန်းလဲ့တဲ့မျက်လုံးစိမ်းကြီးတွေနဲ့ ရိတ်သိမ်းစ ပါးသိုင်းတွေကြောင့်
စိမ်းညီ နေတဲ့ မျက်နှာပြင်နဲ့၊ ပြီးတော့ ဝတ်ရုံအစိမ်းကြီးကိုဆင်လို့၊ အစ်ကိုကသာ မိန်းမပျိုတွေအတွက် တကယ့်ယောက်ျားဘသားကြီးပါ”
လို့ ပြန်ပြောမိတယ်။
ဟုတ်တယ်။ တကယ်တော့ အစ်ကိုဟာ ကျွန်တော့်ထက် အစစ အရာရာ သာလွန်းသူပဲ၊ အယုဒ္ဓယမှာ လက္ခဏမင်းသားဟာ လေးမြားအတတ် တစ်ဖက်ကမ်းခတ်လို့ ဆိုကြတယ်။ ဒါပေမယ့် လက္ခဏမင်းသားလေး အတတ်ကျွမ်းကျင်တယ်ဆိုတာလေ. . . ရာမမင်းသားခြေဖျားတောင် မမီပါဘူး။ ဒါကိုလည်း အားလုံးက သိကြပါတယ်။ ဒါပေမယ့် ငယ်ရွယ်သူ ကျွန်တော့်ကို အားမငယ်အောင် ဝိုင်းမြှောက်နေကြတယ်လေ။ ကျွန်တော် သိပါတယ်။ လက်ရုံးရည်...နှလုံးရည်... အစခပ်သိမ်းမှာ အစ်ကိုဟာ ကျွန်တော့်ထက် သာလွန်ပိုကဲသူ အို... အစ်ကိုဟာ ကျွန်တော် အစ်ကို ဖြစ်နေခြင်းကိုက ကျွန်တော့်
ထက်သာလွန်တယ်လို့ ကျွန်တော်ခံယူထားတယ်။
ခမည်းတော် ဒသရဋ္ဌဘုရင်ဟာ ကျွန်တော့်အတွက် နေတစ်ဆူပမာ ဆိုကြပါစို့။ မယ်တော် သုမိတ္တရာဟာ
ကျွန်တော့်အတွက် လတစ်ဆူပမာဆိုကြပါစို့။ ဒီလိုဆိုရင် “အစ်ကို” ဟာ ကျွန်တော့်အတွက် နေလနက္ခတ်အပေါင်းတို့နဲ့ ပြည့်စုံကြွယ်ဝတဲ့ “စကြာဝဠာ” ပမာပါပဲ။
ကျွန်တော် အစ်ကို့ကို အဲဒီလောက်ထိ ချစ်မြတ်နိုး ရိုသေလေးစားတာ။
( ၂ )
ဘိုးဘိုးကြီး ဝါသိဒ္ဓထံမှာ ကျွန်တော်တို့ အဌာရသဆယ့်ရှစ်ရပ် အတတ်ပညာကို သင်ယူကြရတယ်။ ဆယ့်ရှစ်ရပ်သော အတတ်တို့မှာ လေးမြား
အတတ်ဟာ အခက်ခဲ အနက်နဲဆုံးပညာပါပဲ။ ငယ်ရွယ်တဲ့ ကျွန်တော့်အဖို့ "အက္ခဝေမိ၊ သတ္တဝေမိ၊ ဝါလဝေမိ၊ သရဝေမိ” ဆိုတဲ့ လေးအတတ်လေးပါး”
ကို သင်ယူရချိန်မှာ ခက်ခဲလွန်းလှတဲ့အတွက် စိတ်ပျက်အားငယ်မိတယ်။
ဘိုးဘိုးကြီး ဝါသကလည်း လပေါင်းများစွာ သင်ကြားလေ့ကျင့်ပေးနေပါလျက် တိုးတက်မလာတဲ့ ကျွန်တော့်ကို စိတ်မရှည်နိုင်တော့ဘူး ထင်ပါရဲ့။
“လက္ခဏ... မင်းရဲ့ ရွှေရောင်ဆံပင်တွေ မင်းပခုံးထက် ဝဲကျလာတဲ့ အရွယ်ကျမှ လေးအတတ်ကို ပြန်သင်တော့” တဲ့။
ရွှေနားဆွဲပေါ်မှာ ဖုံးအုပ်နေတဲ့ ကျွန်တော့်ရွှေရောင်ဆံပင်တွေကို လက်နဲ့စမ်းသပ်မိရင်း ဘိုးဘိုးကြီးရဲ့ ငေါက်ငမ်းသံကို ကြားရတော့ ကျွန်တော်
စိတ်ပျက်အားငယ်မိတော့တယ်။ ဘိုးဘိုးကြီးပြောသလိုဆိုရင် နောက်သုံးနှစ်လောက်ကြာမှ။
ဒီအခါမှာ လေးအတတ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်တဲ့ အစ်ကိုက ကျွန်တော့်ပခုံးနှစ်ဖက်ကို တယုတယဆုပ်ကိုင်လာတယ်။ ကျွန်တော်မျက်လုံး
တွေထဲကို သူ့မျက်လုံးစိမ်းကြီးတွေနဲ့ စူးစိုက်ကြည့်တယ်။ ဒီတုန်းက ကျွန်တော့်မျက်လုံးဝါဝါတွေမှာ မျက်ရည်စတွေများ ဝဲနေသလား မသိဘူး။
“အားမငယ်ပါနဲ့ ညီလေးရာ.... ဒီအတတ်က နည်းနည်းခက်ခဲတဲ့ အပိုင်းဖြစ်လေတော့ ညီလေး ရုတ်တရက် အခက်အခဲ တွေ့နေတာ ဖြစ်မှာပါ
ဒီမှာ အရေးကြီးတာက စိတ်အာရုံ မနောဓာတ်ရဲ့ တည်ငြိမ်မှုနဲ့ လေ့ကျင့်မှုပဲ ညီလေးရဲ့၊ လေးကိုင်း၊ လေးညှို့၊ မြားတံတွေ ကိုင်တွယ်တပ်ဆင် ဆွဲငင်ပုံနည်းစနစ်မှာ ညီလေး ကျွမ်းကျင်နေပြီးသားပဲ မဟုတ်လား၊ အလေ့အကျင့်နဲ့ မနောအာရုံ တည်ငြိမ်ရင့်ကျက်မှုလေးတစ်ချက်ပဲ ထပ်ပြီး ကြိုးစားရမှာ”
အစ်ကို့မျက်လုံးစိမ်းတွေထဲမှာ ကြင်နာမှုအားမာန်တွေနဲ့ ပြည့်နေတယ်။
အစ်ကိုက ပြုံးပြရင်း ဆက်ပြောပြန်တယ်။
“ညီလေး မကြာခင် ကျွမ်းကျင်တတ်မြောက်သွားမှာပဲလို့... အစ်ကိုယုံတယ်၊ညီလေးသာ လေးအတတ်မှာ ကျွမ်းကျင်သွားရင် အစ်ကို့ထက်တောင်မှ.ပိုပြီးတော်လာဦးမှာ...၊ ဟုတ်တယ် ညီလေးရ...”
“ညီဟာ အစ်ကို့ထက်တော့ ပိုပြီး မတော်နိုင်ပါဘူး အစ်ကို အစ်ကိုဟာ အစစအရာရာ ညီထက် သာလွန်သူပါ"
`ကျွန်တော်က သည်လိုဆိုတော့ အစ်ကိုက ဝမ်းသာအားရ ရယ်တော့တယ်။ ပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်
ယောက် တင်းကျပ်စွာ ဖက်ထားမိတော့တယ်။
“ကဲဟေ့... ကဲဟေ့၊ ညီအစ်ကိုနှစ်ယောက် နောက်မှ အလွမ်းသယ်နေကြ၊ နေမစောင်းခင် အချိန်ရှိတုန်း ဟိုဘက်က စက်ပစ်ကွင်းဆီ သွားကြရအောင် ရာမ လေးညှို့တွေ ပြန်ပြီးတပ်စမ်း၊ လက္ခဏက မြားကျည်တောက်တွေယူခဲ့ ကဲ... လာကြ”
ဘိုးဘိုးကြီး ဝါသိဒ္ဓအမိန့်ပေးသံကြောင့် ကျွန်တော်တို့လက်တွေ ပြန်ပြီး ဆုတ်ခွာလိုက်ရတယ်။
အဌာရသဆယ့်ရှစ်ရပ်မှာ အမြင့်ဆုံးအပိုင်း လေးအတတ်ကိုလည်း အစ်ကို့ရဲ့ လက်ထပ်မကွာ ကူညီသင်ကြားပေးမှုကြောင့် ကျွန်တော် တတ်မြောက်ကျွမ်းကျင်ခဲ့ရခြင်း ဖြစ်တယ်။
ဒီအခါမှာ... ။
အစ်ကိုဟာ ကျွန်တော့်အတွက် အစ်ကိုအဖြစ်နဲ့တင်မက “ဂုရုဆရာသခင်' တစ်ပါးအဖြစ် ရောက်ရှိခဲ့ပြန်တယ်။
ချစ်မြတ်နိုးလေးစားရပါသော အစ်ကို ရာမမင်းသား...။
(၃ )
သည်လိုနဲ့ ဘိုးဘိုးကြီးထံမှာ ပညာရပ်တွေ စုံလင်တတ်မြောက်ခဲ့ပြီးလို့၊ လတွေ၊ နှစ်တွေ ကြာခဲ့ပြီးလို့၊ အစ်ကိုဟာ တကယ့်သူရဲကောင်း မင်းယောက်ျားကြီးတစ်ယောက်ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်စလုံးဟာ အားကောင်းမောင်းသန် လက်ရုံးနှလုံးပြည့်ဝတဲ့ အဆင့်ကို
ရောက်ကြပြီလို့ ဘိုးဘိုးကြီးက ဆိုတယ်။
မယ်မယ် သုမိတ္တရာဒေဝီကိုလည်း ကျွန်တော် လွမ်းလှပြီ။ အယုဒ္ဓယနန်းတော် အနောက်ဖက်ဆောင်က ကျွန်တော့်ပန်းဥယျာဉ်လေးကိုလည်း လွမ်း
လှပြီ။ နေပြည်တော်ကို ပြန်ချင်ပြီ။
“ညီတော့ ပြန်ချင်ပြီအစ်ကိုရာ၊ ဒီတောထဲတောင်ထဲမှာ နေရတာ နှစ်တွေ ကြာလှပြီ၊ မယ်မယ်ကိုလဲလွမ်းလှပြီ”
“အို... ညီလေးက လူကောင်ကြီး ထွားသလောက်အခုထိ ကလေးလို နွဲ့ ချင်တုန်းပဲလားကွ၊ ပြန်ရတော့မှာပါ ညီလေး၊ ဒီနေ့ပဲ အစ်ကိုတို့ အယုဒ္ဓယကို ပြန်ကြမှာပါ၊ ဘိုးဘိုးကြီးကိုယ်တိုင် လိုက်ပို့ပေးမှာ”
“ကိုင်း... လာကြဟေ့၊ မြမင်းသားနဲ့ ရွှေမင်းသားတို့ စကားများမနေကြနဲ့၊ ခရီးထွက်ကြရအောင် ပြင်ကြ ဆင်ကြ”
ဘိုးဘိုးကြီးက ကျွန်တော်တို့နှစ်ယောက်ကို တစ်ခါတစ်ခါ စိတ်လိုလက်ရ နောက်ပြောင်ပြီး “မြမင်းသား” နဲ့ 'ရွှေမင်းသား' လို့ခေါ်လေ့ရှိတယ်။
“အယုဒ္ဓယကို ပြန်မယ်မဟုတ်လား ဘိုးဘိုး”
ကျွန်တော်က ဘိုးဘိုးကြီးကို ပွေ့ဖက်ခုန်ပေါက်ရင်း မေးလိုက်မိတယ်။
“ရွှေမင်းသားကိုယ်တော်လေး ငြိမ်ငြိမ်နေစမ်း
အယုဒ္ဓယကို ပြန်ရမှာပဲ၊ ဒါပေမယ့် ငါတို့ တစ်ခါတည်း ပြန်လို့မဖြစ်သေးဘူး၊ တိုင်းပြည်တစ်ပြည် ဝင်စရာရှိသေးတယ်၊ ငါ့မှာ တာဝန်တစ်ခုရှိသေးတယ်”
“ဟင်း... တစ်ခါတည်း မပြန်ရသေးဘူး ဟုတ်လား ”
“အေး... ဟုတ်တယ်၊ တို့ မိထိလာကို ဝင်ရဦးမယ် မိထိလာ ဘုရင်က ငါ့ကို အသနားခံတယ်၊ အဲ... အသနားခံတာ မဟုတ်ပါကွာ၊စကားလှအောင်သာ ပြောရတာပါ၊ ဘုရင့်အမိန့်နဲ့ ငါ့ကိုခိုင်းတာ ဟောဒီ
ကိစ္စ...”
ဘိုးဘိုးကြီးက သူ့ဝတ်ရုံစထဲက ပစ္စည်းတစ်ခုကို ထုတ်ပြီး ဖြည်ချလိုက်တယ်။ ရွှေခြည်ရွှေနန်းတွေနဲ့ ရက်ဖောက်ထားတဲ့ ပဝါစတစ်ခု။ပြီးတော့ အဲဒီပဝါစပေါ်မှာ ရုပ်ပုံတစ်ခု။
' အမျိုးသမီးတစ်ဦး။ :..
တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ ခံစားမှုတစ်ခု ကျွန်တော့်ရင်ထဲကို အလုံးအရင်းနဲ့ တွန်းထိုးဝင်ရောက်လာတယ်။ ရင်တွေ တလှပ်လှပ် ခုန်လာတယ်။ ရုပ်ပုံထဲက အမျိုးသမီးဟာ ကျွန်တော့်တစ်ကိုယ်လုံးကို ထွင်းဖောက်သွားမတတ် စိုက်ကြည့်နေတယ်။ အို... သူ့မျက်လုံးတွေက
အင်းအားကြီးမားလိုက်တာ... ။
. အရာခပ်သိမ်းကို တစ်ဒင်္ဂ ပျောက်ဆုံးသွားခဲ့သလို ဖြစ်နေတဲ့ ကျွန်တော့ဘေးမှာ အစ်ကို့အသက်ရှူသံကို ကြားလိုက်ရတယ်။ သည်တော့မှ ကျွန်တော်မျက်တောင်ခတ်မိပြီး အစ်ကို့ကို လှည့်ကြည့်လိုက်မိတယ်။
အို...
အစ်ကို့မျက်လုံးစိမ်းကြီးတွေ ဒီလောက် စူးရှ တောက်ပြောင်နေတာမျိုး တစ်ခါမှ ကျွန်တော် မမြင်ဖူးဘူး အစ်ကို ဘာဖြစ်နေပါလိမ့်။
ဟင်း. . . ကျွန်တော်ကော ဘာဖြစ်နေပါလိမ့်။
“ကိုင်း... လက္ခဏ အောက်ဖက်နားမှာ စာရေးထားတာဖတ်စမ်းဟေ့ ..“
ဘိုးဘိုးကြီး အမိန့်ပေးသံ ပေါ်လာတော့မှ ကျွန်တော် သတိပြန်ဝင်လာတယ်၊ ရုပ်ပုံထဲက အမျိုးသမီးရဲ့ မျက်လုံးတွေဆီက ကျွန်တော့်အကြည့်ကို နည်း
နည်း ဖယ်ရှားယူရတယ်။ ဪ... စာတွေလည်း ရေးထားသေးသကိုး။
... မိထိလာပြည့်ရှင် ဘုရင်ဇနက၏ သမီးတော်သီ... သီတာ..ဒေ...ဝီ... အတွက် ကြင်ယာရွေးပွဲတွင် အဋ္ဌစန္ဒာ လေးတော်တင်ပွဲ ယှဉ်ပြိုင်ကျင်းပပါမည် ဘုရား... ဘိုးတော်အား လေးတင်ပွဲ “အဓိပတိအဖြစ်
ကြွရောက်ချီးမြှင့်ပေးပါရန် မိထိလာဘုရင်က အသနားတော်မြတ် ခဲ့ပါသည်ဘုရား...”
စာဖတ်တဲ့ ကျွန်တော့်အသံတွေ တုန်ယင်ထစ်ငေါ့နေတယ်ဆိုတာ ကျွန်တော်သိနေတယ်။ အစ်ကိုကတော့ ပကတိ မတုန်မလှုပ်။
° “ကိုင်း... တွေ့ပြီမဟုတ်လား၊ မိထိလာကို ဝင်ရမှာ အဲ့ဒါပဲ၊ငါ့ကို ခိုင်းမှန်းသိပေမယ့် ဘုရင်ကိုယ်တိုင်က အသနားတော်မြတ် ခံပါသည်ဘုရား..ဘာညာဆိုတော့လဲ ငါ ဘဝင်မြင့်ပြီး လုပ်ပေးချင်လာတာပေါ့ကွ၊ဟား... ဟား... ဟား... ကဲ... လာကြ လာကြ၊ မိထိလာကို သွားကြစို့”
( ၄ )
လေးတင်ပွဲကျင်းပတဲ့ လက်ထပ်တဲ့နန်းအတွင်းမှာ အခြေအနေတွေအားလုံး ရှုပ်ထွေးနေပြီ။ ဘုရင်တွေ၊ မင်းသားတွေ၊ စစ်သည်တွေအားလုံး လက်နက်စွဲကိုင်ထားကြတယ်။ ထိုးခုတ်တိုက်ခိုက်ဖို့ အသင့်ပြင်နေကြတယ်။
ရယ်စရာတော့ အကောင်းသား။ ဒီဗိုလ်ပါထုကြီးက ဝိုင်းဝန်းတိုက်ခိုက်မယ့် ရန်သူက တစ်ယောက်တည်းသမား။
“ဒဿဂီရိ”တဲ့။
ကိုယ်ခန္ဓာ သန်မာထွားကျိုင်းတဲ့ ဘုရင်တစ်ပါးပေပဲ။
သိန်းဃိုဠ်ပြည့်ရှင် ဘုရင်ဒဿဂီရိတဲ့။
ဒဿဂီရိဟာ ဘိုးဘိုးကြီးရှိရာ စင်မြင့်ပေါ် ခုန်တက်လာတယ်၊ သူတို့ အငြင်းပွားနေကြတယ်။ ဒဿဂီရိဟာ သန်လျက်ကို ဝင့်နေတယ် တဲနန်းတစ်ခု
လုံးလည်း လှုပ်လှုပ်ရွရွ ဆူဆူညံညံ ဖြစ်လို့။
ဘာတွေဖြစ်နေကြပြီလဲ။ ကျွန်တော့်တော့ အစ်ကို့မျက်နှာကိုပဲ ကြည့်နေတယ် အစ်ကိုက တစ်ခုခု အချက်ပေးပြီဆိုရင် အားလုံးကို တိုက်ခိုက်ပစ်
မယ်လေ။ဒါပေမယ့် အစ်ကိုက ကျွန်တော့်ကိုလည်း မကြည့်ဘူး။ ဒဿဂီရိကိုလည်း မကြည့်ဘူး။ အစ်ကို့မျက်လုံးအကြည့်တွေဟာ တဲနန်းအတွင်းဘတ်
တစ်နေရာဆီ ရောက်နေတယ်။ အဲ... အဲဒီနေရာမှာ မိထိလာဘုရင်ရဲ့သမီးတော် ရှိနေတယ်။ ။
သီ...တာ. . . . . . . . လေ... ။ ။
•ဟို... ရုပ်ပုံထဲက ... မိန်းမပျိုး။
“ဟုတ်တယ် သိန်းဃိုဠ်ပြည့်ရှင် ဘုရင်၊ ဒီတဲနန်းအတွင်းမှာ လေးတော်တင်ပွဲ မဝင်ရသေးသူနှစ်ဦး ရှိနေတယ်။ ဒါ့... ကျုပ်ရဲ့အမိန့် ၊ ခံပွဲသဘင်ရဲ့ အဓိပတိဖြစ်တဲ့ ကျုပ် ဝါသဒ္ဓိရဲ့ အမိန့်ပဲ”
ဘိုးဘိုးကြီးရဲ့ တင်းမာတဲ့လေသံကို ကြားလိုက်ရတယ်။ဒသဂီရိက အံကြိတ်ပြီး ပြန်လှည့်သွားတယ်။ ဘိုးဘိုးကြီးရဲ့ အမိန့်သံတစ်ခု ထွက်ပေါ်လာပြန်တယ်။
“ကဲ... မင်းတို့နှစ်ယောက် လေးတော်တင်ပွဲ ဝင်ကြပေတော့”
ဟင်... လေးတော်တင်ပွဲ၊ ဒါ... ဒါဖြင့်ရင် ကြင်ယာရွေးပွဲမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လည်း ဝင်ရမယ်။
“ညီလေး...သွားလေ၊ ဘုန်းစွမ်းလူစွမ်း ပြလိုက်လေ”
အစ်ကိုက ကျွန်တော့်ကို အမိန့်ပေးတယ်။ ကျွန်တော့်ရင်ထဲမှာ အားတက်ရွှင်လန်းမှုတွေနဲ့ ဖုံးလွှမ်းသွားတယ်။ လေးတင်ပွဲပြီးတော့ ကြင်ယာရွေးပွဲ။
ဒါပေမယ့်... ။
“အစ်ကိုက အစ်ကိုဖြစ်ပါတယ်။ အစ်ကို အရင်ဝင်ပါ”
“မဟုက်ဘူး... ညီလေးဝင်ပါ”
“ညီ... ညီ... မပြိုင်ချင်ဘူး အစ်ကိုနဲ့သာ”
“လက္ခဏ၊ မင်းကို အစ်ကို အမိန့်ပေးနေတယ်”
အို... အစ်ကိုလေသံတွေ မခက်ထန်စဖူး ခက်ထန်လှချေလား။အကို့မျက်လုံးစိမ်းကြီးတွေဟာ အရောင်တွေ ထွက်နေပြီလား။
ကျွန်တော် ဘိုးဘိုးကို လက်အုပ်ချီလိုက်တယ်။ ပြီးတော့ အစ်ကို့ကို လက်အုပ်ချီလိုက်တယ်။ ပြီးတော့ တဲနန်းအလယ်က လေးတင်ခုံရှိရာလာခဲ့တယ်။ ဒီလေးတင်ခုံရှိရာကို လှမ်းခဲ့ရတဲ့ ခြေလှမ်းတွေဟာ ကျွန်တော့်ဘဝမှာ အပင်ပန်းဆုံး အခက်ခဲဆုံးနဲ့ အနက်နဲ အရှုပ်ထွေးဆုံး ခြေလှမ်းတွေပါပဲ။
ဒဿဂီရိက မလှမ်းမကမ်းကနေပြီး ကျွန်တော့်ကို ရယ်မောလှောင်ပြောင်နေတယ်။ သူဘာတွေ ပြောနေမှန်း ကျွန်တော်မသိဘူး။
“အဋ္ဌစန္ဒာလေးတော်” တဲ့။ ။
လေးကိုင်းဟာ ကျွန်တော့်လက် နှစ်ပြန်စာမက ကြီးမားလှတယ်။အစ်ကိုက ကျွန်တော့်နောက်က ကပ်လိုက်လာပြီး ကျွန်တော့်ကို အားပေးနေတယ်။ ပြီးတော့လေ အစ်ကိုက ကျွန်တော့်လက်မောင်းတွေကို နှိပ်နယ်ပေးတယ်။ ကျွန်တော့်ရွှေရောင်ဆံပင်တွေကို သပ်ပေးတယ်။
“ညီလေး... အစ်ကို့ညီရဲ့ အစွမ်းကို ပြလိုက်နော်...”တဲ့။
အို... အစ်ကို့အသံတွေ မသိမသာ တုန်နေပါလား။ အစ်ကို့မျက်လုံးစိမ်းတွေလည်း မသိမသာ ရီဝေနေပါလား။ အစ်ကို... အစ်ကိုဘာဖြစ်နေသလဲ။ဟင်း... ထူးဆန်းနက်နဲတဲ့ တစ်စုံတစ်ခုဟာ အစ်ကို့နှလုံးသားနဲ့ ကျွန်တော့်နှလုံးသားကို အပြန်အလှန် ရက်ယှက်သီဖောက်နေတယ်လို့ ကျွန်တော်ခံစားမိတဲယ်။
° “ဟေ့... လူဝါကလေး...ဒါ သူရဲကောင်း မင်းယောက်ျားတွေနဲ့သာ ထိုက်တန်တဲ့ အဋ္ဌစန္ဒာလေး ေတာ်ကွနော်၊ ဒါ ကလေးတွေရဲ့ ကစားစရာမဟုတ်ဘူး”
သိန်းဃိုဠ်ဘုရင့်အသံက ကျွန်တော့်နားထဲကို စူးစူးရှရှ ဝင်လာတယ်။ကျွန်တော့်သွေးတွေ ဆူပွက်လာတယ်။ ဪ... ငါ့ကို... လက္ခဏကို...ကလေးပေါ့လေ...။
ဒဿဂီရိနဲ့တကွသော ဘုရင်တွေ၊ မင်းသားတွေ လက်မှိုင်ချခဲ့ရတဲ့ အဋ္ဌစန္ဒာလေးတဲ့လား၊ အေး... ငါကလည်း ဒသရဋ္ဌဘုရင့်သား၊ ဘိုးဘိုးဝါသိဒ္ဓရဲ့ တပည့်၊ ရာမမင်းသားရဲ့ ညီ၊ လက္ခဏပါလေ။
လေးတော်ဟာ ကျွန်တော့်လက်ထဲ မြောက်ပါလာတယ်။
လေးညှို့ကို ကျွန်တော် ငင်တယ်။
တစ်ရစ်... နှစ်ရစ်... ။
လေးတော်တင်ပွဲ၊ ကြင်ယာတော်ရွေးပွဲ၊ သီတာဒေဝီ အစ်ကိုရာမမင်းသား၊ မျက်လုံးစိမ်းစိမ်း၊ ချစ်မြတ်နိုးရသော အစ်ကို၊ သိပ်လှတဲ့ သီတာဒေဝီ၊
လေးတော်တင်ပွဲ၊ကြင်ယာရွေးပွဲ၊ အစ်ကို ရာမမင်းသား၊ ဆရာသခင်၊ အစ်ကို၊သီတာဒေဝီ၊ အချစ်၊ ချစ်ခြင်းမေတ္တာ၊ အစ်ကို၊ ဂုရုဆရာသခင်၊ အစ်ကို၊
ငါ့အစျကို၊ ငါ့အစျကို...။
“ဟယ်"
တဲနန်းတစ်ခုလုံး အသံတွေ ဟိန်းသွားတယ်။
ကျွန်တော့်ရင်ထဲက အသံတွေ မြည်ဟည်းသွားခဲ့တာကိုတော့ ဘယ်သူမှ ကြားကြမယ် မထင်ပါဘူး။
ဟုတ်တယ်။ ကျွန်တော် လေးညှို့ကို ဆက်မငင်ဘူး။
လေးညှို့ကို နောက်တစ်ရစ် ဆွဲငင်ရစ်ပတ်ပြီးရင် ကျွန်တော့် စွမ်းဆောင်မှုဟာ လုံးဝဥသုံ ပြီးစီးအောင်မြင်တော့မယ်ဆိုတာ ကျွန်တော်သိတယ်။
ဒါပေမယ့်... ။
.. ဒါပေမယ့်... ကျွန်တော် လေးတော်ကို ခုံပေါ် ပြန်ချလိုက်တယ်။
လေးညှို့ကို ကျွန်တော် ရစ်ငင်နေစဉ်က ကျွန်တော့်မျက်လုံး ဝါဝါတွေ ဘယ်လိုလှုပ်ရှားသွားကြတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဘယ်သိ
ကြမလဲလေ။ လျှပ်ပြက်သလို မြန်ဆန်တဲ့ အကြည့်ကလေးနှစ်ချက်ကိုး။
ပထမ... သီတာဒေဝီကို ကျွန်တော် လှမ်းကြည့်မိတယ်။ သီတာဒေဝီရဲ့ ရွှန်းလဲ့တဲ့ မျက်လုံးအစုံဟာ လေးတော်ကို ကိုင်စွဲထားတဲ့ ကျွန်တော့်ကို
ကျော်လွန်ပြီး တစ်ဖက်မှာရှိနေတဲ့ အစ်ကိုဆီရစ်ဝဲနေကြောင်း ကျွန်တော်...ကျွန်တော် သိလိုက်ပါတယ်လေ။ ကျွန်တော်သိလိုက်ပါတယ်။
သည်တော့ အစ်ကို့ကို ကျွန်တော် ဒုတိယအကြည့်နဲ့ ကြည့်လိုက်မိတယ်။ ချစ်မြတ်နိုး လေးစားရပါတဲ့ အစ်ကိုကတော့လေ လေးညှို့ပေါ်မှာ တင်ထားတဲ့ ကျွန်တော့်လက်အစုံကို ကြည့်ရင်း တဖွဖွ အားပေးနေရှာတယ်လေ။ သူ့ညီကို၊ ကျွန်တော့်ကို အားပေးနေရှာတယ်လေ။
အဲဒီ... မျက်တောင်တစ်ခတ်၊ လက်ဖျစ်တစ်တွတ်၊ လျှပ်တစ်ပြက်၊တစ်ဒင်္ဂကာလ အပိုင်းခြားလေးမှာ ကျွန်တော် ကမ္ဘာလောကအကြောင်း သိနား
လည်လိုက်ပြီလို့ ထင်ပါတယ်။ တစ်ဒင်္ဂကာလလေးအတွင်းမှာ ကျွန်တော်ဟာ နှလုံးသားရဲ့ နက်ရှိုင်းသော အဇ္ဈတ္တအနှစ်သာရကို နားလည်သိရှိလိုက်တယ်လို့ ထင်ပါတယ်။
ပြီးတော့... ။
ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်အမှန်ကိုလည်း ကျွန်တော်လက္ခဏမင်းသား သဘောပေါက် နားလည်လိုက်ပြီထင်ပါတယ်။
အတောမသတ်နိုင်အောင် နာကျင်နေတဲ့ ကျွန်တော့်နှလုံးသားက ကျွန်တော့်ရဲ့ လက်အစုံကို အမိန့်ပေးနေတယ်။နာကျင်ကြေကွဲစွာနဲ့ နှလုံးသားက ခိုင်းစေနေတယ်။
“လက္ခဏ... လက္ခဏ... လေးကိုဆက်မတင်နဲ့၊ ပြန်ချထားလိုက်၊ပြန်ချထားလိုက်... မင်းအစ်ကိုအတွက် လေးကို ပြန်ချထားလိုက်”
ဒါကြောင့်... .
ကျွန်တော်... ကျွန်တော်... ။
အဋ္ဌစန္ဒာလေးတော်ကို ပြန်ချထားလိုက်တယ်။
ဘိုးဘိုးကြီးက လူပုံအလယ် အရှက်ခွဲရမလားဆိုပြီး ကျွန်တော့်ကို ရိုက်မယ်လုပ်တယ်။ အစ်ကိုက ဆူပူငေါက်ငမ်းတယ်။ ဒဿဂီရိက ရယ်မောလှောင်ပြောင်တယ်။ ပရိသတ်က ကရုဏာမျက်လုံးတွေနဲ့ ဝိုင်းကြည့်တယ်။
“လက္ခဏမင်းသား အရေးနိမ့်သွားပြီ” တဲ့။
ဪ... လက္ခဏမင်းသားဟာ အင်မတန် ကြီးကျယ်တဲ့ စစ်ပွဲကြီးတစ်ပွဲကို နှလုံးသွေးနဲ့စက်ပြီး အောင်မြင်လိုက်ပြီဆိုတာကို သူတို့ မသိကြပါဘူး။
အားလုံးရဲ့ လှောင်ပြောင်မှု၊ ကြိမ်းမောင်းဆူပူမှု၊ ကရုဏာသက်မှုတွေအလယ်မှာ ကျွန်တော့်နှလုံးသားကတော့ ဆို့နစ်သည်းထန်စွာ ကောင်းချီးပေးနေတယ်။
သည့်နောက်ပိုင်းဖြစ်ရပ်တွေကို ကျွန်တော် အသေးစိတ်မပြောလိုတော့ဘူး။ ဘိုးဘိုးကြီးနဲ့ အစ်ကို့ကိုတော့ ကျွန်တော် ဖြေရှင်းပြခဲ့တယ်။ ။
ကျွန်တော်လေ... အလှပဆုံး စကားလုံးတွေသုံးပြီး ဖြေရှင်းပြခဲ့ပါတယ်။
“သီတာဒေဝီဟာ အစ်ကိုနဲ့သာ ထိုက်တန်ပါတယ်၊ ညီအနေနဲ့ ငယ်ရွယ်သူဖြစ်ပါတယ်၊ ညီအရွယ်က အစ်ကိုနဲ့ မရီးရဲ့ ဆုံးမဩဝါဒကို ခံယူဖို့အရွယ်ပါ၊ ညီလေး... ကြင်ယာတွေဘာတွေ မထားချင်သေးပါဘူး”
ဒီစကားတွေ ပြောခဲ့စဉ်က ကျွန်တော့်အသံတွေ တုန်သေးလား။ကျွန်တော်ရယ်ကော ရယ်မိခဲ့သေးသလား. . မသိဘူး။
. အစ်ကို့လက်မောင်းတွေကို ကျွန်တော် နှိပ်နယ်ပေးတယ်။အစ်ကိုဝတ်ရုံစတွေကို ကျစ်လျစ်အောင် ပြင်ဆင်ပေးတယ်။ယောက်ျားကောင်းတို့ရဲ့ လက်ရုံးနဲ့ အစ်ကိုဟာ အဋ္ဌစန္ဒာလေးတော်ကို အပြီးတိုင် စွမ်းဆောင်သွားခဲ့တယ်။ အစ်ကို့ အစွမ်းဟာ အံ့မခန်းပါပဲ။
ပရိသတ်ဟာ ဦးရစ်ခေါင်းပေါင်းများ ရမ်းမြှောက်ခဲ့ပြီး အစ်ကို့ကို ကောင်းချီးပေးကြတယ်။ အစ်ကို့ကို ထမ်းပိုးပြီး သီတာဒေဝီ ရှိရာကို ခေါ်သွားကြတယ်။ ဘိုးဘိုးကြီးက မျက်ရည်အပြည့်နဲ့ ပြုံးလို့နေတယ်။
အစ်ကိုရဲ့ အကြောစိမ်းတို့ ယှက်နွယ်သော လက်အစုံတို့နဲ့..သီတာဒေဝီရဲ့ ဖယောင်းလိုနူးညံ့သွယ်ပျောင်းတဲ့ လက်အစုံ ထိကပ်နှောင်တဲကြတယ်။
သူတို့မျက်လုံးတွေမှာ ကမ္ဘာလောကတစ်ခုလုံးရဲ့ ကြည်နူးမှုတွေ ကျရောက်နေကြတယ်။ ချိုမြတဲ့ ဂီတသံတွေ ပေါ်ထွက်လာတယ်။ သင်းပျံ့တဲ့
ပန်းပေါင်းစုံတို့ဟာ တဲနန်းအတွင်း ဝဲပျံနေကြတယ်။ -
အစ်ကို... နဲ့ သီတာဒေဝီ...။ ..…..
ပရိသတ်အားလုံး... တဲနန်းရဲ့ တစ်ဖက်ဆီမှာ စုရုံးနေကြတယ်။
ဒီဖက်မှာတော့... ။
ကောင်းချီးသြဘာပေးသံတကာတို့ထက် ကျယ်လောင်မြည်ဟည်းတဲ့ ကောင်းချီးပေးသံတစ်သံ ထွက်ပေါ်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ကြားကြမှာ မဟုတ်ဘူး။ အဲဒီအသံက ကျွန်တော့်ရင်ထဲမှာ...
နက်ရှိုင်းတဲ့ ခံစားမှုထုထည်အတွင်း နစ်မြုပ်နေတဲ့ ကျွန်တော့်ကို ဘိုးဘိုးကြီး ဝါသိဒ္ဓရဲ့ အသံက လှုပ်နှိုးလိုက်တယ်။
“လူလေး လက္ခဏ... မင်းနှယ်ကွယ် ကလေးလိုပါပဲလား၊ အစ်ကို့ အတွက် ဝမ်းသာလုံးဆို့ပြီး မင်းမျက်ရည်တွေ ကျနေတယ် ပေါ့လေ...”
ဪ... ဘိုးဘိုးရယ်......
--------------
ချစ်ဦးညို
#Typing_crd_ZawOo
No comments:
Post a Comment