ဒုလ္လဘပေမဲ့
🔶🔶🔶🔶
မသီတာ(စမ်းချောင်း)
‘‘ကဲ...နောက်ကော လူနာ ကို ဘာအကြံဉာဏ်ပေးဦးမလဲ၊ ဘာမှာချင်သေးလဲ’’
‘‘သွေးထပ်ဆင်းရင် ဆေးရုံ ကို အမြန်ပြန်လာပါ။ နားနားနေ နေ နေပါ။ လေးလေးပင်ပင်တွေ မမပါနဲ့’’
‘‘ဟဲ့...မေးပဲကြည့်ပါဦး။ ဘာလုပ်ရတယ်ဆိုတာ ကလေး က ငါးယောက်။ ကိုယ်ခွဲလည်းမရှိ ဘူး။ မုန့်ဟင်းခါးကလည်း ရောင်း နေရတယ်။ ဘယ်လိုလုပ်နားနား နေနေ နေလို့ရမှာလဲ’’
‘‘ဟို...တတ်နိုင်သမျှနားဖို့’’
စာနှင့်ဦးနှောက် ဝေးခဲ့သည် မှာ အတန်ကြာပြီမို့ ရောဂါနှင့် ပတ်သက်သည့် အထူးအထွေ ပြဿနာများကို သတိမရတော့။ အထွေထွေ ဗဟုသုတကိုသာ ဖြီး ဖြန်းရတော့သည်။
‘‘ဟင်း...ဟင်း...ကဲလေ... ထားပါတော့။ ဘာအကြံဉာဏ် ပေးချင်လဲ။ ကိုယ်ဝန်က ခုနစ်ခါ ဆောင်ဖူးတယ်။ ပရာတီဖိုက် ပလပ်စ်တူး... ငါးယောက်မွေး တယ်။ နှစ်ယောက်ပျက်ကျတယ်။ အရင်ကလေးမွေးတုန်းကလည်း အခုလိုပဲ မွေးဖွားပြီး မီးတွင်း သွေး သွန်ဖူးတယ်။ အဲဒါ နောက် အတွက်...’’
တိတ်ဆိတ်နေကြပြန်သည်။ ကြားဖူးနားဝ မှတ်မိသမျှစာတွေ က ဦးနှောက်ထဲမှာ ပြန့်ကျဲကာ ဘာကိုမှ မတွေးတတ်တော့။ မမှတ်မိတော့သလို၊ စိတ်ထဲမှာ လည်း သိသမျှ တတ်သမျှ ကုသ နည်း၊ ကုသပြီး ထပ်မံကြည့်ရှု ပြု စု ကုသခြင်းတွေ ကုန်အောင်ပြော ပြီးပြီဟုထင်သည်။ ခုတော့ အကြံ ဉာဏ်တဲ့ ... အကြံဉာဏ်။
‘‘သြော်...တွေးနေလိုက်ကြ တာ၊ စတာရီလိုင်ဇေးရှင်း (Steri -lization) ပေါ့ဟဲ့။ မပြောချင်ကြ ဘူးလား။ ကဲ ...ဒေါ်ခင်မေဦး ရှင့် ကို ကလေးတွေက ပြောနေတယ်။ နောက်ကိုယ်ဝန်တွေမှာလည်း ခု လို မီးတွင်း သွေးသွန်တာတွေ ဖြစ်နိုင်တယ်။ ဒီတော့ ရှင်လည်း ကလေးငါးယောက် ရှိနေပြီပဲ။ သားကြော မဖြတ်ချင်ဘူးလားတဲ့’’
‘‘ဟုတ်ကဲ့ ဖြတ်ချင်ပါတယ်။ လျှောက်လွှာတင်ပါ့မယ်’’
Sterilization ပဋိသန္ဓေတား ခြင်း၊ အရပ်ခေါ် သားကြောဖြတ် ခြင်း။
ဆရာမထံမှ သည်ဝေါဟာရ ကို ကြားရစဉ်က သည်မျှ ရိုးစင်း လွယ်ကူသည့် အကြောင်းအရာ ကို မတွေးမိလေခြင်းဟု ရှက်ရယ် ရယ်မိကြသည်။ သို့သော် လူနာ့ ထံမှ ခပ်သွက်သွက်အဖြေကို ကြားရတော့ ‘သြော်’ဟု လွှတ်ခနဲ အာမေဍိတ် ပြုမိရပြန်သည်။
အမှန်တော့ အံ့သြစရာတော့ မဟုတ်။ သို့သော် အံ့သြနေမိပြန် သည်။ သည်ဆေးရုံကို ရောက် ကတည်းက သည်ဝေါဟာရသည် ရိုးစင်းစွာကြားနေကျ ဝေါဟာရ သာဖြစ်သည်။
‘‘ဘာဖြစ်လို့ ဒီဆေးရုံကို ရောက်လာတာလဲဟင် အစ်မ’’ ရယ်လို့ ပြုရိုးပြုစဉ် ရောဂါရာဇဝင် မေးခွန်းလွှာအစကို မေးမိရင်ပဲ ခပ်တည်တည်တစ်မျိုး၊ ရှက်သလို တစ်သွယ်၊ ငြီးငွေ့ဟန်တစ်ပုံစံနှင့် ‘သားကြောဖြတ်ဖို့’ဟု ပြန်ဖြေ တတ်သည့်အစ်မတွေ မနည်းလှ။
တစ်ခါ...‘‘ဟဲ့ ...နင့်ဟာ တော်တော့။ များလည်းများလှပြီ။ နင့်ယောက်ျားရော၊ နင်ရော မှတ် ပုံတင်ရှိတယ်မဟုတ်လား။ သန်း ခေါင်စာရင်းရော၊ အေး...ဒါဆို လျှောက်လွှာ လာယူတော့’’
‘‘သမီး ...သမီး ကျန်းမာရေး အခြေအနေနဲ့ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ဖို့က မကောင်း တော့ဘူးသမီးရယ်။ အဲဒီတော့ ... သမီး ဒီတစ်ခါ ဆေးရုံကဆင်းပြီး ရင် သားကြောဖြတ် လျှောက်လွှာ တင်ဖို့ လုပ်တော့နော်’’ဆိုကာ သည်အမှုအတွက် အကြံဉာဏ် ပေးကြသည်ကို ကြားရပေါင်း လည်း မကျဲလှ။
အံ့သြစရာမဟုတ်သော် လည်း အံ့သြနေမိသည်။ အို... လွယ်လိုက်ကြတာ။
စဉ်းစားကြည့်ပြန်တော့ လည်း လူနေမှု ဘဝအဆင့်အတန်း၊ စီးပွားရေးအခြေအနေ၊ ပညာ အခြေခံ၊ အပြိုင်းအရိုင်း ဖူးပွင့်စ ကလေး တစ်ပြုံတစ်မ၊ အထွေ ထွေကျန်းမာရေး ချွတ်ခြုံကျမှု၊ သားဖွားမီးယပ် ရောဂါမျိုးစုံ။ သည်ကြားထဲမှ နောက်ထပ် ဖဝါး လက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် ကလေးတွေအတွက်။ အို...ခဲယဉ်းလိုက်တာ။
သည်လိုနှင့် သည်ဝေါဟာရ သည် နှုတ်ဖျားတွင် ရှောရှောရှူရှူ အသားကျလာသည်။ သို့သော်... ဆရာမ၏ ဘာအကြံဉာဏ်ပေး မလဲဟု မေးလာသည့်အခါတွင် သာဖြစ်သည်။ ကိုယ်တိုင် အကြံ ဉာဏ်ပေးဖို့ကိုဖြင့် နှုတ်၊ လျှာ မသွက်နိုင်သေး။
‘‘သမီးရယ်...နှလုံးရောဂါ ကြီးနဲ့ လျှောက်သွားနေတော့ မောမှာပေါ့။ ဘာလို့ လျှောက် သွားရတာလဲ။ လာ...လာ ကိုယ့် ခုတင်မှာကိုယ် နားနားနေနေ နေချည်ဦး။ ပြီးတော့ ဒီဆရာဝန် တွေ၊ ဆရာမတွေမေးတာ ဖြေ ပေးလိုက်ဦးနော်၊ ဟုတ်ပြီလား’’
မြင့်မြင့်ဦးတဲ့။ အသက် (၄၀)၊ နှလုံးရောဂါသည်၊ လေးဖက်နာ ခေါ် ရူမက်တစ် နှလုံးဝေဒနာရှင် (Rheumatic Heart Disease)။ နှလုံးဘယ်ဘက်ခန်း အဆို့ရှင် တွေ ကျဉ်းလိုက်ကျယ်လိုက်နှင့် ပျက်စီးနေပြီမို့ သိသိသာသာကြီး မောဟိုက်နွမ်းလျနေသည့် ကိုယ် ဝန်ဆောင်မိခင်။
‘‘အစ်မ ဒီကိုယ်ဝန်က ဘယ် နှယောက်မြောက်လဲ’’
‘‘၁၀ ယောက်’’
‘‘ဟင်...’’
အားလုံး အံ့အားသင့်နေမိ သည်။ အသက် (၄၀)၊ ကလေး ကိုးယောက်နှင့်တစ်ဗိုက်။
‘‘ဘယ်တုန်းက အိမ်ထောင် ကျတာလဲ’’
‘‘(၁၇)နှစ်’’
‘‘ကလေး ကိုးယောက်လုံးရှိ လားအစ်မ’’
‘‘နှစ်ယောက်က ပျက်ကျ တာ၊ တစ်ယောက်က (၇)နှစ်သား မှာ ကားတိုက်လို့ ဆုံးသွားတယ်’’
ပါးပြင်သို့ ကျလာသော မျက်ရည်တချို့နှင့်အတူ မမြင့်မြင့် ဦး၏ အသက်ရှူနှုန်းက သိသိသာ သာကြီး မြန်လာသည်။
‘‘မငိုပါနဲ့ အစ်မရယ်၊ ဘာလဲ ...ဝမ်းနည်းလို့လား၊ ကလေးတွေ သတိရလို့လား၊ မငိုနဲ့လေ ပိုမော မှာပေါ့’’
‘‘အငယ်လေးနှစ်ယောက် တည်း ဟိုဘက်အိမ်မှာ ထားခဲ့ရ တာ။ ဆေးရုံလာခါနီး နေမကောင်း လို့ အကြော်မရောင်းနိုင်တော့ ဘာမှ ပေးမထားခဲ့ရဘူး’’
‘‘ဟဲ့...ဒီမှာ ရေးထားတာ ဆိုင်ကိုးဆစ် (Psychosis)လည်း ရဖူးတာပဲ’’
‘‘ဟုတ်လား နေပါဦး။ သူ့ ဟာ Heart က တော်တော်ဆိုးနေ ပြီပဲ။ ခုမှဖြစ်တာတော့ မဖြစ်နိုင် ဘူး။ တော်တော်ကြာကတည်းက ဖြစ်မှာ၊ မေးကြည့်ပါဦး’’
‘‘အစ်မ...အစ်မမှာ နှလုံး ရောဂါရှိတယ်ဆိုတာ ဘယ်တုန်း က စသိတာလဲ’’
‘‘အင်း...ဒုတိယတစ်ခါ ကိုယ်ဝန်ရှိကတည်းက စသိတာ ပဲ’’
အားလုံး တစ်ယောက်မျက် နှာတစ်ယောက် ကြည့်လိုက်ကြ သည်။ အံ့သြစွာ၊ မတွေးတတ်စွာ။ မမြင့်မြင့်ဦးကတော့ မောနေသော် လည်း တည်ငြိမ်စွာနှင့်ပင်။
‘‘အဲ ... နောက်ပိုင်း ကလေး အားလုံးမွေးတော့ အစ်မ ဘာမှ မဖြစ်ဘူးလား။ ရိုးရိုးပဲ မွေးတာပဲ လား၊ ညှပ်ဆွဲမွေးတာတို့၊ ခွဲမွေး တာတို့’’
‘‘ဟင့်အင်း... အားလုံး ရိုးရိုး ပဲ မွေးတာပဲ။ မောတာတော့ တအား မောတာပေါ့’’
ဘုရား၊ ဘုရား။ သည်မျှဝေဒ နာနှင့် သည်မျှ ကလေးတွေကို အကူအညီမဲ့စွာ မွေးဖွားပေးနိုင်ခဲ့ သတဲ့။ သတ္တိရှိလှချည်လား။
သတ္တိ။ ပညာနှင့်ယှဉ်သော သတ္တိမျိုးမဟုတ်ဟု သိနေမိပြန် သည်။ မိမိ၏ဝေဒနာ အတိမ် အနက်နှင့်တကွ ဝေဒနာ၏ အ ကျိုးဆက်၊ သန္ဓေအပေါ် အကျိုး သက်ရောက်ပုံတို့ကို စိုးစဉ်းမျှ နား မလည်သော ပကတိ ပညာအခြေ ခံ နုံ့နဲ့သော သည်အမျိုးသမီး အတွက် သည်မျှကလေးတွေ မွေး ဖွားခဲ့ခြင်းသည် အသိမဲ့သတ္တိသာ။ သို့ဆိုလျှင် အသိပညာရှင် တစ်ဦး တလေကော သည်အမျိုးသမီး၏ ဝေဒနာကို မသိခဲ့ကြလေသလော။ သည်အမျိုးသမီးအတွက် သည် လောကမှာ ရိုးစင်းနေပြီဖြစ်သည့် သားကြောဖြတ် ပဋိသန္ဓေတား ခြင်းဟူသည့် အသင့်တော်၊ အ ထိုက်တန်ဆုံး ကျန်းမာရေးပညာ ပေး၊ အိမ်ထောင်ရေး၊ အကြံ ဉာဏ်ပေးခြင်းကို ထိုထိုသော ကျန်းမာရေးပညာရှင် တစ်ဦး တလေကမျှ မပြုခဲ့ကြဘဲ သည် ပညာမဲ့ အမျိုးသမီးထက်ပင် သတ္တိကောင်းစွာ၊ တစ်နည်း လျစ် လျူရှုရက်စွာ ကူညီမွေးဖွားသန့် စင်ပေးခဲ့ကြသည်လား။
မဖြစ်နိုင်၊ မဖြစ်နိုင်။ မည် သည့် ကျန်းမာရေး ပညာရှင်ကမျှ သည်လောက် လက်လွတ်စပယ် ပြုမည်မထင်။ သည်ပညာကို တတ်ကျွမ်းနားလည်သည်နှင့် အမျှ သည်ပညာ ပေးကိုပေးဖြစ် ကြပါလိမ့်မည်။ မနေနိုင်တော့။
‘‘အစ်မ ကလေးတွေကို အစ်မဘာသာ အိမ်မှာပဲ လက် သည်နဲ့ မွေးခဲ့တာပေါ့နော်’’
သည်အဖြေကို စိတ်သေ လက်ချ ရည်ရွယ်တေးမှတ်မိပြီမို့ ‘နော်’ဟု စကားခေါ်မေး မေးလိုက် မိသည်။
‘‘ဟင့်အင်း... အားလုံး....မှာ မွေးတာ’’
‘‘ဟင်’’
အားလုံးပင် ဒုတိယမ္ပိ ထိတ် လန့် အံ့သြမိပြန်ပါသည်။ မမြင့် မြင့်ဦး ပြောသည့်နေရာက သီး သန့်အဖွဲ့အစည်းတစ်ခု၏ သီး သန့်ရပ်ကွက်တစ်ခု။
အို... သို့သော်လည်း သည် လိုနေရာမျိုးမှာဆိုပေမယ့် အလုပ် ကူတွေလို ကျန်းမာရေးပညာ နည်းပါးသူတွေ မွေးပေးတာလည်း ဖြစ်နိုင်သေးသည်ပဲ။
‘‘ဘယ်သူတွေ မွေးပေးတာ လဲ’’
‘‘...တွေပေါ့’’
အို...သည်လိုရာထူးအဆင့် ရှိသည့် ကျန်းမာရေး အသိပညာ ရှင်တွေက သည်လိုဝေဒနာသည် ကို ဘာမှမပြောကြတော့ဘူးလား။
‘‘သူ...သူတို့က အစ်မကို အဲဒီ ကလေးသုံးယောက်လောက် ကတည်းက သားကြောဖြတ်ဖို့ မပြောကြဘူးလား’’
‘‘မပြောပါဘူး၊ သိမှမသိဘဲ သမီးရယ်။ ဒီလို ဒုက္ခရောက်မှန်း သိရင် အစ်မဖြတ်တာပေါ့။ ခု တော့...အင်း...အစ်မ အိမ်ပြန်ချင် တယ်။ ကလေးနှစ်ယောက်တည်း ရယ် ...ဟိုမှာ’’
သူ့သက်ပြင်းချသံက အား လုံး၏ သက်ပြင်းချသံအောက် တွင် နစ်မြုပ်သွားတော့သည်။ အို ... မကျေနပ်ချင်စရာ ကောင်း လိုက်တာ။ အချိန်တွေ နှောင်းလှ ချည့်။ ခုတော့ နေ့စေ့လစေ့ကိုယ် ဝန်ကြီးနှင့် စကားများများပြော လျှင်ပဲ ဟောဟဲလိုက်ကာ မောနေ သည့်မိခင်ကို သူတစ်ပါးလက်မှ နေပြီး အားငယ်ဝမ်းနည်းစွာ မျှော် နေရှာမည့် ကလေးတွေ။
‘‘ဒါနဲ့ အစ်မယောက်ျားက ကော ဘယ်သွားနေလို့လဲ’’
‘‘ကျ...ဆုံးသွားပြီ’’
‘‘ဟင်...’’
သိတတ်နားလည်သည်ဟု ယူဆရသူတွေ မပြောခဲ့သည့် ပဋိသန္ဓေတား သားကြောဖြတ်ရန် အကြံဉာဏ် ပညာပေးစကားပြော ဆိုဖို့ တွေးထားခဲ့သည်မှာ နှောင်း ပေပြီ။ တကယ်တော့ သည်စကား ပြောဆိုခဲ့ကြဖို့ နှောင်းခဲ့သည်မှာ ပင် အတော်နှောင်းနေခဲ့သည် မဟုတ်ပါလား။
သူ့ဝေဒနာ၊ သူ့ဘဝအခြေ အနေနှင့် သည်စကားပြောဖို့ ထပ် မံ မနှောင်းနိုင်တော့ဟု သိသဖြင့် လည်းကောင်း၊ သိတတ်အားနာ စွာလည်းကောင်း နှုတ်လျှာ မသွက်ခဲ့သော ဝေါဟာရကို ထုံးစံ အတိုင်း အားမရှိကာ မရွတ်ဖြစ် လေတော့။
***
‘‘အစ်မ ခွဲပြီးပြီထင်ပါရဲ့။ ဘာဖြစ်လို့လဲဟင်’’
‘‘အူမှာ သန္ဓေတည်လို့’’
တနင်္လာမနက်မို့ သောကြာ၊ စနေ၊ တနင်္ဂနွေအတွင်းက တက် ခဲ့သော လူနာသစ်တွေကို မေး စမ်းရင်း စိတ်ဝင်စားလျှင် ရောဂါ ရာဇဝင်မေးမည်ဟု စိတ်ကူးနှင့် စမေးလိုက်သည့် လူနာကပင် စိတ်ဝင်စားဖို့ ကောင်းနေတော့ သည်။ လူနာမှတ်တမ်းလှန်ကြည့် တော့ သူပြောသလို အူသန္ဓေ မဟုတ်ဘဲ ဥအိမ်သန္ဓေဟုသိရ သည်။
‘‘ဟုတ်လား...ပြောပါဦး။ ဘယ်လိုဖြစ်ပြီး ရောက်လာတာ လဲ။ သွေးထိမ်တာ ဘယ်နှလလဲ၊ သွေးဆင်းတာများလား၊ ဗိုက် ကောနာလား၊ သတိကော လစ် သွားသေးလား’’
‘‘သွေးထိမ်တာ နှစ်လကျော် ကျော်ပဲ ရှိသေးတယ်။ ဒီလိုပဲ ကိုယ်ဝန်ရှိတာပဲဆိုပြီး နေရင်းက ဗိုက်တအားအောင့်ပြီး သွေးတွေ ဆင်းတာ တအားများတာပဲ။ ဘာ လီပုံးတစ်ဝက်လောက် ရှိမယ်။ နောက် သတိလစ်သွားတာပေါ့’’
‘‘ကလေး ဘယ်နှယောက်ရှိ လဲ’’
‘‘လေးယောက်။ ဖြစ်ချင်တာ ဒီလိုပဲ ပထမနဲ့ တတိယကိုယ်ဝန် တုန်းကိုဆိုရင် ကျွန်မတို့အိမ် မီး လောင်တာ။ ကျွန်မဆို မီးကြားထဲ ပြေးထွက်ရတာပဲ။ ဘာမှကို ပြန် မရပါဘူး။ အဲဒီလိုပဲ ဒုတိယကိုယ် ဝန်သာ ဘာမှမဖြစ်တာ။ ကျန်တဲ့ ကိုယ်ဝန်တွေရတုန်းက အစုံဖြစ် တာပဲ။ ဒါပေမဲ့ ရိုးရိုးပဲမွေးတယ်။ နောက် တတိယကိုယ်ဝန်နဲ့ မီး လောင်ပြီးတော့ ကျွန်မတို့ နေရာ ပျောက်ပြန်ရော။ နေရာပြန်ချ ထားပေးတော့ အငယ်ဆုံးကောင် မွေးပြီး မကြာခင်ပေါ့။ ဒီကြားထဲ တော့ ခယ်မရှိတဲ့ ကမာရွတ်ထဲမှာ ပဲ အိမ်ခန်းအဖီလေး ငှားနေတယ် လေ။ ယောက်ျားကတော့ လက် သမားဆရာပဲ။ ကျွန်မကတော့ ဘာမှမလုပ်ဘူး။ အဲဒီမှာ ငှားနေ ရင်းနဲ့ အငယ်ဆုံးကောင် အခါ လယ်လောက်မှာ မြေပြန်ရတယ်။ လှိုင်သာယာမှာ ယောက်ျားက တဲ လေးဆောက်တာပေါ့။ ကျွန်မတို့ ပြောင်းနေကြတာပဲ။ အဲဒါပြောရ ဦးမယ်။ အဲဒီတုန်းက အငယ်ဆုံး ကောင်လေး ပိုက်ပြီး ရေနစ်သေး တယ်။ မသေလို့ ကံကောင်းပေါ့။ ခုတစ်ခါလည်း မသေလို့ ကံ ကောင်းတာပဲ။ ဆရာဝန်မတွေက ပြောတာပဲ။ အချိန်မီလို့တဲ့။ ကျွန် မကတော့ သတိလစ်နေတာပဲ။ ဘယ်...တစ်ခါတည်းနဲ့ ကြောက် သွားတာပဲ။ တော်ပြီ။ နောက် ဒါ မျိုးဖြစ်မှာ သိပ်ကြောက်တာပဲ။ တစ်ခါတည်း ချက်ချင်း ကျွန်မကို ခွဲစိတ်ကြတာ သားအိမ်တော့ မထုတ်ဘူးတဲ့။ ဘာဆိုလဲမသိဘူး၊ အဲဒါတော့ ထုတ်ပစ်လိုက်ကြ တယ်’’
လူနာမှတ်တမ်းအရ ဥပြွန် နှင့် ဥအိမ်တစ်ဖက်ကို ထုတ်ထား သည်ဟု သိရသည်။ ကျန်ရှိသည့် ဥပြွန်နှင့် ဥအိမ်က အကောင်းပေ မို့ နောက်ထပ်တစ်ဖန် သားအိမ် သန္ဓေသော်လည်းကောင်း၊ သား အိမ်မှအပ နေရာများတွင် တည် သည့် သန္ဓေသော်လည်းကောင်း ရနိုင်ပေသေးသည်။
ကလေး လေးယောက်၊ မီး နှစ်ခါလောင်ဖူးသော အိမ် ထောင်။ သူကိုယ်တိုင်က နောက် တစ်ခါ ကိုယ်ဝန်ဆောင်ဖို့ကို စိတ် မဝင်စားတော့။
သည်တစ်ခါဖြင့် နှုတ်လျှာ မသွက်ခဲ့ရသည့် ဝေါဟာရကို ပြောလိုက်ဦးမည်ဟု စိတ်ကူး သည်။ မမြင့်မြင့်ဦးလို နောက် မကျသေးဟု တွေးသည်။ ပြော လည်း ပြောသင့်သည်ဟု စဉ်းစား သည်။ မီးနှစ်ခါလောင်ဖူး၊ ကလေး လေးယောက်ရှိဆဲအပြင် သားအိမ်ပြင်ပ သန္ဓေဟူသည့် ပြဿနာ ရာဇဝင်လည်း ရှိသည် ပဲ။ လိုး ဆိုရှီယို အီကိုနောမစ် (Low Socio Economic)ဆိုသည့် ရောဂါတစ်ခုတည်းနှင့် မဟုတ်ဘဲ တားသင့်တာပေါ့။ ပြောသင့်တာ ပေါ့။ ကိုယ့်ကိုယ်ကိုယ် အားပေး လိုက်သည်။
‘‘အစ်မ’’
‘‘ဟင်...’’
‘‘ဟိုလေ...အဲ... ရေနစ်ဖူး တယ်ဆို’’
တွန့်ဆုတ် တိမ်းရှောင်မိပြန် သည်။
‘‘အင်းပေါ့။ လှိုင်သာယာမှာ နေတုန်းကလေ။ ဒါကြောင့် ခု ကမာရွတ် ပြန်ပြောင်းနေရတာ။ ဖြစ်သလိုပေါ့။ နစ်တာမှ ဟိုး အောက်ထဲထိ ကျသွားတာ။ ဘယ် ... ကျွန်မဆို သေပြီပဲ အောက်မေ့တာ။ အငယ်ဆုံး ကောင်ကို လက်တစ်ဖက်က ပိုက် ထားလျက်ရယ်၊ နောက် ...သူ့ ဟာသူပဲ ရေပေါ် ပြန်ရောက်လာ တာ။ ဝဋ်မကုန်တာပဲ ဖြစ်မှာပဲ။ ရေပေါ်ရောက်တော့ ကြောက် အားလန့်အားနဲ့ လှမ်းဆွဲတာ ဇက် သင်္ဘောရဲ့ပေါင် ပျဉ်ပြားကြီးဖြစ် နေတယ်လေ။ ကလေးကလည်း ကျွန်မလက်ထဲမှာ ချီလျက်ပဲ။ ဆုပ်ထားတာမှ တင်းနေတာပဲ။ ဘာဆိုဘာမှ မဖြစ်ကြဘူး’’
‘‘ဘာဖြစ်လို့နစ်တာလဲ’’
‘‘သမ္ဗန်မှောက်တာလေ။ မှောက်တာပေါ့ ညီမရယ်။ သမ္ဗန် လှော်နေတဲ့လူတွေက တတ်လို့ လှော်နေကြတာမှ မဟုတ်တာ’’
‘‘တတ်လို့ လှော်နေကြတာမှ မဟုတ်တာ’’တဲ့။ ဒါဆို ဘာလို့ လှော်နေကြတာလဲ။
‘‘ဟုတ်ကဲ့ ဖြတ်ချင်ပါတယ်’’ ဆိုသည့်အဖြေကို ခပ်သွက်သွက် ဖြေခဲ့သော ဒေါ်ခင်မေဦးကို သတိ ရသည်။ သူ...သူ...သူသည် အဖြေကို ခပ်လွယ်လွယ်ပေးခဲ့တာ သူသိလို့တတ်လို့လား၊ ဒါမှမ ဟုတ်...။
မောဟိုက်နွမ်းလျသည့် ဝေ ဒနာနှင့် နေ့စေ့လစေ့ ကိုယ်ဝန် လွယ်ထားရသည်ကို လက်ဗလာ နှင့် ကျန်ရစ်သည့် ကလေးတွေ မျက်နှာလောက်မှမထောက်။ ဆေးရုံက ခိုးဆင်းသွားခဲ့သော မမြင့်မြင့်ဦးကို သတိရသည်။ သူ့ ဝေဒနာအတွက် သည်ဆေးရုံ သည်သာ စိတ်အချရဆုံးဖြစ်မှန်း သိလျက်၊ သူ့ကိုယ်ဝန်အတွက် သူ ဘာမှမလုပ်တတ်သည်ကို သိ လျက် သူ ဆေးရုံက ခိုးဆင်းသွား ခဲ့ခြင်းကတော့...။
‘‘အစ်မ ကလေးယူဖို့ စိတ် ကူးသေးလားဟင်’’
စောစောက တင်းထားသော အားတွေ ဘယ်ရောက်ကုန်ပြီ မသိတော့ ပြန်ဖြေလာမည့် အဖြေ ကိုသာ သိနေနှင့်တော့သည်။
ရှုမဝမဂ္ဂဇင်း၊ သြဂုတ်၊ ၁၉၉၀
(ဒီဝတ္ထုကလည်း အလုပ်သင် ဆရာဝန်ဘဝ အတွေ့အကြုံပါပဲ။ ဆင်းရဲတာ ပညာမတတ်လို့၊ အသိဉာဏ်ခေါင်းပါးတာ ပညာ မသင်ခဲ့ရလို့ဆိုပြီး ပညာတွေသင် ခဲ့ကြပေမယ့် ဆင်းရဲပြီး ပညာမဲ့ သူတွေနဲ့အတူ အသိဉာဏ်နဲ့ ကြောင့်ကြစိတ်တွေ ခေါင်းပါးနေ တဲ့ ပညာသည်တွေအကြောင်း တွေ့ရှိသွားတဲ့အတွက် ရေးဖြစ် တာပါ)
On Sat, 2017-07-08 06:30Issue No.No.1497 Saturday, July 8, 2017
{7Day News Page မှ ကူးယူပါသည်။ 7Day News အားကျေးဇူးတင်ပါသည်။}
No comments:
Post a Comment