#အိပ်မက်ကမ္ဘာ
#ခင်နှင်းယု
မေမေ
တကယ်လို့သာ တမလွန်ကနေပြီး၊ မေမေ သိစွမ်းနိုင်ရင် သမီးတစ်ယောက် “စာရေးသူ”ဘဝ ရောက်နေတာကို မေမေကတော့ အံ့သြမှာပဲ၊
“စာရေးသူ”ဆိုတာ စာရေးဆရာ မဟုတ်သေးဘူး အမေရဲ့။ “ဆရာ”ဆိုတဲ့ ဝေါဟာရထဲမှာ “သင်ကြား ပို့ချနိုင်ခြင်း” ဆိုတဲ့ ဝိသေသက ပါသေးတယ်။
“စာရေးသူ"ဆိုတာကတော့ ဖြစ်ပျက်နေပါတယ်ဆိုတဲ့ အကြောင်းတရားတွေကို တင်သာ တင်ပြနိုင်တယ်။ ဘယ်သူ့ကိုမှ ညွှန်ပြ သင်ကြားခြင်း
မပြုနိုင်သေးဘူး အမေရဲ့။
အမှန်တော့ မေမေက ဘဝအကြောင်းတွေကို အသက်ရှင်စဉ်က သမီးကို သင်ကြားခဲ့လို့ သမီးတစ်ယောက်ထဲ စာတွေရေးနေတာပါ။ သမီးဘဝမှာ ခံစားခဲ့ရတဲ့ သုခ၊ ဒုက္ခတွေက အများကြီးပဲ။ ဒီသုခ၊ ဒုက္ခတွေ အပေါ်မှာ ဆင်ခြင်ပုံ၊ ဆင်ခြင်နည်း၊ လေ့လာပုံ သုံးသပ်နည်းတွေကတော့ မေမေ သင်ခဲ့တာတွေပါ။
အမေ သေသွားပြီးမှ ကမ္ဘာကြီးက ကျယ်ကျယ် လာလိုက်တာအမေရယ်။ တကယ်ပြောတာပါ အမေ။ ကမ္ဘာကြီး ကျယ်ပြောသလောက် သမီး လိုက်ပြေးလိုက်တာ ဖတ်ဖတ်ကို မောနေတာပဲ။ အရင်ကတော့ သမီးဆိုတဲ့ သတ်မှတ်ထားတဲ့ နယ်ပယ်လေးမှာသာ သမီးအခန်း၊ သမီး နိုင်အောင် ကရတော့၊ မောလှတယ်မရှိဘူး မေမေရဲ့။ မေမေ မရှိတော့ စုံနေတာပဲ
က,လိုက်ရတာ ၁၂ မျိုးမကဘူး။ အမေ အခန်းလဲပါရဲ့။ ငွေရှာသူ အဖေ အခန်းလဲပါရဲ့။လူမှုဆက်ဆံရေး အခန်းလဲပါလိုက်သေး။ ပြီးတော့ ကိုယ့်ကိုယ်
ကို အနစ်မခံနိုင်သေးတော့ ““ကြိုးစားသင်ကြားရခြင်း” ဆိုတဲ့ ကျောင်းသားအခန်းကလဲ ပါသေးတယ် အမေရဲ့။
ဒီတော့ သမီးက,ရတဲ့ အခန်းတွေက မများပေဘူးလား။ သမီးကမ္ဘာကလဲ မကျယ်ဝန်း ပေဘူးလား။
““ကျယ်ဝန်း””တယ်ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ အမေက အနေအထိုင် “သက်သာချောင်ချီ"တယ် ဆိုတာကို ထည့်တွက်မိမှာပဲ။ တကယ်ဆိုတော့ ကျယ်ဝန်းတဲ့အိမ်ကြီး တစ်ဆောင်မှာ ဇိမ်ခံနေရသူ တစ်ယောက်အနေနဲ့ ပါဝင်ရရင်တော့ သက်သာချောင်ချိတာတွေ၊
ဝပြော သာယာတာတွေဟာ ရေးလို့ မကုန်နိုင်ပေဘူးပေါ့ ။
သမီးအနေကတော့ “အလုပ်သမား” တစ်ယောက်အနေနဲ့ ပါဝင်နေရတော့ ကမ္ဘာကြီး ကျယ်ပြောသလောက် မောလှတယ် အမေရဲ့။ ထောင့်
ကလဲ မစေ့လှဘူး။ သမီးရဲ့ အလုပ်တွေကို သမီးဟာ ထောင့်စေ့အောင် မလုပ်နိုင်ဘူးဆိုတော့ သမီးညံ့လို့ပဲလို့ မေမေက ယူဆမှာပဲ။ မှန်ပါတယ် အမေ၊ တကယ်တော့ သမီးဟာ ညံ့ပါတယ်။ အရည်အချင်းလဲ မရှိပါဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး အမေ၊ မလုပ်ချင်လို့လဲ မဖြစ်ဘူး၊ လုပ်နေရတာပဲ ။
စိတ်ကို ငွေကြိုးစား ရှာမယ်ဆိုတဲ့ အပိုင်းမှာပဲ သတ်မှတ်ထားလို့ မရသေးဘူး။ စာကိုပဲ ကြိုးစားမယ်လို့လဲ မကန့်သတ်နိုင်ဘူး။အိမ်သားတစ်ယောက် နေမကောင်း ဖြစ်လာပြန်တယ်ဆိုလဲ အလုပ်
ခွင်က ခဏထပြီးတော့ ဆေးဆရာများဆီ ပြေးရလွှားရသေး။ သူတို့ကလဲ တစ်ယောက်ပြီး တစ်ယောက် ဆိုသလို ခဏခဏ မမာကြလေတော့ သနားစရာလေးတွေပဲ။ အမေမရှိတဲ့ နောက်ပိုင်းမှာ သူတို့အပေါ်သမီးက တာဝန်ကျေဦးမှ ဖြစ်မယ် မဟုတ်လား အမေရဲ့ ။ ကုရင်း သ,ရင်းနဲ့ ငွေမရှိသေး
ဘူးဟေ့ ဆိုပြန်တော့လဲ သမီး တစ်ယောက် ပြေးလွှားပြီး ငွေရှာလိုက်ရသေးတယ်။
အမေ အသက်ရှင်စဉ်က လောကနဲ့ ဓမ္မ အကြောင်းကို ဘယ်လိုပဲ လက်ထပ် သင်ကြားခဲ့တယ် ဆိုပေမယ့် လောကကြောင်းမှာလဲ သမီးဟာ သိပ်မကျွမ်းကျင်လှဘူး။ အမေ့လောက် ဓမ္မတရားက မပြည့်ဝလေတော့ သမီး နှလုံးသားမှာလဲ သည်းခံစိတ်ဟာ သိပ်မရှိဘူး။ ဒီတော့ အမေတစ်ယောက် လောကမှာ ဆက်ဆံရေး ပြေပြစ်သလို သမီးက မပြေပြစ်ဘူး။အမေ့ခြေရာကို မနင်းနိုင်ဘူးပေါ့ အမေ။
မေမေ သေသွားပြီးတဲ့နောက် ရင်ထဲမှာ ဟာလိုက်တာ ဘယ်ပြေးလို့ ၊ဘာလုပ်ရမှန်းမသိဘူး။ သမီးရဲ့ မာနစိတ်တွေ၊ သည်းမခံနိုင်တဲ့ မဟုတ်မခံစိတ်တွေ၊ ဘယ်တော့မှ ဦးမညွှတ်ချင်တဲ့ ခေါင်းမာ စိတ်တွေ (အနတ္တသဘောကို လက်မခံလိုတဲ့ စိတ်လို့ဆို ရမယ်ပေါ့အမေ၊ ဘယ်တော့မဆို ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်) သူတစ်ဖက်သားက ကိုယ့်ကိုဝေဖန်ရင် လှုပ်ရှားပြောင်းလဲလွယ်တဲ့ သမီးရဲ့ နုသေးတဲ့စိတ်ကို ထိန်းပေးမယ့်သူ မရှိတော့ဘူး။
အရင်တုန်းက စိတ်ထဲမှာ ဘဝကို လျှောက်ရတာရဲတယ်။ ဘာပဲဖြစ်ဖြစ်၊ မေမေက နောက်မှာရှိနေတာကိုး။ ခုတော့ နည်းနည်း ရင်လေးတယ် အမေရယ်၊ ရှေ့လျှောက် သမီး အမှားတွေ ဘယ်လောက်များ တွေ့ဦးမလဲလို့ တွေးတွေးပြီး စိတ်မောမိပါရဲ့။
ပြီးတော့ ဟိုတုန်းက နောက်ပိုင်းက လုံနေလေတော့ အပြင်အလုပ်တွေမှာပဲ သမီးက ခြေကုန်က,ခဲ့ပါတယ်။ သမီးမှာ ဒုက္ခတွေ တွေ့လာရင်ဖြစ်ဖြစ်၊ မအောင်မြင်လာရင် ဖြစ်ဖြစ်၊ မေမေ့ရင်ထဲကို ပြေးဝင်ပြီး ခေါင်းထိုးပြီး ငိုလိုက်တာပဲ။ ရှုံးခဲ့ရင်လဲ ရှုံးခဲ့တာတွေကို ရင်ထဲမှာ တစ်လုံးမကျန် တုန်ပြန်ပြောလိုက်တာပဲ။ အမှန်တော့ သမီးအပူတွေကို အမေ့ ပေးလိုက်တာပါလေ။ သမီးဟာ အတော် သတ္တိကြောင် သရဲဘောနည်းတဲ့ ကောင်မလေးပဲ။ ကိုယ့်အမေကို သိပ်အားကိုးပြီး၊ ဘာမဆို အမေ့သာ ပုံချလိုက်တာပဲနော်။အမေက သမီးရဲ့ အားကိုးရာ၊ မှီခိုရာလဲလျောင်းရာ၊ တည်ရာမှီရာပေကိုး။
မေမေက ဆိုမယ် “မေမေ မဆုံးခင်လေးပဲ သမီးဘဝမှာ အဖော်ဖြစ်နိုင်မယ့် လူတစ်ယောက်ကို သမီးနဲ့ အတူထားခဲ့တယ် မဟုတ်လားကွယ်”လို့ပြောမှာပဲ။ မှန်ပါတယ် အမေ။ အမေ ထားခဲ့တဲ့လူဟာ တကယ်လည်း တော်ပါတယ်။ အမေဟာ လူရွေးတော်တော် ကောင်းပါတယ်။ သူ့နှလုံးသားထဲမှာ လောကနဲ့ ဓမ္မကို ဆင်ခြင်တဲ့ တရားဟာလဲ အမေလိုပါပဲ။ သူ့စိတ်ထဲမှာ ဓမ္မရှိနေတာကို သမီးက ပိုပြီးသဘောကျတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဒုက္ခဖြစ်လာရင် သမီးဟာ သူ့ရင်ခွင်ထဲ ပြေးမဝင်သလဲ၊ ရှုံးခဲ့တာတွေ၊
နိုင်ခဲ့တာတွေကို တစ်လုံးမကျန် အမေ့ကိုပြောသလို မပြောသလဲလို့ အမေက မေးပေလိမ့်မယ်။
“ကျွန်မတို့မှာ မိန်းမ”လို့ ပဲ သမီးက ဖြေချင်တယ်။ ခက်တယ်အမေ၊ မိန်းမဆိုတာတွေဟာ တော်တော်ခက်တယ်နော်။ အမေ့ ကျတော့ ပူသမျှ ရင်ဝမှာမချန်ဘူး။ ပစ်ပုံလိုက်တာပဲ။ ။ကိုယ့်ယောက်ျားကျတော့ အမေရေ ကိုယ် ဒုက္ခဖြစ်တာတွေကို
သိတောင် မသိစေချင်ဘူး။ ကိုယ့် စိတ်ဝေဒနာတွေ ခံစားရသလို မခံစားစေချင်ဘူး။ ဖုံးတန်တာ ဖုံး၊ ဖိတန်တာ ဖိ၊ သိုဝှက်လိုက်ရတာတွေ ရင်ထဲမှာ
မျိုသိပ်ထားရတာတွေလေ မပြောနဲ့တော့။
အမေကတော့ ရယ်မှာပဲ။ တယ်တတ်တဲ့ မိန်းကလေးလို့လဲ ဆိုမှာပဲ“သူတို့လင်ကျတော့ သူတို့ သိတတ်လိုက်တာ”လို့ ပြောမှာပဲ။ ပြောတော့ အမေရေ ပြောတော့၊ သမီးလည်း ဝန်ခံပါတယ်။ မိန်းမဆို ဒီလိုပဲ မဟုတ်လားအမေ။ မေမေ ငယ်ငယ်တုန်းကလဲ စိတ်ညစ်စရာတွေရှိတယ်။ ဖေဖေ့ကို မပြောခဲ့ဖူး မဟုတ်လား။
တစ်ခါတစ်ခါတော့ သမီးဟာ သေသေချာချာ ပြန်တွေးကြည့်တယ်။ စိတ်ပျော်စရာ အကြောင်းတွေလောက်သာ ကိုယ့်ချစ်သူကို ပြောပြပြီး
ဒုက္ခကို မပြောရက်တာဟာ ဘာဖြစ်လို့လဲလို့။
ချက်ချင်းတော့ စိတ်ကပြန်ဖြေတယ် “ကိုယ့်လင်သားကို ငဲ့လို့"မှန်ပါတယ်။ ဒီတစ်ချက်ကလဲ မှန်ပါတယ်။ ကိုယ် ပူပင်သောက ရောက်သလို မရောက်စေချင်ဘူးပေါ့။ ဒါပေမယ့် အဲဒီအဖြေရဲ့ နောက်ပိုင်းမှာ တကယ် တိကျတဲ့ အဖြေတစ်ခုကလဲ ထွက်လာပြန်တယ်။ ဘာလဲဆိုတော့“မယုံလို့”တဲ့။
သမီးရဲ့ ဒီစကားကိုသာ သူတို့ကြားရင်“လင်သား”အနေနဲ့ လောကပိုင်းမှာ ဝင်ကပြရတဲ့ ယောက်ျားတွေ သည်းခံနိုင်ကြမှာ မဟုတ်ဘူး။
သူတို့ဟာ အမေတစ်ယောက်လောက်မှ ယုံကြည်အားထား မခံထိုက်ပေဘူးလားလို့ မေးခွန်းတွေ ထုတ်ကြမှာပဲ။တကယ်တော့ အမေရေ၊ တိုးတိုးလေး အမေ့ကို ကပ်ပြောပါရစေ““သူတို့ကို တကယ့်ကို မယုံရဲဘူး”။
သမီးတစ်ယောက်ဟာ ဘာတွေပဲ၊ ပြစ်မှုတွေ လုပ်ခဲ့လုပ်ခဲ့၊ နောက်ဆုံး အမေ့ကိုပဲ ဒုက္ခရောက်အောင် လုပ်ခဲ့ဦးတော့၊ အမေ့ ရင်ခွင်မှာ ခေါင်းတစ်ချက် ဝှေ့လိုက်ရင် အမေ့နှလုံးသားတွေဟာ အရည်ပျော်ပြီး သမီးကို မတိုင်းဆနိုင်တဲ့ မေတ္တာနဲ့ ခွင့်လွှတ်လိုက်တာပဲ မဟုတ်လားအမေ။ယောက်ျားကျတော့မရဘူး: အမေရေ၊ ဘာအပြစ်မှမလုပ်ဘဲ ဒူးညွှတ်ပြီး ခယတာတောင်၊ သူတို့ မလိုလားရင် မနိုင့်တနိုင် ခြေတောင် အနိုင်နိုင်သိမ်းပြီး ပြေးရတာပဲ။
ပြီးတော့လဲ ဒုက္ခတွေဆိုပါတော့ ကိုယ့်ရင်ထဲရှိသမျှ၊ ပူသမျှ ပုံချပြီး အမေ့ပြောသလို တတွတ်တွတ် ပြောလို့မရဘူး အမေ။ နေ့တိုင်းသာ ပူပန်သမျှ သောကတွေကို ပြောချရင် ကြာတော့ “အင်မတန်ဂျီတိုက်တဲ့ အပူတိုက်တဲ့ မိန်းကလေး"ဆိုပြီး မကြာခင် ပြေးမှာပေါ့ အမေ။ သေချာပါတယ် အမေရယ် ပြေးတော်မူကြတဲ့ နောင်တော့် နောင်တော်တွေကိုလဲ သမီးတွေ့ခဲ့ပါပြီ။စွန့်ပစ်ခံရတဲ့ အစ်မတော်များကိုလဲ တွေ့ခဲ့ရပါပြီ။
အဲဒီ အကြောင်းကြောင်းတွေကြောင့် ဆိုပါတော့၊ သမီးဟာ ဘာမဆို မျိုသိပ်တတ်နေတယ်။ အရင်ကလို ရင်ထဲမှာ ဘာမှမထား တတ်ဘူး။ ဟောဟော
ဒိုင်းဒိုင်း ပြောချရမှဆိုတဲ့ ပွင့်လင်းတဲ့ တရှူးထိုးစိတ်တွေ အလိုလိုရောက်သွားတယ်။ သဘာဝဟာ မိန်းမတွေကို အလိုလို သင်လာတယ်ထင်ပါရဲ့။
သမီးရေးတဲ့စာက ရှည်လွန်းတော့ သည်းခံဖတ်ပါ အမေရယ်။အမေ့ကို မပြောပြရတာ ကြာပြီမဟုတ်လား။ မေမေနဲ့ သမီး ခွဲကြတာ ရှေ့နှစ် ကဆုန်လပြည့်ဆို (၄)နှစ် ပြည့်ကြတော့မယ်။
ဒါနဲ့ သမီး ဘာကြောင့် စာရေးသူ ဖြစ်ရတယ်ဆိုတာ ပြောရဦးမယ်။သံသရာမှာ ကျင်လည်ရင်း ဆိုပါတော့၊ သမီးရင်ထဲမှာလဲ ဒုက္ခ၊သုက္ခတွေဟာ ပြွတ်သိပ်နေတာပဲ။ တချို့ကိစ္စတွေဆို သမီးဟာ မဖြေရှင်းတတ်ဘူး။ အမေကလည်း မရှိတော့ ဘယ်သူ့ကိုမှ ရင်ထဲကကိစ္စကို ဖွင့်မပြောရဲသလို ဖြစ်နေတယ်။ အောင်မြင်လာတဲ့အခါဆို အရေးမကြီးဘူး။
ရှုံးလာတဲ့အခါဆို နာနေတဲ့ နှလုံးကိုဖုံးပြီး ပြုံးရတာလောက် နုံးတာမရှိဘူး အမေရဲ့။ ဒီအခါများဆိုရင် သမီးလေ ငယ်ငယ်တုန်းကလို အမေ့ရင်ခွင်မှာ
ခေါင်းထားပြီး ရှိုက်ရှိုက်ပြီး ငိုလိုက်ချင်ပါရဲ့ အမေရယ်။
အမေထားခဲ့တဲ့ “ကို”ဆိုတာကလဲ သမီးနဲ့ အတူတူ နေရတဲ့ အချိန်တွေက နည်းပါတယ်။ ဒီတော့ သမီးဟာ ခြေဦးတည့်ရာ ဆိုသလို လျှောက်သွား
တာပေါ့ အမေ။ တစ်နေ့တော့ ချီးကျူးပွဲတစ်ခုကို သမီး ရောက်သွားတယ်။ -“စာရေးဆရာ”တစ်ယောက်ကို ချီးကျူးတဲ့ပွဲပဲ ထင်ပါရဲ့။ အဲဒီပွဲမှာ “ဒေါက်တာ ထင်အောင်”ဆိုတာက စကားတစ်ခုပြောတယ်။
“ဝတ္ထုဆိုတာဟာ သမီးတို့ လူသားတွေ ပြေးပုန်းခိုတဲ့ နေရာတစ်ခုတဲ့ အမေရဲ့။ လူသားတွေဟာ ကိုယ့်ရဲ့ တကယ့် ပတ်ဝန်းကျင်ကို ငြီးငွေ့
လာတဲ့အခါမှာ ဝတ္ထုကိုကိုင်ဖတ်ပြီး ဝတ္ထုထဲက ကမ္ဘာမှာ သွားရောက် လည်ပတ် ကြတာပါ။ လက်ရှိခံစားနေရတဲ့ ဒုက္ခတွေက ထွက်ပြေးပြီး ဝတ္ထုကမ္ဘာမှာခိုပုန်းကြသတဲ့”
သူပြောတာတွေတော့ အများကြီးပဲ။ ဒါပေမယ့် သမီးက ဒီစကားပိုဒ်ကိုပဲ စိတ်ထဲမှာ စွဲလာတယ်။ အိမ်ကို ပြန်လာရင်လဲ ခေါင်းထဲမှာ ဒါကိုပဲ
တွေးလာတယ်။ အိမ်ပြန်ရောက်တော့ ဒေါက်တာ ထင်အောင်ကို ကျေးဇူးတင်လို့ မဆုံးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမီးကို အသက်ရှူကျပ်တဲ့ ဒီကမ္ဘာက
ထွက်ပေါက်တစ်ခုကို ဒီပုဂ္ဂိုလ်ကြီးက ညွှန်ပြခဲ့တာပဲ။
အဲဒီနေ့ကစပြီး သမီးက စာတွေရေးတာပဲ။ အသက်ရှူရ ကျပ်လာပြီလား၊ ရင်ထဲမှာ မျိုသိပ်ပြီး ခံပြင်းနေရတာတွေ များလာပြီလား ဆိုရင်
သမီးတစ်ယောက် စာတွေ ထိုင်ထိုင်ရေး နေတော့တာပဲ။ အဲဒီ သမီးစာ တွေဟာ ဝတ္ထုတွေအဖြစ် ပေါ်လာတော့ သမီးဟာ စာရေးသူ ဖြစ်လာတာပေါ့။ အမှန်တော့ သမီးရဲ့ မျက်မှောက်ဝန်းကျင် က ပြေးထွက်ပြီး စာရေးတဲ့ကမ္ဘာ ခဏ ခိုဝင်လိုက်တာပဲ။ စာရေးတုန်းဆိုရင်တော့ အမေ၊ တကယ့်ကိုပဲ မျက်မှောက်ကမ္ဘာကို မေ့ပါရဲ့။ သမီး စိတ်ချမ်းသာတယ်။ ဒါကြောင့် သေသေချာချာ စာရေးလာတဲ့ နှစ်နှစ်အတွင်းမှာ သမီးကျန်းမာရေးဟာ တက်လာတယ်။ပါးတွေလည်း ပြန်ပြီး ဖောင်းလာတယ်။ လူကလည်း အရင်လို အိပ်ရာထဲ လဲနေတဲ့ အချိန်ရယ်လို့ မရှိတော့ဘူး အမေ။
အမေက မေးပေလိမ့်မယ်။ "သမီး ကမ္ဘာတစ်ခု ဖန်ဆင်းထားတယ် အမေရဲ့ အဲဒီ ကမ္ဘာမှာ သမီးက သွားနေတာပေါ့”
အမေ မျက်လုံးပြူးသွားသလား။ ရင်ကိုလက်နဲ့ မ,ပြီး အံ့သြမှာပဲ။အေးလေ... အံ့သြမှာပါပဲ။ “သမီးက ကမ္ဘာတစ်ခုကို ဖန်ဆင်းတယ်”ဆိုတော့
အံ့သြစရာပဲပေါ့။ ။အဲဒီကမ္ဘာက “အိပ်မက်ကမ္ဘာ”ပေါ့ ။ သမီးစိတ်ကူးထဲမှာ ဖန်ဆင်းထားတဲ့ ကမ္ဘာပေါ့ အမေ၊ အင်မတန် ပူပြင်းတဲ့နေရောင် အောက်မှာ ရုံးမရောက်ခင် လမ်းလျှောက်ရတာဟာ၊ ချွေးဒီးဒီး ကျနေတာပဲ။ ဒါကို သမီးက ငြီးငွေ့ပြီး စိတ်ပင်ပန်းနေရင် ဖြစ်မလား။ လူတွေတိုးပြီး
ပြွတ်သိပ်နေတဲ့ ဘတ်စ်ကားစီးရတဲ့ဘဝကို သမီးက စက်ဆုပ်လို့ ဖြစ်မလား။
ဒီတော့ သမီးက နေရောင်ခြည်တွေကို နွေးနွေးလေးဖြစ်အောင် ဖန်ဆင်းလိုက်တယ်။ဆောင်းဦးမှာ နေခြည်ရောင် နွေးလာပြီဆိုရင် ငှက်လေးတွေနဲ့ ပျား
လေးတွေ ပျံကြမြူးကြတယ် မဟုတ်လားအမေ။ သမီးတို့လည်း နေရောင်ခြည်ထဲမှာ မြူးလူးသွားလာ ကြရတာပဲလို့ သမီးစိတ်က ဖန်ဆင်းလိုက်ရတယ်။
ညနေ ရုံးဆင်းလို့ ဆရာ့ဆီကို စာသင်မီအောင် အပြေး အလွှား ပြန်လာရတဲ့ အချိန်များဆိုရင် ဗိုက်ထဲမှာလဲ ဆာတော့ ရင်ထဲကို ဆို့နေတာပဲ။အဲဒီအချိန် မှာဆို ရင် တက္က သို လ်ကျောင်းတော် ကြီးမှာ မပူမပင် သင်နိုင်သူတွေ ကျောင်းဆင်းလာချိန်ဆိုတော့ သမီးအနားမှာ ကားကြီးတွေ တဝီဝီနဲ့ ဖြတ်သွားကြတဲ့ အချိန်ပေါ့ အမေ။ သမီးကတော့ ရုံးလွယ်အိတ်လေး ပုခုံးပေါ်ထမ်းပြီး အိမ်အရောက် ပြေးနေရတုန်းပဲ။
အဲဒါတွေကြည့်ပြီး သမီးက ကားကြီးတွေ၊ တက္ကသိုလ် ကျောင်းတော်ကြီးတွေကို လွမ်းဆွတ်တသ နေလို့ ဖြစ်ပါ့ မလားအမေ။ မဖြစ်နိုင်ဘူး
အမေရေ့။ အဲဒီလို တသ စိတ်ကူးယဉ်ခြင်းကတော့ အောက်ခြေလွတ်တယ်ခေါ်တယ် အမေရဲ့။
သမီးကတော့ ကို ယ့် ဆရာဆီ မြန်မြန်ပြေးပြီး စာတွေသင်လိုက်တယ်ဆို ဟော.. ငြီးငွေ့ ပင်ပန်းတဲ့ ကမ္ဘာကြီးကို မေ့သွားပြန်ရော။မကောင်းဘူးလား အမေ။
မိုးကို ရောက်ပြန်ဦးမယ်။ မိုးရောက်တော့လည်း ရုံးမရောက်ခင် ရွာချတဲ့မိုးလောက် စိတ်ဆိုးစရာကောင်းတာ မရှိဘူး၊ လေရောမိုးရောများ သွန်ချလိုက်ရင် ဘယ်လိုပဲ ထီးဆောင်းပေမယ့် တစ်ကိုယ်လုံး ရွှဲရွှဲစိုလို့၊ရုံးရောက်ရင် ခိုက်ခိုက်တုန်နေတာပဲ။ ဒီတော့ သွန်ကျလာတဲ့ မိုးတွေကို သမီးက မိုးပွင့်မိုးပန်းတွေအဖြစ် ပြောင်းပစ်လိုက် ရတယ်။ တစ်ခါတည်း
မိုးပေါက်တွေဟာ သမီးအဖော် ဖြစ်လာပြီး၊ သူတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် လမ်းမှာ ကစားလာတာပေါ့။ လမ်းပေါ်မှာ ရေတွေ လျှံလာရင်လဲ သမီးခုံဖိနပ်ကို ရေစီးကြောင်းမှာ မျောရင်း သမီး ရုံးကို ရောက်လာတာပဲ။စိတ်ထဲကတော့ ဟဲ.. ဟဲ စမ်းချောင်းလေးမှာ စက္ကူလှေလေးကိုမျှော်ပြီး ကစားနေတယ်လို့ မှတ်ရတာပေါ့။ အမေ သမီးကို မရယ်နဲ့နော်။
တစ်ခုတော့ရှိတယ် အမေရေ့ တစ်ခါတစ်ခါ အိပ်မက်ကမ္ဘာထဲမှာ ပြေးပုန်းလို့ မရတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ “တီကောင်ကြီးတွေ”
အမေရဲ့။ ခြေသလုံးမြုပ်တဲ့ ရေထဲလျှောက်ရင်း ရေစပ်ရောက်လို့ လက်သန်း လက်မလောက် တီကောင်ကြီးတွေများ နင်းမိရင် နှုတ်ခမ်းပြာအောင် အော်လိုက်မိပါရဲ့။ ကြောက်တာကိုး၊ အမေရယ်၊ ဝတ္ထုထဲမှာဆိုရင် ဇာတ်လိုက်ကောင်မလေးကို မျော့တွယ်ရင်ဖြစ်ဖြစ်၊ တီ နှင်းမိရင်ဖြစ်ဖြစ်၊ လန့်အော်
အလိုက် ဇာတ်လိုက် ကောင်လေးက လာကယ်ရမယ် မဟုတ်လား။ သမီးကတော့ ဘာဟုတ်လိမ့်မလဲ။ ပတ်ဝန်းကျင် ကြည့်လို့လဲ လူတစ်ယောက်မှ
မရှိဘူး၊ မှောင်မည်းနေတဲ့ ကောင်းကင်နဲ့ တအားသွန်ကျနေတဲ့ မိုးပေါက်သာရှိတော့ တီကောင်များ မြင်လိုက်ရင် ဘာပြောကောင်းမလဲ ထဘီကို တိုတိုမ,ပြီး စွတ်ပြေးတော့တာပဲ။
အမေကတော့ ထင်မှာပဲ “သမီး ရုံးတက်ရတာ လယ်ထဲမှာလားသမီးရယ်၊ ဒါလောက် ရေတွေများတာ”လို့ ပြောမှာပဲ၊ မဟုတ်ဘူး အမေရေ
ရန်ကုန်မြို့ကြီးပဲ။ ဒါပေမယ့် မြို့ထဲနဲ့တော့ နည်းနည်း ဝေးတယ်။ မိုးတွင်းကျလို့ မိုးသည်းရင် သမီးဖြတ်လျှောက်တဲ့ လမ်းက ရေတွေပြည့်နေတာပဲ။
အဲဒီကြား ဖြတ်မောင်းသွားတဲ့ ကားပြောင်ပြောင်ကြီးတွေက ရေပန်းထပြီး သမီးတို့ လမ်းဘေးကလူတွေကို စင်လိုက်တာများ မပြောနဲ့တော့ .။
ဒါပေမယ့် သမီးက ပျော်တယ်။ သမီးရဲ့ အိပ်မက်ကမ္ဘာထဲမှာ သွားနေတယ်။ သမီးဖန်ဆင်းတဲ့ ကမ္ဘာဆိုတော့ သမီး စိတ်တိုင်းကျပေါ့အမေ။
အဲဒီ ကမ္ဘာမှာလေ နေရောင်ခြည်တွေဟာ တစ်ခါတလေ ခရမ်းရောင်လေး၊ တစ်ခါတလေတော့ တောက်တောက်ပပ ဖြူဖြူစင်စင်ပဲ။
ပန်းပွင့်လေးတွေကလဲ ရာသီမပြတ် ပွင့်ကြတယ်။ ဒါပေမယ့် ဒီပန်းကလေးတွေ ညှိုးကျသွားအောင်လို့ တော့ နေရောင်ခြည် မပူပြင်းအောင် သမီးက
တောင်းပန်ထားတယ်။ နေရောင်ခြည်ထဲမှာကိုက ကရုဏာရဲ့ အငွေ့ အသက်တွေ ပါနေရမယ်ပေါ့။
သမီးရဲ့ ကမ္ဘာမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ရက်စက်ခြင်းနဲ့ ဂုဏ်ပကာသနလည်း မရှိပေဘူးအမေရဲ့။ ပိုင်ဆိုင်ခြင်းဆိုတဲ့ သဘောတရား ကလည်းရှိလေတော့ အာဏာတို့၊ စိုးမိုးအုပ်ချုပ်ခြင်းတို့လဲ သမီးရဲ့ ကမ္ဘာမှာ မရှိပေဘူး။သမီး တစ်ယောက်တည်းဆိုတော့ မနာလိုမယ့်လူ၊ အတင်းပြောတဲ့လူလည်း မရှိလေတော့ သမီးစိတ်တွေဟာ ချမ်းငြိမ်းတယ်။
အမေက “မင်းရဲ့ ကို ကိုရော အဲဒီ အိပ်မက်ကမ္ဘာထဲ ဘာလို့မခေါ်လဲ”လို့ပြောမှာပဲ၊ သူ့ကိုခေါ်ရင် ချစ်တဲ့စိတ်ဆိုတာက ရှိဦးမယ်။ဘုရားသခင်က ဟောကြားတော်မူခဲ့တယ် မဟုတ်လား။ စိုးရိမ်ပူပန်ခြင်းသည်
ချစ်ခြင်းကြောင့် ဖြစ်၏။ ချစ်ခြင်းကင်းက စိုးရိမ်ပူပန်ခြင်းကင်း၏”တဲ့အမေရဲ့။ ဒါကြောင့် “ကို”ကို မခေါ်တာပါ အမေ။ပြီးတော့လည်း သူနေရတာက “စစ်သားဘဝ၊ အဲဒီ စစ်သားလို လူတစ်ယောက်က သမီးရဲ့ အိပ်မက်ကမ္ဘာထဲ လာနေလို့ ဘယ်လိုဖြစ်မလဲ။
သမီးရဲ့ ကမ္ဘာမှာ လမင်းကို တိမ်မဖုံးဘူး အမေ။ မည်းနက်တဲ့ တိမ်တိုက်ကြီးတွေရဲ့ သဘောဟာ ရက်စက်ခြင်းနဲ့ စိုးမိုးအနိုင်ကျင့်ခြင်းရဲ့
အဓိပ္ပာယ်အသွင်ကို ဆောင်တယ်လို့ ယူဆတယ်။ ဒီတော့ တိမ်တိုက်တွေဟာ လမင်းကို မဖုံးစေချင်ဘူး။ လမင်းရဲ့ သဘောဟာ ငြိမ်းချမ်းခြင်း၊ ဖြူစင်ခြင်း
နဲ့ အေးမြသာယာခြင်းရဲ့ အသွင်ကို ဆောင်ရမှာပေါ့ အမေ။
အသစ် အသစ် တဖန်ပြန်လည် ဖြစ်ခြင်းဆိုတဲ့ သဘောကလည်း မရှိလေတော့ သမီးရဲ့ ကမ္ဘာမှာ ဟောင်းနွမ်း ဆွေးမြေ့ခြင်းလည်း မရှိပေဘူး။
မိုးပေါက်ကလေးတွေဆိုလည်း ပြင်းထန်တဲ့ မိုးသီးမိုးပေါက်ကြီးတွေ မဟုတ်ဘူး အမေရဲ့။ အိပ်ပျော်နေတဲ့ ပန်းပွင့်လေးတွေ နိုးလာကြရုံပဲ။
'ရွာကျတဲ့ မိုးပေါက်မိုးဖွဲလေးတွေကိုး။
ပြီးတော့ မုန်တိုင်းတို့၊ လေနီကြမ်းတို့လည်း မရှိကြဘူး။ လေတိုက်ပုံက ခပ်နွဲ့နွဲ့ရယ်။ သမီးရဲ့ ကမ္ဘာက ပင်လယ်ပြင်ဟာလည်း လှိုင်းတံပိုးတွေ မရှိဘူး။ စမ်းရေလို နွဲ့နွဲ့ အေးအေးလေးပဲ။ လရောင်အောက်မှာ လှုပ်ရှား နေကြတာပဲ။ တွေ့ဆုံခြင်းဆိုတာ မရှိလေတော့လည်း ကွေကွင်းရခြင်း ဆိုတာလည်း မရှိပြန်ဘူး။ ဒီတော့ စိတ်ဝေဒနာဆိုတာ တော်တော်ကင်းတာပဲ။
အမေကတော့ သမီးတစ်ယောက် စိတ်ကူးယဉ်ပုံကို တွေးပြီးများ ရယ်နေမလား။အမှန်တော့ သမီးက
အမေ့ကို တရားကျလို့ပါ အမေရယ်။ သမီး
မြင်ရသလောက်ဖြင့် မေမေ့ဘဝဟာ တစ်ချက်မှ မအေးလိုက်ရဘူး။ မေမေ့သားတွေ သမီးတွေ လူစဉ်မီဖို့၊ မေမေ့အိမ်ထောင်စု ချမ်းသာဖို့ မေမေ့မှာ
ကြိုးစားလိုက်ရတာ တစ်ချက်မှ မနားရဘူး။
သမီးတို့ တစ်တွေလည်း အရွယ်ရောက်ရော မေမေပဲ ဖျတ်ခနဲဆိုသေရရော။ ဒီတော့ အသက်ရှင်စဉ်မှာ မေမေ ဘာများ ခံစားလိုက်ရသလဲ ငြိမ်းချမ်းရာဆိုလို့ တစ်ကွက်မှလည်း မရလိုက်ဘူး၊သမီးတော့ အမေ့လို အသေမခံနိုင်ဘူး။ ဒုက္ခတွေ အနန္တတော
တွေ့မှာပဲ။ အဲဒီ ဒုက္ခတွေထဲက သမီးရဲ့ ““အေးကွက်တစ်ကွက် ရအောင်ရှာပြီး နေရမှာပဲ အမေ။
စိတ်ချတော့ အမေရေ။ အမေ့သမီးဟာ လူ့လောကမှာ နေတတ် စားတတ်နေပြီ။ လောကရဲ့ ဒုက္ခတွေဟာ သမီးကို မလွှမ်းမိုးနိုင်တော့ဘူး။သမီးကမ္ဘာဆီကို ဒီဒုက္ခဆင်းရဲတွေဟာ ရောက်မလာ နိုင်ကြတော့ဘူး။
တကယ်လို့များ အမေသာ အသက်ရှင်နေသေးရင်လည်း သမီးရဲ့“အိပ်မက်ကမ္ဘာ”ဆီကို တစ်ခေါက်လောက်တော့ ခေါ်သွား လိုက်ချင်ပါသေးရဲ့။
အမေတစ်ယောက် တမလွန်မှာ နိဗ္ဗာန်ရောက်ကြောင်း တရားပွားများ အားထုတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
သမီးချို
အထက်ပါစာမှာ စာသေရုံးသို့ ရောက်လာသော စာတစ်စောင်ဖြစ်ပေသည်။ စာအိတ်ပေါ်တွင် ...
“ဘဝတစ်ပါးပြောင်းသွားသော အမေသို့”ဟူ၍ ပါရှိလေသည်။
စာသေရုံး အရာရှိတို့သည် စာကို ပြန်ပို့ရန်အတွက် ပေးသူ လိပ်စာကိုလည်းမသိ၊ တမလွန်သို့ ယူဆောင်သွားရန်ကလည်း မဖြစ်နိုင်ပေ။ထို့ကြောင့် စာများကို မီးရှို့ဖျက်ဆီးပစ်ရန် ဆဲဆဲတွင် ထိုစာကို ဖတ်မိကြပေသည်။
“စာရေးသူများသည် ကမ္ဘာကို ဖန်ဆင်းနိုင်ပေသည်”ဟု သူ့စာက ဆိုပေသည်။ ဘယ်လောက်အထိမှား၍ ဘယ်လောက်အထိ မှန်သည်ကိုတော့ မပြောနိုင်ပါ။
-------------
ခင်နှင်းယု
#Typing_crd_ZawOo
No comments:
Post a Comment