အေလမ်းဝတ္ထု
📑📑📑📑
ဆူးငှက်
(က)
မန္တလေးမှာ အေလမ်း၊ ဘီ လမ်း၊ စီလမ်းဆိုလို့ ယနေ့ခေတ် လူငယ်တွေ ဘယ်သူမှ သိမှာမ ဟုတ်ကြတော့။ တကယ်တော့ ၁၈၈၆ ခုနှစ် မန္တလေးရတနာပုံ နေပြည်တော်ကို အင်္ဂလိပ်တို့ စတင်တက်ရောက် သိမ်းပိုက်က တည်းက ထိုလမ်းနာမည်တွေ တွင်ခဲ့သည်ဟု သိရသည်။ ဂေါ ၀ိန်ဆိပ်က အင်္ဂလိပ်တပ်တွေ ကမ်းတက်လာကြသောအခါ တပ်အ လိုက် တက်ရောက်လာကြသည့် လမ်းကြောင်းတွေကို သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသည်ဟု သိရသည်။ ကျွန်တော်တို့ သက်တမ်းအရွယ် တွေအထိ အေလမ်း၊ ဘီလမ်း၊ စီ လမ်းတို့ခေါ်ကာ နှုတ်ကျိုးနေပြီ။ စကားမစပ် ကျွန်တော်တို့မိဘများ နှင့် ဦးကြီး၊ ကြီးတော်တို့က မန္တ လေး၏ အချို့သော ရပ်ကွက်အ သုံးအနှုန်းများကို ပြောဆိုကြ သောအခါ ကျွန်တော်တို့ မကြား ဖူးတာတွေပင် ပါသေးသည်။ ဥပ မာဆိုပါတော့ ရိုးလ်ကုမ္ပဏီတို့၊ ကာတစ်တိုက်သို့၊ မာလဂျမ်းတိုက်တို့၊ ခတ္တိယ၀င်းတို့ စသည်ဖြင့် ဖြစ်သည်။ ကြီးတော်က သူ့အိမ်ရှိ သော လမ်း ၃၀ နှင့် ၈၁ လမ်း ထောင့်နေရာကို ကျွန်တော်တို့နေ ထိုင်သော ဒေါင်းရိုးရပ်မှ သွားရ မည့် ခရီးစဉ်ကိုညွှန်ရာ၌ ‘‘မင်းက လည်းကွယ် ဒီကနေ ၀ါးတန်းထိ တက်လိုက်၊ ၀ါးတန်းရောက် တော့ ခတ္တိယ၀င်းထဲဝင်ပြီး အရှေ့ပေါက်ကနေ ရှင်ဘို့မယ်ဘုရား ၀င်းထဲ ဆက်ဝင်၊ ရှင်ဘို့မယ်အရှေ့ပေါက်ကနေ ရာမနတ်စင်ဝင်းဖြတ်ပြီး ရှစ်မှတ် ဂါတ်တဲဘေး က တက်ခဲ့ပေါ့’’ဟု ပြောတတ် သည်။
ဦးကြီးကတော့ ‘‘မာလဂျမ်း တိုက်ကနေ ကာတစ်တိုက်က တစ်ဆင့် ရိုးလ်ကုမ္ပဏီအတက် ကျော်တာနဲ့ ကုန်းတန်းထိပ်မှာ ကြေးနန်းရုံးရှိတယ်ကွာ။ ကုန်း တန်းကျော်တာနဲ့ ဓာတ်စက်ရုံ ရောက်တာပဲ’’ဟူသော စကားမျိုး တွေ ကျွန်တော်တို့ အတော်နား လည်အောင် ကြိုးစားရသည်။
နေဦး ... ကျွန်တော်ပြော ချင်တာ ဒါမဟုတ်။
(ခ)
ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိသော ရန်ကုန်-မန္တလေးမီးရထားလမ်းကို ဖွင့်လှစ်ခဲ့ ပြီးနောက် မန္တလေးမြို့တွင်လည်း မီးရထားဘူတာရုံကြီးတစ်ရုံတည် ဆောက်ခဲ့သည်။ ထိုစဉ်က မန္တလေးမြို့၏ အဓိကနေရာများမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအ နောက်ဘက် စီလမ်းတစ်လျှောက် နှင့် ဈေးချိုဝန်းကျင်သာ ဖြစ်သော ကြောင့် အဆိုပါနေရာများနှင့် ဆက်သွယ်မှု လွယ်ကူသောအ ရပ်တွင် ဘူတာကို တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ မန္တလေးနန်း တွင်းနှင့် ၂၆ ဘီတစ်လမ်းသာ ခြားပြီး တောင်ဘက် ၃၅ လမ်းထိ အရှည်ရှိကာ အကျယ်အ၀န်းအ နေနှင့် ၇၈ လမ်းနှင့် ၇၉ လမ်း ကြားရှိသော မန္တလေးဘူတာကြီး ၏ ဧရိယာမှာ ထိုစဉ်ကတည်းက ယခုအချိန်တိုင်အောင် နှစ်ပေါင်း တစ်ရာကျော်အတွင်း လုံလောက် မျှတမှု ရှိခဲ့သည်။ ဘူတာကြီး ဧရိ ယာတွင် ကုန်ရုံများ ရှိခဲ့သည်။ တွဲ ဆိုင်းများ ပြင်ဆင်သန့်ရှင်းရာ နေ ရာများ ရှိသည်။ လုံလောက်သော ဘူတာစင်္ကြံ ရှိသည်။
ခရီးသည်များ နားနေရန်အ တွက်လည်း ကျယ်ဝန်းသည်။ ထို မျှသာမက မီးရထားစက်ခေါင်း များအတွက် စက်ခေါင်းပြုပြင် ထိန်းသိမ်းရန်ပင် တစ်ပါတည်းပါ ရှိခဲ့သည်။ နောက်ထပ်ထိုမျှသာမ ကဟု ထပ်မံပြောရဦးမည်။ အဆို ပါ ဘူတာရုံကြီးနှင့် မျက်နှာချင်း ဆိုင်တွင်လည်း ၇၈ လမ်းတစ် လျှောက် ရာထူးကြီးငယ်အစဉ် လိုက် ၂၇ လမ်းမှ ၃၅ လမ်းအ တွင်း နေရာများချထားပေးခဲ့ သည်။ ဘူတာဟူသည် ၂၄ နာရီ တာဝန်ရှိသဖြင့် ဘူတာနှင့် အနီး ဆုံးနေရာတွင် မီးရထားဝန်ထမ်း များလည်း ၂၄ နာရီ အဆင်သင့် ဖြစ်စေရန် နေရာချထားပေးခြင်း ဖြစ်သည်။ ထို့ကြောင့် မန္တလေးဘူ တာဧရိယာဟူသည် ၀န်ထမ်း လိုင်းများအပါအ၀င် ၂၇ လမ်းမှ ၃၅ လမ်းအတွင်း ရှစ်ပြအရှည်နှင့် ၇၇ လမ်းမှ ၇၉ လမ်းအတွင်း နှစ် ပြအကျယ်ရှိသော ဧရာမဧရိယာ ကြီးဖြစ်ခဲ့သည်။ ဘူတာကြီးတည် ဆောက်စဉ်ကာလ မန္တလေးအ ရှေ့ခြမ်းမှာ လူနေရပ်ကွက်က ခပ်ကျဲကျဲပါးပါးပဲ ရှိသည်။ အများစုက ရုံးများပဲ ဖြစ်၏။
ဘူတာကြီးအရှေ့ဘက်မှာ ပြည်သူ့ဆေးရုံကြီးရှိသည်။ မြူနီ စီပယ်ရုံးကြီး ရှိသည်။ အထွေထွေ အုပ်ချုပ်ရေး ဆိုင်ရာရုံးများ ရှိ သည်။ ထို့နောက် အငြိမ်းစားအ ရာရှိများနှင့် ရုံးဝန်ထမ်းများနေ ထိုင်သော စီဗီလိုင်းရပ်ကွက် ရှိ သည်။ နောက်ပိုင်းမှာ အစိုးရစက် မှု၊ လက်မှု သိပ္ပံကျောင်းလည်း ရှိ လာသည်။ ဆေးရုံကြီးနှင့် ရုံးကြီး ကြားမှာ ဗထူးကွင်းလည်း ရှိလာ ၏။ ထိုစဉ်ကာလက စီးပွားရေးအ ချက်အချာကျသော ဈေးချိုဝန်း ကျင်သို့ အရှေ့ခြမ်းအရပ်မှ ကူး လူးဆက်ဆံမှုသည် မနက်ဈေး သွား၊ ဈေးပြန်လောက်ပဲ ရှိမည်။ ညနေစောင်းနေ၀င်သည်နှင့် အဆက်အဆံ ကူးလူးမှု မရှိသ လောက် နည်းပါးသွားခဲ့၏။ ထို့ ကြောင့် မန္တလေး၏ ရှေ့ခြမ်း၊ အ နောက်ခြမ်း ကူးလူးဆက်ဆံရေး တွင် နန်းမြို့ရိုးနှင့် ဘူတာကြီး ကြားရှိ ၂၆ ဘီလမ်းနှင့်ပင် လုံ လောက်အဆင်ပြေသည်။ ၂၆ ဘီ လမ်းမှာပင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ်သာ ဖြတ်သန်းသော မန္တလေး-မတ္တရာ မီးရထားလမ်းရှိသောကြောင့် မီးရထားလာချိန်တွင် မိနစ်အနည်းငယ်မျှ လမ်းပိတ်ဆို့ သွားတတ်သေးသည်။ ဒါပေမဲ့ ကိစ္စမရှိ အရေးတကြီးသွားစရာမရှိ။
မန္တလေးဘူတာကြီးသို့ မီးရ ထားအ၀င်၊ အထွက်မှာ မြို့ တောင်ဘက်ခြမ်း၌သာရှိသဖြင့် ယခုကဲ့သို့ ခုံးကျော်တံတားများ မရှိသေးသည့်အချိန်မို့ မီးရထား အ၀င်၊ အထွက်ရှိတိုင်း ယာဉ်အ သွားအလာများကို ခေတ္တပိတ် ထားရသည်။ အများဆုံးပိတ်ရ သည့်အချိန်များမှာ နံနက်ပိုင်းနှင့် ညဦးပိုင်းများသာ ဖြစ်သည်။ ဘူ တာ၏ တောင်ဘက်တွင် မန္တလေး အရှေ့ခြမ်းနှင့် အနောက်ခြမ်းကူး သန်းသွားလာမှု အများဆုံးသာမ က မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင် မြို့များမှ အဓိကအ၀င်၊ အထွက် လမ်းအဖြစ် ၃၅ လမ်း(၀ါ)အေ လမ်းသည် ယာဉ်အသွားအလာ များပြားခဲ့သည်။
အေလမ်းနှင့် မီးရထားလမ်း ဆုံရာနေရာကို မျက်ပါးရပ်ဂိတ် ဟုခေါ်ကြသည်။ အမြန်ရထား ကြီးများ အ၀င်၊ အထွက်ရှိသော မီးရထားလမ်းမို့ ရထားမ၀င်မီ၊ မထွက်မီ မိနစ်အတော်ကြာ ကြို တင်ပိတ်ထားရလေ့ရှိရာ အချက် ပေးခေါင်းလောင်းသံနှင့်အတူ ပိတ်ထားသော သံတံခါးကြီးများ ထိပ်မှ မီးအိမ်နီကလေးကို ရပ် ထားသော ယာဉ်များသည် ခပ် လှမ်းလှမ်းမှပင် ခပ်ပျပျလေး မြင် ရလောက်အောင် တစ်မျှော်တစ် ခေါ် ငေးမောကြည့်ရှုကြရ၏။ တစ်ခါတစ်ရံအဝင်ရထားနှင့် အထွက်ရထား နှစ်စီးလုံးအတွက်စောင့်ဆိုင်းရသောအခါ မိနစ်မျှသာမက နာရီအထိပင် ကြာသွားလေသောကြောင့် အေလမ်းပေါ်၌ ဆိုက်ကား၊ မြင်းလှည်းနှင့် မော်တော်ယာဉ်များ မီးရထားလမ်း၏ အရှေ့ခြမ်း၊ အနောက်ခြမ်း အတောင့်လိုက်ပိတ်ဆို့ သွားတတ် သည်။ ရန်ကုန်မှဖြစ်စေ မြစ်ကြီးနားမှဖြစ်စေ လားရှိုး၊ ကျောက်မဲမှဖြစ်စေ ရွှေဘို၊ မုံရွာမှဖြစ်စေ မီးရထားနှင့် ညပိုင်းကာလ ဝင်လာလျှင် မျက်ပါးရပ်ဂိတ်တွင် စောင့်ဆိုင်းနေသော မြင်းလှည်းများက ရေနံဆီမီးအိမ်လေးများ၏ တလက်လက် အရောင်ဟာ တန်ဆောင်တိုင် မြင့်မိုရ်ပွဲ ကျင်းပနေသလား အောက်မေ့ရသည်။
ထိုစဉ်က မြင်းလှည်းများ၏ ပုံရိပ်သည် မန္တလေးဘူတာကြီး ရှေ့တွင်လည်း ပိုမိုသိသာစေ သည်။ ကိုလိုနီခေတ်ကတည်းကတည်ဆောက်ခဲ့သော အပေါ်ထပ်အုတ်ကြွပ်မိုး အပေါ်ထပ်ပျဉ်ထောင်ကာ အောက်ထပ်အုတ် တိုက် ဘူတာကြီးအဆောက်အ အုံရှေ့တွင် ကွက်လပ်ကြီးရှိသည်။ ကွက်လပ်ကြီး၏ မြောက်ဘက်ခြမ်းမှာ စနစ်တကျတန်းစီ၍ဂိတ်ထိုးထားသောမြင်းလှည်းများမှာ အစီးရေရာချီရှိသည်။ ရထားပေါ်မှဆင်းလားသည့် ခရီးသည်များအ ဖို့ ဘူတာကြီးရှေ့မှာ ပထမဆုံးမြင်လိုက်ရသော မြင်းလှည်းများမြင်ကွင်းကလည်းထူးခြားမှုဖြစ်သည်။ ထိုခေတ်က ရိုက်ကူးသောရုပ်ရှင်ကားတိုင်း၌ မန္တလေးနိမိတ်ပုံကို ပြလေတိုင်း ဘူတာကြီးရှေ့ မှစီတန်းနေသော အစီးရေရာချီရှိ သည့် မြင်းလှည်းတပ်ကြီးကို ရိုက်ပြလိုက်သည်နှင့် မန္တလေးပုံရိပ် ပီပြင်သွားတော့သည်။ အခုတော့ ထိုမြင်ကွင်းတွေက လွမ်းစရာတွေ ပေါ့။ ထိုစဉ်က မန္တလေးမြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် မြင်းလှည်းကအရေးပါသည်။ ဈေးချိုကိုအခြေခံပြီးပြေးဆွဲသည့် မြင်းလည်းလိုင်းတွေလည်း အများအ ပြား ရှိသည်။
နေဦး…ကျွန်တော်ပြောချင်တာ ဒါမဟုတ်။
(ဂ)
မန္တလေးမှာက ဘတ်စ်ကား လိုင်းတွေရှိခဲ့သော်လည်း ဘတ်စ်ကားလိုင်းကို အများဆုံးအသုံးပြု သူတွေက ရဟန်းသံဃာများ၊ နယ်မှဧည့်သည်များနှင့် ဝန်စည်စလယ် အထုပ်အပိုး များပါသော မြို့ပေါ်က ခရီးသွားများပဲ ဖြစ်သည်။ထိုစဉ်က မန္တလေးဘတ်စ်ကား အများစုမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ပလပ်ခေါင်းတိုလူစီး ဘော်ဒီတပ်ဘတ်စ် ကားကြီးများပဲ ဖြစ်သည်။ ဗိုက်ပူဘော်ဒီအတွင်း တစ်ဖက်တစ်ချက် ခုံတန်းရှည်သာ ရိုက်ထားပြီး အလယ်ကောင် ကွက်လပ်တွင် ကုန်စည်များတင် ဆောင်ပြီး ပေ ၅၅ဝ နီးပါးအရှည်ရှိသည့် မန္တလေးတစ်ပြ အပိုင်းအခြားအတွင်း မှတ်တိုင်နှစ်မှတ်တိုင် နီးပါးထားရှိကာ ခပ်ဖြည်းဖြည်း ဘီးလိမ့်ရုံမောင်းပြီး မှတ်တိုင် ရောက်တိုင်း ခရီးသည်တမေ့တ မောစောင့်သည့် ဘတ်စ်ကားများ ဖြစ်သည်။ ထို့ကြောင့်လည်း မန္တလေးဘတ်စ်ကားတွေကို သံလိပ်ကြီးများဟု တင်စားသူက တင်စားကြသည်။ တယ်တော့မရိုင်းလှ။ မန္တလေး၏ ဘတ်စ်ကားလိုင်း အတော်များများမှာ တောင်၊ မြောက်လမ်းကြောင်းများအတိုင်း ပြေး ဆွဲသည်က များသည်။ အနောက်မှစ၍ပြောရလျှင် အေလမ်းနှင့် ဘီ
လမ်းကြား ကမ်းနားလမ်း၊ ဘုရားကြီးနှင့် ဈေးချိုကြား ၈၄ လမ်း၊တာရဲတန်းနှင့် ဗျစ်စက်ရုံကြားလမ်း ၈ဝ၊ ဓာတ်စက်ရုံနှင့် အေလမ်းကြား ၇၈ လမ်း။ ထိုလမ်းများလောက်သာ ဘတ်စ်ကားလိုင်း တွေ စုပြုံပြေးဆွဲကြပြီး အရှေ့အနောက် လမ်းအနေနှင့်မူ အေလမ်းနှင့် ဘီလမ်းများပေါ်၌သာ ဘတ်စ်ကားလိုင်းပြေးဆွဲမှု ရှိခဲ့သည်။ အေလမ်းပေါ်တွင် ဈေးချိုမှ အုန်းချော၊ကျောက်မီးအထိ ပြေးဆွဲသောအမှတ် (၁၁)ဘတ်စ်ကားလိုင်း၊ စိန်ပန်းနှင့် ဈေးချိုကိုကွေ့ဝိုက်ဖြတ်ပြီး ၈၂ လမ်းမှတစ်ဆင့် မန္တလေး တက္ကသိုလ်ပြေးဆွဲသော အမှတ်(၃)ကားပြာလိုင်းတို့လောက်သာ ရှိသည်။ အများဆုံး အေလမ်းပေါ် ရှိသည့်ယာဉ်များမှာ မန္တလေး -မေမြို့ (ပြင်ဦးလွင်) ပြေးဆွဲသော ယာဉ်များ ဖြစ်သည်။ ထိုစဉ်ကလည်း ပြင်ဦးလွင်ယာဉ်လိုင်းမှာ အခုလောက် များများစားစား မရှိ။ MMTA နှင့် မူလ MMTAယာဉ်လိုင်းလောက်ပဲ ရှိမည်။ ထိုယာဉ်လိုင်းတွင် ဂျစ်ကားများသာ ပြေးဆွဲခဲ့၏။
အေလမ်းအကြောင်း ပြန်ပြောင်းပြောတော့ မြင်ကွင်းတွေထဲမှာ မှတ်မှတ်ရရသိသိသာသာ ကြီး ပြောင်းလဲသွားတာက အေလမ်း အနောက်ခြမ်းပဲဖြစ်သည်။ ယခင်က အေလမ်းအနောက်ခြမ်းလမ်း ၈ဝ မှ ဂေါ်ဝိန်အထိ အေလမ်း၏ မြောက်ဘက်ခြမ်းတွင် မီးရထားလမ်းတစ်လမ်းရှိသည်။ ဘူတာကြီးမှ ဂေါ်ဝိန်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် မီးရထားလမ်းဖြစ်သည်။ ထို့ကြောင့် ထိုစဉ်က အေလမ်းကို မန္တလေးသားတွေ က သံလမ်းဟုလည်း ခေါ်ဆိုကြ သည်။ ဂေါဝိန်ဆိပ်တွင် ရေနံ သိုလှောင်ကန်များလည်း ရှိသဖြင့် အထက်မြန်မာပြည်အတွက် ဆီတင် မီးရထားတွဲတွေ၊ ဂေါဝိန်ရေနံလှောင်ကန်တွေမှာ ဆီတင်ကြသည်။ အလားတူ ဂေါဝိန်၊ ထင်းဝင်း၊ ပိုက်ကျုံး၊ မရမ်းခြံစသည့် ကမ်းနားတစ်လျှောက်တွင်လည်း သစ်စက်ကြီးများ ရှိသဖြင့် သစ်လုံး၊ သစ်ခွဲသားများကို သစ်တင် မီးရထားတွဲများဖြင့်လည်း တင်ဆောင်ကြသည်။ ထို့ကြောင့် ဘူတာကြီးနှင့် ဂေါဝိန်ကို ဆက်သွယ်ထားသော မီးရထားလမ်းမှာ ထိုစဉ်က အထက်မြန်မာပြည် ကုန်စည်ပို့ဆောင်ရေးတွင် အရေးပါခဲ့သည်။ ဂေါဝိန်ဆိပ်က ဆီတင်တွဲများ၊ သစ်တင်တွဲများ၊ အခြား ကုန်တင်တွဲများကို ဘူတာကြီးနှင့် အသွား၊အပြန် ပို့ဆောင်ပေးသော ကုန်ရထားများကို အေလမ်းတစ်လျှောက် အနည်းဆုံးတစ်နေ့ နှစ်ကြိမ် လောက် တွေ့ရသည်။
ထိုစဉ်က မီးရထားအများစု၏ စက်ခေါင်းများမှာ ရေနွေးငွေ့အားသုံး အင်ဂျင်စက်ခေါင်းကြီး များ ဖြစ်သည်။ ကုန်တင်တွဲကြီး များ ဆွဲလာသော ရေနွေးငွေ့အားသုံးစက်ခေါင်းကြီးများ၏ ဥသြသံများကို အေလမ်းပေါ်တွင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အမြဲကြားရသည်။ အဆိုပါ မီးရထားလမ်းသည်လည်း ထိုစဉ်က အသွား၊အလာများသည့် ၈၄ လမ်းကို ဖြတ်သန်းရသော်လည်း တစ်စုံတစ်ရာကြီးကြီးမားမား မတော်တဆ ထိခိုက်မှုမျိုး မရှိခဲ့ပေ။ ကုန်ရထားသည် လမ်းမကြီးများကို ဖြတ်သန်းသည့်အခါတိုင်း ဥသြသံတွင်တွင်ပေးကာ လမ်းကိုဖြည်းဖြည်းချင်း တိုးဝင်ဖြတ်သန်းသည်။
အေလမ်းပေါ်တွင် ဘူတာကြီးနောက်ခြမ်း၌ စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ရှိသည်။ ၁၉၁၉ ခုနှစ်က ပြင်သစ်ဘုန်းတော်ကြီး ဖာသာဂျိုးဇက်လဖုန်းက စတင်တည်ဆောက်ခဲ့သည်ဟု မှတ်သားရပါသည်။ ထိုစဉ်က မြန်မာ
လူငယ်နှစ်ဦးကို ပြင်သစ်နိုင်ငံသို့ လေးနှစ်ကြာပန်းပုပညာ သင်စေပြီး မန္တလေးတွင် ထိုဘုရားကျောင်းကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ပြီးစီးခဲ့သည်ဟု လည်း သိရသည်။ ဘုရားကျောင်းတွင် အလွန်လက်ရာမြောက်သော ပန်းပုရုပ်လုံးများကို ယခုထက်တိုင် အထင်အရှား တွေ့ရှိရသည်။ အေလမ်း အနောက်ခြမ်းတွင် ယခင်က မြန်မာများသာ အများစုနေထိုင်ခဲ့ကြသည်။ ဖာသာလဖုန်းကျောင်း၏ ၈၁ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားကို စာတိုက်တန်းဟု ခေါ်သည်။ စာတိုက်တန်း၏ တောင်ဘက်တွင် ပန်းချီဝင်းဟုလည်း ရှိသည်။ ယခင်က အေလမ်းတစ်လျှောက် လမ်း ၈ဝ မှ ၈၅ လမ်းအထိ သံလမ်းဘေးတွင် မီးရထားဝန်ထမ်း အိမ်ရာများ ရှိသည်။ အေလမ်းဘက်ကို မီရထားလမ်းသာခြားပြီး မျက်နှာပြုထားသည့် နေရာများမို့ မီးရထားဝန်ထမ်းများက ဆိုင်ခန်းများအား အငှားချထားပေးခဲ့သည်။ အများစုမှာ ဆေးဆိုးပန်းရိုက်လုပ်ငန်းများ ဖြစ်သည်။ ထိုအိမ်ခန်းများတွင် ပန်းချီ၊ပန်းပု အရောင်းပြခန်းများလည်း ဖွင့်လှစ်ထား ရှိသည်။ အေလမ်းနှင့် ၈၃ လမ်းထောင့်တွင် လမ်းအနောက်ဘက်ခြမ်း၌ မန်ကျည်းပင်ကြီး တစ်ပင် ရှိခဲ့သေးသည်။
နေဦး…ကျွန်တော်ပြောချင်တာ ဒါမဟုတ်။
(ဃ)
၁၉၇၀ ကျော်ကာလ အလွန်တရာ ပူပြင်းသော နွေအချိန်တွင် အနည်းငယ်သက်သာရာရသည့် ညချမ်းအချိန်၌ အလွန်များပြား လှသော လူအုပ်ကြီး တစ်အုပ်က မန်ကျည်းပင်ကြီးကို မော့ကြည့် ပြီး ဟော လှုပ်တယ်...လှုပ်တယ်ဟု အော်ဟစ်ပြောဆိုကာ လက်နှိပ်ဓာတ်မီးများ ထိုး၍ မန်ကျည်း ကိုင်း တစ်ကိုင်းအား စူးစူးစိုက်စိုက်ကြည့်ကြရင်း ဆူညံပွက်လျက် ရှိသည်။ အေလမ်းတစ်ဖက် မှာရှိသော ဆံတော်သစ်လက် သုပ်ဆိုင်ကလည်း ရောင်းမလောက်။ မလှမ်းမကမ်း ၈၃ လမ်းပေါ်က ကြက်မင်းအသုပ်စုံ ဆိုင်မှာလည်း ထိုင်စရာနေရာ မရှိတော့။ နွေခေါင်ခေါင် လေတစ်စက်မှ မတိုက်ဘဲ ကိုယ်စီိကိုယ်စီ ယပ်တောင်နှင့် နေရသည့်ကာ လတွင် လေမတိုက်ပါဘဲ မန်ကျည်ပင်ကိုင်းက ထူးထူးခြားခြား လှုပ်သည်ဟူသော သတင်းစကား ကြောင့် နေ၀င်သည်နှင့် မြို့လုံးအနှံ့မှလူများ မန်ကျည်းပင်အောက် ရောက်လာကာ မန်ကျည်းကိုင်း ကို မော့ကြည့်ပြီး အသီးသီး လှုပ်တယ်... လှုပ်တယ်... ဟူသောစကားသံများ ထွက်ကြခြင်းဖြစ်သည်။
မည်သို့ဆိုစေ မန်ကျည်းပင်အောက်ရောက်၍ မန်ကျည်းကိုင်းကို မော့ကြည့်သည့် တစ်ခဏတော့ အပူဒဏ်ကို မေ့သွားတာပေါ့။ သည်ရက်မတိုင်ခင် သင်္ကြန်ပြီးခါစကလည်း မန္တလေးအိမ်တော်ရာ သင်္ကန်းတန်းက ခင်မာလာအမည်ရှိ ချောချောလှလှ အပျိုကလေးတစ်ယောက် သင်္ကြန်လည်ပြီး အပြင်းဖျားကာ ရုတ်ခြည်း သေဆုံးသွားသောအခါ မိတ်ကပ်များဖြင့် အကျအန ပြင်
ဆင်ထားသည့် ထိုအပျိုလေး၏ ရုပ်အလောင်းကို ပွဲတော်ကြီးတမျှ တကူးတကန့် သွားကြည့်သည့် အဖြစ်အပျက်လည်း ကြုံခဲ့ပါ၏။ အသုဘချသည့်နေ့ကဆိုလျှင် မပြောပါနှင့်တော့ နာရေးမဏ္ဍပ် ရှေ့မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေလို့ အလောင်းကို မနည်းထုတ်ယူရသတဲ့။ ရွာဟိုင်းသုသာန်မှာ ညရောက်တော့ မြေချသင်္ဂြိုဟ်ခါနီး အလောင်းဖွင့်ကြည့်သောအခါ ဆံစနဖူးထိပ်၌ ချွေးကလေးစို့၍ နှုတ်ခမ်းတစ်ဖက် တွန့်သွားသည်ဟု မြင်တွေ့ကြသူများကြောင့် အသက်ရှိသေးတယ်ဟူသော သတင်းက တစ်မုဟုတ်ချင်း ပျံ့နှံ့သွားကာ အသုဘရှိပရိသတ်က သင်္ဂြိုဟ်မခံဘဲအနီးရှိ ဘုန်းကြီးတစ်ကျောင်းပေါ်သို့အလောင်းကို ပို့ဆောင်လိုက်သည်။ မိသားစုအပါအ၀င်ဆရာဝန်များက အမှန်တကယ်သေဆုံးကြောင်း မည်သို့ပင် အတည်ပြုသော်လည်း ပရိသတ်က လက်မခံခဲ့။ တစ်နေ့နှင့်တစ်ညကျော်မျှ ထားရှိပြီး ရုပ်အနည်း ငယ်ပျက်လာမှ ညကြီးသန်းခေါင်လူရှင်းချိန် အမြန်သင်္ဂြိုဟ် လိုက်ရသည်။
ခင်မာလာ သေတယ်၊ မသေဘူး ငြင်းခုံပြီးတော့ မန်ကျည်းကိုင်း လှုပ်ချိန် သည်လို တဘောင်ပေါ် သတဲ့၊ ‘‘ခင်မာလာ မသေတော့ မြင်သာတာတွေက မန်ကျည်းကိုင်း လှုပ်တာပေါ့။ မန်ကျည်းကိုင်းလှုပ်တော့ အကြီးပိုင်းပြုတ်၊ အကြီးပိုင်းပြုတ်ရင့် ပုတီးဂိုဏ်းကအုပ်တော့မယ်..’’ ဟူလို..။
ခင်မာလာ သေ ၊မသေ ဟူသော သတင်းပါသော သတင်းစာမှာ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့်အတူ စစ်ဘက်က အရာရှိကြီးတွေ တပ်မတော်က အငြိမ်းစားယူသော သတင်းလည်းပါရှိ သည်။ ထိုစဉ်ကာလ ပြည်ပြေး ဟု တံဆိပ်ကပ်ခံထားရသည့် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့ အဖွဲ့ ကလည်း ပြည်ပမှ လှုပ်ရှားမှုများ ပိုမိုလာချိန် ဖြစ်သည်။
တကယ်တော့ ထိုစဉ်ထိုကာလ ဆန်ဈေးတွေတက်၊ အထွေထွေ စားကုန်ဈေးတွေတက်၊ စားဝတ် နေရေးက အဆင်မပြေ၊ သည်ကြားထဲ ရာသီဥတုက မနေနိုင်လောက်အောင် ပူပြင်းလေသော အခါ အားလုံးမှာ ကောလာဟလ များဖြင့် ထွက်ပေါက်ရှာကြသည့် သဘောဖြစ်သည်။ အေလမ်း ပေါ်က လေမတိုက်ဘဲ လှုပ်သည့် မန်ကျည်းပင်ကိစ္စ နောက်ဆက်တွဲ အဖြစ် ကြာလျှင် လူစုလူဝေးက ကြီးသထက်ကြီးလာပြီး မမျှော်လင့်နိုင်သည့်ကိစ္စများ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် တာဝန်ရှိသူများက မန်ကျည်းပင်ကြီး၏ အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းလိုက်သောအခါ သစ်ပင် အောက်ရှိ စက်ဘီးပြင်ဆိုင်လေး နေရာပျောက်သွားသည်သာ အဖတ်တင်တော့သည်။
နေဦး…ကျွန်တော်ပြောချင်တာ ဒါမဟုတ်။
(င)
ဟူး… ပူလိုက်တာ..။
ကိုယ်ရေးနေကျ မဂ္ဂဇင်း
တွေ ဂျာနယ်တွေလည်း တစ်စောင်ပြီးတစ်စောင် ပြုတ်ကုန်ပြီတဲ့။
ဟူး…ပူလိုက်တာ..။
ကိုယ့်ဆီက စာမူတွေယူထား တဲ့ ထုတ်ဝေသူတွေလည်း ထပ်ပြီး အဆက်အသွယ်မလုပ်ကြ..။
ဟူး…ပူလိုက်တာ..။
ဘာမှ လုပ်စရာ မရှိမယ့်အတူ လိုင်းပေါ်တက်ကြည့်ဦးမှ၊ အား ဘာများသတင်းထူးပါလိမ့်….။
ဟောဗျာ ဘီလ်ကကုန်။ ဟူး…ပူလိုက်တာ..။
နေဦး…ကျွန်တော်ပြောချင် တာ ဒါမဟုတ်။ ။
------------------
On Fri, 2018-07-06 20:42Issue No.No.1853 Saturday, July 7, 2018
{ 7Day News Page မှ ကူးယူပါသည်။ }
No comments:
Post a Comment